မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၄၊ အခဏ်း-၃၄၊ စာမျက်နှာ ၃၀၈–၃၆၁
ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ
အမည်သုံးပါး ခေါ်ဆိုခြင်း
ဤသုတ္တန်ကို (၁) ဝိဇယသုတ္တန်ဟူ၍၎င်း (၂) ကာယဝိစ္ဆန္ဒနိကသုတ္တန်ဟူ၍၎င်း (၃) နန္ဒသုတ္တန်ဟူ၍၎င်း အမည်သုံးပါးဖြင့် ခေါ်ဆိုအပ်လေသည်။ အကြောင်းကား-
(၁)(၂) ကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို အောင်နိုင်ကြောင်း ဖြစ်သောကြောင့် ဝိဇယသုတ္တန်ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို ဖြတ်ပယ်ကြောင်း ဖြစ်သောကြောင့် ကာယဝိစ္ဆန္ဒနိကသုတ္တန် (တနည်း) ကာယဝိစ္ဆိန္ဒနိကသုတ္တန်ဟူ၍ ခေါ်ဆိုအပ်သည်။
(၃) ဤသိရိမာ ပြည့်တန်းဆာမ အဋ္ဌုပ္ပတ်ကား ဤသုတ္တန်ကို နှစ်ကြိမ်မြောက် (=ဒုတိယ) ဟောဆိုကြောင်း အဋ္ဌုပ္ပတ်ဖြစ်သည်။ ပဌမအဋ္ဌုပ္ပတ်မှာ ဇနပဒကလျာဏီ နန္ဒာထေရီမကို အကြောင်းပြု၍ သာဝတ္ထိပြည်၌ ဤသုတ္တန်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်။ ထို့ကြောင့် ဤသုတ္တန်ကို နန္ဒသုတ္တန်ဟူ၍လည်း ခေါ်ဆိုအပ်သည်။
ချဲ့ဦးအံ့- ဤဝိဇယသုတ္တန်ကို (၁) သာဝတ္ထိပြည်၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ပဌမအကြိမ် ဟောတော်မူသည်။ (၂) ရာဇဂြိုဟ်ပြည်၌ သိရိမာ ပြည့်တန်းဆာမကို အကြောင်းပြု၍ ဒုတိယအကြိမ် ဟောတော်မူသည်။ ထိုတွင် ဒုတိယအကြိမ် ဟောတော်မူကြောင်းကို ရေးသားဖော်ပြပြီးပြီ၊ ပဌမအကြိမ် ဟောတော်မူသော အကြောင်းအရာ အဋ္ဌုပ္ပတ္တိမှာ-
မြတ်စွာဘုရားရှင်သည် အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ပဌမအကြိမ် ကြွရောက်၍ သာကီဝင်မင်းတို့ကို ဆုံးမတော်မူပြီးလျှင် နန္ဒမင်းသား- စသည်တို့ကို ရဟန်းပြုပေးတော်မူပြီးနောက် (၅-ဝါအရောက်တွင်) မာတုဂါမများကို ရဟန်းပြုရန် ခွင့်ပြုတော်မူလတ်သော်-
(၁) အရှင်အာနန္ဒာမထေရ်၏ နှမနန္ဒာ,
(၂) ခေမကသာကီဝင်မင်း၏သမီး အဘိရူပနန္ဒာ,
(၃) နန္ဒမင်းသား၏ဇနီးလျာ ဇနပဒကလျာဏီနန္ဒာ-
ဟူသော နန္ဒာ (သာကီဝင်)မင်းသမီး သုံးယောက်တို့သည်လည်း ရဟန်းမ ပြုကြကုန်၏။
ထိုမင်းသမီးတို့ ရဟန်းမ ပြုလုပ်ကြသောအခါ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူဆဲဖြစ်၏၊ ထိုမင်းသမီးတို့အနက် (၂) အဘိရူပနန္ဒာကား လွန်စွာ အဆင်းလှသောကြောင့် အဘိရူပနန္ဒာဟု တွင်သည်၊ (၃) ဇနပဒကလျာဏီ နန္ဒာသည်လည်း အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်၊ ထိုဘိက္ခုနီ ရဟန်းမ နှစ်ယောက်လုံးတို့ပင် အဆင်းမာန် ယစ်ကြသောကြောင့် “မြတ်စွာဘုရားသည် အဆင်းကို ကဲ့ရဲ့တော်မူ၏၊ များစွာသော အကြောင်းဖြင့် အဆင်း၌ အပြစ်ကို ပြတော်မူ၏”ဟု အောက်မေ့ကြကာ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်ရန် မသွားကြကုန်၊ ဖူးမြော်ခြင်းငှာလည်း အလိုမရှိကြကုန်။
(ယင်းသို့ဖြစ်လျက် အဘယ့်ကြောင့် ရဟန်းမ ပြုကြသနည်းဟု မေးရန်ရှိ၏။ အဖြေကား.. လူ့ဘောင်မှာ မှီခိုကိုးစား အားထားရာ မရှိသောကြောင့် ရဟန်းမ ပြုကြခြင်းဖြစ်သည်။
ထင်ရှားစေဦးအံ့- အဘိရူပနန္ဒာ သာကီဝင်မင်းသမီး၏ လင်ယောက်ျားဖြစ်သော သာကီဝင်မင်းသားသည် ထိမ်းမြားသော နေ့မှာပင် သေလွန်လေသည်၊ ထိုအခါ မိဖတို့သည် အဘိရူပနန္ဒာကို သူမ အလိုမရှိပဲလျက်ပင် ဘိက္ခုနီမ ပြုလုပ်ပေးကြလေသည်။
ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မျှော်လင့်ချက်အာသာ ကင်းပြတ်သည်ဖြစ်၍ “ငါ၏အရှင်သခင် နန္ဒမင်းသားသည်၎င်း, မယ်တော် မဟာပဇာပတိ ဂေါတမီသည်၎င်း, အခြားတပါးသော သာကီဝင် ဆွေမျိုးတို့သည်၎င်း ရဟန်းပြုကြလေပြီ၊ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်းသည် ဆင်းရဲလှ၏”ဟု စဉ်းစားမိကာ အိမ်ရာတည်ထောင် လူ့ဘောင်ဝယ် နေခြင်း၌ သက်သာရာကို မရသည်ဖြစ်၍
ရဟန်းမ ပြုလုပ်လေသည်။ ထိုသူမ နှစ်ဦးလုံးပင် သဒ္ဓါ၍ ရဟန်းမ ပြုကြသည်မဟုတ်)။
ထို့နောက် မြတ်စွာဘုရားရှင်သည် ထိုဘိက္ခုနီမ နှစ်ဦးတို့၏ ဉာဏ်ရင့်ကျက်ခြင်းကို သိတော်မူ၍ “အားလုံးသော ဘိက္ခုနီမတို့သည် အစဉ်အတိုင်း အဆုံးအမခံယူရန် လာရောက်ကြရမည်”ဟု မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရ်ကို မိန့်တော်မူ၏၊ ထိုဘိက္ခုနီမ နှစ်ဦးတို့ကား မိမိတို့အလှည့် ရောက်လတ်သော် သူတပါးကို ကိုယ်စားပြုကာ စေလွှတ်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “အလှည့်ရောက်လျှင် ကိုယ်တိုင်လာရမည်။ သူတပါးကို မစေလွှတ်ရ”ဟု ထပ်၍ မိန့်တော်မူရပြန်၏။
ထို့နောက် တနေ့သ၌ အဘိရူပနန္ဒာ ထေရီမသည် မြတ်စွာဘုရားရှင်ထံတော်သို့ အဆုံးအမခံယူရန် လာရောက်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုအဘိရူပနန္ဒာ ထေရီမကို ဖန်ဆင်းအပ်သော နိမ္မိတမိန်းမရုပ်အဆင်းဖြင့် ထိတ်လန့်သံဝေဂ ရစေတော်မူ၍-
အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။
(နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ ကဋ္ဌာနိ = သစ်တို့ကို။ ဥဿာပေတွာ = စိုက်ထူ၍။ ဝလ္လိဗဒ္ဓံ = ကြိမ်နွယ်ဖြင့် ဖွဲ့အပ်သော။ မတ္တိကာလေပနံ = မြေစိုင်ဖြင့် လိမ်းကျံအပ်သော။ နဂရံ = ကောက်ပဲထည့်ရာ ပကတိသော ကျီကြအိမ်ကို။ ကရောန္တိ ယထာ = ပြုကုန်သကဲ့သို့။ တထာ = ထို့အတူ)။ အဋ္ဌီနံ = သုံးရာသော အရိုးတို့ကို။ (ဥဿာပေတွာ = စိုက်ထူ၍။ နှာရုဝိနဒ္ဓံ = ကိုးရာသော အကြောတို့ဖြင့် ဖွဲ့ယှက် ရစ်ပတ်အပ်သော)။ မံသလောဟိတလေပနံ = ကိုးရာသော အသားတစ်, တပြည်မျှလောက်သော သွေးတို့ဖြင့် လိမ်းထေးမွမ်းမံ ကျံအပ်ပေထသော။ နဂရံ = ခန္ဓာကိုယ်တည်းဟူသော ကျီကြအိမ်ကို။ ကတံ = တဏှာယောက်ျား လက်သမားသည်
တည်ထား ဆောက်လုပ်အပ်ပြီ။ ယတ္ထ = အကြင် ခန္ဓာအိမ်၌။ ဇရာ စ = ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်း = ဇရာတရားကို၎င်း။ မစ္စု စ = စုတိပြတ်ကြွေ သေလွန်ခြင်း = မရဏတရားကို၎င်း။ မာနော စ = ဝင့်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်း = မာနတရားကို၎င်း။ မက္ခော စ = ကောင်းစွာပြုဘူး သူ့ကျေးဇူးကို ချေဖျက်ခြင်း = မက္ခတရားကို၎င်း။ ဩဟိတော = ထည့်သွင်းသိုလှောင်၍ ထားအပ်၏။ ။ဤသို့လာသော ဓမ္မပဒဂါထာဖြင့်၎င်း -
အာတုရံ အသုစိံ ပူတိံ၊
ပဿ နန္ဒေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊
ဗာလာနံ အဘိပတ္ထိတံ။ (*)
အနိမိတ္တဉ္စ ဘာဝေဟိ၊
မာနာနုသယမုဇ္ဇဟ။
တတော မာနာဘိသမယာ၊
ဥပသန္တာ စရိဿသိ။
နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ ဥဂ္ဃရန္တံ = အထက်သို့လည်း လျှံတက်ယိုစီးသော။ ပဂ္ဃရန္တံ = အောက်သို့လည်း လျှောကျယိုစီးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ (တံ = ထိုခန္ဓာကိုယ်ကို)။ ဗာလာနံ = သူမိုက်တို့သည်။ အဘိပတ္ထိတံ = လွန်စွာခုံမက် နှစ်သက် တောင့်တအပ်ပေ၏။
(*) ဤဂါထာ နောက်ထက်ဝက်မှာ ထေရီဂါထာ၌ “အသုဘာယ စိတ္တံ ဘာဝေဟိ၊
ဧကဂ္ဂံ သုသမာဟိတံ”ဟူ၍ လာရှိသည်။ ထိုသို့ လာရှိသောအလို- “နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ ဧကဂ္ဂံ = ဥပစာရသမာဓိဖြင့် တခုသောအာရုံရှိသော။ သုသမာဟိတံ = အပ္ပနာသမာဓိဖြင့် ကောင်းစွာ တည်ကြည်ခြင်းရှိသော။ အသုဘာယ စိတ္တံ = သဝိညာဏက အသုဘဈာန်စိတ်ကို။ ဘာဝေဟိ = ပွါးများလေလော့”ဟူ၍ အနက်ယောဇနာရာ၏။
နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အနိမိတ္တဉ္စ = အနိမိတ္တ အမည်ရသည့် အနိစ္စဘာဝနာ, ဒုက္ခဘာဝနာ, အနတ္တဘာဝနာကိုလည်း။ ဘာဝေဟိ = မနေမနား (သင်ချစ်သမီး) ပွါးများလေလော့။ မာနာနုသယံ = အနမတဂ် သံသာစက်မှ ငုပ်လျက်ကိန်းပါ ငါဟူ၍ မှတ်ထင်မှု = မာနာနုသယကို။ ဥဇ္ဇဟ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်လော့။ တတော မာနာဘိသမယာ = ထိုသို့ မာနာနုသယကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်ရသောကြောင့်။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းသည်ဖြစ်၍။ စရိဿသိ = သင်ချစ်သမီး နေရလိမ့်သတည်း။-
ဤသို့လာသော ထေရီဂါထာတို့ဖြင့်၎င်း အဆုံးအမ ဩဝါဒ ပေးတော်မူသဖြင့် အဘိရူပနန္ဒာထေရီ ဘိက္ခုနီမကို အစဉ်အတိုင်း အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ ။(ဤကား အဘိရူပနန္ဒာထေရီမ အကြောင်းတည်း)။
ဇနပဒကလျာဏီ နန္ဒာထေရီမကို အရဟတ္တဖိုလ်၌ တည်စေတော်မူခြင်း
တနေ့သ၌ သာဝတ္ထိပြည်သူ လူအပေါင်းတို့သည် နံနက်အခါ အလှူကိုပေးကြ၍ ဥပုသ်ဆောက်တည်ကြပြီးလျှင် ကောင်းစွာ ဝတ်ရုံကုန်လျက် နံ့သာ,ပန်း-စသည်တို့ကို ယူဆောင်ကြကာ တရားနာရန် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် တရားနာမှု ပြီးဆုံးသောအခါ၌ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီး မြို့တွင်းသို့ တဖန်ပြန်၍ ဝင်ကြကုန်၏။ ဘိက္ခုနီမအပေါင်းသည်လည်း တရားနာပြီးလျှင် ဘိက္ခုနီမကျောင်းတိုက်သို့ ပြန်သွားကြလေ၏။
ထို သာဝတ္ထိ ပြည်အတွင်းဝယ် လူအများရော ဘိက္ခုနီမများပါ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ပြောကြားကြသည်မှာ-
“ရူပ, ဃောသ, လူခ, ဓမ္မ = လေးဌာနတို့ ပမာဏဂရု အလေးပြု ကြည်ညိုကြသည့် နတ်လူအစုအဝေး၌ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရလျှင် မကြည်ညိုသောသူဟူ၍ မရှိချေ။
ထင်ရှားစေရမည်ဆိုလျှင်- (၁) ရုပ်ရည်အဆင်း တင့်တယ်ခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ရူပပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်သော အဆင်းတော်ကို ဖူးမြော်ကြရ၍ ကြည်ညိုကြကုန်၏။
(၂) ဂုဏ်ကျေးဇူးသတင်း ကောင်းခြင်း(နှင့်) အသံကောင်းခြင်း၌ အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိက နတ်လူအပေါင်းတို့သည် များစွာသော ဇာတ်တော်တို့၌ လာရှိသော မြတ်စွာဘုရား အလောင်းတော်၏ ဂုဏ်ကျေးဇူး ကျော်စောသတင်းနှင့်တကွ အင်္ဂါရှစ်ပါးရှိသော မြတ်စွာဘုရားရှင်၏ အသံတော်ကို ကြားနာကြရ၍ ကြည်ညိုကြကုန်၏။
(၃) ပစ္စည်းလေးဖြာ, ကိလေသာ ခေါင်းပါးခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = လူခပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ အသမ္ဘိန္န ခတ္တိယနွယ်စင် သာကီဝင်မင်းသားမြတ် ဖြစ်ပါလျက် ပစ္စည်းလေးပါး ခေါင်းပါးခြိုးခြံပုံ ဒုက္ကရစရိယာ အကျင့်တော်မြတ် ခေါင်းပါးပုံများကို တွေ့သိရ၍ ကြည်ညိုကြကုန်၏။
(၄) သီလ, သမာဓိ, ပညာ-စသော တရားကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ သူမတူတန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ် ငါးပါးတို့အနက် တပါးပါးသော ဓမ္မဂုဏ်ကျေးဇူးကို စူးစမ်းဆင်ခြင်ကြ၍ ကြည်ညိုကြကုန်၏”-
ဤသို့စသည်ဖြင့် နေရာတိုင်းမှာပင် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို တဖွားဖွား ခံတွင်းမဆံ့ ချီးအံ့ပြောဆိုလျက် ရှိကြလေသည်။
(ဤ၌ အထူးမှတ်ဖွယ်ကား- (၁) သတ္တဝါအားလုံးတို့ကို သုံးပုံပုံလျှင် နှစ်ပုံသော သတ္တဝါတို့သည် ရုပ်ရည်အဆင်း တင့်တယ်ခြင်း၌ ကြည်ညိုကြသည့် = ရူပပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏၊ (တရာလျှင် ၆၆-ယောက်ဖြစ်သည်)။ (၂) သတ္တဝါအားလုံးတို့ကို ငါးပုံပုံလျှင် လေးပုံသော သတ္တဝါတို့သည် ကျေးဇူးသတင်း ကောင်းခြင်းနှင့် အသံကောင်းခြင်း၌ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၈၀-ယောက်ဖြစ်သည်)။ (၃) သတ္တဝါအားလုံးတို့ကို ဆယ်ပုံပုံလျှင် ကိုးပုံသော သတ္တဝါတို့သည် ပစ္စည်းလေးဖြာ ကိလေသာ ခေါင်းပါးခြင်း၌ ကြည်ညိုကြသည့် = လူခပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၉၀-ယောက်ဖြစ်သည်။ (၄) သတ္တဝါအားလုံးတို့ကို အပုံတသိန်းပုံလျှင် တပုံသော သတ္တဝါတို့သည် သီလ, သမာဓိ, ပညာတည်းဟူသော တရား၌ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏ (လူတသိန်းမှ တယောက်သာ ဓမ္မပ္ပမာဏိကပုဂ္ဂိုလ် ဖြစ်သည်ဟု ဆိုလိုသည်)။
သတ္တဝါတွေ မည်မျှပင် များနေစေကာမူ ဤနည်းဖြင့် ခွဲဝေလျှင် လေးမျိုးလေးစု၌ အကုန်ဝင်လေ၏။
ထိုသတ္တဝါလေးစုတို့အနက် ဘုရားရှင်တို့အား မကြည်ညိုသူတို့ကား နည်းလှကုန်၏၊ ကြည်ညိုသူတို့သာ များလှကုန်၏။ ထင်ရှားစေဦးအံ့- (၁) ရူပပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရား၏ အဆင်းတော်ထက် ပိုလွန်၍ ကြည်ညိုဖွယ်ကိုဆောင်သော အဆင်းဟူ၍ မရှိ။ (၂) ဃောသပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး ကျော်စောသံ ပကတိအသံတော်တို့ထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အသံဟူ၍ မရှိ။ (၃) လူခပ္ပမာဏိက ပုဂ္ဂိုလ်များ အဖို့ရာမှာလည်း ကာသိတိုင်းဖြစ် နူးညံ့သော အဝတ်များ, စားတော် ရွှေခွက်ကြီးများ, ဥတုသုံးပါးအား လျောက်ပတ်သည့် သုံးဆောင်ဖွယ် ကာမစည်းစိမ်အမျိုးမျိုးနှင့် ပြည့်စုံသော ရွှေနန်းမသုံးဆောင်တို့ကို စွန့်ပယ်၍ ပံသုကူသင်္ကန်း, ကျောက်သပိတ်, သစ်ပင်ရင်းစသော ကျောင်းကို မှီဝဲသုံးဆောင်တော်မူသည့် မြတ်စွာဘုရား၏ ပစ္စည်းလေးပါး ခေါင်းပါးမှုထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား ခေါင်းပါးမှုဟူ၍ မရှိ။ (၄) ဓမ္မပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ တလောကလုံး၌ အတုမရှိသော သီလ-စသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ သီလ-စသော ဂုဏ်ကျေးဇူးထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား သီလ-စသော ဂုဏ်ကျေးဇူးဟူ၍ မရှိ။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စတုပ္ပမာဏိက ဤသတ္တလောကကြီး တခုလုံးကို လက်ဆုပ်ဖြင့် ဆုပ်ကိုင်သိမ်းဆည်း၍ ထားသကဲ့သို့ ဖြစ်ပေ၏။ ။ဤကွင်းအတွင်း စကားရပ်များမှာ အဘိဋ္ဌ၊ ၃၊ စာမျက်နှာ ၈၀, ၈၁-တို့မှ ဖြစ်သည်။ ကျန်သော စကားရပ်စုမှာ သုတ္တနိပါတ် အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၃၄-မှဖြစ်သည်)။
ဇနပဒကလျာဏီ ရူပနန္ဒာ ထေရီမသည် ဘိက္ခုနီမကျောင်းတိုက်သို့ ရောက်လျှင်လည်း များစွာသော အကြောင်းတို့ဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးစကား ပြောကြားကြသော ထိုသူတို့၏စကားကို ကြားရ၍ “ဤသူတို့သည် ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)၏ ဂုဏ်ကို ခံတွင်းမဆံ့ ချီးကျူးပြောဆိုကြ၏။ မြတ်စွာဘုရားသည် တနေ့ပတ်လုံး ငါ့အား အဆင်း၌အပြစ်ကို ဟောတော်မူစေကာမူ အဘယ်မျှ ဟောတော်မူလိမ့်မည်နည်း၊
ငါသည် ရဟန်းမတို့နှင့် အတူတကွသွား၍ ကိုယ်ကိုမပြပဲ မြတ်စွာဘုရားကို ဖူးမြော်ပြီးလျှင် တရားတော်ကိုနာ၍ ပြန်လာရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးသော် “ယနေ့ ငါသည်လည်း တရားနာလိုက်အံ့”ဟု ဘိက္ခုနီမတို့အား ပြောကြားလေ၏။ ဘိက္ခုနီမတို့သည် “ဤရူပနန္ဒာ ဘိက္ခုနီမ၏ မြတ်စွာဘုရားအထံသို့ ဆည်းကပ်ရန် သွားလိုမှုကား အလွန်ကြာမြင့်မှ ဖြစ်ပေါ်လာသည်၊ ယနေ့ မြတ်စွာဘုရားသည် ဤရူပနန္ဒာ ဘိက္ခုနီမကို အကြောင်းပြု၍ နည်းမျိုးစုံစွာ ဆန်းကြယ်သော တရားဒေသနာကို ဟောတော်မူလိမ့်မည်”ဟု အောက်မေ့ ဝမ်းမြောက်ကြကာ ဇနပဒကလျာဏီ ရူပနန္ဒာထေရီကို ခေါ်ဆောင်၍ သွားကြလေကုန်၏။
မြတ်စွာဘုရားရှင်သည် စောစောကပင် ရူပနန္ဒာထေရီမ လိုက်ပါလာသည်ကို ကြိုတင် သိမြင်တော်မူ၍ ဆူး ဖြင့် ဆူးကိုထွင်သော ယောက်ျား, မယ်န (ပရစ်)ဖြင့် မယ်နကိုထုတ်သော ယောက်ျားကဲ့သို့ အဆင်းဖြင့်ပင် ရူပနန္ဒာထေရီမ၏ အဆင်းမာန်ကို ပယ်ဖျောက်တော်မူရန် ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် ၁၅-နှစ် ၁၆-နှစ်အရွယ် အလွန်ရှုချင်ဖွယ်ရှိသော မိန်းမငယ်ကို ကိုယ်တော်မြတ်၏ နံပါးအနီး၌ တည်နေကာ ယပ်လေခပ်နေဟန် ဖန်ဆင်း၍ ထားတော်မူနှင့်၏။
ရူပနန္ဒာထေရီမသည် ဘိက္ခုနီမတို့နှင့် အတူတကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘိက္ခုနီသံဃာအကြား၌ ထိုင်နေလျက်ပင် ခြေတော်ဖျားမှစ၍ ဆံတော်ဖျားတိုင် မြတ်စွာဘုရားရှင်၏ ရူပကာယ အသရေတော်ကို ဖူးမြော်ရ၍၎င်း, တဖန် မြတ်စွာဘုရား၏ နံပါးတော်၌တည်နေကာ ယပ်လေခပ်နေသော ထိုနိမ္မိတ အမျိုးသမီးရုပ်ကို မြင်ရ၍၎င်း “ဩ.. ဤမိန်းမငယ်ကား ရုပ်ရည်အဆင်း တင့်တယ်လှဘိတကား”ဟု ကြံစည်ကာ မိမိ၏ အဆင်းမာန်ကို စွန့်ပယ်၍ ထိုနိမ္မိတအမျိုးသမီး၏ အဆင်း၌ အလွန်တပ်မက်သော အလိုဆန္ဒ ဖြစ်ရှိလာလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုနိမ္မိတမိန်းမကို (တရားဟောရင်းကပင်) အသက်နှစ်ဆယ်အရွယ် ပမာဏရှိသည်ကို ပြု၍ ပြောင်းလဲဖန်ဆင်း ပြတော်မူလေသည်။ မှန်၏- မာတုဂါမသည် ၁၆-နှစ်အရွယ် ရှိစဉ်သာလျှင် တင့်တယ်၏၊ ထိုမှအထက်၌ (၁၆-နှစ်လောက်) မတင့်တယ်တော့ချေ။ သို့ရကား ထိုသို့ ပြောင်းလဲ ဖန်ဆင်းပြတော်မူသောအခါ၌ ထိုနိမ္မိတမိန်းမ၏ ရုပ်ရည်အဆင်း ဆုတ်ယုတ်ခြင်းကို ပက်ပင်းတွေ့မြင်ရ၍ ရူပနန္ဒာထေရီမ၏ သန္တာန်ဝယ် ထိုနိမ္မိတရုပ်၌ တပ်မက်မှု (=ဆန္ဒရာဂ)တရား စောစောကအောက် ပါး၍ ပါး၍ သွားလေ၏။
ထို့နောက် မြတ်စွာဘုရားရှင်သည် သားမဖွားသေးမီ မိန်းမအဆင်း, တကြိမ်သားဖွားပြီးသော မိန်းမအဆင်း, မိန်းမလတ်အဆင်း, မိန်းမကြီးအဆင်း, ဇနောင်ဇနင်ဖြစ်လျက် တောင်ဝှေးကိုလက်စွဲကာ မှည့်မည်းများ တကိုယ်လုံးစွဲကပ်နေသည့် အနှစ်တရာရှိ မိန်းမအိုအဆင်းများကို အစဉ်အတိုင်း ပြောင်းလဲ ပြောင်းလဲ ဖန်ဆင်း၍ ပြပြီးသော် ရူပနန္ဒာထေရီမ ရှုကြည့်နေစဉ်ပင် ထိုနိမ္မိကမိန်းမအို၏ သေခြင်းကို၎င်း, ဖူးဖူးရောင်သောသူကောင် စသည်တို့၏ ကိုယ်ကို၎င်း, ရနံ့ပုပ်လောင်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်ကို၎င်း ဖန်ဆင်း၍ ပြတော်မူလေ၏။
ထိုနိမ္မိတရုပ်အစဉ်ကို မြင်ရလေသော် ဇနပဒကလျာဏီ ရူပနန္ဒာထေရီ၏ စိတ်သန္တာန်ဝယ် “ဤယခု ငါမြင်ရသော မိန်းမအတူပင် ဤဖြစ်စဉ်ကား ငါရောသူပါ အားလုံးသော သတ္တ၀ါ)တို့နှင့် ဆက်ဆံသောသဘော ဖြစ်စွာ့တကား”ဟု ရှုဆင်ခြင်ကာ အနိစ္စသညာ တည်၍ ဖြစ်၍ လာလေ၏။ ထိုအနိစ္စသညာနောက်သို့ အစဉ်လိုက်ကာ ဒုက္ခသညာ အနတ္တသညာတို့လည်း တည်လာ ထင်လာ ဖြစ်ပွါးလာကြလေ၏။ ဘဝသုံးပါးတို့သည် မီးဟုန်းဟုန်း တောက်လောင်သော အိမ်ကဲ့သို့ ကိုးကွယ်ရာမဲ့သောအနေဖြင့် ထင်လာကုန်၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒာဘိက္ခုနီ၏စိတ်ကား ကမ္မဋ္ဌာန်းအလုပ်၌ သက်ဝင်လေပြီ”ဟု သိတော်မူ၍
ထိုနန္ဒာထေရီမအား သင့်လျော်လျောက်ပတ် သပ္ပါယဖြစ်သော အစွမ်းဖြင့် ဤတရားဂါထာတို့ကို ဟောတော်မူ၏-
အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။
ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။
ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တာ စရိဿသိ။
(ပဌမဂါထာအနက်ကို ရှေးစာမျက်နှာ ၃၄၇-၌ ကြည့်လေ)။
နန္ဒေ = ချစ်သမီး ရူပနန္ဒာ..။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ အနိစ္စာဒိဓမ္မံ ယထာ = အနိစ္စစသော သဘောရှိသကဲ့သို့။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ တထာ = ထို့အတူ အနိစ္စစသော သဘောရှိ၏။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ ဥဒ္ဓုမာတကာဒိဘာဝပ္ပတ္တံ ယထာ = အစဉ်အတိုင်း အရွယ်အစုစု အနုအရင့်တွေကိုစွန့်ကာ ဖူးဖူးရောင်သော သူကောင်စသည် အဖြစ်သို့ ရောက်သကဲ့သို့။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ တထာ = ထို့အတူ အရွယ်အစုစု အနုအရင့်တွေကိုစွန့်၍ ဖူးဖူးရောင်သော သူကောင်- စသည်အဖြစ်သို့ ရောက်သည်။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်လတ္တံ့။ (တွံ = သင်ချစ်သမီးသည်။ ကာယဒွယံ = အဇ္ဈတ္တ,ဗဟိဒ္ဓ ကိုယ်ကာယနှစ်ပါးအပေါင်းကို)။ ဓာတုတော = ပထဝီဓာတ်စသောအားဖြင့်။ သုညတော = အတ္တ, အတ္တနိယ စသည်မှ ဆိတ်သုဉ်းသောအားဖြင့်။ ပဿ-ပဿာဟိ = ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုလေလော့။ လောကံ = ဥပါဒါနက္ခန္ဓာ တည်းဟူသော လောကသို့။ မာ ပုန အာဂမိ = တဖန်ထပ်လှောက် ချစ်သမီး မလာရောက်ချင်လင့်။ ဘဝေ = ကာမ,ရူပ, အရူပအား ဘဝသုံးပါး၌။ ဆန္ဒံ = တွယ်တာခုံမက် တပ်နှစ်သက်သည့်
တဏှာဆန္ဒကို။ ဝိရာဇေတွာ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ဖြတ်ရှင်း ကင်းစေ၍။ ဝါ- ကင်းစေသည်ရှိသော်။ (တွံ = သင်ချစ်သမီးသည်)။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းသည်ဖြစ်၍။ စရိဿသိ = ချမ်းကြည်အေးမြ နေရလိမ့်သတည်း။
ဂါထာအဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို့နောက်မှ မြတ်စွာဘုရားရှင်သည် ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား အထက်မဂ်ဖိုလ်တို့ကို ရစေရန် သုညတအခြံအရံရှိသည့် ဝိပဿနာကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ ဤဝိဇယသုတ္တန်ကို (ရှေး၌ ဆိုအပ်ပြီးသောအတိုင်း) ဟောတော်မူ၏။
(မြတ်စွာဘုရားရှင်သည် ဤဝိဇယသုတ္တန်ကို (၁)ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား ပဌမအကြိမ် ဟောတော်မူသည်ကား ၅-ဝါ, ၆-ဝါရ အချိန်လောက်တွင်ဖြစ်သည်။ (၂) သိရိမာ၌ တပ်မက်သည့်ရဟန်းကို အကြောင်းပြု၍ ဒုတိယအကြိမ် ဤဝိဇယသုတ္တန်ကို ဟောတော်မူသည်ကား သတ္တရသမ = ဆယ့်ခုနစ်ဝါမြောက်၌ ဖြစ်သည်)။
ဤဝိဇယသုတ္တန်ကို ပဌမအကြိမ် ဟောတော်မူသော အဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် “အိုး.. မိုက်လှချည့်တကား၊ အကြင်ငါသည် ငါ့ကိုပင် အာရုံပြု၍ ကရုဏာကြီးစွာဖြင့် ဤသို့စင် အထူးထူးသော တရားဒေသနာကို ဟောတော်မူသော ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)အား ဆည်းကပ်ရန် မလာရောက်မိချေပြီတကား”ဟု ပြင်းစွာထိတ်လန့်ခြင်း သံဝေဂသို့ ရောက်ရှိလေသည်။
ဤသို့ ထိတ်လန့်ပြီးလျှင် ထိုဝိဇယသုတ္တန် တရားဒေသနာကိုပင် အဖန်ဖန် နှလုံးသွင်း၍ သုညတကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား နှစ်ရက်သုံးရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသတည်း။
ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ ပြီး၏။
**********
ဧကဥပါသကဝတ္ထု
မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း သတ္တရသမ = ဆယ့်ခုနစ်ခုမြောက်ဝါကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကပ်ဆိုတော်မူ၍ ဝိဇယသုတ္တန် အစရှိသော ထိုထိုတရားဒေသနာဖြင့် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဟောကြား ချေချွတ်တော်မူကာ ဝါကျွတ်သောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီ၍ သာဝတ္ထိပြည်သို့ ရောက်တော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး စံနေတော်မူ၏။
ထိုအခါ တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော်မူလျက်ပင် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် အာဠဝီပြည်သား ဆင်းရဲသားတယောက်ကို မြင်တော်မူ၍ ထိုဆင်းရဲသား၏ သောတာပတ္တိမဂ်ဖိုလ်ကို ရရောက်ကြောင်း ရှေးကောင်းမှုကို သိတော်မူပြီးလျှင် ရဟန်းငါးရာ ခြံရံလျက် အာဠဝီပြည်သို့ ကြွချီတော်မူလေ၏။ အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း ယဉ်ကျေးပြီးသော ဗုဒ္ဓဘာသာ သမ္မာအယူ ရှိသူများပြီပြီ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်များကို ဆွမ်းပြုစုလုပ်ကျွေးရန် ရိုသေစွာ ပင့်ဖိတ်ကြလေကုန်၏။
ထိုဆင်းရဲသားသည်လည်း “မြတ်စွာဘုရားရှင် ကြွလာပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ “ငါသည် မြတ်စွာဘုရားရှင်အထံတော်၌ တရားတော်ကို နာရပေတော့အံ့”ဟု ကြိုတင် ဝမ်းမြောက်ကာ နှလုံးသွင်းထားလေသည်။ ထူးခြားသော ဖြစ်ရပ်တခုမှာ မြတ်စွာဘုရားရှင် မြို့တွင်းသို့ ကြွဝင်တော်မူမည့် ထိုနေ့မှာပင် ထိုဆင်းရဲသား၏ နွားတကောင်သည် ချည်ကြိုးပြတ်ကာ အရပ်တပါးသို့ ပြေးသွားလေ၏။
ဆင်းရဲသားသည် “အသို့နည်း ငါသည် နွားကိုပင် အလျင်ရှာရမည်လော၊ သို့မဟုတ် တရားကိုပင် အလျင်နာရမည်လော”ဟု
ကြံစည်၍ “နွားကို အလျင်ရှာပြီးနောက်မှ စိတ်ချလက်ချ တရားကို နာပေတော့အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ စောစောကပင် နွားပျောက်ကိုရှာရန် အိမ်မှထွက်ခဲ့လေ၏။
အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း မြတ်စွာဘုရားအမှူးပြုသော ရဟန်းသံဃာကို နေရာထိုင်ခင်း ပေးလှူကြကာ ဆွမ်းဆက်ကပ်လုပ်ကျွေးကြ၍ အနုမောဒနာတရား ဟောကြားတော်မူဖို့ရာ စီမံပြုလုပ်ကြလေသည်။ မြတ်စွာဘုရားရှင်သည် “အကြင်ဆင်းရဲသားကို အကြောင်းပြု၍ ငါဘုရားသည် ယူဇနာ သုံးဆယ်ရှိသော ခရီးကို လာရောက်ခဲ့ရလေသည်၊ ထိုဆင်းရဲသားကား နွားပျောက်ကိုရှာဖို့ရန် တောသို့ ဝင်ရှာလေပြီ၊ ထိုဆင်းရဲသား လာရောက်မှသာလျှင် ငါဘုရားသည် တရားဟောပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူကာ ဆိတ်ဆိတ်သာ နေတော်မူလေ၏။
ထိုဆင်းရဲသားသည်လည်း နေမြင့်မှ နွားပျောက်ကို ရှာတွေ့၍ နွားအုပ်ထဲ၌ သွင်းထားခဲ့ပြီးလျှင် “ဤအချိန်၌ အခြားဝေယျာဝစ္စ ဒါနကောင်းမှုပြုရန် မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်းမျှကိုသော်လည်း ငါပြုပေအံ့”ဟု ကြံစည်ဆင်ခြင်မိကာ ဆာလောင်မွတ်သိပ်ခြင်းဖြင့် ပြင်းစွာ နှိပ်စက်အပ်သော်လည်း အိမ်သို့သွားရန် အနည်းငယ်မျှ စိတ်အကြံကိုမပြုပဲ လျင်မြန်စွာ မြတ်စွာဘုရားအထံတော်သို့ လာရောက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်လေ၏။
မြတ်စွာဘုရားရှင်သည် ထိုသူ ရပ်တည်လာသောအခါ၌ အလှူကိစ္စ ဝေယျာဝစ္စမှူးကို “ဒါယကာ.. ရဟန်းသံဃာအား လှူဒါန်းပြီးနောက် ပိုလျှံသော ဆွမ်းခဲဖွယ်ဘောဇဉ် တစုံတရာ ရှိသေးသလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အပြည့်အစုံပင် ရှိပါသည်”ဟု ဝေယျာဝစ္စမှူးက လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဒါယကာ.. ထိုသို့ဖြစ်လျှင် ဤလူကို ထမင်းကျွေးလိုက်လော့”ဟု မိန့်တော်မူလေ၏။
ဝေယျာဝစ္စမှူးသည် မြတ်စွာဘုရားရှင်က မိန့်ကြားအပ်သော အရပ်မှာပင် ထိုဆင်းရဲသားကို ထိုင်စေပြီးသော် ယာဂု, ခဲဖွယ်, ဘောဇဉ်တို့ဖြင့် ရိုသေကောင်းမွန်စွာ ကျွေးမွေးလေ၏၊ ထိုဆင်းရဲသားသည် ထမင်းကို မြိန်ရှက်စွာ စားပြီးလျှင် ခံတွင်းကို စင်ကြယ်စွာ ဆေးကြောလေ၏။
(ဤနေရာကိုထား၍ ပိဋကသုံးပုံဝယ် အခြားနေရာ၌ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က လူဝတ်ကြောင်တဦးတယောက်အတွက် “ထမင်းကျွေးလိုက်စမ်း”ဟု စီမံ မိန့်ကြားတော်မူသောအရာဟူ၍ မရှိ)။
ထမင်းကို မြိန်ရှက်စွာ စားရသဖြင့် ဆာလောင်မွတ်သိပ်ပူပန်မှု ငြိမ်းအေးသော ထိုဆင်းရဲသား၏ စိတ်သည် အာရုံတခုတည်း၌ ငြိမ်သက်တည်ကြည်စွာ ဖြစ်လေသည်၊ ထိုအခါ ထိုဆင်းရဲသားအား မြတ်စွာဘုရားရှင်သည် ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ, နေက္ခမ္မေ အာနိသံသကထာ တည်းဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးသော် သစ္စာလေးပါးကို ဟောကြားပြသတော်မူလေ၏၊ ထိုဆင်းရဲသားသည် ဒေသနာတော်အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေ၏ (=သောတာပန်အရိယာ ဖြစ်လေ၏)။ မြတ်စွာဘုရားသည်လည်း အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို လိုက်၍ပို့ကြပြီးလျှင် အာဠဝီပြည်သို့ ပြန်နစ်ခဲ့ကြလေ၏။
ရဟန်းတို့သည် မြတ်စွာဘုရားရှင်နှင့် အတူတကွ သွားကြရင်းကပင်-
“ငါရှင်တို့.. မြတ်စွာဘုရား၏ ပြုတော်မူပုံကို ကြည့်ကြပါလော့၊ အခြားနေရာများ၌ ဤသို့ လူဝတ်ကြောင် တယောက်အား ထမင်းကျွေးရန် စီမံမိန့်ကြားမှု အလျှင်းပင် မရှိခဲ့ချေ။ ယနေ့မှာကား ဆင်းရဲသားလူတယောက်ကို မြင်လျှင်မြင်ခြင်းပင် ယာဂု-စသည်တို့ကို ကိုယ်တော်တိုင် နှုတ်မြွက်စီမံကာ ပေးစေတော်မူဘိ၏”-
ဟု ကဲ့ရဲ့မေးငေါ့စကား ပြောကြားကြလေ၏။ မြတ်စွာဘုရားရှင်သည် ပြန်လှည့်တော်မူ၍ ရပ်တည်တော်မူရင်းကပင် “ရဟန်းတို့.. အဘယ်စကား ပြောကြားကြသနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူရလေလျှင် “အိမ်း.. ဟုတ်ပေသည် ရဟန်းတို့.. ငါဘုရားသည် ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို တပင်တပန်း လာရောက်တော်မူသည်မှာ ထိုဆင်းရဲသား ဥပါသကာ၏ သောတာပတ္တိ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်၍ လာရောက်ခဲ့လေသည်။ ထိုဆင်းရဲသားကား အလွန်လျှင် ဆာလောင်မွတ်သိပ်လျက် ရှိချေသည်၊ နံနက်စောစောကပင် အစပြုကာ နွားပျောက်ကိုရှာလျက် တောအရပ်၌ လှည့်လည်ခဲ့ရလေပြီ၊ ငါဘုရားသည် (ထိုသူအား အစာမကျွေးစေပဲ) အကယ်၍ တရားဟောအပ်ငြားက ဆာလောင်ခြင်းဒုက္ခကြောင့် ထိုသူသည် တရားကို ထိုးထွင်း၍ သိစွမ်းနိုင်လိမ့်မည်မဟုတ်ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ဤသို့ ပြုပေသည်၊ ဆာလောင်မွတ်သိပ်ခြင်း တည်းဟူသော အနာရောဂါနှင့်တူသော အခြားရောဂါမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤတရားဂါထာကို ဟောကြားတော်မူလေ၏-
ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။
ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ရောဂါ = နှိပ်စက်ကျင်နာ ရောဂါတို့သည်။ ဇိဃစ္ဆာပရမာ = ဆာလောင်ခြင်းလျှင် လွန်သောအတိုင်းအရှည် ရှိကုန်၏။ (ရောဂါဟူသမျှတွင် ဆာလောင်ခြင်းသည် အပြင်းထန်ဆုံးသော ရောဂါဖြစ်၏၊ မှန်၏- အခြားရောဂါ များမှာ တကြိမ်ဆေးကုလိုက်လျှင် အရှင်းသော်လည်း ပျောက်ကင်း၍သွားသည်၊ သို့မဟုတ် ရက်ပိုင်း, လပိုင်း, နှစ်ပိုင်းအားဖြင့်သော်မူလည်း ငြိမ်းစဲ၏၊ ဆာလောင်ခြင်းရောဂါကား တကြိမ်အစာစား၍လည်း အရှင်းမပျောက်၊ နေ့တိုင်း နေ့တိုင်းပင် အစာကျွေး ဆေးကုနေရသည်။
ထို့ကြောင့် ဆာလောင်ခြင်းသည် အခြားရောဂါတို့ထက် အပြင်းထန်ဆုံးသော ရောဂါ ဖြစ်၏ဟု ဆိုလိုသည်)။
ဒုခါ = အခံခက်စွာ ဆင်းရဲဒုက္ခ ဝေဒနာတို့သည်။ သင်္ခါရပရမာ = ခန္ဓာငါးပါး သင်္ခါရတရားလျှင် လွန်သော အတိုင်းအရှည်ရှိကုန်၏။ (ခန္ဓာငါးပါး သင်္ခါရတရား ထင်ရှားရှိနေသရွေ့ ဆင်းရဲဒုက္ခ မငြိမ်းနိုင်ရကား ထိုခန္ဓာငါးပါး သင်္ခါရတရားအစုသည် ဆင်းရဲတကာတို့အနက် အပြင်းထန်ဆုံးသော ဆင်းရဲဒုက္ခဖြစ်၏ဟု ဆိုလိုသည်)။
နိဗ္ဗာနံ = အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည်။ ပရမံ = အမြတ်ဆုံးသော။ သုခံ = ချမ်းသာသုခ ဖြစ်ပေ၏။ (လောကီလူများ နှစ်သက်အပ်သည့် ဝေဒယိတ သုခချမ်းသာမှာ ထင်ရှားရှိစဉ် တည်နေစဉ်သာ သက်သာချမ်းသာ၍ ဘင်ခဏသို့ ရောက်သောအခါ (ပျက်စီးသွားသောအခါ) မသက်သာ မချမ်းသာ၊ နိဗ္ဗာန်တည်းဟူသော သန္တိချမ်းသာကား ဘယ်သောအခါမှ ပျက်စီးခြင်းသဘော မရှိသဖြင့် အခါခပ်သိမ်း ငြိမ်းချမ်းလျက်ရှိသောကြောင့် ချမ်းသာတကာထက် အမြတ်ဆုံးဖြစ်လေသည်။
ပဏ္ဍိတော = ပညာရှိသည်။ ဧတံ = ဤအကြောင်းကို။ ယထာဘူတံ = ဟုတ်မှန်တိုင်း။ ဉတွာ = သိ၍။ နိဗ္ဗာနံ = နိဗ္ဗာန်ချမ်းသာကို။ သစ္ဆိကရောတိ = ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြု၏။
ဒေသနာနိဂုံး ဆုံးသောအခါ များစွာသောသတ္တဝါတို့ သောတာပတ္တိဖိုလ်- စသည်တို့သို့ ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ၊ ၂၊ သုခ၀ဂ်၊ မျက်နှာ ၁၆၉-မှ)။
ဧကဥပါသကဝတ္ထု ပြီး၏။