ဓမ္မလမ်း
← သက္ကပဉှ — သိကြားမင်း၏ မေးခွန်းများ

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၅၊ အခဏ်း-၃၉၊ စာမျက်နှာ ၆၁–၁၉၆

မစလရွာစား လူယုတ်မာ၏အကြံ

ထိုအခါ ထိုလူတို့၏ နေထိုင်ရာ မစလရွာစား၏ စိတ်သန္တာန်ဝယ် “ငါသည် ရှေးအခါက ထိုလူများ သေအရက် သောက်စားကြကုန်သော်၎င်း, တယောက်နှင့်တယောက် ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်ခြင်းစသော ရာဇဝတ်မှုများ ပြုလုပ်ကြသော်၎င်း အသပြာကျပ် စသည်အားဖြင့်၎င်း, ဒဏ်တပ်သော အခွန်အတုတ်အားဖြင့်၎င်း (=သေအရက်ရောင်းရ၍ အသပြာတကျပ် နှစ်ကျပ်စသည်, ထိုသူများ ရာဇဝတ်မှု ဖြစ်ပွါး၍ ဒဏ်ငွေစသည်အားဖြင့်) များစွာသောဥစ္စာကို ရရှိခဲ့၏၊ ယခုအခါ ထိုလူများ ကုသိုလ်ကောင်းမှုပြုသော အချိန်မှ အစပြု၍ ဤမျှသော အတိုးအပွါး ဥစ္စာဟူ၍ မရှိတော့ချေ။ ကိုင်း.. ထိုလူများကို မင်း၏ ရွှေနန်းတော်၌ အထင်လွဲမှား စိတ်ဝမ်းကွဲပြားအောင် ဂုံးချောစကား ပြောကြားပေတော့အံ့”ဟု အကြံအစည် ဖြစ်ရှိလေ၏။

မစလရွာစား လူယုတ်မာသည် ဤကဲ့သို့ ကြံစည်ပြီးလျှင် မဂဓမင်းထံမှောက်သို့ သွားရောက် ဆည်းကပ်၍ “မြတ်သောမင်းကြီး.. လူဆိုးသူဆိုးများကို တွေ့မြင်နေရပါသည်”ဟု လျှောက်ထားလေ၏။ မင်းကြီးက “အမောင်ရွာစား.. အဘယ်အရပ်၌ တွေ့မြင်ရသနည်း”ဟု မေးမြန်းလတ်သော် ရွာစား လူယုတ်မာသည် “မြတ်သောမင်းကြီး.. အကျွန်ုပ်၏ မစလ၌ တွေ့မြင်နေရပါသည်”ဟု ပြန်ကြား လျှောက်ထားလေ၏။ “အမောင်ရွာစား.. ဘယ်လို လူဆိုးသူဆိုးများ ဖြစ်ကြသနည်း”ဟု မင်းကြီးက မေးလေသော် ရွာစားလူယုတ်မာသည် “အရှင်မင်းမြတ်..

စာ ၉၃

ရာဇဝတ်မှု ကျူးလွန်ကြသော လူဆိုးသူဆိုးများ ဖြစ်ကြပါသည်”ဟု ဂုံးတိုက်စကား လျှောက်ထားလေ၏။ တဖန်ဆက်၍ မင်းကြီးက “ယခု ရာဇဝတ်မှု ကျူးလွန်ကြသော လူဆိုးသူဆိုးများသည် အဘယ်အမျိုးအနွယ်ရှိကြသူများ ဖြစ်သနည်း”ဟု မေး၍ ရွာစားလူယုတ်မာက “အရှင်မင်းမြတ်.. သူကြွယ်အမျိုးဇာတ် ရှိကြသူများ ဖြစ်ကြပါသည်”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “သူကြွယ်မျိုးဇာတ် ရှိသူတို့သည် အဘယ်အမှု ပြုနိုင်ကုန်ချိမ့်နည်း၊ မောင်မင်းသည် သိပါလျက် အဘယ်ကြောင့် ငါ့အား စောစီးစွာ မလျှောက်ထားသနည်း”ဟု မေးလေ၏။ “မြတ်သောမင်းကြီး.. အကျွန်ုပ်သည် ထိုလူဆိုးသူဆိုးများ အန္တရာယ်ပြုမည်မှ ကြောက်လန့်သောကြောင့် စောစီးစွာ မလျှောက်ထားမိပါ၊ ယခုအခါ အကျွန်ုပ်အပြစ် ပြုတော်မမူပါလင့်”ဟု လူယုတ်မာ ရွာစားက ယုံကြည်လောက်အောင် ပြောကြားလေလျှင် မင်းကြီးသည် “ဤရွာစားသည် ငါ့အား အခိုင်အမာစကား ရဲဝံ့စွာ ပြောကြား၏”ဟု ရွာစား (=သူကြီး)အား ယုံကြည်၍ “ထိုသို့ဖြစ်လျှင် ယခုပင် သွားလော့၊ သင့်ကိုယ်တိုင်ပင် ထိုလူဆိုးသူဆိုးများကို ဖမ်းဆောင်ယူခဲ့ရမည်”ဟု မိန့်ဆိုကာ စစ်သည်ဗိုလ်ပါကို အကူပေး၍ စေလွှတ်လိုက်လေ၏။

မဃလုလင်တို့အဖွဲ့ အဖမ်းခံရခြင်း

ယုတ်မာသောရွာစား (=သူကြီး)သည် မစလရွာသို့ ပြန်သွား၍ တနေ့ပတ်လုံး တောအရပ်၌ ကုသိုလ်မှု ပြုလုပ်ကြပြီးလျှင် ညစာစားပြီးနောက် ရွာ၏အလယ်၌ စည်းဝေးထိုင်နေကြ၍ “နက်ဖြန်ခါ အဘယ်ကောင်းမှုကို ငါတို့ ပြုကြရပါမည်နည်း၊ လမ်းခရီးကိုတည်း ညီညွတ်အောင် ပြုလုပ်ကြရမည်လော၊ ရေကန်ကိုတည်း တူးကြရမည်လော၊ တံတား နင်းကြမ်းကိုတည်း ဖွဲ့ချည်တည်ဆောက်ကြရမည်လော”ဟု တိုင်ပင် ဆွေးနွေးနေကြသည်သာဖြစ်သော ထိုမဃလုလင် အမှူးပြုသည့် သုံးကျိပ်သုံးဦးသော လူတို့ကို ဝိုင်းရံ၍ “မလှုပ်ကြနှင့်၊ မင်း၏အာဏာဖြစ်သည်”ဟု ပြောဆိုကာ ဖမ်းဆီးတုပ်နှောင်၍ မင်းထံသို့ ခေါ်ဆောင်သွားလေ၏။

ထိုအခါ ထိုလုလင်တို့၏ အိမ်ရှင်မိန်းမတို့သည် “မယ်မင်းတို့၏ အရှင်သခင် လင်ယောက်ျားတို့ကို ရာဇဝတ်မှု ကျူးလွန်ကြသည့် လူဆိုးသူဆိုးများဟု ဖမ်းဆီးတုပ်နှောင် ခေါ်ဆောင်သွားအပ်ကုန်ပြီ”ဟူသော သတင်းစကားကို ကြားသိကြ၍ “အလွန်ကြာမြင့်စွာကပင် လိမ်လည် ကောက်ကျစ်သူများ ဖြစ်ကြလေသည်။ ထိုမောင်တို့သည်

စာ ၉၄

‘ကုသိုလ်ကောင်းမှု ငါတို့ပြုကြသည်’ဟု လိမ်လည်လှည့်ဖျား ပြောကြားကြကာ နေ့စဉ်နေ့စဉ် တော၌သာ နေထိုင်ကြကုန်၏၊ အလုံးစုံသော အိမ်မှုကိစ္စများ ပျက်ပြား ဆုတ်ယုတ်ခဲ့ကုန်၏၊ အိမ်၌ တစုံတရာသော အကျိုးမျှ တိုးတက်ခြင်း မရှိချေ။ (သို့ရကား) တုပ်နှောင် ဖွဲ့ချည်အပ်ကုန်သည်မှာ လွန်စွာ ကောင်းလှ၏၊ ဖမ်းဆီးအပ်ကုန်သည်မှာ လွန်စွာကောင်းလှ၏။ (ချည်တုပ်နှောင် ဖမ်းဆီးခေါ်ဆောင်ခံရတာပဲ ကောင်းတယ်)”ဟု အပြစ်တင်စကား ပြောကြားကြကုန်၏။

ဆင်ကိုအနင်းခိုင်း၍ သတ်ရန်စီမံခြင်း

လူယုတ်မာရွာစား (=သူကြီး)သည်လည်း ထိုမဃလုလင်တို့အဖွဲ့ကို ဖမ်းဆောင်၍ မင်းကြီးအား ပြသလေ၏။ မင်းကြီးသည် မစူးစမ်း မဆင်ခြင်ပဲသာလျှင် “ဆင်ကို အနင်းခိုင်း၍ ထိုသူများကို သတ်စေကုန်လော့”ဟု အမိန့်ချမှတ်လေသည်။ ထိုမဃလုလင်အဖွဲ့ကို ဆင်ဖြင့်နင်းသတ်မည့် နေရာသို့ ခေါ်ဆောင်အပ်လေလျှင် မဃလုလင်သည် ကျန်သော လုလင်တို့ကို “အမောင်တို့.. ငါ့စကားကို လိုက်နာနိုင်ကြပါမည်လော”ဟု မေးမြန်းလေ၏။ ကျန်သောလုလင်တို့က “အမောင်မဃ.. မောင့်စကားကို လိုက်နာကြစဉ်ပင် ဤယခု သေဘေးသို့ ငါတို့ ရောက်ခဲ့ကြရပြီ၊ ဤသို့ပင် ဖြစ်သော်လည်း မောင့်စကားကို လိုက်နာမြဲ လိုက်နာကြပါကုန်အံ့၊ အိုအမောင်မဃ.. အမောင်ပြောပါလော့၊ အဘယ်အမှုကို ကျွန်ုပ်တို့ ပြုကြရမည်နည်း”ဟု ပြောဆိုကြလေလျှင် မဃလုလင် သည် “အိုအမောင်တို့.. ဤသံသရာဝဋ်အတွင်းဝယ် ကျင်လည်ကုန်သောသူတို့ အဖို့အရာ ဤကဲ့သို့ ဘေးရောက်ကြမြဲ ဓမ္မတာ ဖြစ်ပါသည်၊ အမောင်တို့သည် (ထိုလူယုတ်မာရွာစား (=သူကြီး)ပြောသည့်အတိုင်း) ခိုးသူတို့ ဧကန်စင်စစ် ဖြစ်ကြသလော”ဟု မေးမြန်းလေ၏။ ကျန်သော လုလင်တို့က “ငါတို့သည် ခိုးသူတို့ မဟုတ်ကြပါကုန်”ဟု ပြန်ကြားပြောဆိုကြလေလျှင် မဃလုလင်သည် “အမောင်တို့.. သစ္စာဆိုမှုပြုခြင်းသည် ဤလောကကြီး၏ မှီခိုရာကြီးဖြစ်ပါသည်၊ ထို့ကြောင့် အမောင်တို့အားလုံးပင် “အကယ်၍ အကျွန်ုပ်တို့သည် (ရွာစားသူကြီး ပြောသည့်အတိုင်း) ခိုးသူတို့မှန်ကြပါလျှင် ဆင်တော်သည် ငါတို့ကို နင်းပါစေသတည်း၊ အကယ်၍ ခိုးသူတို့ မဟုတ်သည်မှန်ပါမူ ဆင်တော်သည် မနင်းပါစေသတည်း”ဟု သစ္စာဆိုမှုကို ပြုကြလော့”ဟူ၍ အကြံပေးစကား ပြောကြားလေ၏။

ထိုသုံးကျိပ်သုံးယောက်သော လုလင်တို့သည် မဃလုလင် ပြောကြားသည့်အတိုင်း သစ္စာဆိုမှု ပြုကြလေလျှင် ဆင်တော်သည် နင်းဖို့ရန်ဝေးစွာ့

စာ ၉၅

မဃလုလင်တို့အဖွဲ့အနီးသို့ ကပ်ရောက်ရန်ပင် မစွမ်းနိုင်ပဲ ကြောက်ရွံ့သောအသံကို ဟစ်အော်လျက် တိမ်းရှောင် ထွက်ပြေးလေ၏။ နောက်တဖန် ဆင်တော်ကို သံချွန်တပ်သော နားရင်းတုတ်, မှိန်း, ချွန်းတို့ဖြင့် ထိုးဆွထိန်းအုပ် တဖန်ကပ်ရောက်ရန် ပြုလုပ်ကြသော်လည်း မဃလုလင်တို့အဖွဲ့အနီးသို့ ကပ်ရောက်စေရန် မင်းချင်းဆင်ထိန်းများ မတတ်နိုင်ပဲ ရှိကြလေ၏။

“ဆင်တော်ကို မဃလုလင်တို့အဖွဲ့အနီးသို့ ကပ်ရောက်စေရန် မတတ်နိုင်ကြပါကုန်”ဟု မင်းချင်းတို့က မင်းကြီးအား လျှောက်ထားကြလေလျှင် မင်းကြီးသည် “ထိုသို့ဖြစ်လျှင် ထိုသူများ၏အထက်၌ ဖျာဖြင့်အုပ်ဖုံး၍ ဆင်တော်ကို နင်းစေကြရမည်”ဟု မိန့်ပြန်လေ၏။ မင်းကြီး၏ အမိန့်အတိုင်း မဃလုလင်တို့အထက်၌ ဖျာကို အုပ်ဖုံးအပ်လေသော် ဆင်တော်သည် ရှေးကထက် နှစ်ဆတိုး၍ ကြောက်ရွံ့သောအသံကို ဟစ်အော်လျက် တိမ်းရှောင်ထွက်ပြေးလေ၏။

မင်းကြီးအမြင်မှန်ရ၍ မဃလုလင်တို့အဖွဲ့ကို ရွာစားခန့်အပ်ကာ ဆုလာဘ်များစွာ ပေးခြင်း

မင်းကြီးသည် ထိုအကြောင်းကို ကြားသိ၍ ဂုံးချောသမား လူယုတ်မာရွာစား (=သူကြီး)ကို ရှေ့တော်သို့ အခေါ်ခိုင်းပြီးလျှင်“အမောင်ရွာစား.. ဆင်တော်က ထိုသူများကို မနင်းလို ဆိုပါတကား”ဟု မိန့်ကြားလေ၏။ ဂုံးချောသမား လူယုတ်မာ ရွာစား (=သူကြီး)က“မှန်ပါသည် အရှင်မင်းကြီး.. ထိုသူတို့အနက် အကြီးအကဲဖြစ်သူ (မဃ)လုလင်သည် ဆင်မနင်းဝံ့သော မန္တန်ကို တတ်သိသူဖြစ်ပါသည်၊ ဤယခု ဆင်တော် မနင်းဝံ့ခြင်းသည် မန္တာန်၏ အာနုဘော်ဖြစ်ပါသည်”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် မဃလုလင်ကို ရှေ့တော်သို့ခေါ်စေ၍ “အမောင့်အား ဆင်မနင်းဝံ့သော မန္တာန်ရှိသတဲ့၊ မှန်သလား”ဟု မေးလေ၏။

ထိုအခါ မဃလုလင်က “အရှင်မင်းမြတ်.. အကျွန်ုပ်မှာ ဆင်မနင်းဝံ့သော မန္တာန်မရှိပါ၊ စင်စစ်သော်ကား အကျွန်ုပ်တို့သည် ‘အကယ်၍ ငါတို့သည် မင်းကြီး၏ရန်သူ လူဆိုးသူဆိုးများ ဖြစ်ကြပါလျှင် ဆင်တော်သည် နင်းပါစေသတည်း၊ မင်းကြီး၏ရန်သူ လူဆိုးသူဆိုးများ မဟုတ်ကြသည် မှန်ပါလျှင် ဆင်တော်သည် မနင်းပါစေသတည်း’ဟု သစ္စာဆိုမှုကို ပြုကြပါသည်၊ ဤယခု ဆင်တော်မနင်းခြင်းသည် သစ္စာဆိုမှု၏ အာနုဘော်ဖြစ်ပါသည်”ဟု လျှောက်ဆိုလေ၏။ ထိုအခါ မင်းကြီးက “ အမောင်မဃ.. အမောင်တို့သည် အဘယ်အမှုကို ပြုကြကုန်သနည်း”ဟု

စာ ၉၆

မေးလေလျှင် မဃလုလင်သည် “အရှင်မင်းမြတ်.. အကျွန်ုပ်တို့သည် မညီညွတ်သော ခရီးကို ညီညွတ်အောင် ပြုလုပ်ကြပါသည်၊ လမ်းလေးဆုံ၌ လူသူလေးပါး နားနေအပန်းဖြေရန် စရပ်ကို တည်ဆောက်ကြပါသည်၊ ရေကန်ကို တူးကြပါသည်၊ တံတားနင်းကြမ်းကို ဖွဲ့ချည် တည်ဆောက်ကြပါသည်၊ ဤသို့သဘောရှိသော ကောင်းမှုကုသိုလ်များကို ပြုကြကာ လှည့်လည်ကျက်စား သွားလာနေထိုင်ကြပါသည်”ဟူ၍ အကျယ်တဝင့် ပြန်ကြားလျှောက်ထားလေ၏။

“အမောင်မဃ.. အမောင်တို့ကို ဤရွာစား (=သူကြီး)က အဘယ့်ကြောင့် ဂုံးချောစကား ပြောကြားသနည်း”ဟု မင်းကြီးက မေးလေလျှင် မဃလုလင်သည် “အရှင်မင်းကြီး.. ဤရွာစား (=သူကြီး)သည် အကျွန်ုပ်တို့ မူးယစ်သောက်စား ပျော်ပါးမေ့လျော့နေသောအခါ ဤမည်ဤမည်သော ဥစ္စာများကို ရပါသည်၊ အကျွန်ုပ်တို့ ယခုကဲ့သို့ မမေ့မလျော့သောအခါ ထိုဥစ္စာများကို ရရှိမှု အလျှင်းပင် မရှိတော့ပါ၍ ဤအကြောင်းကြောင့် ဂုံးချောစကား ပြောကြားပါသည်”ဟု လျှောက်ထားလေ၏။

ထိုအခါ မင်းကြီးသည် မဃလုလင်ကို “အမောင်မဃ.. ဤဆင်တော်သည် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား အမောင်တို့၏ ဂုဏ်ကျေးဇူးကို သိပေ၏၊ ငါတမူကား လူသားစင်စစ် ဖြစ်ပါလျက်လည်း အမောင်တို့၏ ဂုဏ်ကျေးဇူးကို မသိခဲ့ချေ၊ အမောင်တို့၏ နေထိုင်ရာ မစလရွာကို အမောင်တို့အားပင် တဖန်ရုပ်သိမ်းမှုမပြုပဲ အပိုင်စား ပေးသနားပါ၏။ ဤဆင်တော်သည်လည်း အမောင်တို့၏ဆင်ပင်ဖြစ်စေ၊ ဂုံးချောသမား ရွာစား သူကြီးဟောင်းသည်လည်း အမောင်တို့၏ပင် ကျွန်ဖြစ်စေ၊ ဤအခါမှစ၍ ငါ့အတွက်လည်း ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြပါ”ဟု ပြောဆို၍ ဥစ္စာများစွာကို ဆုလာဘ်အဖြစ် ပေးအပ်ကာ မဃလုလင် တဖွဲ့လုံးကို လွှတ်လိုက်လေ၏။

ထိုမဃလုလင်တို့ အဖွဲ့သားများသည် မင်းကြီးပေးလိုက်သော ဥစ္စာကို ယူခဲ့ကြ၍ တယောက်တလှည့်စီ ဆင်ကိုစီးကြကာ သွားကြကုန်စဉ် “အမောင်တို့.. ကုသိုလ်ကောင်းမှုမည်သည်ကို လာလတ္တံ့သော အနာဂတ်ဘဝအတွက် ပြုလုပ်အပ်ပေ၏၊ ငါတို့အဖို့မှာမူ ရေအတွင်း၌ ကြာညိုပန်းပွင့်သကဲ့သို့ ဤယခုဘဝကိုယ်အဖြစ်၌ပင် ကောင်းကျိုးကို ပေးခဲ့လေပြီ၊ ယခုအခါ ရှေးကထက်တိုး ဆတပိုးလျှင် ကုသိုလ်ကောင်းမှုကို ပြုကြကုန်စို့”ဟု တိုင်ပင်စကား ပြောကြားကြကုန်၏။ တဖန်ဆက်၍

စာ ၉၇

“အဘယ်သို့သော ကုသိုလ်ကောင်းမှု ပြုကြမည်နည်း”ဟူ၍ ဆွေးနွေး တိုင်ပင်ကြပြန်လေလျှင် “လမ်းလေးဆုံ၌ အခိုင်အမာ ထာဝရပြု၍ လူများအပေါင်း၏ အပန်းဖြေစရပ်ကြီးတဆောင် ဆောက်လုပ်ကြကုန်အံ့၊ အထူးအားဖြင့်ကား ငါတို့၏ အိမ့်ရှင်မများနှင့် ကုသိုလ်ကောင်းမှု အဖို့ရေစက်မပါအောင် ဆောက်လုပ်ကြကုန်အံ့၊ မှန်ပါပေသည်- ငါတို့ကို “လူဆိုးသူဆိုးများ”ဟု ပြောဆိုကာ မတရား ဖမ်းဆောင်အပ်ကုန်သည်ရှိသော် ငါတို့၏ အိမ့်ရှင်မိန်းမများတွင် တယောက်မျှလည်း လွတ်မြောက်ဖို့ရန် အကြံအစည်ကိုမျှ မပြုကြပဲ “ကောင်းစွာ ဖွဲ့နှောင်အပ်ကုန်ပြီ၊ ကောင်းစွာ ဖမ်းဆီးအပ်ကုန်ပြီ = အဖွဲ့အနှောင် ခံကြရဒါပဲ ကောင်းတယ်၊ အဖမ်းအဆီး ခံကြရဒါပဲ ကောင်းတယ်”ဟု ဝမ်းမြောက်စကား ပြောကြား ထကြွခဲ့ကြလေကုန်ပြီ၊ သို့ရကား ထိုအိမ့်ရှင်မိန်းမများအား ကုသိုလ်ကောင်းမှု အဖို့ဝေစုကို မပေးကြစတမ်း”ဟု သဘောတူ တိုင်ပင်ဆုံးဖြတ်ကြလေကုန်၏။

အပန်းဖြေစရပ်ကြီး ဆောက်လုပ်ကြခြင်း

ထိုသုံးကျိပ်လေးဦးသော “မဃလုလင်” အဖွဲ့သားတို့သည် မိမိတို့၏အိမ်များသို့ ရောက်ရှိကြလေသော် ဆင်တော်အား နေ့စဉ်နေ့စဉ် ထမင်းတလုပ်စီ မြက်တဆုပ်စီ ပေးကြလေ၏၊ ထိုထမင်းတလုပ်စီ မြက်တဆုပ်စီသည် ဆင်တော်အတွက် ဝမ်းပြည့်အောင် လုံလောက်လေသည်။ ထို“မဃလုလင်” အဖွဲ့သားတို့သည် တောသို့ဝင်၍ သစ်ပင်တို့ကို ခုတ်လှဲကြကုန်၏၊ ခုတ်ပြီး ခုတ်ပြီးတိုင်းသော သစ်ပင်များကို ဆင်တော်သည် ဆွဲ၍ လှည်းလမ်းအနီး၌ ချထားလေ၏။ ထို“မဃလုလင်” အဖွဲ့သားတို့သည် သစ်ပင်များကို ရွေကြ၍ အပန်းဖြေစရပ်ကြီး တည်ဆောက်မှုကို စတင်အားထုတ်ကြလေကုန်၏။

မဃလုလင်၏အိမ်၌ မသူဇာ, မသုဓမ္မာ, မစိတ္တာ, မနန္ဒာဟူ၍ မယားလေးယောက်တို့ ရှိကြလေသည်။ ထိုလေးယောက်တို့အနက် သုဓမ္မာသည် လက်သမားဆရာကြီးကို “အိုဖခင်.. ဤကိုမဃတို့ သူငယ်ချင်း သုံးကျိပ်လေးဦးတို့သည် နံနက်စောစောပင် တောသို့သွားကြ၍ ညချမ်းကာလမှ အိမ်သို့ ပြန်လာကြပါသည်၊ အဘယ်အမှုကို ပြုကြပါသနည်း”ဟု မေးမြန်းလေ၏။ လက်သမား ဆရာကြီးက “အမိ.. မဃလုလင်တို့ သူငယ်ချင်း သုံးကျိပ်လေးဦးတို့သည် အပန်းဖြေစရပ်ကြီး ဆောက်လုပ်နေကြပါသည်”ဟု ပြောလေလျှင် သုဓမ္မာသည်“အိုဖခင်.. ကျွန်တော်မအားလည်း အပန်းဖြေစရပ်ကြီးအတွက် ကုသိုလ်ကောင်းမှု

စာ ၉၈

အဖို့အစုပါအောင် ပြုလုပ်ပေးပါလော့”ဟူ၍ တောင်းပန်စကား ပြောကြားလေ၏။ ထိုအခါ လက်သမားဆရာကြီးက “အိုအမိ.. ‘အိမ့်ရှင်မိန်းမတို့နှင့် ကုသိုလ်ကောင်းမှု အဖို့ရေစက်မပါအောင် ဆောက်လုပ်ကြမည်’ဟု ထိုမဃတို့ အဖွဲ့သားများက ပြောကြားကြပါသည်”ဟု ဆိုလေလျှင် သုဓမ္မာအိမ့်ရှင်မသည် လက်သမားဆရာကြီးအား အသပြာရှစ်ကျပ် လက်ဆောင်တံစိုးပေး၍ “အိုဖခင်.. တနည်းနည်းဖြင့် ကျွန်တော်မအတွက် ကုသိုလ်ကောင်းမှု အဖို့ရေစက်ပါအောင် ပြုလုပ်ပေးပါလော့”ဟု တောင်းပန်စကား ပြောကြားလေ၏။

လက်သမားဆရာကြီးသည် “ကောင်းပြီ အမိ..”ဟု ပြောဆို၍ အလျင်လက်ဦး ပဲခွပ် = ဓားမ, ပုဆိန်များကိုယူဆောင်လျက် ရွာအလယ်၌ ရပ်တည်ကာ “အမောင်တို့ အသို့နည်း = ဘယ့်နှယ်လဲ၊ ယနေ့ယခု အချိန်၌သော်လည်း ရွာမှ မထွက်ကြသေးဘူးလော”ဟု ကျယ်လောင်ဟစ်အော် နှိုးဆော်သောအသံကိုပြု၍ “အားလုံးသော အဖွဲ့သားများ ခရီးသို့ တက်ရောက်ကြပြီ”ဟု သိရှိလတ်သော် “အမောင်တို့.. သင်တို့သည် သွားနှင့်ကြဦးလော့၊ ငါ့အဖို့ရာ နှောင့်နှေးဖွယ်ရာ ကိစ္စတခု ရှိနေပါသည်”ဟု ပြောဆိုကာ ထိုအဖွဲ့သား သုံးကျိပ်လေးယောက်တို့ကို ရှေ့ကသွားနှင့်အောင် ပြုလုပ်၍ မိမိကမူ အခြားခရီးတခုသို့ သွား၍ အထွတ်ပြုလုပ်ရန် သင့်လျောက်ပတ်သော (=ပိန္နဲတိုင်ပြုလုပ်ရန် သင့်လျော်သော) သစ်ပင်ကို ခုတ်လှဲကာ ရွေ၍ ချောပြေအောင် ပြုလုပ်ပြီးလျှင် ရွာသို့ယူဆောင်ခဲ့၍ သုဓမ္မာအိမ့်ရှင်မ၏အိမ်၌ “ကျွန်ုပ်က ‘ပေးလိုက်ပါ’ဟု ပြောဆိုသောနေ့၌ အိမ်မှထုတ်၍ ပေးလိုက်လော့”ဟု ပြောဆိုမှာတမ်း၍ ထားခဲ့လေ၏။

ထို့နောက် သစ်အဆောက်အဦများ စုဆောင်းခြင်းကိစ္စ ပြီးစီးလတ်သော် မြေတွင်းဝန်းခြင်း မြေသုတ်သင်ခြင်း အမှုမှစ၍ အကျည်ဖွဲ့ခြင်း = အောက်အခြေခံ အုတ်ခုံတည်ဆောက်ခြင်း, သည်တိုင်စိုက်ထူခြင်း, ထုပ်လျောက်တင်ခြင်း, (အထွတ်တင်သည့်အခါ တက်ရောက်ဖွယ်ရာ) ငြမ်းဖွဲ့ခြင်း အမှုများကို ပြုလုပ်ပြီးစီးလတ်လျှင် လက်သမားဆရာကြီးသည် အထွတ်တင်စရာငြမ်း၌ ထိုင်၍ အရပ်လေးမျက်နှာတို့မှ အခြင်ယနယ်များကို ချီမလျက် “အမောင်တို့.. ငါတို့ တခုမေ့နေသည့်အရာရှိ၏”ဟု စကားစ-လိုက်လေ၏။ အဖွဲ့သားတို့က “အို လက်သမားဆရာကြီး.. အဘယ်အရာကို မေ့နေပါသနည်း၊ သင်ဆရာကြီးသည် အလုံးစုံကိုပင် မေ့လျော့ဘိ၏”ဟု အပြစ်တင်စကား

စာ ၉၉

ပြောကြားကြလေလျှင် လက်သမားဆရာကြီးသည် (ထိုသူတို့ အပြစ်တင်ချက်ကို လျစ်လျူရှု၍) “အမောင်တို့.. ဤအခြင်ယနယ်များသည် အဘယ်၌ သွားရောက်ပေါင်းစု တည်ကြမည်နည်း၊ အခြင်ယနယ်များ ပေါင်းစု၍ တည်နေရာအတွက် (=ပိန္နဲတိုင်)မည်သည်ကို ရမှသင့်မည်”ဟု ပြောဆိုလေ၏။ “အိုလက်သမားဆရာကြီး.. ယခုအချိန်ကျမှ အဘယ်က ရနိုင်မည်နည်း”ဟု ပြောကြလေလျှင် လက်သမားဆရာကြီးသည် “အမျိုးတို့၏အိမ်၌ ရနိုင်ဖွယ်ရာရှိပါ၏၊ အိမ်ပေါက်စေ့ လှည့်လည်၍ မေးမြန်းကြပါလော့”ဟု ပြောဆိုလေ၏။

မဃလုလင် အဖွဲ့သားတို့သည် ရွာတွင်းသို့ဝင်၍ မေးမြန်းကြလေသော် သုဓမ္မာအမျိုးသမီးအိမ်ဝ၌ ရပ်တည်ကြ၍ “ဤအိမ်၌ အထွတ်ပြုရန် သစ်သားရှိသလော”ဟု မေးကြလေကုန်၏။ သုဓမ္မာအမျိုးသမီးက “ရှိပါသည်”ဟု ဆိုလေလျှင် မဃလုလင် အဖွဲ့သားတို့သည် “ယခု အဖိုးကို ယူပါလော့”ဟု ပြောဆိုကြလေ၏။ “တန်ဖိုးကို မယူလိုပါ၊ အကယ်၍ ကျွန်တော်မအတွက်တာ ကုသိုလ်ကောင်းမှု အဖို့ဝေစုကို ပြုကြပါလျှင် ဤအထွတ်ပြုရန် သစ်သားကို ပေးပါမည်”ဟု ဆိုလေလျှင် မဃလုလင်အဖွဲ့သားတို့သည် “အမောင်တို့.. လာကြလော့၊ မာတုဂါမအားတော့ ဘယ်လိုနည်းဖြင့်မှ အဖို့ဝေစုကို မပြုနိုင်ကုန်၊ တောသို့ သွားရောက်၍ အထွတ်ပြုလောက်သော သစ်ပင်ကို ခုတ်လှဲကုန်အံ့”ဟု ပြောဆိုကြကာ ရွာမှ ထွက်ခဲ့ကြကုန်၏။

ထိုအခါ လက်သမားဆရာကြီးက “အမောင်တို့.. အသို့နည်း = ဘယ့်နှယ်လဲ၊ အထွတ်ပြုရန် သစ်သားကို မရခဲ့ဘူးလော”ဟု မေးလေလျှင် မဃလုလင် အဖွဲ့သားတို့သည် ထိုအကြောင်းကို ပြန်ကြား ပြောဆိုကြလေကုန်၏။ လက်သမားဆရာကြီးသည် အထွတ်တင်ရန် (ဖွဲ့ချည်ထားသည့်) ငြမ်း၌ ထိုင်နေရင်းကပင် ကောင်းကင်ကို မော်ကြည့်၍ “အို အမောင်တို့.. ယနေ့ နက္ခတ်အချိန် အလွန်ကောင်းလှပါသည်။ ဤနက္ခတ်အချိန်မျိုးကို နောက်တနှစ်ကျော်မှ ရနိုင်ပါသည်၊ အမောင်တို့သည်လည်း သစ်အဆောက်အဦများကို ဆင်းဆင်းရဲရဲ ဆောင်ယူအပ်ခဲ့ကုန်ပြီ၊ ထိုသစ်အဆောက်အဦများသည် တနှစ်လုံးလုံး ထားခဲ့လျှင် ဤနေရာ၌ပင် ပုပ်၍ ဆွေး၍ သွားကြပေလိမ့်မည်။ နတ်ပြည်၌ဖြစ်သောအခါဝယ် ထိုသုဓမ္မာ အမျိုးသမီးအတွက်လည်း တထောင့်တကွေးက ဗိမာန်စရပ် ဖြစ်ပါစေ၊ ထိုသုဓမ္မာ အမျိုးသမီးအိမ်က အထွတ်သစ်ကိုပင် ယူဆောင်ခဲ့ကြပါကုန်လော့”ဟု ပြောဆိုလေ၏။

စာ ၁၀၀

သုဓမ္မာအမျိုးသမီးသည်လည်း ထိုမဃလုလင်အဖွဲ့သားတို့ တဖန်ပြန်၍ မလာကြမီပင် အထွတ်၏ အောက်အပြင်၌ “ဤစရပ်သည် သုဓမ္မာစရပ်မည်၏”ဟု အက္ခရာကမ္ဗည်းတို့ကို ထွင်းစေပြီးလျှင် ထိုနေရာကို အဝတ်အသစ်ဖြင့် ရစ်ပတ်ဖုံးအုပ်၍ ထားနှင့်လေ၏။ စရပ်ဆောက်လုပ်သောသူတို့သည် လာကြ၍ “အို သုဓမ္မာ.. အထွတ်ကို ယူဆောင်ခဲ့ပါလော့၊ ဖြစ်လိုရာရာ ဖြစ်ပါစေတော့၊ သင့်အားလည်း ကုသိုလ်ကောင်းမှုအဖို့ရအောင် ပြုကြကုန်အံ့”ဟူ၍ ပြောဆိုကြလေ၏။ သုဓမ္မာ အမျိုးသမီးသည် အထွတ်သစ်သားကို အိမ်မှထုတ်ဆောင်၍ “အမောင်တို့.. အခြင်ယနယ် ရှစ်လုံးဖြစ်စေ တဆယ့်ခြောက်လုံးဖြစ်စေ တင်၍မပြီးသေးမီ ဤအဝတ်ကို မဖြေကြပါကုန်လင့်”ဟု မှာတမ်းပြောဆို၍ ပေးလိုက်လေ၏။

ထိုစရပ်ဆောက်လုပ်သော သူတို့သည် “ကောင်းပြီ”ဟု ဝန်ခံကြ၍ ယူဆောင်သွားကြပြီးလျှင် အခြင်ယနယ်တို့ကို တင်ပြီးမှ အုပ်ထားသောအဝတ်ကို ဖြေကြလေကုန်၏။ မျက်စိအမြင်စူးရှသော ရွာကြီးသား လူတယောက်သည် အထက်သို့မော်၍ ကြည့်ရှုလတ်သော် အက္ခရာကမ္ဗည်းတို့ကို မြင်လတ်၍ “အမောင်တို့.. ဤအရာကား အဘယ်နည်း = ဘာနည်း”ဟု ပြောဆို၍ စာဖတ်တတ်သူ လူတယောက်ကို ခေါ်ပြလေ၏။ ထိုစာဖတ်တတ်သူသည် “ဤစရပ်သည် သုဓမ္မာစရပ်မည်၏”ဟု ပြန်ကြားပြောဆိုလေ၏။

ထိုအခါ မဃလုလင်တို့ အဖွဲ့သားများသည် “အမောင်တို့.. ထိုအထွတ်ကို ဖယ်ရှားကြလော့၊ ငါတို့သည် အစမှစ၍ စရပ်ကို ဆောက်လုပ်ကြပါလျက် အမည်မျှကိုလည်း မရကြကုန်၊ ဤသုဓမ္မာအမျိုးသမီးသည် တတောင်မျှလောက်သော အထွတ်သစ်သားဖြင့် စရပ်တဆောင်လုံးကို မိမိအမည်ဖြင့် (ခေါ်တွင်ရအောင်) ပြုလုပ်စေ၏”ဟု ကျယ်လောင်စွာ ဟစ်အော် ပြောဆိုကြလေကုန်၏။ လက်သမားဆရာကြီးသည် ထိုလူတို့ ကျယ်လောင်စွာ ဟစ်အော် ပြောဆိုနေကြကုန်စဉ်ပင် အခြင်ယနယ်တို့ကိုသွင်း၍ မယ်န (=ပရစ်)များကို အပြီးရိုက်နက်ကာ စရပ်ကြီး ဆောက်လုပ်မှုကို ပြီးဆုံးစေလေ၏။

မဃလုလင်အဖွဲ့သားများသည် ဆောက်လုပ်ပြီးသော အပန်းဖြေစရပ်ကြီးကို သုံးပုံသုံးပိုင်း ခွဲခြားကန့်သတ်မှု ပြုကြကုန်၏- (၁) တပုံတစု၌ မင်းအစိုးရများ နေထိုင်ရာအရပ်ကို ပြုကြကုန်၏၊

စာ ၁၀၁

(၂) တပုံတစု၌ ဆင်းရဲသားများ နေထိုင်ရာအရပ်ကို ပြုကြကုန်၏။ (၃) တပုံတစု၌ မမာမကျန်းသူများ နေထိုင်ရာအရပ်ကို ပြုကြကုန်၏။

စရပ်ကြီး၌ တာဝန်အသီးသီး ခွဲထားပုံ

အဖွဲ့သား သုံးကျိပ် သုံးယောက်တို့သည် ပျဉ်ချပ်အခင်း သုံးဆယ့်သုံးခုတို့ကို ခင်းထားကြ၍ မင်းကြီးပေးလိုက်သော ဆင်အား “အမောင်ဆင်တော်.. ဧည့်သည်သည် လာရောက်၍ အကြင်သူ၏ ပျဉ်ချပ်အခင်း၌ ထိုင်နေ၏၊ ထိုဧည့်သည်ကို ခေါ်ဆောင်၍ ပျဉ်ချပ်အခင်းရှင်၏ အိမ်သို့သာ ပို့ပါလော့၊ ထိုဧည့်သည်တော်၏အတွက် ခြေဆုပ်လက်နယ်ပြုမှု ခဲဖွယ်ဘောဇဉ် ကျွေးမွေးမှု အိပ်ရာနေရာ ပေးမှုတည်းဟူသော အလုံးစုံသော ဧည့်ဝတ်များသည် ပျဉ်ချပ်ရှင်၏သာ တာဝန်ဖြစ်ပေလိမ့်မည်”ဟု အချက်အမှတ်ပြကာ သင်ကြားထားကြလေကုန်၏။ ဆင်တော်သည် လာတိုင်း လာတိုင်းသော ဧည့်သည်ကို ခေါ်ဆောင်၍ ပျဉ်ချပ်အခင်း ရှင်၏အိမ်သို့ ပို့ဆောင်လေ၏၊ ပျဉ်ချပ်အခင်းရှင်သည် ဧည့်သည်၏အတွက် ထိုနေ့အဖို့ရာ ပြုဖွယ်ဧည့်ဝတ်များကို အပြည့်အစုံ ပြုလုပ်လေ၏။

မဃလုလင်တို့အိမ်သားစု၏ ကုသိုလ်များ

(၁) မဃလုလင်သည် အပန်းဖြေ စရပ်ကြီးမှ မနီးမဝေးသော အရပ်၌ ပင်လယ်ကသစ်ပင်ကို စိုက်ပျိုးစေ၏၊ ထိုပင်လယ်ကသစ်ပင်၏ အရင်း၌ ကျောက်ဖျာကြီးကိုလည်း ခင်းထားစေ၏။ (၂) မဃလုလင်၏ နန္ဒာမည်သော အိမ်ရှင်မသည် စရပ်ကြီးမှ မနီးမဝေးသောအရပ်၌ ရေကန်ကြီးကို တူးဖော်စေ၏။ (၃) စိတ္တာမည်သော အိမ့်ရှင်မသည် စရပ်ကြီးမှ မနီးမဝေးသော အရပ်၌ ပန်းဥယျာဉ်ကို စိုက်ပျိုးစေ၏။

(၄) အိမ့်ရှင်မ အကြီးဆုံးဖြစ်သူ သူဇာသည် ကြေးမုံ (မှန်)ကို စွဲကိုင်ကာ မိမိကိုယ်ခန္ဓာ အတ္တဘောကို တန်းဆာဆင်လျက်သာ (ကုသိုလ်မှု မပြုပဲ) တဝင့်ကြွားကြွား ကျက်စား လှည့်လည်၍သာ နေလေ၏။ မဃလုလင်သည် ထိုမယားကြီးသူဇာကို “ရှင်မသူဇာ.. သုဓမ္မာ အိမ့်ရှင်မသည် အပန်းဖြေ စရပ်ကြီးအတွက် အဖို့ဝေစုရသူ ဖြစ်ခဲ့လေပြီ၊ နန္ဒာအိမ့်ရှင်မသည် ရေကန်ကြီးကို တူးဖော်စေခဲ့လေပြီ၊ စိတ္တာ အိမ့်ရှင်မသည် ပန်းဥယျာဉ်ကြီး စိုက်ပျိုးစေခဲ့လေပြီ၊ သင့်မှာကား ကုသိုလ်ကောင်းမှုဟူ၍ တခုမျှ မရှိချေ။ ကုသိုလ်ကောင်းမှု တခုခုကို ပြုပါလော့ ရှင်မသူဇာ..”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ သူဇာအိမ်ရှင်မကြီးသည် “အရှင်.. အရှင်သည် ဘယ်သူ့ကြောင့်

စာ ၁၀၂

ကုသိုလ်ကောင်းမှု ပြုပါသနည်း၊ အရှင်ပြုအပ်သော ကောင်းမှုသည် ကျွန်တော်မ၏ ကောင်းမှုပင် ဖြစ်သည်မဟုတ်လော” ဟု ပြောဆိုကာ မိမိကိုယ်ကို တန်းဆာဆင်ခြင်းအမှုကိုသာ ဦးစားပေး အားထုတ်လေ၏။

မဃလုလင်အဖွဲ့သားတို့၏ တမလွန်ဘဝ

မဃလုလင်သည် အသက်တမ်းအတိုင်း တည်နေ၍ ထိုဘဝမှ စုတေလတ်သော် တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်လေ၏။ ထိုအဖွဲ့ဝင် သုံးကျိပ်သုံးယောက်သော ရွာသားတို့သည်လည်း စုတေကြ၍ နတ်သား သုံးကျိပ်သုံးဦးတို့ ဖြစ်ကြပြီးလျှင် သိကြားမင်း၏ အနီးထံပါး၌ ဖြစ်ကြလေ၏။ (မဃလုလင်၏ ဇနီး အိမ့်ရှင်မ လေးဦးတို့အနက် သုဓမ္မာ, စိတ္တာ, နန္ဒာဟူသော ဇနီးအိမ့်ရှင်မ သုံးဦးတို့သည်လည်း ထိုဘဝမှ စုတေကြလတ်သော် သိကြားမင်း၏ နတ်မိဖုရားကြီး သုံးဦးတို့ ဖြစ်ကြလေသည်။ ဇနီးအိမ့်ရှင်မ အကြီးဆုံး သူဇာမူကား မဃလုလင်၏စကားကို နားမထောင်ပဲ ဝတ်စားပြင်ဆင် တန်းဆာဆင်ကာသာ မေ့လျော့နေခဲ့ခြင်းကြောင့် ထိုဘဝမှ စုတေလတ်သော် တောင်ကြားတခု၌ ဗျိုင်းအောက်မကလေးဖြစ်၍ နေလေ၏)။

သိကြားမင်း၏ အသုံးအဆောင်များ

သိကြားမင်း၏ ဘုံဗိမာန် ဝေဇယန္တာ နန်းပြာသာဒ်သည် ယူဇနာခုနစ်ရာ အမြင့်ရှိ၏၊ အောင်လံတံခွန်သည် ယူဇနာသုံးရာ အမြင့်ရှိ၏၊ ပင်လယ်ကသစ်ပင်ကို စိုက်လှူခဲ့ခြင်း ကောင်းမှုရင်းကြောင့် ထက်ဝန်းကျင် ယူဇနာသုံးရာ အဝန်းကျယ်ပြန့်၍ တဆယ့်ငါးယူဇနာ လုံးပတ်ရှိသည့် (ယူဇနာတရာ အမြင့်ရှိသော) ပင်လယ်နတ်ကသစ်ပင်ကြီး ထင်ရှားဖြစ်ပေါ်လာလေသည်။ လူဖြစ်စဉ်အခါ ပင်လယ်ကသစ်ပင်ရင်း၌ ကျောက်ဖျာ ကို ခင်းလှူခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်ဝယ် ပင်လယ်နတ်ကသစ်ပင်ရင်း၌ အလျားယူဇနာ ခြောက်ဆယ် (အနံယူဇနာ ငါးဆယ် အထုယူဇနာ တဆယ့်ငါးယူဇနာ ရှိသော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီး ထင်ရှားဖြစ်ပေါ်လာလေသည်။

သုဓမ္မာအမျိုးသမီး၏အတွက် သစ်သားလှူဒါန်းခဲ့သော ကောင်းမှုကြောင့် ယူဇနာ သုံးရာရှိသော သုဓမ္မာနတ်သဘင် (=တရားခန်းမဆောင်ကြီး) ထင်ရှားဖြစ်ပေါ်လာလေသည်။ နန္ဒာအမျိုးသမီး၏ ရေကန်တူးဖော် လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ယူဇနာငါးဆယ် ကျယ်ပြန့်သော နန္ဒာမည်သော ရေကန်ကြီး ထင်ရှားဖြစ်ပေါ်လာလေသည်။

စာ ၁၀၃

စိတ္တာအမျိုးသမီး၏ ပန်းဥယျာဉ် စိုက်ပျိုးလှူဒါန်းခဲ့သော ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်ဝယ် ယူဇနာခြောက်ဆယ် ကျယ်ပြန့်သော စိတ္တလတာမည်သော နတ်ဥယျာဉ်ကြီး ထင်ရှားဖြစ်ပေါ်လာလေသည်။

သိကြားနတ်မင်းသည် သုဓမ္မာနတ်သဘင် (=တရားခန်းမဆောင်)ဝယ် တယူဇနာရှိသော ရွှေပလ္လင်၌ ထိုင်နေလျက် သုံးယူဇနာရှိသော နတ်ထီးဖြူကြီးကို ဆောင်းမိုးအပ်လျက် သုံးကျိပ်သုံးဦးသော နတ်မှူးတို့ဖြင့်၎င်း သုံးဦးသော နတ်မိဖုရားတို့ဖြင့်၎င်း နှစ်ကုဋေငါးသန်းသော ကခြေသည် နတ်သမီးတို့ဖြင့်၎င်း စတုမဟာရာဇ် တာဝတိံသာ = နတ်ပြည်နှစ်ထပ်၌ ရှိကြသော နတ်အပေါင်းတို့ဖြင့်၎င်း ခြံရံအပ်လျက် မိမိ၏ ကြီးစွာသော သိကြားမင်းစည်းစိမ်ကို ကြည့်ရှုလေလျှင် သုဓမ္မာ, နန္ဒာ, စိတ္တာဟူသော နတ်မိဖုရားကြီး သုံးယောက်တို့ကိုမြင်၍ “ဤနတ်မိဖုရားကြီး သုံးယောက်တို့ကား ထင်ရှားကြကုန်ပြီ၊ သူဇာတယောက်သည်ကား အဘယ်ဘုံ၌ ဖြစ်လေသနည်း”ဟု ကြည့်ရှုပြန်သော် “ဤသူဇာသည် ငါ့စကားကို မလိုက်နာခြင်းကြောင့် တောင်ကြား၌ ဗျိုင်းအောက်မကလေးဖြစ်၍ နေချေပြီ”ဟု မျက်ဝါးထင်ထင် တွေ့မြင်ရ၍ တာဝတိံသာနတ်ပြည်မှ ဆင်းသက်ခဲ့၍ ထိုသူဇာဗျိုင်းအောက်မကလေး၏ အထံသို့ သွားလေ၏။

သူဇာဗျိုင်းအောက်မသည် သိကြားမင်းကို မြင်လျှင်ပင် မှတ်မိ၍ မျက်နှာအောက်ချ နေရှာလေ၏။ သိကြားမင်းသည် “ဟယ် အမိုက်မကလေးသူဇာ.. သင်သည် ယခုမှ အဘယ့်ကြောင့် ဦးခေါင်းကို မချီဝံ့ဘိသနည်း၊ သင်သည် ငါ့စကားကို မလိုက်နာပဲ ခန္ဓာကိုယ်အတ္တဘောကိုသာ တန်ဆာဆင်လျက် အခါကို ကုန်လွန်စေခဲ့၏၊ သုဓမ္မာအမျိုးသမီးအား၎င်း, နန္ဒာအမျိုးသမီးအား၎င်း, စိတ္တာအမျိုးသမီးအား၎င်း ကြီးစွာသော နတ်မိဖုရားစည်းစိမ်သည် ဖြစ်ခဲ့လေပြီ၊ လာ လိုက်ခဲ့လော့၊ ငါတို့၏စည်းစိမ်ကို ကြည့်ရှုလော့”ဟု ပြောဆို၍ တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် နန္ဒာနတ်ရေကန်ကြီး၌ လွှတ်ထားခဲ့၍ ဝေဇယန္တာနန်းပြာသာဒ်အတွင်း မူလထိုင်နေရင်း ရွှေပလ္လင်၌ ထိုင်မြဲ ထိုင်နေလေ၏။

ကခြေသည်နတ်သမီးတို့ သူဇာဗျိုင်းမကို ပြက်ရယ်ပြုကြခြင်း

ကခြေသည် နတ်သမီးတို့သည် သိကြားမင်းကို “အရှင်သိကြားမင်း.. အဘယ်အရပ်သို့ ကြွသွားပါသနည်း”ဟု မေးကြလေ၏။ သိကြားမင်းသည်

စာ ၁၀၄

ထိုအကြောင်းကို မပြောကြားလိုသော်လည်း ကခြေသည် နတ်သမီးတို့က အတင်းအကြပ် မေးမြန်းအပ် ရကား “သူဇာ၏အထံသို့ ငါသွား၍နေပါ၏”ဟု ဖြေကြားလေ၏။ “အရှင်သိကြားမင်း.. ရှင်မသူဇာသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေပါသနည်း”ဟု ကခြေသည် နတ်သမီးတို့က တဖန်မေးမြန်းကြလေလျှင် သိကြားမင်းသည် “တောင်ကြားတခု၌ ဖြစ်၍နေပေ၏”ဟု ဖြေကြားလေ၏။ “ယခု အဘယ်မှာနည်း”ဟု နတ်ကခြေသည်တို့က မေးကြလေလျှင် သိကြားမင်းသည် “နန္ဒာနတ်ရေကန်ကြီးထဲ၌ ငါလွှတ်၍ထားခဲ့သည်”ဟု ဖြေကြားလေ၏။

ကခြေသည် နတ်သမီးတို့သည် “ရှင်မတို့.. လာ သွားကြစို့၊ ငါတို့၏ အရှင်မသူဇာကို ကြည့်ရှုကြကုန်စို့”ဟု ပြောဆို တိုင်ပင်ကြပြီးလျှင် အလုံးစုံသော ကခြေသည် နတ်သမီးတို့ပင် ထိုနန္ဒာနတ်ရေကန်ကြီးသို့ သွားရောက်ကြလေကုန်၏။ သူဇာဗျိုင်းမသည် ရှေးလူဖြစ်စဉ်ဘဝက အားလုံးတို့ထက် အကြီးအကဲဖြစ်ခဲ့၍ ထိုသူမတို့ကို မထီမဲ့မြင်မှု ပြုခဲ့လေပြီ၊ ယခုအခါ၌ ထိုကခြေသည် နတ်သမီးတို့သည်လည်း သူဇာဗျိုင်းမကို တွေ့မြင်ကြရလေလျှင် “အိုရှင်မတို့.. ငါတို့၏အရှင် သခင်မသူဇာ၏ ပုဇွန်လုံးကိုထိုးသည့် သံတံကျင်နှင့်တူသော နှုတ်သီးကို ကြည့်ကြကုန်လော့” ဤသို့စသည် ပြောဆိုကုန်လျက် ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြလေကုန်၏။

သူဇာဗျိုင်းမသည် အလွန်လျှင် ရှက်နိုးလှ နာကျည်းလှရကား သိကြားနတ်မင်းကို “အိုအရှင်သိကြားမင်း.. ဤရွှေဗိမာန် ငွေဗိမာန် ပတ္တမြားဗိမာန်တို့သည်၎င်း, နန္ဒာရေကန်ကြီးသည်၎င်း ကျွန်တော်မ၏အဖို့ရာ အဘယ်မူစအံ့နည်း = ဘာအသုံးကျမည်နည်း၊ အရှင်သိကြားမင်း.. သတ္တဝါတိုင်း၏အဖို့ရာ မိမိမွေးဖွားရာ မြေအရပ်သည်သာလျှင် ချမ်းသာပါသည်။ သို့ရကား ကျွန်တော်မကို (ဇာတိရပ်မြေဖြစ်သည့်) ထိုတောင်ကြား၌ပင် တဖန်ပြန်၍ လွှတ်ပါလော့”ဟု ပြောဆိုလေ၏။ သိကြားမင်းသည် သူဇာဗျိုင်းမကို ထိုတောင်ကြားအရပ်၌ လွှတ်၍ “ငါ့စကားကို လိုက်နာမည်လော”ဟု မေးလေလျှင် သူတဗျိုင်းမသည် “လိုက်နာပါမည် အရှင်သိကြားမင်း..”ဟု ဖြေကြားလေ၏။ သိကြားမင်းက “ငါးပါးသီလတို့ကို ခံယူဆောက်တည်ပြီးလျှင် မကျိုးမပေါက်ရအောင် စောင့်ရှောက်လော့၊ နှစ်ရက်သုံးရက်ဖြင့်ပင် သင့်ကို ထိုနတ်သမီးတို့၏ အကြီးအကဲ တင်မြှောက်မည်”ဟု ပြောဆိုလေလျှင် သူဇာဗျိုင်းမသည် သိကြားမင်း ပြောဆိုသည့် အတိုင်း လိုက်နာကာ ငါးပါးသီလကို ခံယူဆောက်တည် ကျင့်သုံးလေ၏။

စာ ၁၀၅

သိကြားမင်းသည် နှစ်ရက်သုံးရက် လွန်သောအခါ “သူဇာဗျိုင်းမသည် သီလကို စောင့်ခြင်းငှါ စွမ်းနိုင်ပါ၏လော”ဟု ထိုအရပ်သို့သွား၍ ငါးယောင်ဆောင်၍ ပက်လက်ပေါလော သူဇာဗျိုင်းမ၏ရှေ့၌ ရေစုန်မျှော၍ လိုက်ပါလေ၏။ သူဇာဗျိုင်းမသည် “ငါးသေဖြစ်လိမ့်မည်”ဟု ထိုငါးရှိရာသို့သွား၍ ဦးခေါင်း၌ ကိုက်ယူလေ၏။ ငါးသည် အမြီးကိုလှုပ်လေ၏။ သူဇာဗျိုင်းမသည် “ငါးအရှင်ထင်ပါ၏”ဟု အောက်မေ့ကာ ရေ၌တဖန် ပြန်၍လွှတ်လိုက်လေ၏။ သိကြားမင်းသည် ကောင်းကင်၌ ရပ်တည်၍ “သာဓု သာဓု သင်သည် သိက္ခာပုဒ်ကို ကောင်းစွာ စောင့်ရှောက်ပေ၏၊ ဤကဲ့သို့ သိက္ခာပုဒ်ကို မကျိုးမပေါက်ရအောင် စောင့်ရှောက်သောသင့်ကို နှစ်ရက်သုံးရက်ဖြင့်ပင် ကခြေသည် နတ်သမီးတို့၏ အကြီးအကဲဖြစ်အောင် ငါပြုပေအံ့”ဟု အားပေးစကားပြောကြားကာ တာဝတိံသာနတ်ပြည်သို့ ပြန်သွားလေ၏။

သူဇာဗျိုင်းမ အိုးထိန်းသည်သမီး ဖြစ်ပြန်ခြင်း

သူဇာဗျိုင်းမ၏ အသက်ကား နှစ်ပေါင်းငါးရာ ရှည်ကြာလေသည်။ တရက်မျှပင် ဝမ်းပြည့်အောင် အစာအာဟာရကို မရခဲ့ချေ။ တနေ့တခြား အသားအရေ ခေါင်းပါးခြောက်သွေ့၍ ညှိုးနွမ်းသော်လည်း သူဇာဗျိုင်းမသည် ငါးပါးသီလကို မကျိုးမပေါက် စောင့်ရှောက်၍ ထိုဘဝမှ စုတေလတ်သော် ဗာရာဏသီပြည်ဝယ် အိုးထိန်းသည်အိမ်၌ အိုးထိန်းသည်၏သမီး ဖြစ်လေ၏။

သိကြားမင်းသည် “သူဇာသည် အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု ကြည့်ရှုလတ်သော် အိုးထိန်းသည်သမီး ဖြစ်၍နေသည်ကို မြင်၍ “ထိုအိုးထိန်းသည်အိမ်မှ ဤတာဝတိံသာနတ်ပြည်သို့ ဆောင်ယူခြင်းငှါ မတတ်ကောင်း၊ ထိုသူဇာအား ငါသည် အသက်မွေးကြောင်း ဥစ္စာကို ပေးပေအံ့”ဟု ကြံစည်၍ ရွှေသခွါးသီးများ လှည်းအပြည့် တင်ဆောင်ပြီးလျှင် အိုးထိန်းသည်ရွာအလယ်၌ အဖိုးအိုအသွင်ဖြင့် ထိုင်နေပြီး “သခွါးသီးများကို ဝယ်ယူကြပါ”ဟု ကြွေးကြော် ဟစ်အော်လေ၏။

အရပ်လေးမျက်နှာ ရွာသူရွာသားတို့သည် အဖိုးအိုထံ လာရောက်ကြ၍ “အဖိုး.. သခွါးသီးကို ပေးပါလော့”ဟု အဝယ်စကား ပြောကြားကြလေသော် အဖိုးအိုသည် “အမောင်တို့ အမိတို့.. ငါသည် သီလကို စောင့်သူတို့အားသာ သခွါးသီးများကို ပေးနိုင်မည်၊ အမောင်တို့ အမိတို့သည် သီလကို စောင့်ကြ၏လော”ဟု မေးမြန်းလေ၏။

စာ ၁၀၆

ရွာသူရွာသားတို့က “အဖိုး.. ကျွန်တော် ကျွန်တော်မတို့သည် သီလဆိုသည်မှာ မည်သည့်အရာဟူ၍မျှ မသိကြပါ၊ တန်ရာတန်ဖိုးဖြင့်သာ သခွါးသီးများကို ပေးပါလော့”ဟု တောင်းခံစကား တဖန် ပြောကြားကြလေသော် အဖိုးအိုသည် “သီလကို စောင့်သောသူတို့အားသာ ငါပေးနိုင်မည်”ဟု တင်းတင်းပင် ပြောဆိုလေ၏။ ထိုအခါ ရွာသူရွာသား အားလုံးတို့သည် “အချင်းတို့.. လာ သွားကြစို့၊ ဤသခွါးသီးသယ် အဖိုးကြီးကား ဘယ်လိုအဖိုးကြီး ဖြစ်ဘိသနည်း (=ဘယ်လိုအဖိုးကြီးမှန်း မသိပါဘူး)”ဟု ရေရွတ်စကား ပြောကြားကြကာ ပြန်သွားကြလေကုန်၏။

ထိုရွာသူရွာသားတို့ ပြန်လာကြသည်ကိုမြင်၍ အိုးထိန်းသည်သမီးသည် “မိခင်ဖခင်တို့.. ရှင်တို့သည် သခွါးသီးဝယ်ယူဖို့ရန် သွားကြပါလျက် လက်အချည်းနှီး သခွါးသီးမပါ ပြန်လာကြသလော”ဟု ဆီးကြို မေးမြန်းလေ၏။ ရွာသူရွာသားတို့က အိုးထိန်းသည်သမီးကို “ချစ်သမီး.. သခွါးသီးသယ် အဖိုးကြီးကား ဘယ်လိုအဖိုးကြီးမှန်း မသိပါဘူး၊ ‘ငါသည် သီလစောင့်သူတို့အားသာ သခွါးသီးကို ပေးအံ့’ဟု ပြောဆိုနေဘိ၏၊ ဤအဖိုးကြီး၏ သမီးများသည် သီလကိုစား၍ ဖြစ်ပွါးလာကြ ကြီးပြင်းလာကြသည် ထင်ပါကုန်၏၊ ငါတို့ကား သီလကိုပင် မည်သည့်အရာဟူ၍ မသိကြပါကုန်”ဟု ပြန်လည်ဖြေကြား ပြောဆိုကြလေလျှင် အိုးထိန်းသည်သမီးသည် “ငါ့အတွက်တာ ယူဆောင်လာအပ်သည် ဖြစ်လိမ့်မည်”ဟု ဆင်ခြင်စဉ်းစား၍ ထိုအရပ်သို့ သွားရောက်ပြီးလျှင် “အိုဖခင်.. ကျွန်တော်မအား သခွါးသီးကို ပေးပါလော့”ဟု တောင်းဆို ပြောကြားလေ၏။ သိကြားမင်းအဖိုးအိုက “ချစ်သမီး.. သင်သည် သီလတို့ကို စောင့်ရှောက်ပါ၏လော”ဟု မေးလေလျှင် အိုးထိန်းသည်သမီးသည် “အိုဖခင်.. ကျွန်တော်မသည် သီလတို့ကို မကျိုးမပေါက်အောင် စောင့်ရှောက်ပါ၏”ဟု ဖြေကြားပြောဆိုလေ၏။ ထိုအခါ သိကြားမင်း=အဖိုးအိုသည် “ဤရွှေသား သခွါးသီးများကို ငါသည် သင့်အတွက်ပင် ဆောင်ယူအပ်ခဲ့ပေပြီ”ဟု ပြောဆိုကာ ထိုအိုးထိန်းသည်သမီးတို့၏ အိမ်တံခါးဝ၌ လှည်းနှင့်တကွ ထားခဲ့၍ တာဝတိံသာနတ်ပြည်သို့ ဖဲသွားလေ၏။

သူဇာအမျိုးသမီး အသုရာနတ်မင်းကြီး၏သမီး ဖြစ်ပြန်ခြင်း

ထိုအိုးထိန်းသည်သမီးသည်လည်း အသက်ထက်ဆုံး ငါးပါးသီလကို မကျိုးမပေါက်အောင် စောင့်ရှောက်၍ ထိုဘဝမှ စုတေလတ်သော်

စာ ၁၀၇

ဝေပစိတ္တိ အသုရာနတ်မင်းကြီး၏ သမီးတော်ဖြစ်လေ၏။ ဗျိုင်းမဘဝ, အိုးထိန်းသည်သမီး ဘဝတို့က စောင့်ရှောက်ခဲ့သော သီလ၏ အကျိုးဆက်ကြောင့် အလွန်တင့်တယ် ကြည်ညိုဖွယ်သော အဆင်းရှိသူတယောက် ဖြစ်လေ၏။ ဝေပစိတ္တိ အသုရာနတ်မင်းကြီးသည် “ငါ့သမီးတော်အတွက် ထိမ်းမြားမင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပအံ့”ဟု အသုရာနတ်တို့ကို စည်းဝေးစေလေ၏။

သိကြားမင်းသည် “ယခုအခါ သူဇာသည် အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု ကြည့်ရှုလတ်သော် “အသုရာနတ်ဘုံ၌ ဖြစ်နေလေပြီ၊ ယနေ့ ထိုသူဇာ အသုရာနတ်သမီးအတွက် ထိမ်းမြားမင်္ဂလာပွဲသဘင် ဆင်ယင်ကြပေလိမ့်မည်”ဟု သိမြင်လတ်၍ “ယခုအခါ ငါသည် သူဇာ အသုရာနတ်သမီးကို တနည်းနည်းဖြင့် ရအောင် ယူဆောင်သင့်၏”ဟု ကြံစည်၍ အသုရာနတ်အသွင် ဖန်ဆင်း၍ ထိမ်းမြားမင်္ဂလာပွဲသို့ သွားပြီးလျှင် အသုရာနတ်တို့၏အလယ်၌ ရောနှောရပ်တည်နေလေ၏။

ဖခင်ဖြစ်သော ဝေပစိတ္တိ အသုရာနတ်မင်းသည် “ချစ်သမီး.. သင်ချစ်သမီး၏ အရှင်သခင် လင်ဖြစ်သူကို ပြောဆိုလော့”ဟု ဆို၍ “ချစ်သမီးအလိုရှိသောသူ၏ အထက်၌ ပစ်လေလော့”ဟု ပြောဆိုကာ ထိုသူဇာနတ်သမီး၏လက်၌ ပန်းကုံးပန်းဆိုင်းကို နှင်းအပ်လေ၏။ သူဇာ အသုရာနတ်သမီးသည် ထိုမှဤမှ ကြည့်ရှုလတ်သော် (အသုရာနတ်အသွင် ဖန်ဆင်းထားသော) သိကြားမင်းကိုမြင်၍ ရှေးရှေးဘဝတို့က အတူတကွ ဆက်ဆံပေါင်းသင်း နေထိုင်ခဲ့ခြင်း အကြောင်းရင်းကြောင့် အချစ်စိတ်ဓာတ် ပြင်းထန်စွာ ဖြစ်ပေါ်လတ်ရကား “ဤသူသည် ကျွန်တော်မ၏ အရှင်သခင် လင်ယောက်ျားတည်း”ဟု ပြောဆိုကာ သိကြားမင်း၏ အထက်၌ ပန်းကုံးပန်းဆိုင်းကို ပစ်ချလေ၏။

သိကြားမင်းသည် သူဇာ အသုရာနတ်သမီးကို လက်ရုံး၌ တအားစွဲကိုင်၍ ကောင်းကင်သို့ ပျံတက်လေ၏။ ထိုခဏ၌ အသုရာနတ်တို့သည် သိကြားမင်းဖြစ်ကြောင်းကို သိကြ၍ “အချင်းတို့.. သိကြားအိုကို ဖမ်းကြလော့၊ ဤသိကြားအိုကား ငါတို့၏ ရန်သူဖြစ်သည်၊ ငါတို့သည် ဤသိကြားအိုအား သူဇာ အသုရာနတ်ကညာကို ဘယ်လိုနည်းဖြင့်မျှ မပေးနိုင်ကြဘူး”ဟု ဟစ်အော်ကြွေးကြော်ကြကာ သိကြားမင်း၏နောက်မှ လိုက်ကြလေ၏။

ဝေပစိတ္တိ အသုရာနတ်မင်းကြီးသည် အသုရာနတ်တို့ကို “ငါ့သမီးကို အဘယ်သူသည် ယူဆောင်အပ်သနည်း”ဟု မေးလေ၏။ အသုရာနတ်တို့က

စာ ၁၀၈

“မြတ်သောမင်းကြီး.. သိကြားအိုသည် သူဇာနတ်ကညာကို ယူဆောင်အပ်ပါပြီ”ဟု ပြောဆိုကြလေလျှင် ဝေပစိတ္တိ အသုရာနတ်မင်းကြီးသည် “ငါမှကြွင်းသူ နတ်ဟူသမျှတို့တွင် ဤသိကြားမင်းသည်သာ အမြတ်ဆုံးဖြစ်ပေသည်၊ အမောင်တို့.. ဖယ်ရှားကြလော့”ဟု တားမြစ်စကား ပြောကြားလေ၏။ သိကြားမင်းသည် သူဇာအသုရာနတ်သမီးကို တာဝတိံသာ နတ်ပြည်သို့ ယူဆောင်သွားပြီးလျှင် ကခြေသည် နတ်သမီးပေါင်း နှစ်ကုဋေငါးသန်းတို့၏ အကြီးအကဲ နတ်မိဖုရားကြီးအရာ၌ တင်မြှောက်ထားလေ၏။

သူဇာ အသုရာနတ်သမီးသည် သိကြားမင်းကို “အရှင်သိကြားမင်း.. ကျွန်တော်မမှာ ဤတာဝတိံသာ နတ်ပြည်၌ အမိ, အဖ, မောင်, ညီမ, အမ-ဟူ၍ မရှိပါ၊ အရှင်သိကြားမင်း သွားလေရာရာ ကျွန်တော်မကို ခေါ်၍သာ သွားတော်မူပါလော့”ဟု ဆုတောင်းမှုကို ပြုလေသည်။ သိကြားမင်းသည် “ကောင်းပါပြီ”ဟု ပဋိညာဉ် ဝန်ခံချက်ကို ပေးလေသတည်း။ ။ဤကား မဃလုလင်ဝတ္ထုတည်း)။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် မစလရွာငယ်၌ မဃလုလင် ဖြစ်သောအခါမှစ၍ သိကြားမင်း၏ စင်ကြယ်သော အကျင့်ရှိသည်၏အဖြစ်ကို ကောင်းစွာ သိမြင်တော်မူသည်ဖြစ်၍ ဤသိကြားမင်းသည် ရှည်စွာသော နေ့ညဉ့်ပတ်လုံး စင်ကြယ်သော အကျင့်ရှိခဲ့၏၊ မည်သည့်ပြဿနာကို မေးသည်ဖြစ်စေ အကြောင်းနှင့်စပ်သော ပြဿနာ (=အကျိုးဖြစ်ထွန်းမည့် ပြဿနာ)ကိုသာ မေးပေလိမ့်မည်၊ အကြောင်းနှင့်မစပ်သော ပြဿနာ (=အကျိုးမဖြစ်ထွန်းမည့် ပြဿနာ)ကို မေးလိမ့်မည်မဟုတ်၊ ထိုသိကြားမင်းမေး၍ ငါဘုရား ဖြေဆိုလတ်သော် ထိုအဖြေကို လျင်မြန်စွာပင် သိပေလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူလေသည်။

ထို့နောက် မြတ်စွာဘုရားရှင်သည် သိကြားမင်းကို-

“ပုစ္ဆ ဝါသဝ မံ ပဉှံ၊ ယံ ကိဉ္စိ မနသိစ္ဆသိ။

တဿ တဿေဝ ပဉှဿ၊ အဟံ အန္တံ ကရောမိ တေ။

ဝါသဝ = နတ်တို့သနင်း အို သိကြားမင်း..။ တွံ = သင်သိကြားမင်းသည်။ ယံ ကိဉ္စိ = အမှတ်မထင် အကြင် တစုံတခုသော ပြဿနာကို။ မနသိ = သင်၏စိတ်၌။

စာ ၁၀၉

ဣစ္ဆသိ = တောင့်တလင့်ဆို မေးလို လျှောက်လို၏။ တံ ပဉှံ = ထိုသင်မေးလိုရာ ပြဿနာကို။ မံ = လူသုံးပါးတို့ဆရာ ဘုရားငါကို။ ပုစ္ဆ = ယုံမှားပျောက်စေ သင်မေးပေလော့။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ တေ = နတ်တို့သနင်း သင်သိကြားမင်းအား။ တဿ တဿဝ ပဉှဿ = ထိုထို အသင်မေးအပ် ပြဿနာအရပ်ရပ်အတွက်။ အန္တံ ကရောမိ = သင့်သန္တာန်ဝယ် အဖန်ဖန်ဖြစ်ပွါး ဝိစိကိစ္ဆာတရားကို ပယ်ရှားခုတ်ချိုင် အဆုံးတိုင်ပြေကင်းအောင် ဖြေရှင်းသုတ်သင်ပေအံ့”—

ဟူသော ဤဂါထာဖြင့် သဗ္ဗညုမြတ်စွာဘုရားတို့၏ ဖိတ်မန်စကားကို မိန့်ကြားတော်မူလေ၏။

သိကြားမင်း ပြဿနာမေးလျှောက်၍ မြတ်စွာဘုရားရှင် ဖြေကြားတော်မူခြင်း

(၁) မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူလတ်ရကား သိကြားနတ်မင်းသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ‘ရန်ငြိုးကင်းကုန်လျက်, ဒဏ်ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်း ကင်းကုန်လျက်, အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေလိုပါကုန်၏ = နေကြရပါစေ’ဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗနတ်တို့နှင့်တကွ အခြား များစွာသော သတ္တဝါတို့သန္တာန်ဝယ် တောင့်တခြင်းပြင်းစွာ ဖြစ်ရှိကြပါသည်။ ယင်းသို့ ဖြစ်ရှိသော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, ဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်း ရှိကုန်လျက်, အမျက်ထွက်မှု ရှိကြကုန်လျက် နေကြရပါကုန်၏။ ဤသို့ နေကြရခြင်းသည် အဘယ်သံယောဇဉ် = အနှောင်အဖွဲ့ကြောင့်ပါနည်း မြတ်စွာဘုရား”-

စာ ၁၁၀

ဟူသော ဤ ပြဿနာကို ရှေးဦးစွာ မေးလျှောက်လေ၏။ ထိုသို့ သိကြားမင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်—

“နတ်တို့သနင်း သိကြားမင်း.. ‘ရန်ငြိုးကင်းကုန်လျက်, ဒဏ်ကင်းကုန်လျက်, ရန်သူကင်းကုန်လျက်, စိတ်ဆင်းရဲခြင်း ကင်းကုန်လျက်, အမျက်ထွက်ခြင်း ကင်းကုန်လျက် ငါတို့ နေလိုပါကုန်၏ = နေကြရပါစေ’ဟု နတ်, လူ, အသုရာ, နဂါး, ဂန္ဓဗ္ဗနတ်တို့နှင့်တကွ အခြားများစွာသော သတ္တဝါတို့သန္တာန်ဝယ် တောင့်တခြင်း ပြင်းစွာ ဖြစ်ရှိပေ၏။ ယင်းသို့ ဖြစ်ရှိသော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်, ဒဏ်ရှိကုန်လျက်, ရန်သူရှိကုန်လျက်, စိတ်ဆင်းရဲခြင်း ရှိကုန်လျက်, အမျက်ထွက်မှု ရှိကုန်လျက် နေကြရကုန်၏။ ဤသို့ နေကြရခြင်းသည် ဣဿာ, မစ္ဆရိယ = သံယောဇဉ် = အနှောင်အဖွဲ့နှစ်ပါးကြောင့် ဖြစ်၏”-

ဟူ၍ ဤပဌမပြဿနာကို ဖြေကြားတော်မူ၏။

(ဤ၌ ဣဿာ, မစ္ဆရိယနှင့် စပ်၍ မှတ်သားဖွယ်အထူးကို ပြဆိုဦးအံ့-

သူတပါးတို့၏ စည်းစိမ်ကို မနာလို မကြည်ဖြူ ငြူစူခြင်းသဘောသည် ဣဿာမည်၏၊ ထိုဣဿာသည် (၁) သူတပါးတို့ ရပြီး, ရလတ္တံ့ဖြစ်သော စည်းစိမ်တို့၌ မနာလို မကြည်ဖြူ ငြူစူခြင်း သဘောလက္ခဏာ ရှိ၏။ (သတ္တဝါ တဦးတယောက် စည်းစိမ်ဥစ္စာကို ရပြီးသည်ကို သို့မဟုတ် ရလိမ့်မည်ကို မြင်ရ ကြားရလျှင် မမြင်လို မကြားလို မရှုစိမ့်သောသူတို့သန္တာန်၌ ဤဣသာစေတသိက် ဖြစ်ပွါးနေ၏-ဟု ဣဿာတရားဆိုး၏ သဘောလက္ခဏာကို တွေ့မြင်ရလျှင် သဘာဝဗေဒ အဘိဓမ္မာဉာဏ်ပညာဖြင့် ထိုဣဿာဖြစ်သူ၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဣဿာစေတသိက် အကုသိုလ်တရားဆိုးကို သိရှိရာ၏)။ ။(၂) သူတပါးတို့၏ စည်းစိမ်၌ မမွေ့လျော်နိုင်ခြင်း ဝမ်းမမြောက်နိုင်ခြင်း ကိစ္စရှိ၏၊ “(သူတပါးတို့ စည်းစိမ်ဥစ္စာ ရရှိသည်ကို မြင်သော်၎င်း ကြားသော်၎င်း ဝမ်းမမြောက်နိုင်ခြင်း မခံနိုင် မရပ်နိုင်ဖြစ်ခြင်းသည် ဣသာတရားဆိုး၏ အလုပ်ကိစ္စဖြစ်၏)။ ။(၃) သူတပါးတို့၏ စည်းစိမ်မှ မျက်နှာလွှဲတတ်သော

စာ ၁၁၁

တရားဟူ၍ ယောဂီပုဂ္ဂိုလ်၏ဉာဏ်ဝယ် ထင်သောအခြင်းအရာ ပစ္စုပဋ္ဌာန် ရှိ၏။ (ဤဣဿာတရားဆိုး လွှမ်းမိုး နှိပ်စက်ခံနေရသောသူသည် သူတပါးတို့ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ကို မြင်ရလျှင် ဝမ်းမြောက် ဝမ်းသာ မကြည့်နိုင်ပဲ မျက်နှာလွှဲ၍သာ နေ၏၊ ဣဿာတရားဟူသော အကြောင်းကြောင့် သူတပါးတို့ စည်းစိမ်မှ မျက်နှာလွှဲခြင်း တည်းဟူသော အကျိုးတရားပေါ်လာရသည်။ ထို့ကြောင့် ယောဂီသူမြတ်များ ဣဿာတရားကို နစ်နောစွာဆင်ခြင် ဉာဏ်ပညာဖြင့် ကြည့်ရှုလျှင် “ဣဿာတရားဟူသည်မှာ သူတပါးတို့ စည်းစိမ်မှ မျက်နှာလွှဲတတ်သော တရားပါတကား”ဟူ၍ ဉာဏ်ဝ၌ ထင်လာလေသည်၊ ပစ္စုပဋ္ဌာန် ၄-မျိုးတို့ တွင် ဖလပစ္စုပဋ္ဌာန်တည်း)။ ။(၄) ဣဿာတရားသည် သူတပါးတို့၏ စည်းစိမ်လျှင် နီးစွာသောအကြောင်းရင်း = ပဒဋ္ဌာန်ရှိ၏။ (သူတပါးစည်းစိမ်ကို မြင်ရကြားရမှ ဣဿာဖြစ်သည်၊ မမြင်ရ မကြားရလျှင် ဣသာ မဖြစ်၊ သို့ရကား သူတပါးတို့စည်းစိမ်သည် ဣသာတရားဆိုး ဖြစ်ပွါးဖို့ရန် အနီးကပ်ဆုံးသော အကြောင်းရင်း ဖြစ်သည်ဟူလို)။ (အဘိ-ဋ္ဌ ၁၊ မျက်နှာ ၂၉၉-မှ)။

ဤဣဿာတရားဆိုး၏ မနာလိုခြင်း မကြည်ဖြူ ငြူစူခြင်း = သဘောလက္ခဏာကို လူ,ရဟန်း = နှစ်မျိုးလုံးတို့ဖြင့်ပင် ပြဆိုသင့်၏၊ ချဲ့ဦးအံ့- အချို့သောလူသည် လယ်လုပ်ခြင်း ကုန်သွယ်ခြင်း- စသည်တို့တွင် တပါးပါးသော အသက်မွေးမှုဖြင့် မိမိ၏ ယောက်ျားတို့လုပ်ရည် အစွမ်းသတ္တိကိုမှီ၍ လှည်း, ရထား, မော်တော်ကား-စသော အသက်မဲ့ယာဉ်ကောင်းကိုသော်၎င်း ဆင်,မြင်း,ကျွဲနွား-စသော အသက်ရှိ ယာဉ်ကောင်းကိုသော်၎င်း စိန်, ရွှေ, ပတ္တမြားစသော ရတနာကောင်းကိုသော်၎င်း ရရှိတတ်၏။ ထိုသူ၏ လာဘ်ရခြင်းကို မနာလို မရှုစိမ့်သော ဣဿာသမား အခြားလူတယောက်သည် ထိုသူလာဘ်ကောင်း ရခြင်းအတွက် ဘယ်နည်းနှင့်မှ မနှစ်သက်နိုင်သည့်ပြင် “ဤသူသည် ဘယ်သောအခါ၌ ဤစည်းစိမ်မှ လျှောကျဆုတ်ယုတ်၍ အထီးကျန်ကပ်ပါး ဆင်းရဲသားတယောက်ဖြစ်ကာ မချမ်းမသာ လှည့်လည် သွားလာရပါလိမ့်မည်နည်း”ဟု ထိုသူ၏ ပျက်စီးခြင်းကိုသာ အမြဲကြံစည် အောက်မေ့၍နေ၏၊ တခုခုသော အကြောင်းကြောင့် ထိုစည်းစိမ်ရှင်သည် ထိုရရှိသော စည်းစိမ်မှ လျှောကျဆုတ်ယုတ်လျှင် ထိုဣဿာသမားသည် လွန်စွာ အားရနှစ်သက်တတ်၏။

မနာလို မကြည်ဖြူ ငြူစူခြင်း ဣဿာနှင့်ယှဉ်သော စိတ်ရှိသူ ရဟန်းတပါးသည်လည်း အခြားရဟန်းတော်တပါး မိမိ၏ အကြားအမြင်

စာ ၁၁၂

ဗဟုသုတနှင့် ပြည့်စုံခြင်း, ကျမ်းဂန်ပေစာ သင်ကြားပို့ချခြင်း အစရှိသည်တို့ကို အကြောင်းပြုကာ လာဘ်ပူဇော်သက္ကာရနှင့် ပြည့်စုံနေသည်ကို မြင်ရလျှင် ဝမ်းမသာနိုင်ပဲ “ဘယ်သောအခါ၌ ဤရဟန်းသည် ဤလာဘ်ပူဇော်သက္ကာရ စသည်မှ လျှောကျဆုတ်ယုတ်ပါလိမ့်မည်နည်း”ဟု ထိုရဟန်း၏ ပျက်စီးခြင်းကိုသာ ကြံစည်အောက်မေ့၍ နေတတ်ပေ၏၊ အကြင်အခါ တခုခုသော အကြောင်းကြောင့် ထိုရဟန်း လာဘ်ပူဇော်သက္ကာရ စသည်တို့မှ လျှောကျဆုတ်ယုတ်သည်ကို မြင်ရ၏၊ ထိုအခါ ထိုဣဿာလွှမ်းမိုး ရဟန်းဆိုးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေတော့၏။ ဤသို့လျှင် ဣဿာတရားဆိုးသည် သူတပါးတို့၏ စည်းစိမ်တို့၌ မနာလို မကြည်ဖြူ ငြူစူခြင်း သဘောလက္ခဏာရှိ၏။ (အဘိ-ဋ္ဌ ၁၊ မျက်နှာ ၄၀၅-မှ)။

ဣဿာတရားဆိုးသည် သူတပါးတို့၏ ပကတိအားဖြင့် ရရှိအပ်သော စည်းစိမ်ကို မြင်ရသည်ဖြစ်စေ ကြားရသည်ဖြစ်စေ မခံနိုင်တတ်၊ ထိုစည်းစိမ်၏ ပျက်စီးခြင်းကိုသာ အလိုရှိတတ် တောင့်တတတ်၏။ “ဤမည်သောသူသည် ဤမည်သောစည်းစိမ်ကို ရလိမ့်မည်တဲ့”ဟူသော သတင်းစကားကို ကြားရလျှင်လည်း မခံမရပ်နိုင်ပဲ ထိုသူ လာဘ်မရမှုကိုသာ အလိုရှိတတ် တောင့်တတတ်၏။ (လယ်တီဆရာတော်၏ ပရမတ္ထဒီပနီဋီကာ စေတသိက်ပိုင်း စာမျက်နှာ ၉၉- မှ)။ ။ဤကား ဣဿာနှင့်စပ်၍ မှတ်ဖွယ်တည်း။

မိမိစည်းစိမ်ကို ဝန်တိုစေးနှဲ နှမြောခြင်းသဘောသည် မစ္ဆရိယမည်၏၊ ထိုမစ္ဆရိယသည် (၁) ရပြီး, ရလတ္တံ့ဖြစ်သည့် မိမိစည်းစိမ်များကို လျှို့ဝှက်ခြင်း သဘောလက္ခဏာရှိ၏။ (မစ္ဆရိယ အကုသိုလ်တရားဆိုး လွှမ်းမိုးနှိပ်စက်အပ်သောသူသည် မိမိရပြီးစည်းစိမ်, ရလတ္တံ့ဖြစ်သော စည်းစိမ်များကို သူတပါးတို့အား အသိမပေးလို ဝန်တိုလျှို့ဝှက်တတ်၏)။ ။(၂) ထိုမိမိစည်းစိမ်များ သူတပါးနှင့် ဆက်ဆံမည်ကို မခံနိုင်ခြင်း ရသရှိ၏။ (မစ္ဆရိယတရားဆိုး လွှမ်းမိုးနှိပ်စက်အပ်သောသူသည် မိမိစည်းစိမ်များကို သူတပါးတို့အား ခွဲခြမ်းပေးရမည်ဆိုလျှင် မခံနိုင် မရပ်နိုင် ဖြစ်တတ်၏၊ ထိုသို့ဖြစ်ခြင်းသည် မစ္ဆရိယ၏ အလုပ်ကိစ္စဖြစ်သည်)။ ။(၃) မပေးရက်လို တွန့်တိုခြင်း = ပစ္စုပဋ္ဌာန်ရှိ၏။ (တနည်း) မနေရမူ နိုင်ထက်ယူသော် မီးပူ၌ထား ပုံအလားသို့ စပ်ခါးအမျက်ထွက်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (တနည်း) ယောက်မဖျားဖြင့် နည်းပါးဆိပ်ဆွန် ကော်သွန်ပေးကမ်း လှူဒါန်းပူဇော်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (မစ္ဆရိယ၏သဘောကို ယောဂီသူမြတ်တို့ ဆင်ခြင်လတ်သောအခါ မပေးရက်လို

စာ ၁၁၃

တွန့်တိုသောတရားဟူ၍ ထင်မြင်လာ၏၊ သဘာဝပစ္စုပဋ္ဌာန်တည်း။ (တနည်း) သူတဖက်သားတို့က အနိုင်အထက် မိမိစည်းစိမ်ကို လုယူသောအခါ ပြင်းစွာ အမျက်ထွက်တတ်သော တရားပင်ဟု ဉာဏ်၌ ထင်လာ၏၊ ကိစ္စပစ္စုပဋ္ဌာန်တည်း။ (တနည်း) မနေသာ၍ ပေးပြန်ပါလည်း ယောက်မဖျား ဇွန်းဖျားဖြင့် ဘုရားစူး ကျမ်းစူးလွတ် ပေးသည်ဆိုရုံမျှ ပေးတတ်သော တရားဟူ၍ ဉာဏ်၌ ထင်လာ၏။ ဖလပစ္စုပဋ္ဌာန်တည်း။ ။(၄) မိမိစည်းစိမ်လျှင် နီးစွာသောအကြောင်း = ပဒဋ္ဌာန်ရှိ၏။ ။(အဘိ-ဋ္ဌ ၁၊ စာမျက်နှာ ၂၉၉-မှ)။

မစ္ဆရိယ ၅-ပါး

ထိုမစ္ဆရိယသည် (၁) အာဝါသမစ္ဆရိယ = ကျောင်း, တိုက်တာ, အရာမ်, တိုက်ခန်း, နေ့နေရာ, ညဉ့်နေရာ-အစရှိသော နေရာဌာန အမျိုးမျိုး၌ ဝန်တိုခြင်း, နှမြောခြင်း၊ (၂) ကုလမစ္ဆရိယ = အဆွေအမျိုး ဒါယကာတို့၌ သူတပါးတို့နှင့် ဆက်ဆံမည်ကို ဝန်တိုနှမြောခြင်း၊ (၃) လာဘမစ္ဆရိယ = ပစ္စည်းလေးဖြာ လာဘ်လာဘ၌ ဝန်တိုနှမြောခြင်း၊ (၄) ဝဏ္ဏမစ္ဆရိယ = ရုပ်ရည်အဆင်း, ဂုဏ်သတင်း၌ ဝန်တိုနှမြောခြင်း၊ (၅) ဓမ္မမစ္ဆရိယ = ပရိယတ္တိဓမ္မ၌ ဝန်တိုနှမြောခြင်းဟူ၍ = ၅-ပါး အပြားရှိ၏။

(၁) ထို၅-ပါးတို့တွင် ကျောင်းတိုက်တခုလုံးကို၎င်း, ပရိဝုဏ်တခုကို၎င်း, တိုက်ခန်းတခုကို၎င်း, နေ့နေရာ ညဉ့်နေရာ- စသည်တို့ကို၎င်း အာဝါသဟူ၍ ခေါ်၏။ ထိုဖော်ပြရာပါ အာဝါသတို့၌ နေထိုင်သူတို့သည် ချမ်းသာစွာ နေထိုင်ရ၍ ပစ္စည်းလေးပါးတို့ကို ရရှိကုန်၏။ မစ္ဆရိယသမား ရဟန်းသည် ဝတ်ကြီးဝတ်ငယ်နှင့် ပြည့်စုံသည့် သီလဝန္တ အခြားရဟန်းတပါး ထိုအာဝါသ၌ လာရောက်နေထိုင်သည်ကို အလိုမရှိနိုင်၊ ထိုသီလဝန္တရဟန်း လာရောက်နေထိုင်လျှင်လည်း မြန်မြန်သွားပါစေဟု ကြံစည်တောင့်တတတ်၏၊ ဤသို့ ဝန်တိုခြင်း, နှမြောခြင်းသည် အာဝါသမစ္ဆရိယမည်၏။ အထူးအားဖြင့် ခိုက်ရန်ငြင်းခုံမှု ပြုတတ်သောရဟန်း စသည်တို့ ထိုအာဝါသ၌ နေထိုင်မှုကို အလိုမရှိသော ရဟန်းအားမူ အာဝါသမစ္ဆရိယ မဖြစ်ပေ။

(၂) အလုပ်အကျွေး ဒကာ ဒကာမ ဆွေမျိုးများကို ကုလဟူ၍ ခေါ်၏။ ထိုမိမိ၏ ပစ္စည်းလေးပါး ဒကာ ဒကာမ, ဆွေမျိုး ဒကာ ဒကာမတို့အထံ၌ အခြားရဟန်းတပါး ချဉ်းကပ်ဆက်ဆံမှုကို အလိုမရှိခြင်းသည် ကုလမစ္ဆရိယမည်၏။ အထူးအားဖြင့်- ယုတ်မာသော ဒုဿီလပုဂ္ဂိုလ်တို့

စာ ၁၁၄

ချဉ်းကပ် ဆက်ဆံမှုကို အလိုမရှိခြင်းသည်ကား ကုလမစ္ဆရိယ မဟုတ်ပေ။ မှန်၏- ထိုဒုဿီလပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့၏ သဒ္ဓါတရား ပျက်စီးအောင် ကျင့်တတ်၏၊ ထို့ကြောင့် ထိုဒုဿီလပုဂ္ဂိုလ်၏ ချဉ်းကပ် ဆက်ဆံမှုကို အလိုမရှိခြင်းသည် ကုလမစ္ဆရိယ မဟုတ်ချေ။ သဒ္ဓါတရားကို စောင့်ရှောက်နိုင်သော သီလဝန္တရဟန်း၏ ထိုဒကာ ဒကာမတို့အထံ၌ ဆက်ဆံချဉ်းကပ်မှုကို အလိုမရှိခြင်းသည်သာလျှင် ကုလမစ္ဆရိယမည်၏။

(၃) သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး = ပစ္စည်းလေးပါးကို လာဘ်လာဘဟု ခေါ်၏၊ ထိုပစ္စည်းလေးပါးကို အခြား သီလဝန္တ ရဟန်းတပါး ရရှိနေသည်ကို “မရပါစေသတည်း” ဟု ကြံစည်သော ရဟန်းအား လာဘမစ္ဆရိယဖြစ်၏။ အထူးအားဖြင့် ဒကာ ဒကာမများ သဒ္ဓါသဖြင့် လှူဒါန်းအပ်သော ပစ္စည်းလေးပါးကို အလွဲသုံးစားပြုလုပ်တတ်သော ရဟန်း, လုံးဝမသုံးစွဲခြင်း, မကောင်းသဖြင့် သုံးစွဲခြင်းတို့ဖြင့် ဒကာ ဒကာမတို့ သဒ္ဓါဒေယျပစ္စည်းများကို ဖျက်ဆီးတတ်သော ရဟန်း, ပုပ်သည် သိုးသည်တိုင်အောင် သူတပါးအား မပေးရက်သော ရဟန်းများ ရှိ၏၊ ထိုရဟန်းမျိုးကိုမြင်၍ “ဤပစ္စည်းလေးပါးကို ဤရဟန်းမရရှိပဲ အခြား သီလဝန္တ ရဟန်းတပါး ရရှိခဲ့သော် သုံးဆောင်ခြင်းသို့ ရောက်လေရာ၏၊ ကောင်းလေရာ၏”ဟု ကြံစည်သော ရဟန်းအားကား လာဘမစ္ဆရိယမဖြစ်။

(၄) ကိုယ်ရေအဆင်းနှင့် ဂုဏ်ကျေးဇူးကို ဝဏ္ဏဟု ခေါ်၏၊ ထိုဝဏ္ဏ နှစ်မျိုးတို့အနက် ကိုယ်ရေအဆင်း၌ ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် “အခြားသူတယောက် ရုပ်ရည်အဆင်း တင့်တယ်ခြင်းရှိ၏။ ကြည်ညိုဖွယ်ရှိ၏”ဟု ပြောဆိုအပ်လျှင် ထိုအကြောင်းကို လုံးဝမပြောဆိုလို မိမိသာလျှင် တင့်တယ်လို လှပလို၏။ ဂုဏ်ကျေးဇူး တည်းဟူသော ဝဏ္ဏ၌ ဝန်တိုခြင်း မစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် သူတပါး၏ သီလဂုဏ် ဓုတင်ဂုဏ် ပဋိပတ်ဂုဏ် အကျင့်ဂုဏ်များကို လုံးဝ မပြောလိုပဲရှိ၏။

(၅) ဓမ္မသည် ပရိယတ္တိဓမ္မ, ပဋိဝေဓဓမ္မ = မဂ်ဖိုလ်နိဗ္ဗာန် တရားထူးဟူ၍ = ၂-မျိုးရှိ၏၊ ထို၂-မျိုးတို့တွင် ပဋိဝေဓဓမ္မသည် အရိယာပုဂ္ဂိုလ်တရားကို ဝန်မတိုကြကုန်၊ မိမိတို့ ရရှိအပ်သော ပဋိဝေဓတရားများကို လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ ရကြသိကြရန် အလိုရှိကြကုန်၏၊ ထိုမိမိသိရှိအပ်သော မဂ်ဖိုလ်နိဗ္ဗာန် = ပဋိဝေဓတရားထူးကို “အခြားသူတို့ သိကြပါစေကုန်သတည်း”ဟု တောင့်တကြ အလိုရှိကြကုန်၏။ ပရိယတ္တိ

စာ ၁၁၅

တရား၌သာလျှင် ဓမ္မမစ္ဆရိယမည်သည် ဖြစ်နိုင်၏၊ ထိုဓမ္မမစ္ဆရိယရှိသော ပုဂ္ဂိုလ်သည် မိမိတတ်သိသော လျှို့ဝှက်ခဲခက်သည့် ပါဠိ အဋ္ဌကထာကို သူတပါးကို မသိစေလို၊ မိမိသာ သိလို၏။ အထူးအားဖြင့်- အကြင် ပုဂ္ဂိုလ်သည်ကား ပုဂ္ဂိုလ်ကို စူးစမ်းဆင်ခြင်၍ တရားတော်ကို ချီးမြှောက် စောင့်ရှောက်သောအားဖြင့်၎င်း, တရားတော်ကို စူးစမ်းဆင်ခြင်၍ ပုဂ္ဂိုလ်ကို ချီးမြှောက် စောင့်ရှောက်သောအားဖြင့်၎င်း မိမိတတ်သိသော လျှို့ဝှက်ခဲခက်သည့် ပါဠိအဋ္ဌကထာ ကျမ်းစာတရားကို သူတပါးအား မပေး၊ ထိုသူ၏ မပေးခြင်းသည်ကား ဓမ္မမစ္ဆရိယမဟုတ်ချေ။

ထိုစကားရပ်၌ လောကဝယ် အချို့သောပုဂ္ဂိုလ်သည် ရံခါ ရဟန်းဖြစ်လိုက်, ရံခါ ပုဏ္ဏားဖြစ်လိုက်, ရံခါ တက္ကတွန်းဖြစ်လိုက်နှင့် လျှပ်ပေါ်လော်လည် မတည်ကြည်သူဖြစ်၏၊ အကြင်ရဟန်းသည် “ဤလျှပ်ပေါ်လော်လည် မတည်ကြည်သူကား အဆက်ဆက်က ဆင်းသက်လာသော သိမ်မွေ့နူးညံ့သည့် ပါဠိတော်ကို ကုသိုလ်စသော တရားကို အကုသိုလ်စသော တရားမျိုးပြု၍သော်၎င်း မိမိကိုယ်တိုင်က လျှပ်ပေါ်လော်လည် မတည်ကြည်သူဖြစ်သောကြောင့် မြတ်စွာဘုရား ဟောကြားအပ်သော တရားကို တိတ္ထိတို့ ဟောကြားအပ်သော တရားမျိုးပြု၍သော်၎င်း လှောက်လှက်ရှုပ်ထွေးအောင် ပြုပေလိမ့်မည်”ဟု လေးနက်စွာ ဆင်ခြင်ပြီးလျှင် မိမိတတ်သိသည့် လျှို့ဝှက်ခဲခက်သော ပရိယတ္တိဓမ္မကို ထိုသူအား မပေး၊ ဤရဟန်းသည် ပုဂ္ဂိုလ်ကို စူးစမ်းဆင်ခြင်၍ တရားတော်ကို ချီးမြှောက် စောင့်ရှောက်သောအားဖြင့် မပေးသူမည်၏။ အကြင်ရဟန်းသည်ကား “ဤတရားသည် သိမ်မွေ့နူးညံ့လှ၏။ အကယ်၍ ဤပုဂ္ဂိုလ် သင်ယူတတ်မြောက်ခဲ့လျှင် မိမိကိုယ်ကို ရဟန္တာမဟုတ်ပဲ ရဟန္တာအနေ ရှင်လူတို့အား ပြောကြား၍ ပျက်စီးသွားပေလိမ့်မည်”ဟု ဆင်ခြင်စဉ်းစားပြီးလျှင် မိမိတတ်သိသည့် လျှို့ဝှက်ခဲခက်သော ပရိယတ္တိဓမ္မကို ထိုသူအား မပေး၊ ဤရဟန်းသည် တရားတော်ကို စူးစမ်းဆင်ခြင်၍ ပုဂ္ဂိုလ်ကို ချီးမြှောက် စောင့်ရှောက်သောအားဖြင့် မပေးသူမည်၏။ ဤရဟန်း နှစ်မျိုးလုံးအားပင် ဓမ္မမစ္ဆရိယ မဖြစ်ပေ။ အကြင်သူသည်ကား “အကယ်၍ ဤသူသည် ဤတရားကို သင်ကြား တတ်မြောက်သွားလျှင် ငါတို့၏ အယူဝါဒကို ဖျက်ဆီးနိုင်သူ ဖြစ်သွားလိမ့်မည်၊ ငါတို့ထက် သာလွန်သူ ဖြစ်သွားလိမ့်မည်”ဟု အောက်မေ့ကာ မိမိတတ်သိသည့် ပရိယတ္တိဓမ္မကို သူတပါးအား မပေး၊ ထိုသူ၏ မပေးခြင်းသည်သာ ဓမ္မမစ္ဆရိယဖြစ်၏။

စာ ၁၁၆

မစ္ဆရိယ ၅-ပါး၏ အပြစ်

ဤမစ္ဆရိယ ၅-ပါးတို့တွင်- (၁) အာဝါသမစ္ဆရိယကြောင့် သေပြီးသည့်နောက် ဘီလူးသော်၎င်း, ပြိတ္တာသော်၎င်း ဖြစ်ပြီးလျှင် (အာဝါသ၌ ငြိကပ်စွဲလမ်းမှု အလိုဆန္ဒ ယုတ်ညံ့မှုကြောင့်) ထိုမိမိ ဝန်တိုနှမြောခဲ့သည့် အာဝါသ၏ အမှိုက်သရိုက်ကို ဦးခေါင်းဖြင့် ချီရွက်၍ လှည့်လည်ကာ နေရတတ်၏။

(၂) ကုလမစ္ဆရိယကြောင့် ထိုမိမိ၏ ဆွေမျိုး ဒကာ ဒကာမများ, ပစ္စည်းလေးပါး ဒကာ ဒကာမများ အိမ်၌ အခြားပုဂ္ဂိုလ်တို့အား အလှူပေးမှု မြတ်နိုးမှု-စသည် ပြုလုပ်ကြသည်တို့ကို မြင်ရလျှင် “ဤဒကာ ဒကာမများသည် ငါနှင့် စိတ်ဝမ်းကွဲပြားခဲ့လေပြီ”ဟု ကြံစည်ပူပန်သော ရဟန်းအား (စိတ်၏ပင်ပန်းခြင်းဖြင့် အလွန်ပူလောင်သော နှလုံးရှိရကား) သွေးသော်မူလည်း အန်တတ်၏၊ ဝမ်းသော်မူလည်း လားတတ်၏၊ အအူများသော်လည်း အပိုင်းအပိုင်းပြတ်လျက် အပသို့ ထွက်တတ်၏။

(၃) လာဘမစ္ဆရိယကြောင့် သံဃာ၏ လာဘ်၌ဖြစ်စေ, ဂိုဏ်း၏ လာဘ်၌ဖြစ်စေ ဝန်တိုနှမြော၍ ပုဂ္ဂလိက အသုံးအဆောင်ကဲ့သို့ အောက်မေ့ကာ မိမိသာ သုံးဆောင်ခြင်းကြောင့် သေပြီးသည့်နောက် ဘီလူးသော်၎င်း, ပြိတ္တာသော်၎င်း, စပါးကြီးမြွေကြီးသော်၎င်း ဖြစ်ရတတ်၏။

(၄) ရုပ်ရည်အဆင်း, ဂုဏ်ကျေးဇူးသတင်းတို့၌ ဝန်တိုခြင်း ဝဏ္ဏမစ္ဆရိယကြောင့် မိမိ၏ ရုပ်ရည်အဆင်း, ဂုဏ်ကျေးဇူး သတင်းများကိုသာ ချီးမွမ်း၏၊ သူတပါးတို့၏ ရုပ်ရည်အဆင်း, ဂုဏ်ကျေးဇူးသတင်းများ၌ “ဤသူသည် ဘယ်လိုအဆင်း, ဂုဏ်ကျေးဇူးသတင်း ရှိသူနည်း” ဤသို့စသည်ဖြင့် ထိုထိုအပြစ်ကို ပြောဆိုလျက် တမလွန်ဘဝ၌ အဆင်းမလှသူ ဖြစ်ရတတ်၏။

(၅) (မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော ပဋိဝေဓဓမ္မကား အရိယာသူမြတ်တို့၏ သန္တာန်၌သာလျှင်ဖြစ်သောတရား, ထိုအရိယာသူမြတ်တို့သာ ရနိုင်သောတရားဖြစ်၏။ ထိုအရိယာသူမြတ်တို့သည်လည်း မစ္ဆရိယ အကုသိုလ်ကို အကြွင်းမဲ့ မဂ်ဖြင့် ပယ်သတ်ပြီး ဖြစ်ကြသောကြောင့် ထိုမိမိတို့ရရှိသိအပ်သော ပဋိဝေဓတရားကို ဝန်တိုတော်မမူကြကုန်၊ သို့ရကား ဓမ္မမစ္ဆရိယအရာ၌ ပုထုဇန်တို့၏ မိမိတို့တတ်သိသော ပရိယတ္တိဓမ္မ၌ ဝန်တိုခြင်းကိုသာ ရအပ်ပေ၏)။ ယင်း ပရိယတ္တိဓမ္မမစ္ဆရိယကြောင့်

စာ ၁၁၇

မိမိတတ်သိသော ပရိယတ္တိဓမ္မကို ဝန်တိုနှမြော၍ တစုံတယောက်သောသူအား တစုံတရာသော ပရိယတ္တိဓမ္မကို မပေးကမ်းသည့်အတွက် တမလွန်ဘဝ၌ ဉာဏ်ပညာ ထုံထိုင်းမှိုင်းအ-သူ ဒုပ္ပညပုဂ္ဂိုလ် ဖြစ်ရတတ်၏။

တနည်းကား- (၁) အာဝါသမစ္ဆရိယကြောင့် သံပူငရဲ၌ ကျက်ရတတ်၏၊ (သူတပါးတို့အား အာဝါသကြောင့် ရရှိမည့် စီးပွါးချမ်းသာကို တားမြစ်ခဲ့သောကြောင့်တည်း)။ (၂) ကုလမစ္ဆရိယကြောင့် လာဘ်လာဘ လုံးဝကင်းမဲ့သူ ဖြစ်ရတတ်၏၊ (ဒကာ ဒကာမတို့အိမ်၌ သူတပါးတို့ရရှိမည့် လာဘ်လာဘကို တားမြစ်ခဲ့သောကြောင့်တည်း)။ (၃) လာဘမစ္ဆရိယကြောင့် ဘင်ပုပ် (=မစင်)ငရဲ၌ ဖြစ်ရ၏။ (မစင်=ဘင်ပုပ်ငရဲသည် လုံးဝ သာယာဖွယ်ကင်းမဲ့သော ငရဲဖြစ်၏၊ လာဘမစ္ဆရိယရဟန်းသည် သူတပါးတို့ လာဘ်လာဘဟူသော အကြောင်းကြောင့် ရရှိမည့် သာယာဖွယ်ကို တားမြစ်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် ထိုလာဘမစ္ဆရိယသမား ရဟန်းသည် သူတပါးတို့ လာဘ်လာဘကို အကြောင်းပြု၍ ရရှိမည့် သာယာဖွယ်ကို တားမြစ်ခဲ့သူဖြစ်သောကြောင့် လုံးဝ သာယာဖွယ်ကင်းမဲ့သော မစင်= ဘင်ပုပ်ငရဲ၌ ဖြစ်ရလေ၏)။ (၄) ဝဏ္ဏမစ္ဆရိယကြောင့် သံသရာဘဝ ဖြစ်သမျှ၌ ရုပ်ရည်အဆင်း ဂုဏ်ကျေးဇူးသတင်းဟူသော = ဝဏ္ဏနှစ်ပါးသည် အမည်မျှလောက်ပင် ထိုဝဏ္ဏမစ္ဆရိယသမားအား မဖြစ်တော့ချေ။ ထိုဝဏ္ဏမစ္ဆရိယသမားသည် သံသရာဘဝ၌ အရုပ်ဆိုးသူသာ ဖြစ်ရ၏၊ အဆင်းဖောက်ပြန် အရုပ်ဆိုးသော သန္တာန်၌ များသောအားဖြင့် သီလ-စသော ဂုဏ်ကျေးဇူး သတင်းကောင်းတို့သည် ထောက်တည်ရာကို မရနိုင်ပဲ ရှိကုန်၏၊ ထောက်တည်ရာရမည့် ဂုဏ်ကျေးဇူးများလည်း ထိုသူ့သန္တာန်ဝယ် ညဉ့်အခါ ပစ်အပ်သော မြှားကဲ့သို့ မထင်ရှား မဖြစ်ပွါးပဲ နေတတ်ကုန်၏။ (၅) ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်ရတတ်၏။ (အဘိ-ဋ္ဌ ၁၊ မျက်နှာ ၄ဝ၅-၆-တို့မှ)။

ဣဿာသည် သူတပါးစည်းစိမ်ကို အာရုံပြု၍ ဖြစ်၏၊ မစ္ဆရိယသည် မိမိစည်းစိမ်ကို အာရုံပြု၍ ဖြစ်၏။ ဤသို့ အာရုံကွဲပြားကြသောကြောင့် ထိုဣဿာနှင့် မစ္ဆရိယတို့သည် တပေါင်းတည်း မဖြစ်နိုင်ကြကုန်။

လောက၌ တဦးနှင့်တဦး ရန်ငြိုးဖွဲ့ခြင်း ဒဏ်ထားခြင်း ရန်မူခြင်းများသည် ဤဣဿာ, မစ္ဆရိယ သံယောဇဉ်တရားဆိုး နှစ်မျိုးကြောင့် ဖြစ်ရ၏၊ ဤဣဿာ, မစ္ဆရိယ သံယောဇဉ် နှစ်ပါးကို သောတာပတ္တိမဂ်ဖြင့်သာ

စာ ၁၁၈

အကြွင်းမဲ့ ပယ်သတ်နိုင်၏၊ သို့ရကား သောတာပတ္တိမဂ်ဖြင့် ယင်းဣဿာ, မစ္ဆရိယ သံယောဇဉ်နှစ်ပါးကို အကြွင်းမဲ့ မပယ်သတ်ရသေးသမျှ ကာလပတ်လုံး နတ်လူတို့သည် ရန်ငြိုးကင်းခြင်း- စသည်တို့ကို တောင့်တကြကုန်သော်လည်း ရန်ငြိုးဖွဲ့ခြင်း- စသည်တို့မှ မလွတ်နိုင်ကြပဲ ဆင်းရဲပင်ပန်းစွာ နေကြရကုန်၏။ ထို့ကြောင့် “များစွာသော နတ်လူတို့သည် ရန်ငြိုးဖွဲ့ခြင်း စသည်ကင်း၍ ဆင်းရဲမရှိ ချမ်းသာစွာ နေလိုကြပါလျက် အဘယ့်ကြောင့် ရန်ငြိုးဖွဲ့ခြင်းစသည် မကင်းပဲ ဆင်းရဲပင်ပန်းစွာသာ နေကြရပါသနည်း”ဟူသော သိကြားမင်း၏ မေးမြန်းချက်ကို မြတ်စွာဘုရားရှင်သည် “ဣဿာ, မစ္ဆရိယ သံယောဇဉ် အနှောင်အဖွဲ့ နှစ်ပါးကြောင့်”ဟု ဖြေကြားတော်မူ၏)။

ဤသို့ မြတ်စွာဘုရားရှင်က ဖြေကြားတော်မူသောအခါ သိကြားနတ်မင်းသည် နှစ်လိုအားရစွာ မြတ်စွာဘုရား၏ တရားတော်ကို—

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ရှင်တော်ဘုရား၏ ဖြေကြားချက်ကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်အပ်ပါပြီ၊ အကျွန်ုပ်၏ သို့လော သို့လော တွေးတောခြင်းသည် ကင်းကွာသွားပါပြီ”–

ဟု ဝမ်းမြောက်စွာ ခံယူလေ၏။

ပဌမ အမေး အဖြေ ပြီး၏။

**********

(၂) ဒုတိယ အမေး အဖြေ

ဤသို့လျှင် သိကြားနတ်မင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ဣဿာ, မစ္ဆရိယသည်ကား အဘယ်တရားလျှင် အခြေခံဖြစ်ရာ (နိဒါန)အကြောင်း,

စာ ၁၁၉

တိုးတက်ဖြစ်ပွါးရာ (သမုဒယ)အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ)အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ)အကြောင်း ရှိပါသနည်း (=အဘယ်တရားကြောင့် ဣဿာ, မစ္ဆရိယ ဖြစ်သနည်း ဟု မေးလိုရင်းဖြစ်သည်)၊ အဘယ်တရားရှိသော် ဣဿာ, မစ္ဆရိယဖြစ်၍ အဘယ်တရားမရှိသော် ဣဿာ, မစ္ဆရိယ မဖြစ်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်၏။ ထိုသို့ သိကြားမင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. ဣဿာ, မစ္ဆရိယ တရားနှစ်ပါးသည် ချစ်အပ်သော သတ္တဝါ, သင်္ခါရ, မုန်းအပ်သော သတ္တဝါ, သင်္ခါရလျှင် အခြေခံဖြစ်ရာ (နိဒါန)အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ)အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ)အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘ၀)အကြောင်း ရှိပေ၏၊ (=ချစ်အပ်သော သတ္တဝါ, သင်္ခါရနှင့် မုန်းအပ်သော သတ္တဝါ, သင်္ခါရ = ဤနှစ်ပါးကြောင့် ဣဿာ, မစ္ဆရိယ သံယောဇဉ် ဖြစ်၏ဟု ဖြေလိုရင်းဖြစ်သည်။) ချစ်အပ်သော သတ္တဝါ, သင်္ခါရ, မုန်းအပ်သော သတ္တဝါ, သင်္ခါရရှိသော် ဣဿာ, မစ္ဆရိယဖြစ်၏၊ ချစ်အပ်သော သတ္တဝါ, သင်္ခါရ, မုန်းအပ်သော သတ္တဝါ, သင်္ခါရ မရှိသော် ဣဿာ, မစ္ဆရိယမဖြစ်”-

ဟူ၍ ဖြေကြားတော်မူ၏။

(ဤ၌။ ။မိမိပိုင်ဆိုင် သိမ်းဆည်းအပ်သော သတ္တဝါ, သင်္ခါရဖြစ်လျှင် ထိုဝတ္ထုက မနှစ်သက်ဖွယ် ဝတ္ထုပင် ဖြစ်လင့်ကစား ကိလေသာတို့၏ ဖောက်ပြန်စွာဖြစ်ခြင်း ရှိသောကြောင့် ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရပင် ဖြစ်၍နေတော့၏။ သူတပါး ပိုင်ဆိုင် သိမ်းဆည်းအပ်သော သတ္တဝါ, သင်္ခါရဖြစ်ခဲ့လျှင် ထိုဝတ္ထုက ကောင်းမြတ်သော ဝတ္ထုပင် ဖြစ်လင့်ကစား အမျက်ထွက်သောသူ၏

စာ ၁၂၀

အဖို့ရာ မချစ် မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရပင် ဖြစ်၍နေတော့၏။ ။ဤကား သုတ်မဟာဝါ အဋ္ဌကထာ ဋီကာတို့မှ ကောက်နုတ်ချက်တည်း။

မစ္ဆရိယသည် ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရလျှင် အကြောင်းရင်းရှိ၏။ (=ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရကြောင့် မစ္ဆရိယဖြစ်သည်ဟု ဆိုလိုသည်)။ ဣဿာသည် မချစ်မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရလျှင် အကြောင်းရင်းရှိ၏။ (=မချစ်မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရကြောင့် ဣသာဖြစ်သည်ဟု ဆိုလိုသည်)။

တနည်း ဣဿာ, မစ္ဆရိယ နှစ်ပါးလုံးပင် ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရ, မချစ် မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရ = နှစ်မျိုးလုံးလျှင် အခြေခံအကြောင်းရင်း ရှိ၏၊ (ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရ, မချစ်မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရ နှစ်မျိုးလုံးကြောင့်ပင် ဣဿာလည်း ဖြစ်၏၊ မစ္ဆရိယလည်း ဖြစ်၏ဟု ဆိုလိုသည်)။

ချဲ့ဦးအံ့- ရဟန်း၏အဖို့ရာ သဒ္ဓိဝိဟာရိက တပည့်စသော ချစ်နှစ်သက်အပ် တောင့်တအပ် မြတ်နိုးအပ်သော သတ္တဝါတို့ ရှိကြ၏။ လူဖြစ်သူ၏ အဖို့ရာ သားသမီး-စသော ဆင်မြင်းစသော ချစ်နှစ်သက်အပ်သော တောင့်တအပ် မြတ်နိုးအပ်သော သတ္တဝါတို့ ရှိကြ၏၊ ထိုချစ်နှစ်သက်အပ်သော သတ္တဝါတို့ကို တခဏမျှပင် မမြင်ရလျှင် သည်းမခံနိုင်အောင် ရှိ၏၊ ထိုရဟန်းဖြစ်သောသူ လူဖြစ်သောသူသည် မိမိမှတပါး အခြား ရဟန်းတဦးဦး လူတဦးဦး ထိုကဲ့သို့ ချစ်နှစ်သက်အပ်သော သဒ္ဓိဝိဟာရိက တပည့်စသော သားသမီး ဆင်မြင်းစသော ချစ်နှစ်သက်အပ်သော သတ္တဝါကို ရရှိသည်ကို မြင်ရလျှင် မနာလို မကြည်ဖြူ ငြူစူမှု = ဣဿာကို ပြုတတ်၏။ “ဤသင်၏ သဒ္ဓိဝိဟာရိတပည့်စသည် သားသမီး ဆင်မြင်းစသည်ဖြင့် ငါတို့မှာ အလုပ်တခုရှိ၍ ထိုသူကို ငါတို့အား တခဏမျှ ပေးပါကုန်”ဟု ထိုချစ်အပ်သော သတ္တဝါကို အခြားသူတို့က တောင်းခံအပ်လျှင် “မပေးနိုင်ပါ၊ ထိုကျွန်ုပ်ချစ်အပ်သော တပည့် သားသမီး ဆင် မြင်းစသည်သည် ပင်ပန်းသော်မူ ပင်ပန်းလိမ့်မည်၊ သို့မဟုတ် ပျင်းရိမူ ပျင်းရိလိမ့်မည်” ဤသို့စသည် ပြောဆို၍ ဝန်တိုမှု ပြုတတ်၏ = မစ္ဆရိယ ဖြစ်တတ်၏။ ဤကား ချစ်နှစ်သက်အပ်သော သတ္တဝါကြောင့် ဣဿာ,မစ္ဆရိယ နှစ်ပါးစုံ ဖြစ်ပုံတည်း။

ရဟန်းတို့၏အဖို့ရာ သပိတ်သင်္ကန်းစသော ချစ်နှစ်သက်အပ်သော ပရိက္ခရာမျိုး ရှိ၏။ လူ၏အဖို့ရာ အဆင်တန်ဆာစသော ချစ်နှစ်သက်အပ်သော အသုံးအဆောင်မျိုး ရှိ၏၊ ထိုအရာများသည် ချစ်နှစ်သက်အပ်သော

စာ ၁၂၁

သင်္ခါရများ ဖြစ်ကြ၏။ ထိုရဟန်း ထိုလူသည် မိမိမှတပါး အခြားရဟန်း အခြားလူမှာ ထိုကဲ့သို့ ချစ်နှစ်သက် အပ်သော ပရိက္ခရာမျိုး အသုံးအဆောင်မျိုး ဖြစ်ရှိသည်ကို မြင်ရလျှင် “ထိုရဟန်း ထိုလူအား ဤသို့သော ပရိက္ခရာမျိုး အသုံးအဆောင်မျိုး မဖြစ်ရှိပါမူ ကောင်းလေစွာ့”ဟု မနာလို မကြည်ဖြူ ငြူစူခြင်း = ဣဿာတရားကို ဖြစ်ပွါးစေ၏။ ထိုချစ်နှစ်သက်အပ်သော ပရိက္ခရာမျိုး အသုံးအဆောင်မျိုးကို သူတပါးတို့က ခေတ္တခဏ ငှါးရမ်းအပ်လျှင်လည်း “ငါတို့သော်မှ ဤပစ္စည်းများကို မြတ်နိုးလှသောကြောင့် မသုံးဆောင်ရက်ပါကုန်၊ သင်တို့အား မပေးနိုင်ပါကုန်”ဟု ပြောဆိုကာ ဝန်တိုခြင်း = မစ္ဆရိယကို ပြုတတ်ကြကုန်၏။ ဤကား ချစ်နှစ်သက်အပ်သော သင်္ခါရကြောင့် ဣဿာ, မစ္ဆရိယ နှစ်ပါးစုံ ဖြစ်ပုံတည်း။

ထိုမှတပါး ရဟန်းဖြစ်စေ လူဖြစ်စေ မိမိ မချစ် မနှစ်သက်အပ်သော ဆိုအပ်ပြီးသည့် တပည့်ဆိုး သားဆိုး သမီးဆိုး ဆင်ဆိုး မြင်းဆိုးစသော သတ္တဝါ, မကောင်းသော သပိတ် သင်္ကန်း ပရိက္ခရာ အသုံးအဆောင် အဆင်တန်းဆာစသော သင်္ခါရများကို ရရှိပြီးနောက် ထိုရဟန်း ထိုလူ၏အဖို့ရာ ဖော်ပြပါ သတ္တဝါ, သင်္ခါရတို့သည် မချစ် မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရတို့ပင် ဖြစ်ကုန်သော်လည်း ကိလေသာတရားတို့၏ ဖောက်ဖောက်ပြန်ပြန် ဖြစ်ပွါးတတ်သော သဘောရှိခြင်းကြောင့် “(ချစ်နှစ်သက်အပ်သော သတ္တဝါ, သင်္ခါရတို့ကဲ့သို့ ဖြစ်ရှိကြကာ) “ငါ့ကိုထား၍ အခြား မည်သူတယောက်သည် ဤသို့သော သတ္တဝါ, သင်္ခါရတို့ကို ရနိုင်အံ့နည်း”ဟူ၍ မိမိကိုယ်ကို မြှောက်ပင့်သော အတ္တုက္ကံသန လောဘတရား ဖြစ်ပွါးပြီးလျှင် ထိုလောဘကို အကြောင်းပြု၍ သူတပါးတို့ ထိုကဲ့သို့သော သတ္တဝါ, သင်္ခါရကို ရရှိမည်ကို မနာလို မကြည်ဖြူ ငြူစူမှု = ဣဿာကို ပြုတတ်၏၊ (ဤဣဿာကား သူတပါးတို့ ရရှိလတ္တံ့သော သမ္ပတ္တိကို အာရုံပြု၍ဖြစ်သော ဣဿာမျိုးတည်း)။ တနည်း- ရှေးဆိုအပ်ပြီးအတိုင်း မိမိကိုယ်ကို မြှောက်ပင့်သော အတ္တုက္ကံသန လောဘတရား ဖြစ်ပွါးပြီးလျှင် ထိုလောဘကိုပင် အကြောင်းပြု၍ သူတပါးမှာ ထိုကဲ့သို့သော အပိယသတ္တဝါ, သင်္ခါရ ဖြစ်ရှိသည်ကို မြင်၍လည်း “ထိုသူအား ဤသို့သဘောရှိသော သတ္တဝါ, သင်္ခါရ မဖြစ်မူ ကောင်းလေစွာ့”ဟု ငြူစူမှု မခံနိုင်မှု မနာလိုမှု ဣဿာကိုလည်း ပြုတတ်၏။ (ဤဣဿာကား သူတပါးတို့ ရဆဲ ရပြီးသော သမ္ပတ္တိကို အာရုံပြု၍ဖြစ်သော ဣဿာမျိုးတည်း။ ဤနောက်နည်းကို အဋ္ဌကထာ၌ ဆိုအပ်ပြီးသော နည်းရှိသောကြောင့် မပြတော့ချေ၊ ရှေ့နည်းကိုသာ ဝင်္ကဝုတ္တိအားဖြင့် ဖော်ပြသည်၊ ထိုအဋ္ဌကထာလာ

စာ ၁၂၂

ဝင်္ကဝုတ္တိစကားရပ်ကို ဋီကာနှင့် အဋ္ဌသာလိနီ မူလဋီကာတို့ကို အမှီပြု၍ စကားဖြောင့်အောင် ဤကျမ်း၌ ရေးသားခဲ့သည်)။ ထိုအပ္ပိယဖြစ်သော သတ္တဝါ, သင်္ခါရတို့ကို သူတပါးတို့က တောင်းအပ်သည်ရှိသော် အခိုက်အတန့် တခဏမျှလည်း မပေးနိုင်ပဲ ဝန်တိုမှု = မစ္ဆရိယကို ပြုတတ်၏။ ဤကား မချစ်မနှစ်သက်အပ်သော သတ္တဝါ, သင်္ခါရတို့ကြောင့် ဣဿာ, မစ္ဆရိယ နှစ်ပါးတို့ ဖြစ်ပုံတည်း)။

ဒုတိယ အမေး အဖြေ ပြီး၏။

**********

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၅၊ စာ ၆၁)