မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၅၊ အခဏ်း-၄၀၊ စာမျက်နှာ ၃၉၀–၄၈၆
မဟာသုဒဿနသုတ်ကို ဟောတော်မူခြင်း
ဤသို့ မြတ်စွာဘုရား (အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးများကို) မိန့်ကြားတော်မူပြီးလတ်သော် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-
“မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် ကျေးတောကျ၍ မြို့လက်မျှသာဖြစ်သော ဤ(ကုသိနာရုံ) မြို့သိမ် မြို့ငယ်၌ ပရိနိဗ္ဗာန် စံတော်မမူပါလင့်၊ မြတ်စွာဘုရား.. အခြားတပါးသော စမ္ပာပြည် ရာဇဂြိုဟ်ပြည် သာဝတ္ထိပြည် သာကေတပြည် ကောသမ္ဗီပြည် ဗာရာဏသီပြည်ကြီးတို့သည် ရှိကြပါကုန်၏၊ ထိုပြည်ကြီးများ၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူပါ။ ထိုပြည်ကြီးများ၌ ရှင်တော်ဘုရားကို အလွန်ကြည်ညိုကြသည့် မင်းသူဌေး ပုဏ္ဏားသူဌေး သူကြွယ်သူဌေးတို့သည် များစွာရှိကြပါသည်၊ ထိုသူဌေးများသည် ရှင်တော်ဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို ခမ်းနားကြီးကျယ်စွာ ပူဇော်ကြပါလိမ့်မည်”—
ဟု လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာ မထေရ်ကို “ချစ်သားအာနန္ဒာ.. ‘ကျေးတောကျ၍ မြို့လက်မျှသာဖြစ်သော မြို့သိမ်မြို့ငယ်’ဟု ဤသို့ မဆိုလင့်၊ ချစ်သားအာနန္ဒာ.. ဤသို့ မဆိုလင့်။
ချစ်သားအာနန္ဒာ.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒြာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော မဟာသုဒဿန စကြဝတေးမင်းသည် ရှိ၏၊ ထိုမင်းသည် ရန်အပေါင်းကို အောင်နိုင်လျက် တိုင်းနိုင်ငံကို တည်ငြိမ်စေသည့်ပြင် (စကြဝတေးမင်းတို့ဆိုင်ရာ) ရတနာခုနစ်ပါးနှင့် ပြည့်စုံ၏။ ချစ်သားအာနန္ဒာ.. ဤကုသိနာရုံမြို့သည် ထိုစဉ်အခါက မဟာသုဒဿန စကြာမင်း၏ ကုသာဝတီ အမည်ရှိသော နေပြည်တော် ဖြစ်ခဲ့ဘူး၏။ အရှေ့အနောက် အလျား တဆယ့်နှစ်ယူဇနာ ရှိ၏၊ တောင်မြောက် အနံ ခုနစ်ယူဇနာရှိ၏။
ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏။ များသော လူဦးရေရှိ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်း၏။ အစားအစာ ပေါများ၏။ ချစ်သားအာနန္ဒာ.. ဥပမာအားဖြင့် ဝေဿဝဏ်နတ်မင်း၏ အာဠကမန္ဒာမည်သော နတ်မြို့တော်သည် ပြည့်စုံကြွယ်ဝသကဲ့သို့, စည်ပင်ဝပြောသကဲ့သို့, များသော နတ်ဦးရေ ရှိသကဲ့သို့, နတ်ဘီလူးမျိုးစုံတို့ဖြင့် ပြွမ်းသကဲ့သို့, အစားအစာ ပေါများသကဲ့သို့ ချစ်သားအာနန္ဒာ.. ဤအတူပင် ကုသာဝတီ နေပြည်တော်သည် ပြည့်စုံကြွယ်ဝ၏၊ စည်ပင်ဝပြော၏၊ များသော လူဦးရေရှိ၏၊ လူမျိုးစုံတို့ဖြင့် ပြွမ်း၏၊ အစားအစာ ပေါများ၏။
ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် ဆင်သံ, မြင်းသံ, ရထားသံ, စည်ကြီးသံ, မုရိုးစည်သံ, စောင်းသံ, သီချင်းသံ, ခရုသင်းသံ, စည်းဝါးသံ (ကြေးနင်း ခွက်ခွင်းသံ), “စားလှည့်ပါ သောက်လှည့်ပါ ခဲလှည့်ပါ-ဟု ဖိတ်မန္တကပြုသော” = ဖိတ်ခေါ်သံ ဖိတ်ကြားသံ = ဤအသံ ဆယ်မျိုးတို့ဖြင့် နေ့ရောညဉ့်ပါ မစဲ မဆိတ်သည်သာဖြစ်၏။
(ဤ၌။ ။အခြားသော မြို့များ၌ “အမှိုက်စွန့်ကြကုန်လော့၊ ပေါက်တူး ယူကြကုန်လော့၊ ခြင်းတောင်း ယူကြကုန်လော့၊ အရပ်တပါး သွားကြကုန်စို့ ၊ ဆန်ထုပ်ကို ယူကြကုန်လော့၊ ထမင်းထုပ်ကို ယူကြကုန်လော့၊ ကာ, လက်နက်များကို စစ်တိုက်သွားရန် ပြင်ဆင်ကြကုန်လော့”- ဤသို့သော အမင်္ဂလာအသံတို့သာ ဖုံးအုပ်၍နေ၏၊ ကုသာဝတီ နေပြည်တော်၌ကား ထိုကဲ့သို့ မဟုတ်ချေ။ “စားလှည့်ပါ သောက်လှည့်ပါ ခဲလှည့်ပါ”- ဤသို့အစရှိသော ဖိတ်မန္တကပြုသည့် မင်္ဂလာရှိသော အသံတို့ဖြင့်သာ နေ့ရောညဉ့်ပါ မစဲမဆိတ်သည်သာလျှင် ဖြစ်၏ဟု ဆိုလိုသည်)။
ချစ်သားအာနန္ဒာ.. ကုသာဝတီ နေပြည်တော်သည် တံတိုင်းခုနစ်ထပ်တို့ဖြင့် ရံအပ်ပေ၏”- ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားရှင်သည် နှစ်ဘာဏဝါရ အတိုင်းအရှည်ရှိသော မဟာသုဒဿန သုတ္တန်ကြီးကို (အကျယ်ကို သုတ်မဟာဝါပါဠိတော် မြန်မာပြန်၌ ကြည့်ရှုလေ) ဟောကြား ပြီးဆုံးစေတော်မူပြီးလျှင် အရှင်အာနန္ဒာ မထေရ်မြတ်ကို-
“ချစ်သားအာနန္ဒာ.. သင်သွားချေလော့၊ ကုသိနာရုံပြည်သို့ ဝင်ပြီးလျှင် ‘ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ဖြစ်ပေလိမ့်မည်။ ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. လာကြကုန်လော့၊ လာကြကုန်လော့။ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပါလျက် ငါတို့သည် နောက်ဆုံးကာလ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောက်အခါ နှလုံးမသာ မဖြစ်ကြကုန်လင့်’ဟူ၍ ကုသိနာရုံပြည်သား မလ္လမင်းတို့အား ပြောကြားချေလော့”-
ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ထားပြီးလျှင် အဖော်ရဟန်းတပါးနှင့် အတူတကွ ကုသိနာရုံပြည်သို့ ဝင်လေ၏။
(ဤ၌- “မြတ်စွာဘုရား ကြွရောက်တော်မူလာကြောင်းကို ထိုမလ္လမင်းတို့ မသိကြဘူးလား”ဟု မေးဖွယ်ရှိ၏။ အဖြေကား- မသိမဟုတ် သိကြပါ၏။ မြတ်စွာဘုရားရှင်တို့ ရောက်တော်မူလေရာ
အရပ်ဒေသတိုင်းမှာပင် သဒ္ဓါတရားရှိသော နတ်များ, ဥပါသကာများ၏ ရှေ့မှကြိုကာ ကြီးစွာသော ကြွေးကြော်သံ အုတ်အုတ်ကျက်ကျက်သံသည် ဖြစ်မြဲဓမ္မတာပင်။ သို့သော် မလ္လမင်းတို့ကား တစုံတခုပြုရန် ကိစ္စဖြင့် စည်းဝေးနေကြသောကြောင့် မလာရောက်တည့်နိုင်ပဲ ရှိကြလေသည်။ ထိုအင်ကြင်းဥယျာဉ်အတွင်း၌ မြတ်စွာဘုရားကို ရည်ညွှန်း၍ ဆောက်လုပ်အပ်သောကျောင်း မရှိသောကြောင့်၎င်း, ရဟန်းသံဃာတော် အရေအတွက်ကလည်း များလှသောကြောင့်၎င်း “ထိုမလ္လမင်းများ လာရောက်ကြ၍ ရဟန်းသံဃာအတွက် နေရာထိုင်ခင်း ခင်းကျင်းစီမံ လှူဒါန်းကြလိမ့်မည်”ဟု ဆင်ခြင်တော်မူ၍ ထိုမင်းတို့ထံ အချိန်မဟုတ်သော အကာလ = ညဉ့်အခါ၌သော်လည်း မြတ်စွာဘုရားသည် အရှင်အာနန္ဒာကို စေလွှတ်တော်မူလေသည်။ ယင်းသို့ စေလွှတ်တော်မူရာမှာလည်း “အဘယ့်ကြောင့် မြတ်စွာဘုရားသည် နောက်ဆုံးအခါ၌ ကိုယ်တော်၏ အကြောင်းအရာ သတင်းစကားကို ငါတို့အား မကြားစေဘိသနည်း”ဟု ထိုမလ္လမင်းတို့ နှလုံးမသာယာမှု မဖြစ်ပါစေလင့်”ဟု ရည်ရွယ်တော်မူ၍ ဖော်ပြရာပါအတိုင်း မှာကြား၍ အရှင်အာနန္ဒာကို သတင်းစကား သွားရောက်ပို့စေတော်မူလေသည်)။
မလ္လမင်းတို့ ရှိခိုးခြင်း
အရှင်အာနန္ဒာ မထေရ်သူမြတ် ကုသိနာရုံပြည်သို့ ဝင်ကြွသွားတော်မူသောအခါ ကုသိနာရုံပြည်သား မလ္လမင်းတို့ကား မင်းကိစ္စတခုဖြင့် မင်းကွန်း = လွှတ်တော်ရုံး၌ တစုတရုံးတည်း စုရုံး စည်းဝေးနေဆဲ ဖြစ်ကြသည်။ ထိုအခါ အရှင်အာနန္ဒာသည် မလ္လမင်းတို့၏ လွှတ်တော်ရုံးသို့ ကြွရောက်ပြီးလျှင် မြတ်စွာဘုရားရှင် မှာကြားတော်မူလိုက်သည့်အတိုင်း-
“ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ပင် မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ဖြစ်ပေလိမ့်မည်။ ဝါသေဋ္ဌအနွယ်ဖြစ်သော မလ္လမင်းတို့.. လာကြကုန်လော့၊ လာကြကုန်လော့။ ‘ငါတို့၏ နယ်ပယ်အတွင်း၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပါလျက် ငါတို့သည် နောက်ဆုံးကာလ၌ မြတ်စွာဘုရားကို
ဖူးမြော်ခွင့် မရလိုက်ကြ’ဟု နောက်အခါ နှလုံးမသာ မဖြစ်ကြကုန်လင့်”—
ဟု မလ္လမင်းတို့အား ပြောကြားတော်မူလေ၏။
အရှင်အာနန္ဒာမထေရ်၏ စကားကို ကြားကြရလျှင် မလ္လမင်းတို့သည်၎င်း, ထိုမင်းတို့၏ သားသမီး ချွေးမ မိဖုရားတို့သည်၎င်း အလွန် ကြေကွဲဝမ်းနည်းကြလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်တကား၊ ပညာမျက်စိ ရှိတော်မူသော မြတ်စွာဘုရားသည် အလွန်လျင်မြန်စွာ လောကမှ ကွယ်ပျောက်တော်မူလိမ့်မည်တကား”ဟု ဆံပင်တို့ကိုဖြန့်၍ ငိုကြွေးကုန်၏၊ လက်မောင်းတို့ကို မြှောက်၍ ငိုကြွေးကုန်၏၊ ကမ်းပါးပြတ်၌ ကျသကဲ့သို့ လဲကျကုန်၏၊ ရှေးရှု လူးလှိမ့်ကုန်၏၊ ထိုထိုဤဤ လူးလှိမ့်ကုန်၏။
ထိုအခါ မလ္လမင်းတို့သည်၎င်း, ထိုမင်းတို့၏ သားသမီး ချွေးမ မိဖုရားတို့သည်၎င်း အလွန် ကြေကွဲဝမ်းနည်းကြလျက် စိတ်ဆင်းရဲကုန်သည်ဖြစ်၍ အင်ကြင်းဥယျာဉ်သို့ သွားရောက်ကြကာ အရှင်အာနန္ဒာ မထေရ်ထံသို့ ချဉ်းကပ်ကြလေ၏။ ထိုအခါ အရှင်အာနန္ဒာ၏ စိတ်သန္တာန်ဝယ်-
“ငါသည် ကုသိနာရုံပြည်သား မလ္လမင်းများကို တယောက်စီ တယောက်စီ မြတ်စွာဘုရားရှင်အား ဖူးမြော် ကန်တော့စေလျှင် မလ္လမင်းတို့ ကန်တော့၍ မပြီးသေးမီပင် ဤညဉ့်သည် ကုန်ဆုံးသွားလိမ့်မည်၊ ငါသည် ကုသိနာရုံပြည်သား မလ္လမင်းများကို အမျိုးတူ အစုလိုက် အစုလိုက် ထား၍ ‘မြတ်စွာဘုရား.. ဤမည်သော မလ္လမင်းသည် သားသမီး မိဖုရား အမတ် ပရိသတ်နှင့်တကွ ရှင်တော်ဘုရားကို ခြေတော်ဦးခိုက်လျက် ကန်တော့ပါသည်’ဟု
လျှောက်ကာ လျှောက်ကာ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့စေရပါမူ ကောင်းလေစွာ့”–
ဟု အကြံဖြစ်ရှိပြီးနောက် အရှင်အာနန္ဒာသည် မိမိကြံစည် ဆင်ခြင်မိသည့်အတိုင်း ကုသိနာရုံပြည်သား မလ္လမင်းများကို အမျိုးတူ အစုလိုက် အစုလိုက်ထား၍ “မြတ်စွာဘုရား.. ဤမည်သော မလ္လမင်းသည် သားသမီး မိဖုရား အမတ် ပရိသတ်နှင့်တကွ ရှင်တော်ဘုရားကို ခြေတော်ဦးခိုက်လျက် ကန်တော့ပါသည်”ဟု လျှောက်ကာ လျှောက်ကာ ကန်တော့စေလေ၏။ ဤနည်းဖြင့် အရှင်အာနန္ဒာသည် ကုသိနာရုံပြည်သား မလ္လမင်းများကို မြတ်စွာဘုရားရှင်အား ရှိခိုးကန်တော့စေရာ ညဉ့်ဦးယံ၌ပင်လျှင် ပြီးဆုံးလေ၏။
သုဘဒ္ဒပရိဗိုဇ်ဝတ္ထု
ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် ကုသိနာရုံပြည်၌ တည်းခိုနေထိုင်ဆဲရှိ၏။ ထိုသုဘဒ္ဒပရိဗိုဇ်သည် “ယနေ့ညဉ့်သန်းလွဲ ပစ္ဆိမယံ၌ ရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်လိမ့်မည်”ဟု သတင်းစကား ကြားသိလေ၏။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်၏ စိတ်သန္တာန်ဝယ်-
“အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏-ဟု အသက်အရွယ် ကြီးရင့်ကြသော ဆရာ, ဆရာ့ဆရာဖြစ်ကြသည့် ပရိဗိုဇ်ဆရာကြီးများ ပြောကြားသော စကားကို ငါ ကြားရဘူးသည်။ ယနေ့ညဉ့် သန်းလွဲ ပစ္ဆိမယံ၌ပင်လျှင် ရဟန်းမြတ် ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်ပေလိမ့်မည်။ ငါ့သန္တာန်မှာလည်း ဤယုံမှားတခု ဖြစ်ပေါ်လျက်ရှိ၏။ ‘ဤယုံမှားကို ပယ်ဖျောက်နိုင်အောင် ရဟန်းဂေါတမသည် ငါ့အား တရားဟောခြင်းငှါ စွမ်းနိုင်၏’ဟု
ငါသည် ရဟန်းမြတ် ဂေါတမအပေါ်၌ အကြွင်းမဲ့ ယုံကြည်၏”-
ဟု အကြံအစည် ဖြစ်လေသည်။
သုဘဒ္ဒ၏ အတိတ်အကြောင်း
ဤယခု သုဘဒ္ဒပရိဗိုဇ် ဟူသည်မှာ ဥပကနှင့် စာပါတို့၏သား သုဘဒ္ဒလည်း မဟုတ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အရှင်မဟာကဿပ မထေရ်မြတ်ကြီး ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ရဟန်းများစွာဖြင့် ကြွရောက်လာတော်မူသောအခါ နောက်ပါရဟန်းတို့အထဲမှ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ငါတို့ပြုလုပ်လိုရာ လွတ်လပ်စွာ ပြုလုပ်ကြရတော့မည်”ဟု ရိုင်းပြ ရင့်သီးသည့်စကား ပြောကြားသော တောထွက်သုဘဒ္ဒရဟန်းကြီးလည်း မဟုတ်ချေ။ စင်စစ်သော်ကား ဤယခု သုဘဒ္ဒပရိဗိုဇ် ဟူသည်မှာ အလွန်ထင်ရှားသည့် ပုဏ္ဏားသူဌေးမျိုးမှ ပရိဗိုဇ်ရဟန်းပြုသည့် မြတ်စွာဘုရား၏ နောက်ဆုံး ဝေနေယျဖြစ်သော အဝတ်ဝတ်သည့် ပရိဗိုဇ်ရဟန်းတဦး ဖြစ်လေသည်။
ထိုနောက်ဆုံး ဗုဒ္ဓဝေနေယျဖြစ်သည့် သုဘဒ္ဒပရိဗိုဇ်၏ စိတ်သန္တာန်ဝယ် ဤယနေ့ (ပရိနိဗ္ဗာန် စံတော်မူခါနီး)မှ ကပ်၍ အဘယ့်ကြောင့် ဤဖော်ပြရာပါ အကြံအစည်မျိုး ဖြစ်ရသနည်းဟူမူ နောက်ဆုံးအချိန်မှ အကျွတ်တရားရနိုင်သည့် ဥပနိဿယပစ္စည်း ရှေးကောင်းမှုကို ဆည်းပူးခဲ့သောကြောင့် ဤယနေ့ နောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးမှ ဤဖော်ပြရာပါ အကြံအစည် ဖြစ်ရလေသည်။
ချဲ့ဦးအံ့- ရှေးအခါ ကုသိုလ်ကောင်းမှု ပြုလုပ်ဆည်းပူးစဉ်က ညီအစ်ကိုနှစ်ဦးတို့ ရှိကြလေသည်၊ ထိုညီအစ်ကို နှစ်ဦးသားတို့သည် တပေါင်းတစည်းတည်း ကောက်စပါးကို ပြုလုပ်ကြလေသည်။ ထိုသူနှစ်ယောက်တို့တွင် အစ်ကိုကြီးဖြစ်သူ၏ စိတ်သန္တာန်ဝယ် “တကြိမ် တကြိမ် ပြုလုပ်အပ်သော ကောက်စပါး၌ ငါသည် ကောက်ဦးကိုးကြိမ် အလှူဒါန ပြုသင့်၏”ဟု အကြံဖြစ်ရှိလေသည်။
အစ်ကိုကြီးဖြစ်သူသည် ထိုသို့ အကြံဖြစ်ရှိသည့်အတိုင်း ကောက်စပါး စိုက်ပျိုးကြဲချသောအခါ မျိုးစပါးထဲမှ အဦးအဖျားကိုယူ၍ မျိုးဦးဒါန ပေးလှူပြီးနောက် ကောက်စပါးပင်များ ကောက်သားဝင်သောအခါ (=ဖုံးသော လုံးသောအခါ) “ငါ့ညီ.. ယခု ကောက်ပင်များ ကောက်သားဝင်သောအခါမှာ ကောက်သားနို့ရည်ကို ဖောက်ထုတ်၍ ကောက်သားဦး အလှူဒါန ပြုကြစို့လား”ဟု တိုင်ပင်စကား ပြောကြားလေသော် ညီဖြစ်သူသည် “အစ်ကိုကြီး.. အစ်ကိုကြီးသည်ကား ကောက်နုကလေးများကို ဖျက်ဆီးလိုဘိ၏တကား”ဟု ကန့်ကွက်စကား ပြောကြားလေ၏။
အစ်ကိုကြီးဖြစ်သူသည် ညီဖြစ်သူက မိမိအလိုသို့ မလိုက်ပါမည်ကို ကောင်းစွာရိပ်မိ သိရှိ၍ လယ်ခင်းကို တယောက်တဝက်စီ ခွဲဝေပြီးလျှင် မိမိအဖို့ ရရှိသော လယ်ခင်းမှ ကောက်သားကိုခွဲ၍ နို့ရည်ကို ထုတ်ပြီးလျှင် ထောပတ်,ဆီဦးတို့နှင့် ရောစပ်၍ ကောက်သားဦး အလှူဒါနကို ပေးလှူလေသည်။ မုံ့ဆန်းပြုလုပ်လောက်သောအခါ မုံ့ဆန်းအလှူဒါနကို ပေးလှူလေသည်။ ကောက်စပါးတို့ရင့်၍ ရိတ်သောအခါမှာလည်း ရှေးဦးရိတ်သော ကောက်ဆုပ်တို့ကိုယူ၍ ရိတ်ဦးအလှူဒါနကို ပေးလှူလေသည်။ ကောက်လှိုင်း ထုံးဖွဲ့သောအခါမှာလည်း ရှေးဦးစွာ ထုံးဖွဲ့သော ကောက်လှိုင်းများကို ထုတ်ယူ၍ ကောက်လှိုင်းဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်လှိုင်းတို့ကို တပေါင်းတည်း စုပုံသောအခါမှာလည်း အဦးအစကိုယူ၍ ကောက်ပုံဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်ပုံမှထုတ်၍ နယ်သောအခါမှာလည်း နယ်ဦး အလှူဒါနကို ပေးလှူလေသည်။ နယ်ပြီးသော ကောက်စပါးများကို လှေ့ပြီးလျှင် တလင်းအပြင်၌ စပါးပုံပြုလုပ်သော အခါ အဦးအစကိုယူ၍ စပါးပုံဦး အလှူဒါနကို ပေးလှူလေသည်။ ကောက်နယ်တလင်းမှ ကျီအတွင်းသို့ ထည့်သွင်းသောအခါမှာလည်း အဦးအစကိုယူ၍ ကျီဦးအလှူဒါနကို ပေးလှူလေသည်။ ဤသို့လျှင် အစ်ကိုကြီးဖြစ်သူသည်
ကောက်စပါး တကြိမ် တကြိမ် စိုက်ပျိုးရာ၌ ကိုးကြိမ် ကိုးကြိမ် အဦးဒါနကို လှူဒါန်းလေသည်။
ညီဖြစ်သော သူသည်ကား မိမိစိုက်ပျိုးအပ်သော ကောက်စပါးများအားလုံး ရိတ်သိမ်းပြီး၍ ကျီအတွင်း သွင်းပြီးနောက်မှ ထိုကျီကြမှထုတ်၍ အလှူဒါန ပြုလေသည်။
ထိုညီနောင် နှစ်ယောက်တို့တွင် အစ်ကိုကြီးဖြစ်သူသည် ဤဘုရားသာသနာဝယ် အညာသိကောဏ္ဍညမထေရ် ဖြစ်လာလေသည်။ မြတ်စွာဘုရားသည် “အဘယ်သူအား ငါသည် တရားဦး ဟောရပါမည်နည်း”ဟု ဆင်ခြင် ကြည့်ရှုတော်မူလေသော် “အညာသိကောဏ္ဍညသည် ကောက်စပါး တကြိမ်စိုက်ပျိုးရာ၌ ကိုးကြိမ် “အဦးဒါန”ကို ပေးလှူခဲ့သူ ဖြစ်သည်။ ဤဓမ္မစကြာတရားဦးကို အဦးဒါနရှင်ဖြစ်သူ ထိုအညာသိကောဏ္ဍညအား ငါဘုရား ဟောကြားပေအံ့”ဟု ကြံစည်ဆင်ခြင်တော်မူ၍ သူခပ်သိမ်းတို့၏ အလျင်လက်ဦး ဓမ္မစကြာတရားထူးကို ဟောကြားတော်မူလေသည်။ ထိုအညာသိကောဏ္ဍညသည် ဗြဟ္မာပေါင်း တဆယ့်ရှစ်ကုဋေတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေသည်။
ညီဖြစ်သောသူသည်ကား နောက်ချန်၍ နောက်ကာလမှ အလှူဒါနကို ပေးလှူသောကြောင့် ဘုရားရှင် ပွင့်ထွန်းတော်မူသောအခါ သုဘဒ္ဒပရိဗိုဇ်ဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခါနီးမှ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ကြံစည်ဆင်ခြင်မိ၍ မြတ်စွာဘုရားကို ဖူးမြော်ရန် အလိုရှိလာလေသည်။ (ဤကား သုဘဒ္ဒပရိဗိုဇ်၏ အတိတ်အကြောင်း ဝတ္ထုတည်း) (ဒီ ဋ္ဌ ၂၊ မျက်နှာ ၁၇၉-၁၈၀-တို့မှ)
သုဘဒ္ဒပရိဗိုဇ်သည် ပါရမီကောင်းမှု ကုသိုလ်၏ လှုံ့ဆော်ချက်အရ ထိုသို့ ကြံစည်ပြီးသောအခါ အချိန်ကိုမဆွဲပဲ ထိုခဏမှာပင် အင်ကြင်းဥယျာဉ်သို့ သွားရောက်၍ အရှင်အာနန္ဒာမထေရ်ထံသို့ ချဉ်းကပ်ပြီးလျှင် မထေရ်မြတ်ကို-
“အို အရှင်အာနန္ဒာ.. အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်တို့သည် လောက၌ တရံတခါသာ ပွင့်တော်မူကြကုန်၏-ဟု အသက်အရွယ်ကြီးရင့်ကြသော ဆရာ, ဆရာ့ဆရာဖြစ်ကြသည့် ပရိဗိုဇ်ဆရာကြီးများ ပြောကြားသောစကားကို ကျွန်ုပ် ကြားရဘူးပါသည်။ ယနေ့ညဉ့် သန်းလွဲ ပစ္ဆိမယံ၌ပင်လျှင် ရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံခြင်းသည် ဖြစ်ပေလိမ့်မည်၊ အကျွန်ုပ်၏ သန္တာန်မှာလည်း ဤယုံမှားတခု ဖြစ်ပေါ်လျက် ရှိပါ၏။ ‘ဤယုံမှားကို ပယ်ဖျောက်နိုင်အောင် ရဟန်းမြတ်ဂေါတမသည် ငါ့အား တရားဟောခြင်းငှါ စွမ်းနိုင်၏’ဟု အကျွန်ုပ်သည် ရဟန်းမြတ် ဂေါတမအပေါ်၌ အကြွင်းမဲ့ ယုံကြည်ပါ၏။ အို အရှင်အာနန္ဒာ.. အကျွန်ုပ် တောင်းပန်ပါ၏၊ အကျွန်ုပ်သည် ရဟန်းမြတ်ဂေါတမကို ဖူးမြော်ခွင့် ရပါလိုသည်”–
ဟု တောင်းပန်စကား လျှောက်ထားလေ၏။
ဤသို့ လျှောက်ထားလေသော် အရှင်အာနန္ဒာ မထေရ်မြတ်သည် “ဤသာသနာပြင်ပ ဗာဟိရက အယူရှိကြသော တိတ္တိတို့မည်သည် မိမိအယူကိုသာ စွဲမြဲစွာ ယူတတ်ကြ၏၊ ထိုသုဘဒ္ဒပရိဗိုဇ်၏ မိစ္ဆာအယူကို စွန့်ပယ်ရန် မြတ်စွာဘုရား တရားများစွာ ဟောကြားတော်မူနေပါလျှင် ကိုယ်တော်မြတ်၏ ကိုယ်နှုတ်ပင်ပန်း နွမ်းနယ်ရုံသာ ရှိပေလိမ့်မည်၊ ဤသုဘဒ္ဒပရိဗိုဇ်သည် မိမိ၏ မိစ္ဆာအယူကို စွန့်ပယ်လိမ့်မည်မဟုတ်၊ မြတ်စွာဘုရားသည်လည်း ပကတိအားဖြင့်ပင် ပင်ပန်း နွမ်းနယ်တော်မူဆဲ ဖြစ်လေသည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် သုဘဒ္ဒပရိဗိုဇ်ကို-
“ငါ့ရှင်သုဘဒ္ဒ.. ခွင့်မပြုနိုင်ပါ။ မြတ်စွာဘုရားသည် ပင်ပန်းတော်မူလျက်ရှိ၏၊ မြတ်စွာဘုရားကို မညှဉ်းဆဲပါလင့်”-
ဟု ပြန်ကြားတော်မူလေ၏။
သုဘဒ္ဒပရိဗိုဇ်သည် “ငါ့အား ဤအရှင်အာနန္ဒာသည် ခွင့်မပြုချေ၊ သို့သော် အလိုရှိသောသူ မည်သည်ကား သူ့အလိုလိုက်၍ ပြုလုပ်ထိုက်ပေသည်”ဟု ကြံစည်ပြီးလျှင် နှစ်ကြိမ်မြောက်လည်း ရှေးနည်းအတူ တောင်းပန်စကား လျှောက်ထားလေ၏။ အရှင်အာနန္ဒာမထေရ်သည်လည်း ရှေးနည်းအတူပင် ပြန်ကြားတော်မူလေ၏။ သုံးကြိမ်မြောက်လည်း သုဘဒ္ဒပရိဗိုဇ်သည် ရှေးနည်းအတူ တောင်းပန်စကား လျှောက်ထားပြန်လေသော် ရှေးနည်းအတူပင် အရှင်အာနန္ဒာ မထေရ်သည်လည်း ပြန်ကြားတော်မူလေ၏။
မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်နှင့် အရှင်အာနန္ဒာ စကားပြောဆိုနေသည်ကို ပကတိနားဖြင့်ပင် ကြားသိတော်မူလေလျှင် သုဘဒ္ဒအတွက်ပင် လုံ့လကြီးစွာဖြင့် ကုသိနာရုံပြည်သို့ ကြွလာတော်မူခဲ့ရခြင်း ဖြစ်သောကြောင့် အရှင်အာနန္ဒာမထေရ်ကို-
“ချစ်သားအာနန္ဒာ.. တားမြစ်ရန်မသင့်၊ သုဘဒ္ဒကို မတားမြစ်ပါလင့်။ ချစ်သားအာနန္ဒာ.. သုဘဒ္ဒသည် မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရပါစေလော့။ သုဘဒ္ဒသည် ငါဘုရားကို မေးမြန်းလျှင် ထိုမေးမြန်းသမျှသည် ညှဉ်းဆဲလို၍မဟုတ်ပဲ သိလို၍မေးခြင်းသာ ဖြစ်လိမ့်မည်၊ သူမေးသည်ကို ငါဘုရား ဖြေကြားလိုက်လျှင် ထိုအဖြေကို လျင်မြန်စွာ သူသိပေလိမ့်မည်”-
ဟု မိန့်တော်မူ၏။
ထိုအခါ အရှင်အာနန္ဒာသည် သုဘဒ္ဒပရိဗိုဇ်ကို “ငါရှင်သုဘဒ္ဒ.. မြတ်စွာဘုရားသည် သင့်အား ခွင့်ပြုတော်မူနေပြီ၊ သွားပေတော့”ဟု ခွင့်ပြုစကား မိန့်ကြားလေ၏။ ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ဆည်းကပ်၍ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောကြား၍ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေလျက် အပြစ်လွတ်ရာနေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ဤသို့ လျှောက်ထား မေးမြန်းလေ၏-
“အို အရှင်မြတ်ဂေါတမ.. အကြင် သမဏ, ဗြာဟ္မဏ အမည်ခံ ပုဂ္ဂိုလ်တို့သည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံကုန်၏။ ဂိုဏ်းနှင့်လည်း ပြည့်စုံကုန်၏။ ဂိုဏ်းဆရာလည်း ဖြစ်ကြကုန်၏။ ထင်ရှားကျော်စောကုန်၏။ အယူဝါဒ တီထွင်သူတို့ ဖြစ်ကြကုန်၏။ သူတော်ကောင်းဟု လူအများက သမုတ်ထားသူများ ဖြစ်ကုန်၏။ ဤသူတို့ကား အဘယ်သူတို့နည်းဟူမူ (၁) ပူရဏကဿပ (၂) မက္ခလိဂေါသာလ (၃) အဇိတကေသကမ္ဗလ (၄) ပကုဓကစ္စာယန (၅) ဗေလဋ္ဌ၏သား သဉ္စယနှင့် (၆) နာဋ၏သား နိဂဏ္ဌတို့ပင်တည်း။
ထိုသူအားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း တရားအားလုံးကို သိကြပါကုန်သလော၊ သို့မဟုတ် ထိုသူအားလုံးတို့သည်ပင် မိမိတို့ ဝန်ခံချက်အတိုင်း တရားအားလုံးကို မသိကြကုန်သလော၊ သို့မဟုတ် အချို့က သိ၍ အချို့က မသိပဲ ရှိကြပါကုန်သလော”-
ဟု မေးလျှောက်လေ၏။
(ဤ၌- သုဘဒ္ဒ၏ မေးလိုရင်းမှာ- “မြတ်စွာဘုရား.. ပူရဏကဿပ အစရှိသော တိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် အသီးအသီး “ငါတို့ကား သဗ္ဗညူ = ခပ်သိမ်းသောတရားကို သိသူများ ဖြစ်ကြသည်”ဟု ဝန်ခံကြပါသည်။ သူတို့၏ တပည့်ဖြစ်သူ လူအများကလည်း သူတို့ကို တကယ့် သူတော်ကောင်းကြီးများဟု အသိအမှတ် ပြုကြပါသည်။ ထိုတိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦးတို့သည် သူတို့၏ ဝန်ခံချက်အတိုင်း တကယ်ပင် ခြောက်ဦးလုံးပင် သဗ္ဗညူဘုရားများ ဖြစ်ကြပါသလော၊ သို့မဟုတ် ခြောက်ဦးလုံးပင် သဗ္ဗညူဘုရား မဟုတ်သူများ ဖြစ်ကြပါသလော၊ သို့မဟုတ် တချို့က သဗ္ဗညူဘုရားဟုတ်၍ တချို့က သဗ္ဗညူဘုရား မဟုတ်သူများ ဖြစ်ကြပါသလော။ ။သဗ္ဗညူဘုရားများ ဖြစ်ခဲ့လျှင် သူတို့ပြအပ်သော အယူဝါဒ တရားစကားများသည် သံသရာဝဋ်မှ ထွက်မြောက်စေတတ်သည့် နိယျာနိက တရားများသာ ဖြစ်ရပါမည်၊ ထိုသူတို့ ဟောပြအပ်သော အယူဝါဒ တရားစကားများသည် အားလုံးပင် နိယျာနိကတရားချည်း ဖြစ်ပါသလော၊ သို့မဟုတ်
အားလုံးပင် နိယျာနိကတရား မဟုတ်သည်ချည်း ဖြစ်ပါသလော၊ သို့မဟုတ် တချို့တရားက နိယျာနိက တရားဖြစ်၍ တချို့တရားက နိယျာနိကတရားမဟုတ်ပဲ ရှိပါသလော-ဟု မေးလျှောက်လိုရင်း ဖြစ်သည်)။
ထိုသို့ မေးလျှောက်သောအခါ မြတ်စွာဘုရား၏ ကုသိနာရုံပြည်သို့ ကြွလာတော်မူခြင်းကပင် “ပဌမယံ၌ မလ္လမင်းတို့အား တရားဟောမည်၊ ပြီးလျှင် မဇ္ဈိမယံ၌ သုဘဒ္ဒအား တရားဟောမည်၊ ပြီးလျှင် ပစ္ဆိမယံ၌ ရဟန်းသံဃာကို အဆုံးအမ = ဩဝါဒပေး၍ မိုးသောက်အားကြီး လင်းခါနီး၌ ငါဘုရား ပရိနိဗ္ဗာန်စံမည်”ဟူသော ရည်ရွယ်တော်မူချက်ဖြင့် ကြွလာတော်မူခြင်း ဖြစ်ရကား ထိုတိတ္ထိဂိုဏ်းဆရာကြီးတို့တရား၏ နိယျာနိကတရား မဟုတ်ကြောင်း ဟောပြသဖြင့် သုဘဒ္ဒအရာ တစုံတရာ အကျိုးရှိမည် မဟုတ်သောကြောင့်၎င်း, ထိုသို့ဟောပြနေရန် အချိန်အခါ အခွင့်ပင် မရှိတော့သောကြောင့်၎င်း မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်ကို တကယ်ပင် သံသရာဝဋ်မှ ကျွတ်လွတ်စေမည့် အဋ္ဌကမဂ် တည်းဟူသော မဇ္ဈိမပဋိပဒါ တရားဒေသနာကို ဟောပြတော်မူလိုသည်ဖြစ်၍-
“ချစ်သားသုဘဒ္ဒ.. မမေးလင့်၊ ‘ထိုသူအားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း တရားအားလုံးကို သိကြပါကုန်သလော၊ သို့မဟုတ် ထိုသူအားလုံးတို့သည်ပင် မိမိတို့ ဝန်ခံချက်အတိုင်း တရားအားလုံးကို မသိကြကုန်သလော၊ သို့မဟုတ် အချို့ကသိ၍ အချို့ကမသိပဲ ရှိကြပါကုန်သလော’ဟူသော ဤအမေးကို လွတ်ရာဖယ်ရှား ထားလိုက်ဦးလော့။
ချစ်သားသုဘဒ္ဒ.. သင့်အား ငါဘုရားသည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကိုသာလျှင် ဟောအံ့၊ ထိုတရားကို သင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ အကျယ်အားဖြင့် ငါဘုရား ဟောကြားပေအံ့”-
ဟု မိန့်တော်မူ၍ သုဘဒ္ဒပရိဗိုဇ်က “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု ဝန်ခံစကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ဤဆိုလတ္တံ့သော တရားစကားကို ဟောကြားတော်မူလေ၏-
“ချစ်သားသုဘဒ္ဒ.. အကြင် ဓမ္မဝိနယ (=တရားသဖြင့် ဆုံးမရာ) သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် မရှိ၊ ထိုအရိယမဂ်တရား မရှိသော သာသနာ၌ သောတာပန် ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် ရဟန္တာ ရဟန်းသည်လည်း မရှိ။
ချစ်သားသုဘဒ္ဒ.. အကြင်ဓမ္မဝိနယ (=တရားသဖြင့် ဆုံးမရာ) သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် ရှိ၏။ ထိုအရိယမဂ်တရားရှိသော သာသနာ၌ သောတာပန် ရဟန်းသည်လည်း ရှိ၏။ ဒုတိယအဆင့် သကဒါဂမ် ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် အနာဂါမ် ရဟန်းသည်လည်း ရှိ၏။ စတုတ္ထအဆင့် ရဟန္တာရဟန်းသည်လည်း ရှိ၏။
ချစ်သားသုဘဒ္ဒ.. ငါဘုရား၏ တရားသဖြင့် ဆုံးမရာ ဤဓမ္မဝိနယ သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တရားသည် ထင်ရှားရှိပေ၏၊ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် သောတာပန်ရဟန်းသည် ရှိပေ၏၊ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် ဒုတိယအဆင့် သကဒါဂါမ်ရဟန်းသည် ရှိပေ၏။ ဤအရိယမဂ်တရား ထင်ရှားရှိရာ ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် တတိယအဆင့် အနာဂါမ်ရဟန်းသည် ရှိပေ၏။ ဤအရိယမဂ်တရား ထင်ရှားရှိရာ
ငါဘုရား၏ ဓမ္မဝိနယ သာသနာ၌သာလျှင် စတုတ္ထအဆင့် ရဟန္တာရဟန်းသည် ရှိပေ၏။
ဤငါဘုရား၏ ဓမ္မဝိနယ သာသနာတော်မှ တပါးသော အယူဝါဒ (=သာသနာ)တို့သည် တရားကို သိမြင်ကြသည့် (မဂ္ဂဋ္ဌအရိယာ လေးယောက်, ဖလဋ္ဌအရိယာ လေးယောက်, မဂ်လေးပါးကိုရရန် အားထုတ်ဆဲဖြစ်သည့် ဝိပဿက လေးယောက် တည်းဟူသော) = ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့မှ ဆိတ်သုဉ်းကုန်၏။
ချစ်သားသုဘဒ္ဒ.. ဤဖော်ပြရာပါ ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့သည် မှန်စွာ အဆင့်ဆင့် ဟောပြောလျက် နေကြကုန်သည်ရှိသော် လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏။
ချစ်သားသုဘဒ္ဒ.. ငါဘုရားသည် သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ်အရွယ်က ရဟန်းပြုခဲ့၏။ ချစ်သားသုဘဒ္ဒ.. ငါ ရဟန်းပြုသည်မှစ၍ အနှစ်ငါးဆယ် ကျော်ခဲ့လေပြီ။ ဤငါဘုရား၏ သာသနာတော်မှအပ အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာကို ပွါးများသောသူသည်လည်း မရှိချေ၊ သောတာပန်ရဟန်းသည်လည်း မရှိချေ၊ ဒုတိယအဆင့် သကဒါဂါမ် ရဟန်းသည်လည်း မရှိချေ။ တတိယအဆင့် အနာဂါမ်ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် ရဟန္တာရဟန်းသည်လည်း မရှိချေ။
ဤငါဘုရား၏ ဓမ္မဝိနယ သာသနာတော်မှ တပါးသော အယူဝါဒ (=သာသနာ)တို့သည် တရားကို သိမြင်ကြသည့် ရှေးဖော်ပြရာပါ ရဟန်းမြတ် တကျိပ်နှစ်ယောက်တို့မှ ဆိတ်သုဉ်းကုန်၏။ ချစ်သားသုဘဒ္ဒ.. ဤရဟန်းမြတ် တကျိပ်နှစ်ယောက်တို့သည် မှန်စွာ အဆင့်ဆင့် ဟောပြောကြလျက် နေကြကုန်သည်ရှိသော်
လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏”-
ဟု တရားစကား ဟောကြားတော်မူလေ၏။
သုဘဒ္ဒပရိဗိုဇ် ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း
ဤသို့ မြတ်စွာဘုရားရှင်က တရားစကား ပြောကြားတော်မူလတ်သည်ရှိသော် သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ မြတ်စွာဘုရား.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. လောကဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင် မြတ်စွာဘုရားသည် အကျွန်ုပ်အား များစွာသောအကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော်မူအပ်ပါပေပြီ။ မြတ်စွာဘုရား.. ထိုအကျွန်ုပ် သုဘဒ္ဒသည် မြတ်စွာဘုရားကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ သိမှတ် ဆည်းကပ်ပါ၏။ မြတ်စွာဘုရား.. အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရပါရစေ”ဟု လျှောက် ထား တောင်းပန်လေ၏။
ထိုသို့ လျှောက်ထား တောင်းပန်သောအခါ မြတ်စွာဘုရားရှင်က-
“ချစ်သားသုဘဒ္ဒ.. ဤသာသနာတော်မှ တပါးသော အယူရှိသည့် တိတ္တိဖြစ်ဘူးသောသူသည် ဤဓမ္မဝိနယ သာသနာတော်၌ အကယ်၍ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလိုမူ လေးလတို့ပတ်လုံး ပရိဝါသ်ကျင့်သုံးရသည်။
လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြု၍ ပေးကြလိမ့်မည်။ ရဟန်း အဖြစ်သို့ မြှင့်တင်ပေးကြလိမ့်မည်။ သို့သော်လည်း ဤအရာ၌ ငါဘုရားသည် ပုဂ္ဂိုလ်၏ခြားနားချက် (=ဤသူကား တိတ္ထိယပရိဝါသ် ကျင့်သုံးထိုက်သူဖြစ်သည်၊ ဤသူကား တိတ္တိယပရိဝါသ် ကျင့်သုံးထိုက်သူ မဟုတ်-ဟူသော အချက်)ကို လင်းလင်းထင်ထင် သိမြင်အပ်ပေ၏”-
ဟူ၍ မိန့်တော်မူလေလျှင် သုဘဒ္ဒပရိဗိုဇ်သည်-
“မြတ်စွာဘုရား.. ဤသာသနာတော်မှ တပါးသော အယူရှိသည့် တိတ္ထိဖြစ်ဘူးသော သူတို့သည် ဤဓမ္မဝိနယ သာသနာတော်၌ အကယ်၍ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလိုကြမူ လေးလတို့ပတ်လုံး ပရိဝါသ်ကျင့်သုံးကြရသည်ဖြစ်လျှင် လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ်ရှိကြ၍ ရှင်ပြု၍ပေးကြ, ရဟန်းအဖြစ်သို့ မြှင့်တင်၍ ပေးကြမည်ဖြစ်လျှင် အကျွန်ုပ်သည် လေးနှစ်ပတ်လုံး တိတ္ထိယပရိဝါသ်ကို ကျင့်သုံးမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သောစိတ် ရှိတော်မူကြပါလျှင် ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေ”-
ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. သို့ဖြစ်လျှင် သုဘဒ္ဒကို ရှင်ရဟန်းပြုပေးလိုက်လော့”ဟု မိန့်ကြားတော်မူ၍ အရှင်အာနန္ဒာ မထေရ်သည်လည်း “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားဝန်ခံလေ၏။
ထိုအခါ သုဘဒ္ဒပရိဗိုဇ်သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. သင်တို့သည် ဤသာသနာတော်ဝယ် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ တပည့်အဖြစ်ဖြင့် အဘိသိက်သွန်းခြင်းကို ရရှိပါပေကုန်၏၊ ငါ့ရှင်အာနန္ဒာ.. သင်တို့သည်
လာဘ်ကောင်းပါပေကုန်စွာ့၊ အရတော်ပါပေကုန်စွာ့”ဟု လျှောက်ထား ပြောဆိုလေ၏။
(တိတ္ထိတို့၏ အယူဝါဒ၌ ဆရာဖြစ်သူက အကြင်တပည့်ကို “ဤသူကို ရှင်ပြုပေးလိုက်၊ ဤသူကို ဆုံးမလိုက်၊ ဤသူကို ကံမြစ်လိုက် = အနုသာသနီစကား ပြောကြားလိုက်”ဟု မိမိကိုယ်စား တာဝန်လွှဲစကား ပြောကြား၏၊ ထိုတာဝန်လွှဲစကား အပြောအကြားခံရသော တပည့်သည် ဆရာဖြစ်သူက မိမိရာထူး၌ ထားအပ်သည် မည်လေသည်။ သို့ရကား တပည့်ဖြစ်သူအဖို့ရာ “ဤသူကို ရှင်ပြုပေးလိုက်၊ ဤသူကို ဆုံးမလိုက်၊ ဤသူကို ကံမြစ်လိုက်”ဟု ဆရာဖြစ်သူက မိန့်ကြားသည့် တာဝန်လွှဲစကားများသည် ကြီးမားသော လာဘ်ကြီးတခု ဖြစ်လေသည်။ သုဘဒ္ဒပရိဗိုဇ်သည် ထိုတိတ္ထိတို့၏ အယူဝါဒအတိုင်း အရှင်အာနန္ဒာမထေရ်ကို ဤကဲ့သို့ ပြောကြားလေသည်)။
ထိုအခါ အရှင်အာနန္ဒာမထေရ်သည် သုဘဒ္ဒပရိဗိုဇ်ကို သင့်လျော်ရာနေရာ၌ ခေါ်ဆောင်သွား၍ ရေဗူးမှရေဖြင့် ဦးခေါင်းကို ဆွတ်ပြီးလျှင် တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၍ ဆံမုတ်ဆိတ်ကို ပယ်ရိတ်ခြင်း, သင်္ကန်းတို့ကို ဝတ်စေခြင်း, သရဏဂုံပေးခြင်း တည်းဟူသော ရှင်ပြုမှုကိစ္စ သုံးရပ်တို့ကို အစဉ်အတိုင်း ပြုပေးပြီးလျှင် သုဘဒ္ဒသာမဏေကို မြတ်စွာဘုရားရှင်ထံတော်သို့ ခေါ်ဆောင်သွားလေ၏။
မြတ်စွာဘုရားရှင်သည် သုဘဒ္ဒသာမဏေအား ထိုခဏမှာပင် ပဉ္စင်းခံပေးစေ၍ ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူလေသည်။ သုဘဒ္ဒရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ်သော ထိုကမ္မဋ္ဌာန်းကိုယူ၍ အင်ကြင်းဥယျာဉ်အတွင်း ဆိတ်ငြိမ်ရာ တခုသောနေရာ၌ စင်္ကြံသွားခြင်းဣရိယာပုထ် တခုတည်းဖြင့် မနေမနား တရားအားထုတ်လေရာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မမူမီ ထိုညဉ့်မှာပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်၍ ဘုရားရှင်ထံမှောက်သို့ လာရောက်ရှိခိုး၍ ထိုင်နေလေ၏။
အရှင်သုဘဒ္ဒသည် အာသဝေါကုန်ခန်း ရဟန္တာတို့တွင် တပါးအပါအဝင်ဖြစ်၍ မြတ်စွာဘုရား၏ နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက ဖြစ်လေသတည်း။
(နောက်ဆုံး = ပစ္ဆိမ မျက်မှောက်သာဝက- ဟူရာ၌- (၁)အကြင်သူသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ရှင်သာမဏေအဖြစ်ကို ရယူ၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ ရဟန်းအဖြစ်ကို ရယူကာ ကမ္မဋ္ဌာန်းတရား သင်ကြားအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက မည်၏။ (၂) အကြင်သူသည် မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူ၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ ကမ္မဋ္ဌာန်းတရား သင်ကြားအားထုတ်၍ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝကပင် မည်၏။ (၃) အကြင်သူသည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပင် ရှင်အဖြစ်ကိုလည်း ရယူ, ရဟန်းအဖြစ်ကိုလည်း ရယူ, ကမ္မဋ္ဌာန်းတရားကိုလည်း သင်ကြား အားထုတ်၍ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်မှ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထိုသူသည်လည်း နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝကပင်မည်၏။ ဤယခု အရှင်သုဘဒ္ဒ ရဟန်းသည်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ပင် ရှင်အဖြစ်ကိုရယူ, ရဟန်းအဖြစ်ကိုလည်း ရယူ, ကမ္မဋ္ဌာန်းတရားကိုလည်း သင်ကြား အားထုတ်၍ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာပင် အရဟတ္တဖိုလ်သို့လည်း ရောက်ဆိုက်သူ ဥက္ကဌ်နောက်ဆုံး = ပစ္ဆိမ မျက်မှောက်တပည့်သာဝက ဖြစ်သည်ကို အထူးမှတ်ယူရာ၏)။
ဓမ္မပဒကျမ်းလာ သုဘဒ္ဒပရိဗိုဇ်ဝတ္ထု
ဤဆိုအပ်ပြီးသော သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထု စကားအစဉ်သည် သုတ်မဟာဝါပါဠိတော်နှင့် အဋ္ဌကထာတို့၌ လာရှိသော စကားအစဉ် ဖြစ်လေသည်။ ဓမ္မပဒကျမ်းလာ သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထု စကားအစဉ်ကိုလည်း ဤ၌ အကျဉ်းမျှ ဖော်ပြဦးအံ့-
မြတ်စွာဘုရားရှင် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း ပရိနိဗ္ဗာနညောင်စောင်း၌ လျောင်းတော်မူစဉ် ဤသုဘဒ္ဒပရိဗိုဇ်သည် “ငါကား ပြဿနာသုံးရပ်တို့၌ မိမိ၏ ယုံမှားသံသယကို ပရိဗိုဇ်ဆရာကြီးများကိုသာ မေးမြန်း၍ ရဟန်းမြတ် ဂေါတမကိုမူ ‘အသက်အရွယ်ငယ်သူ ဖြစ်သည်’ဟူသော အမှတ်ဖြင့်
အထင်သေးကာ မမေးခဲ့မိချေ၊ ယခုလည်း ထိုရဟန်းမြတ်ဂေါတမ၏ ပရိနိဗ္ဗာန် စံလွန်ရန် အချိန်နီးကပ်လာလေပြီ၊ ယခု မမေးလိုက်မိလျှင် နောက်တချိန်၌ ငါ့အဖို့ရာ ရဟန်းမြတ် ဂေါတမအား မမေးလိုက်မိခြင်းဟူသော အကြောင်းကြောင့် နှလုံးမသာယာမှု ဖြစ်လေရာ၏”ဟု ကြံစည် ဆင်ခြင်မိကာ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ သွားရောက်၍ အရှင်အာနန္ဒာအား ဘုရားကို ဖူးမြော်ခွင့်ပြုရန် လျှောက်ထားလေရာ အရှင်အာနန္ဒာက ရှေးဖော်ပြရာပါအတိုင်း တားမြစ်အပ်ပါသော်လည်း မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ.. သုဘဒ္ဒကို မတားမြစ်ပါလင့်၊ ငါဘုရားကို အမေးပုစ္ဆာပြဿနာ မေးလျှောက်ပါစေ”ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလတ်သည်တွင် တင်းထိမ်ကန့်လန့်ကာ အတွင်းသို့ ဝင်ရောက်၍ ညောင်စောင်းတော်အောက်က ထိုင်နေပြီးလျှင်-
“အို ရဟန်းမြတ်.. အသို့နည်း (=ဘယ့်နှယ်လဲ) ၁-ကောင်းကင်၌ ခြေရာမည်သည် ဖြစ်နိုင် ရှိနိုင်ပါသလော၊
၂-ဤဘုရားမြတ်စွာ သာသနာတော်မှ အပြင်အပ တိတ္ထိတို့၏အယူဝါဒ၌ ကိလေသာကို ငြိမ်းစေတတ်သည့် ရဟန်းသူမြတ်များ ဖြစ်နိုင် ရှိနိုင်ပါသလော၊
၃-မဖောက်မပြန် မပျက်မစီးပဲ အမြဲတည်သော သင်္ခါရတို့မည်သည် ဖြစ်နိုင် ရှိနိုင်ပါကုန်၏လော”-
ဟူ၍ ဤအမေးပုစ္ဆာ ပြဿနာသုံးချက်ကို မြတ်စွာဘုရားရှင်အား လျှောက်ထား မေးမြန်းလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် သုဘဒ္ဒပရိဗိုဇ်အား ထိုသုံးမျိုးလုံးပင် မဖြစ်နိုင်ကြောင်း မရှိနိုင်ကြောင်း ဖြေကြားတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ဂါထာတို့ဖြင့် တရားကို ဟောကြားတော်မူလေသည်-
အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။ (၁)
သုဘဒ္ဒ = ချစ်သားသုဘဒ္ဒ..။ အာကာသေ = အဇဋာပြင် မိုးကောင်းကင်၌။ ပဒံ = တဦးတယောက်၏ ခြေရာမည်သည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ နတ္ထိ ဣဝ = မရှိဧကန် စင်စစ်မှန်သကဲ့သို့။ ဗာဟိရေ = ဤသာသနာတော်မှ အပြင်အပ တိတ္ထိတို့၏ အယူဝါဒ၌။ သမဏော = ကိလေသာခပ်သိမ်းကို အေးငြိမ်းစေတတ် ရဟန်းမြတ် တကျိပ်နှစ်ပါးသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ ပဇာ = လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းသည်။ ပပဉ္စာဘိရတာ = တဏှာ, မာန, ဒိဋ္ဌိအား သုံးထွေပြားသည့် ပပဉ္စတရား၌သာ ပျော်ပါးနှစ်ခြိုက်၍ နေပေ၏။ တထာဂတာ = ဘုရားရှင်တို့သည်။ နိပ္ပပဉ္စာ = ဗောဓိညောင်မင်း ပင်ခြေရင်း၌ပင် အကြွင်းမဲ့ ပယ်ဖြတ်ပြီးကြ၍ ပပဉ္စတရား လားလားမျှ ရှိတော်မမူကြကုန်။
အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။ (၂)
သုဘဒ္ဒ = ချစ်သားသုဘဒ္ဒ..။ အာကာသေ = အဇဋာပြင် မိုးကောင်းကင်၌။ ပဒံ = တဦးတယောက်၏ ခြေရာမည်သည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ နတ္ထိ ဣဝ = မရှိဧကန် စင်စစ်မှန်သကဲ့သို့။ ဗာဟိရေ = သာသနာတော်မှ အပြင်အပ တိတ္ထိတို့၏ အယူဝါဒ၌။ သမဏော = ကိလေသာခပ်သိမ်းကို အေးငြိမ်းစေတတ် ရဟန်းမြတ် တကျိပ်နှစ်ပါးသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။ သဿတာ = မဖောက်မပြန် မပြိုမကွဲ မြဲသော သဘောရှိကုန်သော။ သင်္ခါရာ = ခန္ဓာငါးပါး သင်္ခါရတရားတို့သည်။ နတ္ထိ = တစိုးတစိ မရှိဧကန် စင်စစ်မှန်ကုန်၏။ ဗုဒ္ဓါနံ = သဗ္ဗညူထွတ်တင် ဘုရားရှင်တို့၏ (သန္တာန်၌)။ ဣဉ္ဇိတံ = တဏှာတည်းဟူသော တုန်လှုပ်ခြင်း, မာနတည်းဟူသော တုန်လှုပ်ခြင်း- စသည်တို့တွင်
တပါးပါးသော တုန်လှုပ်ခြင်းသည်။ နတ္ထိ = မရှိဧကန် စင်စစ်မှန်၏။
ဤတရားဒေသနာ ဂါထာနိဂုံး ဆုံးသောအခါ၌ သုဘဒ္ဒပရိဗိုဇ်သည် အနာဂါမိဖိုလ်၌ တည်လေ၏။ ထိုအခိုက် မြတ်စွာဘုရား၏ အနီး၌ ရောက်ဆိုက်သော ပရိသတ်အဖို့ရာလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်လေ၏။
ဤကား ဓမ္မပဒကျမ်း၌လာသော သုဘဒ္ဒပရိဗိုဇ်၏ အကြောင်းအရာဝတ္ထုတည်း။ ။ဤအရာ၌ သုဘဒ္ဒပရိဗိုဇ်သည် သုတ်မဟာဝါ ပါဠိတော်လာ ပြဿနာကို မေးမြန်းလျှောက်ထား၍ မြတ်စွာဘုရား၏ ဖြေကြားချက်ကို နာယူပြီးနောက် ဓမ္မပဒကျမ်းလာ ပြဿနာသုံးချက်ကို ဆက်၍လျှောက်ထား မြတ်စွာဘုရား၏ ဖြေကြားချက်ကို နာယူ၍အဆုံး အနာဂါမ်အရိယာ ဖြစ်ပြီးလျှင် သုတ်မဟာဝါ ပါဠိတော်လာအတိုင်း သရဏဂုံခံယူကာ ရှင်ရဟန်းအဖြစ်ကို တောင်းခံရယူ၍ ရဟန်းတရား အားထုတ်သဖြင့် ဘုရား ပရိနိဗ္ဗာန် စံတော်မမူမီ အာသဝေါကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ကာ မြတ်စွာဘုရား၏ နောက်ဆုံးပစ္ဆိမ မျက်မှောက်သာဝက ဖြစ်လေသည်ဟု မှတ်ယူလျှင် ကျမ်းဂန်နှစ်ရပ် မဆန့်ကျင်ပဲ စကားချင်းစပ်မိ၏။
မြတ်စွာဘုရား၏ နောက်ဆုံး ဩဝါဒစကားတော်
မြတ်စွာဘုရားရှင်သည် နောက်ဆုံး = ပစ္ဆိမ တပည့်သာဝကဖြစ်သူ သုဘဒ္ဒပရိဗိုဇ် ရဟန္တာဖြစ်ပြီးသောအခါ ရဟန်းသံဃာအား နောက်ဆုံးဩဝါဒ ပေးတော်မူလိုသည်ဖြစ်၍ အရှင်အာနန္ဒာမထေရ်ကို (တရားနားခံပြုကာ) ဤဆိုလတ္တံ့သောအတိုင်း မိန့် ကြားတော်မူလေသည်။ မိန့်ကြားတော်မူပုံမှာ-
“ချစ်သားအာနန္ဒာ.. သင်ချစ်သားတို့၏ စိတ်သန္တာန်မှာ ‘တရားစကားတော်သည် ဟောကြားသော ဆရာဘုရားမှ ကင်းကွာခဲ့လေပြီ (=ဟောကြားသူ ဆရာဘုရားမှ ကင်းကွာသော တရားစကားတော် ဖြစ်ခဲ့လေပြီ)၊ ငါတို့၏ ဆရာဘုရားသည်
မရှိတော့ပြီ’ဟု ဤသို့သော ထင်မှတ်မှု အားငယ်မှု ဖြစ်သော်မူ ဖြစ်လေရာ၏။ ချစ်သားအာနန္ဒာ.. ဤအရာကို ဤသို့ မထင်မှတ်ထိုက်ပေ။ ချစ်သားအာနန္ဒာ.. လေးဆယ့်ငါးဝါ ကာလကြာအောင် ငါဘုရား ဟောကြား ပညတ်အပ်သော တရားတော်, ဝိနည်းတော်သည် ငါဘုရား ကွယ်လွန်သောအခါ၌ သင်ချစ်သားတို့၏ ဆရာဘုရားပင် ဖြစ်ပေ၏။ (က)
ချစ်သားအာနန္ဒာ.. ယခုအခါ ရဟန်းတို့သည် အချင်းချင်း တပါးက တပါးကို ‘အာဝုသော = ငါ့ရှင်’ဟူသော စကားဖြင့် ကြီး,ငယ်မရွေး ခေါ်ဝေါ်ပြောဆိုကြသကဲ့သို့ ငါဘုရား ကွယ်လွန်သော အခါ၌ကား ဤကဲ့သို့ မခေါ်ဝေါ် မပြောဆိုကြလင့်။ ချစ်သားအာနန္ဒာ.. မထေရ်ကြီးဖြစ်သော ရဟန်းက သီတင်းငယ်ဖြစ်သော ရဟန်းကို အမည်ဖြင့်ဖြစ်စေ အနွယ်ဖြင့်ဖြစ်စေ ‘အာဝုသော = ငါ့ရှင်’ဟူသော စကားဖြင့်ဖြစ်စေ ခေါ်ဝေါ်ပြောဆိုကြရမည်။ သီတင်းငယ်ဖြစ်သော ရဟန်းသည်ကား မထေရ်ကြီးဖြစ်သော ရဟန်းကို ‘ဘန္တေ = အရှင်ဘုရား..’ ဟူ၍သော်၎င်း ‘အာယသ္မာ = သက်တော်ရှည်အရှင်..’ ဟူ၍သော်၎င်း ဤသို့သာ ခေါ်ဝေါ်ပြောဆိုကြရမည်။ (ခ)
ချစ်သားအာနန္ဒာ.. သံဃာတော်သည် ငါဘုရား ကွယ်လွန်သောအခါ၌ အသေးအနုပ် သိက္ခာပုဒ်များကို ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့။ (ဂ)
ချစ်သားအာနန္ဒာ.. ငါဘုရား ကွယ်လွန်သောအခါ၌ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏ = ပေးရမည်”ဟု မိန့်တော်မူ၏။
အရှင်အာနန္ဒာမထေရ်က “မြတ်စွာဘုရား.. ဗြဟ္မဒဏ်ဟူသည် အဘယ်ပါနည်း”ဟု လျှောက်ထား မေးမြန်းလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ဆန္နရဟန်းသည် သူပြောဆိုလိုရာစကားကို ပြောဆိုနိုင်၏။ သို့ရာတွင် ရဟန်းတို့ကမူ ထိုဆန္နရဟန်းကို မပြောဆိုအပ် မဆုံးမအပ် မကံမြစ်အပ်၊ ဤကား ဗြဟ္မဒဏ်တည်း”ဟု မိန့်တော်မူ၏။ (ဃ)
(ဤဩဝါဒစကားရပ်တို့တွင် (က)မှတ်စကားရပ်၌-
ချစ်သားအာနန္ဒာ.. ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား “ဤအပြစ်ကား ပေါ့သောအပြစ် ဖြစ်သည်၊ ဤအပြစ်ကား လေးသောအပြစ် ဖြစ်သည်၊ ဤအပြစ်ကား ကုစား၍ရကောင်းသော အပြစ်ဖြစ်၍ ဤအပြစ်ကား ကုစား၍မရကောင်းသော အပြစ်ဖြစ်သည်၊ ဤအပြစ်ကား လောကဝဇ္ဇအပြစ် = ဧကန် အကုသိုလ်ဖြစ်သော အပြစ်ဖြစ်၍ ဤအပြစ်ကား ပဏ္ဏတ္တိဝဇ္ဇ = ဘုရားပညတ်ချက်အရသာ အပြစ်ဖြစ်သည်၊ ဤမည်သော အာပတ်သည် ပုဂ္ဂိုလ်၏အထံ၌ ထနိုင် ငြိမ်းနိုင်၏။ ဤအာပတ်သည် ဂိုဏ်း၏အထံ၌ ထနိုင် ငြိမ်းနိုင်၏။ ဤအာပတ်သည် သံဃာ့အထံ၌သာ ထနိုင် ငြိမ်းနိုင်၏” ဤသို့ အစရှိသည်ဖြင့် အာပတ်ခုနစ်ပုံနှင့် စပ်၍ သက်ရောက်လာသော အကြောင်းဝတ္ထုများ၌ မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓက ပရိဝါရတို့နှင့် တကွသော ဥဘတောဝိဘင်း = ဘိက္ခုဝိဘင်း, ဘိက္ခုနီဝိဘင်း တည်းဟူသော ဝိနည်းတရားတော် (ဝိနည်း၅-ကျမ်း ပါဠိတော်)ကို ပကိဏ္ဏကဒေသနာ အဋ္ဌကထာနှင့်တကွ ဟောကြားအပ်ခဲ့လေပြီ၊ ထိုအလုံးစုံသော ဝိနည်းပိဋကတ်သည် ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။
ချစ်သားအာနန္ဒာ.. ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား “ဤတရားတို့သည် သတိပဋ္ဌာန် လေးပါးတို့တည်း၊ သမ္မပ္ပဓာန် လေးပါးတို့တည်း၊ ဣဒ္ဓိပါဒ် လေးပါးတို့တည်း။ ဣန္ဒြေ ငါးပါးတို့တည်း၊ ဗိုလ်ငါးပါးတို့တည်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့တည်း၊ မဂ္ဂင် ရှစ်ပါးတို့တည်း”ဟု ထိုထိုအခြင်းအရာဖြင့် ဤဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဘန်ကာ ဝေဘန်ကာ သုတ္တန်ပိဋကတ်ကို ဟောကြားအပ်လေပြီ၊ ထိုအလုံးစုံသော သုတ္တန်ပိဋကတ်သည်လည်း ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။
ဤတွင်သာမကသေး ယခု ငါဘုရား သက်တော်ထင်ထင် တည်ရှိနေစဉ် “ဤတရားတို့သည် ခန္ဓာငါးပါးတို့တည်း၊ အာယတန တဆယ့်နှစ်ပါးတို့တည်း၊ ဓာတ် တဆယ့်ရှစ်ပါးတို့တည်း၊ သစ္စာလေးပါးတို့တည်း၊ ဣန္ဒြေ နှစ်ဆယ့်နှစ်ပါးတို့တည်း၊ ဟိတ်ကိုးပါးတို့တည်း၊ အာဟာရ လေးပါးတို့တည်း၊ ဖဿ ခုနစ်ပါးတို့တည်း၊ ဝေဒနာ ခုနစ်ပါး, သညာ ခုနစ်ပါး, စေတနာ ခုနစ်ပါး, စိတ်ခုနစ်ပါးတို့တည်း။ ထိုတရားတို့တွင်လည်း
‘ဤရွေ့ဤမျှတို့ကား ကာမာဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား ရူပါဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား အရူပါဝစရတရားတို့တည်း၊ ဤရွေ့ဤမျှတို့ကား ဝဋ်တရား၌ အကျုံးဝင်ကြ၍ ဤရွေ့ဤမျှတို့ကား ဝဋ်တရား၌ အကျုံးမဝင်ကြကုန်၊ ဤရွေ့ဤမျှတို့ကား လောကီတရားတို့ဖြစ်၍ ဤရွေ့ဤမျှတို့ကား လောကုတ္တရာတရားတို့ ဖြစ်ကြသည်’ ဤသို့ စသည်ဖြင့် ဤခန္ဓာအစရှိသော တရားများကို ခွဲခြမ်းစိတ်ဖြာ ဝေဘန်ကာ ဝေဘန်ကာ သမန္တပဋ္ဌာန်း ၂၄-ကျမ်းရှိသည့် အနန္တနယ ပဋ္ဌာန်းကျမ်းကြီးဖြင့် နောက်ဆုံး အထွတ်တပ် တန်းဆာဆင်အပ်သော အဘိဓမ္မာပိဋကကို ဟောကြားအပ်လေပြီ၊ ထိုအလုံးစုံသော အဘိဓမ္မာပိဋကသည်လည်း ငါဘုရား ပရိနိဗ္ဗာန် စံလွန်သောအခါ သင်ချစ်သားတို့အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင် ပြီးစေရစ်လိမ့်မည်။ ဤသို့လျှင် ငါဘုရားသည် ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန် စံလွန်သည်တိုင်အောင် လေးဆယ့်ငါးဝါ ကာလတို့ပတ်လုံး ဟောကြားအပ်သော ဤဓမ္မဝိနယ တရားတော်မြတ်အစုသည် ပိဋကအားဖြင့် သုံးသွယ်, နိကာယ်အားဖြင့် ငါးဖြာ, အင်္ဂါအားဖြင့် ကိုးတန်, ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ဤသို့ မြားမြောင်လှသော အပြားရှိပေ၏။ ဤဖော်ပြရာပါ ဘုရားပေါင်း ရှစ်သောင်းလေးထောင်ဟု ခေါ်ဆိုထိုက်သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကား ထင်ရှားစွာ တည်လျက်ပင် ရှိကုန်၏၊ ငါဘုရားတဆူတည်းသာ ပရိနိဗ္ဗာန် စံသေးသည်။ ယခု ငါဘုရား သက်တော်ထင်ရှား ရှိစဉ်မှာ သင်ချစ်သားတို့ကို ငါဘုရား တဆူတည်းသာ ဆုံးမနေ၏၊ ကံမြစ်နေ၏။ ငါဘုရား ပရိနိဗ္ဗာန် စံလတ်သော် ဤဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်တို့သည် ငါဘုရားအရာ၌ တည်ရစ်ကြကာ သင်ချစ်သားတို့ကို ဆုံးမရစ်ကြပေလိမ့်မည်။ ကံမြစ်ရစ်ကြပေလိမ့်မည်”-
ဟု အကြောင်းပေါင်း များစွာ ဖော်ပြလျက် မြတ်စွာဘုရားသည် ရဟန်းသံဃာကို ဆုံးမတော်မူလေသည်၊ အားပေးစကား မိန့်ကြားတော်မူလေသည်။
(ခ)မှတ်စကားရပ်ဖြင့် ကိုယ်တော်မြတ် ပရိနိဗ္ဗာန် စံတော်မူပြီး နောက်အခါ၌ ရဟန်းသံဃာတို့ လိုက်နာရန် စာရိတ္တကို ညွှန်ပြတော်မူသည်။
(ဂ)အမှတ်ပြ စကားရပ်၌ “အသေးအနုပ် သိက္ခာပုဒ်များကို နုတ်ပယ်ကြ”ဟု ဧကန် တခွန်းတည်းသောစကား မိန့်ကြားတော်မမူပဲ
အဘယ့်ကြောင့် “ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့”ဟု နှစ်ခွစကား မိန့်ကြားတော်မူသနည်း-ဟု မေးရန်ရှိ၏။ အဖြေကား- အရှင်မဟာကဿပမထေရ်၏ သဒ္ဓါအား ပညာအားတို့ကို မြင်တော်မူသောကြောင့် နှစ်ခွစကား မိန့်ကြားတော်မူသည်။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်က “ပယ်နုတ်ကြ”ဟု ဧကန် တခွန်းတည်းသောစကားကို မိန့်ကြားတော်မူစေကာမူ သံဂါယနာတင်သောအခါ အရှင်မဟာကဿပသည် ဘယ်နည်းဖြင့် ပယ်နုတ်လိမ့်မည် မဟုတ်ကြောင်းကို ကောင်းစွာ သိမြင်တော်မူသည်။ ထို့ကြောင့် “ပယ်နုတ်လိုခဲ့သော် ပယ်နုတ်လေလော့”ဟု နှစ်ခွစကား မိန့်ကြားတော်မူသည်။ ။ဤကား အထူးမှတ်ရန်တည်း)။
ထိုသို့ အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားတော်မူပြီးသောအခါ မြတ်စွာ ဘုရားရှင်သည် ရဟန်းတို့ကို-
“ရဟန်းတို့.. တစုံတယောက်သောရဟန်း၏ စိတ်သန္တာန်ဝယ် ‘ဘုရားဟုတ်လေသလော မဟုတ်သလော၊ တရားကောင်း ဟုတ်လေသလော မဟုတ်သလော၊ သံဃာစစ် ဟုတ်လေသလော မဟုတ်သလော၊ နိဗ္ဗာန်ရောက်ကြောင်း မဂ်အစစ် ဟုတ်လေသလော မဟုတ်သလော၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း ဟုတ်လေသလော မဟုတ်သလော’ဟု ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောမှု ဖြစ်ရှိငြားအံ့၊ ရဟန်းတို့.. ငါဘုရားကို မေးကြကုန်လော့။ ‘မြတ်စွာဘုရားသည် ငါတို့မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍မေးခြင်းငှာ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု သင်ချစ်သားတို့သည် နောင်တတဖန် ပူပန်ခြင်း မဖြစ်ကြစေကုန်လင့်”-
ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူလတ်သော် ရဟန်းတို့သည် ဆိတ်ဆိတ်သာ နေကြကုန်၏။ နှစ်ကြိမ်မြောက် ထပ်၍ မိန့်တော်မူသောအခါမှာလည်း ထို့အတူ ဆိတ်ဆိတ်သာ နေကြကုန်၏။ သုံးကြိမ်မြောက် မိန့်တော်မူသော အခါမှာလည်း ထို့အတူပင်
ဆိတ်ဆိတ်သာ နေကြသောကြောင့် မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို-
“ရဟန်းတို့.. သင်တို့သည် ‘ငါတို့ကား ဘုရားအထံ၌ ရှင်ရဟန်းပြုကြသူများ ဖြစ်သည်၊ ငါတို့၏ ပစ္စည်းလေးပါးတို့မှာလည်း မြတ်စွာဘုရား၏ ဥစ္စာတို့သာ ဖြစ်ကုန်၏၊ ထိုငါတို့သည် ဤမျှကြာအောင် ယုံမှားမှုကို မပြုကြပဲ ယခုနောက်ဆုံး ပရိနိဗ္ဗာန် စံတော်မူခါနီးအခါမှ ယုံမှားမှုကို ပြုရန်မထိုက်’ဟု အောက်မေ့ကြကာ ဘုရား၌ ရိုသေသဖြင့် မမေးကြသည်မူလည်း ဖြစ်နိုင်၏။ ရဟန်းတို့.. ထိုသို့ဖြစ်ခဲ့လျှင် အဖော်ရဟန်း အချင်းချင်းကိုမူလည်း မိမိ၏ ယုံမှားတွေးတောချက်ကို ပြောကြားလော့”-
ဟု မိန့်တော်မူပြန်၏။ ဤသိုပင် မိန့်တော်မူသော်လည်း ထိုရဟန်းတို့သည် ဆိတ်ဆိတ်သာလျှင် နေကြလေကုန်၏။
ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို-
“မြတ်စွာဘုရား.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေ၊ မြတ်စွာဘုရား.. မဖြစ်စဘူး အထူးဖြစ်ပါပေစွာ့၊ မြတ်စွာဘုရား.. ဤရဟန်းသံဃာထည်း၌ ‘ရဟန်းတပါးမျှ၏ သန္တာန်မှာပင် မြတ်စွာဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း အလျှင်းမရှိ’ဟူ၍ အကျွန်ုပ် ယုံကြည်ပါသည်ဘုရား”-
ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို-
“ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် ယုံကြည်ခြင်းကြောင့်သာလျှင် ဤသို့ ဆိုပေ၏၊ ချစ်သားအာနန္ဒာ.. ဤရဟန်းသံဃာထည်း၌ ရဟန်းတပါးမျှ၏ သန္တာန်မှာပင် မြတ်စွာဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်း
အလျှင်းမရှိကြောင်းကို မြတ်စွာဘုရား၏ အဖို့ရာ သိပြီးပင် ဖြစ်ပေ၏။ (ယုံကြည်ချက်မျှသာ မဟုတ်ဟူလို)။
ချစ်သားအာနန္ဒာ.. ဤရဟန်း ငါးရာတို့အနက် နောက်ဆုံး ( အောက်ဆုံး)ဖြစ်သော ရဟန်းသည်ပင် အပါယ်သို့ ကျရောက်ခြင်း သဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် နောက်ဆုံး လားရောက်ရာရှိသော သောတာပန်အရိယာ ဖြစ်ပေ၏ (အရှင်အာနန္ဒာကို ရည်ညွှန်းသည်)”-
ဟူ၍ မိန့်တော်မူပြီးလျှင် ရဟန်းတော်များကို နောက်ဆုံးဩဝါဒ ပေးတော်မူသောအားဖြင့်-
“ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ = ရဟန်းတို့.. သင်ချစ်သားတို့အဖို့ရာ ယခု ငါဘုရား နောက်ဆုံး ဩဝါဒစကား မိန့်ကြားလိုသည်မှာ- ၀ယဓမ္မာ သင်္ခါရာ = ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏၊ အပ္ပမာဒေန သမ္ပာဒေထ = သို့ရကား မမေ့သော သတိတရားဖြင့် သင်ချစ်သားတို့သည် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”-
ဟူ၍ မိန့်တော်မူ၏။ ဤသည်လျှင် မြတ်စွာဘုရား၏ နောက်ဆုံးဩဝါဒ မိန့်ခွန်းတော်ပေတည်း။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်ညောင်စောင်း၌ လျောင်းတော်မူရင်းကပင် ၄၅-ဝါ ကာလကြာ ဟောကြားပေးဝေခဲ့သမျှသော ဩဝါဒအလုံးစုံကို အပ္ပမာဒတပုဒ်ထည်း၌ ထည့်သွင်း၍ နောက်ဆုံးဩဝါဒ ပေးတော်မူလေသတည်း။
ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်း
ဗုဒ္ဓဝင်စာရှု သပ္ပုရိသနွယ်ဝင် အို သူတော်စင်.. အသင်၏စိတ်၌ တခု သတိချပ်စေချင်သည်မှာ မြတ်စွာဘုရားသည် “အပ္ပမာဒေန သမ္ပာဒေထ”ဟူသော စကားကို မိန့်ကြားတော်မူပြီးနောက်
တခွန်းတပါဒမျှ နှုတ်တော်အိန့်၍ မိန့်တော်မမူတော့ချေ။ အင်ကြင်းတောကြီး တခုလုံး တိတ်ဆိတ်၍သွားလေပြီ။ မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်စံဖို့ရန် ပြင်ဆင်မှု ပရိကံစိတ်အလုပ်ကိုသာ ပြုလုပ်တော်မူလေတော့သည်၊ ကာယကံ, ၀စီကံမဖက် မနောကံသက်သက်ဖြင့် ပရိနိဗ္ဗာန် ဝင်စံရန် ပြင်ဆင်မှု = ပရိကံ ဘာဝနာစိတ် အလုပ်ကိုသာ ပြုလုပ် ပွါးများတော်မူသည်မှာ-
ရှေးဦးစွာ ရူပါဝစရကြိယာ ပဌမဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် ဒုတိယဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် တတိယဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် ရူပါဝစရကြိယာ စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ထိုဈာန်မှ ထပြီးသော် အရူပါဝစရကြိယာ အာကာသာနဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် ဝိညာဏဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် အာကိဉ္စညာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုသမာပတ်မှ ထပြီးသော် နေဝသညာနာသညာယတန သမာပတ်ကို ၀င်စားတော်မူ၏။ ထိုနေဝသညာနာသညာယတန သမာပတ်မှ ထပြီးသော် သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူ၏။
ထိုသို့ နိရောဓသမာပတ်ကို ၀င်စားတော်မူသောအခါ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှာ ထွက်လေ, ၀င်လေ = ထွက်သက်, ဝင်သက် နှစ်ပါးတို့ ချုပ်ငြိမ်း၍ နေလေသည်၊ ယင်းသို့ ဘုရားရှင်၏ ကိုယ်တော်မှာ ထွက်လေ, ၀င်လေနှစ်ပါးတို့ ချုပ်ငြိမ်းနေသည်ကို မြင်ရ၍ အရှင်အာနန္ဒာမထေရ်သည် အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကို “အရှင်အနုရုဒ္ဓါဘုရား.. မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသွားပြီလော”ဟု စိုးရိမ်တကြီး မေးလျှောက်လေသည်။ ထိုအခါ အရှင်အနုရုဒ္ဓါ မထေရ်က “ငါ့ရှင်အာနန္ဒာ.. မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မမူသေးပါ၊ သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူလျက် ရှိပါသည်”ဟု ပြန်ကြား ဖြေဆိုတော်မူလေ၏။
(ဤအရာ၌။ ။“အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စားတော်မူနေသည်ကို အဘယ်သို့ သိသနည်း”ဟု မေးဖွယ်ရှိ၏၊ အဖြေကား- အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင်နှင့် အတူတကွ ထိုထို ရူပါဝစရဈာန် သမာပတ်လေးပါး အရူပါဝစရဈာန် သမာပတ်လေးပါးတို့ကို လိုက်ပါ ဝင်စားတော်မူသည်၊ (=မြတ်စွာဘုရားရှင် ရူပါဝစရပဌမဈာန်ကို ၀င်စားတော်မူသောအခါ အရှင်အနုရုဒ္ဓါ သည်လည်း ထိုဈာန်ကို ဝင်စားတော်မူသည်၊ မြတ်စွာဘုရားရှင် ရူပါဝစရပဌမဈာန်မှ ထတော်မူသောအခါ အရှင်အနုရုဒ္ဓါသည်လည်း ထိုဈာန်မှ ထတော်မူလေသည်၊ ဤနည်းအားဖြင့်) အရှင်အနုရုဒ္ဓါ မထေရ်သည် နေဝသညာနာသညာယတနဈာန်မှ ထတော်မူသည်တိုင်အောင် မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါ ဝင်စားတော်မူ၍ မြတ်စွာဘုရား နိရောဓသမာပတ် ဝင်စားတော်မူသောအခါမှ မိမိကချန်၍ နေရစ်တော်မူခဲ့လေသည်။
ထို့ကြောင့် “ယခုအခါ မြတ်စွာဘုရားသည် နိရောဓသမာပတ်ကို ဝင်စားတော်မူနေဆဲ ဖြစ်၏၊ နိရောဓသမာပတ် အတွင်း၌လည်း စုတိပြတ်ကြွေ သေလွန်ခြင်း = ပရိနိဗ္ဗာန် စံခြင်းမည်သည် အလျှင်းမရှိ”ဟု သိတော်မူသည်။ ဤနည်းဖြင့် အရှင်အနုရုဒ္ဓါ မထေရ်သည် မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စား တော်မူနေသည်ကို သိတော်မူ၏)။
ထို့နောက် မြတ်စွာဘုရားသည် သညာ ဝေဒနာတို့၏ချုပ်ရာ နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုနေဝသညာနာသညာယတန သမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန သမာပတ်ကို ဝင်စားတော်မူ၏၊ ထိုအာကိဉ္စညာယတန သမာပတ်မှ ထတော်မူ၍ ဝိညာဏဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏၊ ထိုဝိညာဏဉ္စာယတန သမာပတ်မှ ထတော်မူ၍ အာကာသာနဉ္စာယတန သမာပတ်ကို ၀င်စားတော်မူ၏။ ထိုအာကာသာနဉ္စာယတန သမာပတ်မှ ထတော်မူ၍ ရူပါဝစရကြိယာ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏။ ထိုတတိယဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊ ထိုဒုတိယဈာန်မှ ထတော်မူ၍ ပဌမဈာန်ကို ဝင်စားတော်မူ၏။
(ဤ၌။ ။မြတ်စွာဘုရားသည် အသုဘပညတ် ဆယ်ပါး, ရှေ့ကသိုဏ်း ပညတ်ရှစ်ပါး, ကာယဂတာသတိ၏ အာရုံဖြစ်သော ကာယအစုပညတ်, အာနာပါနဿတိ၏ အာရုံဖြစ်သော ထွက်သက် ဝင်သက်ပညတ်, မေတ္တာ ကရုဏာ မုဒိတာဟု ဆိုအပ်သော ဗြဟ္မဝိဟာရတရား သုံးပါး၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်သုံးမျိုး, ပရိစ္ဆေဒါကာသ ပညတ်တပါး = ဤ နှစ်ဆယ့်လေးပါးသော အာရုံတို့၌ ရူပါဝစရကြိယာ ပဌမဈာန်ကို ၀င်စားတော်မူသည်။ ထိုနှစ်ဆယ့်လေးပါးတို့မှ (အသုဘ ပညတ်ဆယ်ပါးနှင့် ကာယအစုပညတ် = ဤဆယ့်တပါးကိုနုတ်၍ ကျန်သော) တဆယ့်သုံးပါးသော အာရုံတို့၌ ရူပါဝစရကြိယာ ဒုတိယဈာန် တတိယဈာန်တို့ကို ဝင်စားတော်မူသည်။ ရှေ့ကသိုဏ်းပညတ် ရှစ်ပါး, ထွက်သက်ဝင်သက် ပညတ်တပါး, ဥပေက္ခာဗြဟ္မဝိဟာရ၏ အာရုံဖြစ်သော အတိုင်းမသိသော သတ္တဝါပညတ်တပါး, ပရိစ္ဆေဒါကာသ ပညတ်တပါး, အရူပအာရုံလေးပါး = ဤတဆယ့်ငါးပါးသော အာရုံတို့၌ စတုတ္ထဈာန်ကို ၀င်စား တော်မူသည်။
ဤစကားရပ်သည်လည်း အကျဉ်းစကားမျှသာ ဖြစ်သည်၊ စင်စစ်သော်ကား ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူအံ့သော မြတ်စွာဘုရားသည် အလုံးစုံ သော ရှေး (ဆွမ်းနှစ်မျိုး အကျိုးတူညီကြောင်း၊ စာမျက်နှာ ၂၈၃-၂၈၄)၌ ဖော်ပြအပ်သည့် ကုဋေပေါင်း နှစ်သန်းလေးသိန်း အရေအတွက်ရှိသည့် ဝဠဉ္ဇနသမာပတ်တို့ကို ဝင်စားတော်မူ၍ (အရပ်တပါး သွားအံ့သောသူသည် ဆွေမျိုးအပေါင်းကို လည်ဖက်နမ်းရှုပ် အားရအောင်စုတ်ပြီးမှ သွားသကဲ့သို့) အလုံးစုံသော သမာပတ်ချမ်းသာကို ၀-လင်စွာ ခံစား သုံးဆောင်တော်မူပြီးမှ ရွှေပြည်နိဗ္ဗာန် ဝင်စံတော်မူသည်-ဟု အထူးမှတ်ယူရာ၏)။
တဖန် မြတ်စွာဘုရားရှင်သည် ပဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်ကို ၀င်စားတော်မူပြန်၏၊ ထိုဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ၀င်စားတော်မူပြန်၏၊ ထိုတတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူပြန်၏၊ ထိုစတုတ္ထဈာန်မှ ထတော်မူပြီးနောက် ထိုစတုတ္ထဈာန်၌ ပါရှိသော ဥပေက္ခာ, ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးတို့ကို တပါးစီ၎င်း နှစ်ပါးပေါင်း၍၎င်း ဆင်ခြင်တော်မူပြီးမှ ထိုပစ္စဝေက္ခဏာ မဟာကြိယာဇောတို့၏ အဆုံးဝယ်
အဗျာကတ ဒုက္ခသစ္စာဖြစ်သော (သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ပဌမမဟာဝိပါက်) ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းတော်မူလေသတည်း။
(ဤ၌။ ။(၁)ဈာန်ကို ဝင်စားပြီးလျှင် ထိုဈာန်မှထ၍ ဘဝင်စိတ်သို့ သက်ရောက်သော ပုဂ္ဂိုလ်၏ ထိုဘဝင်စိတ်ခဏ၌ ပရိနိဗ္ဗာန်စံခြင်းကို ဈာနသမနန္တရပရိနိဗ္ဗာန် = ဈာန်၏အခြားမဲ့၌ ပရိနိဗ္ဗာန်စံခြင်းဟု ခေါ်၏၊ (၂) ဈာန်ကိုဝင်စားပြီးလျှင် ထိုဈာန်မှထ၍ ထိုဈာန်၌ပါရှိသော ဈာန်အင်္ဂါတို့ကို အစိတ်စိတ်အားဖြင့်၎င်း, အပေါင်းအားဖြင့်၎င်း ဆင်ခြင်ပြီးမှ ထိုဆင်ခြင်သော ပစ္စဝေက္ခဏာ၏ အဆုံးဝယ် ဘဝင်စိတ်သို့ သက်ရောက်သော ပုဂ္ဂိုလ်၏ ထိုဘဝင်စိတ်ခဏ၌ ပရိနိဗ္ဗာန်စံခြင်းကို ပစ္စဝေက္ခဏာသမနန္တရပရိနိဗ္ဗာန် = ပစ္စဝေက္ခဏာ၏ အခြားမဲ့၌ ပရိနိဗ္ဗာန်စံခြင်းဟု ခေါ်၏။ ထိုနှစ်မျိုးတို့တွင် မြတ်စွာဘုရားရှင်သည် ၂-အမှတ်ပြ ပရိနိဗ္ဗာန်စံခြင်းဖြင့် ပရိနိဗ္ဗာန် စံတော်မူလေသည်ဟု အထူးမှတ်ယူရာ၏။)
ဤတွင် အခဏ်း ၄၀-ပြီး၏။