ဓမ္မလမ်း
← ပုက္ကုသာတိ မင်းနှင့် အခြားသူများ

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၄၊ အခဏ်း-၃၆၊ စာမျက်နှာ ၅၅၈–၆၀၅

အရှင်ပုက္ကုသာတိ အနာဂါမ်အရိယာဖြစ်ခြင်း

ဤသို့ မြတ်စွာဘုရားရှင်က မာတိကာဥဒ္ဒေသပါ စကားဝါကျ တစုစီ တစုစီကို အကျယ်နိဒ္ဒေသ ဖွင့်ပြ ဟောကြားတော်မူလေရာ “ဝိပဿနာပညာကို မမေ့ရာ”ဟူသော အကျဉ်းဥဒ္ဒေသ မာတိကာ စကားရပ်၏ အကျယ်နိဒ္ဒေသကို အရဟတ္တဖိုလ်ပညာ အထွတ်တပ်၍ ဟောကြားတော်မူအပ်သောအခါ အရှင်ပုက္ကုသာတိသည် မိမိ၏ ရှေးကောင်းမှု ဥပနိဿယ ရှိသည့်အလျောက် အောက်ဖိုလ်သုံးပါးသို့ ရောက်ရှိကာ အနာဂါမ်အရိယာ ဖြစ်လေ၏။

ဥပမာအားဖြင့် ပြည့်ရှင်မင်းကြီးသည် စားတော်ရွှေခွက်ဖြင့် အထူးထူးသော အရသာရှိသည့် ဘောဇဉ်ကို စားနေစဉ် မိမိ၏ ခံတွင်းပမာဏအတိုင်း ထမင်းလုပ်ကို ပြုလုပ်၍ ရင်ခွင်၌ ထိုင်နေသော မင်းသားငယ်က ထမင်းလုပ်ကို စားလိုသော အမူအရာကို ပြလတ်သော် ထိုမိမိစားရန် ပြုလုပ်ထားသည့် ထမင်းလုပ်ကို မင်းသားငယ်သို့ ခွံ့ပေးလေရာ၏၊ မင်းသားငယ်သည် မိမိခံတွင်းပမာဏ ရှိသလောက်သာလျှင် ထမင်းလုပ်ကို စားသုံးလေရာ၏။ ကျန်သော ထမင်းဘောဇဉ်ကို မင်းကြီးသည် ကိုယ်တိုင်သော်မူလည်း စားသုံးလေရာ၏၊ စားတော် ရွှေခွက်၌သော်လည်း တဖန်ပြန်၍ ထည့်လေရာ၏။ ဤဥပမာအတူပင် တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ ရွှေဉာဏ်ခံတွင်းတော် ပမာဏအတိုင်း အရဟတ္တဖိုလ် အထွတ်တပ်လျက် တရားဒေသနာကို ဟောကြားတော်မူ၏။ (=ဒေသနာထမင်းလုပ် ပြုလုပ်ခွံ့ပေးတော်မူ၏)။ အရှင်ပုက္ကုသာတိ အမျိုးကောင်းသား တည်းဟူသော မင်းသားငယ်သည် မိမိ၏ ရှေးကောင်းမှု = ဥပနိဿယ ခံတွင်းပမာဏအတိုင်း တရားဒေသနာ ထမင်းလုပ်၏ လေးပုံသုံးပုံ ပမာဏဖြစ်သည့် အောက်ဖိုလ်သုံးပါးတို့သို့ ဆိုက်ရောက်ကာ အနာဂါမ်အရိယာ ဖြစ်လေ၏။

အထူးအားဖြင့် အနာဂါမိဖိုလ်သို့ မရောက်မီ (အရိယာမဖြစ်မီ) ရှေ့ပိုင်းအချိန်၌ ခန္ဓာဟူ၍, အာယတနဟူ၍, ဓာတ်ဟူ၍, ဖဿာယတနဟူ၍ ဤသို့စသည်ဖြင့် တရားဓမ္မ ဟောပြသည်ကို

စာ ၅၉၅

နာယူနေစဉ် ပုက္ကုသာတိ အမျိုးကောင်းသား၏ စိတ်သန္တာန်ဝယ် တရားသဘောပေါ်၌ ယုံမှားမှု သံသယ လုံးဝမရှိချေ၊ သာမန် ရဟန်းတပါးအသွင်ဖြင့် ဟောပြနေသည့် မြတ်စွာဘုရားရှင် အပေါ်၌သာလျှင် “မြတ်စွာဘုရားတို့သည် အချို့အချို့သော အရပ်ဌာနတို့၌ မထင်ရှားသောအသွင်ဖြင့် လှည့်လည်တတ်ကုန်၏။ ဤယခု တရားဟောနေသော ပုဂ္ဂိုလ်သူမြတ်မှာ မြတ်စွာဘုရားပင် ဖြစ်နေမည်လော”ဟု ယုံမှားသံသယ ဖြစ်ရှိလေသည်။ အနာဂါမိဖိုလ်သို့ရောက်သော ယခုအခါ၌ကား “ဤယခု တရားဟောသော အရှင်မြတ်ကား ငါ၏ဆရာ မြတ်စွာဘုရားပေတည်း”ဟု သံသယကင်းပြတ် ဆုံးဖြတ်ချက် ချမှတ်လေ၏။

ယင်းသို့ဖြစ်လျှင် (ဘုရားမှန်း မသိမီက) “ငါ့ရှင်ဟူ၍ ပြောမှားခဲ့သော အပြစ်ကို အဘယ့်ကြောင့် ယခု ဝန်မချ မတောင်းပန်သနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ယင်းသို့ ဝန်ချတောင်းပန်ရန် အခါအခွင့်ကို မရသေးသောကြောင့် ဝန်မချ မတောင်းပန်သေး။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ် ချထားအပ်သည့် တရားမာတိကာစဉ်အတိုင်း တရားအယဉ် မပြတ်အောင် ကောင်းကင်မြစ်ကြီး ယိုစီးသည့်ပမာ တရားဒေသနာကို ဟောကြားတော်မူမြဲ ဟောကြားနေတော်မူ၏၊ သို့ရကား ထိုအချိန်၌ ဝန်ချတောင်းပန်ရန် အခွင့်မရသောကြောင့် ဝန်မချ မတောင်းပန်သေးပဲ ရှိနေရသည်။

အရှင်ပုက္ကုသာတိ ရဟန်းအဖြစ်ကို တောင်းပန်ခြင်း

မြတ်စွာဘုရားရှင် မာတိကာပုဒ်စဉ်အတိုင်း အကျယ်ဝိတ္တာရတရားဟော၍ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အရှင်ပုက္ကုသာတိနှင့် မြတ်စွာဘုရားရှင်တို့ အပြန်အလှန် လျှောက်ထား မိန့်ဆိုတော်မူကြပုံ အစဉ်မှာ-

(အရှင်ပုက္ကုသာတိ) “လူနတ်တို့ဆရာ မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာချေပြီတကား၊ ကောင်းမြတ်သည့် တရားစကားကို

စာ ၅၉၆

မိန့်ကြားတော်မူသော မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာ ချေပြီတကား၊ ခပ်သိမ်းသောတရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရားရှင်သည် ငါ၏ထံသို့ မဟာကရုဏာပံ့ထောက် ကြွရောက်တော်မူလာချေပြီတကား”(ဟု အားရဝမ်းသာ ပြောဆိုပြီးလျှင် နေရာမှထ၍ လက်ဝဲပခုံးစွန်း၌ သင်္ကန်းကိုတင်လျက် မြတ်စွာဘုရားရှင်၏ ခြေတော်တို့၌ ဦးတိုက်ပြီးလျှင်) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မိုက်မဲတွေဝေ မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါပြီ၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့ရှင်ဟူ၍ ခေါ်ဝေါ်ပြောဆိုမှုဖြင့် ခေါ်ဝေါ်ပြောဆိုထိုက်၏ဟု မှတ်ထင်မိခဲ့ပါသည်၊ (မှတ်ထင်သည့်အတိုင်းလည်း ခေါ်မှား ပြောမှား ဖြစ်ခဲ့ပါသည်)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် ထိုအကျွန်ုပ်၏အပြစ်ကို နောက်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါဘုရား..။

(ဗုဒ္ဓ) ရဟန်း.. စင်စစ် = တကယ်ပင် မိုက်မဲတွေဝေ, မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို လွှမ်းမိုးခဲ့ပြီ။ သင်သည် ငါဘုရားကို ငါ့ရှင်ဟူ၍ ခေါ်ဝေါ်ပြောဆိုမှုဖြင့် ခေါ်ဝေါ်ပြောဆိုထိုက်၏ဟု မှတ်ထင်မိခဲ့၏။ (မှတ်ထင်သည့်အတိုင်းလည်း ခေါ်မှား ပြောမှား ဖြစ်ခဲ့၏) ရဟန်း.. သင်သည် အပြစ်ကို အပြစ်ဟု ရှု၍ အပြစ်အားလျော်စွာ ကုသသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့သည် သည်းခံကုန်၏၊ ရဟန်း.. အကြင်သူသည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏။ နောက်အခါ စောင့်စည်း၏၊ ဤကုစားခြင်း, စောင့်စည်းခြင်းသည် ငါဘုရား၏ အဆုံးအမ = သာသနာ၌ ကြီးပွါးခြင်းပင်တည်း။

စာ ၅၉၇

(အရှင်ပုက္ကုသာတိ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရဟန်းအဖြစ်ကို ရပါရစေ။

(ဗုဒ္ဓ) ရဟန်း.. သင်၏ (ကိုယ်ပိုင်) သပိတ် သင်္ကန်း ပြည့်စုံပြီလော။

(အရှင်ပုက္ကုသာတိ) ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်၏ (ကိုယ်ပိုင်) သပိတ် သင်္ကန်း မပြည့်စုံသေးပါ။

(ဗုဒ္ဓ) ရဟန်း.. မြတ်စွာဘုရားတို့သည် သပိတ် သင်္ကန်း မပြည့်စုံသောသူကို ရဟန်းပြုမပေးကြကုန်။

ထို့နောက် အရှင်ပုက္ကုသာတိသည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်ကာ (သာဓုအနုမောဒနာ ပြုပြီးလျှင်) နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုး အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာဖို့ရန် ဖဲသွားလေ၏။

(ဤ၌ အထူးမှတ်ရန်မှာ- “ပုက္ကုသာတိ အမျိုးကောင်းသားအဖို့ ဧဟိဘိက္ခုရဟန်းများ ရရှိသည့် ဣဒ္ဓိမယ သပိတ်သင်္ကန်းကို အဘယ့်ကြောင့် မရသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ရှေးက ပရိက္ခရာရှစ်ပါး မလှူဘူးသောကြောင့်ဟု ဖြေဆိုကြ၏။ (ထိုအဖြေကို အဋ္ဌကထာဆရာ လက်ခံတော်မမူ)။ မှန်၏- ပုက္ကုသာတိ အမျိုးကောင်းသားသည် အလှူဒါန ပေးခဲ့ဘူးသူ အဘိနီဟာရ ဆုတောင်းနှင့် ပြည့်စုံသူ ဖြစ်ရကား “ပရိက္ခရာရှစ်ပါး မလှူဘူးသောကြောင့်”ဟု မဆိုသင့်။ စင်စစ်သော်ကား ဣဒ္ဓိမယ သပိတ်သင်္ကန်းသည် ပစ္ဆိမဘဝိကသားများအားသာ ဖြစ်ရှိ၏၊ ဤပုက္ကုသာတိ အမျိုးကောင်းသားကား တဖန် ပဋိသန္ဓေ တည်နေရဦးမည့်သူ ဖြစ်ချေသည်။ ထို့ကြောင့် ဣဒ္ဓိမယ သပိတ်သင်္ကန်းများ မဖြစ်ချေ၊ (ဤကား အဖြေတည်း)။

“ထိုသို့ဖြစ်လျှင် မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ရှာတော်မူ၍ အဘယ့်ကြောင့် ရဟန်းပြုမပေးသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ရဟန်းပြုပေးရန် အခါအခွင့်ပင် မရှိတော့သောကြောင့် ရဟန်းပြုမပေး။ မှန်၏- ထိုအချိန်မှာ ပုက္ကုသာတိ

စာ ၅၉၈

အမျိုးကောင်းသား၏ အသက် = အာယုသင်္ခါရကား ကုန်နေလေပြီ၊ သုဒ္ဓါဝါသဘုံသား ဗြဟ္မာကြီးတယောက် အိုးထိန်းသည်တဲကုပ်သို့ ခေတ္တခဏ လာရောက် နေထိုင်သကဲ့သို့ ရှိလေသည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ရှာတော်မမူချေ။ (ဤကား အဖြေတည်း)။

ပုက္ကုသာတိ အမျိုးကောင်းသား သပိတ်သင်္ကန်း ရှာမှီးရန် ဖဲသွားသည့်အချိန်မှာ အရုဏ်တက်ပြီးစ အချိန်ဖြစ်သည်။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်၏ တရားဒေသနာ ပြီးဆုံးခြင်း, အရုဏ်တက်ခြင်း, ရောင်ခြည်တော် ခြောက်သွယ် လွှတ်ခြင်းတို့သည် တပြိုင်နက် ဖြစ်ကုန်၏။

မြတ်စွာဘုရားရှင်သည် တရားဒေသနာပြီးဆုံးလျှင်ပင် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်တော်မူလေသည်၊ အိုးထိန်းသည်တဲကုပ် တခုလုံးသည် ထိန်ထိန်လင်းလျက် ရှိ၏။ ရောင်ခြည်တော် ခြောက်သွယ်တို့သည် အပေါင်းလိုက် အစုလိုက် ဖြစ်ကြကာ ပြေးသွားကြကုန်လျက် အရပ်မျက်နှာ အလုံးစုံတို့ကို ရွှေလွှာပုဆိုးဖြင့် ဖုံးမိုးလွှမ်းအုပ်အပ်ကုန်သကဲ့သို့၎င်း, အထူးထူးသော အဆင်းရှိသည့် ပန်းပေါင်းရတနာ အပေါင်းတို့ဖြင့် တောက်ပြောင်ကုန်ဘိသကဲ့သို့၎င်း ပြုလေကုန်၏။ မြတ်စွာဘုရားရှင်သည် “မြို့သူမြို့သား လူအများတို့သည် ဘုရားကို မြင်ကြစေကုန်သတည်း”ဟူ၍ အဓိဋ္ဌာန်တော်မူလေသည်။ ယင်းသို့ အဓိဋ္ဌာန်တော်မူချက်အရ မြို့သူမြို့သား လူအများတို့သည် မြတ်စွာဘုရားရှင်ကို မြင်ကြလျှင်ပင် “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီတဲ့။ အိုးထိန်းသည် တဲကုပ်၌ ထိုင်နေတော်မူသတဲ့”ဟု အချင်းချင်း ပြောကြားကြပြီးလျှင် ဗိမ္ဗိသာရမင်းတရားအား ထိုအကြောင်းကို လျှောက်ထားကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီး လာရောက်၍ ပူဇော်ပသခြင်း

ဗိမ္ဗိသာရမင်းကြီးသည် မြို့သူမြို့သားတို့ လျှောက်ထားချက်အရ အိုးထိန်းသည်တဲကုပ်သို့ ထွက်ကြွလာပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးသော် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား..

စာ ၅၉၉

အဘယ်အချိန်က ဤအိုးထိန်းသည်တဲကုပ်သို့ ကြွတော်မူလာပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ယမန်နေ့ နေဝင်စအချိန်က ကြွလာပေ၏”ဟု ဖြေကြားတော်မူလေလျှင် မင်းကြီးက တဖန် “အဘယ်အလုပ်ကိစ္စဖြင့် ကြွလာတော်မူပါသနည်းဘုရား..”ဟု လျှောက်ထား မေးမြန်းပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“မြတ်သောမင်းကြီး.. သင်မင်းကြီးတို့၏ မိတ်ဆွေရင်း ပုက္ကုသာတိမင်းသည် သင်မင်းကြီးတို့ ပို့သအပ်သော လက်ဆောင်တော် သဝဏ်လွှာကို ဖတ်ရှုနာကြားရ၍ လူ့ဘောင်မှထွက်ကာ ရဟန်းပြုပြီးလျှင် ငါဘုရားကို ရည်ညွှန်း၍ လာလတ်သည်တွင် သာဝတ္ထိပြည်ကို ကျော်လွန်၍ လေးဆယ့်ငါးယူဇနာတို့တိုင်တိုင် ခရီးအပိုလာခဲ့၍ ဤအိုးထိန်းသည်တဲကုပ်အတွင်း ဝင်၍ နေထိုင်လေသည်။

ငါဘုရားသည် ထိုပုက္ကုသာတိမင်းအား ချီးမြှောက်ရန် ခြေလျင်လာရောက်၍ တရားစကား ဟောကြားခဲ့လေပြီ။ ပုက္ကုသာတိ အမျိုးကောင်းသားသည် ယခုအခါ အောက်ဖြစ်သော အရိယဖိုလ်သုံးပါးတို့သို့ ဆိုက်ရောက်ကာ အနာဂါမ်အရိယာ ဖြစ်လေပြီ”-

ဟု မိန့်တော်မူလေ၏။ မင်းကြီးက အံ့အားသင့်စွာဖြင့် “မြတ်စွာဘုရား.. ယခုအခါ တပည့်တော်၏ မဟာမိတ်ရင်း ပုက္ကုသာတိမင်းသည် အဘယ်အရပ်၌နည်း”ဟူ၍ မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ပုက္ကုသာတိမင်းသည် ငါဘုရားကို ရဟန်းပြုပေးရန် လျှောက်ထား တောင်းပန်၍ သပိတ်သက်န်း မပြည့်စုံသေးသည့်အတွက် သပိတ်သင်္ကန်း ရှာမှီးဖို့ရန် သွားလေပြီ”ဟု ပြန်လည် ဖြေကြားတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ပုက္ကုသာတိ အမျိုးကောင်းသား သပိတ်သင်္ကန်း အရှာသွားရာ အရပ်မျက်နှာဖက်သို့ ချက်ခြင်းပင် အလျင်တဆော လိုက်ပါသွားလေ၏။ မြတ်စွာဘုရားရှင်သည်လည်း ကောင်းကင်ခရီးဖြင့်

စာ ၆၀၀

ပြန်ကြွတော်မူကာ ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်၌ ထင်ရှားဖြစ်တော်မူလေပြီ။

ပုက္ကုသာတိမင်း စုတေ၍ အဝိဟာဗြဟ္မာ့ဘုံ၌ ဖြစ်ခြင်း

ပုက္ကုသာတိ အမျိုးကောင်းသားသည်လည်း သပိတ်သင်္ကန်းကို ရှာမှီးလတ်သည်ရှိသော် မဟာမိတ်ရင်း ဗိမ္ဗိသာရမင်းထံသို့လည်း မသွား၊ တက္ကသိုလ်မှ လာရောက်ကြသည့် ကုန်သည်များထံသို့လည်း မသွားချေ။ သူ၏ စိတ်သန္တာန်ဝယ် “ကြက်ကဲ့သို့ ထိုထိုအရပ်၌ နှစ်သက်ဖွယ် ကောင်း,မကောင်းကို ရွေးချယ်စိစစ်၍ သပိတ်သင်္ကန်းကို ရှာမှီးဖို့ရန် ငါ့အဖို့ရာ မသင့်လျော်ချေ။ မြို့ကြီးကို ရှောင်ကြဉ်၍ ရေဆိပ်, သုသာန်, အမှိုက်ပုံ, လမ်းသွယ်လမ်းကြားတို့၌ ငါရှာပေအံ့”ဟု ပံသုကူစစ်စစ် ရှာမှီးလိုသော အကြံဖြစ်၍ လမ်းအကြား အမှိုက်ပုံတို့၌ ပံသုကူအဝတ်ကြမ်းကို ရှာမှီးရန် အားထုတ်လေ၏။

အမှိုက်ပုံတခု၌ ပံသုကူအဝတ်ကြမ်းကို စူးစမ်းရှာဖွေ ကြည့်ရှုနေသော ပုက္ကုသာတိ အမျိုးကောင်းသားကို (အတိတ်ဘဝ ရန်သူဘီလူးမ ပူးဝင်အပ်သည့်) စိတ်ဖောက်ပြန်နေသော သားသည်အမိ နွားမတကောင်သည် အနီးသို့ ပြေးကပ်လာ၍ ဦးချိုဖြင့်ဝှေ့၍ သတ်လေတော့၏။ ပုက္ကုသာတိ အမျိုးကောင်းသားသည် ဆာလောင်မွတ်သိပ်ခြင်း ပြင်းစွာ နှိပ်စက်အပ်၍ အားအင်ဗလ အလွန်နည်းပါးနေရကား ကောင်းကင်မှာပင် အသက်ပျောက်ကာ မြေပြင်သို့ ကျရောက်လာသော် အမှိုက်ပုံပေါ်၌ မှောက်လျက်ထားအပ်သော ရွှေစင်ရုပ်တုပမာ ဖြစ်ရှာလေတော့၏။ စုတိပြတ်ကြွေ သေလွန်ပြီးလတ်သော် အဝိဟာဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။ ဖြစ်ပြီးလျှင်ပင် ကာလမကြာမီ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာဗြဟ္မာကြီး ဖြစ်လေ၏။

အဝိဟာ ဗြဟ္မာ့ဘုံ၌ ဥပပတ် ပဋိသန္ဓေ တည်နေပြီးစမှာပင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်ကြသော ပုဂ္ဂိုလ်တို့မှာ (၁) ဥပက, (၂) ပလဂဏ္ဍ, (၃) ပုက္ကုသာတိ, (၄) ဘဒ္ဒိယ, (၅) ခဏ္ဍဒေ၀,

စာ ၆၀၁

(၆) ဗာဟုရဂ္ဂိ, (၇) သိင်္ဂိယဟူ၍ = ခုနစ်ဦးရှိကြောင်း သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် အာဒိတ္တဝဂ် ၁၀-ခုမြောက်သုတ်နှင့် နာနာတိတ္ထိယဝဂ် ၄-ခုမြောက်သုတ်တို့၌ ဟောကြားအပ်လေပြီ။

ဗိမ္ဗိသာရမင်းတရားသည်လည်း “ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းသည် ပို့သအပ်သည့် လက်ဆောင်တော် သဝဏ်လွှာကို ဖတ်ကြား၍ လက်သို့ရောက်ပြီးသော မင်းစည်းစိမ်ကို ပယ်စွန့်ပြီးလျှင် ဤမျှ အဓွန့်ရှည်လျားသော ခရီးကို ပင်ပန်းကြီးစွာ လာရှာခဲ့လေပြီ၊ အမျိုးကောင်းသားသည် လူသာမန်တို့ ပြုနိုင်ခဲသောအမှုကို ပြုရှာပေ၏။ ထိုငါ့သူငယ်ချင်း ပုက္ကုသာတိမင်းကို ရဟန်းတို့အား ပူဇော်သောနည်းဖြင့် ငါပူဇော်ပေအံ့”ဟု ကြံစည်ပြီးလျှင် “ငါ့သူငယ်ချင်း ပုက္ကုသာတိမင်းကို တွေ့အောင်ရှာကြလော့”ဟု မင်းချင်းယောက်ျားများကို မြို့တော်ဝန်းကျင်အနှံ့ အရှာအဖွေ စေလွှတ်တော်မူလေ၏။ စေလွှတ်အပ်သော မင်းချင်း ယောက်ျားတို့သည် အမှိုက်ပုံပေါ်၌ ရွှေစင်ရုပ်တုအလား မှောက်လျက်သား စုတေနေသော ပုက္ကုသာတိမင်းကို တွေ့မြင်ကြရ၍ ပြန်လာပြီးလျှင် ဗိမ္ဗိသာရမင်းကြီးအား ထိုအကြောင်းကို ပြန်ကြား လျှောက်ထားကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီးသည် ထိုအရပ်သို့ သွားရောက်၍ ပုက္ကုသာတိ အမျိုးကောင်းသားကို တွေ့မြင်ရလျှင် “အချင်းတို့.. ငါတို့သည် မဟာမိတ်ရင်း သူငယ်ချင်းအား အသက်ရှင်စဉ်ကာလဝယ် ပူဇော်သက္ကာရမှု ပြုခွင့်ကို မရခဲ့ကြချေ၊ သူငယ်ချင်း ပုက္ကုသာတိမင်းသည် ခိုကိုးရာမဲ့ ဖြစ်ခဲ့ချေပြီတကား”ဟု ပြောဆို ငိုကြွေးမြည်တမ်း၍ ပုက္ကုသာတိ အမျိုးကောင်းသား၏ ဥတုဇရုပ်ကလာပ်ကို ညောင်စောင်းငယ်ဖြင့် တင်ယူစေပြီးနောက် သင့်လျောက်ပတ်ရာအရပ်၌ ထားရှိပြီးလျှင် ရဟန်းပဉ္စင်းဖြစ်သူအား ပူဇော်သက္ကာရမှု ပြုလုပ်ရန် မသိသောကြောင့် ရေချိုးသမား ဆေတ္တာသည် အစရှိသောသူများကို ခေါ်စေ၍ အမျိုးကောင်းသားကို ရေမိုးချိုးပေးစေပြီးနောက် အဝတ်ဖြူစင်ကြယ်ကို ဝတ်စေလျက် မင်း၏အသွင်ဖြင့် တန်ဆာဆင်စေပြီးလျှင်

စာ ၆၀၂

ရွှေထမ်းစင်ထက်သို့ တင်စေ၍ အလုံးစုံသော တူရိယာမျိုး နံ့သာပန်း အမျိုးမျိုးတို့ဖြင့် ပူဇော်လျက် မြို့ပြင်သို့ ထုတ်ဆောင်ပြီးလျှင် နံ့သာထင်း များစွာတို့ဖြင့် ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုပြီးနောက် အရိုးဓာတ်များကို ယူဆောင်၍ စေတီတည်ထားစေလေ၏။

ထို့နောက် သာဝတ္ထိပြည်၌ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက် ဝပ်လျှိုး ရှိခိုးကြကာ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြလျက် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ပုက္ကုသာတိ အမျိုးကောင်းသားကို ရှင်ပင်ဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူအပ်ခဲ့ပါပြီ၊ ထိုပုက္ကုသာတိ အမျိုးကောင်းသားသည် ယခုအခါ သေရှာလေပြီ၊ ထို အမျိုးကောင်းသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝသည်ကား အဘယ်ပါနည်း”ဟု လျှောက်ထားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ပုက္ကုသာတိ အမျိုးကောင်းသားသည် ပညာရှိသူတယောက် ဖြစ်ပေ၏၊ လောကုတ္တရာတရားအားလျော်သော အကျင့် (=ဝိပဿနာ)ကို ကျင့်ရှာလေပြီ၊ ငါဘုရားကိုလည်း တရားဟူသော အကြောင်းကြောင့် မပင်ပန်းစေခဲ့၊ ရဟန်းတို့.. ပုက္ကုသာတိ အမျိုးကောင်းသားသည် အောက်ကာမဘုံသို့ ဆွဲဆောင်တတ်သည့် = ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အဝိဟာဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေ ကပ်ရောက်နေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန် ပြုပေလိမ့်မည်။ ထိုအဝိဟာဘုံမှ (အောက်ကာမဘုံသို့) တဖန် ပြန်လည်ခြင်း သဘောမရှိ”ဟု မိန့်တော်မူ၏။

ဤကား ပုက္ကုသာတိမင်းကြီးအကြောင်းတည်း။

**********

စာ ၆၀၃

(ရာဟု)အသူရိန် နတ်မင်းကြီးသည် ဘုရားမျက်နှာတော်ကို မော့၍ဖူးရကြောင်း

(ဒီ-ဋ္ဌ၊ ၁၊ မျက်နှာ ၂၅၄-မှ)

ရာဟု-မည်သော အသူရိန်နတ်မင်းသည် ယူဇနာပေါင်း (၄၈ဝဝ) လေးထောင့်ရှစ်ရာ အရပ်အမြင့် ရှိလေသည်။ ထိုရာဟု အသူရိန်နတ်မင်း၏ လက်ရုံးနှစ်ခုအကြားသည် ယူဇနာ(၁၂၀၀) တထောင့်နှစ်ရာရှိ၏၊ ကိုယ်လုံးကိုယ်ပေါက် ရှေ့နောက် အထုအားဖြင့် ယူဇနာ (၆၀၀) ခြောက်ရာရှိ၏၊ လက်ဖဝါးပြင် ခြေဖဝါးပြင်တို့သည် အပြန့်အကျယ်အားဖြင့် ယူဇနာ (၃ဝဝ)သုံးရာ ရှိကုန်၏။ လက်တဆစ် တဆစ်လျှင် ယူဇနာငါးဆယ် ငါးဆယ် ရှည်၏။ မျက်မှောင်နှစ်ဖက် (=မျက်ခုန်းနှစ်ခု) အကြားသည် ယူဇနာငါးဆယ်ရှိ၏။ ခံတွင်းသည် အပြန့်အားဖြင့် ယူဇနာ (၂၀၀)နှစ်ရာရှိလျက် ယူဇနာသုံးရာ နက်ပြီးလျှင် အဝန်းအဝိုင်းအားဖြင့် ယူဇနာ (၃၀၀) သုံးရာရှိ၏၊ လည်ပင်းသည် ယူဇနာ (၃၀၀) သုံးရာရှိ၏၊ နဖူးပြင်သည် ယူဇနာ (၃၀၀) သုံးရာ ကျယ်ပြန့်၏။ ဦးခေါင်းသည် ယူဇနာ (၉၀၀) ကိုးရာရှိ၏။

ထိုရာဟု အသူရိန်နတ်မင်းသည် “ငါကား အရပ် အလွန်မြင့်သူ ဖြစ်လေသည်။ မြတ်စွာဘုရားရှင်ကို ငုံ့၍ဖူးမြော်ခြင်းငှါ စွမ်းနိုင်လိမ့်မည်မဟုတ်”ဟု ကြံစည်၍ ဘုရားထံသို့ မလာရောက်ပဲ နေလေ၏။ တနေ့သ၌ကား ရာဟုအသူရိန် နတ်မင်းသည် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရ၍ တစုံတခုသော အခြင်းအရာ (=ဖြစ်နိုင်သည့်နည်း)ဖြင့် ငါသည် မြတ်စွာဘုရားကို ဖူးမြော်အံ့ဟု ကြံစည်၍ ဘုရားဖူး လာရောက်လေသည်။

ထိုအခါ မြတ်စွာဘုရားရှင်သည် ရာဟုအသူရိန်နတ်မင်း၏ စိတ်နှလုံးအလိုအကြံကို သိမြင်တော်မူ၍ “ဣရိယာပုထ် လေးပါးတို့တွင် အဘယ်ဣရိယာပုထ်ဖြင့် အဖူးမြော်ခံရမည်နည်း”ဟု ကြံစည်ဆင်ခြင်တော်မူ၍ “ရပ်တည်နေသောသူမည်သည် အရပ်နိမ့်သော်လည်း မြင့်သည်ဟု ထင်ရ၏။ လျောင်းလျက်သာလျှင် ထိုရာဟုအသူရိန် နတ်မင်းအား ကိုယ်တော်ကို ပြပေအံ့

စာ ၆၀၄

(=အဖူးအမြော်ခံပေအံ့)”ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးလျှင်“ချစ်သားအာနန္ဒာ.. ဂန္ဓကုဋီပရိဝုဏ် = ဂန္ဓကုဋီတိုက်တော်မှ အပြင်ဖက် ပရိဝုဏ်၌ ညောင်စောင်းငယ်ကို ခင်းလော့”ဟု မိန့်တော်မူ၍ ထိုညောင်စောင်းငယ်၌ ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်း၍ နေတော်မူနှင့်၏။

ရာဟုအသူရိန် နတ်မင်းသည် မြတ်စွာဘုရားအနီးသို့ လာရောက်၍ လျောင်းနေတော်မူသော မြတ်စွာဘုရားရှင်ကို လည်ပင်းကိုမော့၍ ကောင်းကင်အလယ်၌ လဝန်းကြီးကို ကြည့်ရှုရသကဲ့သို့ မြတ်စွာဘုရားရှင်၏ မျက်နှာတော်ကို မော့၍ ဖူးမြော်ရလေ၏။ မြတ်စွာဘုရားရှင်က “ရာဟုအသူရိန်နတ်မင်း.. ငါဘုရားထံ ဤကဲ့သို့ အချိန် အလွန်ကြာမြင့်မှ အဖူးမြော် ရောက်လာခြင်းသည် အကြောင်း အသို့ရှိသနည်း”ဟု မေးတော်မူလေလျှင် ရာဟုအသူရိန်နတ်မင်းသည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ‘ငါသည် ဘုရားကို ငုံ့၍ဖူးမြော်ခြင်းငှါ စွမ်းနိုင်လိမ့်မည်မဟုတ်’ဟု ကြံစည်စဉ်းစား အထင်မှားခဲ့သောကြောင့် မလာရောက်မိပါ” ဟု ပြန်ကြားလျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်က ရာဟုအသူရိန်နတ်မင်းကို “အသူရိန်နတ်မင်း.. ငါဘုရားသည် အောက်သို့ မျက်နှာမူလျက် (=လုံ့လဝီရိယကို လျှော့လျက်ဟု ဆိုလိုသည်) ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မဟုတ်၊ ဦးခေါင်းမော့လျက်သာလျှင် (=လုံ့လဝီရိယကို မလျှော့ပဲသာလျှင်) အလှူဒါနကို ပေးလှူအပ်ခဲ့လေပြီ”ဟု မိန့်တော်မူလေ၏။ ထိုနေ့၌ပင် ရာဟုအသူရိန်နတ်မင်းသည် သရဏဂုံ ခံယူလေ၏။

ဤကား ရာဟုအသူရိန်နတ်မင်းအကြောင်းတည်း။

**********

စာ ၆၀၅

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၄၊ စာ ၅၅၈)