မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၅၊ အခဏ်း-၄၀၊ စာမျက်နှာ ၃၉၀–၄၈၆
အလွန်ကြီးစွာသော နတ်ပန်းကုံးကြီး
နတ်သီချင်းသံတို့ ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏- ဟူရာဝယ် အကျယ်အဓိပ္ပါယ်ကား- ဝရုဏ, ဝါရဏ မည်ကြသည့် အသက်ရှည်သော နတ်များ ရှိကြလေသည်။ ထိုနတ်တို့သည် “အလောင်းတော် နတ်သားသည် လူ့ပြည်၌ဖြစ်၍ ဘုရားဖြစ်လိမ့်မည်”ဟူသော သတင်းကို ကြားကြရ၍ “ပဋိသန္ဓေ ယူသောနေ့၌ အလောင်းတော်ကို ပူဇော်ရန် ပန်းကုံးကို ယူဆောင်သွားကြမည်” ကြံကြလျက် ထိုအချိန်ကပင် ပန်းကုံးကို စတင် သီကုံးကြလေသည်။ ထိုနတ်တို့ ပန်းကုံး သီကုံးနေကြစဉ်ပင် “ဘုရားအလောင်းသည် မယ်တော်ဝမ်း၌ ဖြစ်လေပြီ”ဟု ကြား၍ အခြားနတ်များက “သင်တို့သည် အဘယ်သူအတွက် သီကုံးကြသနည်း”ဟု မေးမြန်း ပြောဆိုအပ်ကုန်ရကား “နတ်ပန်းကုံးကား ယခုတိုင်ပင် သီကုံး၍ မပြီးသေး၊ မယ်တော်ဝမ်းမှ ဖွားသန့်သောနေ့၌ ယူဆောင်သွားရောက် ပူဇော်ကြရတော့အံ့”ဟု ပြောဆိုကြကုန်၏။
တဖန် “ဘုရားအလောင်းတော် ဖွားသန့်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော် “တောထွက်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ နှစ်ဆယ့်ကိုးနှစ်
လူ့ဘောင်၌နေ၍ “ယနေ့ ဘုရားအလောင်းတော် တောထွက်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော် “ဘုရားဖြစ်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြကုန်၏။ ခြောက်နှစ်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူ၍ “ယနေ့ ဘုရားဖြစ်တော်မူပြီ”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “ဓမ္မစကြာတရားဦး ဟောကြားတော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ခုနစ်ရက် ခုနစ်လီ မဟာဗောဓိမဏ္ဍိုင်အနီး၌ သတ္တဌာန စံနေတော်မူပြီး၍ ယခုအခါ ဣသိပတန = မိဂဒါဝုန်တောသို့ ကြွရောက်တော်မူကာ ဓမ္မစကြာတရားဦး ဟောကြားတော်မူပြီးပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “အဘိဓမ္မာတရား ဟောပြီး၍ တာဝတိံသာ နတ်ပြည်မှ သက်ဆင်းတော်မူသောနေ့၌ ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူပြီတဲ့”ဟူသော သတင်းစကား ကြားသိကြရပြန်သော်လည်း “အာယုသင်္ခါရ လွှတ်တော်မူသောနေ့၌ သွားရောက် ပူဇော်ကြကုန်အံ့”ဟု ပြောဆိုကြပြန်၏။ “ယနေ့ အာယုသင်္ခါရ လွှတ်တော်မူပြီ”ဟု အခြားနတ်တို့ ပြောကြား၍ သတင်းစကား ကြားသိကြရသောအခါမှာလည်း “ပန်းကုံးကြီးကလည်း ပြီးပင်မပြီးနိုင်သေး၊ ပရိနိဗ္ဗာန် စံတော်မူသောနေ့၌မှ သွားရောက်ပူဇော်ကြရတော့အံ့”ဟု ပြောဆိုကြကုန်၏။
ယခု နောက်ဆုံးသတင်းအနေဖြင့် “ယနေ့ မြတ်စွာဘုရားသည် အင်ကြင်းပင်ပျို အစုံတို့၏ အကြား၌ သတိသမ္ပဇဉ် ယှဉ်တော်မူလျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်မှုသို့ ကပ်ရောက်တော်မူလေပြီ၊ မိုးသောက်အားကြီး လင်းခါနီးအချိန်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလိမ့်မည်၊ သင်တို့သည် အဘယ်သူအတွက် ဤပန်းကုံးကြီးကို သီကုံး၍ နေကြသနည်း”ဟု အခြားနတ်တို့ပြောဆို၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူတော့မည့် သတင်းစကား ကြားသိကြရသော်ကား ထိုဝရုဏ, ဝါရဏ-မည်သော သက်တမ်းရှည်နတ်တို့သည်-
“ဤအမှုသည် အဘယ်မည်သော အမှုနည်း (=ဘယ့်နှယ်ဟာလဲ) မြတ်စွာဘုရား အလောင်းတော်သည် ယနေ့ပင် မယ်တော်ဝမ်း၌ ပဋိသန္ဓေ နေတော်မူပြီ၊ ယနေ့ပင် မယ်တော်ဝမ်းမှ ဖွားသန့်တော်မူပြီ၊
ယနေ့ပင် တောထွက်တော်မူပြီ၊ ယနေ့ပင် ဘုရားဖြစ်တော်မူပြီ၊ ယနေ့ပင် ဓမ္မစကြာတရားဦး ဟောတော်မူပြီ၊ ယနေ့ပင် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီ၊ ယနေ့ပင် တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူပြီ၊ ယနေ့ပင် အာယုသင်္ခါရ လွှတ်တော်မူပြီ၊ ယနေ့ပင် ပရိနိဗ္ဗာန် စံတော်မူတော့မည်တဲ့ (=ခုပဲ သန္ဓေယူ, ခုပဲ ဖွားတော်မူ, ခုပဲ တောထွက်, ခုပဲ ဘုရားဖြစ်, ခုပဲ တရားဦးဟော, ခုပဲ တန်ခိုးပြာဋိဟာပြ, ခုပဲ နတ်ပြည်မှဆင်း, ခုပဲ အာယုသင်္ခါရလွှတ်, ခုပဲ ပရိနိဗ္ဗာန် စံတော်မူတော့မည်တဲ့)။ တကယ်ဆိုလျှင် နောက်တနေ့ ယာဂုသောက်ရုံ ကာလတိုင်ရုံ ဆိုင်းငံ့တည်နေတော်မူသင့်ပါသည်။ ဤသို့ အချိန်တိုတောင်းစွာဖြင့် ပရိနိဗ္ဗာန် စံတော်မူရမည်မှာ ပါရမီဆယ်ပါးကို အထွတ်အထိပ်ရောက် ဖြည့်ကျင့်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသော ယောက်ျားမြတ်အဖို့ရာ မသင့်လျော်စွာ့တကား”ဟု ညည်းတွားပြောဆိုကြကာ သီကုံး၍ မပြီးသေးသော ပန်းတို့ကိုပါ ယူဆောင်ခဲ့ကြ၍ ဘုရားရှင်ထံမှောက်သို့ လာရောက်ကြသည်တွင် ဤစကြဝဠာတိုက်အတွင်း၌ နေရာကို မရရှိကြသဖြင့် စကြဝဠာတိုက်၏ အနားရေး၌ပင်လျှင် ထိုပန်းကုံးကြီးကို ကောင်းကင်၌ တွဲလျား ဆွဲချိတ်ကြကာ ထိုစကြဝဠာအနားရေးမှာပင် ပြေးသွားကြကုန်လျက် တဦး လက်မှ တဦးလက်သို့ ပြောင်းရွှေ့ တွဲယှက်ကြ၍၎င်း, တဦးလည်မှ တဦးလည်သို့ ပြောင်းရွှေ့ ဖက်ရမ်းကြကုန်၍၎င်း ရတနာသုံးပါးဂုဏ်ကို အာရုံပြုကြလျက် မြတ်စွာဘုရားရှင်၏ မဟာပုရိသ လက္ခဏာတော်ကြီး ၃၂-ပါး, ရောင်ခြည်တော် ၆-ပါး, ပါရမီတော် ၁၀-ပါး, အဖြစ်တော် (=ဇာတ်တော်) ၅၅ဝ, ဗုဒ္ဓဉာဏ်တော် ၁၄-ပါးတို့ကို အကြောင်းပြု၍ သီချင်းကဗျာ ဂါထာဂီတများကို ပျောင်းအိနွဲ့ချို ဖွဲ့ဆိုကြ၍ ထိုထို သီချင်းကဗျာ ဂါထာဂီတိ အဆုံးအဆုံး၌ “မဟာယသော = များသော အခြံအရံ ကျော်စောသတင်း ရှိတော်မူသော မြတ်စွာဘုရားပါတကား၊ မဟာယသော = များသော အခြံအရံ ကျော်စောသတင်း ရှိတော်မူသော မြတ်စွာဘုရားပါတကား”ဟု ချီးမွမ်းထောမနာစကား နှုတ်မြွက်ကြားကြလေသည်။ ဤသည်ကိုပင် ရည်၍ ပါဠိတော်၌ “နတ်သီချင်းသံတို့သည်လည်း မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ ဖြစ်ပေါ်လျက် ရှိကုန်၏”ဟု ဟောတော်မူအပ်လေသည်။
မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာနညောင်စောင်း၌ လျောင်းတော်မူရင်းကပင် မြေအပြင်မှ စကြဝဠာ အနားရေးတိုင်, စကြဝဠာအနားရေးမှ ဗြဟ္မာပြည်တိုင် စည်းဝေးနေသော နတ်ဗြဟ္မာပရိသတ်၏
ကြီးစွာသော လုံ့လဥဿာဟကို မြင်တော်မူ၍ အရှင်အာနန္ဒာအား ထိုအကြောင်းကို မိန့်ကြားတော်မူလေသည်။ ဤသို့ နတ်ဗြဟ္မာတို့၏ ကြီးစွာသော အာမိသပူဇာကို ပြတော်မူပြီးနောက် ထိုအာမိသပူဇာဖြင့်လည်း ကိုယ်တော်မြတ်အား အမြတ်ဆုံး အကောင်းဆုံး ပူဇော်သည် မမည်သေးကြောင်းနှင့် ဓမ္မပူဇာဖြင့် ပူဇော်မှသာ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည်မည်ကြောင်း ဆက်လက် ဟောကြားတော်မူလေသည်။ ထိုစကားရပ်၌ ဆိုလိုရင်း အဓိပ္ပါယ်ကား- “ချစ်သားအာနန္ဒာ.. အင်္ဂါရှစ်ပုံ ပြည့်စုံစေကာ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်း ကျောက်ဆစ်တံတားခင်းလျက် ဘုရားဆုကိုပန်ခဲ့, လေးအသင်္ချေ ကမ္ဘာတသိန်းကြာ ပါရမီတို့ကို ဖြည့်ခဲ့သော ငါဘုရားသည် ပန်း, နံ့သာ, တူရိယာ, နတ်သီချင်းတို့ဖြင့် အပူဇော်ခံဖို့ရန် ရည်သန်၍ ဆုပန်ခဲ့သည်မဟုတ်, ပါရမီတို့ကို ဖြည့်ခဲ့သည်မဟုတ်၊ ထို့ကြောင့် ဤနတ်ပန်းနံ့သာ, တူရိယာ နတ်သီချင်းတို့ဖြင့် ငါဘုရားကို ပူဇော်ခြင်းသည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည် မမည်။ ဓမ္မာနုဓမ္မပဋိပတ်ဖြင့် ပူဇော်မှသာ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည်မည်၏”ဟု ဆိုလိုသည်။
ဤ၌ မေးမြန်းဖွယ် ရှိလာပြန်သည်မှာ “မြတ်စွာဘုရားသည် အခြားနေရာများ၌ နှမ်းကြပ်ပွင့်ကလေး တပွင့်မျှကိုပင် ယူဆောင်ကာ ဘုရားဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်၍ ပူဇော်လျှင်ပင် ဘုရားဉာဏ်ဖြင့် မပိုင်းခြား နိုင်လောက်အောင် အကျိုးကြီးမြတ်ကြောင်း ချီးမွမ်း ဟောကြားတော်မူပါလျက် ဤယခုအရာ၌ကျမှ သို့စင် ကြီးမြတ်သော ပူဇော်မှုကို အဘယ့်ကြောင့် ပယ်မြစ်တော်မူပါသနည်း”ဟု မေးဖွယ်ရှိပြန်၏။
အဖြေကား- ပရိသတ်ကို ချီးမြှောက်တော်မူလိုသောကြောင့်၎င်း, သာသနာအရှည် တည်တံ့ခြင်းကို အလိုတော်ရှိသောကြောင့်၎င်း ပယ်မြစ်တော်မူသည်။ ချဲ့ဦးအံ့- အကယ်၍ မြတ်စွာဘုရားရှင်က ဤသို့ ပယ်တော်မမူလျှင် နောက်အခါဝယ် (တရားတော်၌) သီလလာသော အရာ, သမာဓိလာသော အရာတို့၌ သီလ, သမာဓိကို ဖြည့်ကျင့်ကြလိမ့်မည် မဟုတ်၊ ဝိပဿနာလာသော အရာ၌ ဝိပဿနာတရားကို အားထုတ်ကြတော့မည် မဟုတ်ပဲ အလုပ်အကျွေး ဒကာ, ဒကာမတို့ကို ပန်း, နံ့သာ စသည်တို့ဖြင့် ပူဇော်ဖို့ရန်သာ ဟောပြ ဆောက်တည်စေကြ၍ အာမိသပူဇာမှုကိုသာ ပြုစေလျက် နေကြပေလိမ့်မည်။ အာမိသပူဇာ ဟူသည်မှာလည်း သုံးပါးသိက္ခာ သာသနာကို တရက်မျှ ယာဂုတကြိမ် သောက်ချိန်လောက် ဆောင်ထားခြင်းငှါ စွမ်းနိုင်သည်မဟုတ်။ မှန်၏-
မဟာဝိဟာရ ကျောင်းတိုက်ကြီးနှင့်တူသော ကျောင်းတိုက်ပေါင်း အထောင်သည်၎င်း, မဟာစေတီနှင့်တူသော စေတီဆူရေ အထောင်သည်၎င်း သာသနာကို အရှည်အကြာ ဆောင်ထားနိုင်သည်မဟုတ်၊ စင်စစ်သော်ကား တည်ဆောက်လှူဒါန်း ပူဇော်သူ၏ လူနတ်နိဗ္ဗာန် ချမ်းသာသုံးတန် ရဖို့ရန် ဥပနိဿယအကြောင်းသာ ဖြစ်သည်။
ကောင်းစွာကျင့်ကြံခြင်း = သမ္မာပဋိပတ်သည်သာ မြတ်စွာဘုရားအား သင့်လျော်သော ပူဇော်ခြင်းဖြစ်သည်။ မှန်၏- ထိုကောင်းစွာကျင့်ခြင်း တည်းဟူသော ဓမ္မပူဇာကိုသာ မြတ်စွာဘုရားကလည်း တောင့်တတော်မူအပ်လေသည်။ ထိုကောင်းစွာကျင့်ခြင်း တည်းဟူသော ဓမ္မပူဇာသည်သာ သာသနာကို အဓွန့်ရှည်စွာ ဆောင်ထားခြင်းငှါလည်း စွမ်းနိုင်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူအပ်လေသည်။ (အာမိသပူဇာ အကျိုးမရှိ၍ ဟောတော်မူသည်မဟုတ်)။ ဤကားအဖြေတည်း။
လောကုတ္တရာတရားအားလျော်သော ပဋိပတ် = အကျင့်
ဤ၌ ဓမ္မာနုဓမ္မပဋိပတ်ခေါ်သော လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့် = ပဋိပတ်ကို ကျင့်သုံးခြင်းသည်ပင် မြတ်စွာဘုရားကို အမြတ်ဆုံး ပူဇော်ခြင်း ဖြစ်လေသည်။ ထိုဓမ္မာနုဓမ္မအကျင့်ပဋိပတ်= လောကုတ္တရာတရားအားလျော်သော အကျင့်ဟူသည်မှာ သရဏဂုံ သီလမှစ၍ ဂေါတြဘုံတိုင်အောင်သော ပုဗ္ဗဘာဂပဋိပဒါ = မဂ်၏ရှေ့အဖို့ (ရှေ့ပိုင်း)၌ဖြစ်သည့် အကျင့်များဖြစ်လေသည်။
ထို့ကြောင့် အကြင်ရဟန်းသည် အဂါရဝတရား ခြောက်ပါးတို့၌ တည်၍ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ်များကို လွန်ကျူးအံ့၊ မအပ်သော ရှာမှီးခြင်းဖြင့် ပစ္စည်းလေးဖြာ ဖွေရှာ၍ အသက်မွေးငြားအံ့၊ ထိုရဟန်းသည် ဓမ္မာနုဓမ္မပဋိပတ်ကို မကျင့်သော ရဟန်းမည်၏။ အကြင်ရဟန်းသည်ကား မိမိအတွက် မြတ်စွာဘုရား ပညတ်ထားသည့် အားလုံးသော သိက္ခာပုဒ်တည်းဟူသော ဘုရားစည်းကမ်း ဘုရားတမျဉ်းကြိုးကို အဏုမြူမျှလည်း မလွန်ကျူး၊ ဤရဟန်းသည် ဓမ္မာနုဓမ္မပဋိပတ်ကိုကျင့်သော ရဟန်းမည်၏။ ရဟန်းမိန်းမ၌လည်း ဤနည်းအတူတည်း။
အကြင် ဥပါသကာသည် ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်းစသော ဝေရတရားငါးပါး (မိမိအပေါ် ရန်သူပမာ
မကောင်းကျိုးကိုသာ ပေးတတ်သည့် အမှုငါးပါး) အကုသိုလ် ကမ္မပထတရား ဆယ်ပါးတို့ကို ဆောက်တည် ကျင့်ကြံငြားအံ့၊ ဤဥပါသကာသည် ဓမ္မာနုဓမ္မပဋိပတ်ကို မကျင့်သော ဥပါသကာမည်၏။ အကြင် ဥပါသကာသည်ကား သရဏဂုံသုံးပါး ငါးပါးသီလ ဆယ်ပါးသီလတို့ကို လုံခြုံအောင် စောင့်ထိန်း ဖြည့်ကျင့်၏၊ တလတလ၏အတွင်း အဖိတ်နေ့လေးရက် ဥပုသ်နေ့လေးရက်အားဖြင့် = ရှစ်ရက်သီတင်း ဥပုသ်စောင့်သုံးခြင်းအမှုကို ပြု၏၊ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏၊ ရတနာသုံးပါးကို နံ့သာပန်းတို့ဖြင့် ပူဇော်၏။ မိဖနှစ်ပါး တရားစောင့်သော သမဏဗြာဟ္မဏခေါ်တွင် သူတော်စင်တို့ကို ပြုစုလုပ်ကျွေး၏။ ထိုဥပါသကာသည် ဓမ္မာနုဓမ္မပဋိပတ်ကိုကျင့်သော ဥပါသကာမည်၏။ ဥပါသိကာ ဒါယိကာမ၌လည်း ဤနည်းအတူတည်း။
ဤဓမ္မာနုဓမ္မပဋိပတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ခြင်းသည် နိရာမိသပူဇာလည်း မည်၏။ ဤနိရာမိသ အမည်ရသည့် အမြတ်ဆုံးသော ပူဇော်ခြင်းသည်သာ သာသနာကို အဓွန့်ရှည်စွာ တည်တံ့အောင် ဆောင်ထားနိုင်၏။ ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမဟူသော = ဤပရိသတ်လေးပါးတို့ မြတ်စွာဘုရားရှင်ကို ဤနိရာမိသပူဇာဖြင့် ပူဇော်၍ နေကြသမျှ ကာလပတ်လုံး ဘုရားရှင် သာသနာတော်သည် ကောင်းကင်အလယ်၌ လပြည့်ဝန်းကဲ့သို့ ထွန်းလင်းတင့်တယ်လိမ့်မည် ဧကန်ဖြစ်သတည်း)။
ဥပဝါဏမထေရ်
ထိုအခါဝယ် အရှင်ဥပဝါဏမထေရ်သည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ ရှေ့တော်၌ ရပ်တည်နေဆဲရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်ဥပဝါဏမထေရ်ကို “ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်”ဟု မိန့်တော်မူကာ ဖဲသွားစေတော်မူ၏။ အရှင်ဥပဝါဏ မထေရ်သည်လည်း တခွန်းတည်းသော စကားဖြင့်ပင် ထန်းရွက်ယပ်ဝန်းကိုချ၍ အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။
ထိုအခါ အရှင်အာနန္ဒာမထေရ်၏ စိတ်သန္တာန်ဝယ် “ဤအရှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ (ပဌမဗောဓိ = ဝါတော်နှစ်ဆယ်အတွင်းက) မြတ်စွာဘုရားရှင် ထံတော်ပါး၌နေ၍ အနီး၌
အမြဲရှိသော အလုပ်အကျွေး ဖြစ်ခဲ့ဘူးပါလျက် မြတ်စွာဘုရားသည် ယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးကာလ၌ ‘ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်’ဟု မိန့်လျက် ဖဲစေတော်မူ၏။ ထိုသို့ ဖဲစေရာ၌ အကြောင်း အဘယ်သို့ရှိသနည်း”ဟု အကြံအစည်ဖြစ်ရှိကာ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-
“မြတ်စွာဘုရား.. ဤအရှင်ဥပဝါဏသည် ကာလရှည်မြင့်စွာ ရှင်တော်ဘုရား ထံတော်ပါး၌နေ၍ အနီး၌ အမြဲရှိသော အလုပ်အကျွေး ဖြစ်ခဲ့ဘူးပါလျက် ရှင်တော်ဘုရားသည် ဤယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးကာလ၌ ‘ရဟန်း.. ဖဲသွားလော့၊ ငါဘုရားရှေ့၌ ရပ်မနေလင့်’ဟု မိန့်လျက် ဖဲစေတော်မူခဲ့ပါသည်၊ ထိုသို့ဖဲစေရာ၌ အကြောင်းအဘယ်သို့ ရှိပါသနည်း”-
ဟု မေးမြန်းလျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာသည် ဥပဝါဏရဟန်းမှာ အပြစ်ရှိ၍ ဖဲစေသည်ဟု မှတ်ထင်နေ၏၊ ယခုအခါ ငါဘုရားသည် ဥပဝါဏရဟန်း၏ အပြစ်မရှိသောအဖြစ်ကို ပြောကြားပေအံ့”ဟု ကြံစည်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို-
“ချစ်သားအာနန္ဒာ.. စကြဝဠာပေါင်း တိုက်တသောင်းတို့၌ ရှိနေသော နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် (အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာတို့ကို ထား၍) များသောအားဖြင့် စည်းဝေးလာကြကုန်၏။ ချစ်သားအာနန္ဒာ.. ကုသိနာရုံပြည်၏ အင်ကြင်းဥယျာဉ်၏ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာ အတွင်း၌ တန်ခိုးကြီးသော နတ်တို့ဖြင့် မတွေ့မထိ မပြည့်သော အရပ်ဒေသမည်သည် သားမြီးဖျား တထောက်မျှပင် မရှိချေ။ (က)
ချစ်သားအာနန္ဒာ.. နတ်တို့သည် ဥပဝါဏရဟန်းကို ‘ငါတို့ကား မြတ်စွာဘုရားကို ဖူးမြော်ရန် အဝေးမှ
လာခဲ့ရကုန်၏၊ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏။ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ယနေ့ညဉ့်သန်းလွဲ = ပစ္ဆိမယံ၌ပင် ဖြစ်တော့မည်၊ တန်ခိုးကြီးသော ဤဥပဝါဏ ရဟန်းကလည်း မြတ်စွာဘုရားရှေ့တော်၌ ကွယ်လျက် ရပ်တည်နေဘိ၏၊ ငါတို့သည် ဤယခု နောက်ဆုံးကာလ၌ မြတ်စွာဘုရားအား ဖူးမြော်ခွင့်ကို မရကြတော့ပါတကား’ဟု ကဲ့ရဲ့စကား ပြောကြားနေကြ၏။ (ထို့ကြောင့် ငါဘုရားသည် ဥပဝါဏရဟန်းကို ဖယ်ရှားစေသည်) (ခ)”-
ဟု ရှင်းလင်းမိန့်ဆိုတော်မူ၏။
(ဤ၌ မှတ်ဖွယ်အထူး ပြဆိုဦးအံ့- (က) စကားရပ်ဝယ် မြတ်စွာဘုရားရှင်နှင့် အနီးကပ်ဆုံးသော အရပ်၌ သားမြီးဖျား တထောက်မျှသော အရပ်မှာပင် သိမ်မွေ့သော ခန္ဓာကိုယ်အတ္တဘောကို ဖန်ဆင်း၍ တကျိပ်စီ တကျိပ်စီသော နတ်ဗြဟ္မာတို့ ရပ်တည်နေကြလေသည်။ ထိုနတ်ဗြဟ္မာတို့၏ အပြင်ဖက်၌ နှစ်ကျိပ်စီ နှစ်ကျိပ်စီ, ထို့အပြင်ဖက်၌ သုံးဆယ်စီ သုံးဆယ်စီ, ထို့အပြင်ဖက်၌ လေးဆယ်စီ လေးဆယ်စီ, ထို့အပြင်ဖက်၌ ငါးဆယ်စီ ငါးဆယ်စီ, ထို့အပြင်ဖက်၌ ခြောက်ကျိပ်စီ ခြောက်ကျိပ်စီသော နတ်ဗြဟ္မာတို့ ရပ်တည်နေကြလေသည်။ ထိုနတ်ဗြဟ္မာတို့သည် အချင်းချင်း လက်ဖြင့်ဖြစ်စေ ခြေဖြင့်ဖြစ်စေ အဝတ်ဖြင့်ဖြစ်စေ မထိပါးကြကုန်၊ “ဖယ်လော့၊ ငါ့ကို မထိပါးလင့်”ဟု ပြောဆိုရမည့် အခြင်းအရာမည်သည် မရှိချေ။
(ခ) စကားရပ်ဝယ် အရှင်ဥပဝါဏမထေရ်သည် ပင်ကိုယ်ကပင် ဆင်ပေါက်ငယ်ပမာ ကိုယ်ခန္ဓာကြီးသူ ဖြစ်သည့်ပြင် ပံသုကူသင်္ကန်းကို ရုံ၍ထားပြန်ရကား အလွန်ကြီး ကြီးသကဲ့သို့ ဖြစ်တော်မူကာ မြတ်စွာဘုရားရှင်၏ ရှေ့တော်၌ ဖုံးလွှမ်း ပိတ်ကွယ်ထားသကဲ့သို့ ဖြစ်နေလေသည်။ သို့ရကား နတ်ဗြဟ္မာများသည် မြတ်စွာဘုရားရှင့် ရွှေမျက်နှာတော်ကို ဖူးမြော်ခွင့် မရကြသည့်အတွက် ထိုကဲ့သို့ ကဲ့ရဲ့ကြလေသည်။
ဤ၌ “နတ်ဗြဟ္မာတို့သည် ဥပဝါဏမထေရ်၏ကိုယ်ကို ဖောက်ထွင်း၍ မြတ်စွာဘုရား မျက်နှာတော်ကို ဖူးမြင်ခြင်းငှါ မတတ်နိုင်ဘူးလော”ဟု မေးဖွယ်ရှိ၏။ အဖြေကား- အိမ်း.. မတတ်နိုင်ကြပေ။ မှန်၏-
နတ်ဗြဟ္မာတို့သည် ပုထုဇန် ပုဂ္ဂိုလ်တို့ကိုသာ ဖောက်ထွင်း၍ မြင်နိုင်ကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့ကို ဖောက်ထွင်း၍ မမြင်နိုင်ကြကုန်။ အထူးအားဖြင့် ဥပဝါဏမထေရ်မှာ တန်ခိုးအရှိန်အဝါ ကြီးမြတ်လှသူ ဖြစ်သောကြောင့် ထိုမထေရ်၏ အနီးသို့ ကပ်ရောက်ခြင်းငှါပင် မစွမ်းနိုင်ကြကုန်။
ဤ၌ “အခြားတပါးသော ရဟန္တာတို့သည် ဥပဝါဏမထေရ်လောက် တန်ခိုးအရှိန်အဝါ မကြီးကြပဲ အဘယ့်ကြောင့် ဥပဝါဏမထေရ်သာ ထိုကဲ့သို့ တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူရသနည်း”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ကဿပမြတ်စွာဘုရားရှင့် စေတီတော်၌ အစောင့်အရှောက်နတ် ဖြစ်ခဲ့ဘူးသောကြောင့် ထိုကဲ့သို့ တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူသည်။
စေတီတော်စောင့်နတ်
ချဲ့ဦးအံ့- လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်က ဝိပဿီမြတ်ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူလတ်သော် တခဲနက်သော ရွှေတုံးကြီးနှင့်တူသည့် သာရီရိက (တဆူတည်းသော) ဓာတ်တော်အတွက် စေတီတည်ထားကြလေသည်။ (အထူးကား သက်တော်ရှည် မြတ်စွာဘုရားတို့ ပရိနိဗ္ဗာန် စံတော်မူကြလျှင် သာရီရိက ဓာတ်တော်သည် တဆူတည်းသာ ကြွင်းကျန်၍ စေတီတော်တဆူသာလျှင် လူတို့ တည်ထားကိုးကွယ်ကြမြဲ ဓမ္မတာဖြစ်သည်)။ လူများသည် ဝိပဿီမြတ်စွာဘုရား၏ တဆူတည်းသော သာရီရိကဓာတ်တော် ကိန်းစံရာ စေတီတော်ကို အလျားတတောင် အနံတထွာ အထုနှစ်လက်မရှိသော ရွှေသားစတိအုတ်တို့ဖြင့် အင်္ကတေမြေညက်အစား ဆေးဒန်း, မြင်းသီလာမှုန့်တို့ကို အသုံးပြု၍၎င်း ရေအစား နှမ်းဆီကို အသုံးပြု၍၎င်း တယူဇနာအမြင့်ရှိအောင် တည်ထားကြလေကုန်၏။
ထို့နောက် ဘုမ္မစိုးနတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ထို့နောက် အာကာသစိုးနတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ထို့နောက် ဥဏှဝလာဟက နတ်တို့က တယူဇနာမြင့်အောင်, အဗ္ဘဝလာဟက နတ်တို့က တယူဇနာမြင့်အောင်, စတုမဟာရာဇ် နတ်တို့က တယူဇနာမြင့်အောင်, ထို့နောက် တာဝတိံသာ နတ်တို့က တယူဇနာမြင့်အောင် ထပ်ဆင့် တည်ကြပြန်လေသည်။ ဤသို့လျှင် ဝိပဿီမြတ်စွာဘုရားရှင်၏ တဆူတည်းသော သာရီရိကဓာတ်တော် ကိန်းစံရာ စေတီတော်သည် ခုနစ်ယူဇနာ အမြင့်ရှိလေသည်။
လူအများတို့ ပန်း, နံ့သာ အဝတ်သင်္ကန်း စသည်တို့ကို ယူဆောင်၍ စေတီတော်ကို ပူဇော်ရန် လာရောက်ကြလျှင် စေတီတော်စောင့် နတ်မင်းသည် ထိုပူဇော်ဖွယ် ဝတ္ထုတို့ကို ယူဆောင်၍ ထိုလူများ မြင်ကြစဉ်ပင် စေတီတော်ကို ပူဇော်ပေးလေသည်။
ထိုအခါက ဤယခု အရှင်ဥပဝါဏမထေရ် အလောင်းသည် ပုဏ္ဏားသူဌေးတဦးဖြစ်၍ ရွှေရောင်အဆင်း ဝါဝင်းသော အဝတ်သင်္ကန်းတထည်ကို ယူဆောင်၍ စေတီတော်ကို ပူဇော်ရန် လာရောက်လေ၏။ စေတီတော်စောင့်နတ်သည် ထိုသူ၏လက်မှ အဝတ်သင်္ကန်းကို ယူ၍ စေတီတော်ကို ပူဇော်ပေးလေသည်။ ပုဏ္ဏားသူဌေးသည် ထိုနတ်ကိုမြင်၍ ကြည်ညိုသောစိတ် ရှိရကား “ငါသည်လည်း နောက်အခါ၌ ဤသို့သဘောရှိသော မြတ်စွာဘုရား၏ စေတီတော်၌ အစောင့်နတ်မင်း ဖြစ်ရပါလို၏”ဟု ဆုတောင်းမှု ပြုခဲ့၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။
ထိုသူ နတ်ပြည်, လူ့ပြည်၌ ကျင်လည်စဉ်ပင် ကဿပမြတ်စွာဘုရား လောက၌ ပွင့်ထွန်းတော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့လေသည်။ ထိုကဿပမြတ်စွာဘုရားရှင်၏ သာရီရိက ဓာတ်တော်သည်လည်း (သက်တော်ရှည် ဘုရားဖြစ်၍) တဆူသာ ကြွင်းကျန်ရစ်လေသည်။ ထိုတဆူတည်းသော သာရီရိကဓာတ်တော်ကို ယူဆောင်ကြ၍ မင်းနှင့်တကွ လူအပေါင်းတို့သည် တယူဇနာ အဝန်းအဝိုင်း အမြင့်ရှိသော စေတီတော်ကို တည်ထားကြလေသည်။ ဥပဝါဏမထေရ်၏ အလောင်းဖြစ်သော ထိုသူသည် ထိုကဿပ မြတ်စွာဘုရားရှင်၏ စေတီတော်၌ အစောင့်နတ်မင်းဖြစ်၍ သာသနာတော် ကွယ်ပလတ်သော် နတ်ပြည်၌ တဖန် ဖြစ်ပြီးလျှင် အကျွန်ုပ်တို့ မြတ်ဘုရားရှင် ပွင့်ထွန်းတော်မူလာသောအခါ နတ်ပြည်မှ စုတေခဲ့၍ မြတ်သောအမျိုး၌ ပဋိသန္ဓေယူနေလျက် တောထွက်ကာ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်တော်မူခဲ့လေသည်။
ဤသို့လျှင် ကဿပမြတ်စွာ စေတီတော်၌ အစောင့်နတ်မင်းဖြစ်၍ လာခဲ့သောကြောင့် အရှင်ဥပဝါဏမထေရ်သည် တန်ခိုးအရှိန်အဝါ ကြီးမြတ်တော်မူသည်။ ဤကား အဖြေတည်း)။
ဤသို့ မြတ်စွာဘုရားရှင်က “အရှင်ဥပဝါဏကို အပြစ်ရှိ၍ ဖယ်ရှားစေသည် မဟုတ်၊ နတ်တို့က ကဲ့ရဲ့သောကြောင့်
ဖယ်ရှားစေရကြောင်း”ကို မိန့်တော်မူလေလျှင် အရှင်အာနန္ဒာသည် တဖန်ဆက်၍ မြတ်စွာဘုရားကို-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် နတ်ဗြဟ္မာများကို အဘယ်ကဲ့သို့ ဖြစ်ရှိနေကြသည်ကို နှလုံးသွင်း ဆင်ခြင်တော်မူမိပါသနည်းဘုရား”-
ဟု လျှောက်ထား မေးမြန်းလေ၏။ (နတ်ဗြဟ္မာတို့သည် ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူမည်ကို သည်းခံနိုင်စွမ်း ရှိကြပါ၏လောဟု မေးလိုရင်းဖြစ်သည်။) ထိုအခါ မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာတို့ သည်းမခံနိုင်ကြသည့်အဖြစ်ကို ပြတော်မူလို၍ အရှင်အာနန္ဒာမထေရ်မြတ်ကို-
“ချစ်သားအာနန္ဒာ.. ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား”ဟု ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏။ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။
ချစ်သားအာနန္ဒာ.. မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက် ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ
လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား” ဟု ဆံပင်တို့ကို ဖြန့်၍ ငိုကြွေးကြကုန်၏၊ လက်မောင်းတို့ကိုမြှောက်၍ ငိုကြွေးကြကုန်၏။ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏။ ရှေးရှုလူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။
ကာမရာဂ ကင်းပြီးသော နတ်တို့သည်ကား “ပြုပြင်ရသော သင်္ခါရတရားတို့သည် မမြဲသောသဘော ရှိကုန်၏။ ဤပြုပြင်ရသော သင်္ခါရတရားထည်း၌ ထိုမြဲမှုသဘောကို အဘယ်မှာ ရနိုင်ပါအံ့နည်း = မရနိုင်သည်သာတည်း”ဟု အောက်မေ့ဆင်ခြင်လျက် သည်းခံနိုင်ကုန်၏”-
ဟု မိန့်တော်မူ၏။
(ဤစကားရပ်တွင် “ကောင်းကင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့”- ဟူသည်မှာ ပကတိကောင်းကင်ကို မြေပြင်ဖြစ်အောင် ဖန်ဆင်း၍ ထိုဖန်ဆင်းအပ်သော မြေပြင်၌ မြေပြင်ဟု အမှတ်ပြုလျက် တည်နေကြသော နတ်တို့ဟု ဆိုလိုသည်။ “မြေပြင်၌ မြေပြင်ဟု အမှတ်ရှိလျက် တည်နေသော နတ်တို့" ဟူသည်မှာလည်း ပကတိ ရှိရင်းစွဲဖြစ်သော ဤမဟာပထဝီ မြေကြီး၌ မိမိတို့၏ကိုယ်ကို ဆောင်စွမ်းနိုင်လောက်အောင် တန်ခိုးအာနုဘော်ဖြင့် “မြေအသစ်ဖန်ဆင်း၍ ထိုဖန်ဆင်းအပ်သော မြေပြင်၌ မြေပြင်ဟု အမှတ်ပြုလျက် တည်နေကြသော နတ်တို့ဟု ဆိုလိုသည်။
ပကတိမြေကြီးကား ကြမ်းတမ်း၍ နတ်တို့၏ ပကတိကိုယ်ကား သိမ်မွေ့နူးညံ့လှသောကြောင့် ပကတိမြေကြီးသည် နတ်တို့၏ကိုယ်ကို ဆောင်ထားခြင်းငှါ မတတ်နိုင်၊ ထိုပကတိမြေပေါ်၌ နတ်တို့၏ ပကတိကိုယ် ရပ်တည်လိုက်လျှင် မြေကြီးပေါ်၌ ထောပတ်စိုင် ထောပတ်ခဲကို ချထားသကဲ့သို့ စိမ့်၍ စိမ့်၍ ဝင်သွား၏။ ထို့ကြောင့် တချိန်က မြတ်စွာဘုရားရှင်ထံသို့ ဟတ္ထက-မည်သော ဗြဟ္မာတဦး လာရောက်ရပ်တည်ရာ ရပ်တည်၍ မဖြစ်နိုင်၊ မြေထဲသို့ စိမ့်၍ စိမ့်၍ ဝင်သွားသောကြောင့် မြတ်စွာဘုရားရှင်က “ဟတ္ထက.. သင်၏ ခန္ဓာကိုယ် အတ္တဘောကို ရုန့်ရင်းကြမ်းတမ်းသော အတ္တဘောဖြစ်အောင် ဖန်ဆင်းလော့”ဟု နည်းပေးစကား မိန့်ကြားတော်မူလေသည်။ ထို့ကြောင့် ဤယခု အခဏ်း၌လည်း နတ်တို့သည် ပကတိမြေကြီးအပေါ်၌ ရပ်တည်ရန် မစွမ်းနိုင်ကြ၍ မိမိတို့၏ အတ္တဘောကို ဆောင်နိုင်လောက်အောင်
ပကတိမြေကို နူးညံ့လှစွာ ဖန်ဆင်းပြီးမှ ထိုမြေပေါ်၌ လူးလှိမ့်ငိုကြွေးမှု ပြုကြလေသည်)။
သံဝေဂရစေမည့် ဌာနလေးပါး
ထို့နောက် ဆက်၍ အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရပ်မျက်နှာတို့၌ ဝါကပ်၍ ဝါကျွတ်ပြီးသော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြရန် ရှေးအခါက ကြွလာကြပါကုန်၏။ ထိုသို့ ကြွလာသော ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ရှေးအခါက တပည့်တော်များ ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရခဲ့ပါကုန်၏။ မြတ်စွာဘုရား.. ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသွားပြီး နောက်အခါ၌ကား ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ရှေးအခါကလို တပည့်တော်များ ဖူးမြော်ခွင့် ဆည်းကပ်ခွင့်ကို ရကြတော့မည် မဟုတ်ပါဘုရား”ဟု လျှောက်ထားလေ၏။
ဘုရားရှင်လက်ထက်တော်က ရဟန်းတို့သည် ၁-ဝါဆိုရက်နီးကပ်သောအခါ ကမ္မဋ္ဌာန်းသင်ယူရန်အတွက် ဘုရားရှင်ရှိရာသို့ လာရောက်၍ စည်းဝေးကြသည် တကြိမ်, ၂-ဝါကျွတ်သောအခါ မိမိတို့သင်ယူအပ်သော ကမ္မဋ္ဌာန်းကို အားထုတ်သဖြင့် ရရှိသော မဂ်ဖိုလ်တရားထူးကို လျှောက်ထားရန် ဘုရားရှင်ရှိရာသို့ လာရောက်၍ စည်းဝေးကြသည် တကြိမ် = ဤသို့ အခါနှစ်ပါးတို့၌ ရဟန်းတို့ စည်းဝေးကြလေသည်။ ဘုရားရှင် လက်ထက်မှာကဲ့သို့ပင် သီဟိုဠ်ကျွန်း၌လည်း ၁-ဝါဆိုရက် နီးကပ်သောအခါ ဤမှာဖက်ကမ်းနေ ရဟန်းတို့သည် လောဟပါသာဒ ပြာသာဒ်၌ စည်းဝေးကြ၍ ထိုမှာဖက်ကမ်း (=မဟာဂါမဖက်ကမ်း)နေ ရဟန်းတို့သည် ကာကဝဏ္ဏတိဿမင်းကြီး ဆောက်လုပ်သော တိဿကျောင်းတိုက်ကြီး၌ စည်းဝေးကြကုန်၏။ ထိုရဟန်းတို့တွင် ဤမှာဖက်ကမ်းနေ ရဟန်းတို့သည် အမှိုက်စွန့်ရန် တောင်း, တံမြက်စည်းများကို ယူဆောင်ကြကာ မဟာဝိဟာရကျောင်းတိုက်၌ လာရောက် စုဝေးကြ၍ မဟာစေတီ၌ အင်္ကတေမှု (လိုအပ်သလို အင်္ကတေ ထေးဖာမှု, ထုံးသင်္ကန်း စသည်ကပ်မှု)များ ပြုလုပ်ကြပြီးလျှင်
“ဝါကျွတ်သောအခါ လာရောက်ကြ၍ လောဟပါသာဒ ပြာသာဒ်၌ စည်းဝေးကြကုန်လော့”ဟု တိုင်ပင်ညီညွတ်ကြကာ မိမိ မိမိတို့နေရာ၌ တံမြက်လှည်းမှု အမှိုက်စွန့်မှု-စသော ဝတ်ကို ပြုကြပြီးလျှင် မိမိတို့ ချမ်းသာရာအရပ်၌ ဝါကပ် သီတင်းသုံးတော်မူကြလေသည်။ ၂-ဝါကျွတ်သောအခါ တဖန် လာရောက်ကြ၍ လောဟပါသာဒ ပြာသာဒ်အတွင်း ပဉ္စနိကာယ တန်ဆောင်းဝန်း “နိကာယ်ငါးခန်း တန်ဆောင်းဝန်း”၌ စည်းဝေးကြကာ ပါဠိသင်သော ရဟန်းတို့က ပါဠိတော်ကို သရဇ္ဈာယ်ကြ၍ အဋ္ဌကထာသင်သော ရဟန်းတို့က အဋ္ဌကထာကို သရဇ္ဈာယ်ကြလေသည်။ ပါဠိကိုဖြစ်စေ, အဋ္ဌကထာကိုဖြစ်စေ မှားယွင်း၍ သရဇ္ဈာယ်သော ရဟန်းကို “ငါ့ရှင်သည် အဘယ်ဆရာ၏အထံ၌ သင်ယူအပ်သနည်း”ဟု မေးမြန်းစိစစ်၍ ဖြောင့်မှန် အောင်ပြုလုပ်ကာ ရွတ်အံ သင်ကြားစေကြလေ၏။ ထိုမှာဖက်ကမ်း (=မဟာဂါမဖက်ကမ်း)နေ ရဟန်းတို့သည်လည်း တိဿကျောင်းတိုက်ကြီး၌ ဤအတူပင် ပြုလုပ်ကြကုန်၏။
ဤသို့လျှင် မြတ်စွာဘုရား လက်ထက်တော်က နှစ်ပါးသော အခါတို့ဝယ် စည်းဝေးကြသော ရဟန်းတို့အနက် ဝါဆိုဦးအခါ ကမ္မဋ္ဌာန်းကိုသင်ယူ၍ သွားပြီးလျှင် ဝါကျွတ်သောအခါ မိမိရရှိသော မဂ်ဖိုလ်တရားထူးကို မြတ်စွာဘုရားအား လျှောက်ထားရန် လာရောက်ကြသည့် ရဟန်းတို့ကိုရည်၍ အရှင်အာနန္ဒာမထေရ် သည် ရှေးဆိုအပ်ပြီးသောအတိုင်း မြတ်စွာဘုရားကို လျှောက်ထားလေသည်။
အရှင်အာနန္ဒာ မထေရ်သည်ကား ဝတ်အကျင့်နှင့် ပြည့်စုံသူ ဖြစ်သောကြောင့် သီတင်းကြီးရဟန်း ကြွလာသည်ကိုမြင်လျှင် မည်သည့်အခါမျှ မာန်မာနခက်ထန်၍ ထိုင်မနေ၊ ခရီးဦးကြိုဆို၍ သီတင်းကြီး အာဂန္တုရဟန်း၏ လက်မှ ထီး, သပိတ်, သင်္ကန်းများကို ဆီးကြိုယူပြီးလျှင် ထိုင်စရာအင်းပျဉ်ကို ခါ၍ နေရာပေးလေသည်။ ထိုနေရာ၌ သီတင်းကြီးရဟန်း ထိုင်နေပြီးလတ်သော် ရှိခိုးဝတ်ပြုပြီးမှ ထိုအာဂန္တု သီတင်းကြီး ရဟန်းအတွက်
ရသင့်သောကျောင်းကို သုတ်သင်ရှင်းလင်း၍ ပေးလေသည်။ သီတင်းငယ် အာဂန္တုရဟန်းကို မြင်လျှင်လည်း ဆိတ်ဆိတ်နေတော်မမူပဲ ထိုအာဂန္တုရဟန်းအနီး၌ ရပ်တည်၍ ပြုသင့်သမျှသော ဝတ်များကို ပြုတော်မူလေသည်။ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်သည် ထိုမိမိပြုနေကျဖြစ်သည့် ဝတ်ကြီးဝတ်ငယ်များ မယုတ်လျော့မှုကို တောင့်တလင့်ဆို အလိုရှိတော်မူသည်ဖြစ်၍ မြတ်စွာဘုရားရှင်အား ထိုကဲ့သို့ လျှောက်ကြားလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် “အာနန္ဒာကား ‘ကြည်ညို မြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ဖူးမြော်ခွင့် ရတော့မည်မဟုတ်’ဟု ကြံစည်ပူပန်နေ၏၊ ယခုအခါ အာနန္ဒာအား ငါဘုရားသည် ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ဖူးမြော်ခွင့် အလွယ်နှင့် ရနိုင်မည့်ဌာနကို ကြားပေအံ့၊ ယင်းအရပ်၌ နေလတ်သော် ထိုထိုဤဤ မလှည့်လည်ရပဲ ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို အလွယ်နှင့် ဖူးမြော်ခွင့် ရပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို-
“ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် လေးပါးရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-
(၁) ချစ်သားအာနန္ဒာ.. လုမ္ဗိနီအင်ကြင်းတော ဌာနသည် “ဤဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။
(၂) ချစ်သားအာနန္ဒာ.. မဟာဗောဓိမဏ္ဍိုင် ဌာနသည် “ဤဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော
အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။
(၃) ချစ်သားအာနန္ဒာ.. မိဂဒါဝုန် တောအရပ်သည် “ဤဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောမြွက် လည်စေတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။
(၄) ချစ်သားအာနန္ဒာ.. ကုသိနာရုံပြည် အရပ်သည် “ဤဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏”ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။
ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား အဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် ဤလေးပါးတို့ပေတည်း။
ချစ်သားအာနန္ဒာ.. သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာယောက်ျား, ဥပါသိကာမိန်းမများသည် “၁-ဤလုမ္ဗိနီဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏” ဟူ၍၎င်း “၂-ဤမဟာဗောဓိဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏” ဟူ၍၎င်း “၃-ဤမိဂဒါဝုန်ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောမြွက် လည်စေတော်မူ၏” ဟူ၍၎င်း “၄-ဤကုသိနာရုံဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော
ငြိမ်းခြင်းသဘော = အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏” ဟူ၍၎င်း ကြံစည် အောက်မေ့ကြလျက် လာရောက်ကြလိမ့်မည်။ ချစ်သားအာနန္ဒာ.. စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်ကြသော သူတို့သည် ကြည်ညိုသော စိတ်ရှိလျက် သေကြကုန်လျှင် ထိုသူအားလုံးတို့သည် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်ကာလ၌ ကောင်းသောလားရာ နတ်ရွာသုဂတိသို့ ရောက်ရှိကြလိမ့်မည်”–
ဟု မိန့်တော်မူလေ၏။
အရှင်အာနန္ဒာ၏ အသေးစိတ် မေးလျှောက်ခွန်း
ထို့နောက် အရှင်အာနန္ဒာမထေရ်က အသေးစိတ် မေးလျှောက်၍ မြတ်စွာဘုရားရှင်က အသေးစိတ် ဖြေကြားတော်မူပုံမှာ-
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. အကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း။
(မြတ်စွာဘုရား)
ချစ်သား အာနန္ဒာ.. မတွေ့မမြင်ရအောင် ကျင့်သုံးရမည် (=မကြည့်နှင့်ဟု ဆိုလိုသည်)။
(မာတုဂါမကို မကြည့်ခြင်းသည် အကောင်းဆုံးသော ကျင့်ထုံးဖြစ်သည်ဟု ဆိုလို၏။ မှန်၏- တံခါးပိတ်၍ ကျောင်းအိပ်ရာနေရာ၌ နေသော ရဟန်းသည် တံခါးဝ၌ လာရောက်ရပ်တည်သော မာတုဂါမကို မမြင်ရသေးသမျှ ဧကန်ပင် လောဘမဖြစ် စိတ်မတုန်လှုပ်ချေ။ မြင်မှသာလျှင် တပ်မက်ခြင်း စိတ်တုန်လှုပ်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် “မကြည့်နှင့် အာနန္ဒာ..”ဟု အကောင်းဆုံး ကျင့်ထုံးကို ဟောကြား ဖြေဆိုတော်မူလေသည်)။
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. တွေ့မြင်ခဲ့သော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း။
(မြတ်စွာဘုရား)
ချစ်သားအာနန္ဒာ.. စကားမပြောပဲ နေရမည် (=စကားမပြောနှင့် အာနန္ဒာ..ဟု ဖြေတော်မူလိုရင်း ဖြစ်သည်)။
(ဆွမ်းကိုယူ၍ လာရောက် ရပ်တည်သောအခါ- စသည်တို့၌ မာတုဂါမကို မမြင်၍ မဖြစ်၊ မြင်ရပါလိမ့်မည်။ ထိုသို့ မြင်သောအခါ အဘယ်သို့ ကျင့်သုံးရမည်နည်းဟု ရှင်အာနန္ဒာက မေးလျှောက်သည်။ ထိုအခါ မြတ်စွာဘုရားရှင်က သန်လျက်ကို စွဲကိုင်၍ “ငါနှင့် စကားပြောလျှင် ဤနေရာမှာပင် သင့်ဦးခေါင်းကို တောင်းလောင်းပြတ်ကြွေအောင် ဖြတ်ခြွေရလိမ့်မည်”ဟု ပြောဆို ရပ်တည်လာသော ရန်သူယောက်ျားနှင့်သော်၎င်း, “ငါနှင့် စကားပြောလျှင် ဤနေရာ၌ပင် သင့်အသားကို ကျွတ်ကျွတ်ဝါး၍ ငါစားရလိမ့်မည်”ဟု ပြောဆို ရပ်တည်လာသော ဘီလူးမနှင့်သော်၎င်း စကားပြောဆိုရခြင်းက တော်သေး = မြတ်သေး၏။ မှန်၏- ထိုသို့ ပြောဆိုခြင်းကြောင့် တဘဝမှာသာ ပျက်စီးခြင်း ဖြစ်နိုင်သည်၊ အပါယ်လေးဘုံ၌ မပိုင်းခြားနိုင်သော ဒုက္ခကို ခံစားရမှုကား မဖြစ်နိုင်ချေ။ မာတုဂါမနှင့် အာလာပ = အစဦးစွာ ပြောဆိုခြင်း, သလ္လာပ = ထပ်ခါထပ်ခါ (စကားလက်ဆုံကျ၍) ပြောဆိုခြင်းမျိုး ဖြစ်ရှိလတ်လျှင် အကျွမ်းဝင်မှု ရင်းနှီးမှု = ဝိဿာသ ဖြစ်၏၊ ဝိဿာသဖြစ်လျှင် ရာဂသို့သက်ဆင်းမှု ဖြစ်၏၊ ထိုသို့ဖြစ်လျှင် သီလပျက်စီးခြင်းသို့ ရောက်၍ အပါယ်သို့ကျကာ ဆင်းရဲဒုက္ခကြီးစွာ ခံစားရ၏၊ ထို့ကြောင့် “စကား မပြောနှင့် အာနန္ဒာ..”ဟု ဟောကြားဖြေဆိုတော်မူလေသည်)။
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. (မလွှဲသာ၍) စကားပြောရသော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း။
(မြတ်စွာဘုရား)
ချစ်သားအာနန္ဒာ.. အမိရင်း = စသည်ကဲ့သို့ အမှတ်သတိထား၍ ပြောဆိုရမည်။
(အကယ်၍ မာတုဂါမက “ယနေ့ အဘယ်နေ့ပါနည်း” စသည်ဖြင့် နေ့ကိုမေးလျှင်၎င်း, သီလကို တောင်းလျှင်၎င်း, တရားဟောဖို့ရန် တောင်းပန်စကား လျှောက်ကြားလျှင်၎င်း, ပြသနာ မေးလျောက်လျှင်၎င်း ထိုသို့သော အခါမျိုး၌ ဖြေကြားရမည်မှာ ရဟန်းတို့ပြုရမည့် ကိစ္စပင်ဖြစ်သည်၊ ဤသို့သော အခါမျိုး၌ မဖြေမကြား စကားမဆိုလျှင် “ဤရဟန်းကား အအ-ကြီးပါ၊ ဤရဟန်းကား နားထိုင်းသူကြီးပါ။ စားပြီးလျှင် ကျောင်းပိတ်၍ ဆိတ်ဆိတ်နေဘိ၏”ဟု ကဲ့ရဲ့စကား အပြောခံရတတ်သည်၊ ထို့ကြောင့် ထိုကဲ့သို့သော အခါမျိုး၌ ဧကန်ပင် ပြောဆိုရပါလိမ့်မည်။ ဤသို့ “မလွဲသာ၍ စကားပြောရသော် အဘယ်သို့ ကျင့်သုံးရပါမည်နည်း”ဟု ရှင်အာနန္ဒာက မေးလျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ဧထ တုမှေ ဘိက္ခဝေ မာတုမတ္တီသု
မာတုစိတ္တံ ဥပဋ္ဌပေထ၊ ဘဂိနိမတ္တီသု ဘဂိနိစိတ္တံ ဥပဋ္ဌပေထ၊ ဓီတုမတ္တီသု ဓီတုစိတ္တံ ဥပဋ္ဌပေထ = ချစ်သားရဟန်းတို့.. လာကြကုန်လော့၊ သင်ချစ်သားတို့သည် အမိမျှ အတိုင်းအရှည်ရှိသော (အမိအရွယ်ရှိသော) မာတုဂါမတို့၌ အမိရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့၊ အစ်မ,နှမမျှ အတိုင်းအရှည်ရှိသော (အစ်မအရွယ်, နှမအရွယ်ရှိသော) မာတုဂါမတို့၌ အစ်မရင်း, နှမရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့၊ သမီးမျှ အတိုင်းအရှည်ရှိသော (သမီးအရွယ်ရှိသော) မာတုဂါမတို့၌ သမီးရင်းပမာ မေတ္တာစိတ်ကို ထားရှိကြကုန်လော့”ဟူ၍ (သံ ၂၊ ၃၂၉ = သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ သဠာယတနသံယုတ်၊ ၁၃၊ ၃-ဂဟပတိဝဂ်၊ ၄-ဘာရဒွါဇသုတ်၌)လာသော အဆုံးအမ ဩဝါဒကို ရည်ညွှန်းတော်မူ၍ “ချစ်သားအာနန္ဒာ.. အမိရင်း စသည်ကဲ့သို့ အမှတ်သတိထား၍ ပြောဆိုရမည်”ဟု ဟောကြား ဖြေဆိုတော်မူလေသည်)။
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသွားသောအခါ တပည့်တော်များသည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်နှင့် စပ်လျဉ်း၍ အဘယ်သို့ ဆောင်ရွက်ရပါမည်နည်း။
(မြတ်စွာဘုရား)
ချစ်သားအာနန္ဒာ.. မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို ပူဇော်မှု၌ သင်ချစ်သားတို့ ကြောင့်ကြမစိုက်ကုန်လင့်၊ ချစ်သား အာနန္ဒာ.. ငါဘုရား လေးနက်စွာ တိုက်တွန်း၏- သင်ချစ်သားတို့သည် မြတ်သောအကျင့်၌သာ အားစိုက်ကြကုန်လော့၊ မြတ်သောအကျင့်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်ကြလျက် နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်၍ နေကြကုန်လော့။ ချစ်သားအာနန္ဒာ.. မြတ်စွာဘုရား၌ အလွန်ကြည်ညိုကုန်သော မင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ် ပညာရှိတို့သည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်အား ပူဇော်မှုကို ပြုကြလိမ့်မည်။
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. ထိုမင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ် ပညာရှိတို့သည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ အဘယ်သို့ ဆောင်ရွက်အပ်ပါသနည်း (=ရှင်တော်ဘုရား ပရိနိဗ္ဗာန် စံတော်မူသောအခါ ထိုမင်း, ပုဏ္ဏား,
သူဌေးသူကြွယ် ပညာရှိတို့သည် ဧကန်ပင် အကျွန်ုပ်ကို ‘အရှင်အာနန္ဒာဘုရား.. တပည့်တော်များသည် မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ အဘယ်သို့ ဆောင်ရွက်ကြရပါမည်နည်း’ဟု မေးကြပါလိမ့်မည်။ ထိုသူတို့အား တပည့်တော်သည် အဘယ်သို့ စကားတုံ့ = အဖြေပေးရပါမည်နည်း-ဟု မေးလိုရင်းဖြစ်သည်)။
(မြတ်စွာဘုရား)
ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်သကဲ့သို့ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌ ဆောင်ရွက်အပ်ပေ၏။
(ရှင်အာနန္ဒာ)
မြတ်စွာဘုရား.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ အဘယ်သို့ ဆောင်ရွက်ကြပါသနည်း။
(မြတ်စွာဘုရား)
ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ်ကြရသည်။ (ထိုကာသိတိုင်းဖြစ် အဝတ်သစ်မှာ အလွန်နူးညံ့လှသောကြောင့် ဆီကို မစုပ်မယူနိုင်၊ ဝါဂွမ်းစိုင်ကသာ ဆီကို စုပ်ယူနိုင်သည် ဖြစ်သောကြောင့်) ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ် ပြီးနောက် ဝါဂွမ်းနုဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ဝါဂွမ်းနုဖြင့် ရစ်ပတ်ပြီးနောက် ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ကာသိတိုင်းဖြစ် အဝတ်သစ်ဖြင့် ရစ်ပတ်ပြီးနောက် ဝါဂွမ်းဖြင့် တဖန် ရစ်ပတ်ကြရပြန်သည်။ ဤနည်းအတိုင်း ပုဆိုးအစုံ ငါးရာတို့ဖြင့် စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်ကို ရစ်ပတ်ပြီးလျှင် ဆီနှင့်တကွသော (ဆီထည့်ထားသော) ရွှေတလား = ရွှေခေါင်း၌ထည့်၍ အခြား ရွှေတလားဖုံး = ရွှေခေါင်းဖုံးဖြင့် ဖုံးအုပ်ပြီးသော် အလုံးစုံသော နံ့သာထင်းတို့ကို ထင်းပုံပြု၍ စကြ၀တေးမင်း၏ ဥတုဇရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ကြရ၏။ လမ်းလေးခွ ဆုံရာ၌ စကြဝတေးမင်း၏ စေတီကို တည်ထားကြရကုန်၏။ ချစ်သားအာနန္ဒာ.. ဤဆိုအပ်ပြီးသောအတိုင်း စကြဝတေးမင်း၏ ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်ကြရ၏။
စေတီ တည်ထားရမည်
ချစ်သားအာနန္ဒာ.. စကြဝတေးမင်း၏ဥတုဇရုပ်ကလာပ်၌ ဆောင်ရွက်ကုန်သကဲ့သို့ မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်၌လည်း ဆောင်ရွက်အပ်ပေ၏၊ လမ်းလေးခွ ဆုံရာ၌ မြတ်စွာဘုရား၏ စေတီတော်ကို တည်ထားအပ်ပေ၏။ ထိုစေတီတော်၌ အကြင်သူတို့သည် ပန်းကိုဖြစ်စေ နံ့သာကိုဖြစ်စေ နံ့သာမှုန့်ကိုဖြစ် စေ တင်လှူမူလည်း တင်လှူကြလိမ့်မည်၊ ရှိခိုးမှုလည်း ရှိခိုးကြလိမ့်မည်၊ စိတ်ဖြင့်မူလည်း ကြည်ညိုကြလိမ့်မည်၊ ထိုသို့ ပြုခြင်းသည် ရှည်မြင့်စွာသော ကာလပတ်လုံး ထိုသူတို့အဖို့ရာ စီးပွါး,ချမ်းသာအလိုငှါ ဖြစ်ပေလိမ့်မည်။
စေတီထိုက်သော ပုဂ္ဂိုလ်လေးမျိုး
ချစ်သားအာနန္ဒာ.. ဤ(ဆိုလတ္တံ့သော) ပုဂ္ဂိုလ်လေးမျိုးတို့သည် စေတီတည်ထိုက်ကုန်၏။ လေးမျိုးတို့ ဟူသည်မှာ-
၁။ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို စေတီတည်ထိုက်၏။
၂ ။ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။
၃။ မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီတည်ထိုက်၏၊
၄။ စကြဝတေးမင်းကို စေတီတည်ထိုက်၏။-
ဤလေးမျိုးတို့ဖြစ်သည်။
ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌
ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်ကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား ကိုယ်တိုင် သစ္စာလေးပါး တရားထူးကို သိမြင်တော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ မြတ်စွာ ဘုရား၏ တပည့်သာဝက (အရိယာ)ကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုဘုရားသခင့် တပည့်သာဝက အရိယာ၏ စေတီတော်တည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုသူတို့သည် ထိုစေတီတော်၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ မြတ်စွာဘုရား၏ တပည့်သာဝက အရိယာကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ.. အဘယ်သို့သော အကျိုးထူးကိုစွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်သနည်း ဟူမူကား- ချစ်သားအာနန္ဒာ.. “ဤစေတီသည်ကား တရားစောင့်သော ထိုတရားမင်း (=စကြဝတေး)၏ စေတီတည်း”ဟု လူအများတို့သည် မိမိစိတ်ကို သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏၊ ထိုလူတို့သည် ထိုစေတီ၌ သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာပြတ်ကြွေ
စုတေသည်မှ နောက်၌ ကောင်းသောလားရာ နတ်ရွာသို့ ရောက်ရကုန်၏။ ချစ်သားအာနန္ဒာ.. ဤအကျိုးထူးကိုစွဲ၍ စကြဝတေးမင်းကို စေတီတည်ထိုက်၏။
ချစ်သားအာနန္ဒာ.. စေတီတည်ထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆိုအပ်ပြီးသော လေးမျိုးတို့ပေတည်း။
ဤကား အရှင်အာနန္ဒာမထေရ်က အသေးစိတ် မေးလျှောက်၍ မြတ်စွာဘုရားရှင်က အသေးစိတ် ဖြေကြားတော်မူပုံတည်း။
(ဤ၌ မေးဖွယ်ရှိသည်မှာ- “မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် အိမ်ရာတည်ထောင် လူ့ဘောင်၌နေ၍ စုတေသေလွန်သော စကြဝတေးမင်း၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူ၍ သီလဝန္တ ပုထုဇန် ရဟန်း၏ အတွက်မူ အဘယ့်ကြောင့် စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မမူပါသနည်း”ဟု မေးဖွယ်ရှိ၏။
အဖြေကား- “အံ့ဩဖွယ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ”ဟု အကျဉ်းဖြေရာ၏။ အကျယ်ကား- သီလဝန္တ ပုထုဇန် ရဟန်းတို့အတွက် စေတီကို ခွင့်ပြုတော်မူအပ်လျှင် (အခြားဌာနကို မဆိုထားဘိဦး) သီဟိုဠ်ကျွန်းမှာပင် စေတီတို့၏နေရာ မရှိလောက်အောင်ပင် မြားမြောက်လေရာ၏၊ အခြားဌာနတို့၌လည်း ထို့အတူပင်တည်း။ သို့ရကား သီလဝန္တပုထုဇန် ရဟန်းတို့အတွက် စေတီကို ခွင့်ပြုတော်မူခဲ့လျှင် စေတီတော်တွေ အလွန့်အလွန် များနေ၍ ထိုစေတီများမှာ အံ့ဩဖွယ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုတော်မမူ။ စကြဝတေးမင်းကား တဦးတည်းသာဖြစ်၍ ထိုစကြဝတေးမင်း၏ စေတီသည် အံ့ဩဖွယ် ဖြစ်နိုင်လေသည်၊ ထို့ကြောင့် စကြဝတေးမင်း၏ စေတီတည်ထိုက်သောအဖြစ်ကို ခွင့်ပြုတော်မူသည်။ သီလဝန္တပုထုဇန် ရဟန်းအတွက် စေတီတည်ထိုက်မှုကို ခွင့်မပြုအပ်သော်လည်း ထိုပုထုဇန် သီလဝန္တရဟန်းအား ပရိနိဗ္ဗာန်စံလွန်သော ရဟန်းအားကဲ့သို့ပင် ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုရန် သင့်လှ အပ်စပ်လှသည်သာဖြစ်၏။ ဤကား အဖြေတည်း)။
အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများ
ထိုသို့ မြတ်စွာဘုရားရှင်က မေးလျှောက်အပ်သမျှကို အသေးစိတ် ဖြေကြားတော်မူပြီးသောအခါ အရှင်အာနန္ဒာမထေရ်သည်—
“မြတ်စွာဘုရားသည် ငါ့အား သံဝေဂရစေမည့် ဌာနလေးပါးကိုလည်း ဟောကြားအပ်ပြီးပြီ၊ စေတီတော်ကို ဖူးမြော်ရန် လှည့်လည်ခြင်း၏ အကျိုးရှိသော အဖြစ်ကိုလည်း ဟောကြားအပ်ပြီးပြီ၊ မာတုဂါမများအပေါ်၌ ကျင့်သုံးရန်နှင့်စပ်၍ မေးမြန်း လျှောက်ထားချက်ကိုလည်း ဖြေကြားအပ်ပြီးလေပြီ၊ ကိုယ်တော်မြတ်၏ ဥတုဇရုပ်ကလာပ်တော်၌ စီမံပူဇော်ရမည့် လုပ်ငန်းရပ်များကိုလည်း ဟောကြားအပ်ပြီးလေပြီ၊ စေတီထိုက်သည့် ပုဂ္ဂိုလ်လေးမျိုးတို့ကိုလည်း ဟောကြားအပ်ပြီးလေပြီ၊ ဧကန်ပင် ယနေ့ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်”-
ဟု ဆင်ခြင် စဉ်းစားလေသည်။ ထိုသို့ ဆင်ခြင်စဉ်းစားသော အရှင်အာနန္ဒာ၏ စိတ်သန္တာန် (=စိတ်အစဉ်)ဝယ် အားကြီးသော နှလုံးမချမ်းသာမှု (=စိတ်မချမ်းသာမှု) ဖြစ်လေသည်၊ ထိုအခါ မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရား၏အနီး၌ ငိုကြွေးခြင်းသည် အလွန် မချမ်းသာဖွယ် ဖြစ်သည်၊ သို့ရကား တနေရာသို့ သွားရောက်၍ ငါ၏ နှလုံးပူပန်မှုကို ပါးအောင် ပြုရတော့မည်”ဟု အကြံအစည် ဖြစ်ပြီးနောက် အရှင်အာနန္ဒာသည် *ကျောင်းတွင်းသို့ ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် “ငါသည် သိက္ခာသုံးပါး အကျင့်တရားကို ကျင့်နေဆဲ (=သေက္ခ)ပုဂ္ဂိုလ်မျှသာဖြစ်၍ အထက်မဂ်သုံးပါးအလိုငှါ ပြုဖွယ်ကိစ္စ ရှိချေသေး၏၊ ငါ့အား အစဉ်သနား စောင့်ရှောက်တော်မူသော ဆရာသခင် မြတ်စွာဘုရားရှင်သည်လည်း မကြာခင် ပရိနိဗ္ဗာန် စံတော်မူပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ သည်းစွာငိုကြွေးလျက် ရပ်တည်နေလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. အာနန္ဒာ အဘယ်မှာနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က “မြတ်စွာဘုရား.. ဤအရှင်အာနန္ဒာသည် ကျောင်းတွင်းသို့ဝင်၍ တံခါးတိုင်ကို မှီပြီးလျှင် ‘ငါသည် သိက္ခာသုံးပါး အကျင့်တရားကို ကျင့်နေဆဲ (=သေက္ခ) ပုဂ္ဂိုလ်မျှသာဖြစ်၍ အထက်မဂ်သုံးပါးအလိုငှါ
* ဤ၌ ကျောင်းဟူသည် ညီမူရာ တန်ဆောင်းဝန်းကို ဆိုလိုသည်။
ပြုဖွယ်ကိစ္စရှိချေသေး၏၊ ငါ့အား အစဉ်သနား စောင့်ရှောက်တော်မူသော ဆရာသခင် မြတ်စွာဘုရားရှင် သည်လည်း မကြာခင် ပရိနိဗ္ဗာန် စံတော်မူပေလိမ့်မည်’ဟု ငိုကြွေးလျက် ရပ်တည်နေပါသည်”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် ရဟန်းတပါးကို “ရဟန်း.. သွားလော့၊ သင်သည် ငါဘုရား၏စကားဖြင့် ‘ငါ့ရှင်အာနန္ဒာ.. သင့်ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၏”ဟု အာနန္ဒာကို ခေါ်ချေလော့’ဟု မိန့်တော်မူ၏။
ထိုရဟန်း၏ သွားရောက် ခေါ်ငင်ချက်အရ အရှင်အာနန္ဒာ မထေရ်သူမြတ် မြတ်စွာဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ လျောက်ပတ်သောနေရာ၌ ထိုင်နေလတ်သော် မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို-
“တန်တော့ ချစ်သားအာနန္ဒာ.. မစိုးရိမ် မပူဆွေးလင့်၊ မငိုကြွေးလင့်၊ ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်ကွဲကွဲကွာခြင်း = နာနာဘာဝ, သေကွဲ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်လော။ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်လာခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မြတ်စွာဘုရား၏ ကိုယ်တော်ပင် ဖြစ်လင့်ကစား “မပျက်စီးပါစေလင့်”ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိချေ။
ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် မြတ်စွာဘုရား၏ စီးပွါး,ချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ များပြားစွာသော မေတ္တာကာယကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ၊ မြတ်စွာဘုရား၏ စီးပွါး,ချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ
များပြားစွာသော မေတ္တာဝစီကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ၊ မြတ်စွာဘုရား၏ စီးပွါးချမ်းသာကို လိုလားလျက် မျက်မှောက်မျက်ကွယ် ခြားနားခြင်းမရှိပဲ ပြုအပ်သည့် အတိုင်းမသိ များပြားစွာသော မေတ္တာမနောကံဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးခဲ့လေပြီ။ ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် ကုသိုလ်ကောင်းမှုကို များစွာပင် ပြုပြီးသူဖြစ်၏။ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့၊ လျင်စွာပင် ရဟန္တာဖြစ်ပေလိမ့်မည်”–
ဟု သောကပျောက်ရေး အားပေးတရား ဟောကြားတော်မူလေ၏။
(ဤ၌။ ။အရှင်အာနန္ဒာ၏ မြတ်စွာဘုရားရှင်အပေါ်၌ ပြုအပ်သော မေတ္တာကာယကံ- ဟူသည်မှာ မေတ္တာရှေ့ထား၍ ပြုလုပ်အပ်သော မျက်နှာသစ်တော်ရေ, ဒန်ပူ ဆက်ကပ်ခြင်း-စသော ကာယကံမှု အားလုံးတည်း။ မေတ္တာဝစီကံ- ဟူသည်မှာ မေတ္တာရှေ့ထား၍ မျက်နှာတော်သစ်ရန် အချိန်တန်ပါပြီဘုရား- စသည်ဖြင့် လျှောက်ထားခြင်းစသော ဝစီကံမှု အားလုံးတည်း။
တနည်းကား- အဆုံးအမ ဩဝါဒကို ကြားနာရ၍ “သာဓု ဘန္တေ = သာဓုပါ မြတ်စွာဘုရား..”ဟု လျှောက်ထားခြင်းသည်လည်း မေတ္တာဝစီကံသာလျှင် ဖြစ်၏။ မေတ္တာမနောကံ- ဟူသည်မှာ စောစောထ၍ ကိုယ်လက်သုတ်သင်ပြီးလျှင် ဆိတ်ငြိမ်ရာ၌ ထိုင်နေလျက် “မြတ်စွာဘုရားသည် အနာရောဂါ ကင်းတော်မူပါစေ၊ ဖောက်ပြန်ပျက်စီးခြင်း ကင်းတော်မူပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတော်မူပါစေ”ဟု ဖြစ်စေအပ်သော မနောကံတည်း)။
ထို့နောက် မြတ်စွာဘုရားရှင်သည် တနေရာရာ၌ ခေါက်လိပ်၍ တည်နေသော မဟာပထဝီမြေကြီးကို ဖြန့်လိုက်သော ယောက်ျားကဲ့သို့၎င်း, တွန့်လိပ်၍ တည်နေသော ကောင်းကင်ကြီးကို ချဲ့ထွင်သော ယောက်ျားကဲ့သို့၎င်း, ယူဇနာပေါင်း တသိန်း ခြောက်သောင်း လေးထောင် အစောက်ရှိသော စကြဝဠာတောင်ကြီးကို
အောက်သို့ သက်စေသော ယောက်ျားကဲ့သို၎င်း, ယူဇနာပေါင်း တသိန်း ခြောက်သောင်း ရှစ်ထောင် အစောက်ရှိသော မြင်းမိုရ်တောင်မင်းကို မြှောက်ချီသော ယောက်ျားကဲ့သို့၎င်း, ယူဇနာတရာ အမြင့်အပြန့်ရှိသော ဇမ္ဗုသပြေပင်ကို ပင်စည်၌ကိုင်၍ လှုပ်လိုက်သော ယောက်ျားကဲ့သို့၎င်း အရှင်အာနန္ဒာမထေရ်၏ ဂုဏ်ကျေးဇူးစကားကို ဟောကြားတော်မူလိုရကား ရဟန်းတို့ကို-
“ရဟန်းတို့.. ရှေးကာလ၌ ပွင့်တော်မူကြသော အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့၏ အလုပ်အကျွေးတို့သည်လည်း ငါဘုရား၏ အလုပ်အကျွေးဖြစ်သူ အာနန္ဒာကဲ့သို့သာ ဂုဏ်ကျေးဇူးအတိုင်းအရှည် ရှိခဲ့ကြလေပြီ။
ရဟန်းတို့.. နောက်ကာလ၌ ပွင့်တော်မူကြမည့် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့၏ အလုပ်အကျွေးတို့သည်လည်း ငါဘုရား၏ အလုပ်အကျွေးဖြစ်သူ အာနန္ဒာကဲ့သို့သာ ဂုဏ်ကျေးဇူးအတိုင်းအရှည် ရှိကြလိမ့်မည်။
ရဟန်းတို့.. အာနန္ဒာသည် ပညာရှိပေ၏၊ ထက်မြက်သောဉာဏ် ရှိပေ၏။ ‘ဤအခါကား မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရဟန်းတို့ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ရဟန်းမိန်းမတို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ဥပါသကာ ( ဒါယကာ)တို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား ဥပါသိကာ (ဒါယိကာမ)တို့ ချဉ်းကပ်ရန် အခါတည်း၊ ဤအခါကား မင်းနှင့် အမတ်ကြီးတို့ တိတ္ထိနှင့် တိတ္ထိတပည့်ကို ချဉ်းကပ်ရန် အခါတည်း’ဟု သိပေ၏။ ။(ဤစကားရပ်ဝယ် ပစ္စုပ္ပန်အနေအားဖြင့် အခြားစကြဝဠာတိုက်၌ အစိန္တေယျ မြတ်စွာဘုရားမှတပါး အခြားဘုရားတဆူ ပွင့်ထွန်းနေဆဲ မရှိသောကြောင့်
‘ရဟန်းတို့.. ယခုအခါ ပွင့်တော်မူကြဆဲဖြစ်သည့်’- အစရှိသော ပစ္စုပ္ပန္နဝါရကို မဟောအပ်သတည်း)။
အရှင်အာနန္ဒာ၏ အံ့ဖွယ်ဂုဏ်လေးပါး
ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ် ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-
(၁) ရဟန်းတို့.. ရဟန်းပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏၊ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
(၂) ရဟန်းတို့.. ရဟန်းမိန်းမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းမိန်းမ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
(၃) ရဟန်းတို့.. ဥပါသကာ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင်
ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသကာ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
(၄) ရဟန်းတို့.. ဥပါသိကာ ဒါယိကာမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသိကာ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော အံ့ဖွယ်ဂုဏ်တို့ကား ဤလေးပါးတို့တည်း။ (မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကား မပြီးဆုံးသေးပါ)။
(ဤ၌။ ။ဘုရားဖူးရန် လာရောက်ကြသော ပရိသတ်လေးပါးလုံးပင် ရှင်အာနန္ဒာထံသို့ လာရောက်ကြလေသည်။ ထို့ပြင်လည်း “အရှင်အာနန္ဒာသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ကို ဆောင်တော်မူသတဲ့၊ အဆင်းတော်တင့်တယ် ရှုချင်ဖွယ် ရှိသတဲ့၊ ဗဟုသုတများကြွယ် သံဃာကို တင့်တယ်တော်မူစေသတဲ့” ဤသို့ အစရှိသည်ဖြင့် အရှင်အာနန္ဒာမထေရ်၏ ဂုဏ်သတင်းတို့ကို ကြား၍လည်း လာရောက်ကြလေသည်။ ထိုပရိသတ် အားလုံးပင် ရှင်အာနန္ဒာမထေရ်ကို တွေ့မြင်ကြရသောအခါ “ငါတို့၏ အကြားနှင့် လက်တွေ့မျက်တွေ့ ညီညွတ်ပါပေသည်”ဟု နှစ်သက်ဝမ်းမြောက်ကြလေသည်။ ။တရားဟောမှု ဟူသည်မှာလည်း ပဋိသန္ထာရ = အစေ့အစပ် တရားစကားဖြစ်သည်။ အရှင်အာနန္ဒာ မထေရ်သူမြတ်သည် မိမိထံမှောက် ရောက်ရှိလာသော ရဟန်းပရိသတ်ကို “ငါ့ရှင်.. ခံ့ကျန်းပါ၏လော၊ ဣရိယာပထ
မျှတပါ၏လော၊ ယောနိသော မနသိကာရဖြင့် ရဟန်းတို့အလုပ်ကို အားထုတ် ကျင့်ကြံနိုင်ပါ၏လော၊ ဆရာဥပဇ္ဈာယ်တို့အပေါ်၌ ပြုဖွယ်ရှိသော ဝတ်များကို ဖြည့်စွမ်းနိုင်ကြပါ၏လော”- ဤသို့စသည်ဖြင့် ပဋိသန္ထာရ = အစေ့အစပ် တရားစကား မိန့်ကြားတော်မူလေသည်။ ဘိက္ခုနီပရိသတ်၌ ထို့ထက်ထူး၍ “နှမတို့.. ဂရုဓံရှစ်ပါး တရားတို့ကို ဆောက်တည်၍ ကျင့်ကြပါ၏လော”ဟု ပဋိသန္ထာရ = အစေ့အစပ်စကား မိန့်ကြားတော်မူလေသည်။ ဥပါသကာ ဒါယကာတို့ မိမိထံမှောက် လာရောက်ကြလျှင် “ဒါယကာ.. သင်၏ ဦးခေါင်း, အင်္ဂါ မနာကျင်ပဲ ရှိပါ၏လော၊ သင်၏ သား သမီး ညီများ ရောဂါဘယ ကင်းရှင်းကြပါ၏လော”ဟု ဤကဲ့သို့ ပဋိသန္ထာရအမှုကို ပြုတော်မမူ၊ စင်စစ်သော်ကား “ဒါယကာတို့.. သရဏဂုံသုံးပါး ငါးပါးသီလတို့ကို လုံခြုံအောင် စောင့်ရှောက်ကြပါ၏လော၊ တလလျှင် ရှစ်ကြိမ်ကျ ဥပုသ်သီတင်း စောင့်သုံးခြင်းအမှုကို ပြုကြပါ၏လော၊ မိဖတို့အပေါ်၌ ပြုစုလုပ်ကျွေးခြင်း ကျင့်ဝတ်ကို ဖြည့်ကျင့်ကြပါ၏လော၊ တရားစောင့်သော ရဟန်း,ပုဏ္ဏား သူမြတ်များကို ပြုစုလုပ်ကျွေးကြပါ၏လော” ဤကဲ့သို့သာ ဥပနိသိန္နကထာ = အနီးသို့ လာရောက်ဆည်းကပ်သူတို့အား ဟောကြားမြဲ တရားစကား မိန့်ကြားတော်မူလေသည်။ ဥပါသိကာ ဒါယိကာမတို့ လာလျှင်လည်း ထိုနည်းအတူပင်တည်း။)
စကြဝတေးမင်း၏ အံ့ဖွယ်ဂုဏ်လေးပါး
ရဟန်းတို့.. စကြဝတေးမင်း၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ်ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ ဟူသည်မှာ-
(၁) ရဟန်းတို့.. မင်းပရိသတ်သည် အကယ်၍ စကြဝတေးမင်းကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ စကြဝတေးမင်းသည် အကယ်၍ စကားပြောလျှင် ယင်းသို့ ပြောဆိုအပ်သော စကားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. စကြဝတေးမင်းသည် စကားပြောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် မင်းပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
(၂) ရဟန်းတို့.. ပုဏ္ဏားပရိသတ်သည် ၊(ပ)၊
(၃) ရဟန်းတို့.. သူဌေးသူကြွယ် ပရိသတ်သည် ၊(ပ)၊
(၄) ရဟန်းတို့.. သူတော်သူမြတ် ပရိသတ်သည် အကယ်၍ စကြဝတေးမင်းကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ စကြဝတေးမင်းသည် အကယ်၍ စကားပြောလျှင် ယင်းသို့ ပြောဆိုအပ်သော စကားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. စကြဝတေးမင်းသည် စကားပြောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် သူတော်သူမြတ် ပရိသတ်သည် မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။ (ဤလေးပါးတို့ပင်တည်း)။
ရဟန်းတို့.. ဤအတူပင် အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော ဤအံ့ဖွယ်ဂုဏ်လေးပါးတို့ ထင်ရှားရှိကုန်၏။ လေးပါးတို့ဟူသည်မှာ-
(၁) ရဟန်းတို့.. ရဟန်းပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ရဟန်းပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
(၂) ရဟန်းတို့.. ရဟန်းမိန်းမ ပရိသတ်သည် ၊(ပ)၊
(၃) ရဟန်းတို့.. ဥပါသကာ ဒါယကာ ပရိသတ်သည် ၊(ပ)၊
(၄) ရဟန်းတို့.. ဥပါသိကာ ဒါယိကာမ ပရိသတ်သည် အကယ်၍ အာနန္ဒာကို ဖူးမြော်ရန် ချဉ်းကပ်လျှင် ထိုပရိသတ်သည် ဖူးမြော်ရသဖြင့် နှစ်သက်ဝမ်းမြောက်၏။ ထိုပရိသတ်၌ အာနန္ဒာသည် အကယ်၍ တရားဟောလျှင် ယင်းသို့ ဟောကြားအပ်သော တရားဖြင့်လည်း ထိုပရိသတ်သည် နှစ်သက်ဝမ်းမြောက်၏။ ရဟန်းတို့.. အာနန္ဒာသည် တရားဟောမှုကို ရပ်နား၍ ဆိတ်ဆိတ်နေသည်တိုင်အောင် ဥပါသိကာ ဒါယိကာမ ပရိသတ်သည် တရားနာ၍ မရောင့်ရဲနိုင်သည်သာလျှင် ဖြစ်၏။ (ဤသည်လည်း အံ့ဖွယ်တပါး)။
ရဟန်းတို့.. အာနန္ဒာ၌ မဖြစ်ဘူးမြဲဖြစ်သော အံ့ဖွယ်ဂုဏ်တို့ကား ဤလေးပါး တို့တည်း”-
ဟု မိန့်တော်မူ၏။
(ဤစကားရပ်ဖြင့် မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို စကြဝတေးမင်းနှင့် ဥပမာပြုတော်မူသည်။ ထိုစကားရပ်ဝယ် စကြဝတေးမင်းထံ ချဉ်းကပ်လာသော မင်းပရိသတ်အရ အဘိသိက်သွန်းပြီးသောမင်း, အဘိသိက် မသွန်းရသေးသောမင်း အားလုံးကိုပင် ယူရမည်။ ထိုမင်းတို့သည် “စကြဝတေးမင်းကား ရုပ်ဆင်းတင့်တယ် ရှုချင်ဖွယ် ကြည်ညိုဖွယ်ရှိလျက် ကောင်းကင်ဖြင့် လှည့်လည်ကာ ပြည်ရေးပြည်ရာများကို ဆုံးမစီရင်တော်မူသည့် တရားကိုစောင့်သော ဓမ္မရာဇ်မင်း ဖြစ်သတဲ့”ဟူသော စကြဝတေးမင်း၏ ဂုဏ်ကျေးဇူးကို ကြားကြ၍ လာရောက် ဖူးမြော်ကြသည်တွင် “အကြားနှင့်အမြင် ညီညွတ်ပါပေသည်”ဟု နှစ်သက်ဝမ်းမြောက်ကြလေသည်။
စကြဝတေးမင်းသည် မင်းပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အမောင်တို့.. အသို့နည်း (=ဘယ့်နှယ်လဲ) ရာဇဓံဆယ်ပါး မင်းကျင့်တရားကို ဖြည့်စွမ်းကြပါ၏လော၊ ရာဇပဝေဏီ အစဉ်အဆက်ကို မပျက်ရအောင် စောင့်ရှောက်ကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ ပုဏ္ဏားပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “ဆရာတို့.. အသို့နည်း (=ဘယ့်နှယ်လဲ) ဗေဒင်ကျမ်းများကို ပို့ချကြရပါ၏လော၊ ဆရာတို့ထံ အန္တေဝါသိက တပည့်များသည်
ဗေဒင်ကျမ်းများကို သင်ကြားကြပါ၏လော၊ အလှူကို၎င်း, အဝတ်သစ်တို့ကို၎င်း, (အညိုအဝါရောင်) ကြောင်သော နို့စားနွားမများကို၎င်း ရကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ သူဌေးသူကြွယ် ပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အမောင်တို့.. အသို့နည်း (=ဘယ့်နှယ်လဲ) အမောင်တို့အဖို့ရာ မင်းမျိုးများမှ မတရားဒဏ်ဖြင့်ဖြစ်စေ မတရားသော အခွန်အတုတ်ဖြင့်ဖြစ်စေ နှိပ်စက်ညှဉ်းပန်းခြင်း ကင်းပါ၏လော၊ အချိန်မှန်မှန် မိုးရွာသွန်းပါ၏လော၊ ကောက်စပါးများကော သန်ထွားကုံလုံ ပြည့်စုံကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်။ သူတော်သူမြတ် ပရိသတ်များ မိမိထံမှောက် လာရောက်ကြလျှင် “အရှင်တို့.. အသို့နည်း၊ ရဟန်းတို့ အသုံးအဆောင်များ ရလွယ်ကြပါ၏လော၊ ရဟန်းတရား၌ မမေ့မလျော့ပဲ နေနိုင်ကြပါ၏လော”ဟု အစေ့အစပ်စကား ပြောကြားလေသည်)။