ဓမ္မလမ်း
← ရဟန်းတော် ၅၀၀

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၃၊ အခဏ်း-၂၂၊ စာမျက်နှာ ၃၄၅–၄၁၃

ရဟန်းများ သောတာပန်ဖြစ်ကြခြင်း

ဒေသနာနိဂုံး ဆုံးလတ်သောအခါ သာကီဝင်မင်းသား ရဟန်းငါးရာလုံးပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ အထူးအားဖြင့် ထိုရဟန်းငါးရာတို့အား မဂ်ကိုရလိုက်သည်နှင့် တပြိုင်နက် မြေလျှိုးမိုးပျံ တန်ခိုးဈာန်သည်လည်း ရပြီး ရောက်ပြီး ဖြစ်လေတော့သည်။

ဤအရာ၌။ ။ပုထုဇန်ပုဂ္ဂိုလ်တို့မှာ လောကီ ဈာန်သမာပတ် အဘိညာဏ်များကို ကသိုဏ်းအစရှိသော သမထကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်မှသာလျှင် ရရှိနိုင်ကြလေသည်။

အရိယာပုဂ္ဂိုလ်တို့မှာကား အချို့သော အရိယာပုဂ္ဂိုလ်တို့မှာ အရိယမဂ်ဖိုလ်ကို ရပြီးမှ သမထကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သဖြင့် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရကြသည်လည်းရှိ၏။ ပုထုဇန်အခိုက်ကပင် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရခဲ့ပြီးဖြစ်၍ အရိယာဖြစ်ပြီးသောအခါ သမထကမ္မဋ္ဌာန်းကို အသစ်စီးဖြန်းမှု မပြုရတော့ပဲ ထိုပုထုဇန်အခိုက်က ရပြီးသော လောကီဈာန်သမာပတ်တို့ကို အလွယ်တကူပင် ဝင်စားနိုင်ကြသည်လည်းရှိ၏။

အချို့သော အရိယာပုဂ္ဂိုလ်တို့မှာ ပုထုဇန်အခိုက်ကလည်း လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို မရရှိခဲ့ကြပဲ

* ဤကုဏာလဇာတ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုမှ အကျယ်ထုတ်ယူ မှတ်သားကုန်ရာ၏။

စာ ၃၈၄

လောကုတ္တရာ အရိယာမဂ်ဖိုလ်သို့ ရောက်သည်နှင့် တပြိုင်နက် လောကီဈာန်သမာပတ် အဘိညာဏ်တို့ကို ရပြီး ရောက်ပြီးသား ဖြစ်ကြကာ အလိုရှိသောအချိန်မှာပင် အလွယ်တကူ ဝင်စား သုံးဆောင်တော်မူနိုင်ကြလေသည်။ ထိုကဲ့သို့သော ဈာန်သမာပတ် အဘိညာဏ်မျိုးကို “မဂ္ဂသိဒ္ဓဈာန်, မဂ္ဂသိဒ္ဓအဘိညာဏ်”ဟူ၍ ခေါ်၏။

ယခု သာကီဝင်မင်းသား ရဟန်းငါးရာတို့မှာလည်း ရှေးကောင်းမှု ကုသိုလ်ထူးရှိကြသူများ ဖြစ်သည်အားလျော်စွာ မဂ္ဂသိဒ္ဓဈာန်, မဂ္ဂသိဒ္ဓအဘိညာဏ်တို့ကို ရရှိသူများ ဖြစ်ကြသဖြင့် လောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ရဖို့ရန် သမထကမ္မဋ္ဌာန်းကို အထူးစီးဖြန်း အားထုတ်ရမှု မရှိတော့ပဲ “အလိုရှိသောအချိန်မှာပင်လျှင် ထိုလောကီ ဈာန်သမာပတ် အဘိညာဏ်တို့ကို ဝင်စား သုံးဆောင်တော်မူနိုင်ကြလေသည်။ (မဂ္ဂသိဒ္ဓဈာန် = အရိယမဂ်ဖြင့် ပြီးမြောက် ရရှိလာသော ဈာန်။ မဂ္ဂသိဒ္ဓအဘိညာဏ် = အရိယမဂ်ဖြင့် ပြီးမြောက် ရရှိလာသော အဘိညာဏ်)။]

မြတ်စွာဘုရားသည် “ဤရဟန်းငါးရာတို့အတွက် ဤသောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်လောက်ပင် ရှိစေဦးတော့”ဟု ကြံစည်တော်မူပြီးလျှင် ကောင်းကင်ခရီးဖြင့် မဟာဝုန်တောသို့ ပြန်ကြွတော်မူခဲ့လေ၏။ ထိုရဟန်းငါးရာတို့သည်လည်း အသွားတုန်းက မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ဖြင့် သွားကြ၍ ပြန်လာသောအခါ မိမိ မိမိတို့၏ တန်ခိုးအာနုဘော်ဖြင့် မြတ်စွာဘုရားကို ခြံရံကြလျက် ကောင်းကင်ခရီးဖြင့်ပင် ပြန်ကြွတော်မူခဲ့ကြ၍ မဟာဝုန်တောအတွင်းသို့ သက်ဆင်းတော်မူကြလေကုန်၏။

ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြ၍ (မဟာသမယ) ကြီးစွာသော အစည်းအဝေးကြီးဖြစ်ခြင်း

မြတ်စွာဘုရားရှင်သည် မဟာဝုန်တောအတွင်း ခင်ထားအပ်သော ဗုဒ္ဓါသန = ဘုရားနေရာတော်၌ ထိုင်နေတော်မူပြီးလျှင် ထိုရဟန်းငါးရာတို့ကို ခေါ်တော်မူ၍-

“ချစ်သားရဟန်းတို့.. လာကြကုန်၊ ထိုင်ကြကုန်လော့၊ သင်ချစ်သားတို့အား ငါဘုရားသည် အထက်မဂ်သုံးပါးဖြင့်

စာ ၃၈၅

ပယ်ရှား သတ်ဖြတ်အပ်သော ကိလေသာတို့ကို ပယ်စွန့်နိုင်ရန် ကမ္မဋ္ဌာန်းတရား ဟောကြားမည်”-

ဟု မိန့်တော်မူပြီးလျှင် ထိုရဟန်းတို့အား အထက်မဂ်ဖိုလ်ကို ရရှိရန် ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူလေ၏။ ရဟန်းငါးရာတို့သည်-

“မြတ်စွာဘုရားရှင်သည် ငါတို့၏ သာသနာတော်၌ မမွေ့လျော်ကြောင်းကို ကောင်းကောင်းကြီး သိတော်မူကာ ငါတို့ကို ကုဏာလအိုင်သို့ ခေါ်ဆောင်ပြီးလျှင် မမွေ့လျော်ခြင်းကို အလျှင်း ပယ်ဖျောက်ပေးရုံမျှမက ထိုအိုင်၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့ကြပြီးသော ငါတို့အား ယခုအခါ ဤမဟာဝုန်တောအရပ်၌ အထက်မဂ်သုံးပါးတို့အတွက် ကမ္မဋ္ဌာန်းတရားကို ဟောကြား ပေးသနားတော်မူ၏။ ငါတို့သည် ‘တို့တတွေကား သောတာပန် အရိယာများတည်း’ဟု ပေါ့ပေါ့တန်တန် အချိန်ကို ကုန်လွန်စေရန် မသင့်လျော်ကြချေ။ ငါတို့သည် ငါတို့၏ ရှေ့သွားယောက်ျား အာဇာနည်ပုဂ္ဂိုလ်တို့နှင့် တူညီမှသာ သင့်လျော် လျောက်ပတ်ကြတော့မည်”-

ဟု ကြံစည်ဆင်ခြင်ကြပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတို့ကို ကြည်ယုံမြတ်နိုး ရှိခိုးကြပြီးသော် နေရာမှထကြ၍ နိသီဒိုင် ထိုင်စရာ အခင်းကလေးများကို ခါတွက်ကြကာ အသီးအသီး တောင်မျှောင်ချောက်ကြား သစ်ပင်ရင်းများ၌ ရဟန်းတရား ပွါးများအားထုတ်ကာ ထိုင်နေကြလေကုန်၏။

ထိုရဟန်းငါးရာတို့ သွားကြသောအခါ မြတ်စွာဘုရားသည်-

“ဤရဟန်းငါးရာတို့ကား ပကတိအားဖြင့်ပင် ကမ္မဋ္ဌာန်းတရားကို လက်မလွှတ်ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်၊ (ဤရဟန်းငါးရာတို့သည် သောတာပန် အရိယာများ ဖြစ်ကြပြီးသဖြင့် မဂ်ဖိုလ်ရကြောင်း

စာ ၃၈၆

အကျင့်ပဋိပတ်တည်းဟူသော နည်းလမ်းဥပါယ်ကောင်းကို ရရှိပြီးသူများသာ ဖြစ်ကြသည်)၊ မဂ်ဖိုလ်ရကြောင်း အကျင့်ပဋိပတ်နည်းလမ်း ဥပါယ်ကောင်းကို ရရှိပြီးသော ရဟန်းအဖို့ရာ အထက်မဂ်ဖိုလ်ကို ရရှိရန် ငြိုငြင်ပင်ပန်းဖွယ်အကြောင်း လုံးဝမရှိချေ။ သွားတိုင်း သွားတိုင်းသော ထိုရဟန်းငါးရာတို့သည် ဝိပဿနာတရား ပွါးများကြ၍ အရဟတ္တဖိုလ်သို့ အသီးအသီး ရောက်ရှိကြပြီးလျှင် မိမိ မိမိတို့ ရအပ်ပြီးသော အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို ကြားလျှောက်ကြကုန်အံ့ဟု ကြံစည်ကြကာ ညနေချမ်းအခါ၌ ငါဘုရားထံမှောက်သို့ လာရောက်ကြလိမ့်မည်။ ထိုရဟန်းငါးရာတို့ လာရောက်ကြသည်ရှိသော် စကြဝဠာပေါင်း တိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာတိုက် တခုတည်း၌ စည်းဝေးကြလိမ့်မည်။ (ထိုအခါ) ကြီးစွာသော အစည်းအဝေးကြီး (=မဟာသမယ) ဖြစ်လိမ့်မည်။ ငါဘုရားသည် စောစီးကကြိုတင်ကာ ဆိတ်ငြိမ်ရာအရပ်၌ နေနှင့်မှ သင့်လျော် လျောက်ပတ်ပေမည်”-

ဟု ကြံစည် ဆင်ခြင်တော်မူကာ ထိုနေရာမှ ထတော်မူခဲ့၍ ဆိတ်ငြိမ်ရာအရပ်၌ ဘုရားနေရာကို ခင်းထားတော်မူ၍ ဖလသမာပတ်ကို ဝင်စားတော်မူကာ နေထိုင်တော်မူလေ၏။

ရဟန်းငါးရာတို့ ရဟန္တာဖြစ်ကြလေပြီ

ထိုရဟန်းငါးရာတို့အနက် အလျင်လက်ဦး (ကမ္မဋ္ဌာန်းကို ယူ၍သွားသော မထေရ်သည် (ရဟန်းတရား ပွါးများအားထုတ်တော်မူသဖြင့်) ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထို့နောက် ဒုတိယမထေရ်သည် ထို့အတူ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ထို့နောက် တတိယ မထေရ်သည် ထို့အတူ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။ ဤသို့လျှင် ရဟန်းငါးရာလုံးပင် ပဒုမာ ကြာရုံ၌ ပဒုမာကြာပွင့်တို့

စာ ၃၈၇

ရှေ့ဆင့်နောက်ဆင့် ပွင့်ကြသကဲ့သို့ သစ္စာလေးဆင့် ကားကားစွင့်၍ ရှေ့ဆင့်နောက်ဆင့် အရဟတ္တဖိုလ်ရောက် ပွင့်တော်မူကြလေကုန်ပြီ။

အလျင်လက်ဦး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော မထေရ်သည် “မြတ်စွာဘုရားအား ကြားလျှောက်တော့မည်”ဟု ကြံစည်၍ တင်ပလ္လင်ခွေကိုဖျက်ကာ နိသီဒိုင်ကို ပုတ်ခါ၍ ထိုင်နေရာမှ ထပြီးလျှင် မြတ်စွာဘုရားရှင်သို့ရှေးရှု လာရောက်တော်မူလေ၏။ ဤနည်းအတူ ဒုတိယမထေရ်သည်လည်း လာရောက်တော်မူလေ၏။ တတိယမထေရ်သည်လည်း လာရောက်တော်မူလေ၏၊ ဤသို့လျှင် ရဟန္တာငါးရာတို့သည် ဆွမ်းစားကျောင်းသို့ ထေရ်စဉ်ဝါလိုက် ဝင်လာကြကုန်သကဲ့သို့ အစဉ်လိုက် အတန်းလိုက် မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ကြလေကုန်၏။

ရှေးဦးစွာ လာရောက်သော မထေရ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နိသီဒိုင်အခင်းကို ခင်း၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးနောက် မိမိရအပ်သော အရဟတ္တဖိုလ်ကျေးဇူး တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားလိုသည်ဖြစ်၍ “ငါမှတပါး အခြားရဟန်းတဦးဦး ရှိလေသလော၊ မရှိလေသလော”ဟု ဦးခေါင်းကို ပြန်လှည့်၍ မိမိလာခဲ့သောလမ်းကို မျှော်မှန်း ကြည့်ရှုလေသော် ဒုတိယမထေရ်ကိုလည်း မြင်လေပြီ၊ နောက်တပါးကိုလည်း မြင်လေပြီ၊ ဤနည်းဖြင့် ငါးရာသော ရဟန်းတို့၏ အစဉ်အတန်းကို မြင်ရလေပြီ။

ဤသို့လျှင် ထိုရဟန်းငါးရာလုံး မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ကြကာ အပြစ်လွတ်ရာအရပ်၌ နေထိုင်တော်မူကြလျက် တပါးသည် တပါးကို အကဲခပ် ကြည့်ရှုကြသည်တွင် “ဤရဟန်းသည် ဤရဟန်းအား ရှက်နိုးလှ၍ မလျှောက်ထားပဲရှိ၏။ ဤရဟန်းသည် ဤရဟန်းအား ရှက်နိုးလှ၍ မြတ်စွာဘုရားအား မလျှောက်ထားပဲ ရှိ၏”ဟူ၍ ရိပ်မိ သိရှိကြလေကုန်သည်။

စာ ၃၈၈

ရဟန္တာပုဂ္ဂိုလ်တို့၏ အခြင်းအရာနှစ်ပါး

(၁) ရဟန္တာသခင် အရှင်သူမြတ်များအား “ငါရရှိသော အရဟတ္တဖိုလ်ကျေးဇူး တရားထူးကို နတ်ဗြဟ္မာနှင့် တကွသော လူအပေါင်းတို့သည် (=လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည်) လျင်မြန်စွာ ထိုးထွင်းသိမြင် ရရှိကြပါမူကား ကောင်းလေစွာ့”ဟူ၍ သတ္တဝါတို့၏အကျိုးကို လိုလားသော စိတ်အစဉ်သည် ဖြစ်မြဲတည်း။

(၂) မိမိ အရဟတ္တဖိုလ် ရရှိကြောင်းကိုကား ရွှေအိုးရသော ယောက်ျားကဲ့သို့ သူတပါးအား (ပကာသန ပြုရာကျမည်ဖြစ်၍) မပြောကြားလို။

(ဤကား ရဟန္တာပုဂ္ဂိုလ်တို့၏ အခြင်းအရာ နှစ်ပါးတည်း။)

**********

မဟာသမယသုတ်များကို ဟောကြားတော်မူခြင်း

ထိုသို့ ရဟန္တာငါးရာတို့ စည်းဝေးမိသောနေ့ကား နယုန်လပြည့်နေ့ ဖြစ်သည်၊ အချိန်ကား ညနေချမ်းကာလဖြစ်သည်။ သို့ရကား ထိုရဟန္တာငါးရာတို့ စုဝေးညီမူ ထိုင်နေတော်မူမိကြလျှင်ပင် အရှေ့လောကဓာတ် ယုဂန္ဓိုရ်တောင်ထိပ်ထက်မှ ဆီးနှင်း, မြူ, တိမ်, အသူရိန်, မီးခိုး တည်းဟူသော အညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သော လပြည့်ဝန်းသည် မြတ်စွာဘုရား ပွင့်ထွန်းတော်မူခြင်းဖြင့် တန်းဆာဆင်အပ်သော လောကကြီး၏ မွေ့လျော်ဖွယ်ရှိသောအဖြစ်ကို ထင်စွာပြခြင်းငှါ အရှေ့အရပ်မျက်နှာ၌ မြှောက်ချီစိုက်ထောင်၍ ထားအပ်သော ငွေကြေးမုံ မှန်ပြင်ဝန်းကြီးကဲ့သို့ အကွပ်အဝန်း၌ ဆွဲကိုင်ကာ လှည့်အပ်သော ငွေဘီး၏ အသရေကိုဆောင်လျက် ထွန်းပြောင်ထိန်လက် အရှေ့လောကဓာတ်အချက်မှ တက်လတ်သတည်း။ ဤသို့လျှင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော အချိန်အခါ၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည်၏အနီး မဟာဝုန်တောကြီး၌ ရဟန္တာငါးရာ ခြံရံလျက် သီတင်းသုံး နေထိုင်တော်မူဆဲဖြစ်၏။

စာ ၃၈၉

နတ်ဗြဟ္မာများ စည်းဝေးကြခြင်း

ထိုအချိန်၌ မဟာဝုန်တော ပတ်ဝန်းကျင်၌ နေထိုင်ကြသော နတ်တို့သည် လှုပ်လှုပ်ရှားရှားဖြစ်ကြကာ “အချင်းတို့.. လာ သွားကြစို့၊ ဘုရားဖူးရခြင်းမည်သည် ကျေးဇူးများလှပေ၏။ တရားနာရခြင်းသည် ကျေးဇူးများလှ၏။ ရဟန်းသံဃာကို ဖူးမြော်ရခြင်းသည် ကျေးဇူးများလှ၏၊ လာ သွားကြစို၊ လာ သွားကြစို့”ဟု ကျယ်စွာသောအသံကို ပြုကြကုန်လျက် လာရောက်ကြပြီးလျှင် မြတ်စွာဘုရားကို၎င်း, ထိုခဏမှာပင် အရဟတ္တဖိုလ်သို့ ရောက်သစ်ပြီးစဖြစ်သော ရဟန္တာငါးရာတို့ကို၎င်း ရှိခိုးကြ၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလေကုန်၏။

ထိုနည်းဖြင့်ပင် ထိုနတ်တို့၏ အုတ်အုတ်ကျက်ကျက် ကြွေးကြော် နှိုးဆော်ကြသော အသံကို ကြားကြရ၍ တခေါ်လောက်, ဂါဝုတ်ဝက်လောက်, တဂါဝုတ်လောက်, ယူဇနာဝက်လောက်, တယူဇနာလောက် အစရှိသည်ဖြင့် အစဉ်အတိုင်း ကျယ်ပြန့် ကျယ်ပြန့်ကာ ဤစကြဝဠာတိုက်ကို အလယ်ဗဟိုထား၍ ပတ်ဝန်းကျင် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည် ဤစကြဝဠာတိုက်၌ လာရောက် စည်းဝေးကြကုန်၏။ အသညသတ်ဗြဟ္မာကြီးများ, အရူပဗြဟ္မာကြီးများနှင့် သမာပတ် ဝင်စားနေဆဲဖြစ်သော ဗြဟ္မာကြီးများ ဤအနည်းအပါးသော ဗြဟ္မာကြီးများသာ မလာရောက်နိုင်ပဲ ရှိကြကုန်၏။

ထိုအချိန်၌ ဤစကြဝဠာတိုက်တခုလုံးသည် အပ်ကျည် (အပ်ဗူး)၏အတွင်း အကြားအလပ်မရှိ အပ်ချောင်းများကို ထည့်၍ထားအပ်သည့်ပမာ ဗြဟ္မာ့ပြည်တိုင်အောင်ပင် စည်းဝေးညီမူလာသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်လျက်ရှိလေသည်။ သီဟိုဠ်ကျွန်း လောဟပါသာဒပြာသာဒ်၌ ဘုံခုနစ်ဆင့်ခန့် ပမာဏရှိသော ကျောက်တုံးကြီးကို ဗြဟ္မာ့ပြည်မှ အောက်သို့ ပစ်ချလိုက်လျှင် လူတို့အရေအတွက်အားဖြင့် လေးလကြာမှ မြေအပြင်သို့ ရောက်နိုင်၏၊ ဤမျှလောက် ကြီးကျယ်မြင့်မား ဝေးခြားလှသော (လူ့ပြည်မှ ဗြဟ္မာ့ပြည်တိုင် အောင်သော) အရပ်၌ အောက်မှရပ်တည်၍ အထက်သို့

စာ ၃၉၀

ပစ်မြှောက်အပ်သော ပန်းပွင့်များ အခိုးအထုံများ အထက်သို့ တက်ရောက်နိုင်ခွင့် အကြားအပေါက်ကို မရနိုင်အောင်၎င်း, အထက်မှ ရပ်တည်၍ အောက်သို့ ပစ်ချအပ်သော မုံညင်းစေ့များ အောက်သို့ သက်ဆင်းကျရောက်နိုင်ခွင့် အကြားအပေါက်ကို မရနိုင်လောက်အောင်ပင်၎င်း အကြားမလပ် နတ်ဗြဟ္မာတို့ ပြည့်ကြပ်လျက်ရှိကုန်၏။

အထူးအားဖြင့် စကြဝတေးမင်းနှင့်တကွ မင်းအပေါင်းတို့ စည်းဝေးညီမူကြသောအခါ စကြဝတေးမင်း၏ နေထိုင်ရာအရပ်သည် မကျပ်တည်း မကျဉ်းမြောင်းသကဲ့သို့၊ လာတိုင်း လာတိုင်းသော တန်ခိုးကြီးသည့် မင်းအပေါင်းတို့သည် စကြာမင်း၏အနီး၌ နေထိုင်စရာကို ရကုန်၍ နောက်ကျ နောက်ကျသော အရပ်၌ကား အလွန်ကျပ်တည်း ကျဉ်းမြောင်းသကဲ့သို့၊ ထို့အတူ စကြာမင်းနှင့်တူသော မြတ်စွာဘုရား၏ နေထိုင်ရာအရပ်ကား မကျပ်တည်း မကျဉ်းမြောင်းချေ။ လာတိုင်း လာတိုင်းသော တန်ခိုးကြီးမားကြသည့် မဟေသက္ခ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား၏ အနီးအပါး၌ နေထိုင်စရာကို ရကြကုန်၏။ စင်စစ်သော်ကား မြတ်စွာဘုရား၏ အနီးအပါး အရပ်များ၌ သားမြီးဖျားတထောက် ထိုးဆွလောက်ရုံသော အရပ်၌ တကျိပ်လောက် နှစ်ကျိပ်လောက် ထိုမှနောက်၌ သုံးကျိပ်လောက် လေးကျိပ်လောက် ငါးကျိပ်လောက် ခြောက်ကျိပ်လောက်သော နတ်ဗြဟ္မာတို့သည် သိမ်မွေ့ကုန် ထို့ထက်သိမ်မွေ့ကုန်သော အတ္တဘောတို့ကို ဖန်ဆင်း၍ ရပ်တည်ကြရကုန်၏။

သုဒ္ဓါဝါသဗြဟ္မာကြီးလေးယောက် နောက်ကျမှ ရောက်လာကြခြင်း

မြတ်စွာဘုရားနှင့်တကွ ရဟန္တာငါးရာ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) စည်းဝေးမိကြသောအခါ သုဒ္ဓါဝါသဘုံသား (ရဟန္တာ)ဗြဟ္မာကြီး လေးဦးသည် သမာပတ်ကို ၀င်စား၍ ပိုင်းခြားအပ်သော ကာလအတိုင်း ထိုသမာပတ်မှ ထကုန်ပြီးလျှင် ဗြဟ္မာဘုံကို ကြည့်ရှုကုန်လတ်သော် (နေမွန်းလွဲသောအခါ လူမှဆိတ်သော

စာ ၃၉၁

ထမင်းကျွေးရုံကဲ့သို့) ဗြဟ္မာဘုံအလုံး ဗြဟ္မာတို့မှ ဆိတ်သုဉ်းနေသည်ကို မြင်ကြပြီးနောက် “ဗြဟ္မာတို့သည် အဘယ်အရပ်သို့ သွားရောက်ကြကုန်သနည်း”ဟု ဆင်ခြင်ကြသည်တွင် မဟာသမယ အစည်းအဝေးကြီးကို တွေ့မြင်သိရှိကြ၍-

“ဤအစည်းအဝေးကား ကြီးမားလှ၏၊ ငါတို့ကား နောက်ကျန်လျက် ရှိကုန်ပြီ၊ နောက်ကျသော သူတို့အဖို့ရာ နေရာရရန် ခဲယဉ်းလှ၏။ ထို့ကြောင့် ငါတို့သွားကြသောအခါ လက်အချည်းစီး မသွားကြပဲ တယောက်လျှင် တဂါထာစီ ဖွဲ့သီစီရင်၍ သွားကြကုန်အံ့။ ထိုလက်ဆောင်ဂါထာဖြင့် မဟာသမယ အစည်းအဝေးကြီး၌ မိမိ၏ လာရောက်ကြောင်းကိုလည်း သိစေကုန်အံ့၊ မြတ်စွာဘုရား၏ ကျေးဇူးကိုလည်း ချီးကျူး ပြောဆိုကြကုန်အံ့”–

ဟူ၍ ကြံစည် တိုင်ပင်ကြပြီးလျှင် ထိုရဟန္တာဗြဟ္မာကြီး လေးဦးတို့သည် ဗြဟ္မာ့ပြည်၌ တည်နေကြစဉ်ပင် တဦးလျှင် တဂါထာစီ သီကုံးစီရင်ခဲ့ကြ၍-

(၁) တဦးသော ဗြဟ္မာကြီးသည် အရှေ့စကြဝဠာနခမ်းရေး၌ သက်ဆင်းလေသည်။ (၂) အခြားတဦးကား တောင်စကြဝဠာ နခမ်းရေး၌၊ (၃) အခြားတဦးကား အနောက်စကြဝဠာ နခမ်းရေး၌၊ (၄) အခြားတဦးကား မြောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းလေသည်။

ထို့နောင်မှ (၁) အရှေ့စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည် နီလကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဝင်စား၍ စိမ်းညိုသော အရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက်စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား မြလွှာဝတ်လုံကို ခြုံရုံ၍ပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် (မြတ်စွာဘုရားတို့၏ ရှေ့တော်မှောက်ဝယ် တဦး တယောက်မျှ ပိတ်ဆို့နေထိုင်ခွင့် မရနိုင်သော ဗုဒ္ဓဝီထိခေါ် လမ်းခရီး ရှိမြဲဖြစ်သည်။ ယင်းခရီးဖြင့်

စာ ၃၉၂

လာတိုင်း လာတိုင်းသော နတ်လူတို့ မြတ်စွာဘုရားအနီးသို့ ချဉ်းကပ် ဖူးမြော်ကြရသည်)၊ ထိုဗုဒ္ဓဝီထိ လမ်းခရီးဖြင့်ပင် ထိုပဌမဗြဟ္မာကြီးသည် လာရောက်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးရပ်တည်လျက်-

မဟာသမယော ပဝနသ္မိံ၊

ဒေဝကာယာ သမာဂတာ။

အာဂတမှာ ဣမံ ဓမ္မသမယံ၊

ဒက္ခိတာယေ အပရာဇိတသံဃံ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ပဝနသ္မိံ = မဟာဝုန်သမုတ် ဤတောအုပ်၌။ (အဇ္ဇ = ယနေ့)။ မဟာသမယော = နတ်ဗြဟ္မာတို့၏ ကြီးစွာသော အစည်းအဝေးသည်။ (အဟောသိ = ဖြစ်လေပြီ။ ဒေဝကာယာ = သောင်းစက္ကဝါ နတ်ဗြဟ္မာအပေါင်းတို့သည်။ အပရာဇိတသံဃံ = တစုံတယောက်သော ရန်သူသည် အောင်နိုင်အပ်သည်မဟုတ်ပဲ ယနေ့ပင်လျှင် မာရ်သုံးအင်ကို အောင်မြင်ပြီးတောင်း ရဟန္တာအပေါင်းကို။ ဒက္ခိတာယေ = သဒ္ဓါကြည်လင် ဖူးမြင်ခြင်းငှါ။ သမာဂတာ = အညီအညာ လာရောက်ကြပါကုန်ပြီ။ (မယံ = အကျွန်ုပ်တို့သည်လည်း)။ အပရာဇိတသံဃံ = ရှုံးတော်မမူ အောင်ပွဲယူတောင်း ရဟန္တာအပေါင်းကို။ ဒက္ခိတာယေ = သဒ္ဓါကြည်လင် ဖူးမြင်ခြင်းငှာ။ ဣမံ ဓမ္မသမယံ = ဤတရားနာရာ နတ်ဗြဟ္မာအစည်းအဝေးသို့။ အာဂတာ = အများနည်းတူ ကြည်ဖြူဝမ်းမြောက် လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏ဘုရား -

ဟူ၍ စီရင်ခဲ့သော ဂါထာကို ရွတ်ဆိုလျှောက်ထား၍ (ဘုရားအနီး၌ နေရာမရရှိသောကြောင့်) ပြန်သွားပြီးလျှင် အရှေ့စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

စာ ၃၉၃

ထိုနောက် (၂) တောင်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည်လည်း ပီတကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဝင်စား၍ ဝါဝင်းသော ရွှေရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက် စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား ရွှေလွှာဝတ်လုံကို ခြုံရုံ၍ပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် ထိုပဌမဗြဟ္မာကြီးနည်းတူပင်-

တတြ ဘိက္ခဝေါ သမာဒဟံသု၊

စိတ္တမတ္တနော ဥဇုကမကံသု။

သာရထီ၀ နေတ္တာနိ ဂဟေတွာ၊

ဣန္ဒြိယာနိ ရက္ခန္တိ ပဏ္ဍိတာ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ တတြ = ထိုနတ်ဗြဟ္မာတို့ စည်းဝေးရာအရပ်၌။ ဘိက္ခဝေါ = ရဟန်းတော်ငါးရာတို့သည်။ အတ္တနော = မိမိ မိမိ၏။ စိတ္တံ = စိတ်ကို။ သမာဒဟံသု = လောကုတ္တရာ အပ္ပနာသမာဓိဖြင့် ငြိမ်သက်တည်ကြည်စွာ ထားတော်မူနိုင်ကြကုန်ပြီ။ အတ္တနော = မိမိ မိမိ၏။ စိတ္တံ = စိတ်ကို။ ဥဇုကံ = နွားကျင်ကောက်, လရေးကောက်, ထွန်တုံးကောက် တည်းဟူသော အကောက်သုံးပါးမှလွတ်ကင်း ဖြောင့်စင်းအောင်။ အကံသု = ပြုတော်မူနိုင်ပေကုန်၏။ သာရထိ = သိန္ဓောမြင်းလိမ္မာတို့ ညီညာစွာ က- ယှဉ်အပ်သည့် ရထားကို မောင်းနှင်သော ရထားထိန်းသည်။ နေတ္တာနိ = မြင်းဇက်ကြိုးတို့ကို။ ဂဟေတွာ = မဆွဲမနှင် ညင်သာစွာကိုင်၍။ တိဋ္ဌတိ ဣဝ = နှလုံးချမ်းကြည် တည်ရသကဲ့သို့။ တထာ = ထိုရထားထိန်းနှင့် အလားတူစွာ။ ပဏ္ဍိတာ = မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံတော်မူကြသည့် ငါးရာသော ရဟန္တာ အရှင်မြတ်တို့သည်။ ဣန္ဒြိယာနိ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် ပိတ်သင့်သော ဣန္ဒြေခြောက်ပါးတို့ကို။ ရက္ခန္တိ = သတိတည်းဟူသော

စာ ၃၉၄

အစောင့်အရှောက်ဖြင့် ကိလေသာရန်သူ မဝင်ရောက်အောင် စောင့်ရှောက်တော်မူနိုင်ကြပါကုန်၏။ (ဘဂဝါ = မြတ်စွာဘုရား..။ မယံ = တပည့်တော်တို့သည်။ ဧတေ = ထိုရဟန္တာ ငါးရာတို့ကို။ ဒဋ္ဌုံ = ဖူးမြော်ခြင်းငှါ။ ဣဓ = ဤမဟာဝုန်တောသို့။ အာဂတာ = လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏)။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆိုလျှောက်ထား၍ ရှေးနည်းအတူ တောင်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

ထို့နောက် (၃) အနောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည်လည်း လောဟိတကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ၀င်စား၍ နီမြန်းသော အရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက် စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား ကမ္ဗလာနီဝတ်လုံကို ခြုံရုံပေးသည့်အလား မိမိလာရောက်သော အဖြစ်ကို သိစေပြီးနောက် ထိုရှေးဗြဟ္မာတို့နည်းတူပင်-

ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊

ဣန္ဒခီလံ ဦဟစ္စ မနေဇာ။

တေ စရန္တိ သုဒ္ဓါ ဝိမလာ၊

စက္ခုမတာ သုဒန္တာ သုသုနာဂါ။

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ယေ သုသုနာဂါ = အကြင် ရွယ်တော်နုပျို ရဟန္တာပုဂ္ဂိုလ်တို့သည်။ စက္ခုမတာ = ဗုဒ္ဓ,ဓမ္မ, သမန္တတည့်, မံသ,ဒိဗ္ဗာ ငါးဖြာသော မျက်စိနှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရားသည်။ (ဒမိတာ = ဆုံးမအပ်ကုန်သည်ဖြစ်၍)။ သုဒန္တာ = ဣန္ဒြေခြောက်ပါး မဖောက်ပြားပဲ တရားဖြင့်သိမ်းဆည်း လွန်စွာ ယဉ်ကျေးပြီး ဖြစ်တော်မူကုန်၏။ တေ သုသုနာဂါ = ရွယ်တော်နုပျို ထိုရဟန္တာပုဂ္ဂိုလ်တို့သည်။ ခီလံ = ရာဂဒေါသ မောဟခပင်း ငြောင့်တံသင်းကို။ ဆေတွာ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့်

စာ ၃၉၅

ပယ်ရှား ခုတ်ဖြတ်တော်မူကြပြီး၍။ ပလိဃံ = ရာဂဒေါသ မောဟတည်းဟူသော တံခါးကျည်မင်းတုပ်ကို။ ဆေတွာ = မဂ်ဉာဏ်လေးပါး သန်လျက်ဓားဖြင့် ပယ်ရှား ခုတ်ဖြတ်တော်မူကြပြီး၍။ ဣန္ဒခီလံ = သက္ကာယမြို့တံခါးဝယ် မားမားစိုက်ပြိုင် ရာဂဒေါသ မောဟတည်းဟူသော တံခါးတိုင်ကို။ ဦဟစ္စ = အမြစ်မကျန် လေးမဂ်ဉာဏ်ဖြင့် ပယ်လှန် နုတ်ပယ်တော်မူကြကုန်ပြီး၍။ အနေဇာ = တုန်လှုပ်တတ်စွာ တဏှာလောဘ ရှိတော်မမူကြကုန်သည်ဖြစ်၍။ သုဒ္ဓါ = ကိလေသာအန္တရာယ် စင်ကြယ် သန့်ရှင်းကုန်သည်ဖြစ်၍။ ဝိမလာ = ကိလေသာအညစ်အကြေးမှ ကင်းဝေးတော်မူကြကုန်သည်ဖြစ်၍။ စရန္တိ = စတုဒိသာ လေးမျက်နှာ၌ ကိလေသာအပိတ်အဆီးမရှိ လှည့်လည်ကျက်စား သွားလာတော်မူနိုင်ကုန်၏။ (တေသံ = ရွယ်တော်နုပျို ထိုရဟန္တာပုဂ္ဂိုလ်တို့ကို။ ဒဿနာယ = ဖူးမြော်ခြင်းငှါ။ မယံ = တပည့်တော်တို့သည်။ အာဂတာ = လာရောက်ကုန်သည်။ အမှ = ဖြစ်ပါကုန်၏)။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆို လျှောက်ထား၍ ရှေးနည်းအတူ အနောက်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

ထို့နောက် (၄) မြောက်စကြဝဠာ နခမ်းရေး၌ သက်ဆင်းသော ဗြဟ္မာကြီးသည် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ ဖြူဖွေးသောအရောင်တို့ကို တဖိတ်ဖိတ်ဖြန့်လွှတ်ကာ စကြဝဠာပေါင်း တိုက်တသောင်းမှ လာရောက်စည်းဝေးကြသော နတ်ဗြဟ္မာအပေါင်းတို့အား မုလေးပန်းဝတ်လုံကို ခြုံရုံပေးသည့်အလား မိမိလာရောက်သောအဖြစ်ကို သိစေပြီးနောက် ထိုရှေးဗြဟ္မာတို့နည်းတူပင်-

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊

န တေ ဂမိဿန္တိ အပါယဘူမိံ။

ပဟာယ မာနုသံ ဒေဟံ၊

ဒေဝကာယံ ပရိပူရေဿန္တိ။

စာ ၃၉၆

(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ယေ ကေစိ = အမှတ်မထင် အကြင်လူတို့သည်။ ဗုဒ္ဓံ = မြတ်စွာဘုရားကို။ သရဏံ = ကိုးကွယ်ရာဟူ၍။ ဂတာသေ = လောကုတ္တရာ သရဏဂုံဖြင့် ကြည်ယုံလေးမြတ် ဆည်းကပ်ကြကုန်၏။ တေ = ထိုလူတို့သည်။ အပါယဘူမိံ = ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံသို့။ န ဂမိဿန္တိ = ဧကန်မုချ မလားမရောက်ကြရကုန်လတ္တံ့။ မာနုသံ ဒေဟံ = လူ့ဘဝခေါ်ဆို ဤခန္ဓာကိုယ် အတ္တဘောကို။ ပဟာယ = ပယ်စွန့်ကြကုန်၍။ ဒေဝကာယံ = နတ်အပေါင်းကို (=နတ်ပြည်ကို)။ ပရိပူရေဿန္တိ = မုချပုံသေ ပြည့်စေကြကုန်လတ္တံ့။-

ဟူ၍ မိမိစီရင်ခဲ့သော ဂါထာကို ရွတ်ဆို လျှောက်ထားပြီးလျှင် ရှေးဗြဟ္မာကြီးများနည်းတူ မြောက်စကြဝဠာ နခမ်းရေး၌ ရပ်တည်နေလေ၏။

ထိုအခါ မြတ်စွာဘုရားရှင်သည် ဆင်ခြင် ကြည့်ရှုတော်မူလတ်သည်ရှိသော် မြေအပြင်မှ အပြန့်အားဖြင့် စကြဝဠာအနားရေးတိုင်အောင် အမြင့်အားဖြင့် အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် နတ်ဗြဟ္မာတို့ စည်းဝေးနေကြသည်ကို သိမြင်တော်မူ၍ “ဤနတ်ဗြဟ္မာ အစည်းအဝေးကား ကြီးမားလှပေ၏၊ ရဟန်းငါးရာတို့သည်ကား ဤမျှလောက် ကြီးမားများပြားလှသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟူ၍ သိကြမည်မဟုတ်၊ ယခုပင် ထိုရဟန်းငါးရာတို့အား ပြောကြားပေအံ့”ဟူ၍ ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “ယေဘုယျန ဘိက္ခဝေ ဒသသု လောကဓာတူသု ဒေ၀တာ သန္နိပတိတာ ဟောန္တိ- အစရှိသည်ဖြင့် = ရဟန်းတို့.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော သဗ္ဗညုမြတ်စွာဘုရားနှင့်တကွ ရဟန်းအပေါင်းကို ဖူးမြော်ရန် သဟဿီလောကဓာတ် ဆယ်ခု (=စကြဝဠာ တိုက်တသောင်း)တို့၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့ စည်းဝေးရောက်လာကြကုန်ပြီ။

စာ ၃၉၇

ရဟန်းတို့.. ယခုအခါ ငါဘုရား၏ နတ်ဗြဟ္မာအစည်းအဝေးကြီး ဖြစ်သကဲ့သို့ အတိတ်ကာလ ပွင့်တော်မူကြပြီးသော မြတ်စွာဘုရားတို့၏လည်း ဤမျှ အတိုင်းအရှည်ရှိကြသည့် နတ်ဗြဟ္မာများ စည်းဝေးခဲ့ကြကုန်လေပြီ။ (ဤထက် မပိုလွန်ချေ)။

ရဟန်းတို့.. ယခုအခါ ငါဘုရား၏ နတ်ဗြဟ္မာအစည်းအဝေးကြီး ဖြစ်သကဲ့သို့၊ အနာဂတ်ကာလ ပွင့်တော်မူကြမည့် မြတ်စွာဘုရားတို့၏လည်း ဤမျှပင် အတိုင်းအရှည်ရှိကြသည့် နတ်ဗြဟ္မာများ စည်းဝေးကြကုန်လိမ့်မည် (ဤထက် မပိုမယုတ်ချေ)ဟူ၍ မိန့်ဆိုတော်မူလေသည်။

(ဤ၌။ ။ပစ္စုပ္ပန်ဆဲဆဲခဏဝယ် ကိုယ်တော်မြတ်မှတပါး အခြား မြတ်စွာဘုရားဟူ၍ ပွင့်ထွန်းနေဆဲ မရှိသောကြောင့် ပစ္စုပ္ပန္နဝါရကို မြတ်စွာဘုရား ဟောကြားတော်မမူပဲ ပစ္စုပ္ပန်အတွက် ကိုယ်တော်မြတ်ကိုသာ ဥပမာထား၍ အတိတ်ဘုရား, အနာဂတ်ဘုရားတို့နှင့် စပ်သော နှိုင်းယှဉ်ချက်ကိုသာ မြတ်စွာဘုရား ဟောကြားတော်မူ၏ဟု အထူး မှတ်ယူရာ၏။)

နတ်ဗြဟ္မာများနှင့် မြတ်စွာဘုရားရှင်၏ အကြံဖြစ်ပုံများ

ထိုမဟာသမယ အစည်းအဝေး၌ နတ်ဗြဟ္မာတို့သည် “မြတ်စွာဘုရားသည် ဤမျှလောက် များပြားသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီး၌ တန်ခိုးကြီးမားသော နတ်ဗြဟ္မာတို့၏ အမည်အနွယ်တို့ကိုသာ ထုတ်ဖော် ဟောကြားတော်မူပေလိမ့်မည်။ တန်ခိုးနည်းပါးသော နတ်ဗြဟ္မာတို့၏ အမည်အနွယ်တို့ကိုကား အဘယ်မှာလျှင် ထုတ်ဖော် ဟောကြားတော်မူလိမ့်မည်နည်း၊ (ဟောကြားတော်မူလိမ့်မည်မဟုတ်)”ဟူ၍ ကြံစည်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤနတ်ဗြဟ္မာတိုသည် အဘယ်အရာကို ကြံစည်စဉ်းစား၍ နေကြသနည်း”ဟု ဆင်ခြင်တော်မူလတ်သော် ခံတွင်းမှ လက်ကိုသွင်းကာ နှလုံးသားကို ဆုပ်ကိုင်မိသော သူကဲ့သို၎င်း, ခိုးထုပ်ခိုးထည်နှင့်တကွ ခိုးသူကို ဖမ်းယူမိသော

စာ ၃၉၈

သူကဲ့သို့၎င်း ထိုနတ်ဗြဟ္မာတို့၏ ထိုကဲ့သို့ စိတ်ဖြစ်ပုံကို သိရှိတော်မူပြီးလျှင်-

စကြဝဠာပေါင်း တိုက်တသောင်းမှ ခညောင်း ရောက်ဆိုက်လာကြသော တန်ခိုးကြီးသူ မကြီးသူ ခပ်သိမ်းသော နတ်ဗြဟ္မာတို့၏ အမည် အမျိုး အနွယ်ကို ပြည့်စုံစွာ ဟောကြားအံ့”–

ဟူ၍ ကြံစည် ဆုံးဖြတ်တော်မူလေသည်။

ဘုရားရှင်တို့မည်သည် အလွန်ကြီးမြတ်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြသည်။ နတ်နှင့်တကွသော လူအပေါင်းကို မြင်အပ် ကြားအပ် နံအပ် လျက်အပ် ထိအပ် သိအပ်သော အာရုံခြောက်ပါးတို့အနက် ဘုရားရှင်တို့၏ ဉာဏ်ဝဝယ် မထင်နိုင်သော အာရုံဟူ၍ တစိုးတစိ မရှိချေ။ ဤသို့လျှင် ခပ်သိမ်းသော အာရုံ၌ အပိတ်အပင် အဆီးအတားမရှိ ထိုးထွင်းသိမြင်သည့် ဉာဏ်ပညာရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုမျှ စကြဝဠာတိုက်အပြည့် စည်းဝေးရောက်ရှိကြသော နတ်ဗြဟ္မာတို့ကို (၁) ကျွတ်ထိုက်သူ (၂) မကျွတ်ထိုက်သူဟူ၍ နှစ်ဖို့နှစ်စု (ဉာဏ်တော်ဖြင့် ခွဲဝေစုပုံမှု) ပြုတော်မူပြီးလျှင် မကျွတ်ထိုက်သူတို့ကို ပယ်ရှား၍ ကျွတ်ထိုက်သူကိုသာ ဉာဏ်ဖြင့် သိမ်းဆည်း ယူငင်တော်မူပြီးနောက် ဤကျွတ်ထိုက်သူ နတ်ဗြဟ္မာတို့တွင်လည်း ဤမျှသော နတ်ဗြဟ္မာတို့သည် ရာဂစရိုက် ပြောများသူတို့ ဖြစ်ကုန်၏။ ဤမျှသော နတ်ဗြဟ္မာတို့သည် ဒေါသစရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် မောဟစရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် ဝိတက်စရိုက် ပြောများသူတို့ ဖြစ်ကုန်၏၊ ဤမျှသော နတ်ဗြဟ္မာတို့သည် သဒ္ဓါစရိုက် ပြောများသူတို့ ဖြစ်ကုန်၏။ ဤမျှသော နတ်ဗြဟ္မာတို့သည် ပညာစရိုက် ပြောများသူတို့ ဖြစ်ကုန်၏ဟု စရိုက်သဘော တူရာပေါင်း၍ ခြောက်ပုံ ခြောက်စုံ (ဉာဏ်တော်ဖြင့် ခွဲဝေမှု) ပြုတော်မူလေသည်။

စာ ၃၉၉

ထို့နောင်မှ ထို ခြောက်ပုံ ခြောက်စု ပြုပြီးသော နတ်ဗြဟ္မာတို့အား သင့်လျော်လျောက်ပတ်မည့် တရားဒေသနာကို စူးစမ်း ဆင်ခြင်တော်မူလတ်သော်.. “ရာဂစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား သမ္မာပရိဗ္ဗာဇနီယသုတ္တန်ကို ဟောရလိမ့်မည်၊ ဒေါသစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား ကလဟဝိဝါဒသုတ္တန်ကို ဟောရလိမ့်မည်၊ မောဟစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား မဟာဗျူဟသုတ္တန်ကို ဟောရလိမ့်မည်၊ ဝိတက်စရိုက် ပြောများသော နတ်ဗြဟ္မာတို့အား စူဠဗျူဟသုတ္တန်ကို ဟောရလိမ့်မည်၊ သဒ္ဓါစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား တုဝဋ္ဋကပဋိပဒါ (တုဝဋ္ဋကသုတ်)ကို ဟောရလိမ့်မည်၊ ပညာစရိုက် ပြောများသော နတ်ဗြဟ္မာတို့အား ပုရာဘေဒသုတ်ကို ဟောရလိမ့်မည်”ဟု ကိုယ်တော်မြတ် ဟောကြားရမည့် ဒေသနာကို ဉာဏ်တော်ဖြင့် ပိုင်းခြား ဆုံးဖြတ်တော်မူလေသည်။

တဖန် ထိုခြောက်ပုံခြောက်စု ပြုပြီးသော နတ်ဗြဟ္မာပရိသတ်ကို-

(၁) အတ္တဇ္ဈာသယသုတ္တနိက္ခေပ = ကိုယ်တော်မြတ်၏ အလိုတော်အတိုင်း တရားဟောခြင်း၊

(၂) ပရဇ္ဈာသယသုတ္တနိက္ခေပ = တရားနာမည့်သူ ပုဂ္ဂိုလ်၏ အလိုအတိုင်း တရားဟောခြင်း၊

(၃) အဋ္ဌုပ္ပတ္တိကသုတ္တနိက္ခေပ = ဖြစ်ပေါ်လာသည့် ဝတ္ထုကြောင်းတခုခုကိုစွဲ၍ တရားဟောခြင်း၊

(၄) ပုစ္ဆာဝသိကသုတ္တနိက္ခေပ = သူတပါး၏ အမေးပုစ္ဆာ ပြဿနာနှင့်စပ်၍ တရားဟောခြင်း -

ဟူ၍ သုတ္တနိက္ခေပ (=တရားဟောခြင်း) လေးမျိုးတို့ ရှိသည့်အနက် ထိုနတ်ဗြဟ္မာ ပရိသတ်သည် (၁) အတ္တဇ္ဈာသယ တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လော၊ သို့မဟုတ် (၂) ပရဇ္ဈာသယ တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လော၊ သို့မဟုတ် (၃) အဋ္ဌုပ္ပတ္တိက တရားဟောခြင်းဖြင့် ဟောကြားလျှင်

စာ ၄၀၀

သိမည်လော၊ သို့မဟုတ် (၄) ပုစ္ဆာဝသိက တရားဟောခြင်းဖြင့် ဟောကြားလျှင် သိမည်လောဟူ၍ နှလုံးသွင်း ဆင်ခြင်တော်မူပြန်လေသည်။

ထိုအခါ “ဤနတ်ဗြဟ္မာ ပရိသတ်သည် ပုစ္ဆာဝသိက တရားဟောခြင်းဖြင့် ဟောကြားမှသာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်လိမ့်မည်”ဟု သိတော်မူ၍ “နတ်ဗြဟ္မာတို့၏ အလိုဆန္ဒ အဇ္ဈာသယကို ရယူကာ စရိုက်နှင့် လိုက်လျောအောင် ပြဿနာကို မေးနိုင်သောသူ တဦးတယောက်များ ရှိလေ၏လော”ဟု ဆင်ခြင်တော်မူလတ်သော် ထိုရဟန်းငါးရာတို့အနက် တပါးမျှလည်း မစွမ်းနိုင်ဟု သိမြင်တော်မူလေ၏။ ထို့နောင်မှ မဟာသာဝကကြီး ရှစ်ဆယ်တို့ကို၎င်း, အဂ္ဂသာဝက နှစ်ပါးတို့ကို၎င်း “မေးနိုင်ကြလိမ့်မည်လော”ဟု နှလုံးသွင်း ဆင်ခြင်တော်မူပြန်သောအခါ “ထို မဟာ, အဂ္ဂသာဝကကြီးတို့လည်း မစွမ်းနိုင်ကြချေ”ဟု မြင်တော်မူ၍ “အကယ်၍ ပစ္စေကဗုဒ္ဓါ တဆူဆူရှိခဲ့လျှင် ထိုပစ္စေကဗုဒ္ဓါအရှင်သည် မေးနိုင်လိမ့်မည်လော”ဟု ကြံစည် ဆင်ခြင်တော်မူပြန်လေ၏။

“ပစ္စေကဗုဒ္ဓါ သည်လည်း မစွမ်းနိုင်”ဟု သိတော်မူ၍ “သိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင် တဦးဦးသည် မေးစွမ်းနိုင်မည်လော”ဟု နှလုံးသွင်း ဆင်ခြင်တော်မူပြန်လေသည်။ မှန်၏- ထိုသိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင် တဦးဦးသည် အကယ်၍ မေးစွမ်းနိုင်ငြားအံ့၊ ထိုမေးစွမ်းနိုင်သူကို မေးစေပြီးမှ ဘုရားကိုယ်တော်မြတ်သည် ဖြေတော်မူလေရာ၏။ ထိုသိကြားမင်း, သုယာမနတ်မင်း စသည်တို့တွင်လည်း တဦးမျှ မေးလျှောက်ခြင်းငှါ မစွမ်းနိုင်ချေ။

ထိုအခါ မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်ဝယ် ဤသို့ အကြံဖြစ်ပြန်လေသည် “ငါသို့သော ဘုရားရှင်သည်သာလျှင် ထိုနတ်ဗြဟ္မာတို့၏ အဇ္ဈာသယကို ရယူကာ စရိုက်နှင့် လိုက်လျောအောင် အမေးပုစ္ဆာ ပြဿနာကို မေးမြန်းခြင်းငှါ စွမ်းနိုင်လေရာ၏။ တစုံတခုသော လောကဓာတ်၌ ငါဘုရားမှတပါး အခြားသော

စာ ၄၀၁

ဘုရားတဆူဆူသည် ရှိလေသလော”ဟု အနန္တလောကဓာတ်တို့၌ အနန္တရွှေဉာဏ်တော်ကို ဖြန့်၍ ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်မြတ်မှတပါး အခြား ဘုရားတဆူကိုမျှ (မရှိသည့်အတွက်) မြင်တော်မမူချေ။

(ယခု ဘုရားဖြစ်တော်မူသောအခါ ကိုယ်တော်မြတ်နှင့်တူသူ အခြားတပါးသော ဘုရားတဆူဆူကိုမျှ (မရှိသည့်အတွက်) တွေ့မြင်တော်မမူရခြင်းကား အထူးတဆန်း မဟုတ်ပါပေ၊ မြတ်စွာဘုရားသည် ယခု နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘဝ ဖွားသစ်စအခါကပင် ကိုယ်တော်မြတ်နှင့် တူတန်သူ နတ်လူတဦးတယောက်ကိုမျှ မတွေ့မမြင်ခဲ့ချေ။ ထို့ကြောင့်ပင် ဖွားသစ်စအခါက “အဂ္ဂေါဟမသ္မိ လောကဿ” အစရှိသော ရဲရဲတောက်စကားတို့ကို ကြုံးဝါးတော်မူခဲ့လေသည်။ ဖွားသစ်စအခါကပင် ကိုယ်တော်နှင့် တူတန်သူ တဦးတယောက်မျှ ရှိတော်မမူသော အလောင်းတော်သူမြတ်အဖို့ရာ ယခု ဘုရားဖြစ်တော်မူသော အခါ၌ကား အဘယ်မှာလျှင် ကိုယ်တော်မြတ်နှင့် တူတန်သူ အခြား ဘုရားတဆူဆူကို တွေ့မြင်နိုင်ချိမ့်မည်နည်း၊ မတွေ့နိုင်သည်သာလျှင်တည်း။)

နိမ္မိတရုပ်ပွါးတော်ကို ဖန်ဆင်းတော်မူခြင်း

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်နှင့်တူသူ အခြားတပါးသော ဘုရားတဆူဆူကိုမျှ (မရှိသည့်အတွက်)တွေ့မြင်တော်မမူ၍ “အကယ်၍ ငါဘုရားကိုယ်တိုင်ပင် မေးပြီး ငါဘုရားကိုယ်တိုင်ပင် ဖြေခဲ့သော် ဤနတ်ဗြဟ္မာအပေါင်းသည် ထိုးထွင်းသိမြင်နိုင်ကြမည် မဟုတ်ချေ၊ စင်စစ်သော်ကား အခြားဘုရားတဆူက မေး၍ ငါဘုရားက ဖြေကြားမှသာလျှင် အံ့ဩဖွယ်လည်း ဖြစ်ချိမ့်မည်၊ နတ်ဗြဟ္မာအပေါင်းတို့လည်း ထိုးထွင်း သိမြင်နိုင်ကြပေလိမ့်မည်။ သို့ရကား ငါဘုရားသည် နိမ္မိတရုပ်ပွါး ဘုရားတဆူကို ဖန်ဆင်းပေအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် အဘိညာဏ်၏ အခြေပါဒဖြစ်သော ရူပါဝစရ(ကြိယာ) စတုတ္ထဈာန်ကို ၀င်စားတော်မူ၍ ထိုဈာန်မှ ထပြီးသော် “သပိတ်သင်္ကန်းကို ကိုင်ယူပုံ, တူရူကြည့်ပုံ, စောင်းငဲ့၍ကြည့်ပုံ, ကွေးပုံ, ဆန့်ပုံ အလုံးစုံပင် ငါဘုရားနှင့် တသားတည်းတူညီသော နိမ္မိတရုပ်ပွါး အခြားဘုရားတဆူ ဖြစ်စေသတည်း”ဟု မဟာကြိယာ ဉာဏသမ္ပယုတ် အဓိဋ္ဌာန်

စာ ၄၀၂

ဇောဝီထိစိတ်တို့ဖြင့် ပရိကံပြုပြီးလျှင် အရှေ့ ယုဂန္ဓိုရ်တောင်ထိပ်အပြင်မှ ထွန်းတက် ဥဒည်ဆဲဖြစ်သော လပြည့်ဝန်းကို ဖောက်ခွဲလျက် ထွက်ပေါ်လာသကဲ့သို့ ရူပါဝစရ(ကြိယာ) စတုတ္ထဈာန် အဘိညာဏ်ဈာန်စိတ်တော်ဖြင့် နိမ္မိတရုပ်ပွါး အခြားဘုရားတဆူကို ဖန်ဆင်းတော်မူလေ၏။

နတ်ဗြဟ္မာတို့ အထူးထူး အကြံဖြစ်ကြခြင်း

နတ်ဗြဟ္မာအပေါင်းသည် ထိုနိမ္မိတရုပ်ပွါး ဘုရားကို မြင်ကြရလေလျှင် “အိုအချင်းတို့.. ပဌမလမှတပါး အခြားလဝန်းကြီးတခု ထွက်ပေါ်ခဲ့ပြန်ပြီတကား”ဟူ၍ ပြောဆိုကြလေသည်။ ထို့နောင်မှ နိမ္မိတရုပ်ပွါး ဘုရားကိုယ်တော်မြတ်သည် လဗိမာန်ကို စွန့်ထားခဲ့၍ တဖြည်းဖြည်း နီးကပ်လာလေသော် “အချင်းတို့.. လဗိမာန်မဟုတ်၊ နေဝန်းကြီး တက်ထွန်းလာလေပြီ”ဟု ပြောဆိုကြပြန်သည်။ တဖန် ရှေးကထက် နီးလာပြန်သော် “အချင်းတို့.. နေဝန်းကြီးမဟုတ်၊ နတ်ဗိမာန်ကြီးတခု ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် နီးသည်ထက် နီးလာပြန်လျှင် “အချင်းတို့.. နတ်ဗိမာန်ကြီးလည်း မဟုတ်ချေ၊ နတ်သားတယောက် ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် ရှေးကထက် နီးလာပြန်လျှင် “အချင်းတို့.. နတ်သားတယောက်မဟုတ်၊ မဟာဗြဟ္မာကြီးတဦး ဖြစ်သည်”ဟု ပြောဆိုကြပြန်၏။ တဖန် ရှေးကထက် နီးသည်ထက် နီးကပ်လာလေလျှင် “အိုအချင်းတို့.. မဟာဗြဟ္မာကြီးလည်း မဟုတ်၊ အခြားတပါးသော ဘုရားတဆူ ကြွလာတော်မူပြီ”ဟု ပြောဆိုကြကုန်၏။

ထိုနတ်ဗြဟ္မာတို့အနက် ပုထုဇန် နတ်ဗြဟ္မာတို့သည် “အချင်းတို့.. ဘုရားတဆူအတွက် ဤမျှများပြားသော စကြဝဠာတိုက်အပြည့် နတ်ဗြဟ္မာတို့၏ အစည်းအဝေး ဖြစ်၍နေလျှင် နှစ်ဆူသော ဘုရားရှင်တို့အတွက်ကား အဘယ်မျှ များပြားလိမ့်မည်ကို မခန့်မှန်းနိုင်အောင်ပင် ရှိချေတော့၏”ဟူ၍ ကြံစည် စဉ်းစားကြကုန်၏။ အရိယာဖြစ်ကြသော နတ်ဗြဟ္မာတို့ကား “လောကဓာတ်တခု၌ ဘုရားနှစ်ဆူ ပွင့်မြဲမဟုတ်ချေ၊ ဧကန်ပင် မြတ်စွာဘုရားရှင်သည်

စာ ၄၀၃

ကိုယ်တော်မြတ်နှင့်တူသော အခြား နိမ္မိတဘုရားတဆူကို ဖန်ဆင်းတော်မူအပ်လေပြီ”ဟူ၍ ကြံစည်ကြလေ၏။

ထို့နောက်မှ နိမ္မိတဘုရားရှင်သည် ထိုနတ်ဗြဟ္မာအပေါင်းတို့ ကြည့်ရှုနေကြစဉ်ပင် မြတ်စွာဘုရားကိုယ်တော်မြတ်၏ အနီးသို့ ကြွရောက်တော်မူလာလတ်၍ မြတ်စွာဘုရားကို ရှိမခိုးပဲ မျက်နှာတူရူမူရာ (မျက်နှာချင်းဆိုင်)အရပ်၌ အညီအမျှ ဖန်ဆင်းအပ်သော နေရာတော်ဝယ် ထိုင်နေတော်မူလေ၏။

မြတ်စွာဘုရားရှင်၏ ကိုယ်တော်၌လည်း မဟာပုရိသလက္ခဏာတော်ကြီး ၃၂-ပါးတို့ ထင်ရှားရှိကုန်၏၊ နိမ္မိတဘုရားရှင်၏ ကိုယ်တော်၌လည်း မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါးတို့ ထင်ရှားရှိကုန်၏။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှလည်း ရောင်ခြည်တော်ခြောက်ပါးတို့ ထွက်ပေါ်ကွန့်မြူးလျက် ရှိကုန်၏။ နိမ္မိတဘုရားရှင်၏ ကိုယ်တော်မှလည်း ရောင်ခြည်တော်ခြောက်ပါးတို့ ထွက်ပေါ်ကွန့်မြူးလျက် ရှိကုန်၏။ မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်တို့သည် နိမ္မိတဘုရားရှင်၏ ကိုယ်တော်၌ ခိုက်လျက် တည်ကုန်၏၊ နိမ္မိတဘုရားရှင်၏ ကိုယ်တော်ရောင်တို့သည်လည်း မြတ်စွာဘုရား၏ ကိုယ်တော်၌ ခိုက်လျက် တည်ကုန်၏။ ထိုရောင်ခြည်တော် ခြောက်သွယ်တို့သည် ပကတိဓာတ်သား မြတ်စွာဘုရား, နိမ္မိတရုပ်ပွါး မြတ်စွာဘုရား = ဤနှစ်ဆူသော ဘုရားရှင်တို့၏ ကိုယ်တော်တို့မှ ကွန့်မြူးထွက်ကြွကြ၍ အကနိဋ္ဌဗြဟ္မာ့ဘုံသို့ ခိုက်ပြီးလျှင် ထိုမှတဖန် ပြန်နစ်ခဲ့၍ နတ်ဗြဟ္မာတို့၏ ဦးခေါင်းစွန်း၌ သက်ဆင်းကြပြီးလျှင် စကြဝဠာတိုက် အနားရေး၌ တည်ကြလေကုန်၏၊ သို့ရကား စကြဝဠာတိုက်ကြီး တခုလုံးသည် ရွှေစင်အတိပြီးသော ကွေးညွှတ်သည့် အချင်ယနယ်တို့ဖြင့် မြှေးယှက်အပ်သော စေတီအိမ်ကဲ့သို့ တင့်တယ်လျက်ရှိပေ၏။

စကြဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ တတိုက်ထည်း၌ စုဝေးကြကုန်လျက်

စာ ၄၀၄

နှစ်ဆူသော ဘုရားရှင်တို့၏ ရောင်ခြည်တော် တိုက်ခန်းအတွင်းသို့ ဝင်ရောက်တည်နေ ကြရလေကုန်၏။

နိမ္မိတဘုရားရှင်သည် ထိုင်လျက်ပင်လျှင် မြတ်စွာဘုရားရှင်၏ ဗောဓိပလ္လင်ဝယ် ကိလေသာ ပယ်တော်မူခဲ့ပုံကို ချီးကျူးထောမနာလျက်-

ပုစ္ဆာမိ မုနိံ ပဟူတပညံ၊

တိဏ္ဏံ ပါရင်္ဂတံ ပရိနိဗ္ဗုတံ ဌိတတ္တံ-

အစရှိသော ဂါထာကို ရွတ်ဆို၍ ပြဿနာ မေးလျှောက်လေသည်။

ပကတိဓာတ်သား မြတ်စွာဘုရားရှင်သည် “နိမ္မိတရုပ်ပွါး ဘုရားရှင် မေးအပ်သည့် ပြဿနာတို့ကို မဖြေကြားမီ (=သမ္မာပရိဗ္ဗာဇနီယသုတ္တန် စသည်တို့ကို မဟောကြားမီ) ရှေးဦးစွာ နတ်ဗြဟ္မာတို့၏ စိတ်နှလုံး ခံ့ကျန်းနူးညံ့ခြင်းစသည် ဖြစ်ရှိရန်အတွက် စည်းဝေးရောက်လာတိုင်းသော နတ်ဗြဟ္မာတို့၏ အမည် အမျိုးအနွယ်တို့ကို မျက်နှာကြီးငယ်မရွေး ဟောကြားပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “အာစိက္ခိဿာမိ ဘိက္ခဝေ ဒေဝကာယာနံ နာမာနိ” အစရှိသော ထိုမဟာသမယသုတ္တန်ကို ဟောကြားတော်မူ၏။

(ဤမဟာသမယသုတ် ပါဠိအနက်အကျယ်ကို ထိုထိုပညာရှင်တို့ သုတ်မဟာဝါပါဠိတော်မှ ထုတ်နုတ်ရေးသားအပ်ပြီး ဖြစ်သဖြင့် ဤကျမ်း၌ မထုတ်ဆောင်တော့ပြီ၊ အလိုရှိမူ ထိုထို မဟာသမယသုတ် ပါဌ်နိဿယများမှ ထုတ်ဆောင် မှတ်သားရာ၏။ ။အထူးအားဖြင့် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် တိုက်အုပ်ဆရာတော် အရှင်နန္ဒိယမထေရ် ရေးသားစီရင်အပ်သော “မဟာသမယသုတ်များ ပါဠိတော် နိဿယနှင့် အဓိပ္ပါယ်ဖွင့်ကျမ်း”၌ မဟာသမယသုတ်နှင့်တကွ ထိုသုတ်၏နောက်ပိုင်း၌ စရိုက်ခြောက်ပါးအားလျော်စွာ ဟောကြားတော်မူအပ်သော သမ္မာပရိဗ္ဗာဇနီယသုတ် အစရှိသော (၆) ခြောက်သုတ်တို့၏ ပါဠိ နိဿယ အဓိပ္ပါယ်တို့ကို အကျယ်တဝင့် ဖွင့်ပြ ရေးသားပြီးဖြစ်၍ ထိုကျမ်းမှ ထုတ်ဆောင် မှတ်သားကုန်ရာ၏)။

စာ ၄၀၅

များစွာသော နတ်ဗြဟ္မာတို့ ကျွတ်ကြခြင်း

မဟာသမယသုတ် ဒေသနာနိဂုံး ပြီးဆုံးလတ်သောအခါ နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏၊ သောတာပန်အရိယာ စသည်တို့၏ အရေအတွက်ကား ပိုင်းခြား၍ မရနိုင်အောင် များလှပေ၏။ (ဤကား သုတ်မဟာဝါ အဋ္ဌကထာ၊ စာမျက်နှာ ၂၈၇၊ ၂၈၈-၌ ဖွင့်ပြချက်တည်း)။

ဆရာတော်ဦးဗုဓ်၏ ရှင်းလင်းချက်

ဤမဟာသမယသုတ် တသုတ်လုံးကိုခြုံ၍ ကြည့်ရှုဆင်ခြင်လျှင် နတ်ဗြဟ္မာတို့၏ အမည် အမျိုး အနွယ်ဟူသော နာမပညတ်ကိုသာ အဓိကအားဖြင့် ဟောကြားထားသည်ကို တွေ့ရှိနိုင်၏။ ထို့ကြောင့်-

“ပရမတ္ထတရားသားကို ဟောကြားချက် မရှိပါပဲလျက် နတ်ဗြဟ္မာများ၏ မျိုးမည်ထွေပြား ဟောကြားကာမျှဖြင့် ထိုနတ်ဗြဟ္မာတို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်မှု (=သောတာပန် အစရှိသော အရိယာဖြစ်မှု) အဘယ်သို့ ဖြစ်နိုင်မည်နည်း”-

ဟူ၍ မေးမြန်းဖွယ် စောဒကတက်ဖွယ်ရှိ၏။ အဖြေကား.. (၁) ထိုနတ်ဗြဟ္မာတို့၏ (မဟာသမယသုတ်ကို ကြားနာရသဖြင့်) ခံ့သောစိတ်, နူးညံ့သောစိတ်, နီဝရဏကင်းသောစိတ်, တက်ကြွသောစိတ်, ကြည်လင်သောစိတ် ရှိကြသည်ကို သိတော်မူ၍ မြတ်စွာဘုရားသည် သာမုက္ကံသိက ဓမ္မဒေသနာ သစ္စာလေးပါးတရားကို ဟောတော်မူသည်။ ထိုစတုသစ္စ ဓမ္မဒေသနာကို ကြားနာရသောကြောင့် နတ်ဗြဟ္မာတို့ အရိယာဖြစ်ကြသည်။ (၂) တနည်း ထိုနတ်ဗြဟ္မာတို့၏ သန္တာန်၌ မဟာသမယသုတ်ကို ကြားနာရသဖြင့် ပီတိ, ပဿဒ္ဓိ, သုခ, သမာဓိ, ယထာဘူတဉာဏ်, နိဗ္ဗိဒါဉာဏ်, ဝိရာဂဉာဏ်, ဝိမုစ္စနဉာဏ် = မဂ်ဉာဏ်, ဝိမုတ္တဉာဏ် = ဖိုလ်ဉာဏ်, ဝိမုတ္တိဉာဏဒဿနခေါ်သော ပစ္စဝေက္ခဏာဉာဏ်

စာ ၄၀၆

ဤတရားအစဉ်များ အကြောင်းအကျိုးဆက်ကာ ဖြစ်သောကြောင့် ထိုနတ်ဗြဟ္မာတို့ အရိယာဖြစ်ကြသည်။

ထို့ကြောင့် ဆရာတော်ဦးဗုဓ်သည် မိမိရေးသားသော မဟာသမယသုတ် နိဿယအမွှန်း၌-

နာမက္ခာနေမှ ယဇ္ဇေဝံ၊

ဓမ္မာဘိသမော ကထံ။

ကလ္လာဒိံ သစ္စဒီပေန၊

နေသံ ပီတာဒိတောပိ ဝါ-

ဟူ၍ ရေးသားတော်မူအပ်လေသည်။ ထိုသို့ ရေးသားရှင်းလင်း ဖော်ပြရခြင်းအတွက် မှီရာသာဓကကိုလည်း-

“ကလ္လစိတ္တံ မုဒုစိတ္တံ ဝိနီဝရဏစိတ္တံ ဥဒဂ္ဂစိတ္တံ ပသန္နစိတ္တံ၊ အထ ယာ ဗုဒ္ဓါနံ သာမုက္ကံသိကာ ဓမ္မဒေသနာ၊ တံ ပကာသေသိ ဒုက္ခံ သမုဒယံ နိရောဓံ မဂ္ဂံ-ဟူသော ပါဠိတော်နည်းကို မှီ၍ (ဒေဝတာနံ စိတ္တကလ္လတာဇနနတ္ထံ)ဟူသော အဋ္ဌကထာ၌ စိတ္တကလ္လ၏ ဥပလက္ခဏဖြစ်ရကား ကလ္လာဒိံ သစ္စဒီပေန ဟူသည်တည်း”-

ဟူ၍ မှာထား ပြဆိုခဲ့လေသည်။

မဟာသမယသုတ်ကို နတ်တို့ ကြည်ညိုလေးမြတ်ကြခြင်း

ဤမဟာသမယသုတ်ကို နတ်တို့သည် ကြည်ညိုလေးမြတ်ကြကုန်၏၊ ထို့ကြောင့် လောကီ လောကုတ္တရာ ချမ်းသာပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာနှင့်စပ်သော တရားစကားကို ဟောကြားရွတ်ဆိုသော ပုဂ္ဂိုလ်သူမြတ်သည် အိမ်သစ်, ကျောင်းသစ်, ရွာသစ်- အစရှိသော နေရာဌာနတို့၌ ဤမဟာသမယသုတ်ကို အဦးအဓိကထား၍ ရွတ်ဆိုသင့်၏။ (အဋ္ဌကထာ)

(ဤ၌။ ။နတ်များ (မဟာသမယသုတ်ကို) ကြည်ညိုလေးမြတ်ကြခြင်း၏ အကြောင်းကို စဉ်းစားဆင်ခြင်သည်ရှိသော်..

စာ ၄၀၇

ဤမဟာသမယ အစည်းအဝေး၌ မြတ်စွာဘုရားရှင်သည် သဘာပတိ (အစည်းအဝေး၏ အကြီးအမှူး) ဖြစ်တော်မူ၏၊ ဤအစည်းအဝေး၌ တန်ခိုးအာနုဘော် သေးသိမ်လှသည့် ဘုမ္မစိုးနတ်တို့မှအစ တန်ခိုးအာနုဘော် အကြီးမားဆုံးဖြစ်သည့် ဟာရိတဗြဟ္မာတိုင်အောင် နတ်ဗြဟ္မာတို့ ပါရှိကြလေသည်။ ဤမဟာသမယသုတ်သည် သဘာပတိ ဖြစ်တော်မူသော မြတ်စွာဘုရားရှင်၏ အစည်းအဝေး စတင်ဖွင့်လှစ်သည့် နှုတ်ဆက် မိန့်ခွန်းတော်သဖွယ် ဖြစ်၏။

ဂုဏ်ကြီးသူ, ဂုဏ်အလယ်အလတ်ရှိသူ, ဂုဏ်သိရ်သေးငယ်သူ လူသုံးမျိုးပါဝင်သော အစည်းအဝေး၌ သဘာပတိဖြစ်သော ပုဂ္ဂိုလ်သည် လူသုံးမျိုးလုံး နှစ်သိမ့်ကျေနပ် အားရစေရန် အစည်းအဝေးဖွင့် နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားလျှင် မျက်နှာဂုဏ်သိရ် သေးငယ်သူ လူအစုမှစ၍ အစဉ်သဖြင့် ပြောကြားမှသာ လူသုံးမျိုးလုံး နှစ်သိမ့်အားရ ကျေနပ်ကြပေမည်၊ မျက်နှာဂုဏ်သိရ် ကြီးမားသူမှစ၍ “ဤအမည်ရှိသော လူကြီးလူကောင်းတို့သည်လည်း ဤအစည်းအဝေးသို့ လာရောက်ကြပါသည်” အစရှိသည်ဖြင့် နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားမိချေလျှင် ဂုဏ်သိရ် သေးငယ်သူတို့အဖို့ စောစီးကပင် စိတ်အားလျော့ခြင်း မနှစ်သိမ့်ခြင်း ဖြစ်နိုင်လေသည်။

ထို့အတူ တန်ခိုးကြီးသူ, တန်ခိုးအလယ်အလတ်ရှိသူ, တန်ခိုးသေးငယ်သူ နတ်ဗြဟ္မာသုံးမျိုးတို့ စည်းဝေးမိသော ဤမဟာသမယ အစည်းအဝေး၌ အစည်းအဝေး၏ သဘာပတိ ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် နှုတ်ဆက် မိန့်ခွန်းစကားသဖွယ်ဖြစ်သော ဤမဟာသမယသုတ်ကို တန်ခိုးအကြီးအမားဆုံးဖြစ်သည့် ဟာရိတဗြဟ္မာမှစ၍ “ဤမဟာသမယ အစည်းအဝေးသို့ ဟာရိတဗြဟ္မာကြီးသည်လည်း ဗြဟ္မာ အပေါင်းခြံရံကာ လာရောက်လေပြီ” အစရှိသည်ဖြင့် တန်ခိုးဂုဏ်သိရ် မျက်နှာကြီးသည့် ဗြဟ္မာများ နတ်များကိုသာ အစအဦးထား၍ ဟောကြားတော်မူခဲ့သော် တန်ခိုးဂုဏ်သိရ် သေးငယ်ကြသည့် ဘုမ္မစိုးနတ်တို့ အဖို့ရာ စောစီးကပင် စိတ်အားလျော့ခြင်း မနှစ်သက်ခြင်း ဖြစ်လေရာ၏။

ယခုမူ ထိုသို့မဟုတ်ပဲ တန်ခိုးဂုဏ်သိရ် သေးငယ်ကြသည့် ဘုမ္မစိုးနတ်တို့ကစ၍ နှုတ်ဆက် မိန့်ခွန်းတော်စကား ဟောကြားတော်မူသောကြောင့် နတ်ဗြဟ္မာသုံးမျိုးလုံးကို နှစ်သိမ့်ကျေနပ် အားရမှုကို ရရှိကြလေသည်။ ဤမဟာသမယသုတ် ဒေသနာဖြင့် မြတ်စွာဘုရားရှင်သည်

စာ ၄၀၈

ထိုထိုအစည်းအဝေး သဘာပတိပြုလုပ်ရမည့် သူတို့အား “နှုတ်ဆက်မိန့်ခွန်းစကား ပြောကြားသောအခါ မျက်နှာဂုဏ်သိရ် သေးငယ်သူတို့မှစ၍ အစဉ်သဖြင့် အထက်သို့ တက်ကာ တက်ကာ မျက်နှာဂုဏ်သိရ် ကြီးသူတို့ကို နောက်ဆုံး၌ထား၍ ပြောကြားမှသာ အစည်းအဝေးပါ လူအားလုံးတို့ နှစ်သိမ့်အားရ ကျေနပ်မှုကို ရရှိကြပေမည်”ဟူသော ဥပဒေသကိုလည်း ပေးတော်မူ၏ဟု မှတ်ယူသင့်သည်။

ဆိုအပ်ပြီးသော စဉ်းစားဆင်ခြင် ဝေဘန်ချက်အရ ဤမဟာသမယသုတ်ကို တန်ခိုးကြီးကြသည့် မဟေသက္ခ နတ်ဗြဟ္မာတို့ကလည်း မိမိတို့အဖို့ရာ ပဓာနဖြစ်သည့် နောက်ပိုင်း၌ ပါရှိကြသဖြင့် နှစ်သိမ့်အားရ ကျေနပ်ကြ ကြည်ညိုလေးမြတ်ကြလေသည်။ တန်ခိုးသေးငယ်သည့် အပ္ပေသက္ခ နတ်တို့ကလည်း မိမိတို့အဖို့ရာ ပွဲဦး အထုတ်ခံရသဖြင့် နှစ်သိမ့်အားရ ကျေနပ်ကြ ကြည်ညိုလေးမြတ်ကြလေသည်။)

ဆိုအပ်ပြီးသော အကြောင်းအရာများအရ နတ်တို့သည် ဤမဟာသမယသုတ်ကို ကြားနာကြကုန်အံ့ဟူ၍ နားစိုက်ထောင်ကြကာ အရပ်လေးမျက်နှာ လှည့်လည်ကျက်စား သွားလာနေထိုင်လျက် ရှိကြလေသည်။ ဤမဟာသမယသုတ်ကို နတ်တို့ ကြည်ညိုလေးမြတ်ကြခြင်း၌ ဤဆိုလတ္တံ့သည်ကား သက်သေဝတ္ထုဖြစ်သည်-

“ကောဋိပဗ္ဗတ”မည်သော တောင်စွန်း ကျောင်းတိုက်ကြီး၌ “နာဂလေဏ”ခေါ်သော ကံ့ကော်ပင်လိုဏ်ဂူတခု ရှိလေသည်။ ထိုလိုဏ်ဂူတံခါးဝအနီး ပေါက်ရောက်သော ကံ့ကော်ပင်ကြီး၌ နတ်သမီးတယောက်သည် နေထိုင်လျက် ရှိလေသည်။ တနေ့သ၌ ရဟန်းငယ်တပါးသည် ထိုလိုဏ်ဂူအတွင်း၌ နေထိုင်လျက် ဤမဟာသမယသုတ်ကို ရွတ်အံ သရဇ္ဈာယ်လေ၏။ နတ်သမီးသည် ရိုသေစွာ နာကြား၍ သုတ္တန်ပြီးဆုံးသောအခါ၌ ကျယ်စွာသောအသံဖြင့် ကောင်းချီးပေး (သာဓုခေါ်)လေသည်။ ထိုအခါ ဤဆိုလတ္တံ့သောအတိုင်း ရဟန်းငယ်နှင့် နတ်သမီးတို့သည် အပြန်အလှန် မေးကြ ဖြေကြလေ၏။

စာ ၄၀၉

(မေး) ယခု သာဓုခေါ်သူကား အဘယ်သူနည်း။

(ဖြေ) အရှင်ဘုရား.. တပည့်တော်မသည် နတ်သမီးဖြစ်ပါသည်ဘုရား။

(မေး) အဘယ့်ကြောင့် သာဓုခေါ်သနည်း။

(ဖြေ) အရှင်ဘုရား.. မြတ်စွာဘုရားသည် မဟာဝုန်တော၌ ထိုင်နေတော်မူကာ မဟာသမယသုတ်ကို ဟောကြားတော်မူသောနေ့၌ တကြိမ်ကြားနာခဲ့ပြီးနောက် ယနေ့မှတဖန် ကြားနာရပြန်ပါသည်။ အရှင်ဘုရားများသည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်မှ အက္ခရာတလုံးမျှကိုသော်လည်း မယုတ်လျော့ မယိုယွင်းစေပဲ ဤတရားကို ကောင်းစွာ သင်ကြားအပ်ပါပေသည်။ (ထိုကြောင့် သာဓုခေါ်ပါသည်ဘုရား)။

(မေး) မြတ်စွာဘုရားရှင် ဟောကြားတော်မူစဉ်က သင်နတ်သမီးကိုယ်တိုင် ကြားနာခဲ့ရပါသလော။

(ဖြေ) ကိုယ်တိုင် ကြားနာခဲ့ရပါသည်ဘုရား။

(မေး) မဟာသမယသုတ်ကို မြတ်စွာဘုရား ဟောကြားတော်မူသောအခါက ကြီးစွာသော နတ်ဗြဟ္မာ အစည်းအဝေးကြီး ဖြစ်သည်တဲ့၊ သင်နတ်သမီးသည် အဘယ်အရပ်၌ တည်လျက် ကြားနာခဲ့ရသနည်း။

(ဖြေ) အရှင်ဘုရား.. တပည့်တော်မသည် ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီး၌နေသော နတ်သမီးဖြစ်ပါသည်။ သို့သော်လည်း တန်ခိုးကြီးသော နတ်ဗြဟ္မာတို့ လာရောက်ကြသောအခါ ဇမ္ဗူဒိပ်၌ နေရာကို မရနိုင်ပဲ ဤသီဟိုဠ်ကျွန်းသို့ လာခဲ့၍ ဇမ္ဗုကောလဆိပ်ကမ်း၌ ရပ်တည်လျက် တရားနာရန် အားထုတ်နေစဉ် ထိုဇမ္ဗုကောလ ဆိပ်ကမ်း၌လည်း တန်ခိုးကြီးသောနတ်တို့ လာရောက်ကြပြန်သော် အစဉ်သဖြင့် နောက်သို့ဆုတ်ကာ နေရာပေးခဲ့ရ၍ ရောဟဏဇနပုဒ် မဟာဂါမ၏ နောက်ဖက်မှာရှိသည့်

စာ ၄၁၀

သမုဒြာအတွင်း လည်ပင်းပမာဏရှိသော ရေသို့ သက်ဆင်းကာ ထိုအရပ်၌တည်လျက် နာခဲ့ရပါသည်ဘုရား။

(မေး) အိုနတ်သမီး.. သင်နတ်သမီး ရပ်တည်သော နေရာမှ အလွန်ဝေးကွာသော (မဟာဝုန်တော)အရပ်၌ နေတော်မူသော မြတ်စွာဘုရားကို သင်မြင်ရပါ၏လော။

(ဖြေ) အရှင်ဘုရား.. အဘယ်သို့ ပြောဆိုလိုက်သနည်း (=အို မြင်ရတာပ အရှင်ဘုရား.. ဘယ့်နှယ် အမိန့်ရှိလိုက်သည်နည်း) မြတ်စွာဘုရားသည် မဟာဝုန်တော၌ တရားဟောတော်မူစဉ် တပည့်တော်မကို အမြဲမပြတ် ကြည့်တော်မူသည်ဟုပင် ထင်ရပါသည်၊ တပည့်တော်မမှာ ကြောက်လည်း ကြောက်, ရှက်လည်း ရှက်နိုးကာ လှိုင်းတံပိုးတို့အကြား၌ ပုန်း၍နေရလုမတတ် ရှိပါသည်ဘုရား။

(မေး) အို နတ်သမီး.. ထို (မဟာသမယသုတ်ကို ဟောကြားတော်မူသော)နေ့၌ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်သည်တဲ့။ သင်နတ်သမီးတို့သည်လည်း ထိုအခါက အရဟတ္တဖိုလ်သို့ ရောက်ခဲ့ကြပါသလော။

(ဖြေ) အရဟတ္တဖိုလ်သို့ ရောက်ခဲ့သည် မဟုတ်ပါဘုရား။

(မေး) သို့ဖြစ်လျှင် အနာဂါမိဖိုလ်သို့ ရောက်ခဲ့ကြသည်ထင်တယ်။

(ဖြေ) ရောက်ခဲ့သည် မဟုတ်ပါဘုရား။

(မေး) သို့ဖြစ်လျှင် သကဒါဂါမိဖိုလ်သို့ ရောက်ခဲ့ကြသည်ထင်တယ်။

(ဖြေ) ရောက်ခဲ့သည် မဟုတ်ပါဘုရား။

စာ ၄၁၁

(မေး) အို နတ်သမီး.. (မဟာသမယသုတ်ကို နာကြားရသည့်အတွက်) အောက်မဂ်သုံးပါးသို့ ရောက်ကြသော နတ်ဗြဟ္မာတို့ကား အရေအတွက်သင်္ချာကို လွန်မြောက်ကုန်၏ (=မရေတွက်နိုင်ဘူး)တဲ့၊ သင်နတ်သမီးတို့သည် သောတာပန် ဖြစ်ခဲ့ကြသည်ထင်တယ်။

(ဖြေ) (နတ်သမီးသည် ထိုနေ့က သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့သူဖြစ်သောကြောင့် ရှက်နိုးကာ) အရှင်ဘုရားသည် မမေးသင့်သည်ကို မေးတော်မူဘိ၏-ဟု (မတင်မကျ ပြန်ကြား လျှောက်ထားလေသည်)။

ထို့နောင်မှ ရဟန်းငယ်က နတ်သမီးကို “အို နတ်သမီး.. သင်၏ကိုယ်ကို ငါတို့အား ပြနိုင်ပါမည်လော”ဟု ဆိုလေသော် နတ်သမီးသည် “အရှင်ဘုရား.. တကိုယ်လုံးကိုကား မပြနိုင်ပါ၊ လက်ချောင်း တဆစ်မျှကိုကား ပြပါမည်”ဟု ပြောဆိုကာ သံကောက်ပေါက် (သော့ပေါက်)ဖြင့် မိမိ၏လက်ချောင်းကို လိုဏ်အတွင်းသို့ ရှေးရှုသည်ကို ပြုလေ၏။ ထိုအခါ လအထောင် နေအထောင် ထွက်သောအခါကဲ့သို့ လိုဏ်တခုလုံး လင်း၍နေလေ၏။ (ဤ၌ နတ်သမီးသည် တကိုယ်လုံးကို ပြနိုင်စွမ်းရှိသော်လည်း တကိုယ်လုံးကို ပြလိုက်က ရဟန်းငယ်အား သာသနအန္တရာယ် ဖြစ်ဖွယ်ရှိသဖြင့် ထိုအန္တရာယ်ကို ကာကွယ် ပယ်ရှားလိုသောကြောင့် “အရှင်ဘုရား.. တကိုယ်လုံးကိုကား မပြနိုင်ပါ”ဟူ၍ လိမ္မာစွာ လျှောက်ထားခြင်းဖြစ်သည်)။

ထို့နောင်မှ နတ်သမီးသည် “အရှင်ဘုရားတို့.. ရဟန်းတရားကို မမေ့မလျော့ အားထုတ်တော်မူရစ်ကြပါဘုရား”ဟု လျှောက်ထားပြီးလျှင် ရဟန်းငယ်ကို ရှိခိုး၍ ဖဲခွါ ကွယ်ပျောက်သွားလေ၏။

ဤသို့လျှင် ဤမဟာသမယသုတ်ကို နတ်ဗြဟ္မာတို့သည် လွန်စွာ ကြည်ညိုလေးမြတ်ကြကုန်၏။

စာ ၄၁၂

စရိုက်အားလျော်စွာ တရားကို ဟောကြားတော်မူခြင်း

မြတ်စွာဘုရားရှင်သည် မဟာသမယသုတ်ကို ဟောကြားတော်မူပြီးနောက် ထိုအစည်းအဝေးမှာပင်-

(၁) ရာဂစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်ကို (နိမ္မိတရုပ်ပွါး ဘုရားရှင်ကမေး၍ ပကတိဓာတ်သား မြတ်စွာဘုရားက ဖြေကြားလျက်) ဟောကြားတော်မူသည်။ ထိုသမ္မာပရိဗ္ဗာဇနီယသုတ္တန် ဒေသနာအဆုံး၌ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ ရောက်ကြသည်။ သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်တို့သို့ ရောက်ကြသော နတ်ဗြဟ္မာတို့ကား မရေမတွက် နိုင်၊ များလှစွာကုန်၏။

(၂) ဒေါသစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် ကလဟဝိဝါဒသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

(၃) မောဟစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် မဟာဗျူဟသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

(၄) ဝိတက်စရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

(၅) သဒ္ဓါစရိုက် ပြောများသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋကပဋိပဒါကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

(၆) ဗုဒ္ဓိစရိုက် (=ပညာစရိုက်) ပြောများသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်ကို ရှေးနည်းအတူ ဟောကြားတော်မူ၍ ရှေးနည်းအတူပင် နတ်ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြသည်။

စာ ၄၁၃

(ဤသုတ္တန်ခြောက်မျိုး၏ အနက်အဓိပ္ပါယ် အကျယ်ကို ပိဋကတ်တော် မြန်မာပြန် သုတ္တနိပါတ် ပါဠိတော်မှဖြစ်စေ (အထူးအားဖြင့်) ပခုက္ကူဆရာတော် အရှင်နန္ဒိယမထေရ်မြတ် ရေးသားစီရင်တော်မူအပ်သော “မဟာသမယသုတ် ပါဠိတော် နိဿယနှင့် အဓိပ္ပါယ်ဖွင့်ကျမ်း”မှဖြစ်စေ ထုတ်နုတ်မှတ်ယူရာ၏)။

ဤတွင် အခဏ်း ၂၂-ပြီး၏။

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၃၊ စာ ၃၄၅)