ဓမ္မလမ်း
← နောက်ဆုံးနေ့ရက်များ (၁) — မဂဓတိုင်း

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၅၊ အခဏ်း-၄၀၊ စာမျက်နှာ ၁၉၇–၂၈၈

နာဠန္ဒမြို့သို့ ကြွတော်မူခြင်း

ထိုအခါ မြတ်စွာဘုရားရှင်သည် အမ္ဗလဋ္ဌိကာ (သရက်ဥယျာဉ်)၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ နာဠန္ဒမြို့သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပြီး မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို ဝန်ခံလျှောက်ကြားပြီးနောက် ရဟန်းတို့ကို ရှေးနည်းအတူ ပြောကြား နှိုးဆော်တော်မူလေသည်။

အရှင်သာရိပုတ္တရာ ရဲရင့်သောစကားကို ဆိုခြင်း

ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ နာဠန္ဒမြို့သို့ ကြွရောက်တော်မူ၍ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံး နေထိုင်တော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သူမြတ် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ လာရောက်ချဉ်းကပ် တုံ့ဝပ်ရိုကျိုး ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်နှင့် အပြန်အလှန် ရဲရဲတောက်စကား လျှောက်ထား မေးမြန်းတော်မူကြသည်မှာ-

(အရှင်သာရိပုတ္တရာ) မြတ်စွာဘုရား.. သဗ္ဗညုတဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍ သိသော အခြား သမဏ,ဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်။

(ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. သင်ချစ်သားသည် “မြတ်စွာဘုရား.. သဗ္ဗညုတ ဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍ သိသော အခြား သမဏဗြာဟ္မဏမည်သည် ရှိလည်းမရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်”ဟူသော ဤကြီးကျယ်ခံ့ညားလှသော စကားကို ဆိုဘိ၏၊ တိကျလှသော စကားကို ဆိုဘိ၏။ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်စကားကို ဆိုဘိ၏။

စာ ၂၆၉

ချစ်သား သာရိပုတ္တရာ.. အသို့နည်း ရှေးအခါက ပွင့်တော်မူကြပြီးသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် အားလုံးတို့ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့သော သီလ, ဤသို့သော သမာဓိ, ဤသို့သောပညာ ရှိကြကုန်၏၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြောက်ခြင်း ရှိကြကုန်၏”ဟု ထိုအတိတ် မြက်စွာဘုရားတို့၏ စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

(အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

(ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. အသို့နည်း အနာဂတ်ကာလ၌ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် အားလုံးတို့ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့သောသီလ, ဤသို့သောသမာဓိ, ဤသို့သောပညာ ရှိကြလိမ့်မည်၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြေက်ခြင်း ရှိကြလိမ့်မည်”ဟု ထိုအနာဂတ် မြတ်စွာဘုရားတို့၏ စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

(အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

(ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. အသို့နည်း ယခုအခါ ပွင့်တော်မူဆဲဖြစ်သည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ငါဘုရားကို “မြတ်စွာဘုရားသည် ဤသို့သောသီလ, ဤသို့သောသမာဓိ, ဤသို့သောပညာ ရှိတော်မူ၏၊ ဤသို့သောနေခြင်း, ဤသို့သော လွတ်မြောက်ခြင်း ရှိတော်မူ၏”ဟု ငါဘုရား၏စိတ်ကို သင်၏စိတ်ဖြင့် ပိုင်းခြား၍ သိပါ၏လော။

(အရှင်သာရိပုတ္တရာ) မသိပါ မြတ်စွာဘုရား..။

(ဗုဒ္ဓ) ချစ်သား သာရိပုတ္တရာ.. ဤအရာဝယ် ပွင့်ပြီး, ပွင့်လတ္တံ့, ပွင့်ဆဲဖြစ်ကြသည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်တို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်သော = စေတောပရိယဉာဏ်သည် သင်ချစ်သားမှာ မရှိပါပဲလျက် “မြတ်စွာဘုရား.. သဗ္ဗညုတဉာဏ်အရာ၌ ရှင်တော်ဘုရားထက် သာလွန်၍သိသော အခြား သမဏ,ဗြာဟ္မဏမည်သည် ရှိလည်း မရှိခဲ့၊ ရှိလိမ့်မည်လည်း မဟုတ်၊

စာ ၂၇၀

ယခုလည်း မရှိဟု ရှင်တော်ဘုရားအပေါ်၌ အကျွန်ုပ်သည် ဤသို့ ယုံကြည်လျက်ရှိပါသည်”ဟူသော ဤကြီးကျယ်ခံ့ညား တိကျပြတ်သား၍ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်စကားကို အဘယ့်ကြောင့် သင်ချစ်သား ဆိုဘိသနည်း။

(အရှင်သာရိပုတ္တရာ) မြတ်စွာဘုရား.. ပွင့်ပြီး, ပွင့်လတ္တံ့, ပွင့်ဆဲဖြစ်ကြသည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်တို့၏ စိတ်ကို ပိုင်းခြား၍ သိနိုင်သော = စေတောပရိယဉာဏ်သည် အကျွန်ုပ်မှာ မရှိပါ။ ထိုသို့ မရှိငြားသော်လည်း အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော = ဓမ္မနွယဉာဏ်ကို ရရှိထားပါသည်။

မြတ်စွာဘုရား.. ဥပမာသော်ကား ခိုင်ခံသော မြို့ရိုးအခြေနှင့်တကွ ခိုင်ခံသောတံတိုင်း, တုရိုဏ်တိုင်ရှိသော တံခါးတပေါက်တည်းသာရှိသော မင်း၏ တိုင်းစွန်ပြည်ဖျားမြို့သည် ရှိရာပါ၏။ ထိုမြို့၌ လိမ္မာတတ်သိ ပညာရှိ၍ (မိမိ) မသိသောသူတို့ကို တားမြစ်လျက် သိသူတို့အားသာ ဝင်ခွင့်ပြုသော တံခါးစောင့်သည် ရှိရာပါ၏၊ ထိုတံခါးစောင့်သည် ထိုမြို့၏ ထက်ဝန်းကျင်ပတ်၍ သွားသော (မြို့ပတ်)လမ်းကို လှည့်လည် ကြည့်ရှုလတ်သော် အယုတ်ဆုံး ကြောင်ကလေးတကောင် ထွက်လောက်ရုံမျှသော တံတိုင်းအစပ်, တံတိုင်း အပေါက်ကိုသော်မျှ မတွေ့မြင်ရသည်ဖြစ်ရာ၏။ ထိုအခါ ထိုတံခါးစောင့်၏ စိတ်သန္တာန်ဝယ်-

“ဤမြို့၌ ဝင်ကြ ထွက်ကြသမျှ ကြီးသော သတ္တဝါ အားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်ကြထွက်ကြကုန်၏”-

ဟု ဆင်ခြင်ဉာဏ် ဖြစ်လေရာသကဲ့သို့-

မြတ်စွာဘုရား.. ဤအတူပင်လျှင် အကျွန်ုပ်သည် မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော = ဓမ္မနွယဉာဏ်ကို ရရှိထားပါသည်။ မြတ်စွာဘုရား.. အတိတ်အခါ ပွင့်တော်မူကုန်ပြီးသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်အားလုံးတို့သည် စိတ်ကို ညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့်

စာ ၂၇၁

နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိကြကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်၍ ဘုရားဖြစ်တော်မူကြလေပြီ၊ (မြတ်စွာဘုရားတို့နှင့်သာ သက်ဆိုင်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တို့ကို သမ္မာသမ္ဗောဓိဉာဏ်ဟု ဆိုသည်)။

မြတ်စွာဘုရား.. နောင်အနာဂတ်အခါ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင် အားလုံးတို့သည်လည်း စိတ်ကိုညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့် နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိကြကုန်လျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများကြ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်တော်မူကြကာ ဘုရား ဖြစ်တော်မူကြပေလိမ့်မည်။

မြတ်စွာဘုရား.. ယခုအခါ ပွင့်တော်မူဆဲဖြစ်သော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ရှင်ပင်ဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ် ပညာကို အားနည်းအောင် ပြုလုပ်တတ်သည့် နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်လေးပါး တရားတို့၌ စွဲမြဲသောသတိ ကောင်းစွာတည်သော စိတ်ရှိတော်မူလျက် နိဗ္ဗာန်ကိုသိကြောင်း ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို ဟုတ်မှန်သောအတိုင်း ပွါးများတော်မူ၍ အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်တော်မူကာ ဘုရားဖြစ်တော်မူပေ၏ဟု မျက်မှောက်သိဖြင့် ချင့်ချိန်နိုင်သော ဓမ္မနွယဉာဏ်ကို အကျွန်ုပ်မှာ ရရှိထားပါသည်။ ။(ဤကား အရှင်သာရိပုတ္တရာ မထေရ်နှင့် မြတ်စွာဘုရားရှင်တို့ ရဲရဲတောက်စကား လျှောက်ထား မေးမြန်းတော်မူကြပုံတည်း)။

စာ ၂၇၂

မြတ်စွာဘုရားရှင်သည် ထိုနာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်အတွင်း သီတင်းသုံး နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော် မူ၏-

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလတည်၍ ဖြစ်စေအပ်သောသမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏။ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏၊ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသ၀ တည်းဟူသော အာသ၀တရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဤတရားစကားကိုသာ ကြိမ်ဖန်များစွာ ဟောကြားတော်မူ၏။

သီလပျက်စီးသူ၏ အပြစ် ၅-ပါး

ထိုအခါ မြတ်စွာဘုရားသည် နာဠန္ဒမြို့၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ပါဋလိရွာဆီသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု အရှင်အာနန္ဒာသည် မြတ်စွာဘုရား၏ မိန့်ကြားချက်ကို ဝန်ခံ လျှောက်ကြားပြီးနောက် ရဟန်းတို့ကို ရှေးနည်းအတူ ပြောကြား နှိုးဆော်တော်မူလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းအပေါင်းနှင့် အတူတကွ ပါဋလိရွာသို့ ကြွရောက်တော်မူ၏။

ပါဋလိရွာသား ဥပါသကာများသည် “မြတ်စွာဘုရားရှင် ပါဋလိရွာသို့ ရောက်တော်မူ၏”ဟူသော သတင်းစကားကို ကြားသိကြရလျှင်ပင် “ငါတို့သည် တမင် သွားရောက်၍သော်လည်း မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ရမည်ဖြစ်သည်၊ ယခုမူ ထိုမြတ်စွာဘုရားသည် ငါတို့နေရာ ပါဋလိရွာသို့ မပင့်ဖိတ်ရပဲ အလိုလို

စာ ၂၇၃

ကိုယ်တော်တိုင်ပင် ကြွရောက်တော်မူလာလေပြီ၊ ယနေ့ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ကာ ငါတို့တည်ဆောက်ပြီးစဖြစ်သည့် ဧည့်တည်းရာစရပ်၌ အနုမောဒနာ မင်္ဂလာတရား ဟောကြားတော်မူစေကြမည်”ဟု ကြံစည်တိုင်ပင်ကြပြီးသော် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုး ဦးညွတ်ကြကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြ၍ “မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် တပည့်တော်များ တည်ထား ဆောက်လုပ်ပြီးစဖြစ်သည့် ဧည့်တည်းရာစရပ်ကို လက်ခံတော်မူပါဘုရား”ဟု တောင်းပန် လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေတော်မူသဖြင့် လျှောက်ထားချက်ကို လက်ခံတော်မူလေ၏။

ထိုအခါ ပါဋလိရွာသား ဥပါသကာများသည် မြတ်စွာဘုရားရှင် လက်ခံတော်မူသည်ကို သိကြ၍ နေရာမှထကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် ဧည့်တည်းရာစရပ်သို့ သွားရောက်ကြ၍ ထိုစရပ်၌ ခင်းနှီးအပြည့်ခင်းခြင်း, နေရာထိုင်တို့ကို ပြင်ထားခြင်း, ရေပြည့်အိုးကြီး တည်ထားခြင်း, ဆီမီးညှိထွန်းခြင်း အမှုတို့ကို ပြုကြပြီးနောက် ရွာတွင်းရှိ ကလေးများကိုလည်း စောစောစီးစီး အစာကျွေးနို့တိုက်၍ သိပ်ထားကြရန် စီမံကြပြီးသော် ဘုရားရှင် ထံတော်မှောက်သို့ တဖန်လာရောက် ဝပ်လျှိုး ရှိခိုးရပ်တည်ကြ၍-

“မြတ်စွာဘုရား.. ဧည့်တည်းရာစရပ်ကို ခင်းနှီးအပြည့် ခင်းပြီးပါပြီ၊ နေရာထိုင်တို့ကိုလည်း ပြင်ထားပြီးပါပြီ၊ ရေပြည့်အိုးကြီးကိုလည်း တည်ထားပြီးပါပြီ၊ ဆီမီးကိုလည်း ညှိထွန်းပြီးပါပြီ၊ မြတ်စွာဘုရား.. ယခုအခါ၌ ကြွတော်မူရန်အချိန်ကို ရှင်ပင်ဘုရား သိတော်မူပါသည် (=ကြွရန်မှာ ရှင်ပင်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါသည်”-

ဟု တောင်းပန်စကား လျှောက်ထားကြလေကုန်၏။

(ဤ၌။ ။လိစ္ဆဝီမင်း မဂဓမင်းတို့၏ မင်းချင်းများသည် အမြဲမပြတ် နယ်စပ်ဖြစ်သော ပါဋလိရွာ၌ လာရောက်ကြကာ ရွာနေလူများကို

စာ ၂၇၄

မိမိတို့အိမ်မှ ဖယ်ရှားစေ၍ တလ, လဝက်စသည် နေထိုင်ကြလေသည်။ ထိုရွာနေလူများသည် အမြဲမပြတ် နေထိုင်မှု ကြပ်တည်းကုန်ရကား “ထိုမင်းချင်းများ လာရောက်ကြသောအခါ နေထိုင်စရာ ဖြစ်စိမ့်မည်”ဟု တိုင်ပင်ညီညွတ်ကြ၍ ရွာအလယ်တွင် စရပ်ကြီးတဆောင် တည်ဆောက်ကြပြီးလျှင် နေရန် ထိုင်ရန် ဘဏ္ဍာထားရန် အခဏ်းများ သားနားသပ်ယပ်စွာ ပြုလုပ်ကြလေသည်။ ထိုဧည့်တည်းရာစရပ်ကြီး ဆောက်လုပ်ပြီးစ အချိန်တွင်ပင် မြတ်စွာဘုရားရှင် မိမိတို့ရွာသို့ ကြွရောက်တော်မူလာကြောင်း သတင်းကောင်းကြားသိရ၍ ဖော်ပြရာပါအတိုင်း အကြံဖြစ်ကာ သွားရောက် ပင့်လျှောက်ကြလေသည်။

ထိုရွာသားတို့သည် ပဌမ၌ကား “မြတ်စွာဘုရားတို့သည် တောအရပ်၌ မွေ့လျော်တော်မူကြသဖြင့် ရွာတွင်း၌နေရန် အလိုတော် ရှိချင်မှရှိမည်”ဟု မြတ်စွာဘုရားရှင်၏ စိတ်အလိုတော်ကို မသိကြသည့်အတွက် ဧည့်တည်းရာစရပ်ကို မသုတ်သင် မပြင်ဆင်ကြပဲ ဘုရားရှင်ထံသို့ လာရောက်ကြလေသည်။ ယခုသော်မူ မြတ်စွာဘုရားရှင်၏ စိတ်အလိုတော်ကို သိရ၍ အလျင်လက်ဦး သွားရောက်၍ ဧည့်တည်းရာစရပ်ကို ပြင်ဆင်ကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ပင့်လျှောက်ကြလေသည်)။

ထိုသို့ ပင့်လျှောက်ကြသောအခါ မြတ်စွာဘုရားသည် ညချမ်းအခါ၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူလျက် ရဟန်းအပေါင်းနှင့် အတူတကွ ဧည့်တည်းရာစရပ်သို့ ကြွရောက်တော်မူပြီးလျှင် ခြေဆေးတော်မူ၍ ဧည့်တည်းရာစရပ်သို့ ဝင်ပြီးသော် အလယ်တိုင်ကိုမှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်နေတော်မူလေ၏။ ရဟန်းအပေါင်းသည်လည်း ခြေဆေး၍ ဧည့်တည်းရာစရပ်သို့ ဝင်ပြီးသော် အနောက်ဖက်နံရံကို မှီလျက် အရှေ့အရပ်သို့ မျက်နှာမူကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေလေ၏။ ပါဋလိရွာသား ဥပါသကာတို့သည်လည်း ခြေဆေးကြ၍ ဧည့်တည်းရာစရပ်သို့ ဝင်ကုန်ပြီးသော် အရှေ့ဖက်နံရံကို မှီကုန်လျက် အနောက်အရပ်သို့ မျက်နှာမူကြကာ မြတ်စွာဘုရားကိုသာလျှင် ရှေ့ထား၍ ထိုင်နေကြလေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာများကို ဤဆိုလတ္တံ့သောအတိုင်း သီလပျက်စီးသူ၏ အပြစ် ၅-ပါး,

စာ ၂၇၅

သီလရှိသူ၏ အကျိုး ၅-ပါးတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏-

ဥပါသကာတို့.. သီလမရှိသူ၏ သီလပျက်ခြင်း၌ ဤ၅-ပါးသော အပြစ်တို့သည် ဖြစ်ကုန်၏၊ အဘယ်၅-ပါးတို့နည်းဟူမူ-

(၁) ဥပါသကာတို့.. ဤလောက၌ သီလမရှိသော သီလပျက်သောသူသည် မေ့လျော့ခြင်းဟူသော အကြောင်းကြောင့် များစွာသော (ကြီးစွာသော) စည်းစိမ် ဆုံးရှုံးခြင်းသို့ ရောက်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ ရှေးဦးစွာသော အပြစ်တည်း။

(၂) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူ၏ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏၊ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ နှစ်ခုမြောက်ဖြစ်သော အပြစ်တည်း။

(၃) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် မင်းပရိသတ်, ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်, သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်လတ်သော် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာညှိုးငယ်လျက် ချဉ်းကပ်ရ၏။ ဤကား သီလမရှိသူ၏ သီလပျက်ခြင်း၌ သုံးခုမြောက်ဖြစ်သော အပြစ်တည်း။

(၄) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် တွေတွေဝေဝေဖြစ်လျက် သေရ၏၊ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ လေးခုမြောက်ဖြစ်သော အပြစ်တည်း။

(၅) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလမရှိသော သီလပျက်သောသူသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှနောက်၌ မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲ၌ဖြစ်ရ၏။ ဤကား သီလမရှိသောသူ၏ သီလပျက်ခြင်း၌ ငါးခုမြောက်ဖြစ်သော အပြစ်တည်း။

စာ ၂၇၆

ဥပါသကာတို့.. သီလမရှိသူ၏ သီလပျက်ခြင်း၌ အပြစ်တို့သည် ဤ၅-ပါးတို့တည်း။

သီလရှိသူ၏ အကျိုး၅-ပါး

(၁) ဥပါသကာတို့.. ဤလောက၌ သီလရှိသော သီလနှင့် ပြည့်စုံသောသူသည် မမေ့မလျော့ခြင်းဟူသော အကြောင်းကြောင့် များစွာသော စည်းစိမ်အစုကို ရရှိ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုးတည်း။

(၂) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူ၏ ကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက်ဖြစ်သော အကျိုးတည်း။

(၃) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မင်းပရိသတ်, ရဟန်းပရိသတ်, ပုဏ္ဏားပရိသတ်, သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်လတ်သော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ပဲ ချဉ်းကပ်ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက်ဖြစ်သော အကျိုးတည်း။

(၄) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် တွေဝေခြင်း အလျှင်းမရှိပဲ သေရ၏။ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခုမြောက်ဖြစ်သော အကျိုးတည်း။

(၅) ဥပါသကာတို့.. တဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် ကိုယ်ခန္ဓာပျက်ကြွေ စုတေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရ၏။

စာ ၂၇၇

ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ ငါးခုမြောက်ဖြစ်သော အကျိုးတည်း။

ဥပါသကာတို့.. သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုးတို့သည် ဤ၅-ပါး တို့တည်း-ဟု ဟောကြားတော်မူ၏။

(ဤ၌-

“စည်းစိမ်ပျက်လျှင်း၊ သတင်းဆိုးနှံ့၊ ကြောက်ရွံ့ပရိသာ၊ သေခါတွေဝေ၊ သေငရဲလား၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

စည်းစိမ်ရလျှင်း၊ သတင်းကောင်းပြန့်၊ မရွံ့ပရိသာ၊ သေခါမတွေ၊ သေရွာနတ်လား၊ ကျိုးငါးပါး၊ မှတ်သား သီလဝန္တ”-

ဟူသော ဤဆောင်ပုဒ်လင်္ကာကို အရဆောင်ထားရာ၏၊ ဤတရားတော်ကို လူတို့နှင့်စပ်၍ ဟောကြားအပ်သော်လည်း ရဟန်းတို့အတွက်လည်း ရအပ်သည်သာ၊ လူ,ရဟန်း နှစ်ဦးလုံးအတွက် ရအပ်ပုံမှာ-

လူဖြစ်သောသူသည် မိမိတတ်သိသော လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်ဖြင့် အသက်မွေးမှု အပြစ်ကင်းစွာ ပြုနေရာမှ ကိုယ်ကျင့်သီလ ဖောက်ပြန်ကာ သူ့အသက်ကိုသတ်ခြင်း စသည်ဖြင့် မေ့လျော့လတ်သည်ရှိသော် မိမိပြုနေကျဖြစ်သည့် ထိုထို လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို အချိန်မှန်မှန် မပြုလုပ်နိုင်တော့ချေ။ ထိုအခါ ထိုသူ၏အဖို့ရာ အမြတ်အစွန်း မဆိုထားဘိ၊ အရင်းဥစ္စာပင်သော်လည်း ဆုံးရှုံး ပျက်စီးသွားလေ၏။ ပြည့်ရှင်မင်းများက သားငါးကို မသတ်ရဟု စည်လည် ကျေညာထားသော အခါမျိုး၌ ပါဏာတိပါတ = သူ့သက်သတ်မှုကို ပြုခဲ့မိသော်၎င်း, သူတပါးဥစ္စာကို ခိုးယူမှု ပြုခဲ့သော်၎င်း မင်းပြစ်စိုးဒဏ် သင့်ရောက်ကာ များစွာသော စည်းစိမ်ဥစ္စာ ပျက်ပြုန်း ဆုံးရှုံးခြင်းသို့ ရောက်ရလေ၏။ သီလမရှိသော သီလပျက်စီးသော ရှင်ရဟန်းသည် မေ့လျော့ခြင်းဟူသော အကြောင်းကြောင့် သီလတရားမှ၎င်း, ဘုရားစကားတော်မှ၎င်း, ဈာန်တရားမှ၎င်း, အရိယဥစ္စာ ခုနစ်ပါးမှ၎င်း ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရလေ၏။ (၁)

သီလမရှိသော သီလပျက်သော လူ၏အဖို့ရာ “ဤမည်သော အမျိုး၌ဖြစ်သော ဤမည်သောသူသည် သီလမရှိ၊ ယုတ်မာသော ကိုယ်ကျင့်ရှိ၏၊ ပစ္စုပ္ပန်တမလွန် နှစ်တန်သော လောကမှ စွန့်ပစ်အပ်ပြီးသူ ဖြစ်၏။ စာရေးတံဆွမ်းမျှကိုလည်း လှူသူမဟုတ်၊ စေးနှဲ ကပ်ကုပ်လှ၏” ဤသို့

စာ ၂၇၈

စသည်ဖြင့် ပရိသတ်လေးပါး အလယ်၌ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏။ သီလမရှိသော ရှင်ရဟန်း၏ အဖို့ရာလည်း “ဤမည်သော ရှင်ရဟန်းသည် သီလကို လုံခြုံအောင် မစောင့်ရှောက်နိုင်၊ ဘုရားစကားကို မသင်ကြား မနာယူနိုင်၊ ဘုရားရှင် စက်ဆုပ်အပ်သည့် ဆေးကုခြင်းအမှု စသည်တို့ဖြင့် အသက်မွေးသူ မိစ္ဆာဇီဝသမား ဖြစ်သည့်ပြင် အဂါရဝတရား ၆-ပါးတို့နှင့်လည်း ပြည့်စုံသူဖြစ်၏” ဤသို့စသည်ဖြင့် ပရိသတ်လေးပါးအလယ်၌ မကောင်းသော ကျော်စောသတင်းသည် ပြန့်နှံ့၍ထွက်၏။ (၂)

သီလမရှိသော သီလပျက်သော လူဝတ်ကြောင်သည် “ဧကန်ပင် လူအများ စည်းဝေးရာဌာန၌ အချို့သောသူတို့သည် ငါ့အမှုကို သိကြပေလိမ့်မည်၊ ထိုအခါ ငါ့ကို နှိပ်ကြလိမ့်မည်” ဟူ၍၎င်း, “မင်းထံစိုးမှောက် ပို့ရောက် ပြသကြလိမ့်မည်” ဟူ၍၎င်း ကြောက်ကြောက်ရွံ့ရွံ့ ပရိသတ်လေးပါးသို့ ချဉ်းကပ်ရ၏။ ပရိသတ်အလယ်သို့ ရောက်သောအခါလည်း မျက်နှာမလှ ပခုံးကျလျက် ဦးခေါင်းငိုက်ဆိုက်(ပရိသတ်ကို မျှော်မကြည့်ဝံ့ပဲ) မြေ၌သာ ရေးခြစ်၍ ထိုင်နေရ၏၊ ရဲဝံ့စွာ စကားမဆိုနိုင်ချေ။ သီလမရှိသော သီလပျက်သော ရှင်ရဟန်းသည်လည်း “ရဟန်းများစွာ စည်းဝေးနေကြသည်။ ဧကန်ပင် ထိုရဟန်းတို့အထဲမှ ရဟန်းတပါးပါးသည် ငါ့အမှုကို သိပေလိမ့်မည်။ ထိုအခါ ငါ့အား ဥပုသ်, ပဝါရဏာ-စသော သံဃကံများကို မြစ်တား၍ ရဟန်းအဖြစ်မှ လျှောကျရွေ့စေကြကာ သာသနာမှ နှင်ထုတ်ကြပေလိမ့်မည်”ဟု အောက်မေ့ကာ ကြောက်ကြောက်ရွံ့ရွံ့ ရဟန်းပရိသတ်သို့ ချဉ်းကပ်ရ၏၊ ရဲဝံ့စွာ စကားမဆိုနိုင်ချေ။ အထူးအားဖြင့် အချို့သော ဒုဿီလရဟန်းသည် မိမိက ဒုဿီလပင် ဖြစ်လင့်ကစား ဝင့်ကြွား ခေါင်းထောင်ကာ လှည့်လည် ကျက်စားတတ်သေး၏၊ ထိုဒုဿီလ ရဟန်းသည်ကား အပေါ်ယံက မည်မျှပင် ဝင့်ကြွားခေါင်းထောင်၍ နေစေကာမူ ထိုသူ၏ အတွင်းစိတ် အလိုအားဖြင့်ကား မျက်နှာမသာ လွန်စွာ ညှိုးငယ်လှသည်သာ ဖြစ်ပေ၏။ (၃)

ရှင်ရဟန်းဖြစ်စေ, လူဖြစ်စေ ဒုဿီလပုဂ္ဂိုလ်၏ အဖို့ရာ ပကတိ ကျန်းမာစဉ်အခါ၌ ဟန်လုပ်၍ တဝင့်ကြွားကြွား သွားလာနေထိုင်နိုင်စေကာမူ သေရာညောင်စောင်း လျောင်းစက်ရသောအခါ၌ကား သူ၏ ဒုဿီလအမှုတို့ကို ပြုလုပ်ရာဌာနများသည် ဆိုင်ရာဒွါရ၌ ထင်လာကုန်တော့၏၊ ထိုသူသည် မျက်စိကိုဖွင့်၍ ဤလောကကို ကြည့်လိုက်, မျက်စိကိုမှိတ်၍ တမလွန်လောကကို ကြည့်လိုက်နှင့် အားကိုးရာမဲ့ဖြစ်၍

စာ ၂၇၉

နေလေ၏၊ ထိုသူအား အပါယ်လေးပါးတို့သည် ထင်ရှား၍ လာကုန်၏။ လှံမအရာဖြင့် ဦးခေါင်း၌ ထိုးစိုက်အပ်သကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် “တားကြပါ၊ မြစ်ကြပါ” တစာစာ မြည်တမ်းလျက်သာ စုတိပြတ်ကြွေ သေလွန်ရလေ၏။ ထို့ကြောင့် “တွေတွေဝေဝေဖြစ်လျက် သေရ၏”ဟု မြတ်စွာဘုရား ဟောကြားအပ်လေသည်။ (၄)။ ၅-ခုမြောက်အပြစ်ကား ထင်ရှားပေါ်လွင်၏။ ဤကား သီလမရှိသူ၏ အပြစ် ၅-ပါးနှင့် စပ်၍ မှတ်ဖွယ်တည်း။ သီလရှိသူ၏ အကျိုး၅-ပါးနှင့်စပ်၍ မှတ်ဖွယ်ကိုလည်း ဆိုအပ်ပြီးသည်မှ အပြန်အားဖြင့် သိရာ၏)။

ထိုအခါ မြတ်စွာဘုရားရှင်သည် ပါဋလိရွာသား ဥပါသကာများကို ညဉ့်နက်သည်တိုင်အောင် ဒုဿီလ၏ အပြစ်၅-ပါး, သီလဝန္တ၏ အကျိုး၅-ပါးတို့မှတပါး အခြားသော တရားစကားဖြင့်၎င်း, ဧည့်တည်းရာစရပ်အလှူနှင့်စပ်သော အနုမောဒနာ တရားစကားဖြင့်၎င်း အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်ကြစေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေပြီးလျှင် “ဥပါသကာတို့.. ညဉ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိကုန်၏ (=သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်၏)”ဟု မိန့်ဆိုကာ ပြန်လွှတ်တော်မူလေ၏။

“ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ပါဋလိရွာသား ဥပါသကာများ ဘုရားရှင်၏ မိန့်ဆိုချက်ကို ဝန်ခံစကား လျှောက်ထားကြကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြကာ ပြန်သွားကြသောအခါ၌ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာများ ပြန်သွား၍ မကြာမြင့်မီပင် ဆိတ်ငြိမ်ရာသို့ ကပ်ဝင်တော်မူလေ၏။

(ဤ၌။ ။ဆိတ်ငြိမ်ရာအရပ် အသီးအခြားမရှိ၊ စင်စစ်သော်ကား ထိုဧည့်တည်းရာ စရပ်၌ပင် နံပါးတနေရာဝယ် တင်းထိမ်ကန့်လန့်ကာ ဝန်းရံကာ၍ “ဤနေရာ၌ မြတ်စွာဘုရားသည် အပန်းဖြေတော်မူလိမ့်မည်”ဟု ပါဋလိရွာသား ဥပါသကာများသည် စောစောကပင် ကြိုတင်၍ ခဋင်ညောင်စောင်းကို ခင်းထားကြလေသည်။ မြတ်စွာဘုရားရှင်သည် “လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးတို့ဖြင့် ဧည့်တည်းရာစရပ်ကို အသုံးအစွဲပြုအပ်လျှင် ထိုဥပါသကာတို့ အဖို့ရာ လွန်စွာ အကျိုးကြီးပေလိမ့်မည်”ဟု ဆင်ခြင်တော်မူ၍

စာ ၂၈၀

ထိုခဋင်ညောင်စောင်း၌ လက်ျာနံတောင်းဖြင့် လျောင်းတော်မူကာ အပန်းဖြေတော်မူလေသည်)။

ပါဋလိပုတ်ပြည် တည်ထောင်ဖန်ဆင်းခြင်း

ထိုစဉ်အခါ မဂဓတိုင်း အမတ်ကြီးများ ဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရ ပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီး ပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့တည်ဆောက်လျက် ရှိကြကုန်၏။ ထိုအခါ များစွာသော နတ်တို့သည် ထောင်လိုက် ထောင်လိုက် (=တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာတို့ကို သိမ်းပိုက်လျက် ရှိကြကုန်၏။

တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏၊ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့်အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏၊ တန်ခိုးငယ်သောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးငယ်သော မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။

(ဤ၌။ ။မြေကြန်အတတ် တတ်သိကြသူ မြို့နန်းတည်ဆောက်သူ ပညာရှိတို့သည် မိမိတို့၏ အတတ်ပညာ အာနုဘော်ဖြင့် အောက်မြေအတွင်း အတောင်သုံးဆယ်ခန့်တိုင်အောင်သော အရပ်၌ “ဤမြေအရပ်ဝယ် နဂါးသိမ်းပိုက်ခြင်းရှိသည်။ ဤမြေအရပ်ဝယ် ယက္ခနတ် သိမ်းပိုက်ခြင်းရှိသည်၊ ဤမြေအရပ်ဝယ် ဘုတ်ပြိတ္တာ သိမ်းပိုက်ခြင်းရှိသည်။ ဤမြေအရပ်ဝယ် ကျောက်ဖျာရှိသည် သစ်ငုတ်ရှိသည်”ဟူ၍ သိမြင်ကြကုန်၏၊ ထိုအခါ ထိုပညာရှိတို့သည် မိမိတို့၏ အတတ်ပညာ ဂါထာ မန္တာန်ကို မန်းမှုတ်ပြီးလျှင် နတ်တို့နှင့်တိုင်ပင်၍ တည်ဆောက်သည့်အလား မြို့နန်းကို တည်ဆောက်ကြလေသည်။

စာ ၂၈၁

တနည်း- ထိုပညာရှိတို့၏ကိုယ်၌ နတ်များ ပူးဝင်ကြကာ ထိုထိုနေရာတို့၌ နန်းအိမ်တို့ကို တည်ဆောက်ရန် စိတ်ကို ညွတ်စေကြကုန်၏။ ထိုနတ်များသည် နန်းအိမ်ရာအတွက် ထောင့်လေးထောင့်က ပန္နက်တိုင်များ စိုက်နှက်သတ်မှတ်၍ နန်းအိမ်ရာကို ယူပြီးသောအခါမှ ထိုမြို့နန်းတည် ပညာရှိတို့၏ကိုယ်မှ ထွက်ကြကုန်၏။ သဒ္ဓါတရား ရှိသူများအတွက် သဒ္ဓါတရားရှိသော နတ်များက ထိုကဲ့သို့ ပူးဝင်၍ အိမ်ရာသတ်မှတ် သိမ်းပိုက်မှုကို ပြုကြလေသည်။ သဒ္ဓါတရား မရှိသူများအတွက် သဒ္ဓါတရားမရှိသော နတ်များက ထိုကဲ့သို့ ပူးဝင်၍ အိမ်ရာသတ်မှတ် သိမ်းပိုက်မှုကို ပြုကြလေသည်။ အကြောင်းကား- သဒ္ဓါတရားရှိသော နတ်တို့၏ စိတ်သန္တာန်ဝယ် “ဤနေရာ၌ သဒ္ဓါတရားရှိသူ လူတို့သည် နေအိမ်တို့ကို တည်ဆောက်ကြကာ ရှေးဦးစွာ ရဟန်းသံဃာကို ပင့်ဖိတ် နေရာထိုင်ခင်း ပေးကြပြီးလျှင် မင်္ဂလာတရား တိုးပွါးစေကြလိမ့်မည်၊ ထိုအခါ ငါတို့သည် သီလရှိသော ရဟန်းတို့ကို ဖူးမြော်ခွင့်ကို ရကြပေလိမ့်မည်၊ ထိုအရှင်မြတ်တို့ ဟောကြားအပ်သည့် တရားစကား အမေးအဖြေ အနုမောဒနာတရားများကို နာကြားခွင့် ရကြပေလိမ့်မည်၊ လူများသည် အလှူဒါနကို ပေးလှူကြကာ ငါတို့အား ကောင်းမှုကုသိုလ် အဖို့အစုကို အမျှပေးကြပေလိမ့်မည်”ဟု ကြံစည်စဉ်းစားမိကြသောကြောင့် ထိုကဲ့သို့ ပူးဝင်ကာ အိမ်နေရာကို သိမ်းပိုက် သတ်မှတ်ကြလေသည်)။

မြတ်စွာဘုရားရှင်သည် ထောင်လိုက် ထောင်လိုက် (တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာသိမ်းပိုက်ကြသော ထိုနတ်တို့ကို ဒိဗ္ဗစက္ခု ရွှေဉာဏ်တော်ဖြင့် မြင်တော်မူသောအခါ ညဉ့်၏အဆုံး မိုးသောက်ယံ၌ လျောင်းစက်ရာမှ ထတော်မူ၍ အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. အဘယ်သူများသည် ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြသနည်း”ဟု မေးတော်မူ၍ “မြတ်စွာဘုရား.. မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြပါသည်”ဟု အရှင်အာနန္ဒာ မထေရ်က ပြန်ကြား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည်-

စာ ၂၈၂

“ချစ်သားအာနန္ဒာ.. မဂဓတိုင်း အမတ်ကြီးများ ဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့ ဝဇ္ဇီမင်းတို့ကို တားဆီးပိတ်ဆို့ခြင်းငှါ ပါဋလိရွာ၌ မြို့ကို တည်ဆောက်နေကြသည်မှာ တာဝတိံသာ နတ်တို့နှင့် တိုင်ပင်၍ တည်ဆောက်ကြသကဲ့သို့ ရှိချေ၏။

ချစ်သားအာနန္ဒာ.. ထောင်လိုက် ထောင်လိုက် (တထောင်စီ တထောင်စီ) စုရုံး၍ ပါဋလိရွာ၌ အိမ်ရာ သိမ်းပိုက်ကြသော နတ်တို့ကို ငါဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်ရ၏။

ချစ်သားအာနန္ဒာ.. တန်ခိုးကြီးသောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးကြီးသော မင်းနှင့် အမတ်ကြီးတို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။ တန်ခိုးအလတ်စားနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးအလတ်စား မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။ တန်ခိုးငယ်သောနတ်တို့ အိမ်ရာသိမ်းပိုက်သော ရပ်ကွက်၌ တန်ခိုးငယ်သော မင်းနှင့် အမတ်တို့၏ အိမ်ရာတည်ဆောက်ရန် မြို့နန်းတည်ဆောက်သူ ပညာရှိတို့၏ စိတ်တို့သည် ညွတ်ကြကုန်၏။

ချစ်သားအာနန္ဒာ.. အရိယ(=အရိယန်) လူမျိုးတို့၏ စုဝေးနေထိုင်ရာ, ကူးသန်းရောင်းဝယ်ရာ မြို့တကာတို့တွင် ဤမြို့သစ်သည် ကုန်ထုပ်များကို ဖွင့်လှစ်ရောင်းချရာ “ပါဋလိပုတ်”မည်သော အကြီးဆုံးမြို့ ဖြစ်ပေလိမ့်မည်။

ချစ်သားအာနန္ဒာ.. ပါဋလိပုတ်မြို့၌ မီးကြောင့်၎င်း, ရေကြောင့်၎င်း, အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကြောင့်၎င်း = ဤသုံးပါးသော အကြောင်းကြောင့် မြို့ပျက်ခြင်း အန္တရာယ်တို့ ဖြစ်ပေလိမ့်မည်”-

စာ ၂၈၃

ဟူ၍ မိန့်တော်မူလေ၏။ ။(ပါဋလိပုတ်ပြည် တစုသည် မီးသင့်လောင်သဖြင့် ပျက်စီးလိမ့်မည်။ တစုကို ဂင်္ဂါမြစ်က တိုက်မျောစား၍ သွားလိမ့်မည်၊ အခြားတစုကား ဂုံးချောသမားတို့၏ စကားကို ယုံကြည်မိသဖြင့် လူများအချင်းချင်း စိတ်ဝမ်းကွဲပြား၍ ပျက်စီးလိမ့်မည်ဟု မိန့်တော်မူလိုရင်းဖြစ်သည်)။ ။မြတ်စွာဘုရားသည် ဤကဲ့သို့ မိန့်တော်မူပြီးလျှင် မိုးသောက်ထအခါ ဂင်္ဂါမြစ်ကမ်းသို့ ကြွတော်မူ၍ မျက်နှာတော်သစ်ပြီးကာ ဆွမ်းခံချိန်ကို စောင့်ဆိုင်း၍ ထိုင်နေတော်မူ၏။

ထိုအခါ သုနိဓပုဏ္ဏားနှင့် ၀ဿကာရ ပုဏ္ဏားတို့သည် “ငါတို့၏အရှင် ဘုရင်အဇာတသတ်မင်းသည် ရဟန်းဂေါတမ၏ ပစ္စည်းလေးပါး ဒါယကာတဦး ဖြစ်သည်၊ ထိုအဇာတသတ်မင်းသည် ငါတို့ကို ‘မြတ်စွာဘုရားသည် ပါဋလိရွာသို့ ကြွသွားတော်မူသတဲ့၊ အသင်တို့သည် ထိုမြတ်စွာဘုရားထံတော်သို့ သွားရောက်ခဲ့ကြ၏လော၊ မသွားရောက်ခဲ့ကြဘူးလော’ဟု မေးလိမ့်မည်။ ‘သွားရောက်ခဲ့ကြပါသည်’ဟု ပြောဆိုလျှင် လည်း ‘ဖိတ်ကြား၍ ဆွမ်းများ ဆက်ကပ်ခဲ့ကြ၏လော၊ မဆက်ကပ်ခဲ့ကြဘူးလော’ဟု မေးပေလိမ့်ဦးမည်။ ‘မဖိတ်မကြားမိကြပါ’ဟု ပြောဆိုလျှင်လည်း ငါတို့အပေါ် အပြစ်တင်၍ နှိပ်ပေလိမ့်ဦးမည်။ ငါတို့သည် ယခုလာရောက်ရာ ဤပါဋလိရွာ၌ မြို့သစ်တည်ဖန်ဆဲ ဖြစ်ကြလေသည်။ အထူးအားဖြင့် ရဟန်းဂေါတမ၏ ရောက်ရာ ရောက်ရာ အရပ်တိုင်း၌ ကျက်သရေမဲ့သည့် ကာဠကဏ္ဏီသတ္တဝါတို့သည်(*)

* ကာဠကဏ္ဏီသတ္တဝါ- ဟူသည်မှာ မိမိကိုယ်တိုင်က မည်းနက်သည့် အကုသိုလ်တရားများသူ ဖြစ်သောကြောင့်၎င်း, သူတပါးတို့အဖို့လည်း မည်းနက်သော အကုသိုလ်အကျိုး အကျိုးမဲ့ဖြစ်ခြင်း၏အကြောင်း ဖြစ်သောကြောင့်၎င်း “ကာဠကဏ္ဏီ = ဘုန်းကံအသရေမဲ့သူ”ဟူ၍ အများပညတ် ရအပ်သောအမည်ရှိသော သူတပါးတို့အား ဘေးဥပဒ်ကို ဖြစ်စေတတ်သည့် ဘုန်းမဲ့ကံမဲ့ သတ္တဝါတို့တည်း။ (လောသကတိဿတို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတည်း)။

ကာဠကဏ္ဏီ သတ္တာတိ အတ္တနာ ကဏှဓမ္မဗဟုလတာယ ပရေသဉ္စ ကဏှဝိပါကာနတ္ထနိဗ္ဗတ္တိနိမိတ္တတာယ “ကာဠကဏ္ဏီ”တိ လဒ္ဓနာမာ ပရူပဒ္ဒဝကရာ အပ္ပေသက္ခသတ္တာ။ [သုတ်မဟာဝါဋီကာ၊ မျက်နှာ ၁၃၉-မှ)]

စာ ၂၈၄

ဖဲရှားကြမြဲဖြစ်သည်။ ငါတို့သည် ထိုရဟန်းဂေါတမကို ပင့်ဖိတ်ကြကာ မြို့သစ်နန်းတည် မင်္ဂလာစကား ဟောကြားကြစေအံ့”ဟု ကြံစည်ကြကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်ကြ၍ လျောက်ပတ်ရာအရပ်၌ ရပ်တည်ကြကာ မြတ်စွာဘုရားရှင်နှင့် ဝမ်းမြောက်စဖွယ် အသက်ထက်ဆုံး အောက်မေ့ဖွယ်စကား ပြောကြားကြပြီးလျှင် “အရှင်ဂေါတမသည် ရဟန်းသံဃာနှင့်တကွ ယနေ့အဖို့ အကျွန်ုပ်တို့၏ဆွမ်းကို လက်ခံတော်မူပါ”ဟု မြတ်စွာဘုရားရှင်ကို ဖိတ်မန်စကား လျှောက်ထားကြလေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် ပုဏ္ဏားတို့ ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။

ထိုအခါ မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရားရှင်၏ လက်ခံတော်မူကြောင်းကို ကောင်းစွာသိကြ၍ မိမိတို့ တည်းခိုအိမ်သို့ သွားရောက်ကြပြီးလျှင် ထိုအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးသော် “အရှင်ဂေါတမ.. အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို လျှောက်ကြားစေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူတော်မူလျက် ရဟန်းအပေါင်းနှင့် အတူတကွ မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသော သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့၏ တည်းခိုအိမ်သို့ ကြွရောက်တော်မူ၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူ၏။ သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား အမှူးရှိသော ရဟန်း အပေါင်းကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲတင်းတိမ်၍ “တန်ပြီ”ဟု တားမြစ်သည်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးကြလေ၏။ ထို့နောက် သုနိဓပုဏ္ဏားနှင့် ၀ဿကာရပုဏ္ဏားတို့သည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ နိမ့်သော ထိုင်စရာတခုကို ယူကြ၍ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြကုန်၏။

စာ ၂၈၅

သင့်လျောက်ပတ်ရာ အရပ်၌ ထိုင်နေကြသော သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့ကို မြတ်စွာဘုရားသည် ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏-

ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။

သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော။ (၁)

ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။

တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ။ (၂)

တတော နံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ ဩရသံ။

ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ။ (၃)

ဗြာဟ္မဏာ = သုနိဓနှင့် ၀ဿကာရပုဏ္ဏား အမတ်များတို့..။ ယသ္မိံ ပဒေသေ = အကြင်အရပ်၌။ ပဏ္ဍိတဇာတိယော = ပညာရှိငြား အမျိုးကောင်းသားသည်။ ဝါသံ = အိမ်ရာဆောက်လုပ် နေထိုင်ခြင်းကို။ ကပ္ပေတိ = ပြု၏။ ဧတ္ထ = ဤအရပ်၌။ သီလဝန္တေ = ကောင်းသော အကျင့်သီလနှင့် ပြည့်စုံကြကုန်သော။ သညတေ = ကိုယ်,နှုတ်,နှလုံး စောင့်သုံးကြကုန်သော။ ဗြဟ္မစာရယော = မြတ်သောအကျင့်ကို ကျင့်ကြံပေတတ် ပုဂ္ဂိုလ်မြတ်တို့ကို။ ဘောဇေတွာ = သဒ္ဓါရှေး ဆွမ်းကျွေးကြပြီးလျှင်။ (၁)

တတ္ထ = ထိုအိမ်ရာအရပ်၌။ ယာ ဒေဝတာ = အိမ်ရာစောင့်ကြပ် အကြင်နတ်တို့သည်။ အာသုံ = ထင်ရှားရှိကြကုန်၏။ တာသံ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့အား။ ဒက္ခိဏံ = မိမိလှူရ အလှူ၏ အဖို့ဘာဂကို။ အာဒိသေ = အမျှနှုတ်ခွန်း မြွက်ညွှန်းလှစ်ခြွေ ပေးဝေရာ၏။ ဧဝံ = ဤသို့ အမျှခွန်း ညွှန်းမြွက်သောထွေ ပေးဝေလတ်သည်ရှိသော်။ ပူဇိတာ = မိမိတို့က အမျှပေးလတ် ပူဇော်အပ်ကုန်သော။ တာ ဒေဝတာ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့သည်။ နံ = ထိုအိမ့်ရှင်ယောက်ျား အမျိုးသားကို။ ပူဇယန္တိ = ဘေးမရောက်အောင် စောင့်ရှောက်သောအားဖြင့်

စာ ၂၈၆

ပူဇော်တုံ့တဖန် ပူဇော်ကြပြန်ကုန်၏။ မာနိတာ = ဗလိနတ်စာ ပူဇာသက္ကာရမှု ပြုလုပ်တုံလတ် မိမိက မြတ်နိုးအပ်ကုန်သော။ တာ ဒေဝတာ = အိမ်ရာစောင့်ကြပ် ထိုနတ်တို့သည်။ နံ = ထိုအိမ်ရှင်ယောက်ျား အမျိုးသားကို။ မာနယန္တိ = ဖြစ်ပေါ်လာသော ဘေးရန်ကို တွန်းလှန်ပယ်ချိုးသဖြင့် မြတ်နိုးတုံ့တဖန် မြတ်နိုးကြပြန်ကုန်၏။ (၂)

တတော = ထို့ကြောင့်။ မာတာ = အမိသည်။ ဩရသံ ပုတ္တံ =ရင်၌ပွေ့ထား ကြီးပွါးစေအပ်သော သားကို။ အနုကမ္ပန္တိ ဣ၀ = စောင့်ရှောက်သကဲ့သို့။ ဒေဝတာ = အိမ်ရာစောင့်ကြပ် နတ်တို့သည်။ နံ = ထိုပညာရှိငြား အမျိုးကောင်းသားကို။ အနုကမ္ပန္တိ = မေတ္တာရှေ့ထား သနားစောင့်ရှောက်ကြကုန်၏။ ဒေဝတာနုကမ္ပိတော = အိမ်စောင့်နတ်များ မေတ္တာထား၍ သနားစောင့်ရှောက်အပ်သော။ ပေါသော = ပညာရှိငြား အမျိုးသားသည်။ သဒါ = နေ့ညဉ့်ဆက်ကာ ခပ်သိမ်းသောအခါ၌။ ဘဒြာနိ = ကောင်းမြတ်ချမ်းသာ မင်္ဂလာတို့ကို။ ပဿတိ = နှစ်သက်ဖွယ်အလား ကြား,သိ,တွေ့,မြင်ရလေ၏။ (၃)

ထိုအခါ မြတ်စွာဘုရားရှင်သည် မဂဓတိုင်း အမတ်ကြီးများဖြစ်ကြသည့် သုနိဓပုဏ္ဏားနှင့် ဝဿကာရပုဏ္ဏားတို့ကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူပြီးလျှင် နေရာမှထ၍ ကြွတော်မူ၏။

ထိုစဉ်အခါ သုနိဓပုဏ္ဏားနှင့် ၀ဿကာရ ပုဏ္ဏားတို့သည် “ယနေ့ အရှင်ဂေါတမထွက်သွားရာ တံခါးကို ‘ဂေါတမတံခါး’ဟု တွင်စေမည်။ အရှင်ဂေါတမ ကူးသွားရာ ဂင်္ဂါမြစ်ဆိပ်ကို ‘ဂေါတမဆိပ်’ဟု တွင်စေမည်”ဟူ၍ ကြံရွယ်ကြလျက် မြတ်စွာဘုရား၏ နောက်မှ နောက်မှ အစဉ်တစိုက် လိုက်ကြလေကုန်၏။

ထိုအခါ မြတ်စွာဘုရား ထွက်သွားရာတံခါးသည် ‘ဂေါတမတံခါး’ဟု အမည်တွင်လေ၏။ ထို့နောက် မြတ်စွာဘုရားသည်

စာ ၂၈၇

ဂင်္ဂါမြစ်သို့ ကြွရောက်တော်မူ၏။ ထိုစဉ်အခါ၌ ဂင်္ဂါမြစ်သည် ကမ်းမှာနား၍ ကျီးသောက်နိုင်လောက်အောင်ပင် ကမ်းနှင့်အညီ ရေပြည့်လျက်ရှိ၏။

ကမ်းတဖက်မှ ကမ်းတဖက်သို့ သွားရောက်လိုသော အချို့သူတို့သည် လှေကို ရှာကုန်၏။ အချို့သူတို့သည် သစ်ဖောင်ကို ရှာကုန်၏။ အချို့သူတို့သည် ဝါးဖောင်ကို ဖွဲ့ကုန်၏။

ထိုအခါ အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်သကဲ့သို့၎င်း, ဆန့်သောလက်ကို ကွေးသကဲ့သို၎င်း, ထို့အတူပင် မြတ်စွာဘုရားသည် ဂင်္ဂါမြစ်၏ ဤမှာဖက်ကမ်းမှ ကွယ်တော်မူခဲ့၍ ထိုမှာဖက်ကမ်း၌ ရဟန်းအပေါင်းနှင့် အတူတကွ ထင်ရှား ဖြစ်တော်မူလေ၏။

မြတ်စွာဘုရားသည် ကမ်းတဖက်မှ ကမ်းတဖက်သို့ သွားရောက်လိုကုန်၍ အချို့က လှေကိုရှာလျက်, အချို့က သစ်ဖောင်ကိုရှာလျက်, အချို့က ဝါးဖောင်ကိုဖွဲ့လျက်နေသော ထိုသူတို့ကို မြင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုအချိန်တွင် ဤဆိုလတ္တံ့သော ဥဒါနစကားကို ကျူးရင့်တော်မူ၏-

ယေ တရန္တိ အဏ္ဏဝံ သရံ။

သေတုံ ကတွာ ဝိသဇ္ဇ ပလ္လလာနိ။

ကုလ္လံ ဟိ ဇနော ဗန္ဓတိ။။

တိဏ္ဏာ မေဓာဝိနော ဇနာ။

ယေ = အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဏ္ဏဝံ = အပြောကျယ်လျက် နက်လည်း နက်စွာထသော။ သရံ = တဏှာတည်းဟူသော မြစ်ကြီးကို။ တရန္တိ = ကူးကြကုန်၏။ တေ = ထိုအရိယာပုဂ္ဂိုလ်တို့သည်။ သေတုံ = အရိယမဂ်တည်းဟူသော တံတားကို။ ကတွာ = ဆောက်လုပ်ကြ၍။ ပလ္လလာနိ = သံသရာခေတ် တဏှာမြစ်ဝယ် ကျွံနစ်ရန်အကြောင်း ကိလေသာ ညွန်ပျောင်းတို့ကို။

စာ ၂၈၈

ပဟာယ = ပယ်စွန့်ကုန်လျက်။ တရန္တိ = ကူးသွားကြကုန်၏။ ဇနော ဟိ = မပြောပလောက် ဤဂင်္ဂါမြစ်မျှလောက်ကို ကူးမြောက်လိုတောင်း လူအပေါင်းသည်ကား။ ကုလ္လံ = ဖောင်ကို။ ဗန္ဓတိ = ဖွဲ့၍နေရ၏။ မေဓာဝိနော ဇနာ = ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူတော်ကောင်း ပညာရှိအပေါင်းတို့သည်ကား။ တိဏ္ဏာ = ဖောင်မဖွဲ့လစ် တဏှာမြစ်ကို ရှစ်ရပ်သော မဂ်တံတားဖြင့် ကူးသွားတော်မူကြကုန်ပြီ။

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၅၊ စာ ၁၉၇)