မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၄၊ အခဏ်း-၃၇၊ စာမျက်နှာ ၆၆၄–၇၁၁
(ခ) သရဏဂုံ
ထိုရတနာသုံးပါး၌ ကြည်ညိုခြင်း, ထိုရတနာသုံးပါး၌ အလေးပြုခြင်းတို့ဖြင့် ညစ်ညူးကြောင်း အကုသိုလ်တရားတို့ကို ပယ်ရှားလျက် ထိုရတနာသုံးပါး၌ ညွတ်ကိုင်းရှိုင်းသော အခြင်းအရာဖြင့်ဖြစ်သော မဟာကုသိုလ်စိတ် စေတသိက်, (ရဟန္တာတို့အဖို့ရာ) မဟာကြိယာစိတ် စေတသိက်, (မဂ္ဂဋ္ဌအရိယာတို့ အဖို့ရာ) မဂ်စိတ် စေတသိက် = ဤတရားစုသည် သရဏဂုံမည်၏။ (သရဏန္တိ ဂစ္ဆတိ အနေနာတိ သရဏဂမနံ။ အနေန = ဤစိတ်စေတသိက်ဖြင့်။ သရဏန္တိ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍။ ဂစ္ဆတိ = သိတတ်
ဆည်းကပ်တတ်၏။ ဣတိ တသ္မာ = ထိုသို့ သိကြောင်း ဆည်းကပ်ကြောင်း ဖြစ်သောကြောင့်။ တံ = ထိုစိတ်စေတသိက် တရားအစုသည်။ သရဏဂမနံ = သရဏဂမနမည်၏။ သရဏဂမနံ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍ သိကြောင်း ဆည်းကပ်ကြောင်းဖြစ်သော စိတ်စေတသိက်တရားအစု။ ဤကဲ့သို့ ဝိဂြိုဟ်ပြုရာ၏)။
(ဂ) သရဏဂုံတည်သူ
ထိုဖော်ပြရာပါ စိတ်စေတသိက် တရားအစုနှင့် ပြည့်စုံသောသူသည် သရဏဂုံတည်သူ မည်၏။ (သရဏံဂတ = ဘေးဒုက္ခအမျိုးမျိုးကို ပယ်ဖျောက်တတ်သော ဝတ္ထုမှန်သုံးပါးဟူ၍ သိတတ်သောသူ၊ ဝါ-သိသော စိတ်စေတသိက် တရားအစုနှင့် ပြည့်စုံသော သူဟူ၍ ဆိုလိုသည်)။ ။ဤသို့လျှင် ရှေးဦးစွာ (က) သရဏ (ခ) သရဏဂုံ (ဂ) သရဏဂုံတည်သူ = ဤသုံးမျိုးကို သိရှိနားလည်အပ်၏။
(ဃ) သရဏဂုံအပြား
ဖော်ပြရာပါ သရဏဂုံသည် (၁) လောကုတ္တရာသရဏဂုံ (၂) လောကီသရဏဂုံဟူ၍ နှစ်ပါးအပြားရှိ၏။
(၁) ထိုနှစ်ပါးတို့တွင် လောကုတ္တရာ သရဏဂုံသည် သစ္စာလေးပါး တရားသိမြင် အရိယာအရှင်တို့၏ သန္တာန်၌ ဆိုင်ရာဆိုင်ရာ မဂ်ခဏဝယ် သရဏဂုံညစ်ညူးကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို အကြွင်းမထား ပယ်ဖြတ်သောအားဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် ကိစ္စသိဒ္ဓိအားဖြင့် ရတနာသုံးပါး၌ပင် စိတ္တက္ခဏ တချက်တည်း၌ ပြည့်စုံလေသည်။ (အဓိပ္ပါယ်ကား- လောကုတ္တရာ သရဏဂုံဟူသည် မဂ်စိတ်စေတသိက်တို့ကို ခေါ်သည်။ ယင်း မဂ်စိတ်စေတသိက်တို့သည် နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်ကြရာ သရဏဂုံညစ်ညူးကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို အကြွင်းမထား အမြစ်ပြတ် ပယ်သတ်လျက် ဖြစ်ကြလေသည်၊ ထိုသို့ဖြစ်သဖြင့်ပင် ထိုစိတ်စေတသိက်တို့က ရတနာသုံးပါးကို အာရုံပြု၍မဖြစ် (နိဗ္ဗာန်ကိုသာ အာရုံပြု၍ဖြစ်)သော်လည်း ရတနာသုံးပါး၏ ဝတ္ထုမှန်အဖြစ်ကို သိခြင်းကိစ္စ ပြီးပြီးသားဖြစ်လေသည်။ ယင်းသို့ သိခြင်းကိစ္စ ပြီးပြီးသား ဖြစ်သည်ကိုပင် ကိစ္စသိဒ္ဓိအားဖြင့် ရတနာသုံးပါး၏ ဝတ္ထုမှန်အဖြစ်ကို သိသည်ဟု ခေါ်ဆိုသည်။ ထိုကိုပင် “မဂ်ခဏ၌ လောကုတ္တရာ သရဏဂုံ ပြည့်စုံသည်”ဟု ဆိုသည်။ ဥပမာအားဖြင့် “မဂ်ခဏဝယ် သစ္စာလေးပါးတရားကို သိ၏”ဟု ဆိုရာ၌
မဂ်စိတ်ဖြစ်သောအခါ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ရကား မဂ်စိတ်သည် နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် သိ၏ = အာရုံပြု၍သိ၏၊ ကျန်သော သစ္စာသုံးပါး အတွက်မှာမူ မဂ်စိတ္တုပ္ပါဒ်သည် ဖြစ်ပေါ်လာသောအခါ သစ္စာလေးပါးကို ဖုံးလွှမ်းပိတ်ကွယ်တတ်သော မောဟအမိုက်ကို အကြွင်းမထား အမြစ်ပြတ် ပယ်သတ်ပစ်လိုက်သည်။ ထိုသို့ ပယ်သတ်သဖြင့် ထိုအရိယာပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဒုက္ခသစ္စာကို ဒုက္ခသစ္စာမှန်းမသိသော မောဟ၊ သမုဒယသစ္စာကို သမုဒယသစ္စာမှန်းမသိသော မောဟ၊ နိရောဓသစ္စာကို နိရောဓသစ္စာမှန်းမသိသော မောဟ၊ မဂ္ဂသစ္စာကို မဂ္ဂသစ္စာမှန်းမသိသော မောဟ = ဤသစ္စာလေးပါးကို ဖုံးလွှမ်းပိတ်ကွယ်တတ်သော အဝိဇ္ဇာမောဟတရား အမြစ်ပြတ် ကင်းရှင်းသွားသောကြောင့် ထိုအရိယာပုဂ္ဂိုလ်သည် ကျန်သော သစ္စာသုံးပါးတို့ကို အာရုံမပြု (နိဗ္ဗာန်ကိုသာ အာရုံပြု)သော်လည်း ထိုကျန်သော သစ္စာသုံးပါးတို့ကို သိခြင်းကိစ္စ ပြီးပြီးသူ ဖြစ်လေတော့သည်။ ယင်းသို့ သိခြင်းကိစ္စ ပြီးပြီးသား ဖြစ်သည်ကိုပင် “ကိစ္စသိဒ္ဓိအားဖြင့် ကျန်သော သစ္စာသုံးပါးတို့ကိုလည်း သိ၏”ဟု ခေါ်ဆိုရသကဲ့သို့တည်း။ နက်နဲဘိစွာ့၊ သိသာအောင် ဆင်ခြင် အထပ်ထပ် စဉ်းစားကြလေ)။
(၂) လောကီသရဏဂုံသည် ပုထုဇန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံညစ်ညူကြောင်း ဥပက္ကိလေသ အကုသိုလ်တရားတို့ကို ပယ်ခွါသောအားဖြင့် ဘုရားဂုဏ်, တရားဂုဏ်, သံဃာဂုဏ်ကို အာရုံပြု၍ ဖြစ်ရှိပြည့်စုံ၏။ ထိုသရဏဂုံသည် တရားကိုယ်အားဖြင့် ဘုရားအစရှိသော ရတနာသုံးပါး ဝတ္ထုမှန်တို့၌ သဒ္ဓါတရားကိုရရှိခြင်း သဒ္ဓါတရားလျှင် အရင်းခံရှိသော သမ္မာဒိဋ္ဌိ = ပညာစေတသိက်ပင်တည်း၊ ပုညကိရိယာဝတ္ထု ဆယ်ပါးတို့တွင် ဒိဋ္ဌိဇုကမ္မဟူ၍ ခေါ်ဆိုအပ်လေသည်။
ဤ၌ သဒ္ဓါတရားကိုလည်း သရဏဂုံဟူ၍ ခေါ်ဆို၏။ သဒ္ဓါ, ပညာ = နှစ်ပါးစုံကိုလည်း သရဏဂုံဟူ၍ ခေါ်ဆို၏။ မှန်၏- လောကီသရဏဂုံသည် ၁-ဉာဏသမ္ပယုတ် သရဏဂုံ, ၂-ဉာဏဝိပ္ပယုတ် သရဏဂုံဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အမိအဖ-အစရှိသော သူတို့က တိုက်တွန်းသဖြင့် ကလေးသူငယ်-အစရှိသော သူတို့၏ ခံယူနှုတ်မြွက် ဆောက်တည်အပ်သော သရဏဂုံသည် ဉာဏဝိပ္ပယုတ် သရဏဂုံဖြစ်၏။ ဤဉာဏဝိပ္ပယုတ် သရဏဂုံ၌ သဒ္ဓါစေတသိက်ကို အရကောက်ယူရ၏။ ရတနာသုံးပါး၏ ကျေးဇူးဂုဏ်ကို သိရှိ၍ နှုတ်မြွက်ဆောက်တည် ခံယူအပ်သော သရဏဂုံသည် ဉာဏသမ္ပယုတ် သရဏဂုံဖြစ်၏၊ ဤဉာဏသမ္ပယုတ် သရဏဂုံ၌ သဒ္ဓါစေတသိက်, ပညာစေတသိက် = နှစ်ပါးလုံးကိုပင်
အရကောက်ယူရ၏။ ဤ၌ သဒ္ဓါစေတသိက်နှင့် ပညာစေတသိက် ဤနှစ်ပါးတို့ကို သရဏဂုံဟူ၍ ရေးသား ပြဆိုရခြင်းမှာ ပဓာန (ပြဓာန်းသည်) ဖြစ်၍သာ ပြဆိုရေးသားခြင်းဖြစ်သည်၊ စင်စစ်သော်ကား ထိုသဒ္ဓါ,ပညာ ပြဓာန်းသော ဦးဆောင်သော စိတ်စေတသိက်တို့ကိုပင် သရဏဂုံဟူ၍ ခေါ်ဆိုအပ်လေသည်။
ထိုလောကီသရဏဂုံသည်—
(၁) အတ္တသန္နိယျာတန သရဏဂုံ = မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံ,
(၂) တပ္ပရာယဏ သရဏဂုံ = ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းရှိုင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံ,
(၃) သိဿဘာဝူပဂမန သရဏဂုံ = တပည့်အဖြစ်သို့ ကပ်ရောက်သော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံ,
(၄) ပဏိပါတ သရဏဂုံ = ရတနာသုံးပါး၌ အလွန်အမင်း အရိုအသေပြုသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံ-
ဟူ၍ လေးပါးဖြစ်ပြန်သည်။
(၁) ထိုလေးပါးတို့တွင် “အဇ္ဇာဒိံ ကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာတေမိ၊ ဓမ္မဿ နိယျာတေမိ၊ သံဃဿ နိယျာတေမိ = ငါသည် ယနေ့ကစ၍ မိမိကိုယ်ကို မြတ်စွာဘုရားအား အပ်နှင်းပေးလှူပါ၏။ တရားတော်အား အပ်နှင်းပေးလှူပါ၏၊ သံဃာတော်အား အပ်နှင်းပေးလှူပါ၏” ဤကဲ့သို့ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းလှူဒါန်းသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် အတ္တသန္နိယျာတန သရဏဂုံမည်၏။
(၂) “အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓပရာယဏော ဓမ္မပရာယဏော သံဃပရာယဏောတိ မံ ဓာရေထ = ငါသည် ယနေ့ကစ၍ မြတ်စွာဘုရား, တရားတော်, သံဃာတော်သာလျှင် လည်းလျောင်း ကိုင်းညွတ်ရာရှိသူ ဖြစ်၏ဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းသော အခြင်းအရာအားဖြင့်ဖြစ်သော သရဏဂုံသည် တပ္ပရာယဏသရဏဂုံ မည်၏။
(၃) “အဇ္ဇာဒိံ ကတွာ အဟံ ဗုဒ္ဓဿ အန္တေဝါသိကော၊ ဓမ္မဿ အန္တေဝါသိကော၊ သံဃဿ အန္တေဝါသိကောတိ မံ ဓာရေထ = ငါသည် ယနေ့ကစ၍ မြတ်စွာဘုရား, တရားတော်, သံဃာတော်၏
အန္တေဝါသိက တပည့်ရင်းဖြစ်သူဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ရတနာသုံးပါး၏ တပည့်အဖြစ်ကို ခံယူသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် သိဿဘာဝူပဂမန သရဏဂုံ မည်၏။ ။(ဤ၌ မဟာဇနကဇာတ်တော်ဝယ် အသက်မဲ့ဖြစ်သည့် အသီးသီးသော သရက်ပင်, အသီးမသီးသော သရက်ပင် နှစ်မျိုးကိုပင် အလောင်းတော် မဟာဇနကမင်းသည် မိမိ၏ ဆရာအဖြစ်ဖြင့် “ဖလော အမ္ဗော အဖလော စ၊ တေ သတ္ထာရော ဥဘော မမ”ဟု ညွှန်ပြ ပြောဆိုတော်မူသကဲ့သို့ တရားတော်က အစီးအပွါးရရှိအောင် ညွှန်ပြသကဲ့သို့ ဖြစ်သောကြောင့် တရားတော်ကို ဆရာအနေဖြင့်၎င်း, မိမိကိုယ်ကို တပည့် အနေဖြင့်၎င်း ပြောဆိုအပ်လေသည်)။
(၄) “အဇ္ဇာဒိံ ကတွာ အဟံ အဘိဝါဒနပစ္စုဋ္ဌာနအဉ္ဇလိကမ္မသာမီစိကမ္မံ ဗုဒ္ဓါဒီနံယေဝ တိဏ္ဏံ ဝတ္ထူနံ ကရောမီတိ မံ ဓာရေထ = အကျွန်ုပ်သည် ယနေ့ကစ၍ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့အားသာလျှင် ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်းအမှုကို ပြုလုပ်သောသူဟူ၍ အကျွန်ုပ်ကို မှတ်ပါကုန်လော့”ဟု ဤကဲ့သို့ ဘုရားအစရှိသော ရတနာသုံးပါးတို့၌ အလွန်အမင်း အရိုအသေပြုသော အခြင်းအရာဖြင့်ဖြစ်သော သရဏဂုံသည် ပဏိပါတသရဏဂုံ မည်၏။ (ပါဏိပါတ-မဟုတ်)။
ဤဖော်ပြရာပါ အခြင်းအရာ လေးပါးတို့တွင် တပါးပါးသော အခြင်းအရာကို ပြုလုပ်သောသူသည် သရဏဂုံ ခံယူအပ်သည်မည်၏။
တနည်းကား- (၁) “ဘဂဝတော အတ္တာနံ ပရိစ္စဇာမိ”- အစရှိသည်ဖြင့် = ငါသည် မိမိကိုယ်ကို မြတ်စွာဘုရားအား စွန့်လှူပါ၏။ တရားတော်အား စွန့်လှူပါ၏၊ သံဃာတော်အား စွန့်လှူပါ၏ဟူ၍ ဖြစ်စေ၊ ငါသည် မိမိအသက်ကို ရတနာသုံးပါးအား စွန့်လှူပါ၏ဟူ၍ ဖြစ်စေ၊ ငါ၏ကိုယ်ကို ရတနာသုံးပါးအား စွန့်လှူအပ်ပြီးသာလျှင် ဖြစ်၏ဟူ၍ ဖြစ်စေ၊ ငါ၏အသက်ကို ရတနာသုံးပါးအား စွန့်လှူအပ်ပြီးသာလျှင် ဖြစ်၏ဟူ၍ ဖြစ်စေ၊ ငါသည် အသက်ထက်ဆုံး မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏၊ တရားတော်ကို (ပ) သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သိရှိပါ၏ဟူ၍ ဖြစ်စေ၊ မြတ်စွာဘုရားသည် တရားတော်သည် သံဃာတော်သည် ငါ၏ ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာ ဖြစ်၏ဟူ၍ ဖြစ်စေ ဤကဲ့သို့ မြွက်ဆို၍ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းစွန့်လှူသော အခြင်းအရာဖြင့်ဖြစ်သည့် အတ္တသန္နိယျာတနသရဏဂုံ ဖြစ်၏။
(၂) အရှင်မဟာကဿပ-ဟု နောက်တချိန်တွင် ထင်ရှားမည့် ပိပ္ပလိလုလင်သည် မိမိဘာသာ ရဟန်းအသွင်ကို ယူပြီးလျှင် မဟာတိတ္ထ နေရင်းပုဏ္ဏားရွာမှ ထွက်၍ ဘုရားရှင်ရှိရာသို့ အစဉ်သဖြင့် သွားလတ်သော် သုံးဂါဝုတ်ခရီးမှ ဆီးကြို၍ ရာဇဂြိုဟ်ပြည်နှင့် နာဠန္ဒမြို့အကြား ဗဟုပုတ္တကမည်သော ပညောင်ပင်ရင်း၌ တပါးတည်း ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးတွေ့ရလေလျှင် မြတ်စွာဘုရားရှင်အပေါ်၌ “ဤပုဂ္ဂိုလ်မြတ်သည် လူနတ်တို့၏ဆရာ သတ္ထာမည်တော်မူ၏၊ ကောင်းသော ပဋိပတ်ဖြင့် နိဗ္ဗာန်သို့ အမှန်ပင် ဆိုက်ရောက်သောကြောင့် သုဂတမည်တော်မူ၏၊ မဖောက်မပြန် ကိုယ်တော်တိုင် သစ္စာဉေယျ ဓမ္မခပင်း ထိုးထွင်းသိမြင်တော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓမည်တော်မူ၏”ဟု ယုံမှားကင်းပြတ် ဆုံးဖြတ်ချက် ချမှတ်ပြီးလျှင်-
“သတ္ထာရဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် လူနတ်တို့၏ဆရာ သတ္ထာမည်သော ပုဂ္ဂိုလ်မြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ သုဂတဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် သုဂတခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ သမ္မာသမ္ဗုဒ္ဓဉ္စ ဝတာဟံ ပဿေယျံ၊ ဘဂဝန္တမေဝ ပဿေယျံ = အကျွန်ုပ်သည် သမ္မာသမ္ဗုဒ္ဓခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ကို ကြည့်ရှုလျှင် ရှင်ပင်ဘုရားကိုသာ ကြည့်ရှုပါအံ့။ (=အကျွန်ုပ်သည် ရှင်တော်ဘုရားမှတပါး အခြားသူကို သတ္ထုဟူ၍, သုဂတဟူ၍, သမ္မာသမ္ဗုဒ္ဓဟူ၍ ဉာဏ်စက္ခုဖြင့် မကြည့်ရှုပါ မမြင်ပါ၊ ရှင်တော်ဘုရားကိုသာလျှင် သတ္ထုဟူ၍, သုဂတဟူ၍, သမ္မာသမ္ဗုဒ္ဓဟူ၍ ဉာဏ်စက္ခုဖြင့် ကြည့်ရှုသိမြင်ပါ၏”ဟု ဆိုလိုသည်)”-
ဤကဲ့သို့ နှုတ်မြွက်ကာ သရဏဂုံ ခံယူလေသည်။ ဤသို့လည်း အရှင်မဟာကဿပ၏ တပည့်အဖြစ် ခံယူသော သရဏဂုံကဲ့သို့ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူသော သိဿဘာဝူပဂမန သရဏဂုံသည် ဖြစ်၏။
(၃) ရှေးဖော်ပြရာပါ အာဠဝကသုတ် ဟေမဝတသုတ်တို့၌ လာရှိသည့်-
သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
နမဿမာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။ (ဟူ၍၎င်း)
တေ မယံ ဝိစရိဿာမ၊ ဂါမာ ဂါမံ နဂါ နဂံ။
နမဿမာနာ သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မတံ။ (ဟူ၍၎င်း)
ဤသို့လည်း အာဠဝကဘီလူး, ဟေမဝတနတ်မင်း, သာတာဂိရနတ်မင်းတို့၏ သရဏဂုံကဲ့သို့ ရတနာသုံးပါး၌ လည်းလျောင်း ညွတ်ကိုင်းသော အခြင်းအရာဖြင့်ဖြစ်သော တပ္ပရာယဏ သရဏဂုံသည် ဖြစ်၏။ (ဂါထာအနက်များ အောက်၌ ရေးခဲ့ပြီ)။
(၄) မဇ္ဈိမပဏ္ဏာသ ဗြဟ္မာယုသုတ်ဝယ် လာရှိသည့်အတိုင်း ဗြဟ္မာယုပုဏ္ဏား မေးလျှောက်အပ်သော ပြသနာရှစ်ချက်ကို မြတ်စွာဘုရားရှင် ဖြေကြား၍ ပြီးဆုံးသောအခါ ဗြဟ္မာယုပုဏ္ဏားကြီးသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုရကား နေရာမှထ၍ မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးဖြင့်တိုက် (ဦးခိုက်)ပြီးလျှင် ဘုရားရှင်၏ ခြေတော်တို့ကို ခံတွင်းဖြင့်လည်း စုပ်လေသည်။ လက်နှစ်ဖက်တို့ဖြင့် တအားသွန် ဆုပ်နယ်လေသည်၊ “အိုအရှင်ဂေါတမ.. အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားဖြစ်ပါသည်၊ အိုအရှင်ဂေါတမ.. အကျွန်ုပ်သည် ဗြဟ္မာယုပုဏ္ဏားဖြစ်ပါသည်”ဟု အမည်ကိုလည်း ထုတ်ဖော် ပြောကြား လျှောက်ထားလေသည်။
ဤဗြဟ္မာယုပုဏ္ဏားကြီးကဲ့သို့ ကိုယ်ထိလက်ရောက် ရတနာသုံးပါး၌ အလွန်အမင်း ရိုသေသော အခြင်းအရာအားဖြင့်လည်း ပဏိပါတသရဏဂုံသည် ဖြစ်၏။
အချုပ်အားဖြင့် အတ္တသန္နိယျာတန အစရှိသော သရဏဂုံ လေးမျိုးတို့အတွက် ပြုမူပုံ တမျိုးတည်းအနေဖြင့် မမှတ်ယူရာ၊ ရတနာသုံးပါး၌ ရိုသေလေးမြတ် ဆည်းကပ်သော အခြင်းအရာဖြင့်ဖြစ်သည့် အပြုအမူ အမျိုးမျိုး၊ အပြောအဆို အမျိုးမျိုးတို့ ရှိလေရာ ထိုပြုမူပြောဆိုချက်အပေါ်မှာ မူတည်၍ “ဤအပြုအမူ အပြောအဆိုမျိုးကား အတ္တသန္နိယျာတန သရဏဂုံ ဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား တပ္ပရာယဏ သရဏဂုံဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား သိဿဘာဝူပဂမန သရဏဂုံဖြစ်၏၊ ဤအပြုအမူ အပြောအဆိုမျိုးကား ပဏိပါတသရဏဂုံဖြစ်၏”ဟူ၍ သင့်လျော်သလို မှတ်ယူနိုင်ရန် ဤယခု နောက်နည်းကို အဋ္ဌကထာဆရာတော်မြတ် ဖွင့်ပြတော်မူအပ်လေသည်။
ပဏိပါတ အရိုအသေပြုမှု လေးမျိုး
ထိုပဏိပါတခေါ်သော အရိုအသေပြုမှု ရှိခိုးမှုသည် ၁-ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း, ၂-ကြောက်သဖြင့် အရိုအသေပြုခြင်း ရှိခိုးခြင်း, ၃-ဆရာဖြစ်၍ အရိုအသေပြုခြင်း ရှိခိုးခြင်း, ၄ -မြတ်သာအလှူကို ခံယူထိုက်သည့်
ရတနာသုံးတန် ဝတ္ထုမှန်အနေဖြင့် အရိုအသေပြုခြင်း ရှိခိုးခြင်းဟူ၍ လေးမျိုး ပြားပြန်လေသည်။
ထိုလေးမျိုးတို့အနက် ၄-အမှတ်ပြပါ မြတ်သောအလှူကို ခံယူထိုက်သည့် ရတနာသုံးတန် ဝတ္ထုမှန်အနေဖြင့် အရိုအသေပြုမှ ရှိခိုးမှသာလျှင် ပဏိပါတသရဏဂုံ မြောက်လေသည်။ ကျန်သုံးမျိုးဖြင့် ရိုသေမှု ရှိခိုးမှုကား သရဏဂုံ မမြောက်ပေ။
မှန်၏- ချီးမွမ်းအပ် မြတ်သော ရတနာမှန်အနေဖြင့် ရိုသေမြတ်နိုး ရှိခိုးမှတ်ယူမှသာ သရဏဂုံမြောက်လေသည်၊ စစ်မှန်သော ဘုရား, တရား, သံဃာ = ရတနာသုံးပါးကို စွန့်ပယ်၍ အခြား မစစ်မမှန်သည့် ဘုရား အမည်ခံ, တရားအမည်ခံ, သံဃာအမည်ခံများကို စစ်မှန်သော ဘုရား, တရား, သံဃာ ရတနာအနေဖြင့် ရိုသေမြတ်နိုး ရှိခိုး ကိုးကွယ်မှသာ သရဏဂုံ ပျက်လေသည်။
ထို့ကြောင့် ၁-အမှတ်မထင် အကြင် သာကီဝင်မင်း ကောလိယမင်းသည် “မြတ်စွာဘုရားသည် ငါတို့၏ မဟာဆွေတော်မျိုးတော် ဖြစ်သည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ ထိုသူသည် သရဏဂုံကို ခံယူအပ်သည် မမည်။
၂-အမှတ်မထင် အကြင်သူသည် “ရဟန်းဂေါတမသည် မင်းအပူဇော်ခံပုဂ္ဂိုလ် တန်ခိုးအာနုဘော်ကြီးသော ပုဂ္ဂိုလ် ဖြစ်လေသည်၊ သူ့ကို ရှိခိုးမှု ငါမပြုခဲ့လျှင် ငါ၏ အကျိုးမဲ့ကိုသော်မူလည်း ပြုလေရာ၏”ဟု အောက်မေ့ ကြောက်ရွံ့သဖြင့် ရှိခိုးငြားအံ့၊ ထိုသူသည်လည်း သရဏဂုံကို ခံယူအပ်သည် မမည်။
၃-အမှတ်မထင် အကြင်သူသည် မြတ်စွာဘုရား ဘုရားမဖြစ်မီ ဘုရားအလောင်းတော် ဖြစ်စဉ်အခါ၌ အလောင်းတော်သူမြတ်ထံ အတတ်ပညာ တစုံတရာ သင်ကြားခဲ့ဘူးသည်ကို အောက်မေ့ကာ ဘုရားဖြစ်တော်မူသောအခါ၌ “ငါ၏ဆရာ ဖြစ်ခဲ့ပေသည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ အမှတ်မထင် အကြင်သူသည်လည်း မြတ်စွာဘုရား ဖြစ်သောအခါ-
စတုဓာ ဝိဘဇေ ဘောဂေ၊ ပဏ္ဍိတော ဃရမာဝသံ။
ဧကေန ဘောဂံ ဘုဉ္ဇေယျ၊ ဒွီဟိ ကမ္မံ ပယောဇယေ။
စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတိ။
အိမ်ရာကို စိုးအုပ်နေသော ပညာရှိ မင်းယောက်ျားသည် မိမိရရှိသော စည်းစိမ်ဥစ္စာများကို လေးပုံပုံပြီးနောက် တပုံသော ဥစ္စာဖြင့်
လူစည်းစိမ်ကို ခံစားသုံးဆောင်ရမည်၊ နှစ်ပုံသော ဥစ္စာတို့ဖြင့် မိမိအလုပ်ကို ဆက်၍ လုပ်ဆောင်ရမည်၊ စတုတ္ထ အပုံကိုကား “ဘေးရန်ရောက်ခဲ့သော် သုံးစွဲရန် ဖြစ်လိမ့်မည်”ဟု ရည်ရွယ်၍ သိမ်းထားရမည်။ (=မိမိ ရောင်းဝယ်ဖောက်ကား၍ ငွေ-၁၀ဝိ/ကျပ်တရာ အမြတ်အစွန်း ရရှိလာလျှင် ထိုကျပ်တရာကို လေးပုံပြု၍ တပုံ ၂၅ိ/ နှစ်ဆယ့်ငါးကျပ်ဖြင့် အိမ်ထောင်မှုလောက်အောင် သုံးရမည်၊ နှစ်ပုံဖြစ်သည့် ၅ဝိ/ ကျပ်ငါးဆယ်ကို အလုပ်ထဲ၌ ပြန်၍ ရင်းနှီးရမည်၊ စတုတ္ထအပုံဖြစ်သည့် ၂၅ိ/ ကျပ်အစိတ်ကို ဘေးရန်ပေါ်ပေါက်လျှင် အသုံးပြုရန် သိမ်းထားရမည်)-
ဤကဲ့သို့သော လောကီကြီးပွါးရေးဆိုင်ရာ ဆုံးမချက်ကို သင်ကြား၍ လောကီကြီးပွါးရေး ညွှန်ကြားပေးပေသည်ဟု စိတ်ကရည်ရွယ်၍ “ငါ၏ဆရာ ဖြစ်ပါပေသည်”ဟု အောက်မေ့ကာ ရှိခိုးငြားအံ့၊ ထိုသူနှစ်ဦးလုံးပင် သရဏဂုံကို ခံယူအပ်သည်မမည်။
၄-အမှတ်မထင် အကြင်သူသည်ကား “ဤမြတ်စွာဘုရားသည် လောက၌ နောက်နောက်ဘဝ အကျိုးရအောင် ပျိုးချတုံလတ် မြတ်သောအလှူကို ခံယူတော်မူထိုက်သော ရတနာစစ် ရတနာမှန် ဖြစ်တော်မူ၏”ဟု အောက်မေ့ကာ ရှိခိုး၏၊ ထိုသူသည်သာလျှင် သရဏဂုံကို ခံယူအပ်သည်မည်၏။
ဆက်ဦးအံ့- ဤကဲ့သို့ အဂ္ဂဒက္ခိဏေယျပုဂ္ဂိုလ် = မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်အနေဖြင့် ဘုရားရှင်ကို သိရှိကာ သရဏဂုံ ခံယူပြီးသော ဥပါသကာ, ဥပါသိကာ၏ အဖို့ရာ သာသနာပြင်ပ တိတ္ထိတို့၌ တိတ္ထိရဟန်းပြုနေသော ဆွေမျိုးဖြစ်သူကို “ဤသူကား ငါ၏ ဆွေမျိုးဖြစ်သည်”ဟု အောက်မေ့ကာ ရှိခိုးသော်လည်း သရဏဂုံမပျက်၊ တိတ္ထိရဟန်းမဟုတ်သူ ဆွေမျိုးတော်စပ်သော ပကတိလူကို ရှိခိုးမူကား အဘယ် ဆိုဖွယ်ရှိအံ့နည်း၊ သရဏဂုံ မပျက်သည်သာတည်း (၁)။ ထို့အတူ သရဏဂုံ ခံယူပြီးသော ဥပါသကာ, ဥပါသိကာ၏ အဖို့ရာ တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သူကို ရှိမခိုးလျှင် အကျိုးမဲ့ကို ပြုမည်စိုး၍ ရှိခိုးသော်လည်း သရဏဂုံ မပျက်ချေ၊ မှန်၏- ထိုမင်းဖြစ်သောသူသည် တိုင်းပြည်အလုံးက ပူဇော်အပ်သူ ဖြစ်ရကား ရှိမခိုးအပ်လျှင် အကျိုးမဲ့ကိုသော်လည်း ပြုလေရာ၏၊ ထို့ကြောင့် ရှိခိုးရမည်သာ၊ ထိုသို့ မင်းကို ကြောက်သဖြင့် ရှိခိုးသော်လည်း သရဏဂုံမပျက် (၂)။ ထို့အတူ အတတ်ပညာ တစုံတရာ သင်ကြားပြသပေးသော
ဆရာဖြစ်ဘူးသည့် တိတ္ထိဖြစ်သူကိုပင်သော်လည်း “ဤသူသည် ငါ၏ဆရာ ဖြစ်ခဲ့ဘူးပြီ”ဟု ကြံစည်အောက်မေ့ကာ ရှိခိုးသော (သရဏဂုံတည်သူ) ဥပါသကာအဖို့လည်း သရဏဂုံမပျက် (၃)။ ဤသို့ ဆိုအပ်ပြီးအတိုင်း သရဏဂုံအပြားကို သိမှတ်ရာ၏။
(င) သရဏဂုံ၏ အကျိုး
ဖော်ပြရာပါ လောကီသရဏဂုံ လောကုတ္တရာသရဏဂုံ နှစ်မျိုးတို့တွင် အရိယဖိုလ် လေးပါးတို့သည် လောကုတ္တရာ သရဏဂုံ (=မဂ်စိတ္တုပ္ပါဒ်)၏ အကျိုးရင်း ဖြစ်ကုန်၏၊ သံသရာဝဋ်ဒုက္ခ၏ ကုန်ခန်းချုပ်ငြိမ်းခြင်းသည် အကျိုးဆက် အကျိုးဖျား အာနိသံသမည်၏။ တနည်းကား အနိစ္စ, ဒုက္ခ, အနတ္တဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဘယ်သောအခါမှာမှ နိစ္စဟူ၍, သုခဟူ၍, အတ္တဟူ၍ မစွဲယူခြင်း- စသည်သည် လောကုတ္တရာ သရဏဂုံ၏ အကျိုးဆက်မည်၏။ ဘဝသမ္ပတ္တိ = သုဂတိဘဝသို့ ကပ်ရောက်ရခြင်း, ဘောဂသမ္ပတ္တိ = စည်းစိမ်ဥစ္စာနှင့် ပြည့်စုံခြင်း- စသည်သည် လောကီသရဏဂုံ၏ အကျိုးမည်၏။ ။ဤကား သရဏဂုံ၏ အကျိုးတည်း။
(စ) သရဏဂုံ၏ ညစ်နွမ်းခြင်း
ထိုလောကီသရဏဂုံ, လောကုတ္တရာသရဏဂုံ- နှစ်ပါးတို့တွင် လောကီသရဏဂုံသည် ရတနာသုံးပါးတို့၌ ဂုဏ်ကျေးဇူးကို မသိခြင်း ယုံမှားခြင်း အလွဲလွဲအမှားမှား စွဲယူမှတ်ထင်ခြင်း- စသည်တို့ကြောင့် ညစ်နွမ်း၏။ အရောင်မလက် မပြန့်ပြူး မကြီးကျယ်။ လောကုတ္တရာ သရဏဂုံမှာကား ညစ်နွမ်းမှုဟူ၍ မရှိ၊ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက် ရှိချေ၏။
(ဆ) သရဏဂုံ၏ ပျက်စီးခြင်း
သရဏဂုံနှစ်ပါးတို့တွင် လောကုတ္တရာသရဏဂုံမှာ ဘယ်သောအခါမှာမှ ပျက်စီးသောဟူ၍ မရှိ၊ မှန်၏- လောကုတ္တရာသရဏဂုံ တည်ပြီးသူဖြစ်သည့် အရိယာ သူတော်ကောင်းသည် တမလွန်လောက ဟိုဘ၀၌သော်လည်း ရတနာသုံးပါးမှတပါး အခြားသူကို ဆရာဟူ၍ မညွှန်ပြတော့ချေ။ လောကီသရဏဂုံမှာသာ ပျက်စီးခြင်း ရှိသည်။
ထိုလောကီသရဏဂုံ၏ ပျက်စီးခြင်းသည် ၁-အပြစ်ရှိသော ပျက်စီးခြင်း၊ ၂-အပြစ်မရှိသော ပျက်စီးခြင်းဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် ၁-ရတနာသုံးပါးမှတပါး အခြားတိတ္ထိဆရာ- စသည်တို့၌
“မိမိကိုယ်ကို အပ်နှင်းသော အခြင်းအရာ” အစရှိသော ရှေးဖော်ပြရာပါ အခြင်းအရာ လေးပါးတို့အနက် တပါးပါးသော အခြင်းအရာဖြင့် ဆည်းကပ်ကိုးကွယ်လျှင် သရဏဂုံလည်းပျက်၍ တဏှာ,ဒိဋ္ဌိ အစရှိသော အကုသိုလ်အပြစ်တို့နှင့်လည်း တကွဖြစ်သောကြောင့် မကောင်းသော ဆင်းရဲဒုက္ခအကျိုးကို ပေး၏။ ၂-ဤဘဝ ကိုယ်ခန္ဓာပြတ်ကြွေ စုတေသောအခါ ခံယူရင်း လောကီသရဏဂုံ ပျက်၏၊ သို့သော် သရဏဂုံ ပျက်ရုံမျှသာဖြစ်၍ တစုံတခု အကုသိုလ်မဟုတ်သောကြောင့် အပြစ်မရှိ။ ။(ယနေ့ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဆောက်တည်အပ်သော သရဏဂုံသည် လောကီသရဏဂုံဖြစ်၏၊ ထိုလောကီသရဏဂုံသည် သိက္ခာပုဒ်ကို ဆောက်တည်ခြင်းကဲ့သို့ ကာလအပိုင်းအခြားကို မပြုမူ၍ ဆောက်တည်အပ်ရကား အသက်ပျက်ဆုံးမှ သရဏဂုံလည်း ဆုံးလေ ပျက်လေတော့သည်၊ ထိုကဲ့သို့ သေသဖြင့် သရဏဂုံပျက်ခြင်းကား တဏှာ,ဒိဋ္ဌိ- အစရှိသော အကုသိုလ်အပြစ်တရားများ မပါရှိ၍ အပြစ်မရှိသော ပျက်စီးခြင်းသာ ဖြစ်၏။ ။ဤကား သရဏဂုံ၏ ပျက်စီးခြင်းကို ပြဆိုချက်တည်း။ (သုတ်သီလက္ခန် အဋ္ဌကထာ၊ စာမျက်နှာ ၂၀၅။ ပ။ ၂၀၉-မှ)။
ဥပါသကာနှင့်စပ်၍ မှတ်ဖွယ်
ဤ၌ ဥပါသကာနှင့်စပ်၍ မှတ်ဖွယ်ကိုလည်း အကျဉ်းမျှ ဖော်ပြဦးအံ့၊ ဤဥပါသကာ အရာ၌လည်း-
(က) ဥပါသကာမည်သောသူ,
(ခ) ဥပါသကာမည်ကြောင်း,
(ဂ) ဥပါသကာ၏ သီလ,
(ဃ) ဥပါသကာ၏ အသက်မွေးမှု,
(င) ဥပါသကာ၏ ပျက်စီးခြင်း,
(စ) ဥပါသကာ၏ ပြည့်စုံခြင်း-
ဤခြောက်ပါးကို နားလည်သင့်၏။
(က) ဥပါသကာမည်သောသူ
ထိုခြောက်ပါးတို့တွင် “အဘယ်သို့သောသူသည် ဥပါသကာမည်သနည်း”ဟူမူ အမျိုးယုတ်ညံ့မဟူ သရဏဂုံတည်သူ မှန်သမျှသည် ဥပါသကာမည်၏။ (ဆိုင်ရာသာဓကကို သံ၊ ၃၊ ၃၄၄-မျက်နှာမှ ယူလေ)။
(ခ) ဥပါသကာမည်ကြောင်း
“အဘယ့်ကြောင့် ဥပါသကာမည်သနည်း”ဟူမူ ဘုရား, တရား, သံဃာ = ရတနာသုံးပါးကို ဆည်းကပ်တတ်သောကြောင့် ဥပါသကာမည်၏။ (ဥပါသတီတိ ဥပါသကော။ ဥပါသတိ = ရတနာသုံးပါးကို ဆည်းကပ်တတ်၏။ ဣတိ တသ္မာ = ထို့ကြောင့်။ ဥပါသကော = ဥပါသကမည်၏။ ဥပါသကော = ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဒါယကာ။ ဤကား ဝစနတ္ထတည်း)။
(ဂ) ဥပါသကာ၏ သီလ
“ဥပါသကာ၏ သီလကား အဘယ်နည်း”ဟူမူ ငါးပါးသီလသည် ဥပါသကာ၏ သီလမည်၏။ (သာဓကကို သံ၊ ၃၊ ၃၄၅-မျက်နှာမှ ယူလေ)။
(ဃ) ဥပါသကာ၏ အသက်မွေးမှု
“ဥပါသကာ၏ အသက်မွေးမှုကား အဘယ်နည်း”ဟူမူ ၁-လက်နက် ရောင်းဝယ်ကုန်သွယ်ခြင်း, ၂-လူကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၃-အသားငါးကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၄-သေအရက်ကို ရောင်းဝယ်ကုန်သွယ်ခြင်း, ၅-အဆိပ်ကို ရောင်းဝယ်ကုန်သွယ်ခြင်း = ဤမိစ္ဆာကုန်သွယ်ခြင်း ၅-မျိုးကို ရှောင်ရှား၍ တရားနှင့်အညီ နွားကျောင်း၍ ကုန်သွယ်၍ လယ်လုပ်၍ အသက်မွေးခြင်းသည် ဥပါသကာ၏ အသက်မွေးမှုမည်၏။ (သာဓကကို အံ၊ ၂၊ စာမျက်နှာ ၁၈၃-မှ ယူလေ။)
(င) ဥပါသကာ၏ ပျက်စီးခြင်း
“ဥပါသကာ၏ ပျက်စီးခြင်းကား အဘယ်နည်း”ဟူမူ ရှေးဖော်ပြရာပါ ငါးပါးသီလနှင့် တရားသော အသက်မွေးမှုတို့၏ ပျက်စီးခြင်းသည် ဥပါသကာ၏ ပျက်စီးခြင်းမည်၏။ (ငါးပါးသီလ ပျက်စီးလျှင်၎င်း, မိစ္ဆာကုန်သွယ်ခြင်း ၅-မျိုးတို့တွင် တမျိုးမျိုးဖြင့် ကုန်သွယ်၍ အသက်မွေးလျှင်၎င်း ဥပါသကာ၏အဖြစ် ပျက်စီးလေတော့၏ဟု ဆိုလိုသည်)။ ထို့ပြင် ဥပါသကာကြမ်း ဥပါသကာညစ် စက်ဆုပ်ဖွယ်သော ဥပါသကာ၏ အဖြစ်ကို ပြုတတ်သည့် ၁-သဒ္ဓါတရား မရှိခြင်း, ၂-ကိုယ်ကျင့်သီလ မရှိခြင်း, ၃-လူမလိမ္မာ ပညာမဲ့သူတို့ ကြံဆအပ်သည့် အမြင် အကြား အတွေ့ဟူသော လောကီမင်္ဂလာတို့နှင့် ပြည့်စုံခြင်း ထိုလောကီမင်္ဂလာတို့ကိုသာ လိုက်စားခြင်း, ၄-ကုသိုလ်ကံ အကုသိုလ်ကံကို မယုံကြည်ပဲ မင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း, ၅-သဗ္ဗညူမြတ်စွာ သာသနာပြင်ပ တိတ္ထိတို့၏ အယူဝါဒ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး
မျှော်ကိုးရှာမှီးလျက် ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် တိတ္ထိတို့၏ အယူဝါဒ၌ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီးနောက်မှ ဘုရားသာသနာ၌ ပြုလုပ်ခြင်း ဤတရားငါးပါးသည် ဥပါသကာ၏ ပျက်စီးခြင်းမည်၏။ (ဤတရားငါးပါး ဖြစ်လာလျှင် ဥပါသကာအဖြစ် ပျက်စီးတော့၏-ဟု ဆိုလိုသည်)။ (သာဓကကို အံ၊ ၂၊ ၁၈၁-မှ ယူလေ။)
(စ) ဥပါသကာ၏ ပြည့်စုံခြင်း
“ဥပါသကာ၏ ပြည့်စုံခြင်းကား အဘယ်နည်း”ဟူမူ ရှေးဖော်ပြရာပါ ငါးပါးသီလ တရားသော အသက်မွေးမှုတို့နှင့် ပြည့်စုံခြင်းသည် ဥပါသကာ၏ ပြည့်စုံခြင်းမည်၏၊ (ငါးပါးသီလ မပျက်စီးလျှင် တရားသော အသက်မွေးမှု မပျက်စီးလျှင် ဥပါသကာ၏အဖြစ် ပြည့်စုံနေ၏ဟု ဆိုလိုသည်)။ ထို့ပြင် ရတနာနှင့်တူသော ဥပါသကာ, ပဒုမာကြာနှင့်တူသော ဥပါသကာ, ကြာပုဏ္ဍရိက်နှင့်တူသော ဥပါသကာအဖြစ်ကို ပြုတတ်သည့် ၁-သဒ္ဓါတရားရှိခြင်း, ၂-ကိုယ်ကျင့်သီလ မပျက်စီးခြင်း, ၃-လောကီမင်္ဂလာတို့ကို မလိုက်စားခြင်း, ၄-လောကီမင်္ဂလာများကို မယုံကြည်ပဲ ကုသိုလ် အကုသိုလ်ကံကိုသာ ယုံကြည်ခြင်း, ၅-သာသနာပြင်ပ တိတ္ထိတို့၏ အယူဝါဒ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးမှု မပြုပဲ ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် ဤသာသနာတော်၌ ဦးစားပေး ရှေးဦးစွာ ပြုလုပ်ပြီးနောက်မှ တိတ္ထိတို့၏ဝါဒ သာသနာ၌ ပြုလုပ်ခြင်း ဤတရားငါးပါးသည် ဥပါသကာ၏ ပြည့်စုံခြင်းမည်၏၊ (ဤတရားငါးပါး ထင်ရှားရှိနေလျှင် ဥပါသကာ၏အဖြစ် ပြည့်စုံနေ၏ဟု ဆိုလိုသည်)။ (သာဓကကို အံ၊ ၂၊ ၁၁-မှ ယူလေ)။
အဇာတသတ်မင်း၏ နစ်နာမှုနှင့် အကျိုးရမှု
ထို့နောက် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်း ဖဲခွါသွား၍ မကြာမြင့်မီပင် ရဟန်းတော်များကို “ရဟန်းတို့.. အဇာတသတ်မင်းသည် မိမိ၏တည်ရာကို မိမိပင် တူးဖြိုဖျက်ဆီးခဲ့၏၊ ရဟန်းတို့.. ဤအဇာတသတ်မင်းသည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို မသတ်မိပါမူ၍ အဇာတသတ်မင်း၏သန္တာန်၌ ဤနေရာမှာပင်လျှင် သောတာပတ္တိ မဂ်ဉာဏ်အမြင် ဖြစ်ပေါ်လေရာ၏၊ (ဤမင်းသည် ဤနေရာမှာပင် သောတာပန်တည် အရိယာဖြစ်လေရာ၏)”ဟု မိန့်တော်မူ၏။
ဤ၌ “ဤအဇာတသတ်မင်းသည် ခမည်းတော်ကို မသတ်မိခဲ့ပါမူ ယခု သာမညဖလသုတ်ကို ကြားနာသောအခါ ဤနေရာ၌ ထိုင်နေလျက်ပင် သောတာပတ္တိမဂ်သို့ ရောက်လေရာ၏။ ယခုမှာမူ ဒေဝဒတ်တည်းဟူသော မိတ်ဆွေမကောင်းနှင့် ပေါင်းသင်းမိသည့်အတွက် သောတာပတ္တိမဂ်ဉာဏ်၏ အန္တရာယ် ဖြစ်ရှိလေတော့၏။ ထိုသို့ပင် ဖြစ်သော်လည်း ဤအဇာတသတ်မင်းသည် ငါဘုရားကို ဆည်းကပ်၍ ရတနာသုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောကြောင့်၎င်း, သူ၏ဆည်းကပ်ရာ ငါဘုရား၏ သာသနာသုံးရပ်က မြတ်လှ ကြီးမားလှသောကြောင့်၎င်း ဥပမာအားဖြင့် တစုံတယောက်သော ယောက်ျားသည် လူသတ်မှုကို ကျူးလွန်မိ၍ သေစားသေရန် အပြစ်ဒဏ်ကို ခံရမည်ဖြစ်သော်လည်း အမှီကောင်းကို ရရှိသည့်အတွက် ပန်းတဆုပ်မျှသော လက်ဆောင်ဖြင့် (၀ါ-ပန်းတဆုပ်သော ဥစ္စာဒဏ်ကို ပေးဆောင်ကာ) သေဒဏ်မှ လွတ်သကဲ့သို့ ဤအတူပင် အဖကိုသတ်ခြင်း တည်းဟူသော အာနန္တရိယကံကြောင့် အဝီစိငရဲ၌ ဖြစ်ထိုက်သော်လည်း ဘုရားသာသနာ တည်းဟူသော အမှီကောင်းကို ရရှိသည့်အတွက် လောဟကုမ္ဘီငရဲ၌သာ (သေပြီးနောက်) ဖြစ်ပြီးလျှင် အနှစ်သုံးသောင်းကြာ အောက်သို့မြုပ်၍ အောက်အပြင်သို့ ရောက်ရှိကာ တဖန် အနှစ်သုံးသောင်းကြာ အထက်သို့တက်၍ အထက်အနားရေးအပြင်သို့ ရောက်ရှိလတ်၍ (အနှစ်ခြောက်သောင်းကြာလျှင်) ထိုလောဟကုမ္ဘီငရဲမှ လွတ်မြောက်လိမ့်မည်” ဟူ၍လည်း မြတ်စွာဘုရားရှင်သည် ဆက်၍ မိန့်တော်မူ၏။
(ဤ၌။ ။အဇာတသတ်မင်း အကျိုးရမှု မှတ်ဖွယ်အထူးကို အဋ္ဌကထာမှ ထုတ်ဆောင် ဖော်ပြဦးအံ့- “ဤသာမညဖလသုတ်ကို ကြားနာရ၍ အဇာတသတ်မင်းသည် တစုံတခုသော အကျိုးအာနိသင်ကို ရအပ်ပါ၏လော”ဟု မေးဖွယ်ရှိ၏။
အဖြေကား- ကြီးစွာသော အကျိုးအာနိသင်ကို ရအပ်ပါ၏။ ရပုံမှာ.. ဤမင်းသည် ခမည်းတော်ကို သတ်ပြီးသောအခါမှစ၍ ဒုဂ္ဂတိနိမိတ်တို့သာ ထင်နေသဖြင့် နေ့နေ့ညဉ့်ညဉ့် အိပ်စက်ခွင့်ကို မရခဲ့ချေ၊
မြတ်စွာဘုရားရှင်ထံတော်သို့ ဆည်းကပ်၍ ချိုမြိန်လှစွာ ဩဇာရှိသော ဤသာမညဖလသုတ် တရားဒေသနာကို ကြားနာရသောအခါမှစ၍ နေ့နေ့ညဉ့်ည၌ ချမ်းသာစွာ အိပ်စက်ခွင့်ကို ရလေ၏။ ရတနာသုံးပါး တို့အားလည်း ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုလေသည်၊ ဤအဇာတသတ်မင်းနှင့်တူသော ပုထုဇန်တို့ သန္တာန်၌ဖြစ်သည့် သဒ္ဓါတရား (=ပေါထုဇ္ဇနိကသဒ္ဓါတရား)နှင့် ပြည့်စုံသူ အခြားတလူမျှ မရှိချေ။ (အိပ်စက်ခွင့်ကိုရခြင်းမှ ရတနာသုံးပါး၌ ပူဇော်သက္ကာရမှုပြုသည့် ကောင်းမှုကုသိုလ်ကိုရခြင်း သူမတူတန်သော ပေါထုဇ္ဇနိကသဒ္ဓါတရားကို ရခြင်း-စသည့် မျက်မှောက်ဘဝ၌ဖြစ်သော အကျိုးတို့ကို ရသည်)။ တမလွန်လောက နောက်အနာဂတ် အတွက်မှာလည်း ဝိဇိတာဝီ အမည်ရှိသော ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းရပေလိမ့်မည်။ ဤကား တမလွန်အကျိုးတည်း။
အဇာတသတ်မင်း၏ ဗောဓိဉာဏ်မှတ်ဖွယ်
ဤအရာ၌ “အဇာတသတ်မင်းအား အဖသတ်မှု = အာနန္တရိယ ကမ္မန္တရာယ်မရှိလျှင် ထိုနေရာ၌ပင် အကယ်၍ သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်လိမ့်မည်မှန်က အဘယ်သို့လျှင် နောက်အနာဂတ်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံနိုင်ပါအံ့နည်း။ အကယ်၍ နောက်အနာဂတ်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံလိမ့်မည်မှန်က အဘယ်သို့လျှင် ထိုနေရာ၌ပင် သောတာပတ္တိမဂ်ဉာဏ် ဖြစ်ပေါ်နိုင်အံ့နည်း၊ ပစ္စေကဗောဓိဉာဏ်မှာ- ၁-မနုဿတ္တ၊ ၂-လိင်္ဂသမ္ပတ္တိ၊ ၃-ဝိဂတာသဝဒဿန၊ ၄-အဓိကာရ၊ ၅-ဆန္ဒတာ = ဤအင်္ဂါ ၅-ရပ်နှင့်ပြည့်စုံမှ ဆုတောင်းပြည့်၍ သာဝကဗောဓိဉာဏ်မှာ ၁-အဓိကာရ၊ ၂-ဆန္ဒတာ = ဤအင်္ဂါ ၂-ရပ်နှင့် ပြည့်စုံလျှင် ဆုတောင်းပြည့်နိုင်၏၊ ပါရမီဖြည့်ရာ ကာလအားဖြင့်လည်း ပစ္စေကဗောဓိဉာဏ်အတွက် ၂-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ရ၍ သာဝကဗောဓိဉာဏ်အတွက် အဂ္ဂသာဝကဖြစ်လျှင် ၁-သင်္ချေနှင့် ကမ္ဘာတသိန်း, မဟာသာဝကဖြစ်လျှင် ကမ္ဘာတသိန်း ပါရမီဖြည့်ရသည်၊ သစ္စာလေးပါး တရားသိပုံအားဖြင့်လည်း ပစ္စေကဗုဒ္ဓါတို့မှာ ဆရာမရှိပဲ မိမိတို့၏ ပင်ကိုယ်ဉာဏ်ဖြင့် သစ္စာလေးပါးတရားကို သိ၍ သာဝကပုဂ္ဂိုလ်တို့မှာ ဆရာကို အမှီရမှ သစ္စာလေးပါးတရားကို သိကြသည်၊ သို့ရကား ပစ္စေကဗောဓိဉာဏ်နှင့် သာဝကဗောဓိဉာဏ်တို့သည် အခြေခံ အကြောင်းရင်းအားဖြင့် မတူကြသည် မဟုတ်လော”ဟူ၍ မေးဖွယ်ရှိ၏။ (နက်နဲလှ၏၊ သတိကြီးစွာထား၍ စဉ်းစားကြလေ)။
အဖြေကား- စောဒကဆရာ မေးသည့်အတိုင်း ဆန့်ကျင်မှု မရှိနိုင်၊ မဖြစ်နိုင်ချေ။ အကြောင်းကား ဤအဇာတသတ်မင်းအဖို့ရာ ဤဘဝမှ စုတေ၍ လောဟကုမ္ဘီငရဲ၌ နှစ်ခြောက်သောင်းကြာ ကျက်ပြီးနောက်မှ ပစ္စေကဗောဓိဉာဏ်၏ အဆောက်အဦတို့ကို ဖြည့်ကျင့်အပ်မည် ဖြစ်သောကြောင့်တည်း။ မှန်၏- သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ကြမည့် ပုဂ္ဂိုလ်တို့သည်လည်း ထိုသာဝကဗောဓိဉာဏ်၏ အကြောင်းများ ပေါင်းဆုံညီညွတ်မှု မရှိခဲ့သော် နောက်အခါ ကာလတပါး၌ ပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ကြကုန်လတ္တံ့၊ အကြောင်းကား- ထိုသို့ ပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ရန် ဆုပန်မှု၏ ဖြစ်သင့်သောကြောင့်တည်း။ ။(ဤကား ပဌမဆရာတို့၏ အဖြေတည်း။ ဤပဌမဆရာတို့၏ အလိုအားဖြင့် အဇာတသတ်မင်းမှာ အကြောင်းညီညွတ်လျှင် ဤဘဝမှာပင် သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်မည့်သူ (သောတာပတ္တိမဂ်ဉာဏ်ကို ရရှိမည့်သူ) မှန်သော်လည်း ဒေဝဒတ်တည်းဟူသော မိတ်မကောင်းနှင့် ပေါင်းသင်းမိသောကြောင့် သာဝကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်ရမည့် အကြောင်းများ ပေါင်းဆုံးညီညွတ်မှုမရှိပဲ ပျက်စီးကုန်၍ ဤဘဝ သောတာပတ္တိမဂ်ကို မရပဲရှိခဲ့လေသည်။ သို့သော် ထိုမင်းသည် နောက်အခါ၌ ပစ္စေကဗောဓိဉာဏ်၏ အဆောက်အဦ ကောင်းမှုများကို ဖြည့်ကျင့်ကာ ထိုပစ္စေကဗောဓိဉာဏ်ဖြင့် ကျွတ်တမ်းဝင်လိမ့်မည်ဟု ဆိုလိုရင်းဖြစ်သည်)။
အပရေဆရာတို့ အလိုအားဖြင့်- ဤအဇာတသတ်မင်းသည် ပစ္စေကဗေဓိဉာဏ် အတွက်သာလျှင် ရှေးဆုတောင်းကောင်းမှု ပြုခဲ့ပြီးသူ ဖြစ်သည်၊ မှန်၏- ပစ္စေကဗောဓိဉာဏ်အတွက် ရှေးဆုတောင်းကောင်းမှု ပြုခဲ့ပြီးသူများပင် ဖြစ်ကြသော်လည်း ထိုပစ္စေကဗောဓိအတွက် နိယတဗျာဒိတ်ကို မရသေးကြလျှင် ထိုပစ္စေကဗောဓိဉာဏ်၏ ရင့်ကျက်မှုသို့ မရောက်သေးသောကြောင့် သက်တော်ထင်ရှား မြတ်စွာဘုရား၏ မျက်မှောက်တော်ဝယ် သာဝကဗောဓိဉာဏ်သို့ ရောက်ကြလိမ့်မည် ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ဤအဇာတသတ်မင်းသည် အကယ်၍ ခမည်းတော်မင်းကြီးကို မသတ်မိပါမူ ဤမင်း၏ ခန္ဓာအစဉ်ဝယ် သာမညဖလသုတ်ကို ကြားနာရာ ဤနေရာ၌ပင် သောတာပတ္တိ မဂ်ဉာဏ်အမြင် ဖြစ်လေရာ၏”ဟူ၍ ဟောတော်မူသည်။
ဆက်ဦးအံ့- ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါအလောင်း, သာဝကအလောင်းဟူ၍ အလောင်းအလျာ = သုံးမျိုးတို့ ရှိကြသည့်အနက် ဘုရားအလောင်းတော်ကြီးများသာလျှင် ပဉ္စာနန္တရိယကံမှ
လွတ်ကြလေသည်။ ကျန်သော အလောင်းအလျာ နှစ်မျိုးတို့မှာ အာနန္တရိယကံမှ မလွတ်ကြချေ။ ထိုစကား မှန်၏- ရှင်ဒေဝဒတ်သည် ပစ္စေကဗောဓိဉာဏ်အတွက် မြဲသူ (နိယတဗျာဒိတ်ရပြီးသူ) ဖြစ်ပါလျက် မြတ်စွာဘုရားအပေါ်၌ ကာလမြင့်ကြာ ဖြစ်ပွါးလာခဲ့သော အာဃာတ = ရန်ငြိုးကြောင့် အလွန်ဝန်လေးသော သံဃဘေဒကကံ, လောဟိတုပ္ပါဒကကံ တည်းဟူသော = အာနန္တရိယကံကြီးများကို လွန်ကျူးလေသည်၊ ဤသည်ကိုထောက်၍ ပစ္စေကဗုဒ္ဓါအလောင်း, သာဝကဗောဓိအလောင်းတို့မှာ အာနန္တရိယကံမှ မလွတ်နိုင်ကြသေးကြောင်း သိရှိရာ၏။ ထို့ကြောင့် ဤအဇာတသတ်မင်းသည် အဖသတ်မှု တည်းဟူသော ကမ္မန္တရာယ်ကြောင့် ယခုဘဝ ယခုအခါ သောတာပတ္တိမဂ်ဉာဏ်ကို ရရန်အတွက် အကြောင်းတို့၏ ပေါင်းဆုံညီညွတ်မှု မရှိတော့ပဲ ပစ္စေကဗောဓိနိယာမဖြင့် နောက်အခါဝယ် ဝိဇိတာဝီ-မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန် စံလိမ့်မည်ဟူ၍ မှတ်ယူရာ၏။ ဤကား အပရေဆရာတို့၏ ဝါဒတည်း။ ။ဤနှစ်ဝါဒတို့တွင် သင့်လျော်သောဝါဒကို စူးစမ်းဆင်ခြင်၍ မှတ်ယူရာ၏။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ သာမညဖလသုတ်အဖွင့် စာမျက်နှာ ၁၉၈-မှ)။
အဇာတသတ်မင်းအကြောင်း ပြီး၏။
**********
ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် စတုတ္ထတွဲတည်း။
**********