မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၃၊ အခဏ်း-၂၄၊ စာမျက်နှာ ၄၈၁–၅၅၂
ခုနစ်နှစ်အရွယ် “စုန္ဒ”မည်သော ရဟန္တာသာမဏေငယ်လေး လျှောက်ထားပုံ
ထို့နောက် တပါးသော ပဋိသမ္ဘိဒါဉာဏ်ရှင် ခုနစ်နှစ်အရွယ် “စုန္ဒ”မည်သော သာမဏေငယ်သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် တန်ခိုးပြာဋိဟာပြသမှုကို ပြုပါရစေ”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားစုန္ဒ.. သင်ချစ်သားသည် အဘယ်သို့သော ပုံပန်းဖြင့် တန်ခိုးပြာဋိဟာပြသမှုကို ပြုမည်နည်း”ဟူ၍ မေးတော်မူလေလျှင် စုန္ဒသာမဏေငယ်က-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် ဇမ္ဗူဒိပ်ကျွန်း၏ အောင်လံတံခွန်သဖွယ်ဖြစ်သော ဇမ္ဗုသပြေပင်ကြီးကို ပင်စည်မှကိုင်၍ လှုပ်ကာ ဇမ္ဗုသပြေသီးတို့ကို ယူဆောင်ခဲ့ပြီးလျှင် ဤယခုစည်းဝေးနေကြသည့် ပရိသတ်ကို ကျွေးပါမည်၊ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပွင့်တို့ကို ယူဆောင်ခဲ့ပြီးလျှင် ဤပရိသတ်အား ပေးပါမည်”—
ဟူ၍ လျှောက်ထားလေ၏။ ထိုစုန္ဒသာမဏေငယ်ကိုလည်း မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူ မိန့်ကြား၍ ခွင့်ပြုတော်မမူချေ။
ဥပ္ပလဝဏ်ထေရီမ လျှောက်ထားပုံ
ထို့နောက် ဥပ္ပလဝဏ်ထေရီမသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ (ရှေးနည်းအတူ) မိမိ တန်ခိုးပြာဋိဟာပြသရန် ခွင့်ပန်စကား လျှောက်ထားသဖြင့် မြတ်စွာဘုရားက “အဘယ်သို့ ပြသမည်နည်း”ဟု မေးတော်မူ၍ ဥပ္ပလဝဏ်ထေရီမက-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် (၁၂) တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်ကို ဖန်ဆင်းယူဆောင်၍ (၃၆) သုံးဆယ့်ခြောက်ယူဇနာ အဝန်းအဝိုင်းရှိသော စကြဝတေးမင်း၏ ပရိသတ်ဖြင့် ခြံရံအပ်လျက် စကြာမင်းအသွင် ဖန်ဆင်းလာရောက်၍ အရှင်မြတ်ဘုရားတို့ကို ရှိခိုးပါမည်”-
ဟူ၍ လျှောက်ထားလေ၏။ ထိုဥပ္ပလဝဏ် ထေရီမကိုလည်း မြတ်စွာဘုရားရှင်သည် “သင်ချစ်သမီး၏ အာနုဘော်ကို ငါဘုရား သိပေ၏”ဟု မိန့်တော်မူပြီးလျှင် ရှေးနည်းအတူပင် တန်ခိုးပြာဋိဟာ ပြသခွင့်ကို ပြုတော်မမူချေ။
အရှင်မဟာမောဂ္ဂလာန်မထေရ်သူမြတ် လျှောက်ထားပုံ
ထို့နောက် အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်နှင့် မြတ်စွာဘုရားရှင်တို့ တန်ခိုးပြာဋိဟာ ပြသရန်နှင့်စပ်၍ အပြန်အလှန် လျှောက်ထား မေးဖြေတော်မူကြပုံမှာ-
(အရှင်မောဂ္ဂလာန်)။ ။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် တန်ခိုးပြာဋိဟာ ပြသမှုကို ပြုပါရစေဘုရား။
(မြတ်စွာဘုရား)။ ။
ချစ်သား မောဂ္ဂလာန်.. သင်ချစ်သားသည် တန်ခိုးပြာဋိဟာပြသမှုကို အဘယ်သို့ ပြုမည်နည်း။
(အရှင်မောဂ္)။ ။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် မြင်းမိုရ်တောင်မင်းကို သွားကြား၌
ထားပြီးလျှင် မုံညင်းစေ့ကလေးသဖွယ် ပရိသတ်အလယ်၌ စားဝါး၍ ပြပါမည်ဘုရား။
(မြတ်စွာ)။ ။
အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။
(အရှင်မောဂ်)။ ။
ဤမဟာပထဝီမြေကြီးကို သင်ဖျာကလေးကဲ့သို့ ခေါက်လိပ်ပြီးလျှင် လက်ချောင်းကြား၌ထား၍ ပြပါမည်ဘုရား။
(မြတ်စွာ)။ ။
အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။
(အရှင်မောဂ်)။ ။
မဟာပထဝီ ဤမြေကြီးကို အိုးထိန်းစက် (=အိုးဖုတ်သမားတို့၏ မြေကြိတ်သော ယန္တရားဘီး)ကဲ့သို့ အထက်အောက် လည်အောင်ပြုပြီးလျှင် လူများအပေါင်းကို ဤမြေကြီး၏ အောက်အပြင်၌ရှိသော မြေဆီမြေလွှာ မြေဩဇာကို စားပါစေမည် (=ကျွေးပါမည်)ဘုရား။
(မြတ်စွာ)။ ။
အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။
(အရှင်မောဂ်)။ ။
မဟာပထဝီ ဤမြေကြီးကို လက်ဝဲလက်ဖဝါးပေါ်၌ ထားပြီးလျှင် ဤသတ္တဝါများကိုမူ အခြားကျွန်း၌ထား၍ ပြပါမည်ဘုရား။
(မြတ်စွာ)။ ။
အခြား ဘယ်လိုများ တန်ခိုးပြသမှု ပြုဦးမည်နည်း။
(အရှင်မောဂ်)။ ။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် မြင်းမိုရ်တောင်ကို ထီးရိုးသဖွယ် ပြုလုပ်ပြီးလျှင် မဟာပထဝီမြေကြီးကို ထီးရွက်ပမာ အထက်သို့ မြှောက်ချီကာ မြင်းမိုရ်တောင်၏ ဦးထိပ်၌ ထားပြီးလျှင် ထီးလက်စွဲသော ရဟန်းတပါးကဲ့သို့
လက်တဖက်တည်းဖြင့် စွဲကိုင်၍ ကောင်းကင်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်၍ ပြပါမည်ဘုရား။
မြတ်စွာဘုရားရှင်သည် “ချစ်သားမောဂ္ဂလာန်.. သင်ချစ်သား၏ အာနုဘော်ကို ငါဘုရား သိပေ၏”ဟု မိန့်တော်မူပြီးလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်အားလည်း တန်ခိုးပြာဋိဟာ ပြသရန် ခွင့်ပြုတော်မမူချေ။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် လည်း “မြတ်စွာဘုရားရှင်သည် ဤပရိသတ်၌ ငါ့ထက် သာလွန်မြင့်မြတ်သည့် တန်ခိုးပြာဋိဟာ ပြသမှုပြုရန် သိမြင်တော်မူလေယောင်တကား”ဟု စဉ်းစား ဆင်ခြင်တော်မူပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်နေတော်မူလေ၏။
ထို့နောင်မှ မြတ်စွာဘုရားရှင်သည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို “ချစ်သားမောဂ္ဂလာန်.. ဤပန်းထုပ် (မုန်းတိုင်)ကား သင်ချစ်သားအတွက် ထားအပ်သော ပန်းထုပ်မဟုတ်၊ မှန်၏— ငါဘုရားကား သူမတူတန် ဝန်ကိုဆောင်နိုင်သူ ဖြစ်သည်၊ ငါဘုရား၏ဝန်ကို အခြား ဆောင်စွမ်းနိုင်မည့်သူ မရှိချေ။ ယခု ဘုရားဖြစ်သောအခါ ငါဘုရား၏ဝန်ကို အခြား ဆောင်နိုင်မည့်သူ မရှိခြင်းကား မအံ့ဩလောက်သေးပါပေ။ ပါရမီနုစဉ် အဟိတ်တိရစ္ဆာန်မျိုး၌ ငါဘုရား ဖြစ်သောအခါ၌သော်မှလည်း ငါဘုရား၏ဝန်ကို ဆောင်နိုင်သူမည်သည် မရှိခဲ့”ဟူ၍ မိန့်တော်မူပြီးလျှင် အရှင်မောဂ္ဂလာန်မထေရ် တောင်းပန်အပ်သည်ဖြစ်၍ (ဧကကနိပါတ်၊ ၃-ကုရုင်္ဂဝဂ်၊ ၉-ခုမြောက်၊ ဇာ ဋ္ဌ ၁၊ မျက်နှာ ၂၀၉-လာ) ကဏှဥသဘဇာတ်ကို အကျယ် ဟောကြားတော်မူလေ၏။
ရတနာစင်္ကြံ ဖန်ဆင်းတော်မူခြင်း
ကဏှဥသဘဇာတ်ကို ဟောကြားတော်မူပြီးလျှင် အရှေ့နှင့် အနောက် စကြဝဠာတိုက်ပေါင်း တသောင်း အလျားရှိသော ရတနာစင်္ကြံကို ဖန်ဆင်းတော်မူလေ၏။ ဖန်ဆင်းတော်မူပုံမှာ.. အရှေ့ အနောက် တန်းလျက် စကြဝဠာတိုက်တသောင်းတို့၌ရှိသော
မြင်းမိုရ်တောင်ပေါင်း တသောင်းတို့ကို အစဉ်လိုက် အတန်းလိုက် ထူစိုက်အပ်သော ရတနာစင်္ကြံတိုင်ကြီးများအဖြစ် ထားလျက် စကြဝဠာတိုက်တသောင်း အလျားရှိသော ရတနာစင်္ကြံကြီးကို ဖန်ဆင်းတော်မူ၏။ ထိုရတနာစင်္ကြံကြီး၏ အရှေ့ဖက်အစွန်းမှာ (စကြဝဠာ တိုက်တသောင်းအနက်) အရှေ့ဆုံး စကြဝဠာတိုက်၏ အနားရေး၌ ခိုက်လျက်တည်၏၊ အနောက်ဖက်အစွန်းမှာ အနောက်ဖျားဆုံး စကြဝဠာတိုက်၏ အနားရေး၌ ခိုက်လျက်တည်၏။ ထိုရတနာစင်္ကြံကြီး၏ အနံပမာဏမှာ (၁၂) တဆယ့်နှစ်ယူဇနာ ပြန့်ကျယ်လေသည်။ ဝဲယာ (တောင်ဖက် မြောက်ဖက်) နံပါးနှစ်ဖက်တို့၌ အလွန် မွေ့လျော်ဖွယ်ကောင်းသော စင်္ကြံတော် အပိုင်းအခြား ရွှေသားမြေကို ဖန်ဆင်းတော်မူ၏။ ထို၏အလယ်၌ ရတနာဆယ်ပါးဖြင့်ပြီးသော ထုပ်- လျောက်- ဒိုင်း- မြှားတို့၏ အပေါ်ဝယ် ရွှေပျဉ်ချပ် အမိုးများကို ဖန်ဆင်းတော်မူ၏။ စင်္ကြံ၌ရံသော ပွတ်လုံးများကား ရွှေအတိပြီး၏။ ပတ္တမြား ပုလဲတို့ကို ရတနာစင်္ကြံတော်အတွင်း သဲအဖြစ်ဖြင့် ခင်းထားအပ်ကုန်၏။
ထိုအခါ ရှေ့နောက်ဝဲယာ လေးမျက်နှာတို့၌ ပရိသတ်(လူများ)ကား ဆယ့်နှစ်ယူဇနာစီ ရှိလေသည်၊ အဖြောင့်အားဖြင့် နှစ်ဆယ့်လေးယူဇနာရှိ၏။ နတ်ဗြဟ္မာ ပရိသတ်ကား အပိုင်းအခြားမရှိ များလှဘိ၏။ ထိုမျှများစွာသော လူနတ်ဗြဟ္မာ ပရိသတ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ယမိုက်ပြာဋိဟာကို ပြတော်မူ၏။ ထိုရတနာစင်္ကြံ၌ မြတ်စွာဘုရားရှင် ယမိုက်ပြာဋိဟာ ပြတော်မူပုံကို ဖော်ပြသည့် ပါဠိတော်မှ သိသာရုံ ထုတ်ဆောင်ပြဦးအံ့-
(၁) အထက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) အောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အထက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၂) ရှေ့ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ နေက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) နောက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ ရှေ့ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။
(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲမျက်လုံးတော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲမျက်လုံးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာမျက်လုံးတော်မှ ရေအယဉ် တသွင်သွင်စီးလျက် ရှိ၏။
(၄) လက်ျာနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနားတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (တဖန် မျက်စိမှိတ်၍ ကြည့်လိုက်သောအခါ တမျိုးပြောင်းလဲ၍) လက်ဝဲနားတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနားတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၅) လက်ျာနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနှာခေါင်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲနှာခေါင်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနှာခေါင်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၆) လက်ျာပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲပခုံးစွန်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲပခုံးစွန်းတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာပခုံးစွန်းတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၇) လက်ျာလက်တော်မှ မီးအလျှံများတဖွားဖွားထွက်၍ လက်ဝဲလက်တော်မှ ရေအယဉ်တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုးပြောင်းလဲ၍) လက်ဝဲလက်တော်မှ မီးအလျှံများ
တဖွားဖွားထွက်၍ လက်ျာလက်တော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၈) လက်ျာနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲနံပါးတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲနံပါးတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာနံပါးတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၉) လက်ျာခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ဝဲခြေတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ဝဲခြေတော်မှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ျာခြေတော်မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျံများ တဖွားဖွားထွက်၍ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။ (နောက်တမျိုး ပြောင်းလဲ၍) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ မီးအလျှံများ တဖွားဖွားထွက်၍ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၁၁) မွေးညှင်းတော် တဆူတဆူမှ မီးအလျှံများ တဖွားဖွားထွက်၍ အခြားအခြားသော မွေးညှင်းတော်တဆူတဆူမှ ရေအယဉ် တသွင်သွင်စီးလျက်ရှိ၏။
(၁၂) မွေးညှင်းတွင်း တတွင်း တတွင်းမှ မီးအလျံများ တဖွားဖွားထွက်၍ အခြားအခြားသော မွေးညှင်းတွင်း တတွင်းအတွင်း မှ ရေအယဉ် တသွင်သွင် စီးလျက် ရှိ၏။
ထိုထို ဆိုင်ရာဆိုင်ရာ ကိုယ်တော်အစိတ်အပိုင်းမှ နီလ, ပီတ, လောဟိတ, ဩဒါတ, မဉ္ဇေဋ္ဌ, ပဘဿရ တည်းဟူသော = ရောင်ခြည်တော် ခြောက်သွယ်တို့သည် အစုံလိုက် အစုံလိုက်
အသွယ်လိုက် အသွယ်လိုက် အစုလိုက် အစုလိုက် ကွန့်မြူး ထွက်ပေါ်ကြလေသည်။
[ဤ၌ အထူးမှတ်ရန်ကား။ ။မြတ်စွာဘုရား ကိုယ်တော်မြတ်မှာ တေဇောကသိဏဈာန် (=တေဇောကသိုဏ်းကို အာရုံပြုသောဈာန်) သမာပတ်အစွမ်းကြောင့် အထက်ပိုင်းကိုယ်တော်မှ မီးအလျှံများ တဖွားဖွားထွက်၍ အာပေါကသိဏဈာန် (=အာပေါကသိုဏ်းကို အာရုံပြုသောဈာန်) သမာပတ်အစွမ်းကြောင့် အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် တသွင်သွင်စီး၍ထွက်သည်၊ (ဆိုလိုရင်းမှာ မီးအလျှံထွက်ဖို့ရန် တေဇော ကသိဏဈာန် သမာပတ်ကို ၀င်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူရသည်ဟု ဆိုလိုသည်)။ ပြောင်းလဲ၍ ဖန်ဆင်းရာ၌လည်း ထိုနည်းအတူပင်တည်း။
ဤ၌ မီးအလျှံများသည် ရေအယဉ်နှင့် မရောနှောကုန်၊ ရေအယဉ်သည်လည်း မီးအလျှံများနှင့် မရောနှောချေ၊ သန့်လျက် သန့်လျက်ပင် တည်နေကြကုန်၏။ တချိန်တည်း၌ စိတ်နှစ်မျိုး တပြိုင်နက် မဖြစ်နိုင်သောကြောင့် မီးအလျှံကို ဖန်ဆင်းသည်ကား တကာလ၊ ရေအယဉ်ကို ဖန်ဆင်းသည်ကား တကာလ ဖြစ်၏။ ဤသို့ ကာလခြားကွာသော်လည်း မြတ်စွာဘုရားမှာ တဝီထိနှင့် တဝီထိအကြား ဘဝင်ခြားမှု နည်းပါး သောကြောင့်၎င်း, စိတ်တရား၏ ဖြစ်ပွါးမှု လျင်မြန်သောကြောင့်၎င်း, ဝသီဘော်ငါးပါး အထွတ်အထိပ်သို့ ရောက်တော်မူသောကြောင့်၎င်း ဖူးမြင်ရသော ဝေနေယျတို့၏ စိတ်သန္တာန်၌ မီးအလျှံနှင့် ရေအယဉ်တို့ တချိန်တည်း တခဏတည်း တပြိုင်နက်တည်း ဖြစ်သည်ဟု ထင်မှတ်ကြရသည်၊ သို့စဉ်ကလောက် လျင်မြန်လှပေ၏။
ထိုမီးအလျှံနှင့် ရေအယဉ် အစုံတို့သည် မြတ်စွာဘုရားကိုယ်တော်မှ ထွက်ပြီးလျှင် ဘဝဂ်တိုင်အောင် ပျံတက်၍ ဇာတိခေတ် စကြဝဠာ တိုက်တသောင်းတို့တွင် အစွန်းအဖျားဖြစ်သော စကြဝဠာတိုက်များ၏ အနားရေး၌ သက်ဆင်း ကျရောက်လေကုန်သည်။]
လောကဝိဝရဏတန်ခိုးပြခြင်း
ထိုသို့ ရေ မီး အစုံ အစုံ တန်ခိုးပြာဋိဟာကို ပြုတော်မူသော မြတ်စွာဘုရားသည် လောကဝိဝရဏ ပြာဋိဟာကိုလည်း ပြုတော်မူ၏၊ ပြုတော်မူပုံမှာ.. ဩဒါတကသိုဏ်းလျှင် အာရုံရှိသော
ရူပါဝစရကိရိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူပြီးလျှင် “စကြဝဠာပေါင်း တိုက်တသောင်းတို့၌ အလင်းရောင်အတိ ဖြစ်စေသတည်း”ဟူ၍ အဓိဋ္ဌာန်တော်မူလေသည်။ ယင်းသို့ အဓိဋ္ဌာန်တော်မူသည်နှင့် တပြိုင်နက်ပင်လျှင် မဟာပထဝီ မြေကြီးမှစ၍ (မြေကြီးပါ အပါအဝင်) အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် တပြင်တည်း အလင်းရောင်အတိ ဖြစ်လေတော့သည်။
ထိုအခါ လူ့ပြည်လူသား လူအများတို့သည် မိမိတို့ နေရင်းဌာန၌ ရပ်တည်ရင်း ထိုင်နေရင်းကပင် စတုမဟာရာဇ် နတ်ပြည်မှအစ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အလုံးစုံသော နတ်ဗြဟ္မာတို့ကို ရှုမြင်ကြရကုန်၏။ မြင်ကြရပုံမှာ.. အမျိုးမျိုးသော နတ်ဗြဟ္မာတို့ မိမိ မိမိတို့၏ အထူးထူးအပြားပြား များလှစွာသော ဘုံပြည်နေရပ် ပြာသာဒ်ဗိမာန် ရေကန်ဥယျာဉ် ပလ္လင်ညောင်စောင်း ယာဉ်ကောင်း အဆောင်အယောင် စသည်တို့၌ အသီးအသီး တည်နေသွားလာ လှည့်ပတ်ကြကုန်လျက် နှစ်သက်ကြည်နူး မြူးထူးပျော်ပါး ကစားရွှင်လန်း နေကြသည်တို့ကို၎င်း, မိမိ မိမိတို့၏ နတ်အာနုဘော်တို့ဖြင့် ရတနာဘုံပျံ ဗိမာန်ကိုယ်ရောင်တို့ဖြင့် တပြောင်ပြောင် တဝင်းဝင်း ထွန်းလင်းတောက်ပ ရှိနေကြသည်ကို၎င်း, ကြီးစွာသော နတ်စည်းစိမ်ကို မြိန်ရှက်စွာ ခံစားသုံးဆောင် နေကြသည်တို့ကို၎င်း,
ရူပါဝစရ ဗြဟ္မာပြည် တဆယ့်ခြောက်ဌာန၀ယ် ရှိကြသော ဗြဟ္မာတို့အနက် အချို့အချို့သော ဗြဟ္မာတို့ ရတနာအစုကို သွန်းထု ပြုလုပ်အပ်သည့် ရတနာရုပ်တုပမာ ငြိမ်သက်တည်ကြည်စွာ သမာပတ်ချမ်းသာကို ခံစား၍ နေကြသည်ကို၎င်း, အချို့အချို့သော ဗြဟ္မာတို့ သဘောတူရာ ပေါင်းစုကြလျက် သုခုမသဏှဓမ္မအရာ ပြဿနာအရေးရေးကို ဆွေးနွေးတိုင်ပင် နေကြသည်တို့ကို၎င်း မြတ်စွာဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ပကတိသော မျက်စိဖြင့်ပင် ထင်ရှားစွာ ရှုမြင်ကြရကုန်၏။
ထို့အတူ အောက် မဟာပထဝီမြေအတွင်း တည်ရှိကြသည့် ငရဲကြီးရှစ်ထပ်တို့၌၎င်း, တထပ်တထပ်၏ လေးမျက်နှာဝယ်
ပတ်ကာဝန်းလည် တည်ရှိကြသော ဥဿဒငရဲငယ် တဆယ့်ခြောက်စီတို့၌၎င်း, စကြဝဠာတိုက် သုံးခုသုံးခုတို့၏ အကြားအကြား၌ တည်ရှိကြသည့် မှောင်အတိသာလျှင် ဖြစ်၍နေသော လောကန္တရိက် ငရဲတို့၌၎င်း ဘုံအလိုက် ကံအလိုက် ထိုက်သင့်ရာရာ ကြီးမားလှစွာသော ငရဲဒုက္ခ ခံစား၍နေကြရသည့် ငရဲသူ ငရဲသား ငရဲသတ္တဝါများကိုလည်း လူတို့သည် ပကတိမျက်စိဖြင့်ပင် မြတ်စွာဘုရားရှင်၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် ထင်ရှားစွာ ရှုမြင်ကြရကုန်၏။
ထို့ပြင် ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသည့် နတ်ဗြဟ္မာအပေါင်းတို့သည် ကြီးစွာသော နတ်ဗြဟ္မာတို့၏ အာနုဘော်ဖြင့် မြတ်စွာဘုရားရှင်ထံမှောက်သို့ ချဉ်းကပ်ရောက်ရှိကြပြီးလျှင် အလွန် အံ့ဩယိုဖိတ် ကြည်ညိုစိတ် ဖြစ်ရှိကြကာ လက်အုပ်အဉ္ဇလီ တင်ချီထိပ်မိုး ဦးညွှတ်ကျိုးလျက် ရှိခိုးပူဇော်ကြကုန်၏။ ဘုရားဂုဏ်ကျေးဇူးနှင့် စပ်ယှဉ်သော ဂါထာဗန္ဓတို့ကို ဖွဲ့ဆိုကျူးရင့်ကြကာ ချီးမွမ်းကြ လက်ပမ်းပေါက်ခတ်ကြ (=လက်ခမောင်းခတ်ကြ) မြူးထူးရယ်ရွှင်ကြ နှစ်သက်ဝမ်းမြောက်စကား ပြောကြားကြလေသည်။
ထိုအလုံးစုံနှင့်တကွ ရေမီး အစုံ အစုံသော တန်ခိုးပြာဋိဟာ ရောင်ခြည်တော်ခြောက်သွယ် အံ့ဩဖွယ်တို့ကိုပါ လူအများ ကြည်ညိုစွာ ဖူးမြင်ကြရလေကုန်၏။
ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးခြင်း
(၁) နီလရောင်ခြည်တော်၊ ၊ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြုတော်မူသော မြတ်စွာဘုရား၏ ယမကပါဋိဟာရိယဉာဏ်တော် အစွမ်းအာနုဘော်ကြောင့် ရောင်ခြည်တော်ခြောက်သွယ်တို့ ကွန့်မြူးထွက်ပေါ်ကြရာ ဆံတော် မုတ်ဆိတ်တော် ပေါက်ရာနေရာနှင့် မျက်နက်တော်တို့မှ နီလရောင်ခြည်တော်များ ကွန့်မြူး ထွက်ပေါ်ကြလေလည်၊ ယင်း နီလရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ကောင်းကင်တပြင်လုံး မျက်စဉ်းဓာတ်
ကျောက်ညိုမှုန့်ဖြင့် ကြဲဖျန်း၍ထားအပ်သကဲ့သို့၎င်း, အောင်မဲညိုပန်း ကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်း၍ ထားအပ်သကဲ့သို့၎င်း, တလွှဲလွှဲယပ်အပ်သည့် ပတ္တမြားယပ်ညိုဝန်းကဲ့သို့၎င်း နီလာရောင်တို့ဖြင့် ဖုံးအုပ်လျက် ရှိလေသည်။
(၂) ပီတရောင်ခြည်တော်၊ ၊အရေတော်နှင့် မျက်လုံးအတွင်း ဝါဝင်းရာရာ အရပ်တို့မှ ပီတရောင်ခြည်တော် (=ရွှေသော အဆင်းရှိသည့် ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း ပီတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ရွှေရည်ဖြင့်လောင်း၍ ထားအပ်ကုန်သကဲ့သို၎င်း, ရွှေပုဆိုးဖြင့် ဖြန့်ခင်းအပ်ကုန်သကဲ့သို့၎င်း, ကုင်္ကုမံမှုန့် မဟာလှေကားပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း ရွှေရောင်လွှမ်းလျက် အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။
(၃) လောဟိတရောင်ခြည်တော်၊ ၊အသားတော် အသွေးတော်တို့နှင့် မျက်လုံးတော်အတွင်း နီမြန်းရာရာ အရပ်တို့မှ လောဟိတရောင်ခြည်တော် (=နီသောရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း လောဟိတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ဆုန်းမှုန့် (=ဟင်္သပြဒါးမှုန့်)တို့ဖြင့် တပ်ဆိုး၍ ထားအပ်ကုန်သကဲ့သို့၎င်း, ကောင်းစွာကျက်သော ချိပ်ရည်တို့ဖြင့် သွန်းလောင်း၍ ထားအပ်ကုန်သကဲ့သို့၎င်း, ကမ္ဗလာနီ အလွှာထည်တို့ဖြင့် ထက်ဝန်းကျင် ဝန်းရံခြုံရုံ၍ ထားအပ်ကုန်သကဲ့သို့၎င်း, မိုးစွေပန်း ကသစ်ပန်း လယ်ခေါင်ရမ်းပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။
(၄) ဩဒါတရောင်ခြည်တော်၊ ၊အရိုးတော် သွားတော် စွယ်တော် မျက်ဖြူတော်တို့မှ ဩဒါတရောင်ခြည်တော် (=ဖြူသော အဆင်းရှိသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်။ ယင်း ဩဒါတရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် ငွေအိုးတို့မှ
နို့ရည်အယဉ်ကို တသွင်သွင်သွန်းလောင်း ကြဲဖျန်းအပ်ကုန်သကဲ့သို့၎င်း, ငွေမျက်နှာကြက် ငွေရွက် ငွေပြား ငွေလွှာများကို အလွှားအလွှား ဖြန့်ထားသိုင်းခြုံအပ်သကဲ့သို့၎င်း, ငွေယပ်ဝန်းကို တလွှဲလွှဲ ခပ်အပ်ကုန်သကဲ့သို့၎င်း, သင်းခွေပန်း ကုမုဒြာကြာပန်း ရေဥနှဲပန်း မုလေးပန်း ကြက်ရုံးပန်း (စပယ်ပန်း) အစရှိသော ပန်းတို့ဖြင့် ဖုံးလွှမ်း၍ ထားအပ်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။
(၅) မဉ္ဇေဋ္ဌရောင်ခြည်တော်၊ ၊လက်ဖဝါးအပြင် ခြေဖဝါးအပြင် အစရှိသော စဉ်းငယ်နီမြန်းရာ အရပ်တော်တို့မှ မဉ္ဇေဋ္ဌရောင်ခြည်တော် (=မှည့်မောင်းသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း မဉ္ဇေဋ္ဌရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် သန္တာကွန်ရက် ဖြန့်ကြက်၍ ထားအပ်ကုန်သကဲ့သို့၎င်း၊ လိပ်ဆူးရွှေ (=လိပ်စရွေဟု ခေါ်ကြသည့် ) အနီပန်းတို့ဖြင့် ကြဲဖျန်း၍ ထားအပ်ကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။
(၆) ပဘဿရ ရောင်ခြည်တော်၊ ၊ဥဏ္ဏလုံမွေးရှင်တော် လက်သည်း ခြေသည်းတော် အစရှိသော အရောင် တလက်လက် ထွက်ရာအရပ်တို့မှ ပဘဿရရောင်ခြည်တော် (=ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော ရောင်ခြည်တော်)တို့ ကွန့်မြူး ထွက်ပေါ်ကြလေသည်၊ ယင်း ပဘဿရရောင်ခြည်တော်တို့၏ အစွမ်းသတ္တိကြောင့် ဝန်းကျင်ပတ်ခြုံ အလုံးစုံသော အရပ်မျက်နှာတို့သည် သောက်ရှူးကြယ်အစုတို့ဖြင့် ပြည့်၍ နေကုန်သကဲ့သို့၎င်း, လျှပ်စစ် လျှပ်စီးလွှာ စသည်တို့ဖြင့် ပြည့်၍ နေကုန်သကဲ့သို့၎င်း အဆန်းတကြယ် တင့်တယ်ကြလေကုန်သည်။ ။(ဤရောင်ခြည်တော် ခြောက်ပါးအကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ၊ ဒုတိယအုပ်၊ စာမျက်နှာ ၁၃-မှ ထုတ်နုတ်ဖော်ပြပါသည်)။
ဖော်ပြရာပါ ရောင်ခြည်တော် ခြောက်ပါးတို့သည် ယန္တရားပြွန်ဝမှ ရွှေရည် ငွေရည် ပတ္တမြားရည် အယဉ်တို့ တသွင်သွင်
ထွက်ကြသကဲ့သို့ စကြဝဠာတိုက်မှသည် အထက် သို့ ပျံတက်ကြကာ ဘဝဂ်ဘုံကိုခိုက်ပြီးမှ တဖန်ပြန်နစ်၍ စကြဝဠာတိုက် အနားရေးသို့ ကျရောက်ကြလေကုန်သည်၊ သို့ရကား စကြဝဠာတိုက်အလုံးသည် ရတနာဒိုင်းမြှားတို့ဖြင့် သားနားဆန်းကြယ် အလွန်တင့်တယ်သော ရွှေအိမ်ကြီးသဖွယ်ဖြစ်ရှိကာ အရောင်အဝါ တစပ်တည်းလင်းလျက် ရှိပေ၏။
စင်္ကြံတော်ကြွရင်းက တရားဟောတော်မူခြင်း
ထိုနေ့အဖို့ရာ မြတ်စွာဘုရားရှင်သည် အရှေ့ အနောက် စကြ၀ဠာ တိုက်တသောင်းပေါက်အောင် အလျားရှည်သော ထိုရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူကာ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူရင်းကပင် အကြားအကြား၌ လူများအပေါင်းအား စရိုက်နှင့်လျော်ရာ တရားကိုလည်း ဟောတော်မူသည်။ ယင်းသို့ တရားဟောတော်မူလိုလတ်သော် မြတ်စွာဘုရားသည် လူများအပေါင်းအား အနားပေးသောအနေ တန်ခိုးတော်ကို ခေတ္တမျှ ရပ်စဲတော်မူလေသည်။ ထိုခဏ၌ လူများအပေါင်းကား သာဓုကောင်းချီး ပေးလေသည်။ ထိုလူအပေါင်းတို့ သာဓုကောင်းချီး ပေးနေသောအခါ၌ မြတ်စွာဘုရားသည် ထိုမျှများပြားလှသော ပရိသတ်၏ စိတ်ဖြစ်ပုံကို ကြည့်ရှု ဆင်ခြင်တော်မူလေသည်။ ကြည့်ရှု ဆင်ခြင်တော်မူသည်မှာ တယောက် တယောက်သောသူ၏ စိတ်ဖြစ်ပုံကို (စိတ္တာနုပဿနာ ဒေသနာ၌ လာသည့်အတိုင်း) တဆယ့်ခြောက်ပါးသော အခြင်းအရာ၏ အစွမ်းဖြင့် ကြည့်ရှု ဆင်ခြင်တော်မူလေသည်။ မြတ်စွာဘုရားရှင်တို့၏ စိတ်တော် ကား သို့စဉ်ကလောက် လျင်မြန်သော အပြန်ရှိပေ၏။
ထိုသို့ လူအများ၏ စိတ်ဖြစ်ပုံကို ကောင်းစွာကြည့်ရှု ဆင်ခြင်တော်မူပြီးမှ ထိုထိုလူပရိသတ်၏ နှစ်သက်ကြည်ညိုအပ်သော တန်ခိုးပြာဋိဟာနှင့် ထိုထိုလူပရိသတ်၏ အလိုအဇ္ဈာသယဓာတ်နှင့် လိုက်လျောသင့်လျော်သော တရားဆင်ပုံဆင်နည်းကို ကောင်းစွာ သိရှိတော်မူ၍ ထိုထိုလူပရိသတ်တို့ ကြည်ညိုအပ်သည့် တန်ခိုးပြာဟာကိုလည်း တဖန် ပြသတော်မူပြန်လေသည်။
ထိုထိုလူပရိသတ်တို့၏ အလိုအဇ္ဈာသယဓာတ်နှင့် လိုက်လျော သင့်လျော်သော တရားဒေသနာကိုလည်း ဟောတော်မူလေသည်။ ဤကဲ့သို့ သတ္တဝါတို့၏ အလိုအကြိုက် အဇ္ဈာသယဓာတ်သဘောနှင့် လိုက်လျော သင့်လျော်သည့် တရားဒေသနာကို ဟောတော်မူအပ်သော်၎င်း, တန်ခိုးပြာဋိဟာကို ပြတော်မူအပ်သော်၎င်း များစွာသော သတ္တဝါအပေါင်းတို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြခြင်း တည်းဟူသော ဓမ္မာဘိသမယအောင်ပွဲကြီး အကြီးအကျယ် ဖြစ်လေတော့သည်။
ကိုယ်တော်ပွါး နိမ္မိတဘုရားတို့ကို ဖန်ဆင်းတော်မူခြင်း
မြတ်စွာဘုရားသည် ထိုမျှများပြားသော ပရိသတ်အစည်းအဝေးကြီး၌ ကိုယ်တော်မြတ်၏ စိတ်အလိုကို ရယူကာ ပြဿနာမေးလျှောက်မည့် ပုဂ္ဂိုလ်ကို ဆင်ခြင် ကြည့်ရှုတော်မူသည်တွင် ထိုသို့မေးနိုင်မည့်ပုဂ္ဂိုလ် တဦးတယောက်ကိုမျှ မတွေ့ရ၍ နိမ္မိတဘုရား ကိုယ်တော်ပွါးတို့ကို ဖန်ဆင်းတော်မူလေသည်။ ဖန်ဆင်းတော်မူသည်ရှိသော် တဆူ နှစ်ဆူ သုံးဆူ လေးဆူ စသည်ဖြင့် အစဉ်အတိုင်း တိုးပွါးစေကာ အရာမက များစွာသော နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့ကို ဖန်ဆင်းတော်မူလေ၏။
ထိုနိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့က မေးအပ်သော ပြဿနာကို ပကတိဓာတ်သား ရှင်တော်ဘုရားက ဖြေကြားတော်မူ၍ ပကတိဓာတ်သား ရှင်တော်ဘုရားက မေးအပ်သော ပြဿနာကို နိမ္မိတရုပ်ပွါး မြတ်စွာဘုရားက ဖြေကြားတော်မူလေသည်။ ဣရိယာပုထ် အနေအားဖြင့်လည်း နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့မှာ အချို့ကား ရပ်တော်မူကြကုန်လျက်, အချို့ကား စင်္ကြံကြွတော်မူကြကုန်လျက်, အချို့ကား လျောင်းစက်တော်မူကြကုန်လျက်, အချို့ကား ထိုင်တော်မူကြကုန်လျက် ဣရိယာပုထ် လေးပါးလုံးပင် နိမ္မိတဘုရားပေါင်းများစွာ တည်ရှိကြလေကုန်သည်။
ထိုအခါ ပကတိဓာတ်သား ကိုယ်တော်ဘုရား၏ ရောင်ခြည်တော် ခြောက်သွယ်တို့သည်၎င်း, နိမ္မိတရုပ်ပွါး မြတ်စွာဘုရားတို့၏
ရောင်ခြည်တော် ခြောက်သွယ်တို့သည်၎င်း, မီးအလျှံ ရေအယဉ်တို့သည်၎င်း, နိမ္မိတရုပ်ပွါး အရာမကသော မြတ်စွာဘုရားတို့သည်၎င်း ကောင်းကင်တပြင်လုံး ရောထွေးပြွမ်းယှက်ကြကာ သာဝကတို့နှင့် မဆက်ဆံ နှိုင်းစံဖွယ်ရာမရှိအောင် ပြုကုန်၍ ကောင်းကင်အပြင်ကို လွန်စွာ တင့်တယ်စေကြလေကုန်၏။
များစွာသော ဗြဟ္မာ နတ်လူတို့သည်လည်း ကောင်းချီးစကား မြွက်ကြား ပြောဆိုကြလေကုန်၏၊ ကောင်းကင်တပြင်လုံး၌ နတ်တို့၏ သီချင်းသံတို့ ဖုံးလွှမ်းလျက် ရှိကုန်၏၊ နတ်ဗြဟ္မာတို့သည် နတ်ပန်းမိုးကို ဖြိုးဖြိုး ရွာသွန်းကြကုန်၏၊ နတ်၌ဖြစ်သော တူရိယာ လူ၌ဖြစ်သော တူရိယာ ထောင်ပေါင်းများစွာတို့ဖြင့် တခဲနက် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ တခုတည်းသော ပွဲလမ်းသဘင်ကို ဆင်ယင်ကျင်းပသကဲ့သို့ ဖြစ်၍နေပေ၏။
ဗြဟ္မာနတ်လူ ကုဋေနှစ်ဆယ် ကျွတ်တမ်းဝင်ကြခြင်း
ဤကဲ့သို့ ပစ္စေကဗုဒ္ဓါ သာဝကတို့နှင့် မဆက်ဆံ ယမကပါဋိဟာရိယ = ခေါ်သော အသာဓာရဏ ရွှေဉာဏ်တော်မြတ်ဖြင့် မြတ်စွာဘုရားရှင် တန်ခိုးပြာဋိဟာကိုပြ၍ အကြားအကြား၌ စရိုက်နှင့်လျော်စွာ တရားဒေသနာကို ဟောကြားတော်မူသောအခါ တန်ခိုးပြာဋိဟာကို ဖူးမြော်ရ, တရားတော်ကိုလည်း ကြားနာရသဖြင့် ထို“ယမိုက်ပြာဋိဟာပွဲသဘင်” အစည်းအဝေးကြီး၌ ကုဋေနှစ်ဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်၏။
ဤအရာ၌ အခွင့်သင့်သဖြင့် သဒ္ဓါတရား ကြီးမားထက်သန်ကြသည့် ရှင်လူတို့အလို့ငှါ မဟာနမက္ကာရကျမ်းလာ “ယမကပါဋိဟာရိယဝန္ဒနာ” ဘုရားရှိခိုးဂါထာ ပါဠိအနက်ကို အကြားညှပ်၍ ရေးသားပြဆိုဦးအံ့-
ယမကပါဋိဟာရိယဝန္ဒနာ ဘုရားရှိခိုးဂါထာ
ပါဠိအနက်
ကဏ္ဍမ္ဗမ္မူလေ ပရဟိတကရော ယော မုနိန္ဒော နိသိန္နော၊
အစ္ဆေရံ သီဃံ နယနသုဘဂံ အာကုလန္နဂ္ဂိဇာလံ။
ဒုဇ္ဇာလဒ္ဓံသံ မုနိဘိဇဟိတံ ပါဋိဟေရံ အကာသိ၊
ဝန္ဒေ တံ သေဋ္ဌံ ပရမရတိဇံ ဣဒ္ဓိဓမ္မေဟုပေတံ။
(၁၈-လုံးဖွဲ့ ကုသုမိတလတာဝေလ္လိတာဂါထာ)
ပရဟိတကရော = ဝေနေယျများ သူတပါးတို့ စီးပွါးချမ်းသာ ဖြစ်စိမ့်ငှါလျှင် ဝါလေးဆယ့်ငါး ကာလလျားအောင် ဘုရားတို့ငြမ်း ကိစ္စတော်ငါးခန်းကို ကြိုးပမ်းမယုတ် ပြုလုပ်ပြီးပြေတော်မူစေတတ်ထသော။ ယော မုနိန္ဒော = အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေဖြစ်တော်မူသော အကြင် မြတ်စွာဘုရားသည်။ ကဏ္ဍမ္ဗမ္မူလေ = ကဏ္ဍဟူသည် လူအမည်ဖြင့် ဂုဏ်ရည်လျှံညီး သရက်ပင်၏အနီး၌။ နိသိန္နော = တိတ္ထိတဝေး ရန်အလှေးကို ဝေးရပ်ထိုဤ ပြေးစိမ့်မည်ဟု မျှညီယာပိုက် နှစ်ခြိုက်ရွှင်ပြုံး သီတင်းသုံးနေတော်မူလျက်။ အစ္ဆေရံ = မကြုံစဘူး မမြင်ဘူးကို အထူးတွေ့ကြုံ သို့ဖြစ်ပုံကြောင့် လူ့ဘုံနတ်ရွာ ကောင်းတင်းငြာလျက် ဗြဟ္မာမဟဂ္ဂုတ် ဘဝဂ်လှုပ်အောင် လက်ခုပ်ငြာဟည်း လက်ဖျစ်တီး၍ အံ့ချီးခြင်းငှါ ထိုက်တန်စွာထသော။ သီဃံ = ရေအယဉ်ကို ဖန်ဆင်းသည်ကား တကာလ, မီးအလျှံကို ဖန်ဆင်းသည်ကား တကာလ ဤသို့လျှင် ကာလခြားကွာ ဖြစ်တုံပါလည်း ဗြဟ္မာနတ်လူ ဖူးမြင်သူတို့ စွဲယူမှတ်သား “တချိန်တည်း တခဏတည်း ဖြစ်သည်”ဟု အထင်မှားရအောင် လျင်လျားလည်း လျင်လျားစွာထသော။ နယနသုဘဂံ = နတ်လူရှိရှိ ဖူးကြသူမျက်စိဝယ် ပီတိဟုန်ဆင့်လွှမ်းအောင် အဆန်းတကြယ် တင့်တယ်သပ္ပါယ်စွာထသော။ ဒုဇ္ဇာလဒ္ဓံသံ = နိယျာနိက သာသနာမှလျှင် ပြင်ပဗာဟီ ဝိတဏ္ဍီတို့
ထိုဤမြှေးယှက် မိစ္ဆာအယူတည်းဟူသော ကွန်ရက်ကို ချိုးဖျက်ခြင်းငှါ စွမ်းနိုင်စွာထသော။ မုနီဘိ = ကဿပမြတ်စွာ အစဖြာသား မဟာပရမေ ပွင့်တော်မူကြပြီးသော သုံးလူ့ဆွေတို့သည်။ အဇဟိတံ = ဤနေရာ ဤဌာနဝယ် ပြမြဲပြုမြဲ မှန်မလွဲသဖြင့် မစွန့်ဖဲအပ်သော တရားတမျိုးလည်း ဖြစ်ပေထသော။ အာကုလန္နဂ္ဂိဇာလံ ပါဋိဟေရံ = ရောယှက်ထွေးအံ့ ရေမီးအစုံအစုံ တည်းဟူသော တန်ခိုးပြာဋိဟာကို။ (ဝါ) အာကုလန္နဂ္ဂိဇာလံ ပါဋိဟေရံ=
(၁) အထက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ အောက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။ (တဖန်) အောက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ အထက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။
(၂) ရှေ့ဖြစ်သော ကိုယ်အစိတ်မှ မီးအလျှံ၊ နောက်ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။ (တဖန်) နောက်ဖြစ်သော ကိုယ်တော်အစိတ်မှ မီးအလျှံ၊ ရှေ့ဖြစ်သော ကိုယ်တော်အစိတ်မှ ရေအယဉ်။
(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲမျက်လုံးတော်မှ မီးအလျှံ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ်။
(၄) လက်ျာနားတွင်းတော်မှ မီးအလျှံ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနားတွင်းတော်မှ မီးအလျှံ၊ လက်ျာနားတွင်းတော်မှ ရေအယဉ်။
(၅) လက်ျာနှာခေါင်းတော်မှ မီးအလျှံ၊ လက်ဝဲနှာခေါင်းတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနှာခေါင်းတော်မှ မီးအလျှံ၊ လက်ျာနှာခေါင်းတော်မှ ရေအယဉ်။
(၆) လက်ျာပခုံးတော်မှ မီးအလျှံ၊ လက်ဝဲပခုံးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲပခုံးတော်မှ မီးအလျှံ၊ လက်ျာပခုံးတော်မှ ရေအယဉ်။
(၇) လက်ျာလက်တော်မှ မီးအလျှံ၊ လက်ဝဲလက်တော်မှ ရေအယဉ်။ (တဖန်) လက်ဝဲလက်တော်မှ မီးအလျှံ၊ လက်ျာလက်တော်မှ ရေအယဉ်။
(၈) လက်ျာနံပါးတော်မှ မီးအလျှံ၊ လက်ဝဲနံပါးတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲနံပါးတော်မှ မီးအလျှံ၊ လက်ျာနံပါးတော်မှ ရေအယဉ်။
(၉) လက်ျာခြေတော်မှ မီးအလျှံ၊ လက်ဝဲခြေတော်မှ ရေအယဉ်။ (တဖန်) လက်ဝဲခြေတော်မှ မီးအလျှံ၊ လက်ျာခြေတော်မှ ရေအယဉ်။
(၁၀) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြားအကြားမှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ ရေအယဉ်။ (တဖန်) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့မှ မီးအလျှံ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူ ဆယ်ဆူတို့၏ အကြား အကြားမှ ရေအယဉ်။
(၁၁) တခု တခုသော မွေးညှင်းတွင်းတော်မှ မီးအလျှံ၊ အခြား တခုတခုသော မွေးညှင်းတွင်းတော်မှ ရေအယဉ်။
(၁၂) တဆူ တဆူသော မွေးညှင်းတော်မှ မီးအလျှံ၊ အခြား တဆူတဆူသော မွေးညှင်းတော်မှ ရေအယဉ်-
တသွင်သွင်ပြောင်းလဲ ဖူးလိုက်တိုင်း အဆင်ကွဲသဖြင့် အံ့အဲ၍မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံတို့နှင့်တကွ အစုံအစုံသော ရေမီးတန်ခိုးပြာဋိဟာကို။ အကာသိ = တိတ္ထိတဝန်း တက္ကတွန်းတို့ ဦးစွန်းဗွေလျှောက် ခြေတော်နှင့် ပေါက်သကဲ့သို့ နောက်တဖန် မာန်မတင်းဝံ့အောင်
ဖန်ဆင်းပြသတော်မူခဲ့လေပြီ။ သေဋ္ဌံ = ချီးမွမ်းအပ်သူ နတ်လူဗြဟ္မာ သတ္တဝါဟူသမျှတို့ထက် ဆဆလွန်ကြူး အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော။ ပရမရတိဇံ = နှလုံးအာရုံ စွဲမြဲထုံက ဘုံနန်းသီဝ နိဗ္ဗူကျအောင် ဖလကျေးဇူး လွန်ပျံ့ပျူးသဖြင့် အထူးနှစ်သက်စေတတ်သည့် အမြတ်ဥစ္စာ ရတနာတဆူ ဖြစ်တော်မူထသော။ ဣဒ္ဓိဓမ္မေဟိ = ဣဒ္ဓိအစိန္တေယျ ဓမ္မကျေးဇူး ဂုဏ်အထူးတို့နှင့်။ ဥပေတံ = လောက်ငကုံလုံ ပြည့်စုံတော်မူထသော။ တံ မုနိန္ဒံ = အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို။ ဝန္ဒေ-ဝန္ဒာမိ = ယမကပါဋိဟာရိယာ ရွှေဘွဲ့သာသည့် အသာဓာရုဏ် မဟာဂုဏ်ကို အာရုံမျှော်ကိုး သဒ္ဓါဖြိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။
တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခြင်း
မြတ်စွာဘုရားရှင်သည် ယမိုက်ပြာဋိဟာကို ပြုတော်မူစဉ်ပင် “ရှေးရှေး နောင်တော့်နောင်တော် ဘုရားရှင်တို့သည် ယမိုက်ပြာဋိဟာကို ပြုတော်မူပြီးသောအခါ အဘယ်အရပ်၌ ဝါကပ်တော်မူကြကုန်သနည်း”ဟူ၍ ဆင်ခြင်တော်မူသည်ရှိသော် “တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူကြ၍ မယ်တော်နတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူကြမြဲ ဖြစ်ကုန်၏”ဟု သိမြင်တော်မူလတ်၍ လက်ျာခြေတော်ကို ချီမြှောက်၍ ယုဂန္ဓိုရ်တောင်ထိပ်၌ ချထားအံ့ဟူ၍ ကြံစည်တော်မူလေ၏။ ထိုခဏ၌ ယူဇနာပေါင်း လေးသောင်းနှစ်ထောင် အမြင့်ဆောင်သော ယုဂန္ဓိုရ်တောင်သည် ဖ၀ါးတော်အောက် အလိုလိုလာရောက်၍ လက်ျာခြေတော်ကို ခံလင့်လေ၏။ ထို့နောက် လက်ဝဲခြေတော်ကို ချီမြှောက်တော်မူသည်ရှိသော် မြေအပြင်မှသည် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင်းမိုရ်တောင်ထိပ်သည် ဖ၀ါးတော်အောက် အလိုလိုလာရောက်၍ လက်ဝဲခြေတော်ကို ခံလင့်လေ၏။
(ဤ၌။ ။ယုဂန္ဓိုရ်တောင်, မြင်းမိုရ်တောင်တို့ ဖဝါးတော်အောက်သို့ ညွတ်လာ ကိုင်းလာသည်ကိုလည်း တဦးတယောက်မျှ မမြင်ရချေ။ မြတ်စွာဘုရား ကိုယ်တော်မြတ်၏ အဖို့ရာမှာလည်း ထိုခရီးယူဇနာ ဝေးကွာလှသောအရပ်သို့ ခြေတော်ကို အမြင်မတော်အောင် ကျဲကျဲကြီး ကြွလှမ်းမှုဟူ၍လည်း မရှိချေ၊ ဤအရာအမျိုးကား တန်ခိုး၏အရာသာ ဖြစ်သည်၊ မကြံအပ် မကြံစည်ကောင်းပေ)။
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ခြေလှမ်း နှစ်လှမ်းတည်းဖြင့်ပင် လူ့ပြည်မှသည် တာဝတိံသာ နတ်ပြည်သို့ ရောက်တော်မူလေသည်။ (တာဝတိံသာနတ်ပြည်ကား မြင်းမိုရ်တောင်ထိပ်၌ တည်ရှိ၍ မြင်းမိုရ်တောင်ထိပ်သို့ရောက်လျှင် တာဝတိံသာနတ်ပြည်သို့ ရောက်လေတော့၏)။
သိကြားမင်း အကြံမှားခြင်း
သိကြားနတ်မင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရလျှင်ပင်-
“မြတ်စွာဘုရားရှင်သည် ဤတာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဤယခုဝါကို ဆိုတော်မူလိမ့်မည်ထင်၏၊ များစွာသော နတ်ဗြဟ္မာတို့အား ဥပကာရကျေးဇူး အထူးများပေလိမ့်မည်။ အထူးအားဖြင့် ဤပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါတွင်းသုံးလပတ်လုံး မြတ်စွာဘုရား ဝါဆိုသီတင်းသုံး နေတော်မူခဲ့သော် အခြားတဦးတယောက်သော နတ်ဗြဟ္မာမျှ လက်ကိုပင် တင်ထားနိုင်စွမ်းသောသူမည်သည် မရှိချေ။ ဤပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကား အလျားယူဇနာ ခြောက်ဆယ်, အနံအပြန့် ယူဇနာငါးဆယ်, အမြင့်ယူဇနာ တဆယ့်ငါးရှိ၍ ကြီးမားလှဘိ၏၊ မြတ်စွာဘုရားရှင် ထိုပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ (ဝါလပတ်လုံး) သီတင်းသုံး ထိုင်နေတော်မူသော်လည်း ဗန်းကြီး (စကောကြီး)အလယ်၌ စာဝတီးငှက်ငယ် နားနေသည့်ပမာ အသုံးဝင်သောနေရာကား အနည်းအပါး အသုံးမဝင်သောနေရာကသာ များသဖြင့် အချည်းနှီးကဲ့သို့ ဖြစ်ချေတော့မည်တကား”-
ဟူ၍ ဆင်ခြင်စဉ်းစား အကြံမှားလေသည်။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ စိတ်အလိုအကြံကို သိတော်မူ၍ ကိုယ်တော်မြတ်၏ နှစ်ထပ်သင်္ကန်းကြီးကို ကျောက်ဖျာတခုလုံး ဖုံးအုပ် ခင်းထားလိုက်လေသည်။ သိကြားမင်းသည် “သင်္ကန်းတော်ကို ကျောက်ဖျာတခုလုံး ဖုံးအုပ်၍ ချထားနိုင်သည် ရှိဦးတော့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကမူ အနည်းငယ်မျှသော နေရာ၌သာ ထိုင်နေတော်မူပေလိမ့်မည်”ဟူ၍ ရိုးရိုးပင် ကြံစည်စဉ်းစားပြန်လေသည်။ မြတ်စွာဘုရားရှင်သည် သိကြားမင်း၏ စိတ်အလိုအကြံကို သိတော်မူ၍ အင်းပျဉ်ငယ် (ထိုင်ခုံငယ်)၌ ပံသုကူဓုတင်ဆောင် မထေရ်ကြီးတပါး ထိုင်နေတော်မူသည့်ပမာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးတခုလုံးကို တင်ပလ္လင်ခွေ၏ အတွင်း၌သာပြု၍ ထိုင်နေတော်မူလိုက်လေ၏။
ထိုအခါ သိကြားမင်းသည် မိမိအပြစ်ကို သိမြင်လာကာ “ကိုယ့်ပမာဏကို မသိခြင်းကား ကြီးစွာသော အကျိုးမဲ့ကြီးပါတကား၊ မြတ်စွာဘုရားရှင်မည်သည် အဘယ်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ဟူ၍ အကုန်အစင် ငါတို့သည် မသိမြင်နိုင်ကုန်စွာ့တကား၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့သည် အဘယ်မျှ အတိုင်းအရှည်ရှိကုန်၏ဟူ၍ အကုန်အစင် ငါတို့သည် မသိမြင်နိုင်ကုန်စွာ့တကား၊ ဤသို့လျှင် မကြံအပ် မကြံစည်နိုင်သော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်အားပင်သော်မှ အကျွန်ုပ်သည် ဤကဲ့သို့ အကြံမှား အထင်မှားခဲ့လေပြီတကား”ဟု မိမိ၏ အပြစ်ဒေါသကို ထင်စွာပြု၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကန်တော့လေသည်။
လူအများ ဘုရားရှင်ကိုမမြင်ကြရ၍ ငိုကြွေးမြည်တမ်းကြခြင်း စသည်
ထိုစဉ်အခါ လူ့ပြည်လောက၌ “ငါတို့သည် ယမိုက်ပြာဋိဟာကို ဖူးမြော်ကြကုန်အံ့”ဟူ၍ ကြည့်ရှုဖူးမြော်ကြကုန်စဉ် လူများအပေါင်းသည် တခဏအတွင်း မြတ်စွာဘုရားရှင်ကို မမြင်ကြရ၍
လအထောင် နေအထောင်တို့ ကွယ်ဝင်သောအခါကဲ့သို့ ဖြစ်လေ၏။ “အကြောင်း အသို့နည်း”ဟု အချင်းချင်း ပြောဆိုကြကာ—
ဂတော နု စိတ္တကူဋံ ဝါ၊ ကေလာသံ ဝါ ယုဂန္ဓရံ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။
နော = ငါတို့သည်။ လောကဇေဋ္ဌံ = လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူပေထသော။ နရာသဘံ = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးကြီး ဖြစ်တော်မူပေထသော။ သမ္ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားကို။ န ဒက္ခေမု = ဖူးမြော်နေစဉ် ယခုပင် မမြင်ကြရကုန်တော့ချေ။ သော သမ္ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား ထိုမြတ်စွာဘုရားသည်။ စိတ္တကူဋံ ဝါ = စိတ္တကုဋ်တောင်သို့မူလည်း။ ဂတော နု = သောသောကြွက်ဆူ ဤမျှလောက် ပြောထူသည့် လူတို့နှင့်မနီး ဝေးရပ်ကို ငါခိုမှီးမည်ဟု ခရီးယာယီ ကြွချီတော်မူလေရော့သလား။ ကေလာသံ ဝါ = ကေလာသ ငွေတောင်သို့မူလည်း။ ဂတော နု = ခရီးယာယီ ကြွချီတော်မူလေရော့သလား။ ယုဂန္ဓရံ ဝါ = ယုဂန္ဓိုရ်တောင်သို့မူလည်း။ ဂတော နု = သောသောကြွက်ဆူ ဤမျှလောက် ပြောထူသည့် လူတို့နှင့်မနီး ဝေးရပ်ကို ငါခိုမှီးမည်ဟု ခရီးယာယီ ကြွချီတော်မူလေရော့သလား။-
ဟူသော ဤဂါထာကို ရွတ်ဆိုကြကာ လူတို့သည် ငိုကြွေးကြကုန်၏။
အခြားတပါးသော လူအချို့တို့ကမူ “မြတ်စွာဘုရားမည်သည် ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်တော်မူ၏။ ထိုမြတ်စွာဘုရားသည် ‘ငါကား ဆိတ်ငြိမ်ရာ၌ မွေ့လျော်သူဖြစ်ပါလျက် ဤမျှ များပြားသော ပရိသတ်ဝယ် ဤသို့စဉ် ဆန်းကြယ်သော တန်ခိုးပြာဋိဟာ ပြသမှုကို ပြုမိလေပြီတကား’ဟု အရှက်အားကြီးကာ လူမမြင်ရာ အရပ်တပါးသို့ ကြွသွားတော်မူသည်
ဖြစ်လိမ့်မည်၊ ယခု ငါတို့သည် ထိုမြတ်စွာဘုရားကို မဖူးမြော်ရတော့ကုန်”ဟု ပြောဆိုကြကာ-
ပဝိဝေကရတော ဓီရော၊ နယိမံ လောကံ ပုနေဟိတိ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။
ဓီရော = သဗ္ဗညုတ ဉာဏသခင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ပဝိဝေကရတော = အာရုံငါးထပ် ဆိတ်ငြိမ်ရာအရပ်၌သာ ချဉ်းကပ်မွေ့လျော် ပျော်ပိုက်တော်မူသည်ဖြစ်၍။ ဣမံ လောကံ = အာရုံငါးချက် စုံပြည့်နှက်၍ အေးကွက်မရ ပူပြင်းလှသား လောကဘုံပြင် ဤလူ့ခွင်သို့။ န ပုန ဧဟိတိ = နောက်ထပ်၍သော် ကြွလာတော်မူတော့မည် မဟုတ်ချေ။ နော = ငါတို့သည်။ လောကဇေဋ္ဌံ = လောကသုံးပါး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူပေထသော။ နရာသဘံ = လူမြတ်ထွတ်မှူး ပုဂ္ဂိုလ်ထူးကြီး ဖြစ်တော်မူပေထသော။ သမ္ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားကို။ န ဒက္ခေမု = ဖူးမြော်နေစဉ် ယခုပင် မမြင်ကြရကုန်တော့ချေ။-
ဟူသော ဂါထာကို ရွတ်ဆို ငိုကြွေးကြလေကုန်၏။
လူများ အပေါင်းသည် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို “အရှင်ဘုရား.. ယခုအခါ မြတ်စွာဘုရားရှင်သည် အဘယ်အရပ်၌ ရှိတော်မူပါသနည်း”ဟု မေးမြန်းကြလေသည်။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ကိုယ်တိုင်က (ဘုရားရှင် တာဝတိံသာနတ်ပြည်၌ ရှိတော်မူနေသည်ကို) သိသော်လည်း “သူတပါးတို့၏ ဂုဏ်ကျေးဇူးများ ထင်ရှားကြပါစေ”ဟု နှလုံးပိုက်တော်မူကာ “အရှင်အနုရုဒ္ဓါကို မေးကြလော့”ဟူ၍ မိန့်ဆိုတော်မူလေ၏။ လူများအပေါင်းက အရှင်အနုရုဒ္ဓါကို မေးမြန်းကြသဖြင့် အရှင်အနုရုဒ္ဓါသည် “တာဝတိံသာ နတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သား
အမှူးပြုသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာပိဋကကို ဟောကြားတော်မူရန် ကြွသွားတော်မူသည်”ဟု ဖြေကြားတော်မူ၏။ “အဘယ်အခါ၌ ပြန်ကြွတော်မူလာမည်နည်း”ဟု လူများအပေါင်းက မေးသဖြင့် အရှင်အနုရုဒ္ဓါ မထေရ်သူမြတ်သည် “ဝါတွင်းသုံးလတို့ပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးမှ သီတင်းကျွတ်လပြည့် = မဟာပဝါရဏာနေ့၌ ပြန်ကြွတော်မူလာလိမ့်မည်”ဟူ၍ ဖြေကြားတော်မူလေ၏။
လူအပေါင်းတို့သည် “မြတ်စွာဘုရားကို မဖူးမြော်ကြရပဲ ငါတို့ကား မသွားကြကုန်”ဟု ကြံစည်တိုင်ပင်ကြကာ ထိုအရပ်မှာပင် သစ်ခက်တဲ (=ယာယီမဏ္ဍပ်) ဆောက်လုပ်ကြလေကုန်သည်။ ကောင်းကင်ကြီးကပင် ထိုလူများအဖို့ရာ အမိုးကြီးဖြစ်၍ နေတော့၏၊ မဟာပထဝီမြေကြီးကပင် ထိုလူများအပေါင်းတို့ စွန့်ပစ်သမျှသော ကိုယ်၏အညစ်အကြေးများကို သူ့အလိုလို မျိုပစ်သဖြင့် ထိုမျှများပြားစွာသော ပရိသတ်၏ ကိုယ်၏အညစ်အကြေးဟူ၍ မတွေ့ရချေ။ နေရာတိုင်းမှာပင် မြေအပြင်သည် စင်ကြယ်လျက် ရှိချေ၏။
မြတ်စွာဘုရားရှင်သည်လည်း ပဌမရှေးဦးကပင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို “သင်ချစ်သားသည် ဤပရိသတ်အား တရားဟောရစ်ရမည်၊ စူဠအနာထပိဏ် ဒါယကာက ထိုပရိသတ်အား အစာအာဟာရ ပေးလှူလိမ့်မည်”ဟူ၍ မိန့်ဆိုတော်မူပြီး ဖြစ်လေသည်၊ ထို့ကြောင့် ထိုဝါတွင်းသုံးလပတ်လုံး စူဠအနာထပိဏ် ဒါယကာသည် ထိုပရိသတ်အား စောစောပင်လျှင် ယာဂု, ဆွမ်း, ခဲဖွယ်, စားဖွယ်, ကွမ်း, ဆေး, လဖက်, နံ့သာ, ပန်းမာလ်, အဆင်တန်းဆာ အစရှိသော လူ့အသုံးအဆောင်များကို လိုလေသေး မရှိရအောင် စေ့ငစုံလင်စွာ ပေးလှူလေသည်။ မြတ်စွာဘုရားရှင်၏ ရှေးဦးပဌမ ကြိုတင် မိန့်မှာတော်မူချက်အတိုင်း အရှင်မဟာမောဂ္ဂလာန် မထေရ်သည် ထိုပရိသတ်အား ဝါတွင်းသုံးလပတ်လုံး တရားဟောတော် မူလေသည်။
စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ် ရောက်ရှိကြခြင်း
အဘိဓမ္မာတရားကို ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါကပ်တော်မူသော မြတ်စွာဘုရားထံမှောက်သို့ ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်းတို့မှ နတ်ဗြဟ္မာအပေါင်းတို့သည် အဘိဓမ္မာတရားကို နာယူကြရန် ဝန်းရံဆည်းကပ်ကြလေကုန်သည်။ ထိုမျှများစွာ နတ်ဗြဟ္မာတို့အနက် တဦးတယောက်သော နတ်ဗြဟ္မာမျှ ရုပ်ရည်အဆင်း အားဖြင့် မြတ်စွာဘုရားထက် သာလွန်၍ မတင့်တယ်နိုင်ချေ၊ စင်စစ်ကား မြတ်စွာဘုရားကသာလျှင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့ကို လွှမ်းမိုးသာလွန် တင့်တယ်တော်မူလေသည်။
ဤသို့လျှင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့ကို ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် လွှမ်းမိုးတင့်တယ်ကာ မြတ်စွာဘုရားသခင် ထိုင်နေတော်မူပြီးလတ်သော် မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုသိတနတ်သားသည် မိမိ၏စံရာ တုသိတာဘုံမှ ဆင်းသက်လာလတ်၍ မြတ်စွာဘုရားရှင်၏ ရှေ့တော်ဝယ် လက်ျာနံပါး၌ ရိုသေစွာ ထိုင်နေလာ၏။
အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏အကြောင်း
မယ်တော်မိနတ်သား ထိုင်နေပြီးသောအခါ ဣန္ဒကနတ်သားသည်လည်း မြတ်စွာဘုရားထံမှောက်သို့ လာရောက်၍ လက်ျာနံပါးဖက်၌ပင် ထိုင်နေလေသည်။ အင်္ကုရနတ်သားသည် လက်ဝဲဖက်နံပါး၌ ထိုင်နေလေသည်။ ထိုအင်္ကုရနတ်သားသည် တန်ခိုးကြီးသော နတ်ဗြဟ္မာတို့ လာတိုင်းလာတိုင်း နောက်သို့ ဆုတ်၍ ဆုတ်၍ နေရာပေးရသဖြင့် မြတ်စွာဘုရားမှ (၁၂) တဆယ့်နှစ်ယူဇနာ ဝေးကွာသောအရပ်၌ နေရာကို ရလေသည်။ ဣန္ဒကနတ်သားမူကား မူလရင်း နေရာ၌ပင် မရွှေ့မပြောင်းရပဲ နေမြဲ နေထိုင်ရလေသည်။
အင်္ကုရနတ်သားအကြောင်း အကျဉ်းချုပ်
အင်္ကုရနတ်သား ဟူသည်မှာ.. သာသနာပြင်ပ ဗာဟီရကအခါ (ကဿပမြတ်စွာသာသနာ ကွယ်ပြီးသည့် နောက်အခါ) ဥတ္တရမဓုရာဇ်ပြည့်ရှင် မဟာသာဂရမင်းကြီး၏ သားတော် ဥပသာဂရမင်းသားနှင့် ဥတ္တရာပထတိုင်းဝယ် ကံသမင်း၏ စားကျေးမြို့ဖြစ်သော အသိတဉ္ဇနမြို့၌ မဟာကံသမင်းကြီး၏ သမီးတော် ဒေဝဂဗ္ဘာမင်းသမီးတို့ သင့်မြတ်ကြရာ သမီးတော် အဉ္ဇနဒေဝီမင်းသမီးတပါး သားတော် ဝါသုဒေဝမင်းသားစသော မင်းသား တကျိပ်အားဖြင့် သားတော် သမီးတော် တကျိပ်တပါး ထွန်းကားခဲ့ရာတွင် သားတော်အငယ်ဆုံးကား အင်္ကုရမင်းသား အမည်ရှိလေသည်။
ထိုအင်္ကုရမင်းသားသည် အရွယ်သို့ ရောက်လတ်သောအခါ (နောင်တော် ဝါသုဒေဝစသော မင်းသားတို့ စက်လက်နက်ဖြင့် ဇမ္ဗူဒိပ်တကျွန်းလုံးကို တိုက်ခိုက်သိမ်းယူကြပြီးနောက်) မိမိအတွက် ဝေပုံကျရရှိသော မြို့စားမင်းအဖြစ်ကို အစ်မကြီးဖြစ်သူ အဉ္ဇနဒေဝီမင်းသမီးအား ပေးစေ၍ မိမိကိုယ်တိုင်ကမူ နောင်တော် အစ်မတော်တို့၏ စိုးပိုင်ရာ မြို့နယ်အတွင်း၌ အကောက်အခွန် လွတ်ငြိမ်းခွင့်ကိုသာ တောင်းယူပြီးလျှင် အရောင်းအဝယ် ကုန်သွယ်ခြင်းအလုပ်ဖြင့်သာ ချမ်းသာစွာ နေထိုင်ခဲ့လေသည်။
နောက်တချိန်၌ အင်္ကုရမင်းသားသည် လှည်းအစီးငါးရာဖြင့် ကုန်ရောင်းသွားရာ သဲကန္တာရအတွင်း၌ မျက်စိလည် လမ်းမှား၍ စားနပ်ရိက္ခာပြတ်သဖြင့် ဒုက္ခကြီးစွာ ရောက်ရှိလေသည်။ ထိုသဲကန္တာရ၌ လက်ျာလက် တဖက်တည်းမှ လိုသမျှ အသုံးအဆောင်ခပ်သိမ်းကို ပေးစွမ်းနိုင်သော ညောင်စောင့်နတ်တဦး ရှိလေသည်။ ထိုညောင်စောင့်နတ်သည် ရှေး လူဖြစ်စဉ်ဘဝက အင်္ကုရမင်းသား ပြုစုစောင့်ရှောက်ခဲ့ဘူးသော ကျေးဇူးကို
သိမြင်သူ ကတညူပုဂ္ဂိုလ်ဖြစ်ရကား မင်းသားနှင့်တကွ ပရိသတ်အား လိုသမျှသော အသုံးအဆောင်ကို လက်ျာဖက် လက်တချောင်းတည်းဖြင့် ညွှန်ပြပေးလှူလတ်သည်တွင် အင်္ကုရမင်းသားက ရှေးကောင်းမှုကို မေးသဖြင့် ညောင်စောင့်နတ်မင်းသည် “မိမိ ရှေးလူဖြစ်စဉ်ဘဝက ရောရုဝမြို့၌ အသယှသူဌေး၏ အိမ်အနီး ဆင်းရဲသား အပ်ချုပ်သမားဖြစ်ခဲ့၍ အသယှသူဌေး အလှူကြီးပေးသောအခါ ရောက်လာ ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ဝမ်းမြောက်ကြည်ညိုစွာ လက်ျာလက်ကို ဆန့်တန်း၍ အလှူမဏ္ဍပ်ရှိရာဌာနကို ညွှန်ပြခဲ့သော ကောင်းမှုကြောင့် ဤကဲ့သို့ လက်ျာလက်မှ အလိုရှိအပ်သမျှသော လူ့အသုံးအဆောင် စားဖွယ် သောက်ဖွယ် ဝတ်ဖွယ် အစရှိသည်တို့ တသွင်သွင် ယိုစီး၍ကျနေကြောင်းဖြင့်” ဖြေကြားခဲ့လေသည်။
ထိုညောင်စောင့်နတ်မင်းကို အားကျ၍ အင်္ကုရမင်းသားသည် ဒွါရာဝတီ နေပြည်တော်သို့ ရောက်သောအခါ ကြီးစွာသော အလှူကြီး ဇမ္ဗူဒိပ်ဘကျွန်းလုံး ထွန်တုံးပိတ် ပေးလှူသဖြင့် မင်းများ အခွန်အတုတ် မရရှိ၍ နောင်တော်မင်းတို့က အင်္ကုရညီတော်မင်းသားကို တိုင်းတိုင်းရှည်ရှည် လှူဖို့ရန် မေတ္တာရပ်ခံသောကြောင့် အင်္ကုရမင်းသားသည် ဒက္ခိဏာပထတိုင်းသို့ ပြောင်းရွှေ့သွားရောက်ကာ ဒမိဠနိုင်ငံ၌ သမုဒြာအနီးဝယ် ဆယ့်နှစ်ယူဇနာပေါက် မြေတလျောက်၌ ခုံလောက်ချင်းဆက်ကာ အနှစ်တသောင်းကြာ ကြီးစွာသော အလှူဒါနကို ပေး၍ ထို ဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ အင်္ကုရဟူသော ရှေးအမည်ရင်းဖြင့် နတ်သားဖြစ်လေသည်။
အင်္ကုရမင်းသားသည် ထိုမျှကြီးစွာ အခါရှည်မြင့် လှူဒါန်းရသော်လည်း သာသနာပြင်ပဖြစ်၍ ဒုဿီလ အလှူခံများကိုသာ လှူဒါန်းခဲ့ရကား မြေညံ့၌ စိုက်ပျိုးအပ်သော
မျိုးစေ့ကဲ့သို့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းပဲ ရှိရလေသည်။ ။(ဤကား အင်္ကုရနတ်သား၏ အကြောင်းအရာ အကျဉ်းချုပ်တည်း။ အကျယ်ကို အလိုရှိမူ ပိဋကတ်တော်မြန်မာပြန် ပေတဝတ္ထုပါဠိတော်၊ ၂-ဥဗ္ဗိရိဝဂ်၊ ၉-အင်္ကုရပေတဝတ္ထုမှ မှတ်ယူရာ၏)။
ဣန္ဒကနတ်သားအကြောင်း အကျဉ်းချုပ်
ဣန္ဒကနတ်သား အကြောင်းကား ဤဆိုအပ်ခဲ့သည့်အတိုင်း အင်္ကုရနတ်သားသည် တာဝတိံသာနတ်ပြည်၌ဖြစ်၍ နတ်စည်းစိမ်ကို ခံစားနေစဉ် ငါတို့၏ မြတ်စွာဘုရား လက်ထက်တော်အခါ၌ ဣန္ဒကအမည်ရှိသော လုလင်သည် ဆွမ်းခံကြွလာတော်မူသော အရှင်အနုရုဒ္ဓါမထေရ်အား သဒ္ဓါကြည်ညိုသော စိတ်ရှိလျက် တယောက်ချိုမျှသော ဆွမ်းကို လှူဒါန်းခဲ့လေသည်။
ဣန္ဒကလုလင်သည် နောက်အခါ စုတိပြတ်ကြွေ သေလွန်ခဲ့၍ သာသနာတော်တည်းဟူသော လယ်မြေကောင်း၌ ဆွမ်းတယောက်ချို အလှူဒါနတည်းဟူသော ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးခဲ့သော အာနုဘော်ကြောင့် တာဝတိံသာနတ်ပြည်၌ တန်ခိုးအာနုဘော်ကြီးသော ဣန္ဒကအမည်ရှိသော နတ်သားဖြစ်ပြီးလျှင် နတ်၌ဖြစ်သော (၁) သုံးဆောင်ဖွယ်ရာ အဆင်းအာရုံ (၂) အသံအာရုံ (၃) အနံ့အာရုံ (၄) အရသာအာရုံ (၅) အတွေ့အထိအာရုံတို့နှင့်တကွ (၆) အသက်ရှည်ခြင်း (၇) အခြံအရံများခြင်း (၈) ပုံပန်းသဏ္ဌာန်တင့်တယ်ခြင်း (၉) ချမ်းသာကြီးခြင်း (၁၀) အစိုးရခြင်း ဤဆယ်ရပ်သော ဂုဏ်ကျေးဇူးတို့ဖြင့် အင်္ကုရနတ်သားကို လွှမ်းမိုးသာလွန် တင့်တယ်လေသည်။
ထို့ကြောင့် ဤယခု အဘိဓမ္မာအစည်းအဝေး၌ အင်္ကုရနတ်သားမှာ တန်ခိုးအာနုဘော် မကြီးမားလှသောကြောင့် တန်ခိုးကြီးသည့် နတ်ဗြဟ္မာတို့ လာတိုင်း လာတိုင်း
နေရာဖယ်ရှားပေးရသဖြင့် မြတ်စွာဘုရားမှ ဝေးကွာသည့် (၁၂) တဆယ့်နှစ်ယူဇနာအရပ်၌ နေရာကို ရလေသည်။ ဣန္ဒကနတ်သားမူကား တန်ခိုးကြီးသူဖြစ်၍ မြတ်စွာဘုရား၏ အနီးမှာပင် ပဌမယူအပ်သော နေရာ၌ (အခြားသို့ မရွှေ့မပြောင်းရပဲ) နေနိုင်ခွင့်ကို ရရှိလေသည်။
မြတ်စွာဘုရားရှင်သည် ထိုအင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သား နှစ်ဦးသားတို့ကို ကြည့်ရှုတော်မူ၍ ကိုယ်တော်မြတ်၏ သာသနာ၌ မြတ်သော အလှူခံပုဂ္ဂိုလ်တို့အား လှူအပ်သော အလှူဒါန၏ အကျိုးကြီးမြတ်ကြောင်းကို သိစေတော်မူလိုသည်ဖြစ်၍ “အင်္ကုရ.. သင်သည် အနှစ်တသောင်းကြာ အခါကာလပတ်လုံး ဆယ့်နှစ်ယူဇနာတလျောက် ခုံလောက်ချင်းဆက်ကာ ကြီးစွာသောအလှူဒါနကို ပေးလှူအပ်ခဲ့ပါလျက် ယခုအခါ ငါဘုရား၏ အဘိဓမ္မာတရားသဘင် အစည်းအဝေးသို့ လာရောက်ပြီးလျှင် ဆယ့်နှစ်ယူဇနာ ဝေးကွာသောအရပ်၌ အဘယ့်ကြောင့် နေထိုင်ခွင့်ကို ရသနည်း”ဟု မေးတော်မူလိုရကား-
မဟာဒါနံ တယာ ဒိန္နံ၊ အင်္ကုရ ဒီဃမန္တရေ။
အတိဒူရေ နိသိန္နောသိ၊ အာဂစ္ဆ မမ သန္တိကေ။
အင်္ကုရ = အင်္ကုရဟု နာမထင်ရှား အို ဒါယကာနတ်သား..။ တယာ = သင်သည်။ ဒီဃမန္တရေ = အနှစ် တသောင်း ရှည်ညောင်းမြင့်ကြာ အခါအတွင်း၌။ မဟာဒါနံ = ဆယ့်နှစ်ယူဇနာပေါက် မြေတလျောက်ဝယ် ခုံလောက်ချင်းဆက်ကာ ကြီးစွာသောအလှူဒါနကို။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်ခဲ့လေပြီ။ (ဣဒါနိ = အဘိဓမ္မာ ဒေသနာနက်လေး ဤယခုအစည်းအဝေး၌)။ အတိဒူရေ = ငါဘုရားနှင့် ဝေးခြားလှစွာ ဆယ့်နှစ်ယူဇနာအရပ်၌။ (ကသ္မာ = အဘယ့်ကြောင့်)။ နိသိန္နော = တန်ခိုးကြီးစွာ နတ်ဗြဟ္မာတို့ ရောက်လာတိုင်းနောက်သို့ဆုတ်၍ ပြောင်းရွှေ့နေထိုင်သည်။ အသိ = ဖြစ်သနည်း။ မမ သန္တိကေ = ငါဘုရား၏ ထံပါးမျက်မှောက် စက်ရိပ်အောက်သို့။
အာဂစ္ဆ-အာဂစ္ဆာဟိ = သော့လျင်မကြာ သင်လာရောက်ပါတော့လော့။
ဤဂါထာကို မိန့်ဆိုမြွက်ကြားတော်မူလေသည်။(ထိုသို့ မြတ်စွာဘုရားက အင်္ကုရနတ်သားကို မေးမြန်း မြွက်ဆိုသော အသံသည် အောက်မြေအပြင်သို့ ဆိုက်ရောက်လေသည်၊ ထိုအသံကို လူရပ်လူ့ပြည်၌ရှိသော ပရိသတ်များ ကြားရလေသည်။ ဓမ္မပဒ ဋ္ဌ-၂၊ ၁၄၃-မှ)
ဤသို့ မြတ်စွာဘုရားရှင် မေးမြန်းအပ်သည်ရှိသော် အင်္ကုရနတ်သား ပြန်လည်ဖြေကြား လျှောက်ဆိုသော တဂါထာခွဲ (၆-ပါဒ)နှင့်တကွ သင်္ဂီတိကာရကမထေရ်တို့ ဖြည့်စွက် ဟောကြားအပ်သည့် ဂါထာဝက်ပါ (၂) နှစ်ဂါထာကို ပါဠိတော်၌ ဤသို့ သံဂါယနာတင်၍ ထားအပ်လေသည်-
စောဒိတော ဘာဝိတတ္တေန၊ အင်္ကုရော ဧတဒဗြဝိ။
ကိံ မယှံ တေန ဒါနေန၊ ဒက္ခိဏေယျန သုညတံ။
အယံ သော ဣန္ဒကော ယက္ခော၊ ဒဇ္ဇာ ဒါနံ ပရိတ္တကံ။
အတိရောစတိ အမှေဟိ၊ စန္ဒော တာရာဂဏေ ယထာ။
ဘာဝိတတ္တေန = ကာယစိတ္တာ ဘာဝနာနှစ်ပါး ပွါးများတော်မူပြီးသော မြတ်စွာဘုရားသည်။ စောဒိတော = စောဒနာစစ်ဆေး မေးမြန်းအပ်သည်ဖြစ်၍။ အင်္ကုရော = သာသနာပြင်ပ ဗာဟီရဝယ် ဒါနပြုပွါး အင်္ကုရနတ်သားသည်။ ဧတံ = ဤဆိုလတ္တံ့သော အဖြေစကားကို။ အဗြဝိ = လက်အုပ်ချီမိုး ရှိခိုးလျှောက်ဆိုလေပြီ။ (ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဒက္ခိဏေယျန = သီလဝန္တခေါ်ဆို မြတ်သော အလှူခံပုဂ္ဂိုလ်မှ။ သုညတံ = မပါလုံးလုံး ကင်းဆိတ်သုဉ်းသော။ ယံ ဒါနံ = သာသနာပြင်ပ ဗာဟီရဝယ် လုံ့လဆည်းစု အကြင် ဒါနကောင်းမှုသည်။ အတ္ထိ = ရှိ၏။ မယှံ = အကျွန်ုပ်၏။ တေန ဒါနေန = သာသနာပြင်ပ ဗာဟီရဝယ် ကာလရှည်လျား
ပွါးများအားထုတ်ခဲ့သော ထိုဒါနကောင်းမှုဖြင့်။ ကိံ = အဘယ်မူစအံ့နည်း။
အယံ သော ဣန္ဒကော ယက္ခော = ရှင်တော့်ထံပါး ဤဣန္ဒကနတ်သားသည်။ ပရိတ္တကံ ဒါနံ = ဆွမ်းတယောက်ချိုမျှ အနည်းငယ်သော အလှူဒါနကို။ ဒဇ္ဇာ = အနုရုဒ္ဓါ ထေရ်မဟာအား သဒ္ဓါထိန်လင်း ပေးလှူခဲ့ခြင်းကြောင့်။ စန္ဒော = ပြာဿာဒ်ငွေသား လ- ရထားသည်။ တာရာဂဏေ = နက္ခတ်များစွာ ကြယ်တာရာ အပေါင်းတို့ကို။ အတိရောစတိ ယထာ = အရောင်ဖြိုးဖြိုး လွှမ်းမိုးတင့်တယ်သကဲ့သို့။ အမှေဟိ-အမှေ = သာသနာပြင်ပ ဗာဟီရဝယ် ဒါနမျိုးချယ် တန်ခိုးငယ်သော အကျွန်ုပ်တို့ကို။ အတိရောစတိ = ဌာနဆယ်မျိုး နတ်တန်ခိုးဖြင့် လွှမ်းမိုးမြင့်ကယ် တင့်တယ် ထွန်းပပါပေ၏။
ဤသို့ အင်္ကုရနတ်သားက လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဣန္ဒကနတ်သားကို “ဣန္ဒက.. သင်သည် ငါဘုရား၏ လက်ျာနံပါး၌ မရွှေ့မရှား ထိုင်နေ၏။ အဘယ့်ကြောင့် (တန်ခိုးကြီးသည့်နတ်များ လာရောက်ကြသောအခါ) မဖယ်ရှားရပဲ ထိုင်မြဲ ထိုင်နေနိုင်သနည်း”ဟူ၍ မေးတော်မူ၏။ ဣန္ဒကနတ်သား သည်လည်း “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် လယ်မြေကောင်း၌ မျိုးစေ့အနည်းငယ်ကို စိုက်ပျိုးသော လယ်သမားကဲ့သို့ အလှူခံပုဂ္ဂိုလ် တည်းဟူသော လယ်မြေကောင်း၏ ပြည့်စုံခြင်းကို ရရှိခဲ့သူဖြစ်ပါသည်”ဟူ၍ လျှောက်ဆိုပြီးလျှင် မြတ်သော အလှူခံပုဂ္ဂိုလ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားပြလိုသည်ဖြစ်၍-
ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊
ဗီဇံ ဗဟုမ္ပိ ရောပိတံ။
န ဖလံ ဝိပုလံ ဟောတိ၊
နပိ တောသေတိ ကဿကံ။
တထေဝ ဒါနံ ဗဟုကံ၊
ဒုဿီလေသု ပတိဋ္ဌိတံ။
န ဖလံ ဝိပုလံ ဟောတိ၊
နပိ တောသေတိ ဒါယကံ။
(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဥဇ္ဇင်္ဂလေ ခေတ္တေ = ဩဇာဓာတ်ဆီ မသီဝေးလွင့် ဆပ်ပျာပွင့်သား ကုန်းမြင့်ခေါင်ဗွေ ကျတ်တီးမြေ၌။ ရောပိတံ = လုံ့လအားကြိုး စိုက်ပျိုးကြဲချအပ်သော။ ဗီဇံ = မျိုးစေ့သည်။ ဗဟုမ္ပိ = အရေအတွက်အား များပြားလှသော်လည်း။ ဝိပုလံ ဖလံ = ပြန့်ပြောခိုင်ဖြီး အသီးကို သီးနိုင်သည်။ န ဟောတိ ယထာ = မဖြစ်သကဲ့သို့။ ကဿကံ = ထွန်ယက်လုပ်စား လယ်သမားကို။ နပိ တောသေတိ ယထာ = ပီတိဝှန်တက် မနှစ်သက်လည်း မနှစ်သက်စေနိုင်သကဲ့သို့။
တထေဝ = ထို့အတူပင်လျှင်။ ဒုဿီလေသု = ဒုဿီလခေါ်ဆို အလှူခံပုဂ္ဂိုလ်တို့၌။ ပတိဋ္ဌိတံ = လှူဒါန်းသောအား စိုက်ပျိုးတည်ထားအပ်သော။ ဒါနံ = သာသနာပြင်ပ ဗာဟီရအလှူမျိုးသည်။ ဗဟုကံ-ဗဟုကမ္ပိ = သင်္ချာဆပွား မည်မျှပင်များသော်လည်း။ ဝိပုလံ ဖလံ = ပြန့်ပြောဝှန်ဖြိုး များမြတ်သော အကျိုးရှိသည်။ န ဟောတိ = မဖြစ်နိုင်။ ဒါယကံ = ပေးလှူတတ်စွာ ဒါယကာကို။ နပိ တောသေတိ = ပီတိဝှန်တက် မနှစ်သက်လည်း မနှစ်သက်စေနိုင်ပါဘုရား။
ယထာပိ ဘဒ္ဒကေ ခေတ္တေ၊
ဗီဇံ အပ္ပမ္ပိ ရောပိတံ။
သမ္မာ ဓာရံ ပဝေစ္ဆန္တေ၊
ဖလံ တောသေတိ ကဿကံ။
တထေဝ သီလဝန္တေသု၊
ဂုဏဝန္တေသု တာဒိသု။
အပ္ပကမ္ပိ ကတံ ကာရံ၊
ပုညံ ဟောတိ မဟပ္ဖလံ။
(ဘန္တေ = ဘုန်းတော်ကြီးသော မြတ်စွာဘုရား..)။ ဘဒ္ဒကေ ခေတ္တေ = ဓာတ်ဆီဩဇာ ရသာပြည့်ညောင်း လယ်မြေကောင်း၌။ ရောပိတံ = လုံ့လအားကြိုး စိုက်ပျိုးကြဲချအပ်သော။ ဗီဇံ = မျိုးစေ့သည်။ အပ္ပမ္ပိ = အနည်းငယ်မျှ မပြောပလောက်သော်လည်း။ ဓာရံ = မိုးရေအယဉ်ကို။ သမ္မာ = ကောင်းမွန်မှန်ကန်စွာ။ ပဝေစ္ဆန္တေ = (မြေကောင်းဖြစ်က) ဆယ့်ငါးရက်တကြိမ်၊ (မြေအလတ်စားဖြစ်က) ဆယ်ရက်တကြိမ်< ၊ (ထိုအောက်ညံ့သော မြေဖြစ်က) ငါးရက်တကြိမ် အချိန်သင့်နိုး ရွာသွန်းဖြိုးသည်ရှိသော်။ ဖလံ = အောင်မြင်ခိုင်ဖြီး ပြည့်စုံသည့်အသီးသည်။ ကဿကံ = ထွန်ယက်လုပ်စား လယ်သမားကို။ တောသေတိ ယထာပိ = ပီတိဝှန်တက် နှစ်သက်အားရစေသကဲ့သို့။
တထေဝ = ထို့အတူသာလျှင်။ သီလဝန္တေသု = သီလကျေးဇူး အထူးကုံလုံ ပြည့်စုံတော်မူကြကုန်သော။ ဂုဏဝန္တေသု = သမာဓိဟုန် ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူကြကုန်သော။ တာဒိသု = တာဒိဂုဏ်ရှင် အရိယာသခင်တို့၌။ ကတံ = ပေးလှူဆက်ကပ် ပြုလုပ်အပ်သော။ ကာရံ ပုညံ = ဥပကာရကျေးဇူး ကောင်းမှုအထူးသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိသည်။ ဟောတိ = ဩဇာဝှန်ဖြိုး လယ်မြေမျိုးဝယ် စိုက်ပျိုးအပ်ငြား မျိုးစေ့အလားလျှင် ထင်ရှား ဖြစ်နိုင်ပါ၏ဘုရား။
ဤ (၄) လေးဂါထာတို့ကို ရွတ်ဆို လျှောက်ထားလေသည်။ ဤသို့ ဣန္ဒကနတ်သား လျှောက်ထားအပ်သည်ရှိသော် မြတ်စွာဘုရားသည် အင်္ကုရနတ်သားကို “အင်္ကုရ.. အလှူဒါနမည်သည်ကို လှူဖွယ်ဝတ္ထုကောင်း, အလှူခံပုဂ္ဂိုလ်ကောင်း = ဤနှစ်ရပ်ကို
ရွေးချယ်စိစစ်၍ လှူဒါန်းမှ သင့်လျော်လျောက်ပတ်ပေ၏။ ဤသို့ ရွေးချယ်စိစစ်၍ လှူသည်ရှိသော် ထိုဒါနသည် လယ်မြေကောင်း၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိနိုင်သည်။ သင့်မှာမူကား (သာသနာပြင်ပ ကာလဝိပတ္တိနှင့် ကြုံကြိုက်သဖြင့်) ထိုကဲ့သို့ စိစိစစ်စစ်လှူဒါန်းမှုကို မပြုနိုင်ခဲ့ချေ။ ထို့ကြောင့် သင်၏အလှူဒါနသည် (ဣန္ဒကနတ်သား၏ အလှူလောက်) အကျိုးမကြီးပဲ ဖြစ်ရလေသည်”ဟူ၍ မိန့်တော်မူပြီးလျှင် ထိုအနက်သဘောကို ထင်ရှားစေတော်မူလိုသဖြင့်-
ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊
ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ ဒတွာန၊
သဂ္ဂံ ဂစ္ဆန္တိ ဒါယကာ။
ဝိစေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။
အင်္ကုရ = အင်္ကုရဟု နာမထင်ရှား အို ဒါယကာနတ်သား..။ ယတ္ထ-ယေသု = သီလဝန္တခေါ်ဆို အကြင် အလှူခံပုဂ္ဂိုလ်တို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = များမြတ်သော အကျိုးရှိ၏။ (တေ = ထိုသီလဝန္တခေါ်ဆို အလှူခံပုဂ္ဂိုလ်တို့ကို)။ ဝိစေယျ = ရွေးချယ်စိစစ်၍။ ဒါနံ = အလှူဒါနကို။ ဒါတဗ္ဗံ = သဒ္ဓါရှေး၍ ပေးလှူသင့်ပေ၏။ ဝိစေယျ = ရွေးချယ်စိစစ်၍။ ဒါနံ = အလှူဒါနကို။ ဒတွာန = သဒ္ဓါရှေး၍ ပေးလှူခြင်းကြောင့်။ ဒါယကာ = အလှူဒါယကာတို့သည်။ သဂ္ဂံ = နတ်ရွာသို့။ ဂစ္ဆန္တိ = လားရောက်ရကုန်၏။
ဝိစေယျ = လှူဖွယ်ဝတ္ထု, အလှူခံပုဂ္ဂိုလ် ဤနှစ်ပါးတို့ကို ကောင်းနိုးရာရာ ရွေးချယ်စိစစ်၍။ ဒါနံ = သဒ္ဓါရှေး၍
ပေးလှူခြင်းကို။ သုဂတပ္ပသဋ္ဌံ = အဆူဆူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်ပေ၏။ ဣဓ ဇီဝလောကေ = အသက်ရှည်ထွေ တည်နေပါကြ ဤလောက၌။ ယေ ဒက္ခိဏေယျာ = သီလဝန္တခေါ်ဆို အကြင် မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ = ရှိကုန်၏။ ဧတေသု = သီလဝန္တခေါ်ဆို ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌။ ဒိန္နာနိ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနတို့သည်။ သုခေတ္တေ = ဩဇာပြည့်ညောင်း လယ်မြေကောင်း၌။ ဝုတ္တာနိ = ကြဲချစိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ = မျိုးစေ့ငါးတန် ဗီဇဂံတို့ကဲ့သို့။ မဟပ္ဖလာနိ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိကုန်၏။
ဤကဲ့သို့ မိန့်ကြားတော်မူပြီးလျှင် ထိုမှအထက် တဆင့်တက်၍ မဂ်ရောက်ဖိုလ်တည် ဖြစ်စေရန် တရားဒေသနာကို တိုးချဲ့ဟောတော်မူလိုရကား ဤဆိုလတ္တံ့သော လေးဂါထာတို့ကို ဆက်လက် ဟောကြားတော်မူလေသည်-
တိဏဒေါသာနိ ခေတ္တာနိ၊
ရာဂဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတရာဂေသု၊
ဒိန္နံ ဟောတိ မဟပ္ဖလံ။
ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ = ရာဂဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတရာဂေသု = ရာဂမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သော အကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။
တိဏဒေါသာနိ ခေတ္တာနိ၊
ဒေါသဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတဒေါသေသု၊
ဒိန္နံ ဟောတိ မဟပ္ဖလံ။
ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ = ဒေါသဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု = ဒေါသမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။
တိဏဒေါသာနိ ခေတ္တာနိ၊
မောဟဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝီတမောဟေသု၊
ဒိန္နံ ဟောတိ မဟပ္ဖလံ။
ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ မောဟဒေါသာ = မောဟဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝီတမောဟေသု = မောဟမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။
တိဏဒေါသာနိ ခေတ္တာနိ၊
ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာ ဟိ ဝိဂတိစ္ဆေသု၊
ဒိန္နံ ဟောတိ မဟပ္ဖလံ။
ခေတ္တာနိ = ဗီဇဂံငါးမျိုး စိုက်ပျိုးကြဲချရာ လယ်မြေယာတို့သည်။ တိဏဒေါသာနိ = ပေါင်းမြက်ဟူသောအပြစ် ပေါကြပေကုန်၏။ အယံ ပဇာ = လူနတ်ဗြဟ္မာ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ = ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်နှစ်သက် တပ်မက်တတ်စွာ ဣစ္ဆာဟူသော အပြစ်ပေါကြပေ၏။ တသ္မာ ဟိ = ထို့ကြောင့်သာလျှင်။ ဝိဂတိစ္ဆေသု = ဣစ္ဆာမအောင်း အရိယာသူတော်ကောင်းတို့၌။ ဒိန္နံ = သဒ္ဓါရှေး၍ ပေးလှူအပ်သော အလှူဒါနသည်။ မဟပ္ဖလံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်တိုင်ထိ သမ္ပတ္တိဖွံ့ဖြိုး များမြတ်သောအကျိုးရှိသည်။ ဟောတိ = ဖြစ်ပေ၏။
ဤ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ များစွာသော နတ်ဗြဟ္မာအပေါင်းတို့အတွက်လည်း အကျိုးရသော တရားဒေသနာ ဖြစ်လေသည်။
(ဤကား အင်္ကုရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ အကြောင်းတည်း။)
ဤတွင် အခဏ်း၂၄-ပြီး၏။