ဓမ္မလမ်း
← နောက်ဆုံးနေ့ရက်များ (၂) — ဝဇ္ဇီတိုင်း

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၅၊ အခဏ်း-၄၀၊ စာမျက်နှာ ၂၈၈–၃၉၀

ဝိမောက္ခ ၈-ပါး

ထို့နောက် မြတ်စွာဘုရားရှင်သည် စကားတော်အယဉ် မပြတ်စေပဲ တဖန်ဆက်၍ အရှင်အာနန္ဒာမထေရ်အား ဤဆိုလတ္တံ့သောအတိုင်း ဝိမောက္ခ (=လွတ်မြောက်ခြင်း)တရား ရှစ်ပါးတို့ကို ဟောကြားတော်မူလေသည်-

ချစ်သားအာနန္ဒာ.. လွတ်မြောက်ခြင်း = ဝိမောက္ခတရားသည် ရှစ်ပါးရှိ၏။ ရှစ်ပါးတို့ဟူသည်မှာ-

စာ ၃၅၅

မိမိသန္တာန်၌ ကသိုဏ်းရုပ်ဈာန် ရှိသည်ဖြစ်၍ ပြင်ပသန္တာန်၌လည်း ကသိုဏ်းရုပ်တို့ကို ရှု၏။ ဤကား ပဌမ ဝိမောက္ခတည်း။ (၁)

မိမိသန္တာန်၌ အဆင်းရုပ်ကို မရှုမူ၍ ပြင်ပသန္တာန်၌ ကသိုဏ်းရုပ်တို့ကို ရှု၏။ ဤကား ဒုတိယ ဝိမောက္ခတည်း။ (၂)

တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်း၏။ ဤကား တတိယ ဝိမောက္ခတည်း။ (၃)

ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား စတုတ္ထ ဝိမောက္ခတည်း။ (၄)

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား ပဉ္စမ ဝိမောက္ခတည်း။ (၅)

ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစုံတခုမျှမရှိ”ဟု နှလုံးသွင်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား ဆဋ္ဌ မောက္ခတည်း။ (၆)

အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍နေ၏။ ဤကား သတ္တမ ဝိမောက္ခတည်း။ (၇)

နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာ, ဝေဒနာတို့၏ချုပ်ရာ နိရောသမာပတ်သို့ ရောက်၍နေ၏။ ဤကား အဋ္ဌမ ဝိမောက္ခတည်း၊ (၈)

ချစ်သားအာနန္ဒာ.. လွတ်မြက်ခြင်း = ဝိမောက္ခတရားတို့သည် ဤရှစ်ပါးတို့တည်း”ဟု မိန့်တော်မူ၏။ (မြတ်စွာဘုရားရှင်၏ စကားတော် အဆက်ကား မပြီးဆုံးသေးပါ)။

စာ ၃၅၆

(ဤ၌- ဆန့်ကျင်ဘက် နီဝရဏတရား စသည်တို့မှ ကောင်းစွာ လွတ်မြောက်သောကြောင့်၎င်း, အဖ၏ရင်ခွင်၌ သားငယ်သည် စိတ်ချလက်ချ ကိုယ်အင်္ဂါတို့ကို ပစ်ချကာ အိပ်စက်သကဲ့သို့ သက်ဆိုင်ရာ ကသိုဏ်းရုပ်-စသော အာရုံ၌ အဖိအနှိပ် အပိတ်အပင်မရှိ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်တတ်သောကြောင့်၎င်း ဝိမောက္ခဟူ၍ ခေါ်၏။

ဖော်ပြရာပါ ဝိမောက္ခရှစ်ပါးတို့တွင် ရှေ့သုံးပါးကား ရူပါဝစရဈာန်တို့တည်း။ ထိုတွင် ၁-အမှတ်ပြ ဝိမောက္ခကား အဇ္ဈတ္တ, ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ၂-အမှတ်ပြ ဝိမောက္ခကား ဗဟိဒ္ဓ ကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ၃-အမှတ်ပြ ဝိမောက္ခကား အလွန် သန့်ရှင်းစင်ကြယ်သော နီလ, ပီတ, လောဟိတ, ဩဒါတ တည်းဟူသော ဝဏ္ဏကသိုဏ်းရုပ်တို့၌ ပွါးများ၍ရအပ်သော ရူပါဝစရဈာန်တို့တည်း။ ဤ၃-အမှတ်ပြ ဝိမောက္ခ၌ ဈာန်ကိုဝင်စားစဉ် အပ္ပနာဈာန်၏အတွင်း၌ ဈာန်ရပုဂ္ဂိုလ်မှာ “တင့်တယ်၏”ဟု နှလုံးသွင်းမှု မရှိသော်လည်း သန့်ရှင်းစင်ကြယ် အလွန် တင့်တယ်သော ဝဏ္ဏကသိုဏ်းဈာန်တို့ကို ဝင်စား၍နေလျှင်ပင် “တင့်တယ်၏”ဟု နှလုံးသွင်းကာ ဈာန်ဝင်စား၍ နေသည်မည်သောကြောင့် “တင့်တယ်၏-ဟူ၍သာလျှင် နှလုံးသွင်း၏”ဟူ၍ ပါဠိတော်၌ ဟောတော်မူအပ်လေသည်။

၄-၅-၆-၇-အမှတ်ပြ ဝိမောက္ခတို့ကား အစဉ်အတိုင်း အရူပဈာန် လေးပါးတို့တည်း။ ထိုဈာန်တို့သည်လည်း ရူပသညာစသည်တို့မှ လွတ်မြောက်သောကြောင့်၎င်း, ဆိုင်ရာအာရုံ၌ အဖိအနှိပ် အပိတ်အပင်မရှိ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်သောကြောင့်၎င်း ဝိမောက္ခတို့ မည်ကြကုန်၏။

၈-အမှတ်ပြ ဝိမောက္ခကား နိရောဓသမာပတ်တည်း။ ထိုနိရောဓသမာပတ်သည် သညာ ဝေဒနာ ခေါင်းဆောင်သော နာမ်တရားအားလုံးနှင့် စိတ္တဇရုပ် တည်းဟူသော ရုပ်တစိတ် = ဤရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်သောကြောင့် ဝိမောက္ခမည်လေသည်၊ မှန်၏- နိရောဓသမာပတ်ကို ဝင်စားနေခိုက် နာမ်ခန္ဓာလေးပါးနှင့် စိတ္တဇရုပ်တို့ အဖြစ်ရပ်စဲနေကြလေသည်။ ထိုhကြောင့် ထိုနာမ်ခန္ဓာလေးပါး စိတ္တဇရုပ်တို့မှ လွတ်မြောက်သည်ဟု ဆိုရလေသည်။

တေဘူမက ဝဋ်တရား၌ ပျော်ပါးနှစ်ခြိုက်၍နေသော ဝဋ္ဋာဘိရတ ပုဂ္ဂိုလ်အချို့တို့၏ အဖို့ရာ မိမိတို့က ဝဋ္ဋာဘိရတပုဂ္ဂိုလ်တွေ ဖြစ်နေသောကြောင့်

စာ ၃၅၇

ဝိမောက္ခတရား ရှစ်ပါးတို့ကို ဝင်စားဖို့ မဆိုထားဘိ၊ ဝိမောက္ခဟူသော အသံကို ကြားရလျှင်ပင် အလွန် ကြောက်လန့်ကြလေသည်။ မြတ်စွာဘုရား၏ အဖို့မှာမူ ထိုဝိမောက္ခတရားတို့ကို ဝင်စား၍နေရလျှင် အလွန်ပင် ဝမ်းမြောက်၍ ကြောက်ရွံ့ခြင်း အလျှင်းရှိတော်မမူချေ။ ထို့ကြောင့် ကိုယ်တော်မြတ်၏ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းတော်မူခြင်းကို ပြဆိုရန် ဤဝိမောက္ခရှစ်မျိုးတို့ကို အရှင်အာနန္ဒာအား ဟောကြားထုတ်ဖော် ပြသတော်မူ၏။

ဤဝိမောက္ခရှစ်ပါးတို့ကို ဟောကြားတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ဤဝိမောက္ခရှစ်ပါးတို့ကို ဝင်စားတော်မူ ထိုသမာပတ်တို့မှ ထတော်မူသော မြတ်စွာဘုရား၏ အဖို့ရာ ကြောက်ခြင်း ရွံရှားခြင်း အလျှင်းပင် မရှိချေ။ ထိုသို့ဖြစ်ပါလျက် မာရ်နတ်တယောက်တည်း ယခု လာရောက်သည်ကို မြင်လတ်၍ ‘မြတ်ဘုရားသည် ကြောက်ရွံ့လေရာ၏’ဟု အဘယ်သူသည် ဤသို့သော အမှတ်သညာကို ဖြစ်စေထိုက်အံ့နည်း၊ မဖြစ်စေထိုက်သည်သာ။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် မကြောက်မရွံ့ မတုန်မလှုပ် သတိရှိလျက် သမ္ပဇဉ်တရားရှိလျက် အာယုသင်္ခါရကို လွှတ်တော်မူသည်”ဟု ဤပကိဏ္ဏက ဓမ္မဒေသနာ စကားကိုလည်း မိန့်ကြားတော်မူလေသည်)။

အာယုသင်္ခါရ လွှတ်တော်မူကြောင်း အကျယ်မိန့်ကြားတော်မူခြင်း

ဤသို့ ဝိမောက္ခရှစ်ပါးတို့ကို ဟောကြားတော်မူပြီးသော အခါမှာလည်း မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်အား တောင်းပန်စကား လျှောက်ထားခွင့်ကို ပေးတော်မမူသေးပဲ စကားတော်အယဉ် မပြတ်ဆက်ကာ ဤဆိုလတ္တံ့သော အကြောင်းအရာများကို မိန့်ကြားတော်မူပြန်လေသည်-

“ချစ်သားအာနန္ဒာ.. ငါဘုရားသည် ဘုရားဖြစ်ပြီးစ (အဋ္ဌမသတ္တာဟဖြစ်သော) အခါတပါးဝယ် ဥရုဝေဠတော နေရဉ္ဇရာမြစ်ကမ်းအနီး အဇပါလ = ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေထိုင်စဉ် မာရ်နတ်ယုတ်သည် ငါဘုရားထံသို့ လာရောက် ရပ်တည်လျက် ငါဘုရားကို ဤသို့ လျှောက်ထားဘူးလေပြီ-

စာ ၃၅၈

‘မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခု ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ’-

ဟု လျှောက်ထားဘူးလေပြီ။ ချစ်သားအာနန္ဒာ.. ဤသို့ လျှောက်ဆိုအပ်လေသော် ငါဘုရားသည် မာရ်နတ်ယုတ်ကို ဤဆိုလတ္တံ့သော စကားကို မိန့်ကြားခဲ့ဘူး၏-

‘ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်။

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ရဟန်းမိန်းမတို့သည် ၊(ပ)၊

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ဥပါသကာတို့သည် ၊(ပ)၊

ဟယ်မာရ်နတ်.. ငါဘုရား၏ တပည့် ဥပါသိကာမတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး

စာ ၃၅၉

မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သောတရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်။

ဟယ်မာရ်နတ်.. ငါဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည်တိုင်အောင် မပြည့်စုံသေးသမျှ, မစည်ပင်သေးသမျှ, မပြန့်ပွါးသေးသမျှ, လူအများ မသိသေးသမျှ, များစွာ မဖြစ်ထွန်းသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန် စံတော်မူမည်မဟုတ်’-

ဟု မိန့်ကြားခဲ့ဘူး၏။

ချစ်သားအာနန္ဒာ.. မာရ်နတ်ယုတ်သည် ယနေ့ ယခုပင် စာပါလစေတီ၌ ငါဘုရားထံသို့ ချဉ်းကပ်၍ လျောက်ပတ်သော နေရာ၌ ရပ်တည်ကာ ငါဘုရားကို ဤဆိုလတ္တံ့သောစကားကို လျှောက်ထားလာပြန်သည်-

‘မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့၊ မြတ်စွာဘုရား.. ယခု ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ။

စာ ၃၆၀

မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ဤစကားကို မိန့်ကြားတော်မူခဲ့ဘူးပါသည်- ‘ဟယ် မာရ်နတ်.. ငါဘုရား၏ တပည့်ရဟန်းတို့သည် တတ်သိလိမ္မာ မရှိကြသေးသမျှ, ကောင်းစွာဆုံးမပြီး မဖြစ်ကြသေးသမျှ, မရဲရင့်ကြသေးသမျှ, အကြားအမြင် မများကြသေးသမျှ, တရားတော်ကို မဆောင်နိုင်ကြသေးသမျှ, လောကုတ္တရာတရားနှင့် လျော်သော တရားကို မကျင့်နိုင်ကြသေးသမျှ, လျော်သောအကျင့်ကို မကျင့်နိုင်ကြသေးသမျှ, တရားနှင့်လျော်စွာ မကျင့်နိုင်ကြသေးသမျှ, မိမိတို့ဆရာ့ဝါဒကို သင်ယူ၍ မပြောနိုင် မဟောနိုင် မပြနိုင် မတည်တံ့စေနိုင် မဖွင့်နိုင် မဝေဘန်နိုင် မပေါ်လွင်စေနိုင်ကြသေးသမျှ, ပေါ်ပေါက်လာသော သူတပါး၏ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိသောတရားကို မပြနိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည် မဟုတ်’ဟု မိန့်ကြားတော်မူခဲ့ဘူးပါသည်။

မြတ်စွာဘုရား.. ယခုအခါ ရှင်တော်ဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော ဤသာသနာတော်သည် ပညာရှိနတ်လူတို့ ကောင်းစွာ ပြနိုင်သည်တိုင်အောင် ပြည့်စုံပါပြီ၊ စည်ပင်ပါပြီ၊ ပြန့်ပွါးပါပြီ၊ လူအများ သိပါပြီ၊ များစွာ ဖြစ်ထွန်းပါပြီ။

မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ ပရိနိဗ္ဗာန် စံတော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါလော့။ မြတ်စွာဘုရား.. ယခုအခါသည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူရန် အချိန်တန်ပါပြီ’-

ဟု လျှောက်ထားလာပြန်သည်။ ချစ်သားအာနန္ဒာ.. ဤကဲ့သို့ မာရ်နတ်သား လျှောက်ထားလတ်သော် ငါဘုရားသည် မာရ်နတ်ကို-

‘ဟယ် မာရ်နတ်ယုတ်.. သင် မကြောင့်ကြလင့်၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံခြင်းသည် မကြာမီ ဖြစ်လိမ့်မည်၊

စာ ၃၆၁

ဤနေ့မှ သုံးလလွန်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလိမ့်မည်’-

ဟု မိန့်ဆိုလိုက်၏။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် ယနေ့ စာပါလစေတီ၌နေစဉ် သတိရှိလျက် သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို ယခုပင် စွန့်လွှတ်လိုက်ပြီ”-ဟု အာယုသင်္ခါရ လွှတ်တော်မူလိုက်ကြောင်းကို အကျယ်မိန့်ကြားတော်မူလေ၏။

အရှင်အာနန္ဒာ တောင်းပန်လျှောက်ထားခြင်း

ဤသို့ မြတ်စွာဘုရား မိန့်ကြားတော်မူလတ်သော် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို-

“မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”-

ဟု တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. တန်တော့၊ ယခုအခါ မြတ်စွာဘုရားကို မတောင်းပန်နှင့်တော့၊ မြတ်စွာဘုရားကို တောင်းပန်ရန် ယခု အခါမဟုတ်တော့ပြီ”ဟု မြစ်ပယ်စကား မိန့်ကြားတော်မူလေ၏။ နှစ်ကြိမ်မြောက် အရှင်အာနန္ဒာက ရှေးနည်းအတူ တောင်းပန် လျှောက်ထားသောအခါမှာလည်း မြတ်စွာဘုရားရှင်သည် ထို့အတူပင် မြစ်ပယ်စကား မိန့်ကြားတော်မူလေ၏။ သုံးကြိမ်မြောက် အရှင်အာနန္ဒာမထေရ်က ရှေးနည်းအတူ တောင်းပန် လျှောက်ထားသောအခါ (မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာမထေရ်တို့ အပြန်အလှန် မိန့်ကြား, လျှောက်ထားကြပုံမှာ)-

စာ ၃၆၂

(မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်သည် မဟုတ်ပါလော။

(အရှင်အာနန္ဒာ) ယုံကြည်ပါသည် မြတ်စွာဘုရား..။

(မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. ထိုသို့ ယုံကြည်ပါလျက် သင်ချစ်သားသည် မြတ်စွာဘုရားကို အဘယ့်ကြောင့် သုံးကြိမ်တိုင်အောင် နှိပ်စက်ဘိသနည်း။

(အရှင်အာနန္ဒာ) မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤစကားကို ရှင်တော်ဘုရား၏ မျက်မှောက်၌ပင် ကြားနာခဲ့ဘူး ခံယူခဲ့ဘူးပါ၏- ‘ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေ့ကျင့်ထား၏။ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာ ဆည်းပူး ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား (ပြီးမြောက်ခြင်း၏ အခြေခံ) = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏’ဟု ကြားနာခဲ့ဘူး ခံယူခဲ့ဘူးပါသည်။ (ထို့ကြောင့် သုံးကြိမ်တိုင်တိုင် တောင်းပန် လျှောက်ထားခြင်း ဖြစ်ပါသည်ဘုရား..)။

(မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. ထိုတရားကို သင် ယုံကြည်သည် မဟုတ်လော။

(အရှင်အာနန္ဒာ) ယုံကြည်ပါသည် မြတ်စွာဘုရား..။

စာ ၃၆၃

(မြတ်စွာဘုရား) ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ်အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်ချက်ကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

ရှေးကလည်း နိမိတ်အရိပ်အရောင် ပြခဲ့ဘူးကြောင်း မိန့်ကြား၍ သောကတရား ခေါင်းပါးစေခြင်း

(၁) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့စဉ် သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ရာဇဂြိုဟ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ချစ်သားအာနန္ဒာ.. ဂိဇ္ဈကုဋ်တောင်သည် မွေ့လျော်ဖွယ်ရှိ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သောသူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့

စာ ၃၆၄

ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာ ဆည်းပူး, ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီးဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ) လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

စာ ၃၆၅

(၂) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ထိုရာဇဂြိုဟ်ပြည် ဂေါတမမည်သော ပညောင်ပင်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၃) ထိုရာဇဂြိုဟ်ပြည်၌ပင် စောရပပါတ ချောက်ကမ်းပါး၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၄) ထိုရာဇဂြိုဟ်ပြည်၌ပင် ဝေဘာရတောင်၏ နံပါး (စရည်းပင်ပေါက်ရောက်ရာ) သတ္တပဏ္ဏိလိုဏ်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၅) ထိုရာဇဂြိုဟ်ပြည်၌ပင်လျှင် ဣသိဂိလိတောင်၏ နံပါး ကာဠသိလာအရပ်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၆) ထိုရာဇဂြိုဟ်ပြည်၌ပင် ယင်းတိုက်တော သပ္ပသောဏ္ဍိက တောင်ဝှမ်း၌ သီတင်း သုံးနေထိုင်ခဲ့စဉ် ။(ပ)။

(၇) ထိုရာဇဂြိုဟ်ပြည်၌ပင် တပေါဒါရုံကျောင်း၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၈) ထိုရာဇဂြိုဟ်ပြည်၌ပင် ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်ခဲ့စဉ် ။(ပ)။

(၉) ထိုရာဇဂြိုဟ်ပြည်၌ပင် ဇီဝက၏ သရက်ဥယျာဉ်၌ နေထိုင်ခဲ့စဉ် ။(ပ)။

(၁၀) ထိုရာဇဂြိုဟ်ပြည်၌ပင် မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တော၌ နေထိုင်ခဲ့စဉ်လည်း သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ရာဇဂြိုဟ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ချစ်သားအာနန္ဒာ.. ၂-ဂေါတမမည်သော ပညောင်ပင်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၃-စောရပပါတ ချောက်ကမ်းပါးသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၄-ဝေဘာရတောင်၏နံပါး စရည်းပင်ပေါက်ရောက်ရာ သတ္တပဏ္ဏိလိုဏ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၅-ဣသိဂိလိတောင်၏နံပါး ကာဠသိလာအရပ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၆-ယင်းတိုက်တော သပ္ပသောဏ္ဍိက တောင်ဝှမ်းသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။

စာ ၃၆၆

၇-တပေါဒါရုံကျောင်းသည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၈-ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၉-ဇီဝက၏ သရက်ဥယျာဉ်သည် မွေ့လျော်ဖွယ်ရှိ၏ ။ပ။ ၁၀- မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တောသည် မွေ့လျော်ဖွယ်ရှိ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာအားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ် တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည်

စာ ၃၆၇

သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

(က) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ဤဝေသာလီပြည်၌ပင် ဥဒေနစေတီ၌ နေထိုင်ခဲ့စဉ်လည်း သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ်ရှိ၏၊ ဥဒေနစေတီသည် မွေ့လျော်ဖွယ်ရှိပေ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာအားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီး ဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီး ဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊

စာ ၃၆၈

ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

(ခ) ချစ်သားအာနန္ဒာ.. အခါတပါး၌ ငါဘုရားသည် ဤဝေသာလီပြည်၌ပင် ဂေါတမစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

(ဂ) ဤဝေသာလီပြည်၌ပင် သတ္တမ္ဗစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

(ဃ) ဤဝေသာလီပြည်၌ပင် ဗဟုပုတ္တစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

(င) ဤဝေသာလီပြည်၌ပင် သာရန္ဒဒစေတီ၌ နေထိုင်ခဲ့စဉ်လည်း ။(ပ)။

(စ) ချစ်သားအာနန္ဒာ.. ယနေ့ စာပါလစေတီ၌နေစဉ် ယခုပင် သင်ချစ်သားကို “ချစ်သားအာနန္ဒာ.. ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိပေ၏။ စာပါလစေတီသည် မွေ့လျော်ဖွယ် ရှိပေ၏။ ချစ်သားအာနန္ဒာ.. အမှတ်မထင် အကြင် တစုံတယောက်သော သူသည် ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထား၏၊ လေကျင့်ထား၏၊ ယာဉ်ကဲ့သို့ ပြုထား၏၊ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်တည်ထား၏။ ကောင်းစွာဆည်းပူး, ကောင်းစွာ အားထုတ်ထား၏၊ ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏။ ချစ်သားအာနန္ဒာ..

စာ ၃၆၉

မြတ်စွာဘုရားသည်ကား ပြီးမြောက်ခြင်း၏ အခြေခံ = ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွါးများထားပြီး ဖြစ်၏၊ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့သို့ ပြုထားပြီးဖြစ်၏၊ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ကောင်းစွာ အားထုတ်ထားပြီး ဖြစ်၏။ ချစ်သားအာနန္ဒာ.. သို့ရကား ငါဘုရားသည် အလိုတော်ရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ တည်နေနိုင်ပေ၏”ဟု မိန့်ဆိုခဲ့ဘူးပြီ။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားက ထင်ရှားသော နိမိတ် အရိပ် အရောင်ကို ဤသို့ ပြပါလျက် သင်သည် သဘောပေါက်ခြင်းငှါ မစွမ်းနိုင်ခဲ့ချေ။ “မြတ်စွာဘုရား.. လူအများ၏ စီးပွါးချမ်းသာအလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးနှင့် ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်တော်မူရန် ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု မြတ်စွာဘုရားကို သင် မတောင်းပန်မိခဲ့ချေ။

ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် အကယ်၍ မြတ်စွာဘုရားကို ထိုအခါက တောင်းပန်ခဲ့လျှင် မြတ်စွာဘုရားသည် သင်ချစ်သား၏ တောင်းပန်စကားကို နှစ်ကြိမ်သာလျှင် ငြင်းပယ်တော်မူလေရာ၏၊ သုံးကြိမ်မြောက်မှာမူ လက်ခံတော်မူလေရာ၏။ ချစ်သားအာနန္ဒာ.. သို့ဖြစ်ရကား ဤသို့ မတောင်းပန်ခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ဖြစ်ချေ၏၊ သင်ချစ်သား၏ ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏။

(ဤ၌။ ။(၁)မှစ၍ (င)တိုင်အောင်သော အကြောင်းအရာကို မြတ်စွာဘုရားသည် “ငါဘုရားသည် ဤယခု စာပါလစေတီ၌သာ သင်ချစ်သားကို ထင်ရှားသော နိမိတ် အရိပ်အရောင်ပြသည် မဟုတ်သေး၊ အခြားတပါးသော အခါများကလည်း ပြခဲ့ဘူး ပြောခဲ့ဘူးပြီ၊ ထိုသို့ (၁၅)ကြိမ်တိုင် ပြခဲ့ဘူး ပြောခဲ့ဘူးသည့် ထင်ရှားသော နိမိတ်

စာ ၃၇၀

အရိပ်အရောင်ကိုလည်း သင်ချစ်သားသည် သဘောမပေါက် မရိပ်မိချေ၊ ဤသို့ ဖြစ်ရခြင်းသည် သင်ချစ်သား၏ အပြစ်သာလျှင် ချို့ယွင်းချက်သာလျှင် ဖြစ်ချေ၏”ဟု ဤကဲ့သို့ အရှင်အာနန္ဒာ၏ သန္တာန်ဝယ် စိုးရိမ်သောကတရား ပယ်ရှားတော်မူရန် အမျိုးမျိုးပင် အရှင်အာနန္ဒာမထေရ်၏ အပေါ်၌ အပြစ်တင်ဖို့ရန် မိန့်ကြားတော်မူလေသည်။ ထို၁၅-ဌာနတို့၌ မိန့်တော်မူစဉ်ကလည်း မာရ်နတ် နှောက်ယှက်ထားသောကြောင့် အရှင်အာနန္ဒာမထေရ်သည် သဘောမပေါက် မရိပ်မိပဲ ရှိရလေသည်ကို အထူး မှတ်သားရာ၏)။

ချစ်သားအာနန္ဒာ.. ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်လျက် ကွဲကွာခြင်း = နာနာဘာဝ, သေ၍ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်ပါလော။ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မပျက်စီးပါစေလင့်-ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ရနိုင်ရန် အကြောင်းမရှိချေ။

ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားသည် အကြင် အာယုသင်္ခါရကို စွန့်လိုက် ထွေးအန်လိုက် လွှတ်လိုက် ပယ်လိုက် ပစ်လွှင့်လိုက် စွန့်လွှတ်လိုက်လေပြီ၊ ထို့ပြင် “မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှနောက် သုံးလလွန်မြောက်သောအခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလိမ့်မည်”ဟု ဧကန်မုချ စကားကိုလည်း မိန့်ဆိုလိုက်ပြီ။ မြတ်စွာဘုရားသည် ထိုစွန့်ပယ်လိုက်သော အာယုသင်္ခါရကို အသက်ရှည်စေလိုသောကြောင့် တဖန်ပြန်၍ ဖြစ်စေအံ့သော အကြောင်းသည် လုံးဝမရှိတော့ချေ။ “ချစ်သားအာနန္ဒာ.. လာ, သွားကြကုန်စို့၊ မဟာဝုန်တော ပြသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ကြားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာနှင့်အတူ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ကြွသွားတော်မူပြီးလျှင်

စာ ၃၇၁

အရှင်အာနန္ဒာကို “ချစ်သား အာနန္ဒာ.. သင် သွားချေ၊ ဝေသာလီပြည်၌ အမှီပြု၍နေကုန်သော ရဟန်းအားလုံးတို့ကို ညီမူစည်းဝေးရာ = ဓမ္မာရုံ၌ စုဝေးစေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည်လည်း မြတ်စွာဘုရာ မိန့်ကြားတော်မူချက်အတိုင်း ရဟန်းအားလုံးကို ညီမူစည်းဝေးရာ = ဓမ္မာရုံ၌ စုဝေးစေပြီးနောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုး ရပ်တည်ပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရဟန်းအပေါင်းသည် စုဝေးပြီးလျက် ရှိပါပြီ၊ ယခုအခါ ကြွတော်မူရန်အချိန်ကို မြတ်စွာဘုရား သိတော်မူပါသည် = ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါသည်”ဟု လျှောက်ထားလေ၏။

သာသနာအရှည်တည်တံ့ရေးတရား ၃၇-ပါး

ထိုအခါ မြတ်စွာဘုရားရှင်သည် ညီမူစည်းဝေးရာ = ဓမ္မာရုံသို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို ဤသို့မိန့်တော်မူ၏-

“ရဟန်းတို့.. ငါဘုရားသည် ထူးသောဉာဏ်ဖြင့်သိ၍ ဟောအပ်သော တရားတော်တို့ကို သင်ချစ်သားတို့သည် ကောင်းစွာသင်ယူ၍ မှီဝဲအပ် ပွါးများအပ် အဖန်ဖန် လေကျင့်အပ်ကုန်၏။ ယင်းသို့ မှီဝဲ, ပွါးများ, အဖန်ဖန် လေ့ကျင့်အပ်သည်ရှိသော် ဤမြတ်သောအကျင့် တည်းဟူသော သာသနာတော်သည် အရှည်ခိုင်ခံလျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထိုသို့ တည်တံ့ခြင်းသည် လူအများ၏ စီးပွါး, ချမ်းသာအလို့ငှါ, လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာ၏။

ထိုတရားတို့ကား အဘယ်နည်းဟူမူ ယင်းတရားတို့ကား (က) သတိပဋ္ဌာန်လေးပါး (ခ) သမ္မပ္ပဓာန်လေးပါး (ဂ) ဣဒ္ဓိပါဒ်လေးပါး (ဃ) ဣန္ဒြေငါးပါး (င) ဗိုလ်ငါးပါး (စ) ဗောဇ္ဈင်ခုနစ်ပါး

စာ ၃၇၂

(ဆ) အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားတို့ ဖြစ်သည်။ (ဗောဓိပက္ခိယတရား ၃၇-ပါးဟု ဆိုလိုသည်)။

ရဟန်းတို့.. ငါဘုရားသည် ထူးသောဉာဏ်ဖြင့်သိ၍ ဟောအပ်သော ဤ၃၇-ပါး (ဗောဓိပက္ခိယ) တရားတို့ကို သင်ချစ်သားတို့သည် ကောင်းစွာသင်ယူ၍ မှီဝဲအပ်, ပွါးများအပ်, အဖန်ဖန် လေ့ကျင့်အပ်ကုန်၏၊ ယင်းသို့ မှီဝဲ, ပွါးများ, အဖန်ဖန် လေ့ကျင့်အပ်သည်ရှိသော် ဤမြတ်သောအကျင့် တည်းဟူသော သာသနာတော်သည် အရှည်ခိုင်ခံ့လျက် ကြာမြင့်စွာ တည်တံ့ရာ၏၊ ထိုသို့ တည်တံ့ခြင်းသည် လူအများ၏ စီးပွါး,ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး, ချမ်းသာအလို့ငှါ ဖြစ်လေရာ၏”ဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဆက်၍ မိန့်တော်မူပြန်သည်မှာ-

“(ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊) = ရဟန်းတို့.. သင်ချစ်သားတို့အား ယခုအခါ ငါဘုရား မိန့်မှာဦးအံ့။ (ဝယဓမ္မာ သင်္ခါရာ) = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ (အပ္ပမာဒေန သမ္မာဒေထ) = မမေ့သော သတိတရားဖြင့် ကိစ္စခပ်သိမ်း ပြီးစီးအောင် ပြည့်စုံအောင် အားထုတ်ကြကုန်လော့။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် မကြာမီပင် ဖြစ်လိမ့်မည်၊ ဤနေ့မှနောက် သုံးလလွန်မြောက်သောအခါ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုလိမ့်မည်”-

ဟု မိန့်တော်မူ၏။ ဤစကားကို မိန့်ကြားတော်မူပြီးနောက် မြတ်စွာဘုရားသည် တပါးသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏-

“ပရိပက္ကော ဝယော မယှံ၊ ပရိတ္တံ မမ ဇီဝိတံ။

ပဟာယ ဝေါ ဂမိဿာမိ၊ ကတံ မေ သရဏမတ္တနော။

စာ ၃၇၃

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ မယှံ = ငါဘုရား၏။ ဝယော = အရွယ်တော်သည်။ ပရိပက္ကော = အသက်ရှစ်ဆယ်ပြည့်၍ မှည့်ခဲ့ ရင့်ခဲ့လေပြီ။ မမ = ငါဘုရား၏။ ဇီဝိတံ = အသက်ကြွင်းသည်။ ပရိတ္တံ = သုံးလတာမျှ တည်နေရမည်ကြောင့် နည်းလှခဲ့လေပြီ။ ဝေါ = သင်ချစ်သားတို့ကို။ ပဟာယ = မညှာမငဲ့ စွန့်ပစ်ခဲ့၍။ ဂမိဿာမိ = အနုပါဒါပရိနိဗ္ဗာန် ဝင်စံ ကြွမြန်းရတော့အံ့။ မေ = ငါဘုရားသည်။ အတ္တနော = မိမိ၏။ သရဏံ = ကိုးကွယ်ရာကို။ ကတံ = ပြုအပ်ပြီးပြီ။

အပ္ပမတ္တာ သတီမန္တော၊

သုသီလာ ဟောထ ဘိက္ခဝေါ။

သုသမာဟိတသင်္ကပ္ပါ၊

သစိတ္တမနုရက္ခထ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ အပ္ပမတ္တာ = ကုသိုလ်ဆယ်ပါး မြတ်တရား၌ မခြားနေ့ည ကြိုးလုံ့လသည့် အပ္ပမာဒတရား လက်ကိုင်ထားကြကုန်လျက်။ သတီမန္တော = မမေ့မလျော့ မပေါ့မတန် ထက်သန်သောသတိ ရှိကြကုန်လျက်။ သုသီလာ = ကောင်းမြတ်ပြည့်စုံ လုံခြုံသောသီလ ရှိကုန်ကြသည်။ ဟောထ = ဧကန်စင်စစ် ဖြစ်ကြကုန်လော့။ သုသမာဟိတသင်္ကပ္ပါ = ကောင်းစွာတည်ကြည် ကောင်းစွာ ကြံစည်ခြင်း ရှိကြကုန်လျက်။ သစိတ္တံ = မိမိတို့၏စိတ်ကို။ အနုရက္ခထ = ကိလေဆယ်ထောက် ရန်မနှောက်အောင် စောင့်ရှောက်ကြကုန်လော့။

ယော ဣမသ္မိံ ဓမ္မဝိနယေ၊ အပ္ပမတ္တော ဝိဟဿတိ၊

ပဟာယ ဇာတိသံသာရံ၊ ဒုက္ခဿန္တံ ကရိဿတိ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ယော = အမှတ်မထင် အကြင်သူသည်။

စာ ၃၇၄

ဣမသ္မိံ ဓမ္မဝိနယေ = တရားသဖြင့် ဆုံးမရာ ဤဓမ္မဝိနယ သာသနာ၌။ အပ္ပမတ္တော = အပ္ပမာဒတရား လက်ကိုင်ထားလျက်။ ဝိဟဿတိ = လေးတန်ယာပထ မျှတကြံ့ခိုင် နေထိုင်ငြားအံ့။ သော = ထိုတရားလက်ကိုင် နေထိုင်သောသူသည်။ ဇာတိသံသာရံ = အဖန်ဖန်ဖြစ်၍ ပြောင်းရွှေ့ကျင်လည်ရာ ဘဝသံသရာကို။ ပဟာယ = စွန့်ပယ်၍။ ဒုက္ခဿ = စက်သံသာရ ဝဋ်ဒုက္ခ၏။ အန္တံ = ကမ္ပတ်ပိတ်ဖုံး အပြီးအဆုံးကို။ ကရိဿတိ = မဂ်ဉာဏ်လေးဆိုင် အရပိုင်သဖြင့် ပြုနိုင်ပေလတ္တံ့” -

ဟူသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏။

ဆင်ပြောင်ကြီးကဲ့သို့ ပြန်ကြည့်တော်မူခြင်း

ထို့နောက် မြတ်စွာဘုရားရှင်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူဆောင်တော်မူကာ ဝေသာလီပြည်အတွင်းသို့ ဆွမ်းခံ လှည့်လည်တော်မူပြီးလျှင် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခွါတော်မူခဲ့၍ ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်လျက် ကြည့်ရှုတော်မူပြီးလျှင် “ချစ်သားအာနန္ဒာ.. ဤယခု ကြည့်ရှုခြင်းသည် ဝေသာလီပြည်ကို မြတ်စွာဘုရား၏ နောက်ဆုံး ကြည့်ရှုခြင်း ဖြစ်ပေသည်။ ချစ်သားအာနန္ဒာ.. လာ, သွားကြစို့၊ ဘဏ္ဍုရွာသို့ သွားရောက်ကြကုန်အံ့”ဟု အရှင်အာနန္ဒာမထေရ်ကို မိန့်ဆိုတော်မူလေ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား ပြန်ကြား လျှောက်ထားလေ၏။

(ဤ၌ အထူးမှတ်ရန်ကား- ပကတိလူများ၏ အရိုးတို့သည် အစွန်းချင်းထိ၍ တည်ကုန်၏။ (တေ့ဆက်ဟု ဆိုလိုသည်)။ ပစ္စေကဗုဒ္ဓါတို့၏ အရိုးတို့သည် ချွန်း,ချွန်းချင်းချိတ်၍ တည်သကဲ့သို့ တည်ကြကုန်၏။ (ချိတ်ဆက်ဟု ဆိုလိုသည်။) မြတ်စွာဘုရားတို့၏ အရိုးတော်တို့သည်ကား ထိုကဲ့သို့ မဟုတ်ကုန်၊ မြတ်စွာဘုရားရှင်တို့၏ အရိုးတော်တို့မှာ သံကြိုး သံခြေကျဉ်းများကဲ့သို့ အချင်းချင်း တစပ်တည်း

စာ ၃၇၅

ဖွဲ့စပ်တည်နေကြကုန်၏၊ (ကွင်းဆက်ဟု ဆိုလိုသည်)။ လက်မောင်းလက်ရုံးရိုးဆက် အစရှိသည့် အရိုးဆက်ကြီး ၁၂-ပါး, လက်ချောင်း ခြေချောင်း အရိုးဆက်ငယ်များကို ချန်၍ ကျန်သော (မြတ်စွာဘုရားရှင်တို့၏) အရိုးဆက်တို့မှာ ကွင်းဆက်သာ ဖြစ်ကြကုန်၏။ ထို့ကြောင့်ပင် ထိုမြတ်စွာဘုရားတို့၏ ပကတိ ကိုယ်တော်အားသည် ကာဠာဝကခေါ်သော ပကတိဆင်ပြောင် ကုဋေတထောင်အား မဇ္ဈိမပုရိသ ကုဋေတသောင်းအားပမာဏ ရှိလေသည်။

ထိုသို့ မြတ်စွာဘုရားရှင်တို့၏ အရိုးတော်တို့မှာ ကွင်းဆက်ကသာ များသောကြောင့် မြတ်စွာဘုရားရှင်တို့ နောက်သို့ပြန်၍ ကြည့်တော်မူလိုသော အခါ၌ လည်တိုင်တော်ချည်းသက်သက် လှည့်၍ မကြည့်ရှုနိုင်၊ စင်စစ်သော်ကား ဆင်ပြောင်ကြီးသည် နောက်သို့ပြန်၍ ကြည့်လိုလတ်သော် တကိုယ်လုံး ပြန်လှည့်၍ ကြည့်သကဲ့သို့ မြတ်စွာဘုရားရှင်တို့သည်လည်း ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူကြရလေသည်။

ဤအရာ၌ကား ဝေသာလီပြည် တံခါးဝ၌ ရပ်တည်တော်မူ၍ ဝေသာလီပြည်ကို ကြည့်ရှုတော်မူလိုသောစိတ် မြတ်စွာဘုရားရှင် သန္တာန်တော်၌ ဖြစ်လျှင်ပင် ဤမဟာပထဝီမြေကြီးသည် “မြတ်စွာဘုရား.. ကမ္ဘာကုဋေ ထောင်ပေါင်းများစွာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့သော အရှင်မြတ်ဘုရားတို့သည် လည်တိုင်တော်ကိုလှည့်၍ ကြည့်ရှုရမည့်ကံကို (လူသာမန်တို့ကဲ့သို့) ပြုတော်မူခဲ့ကြသည် မဟုတ်ပါဘုရား”ဟု လျှောက်ထား ပြောဆိုသည့်အလား အိုးထိန်းစက် (=အိုးလုပ်သူတို့၏ အိုးပြုလုပ်သော ဘီး)ပမာ ချာချာလည်၍ မြတ်စွာဘုရားရှင်ကို ဝေသာလီပြည်ဖက်သို့ မျက်နှာတော် မူပြီးသားဖြစ်အောင် ပြုလုပ်လေသည်။ ။ထိုသို့ဖြစ်လျှင် “ဤယခု ဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းသည် နာဂါပလောကိတ = ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါလှည့်၍ ကြည့်ရှုတော်မူခြင်း အဘယ်သို့ ဖြစ်နိုင်အံ့နည်း”ဟု မေးရန်ရှိပြန်၏။ အဖြေကား - ထိုအချိန်၌ မြတ်စွာဘုရားရှင်က ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ လှည့်၍ ကြည့်ရှုတော်မူလိုသည်၊ သို့သော်လည်း ကိုယ်တော်မြတ်၏ ကောင်းမှုတေဇော် အာနုဘော်ကြောင့် ကိုယ်တော်မြတ် ရပ်တည်ရာ မဟာပထဝီ ဤမြေကြီးက သူ့အလိုလို လည်၍ ပေးရလေသည်၊ သို့ရကား ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ လှည့်၍ ကြည့်ရှုတော်မူလိုသော မြတ်စွာဘုရား၏ အလိုတော်ကို အစွဲပြုကာ ဤယခု ဝေသာလီပြည်ကို ကြည့်ရှုတော်မူခြင်းကို “နာဂါပလောကိတ = ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကို လှည့်၍ ကြည့်ရှုတော်မူခြင်း”ဟု ဟောဆိုအပ်လေသည်။

စာ ၃၇၆

ဤ၌ မေးမြန်းဖွယ် ရှိလာပြန်သည်မှာ “ဤယခု ဝေသာလီပြည်မှ ထွက်သောအခါ မှာသာ ထိုပြည်ကို နောက်ဆုံး ကြည့်ရှုတော်မူခြင်း ဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား သာဝတ္ထိပြည်, ရာဇဂြိုဟ်ပြည်, နာဠန္ဒမြို့, ပါဋလိရွာ, ကောဋိရွာ, နာတိကရွာငယ်တို့မှ ဤယခု နောက်ဆုံး ထွက်ကြွတော်မူသော အခါမှာလည်း ထိုပြည် ထိုမြို့ ထိုရွာများကို ကြည့်ရှုတော်မူခြင်း အားလုံးသည်ပင် နောက်ဆုံး ကြည့်ရှုတော်မူခြင်းဖြစ်သည် မဟုတ်လော၊ ထိုသို့ဖြစ်လျက် ထိုပြည် ထိုမြို့ ထိုရွာတို့၌ကား အဘယ့်ကြောင့် ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်တော်မူခြင်းမျိုးကို ကြည့်တော်မမူပါသနည်း”ဟု မေးဖွယ်ရှိလာပြန်၏။

အဖြေကား- ထိုထိုမြို့ပြ ပြည်ရွာတိုင်းမှာ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူနေလျှင် ထိုသို့ ကြည့်ရှုတော်မူခြင်းသည် အံ့ဩဖွယ် မဟုတ်တော့ချေ။ ထို့ကြောင့် ထိုပြည် ထိုမြို့ ထိုရွာတို့၌ ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်တော်မူမှုကို ပြုတော်မမူချေ။

အဖြေတနည်း (လိုရင်း)ကား ထိုအချိန်မှာ ဝေသာလီပြည် လိစ္ဆဝီမင်းတို့အား ပျက်စီးရန် အချိန်အခါ နီးကပ်နေလေပြီ၊ ထိုအချိန်မှနောက် သုံးနှစ်မြောက်အထက်၌ အဇာတသတ်မင်းဖျက်၍ ပျက်စီးကြလိမ့်မည် ဖြစ်သည်။ သို့ဖြစ်၍ “ဤသို့ ဆင်ပြောင်ကြီးပမာ ကိုယ်တော်ကိုပါ ပြန်လှည့်၍ ကြည့်ရှုတော်မူလျှင် ထိုလိစ္ဆဝီမင်းတို့သည် ဝေသာလီပြည် တံခါးဝ၌ ထိုဆင်ပြောင်ကြီးကဲ့သို့ ကြည့်ရှုတော်မူရာဌာနကို “နာဂါပလောကိတ = ဆင်ပြောင်ပြန်ကြည့်” အမည်ရှိသော စေတီတော်ကို တည်ထားကြ၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်ကြလိမ့်မည်။ ထိုသို့ ပူဇော်ခြင်းသည် ထိုလိစ္ဆဝီမင်းတို့အဖို့ရာ ကာလရှည်မြင့်စွာ စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင် အကျိုးထူးကို သိမြင်တော်မူသဖြင့် ထိုလိစ္ဆဝီမင်းတို့အား သနားစောင့်ရှောက် ချီးမြှောက်တော်မူလိုသောကြောင့် ဝေသာလီပြည်ကိုသာ ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်တော်ကို ပြန်လှည့်၍ ကြည့်တော်မူသည်။ ဤကား အဖြေတည်း)။

ဘဏ္ဍုရွာ၌ တရားဟောခြင်း

ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် ဘဏ္ဍုရွာသို့ ကြွရောက်တော်မူ၍ ထိုရွာ၌ သီတင်းသုံး

စာ ၃၇၇

နေတော်မူ၏။ ထိုရွာ၌ နေတော်မူစဉ် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့မိန့်ကြား တရားဟောတော်မူ၏-

“ရဟန်းတို့.. တရားလေးပါးတို့ကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။ တရားလေးပါးတို့ ဟူသည်မှာ-

၁-ရဟန်းတို့.. မြတ်သော အရိယသီလကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။

၂-ရဟန်းတို့.. မြတ်သော အရိယသမာဓိကို (ပ)။ ။၃-ရဟန်းတို့.. မြတ်သော အရိယပညာကို (ပ)။ ။၄-ရဟန်းတို့.. မြတ်သော လွတ်မြောက်မှု = အရိယဝိမုတ္တိကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် လျော်ကန်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါဘုရားသည်၎င်း သင်ချစ်သားတို့သည်၎င်း ဤမျှ ရှည်လျားလှစွာ သံသရာကာလပတ်လုံး ကျင်လည်ပြေးသွား ကျက်စားခဲ့ရလှလေပြီ။

ရဟန်းတို့.. ငါဘုရားသည် ထိုမြတ်သော အရိယသီလကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ။ ထိုမြတ်သော အရိယသမာဓိကို (ပ)၊ ထိုမြတ်သော အရိယပညာကို (ပ)၊ ထိုမြတ်သော လွတ်မြောက်မှု = အရိယဝိမုတ္တိကို လျော်ကန်စွာ သိအပ်ပြီ၊ ထိုးထွင်း၍ သိအပ်ပြီ။ ဘဝ၌တပ်မက်ခြင်း = ဘဝတဏှာကို အမြစ်ပြတ် ဖြတ်အပ်ပြီ။ ဘ၀သစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူစွာ

စာ ၃၇၈

ဘဝတဏှာသည် ငါဘုရားသန္တာန်၌ ကုန်ခဲ့လေပြီ။ ယခုအခါ တဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ”-

ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ဆက်၍ မိန့်တော်မူပြန်သည်မှာ-

သီလံ သမာဓိ ပညာ စ၊ ဝိမုတ္တိ စ အနုတ္တရာ။

အနုဗုဒ္ဓါ ဣမေ ဓမ္မာ၊ ဂေါတမေန ယသဿိနာ။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ အနုတ္တရာ = အတုမရှိ လွန်မြတ်ဘိသော။ သီလဉ္စ = အရိယသီလကို၎င်း။ သမာဓိ စ = အရိယသမာဓိကို၎င်း။ ပညာ စ = အရိယပညာကို၎င်း။ ဝိမုတ္တိ စ = အရိယဝိမုတ္တိကို၎င်း။ ဣမေ ဓမ္မာ = ဤတရားအစုတို့ကို။ ယသဿိနာ = များသော အခြံအရံ ရှိတော်မူသော။ ဂေါတမေန = ဂေါတမနွယ်ဖွား ရှင်တော်ဘုရားသည်။ အနုဗုဒ္ဓါ = မဖောက်မပြန် အမှန်အတိုင်း သိအပ်ကုန်ပြီ။

ဣတိ ဗုဒ္ဓေါ အဘိညာယ၊ ဓမ္မမက္ခာသိ ဘိက္ခုနံ။

ဒုက္ခဿန္တကရော သတ္ထာ၊ စက္ခုမာ ပရိနိဗ္ဗုတော။

ဣတိ = ဤသို့။ ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ အဘိညာယ = ထူးသောဉာဏ်ဖြင့် အမှန်သိမြင်တော်မူ၍။ ဘိက္ခုနံ = ရဟန်းတို့အား။ ဓမ္မံ = နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို။ အက္ခာသိ = ကရုဏာရှေ့ထား ဟောကြားတော်မူလေပြီ။ စက္ခုမာ = ဗုဒ္ဓ, ဓမ္မ သမန္တနှင့် မံသ, ဒိဗ္ဗာ = ငါးဖြာသောစက္ခုနှင့် တုမဲ့ကုံလုံ ပြည့်စုံတော်မူသော။ ပရိနိဗ္ဗုတော = ကိလေသာခပ်သိမ်း ငြိမ်းအေး တော်မူပြီးသော။ သတ္ထာ = လူနတ်တို့ဆရာ မြတ်စွာဘုရားသည်။ ဒုက္ခဿန္တကရော = ကိုယ်တော့်သန္တာန် သူ့သန္တာန်ဝယ် သံသရာဝဋ်ဒုက္ခ ဟူသမျှတို့ လုံးဝပျက်ပြုန်း ဆုံးအောင်ပြုတော်မူခဲ့လေပြီ” -

ဟူသော ဤစကားကိုလည်း မိန့်ကြားတော်မူပြန်၏။

စာ ၃၇၉

မြတ်စွာဘုရားရှင်သည် ထိုဘဏ္ဍုရွာ၌ နေတော်မူစဉ်လည်း ရှေးဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန်အချိန် နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သောသမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏၊ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသောအကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဟောတော်မူ၏။

ဘောဂမြို့၌ မဟာပဒေသလေးပါးကို ဟောကြားတော်မူခြင်း

ထိုအခါ မြတ်စွာဘုရားရှင်သည် ဘဏ္ဍုရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို “အာနန္ဒာ.. လာ, သွားကြကုန်စို့၊ ဟတ္ထိရွာ (ပ)၊ အမ္ဗရွာ (ပ)၊ ဇမ္ဗုရွာ (ပ)၊ ဘောဂမြို့သို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ မြတ်စွာ ဘုရား..”ဟု အရှင်အာနန္ဒာမထေရ်သည်လည်း မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဝန်ခံစကား ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံလျက် ဘောဂမြို့သို့ ကြွရောက်တော်မူ၍ ထိုဘောဂမြို့ အာနန္ဒစေတီ၌ သီတင်းသုံး နေတော်မူ၏။ ထိုအာနန္ဒစေတီ၌ သီတင်းသုံး နေတော်မူစဉ် မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား မဟာပဒေသလေးပါး (=ဂုဏ်ကြီးသူတို့ကို ကိုးကား၍ ပြောဆိုသော တရားစကားတို့ကို အမှားအမှန် ဝေဘန်ဆုံးဖြတ်ရန် နည်းညွှန်းဥပဒေသ လေးပါး)တို့ကို ဟောကြားတော်မူသည်မှာ-

(၁) ရဟန်းတို့.. ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

စာ ၃၈၀

“ငါ့ရှင်တို့.. ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

ရဟန်းတို့.. ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်၊ ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ရှေးဦးစွာသော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

(၂) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

စာ ၃၈၁

“ဤမည်သော ကျောင်းတိုက်၌ အကြီးအမှူး မထေရ်နှင့် တကွသော သံဃာသည် နေထိုင်လျက်ရှိ၏၊ ငါသည် ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရ, ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ထိုသံဃာ၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. နှစ်ခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

(၃) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

စာ ၃၈၂

“ဤမည်သော ကျောင်းတိုက်၌ အကြားအမြင်လည်း များကုန်သော, ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ကုန်သော, တရားတော် ဝိနည်းတော်ကိုလည်း ဆောင်ကုန်သော, ပါတိမောက်ကိုလည်း ဆောင်ကုန်သော များစွာသော မထေရ်ရဟန်းတို့သည် နေထိုင်လျက် ရှိကြပါ၏။ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု ပြောဆိုငြားအံ့။

ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. သုံးခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

စာ ၃၈၃

(၄) ရဟန်းတို့.. ထို့ပြင် ဤသာသနာ၌ တစုံတယောက်သော ရဟန်းသည် ဤသို့ ပြောဆိုငြားအံ့-

“ဤမည်သော ကျောင်းတိုက်၌ အကြားအမြင်လည်း များသော, ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်သော, တရားတော် ဝိနည်းတော်ကိုလည်း ဆောင်သော, ပါတိမောက်ကိုလည်းဆောင်သော တဦးသော မထေရ်သည် နေထိုင်လျက်ရှိပါ၏။ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း” ဟု ပြောဆိုငြားအံ့။

ရဟန်းတို့.. ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်းမခံသေးပဲ ပယ်လည်း မပယ်သေးပဲ ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်”ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် “ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်”ဟု ဤအရာ၌

စာ ၃၈၄

ဆုံးဖြတ်ကြရမည်။ ရဟန်းတို့.. လေးခုမြောက်ဖြစ်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော့။

ရဟန်းတို့.. ဤမဟာပဒေသ လေးပါးတို့ကို မှတ်သားထားကြကုန်လော့ဟု မိန့်တော်မူ၏။

ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်

(ဤအရာ၌ ပြိုးပြွမ်းမှတ်ဖွယ် အဓိပ္ပါယ်ကို အဋ္ဌကထာ၌ ညွှန်ပြသည့်အတိုင်း သိသာရုံ ဖော်ပြဦးအံ့-

ဤ၌ (၁) ဤယခု သုတ္တန်ပိဋက၌လာသော မဟာပဒေသကြီး လေးပါး, (၂) ဝိနည်းမဟာဝါ ပါဠိတော်၌လာသော မဟာပဒေသကြီး လေးပါး, (၃) “ဧကံ, ဝိဘဇ္ဇ, ပဋိ, ဌ = လေးဝဗျာကရဏာ” ဟူသောအတိုင်း အမေးပုစ္ဆာကို ဖြေဆိုကြောင်း အဖြေလေးမျိုး, (၄) ဝိနယလေးပါး, (၅) သင်္ဂါယနာသုံးတန် တည်းဟူသော ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်ကို နားလည်သိရှိရာ၏။

၁-သုတ္တန်ပိဋကလာ မဟာပဒေသလေးပါး

ရှေးဖော်ပြအပ်ပြီးသောအတိုင်း သုတ္တန်ပိဋကလာ မဟာပဒေသ လေးပါးတို့ကို သိရှိရာ၏။

၂-ဝိနည်းပိဋကလာ မဟာပဒေသလေးပါး

ဝိနည်းပိဋကလာ မဟာပဒေသ လေးပါးတို့ ဟူသည်မှာ (ဝိနည်းမဟာဝါ ပါဠိတော်၊ ၆-ဘေသဇ္ဇက္ခန္ဓက၊ စာမျက်နှာ ၃၄၈-၉-တို့၌လာသော) “(က) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်”ဟု မပယ်မြစ်အပ်၊ ထိုအရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ မအပ်စပ်သည့်ဖက်သို့ ညီလျော်လျက် အပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။ (ခ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်”ဟု မပယ်မြစ်အပ်၊ ထိုအရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ အပ်စပ်သည့်ဖက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။ (ဂ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် “ဤအရာဝတ္ထုသည် အပ်စပ်၏”ဟု ခွင့်မပြုအပ်၊ ထိုခွင့်မပြုအပ်သော

စာ ၃၈၅

အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ မအပ်စပ်သည့်ဖက်သို့ ညီလျော်လျက် အပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။ (ဃ) ရဟန်းတို့.. အကြင်အရာဝတ္ထုကို ငါဘုရားသည် “ဤအရာဝတ္ထုသည် အပ်စပ်၏”ဟု ခွင့်မပြုအပ်၊ ထိုခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ အပ်စပ်သည့်ဖက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဖက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏”ဟူ၍ ဟောတော်မူအပ်သော ဥပဒေသကြီး လေးချက်ဖြစ်သည်။

၃-အဖြေလေးမျိုး

“ဧကံ, ဝိဘဇ္ဇ, ပဋိ, ဌ = လေးဝဗျာကရဏာ”ဟူသော လင်္ကာဆောင်ပုဒ်အတိုင်း (အမေးပုဂ္ဂိုလ်၏ သိလိုရေးဖြင့် မေးအပ်သော အနက်ကို ပဉှ = ပြဿနာ = အမေးဟု ခေါ်သည်၊ ထိုအမေးကို ဖြေဆိုခြင်းကို ပဉှဗျာကရဏဟူ၍ ခေါ်သည်၊ ထိုအမေး အဖြေသည်)-

(က) ဧကံသဗျာကရဏီယအမေး = တခွန်းတည်း တချက်တည်း ဖြေဆိုရမည့် အမေးမျိုး, ဧကံသဗျာကရဏအဖြေ = တခွန်းတည်း တချက်တည်း ဖြေဆိုရသည့် အဖြေလည်း တမျိုး (ဥပမာ “စက္ခုသည် အနိစ္စလော”ဟု မေးအပ်လျှင် “အိမ်း.. ဟုတ်သည် စက္ခုသည် အနိစ္စတည်း”ဟု တခွန်းတည်း တချက်တည်း ဖြေဆိုရသည်။ ဤအမေးအဖြေမျိုးကို ဧကံသဗျာကရဏီယအမေး, ဧကံသဗျာကရဏအဖြေဟု ခေါ်၏)။

(ခ) ဝိဘဇ္ဇဗျာကရဏီယအမေး = ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရမည့် အမေးမျိုး, ဝိဘဇ္ဇဗျာကရဏအဖြေ = ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရသည့် အဖြေလည်း တမျိုး (ဥပမာ “အနိစ္စတရားဟူသည် စက္ခုသာလျှင်လော”ဟု မေးအပ်လျှင် “အနိစ္စတရားကား စက္ခုတပါးသာလျှင် မဟုတ်ပေ၊ သောတလည်း အနိစ္စ၊ ဃာနလည်း အနိစ္စ၊ ဇိဝှါလည်း အနိစ္စ ဖြစ်သည်” ဤသို့စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဖြေဆိုရသည်။ ဤအမေးအဖြေမျိုးကို ဝိဘဇ္ဇဗျာကရဏီယအမေး, ဝိဘဇ္ဇဗျာကရဏအဖြေဟု ခေါ်၏)။

(ဂ) ပဋိပုစ္ဆာဗျာကရဏီယအမေး = မေးမြန်းသူကို တဖန်ပြန်၍ မေးပြီးမှ ဖြေဆိုရမည့် အမေးမျိုး, ပဋိပုစ္ဆာဗျာကရဏအဖြေ = မေးမြန်းသူကို

စာ ၃၈၆

တဖန်ပြန်၍ မေးပြီးမှ ဖြေဆိုရသည့် အဖြေမျိုးလည်း တမျိုး, (ဥပမာ “စက္ခုကဲ့သို့ပင် သောတကို မှတ်ရပါမည်လော၊ သောတကဲ့သို့ပင် စက္ခုကို မှတ်ရပါမည်လော”ဟု မေးအပ်လျှင် ထိုမေးမြန်းသူကို တဖန် ပြန်၍ “အဘယ်အနက်သဘောကို ရည်စူး၍ မေးသနည်း”ဟု မေးရပြန်သည်၊ ထိုမေးမြန်းသူက “မြင်မှုအနက်သဘောကို ရည်စူး၍ မေးပါသည် = စက္ခုကဲ့သို့ပင် သောတသည်လည်း မြင်တတ်သလောဟု မေးပါသည်”ဟု ဆိုခဲ့လျှင် “နဟိ = မဟုတ်ပါ”ဟု ဖြေဆိုရသည်။ ထိုမေးမြန်းသူက“ အနိစ္စအနက်သဘောကို ရည်စူး၍ မေးပါသည် = စက္ခုကဲ့သို့ပင် သောတသည်လည်း အနိစ္စဖြစ်သလောဟု မေးပါသည်”ဟု ဆိုခဲ့လျှင် “အာမ = အိမ်း.. ဟုတ်သည် စက္ခုကဲ့သို့ပင် သောတသည်လည်း အနိစ္စဖြစ်သည်”ဟု ဖြေဆိုရသည်။ ဤအမေး,အဖြေမျိုးကို ပဋိပုစ္ဆာကရဏီယအမေး, ပဋိပုစ္ဆာဗျာကရဏ အဖြေဟု ခေါ်၏)။

(ဃ) ဌပနီယအမေး = အဖြေမပေးပဲ လျစ်လျူရှုကာ ထားရသော အမေးမျိုး, ဌပနီယအဖြေ = အဖြေစကားဟူ၍ သီးခြားမပြောရပဲ မဖြေပဲ ထားလိုက်ခြင်းသည်ပင် အဖြေမည်သော ဌပနီယ အဖြေမျိုးလည်း တမျိုး၊ (ဥပမာ အတ္တဒိဋ္ဌိနယ်ပယ်၌ ဇီဝ = လိပ်ပြာဟူသော ဝေါဟာရ, သရီရ = ကိုယ်ဟူသော ဝေါဟာရရှိသည်၊ ထိုဇီဝ, သရီရ = နှစ်မျိုးလုံးပင် ပရမတ္ထအားဖြင့် တရားသားမရကောင်းသော အရာများ ဖြစ်ကြသည်။ ထို့ကြောင့် “ဇီဝ = လိပ်ပြာသည်ပင် သရီရ = ကိုယ်မည်သလော (ဝါ) ဇီဝ = လိပ်ပြာနှင့် သရီရ = ကိုယ်ဟူသည် တခုတည်းလော”ဟု မေးခဲ့လျှင် (လောက၌ မိန်းမမြုံသားဟူသည် မရှိချေ။ မရှိပါပဲလျက် “မိန်းမမြုံသားသည် အမိအပေါ်၌ ကောင်းမွန်ရိုသေစွာ ကျင့်ကြံပါ၏လော”ဟု မေးသော အမေးမျိုးကို အဖြေစကား မပြောပဲ လျစ်လျူရှုကာသာ ထားလိုက်ရသကဲ့သို့ ဤအတူပင်) ယခုအမေး၌လည်း ဇီဝ = လိပ်ပြာဟူသည် ပရမတ္ထအားဖြင့် တရားသားမရကောင်းသော အရာဖြစ်သောကြောင့် “ဤဇီဝ = လိပ်ပြာကို ရှိ၏ဟူ၍ ဘုရားရှင် မဟော”ဟု သိရှိကာ ထိုအမေးကို မဖြေပဲ ထားရ၏၊ ထိုသို့ မဖြေပဲ ထားလိုက်ခြင်းသည်ပင် အဖြေမည်လေတော့၏။ ဤအမေး, အဖြေမျိုးကို ဌပနီယအမေး, ဌပနီယအဖြေဟု ခေါ်၏)။ ဤသို့ အမေးလေးမျိုး, အဖြေလေးမျိုးရှိသည်။

စာ ၃၈၇

(၄) ဝိနယလေးပါး

၁-သုတ္တ = ပိဋကသုံးပုံကို ခေါ်သည်။။ ၂-သုတ္တာနုလောမ = ရှေးဖော်ပြရာပါ ဝိနည်း၌လာသော မဟာပဒေသလေးပါးနှင့် သုတ္တန်၌လာသော မဟာပဒေသလေးပါးတို့ကို ခေါ်သည်။ ၃-အာစရိယဝါဒ = မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်က ထိုထိုအရပ်ဒေသ၌ အနက်အဓိပ္ပါယ် သဘောအနေအားဖြင့် ဟောကြားအပ်သော ပကိဏ္ဏက ဒေသနာတော်ကို (ပါဠိပိဋကကို ဖွင့်ပြဟောဆိုကြောင်း ဖြစ်သောကြောင့်) အဋ္ဌကထာဟု ခေါ်သည်၊ ထိုအဋ္ဌကထာကို သံဂါယနာ မထေရ်မြတ်တို့သည် ရှေးဦးစွာ ပိဋကသုံးပုံကို သံဂါယနာတင်ပြီးနောက် ထိုပိဋကတော်၏ အနက်အဖွင့်အားလျော်စွာ သင်ကြားရိုး = ဝါစနာမဂ္ဂသို့ တင်ထားအပ်လေသည်၊ ထိုအဋ္ဌကထာ = ပကိဏ္ဏကဒေသနာကိုပင် (ဆရာတို့ ပါဠိပိဋကကို ဖွင့်ပြပြောဆိုကြောင်း ဖြစ်သောကြောင့်) အာစရိယဝါဒဟူ၍ ခေါ်သည်။ ယင်း အာစရိယဝါဒ, အဋ္ဌကထာ, ပကိဏ္ဏကဒေသနာ = သုံးမည်ရသော စကားအစဉ်ကို အရှင်မဟာမဟိန္ဒ မထေရ်သည် သီဟိုဠ်ကျွန်းသို့ ဆောင်ယူအပ်ခဲ့လေသည်။ ၎င်းကို နောက်တချိန်၌ သီဟိုဠ်ကျွန်းသား မထေရ်များသည် ဂိုဏ်းတပါးအယူနှင့် ရောယှက်ရှုပ်ထွေးမှု မရှိစေရန် သီဟိုဠ်ဘာသာဖြင့် အက္ခရာတင်ထားကြလေသည်။ အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် ယင်း သီဟိုဠ်ဘာသာ အဋ္ဌကထာ (=မူလ ပကိဏ္ဏကဒေသနာ)ကိုပင် အထပ်ထပ်လာသော အရာများကို ချုံးလျက်၎င်း, သူ့ပိဋက သူ့နေရာနှင့်သူ သံဝဏ္ဏေတဗ္ဗ သံဝဏ္ဏနာ တွဲဖက်သန့်လျက်၎င်း, အချို့ အချို့ နေရာတို့၌ သင့်လျော်ရာ ထေရဝါဒများကို (အတ္တနောမတိများကို) ဖော်ပြလျက်၎င်း (သီဟိုဠ်အဋ္ဌကထာကို မာဂမီဘာသာပြန်ဆိုလျက်) အဋ္ဌကထာသစ်ကို ပြုစီရင်တော်မူသည်။ ထို့ကြောင့် ဤယခု ဝိနယလေးပါး၌ ၃-ခုမြောက် အာစရိယဝါဒ ဟူသည်မှာ ယနေ့မျက်မြင် ညွှန်ပြရလျှင် အဋ္ဌကထာကိုပင် ညွှန်ပြရပေမည်။ ၄-အတ္တနောမတိ = သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒ တည်းဟူသော ရှေ့သုံးပါးမှ ရရှိသော နည်းကိုယူလျက် ထိုသုံးပါးသို့ အစဉ်လျှောက်သော ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဘန်ဆင်ခြင်၍ သိရှိအပ်သော အနက်သဘော (ထေရဝါဒ)များကို ခေါ် သည်။ ဤသို့လျှင် သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒ, အတ္တနောမတိ တည်းဟူသော ဝိနယလေးပါးကို သိမှတ်ရာ၏။

စာ ၃၈၈

(၅) သံဂါယနာသုံးတန်

၁-အရှင်မဟာကဿပမထေရ် ဦးစီး၍ ရဟန္တာငါးရာတို့ ပဌမအကြိမ် တင်အပ်သော ပဉ္စသတိကသံဂါယနာ, ၂-အရှင်မဟာယသထေရ် အကျိုးဆောင်လျက် ရဟန္တာခုနစ်ရာတို့ ဒုတိယအကြိမ် တင်အပ်သော သတ္တသတိကသံဂါယနာ, ၃-အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် ဦးစီး၍ ရဟန္တာတထောင်တို့ တတိယအကြိမ် တင်အပ်သော သဟဿိကသံဂါယနာ = ဤသို့အားဖြင့် တရားဝင် သံဂါယနာကြီး သုံးမျိုးရှိလေသည်။ ။ဤသို့ ရှေးဦးစွာ (၁) သုတ္တန်လာ မဟာပဒေသလေးပါး, (၂) ဝိနည်းလာ မဟာပဒေသလေးပါး, (၃) အမေးအဖြေလေးပါး, (၄) ဝိနယလေးပါး, (၅) တရားဝင် သံဂါယနာကြီးသုံးတန်ကို မှတ်သားရာ၏။

ထို့နောက်မှ (၁) “ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း”ဟု တဦးတယောက်သော ရဟန်းက မြတ်စွာဘုရားကိုဖြစ်စေ သံဃာကိုဖြစ်စေ မထေရ်အများကိုဖြစ်စေ မထေရ်တပါးကိုဖြစ်စေ ကိုးကား၍ ပြောဆိုသဖြင့် ဓမ္မဝိနယဟုတ်-မဟုတ် ဆုံးဖြတ်ရန် အခွင့်ကြုံလာလျှင် သုတ္တန်ကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ် ရမည်။ ဤမဟာပဒေသလေးပါးတို့၌ ညီညွတ်သောစကားကိုသာ အမှန်ဟူ၍ မှတ်ယူရာ၏။ မညီညွတ်သော စကားဖြစ်ခဲ့လျှင် စကားရှင် ရဟန်းက မည်မျှပင် နှုတ်သရမ်း၍ မြည်တမ်းပြောဆိုစေကာမူ အမှန်ဟူ၍ မမှတ်ယူရ။

(၂) “ဤအမှုသည် အပ်စပ်၏၊ ဤအမှုသည် မအပ်စပ်”ဟူ၍ အပ်မှု, မအပ်မှုနှင့်စပ်၍ ဆုံးဖြတ်ဖွယ်အခွင့် ကြုံကြိုက်လာလျှင် ဝိနည်း မဟာဝါပါဠိတော်လာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ်ရမည်။ (ထိုဝိနည်းကျမ်းလာ မဟာပဒေသ လေးပါးတို့၏ အနက်အဓိပ္ပါယ် အကျယ်ကို ဝိနည်းအဋ္ဌကထာမှ ထုတ်ယူမှတ်သား ရာ၏) ထိုဝိနည်းကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်၍ အပ်စပ်သည့်ဘက်သို့ ညီလျော်သောအမှုကိုမှ “ဤအမှုသည် အပ်စပ်၏”ဟူ၍ ဆုံးဖြတ်ရ၏။ ထိုသို့ ဝိနည်းကျမ်းလာ မဟာပဒေသလေးပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်၍ မအပ်စပ်သည့်ဘက်သို့ ညီလျော်နေသော အမှုမျိုးဖြစ်ခဲ့လျှင် “ဤအမှုသည် မအပ်စပ်”ဟူ၍ ဆုံးဖြတ်ရ၏။

စာ ၃၈၉

(၃) ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း တရားသဘောနှင့်စပ်၍ အမေးပုစ္ဆာ ပြဿနာ ပေါ်ပေါက်လာလျှင် အမေးလေးပါးနှင့် လိုက်လျောညီညွတ်အောင် အဖြေလေးမျိုးဖြင့် ဖြေဆိုရာ၏။

(၄) သုတ္တ-စသော ဝိနည်းလေးပါးတို့အနက် တဖက်ပုဂ္ဂိုလ် တင်ပြကိုးကားသော စကားသည် တရားဝင် သံဂါယနာကြီးသုံးတန်၌ တင်အပ်သည့် ပိဋကသုံးပုံ တည်းဟူသော သုတ္တ-စကားဖြစ်ခဲ့လျှင် ထိုစကားကို မပယ်မြစ်အပ်၊ ထိုသုတ္တ-စကားကို ပယ်မြစ်လျှင် ဘုရားရှင်ကိုပင် ပယ်မြစ်အပ်သည် မည်လေတော့၏။ တဖက်ပုဂ္ဂိုလ် တင်ပြသောစကားသည် သုတ္တာနုလောမ ဖြစ်ခဲ့လျှင် ထိုစကားကို သုတ္တ-ခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ လက်ခံမှတ်ယူရာ၏၊ မညီညွတ်လျှင် မမှတ်ယူရာ။ အာစရိယဝါဒ = ပကိဏ္ဏကဒေသနာ = အဋ္ဌကထာကိုလည်း အဋ္ဌကထာဆိုတိုင်း ဧကန်မှန်ပြီဟု မမှတ်ယူရာ၊ ယင်း အာစရိယဝါဒ= ပကိဏ္ဏကဒေသနာ = အဋ္ဌကထာမှာလည်း ပမာဒပါဌ ပမာဒလေခ (=မေ့လျော့၍ ရွတ်ဆိုမှု မေ့လျော့၍ ရေးသားမှု) အနေအားဖြင့် တရံတခါ ပါဠိပိဋကနှင့် မနှီးနှောမိသောအရာလည်း ရှိနိုင်၏။ ထို့ကြောင့် ထိုအာစရိယဝါဒကိုလည်း သုတ္တ-ခေါ်သော “ပါဠိတော်နှင့် ညှိနှိုင်း၍ ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏၊ ပမာဒပါဌ ပမာဒလေခဖြစ်၍ သုတ္တ = ပါဠိတော်နှင့် မညီညွတ်လျှင် အမှန်ဟု မမှတ်ယူရာ။ အတ္တနောမတိ (=ထိုထိုမထေရ်တို့၏ အယူအဆဝါဒ)ကား အလုံးစုံအောက် အားနည်းလှ၏၊ ထိုအတ္တနောမတိကိုလည်း သုတ္တ = ပါဠိတော်နှင့် ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏။ မညီညွတ်လျှင် အမှန်ဟု မမှတ်ယူရာ။

(၅) ပုဂ္ဂိုလ်တဦးတယောက် ကိုးကားတင်ပြသော ပါဠိသည် “သံဂါယနာတင်ပါဠိ ဖြစ်ပါသည်”ဟု ဆိုစေကာမူ ရှေးဖော်ပြရာပါ တရားဝင် သံဂါယနာကြီးသုံးရပ်၌ တင်အပ်သည့် ပါဠိဖြစ်မှသာ ပမာဏဂရု အလေးပြု၍ မှတ်ယူရာ၏။ ဤသံဂါယနာကြီး သုံးတန်၌ မတင်အပ်သည့် သုတ္တန်မျိုးဖြစ်က ကဲ့ရဲ့အပ်သည့် သုတ္တသာဖြစ်၍ အမှန်ဟု မမှတ်ယူရ။ ။ဤကား ပြိုပြွမ်းမှတ်ဖွယ် ပကိဏ္ဏက အဓိပ္ပါယ်တည်း)။

မြတ်စွာဘုရားရှင်သည် ထိုဘောဂမြို့ အာနန္ဒစေတီ၌ နေတော်မူစဉ်လည်း ရှေး ဖော်ပြရာပါအတိုင်း ပရိနိဗ္ဗာန် စံလွန်တော်မူရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် ရဟန်းတို့ကို

စာ ၃၉၀

ဆုံးမတော်မူလတ်သည်ရှိသော် ဤဆိုလတ္တံ့သော တရားစကားကိုသာ ရဟန်းတို့အား အကြိမ်များစွာ ဟောကြားတော်မူ၏-

“ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလ၌တည်၍ ဖြစ်စေအပ်သော သမာဓိသည် များသော အကျိုး, အာနိသင်ရှိ၏။ သမာဓိ၌တည်၍ ဖြစ်စေအပ်သော ပညာသည် များသော အကျိုး, အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သော စိတ်သည် ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝ တည်းဟူသော အာသဝတရားတို့မှ အရိပ်အမြွက်မျှ မကျန်ရအောင် ကောင်းစွာပင်လျှင် လွတ်မြောက်၏”ဟု ဟောတော်မူ၏။

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၅၊ စာ ၂၈၈)