မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၄၊ အခဏ်း-၂၈၊ စာမျက်နှာ ၁–၄၂
ဓမ္မဝတ္ထုတဆယ့်ရှစ်ပါး
ချစ်သားသာရိပုတ္တရာ.. တဆယ့်ရှစ်ပါးသော အကြောင်း(ဝတ္ထု)တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်၊ ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ ရဟန်းသည်—
(၁) တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြ၏၊
(၂) တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြ၏၊
(၃) ဝိနည်းမဟုတ်သည်ကို ဝိနည်းမဟုတ်ဟု ပြ၏၊
(၄) ဝိနည်းဟုတ်သည်ကို ဝိနည်းဟုတ်၏ဟု ပြ၏၊
(၅) မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ် မပြောအပ်ဟု ပြ၏၊
(၆) မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ဟု ပြ၏၊
(၇) မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို မြတ်စွာဘုရား မလေ့ကျက်အပ်ဟု ပြ၏၊
(၈) မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို မြတ်စွာဘုရား လေ့ကျက်အပ်၏ဟု ပြ၏၊
(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု ပြ၏၊
(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု ပြ၏၊
(၁၁) အာပတ်မသင့်သည်ကို အာပတ်မသင့်ဟု ပြ၏၊
(၁၂) အာပတ်သင့်သည်ကို အာပတ်သင့်၏ဟု ပြ၏၊
(၁၃) ပေါ့သောအာပတ်ကို ပေါ့သောအာပတ်ဟု ပြ၏၊
(၁၄) လေးသောအာပတ်ကို လေးသောအာပတ်ဟု ပြ၏၊
(၁၅) အကြွင်းရှိသော အာပတ်ကို အကြွင်းရှိသော အာပတ်ဟု ပြ၏၊
(၁၆) အကြွင်းမရှိသော အာပတ်ကို အကြွင်းမရှိသော အာပတ်ဟု ပြ၏၊
(၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြ၏၊
(၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြ၏၊
ချစ်သားသာရိပုတ္တရာ.. ဤတဆယ့်ရှစ်ပါးသော အကြောင်း(ဝတ္ထု)တို့ဖြင့် ဓမ္မဝါဒီပုဂ္ဂိုလ်ကို သိရမည်ဟူ၍ ဟောကြားတော်မူလေ၏။
(ဤ၌။ ။ပုဂ္ဂလာဓိဋ္ဌာနဓမ္မဒေသနာနည်း ဟောကြားသော တရားဖြစ်၍ (၁) တရားမဟုတ်သည်ကို တရားဟုပြခြင်း၊ (၂) တရားဟုတ်သည်ကို တရားမဟုတ်ဟုပြခြင်း (ပေယျာလ) (၁၇) ရုန့်ရင်းကြမ်းတမ်းသော
အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ ဤတဆယ့်ရှစ်ပါးတို့ကို အဓမ္မဝတ္ထု တဆယ့်ရှစ်ပါးဟု ခေါ်၏၊ ဘေဒကရဝတ္ထု = သံဃာသင်းကွဲအောင် ပြုလုပ်တတ်သော အကြောင်း=ဝတ္ထု တဆယ့်ရှစ်ပါးဟူ၍လည်း ခေါ်၏။ ထိုတဆယ့်ရှစ်ပါးတို့တွင် တပါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိရမည်။
ဓမ္မဝတ္ထုဖက်၌လည်း ထို့အတူပင် (၁) တရားမဟုတ်သည်ကို တရားမဟုတ်ဟု ပြခြင်း၊ (၂) တရားဟုတ်သည်ကို တရားဟုတ်၏ဟု ပြခြင်း (ပေယျာလ) (၁၇) ရုန့်ရင်းကြမ်းတမ်းသော အာပတ်ကို ရုန့်ရင်းကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ (၁၈) မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ကို မရုန့်ရင်း မကြမ်းတမ်းသော အာပတ်ဟု ပြခြင်း၊ ဤတဆယ့်ရှစ်ပါးတို့ကို ဓမ္မဝတ္ထု တဆယ့်ရှစ်ပါး = တရားသော မှန်ကန်သော အကြောင်း=ဝတ္ထု တဆယ့်ရှစ်ပါးဟု ခေါ်၏၊ ထိုတဆယ့်ရှစ်ပါးတို့တွင် တပါးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဓမ္မဝါဒီပုဂ္ဂိုလ်ဟု သိရမည်၊ ဤကဲ့သို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူလိုရင်းကို အကျဉ်းချုပ် မှတ်သားရာ၏။
ဓမ္မ,အဓမ္မစသည် အခွဲ
ဤအကြောင်းဝတ္ထု တဆယ့်ရှစ်ပါးတို့တွင် သုတ္တန်နည်းအားဖြင့် ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် ဓမ္မမည်၏။ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အဓမ္မမည်၏။ ထို့အတူပင် သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါးစသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့သည် ဓမ္မမည်၏။ သတိပဋ္ဌာန် ၃-ပါး၊ သမ္မပ္ပဓာန် ၃-ပါး၊ ဣဒ္ဓိပါဒ် ၃-ပါး၊ ဣန္ဒြေ ၆-ပါး၊ ဗိုလ် ၆-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၉-ပါး၊ ဤ (မဟုတ်မမှန်သောတရားအစုသည်၎င်း), ဥပါဒါန် ၄-ပါး၊ နီဝရဏ ၅-ပါး၊ အနုသယ ၇-ပါး၊ မိစ္ဆာဒိဋ္ဌိတရား ၈-ပါး၊ ဤသို့စသော မကောင်းသော တရားအစုသည်၎င်း အဓမ္မမည်၏။
ဖော်ပြရာပါ အဓမ္မတရားအစုတို့အနက် တစုစုကိုယူ၍ “ဤအဓမ္မကို ဓမ္မဟု ပြကြ ပြောကြကုန်အံ့၊ ဤသို့ ပြကြ ပြောကြသည်ရှိသော် ငါတို့အဖို့ရာ ဆရာ၏အမျိုးကို အမှီပြု၍ အထက်တန်းကျခြင်း ဖြစ်မည့်အပြင် ငါတို့ကိုယ်တိုင်လည်း လောက၌ ထင်ရှားကြပေလိမ့်မည်”ဟု တိုင်ပင်
ညီညွတ်ကြကာ ထိုအဓမ္မကို ဓမ္မ “ဤကား ဓမ္မတည်း”ဟု ပြောဆိုလျှင် (၁) တရားမဟုတ်သည်ကို တရားဟုတ်၏ဟု ပြသည်မည်ကုန်၏။
ထို့အတူ ဓမ္မအစုတို့အနက်မှ တစုစုကိုယူ၍ “ဤသည် အဓမ္မတည်း”ဟု ပြောဆိုကြလျှင် (၂) တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြသည်မည်ကုန်၏။
ဝိနည်းပရိယာယ်အားဖြင့် ဟုတ်မှန်သောဝတ္ထုဖြင့် စောဒနာပြု၍ အောက်မေ့စေ၍ ဝန်ခံသည့်အတိုင်း ပြုအပ်သောကံသည် ဓမ္မကံမည်၏။ မဟုတ်မမှန်သောဝတ္ထုဖြင့် စောလည်း မစောဒနာပဲ အောက်မေ့လည်း မအောက်မေ့စေပဲ ဝန်ခံချက်မရရှိပဲ ပြုအပ်သောကံသည် အဓမ္မကံမည်၏။ အဓမ္မကံကို ဓမ္မကံဟု ပြောကြားလျှင် တရားမဟုတ်သည်ကို တရားဟုတ်၏ဟု ပြသည်မည်၏။ ဓမ္မကံကို အဓမ္မကံဟု ပြောကြားလျှင် တရားဟုတ်သည်ကို တရားမဟုတ်ဟု ပြောကြားသည် ပြသည်မည်၏။ (ပြောကြားသည်ကိုပင် ပြသည်ဟု ဆိုသည်။)
သုတ္တန်နည်းအားဖြင့် ရာဂကို ပယ်ဖျောက်ခြင်း, ဒေါသကို ပယ်ဖျောက်ခြင်း, မောဟကို ပယ်ဖျောက်ခြင်း (သီလ,သတိ၊ ဉာဏ်,ခန္တိ၊ ဝီရိ-သံဝရာ) သီလသံဝရ, သတိသံဝရ, ဉာဏသံဝရ, ခန္တိသံဝရ, ဝီရိယသံဝရ တည်းဟူသော သံဝရတရား ၅-ပါး၊ တဒင်္ဂပဟာန်, ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်, ပဋိပ္ပဿဒ္ဓိပဟာန်, နိဿရဏပဟာန် တည်းဟူသော ပဟာန် ၅-ပါး၊ ရာဂ, ဒေါသ, မောဟ မဖြစ်အောင် ဉာဏ်ဖြင့်ဆင်ခြင်ခြင်း ဤတရားအစုသည် ဝိနယမည်၏။ ထိုမှ အပြန်အားဖြင့် ရာဂစသည်ကို မပယ်ဖျောက်ခြင်း, မစောင့်စည်းခြင်း, မဆင်ခြင်ခြင်း ဤတရားအစုသည် အဝိနယမည်၏။
ဝိနည်းပရိယာယ်အားဖြင့် (ဝတ္ထု, သိမ်, ဉတ်၊ ပရိသတ်၊ တရပ် ကမ္မဝါ) ဝတ္ထု, သိမ်, ပရိသတ်, ဉတ်, ကမ္မဝါ ဤ၅-ပါးတို့၏ ပြည့်စုံခြင်းသည် ဝိနယမည်၏။ ထို၅-ပါးတို့၏ မပြည့်စုံခြင်း ဖောက်ပြန် ပျက်စီးခြင်းသည် အဝိနယမည်၏။
သုတ္တန်နည်းအားဖြင့် သတိပဋ္ဌာန် ၄-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး၊ ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ ဤတရားစုကို မြတ်စွာဘုရား ဟောကြားတော်မူအပ် ပြောဆိုတော်မူအပ်၏။ သတိပဋ္ဌာန် ၃-ပါး၊ သမ္မပ္ပဓာန် ၃-ပါး၊ ဣဒ္ဓိပါဒ် ၃-ပါး၊ ဣန္ဒြေ ၆-ပါး၊ ဗိုလ် ၆-ပါး၊ ဗောဇ္ဈင် ၈-ပါး၊ မဂ္ဂင် ၉-ပါးဟူ၍ မြတ်စွာဘုရား မဟောကြားအပ်ပေ။
ဝိနည်းပရိယာယ်အားဖြင့် ပါရာဇိက ၄-ပါး၊ သံဃာဒိသိသ် ၁၃-ပါး၊ အနိယတ ၂-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၀- အစရှိသည်ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။ ပါရာဇိက ၃-ပါး၊ သံဃာဒိသိသ် ၁၄-ပါး၊ အနိယတ ၃-ပါး၊ နိဿဂ္ဂိယပါစိတ် ၃၁-ပါး အစရှိသည်ကို မြတ်စွာဘုရား မဟောကြားအပ်။ (ဟောကြားတော်မူအပ်သော တရားအစုသည်ပင် ပညတ်တော်မူအပ်သော တရားအစုမည်၏၊ မဟောကြားအပ်သော တရားအစုသည်ပင် မပညတ်အပ်သော တရားအစုမည်၏။)
သုတ္တန်နည်းအားဖြင့် နေ့စဉ်နေ့တိုင်း ဖလသမာပတ်ကို ဝင်စားတော်မူခြင်း, မဟာကရုဏာ သမာပတ်ကို ၀င်စားတော်မူခြင်း, ဗုဒ္ဓစက္ခု (=အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ် နှစ်ပါး)ဖြင့် သတ္တလောကကို ကြည့်ရှုတော်မူခြင်း, အဋ္ဌုပ္ပတ္တိဖြစ်သောအခါ သက်ဆိုင်ရာသုတ္တန်, သက်ဆိုင်ရာဇာတ်ကို ဟောတော်မူခြင်း ဤအလုပ်ကိစ္စများကို မြတ်စွာဘုရား လေ့ကျက်တော်မူအပ် (=ပြုလုပ်တော်မူအပ်)၏၊ နေ့စဉ်နေ့တိုင်း ဖလသမာပတ်ကို မဝင်စားခြင်း, မဟာကရုဏာသမာပတ်ကို မဝင်စားခြင်း အစရှိသည်ကို မြတ်စွာဘုရား လေ့ကျက်တော်မမူအပ်။
ဝိနည်းပရိယာယ်အားဖြင့် ဆိုင်ရာ ဒါယကာတို့ ပင့်လျှောက်ချက်အရ ထိုထို့မြို့ရွာ၌ ဝါကပ်ဆိုတော်မူ၍ ဝါကျွတ်လျှင် ဆိုင်ရာ ဒါယကာတို့ကို ပန်ကြားပြောဆိုပြီးမှ ခရီးဒေသစာရီ ကြွချီတော်မူခြင်း, ပဝါရဏာပြုပြီးလျှင် ဒေသစာရီ ကြွချီတော်မူခြင်း, ကိုယ်တော်ထံမှောက် ရောက်ဆိုက်လာသော အာဂန္တုရဟန်းတို့နှင့် “ချစ်သားတို့.. ကျန်းခံ့ကြ၏လော၊ ဣရိယာပထ မျှတကြ၏လော” အစရှိသည်ဖြင့် အစေ့အစပ်စကား မိန့်ကြားတော်မူခြင်း၊ ဤသို့စသည်ကို မြတ်စွာဘုရား လေ့ကျက်တော်မူအပ် (=ပြုလုပ်တော်မူအပ်)၏၊ ဖော်ပြရာပါ အမှုကိစ္စတို့ကို ပြုလုပ်တော်မူခြင်းသည် မြတ်စွာဘုရား၏ အလေ့အကျက်တော်ဖြစ်၏၊ မပြုလုပ်ခြင်းသည် အလေ့အကျက်မဟုတ်။
ထိုထိုဝိနည်းသိက္ခာပုဒ်တို့၌ “အနာပတ္တိ အဇာနန္တဿ = မသိသောရဟန်းအား အာပတ်မသင့်၊ ခိုးလိုသောစိတ် မရှိသောရဟန်းအား အာပတ်မသင့်၊ သေစေလိုသော အလိုမရှိသော ရဟန်းအား အာပတ်မသင့်” ဤသို့ အစရှိသည်ဖြင့် ဟောကြားတော်မူအပ်သော အချက်စုသည် အာပတ်မသင့်သော အချက်မည်၏။ “ဇာနန္တဿ ထေယျစိတ္တသာ = သိသောရဟန်းအား အာပတ်သင့်၏၊ ခိုးလိုသော စိတ်ရှိသော ရဟန်းအား အာပတ်သင့်၏၊ သေစေလိုသော အလိုရှိသော ရဟန်းအား
အာပတ်သင့်၏” ဤသို့ အစရှိသည်ဖြင့် ဟောကြားတော်မူအပ်သော အချက်စုသည် အာပတ်သင့်သောအရာ အာပတ်သင့်သော အချက်စုမည်၏။
ပါရာဇိက အာပတ်, သံဃာဒိသိသ် အာပတ်, ထုလ္လစ္စည်း အာပတ်, ပါစိတ်အာပတ်, ပါဋိဒေသနီအာပတ်, ဒုက္ကဋ်အာပတ်, ဒုဗ္ဘာသီအာပတ်ဟူ၍ အာပတ်ခုနစ်ပုံ ရှိသည့်အနက် နောက်အာပတ်ငါးပုံသည် ပေါ့သော အာပတ် မရုန့်ရင်း မကြမ်းတမ်းလှသော အာပတ်မည်၏။ ရှေ့နှစ်ပုံ (ပါရာဇိကနှင့် သံဃာဒိသိသ်အာပတ်)သည် လေးသောအာပတ် ရုန့်ရင်းကြမ်းတမ်းသော အာပတ်မည်၏။
အာပတ်ခုနစ်ပုံအနက် နောက်ခြောက်ပုံသည် (ရဟန်းအဖြစ်) အကြွင်းရှိသော သာဝသေသအာပတ်မည်၏၊ (နောက်ခြောက်ပုံတွင် တပုံပုံကို လွန်ကျူးက အပြစ်ပင်ရှိသော်လည်း ရဟန်းအဖြစ်ကား ထိုပုဂ္ဂိုလ်သန္တာန်မှာ ကြွင်းကျန်သေး၏ဟု ဆိုလိုသည်)။ ပါရာဇိကအာပတ်သည် အကြွင်းမရှိသော အာပတ်မည်၏။ (ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးလျှင် ထိုပုဂ္ဂိုလ်သန္တာန်မှာ ရဟန်း၏အဖြစ် လုံးဝ အကြွင်းမရှိတော့ဟု ဆိုလိုသည်။)
ဤသို့ ဓမ္မ,အဓမ္မစသည် ကိုးစုံတို့ကို အထူးမှတ်သား သိရှိရာ၏၊ ဤစကားရပ်စုကို ဝိနည်းစူဠဝါအဋ္ဌကထာ သံဃဘေဒကက္ခန္ဓက အဖွင့်မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်)။
အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ပင် အရှင်မဟာမောဂ္ဂလာန်မထေရ်, အရှင်မဟာကဿပမထေရ်, အရှင်မဟာကစ္စည်းမထေရ်, အရှင်မဟာကောဋ္ဌိကမထေရ်, အရှင်မဟာကပ္ပိနမထေရ်, အရှင်မဟာစုန္ဒမထေရ်, အရှင်အနုရုဒ္ဓါမထေရ်, အရှင်ရေ၀တမထေရ်, အရှင်ဥပါလိမထေရ်, အရှင်အာနန္ဒာမထေရ်, အရှင်ရာဟုလာမထေရ်တို့သည်လည်း ကောသမ္ဗီရဟန်းတို့ သာဝတ္တိပြည်သို့လာကြကြောင်း သတင်းစကား ကြားသိကြ၍ အရှင်သာရိပုတ္တရာမထေရ် နည်းတူပင် မြတ်စွာဘုရားရှင်အား သွားရောက် လျှောက်ထားကြလေသည်။ ထိုအခါ၌လည်း မြတ်စွာဘုရားရှင်သည် ထိုမထေရ်တို့အား အရှင်သာရိပုတ္တရာမထေရ်နည်းတူပင် ဓမ္မဝတ္ထု တဆယ့်ရှစ်ပါး, အဓမ္မဝတ္ထု တဆယ့်ရှစ်ပါးတို့ကို ဟောကြားတော်မူလေသည်။
မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးသည်လည်း ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ လာနေကြကြောင်း သတင်းစကား ကြားသိရ၍ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးခါ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို အရှင်သာရိပုတ္တရာ မထေရ်မြတ်နည်းတူ မေးမြန်းလျှောက်ထားလေသည်၊ ထိုအခါ မြတ်စွာဘုရားရှင်သည် မိထွေးတော် မဟာပဇာပတိဂေါတမီ ထေရီမကြီးကို-
ဂေါတမီ.. ထိုသို့ဖြစ်လျှင် သင်သည် နှစ်ဖက်သောသံဃာ၌ တရားကို နာလေလော့၊ နှစ်ဖက်သောသံဃာ၌ တရားနာပြီးလျှင် ထိုနှစ်ဖက်သော သံဃာတွင် ဓမ္မဝါဒီရဟန်းတို့၏ အမြင်, အလို, နှစ်သက်ခြင်း အယူကို သင်နှစ်သက်လေလော့၊ ဘိက္ခုနီသံဃာက ဘိက္ခုသံဃာအထံမှ မြှော်လင့်တောင့်တအပ်သော အမှုခပ်သိမ်းကို ဓမ္မဝါဒီပုဂ္ဂိုလ်တို့အထံမှသာလျှင် မြှော်လင့်တောင့်တကြရမည်”–
ဟု မိန့်တော်မူ၏။
ဇေတဝန်ကျောင်းတိုက် ဒါယကာ အနာထပိဏ်သူဌေး, ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါတို့လည်း ထို့အတူ သတင်းကြား၍ မြတ်စွာဘုရားထံမှောက်သို့ သွားရောက် လျှောက်ထားကြလေသည်၊ ထိုအနာထပိဏ်, ဝိသာခါတို့ကိုလည်း မြတ်စွာဘုရားရှင်သည်-
“သူဌေးကြီး.. (ဝိသာခါ) ထိုသို့ဖြစ်လျှင် သင်သည် နှစ်ဖက်သောသံဃာ၌ အလှူကို လှူလော့၊ နှစ်ဖက်သောသံဃာ၌ အလှူကို လှူပြီးလျှင် နှစ်ဖက်သောသံဃာ၌ တရားကို နာလော့၊ နှစ်ဖက်သောသံဃာ၌ တရားနာပြီးလျှင် ထိုနှစ်ဖက်သော သံဃာတွင် ဓမ္မဝါဒီရဟန်းတို့၏ အမြင်, အလို, နှစ်သက်ခြင်း အယူကို သင် နှစ်သက်လေလော့”–
ဟု မိန့်တော်မူ၏။ (ဤစကားရပ်စုကား ဝိနည်းမဟာဝါ ပါဠိအဋ္ဌကထာ ဋီကာတို့မှ ထုတ်နုတ်ဖော်ပြချက်များ ဖြစ်ပါသည်)။
(ဤဆိုလတ္တံ့သည်ကား ဓမ္မပဒအဋ္ဌကထာမှတည်း)၊ ပသေနဒီ ကောသလမင်းကြီးသည် “ခိုက်ရန်မှု ပြုလုပ်ကြသည့် ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ လာနေကြသတဲ့”ဟူသော သတင်းစကားကို ကြားရ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင်“ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် ထိုကောသမ္ဗီရဟန်းတို့အား အကျွန်ုပ်၏ နိုင်ငံတော်အတွင်းသို့ ဝင်ခွင့်ကို မပေးလိုပါဘုရား”ဟု လျှောက်ထားလေသော် မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး.. ထိုကောသမ္ဗီရဟန်းတို့သည် သီလရှိကြသူများ ဖြစ်ကြသည်၊ တကယ်စင်စစ်တော့ အချင်းချင်း အငြင်းပွါးကြသဖြင့်သာ ငါဘုရား၏စကားကို မနာယူကြခြင်း ဖြစ်လေသည်။ ယခုအခါမှာ ငါဘုရားကို ကန်တော့ရန် လာကြကုန်၏၊ လာကြပါစေ မြတ်သောမင်းကြီး..”ဟု မိန့်တော်မူ၏။
အနာထပိဏ်သူဌေးသည်လည်း “ဘုန်းတော်ကြီးသောမြတ်စွာဘုရား.. အကျွန်ုပ်သည် ထိုကောသမ္ဗီ ရဟန်းတို့အား ကျောင်းတိုက်အတွင်းသို့ ဝင်ခွင့်ကို မပေးလိုပါဘုရား”ဟု လျှောက်ထား၍ ထို့အတူပင် မြတ်စွာဘုရားရှင်က ပယ်မြစ်အပ်ရကား ဆိတ်ဆိတ်သာ နေလေ၏။
အထူးအားဖြင့် ထိုကောသမ္ဗီရဟန်းတို့ သာဝတ္ထိပြည်သို့ ရောက်လာကြသောအခါ မြတ်စွာဘုရားရှင်သည် ထိုကောသမ္ဗီရဟန်းတို့အား ကျောင်းတိုက်အစွန်အဖျား၌ ဆိတ်ငြိမ်အောင်ပြုစေ၍ နေရာထိုင်ခင်း ပေးစေတော်မူလေသည်။ အခြားသော ရဟန်းတို့သည် ထိုကောသမ္ဗီရဟန်းတို့နှင့် အတူတကွ တပေါင်းတည်း မထိုင်ကြ မရပ်ကြရုံသာမက လာတိုင်းလာတိုင်းသော လဇ္ဇီရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ခိုက်ရန်ငြင်းခုံမှု ပြုကြသည့် ထိုကောသမ္ဗီရဟန်းတို့ဟူသည်မှာ အဘယ်သူများပါနည်းဘုရား”ဟု မေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် “ဤသူတို့ပင်တည်း”ဟု ညွှန်ပြတော်မူလေသည်။
“ထိုခိုက်ရန်ငြင်းပွါး ဘုရားစကားကို နားမထောင်ကြသည့် ထိုကောသမ္ဗီရဟန်းတို့ ဟူသည်မှာ ဤသူတွေတဲ့၊ ထိုခိုက်ရန်ငြင်းပွါး ဘုရားစကားကို နားမထောင်ကြသည့် ကောသမ္ဗီရဟန်းတို့ ဟူသည်မှာ ဤသူတွေတဲ့”ဟု လာတိုင်း လာတိုင်းသော လဇ္ဇီရဟန်းကောင်းတို့က လက်ညှိုးညွှန်ပြ ပြောဆိုအပ်ကြကုန်သဖြင့် ထိုကောသမ္ဗီရဟန်းတို့သည် ရှက်နိုးလှ၍ ဦးခေါင်းမထောင်ဝံ့ကြကုန်ပဲ မြတ်စွာဘုရားရှင်၏ ခြေတော်ရင်း၌ ဝပ်စင်းကြကုန်လျက် မြတ်စွာဘုရားရှင်ကို သည်းခံတော်မူပါရန်အကြောင်း လျှောက်ထားတောင်းပန်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-
“ရဟန်းတို့.. သင်တို့သည် ငါကဲ့သို့သော သဗ္ဗညုမြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းပြုကြပြီးလျှင် ငါ ဘုရားကိုယ်တိုင်က ညီညွတ်အောင် ပြုပါသော်လည်း ငါဘုရား၏စကားကို မလိုက်နာကြသည်မှာ ကြီးလေးသောအမှုကို ပြုမှားခဲ့ကြလေပြီ။
ရှေး ပညာရှိသူတော်ကောင်း ဘုရားလောင်းတို့သည်ကား အသတ်ခံအံ့ဆဲဆဲဖြစ်ကြသည့် မိဖတို့၏ အဆုံးအမ ဩဝါဒစကားကို ကြားနာကြရ၍ ထိုမိဖတို့ကို သတ်အပ်ကုန်သော်လည်း ထိုမိဖတို့၏ အဆုံးအမဩဝါဒစကားကို မလွန်ဆန်မူ၍ နောက်အခါဝယ် တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို ပြုကြရလေကုန်ပြီ”
ဟု မိန့်တော်မူ၍ တဖန် ကောသမ္ဗကဇာတ် (=ဒီဃာဝုဝတ္ထု)ကို အကျယ်တဝင့် ဟောတော်မူပြီးလျှင်-
“ရဟန်းတို့.. ဤသို့လျှင် ဒီဃာဝုမင်းသား ဘုရားအလောင်းသည် မိဖတို့ကို သတ်အပ်ကုန်သော်လည်း ထိုမိဖတို့၏ အဆုံးအမ ဩဝါဒကို မလွန်ဆန်မူ၍ နောက်အခါဝယ် ဗြဟ္မဒတ်မင်း၏သမီးတော်ကိုပါ ရရှိကာ ကာသိတိုင်း ကောသလတိုင်း တည်းဟူသော တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို ပြုခဲ့ရလေပြီ၊ ငါဘုရား၏စကားကို
မလိုက်နာကြသော သင်ချစ်သားတို့သည်ကား ကြီးလေးသော အပြစ်မှုကို ပြုမှားအပ်ခဲ့လေပြီ”-
ဟု မိန့်တော်မူ၍-
ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ဧတ္ထ = ဤပရိသတ်များကြွယ် သံဃာ့အလယ်၌။ ပရေ စ = ပညာခေါင်းပါး ခိုက်ရန်မှုပြုကြသည့် ရဟန်းများတို့သည်။ “မယံ = ငါတို့သည်။ ယမာမသေ = သေမင်းထံပါး အချိန်တိုင်းသွား၍ နေရကုန်၏”ဟု။ န ဝိဇာနန္တိ = ပညာမျက်စိ ပိတ်မရှိ၍ မသိမြင်ကြကုန်။ တတ္ထ = ထိုပရိသတ်များကြွယ် သံဃာ့အလယ်၌။ ယေ စ = အကြင်ဉာဏ်ရည်တောက်လျှမ်း ပညာရှိရဟန်းတို့သည်ကား။ ဝိဇာနန္တိ = သေမင်းထံပါး ငါတို့သည် အချိန်တိုင်းသွား၍ နေရကုန်၏ဟု ပိုင်းခြား ထင်ထင် မရဏဿတိဝင်၍ သိမြင်ကြကုန်၏။ တတော = ထိုသို့ သိမြင်ခြင်းကြောင့်။ မေဓဂါ = ခိုက်ရန်အတင်း ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ = သမ္မာပဋိပတ် ကျင့်ကြံလတ်သဖြင့် ကင်းပြတ် ချုပ်ငြိမ်းကြလေကုန်၏”–
ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာနိဂုံး ဆုံးသောအခါ၌ ထိုနေရာသို့ ရောက်လာကြသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကြလေကုန်သတည်း။
မြတ်စွာဘုရားရှင်သည် ဤသို့အစရှိသော များစွာသော တရားဒေသနာဖြင့် (ပလလဲတော၌ ဝါကျွတ်တော်မူသည်မှစ၍ တဆယ့်တဝါမဆိုမီ ကာလပတ်လုံး) လူနတ်ဗြဟ္မာ သတ္တဝါတို့ကို ကယ်ချွတ်တော်မူ၏။
ဤတွင် အခဏ်း ၂၈-ပြီး၏။
**********