မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၂၊ အခဏ်း-၇၊ စာမျက်နှာ ၂၆၂–၃၅၄
ပု,ဒိ,အာ- ဝိဇ္ဇာသုံးပါးကို ရတော်မူခြင်း
ဤသို့လျှင် မြတ်စွာဘုရား အလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီပင် ဒေဝပုတ္တမာရ်ဟူ၍ ခေါ်ဆိုအပ်သော ဝသဝတ္တီမာရ်နတ်ကို အောင်မြင်တော်မူပြီးနောက် ထိုနေ့ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, သန်းခေါင်ယံဝယ် ဒိဗ္ဗစက္ခုဉာဏ်, မိုးသောက်ယံဝယ် အာသဝက္ခယဉာဏ် တည်း ဟူသော ဝိဇ္ဇာဉာဏ်သုံးပါးတို့ကို အစဉ်အတိုင်း ရတော်မူ၍ ဘုရားအဖြစ်သို့ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ရောက်ရှိတော်မူလေသည်။ ထိုအကြောင်းအရာ အကျယ်သော်ကား-
ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် ရတော်မူကြောင်း
ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်နှင့် ထိုခန္ဓာအစဉ်မှ အစဉ်လျှောက်၍ သိအပ်သော နိဗ္ဗာန်တရား, အမည် အမျိုးစသော ပညတ်တရား ဤတရားအစုကို “ပုဗ္ဗေနိဝါသ”ဟူ၍ ပါဠိလို
ခေါ်ဆို၏၊ ထိုပုဗ္ဗေနိဝါသကို အောက်မေ့သော သတိနှင့်ယှဉ်သည့် အဘိညာဏ်အထူးကို “ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်”ဟူ၍ ခေါ်ဆို၏။ ထိုကိုပင် ပဌမဝိဇ္ဇာဉာဏ်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ ထိုပဌမဝိဇ္ဇာဉာဏ်ကို ရှေးပညာရှင်တို့က “ပု”ဟူ၍ အာဒိသင်္ကေတနည်း (= အစအက္ခရာဖြင့် မှတ်သောနည်း)ဖြင့် ခေါ်ဆို ပညတ်တော်မူကြလေသည်။ ထိုပဌမဝိဇ္ဇာဉာဏ်ကို ရတော်မူပုံ အကျယ်အကြောင်းအရာသော်ကား-
ဤသို့ အလောင်းတော်သူမြတ်သည် ဝသဝတ္တီမာရ်နတ်ကို အောင်မြင်တော်မူ၍ ကြည်ဖြူရွှင်ပြုံး အပရာဇိတ ပလ္လင်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် စကြဝဠာပေါင်း တိုက်တသောင်း၌ နေထိုင်ကြသော ဘုမ္မဇိုဝ်းနတ်မှအစ များလှစွာသော နတ်ဗြဟ္မာအပေါင်းတို့သည် “အချင်းများစွာ နတ်ဗြဟ္မာတို့.. လာကြကုန်။ အလောင်းတော်မြတ်၏ အောင်မြင်ခြင်း, မာရ်နတ်၏ ရှုံးနိမ့်ခြင်းကား လင်းလင်းထင်ထင် ဖြစ်ခဲ့လေပြီ၊ အလောင်းတော်သူမြတ်၏အတွက် အောင်ခြင်းမင်္ဂလာသဘင်ပွဲ ဘုရားဖြစ်အံ့သော မင်္ဂလာသဘင်ပွဲကို တပေါင်းတစုတည်း ဆင်နွှဲကြကုန်စို့”ဟု ဟစ်အော် ကြွေးကြော်ကြကာ တပြိုင်နက်တည်း အလောင်းတော်သူမြတ်ထံသို့ စုရုံး စည်းဝေး လာရောက်ကြလေကုန်၏။
ထိုအချိန်၌ ယူဇနာငါးဆယ်ပမာဏရှိသော အထောင်သောရောင်ခြည်တို့ဖြင့် တင့်တယ်သည့် နေဝန်းသည် အနားအကွပ်၌ ဆွဲကိုင်ကာ မဟာသမုဒ် ဝဲဇလုတ်၌ နှစ်မြှုပ်အပ်သည့် ရွှေလှည်းဘီးကြီးပမာ ၀င်လုဆဲဆဲရှိပေသည်။ လေးဆယ့်ကိုးယူဇနာ ပမာဏရှိလျက် အေးမြသောအရောင်ကို တပြောင်ပြောင် လွှတ်ကွန့်ကာ စကြာမြသား လ-ရထားသည် စကြဝဠာတိုက်အလုံးကို ထွန်းလင်း တောက်ပစေပြီးလျှင် နို့ရည် သမုဒြာမှ တရွေ့ရွေ့ မြင့်တက် ပေါ်ထွက်လာသော (တဦးတယောက်သောသူက) အနားအကွပ်၌ ဆွဲကိုင်ကာ အဇဋာပြင် မိုးကောင်းကင်သို့ မြှောက်တင်ပစ်လွှင့်အပ်သည့် ငွေရထားလှည်းဘီးပမာ
အရှေ့အရပ်မျက်နှာမှ ထွက်ပေါ်ဆဲဆဲ ရှိနေပေသည်။ (စကြဝဠာတိုက်ကြီးကို ရွှေနန်းတော်ကြီးအသွင် စိတ်ထဲ၌ ထင်မြင်ထားပါ) စကြဝဠာတိုက် တည်းဟူသော ရွှေနန်းတော်ကြီး၏ အလယ်၌ အလောင်းတော် သူမြတ်သည် မိမိ၏ ရွှေအဆင်းကဲ့သို့သော အဆင်းရှိသော ကိုယ်တော်ရောင်ဖြင့် ထိုမဟာဗောဓိမဏ္ဍိုင် ကုန်းမြေနှင့်တကွ ပတ်ဝန်းကျင် သက်ရှိသက်မဲ့ ဝတ္ထုအပေါင်းကို ရွှေရည်အယဉ်၌ နစ်မြုပ်စေသည့်ပမာ လွန်စွာ တင့်တယ်တော်မူပေသည်။ ယင်းသို့ တင့်တယ်တော်မူသော မြတ်စွာဘုရား အလောင်းတော်သည် ဣန္ဒနီလာ ကျောက်မျက်ရတနာ ထီးနှင့်တူသော မဟာဗောဓိပင်အရင်း၌ အပရာဇိတပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ တရားကို သုံးသပ် ဆင်ခြင်တော်မူလေ၏။ (ဘုရားအလောင်းတော်သူမြတ် တရားကို သုံးသပ် ဆင်ခြင်ပုံအကျယ် နောက်၌ ထင်ရှားလတံ့။)
နတ်ဗြဟ္မာတို့ ကြီးစွာပူဇော်ပသခြင်း
ထိုအခါ၌ သိကြားနတ်မင်းသည် ယူဇနာ (၁၂ဝ) တရာ့နှစ်ဆယ်ရှိသော ဝိဇယုတ္တရခရုသင်းကို တာဝတိံသာ နတ်ပြည်၌ ရပ်တည်ကာ နတ်ဗြဟ္မာတို့ စည်းဝေးကြရန် မှုတ်လေ၏၊ ထိုခရုသင်းသံသည် ယူဇနာတသောင်းကျယ်သော နတ်ပြည်အလုံး ပြန့်၍ အနှံ့ကြားရ၏၊ ထိုခရုသင်း မှုတ်ရင်း မှုတ်ရင်းပင် မဟာဗောဓိမဏ္ဍိုင်သို့ လျင်မြန်ပြေးလွှား အရောက်သွားလေသည်။ (ဤ စကြဝဠာ သိကြားမင်းသာလျှင် မဟုတ်၊ ဇာတိခေတ်ပေါင်း စကြဝဠာတိုက် တသောင်းအတွင်းရှိသည့် သိကြားနတ်မင်း အားလုံးပင် ခရုသင်းကို မှုတ်ကြလျက် ဘုရားအလောင်းတော် ထံမှောက်သို့ လာရောက်ကြလေသည်။)
မဟာဗြဟ္မာမင်းသည် စကြဝဠာတောင်ထိပ်၌ ထားခဲ့သော ထီးဖြူကို စွဲကိုင်ကာ ဘုရားအလောင်းတော်၏ အထက်၌ ဆောင်းမိုးပေးကာ ပူဇော်လာလေသည်။ (ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်း အတွင်းရှိကြသည့် မဟာဗြဟ္မာမင်းတို့သည်လည်း
လာရောက်ကြကာ ဤစကြဝဠာကို ဗြဟ္မာမင်း၏ထီးဖြူများဖြင့် အကြားမလပ် ထီးရွက်ချင်းစပ်အောင် ကိုင်ဆောင် ရပ်တည်လာကြကုန်၏။)
ယာမာနတ်ပြည်သနင်း သုယာမနတ်မင်းသည်လည်း သုံးဂါဝုတ် ပမာဏရှိသော သားမြီးယပ်ကို စွဲကိုင်ကာ ယပ်လေခပ်လျက် အလောင်းတော်၏အနီး၌ ရပ်တည် ပူဇော်လာလေသည်။ (ဇာတိခေတ်ပေါင်း စကြဝဠာ တိုက်တသောင်းအတွင်း ရှိကြသည့် သုယာမနတ်မင်းတို့သည်လည်း သားမြီးယပ်ကို အသီးသီး စွဲကိုင်ကြကာ ဤစကြဝဠာအပြည့် လာရောက် ပူဇော်ကြလေသည်။)
တုသိတာနတ်ပြည်သနင်း သန္တုသိတနတ်မင်းသည် သုံးဂါဝုတ် ပမာဏရှိသော ပတ္တမြားယပ်ဝန်းကို စွဲကိုင်ကာ ယပ်လေခပ်လျက် ရပ်တည်ပူဇော်လာ၏။ (ဇာတိခေတ်ပေါင်း အခြားစကြဝဠာ တိုက်တသောင်း၌ စိုးအုပ်နေထိုင်ကြသည့် သန္တုသိတ နတ်မင်းအပေါင်းတို့သည်လည်း ပတ္တမြားယပ်ဝန်းကို အသီးသီး စွဲကိုင်ကြကာ ဤစကြဝဠာအပြည့် လာရောက် ပူဇော်ကြလေသည်။)
ပဉ္စသိခနတ်သားသည် သုံးဂါဝုတ် ပမာဏရှိသော ဗေဠုဝနတ်စောင်းကို ယူဆောင်ကာ ကခြေသည်နတ်အပေါင်း ခြံရံလျက် က-သီ-တီးမှုတ်ခြင်းအမှု ပြုလုပ်ကော်ရော် ပူဇော် ရပ်တည်လာလေသည်။(ဇာတိခေတ်ပေါင်း အခြားစကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသည့် ကခြေသည် နတ်အပေါင်းတို့သည်လည်း က-သီ-တီးမှုတ်ကာ လာရောက် ပူဇော်ကြလေသည်။)
ထိုမှတပါး ဇာတိခေတ် စကြဝဠာ တိုက်တသောင်းအတွင်း နေထိုင်ကြသည့် နတ်သား နတ်သမီး အပေါင်းတို့သည် ဤစကြဝဠာ၌ စုရုံးကြကာ အချို့ကား ရတနာတုရိုဏ်တိုင်ကို ကိုယ်စီ စွဲကိုင်ကာ ပတ်ဝန်းကျင် ဝန်းရံလျက် ရပ်တည် ပူဇော်ကြလေသည်။
အချို့ကား ရတနာခုနစ်ပါးဖြင့်ပြီးသော ပူဇော်ဖွယ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ရွှေငှက်ပျောပင်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ရတနာခုနစ်ပါးဖြင့်ပြီးသော ကျက်သရေတိုက်အိမ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား သားမြီးယပ်တို့ကို အစီအရီ စွဲကိုင်ကြလျက်, အချို့ကား ချွန်းတောင်းတို့ကို, အချို့ကား ငါးကြင်းအစုံတို့ကို, အချို့ကား ဇလပ်ပန်းတို့ကို, အချို့ကား ရွှေအင်းပျဉ်ဝန်းတို့ကို, အချို့ကား ရေပြည့်ဖလားတို့ကို, အချို့ကား ရေပြည့်အိုးတို့ကို, အချို့ကား ခရုသင်းတို့ကို, အချို့ကား မီးမွှေယောက်မတို့ကို, အချို့ကား ပတ္တမြားဆီမီးတိုင်တို့ကို, အချို့ကား ရွှေမှန်ကြီးများကို, အချို့ကား ကျောက်စီမှန်ကြီးများကို, အချို့ကား ရတနာခုနစ်ပါး စီခြယ်သော မှန်ကြီးများကို, အချို့ကား ပတ္တမြားဆီမီးတို့ကို, အချို့ကား တံခွန်ကုက္ကားတို့ကို, အချို့ကား ပဒေသာပင်တို့ကို အစီအရီ စွဲကိုင်ကြလျက် သူ့အစု သူငန်းဖြင့် ဝန်းကျင်ပတ်ခြံ ရံလျက် ရံလျက် ပူဇော်လာကြကုန်၏။ စကြဝဠာ တိုက်တသောင်း၌ နေထိုင်ကြသော နတ်အပေါင်းတို့သည် ကခြေသည်အသွင်ကို ယူကြ၍ နတ်၏ကခြင်း သီဆိုခြင်းအမှုကို ပြုလုပ်ကြကာ နတ်ပန်း နတ်နံ့သာ နတ်နံ့သာမှုန့် စသည်တို့ဖြင့် ပူဇော်လာကြကုန်၏။ ထိုအချိန်၌ ကောင်းကင် တပြင်လုံးသည် သည်းထန်စွာ ရွာသွန်းသော မိုးပေါက် မိုးရေအယဉ်တို့ဖြင့် ထက်ဝန်းကျင် ပြည့်၍နေသည့်အလား နတ်ပန်းမိုး နတ်နံ့သာမိုးတို့ဖြင့် အကြားမလပ် ပြည့်၍သာ နေလေ၏။
ထိုသို့ နတ်ဗြဟ္မာအပေါင်းတို့ သောင်းသောင်းဖျဖျ ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြခြင်းမှာ “ငါတို့သည် ဤအလောင်းတော်သူမြတ် ဘုရားဖြစ်လတ်သောအခါ တရားတော်ကို နာယူကြရသဖြင့် မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော လောကုတ္တရာ အမြိုက်တရားကို ရရှိကြပြီးလျှင် ထိုလောကုတ္တရာ တရားကိုးပါးကို အာရုံပြု၍ဖြစ်သော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားကို ဤဘုရားအထံ၌ ဧကန် ရကြပေလိမ့်မည်၊ မျက်စိ၏ အမြိုက်ရသာ သာယာဖွယ်ဖြစ်သော ပြာဋိဟာတန်ခိုး အမျိုးမျိုးကိုလည်း
ဖူးမြင်ကြရပေတော့မည်။ ထိုဘုရားမြတ်စွာသည် ငါတို့ကို အမြိုက်တရား ဟောကြားတော်မူလျက် ဇာတိတည်းဟူသော ခရီးခဲ, ဇရာတည်းဟူသော ခရီးခဲ, ဗျာဓိတည်းဟူသော ခရီးခဲ, မရဏတည်းဟူသော ခရီးခဲ, သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ခရီးခဲအပေါင်းမှ လွတ်မြောက်စေတော်မူလိမ့်မည်၊ ကယ်တင်တော်မူလိမ့်မည်”ဟု ယုံကြည်အားရ ဝမ်းမြောက်ကြသောကြောင့် ဖြစ်ပေ၏။
ဘုရားအလောင်းတော် သူမြတ်သည် ဖော်ပြအပ်ပြီးသော အကြောင်းကြောင့် နှစ်ထောင်းကော်ရော် နတ်ဗြဟ္မာတို့ စကြဝဠာအပြည့် ပူဇော်အပ်သော်လည်း ထိုမျှများပြားလှသော ပူဇော်အထူးကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိနေရစေကာမူ ထိုပူဇော်အထူး၌ ငြိကပ်တွယ်တာ သာယာမှု အလျှင်းပင် မပြု၊ နှလုံးလည်း သွင်းတော်မမူပဲ ကိုယ်တော်မြတ်၏ ထောက်တည်အားထားရာ တရားတော်ကိုသာလျှင် ဆင်ခြင် သုံးသပ် ကြံစည်လျက် နေတော်မူ၏။
ယင်းသို့ နေတော်မူသော မြတ်စွာဘုရား အလောင်းတော်၏ အခြေအနေမှာ စကြဝဠာတောင်ကြီးကား ကာဆီးဝန်းရံ၍ ထားအပ်သော တင်းထိမ်ကန့်လန့်ကာနှင့် တူ၍ အထက် မိုးကောင်းကင်ကား နက္ခတ်ကြယ်တာရာ တည်းဟူသော ရွှေကြယ် ငွေကြယ်တို့ စီခြယ်အပ်သည့် ဗိတာန်မျက်နှာကြက်နှင့် တူပေ၏၊ စကြဝဠာတိုက်ကြီးသည် သုဂတိဘုံ ခုနစ်ရပ်တည်းဟူသော အထပ်ခုနစ်ထပ်ရှိသည့် ပြာသာဒ်နန်းမတော်ကြီးနှင့် တူပေ၏။ ထိုသည့် စကြဝဠာတိုက် တည်းဟူသော ပြာသာဒ်နန်းမတော်ကြီးအတွင်းဝယ် မဟာဗောဓိမဏ္ဍိုင် ကုန်းတော်အရပ်သည် ညီလာခံရာ ခန်းမဆောင်ကြီးနှင့် တူ၍ အပရာဇိတ ပလ္လင်တော်သည်ကား ညီလာခံရာ ရာဇပလ္လင်တော်ကြီးနှင့် တူပြီးလျှင် မဟာဗောဓိပင်သည် မြရတနာဖြင့်ပြီးသော ထီးတော်ကြီးနှင့် တူပေ၏။
ထိုသို့ မဟာဗောဓိမဏ္ဍိုင် ကုန်းမြေတည်းဟူသော ညီလာခံရာ အောင်မြေချာ ခန်းမဆောင်ကြီးအတွင်းဝယ် အရင်းမှ အဖျားတိုင်
အတောင်တရာ ပမာဏရှိ၍ အဝန်းအားဖြင့်လည်း အတောင်တရာ ပမာဏရှိသည့် မဟာဗောဓိပင် တည်းဟူသော မြရတနာထီးတော်ကြီး ပိတ်ဆီးမိုးကာလျက် အပရာဇိတပလ္လင် တည်းဟူသော ရာဇပလ္လင်၌ သီတင်းသုံး ထိုင်နေတော်မူသော မြတ်စွာဘုရား အလောင်းတော်သည် ပတ်ဝန်းကျင်မှ စကြဝဠာတိုက်အပြည့် နတ်ဗြဟ္မာတို့ ပူဇော်လျက်ရှိကြသည်ကို ကြည့်ရှုတော်မမူ နားထောင်တော်မမူပဲ တရားတော်ကိုသာ ဆင်ခြင်အောက်မေ့တော်မူသဖြင့် လုံ့လဝီရိယတော်လည်း မဆုတ်မနစ် အလွန်ထက်သန် သတိလည်း မမေ့မပျောက် အလွန်ထင်လင်း ကိုယ်စိတ်နှစ်ပါးလည်း မပူမပန် အလွန် ငြိမ်းအေးတော်မူရကား ရူပါဝစရ ပဌမဈာန်ကို တဖန်ထပ်၍ ရရှိ ဝင်စားတော်မူပြန်လေသည်။
ထိုရူပါဝစရ ပဌမဈာန်ကို ၀င်စားတော်မူသော အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ နီဝရဏတရားတို့သည် အလွန့်အလွန် ကင်းစင်လျက် ရှိပေ၏။ ဝတ္ထုကာမ, ကိလေသကာမတို့မှ ကင်းဆိတ်ခြင်းကြောင့် ပီတိသုခတရားတို့ တဖွားဖွား ဖြစ်ပေါ်လျက်ရှိပေ၏။
ထို့နောက်တဖန် ရူပါဝစရဒုတိယဈာန်ကို ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ဝိတက် ဝိစာရ တည်းဟူသော လှုပ်ရှားမှု ချောက်ချားမှုများ ကင်းစင်ပြီးလျှင် အတွင်းအဇ္ဈတ္တ သန္တာန်၌ သဒ္ဓါဖြူစင် အလွန်ပင် ကြည်လင်လျက် သမာဓိလည်း သူမတူအောင် တည်ကြည်လှပေ၏။ ထိုသမာဓိကြောင့်ပင် ပီတိသုခတရားတို့သည် တိုး၍ တိုး၍ ဖြစ်ပွါးလျက် ရှိကုန်ပေ၏။
ထို့နောက်တဖန် ရူပါဝစရ တတိယဈာန်ကို ရရှိ ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ပေါ်လွင်ထင်ရှားသည့် ပီတိတရားပင် ကွယ်ပျောက်၍ သုခဝေဒနာသက်သက်ဖြင့် ရှင်းရှင်းလင်းလင်း ချမ်းသာလျက် ရှိသည့်ပြင် အထွတ်အထိပ်ရောက်သည့် သုခဝေဒနာ၌သော်မှလည်း
ငြိတွယ်မှု မရှိ အညီအမျှ လျစ်လျူရှုနိုင်သည့် ဈာနုပေက္ခာခေါ်သော တတြမဇ္ဈတ္တတာ စေတသိက်နှင့် ပြည့်စုံ၍ သတိလည်း အလွန်ထင်လင်း ပညာလည်း အလွန်ထက်မြက်လှပေ၏။
ထို့နောက်တဖန် ရူပါဝစရ စတုတ္ထဈာန်ကို ရရှိ ဝင်စားတော်မူပြန်သောအခါ အလောင်းတော်သူမြတ်၏ စိတ်အစဉ်မှာ ကိုယ်စိတ်နှစ်ပါး၏ ဆင်းရဲမှု ချမ်းသာမှုတို့ကို ပယ်ပြီးဖြစ်ရကား လျစ်လျူရှုကာ အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာဖြင့်သာ တည်ငြိမ်စွာ အာရုံကို ခံစားလျက်ရှိပေ၏။ ဤဥပေက္ခာဝေဒနာ နှင့် တတြမဇ္ဈတ္တတာ စေတသိက်တို့၏ ကျေးဇူးပြုချက်ကြောင့် ထိုစတုတ္ထဈာန်၌ ပါရှိသည့် သတိအစရှိသော ယှဉ်ဖော်ယှဉ်ဖက် တရားတို့သည်လည်း လရောင်ပမာ လွန်စွာ စင်ကြယ်ကြကုန်၏။
အလောင်းတော်၏ စိတ်အစဉ်မှာ ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခြင်း
ယခုအခါ ဘုရားအလောင်းတော်၏ စိတ်အစဉ်ကို ကြည်ညိုနှစ်သက်စွာ ပြန်လည်ပြင်ဆင် ကြည့်ရှုစိစစ်လျှင် ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်စဉ်ကလည်း မာရ်နတ်မင်း အခွင့်အပေါက်ရှာ၍ မရလောက်အောင်ပင် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက် တည်းဟူသော မိစ္ဆာဝိတက်သုံးပါးတို့နှင့် မရော၊ အလွန်လျှင် စင်ကြယ်သော စိတ်အစဉ်ကိုသာ တွေ့မြင် ကြည်ညိုရပေမည်။ တဖန် ဘုရားဖြစ်မည့် ကဆုန်လပြည့်နေ့တွင်လည်း အင်ကြင်းတော၌ နေ့သန့်နေတော်မူသောအခါ လောကီသမာပတ် ဈာန်ရှစ်ရပ်တို့ဖြင့် အလွန်စင်ကြယ်သော စိတ်အစဉ်ကိုသာ ကြည်ညိုဖွယ်ရာ တွေ့မြင်ရပေမည်။ ထို့ထက် အလွန်အားဖြင့် ယခုအခါ မဟာဗောဓိပင် အပရာဇိတရွှေပလ္လင်၌ သီတင်းသုံး နေထိုင်တော်မူ၍ ဒေဝပုတ္တမာရ်ကို အောင်မြင်ပြီးလျှင် စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့၏ စကြဝဠာတိုက်အပြည့် စည်းဝေးရောက်ရှိ ပူဇော်ကြသည်ကို အာရုံမထား ကိုယ်တော်မြတ်၏ တရားအလုပ်ကိုသာ အားထုတ် နှလုံးသွင်းတော်မူသဖြင့် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း (တိက္ခပညပုဂ္ဂိုလ်တို့ဆိုင်ရာ) ရူပါဝစရ
ဈာန်လေးရပ်ကို တဖန်ထပ်၍ ရရှိဝင်စားတော်မူပြီးသော အလောင်းတော်၏ စိတ်အစဉ်မှာ စတုတ္ထဈာန်သမာဓိဖြင့် သမာဓိအင်အား အလွန်ပင် ကြီးမားနေရကား-
(၁) အလွန်စင်ကြယ်သော စတုတ္ထဈာန်စိတ္တုပ္ပါဒ်၏ ကျေးဇူးပြုချက်ကြောင့် ရှေ့နောက်ဆက်စဉ် ထက်ဝန်းကျင် စင်ကြယ်၍ နေပေ၏။
(၂) ထိုသို့ စင်ကြယ်သောကြောင့်ပင်လျှင် ပွတ်တိုက်အပ်သော လှော်ဦးသစ်စ ရွှေစင်ပမာ အရောင် တလက်လက် ထွက်တော့လုမတတ် ပြိုးပြိုးပြက် ဖြူစင်၍ နေပေ၏။
(၃) လောဘ၏ အကြောင်းဖြစ်သော သုခသောမနဿတို့ကို၎င်း, ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခဒေါမနဿတို့ကို၎င်း ပယ်ပြီး ခွါပြီး ဖြစ်ရကား လောဘ ဒေါသ တည်းဟူသော စိတ်၏ အညစ်အကြေးတို့မှလည်း ကင်းဝေးလျက် ရှိပေ၏။
(၄) ထိုသို့ စိတ်၏အညစ်အကြေး ကြေးညှော်တို့မှ ကင်းဝေးသောကြောင့်ပင် စိတ်ကို ညစ်နွမ်းစေတတ် နှိပ်စက်တတ်သော ဥပက္ကိလေသ တရားတို့မှလည်း ကင်းစင်လျက် ရှိပေ၏။
(၅) ကိုယ်တော်၏ စိတ်တော်ကို ဝသီဘော်ငါးဖြာတို့ဖြင့် လေ့လာနိုင်နင်းပြီး ဖြစ်၍၎င်း, တဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့် ကောင်းစွာဆုံးမပြီး ယဉ်ကျေးပြီး ဖြစ်၍၎င်း, ကိုယ်တော်၏ အလိုအကြိုက် လိုက်ပါနိုင်လောက်အောင်ပင် ကောင်းစွာ ကြိတ်နယ်ပြီးသော သားရေကဲ့သို့၎င်း, ကောင်းစွာ အပြေအပြစ် ပြုအပ်ပြီးသော ချိပ်တုံးကဲ့သို့၎င်း စိတ်တော်အစဉ်သည် နူးညံ့လျက် ရှိပေ၏။
(၆) နူးညံ့သောကြောင့်ပင် လှော်ပြီး ဦးပြီးသော ရွှေစင်ရွှေကောင်းသည် အလိုရှိရာ အဆင်တန်းဆာကို ပြုလုပ်ရန် ဆွဲတိုင်းထင် ငင်တိုင်းရ လွယ်ကူ ကောင်းမွန်လှသကဲ့သို့ ကိုယ်တော်မြတ် အလိုတော်ရှိရာ အတိတ်ဖြစ်ရပ် ဇာတ်တော်ကို အောက်မေ့ သိမြင်ခြင်း, ဝေးသောအဆင်း ဖုံးကွယ်သောအဆင်း သိမ်မွေ့နူးညံ့သော အဆင်းများကို နတ်မျက်စိပမာ ကောင်းစွာ မြင်နိုင်ခြင်းစသော ထိုထိုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစေနိုင်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏။
(၇) ဆိုအပ်ပြီးသော ဂုဏ်သတ္တိများ ကင်း၍မသွားအောင် ကောင်းစွာပွါးများ လေ့လာအပ်ပြီးဖြစ်သောကြောင့် စိတ်တော်အစဉ်သည် ဆိုအပ်ပြီးသော ဂုဏ်တို့၌ (ရော့ရဲရဲမဟုတ်) ကြံ့ကြံ့ခိုင်ကျည် တည်လျက် ရှိပေ၏။
(၈) ထိုသို့ ကြံ့ကြံ့ခိုင်ကျည် တည်သောကြောင့်ပင်လျှင် တုန်လှုပ်ခြင်း အလျင်းမရှိ။
(တနည်း)
(၇) နူးညံ့ခြင်း အလိုရှိရာ ထိုထိုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစေနိုင်ရန် ကောင်းမွန်လွယ်ကူလျက် ရှိခြင်းကြောင့် စိတ်တော်အစဉ်သည် ကိုယ်တော်၏ အလိုအတိုင်း တည်နေပေ၏။ (၈) ယင်းသို့ တည်နေသော စိတ်တော်အစဉ်သည် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ အလင်းဓာတ်အင်အား ကြီးမားလှသဖြင့် မသဒ္ဓါခြင်း ပျင်းရိခြင်း မေ့လျော့ခြင်း ပြန့်လွင့်ခြင်း မသိခြင်း ကိလေသာအမှောင် ကျခြင်းတို့ကြောင့် တုန်လှုပ်ခြင်း အလျှင်းပင်မရှိ၊ (၀ါ) မသဒ္ဓါခြင်း စသည်တို့ စိတ်အစဉ်မှာ အငွေ့အသက်မျှ မဝင်ရောက်နိုင်ကြကုန်။
တနည်းအားဖြင့်-
(၁) အလောင်းတော်၏ စိတ်အစဉ်သည် စတုတ္ထဈာန် သမာဓိဖြင့် ကောင်းစွာ တည်ကြည်လျက်ရှိ၏။ (၂) နီဝရဏတို့မှ ဝေးကွာသဖြင့် ရှေ့နောက်ဝန်းကျင် စင်ကြယ်လျက် ရှိပေ၏။ (၃) စိတ်ကို ချောက်ချားစေတတ်သော ဝိတက်အစရှိသော ရုန့်ရင်းသော ဈာန်အင်္ဂါတရားတို့ကို လွန်မြောက်လာပြီးဖြစ်သဖြင့် ပြိုးပြိုးပြက် အရောင်ထွက်လုမတတ် သန့်ရှင်းကြည်လင်နေ၏။ (၄) ဈာန်ကိုရခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်တတ်သော မာန မာယာ သာဌေယျ စသည်တို့ မရှိခြင်းကြောင့် အညစ်အကြေးကင်းလျက် ရှိပေ၏၊ (၅) အဘိဇ္ဈာ အစရှိသော စိတ်ညစ်ညူးကြောင်း ဥပက္ကိလေသ တရားတို့မှလည်း ကင်းလျက်ရှိပေ၏၊ (၆) ဝသီဘော်ငါးဖြာ လေ့လာနိုင်နင်းပြီးသောကြောင့် နူးညံ့လျက် ရှိပေ၏၊ (၇) ဣဒ္ဓိအမျိုးမျိုး၏ အခြေခံအဖြစ်သို့ ရောက်နေသဖြင့် အလိုတော်ရှိရာ တရားနှင့်ဆိုင်သော အမှုတို့ကို ပြုလုပ်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏၊ (၈) ဘာဝနာမှု ပြည့်စုံလုံလောက်သဖြင့် မကုန်မလှုပ် ကြံ့ကြံ့ခိုင်ကျည် တည်လျက် ရှိပေ၏။
ဤသို့ ဆိုအပ်ပြီးသော အင်္ဂါ ဂုဏ် ရှစ်ပါးတို့နှင့် ပြည့်စုံသော အလောင်းတော်သူမြတ်၏ စိတ်တော်သည် အဘိညာဏ်ဖြင့် မျက်မှောက်ပြု၍ သိရမည့် တရားတို့ကို အဘိညာဏ်ဖြင့် မျက်မှောက်ပြု၍ သိရန် ရှေးရှုဆောင်နိုင်ရေးအတွက် စိတ်တော်က ညွတ်လိုက်ရုံသာ လွန်စွာ လွယ်ကူလျက် ရှိလေသည်။ စိတ်တော်က အဘိညာဏ်၏ အာရုံသို့ ညွတ်တော်မူလိုက်လျှင် အလွယ်နှင့်ပင် အဘိညာဏ်ဇော ဖြစ်ပွါးလာနိုင်၏။
(၁) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် (= ပဌမဝိဇ္ဇာဉာဏ်)ကို ရတော်မူခြင်း
ထိုသို့ စိတ်တော်က အဘိညာဏ်၏အာရုံသို့ ညွတ်တော်မူလိုက်လျှင် အလွယ်နှင့်ပင် အဘိညာဏ်ဇော ဖြစ်ပွါးလာနိုင်လောက်အောင် စိတ်အစဉ် ကောင်းမွန်လျက် ရှိသောကြောင့် အလောင်းတော်သူမြတ်သည် ရှေးဖော်ပြရာပါ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အလွန်သန့်ရှင်း တည်ကြည်နေသော စိတ်အစဉ်ကို ရှေး၌ ဖြစ်ဘူး ခံစားဘူး တွေ့ကြုံမြင်ခဲ့ရဘူးသာ အာရုံတို့ကို အောက်မေ့ သိမြင်နိုင်သည့် ပုဗ္ဗေနိဝါသအဘိညာဏ်ဉာဏ် ဖြစ်ပေါ်၍လာရန် ညွတ်တော်မူလိုက်လေသည်။ ထိုအခါ အလွယ်တကူပင် ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထိုဉာဏ်ဖြင့် လွန်ခဲ့သော ဘဝမှစ၍ သုမေဓာ ရှင်ရသေ့ဘဝတိုင်အောင်၎င်း, ထို့ထက် ရှေးကျသော ဘဝများစွာက ဘ၀တို့ကို၎င်း, ထိုမှတဖန် တုံ့ပြန်ကာ အောက်မေ့သိမြင် ဆင်ခြင်တော်မူလေရာ ဘုရားဖြစ်မည့် ယခုဘဝသို့ မရောက်မီ သေတကေတု နတ်သားဘဝတိုင်အောင်၎င်း ထိုထိုဘဝတို့၌ ဖြစ်ခဲ့ရသမျှ ရရှိ တွေ့ကြုံ ခံစံခဲ့ရသမျှ အကြောင်းအရာ အလုံးစုံကို သိမြင်တော်မူလေသည်။
(ဤအဘိညာဏ်ဉာဏ်ကို ညဉ့်ဦးယံ၌ ရတော်မူသည်။ ။ဤ၌ တဝီထိမှာမှ တကြိမ်သာ ဖြစ်ရိုးရှိသော အဘိညာဏ်ဇော တချက်မျှဖြင့် ဤမျှ များပြားသော ဘဝတို့က ဖြစ်ခဲ့သမျှ ရရှိတွေ့ကြုံ ခံစံခဲ့ရသမျှ အာရုံအမျိုးမျိုးတို့ကို အဘယ်သို့လျှင် သိမြင်နိုင်အံ့နည်းဟု ယုံမှားသံသယ ဝင်ဖွယ်ရှိ၏။ အဖြေကား.. အဘိညာဏ်ဉာဏ်ဇောတချက်သာ ဖြစ်သော်လည်း ထိုအဘိညာဏ်ဇောဖြင့် ထိုထိုဘဝ၌ ဖြစ်ရပ်တို့ကို ဖုံးကွယ်ထားသည့် မောဟကို ပယ်ရှင်းပစ်လိုက်သည်၊ ထို့နောင်မှ အဘိညာဏ်ဝီထိ၏ နောက်လိုက် ပစ္စဝေက္ခဏာဝီထိ အဆက်ဆက်တို့ဖြင့် ထိုထိုဘဝတို့၌ ဖြစ်ခဲ့သမျှ ရရှိတွေ့ကြုံ ခံစံခဲ့ရသမျှ ဖြစ်ရပ်အာရုံ အမျိုးမျိုးတို့ကို သိမြင်ခြင်း ဖြစ်သည်။)
ဤသို့ ပုဗ္ဗေနိဝါသာနုဿတိ ဝိဇ္ဇာဉာဏ်ဖြင့် ဘဝအဆက်ဆက်ကို ဆင်ခြင် သိမြင်တော်မူသော အလောင်းတော်သူမြတ်သည်-
“ထိုထိုသို့သော အနမတဂ္ဂ ဘဝသံသရာ အဆက်ဆက်တို့၌ နာမ်ရုပ်တရား နှစ်ပါးတို့သာလျှင် ဖြစ်ကုန်စွာ့တကား၊ ပဋိသန္ဓေအခါ, ပဝတ္တိအခါ, စုတိအခါ ဤအခါ သုံးမျိုးလုံးမှာပင် နာမ်ရုပ်တရား နှစ်ပါးတို့သာလျှင် ဖြစ်ကုန်စွာ့တကား၊ အလုံးစုံသော ဘုံဌာန အလုံးစုံသော ကာလတို့၌ပင် ထိုနာမ်ရုပ်တရားတို့သည် ရှေ့နောက်မပြတ် သန္တာန်စပ်ကာ ဆီမီးအလျှံကဲ့သို၎င်း, မြစ်ရေအယဉ်ကဲ့သို့၎င်း အကြောင်းအကျိုး အဆက်ဆက်ဖြင့် နာမ်ရုပ်အဆက်ဆက်တို့သာလျှင် မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဒွါရခြောက်ပါးတို့၌ ရူပါရုံကိုမြင်ခြင်း သဒ္ဒါရုံကို ကြားခြင်းစသော မိမိတို့ဆိုင်ရာ ကိစ္စတို့ကို ပြီးစေကြ ပြုလုပ်ကြကုန်လျက် ကိုယ်လှုပ်ရှားမှု နှုတ်လှုပ်ရှားမှုစသော အထူးထူးသော ဝိညတ်တို့ကို ဖြစ်စေကြကာ ဖြစ်ကုန်စွာ့တကား၊ (တကယ်စင်စစ်) ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမဟူ၍ လားလားမျှ မရှိကုန်စွာ့တကား။ ထိုပုဂ္ဂိုလ်သတ္တဝါကို ဖန်ဆင် ပြုလုပ်တတ်သော နတ်မင်း, မာရ်မင်း, ဗြဟ္မာမင်းဟူ၍ တဦးတယောက်မျှ မရှိကုန်စွာ့တကား”..
ဟူ၍ ထိုးထွင်းသိမြင်ကာ လောကုတ္တရာမဂ်ဖိုလ်သို့ ရောက်ဖိုရဖို့ရန် ဧကန်စိတ်ချရသည့် အသိဉာဏ်ထူးများကိုလည်း ရရှိတော်မူလေသည်၊ သို့ရကား ရုပ်သည် အတ္တတည်းဟူ၍၎င်း, အတ္တသည် ရုပ်ရှိ၏ ဟူ၍၎င်း, အတ္တ၌ ရုပ်သည် တည်ရှိ၏ ဟူ၍၎င်း, အတ္တသည် ရုပ်၌ တည်ရှိ၏ ဟူ၍၎င်း, ရူပက္ခန္ဓာနှင့် စပ်၍ဖြစ်သော အတ္တဒိဋ္ဌိ (= သက္ကာယဒိဋ္ဌိ) လေးပါး၊ ထို့အတူ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတို့နှင့် စပ်၍ဖြစ်သော အတ္တဒိဋ္ဌိ
(= သက္ကာယဒိဋ္ဌိ) လေးပါးစီ လေးပါးစီအားဖြင့် အတ္တဒိဋ္ဌိ (= သက္ကာယဒိဋ္ဌိ)ပေါင်း ၂၀-ကို အလောင်းတော်မြတ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် ဝိက္ခမ္ဘနပဟာန်အနေ ပယ်စွန့်ပြီး ဖြစ်လေ၏။ ထို့အတူ အတိတ် အဓွန့်၌ဖြစ်သော မောဟကိုလည်း ပယ်စွန့်ပြီး ဖြစ်လေ၏။
(၂) ဒိဗ္ဗစက္ခုအဘိညာဏ် (= ဒုတိယဝိဇ္ဇာဉာဏ်)ကို ရတော်မူခြင်း
အလောင်းတော်သူမြတ်သည် ထိုနေ့ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ကို ရရှိတော်မူပြီးလျှင် ထိုအဘိညာဏ်ဖြင့် အတိတ်ဖြစ်ရပ် ဘဝဇာတ်များစွာတို့ကို အောက်မေ့သိမြင် ဆင်ခြင်တော်မူ၍ သက္ကာယဒိဋ္ဌိ (၂၀) နှစ်ဆယ်နှင့်တကွ အတိတ်အဓွန့်၌ဖြစ်သော မောဟတရားကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ရှားတော်မူပြီးသော် ရှေးဖော်ပြရာပါ အင်္ဂါရှစ်ဖုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော ကိုယ်တော်၏ စိတ် အစဉ်ကို သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိမြင်နိုင်သည့် စုတူပါတဉာဏ်, ကံအားလျော်စွာ လားရောက်ကြရသော သတ္တဝါတို့၏ အကြောင်းရင်း အခြေခံ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဝေဘန်သိမြင်သော ယထာကမ္မူပဂဉာဏ်များ ဖြစ်ပေါ်လာရန် ညွတ်တော်မူလေသည်။
(စုတူပပါတဉာဏ် ဟူသည်နှင့် ဒိဗ္ဗစက္ခုဉာဏ် ဟူသည်မှာ အတူတူပင်တည်း၊ ဒိဗ္ဗစက္ခုဉာဏ်ကိုပင် စုတူပပါတဉာဏ်ဟူ၍ ခေါ်သည်။ ဒိဗ္ဗစက္ခုဉာဏ် ပြည့်စုံလာလျှင် ယထာကမ္မူပဂဉာဏ်နှင့် အနာဂတံသဉာဏ်တို့လည်း ပြည့်စုံလေတော့သည်။)
ထိုသို့ စိတ်တော်ကို စုတူပပါတခေါ်သော ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ပေါ်လာရန် ညွတ်လိုက်သောအခါ အလွယ်တကူပင် ဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ) အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထိုဉာဏ်ဖြင့် စုတေခါနီး သတ္တဝါတို့ကို၎င်း, ပဋိသန္ဓေနေပြီးစ သတ္တဝါတို့ကို၎င်း အမျိုးအနွယ် ဇာတ်ဂုဏ် စသည်ဖြင့်
အောက်တန်း နောက်တန်းကျသူ အထက်တန်း ရောက်သူတို့ကို၎င်း, ရုပ်ရည်အဆင်း လှသူ မလှသူတို့ကို၎င်း, သုဂတိဘုံဘဝသို့ ရောက်သူ ဒုဂ္ဂတိဘုံဘဝသို့ ရောက်သူတို့ကို၎င်း, (တနည်း) အလောဘအခြေခံသော ကုသိုလ်ကံ အကျိုးဆက်ကြောင့် ချမ်းသာကြွယ်ဝသူ လောဘအခြေခံသော အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဆင်းရဲမွဲတေသူတို့ကို၎င်း မြင်တော်မူ၏။
ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် အောက် အပါယ်ဘုံသား သတ္တဝါတို့ ဆင်းရဲဒုက္ခ ခံစားနေကြရသည်ကို မြင်တော်မူပြီးလျှင် “ဤအပါယ်ဘုံသား သတ္တဝါတို့သည် အဘယ်သို့သောကံကို ပြုကြ၍ ဤမျှ ကြောက်မက်ဖွယ်သော ဆင်းရဲဒုက္ခကို ခံကြရကုန်သနည်း”ဟု ဆင်ခြင်တော်မူလေသည်။ ထိုအခါ ထိုသတ္တဝါတို့၏ အကုသိုလ်ကံကို သိမြင်သော ယထာကမ္မူပဂအဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။ ထို့အတူ လူ့ရပ် နတ်ရွာ ဗြဟ္မာဘုံသား လူနတ်ဗြဟ္မာ သတ္တဝါအများကို ကြီးမားသော ချမ်းသာသုခကို အဆင့်ဆင့် မြင့်၍ မြင့်၍ ခံစားနေကြရသည်ကို ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် မြင်တော်မူပြီးလျှင် “ဤလူနတ်ဗြဟ္မာ သတ္တဝါတို့သည် အဘယ်သို့သောကံကို ပြုခဲ့ကြ၍ ဤမျှ (အဆင့်ဆင့်) ကြီးကျယ်ခမ်းနားသော လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို စံစားကြရကုန်သနည်း”ဟု ဆင်ခြင်တော်မူလေသည်။ ထိုအခါ ထိုသတ္တဝါတို့၏ ကုသိုလ်ကံကို သိမြင်သော ယထာကမ္မူပဂအဘိညာဏ် အသိဉာဏ်ထူး ဖြစ်ပွါးလာလေသည်။
ထိုယထာကမ္မူပဂ အဘိညာဏ် အသိဉာဏ်ထူးဖြင့် “ဤအပါယ်ဘုံသား သတ္တဝါများသည် ရှေးရှေးဘဝတို့က ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုမှား ပြောမှား ကြံမှားခဲ့ကြကုန်၏။ အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲဆဲရေး ကဲ့ရဲ့စကား ပြောမှားခဲ့ကြကုန်၏။ မိစ္ဆာအယူရှိကြကုန်၏၊ ထိုမိစ္ဆာအယူဖြင့် အထူးထူးသော အကုသိုလ်ကံတို့ကို ကိုယ်တိုင်လည်း ဆောက်တည်ပြုမှားခဲ့၍ သူတပါးကိုလည်း ဆောက်တည်စေ ပြုမှားစေခဲ့ကြကုန်၏။
ထိုသူတို့သည် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံတို့၌ ဘဝပဋိသန္ဓေ ကပ်ရောက်နေကြရကုန်၏” ဟူ၍၎င်း, “သုဂတိဘုံသား ဤသတ္တဝါများသည်ကား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့ကို ကောင်းစွာပြု ကောင်းစွာပြော ကောင်းစွာ ကြံခဲ့ကြကုန်၏။ အရိယာပုဂ္ဂိုလ်တို့ကိုလည်း မစွပ်စွဲ မဆဲရေး မကဲ့ရဲ့ကြကုန်၊ ဖြောင့်မှန်သော အယူရှိခဲ့ကြကုန်၏၊ ထိုဖြောင့်မှန်သော အယူဖြင့် အထူးထူးသော ကုသိုလ်ကံတို့ကို ကိုယ်တိုင်လည်း ဆောက်တည်ပွါးများခဲ့ကြ၍ သူတပါးကိုလည်း ဆောက်တည်စေ ပွါးများစေခဲ့ကြကုန်၏။ ထိုသူတို့သည် ထိုကုသိုလ်ကံကြောင့် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ လူ့ရပ်နတ်ရွာ ဗြဟ္မာနှစ်ဆယ် သုဂတိဘုံနယ်၌ ဘဝပဋိသန္ဓေ ကပ်ရောက်နေကြရကုန်၏” ဟူ၍၎င်း သတ္တဝါတို့၏ ရှေးကပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ဝေဘန်ချဲ့ထွင် အမှန်အတိုင်း သိမြင်တော်မူလေသည်။
ဤဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ)ဉာဏ်ကို အလောင်းတော်သူမြတ်သည် ထိုနေ့ သန်းခေါင်ယံ၌ ရတော်မူလေသည်။ ဤဒိဗ္ဗစက္ခု (= ဒုတိယဝိဇ္ဇာ)ဉာဏ်ဖြင့် အလောင်းတော်သူမြတ်၏ သန္တာန်၌ “သတ္တဝါတို့၏ စုတိ ပဋိသန္ဓေကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာ မောဟဓာတ် ကင်းပြတ်လေသည်။ ထိုဒိဗ္ဗစက္ခုဉာဏ်လျှင် အခြေခံရှိသော ယထာကမ္မူပဂ အဘိညာဏ်ဖြင့် သတ္တဝါတို့၏ ရှေးအတိတ်ကံ အကြောင်းမှန်ကို ဝေဘန်ချဲ့ထွင် အလင်းပေါက် သိမြင်တော်မူရကား ကင်္ခါယုံမှား ဆယ့်ခြောက်ပါးကိုလည်း ပယ်ရှားပြီး ဖြစ်သောကြောင့် ကင်္ခါဝိကရဏဝိသုဒ္ဓိ စခန်းသို့လည်း အလောင်းတော်သူမြတ်သည် ဆိုက်ရောက်တော်မူလေ၏။
(၃) အာသဝက္ခယ (= တတိယဂိဇ္ဇာ)ဉာဏ်ကို ရတော်မူ၍ ဘုရားဖြစ်တော်မူခြင်း
(ဤအာသဝက္ခယဉာဏ်၌ အလွန်သိမှတ်ဖွယ် အချက်အလက်များ အရေးကြီးသည့် မှတ်ချက်များပါ စုံလင်စွာ
ရေးသားမည်ဖြစ်ပါ၍ အကျဉ်း အကျယ် နှစ်သွယ်သော စကားအစဉ်ဖြင့် ရေးသား ဖော်ပြပေအံ့။)
အကျဉ်းအားဖြင့်-
အလောင်းတော်သူမြတ်သည် ညဉ့်၏ ပစ္ဆိမယံ (= နောက်ဆုံးပိုင်း)၌ အာသဝက္ခယ အမည်ရှိသော အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်ရောက်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိလျက် လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူရန် ရှေးဖော်ပြရာပါ ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စိတ်တော်အစဉ်ကို အရဟတ္တမဂ်ဉာဏ်ကို ရဖို့ရန် ညွတ်တော်မူပြီးလျှင် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ အင်္ဂါ တဆယ့်နှစ်ပါးရှိသော ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်တော်ကို သက်စေတော်မူပြီးလျှင် ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်ပါ တရားတို့ကို အနုလုံ ပဋိလုံ အစုံအဆန်အားဖြင့် သုံးသပ် အဖန်ဖန် အထပ်ထပ် ဆင်ခြင်တော်မူလျက် ယထာဘူတဉာဏဒဿန ခေါ်ဆိုသော အရိယမဂ်သို့ ဆိုက်ရောက်တော်မူလေသည်။ (ဤကား အကျဉ်းစကားရပ်တည်း။)
အကျယ်အားဖြင့်ကား-
ယထာဘူတဉာဏဒဿနခေါ်သော ဤမဂ်ဉာဏ်လေးရပ်သည် လောကဝယ် အလွန် တန်ခိုးကြီးမားသည့် သိကြားနတ်မင်း ဗြဟ္မာမင်း ဈာန်သမာပတ် အဘိညာဏ် ကြီးမြတ်သည့် ကာလဒေဝိလရသေ့ နာရဒရသေ့စသော ရသေ့သူတော်ကောင်းများ ဤပုဂ္ဂိုလ်များ၏ သန္တာန်၌ မဖြစ်ပဲ ဆရာမရှိ မိမိဘာသာ ရဟန်းအဖြစ်သို့ ကပ်ရောက်သော အလောင်းတော်သူမြတ်၏ သန္တာန်မှာသာ အစမထင် အတိတ်သံသရာတခွင်က အိပ်မက်ဖြင့်မျှပင် မမြင်မက်စဘူး မျက်မှောက်မပြုအပ်စဘူးသည့် သိမ်မွေ့နူးညံ့ အလွန်နက်နဲလှစွာသော ဤမဂ်ဉာဏ်လေးရပ် အဘယ့်ကြောင့် ဖြစ်ပွါးရသနည်းဟု မေးမြန်းဖွယ်ရှိ၏၊ အဖြေကား..
ပါရမီတော်များ၏ ကျေးဇူးကြီးမားလှပုံ
အလောင်းတော် သူမြတ်သည် ဘဝအနေအားဖြင့် အရာ အထောင် အသိန်း ကိန်းချ၍ မရေတွက်နိုင်အောင် မြားမြောက်လှသည့် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလအတွင်း၌ ကိုယ်တော်၏ အသက်ကိုပင်သော်လည်း မငဲ့ကွက် မခြွင်းချန် (အောက် ပကိဏ္ဏကခန်း၌ ဖော်ပြခဲ့သော) ဘာဝနာလေးတန် အခြေခံလျက် လှူဒါန်းခဲ့သော ဒါနပါရမီကောင်းမှု အစုစုဖြင့် ဘ၀တိုင်း ဘဝတိုင်း ထိုထိုအာရုံကို အာရုံပြု၍ ဖြစ်တိုင်း ဖြစ်တိုင်းသော လောဘကိလေသာကို ပယ်သတ်လျက် အလွန်နည်းပါးအောင် ပြုကျင့်တော်မူကာ “ဤပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ လောဘဓာတ် ကိလေသာတရား မရှိများ မရှိလေရော့သလား”ဟူ၍ သူတပါးတို့ ပြောကြားလောက်သော အခြေသို့ ရောက်စေတော်မူခဲ့လေသည်။
ထို့အတူ လေးအသင်္ချေ ကမ္ဘာတသိန်း ကာလပတ်လုံး ဆည်းပူးတော်မူခဲ့သော သီလပါရမီ ခန္တီပါရမီ မေတ္တာပါရမီတော်များဖြင့် အမျက်ထွက်ခြင်း (= ကောဓတရား) ပြစ်မှားခြင်း (= ဒေါသတရား)များကို တားမြစ်တော်မူလျက် အလွန်ရှည်ကြသော ကာလပတ်လုံး မေတ္တာရေချမ်း သွန်းဖြန်းခြင်းဖြင့် ကောဓမီးကို၎င်း, ထိုကောဓမီးနှင့်တကွ ဖြစ်ဖော်ဖြစ်ဖက် ဖြစ်ကြသည့် မနာလိုမှု (= ဣဿာတရား) ဝန်တိုမှု (= မစ္ဆရိယတရား) နောင်တတဖန် ပူပန်မှု (= ကုက္ကုစ္စတရား)များကိုလည်း ပယ်ရှားတော်မူခဲ့လေသည်။
ဘဝများစွာ ကပ်ကမ္ဘာတို့၌ ကောင်းစွာဆည်းပူး ပွါးများအပ်သော ပညာပါရမီတော်မြတ်ဖြင့် မောဟတည်းဟူသော အမိုက်မှောင်ဓာတ်ကို ပယ်ဖြတ်ပြီးတော်မူလျက် ဖောက်ပြန်မှားယွင်းသော မိစ္ဆာအယူကိုလည်း စွန့်ပယ်တော်မူကာ လွန်စွာ သန့်စင်သော ပညာရှင်ကြီး ဖြစ်တော်မူသည့်ပြင် ဖူးမြော်တွေ့ကြုံရသမျှသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့ကို၎င်း, ထိုမှတပါး အခြားသော ပညာရှိတို့ကို၎င်း ဆည်းကပ်ပြီးလျှင် “အဘယ်တရားသည် အပြစ်မရှိသော တရားဖြစ်၍ အဘယ်တရားသည်
အပြစ်ရှိသောတရား ဖြစ်ပါသနည်း၊ အဘယ်တရားသည် မည်းညစ်၍ အဘယ်တရားသည် ဖြူစင်ပါသနည်း” ဤသို့ စသည်ဖြင့် မေးမြန်း စူးစမ်းတော်မူခဲ့သည့် အတွက်လည်း တရားအချက်အလက်တို့၌ ယုံမှားခြင်း (= ဝိစိကိစ္ဆာတရား)ကို ပယ်ဖျောက်၍ ပညာတရားကို တဘဝထက် တဘဝ တိုးတက်ဖြစ်ပွါး ကြီးထွားစေခဲ့လေသည်။
မိမိအမျိုးအိမ်၌ မိမိထက် အသက်အရွယ်ကြီးသူ အမိအဖ ဦးကြီး ဦးလေး စသူတို့အား ရှိခိုးခြင်း, မြတ်နိုးခြင်း, ပူဇော်ခြင်း, နေရာပေးခြင်း, နေရာမှ ကြိုတင်ထနှင့်ခြင်း, ခရီးဦးကြိုဆိုခြင်း စသည်ဖြင့် အရိုအသေပြုလျက်၎င်း, အကျင့်ဂုဏ်နှင့် ပြည့်စုံကြသူ ပညာရှင်တို့အား အရိုအသေပြုလျက် မာနတရား ဥဒ္ဓစ္စတရားများကို ပယ်ရှားတော်မူကာ ကိုယ်တော်တိုင်က အစွယ်ကျိုးသောမြွေ, ဦးချိုကျိုးသောနွားလား, ခြေသုတ်ကြိုးဝန်းများပမာ မာန်ထောင်လွှားခြင်း ကင်းပလျက် သူတပါးကိုလည်း သည်းခံခြင်း, အကျိုးလိုလားခြင်း, သနားစောင့်ရှောက်ခြင်းများ၏ ကျေးဇူးစကားကိုသာ ချီးမွမ်းပြောဆိုလေ့ ရှိတော်မူသည်။
အလောင်းတော်သူမြတ်သည် တောထွက်ခြင်း (= နေက္ခမ္မ)ဖြင့် ပြည်စည်းစိမ် မင်းစည်းစိမ်ကို စွန့်ပယ်ကာ ရဟန်းပြုလျက် တောအရပ်၌ ဈာန်သမာပတ်ကို ဖြစ်စေပြီးလျှင် နီဝရဏတရား ငါးပါးတို့ကို ပယ်ခွါတော်မူကာ ဘဝတိုင်း ဘဝတိုင်း၌ ဖြစ်ပေါ်သမျှသော ကာမရာဂတရား မိန်းမတို့၌ မွေ့လျော်နှစ်ခြိုက်ခြင်း (= ဣတ္ထိရတိ) တရားများကို ပယ်ဖျောက်တော်မူလျက်၎င်း, သစ္စာပါရမီတော်ဖြင့် လောကကို ချွတ်ယွင်း လွဲမှားစေတတ်သော မိစ္ဆာဝါစာစကားကို ပယ်ရှားတော်မူလျက်၎င်း, ဝီရိယပါရမီတော်ဖြင့် လွန်ကဲသော ကုသိုလ်မျိုးဖြစ်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းတို့၌ မပျော်ပိုက်နိုင်ခြင်း (= အရတိတရား) ပျင်းရိခြင်း (= ကောသဇ္ဇတရား)တို့ကို ပယ်ဖျောက်၍ ကိုယ်တော်မြတ်၏ စိတ်ကို ကုသိုလ်မှုတို့၌ အမြဲတစေ ထကြွလုံ့လ
ဝီရိယ ရှိစေတော်မူလျက်၎င်း- ဤဆိုအပ်ပြီးသော အစဉ်ဖြင့် ကိုယ်တော်၏ ခန္ဓာအစဉ်ကို တဘဝထက်တဘဝ သန့်ရှင်းစင်ကြယ်သည်ထက် စင်ကြယ်အောင် ကျင့်ကြံ အားထုတ်တော်မူခဲ့လေသည်။
ဤသို့ ဒါနစသော ပါရမီကောင်းမှု ကုသိုလ်အစုဖြင့် ထိုထို ကိလေသာတရားများကို ပယ်ရှားတော်မူသော အလောင်းတော်သူမြတ်သည် တဘဝ တဘဝမှာပင်လျှင် စင်ကြယ်အောင် ပြုပြီးသော ကိလေသာတရားတို့က တဖန်ဖြစ်လိုက်, ထိုကိလေသာတရားတို့ကို စင်ကြယ်အောင် သုတ်သင်လိုက်, တဖန် ကိလေသာ တရားတို့က (သမုစ္ဆေဒပဟာန် မဂ်ဉာဏ်ဖြင့် မပယ်ရသေးသည့်အတွက်) ဖြစ်ပွါးလိုက်, အလောင်းတော် သူမြတ်ကလည်း အရှုံးမပေး အညံ့မခံပဲ မဟာကုသိုလ် မဟဂ္ဂုတ်ကုသိုလ်များဖြင့် ထိုကိလေသာတရားတို့ကို (တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်တို့ဖြင့်) ပယ်ရှားသုတ်သင်လိုက်- ဤနည်းနှင်နှင် လေးအသင်္ချေ ကမ္ဘာတသိန်း ကာလတို့၌ စိတ်၏ အညစ်အကြေးဖြစ်သော ကိလေသာတရားအစုကို သုတ်သင်ချေမှုန်းလျက် အခြံအရံ ကိလေသာဗိုလ်ထုနှင့် တကွသော အဝိဇ္ဇာမောဟ ကိလေသဗိုလ်ချုပ်ကို သုတ်သင် ရှင်းလင်းတော်မူလျက်၎င်း, သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေ တည်းဟူသော ဣန္ဒြေငါးပါးတို့ကို တဘဝထက် တဘဝ ရင့်သန်ကြီးထွားစေလျက်၎င်း အစဉ်သဖြင့် ရဲရဲတောက် ပါရမီများကို ပွါးများကြိုးကုတ် အားထုတ်၍ ဘဝခရီးခဲကြီးကို ဖြတ်ကျော်လာခဲ့ရာ ဝေဿန္တရာမင်းဖြစ်၍ မဒ္ဒီမိဖုရားကို လှူဒါန်းခြင်းဖြင့် ဘုရားဖြစ်အောင် ပြုလုပ်ပေးနိုင်သော တရားတို့ကို အပြီးအဆုံး ကျင့်သုံးတော်မူပြီးလျှင် ဘုရားဖြစ်ရန် အချိန်ကိုသာ စောင့်ဆိုင်း ငံ့မြှော်လျက် တုသိတာနတ်ပြည်၌ နတ်စည်းစိမ်ကို ခံစံကာ နေတော်မူခဲ့ခြင်း ဖြစ်လေသည်။
ဤသို့ ဒါနအစရှိသော ပါရမီကောင်းမှု ကုသိုလ်အစုဖြင့် လောဘ ဒေါသစသော ထိုထိုကိလေသာ အင်္ဂါတရားတို့ကို
ပယ်ရှားသုတ်သင်ကာ ဉာဏ်ပညာ အထွတ်အထိပ်ရောက် ပြီးမြောက်ပွါးစည်သူ ဖြစ်သောကြောင့် ဘုရားအလောင်းတော် သူမြတ်၏ သန္တာန်မှာသာ အလွန်တရာ သိမ်မွေ့နူးညံ့ နက်နဲလှစွာသော မဂ်ဉာဏ်လေးရပ်တို့ (ဆရာမကူရပဲ) ဖြစ်ပွါးလေသည်။
ထိုမှတပါးလည်း ဘုရားအလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာသနင်း ခြေတော်ရင်းမှစ၍ လူသာမန်တို့ ပြုလုပ်ရန် ခဲယဉ်းလှသည့် ဒါနစသော ပါရမီကောင်းမှု ကုသိုလ်အစုကို ပြုလုပ်ဆည်းပူး ပွါးများ အားထုတ်ပြီးလျှင် ထိုကုသိုလ်များအတွက် တစုံတခုသော ဘဝစည်းစိမ်ကိုမျှ တောင့်တဆုပန်မှု ပြုတော်မမူခဲ့ပေ။ ကိုယ်တော်ပြုသမျှ ဒါနစသော ကောင်းမှုကုသိုလ်တို့အတွက် “ဤကောင်းမှုအစုသည် သဗ္ဗညုတဉာဏ် ဖြစ်ပေါ်ရန်အတွက် ဥပနိဿယည်း ပစ္စည်းအထောက်အပံ့ ဖြစ်ပါစေသား”ဟူ၍သာ တောင့်တဆုပန်မှု ပြုတော်မူခဲ့လေသည်။ တပါးသောသူတို့ကား ထိုထို ကောင်းမှုကုသိုလ်ကို ပြုပြီးသော် နတ်စည်းစိမ် လူ့စည်းစိမ်ကို တောင့်တဆုပန်ကြ၍ ထိုထိုဆုပန်ချက်အားလျော်စွာ လူ့စည်းစိမ် နတ်စည်းစိမ် တည်းဟူသော အကျိုးကို ရရှိခံစားကြကာ မိမိတို့ ရတိုင်း ရတိုင်းသော ကုသိုလ်ကောင်းမှု ဥစ္စာစုကို စားသုံး ဖြုန်းပစ်ကြသူများနှင့် တူလှကုန်၏။ အလောင်းတော် သူမြတ်သည်ကား ထိုသို့မပြုပဲ ကျီကြထဲ၌ စပါးအပြည့်ထည့်သွင်းကာ မသုံးမစွဲ အမြဲစောင့်ရှောက်နေသော သူကဲ့သို့ ပြုတိုင်း ပြုတိုင်းသော ကောင်းမှုကုသိုလ်အစုကို “သဗ္ဗညုတဉာဏ် အထွတ်တပ်သော မဂ်ဉာဏ်လေးရပ်၏သာ ပစ္စည်းအထောက်အပံ့ ဖြစ်စေသား”ဟု ဆုပန် တောင့်တတော်မူကာ ကောင်းစွာသိုမှီး သိမ်းဆည်း၍ ထားလေသည်၊ သို့ရကား လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ကာလမြင့်ညောင်းအောင် ဘုရားအလောင်းတော် စုဆောင်းခဲ့သမျှသော ပါရမီကောင်းမှု ကုသိုလ်အစုသည် ယခုနောက်ဆုံး ဘုရားဖြစ်မည့် သိဒ္ဓတ္ထဘဝ၌ ဘုရားအဖြစ်တိုင်ရောက်အောင် အကျိုးပေးရန်
အခွင့်ဖန်လာပြီဖြစ်သဖြင့် ကုသိုလ်တွေက အလွန်များ အကျိုးပေးရမည့် ဘဝကား တဘဝသာဖြစ်၍ အလွန်ပြည့်ကျပ် ကျဉ်းမြောင်းသကဲ့သို့ပင် ရှိချေသည်။
ဤသို့ ဘုရားဖြစ်ရန် တခုကိုသာ ရည်သန်တောင့်တခဲ့ခြင်း ပတ္ထနာစွမ်းအားဖြင့် ဘုရားဖြစ်မည့် ယခု နောက်ဆုံးဘဝ တခုထဲ၌ စုပေါင်းတိုးဝှေ့ကာ အကျိုးပေးမည့် ကုသိုလ်တရား အလွန် အားကြီးလှသောကြောင့် ဘုရားအလောင်းတော်သူမြတ်၏ သန္တာန်မှာ အလွန်တရာ သိမ်မွေ့နူးညံ့ နက်နဲလှစွာသော မဂ်ဉာဏ်လေးရပ်တို့ ဆရာမကူပဲ ဖြစ်ပွါးလေသည်။ ။(ဤ ဘုရားဖြစ်တော်မူခန်း၌ ဇိနာလင်္ကာရကျမ်းလာ ကြည်ညိုဖွယ်ရာ အချက်အလက်တို့ကို များစွာဖော်ပြခြင်း ဖြစ်ပါသည်။)
အလောင်းတော်သည် ကုဋေသုံးသန်းခြောက်သိန်းသော မဟာဝဇီရဝိပဿနာတရား ပွါးတော်မူခြင်း
ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ဒါနစသော ပါရမီကောင်းမှု ကုသိုလ်စုဖြင့် လောဘ ဒေါသစသော ထိုထိုကိလေသာ အင်္ဂါကို ပယ်ခွါသုတ်သင်အပ်ပြီး ဖြစ်ရကား နိဗ္ဗာန်ခရီးကို ကာဆီးဖုံးကွယ်မှု ပြုလုပ်တတ်သည့် မောဟကိလေသာ ဗိုလ်ချုပ်ကိုလည်း အခြံအရံနှင့်တကွ သုတ်သင်ရှင်းလင်းပြီးဖြစ်သော ဘုရားအလောင်းတော်သည် ထိုသည့် ကဆုန်လပြည့်နေ့ မိုးသောက်ယံ (ညဉ့်၏ နောက်ပိုင်း)အချိန်၌ မဟာဝဇိရ ဝိပဿနာတရား ပွါးများ အားထုတ်တော်မူလေသည်။ အားထုတ်တော်မူပုံအမြွက်မှာ..
အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတသိန်းတို့ရှိရာ စကြဝဠာ တတိုက်တတိုက်အတွင်း၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်ပွါးသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တတိုက်တတိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထ သဘာဝ ဓမ္မအစစ်အနေဖြင့် အဝိဇ္ဇာ, သင်္ခါရ(ဟူသော အတိတ်အဓွန့်ကာလ အကြောင်းတရား)၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ(ဟူသော
ပစ္စုပ္ပန်အဓွန့်ကာလ အကျိုးတရား)၊ တဏှာ, ဥပါဒါန်, ကမ္မဘဝ(ဟူသော ပစ္စုပ္ပန်အဓွန့်ကာလ အကြောင်းတရား)တို့နှင့် (ဥပပတ္တိဘဝဖြစ်သော) ဇာတိ, ဇရာ+မရဏ(ဟူသော အနာဂတ်အကျိုးတရား) ဤပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝ ဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။
ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားကို ဆင်ခြင်တော်မူသောအခါ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋ္ဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါးစီ တည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုကို ကောင်းစွာ သိမြင်တော်မူလေသည်။
ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတသိန်း တည်းဟူသော အာဏာခေတ်အတွင်း ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝ ဓမ္မတရားသားကို စဉ်းစား ဆင်ခြင်တော်မူသော အလောင်းတော်သူမြတ်၏ ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာတင်ရမည့် တရားအစုတို့ကား အဝိဇ္ဇာပေါင်း ကုဋေတသိန်း, သင်္ခါရပေါင်း ကုဋေတသိန်း, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏပေါင်းလည်း ကုဋေတသိန်းစီ ဖြစ်ရကား
(၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့်) တရားသားတို့မှာ ကုဋေ တသန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။
အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဉ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောက်ျားသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ်ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရား အလောင်းတော်သည်လည်း တထောင့်ငါးရာ ကိလေသာတောအုပ် ချုံပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မဟာဝဇီရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့်ကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထဈာန် သမာပတ်ကို ၀င်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့ကို တခုစီ တခုစီ အနိစ္စလက္ခဏာယာဉ် တင်၍၎င်း, ဒုက္ခလက္ခဏာယာဉ် တင်၍၎င်း, အနတ္တလက္ခဏာယာဉ် တင်၍၎င်း ဆင်ခြင် သုံးသပ်တော်မူလေသည်။
သို့ရကား ကုဋေတသန်း နှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တခုတခုလျှင် အနိစ္စဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တဝိပဿနာဉာဏ်ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သောကြောင့် ကုဋေ တသန်းနှစ်သိန်းကို တည်၊ သုံးဖြင့်မြှောက်ပွါး၍ မဟာဝဇိရ ဝိပဿနာ ဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်း ဖြစ်လေသည်။
(ဤမဟာဝဇီရဝိပဿနာဉာဏ် အကြောင်းအရာ အမြွက်သည် ဥပရိပဏ္ဏာသဋီကာ အနုပဒသုတ်အဖွင့် စာမျက်နှာ ၂၇၅-၌၎င်း၊ ဝိနည်း သာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက သာရိပုတ္တမောဂ္ဂလ္လာနပဗ္ဗဇ္ဇာ ကထာအဖွင့် စာမျက်နှာ ၂၂၉-၌၎င်း လာရှိသည်။)
ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာဖြစ်သည်။ ငါတို့မြတ်စွာဘုရား အလောင်းတော်သည်လည်း ရှေးဘုရားအလောင်းတော်တို့နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံ ပဋိလုံ သုံးသပ် ဆင်ခြင်တော်မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ်တသောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေသည်။
မြတ်စွာဘုရား အလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ပါး တရားအစု၌ ကုဋေ သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် ဝိပဿနာဉာဏ်ပညာ အသွားထက်စိမ့်သောငှါ အာနာပါန စတုတ္ထဈာန်သမာပတ် တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တဖန် သွေးတော်မူပြန်ခြင်းဖြစ်သည်။) ထိုသို့ အာနာပါန စတုတ္ထဈာန်ကို တဖန် ဝင်စားတော်မူပြီးလျှင် (= အထက် ဝိပဿနာ ဉာဏ်ပညာ အသွားထက်အောင် သွေးတော်မူပြီးလျှင်) ထိုဈာန်မှထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက် အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွါးစေတော်မူလေသည်။
(ဤ၌။ ။အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋကသုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီန၀ဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်အောင် လေ့လာပွါးများ အားထုတ်တော်မူခဲ့ဘူးသောကြောင့်၎င်း- ရှေးဖော်ပြရာပါ မဟာဝဇိရ ဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေ သုံးသန်း ခြောက်သိန်းတို့ဖြင့် လေ့လာပွါးများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်၎င်း-
အထက် အထက် ဝိပဿနာ ဉာဏ်ပညာများကို အလွယ်တကူ ရရှိတော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ မျက်နှာ ၅၅-ကို မှီငြမ်းပြုသည်။)
ဤသို့ အလောင်းတော်သူမြတ်သည် အထက်အထက်ဖြစ်သော ဝိပဿနာ ဉာဏ်ပညာများသို့ အလွယ်တကူ တက်ရောက်တော်မူခဲ့၍ နောက်ဆုံး အနုလောမဉာဏ်မြောက် ရောက်တော်မူလတ်သောအခါ ခရီးဝေးမှပြန်လာ၍ မိမိအိမ်သို့ ဝင်အံ့ဟူ၍ တံစက်မြိတ်အတွင်း ဝင်မိသော ယောက်ျားအား တံခါးဟင်းလင်းပွင့်နေသော အိမ်အတွင်း၌ တံခါးခုံတွင်ရွေ့သာ ရပ်နားမှု အလျှင်းမပြုပဲ အိမ်တွင်းသို့သာ တောက်လျှောက် ၀င်ရောက်လေသကဲ့သို့ ထို့အတူ အလောင်းတော် သူမြတ်သည်လည်း ဥဒယဗ္ဗယဉာဏ် အစရှိသော ဉာဏ်စဉ်ရှစ်ပါးဖြင့် အဆင့်ဆင့် တက်ရောက်တော်မူခဲ့ရာ (နိဗ္ဗာန်မြို့နန်းအဝင်ဝ) တံခါးခုံနှင့်တူသော သစ္စာနုလောမဉာဏ်တွင်ရွေ့သာ ရပ်နားတော်မမူပဲ မဂ္ဂဝီထိစိတ်အစဉ်တွင် အဝင်အပါဖြစ်ကြသည့် ပရိကံ, ဥပစာ, အနုလုံ အမည်ရှိကြသော သစ္စာနုလောမဉာဏ် သုံးပါးတို့ဖြင့် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာလေးပါး အမှန်တရားတို့ကို ဖုံးလွှမ်း ကာကွယ်တတ်သည့် အဝိဇ္ဇာ မောဟတည်းဟူသော တိမ်လွှာတိမ်တိုက် မှောင်အမိုက်ကို ပယ်ရှားအပ်ပြီးလတ်သော် တိမ်စင်ကောင်းကင်၌ လဝန်းကို လင်းလင်းမြင်သည့်ပမာ ဂေါတြဘူဉာဏ်၏ အခြားမဲ့၌ ဖြစ်ပွါးသော သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်တည်းဟူသော အလင်းဓာတ်ကြီးကို လင်းလင်းထင်ထင် မျက်မှောက်ပြု၍ သိမြင်တော်မူလေသည်။ (သောတာပတ္တိမဂ်ဉာဏ်စိတ် တကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ထို၏အခြားမဲ့၌ အကာလိက (= အခါမလင့် မဖင့်မနွှဲ အချိန်မဆွဲပဲ အကျိုးပေးခြင်း) တည်းဟူသော တရားတော်၏ ဂုဏ်တော်အတိုင်း ထိုသောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ဇော သုံးကြိမ်ဖြစ်၍ ချုပ်ပြီးလျှင် ဘဝင်စိတ်များ ဖြစ်လေတော့သည်။)
ထိုသို့ သောတာပတ္တိမဂ်သို့ ရောက်တော်မူသောကြောင့် အလောင်းတော်သူမြတ်၏သန္တာန်၌ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဟူသော ကိလေသာသုံးရပ်တို့ အမြစ်ပြုတ် ပယ်အပ်ပြီး ဖြစ်လေတော့သည်။ ထိုကိလေသာများ နောက်ထပ်တဖန် အလောင်းတော်သူမြတ်၏သန္တာန်၌ မဖြစ်နိုင်တော့ပြီ။
အထက်မဂ်ဖိုလ်တို့ကို ရတော်မူ၍ ဘုရားဖြစ်တော်မူခြင်း
ဘုရားအလောင်းတော် သူမြတ်သည် သောတာပတ္တိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ-
မဂ်,ဖိုလ်,နိဗ္ဗာန်၊ ပယ်-ကြွင်းကျန်၊ နှစ်တန် ကိလေသာ။
အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ-
ဟူသောအတိုင်း (၁) ရှေးဦးစွာ သောတာပတ္တိမဂ်ကို ဆင်ခြင်တော်မူသည်၊ (၂) ထို့နောက် ထိုသောတာပတ္တိမဂ်၏ အကျိုးဖြစ်သော သောတာပတ္တိဖိုလ်ကို ဆင်ခြင်တော်မူသည်။ (၃) ထို့နောက် ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်တော်မူသည်၊ (၄) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို ဆင်ခြင်တော်မူသည်၊ (၅) ထို့နောက် ထိုသောတာပတ္တိမဂ်ဖြင့် မပယ်ရသေးပဲ ကြွင်းကျန်နေသည့် ကိလေသာတို့ကို ဆင်ခြင်တော်မူသည်။ (ဤသို့ ဆင်ခြင်သည့်ဉာဏ်တော် ငါးပါးကို ပစ္စဝေက္ခဏာဉာဏ်တော် ငါးပါးဟူ၍ ခေါ်သည်။)
ထိုသို့ ပစ္စဝေက္ခဏာဉာဏ်တော် ငါးပါးဖြင့် သောတာပတ္တိမဂ်, သောတာပတ္တိဖိုလ်, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်, ထိုမဂ်ဖြင့် ပယ်အပ်သော ကိလေသာ, ထိုမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာ ဤတရားငါးပါးကို ဆင်ခြင်တော်မူပြီးသောအခါ အလောင်းတော်သူမြတ်သည် တဖန် ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာဉာဏ်စဉ်များကို ပွါးများ
အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် နှစ်ဆင့်မြောက်ဖြစ်သည့် သကဒါဂါမိမဂ်ဖိုလ်သို့ ရောက်တော်မူလေသည်။ ထို သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်း ကြမ်းတမ်းသော ကာမရာဂကိလေသာ, ရုန့်ရင်း ကြမ်းတမ်းသော ဗျာပါဒ (= ဒေါသ) ကိလေသာတို့ကို အမြစ်ပြုတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော်သူမြတ်၏ သန္တာန်၌ (မီးဖြင့် အကျွမ်းဖုတ်မြှိုက်အပ်သော မျိုးစေ့ကဲ့သို့) ရုန့်ရင်း ကြမ်းတမ်းသော ကာမရာဂကိလေသာ အနုသယဓာတ်, ရုန့်ရင်း ကြမ်းတမ်းသော ဗျာပါဒ (= ဒေါသ) ကိလေသာ အနုသယဓာတ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။
ဘုရားအလောင်းတော် သူမြတ်သည် သကဒါဂါမိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ ရှေးနည်းအတူ ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရငါးမျိုးတို့ဖြင့် သကဒါဂါမိမဂ်, သကဒါဂမိဖိုလ်, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သောနိဗ္ဗာန်, ထိုမဂ်ဖြင့် ပယ်အပ်သော ကိလေသာ, ထိုမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာ ဤတရားငါးပါးတို့ကို ဆင်ခြင်တော်မူပြီးလျှင် တဖန် ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာ ဉာဏ်စဉ်များကို ပွါးများ အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် သုံးဆင့်မြောက်ဖြစ်သည့် အနာဂါမိမဂ်ဖိုလ်သို့ ရောက်တော်မူလေသည်။ ထိုအနာဂါမိမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂ ကိလေသာနှင့် သိမ်မွေ့သော (= ဒေါသ) ကိလေသာတို့ကို အမြစ်ပြတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော် သူမြတ်၏ သန္တာန်၌ ဝါသနာအဓာတ်နှင့်တကွ သိမ်မွေ့သော ကာမရာဂကိလေသာ အနုသယဓာတ်, သိမ်မွေ့သော ဗျာပါဒ (= ဒေါသ) ကိလေသာ အနုသယဓာတ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။
ဘုရားအလောင်းတော် သူမြတ်သည် အနာဂါမိမဂ်ဖိုလ်ကို ရရှိတော်မူပြီးသောအခါ ရှေးနည်းအတူ ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရငါးမျိုးတို့ဖြင့် အနာဂါမိမဂ်ကို၎င်း, အနာဂါမိဖိုလ်ကို၎င်း,
ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို၎င်း, ထိုအနာဂါမိမဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကို၎င်း, ထိုအနာဂါမိမဂ်ဖြင့် မပယ်အပ်သေးပဲ ကြွင်းကျန်သော ကိလေသာတို့ကို၎င်း ဆင်ခြင်တော်မူပြီးလျှင် တဖန်ထပ်၍ ဥဒယဗ္ဗယဉာဏ် အစရှိသော ဝိပဿနာ ဉာဏ်စဉ်များကို ပွါးများ အားထုတ်တော်မူပြန်လတ်သည်တွင် မကြာမီပင် လေးဆင့်မြောက်ဖြစ်သော အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။ ထိုအရဟတ္တမဂ်ဖြင့် ရူပရာဂကိလေသာ, အရူပရာဂကိလေသာ, မာနကိလေသာ, ဥဒ္ဓစ္စကိလေသာ, အဝိဇ္ဇာကိလေသာ တည်းဟူသော ကျန်သေးသည့် ကိလေသာတို့ကို ဝါသနာအငွေ့အသက်ပါမကျန် အမြစ်ပြုတ် ပယ်တော်မူသည်။ ထိုအချိန်မှစ၍ အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝါသနာအငွေ့အသက်နှင့်တကွ တထောင့်ငါးရာ ကိလေသာတရား အနုသယဓာတ် ခုနစ်ရပ်တို့ အကြွင်းမဲ့ ပြတ်လေတော့သည်။
(ဤ အရဟတ္တမဂ်ဖိုလ်ကို ရပြီးသောအခါ အရဟတ္တမဂ်ကို၎င်း, အရဟတ္တဖိုလ်ကို၎င်း, ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို၎င်း, ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း အသီးအသီး ဆင်ခြင်သည့် ပစ္စဝေက္ခဏာဉာဏ်တော် ဇောဝါရလေးမျိုးတို့ ဖြစ်ပြန်လေသည်။ ပစ္စဝေက္ခဏာဉာဏ်တော်များကို ပေါင်းလတ်သည်ရှိသော် သောတာပတ္တိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, သကဒါဂါမိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, အနာဂါမိမဂ်ဖိုလ်ကို ရပြီးသောအခါ၌ ငါးပါး, အရဟတ္တမဂ်ဖိုလ်ကို ရပြီးသောအခါ၌ လေးပါး- ဤသို့အားဖြင့် တဆယ့်ကိုးပါး ဖြစ်သတည်း၊ ဤပစ္စဝေက္ခဏာဉာဏ် တဆယ့်ကိုးတန်ကိုပင်လျှင် ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးဟူ၍ ခေါ်ဆိုသည်။ ပစ္စဝေက္ခဏာဉာဏ်အရာဝယ် အရဟတ္တမဂ်ကို ရပြီးသောအခါ၌ ကြွင်းကျန်သော ကိလေသာဟူ၍ မရှိတော့ရကား ထိုကြွင်းကျန်သော ကိလေသာကို ဆင်ခြင်သည့် ပစ္စဝေက္ခဏာဉာဏ်လည်း မဖြစ်တော့၍ ပစ္စဝေက္ခဏာဉာဏ် လေးပါးသာလျှင် ရလေတော့၏။)
လူသုံးပါး၌ ဘုရားဖြစ်တော်မူခြင်း
ဘုရားအလောင်းတော်သူမြတ်သည် အရဟတ္တမဂ်၏ အခြားမဲ့ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူလျှင်ပင် အလွန်စင်ကြယ်သော စိတ်အစဉ် ရှိတော်မူလျက် ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဗုဒ္ဓဉာဏ်တော် တဆယ့်လေးပါး, အာဝေဏိကဂုဏ်တော် တဆယ့်ရှစ်ပါး, ဝေသာရဇ္ဇဉာဏ်တော် လေးပါး အစရှိသော မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များနှင့်တကွ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ ရတော်မူ ရောက်တော်မူကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားဖြစ်တော်မူလတ်သတည်း။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူသည်နှင့် တပြိုက်နက် နေအရုဏ်လည်း တက်လေတော့သည်။ (သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူခြင်းကိုပင် မြတ်စွာဘုရားဖြစ်ခြင်းဟု ခေါ်ဆိုသည်။)
မြတ်စွာဘုရား၏ ဝိသုဒ္ဓိခုနစ်ပါး
ဤအရာ၌ ဗုဒ္ဓဝင်အကြောင်းအရာစကားကို အကြားဖြတ် တန့်ရပ်၍ မြတ်စွာဘုရား၏ ဝိသုဒ္ဓိခုနှစ်ပါး (= နိဗ္ဗာန်ရောက်အောင် ပို့ဆောင်သည့် ရထားကြီးခုနစ်စီး)တို့ကို သိသာရုံ ရေတွက် ထုတ်ဖော် ပြဆိုဦးအံ့။
(၁) သီလဝိသုဒ္ဓိ
ဘုရားအလောင်းတော်သည် အနော်မာမြစ်ကမ်း၌ ရပ်နားတော်မူကာ ရဟန်းပြုပြီးလျှင် ဒုစရိုက်တို့မှ ထိန်းသိမ်းစောင့်ရှောက်ခြင်း (= သံဝရသီလ)ကို ဆောက်တည်မှု ပြုတော်မူခဲ့လေသည်။ ထိုသံဝရသီလဟူသည်မှာ.. သူ့အသက်ကို သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း, အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးဝှက် လုယက် ယူငင်မှုမှ ရှောင်ကြဉ်ခြင်း, ကာမမှုတို့၌ ဖောက်ပြန်မှားယွင်းစွာ ပြုကျင့်မှုမှ ရှောင်ကြဉ်ခြင်း (= မမြတ်သော မေထုန်ကြီးငယ်အမှုမှ ရှောင်ကြဉ်ခြင်း), မမှန်သောစကားကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ဂုံးတိုက်စကား
ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ကြမ်းတမ်းသောစကား (= ဆဲရေးစကားစသည်)ကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, ပြိန်ဖျင်းသော စကား (= အကျိုးမရှိသော စကား)ကို ပြောကြားမှုမှ ရှောင်ကြဉ်ခြင်း, မကောင်းယုတ်မာသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်းအားဖြင့် ရှစ်ပါးသော အာဇီဝဋ္ဌမကသီလပင် ဖြစ်၏။
ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်ကို လုံခြုံစွာ ထိန်းသိမ်းမှုတည်းဟူသော ဣန္ဒြိယသံဝရသီလမှာလည်း ပုထုဇဉ် သာမန်လူများကဲ့သို့ အသစ်ကြိုးကုတ် ပြုပြင်အားထုတ်ရန်မလို၊ ပင်ကိုယ်ကပင် ပြီးစီးပြီးသား ဣန္ဒြေတို့ကို စောင့်စည်း ထိန်းသိမ်းပြီးသား ဖြစ်တော်မူ၏။ အာဇီဝဋ္ဌမကသီလဖြင့်ပင် အာဇီဝပါရိသုဒ္ဓိသီလလည်း ပြီးစီးပြီးသား ဖြစ်တော်မူ၏။
ပစ္စည်းလေးပါးဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သည့် ကိလေသာတရားတို့ကို ပယ်ရှားဘို့ရန် ကျင့်ကြံအားထုတ် ဆင်ခြင်ရသော ပစ္စယသန္နိဿိတသီလအတွက်လည်း အထူးအားထုတ်ဖွယ် မလို၊ တောထွက်တော်မူခါနီးကပင် ပစ္စည်းနှင့်စပ်သည့် တဏှာလောဘ အဦးချီသော အကုသိုလ်ကိလေသာစုကို တဒင်္ဂပဟာန် အနေအားဖြင့် ပယ်ရှားပြီး ဖြစ်တော်မူသည်၊ အရဟတ္တမဂ်ဖြင့်ကား အနုသယ (= ကိလေသာမျိုးစေ့ ဓာတ်)ကိုသာ ပယ်သတ်မှု ပြုအပ်လေသည်။ ဤကား အလောင်းတော်သူမြတ်၏ သီလဝိသုဒ္ဓိတည်း။
(၂) စိတ္တဝိသုဒ္ဓိ
အာဠာရဂိုဏ်းဆရာကြီး ဥဒကဂိုဏ်းဆရာကြီးတို့၏ အထံ၌ နေစဉ်အခါ ဖြစ်ပွါးစေခဲ့သော သမာပတ်ရှစ်ပါး လောကီအဘိညာဏ် ငါးပါးတို့မှာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်သုံးစဉ်ကာလအတွင်း မပွါးများ မလေ့လာ မသုံးစွဲအပ်သောကြောင့် (အသုံးမပြုသော ရွှေခွက်ကြီးများပမာ) အညစ်အကြေး စွဲကပ်သည့်အလား မသန့်မရှင်း မှေးလျက် မှိန်လျက် ရှိကြကုန်၏၊
ဘုရားဖြစ်မည့်နေ့၌ သုဇာတာ သူဌေးကတော် လှူအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် အင်ကြင်းတော၌ နေ့သန့် နေတော်မူသောအခါ ထိုသမာပတ်ရှစ်ပါး အဘိညာဏ် ငါးပါးတို့ကို (အညစ်အကြေးစွဲကပ်သော ရွှေခွက်ကို ဆေးကြောသုတ်သင်သည့်ပမာ) တဖန်ထပ်၍ ဖြစ်စေတော်မူသောအားဖြင့် သန့်ရှင်း စင်ကြယ်စေတော်မူသည်။ ဤသမာပတ်ရှစ်ပါး အဘိညာဏ်ငါးပါး တရားများသည် အလောင်းတော် သူမြတ်၏ စိတ္တဝိသုဒ္ဓိဖြစ်ပေ၏။
(၃) ဒိဋ္ဌိဝိသုဒ္ဓိ
ထို့နောင်မှ အလောင်းတော်သူမြတ်သည် ထိုနေ့ညနေချမ်းအခါ မဟာဗောဓိမဏ္ဍိုင်သို့ ကြွရောက်၍ အပရာဇိတပလ္လင်၌ သီတင်းသုံး နေထိုင်တော်မူကာ နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်တော်မူ၍ ညဉ့်ဦးယံ (= ညဉ့်၏ ပဌမပိုင်းအချိန်)ဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ဖြစ်စေပြီးစေလျက် ရှေး၌ ဆိုအပ်ခဲ့ ပြီးသည့်အတိုင်း နာမ်ရုပ်နှစ်ပါးတို့၏ ဖြစ်ဟန်ကို ကောင်းစွာသိမြင်၍ သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကို ဖျောက်ပယ် ဖြိုခွဲတော်မူခဲ့လေသည်။ ဤကား အလောင်းတော်သူမြတ်၏ ဒိဋ္ဌိဝိသုဒ္ဓိပေတည်း။
(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ
ထို့နောင် မဇ္ဈိမယံ (= ညဉ့်၏ အလယ်ပိုင်းအချိန်)၌ ဒိဗ္ဗစက္ခု အဘိညာဏ်လျှင် အခြေခံရှိသော ယထာကမ္မူပဂဉာဏ်တော်ဖြင့် ကံအားလျော်စွာ လားရောက်ကြသော သတ္တဝါတို့ကို ရှုမြင်လျက် ကံနှင့် ကံ၏အကျိုးတရားတို့ကို ပြတ်သားရှင်းလင်းစွာ မျက်မှောက်ပြု သိမြင်တော်မူသဖြင့် ယုံမှားခြင်းများ ကင်းစင်သွားလေသည်။ ဤကား အလောင်းတော်သူမြတ်၏ ကင်္ခါဝိတရဏဝိသုဒ္ဓိပေတည်း။
(၅) မဂ္ဂါမဂ္ဂဉာဏဒသနဝိသုဒ္ဓိ
(နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းဟုတ်သည် မဟုတ်သည်ကို သိသောဉာဏ်ကို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဟူ၍ ခေါ်၏။)
အလောင်းတော်သူမြတ်သည် ပစ္ဆိမယံ (= ညဉ့်၏ နောက်ပိုင်းအချိန်)၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်ဝယ် ဉာဏ်တော်ကို သက်စေပြီးသော် ကလာပသမ္မသနဉာဏ်မှစ၍ အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာစသော အနုပဿနာ ခုနစ်ပါးကို အခြေခံပြုကာ ရုပ်နာမ်ဓမ္မတို့၏ အဖြစ်အပျက်ကို ရှုမြင်သည့် ဥဒယဗ္ဗယဉာဏ်ကို ဖြစ်စေတော်မူလေသည်။ ထိုအခါ အလောင်းတော်သူမြတ်အား အရောင် အလင်း အစရှိသော ဝိပဿနုပက္ကိလေသ (= ဝိပဿနာညစ်ညူးကြောင်း) တရားတို့ ဖြစ်ပွါး၍ လာလေသည်။
မြတ်စွာဘုရား၏ အရောင်အလင်းမှာ တပါးသောသူတို့၏ အရောင်အလင်းကဲ့သို့ တကွက်တကွင်း တစိတ်တဒေသသာ လင်းသည်မဟုတ်ချေ၊ စင်စစ်သော်ကား အလွန်ထက်မြက်လှစွာသော (ရှေးဖော်ပြရာပါ) မဟာ၀ဇိရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် ကိုယ်တော်နှင့်တကွ အတိုင်းမသိသော သတ္တဝါတို့သန္တာန်၌ ဖြစ်ပေါ်၍နေသော တေကာလိက တရားသားအစုကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆယ့်နှစ်ရပ်အနေဖြင့် အကျဉ်းချုပ်ဉာဏ်ဖြင့် ယူပြီးလျှင် တဖန် ထိုပစ္စသမုပ္ပါဒ် အင်္ဂါတဆယ့်နှစ်ရပ်သော တရားသားတို့ကို နာမ်ရုပ်အနေအားဖြင့် နှစ်ဖို့နှစ်စုထားပြီးလျှင် ထိုနာမ်ရုပ်တရားတို့ကို ဥဒယဗ္ဗယဉာဏ်ဖြင့် ရှုပွါးတော်မူသော အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝီရိယလည်း အလွန် အားကောင်းလှ၏။ သတိလည်း အလွန်ထင်လင်းလှ၏၊ စိတ်တော်လည်း အလွန်တည်ကြည်လှ၏၊ ထို့ကြောင့် ပညာလည်း အလွန် ထက်မြက်လှ၏၊ သဒ္ဓါတရားလည်း အားကောင်းလှ၏၊ ကိုယ်စိတ်၏ ချမ်းသာခြင်း သုခတရား, ငြိမ်းအေးခြင်း ပဿဒ္ဓိတရားတို့ တဖွားဖွားဖြစ်လျက် ရှိကြ၏၊ ခပ်သိမ်းသော သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သော ဝိပဿနုပေက္ခာခေါ်သည့် တတြမဇ္ဈတ္တတာ စေတသိက်လည်း အလွန်အားကောင်းလျက် ရှိ၏၊ ယင်းသို့ သုခ-ပဿဒ္ဓိ အစရှိသော တရားတို့ဖြင့် ချီးမြှောက်ထောက်ပံ့အပ်သော စိတ်ရှိသော အလောင်းတော်သူမြတ်၏ သန္တာန်၌
(၁) မွေးညှင်းရွှင်ပျ ကြက်သီးထစေနိုင်သော = ခုဒ္ဒိကာပီတိ၊ (၂) ခဏခဏ လျှပ်စစ်ပြက်သကဲ့သို့ ဖြစ်ပွားသော = ခဏိကာပီတိ၊ (၃) သမုဒြာကမ်းကို လှိုင်းတံပိုး ရိုက်ခတ်သည့်ပမာ ခန္ဓာကိုယ်တွင်းသို့ ချဉ်းနင်း သက်ဝင် သက်ဝင်၍ ပျက်ပျက်သွားသော = ဩက္ကန္တိကာပီတိ၊ (၄) ထို့ထက် အားကြီးစွာ ခန္ဓာကိုယ်ကို ကောင်းကင်သို့ ပျံတက်စေနိုင်လောက်အောင် ပမာဏကြီးမားသော = ဥဗ္ဗေဂါပီတိ၊ (၅) ဂွမ်းဝါနုကို ဆီစိမ်ဘိသကဲ့သို့ တကိုယ်လုံးအပြည့် နှံ့၍တည်သော = ဖရဏာပီတိ၊ ဤပီတိငါးမျိုးလည်း တဖြိုးဖြိုးဖြစ်လျက် ရှိကြ၏။ နှလုံးတော်, သွေးတော်, မျက်စိ, နား, နှာစသော ဣန္ဒြေတော်တို့လည်း အလွန် ကြည်လင်လှ၏။
ထို့ကြောင့် ကိုယ်တော်မြတ်မှ အရောင်အလင်းတို့ ထွက်ကုန်လျက် အောက်အရပ်မျက်နှာ မြေထု ရေထု လေထုတို့ကို ရွှေရောင်အဆင်း ဝါဝင်းအောင် ပြုကြ၍ အောက် အဇဋာကာသ ဟင်းလင်းအပြင်သို့ သက်ဝင်ပြေးသွားကြလေသည်၊ အထက်အရပ်၌လည်း ဘဝဂ်တိုင်အောင် ရွှေရောင်အဆင်း ဝါဝင်းအောင် ပြုကြ၍ အထက် အာကာသကောင်းကင် ဟင်းလင်းအပြင်သို့ သက်ဝင်ပြေးသွားကြလေသည်။ ဖီလာ အရပ်မျက်နှာအားဖြင့်လည်း လောကဓာတ် စကြဝဠာ တိုက်တသောင်း ထွန်းလင်းစေလျက် အနန္တစကြဝဠာအနှံ့ ပြေးသွားကြလေသည်။ (ထိုသို့ ဝိပဿနာညစ်ညူးကြောင်း တရားများ ဖြစ်လာသောအခါ မလိမ္မာသော ယောဂါဝစရပုဂ္ဂိုလ်များသည် ထိုဝိပဿနာညစ်ညူးကြောင်း တရားများကိုပင် မဂ်ပဲ ဖိုလ်ပဲဟု အထင်ကပ်ကာ မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ထိုဝိဿနာညစ်ညူးကြောင်း တရားတို့ကိုပင် သာယာတပ်မက်၍ နေတတ်ကြ၏။) ဘုရားအလောင်းတော် သူမြတ်သည် ထိုပဿနာညစ်ညူးကြောင်း တရားများ ကိုယ်တော်၏သန္တာန်၌ ဖြစ်ပေါ်လာသောအခါ “ဤတရားများသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို ရဖို့ရန် လမ်းကြောင်း မဟုတ်ကြကုန်၊ ဝိပဿနာညစ်ညူးကြောင်းများသာ ဖြစ်ကြ၏။ ငါ အားထုတ်ရင်းဖြစ်သော ဥဒယဗ္ဗယဉာဏ်
စသည်တို့သာ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကိုရရန် လမ်းကောင်းဧကန် စင်စစ်မှန်ကုန်၏”ဟု စဉ်းစားဆင်ခြင် သိမြင်တော်မူပြီးလျှင် ကိုယ်တော်၏ စိတ်တော်ကို ဝိပဿနာညစ်ညူးကြောင်း တရားတို့၌ တဝဲလယ်လယ် တာတွယ်ငြိကပ်ခွင့်ကို အလျှင်းမပေးပဲ ဝိပဿနာအာရုံသို့ ရှေးရှူညွတ်စေတော်မူသည်။
ဤသို့ အလောင်းတော်သူမြတ်၏ သန္တာန်၌ ဝိပဿနာညစ်သွားကြောင်းတရားတို့ အများနည်းတူ ဖြစ်ပွါးလာသောအခါ ထိုတရားတို့၌ သာယာတပ်မက်သည့် နိကန္တိခေါ် သိမ်မွေ့လှစွာသော တဏှာလောဘကို ဖြစ်ခွင့်မပေးပဲ ဤတရားစုသည် ဗောဓိရောက်ကြောင်း လမ်းကောင်းများ မဟုတ်ကြ၊ ဝိပဿနာညစ်ညူးကြောင်းမျှသာ ဖြစ်ကြ၏။ ဥဒယဗ္ဗယဉာဏ် အစရှိသည်သာလျှင် ဗောဓိရောက်ကြောင်း လမ်းကောင်းဧကန် စင်စစ်မှန်၏ဟု ပိုင်းခြားသိမြင် စင်ကြယ်စွာသော ဉာဏ်အထူးသည် အလောင်းတော်သူမြတ်၏ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမည်၏။
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနှင့် (၇) ဉာဏဒဿနဝိသုဒ္ဓိ
အလောင်းတော်သူမြတ်၏ သန္တာန်၌ဖြစ်သော ဥဒယဗ္ဗယဉာဏ် အစ အနုလောမဉာဏ် တိုင်အောင်သော ဝိပဿနာဉာဏ်တော် ကိုးပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိမည်၏။ အလောင်းတော်သူမြတ် ရရှိအပ်သော အရိယမဂ်လေးပါးတို့သည် ဉာဏဒဿနဝိသုဒ္ဓိမည်၏။
(ဤအရာ၌။ ။ဘုရားရှင်၏ သောတာပတ္တိမဂ်သည် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးရှိသော ပဌမဈာန်မဂ်၊ သကဒါဂါမိမဂ်သည် ပီတိ, သုခ, ဧကဂ္ဂတာ, ဈာန်အင်္ဂါသုံးပါးရှိသော ဒုတိယဈာန်မဂ်၊ အနာဂါမိမဂ်သည် သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးရှိသော တတိယဈာန်မဂ်၊ အရဟတ္တမဂ်သည် ဥပေက္ခာ, ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်မဂ် ဖြစ်ကြောင်းကိုလည်း အထူးမှတ်ယူရာ၏။ ။ဥပရိပဏ္ဏာသအဋ္ဌကထာ ဥပက္ကိလေသသုတ်အဖွင့် စာမျက်နှာ ၁၄၉-မှ)
ဤသို့လျှင် ဖော်ပြရာပါ ဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်သည် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန် ဖြစ်ပေ၏။ ကာလသုံးပါး၌ ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူကြလတံ့သော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့သည်၎င်း, (အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့်) တစပဉ္စကကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများ၍ အရိယမဂ်ကို ရကြသော ပုဂ္ဂိုလ်သူမြတ်တို့သည်၎င်း, မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကျောင်းတော်မှာနေရင်းကပင် ကိုယ်တော်ရောင်လွှတ်ကာ ကိုယ်တော်ကို ထင်စွာပြ၍ ဟောကြားအပ်သည့် (= ဩဘာသ)ဂါထာကို ကြားနာရ၍ အရိယမဂ်ကို ရတော်မူကြသော ပုဂ္ဂိုလ်သူမြတ်များသည်၎င်း ဤဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူကြလေသည်။
မေးဖွယ် ရှိပြန်သည်ကား.. ကာလသုံးပါး၌ ဖြစ်ထွန်း ပွင့်ပေါ်တော်မူကြသည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက အားလုံးတို့သည်ပင် ဤဝိသုဒ္ဓိခုနစ်ပါး တရားမြတ် အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရသည်ချည်း ဖြစ်ကြသော် အလုံးစုံသော ထိုအရှင်သူမြတ်တို့သည် တထပ်တည်း တူညီကြလေရာသည် မဟုတ်လော၊ အဘယ့်ကြောင့် ဤသူကား ဘုရား, ဤသူကား ပစ္စေကဗုဒ္ဓါ, ဤသူကား အဂ္ဂသာဝက, ဤသူကား မဟာသာဝက, ဤသူကား ပကတိသာဝကဟူ၍ ကွဲပြားခြားနားမှု ရှိရသနည်းဟု မေးဖွယ်ရှိ၏။
အဖြေကား.. ဝိသုဒ္ဓိခုနစ်ပါး တရားမြတ်အဆင့်ဆင့်ဖြင့်သာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြရသည်ချည်း ဖြစ်ကြသော်လည်း ပညာချင်း မတူထူးပြား ခြားနားမှု, အကျင့်ပဋိပဒါချင်း မတူထူးပြား ခြားနားမှု, သဒ္ဓါတရားချင်း မတူထူးပြား ခြားနားမှု, အလိုအဇ္ဈာသယဓာတ်ချင်း မတူထူးပြား ခြားနားမှုဟူသော အခြေခံ အကြောင်းတရားတို့ မတူထူးပြား ခြားနားမှု ရှိလေသည်။ ထို့ကြောင့် ကမ္ဘာတသိန်းကြာ (သို့မဟုတ်) ထို့ထက်အလွန်ဖြစ်စေ၊ (သို့မဟုတ်) ထို့အောက် ယုတ်လျော့၍ ဖြစ်စေ မိမိ၏
သဒ္ဓါခွန်အား ပညာခွန်အား စွမ်းပကားအားလျော်စွာ ပါရမီတို့ကို ဖြည့်ကျင့်၍ သုတမယဉာဏ်ဖြင့် (သူတပါးထံမှ တရားကို ကြားနာရ၍ အရဟတ္တဖိုလ်ပေါက် ရောက်ကြသော အရှင်မြတ်တို့သည် ပကတိသာဝက၊ မဟာသာဝကတို့ မည်ကြလေသည်။
တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ (သို့မဟုတ် ထို့ထက်အနည်း ငယ်ပို၍ ဖြစ်စေ၊ ထို့ အောက် အနည်းငယ် ယုတ်လျော့၍ဖြစ်စေ) ပါရမီတို့ကို ဖြည့်ကျင့်၍ သုတမယဉာဏ်ဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်ကြသော အရှင်မြတ်တို့သည် အဂ္ဂသာဝကတို့ မည်ကြလေသည်။
နှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီတို့ကို ဖြည့်ကျင့်၍ အလိုလိုသိသော သယမ္ဘူဉာဏ်ဖြင့် (သူတပါးထံ တပည့်မခံရပဲ) အရဟတ္တဖိုလ်ပေါက် ရောက်ကြပြီးလျှင် သူတပါးတို့ကိုကား မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကောင် တရားပြ ချေချွတ်နိုင်စွမ်း မရှိကြသော အရှင်မြတ်တို့သည် ပစ္စေကဗုဒ္ဓါတို့ မည်ကြလေသည်။
(အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့်) လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ပါရမီတော်တို့ကို ဖြည့်ကျင့်၍ ပစ္စေကဗုဒ္ဓါအလောင်း, သာဝကအလောင်းတို့၏ ဖြည့်ကျင့်ခြင်းငှါ အရာမဟုတ်သည့် စွန့်ခြင်းကြီး ငါးပါးတို့ကို ရဲရဲကြီး ပြုတော်မူကြကာ ဆရာမကူ သယမ္ဘူမှန် မိမိအလိုလိုသိသော သယမ္ဘူဉာဏ်ဖြင့် သဗ္ဗညုတဉာဏ် အထွတ်တပ်သည့် အရဟတ္တဖိုလ်သို့ ရောက်ရှိတော်မူကြပြီးလျှင် ထိုထိုဝေါဟာရတို့၌ သူမတူတန် ကျွမ်းကျင် လိမ္မာတော်မူကြလျက် အထူးထူးသော နည်းတို့ဖြင့် သိမ်မွေ့နက်နဲစွာသော ပါဠိ၏နက်နဲခြင်း, အနက်၏နက်နဲခြင်း, ဒေသနာ၏ နက်နဲခြင်း, ထိုးထွင်း၍သိမှု ဉာဏ်ပညာ၏ နက်နဲခြင်း တည်းဟူသော နက်နဲခြင်းလေးပါးနှင့် ပြည့်စုံသည့် တရားဒေသနာကို သတ္တဝါတို့၏ အလိုအဇ္ဈာသယနှင့် ကိုက်ညီအောင် ဟောပြ၍ ဝေနေယျတို့အားလည်း မဂ်ဖိုလ်နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ကြ မှီခိုကိုးစား အားထားရာ ဖြစ်တော်မူကြသည့် အတုလပုဂ္ဂိုလ်
အရှင်သူမြတ်တို့သည် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားတို့ မည်တော်မူကြလေသည်။ ဤ ငါတို့ ဘုရားအလောင်းတော် အရှင်သူမြတ်သည်လည်း ဤသို့သောသဘော ရှိတော်မူသည်ဖြစ်ရကား သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား အတုမရှိသော မြတ်စွာဘုရား ဖြစ်တော်မူလေသည်။ (ဤကား အဖြေတည်း။)
ဘုရားဖြစ်တော်မူသောအခါ များစွာသော အံ့ဩဖွယ်တို့ ဖြစ်ပေါ်လာခြင်း
ဤသို့ ဘုရားအလောင်းတော် သူမြတ်သည် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ရိုက်ညောင်းတုန်ခတ် ပဲ့တင်ထပ်စေလျက် နေအရုဏ်စက် တက်လတ်သောအချိန်၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ လူသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူသောအခါ လောကဓာတ် စကြဝဠာတိုက်ပေါင်း တသောင်းလုံး အလှဆုံး တန်းဆာဆင်ပြီးသား ဖြစ်၍နေပုံမှာ..
အရှေ့ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် အနောက်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏။ ထို့အတူ အနောက်ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း အရှေ့ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏၊ တောင်အရပ်ဖျား စကြဝဠာ အနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် မြောက်အရပ်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက်တည်ကုန်၏။ မြောက်အရပ်ဖျား စကြဝဠာအနားရေး၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း တောင်အရပ်ဖျား စကြဝဠာအနားရေး၌ ခိုက်လျက် တည်ကုန်၏။ မြေအပြင်၌ စိုက်ထောင်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည် ဗြဟ္မာ့ပြည်ကို ခိုက်လျက် တည်ကုန်၏၊ ဗြဟ္မာပြည်၌ ဖွဲ့ယှက်အပ်သော တံခွန်ကုက္ကားတို့၏ အရောင်များသည်လည်း မြေပြင်ကိုခိုက်လျက် တည်ကုန်၏။
စကြဝဠာပေါင်း တိုက်တသောင်းတို့၌ အပွင့်ပွင့်သော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း ပွင့်ကြကုန်၏၊ အသီးသီးသော သစ်ပင်အမျိုးမျိုးတို့သည်လည်း ရာသီမလင့် တပြိုင်နက်တည်း အခိုင်လိုက် အပြွတ်လိုက် သီးကြကုန်၏။ ပင်စည်ပန်း အခက်ပန်း နွယ်ပန်းတို့လည်း အဆန်းတကြယ် ပွင့်ကြကုန်၏။ ကောင်းကင်မှလည်း အပင်ကိုမမြင်ရပဲ ပန်းခိုင်များ တွဲလျားကျလျက် ရှိကုန်၏၊ အောက်မြေအလွှာ ကျောက်ဖျာကြီးများကို ဖောက်ခွဲ၍ အဆင့်ဆင့် ခုနစ်ထပ်စီ ခုနစ်ထပ်စီ အရွက်မပါ အရိုးနှင့် ပဒုမာကြာပန်းတို့လည်း အဆန်းတကြယ် ပွင့်ပေါ်လာကြကုန်၏။ သို့ရကား ဇာတိခေတ် လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းသည် ထိုအချိန်၌ မြေတသိမ့်သိမ့် တငြိမ့်ငြိမ့် တုန်လှုပ်လျက် ရှိသဖြင့် အလုံးပြုကာ ပစ်လွှင့်အပ်သော ပန်းလုံးကြီးကဲ့သို့၎င်း, အစီအလျဉ် အစဉ်သင့်စွာ ခင်းထားအပ်သည့် ပန်းမွေ့ရာအခင်းကြီးကဲ့သို့၎င်း ဖြစ်၍နေလေ၏။
ထိုမှတပါးလည်း ဘုရားအလောင်းတော် ဖွားမြင်တော်မူသော အခဏ်း (စာမျက်နှာ-၄၅)၌ ပြဆိုအပ်ခဲ့သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့လည်း ထင်ရှားဖြစ်ပေါ်ကြကုန်၏။
ဥဒါနကျူးရင့်တော်မူခြင်း
ဤသို့ သဗ္ဗညုတ ရွှေဉာဏ်တော်နှင့်တကွ ဘုရာ့ဘုန်းဂုဏ် အလုံးစုံတို့ကို ပြည့်စုံစွာ ရရှိတော်မူပြီးသော မြတ်စွာဘုရားသည်-
“ငါသည် ကြီးစွာသော သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရလေပြီတကား၊ ငါသည် အလွန်မြတ်လှစွာသော သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်ကို ရအပ်လေပြီတကား၊ ကြီးစွာသော အောင်ပွဲသဘင်ကို ဆင်ယင် ကျင်းပအပ်ခဲ့လေပြီတကား၊ ငါသည် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို တရားဟော၍
ဘဝသုံးပါးတည်းဟူသော အနှောင်အဖွဲ့မှ လွတ်စေခြင်းငှါလည်း စွမ်းနိုင်သူ ဖြစ်၏”–
ဟူ၍ စဉ်းစားဆင်ခြင်တော်မူလေသည်။
ထိုသို့ စဉ်းစား ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရား၏ သန္တာန်တော်၌ လွန်စွာ့ လွန်စွာ နှစ်သက်အားရမ်း ဝမ်းမြောက်ခြင်း ပီတိတရား ထပ်တလဲလဲ ဖြစ်ပေါ်လာလေသည်။ မြတ်စွာဘုရားသည် ထိုသို့ ထပ်တလဲလဲ ဖြစ်ပေါ်လာသော ပီတိအဟုန်ဖြင့် အလုံးစုံသော သဗ္ဗညုမြတ်စွာဘုရားရှင်တို့ ဘုရားဖြစ်ပြီးလျှင် ကျူးရင့်တော်မူကြမြဲ ဓမ္မတာဖြစ်သည့် ဤဆိုလတံ့သော ဥဒါနနှစ်ဂါထာကို ကျူးရင့်တော်မူလေသည်။
(၁) အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
(၂) ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရံ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။
(၁) ပုနပ္ပုနံ = ဘဝသံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ။ ဇာတိ = ယောနိလေးထွေ လှည့်ပတ်မွှေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်။ ဒုက္ခာ = သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ဝင်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်းရဲလှပေဘိ၏။ (တသ္မာ = ထို့ကြောင့်)။ အဟံ = ဘုရားအလျာ သူမြတ်ငါသည်။ ဂဟကာရံ = ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို။ ဂဝေသန္တော = လက်သယ်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်။ (ဝါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်။ အနိဗ္ဗိသံ - အနိဗ္ဗိသန္တော = တဏှာယောက်ျား လက်သမားကို ပိုင်းခြားထင်ထင် လင်းလင်းမြင်သည့်
သဗ္ဗညုတာ ဉာဏ်မဟာကို သမ္ဘာနုကွေး ငါမရသေးသည်ဖြစ်၍။ (ဝါ) ငါမရသေးသောကြောင့်။ အနေကဇာတိသံသာရံ = ဘဝများစွာ သံသရာကာလပတ်လုံး။ သန္ဓာဝိဿံ = ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌ မရပ်မနား တဖားဖားလျှင် ပြေးသွား ကျင်လည်ခဲ့ရလေပြီ။
(၂) ဂဟကာရက = ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ် လက်သမား။ ဣဒါနိ = ဘုရားဖြစ်လာ ယခုအခါ၌။ တွံ = သင် တဏှာယောက်ျား လက်သမားကို။ ဒိဋ္ဌော = သဗ္ဗညုတ ဉာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်။ အသိ = ဖြစ်ပေ၏။ တွံ = သင် တဏှာယောက်ျား လက်သမားသည်။ ဂေဟံ = ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသော အိမ်ကို။ ပုန န ကာဟသိ = နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင် တည်ဆောက်နိုင်တော့မည် မဟုတ်တော့ချေ။ တေ = သင် တဏှာယောက်ျား လက်သမား၏။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ဖာသုကာ = အခိုင်အမာတည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာ တရားတို့ကို။ ဘဂ္ဂါ = ဝါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်ကုန်ပြီ။ ဂဟကူဋံ = သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အဝိဇ္ဇာတည်းဟူသော အိမ်၏အထွတ်ကို။ ဝိသင်္ခတံ = မှုန့်မှုန့်ကြေမွ ငါဖျက်ချအပ်လေပြီ။ စိတ္တံ = ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်။ ဝိသင်္ခါရံ = သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့။ ဂတံ = အာရုံမျက်မှောက် သန္တိဓာတ်
သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ။ အဟံ = သုံးလောကထွတ်ထား ငါဘုရားသည်။ တဏှာနံ ခယံ = တဏှာတရား ရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသဝက္ခယ စတုတ္ထမဂ်ဖိုလ်သို့။ ဂတော = စက္ကဝါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်တော်မူခဲ့လေပြီ။
မှတ်သားရန်။ ။ဥဒါနသည် စိတ်တော်ဖြင့်သာ ကျူးရင့်သော မနသာဥဒါန, နှုတ်တော်ချွေမြွက် အသံထွက်၍ ကျူးရင့်သော ၀စသာဥဒါနဟူ၍ နှစ်မျိုးရှိရာ ဤ “အနေကဇာတိသံသာရံ” အစရှိသော ဥဒါနဂါထာကို မြတ်စွာဘုရားသည် စိတ်ဖြင့်သာ ကျူးရင့်တော်မူသည်၊ ထို့ကြောင့် ဤဥဒါနကို မနသာဥဒါနဟူ၍ မှတ်ယူရာ၏။ “ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ” အစရှိသော ဥဒါနပါဠိတော်လာ ဥဒါနများကိုကား မြတ်စွာဘုရားသည် နှုတ်တော်ချွေမြွက် အသံထွက်၍ ကျူးရင့်တော်မူသည်။ ထို့ကြောင့် ထိုဥဒါနပါဠိတော်လာ ဥဒါနတို့ကို ဝစသာဥဒါနဟူ၍ မြဲမြံစွာ မှတ်ယူအပ်၏။
(ဤ ဘုရားဖြစ်တော်မူခန်း၌ လာရှိသည့် ပဋိစ္စသမုပ္ပါဒ်တရား, ပဋိသမ္ဘိဒါဉာဏ်တော် လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဒသဗလဉာဏ်တော်, စုဒ္ဒသဗုဒ္ဓဉာဏ်တော်, အာဝေဏိကဂုဏ်တော် တဆယ့်ရှစ်ပါး, ဝေသာရဇ္ဇဉာဏ်တော် လေးပါးတို့၏ အကြောင်းအရာ သိမှတ်ဖွယ် မကျဉ်းမကျယ်ကို ဓမ္မရတနာအခဏ်းသို့ရောက်မှ ရေးသား ဖော်ပြပေအံ့။)
ဘုရားဖြစ်တော်မူခန်း ပြီး၏။