မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၃၊ အခဏ်း-၂၂၊ စာမျက်နှာ ၂၈၉–၃၄၅
သူဌေးသား ဂျွမ်းသမား ဥဂ္ဂသေနအကြောင်း
မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ငါးရာသော ကခြေသည် ဇာတ်အဖွဲ့ကြီးသည် တနှစ် (သို့မဟုတ်) ခြောက်လမြောက် ရောက်လတ်သောအခါ ရာဇဂြိုဟ်ပြည်သို့ သွားရောက်၍ မင်းကြီး၏ ရှေ့တော်မှောက်ဝယ် ခုနစ်ရက်တိုင်တိုင် ကပွဲသဘင် ကျင်းပ၍ များစွာသော ရွှေငွေဆုလာဘ်တို့ကို ရရှိလေသည်။ ကပွဲ အခဏ်း အခဏ်းတို့၏ အကြားအကြား၌ ပွဲကြည့်သူ လူအများတို့က အားရနှစ်သက်လှသဖြင့် ပေးချအပ်သော ဆုလာဘ်တို့၏ အပိုင်းအခြားကား မရှိ၊ အလွန်များလှ၏။ ထိုသို့ ပွဲကျင်းပသောအခါ မြို့သူမြို့သား လူအပေါင်းသည် ညောင်စောင်းခဋင်, မြင့်သော ညောင်စောင်းခဋင်, ထိုထက်မြင့်သော ညောင်စောင်းခဋင် (အစဉ်သဖြင့် မြင့်၍ မြင့်၍သွားသော ညောင်စောင်းခဋင်)များ၌ ရပ်တည်ကြကာ ပွဲလမ်းသဘင်ကို ကြည့်ရှုကြကုန်၏။
ထိုအခါ ဘားဂျွမ်းဆရာကြီး၏သမီး ဘာဂျွမ်းကခြေသည်မ တဦးသည် ဝါးတန်းဂျွမ်းစင်သို့ တက်၍ ထိုဝါးတန်းဂျွမ်းစင်ပေါ်၌ ဂျွမ်းထိုးပြီးလျှင် ထိုဝါးတန်းဂျွမ်းစင်၏ အစွန်းအဖျား ကောင်းကင်၌ပင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်ကာ ယဉ်ကျေးသိမ်မွေ့စွာ က-လည်း က-ခုန်၏၊ သာယာစွာသော အသံဖြင့် သီလည်း သီဆို၏။
ဥဂ္ဂသေနသူဌေးသား
ထိုအခါ ဥဂ္ဂသေန-မည်သော သူဌေးသားသည် သူငယ်ချင်းတဦးနှင့်အတူ ပွဲကြည့်စင်၌ ရပ်တည်ကာ ထိုဘားဂျွမ်းကခြေသည်မကလေးကို စူးစူးစိုက်စိုက် တအံ့တဩ ကြည့်ရှု၍ သူမ၏ လက်ခြေချပုံ မြှောက်ပုံ ကွေးပုံ ဆန့်ပုံ အမူအရာတို့၌ အလွန်နှစ်သက် တပ်မက်ချစ်ခင်သော စိတ်ရှိလျက် အိမ်သို့ပြန်ပြီးလျှင် “ထိုဘားဂျွမ်း ကခြေသည်မကလေးကို ငါရလျှင် အသက်ရှင်ပေလိမ့်မည်၊ မရလျှင် ငါ့အား ဤညောင်စောင်း ခဋင်ပေါ်၌ပင် သေရလိမ့်မည်”ဟု ပြောဆိုကြံစည်ကာ အစာငတ်ခံ၍ ညောင်စောင်းခဋင်ပေါ်၌ လည်းလျောင်းလေ၏။
မိဖတို့က “ချစ်သား.. သင့်မှာ ဘာရောဂါများ ဖြစ်သနည်း”ဟု မေးသောအခါမှာလည်း “အို-မိခင် ဖခင် ကျေးဇူးရှင်တို့.. ရွှေနန်းတော်ယင်ပြင် ကပွဲသဘင်မှာ ကျွန်ုပ်တွေ့မြင်ခဲ့ရသည့် ဘားဂျွမ်းကခြေသည်မကလေးကိုရလျှင် ကျွန်ုပ်၏ အသက်ရှင်ပါလိမ့်မည်၊ မရလျှင် ဤညောင်စောင်းခဋင်ပေါ်မှာပင် အကျွန်ုပ် သေရပါလိမ့်မည်”ဟု ပွင့်လင်းစွာ ပြောဆိုလေသည်။ မိဖတို့က “ချစ်သား.. ဤကဲ့သို့ မပြုပါလင့် (=ဒီလိုမလုပ်ပါနှင့်)၊ သင်ချစ်သားအတွက် (ထိုကခြေသည်မမှ) အခြားတပါး ငါတို့၏ အမျိုး အနွယ် စည်းစိမ်ဥစ္စာတို့နှင့် သင့်လျော်လျောက်ပတ်သည့် သတို့သမီးကို ဆောင်ယူ ပေးစားပါကုန်အံ့”ဟု နားချ ပြောဆိုအပ်သော်လည်း ဥဂ္ဂသေန သူဌေးသားသည် စကားမပြောင်းပဲ ရှေးနည်းအတူပင် ပြောဆို၍ အိပ်ရာညောင်စောင်း၌ လျောင်းမြဲ လျောင်း၍သာ နေလေ၏။
ထိုအခါ ဥဂ္ဂသေန၏ ဖခင်ကြီးသည် သားကို တိုးတိုးတိတ်တိတ် ကြိတ်ကာ တောင်းပန်ဆုံးမစကား များစွာပင် ပြောဆိုအပ်သော်လည်း သားကို နားချရန် မစွမ်းနိုင်ရကား ဥဂ္ဂသေန၏သူငယ်ချင်းကို အခေါ်ခိုင်းပြီးလျှင် အသပြာကျပ်တထောင်ကို ပေးအပ်၍ “ဤအသပြာတထောင်တို့ကို လက်ခံပြီးလျှင် ဂျွမ်းဆရာကြီး၏ သမီးကို ကျွန်ုပ်သား ဥဂ္ဂသေနအား ပေးစေချင်ပါသည်”ဟု
မှာကြားပြောဆိုကာ ဘားဂျွမ်းဆရာကြီးထံသို့ စေလွှတ်လိုက်လေ၏။ ဘားဂျွမ်းဆရာကြီးသည် “ကျွန်ုပ်ကား အသပြာများကို လက်ခံယူကာ သမီးကို မပေးနိုင်ပါ။ အကယ်၍ ဥဂ္ဂသေန သူဌေးသားသည် ကျွန်ုပ်၏သမီးကို မရလျှင် အသက်ရှည်ရန် မစွမ်းနိုင်ပါက ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့နှင့် အတူတကွသာလျှင် သွားလေရာရာ လိုက်ပါခဲ့ပါလော့၊ ယင်းသို့ ကျွန်ုပ်တို့နှင့် အတူတကွ လိုက်ပါနိုင်မှသာ ဥဂ္ဂသေန သူဌေးသားအား ကျွန်ုပ်သမီးကို ပေးစားနိုင်ပါမည်”ဟူ၍ ပြန်ကြား ပြောဆိုလေ၏။
ဥဂ္ဂသေနသူဌေးသား ကခြေသည်မနောက်သို့ လိုက်ပါသွားခြင်း
မိခင်ဖခင်တို့က သားဥဂ္ဂသေနအား ထိုအကြောင်းကို ပြန်ကြား ပြောဆိုကြလေသော် ဥဂ္ဂသေနသည် “အို မိခင်ဖခင်တို့.. ကျွန်ုပ်သည် ထိုကခြေသည်တို့နှင့် အတူပင် လိုက်ပါ လှည့်လည်တော့မည်”ဟု ပြောဆို၍ မိဖဆွေမျိုးတို့က အကြိမ်ကြိမ် တောင်းပန်ကြသော်လည်း မနာယူပဲ အိမ်မှထွက်ကာ ဘားဂျွမ်းဆရာကြီးထံသို့ သွားလေတော့၏။ ဘားဂျွမ်းဆရာကြီးသည် ဥဂ္ဂသေန သူဌေးသားအား မိမိ၏ မူလစကားအတိုင်း သမီးကို ပေးစားပြီးလျှင် ဥဂ္ဂသေန သူဌေးသားနှင့် အတူတကွပင် ရွာနိဂုံး မင်းနေပြည်တို့၌ ဘားဂျွမ်းအတတ်ကို ပြသကာ လှည့်လည် သွားလာလေ၏။
ကခြေသည်မကလေးသည်လည်း ဥဂ္ဂသေနနှင့် ဆက်ဆံပေါင်းသင်းမှုကို အကြောင်းပြု၍ မကြာမြင့်မီပင် သားတယောက်ကို ဖွားမြောက်ရရှိလတ်၍ ထိုသားကို ကစားကျီစယ်လတ်သော်..
“လှည်းစောင့်ကြီးရဲ့သား.. (အိပ်ပါတော့လား)
ဆုလာဘ်ဘဏ္ဍာထမ်း လူသွမ်းကြီးရဲ့သား.. (အိပ်ပါတော့လား)
တစိုးတစိ အတတ်ပညာကို မသိသူရဲ့သား.. (အိပ်ပါတော့လား)”
ဟု ပြောင်လှောင်ကျီစယ် ပြက်ရယ်စကား ပြောကြားသီဆိုလေ၏။
မှန်၏– ဥဂ္ဂသေနကား ကခြေသည်များ လှည်းဝိုင်းချကာ တန့်နားသောအရပ်၌ နွားများအတွက် မြက်ကို ရှာကြံကျွေးမွေး၍ လှည်းဝန်းကို စောင့်ရှောက်ရလေသည်။ ပွဲကသောအရပ်၌ ရသောဆုလာဘ်ဥစ္စာကို ထမ်းဆောင် သိမ်းဆည်းရလေသည်၊ ထိုအချက်များကို ရည်ရွယ်၍ပင် ကခြေသည်မသည် ကစားကျီစယ်လတ်သော် ဆိုအပ်ခဲ့ပြီးသောအတိုင်း ပြောင်လှောင်ကျီစယ် ပြက်ရယ်စကား ပြောကြားသီဆိုလေသည်။
ဥဂ္ဂသေနသည် မိမိကို စောင်းချိတ်၍ ကခြေသည်မ၏ ကျီစယ် သီဆိုသောအဖြစ်ကို သိရှိ၍ “ငါ့ကိုရည်ရွယ်၍ ဤနှယ် သီဆိုသလော”ဟု ကခြေသည်မကို တိုက်ရိုက် မေးမြန်းလေသော် “အိမ်း ဟုတ်ပါသည်၊ ရှင့်ကိုရည်ရွယ်၍ ဤနှယ် သီဆိုပါ၏”ဟု ကခြေသည်မက ဖြေကြားလေသည်။ “ဤသို့ဖြစ်လျှင် ငါသည် သင့်ကို စွန့်ပစ်၍ မိဖရပ်ထံ ပြန်လည်ပြေးသွားလိမ့်မည်”ဟု ဥဂ္ဂသေနက (မခံနိုင်သည့်စကား) ပြောကြားသော အခါ ကခြေသည်မသည် “ရှင် သွားသဖြင့်၎င်း, လာသဖြင့်၎င်း ကျွန်မအား အဘယ်မူစအံ့နည်း (=ရှင် သွားသွား မသွားသွား၊ ကျွန်မ မဖြုံပါ)”ဟု ပြောဆိုလျက် (ဥဂ္ဂသေန မနှစ်သက်မှန်းသိ၍) ထိုသီချင်းကိုပင် အဖန်ဖန် သီဆိုလေ၏။ (ထိုကခြေသည်မကလေးကား မိမိ၏ ရုပ်ရည်အဆင်း ပြည့်စုံမှုနှင့် ဥစ္စာရလွယ်မှုကို အမှီပြုကာ ဥဂ္ဂသေနကို အနည်းငယ်မျှပင် ပမာမထား ဤသို့ ပြောကြားလေသည်)။
ဥဂ္ဂသေန သူဌေးသား ဂျွမ်းသမားကခြေသည်ဖြစ်ခြင်း
ဥဂ္ဂသေနသည် “အဘယ်ကို အမှီပြု၍ ဤကခြေသည်မ၏ တက်ကြွသော မာန်မာနသည် ဖြစ်လေသနည်း”ဟု ဆင်ခြင် ကြံစည်လတ်သော် “ဘားဂျွမ်းအတတ်ကိုမှီ၍ ဤကခြေသည်မ၏ တက်ကြွသော မာန်မာနသည် ဖြစ်၏”ဟု ရိပ်မိသိရှိ၍ “ရှိစေဦး၊ ငါသည်လည်း ဘားဂျွမ်းအတတ်ကို သင်ယူပေအံ့”ဟု ကြံစည်ကာ ယောက္ခမဖြစ်သူ ဘားဂျွမ်းဆရာကြီးထံသို့ ချဉ်းကပ်၍
ထိုဆရာကြီးတတ်သိသော ဘားဂျွမ်းအတတ်ကို တတ်မြောက်အောင် သင်ယူပြီးလျှင် ရွာနိဂုံးစသည်တို့၌ ဘားဂျွမ်းအတတ်ကို ပြသကာ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ တဖန်လာရောက်၍ “ယနေ့မှနောက် ခုနစ်ရက်မြောက်၌ ဥဂ္ဂသေန သူဌေးသားသည် မြို့သူမြို့သားတို့အား ဘားဂျွမ်းအတတ်ကို အဆန်းတကြယ် ပြသပေလိမ့်မည်”ဟု (မြို့တွင်းသို့ လှည့်လည်ကာ) ကြွေးကြော် ကျေညာစေလေ၏။
မြို့နေလူအပေါင်းတို့သည် မြင့်သော ညောင်စောင်း, ထိုထက်မြင့်သော ညောင်စောင်း စသည်တို့ကို ဖွဲ့ချည်ခင်းထားစေ၍ ခုနစ်ရက်မြောက်သောနေ့၌ စည်းဝေးကြလေကုန်၏။ ဥဂ္ဂသေနသည်လည်း အတောင်ခြောက်ဆယ်အမြင့် (အဆင့်ဆင့်ဆက်၍) စိုက်ထူအပ်သော ဝါးပိုးလုံးသို့ တက်၍ ထိုဝါးပိုးလုံးထိပ်၌ (ဘားဂျွမ်းအတတ်ကို) ပြသရန် ရပ်တည်နေလေ၏။
မြတ်စွာဘုရား၏ ဉာဏ်တော်ကွန်ရက်၌ ဥဂ္ဂသေန သူဌေးသား ကျွမ်းသမား ထင်လာခြင်း
ထိုဥဂ္ဂသေန ဘာဂျွမ်းအတတ်ကို ပြသမည့်နေ့၌ မြတ်စွာဘုရားရှင်သည် မိုးသောက်အားကြီး လင်းခါနီးအချိန်ဝယ် သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ကိုယ်တော်မြတ်၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကွန်ရက်၌ ဥဂ္ဂသေနသူဌေးသား ငါးနှယ်ပုံသွင် ဝင်လာသည်ကို မြင်တော်မူ၍ “အဘယ်သို့ ဖြစ်လိမ့်မည်နည်း”ဟု ဆင်ခြင်တော်မူသောအခါ-
“နက်ဖြန် နံနက်မိုးသောက် ရောက်သောအခါ ဥဂ္ဂသေန သူဌေးသားသည် ဘားဂျွမ်းအတတ်ကို ပြအံ့ဟူ၍ အတောင်ခြောက်ဆယ်မြင့်သော ဝါးပိုးလုံးထိပ်၌ ရပ်တည်လိမ့်မည်။ ထိုဥဂ္ဂသေနသူဌေးသား ဂျွမ်းသမားကခြေသည်ကို ကြည့်ရှုအံ့သောငှါ လူများအပေါင်းသည် စည်းဝေးလိမ့်မည်။ ထိုအစည်းအဝေး၌ ငါဘုရားသည် လေးပဒ (လေးပိုဒ်)ရှိသော တရားဂါထာကို ဟောရလိမ့်မည်။ ထိုတရားဂါထာကို ကြားနာရ၍ ရှစ်သောင်းလေးထောင်သော
သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလိမ့်မည်။ ဥဂ္ဂသေန သူဌေးသားသည်လည်း အရဟတ္တဖိုလ်၌ တည်ပေလိမ့်မည်”-
ဟု ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။
မြတ်စွာဘုရားရှင်သည် နောက်တနေ့ (ဥဂ္ဂသေန ဂျွမ်းအတတ်ပြမည့်နေ့) နံနက်ခင်းဝယ် ဆွမ်းခံဝင်ရန် သင့်လျော်သောအချိန်ကို မှတ်သားတော်မူ၍ ရဟန်းအပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူလေ၏။ ဥဂ္ဂသေနသည်လည်း မြတ်စွာဘုရားရှင် မြို့တွင်းသို့ ဆွမ်းခံမဝင်မီ ပဲ့တင်ထပ်မျှ ချီးမွမ်းသောအသံကို ကြွေးကြော်ကြစေရန် ပွဲကြည့်သူ လူအပေါင်းအား လက်ညှိုးဖြင့် အချက်ပြပြီးလျှင် ဝါးပိုးလုံးထိပ်၌ ရပ်တည်၍ ကောင်းကင်၌ပင်လျှင် ခုနစ်ပတ်လည်အောင် ဂျွမ်းပစ်လျက် ကောင်းကင်မှ သက်ခဲ့ကာ ဝါးပိုးလုံးထိပ်၌ပင် ရပ်တည်ကာ နေလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် မြို့တွင်းသို့ ဝင်ရောက်တော်မူလာကာ ပရိသတ်များ ဥဂ္ဂသေနကိုမကြည့်အောင် တန်ခိုးအစီအရင်ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်မြတ်ကိုသာ တယောက်မကျန် ကြည့်ရှုစေလေ၏။ ဥဂ္ဂသေနသည် ဝါးလုံးထိပ်မှ ရပ်တည်ရင်း ပရိသတ်ကို အကဲခပ်ကြည့်ရှုလေရာ ပရိသတ်များ ဘုရားကိုသာ ဖူးမြော်ကြည့်ရှုနေကြသည်ကို မြင်၍ “ငါ့ကို ပရိသတ်က မကြည့်ပါတကား”ဟု နှလုံးမသာယာခြင်းသို့ ရောက်လျက် “ငါသည် တနှစ်မှ တကြိမ်သာ ဘားဂျွမ်းအတတ်ပညာကို ပြသမှု ပြုရပေ၏၊ မြတ်စွာဘုရားရှင် မြို့တွင်းသို့ ဝင်တော်မူလတ်သော် ပွဲကြည့်ပရိသတ်သည် ငါ့ကို မကြည့်ရှုပဲ မြတ်စွာဘုရားရှင်ကိုသာ ကြည့်ရှုဖူးမြင်ကာ နေကြ၏။ ငါ၏ တပင်တပန်း ဘားဂျွမ်းအတတ်ပညာကို ပြသရခြင်းသည် ဩ.. အကျိုးမပြီး အချည်းနှီးသာ ဖြစ်ချေပေါ့တကား”ဟု ကြံစည်လေ၏။
မြတ်စွာဘုရားရှင်သည် ဥဂ္ဂသေန၏ စိတ်အကြံကို သိတော်မူ၍ အရှင်မဟာမောဂ္ဂလာန် မထေရ်ကို ခေါ်တော်မူပြီးလျှင်
“သွားလော့ ချစ်သားမောဂ္ဂလာန်.. ‘ဘားဂျွမ်း အတတ်ပညာကို ဆက်၍ ပြစေချင်သတဲ့’ဟု သူဌေးသားကို ပြောကြားပါချေ”ဟု စေလွှတ်တော်မူလိုက်၏။ အရှင်မောဂ္ဂလာန် မထေရ်သည် သွားရောက်၍ ဝါးပိုးလုံး၏အောက်၌ ရပ်တည်တော်မူလျက် ဥဂ္ဂသေန သူဌေးသားကို ခေါ်တော်မူ၍-
ဣင်္ဃ ပဿ နဋပုတ္တ၊
ဥဂ္ဂသေန မဟဗ္ဗလ။
ကရောဟိ ရင်္ဂံ ပရိသာယ၊
ဟာသယဿု မဟာဇနံ။
မဟဗ္ဗလ = လွန်စွာကြီးမား ခွန်အားရှိသော။ ဥဂ္ဂသေန နဋပုတ္တ = ဥဂ္ဂသေနမည်ငြား အမောင်ဂျွမ်းသမား..။ ဣင်္ဃ = ငါတိုက်တွန်းပါ၏။ ပဿ = ရှုလော့။ ပရိသာယ = စည်းဝေးရောက်လတ် ပရိသတ်အား။ ရင်္ဂံ = အမောင်တတ်ကျွမ်းသည့် ဘားဂျွမ်းသဘင် ဆင်ယင်ကျင်းပမှုကို။ ကရောဟိ = စိတ်ချမ်းသာစွာ ပြုလုပ်ပါလော့။ မဟာဇနံ = လူများအပေါင်းကို။ ဟာသယဿု = အံ့ဩကြီးစွာ ထောမနာဥဒါန သံထင်လွှမ်းအောင် ရွှင်လန်း ဝမ်းမြောက်စေပါလော့ -
ဟူသော ဤ(အားပေး)ဂါထာကို ရွတ်ဆိုတော်မူလေ၏။
ဥဂ္ဂသေန သူဌေးသားသည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်၏ စကားကို ကြားရလေလျှင် အလွန်ပင် နှစ်သက်ရွှင်လန်း ဝမ်းမြောက်စိတ်ရှိလျက် “မြတ်စွာဘုရားရှင်သည် ငါ၏ ဘားဂျွမ်းအတတ်ပညာကို ကြည့်ရှုတော်မူလိုသည် ထင်ပါရဲ့”ဟု အောက်မေ့ကြံစည်ကာ ဝါးလုံးထိပ်၌ ရပ်တည်ရင်းကပင်-
ဣင်္ဃ ပဿ မဟာပည၊
မောဂ္ဂလ္လာန မဟိဒ္ဓိက။
ကရောမိ ရင်္ဂံ ပရိသာယ၊
ဟာသယာမိ မဟာဇနံ။
မဟာပည = ကြီးမြတ်လှစွာ ဉာဏ်ပညာ ရှိတော်မူသော။ မဟိဒ္ဓိက = အခေါင်လွှမ်းမိုး တန်ခိုးရှင်ဖြစ်တော်မူသော။ မောဂ္ဂလ္လာန = မောဂ္ဂလာန်မည်တွင် အို အရှင်ဘုရား..။ ဣင်္ဃ = တိုက်တွန်းစကား (တပည့်တော်) လျှောက်ထားပါ၏။ ပဿ = ရှုတော်မူပါလော့။ (အဟံ = ဥဂ္ဂသေနတွင်ခေါ် တပည့်တော်သည်။) ပရိသာယ = စည်းဝေးရောက်လတ် ပရိသတ်အား။ ရင်္ဂံ = ဘားဂျွမ်းသဘင် ဆင်ယင်ကျင်းပမှုကို။ ကရောမိ = စိတ် ချမ်းသာစွာ ပြုလုပ်ပါအံ့။ မဟာဇနံ = လူများအပေါင်းကို။ ဟာသယာမိ = အံ့ဩကြီးစွာ ထောမနာဥဒါန သံထင်လွှမ်းအောင် ရွှင်လန်း ဝမ်းမြောက်စေပါအံ့ဘုရား -
ဟူသော ဤဂါထာကို ရွတ်ဆိုပြီးလျှင် ရပ်တည်နေရင်း ဝါးပိုးလုံးထိပ်မှ ကောင်းကင်သို့ ခုန်တက်ကာ ကောင်းကင်၌ပင် (၁၄) တဆယ့်လေးပတ်လည်အောင် ဂျွမ်းပစ်လျက် ကောင်းကင်မှ သက်ခဲ့ကာ ဝါးပိုးလုံးထိပ်၌ပင် ရပ်တည်ကာ နေလေ၏။
မြတ်စွာဘုရား တရားဟောတော်မူခြင်း
ထိုအခါ ဥဂ္ဂသေနသူဌေးသားကို မြတ်စွာဘုရားရှင်သည် “ချစ်သား ဥဂ္ဂသေန.. ပညာရှိသောသူမည်သည် ဖြစ်ပြီးသော ခန္ဓာငါးပါး, ဖြစ်လတ္တံ့သော ခန္ဓာငါးပါး, ဖြစ်ဆဲသော ခန္ဓာငါးပါးတို့၌ တွယ်တာငြိကပ် တပ်မက်မှုကို ပယ်စွန့်၍ ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခ စသည်တို့မှ လွတ်မြောက်အောင် ကြိုးကုတ် အားထုတ်သင့်လှပေ၏”ဟု မိန့်ဆိုတော်မူပြီးလျှင်-
မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊
မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။
သဗ္ဗတ္ထ ဝိမုတ္တမာနသော၊
န ပုနံ ဇာတိဇရံ ဥပေဟိသိ။
(ဥဂ္ဂသေန = ချစ်သား ဥဂ္ဂသေန..။) ပုရေ = ရှေးကဖြစ်ငြား ခန္ဓာငါးပါး ရုပ်နာမ်တရား၌။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ ပစ္ဆတော = နောင်အနာဂတ် ဖြစ်လတ္တံ့ငြား ခန္ဓာငါးပါးတို့၌လည်း။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ မဇ္ဈေ = အလယ်ခေါ်ငြား ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၌လည်း။ (အာလယံ = တွယ်တာငြိကပ် တပ်မက်မှု = တဏှာလောဘကို။) မုဉ္စ = ပယ်ရှားဖျောက်ခွါ စွန့်လွှတ်ပါလော့။ (ဧဝံသတိ = ဤကာလသုံးပါးဝယ် ဖြစ်ပွါးသော ခန္ဓာအစု၌ တွယ်တာမှု = လောဘတဏှာကို ပယ်ခွါ စွန့်လွှတ်ရသည်ရှိသော်။) ဘဝဿ = ကာမ, ရူပ, အရူပဟု ဘဝသုံးပါး ၀ဋ်ရထား၏။ ပါရဂူ = အဘိညာပါရဂူ, ပရိညာပါရဂူ, ပဟာနပရဂူ, ဘာဝနာပါရဂူ, သစ္ဆိကိရိယာ ပါရဂူ = ဤပါရဂူငါးထောက် ကမ်းဆုံးရောက်သည်ဖြစ်၍။ သဗ္ဗတ္ထ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခတတရားတို့၌။ ဝိမုတ္တမာနသော = ကျွတ်လွတ်သောစိတ်ရှိကာ နေထိုင်ရသည်ဖြစ်၍။ ဇာတိဇရံ = ပဋိသန္ဓေ တည်နေရခြင်း အိုခြင်း နာခြင်း သေခြင်း ဘေးဒုက္ခခပင်းသို့။ န ပုန ဥပေဟိသိ = တဖန်ထပ်လှောက် သင်ချစ်သား မကပ်ရောက်ရလတ္တံ့ -
ဟူသော ဤတရားဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာနိဂုံး ကမ္ပတ်ဖုံးသောအခါ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်၏။ ဥဂ္ဂသေန သူဌေးသားသည်လည်း ဝါးလုံးထိပ်၌ ရပ်တည်ရင်းပင် ပဋ္ဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ (=ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍) ဝါးလုံးမှ သက်ဆင်းကာ မြတ်စွာဘုရားရှင် အထံတော်သို့ လာရောက်ပြီးလျှင်
တည်ခြင်းငါးပါးဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ ဥဂ္ဂသေန သူဌေးသားကို မြတ်စွာဘုရားရှင်သည် လက်ျာလက်တော်ကို ဆန့်တန်းတော်မူ၍ “ဧဟိ ဘိက္ခု”ဟူ၍ ခေါ်တော်မူလိုက်လေလျှင် ထိုခဏ၌ပင် ဥဂ္ဂသေန သူဌေးသားသည် ကခြေသည် ဂျွမ်းသမား၏ အသွင်ပျောက်ကာ ပရိက္ခရာရှစ်ပါး ဝတ်ရုံဆင်မြန်းပြီးဖြစ်ကာ ဝါတော်ခြောက်ဆယ် (=သက်တော်ရှစ်ဆယ်)ရှိပြီး မထေရ်ကြီးကဲ့သို့ အပြီးတိုင် ရဟန်းဖြစ်၍ သွားလေတော့၏။
ရဟန်းများက ကြောက်,မကြောက် မေးမြန်းကြခြင်း
ထိုအခါ ဥဂ္ဂသေနရဟန်းကို အဖော်ရဟန်းတို့က “ငါ့ရှင်ဥဂ္ဂသေန.. အတောင်ခြောက်ဆယ် မြင့်မားသော ဝါးလုံးထိပ်မှ သက်ဆင်းလာသောအခါ သင့်မှာ ကြောက်ရွံ့ခြင်းမည်သည် မဖြစ်ဘူးလော”ဟု မေးမြန်းကြသည်တွင် “ငါ့ရှင်တို့.. ငါ့မှာ ကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိချေ”ဟု ဥဂ္ဂသေနရဟန်းက ဖြေဆိုသောအခါ အဖော်ရဟန်းတို့သည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဥဂ္ဂသေနရဟန်းသည် စိုးစဉ်းမျှ မကြောက်ဟူ၍ ပြောဆိုပါသည်၊ မဟုတ်မမှန် ပြောကြား၍ အရဟတ္တဖိုလ်ကို ရရှိကြောင်း ပြောဆိုဝန်ခံမှု ပြုပါသည်”ဟု လျှောက်ထားကြလေကုန်၏။
မြတ်စွာဘုရားရှင်သည် “ချစ်သားရဟန်းတို့.. ငါ၏သားတော် ဥဂ္ဂသေနရဟန်းနှင့် တူကုန်သော သံယောဇဉ်ဆယ်ပါးကို ပယ်ရှား ဖြတ်တောက်ကြပြီးသော အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြသည့် ရဟန်းတို့သည် တစိုးတစိ ကြောက်ရွံ့ထိတ်လန့်ခြင်း အလျှင်းပင် မရှိကြကုန်”ဟူ၍ ထောက်ခံစကား မိန့်ကြားတော်မူပြီးလျှင် ဓမ္မပဒပါဠိတော် ဗြာဟ္မဏဝဂ် (ခု၊ ၁၊ ၇၀)၌-
သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။) ယော = အကြင် အာသဝေါကုန်ခန်း ရဟန္တာဖြစ်သော ရဟန်းသည်။ ဝေ = စင်စစ်။ သဗ္ဗသံယောဇနံ = သံယောဇဉ်ဆယ်မျိုး လွန်ရှည်ကြိုးကို။ ဆေတွာ = အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ပယ်ဖျက်လွှင့်ဖျောက် အကြွင်းမဲ့ ဖြတ်တောက်၍။ န ပရိတဿတိ = လောဘဟိတ်ဖြင့် မကြောက်မထိတ်ချေ။ သင်္ဂါတိဂံ = ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ကိလေသ, ဒုစ္စရိတအား = ခုနစ်ပါးသော သင်္ဂတရားကို ကျော်လွှား လွန်မြောက်ပြီးသော။ ဝိသံယုတ္တံ = ယောဂလေးသင်း ယှဉ်စပ်ခြင်းတို့ အလျှင်းမရှိသော။ တံ = ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = ငါဘုရားသည်။ ဗြာဟ္မဏံ = ထိုထိုပါပ မကောင်းမှုဟူသမျှကို အပပြုပြီး ပယ်စွန့်ပြီး၍ ဘုန်းမီးလျှံပ ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = ချီးမွမ်းနှုတ်ဖျား ဟောကြားပေ၏။-
ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာနိဂုံး ကမ္ပတ်ဖုံးသောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကြလေကုန်၏။
ဥဂ္ဂသေန၏ ရှေးအတိတ်ကံအကြောင်း
ထိုနောက်တဖန် တနေ့သ၌ ရဟန်းတော်အပေါင်းတို့သည် တရားဆွေးနွေးရာ ဓမ္မသဘင် (=ခန်းမဆောင်)၌ “ငါ့ရှင်တို့.. ဤသို့ အရဟတ္တဖိုလ်ရခြင်း၏အကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသော အရှင်ဥဂ္ဂသေနရဟန်း၏ ကခြေသည်မကို အမှီပြုကာ ကခြေသည်တို့နှင့် အတူတကွ လှည့်လည်ရခြင်း၏ အကြောင်းကား အဘယ်သို့လေနည်း၊ အရဟတ္တဖိုလ်၏ ဥပနိဿယည်း အားကြီးသော အကြောင်းကား အဘယ်သို့လေနည်း”ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် တရားသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. သင်တို့သည် ယခုအခါ
အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြကုန်သနည်း”ဟု မေးတော်မူ၍ ရဟန်းများက ဤမည်သော စကားဖြင့် စည်းဝေးညီမူကြကြောင်း ပြန်ကြား လျှောက်ထားအပ်လေသော် “ရဟန်းတို့.. ကခြေသည်တို့နှင့် အတူတကွ လှည့်လည် ကပြရခြင်း၏အကြောင်း, အရဟတ္တဖိုလ်ကို ရခြင်း၏အကြောင်း နှစ်ပါးစုံကို ဤဥဂ္ဂသေနသည်ပင် ပြုအပ်ခဲ့လေပြီ”ဟု အကျဉ်းစကား မိန့်ကြားတော်မူ၍ ထိုအကြောင်းကို အကျယ်ပြတော်မူအံ့သောငှါ အတိတ်ဖြစ်ရပ်ကို၏ ဆိုလတ္တံ့သောအတိုင်း ထုတ်ဆောင် ဟောကြားတော်မူလေ၏။
ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ ရွှေစေတီတော်မြတ် တည်ထား ပြုလုပ်အပ်သည်ရှိသော် ဗာရာဏသီပြည်၌ နေထိုင်ကြသော အမျိုးသား အမျိုးသမီးတို့သည် များစွာသော ခဲဖွယ်ဘောဇဉ်ကို ကိုယ်စီကိုယ်င လှည်းယာဉ်ငယ်များ၌ တင်ဆောင်ကြ၍ “လက်အမှုကို ငါတို့ ပြုကြကုန်အံ့ = လုပ်အားဖြင့် ပူဇော်ကြကုန်အံ့”ဟု စေတီတော် တည်ရာအရပ်သို့ သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းခံဝင်သော မထေရ်တပါးကို ဖူးတွေ့ကြရလေကုန်၏။
ထိုအခါ အမျိုးသမီးတယောက်သည် ဆွမ်းခံဝင်သော မထေရ်ကို ဖူးမြင်ရလေသော် ကြည်ညိုသော စိတ်ရှိရကား “အရှင်.. မထေရ်မြတ်သည် ဆွမ်းခံဝင်တော်မူဆဲဖြစ်၏။ ငါတို့၏ လှည်းယာဉ်၌လည်း ခဲဖွယ်ဘောဇဉ်ကား များလှပါ၏၊ ထိုမထေရ်မြတ်၏ သပိတ်ကို သွားရောက် ယူဆောင်ပါလော့၊ ဆွမ်းလှူကြပါစို့”ဟူ၍ လင်ယောက်ျားအား ပြောကြားလေ၏။ ထိုအမျိုးကောင်းသား လင်ယောက်ျားသည် မထေရ်၏သပိတ်ကို သွားရောက် ယူဆောင်ခဲ့၍ ခဲဖွယ်ဘောဇဉ် အပြည့်ထည့်ပြီးလျှင် မထေရ်၏လက်၌ သပိတ်ကို ကပ်ပြီးနောက် ဇနီးမောင်နှံ နှစ်ယောက်လုံးပင် “အရှင်ဘုရား.. ဤကောင်းမှုကြောင့် အကျွန်ုပ်တို့ ဇနီးမောင်နှံ နှစ်ဦးသားတို့သည် အရှင်ဘုရားတို့ သိမြင်အပ်သော
လောကုတ္တရာတရား အဖို့ဝေစု ရသည့်ကိုယ် ဖြစ်ပါလိုကုန်၏”ဟူ၍ ဆုတောင်းပန်ထွာမှု ပြုကြလေကုန်၏။
ဆွမ်းခံသော မထေရ်မြတ်ကား သာမန်ရဟန်းမဟုတ်၊ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည်၊ ထို့ကြောင့် ထိုသူတို့ဆုတောင်း ပြည့်မည် မပြည့်မည်ကို အနာဂတံသဉာဏ်တော်ဖြင့် ကြည့်ရှုတော်မူလေလျှင် ထိုသူနှစ်ဦးတို့၏ တောင့်တပန်ထွာမှု ဆုတောင်းချက် ပြည့်စုံမည်ကို သိရှိတော်မူ၍ ပြုံးရွှင်မှုကို ပြုတော်မူလေ၏။ ထိုသို့ ရဟန္တာမထေရ်မြတ် ပြုံးတော်မူသည်ကို မြင်လတ်၍ ထိုအမျိုးသမီးသည် မိမိ၏ လင်ယောက်ျားကို “အို အရှင်.. အကျွန်ုပ်တို့၏ ဆွမ်းအလှူခံ အရှင်မြတ်သည် ပြုံးရွှင်မှုကို ပြုတော်မူ၏၊ ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု ပြောဆိုလေသော် လင်ယောက်ျားဖြစ်သူကလည်း “ရှင်မ.. အေး ဟုတ်ပေသည်။ ရှင်မပြောသည့်အတိုင်း ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု စိတ်သဘောတူစွာ ပြောကြား၍ ဖဲသွားလေ၏။ ဤသည်ကား ထိုဥဂ္ဂသေနတို့ ဇနီးမောင်နှံ နှစ်ဦးသား၏ ရှေးအတိတ်ကံပေတည်း။
ထိုဇနီးမောင်နှံ နှစ်ဦးသားတို့သည် ထိုဘဝ၌ အသက်တမ်းအတိုင်း တည်နေကြပြီး ထိုဘဝမှ စုတေ သေလွန်ကြလေသော် နတ်ပြည်၌ဖြစ်ကြ၍ ထိုနတ်ပြည်မှ စုတေ နတ်သက်ကြွေခဲ့၍ ထိုအိမ်ရှင်မ အမျိုးသမီးသည် ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ ဘားဂျွမ်းဆရာကြီး၏သမီး ဘားဂျွမ်းကခြေသည်မကလေး ဖြစ်လာလေသည်။ အိမ်ရှင် ယောက်ျားဖြစ်သူသည် ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသား ဥဂ္ဂသေန ဖြစ်လာလေသည်။ ဥဂ္ဂသေနသည် ထိုစဉ်အခါ၌ “ရှင်မ.. အေး ဟုတ်ပေသည်။ ရှင်မပြောသည့်အတိုင်း ကခြေသည်တဦး ဖြစ်ပေလိမ့်မည်”ဟု အိမ်ရှင်မအား စိတ်သဘောတူ အဖြေစကား ပေးမှားခဲ့လေသောကြောင့် သူဌေးသားဖြစ်ပါလျက် ယခုဘဝဝယ် ကခြေသည်တို့နှင့်အတူ လှည့်လည်ကပြရလေသည်။ အာသဝေါကုန်ခန်း ရဟန္တာအရှင်မြတ်အား သဒ္ဓါကြည်ဖြူ ဆွမ်းလှူခဲ့သော ကောင်းမှုကို အမှီပြု၍ ရဟန္တာအဖြစ်သို့ ရောက်ရလေသည်။
ကခြေသည်မကလေးလည်း ရဟန္တာထေရီမဖြစ်ခြင်း
သူဌေးသား ဘားဂျွမ်းသမား ဥဂ္ဂသေန ရဟန္တာဖြစ်၍ ဧဟိဘိက္ခု ရဟန်းပြုလေသော် ဥဂ္ဂသေန၏ ဇနီးဖြစ်သော ကခြေသည်မကလေးသည်လည်း “ငါ့အရှင် လင်ယောက်ျား ဥဂ္ဂသေနသူဌေးသား ဂျွမ်းသမား၏ အကြင်ဉာဏ်အလားသည် ရှိ၏၊ ငါ၏ ဉာဏ်အလားသည်လည်း အရှင်လင်ယောက်ျား၏ ဉာဏ်အလား အတိုင်းပင် ဖြစ်ပေလိမ့်မည်”ဟု ရှေးကုသိုလ်နှိုးဆော် အကြံကောင်းဖြစ်ပေါ်၍ ဘိက္ခုနီမတို့ထံ ရဟန်းမ ပြုလေ၏။ ထိုသို့ ရဟန်းမပြုပြီးနောက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်သဖြင့် အာသဝေါကုန်ခန်း ရဟန္တာထေရီမအဖြစ်သို့ ရောက်လေ၏။
ဥဂ္ဂသေန၏ ရှေးအတိတ်ကံအကြောင်း ပြီး၏။
**********