မူရင်း — မဟာဗုဒ္ဓဝင်
အတွဲ ၅၊ အခဏ်း-၃၉၊ စာမျက်နှာ ၆၁–၁၉၆
ဝမ်းမြောက်မှုကို ရရှိခြင်း
ထိုအခါ မြတ်စွာဘုရားရှင်သည် သိကြားနတ်မင်းကို “နတ်တို့သနင်း သိကြားမင်း.. သင်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဘူးသည်ကို မှတ်မိပါ၏လော”ဟု မေးတော်မူ၏။ သိကြားနတ်မင်းက “မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဘူးသည်ကို မှတ်မိပါ၏”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် သိကြားနတ်မင်းကို “နတ်တို့သနင်း သိကြားမင်း.. ဤယခုမှ ရှေးအခါက ဤသို့သဘောရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုး ရဘူးသည်ကို သင် အဘယ်သို့ မှတ်မိသနည်း”ဟု မေးမြန်းလတ်သော် သိကြားနတ်မင်းသည်-
“အရှင်ဘုရား.. ရှေး၌ ဖြစ်ဘူးသည်ကား တာဝတိံသာနတ်တို့နှင့် အသုရာနတ်တို့ စစ်ပွဲကြီးဖြစ်ခဲ့ပါသည်။ မြတ်စွာဘုရား.. ထိုစစ်ပွဲ၌ တာဝတိံသာနတ်တို့က အောင်နိုင်၍ အသုရာနတ်တို့က ရှုံးကြပါသည်။ မြတ်စွာဘုရား..
ထိုစစ်ကို အောင်နိုင်သောကြောင့် စစ်နိုင်သော အကျွန်ုပ်၏ သန္တာန်မှာ “ယခုအခါ တာဝတိံသာနတ်တို့၏ အစာအာဟာရ, အသုရာနတ်တို့၏ အစာအာဟာရဟူ၍ = နှစ်မျိုးရှိရာ ဤနှစ်မျိုးလုံးကိုပင် တာဝတိံသာ နတ်တို့ချည်းသာ သုံးဆောင်ကြရကုန်တော့မည်”ဟု နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်ရှိပါ၏။ မြတ်စွာဘုရား.. အကျွန်ုပ်၏ ထိုနှစ်သက်ဝမ်းမြောက်မှုကို ရရှိခြင်းသည် တုတ်, ဓား လက်နက်ကိုင်ဆောင်ရသော ချမ်းသာမျိုး ဖြစ်ပါ၏။ သံသရာဝဋ်၌ ငြီးငွေရန်, တပ်မက်ခြင်းကင်းရန်, ဝဋ်ဆင်းရဲ ချုပ်ငြိမ်းရန်, ရာဂစသည် ငြိမ်းရန်, ထူးသောဉာဏ်ဖြင့် သိရန်, သစ္စာလေးပါးကို သိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်နိုင်ပါ။
မြတ်စွာဘုရား.. ရှင်တော်ဘုရား၏ တရားတော်ကို ကြားနာရ၍ အကျွန်ုပ် ဤယခုအခါ ရရှိသော နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းမျိုးကသာ တုတ်,ဓားလက်နက် မကိုင်ဆောင်ရသော ချမ်းသာခြင်းမျိုး ဖြစ်ပါ၏။ စင်စစ် သံသရာဝ၌ ငြီးငွေ့ရန်, တပ်မက်ခြင်း ကင်းရန်, ဝဋ်ဆင်းရဲ ချုပ်ငြိမ်းရန်, ရာဂစသည် ငြိမ်းရန်, ထူးသောဉာဏ်ဖြင့် သိရန်, သစ္စာလေးပါးကို သိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်ပါသည်”-
ဟု လျှောက်ထားလေ၏။
တဖန် ဆက်၍ မြတ်စွာဘုရားရှင်က “နတ်တို့သနင်း သိကြားမင်း.. သင်သည် အဘယ်အကျိုးထူးကို မြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူး ပြောဆိုပါသနည်း”ဟု မေးမြန်းတော်မူသဖြင့် သိကြားနတ်မင်းသည် ဤဆိုလတ္တံ့သောအတိုင်း ပြန်ကြားလျှောက်ထားလေ၏-
“မြတ်စွာဘုရား.. အကျွန်ုပ်သည် ခြောက်ပါးသော အကျိုးထူးတို့ကို မြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏၊ အကျိုးထူး ခြောက်ပါးတို့မှာ-
(၁) ဣဓေ၀ တိဋ္ဌမာနဿ၊ ဒေ၀ဘူတဿ မေ သတော။
ပုနရာယု စ မေ လဒ္ဓေါ၊ ဧဝံ ဇာနာဟိ မာရိသ။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ မေ = မဃဝ- ဟု နာမသမုတ် အကျွန်ုပ်သည်။ ဣဓေဝ = ဤဣန္ဒသာလ လိုဏ်ဌာန၌ပင်။ တိဋ္ဌမာနဿ = သောကငြိမ်းကြောင်း တရားကောင်းကို နှစ်ထောင်းကြည်ဖြူ နာယူတည်နေလျက်။ ဒေဝဘူတဿ = နတ်တို့သနင်း သိကြားမင်း ဖြစ်၍ဖြစ်သည်။ သတော = သန္တဿ = ဖြစ်သော။ မေ = မဃဝ- ဟု နာမသမုတ် အကျွန်ုပ်သည်။ ပုန = ဘ၀အသစ် အဖြစ်တဖန်။ အာယု စ = လူနှစ်အနေ သုံးကုဋေခြောက်သန်း ဂဏန်းပွါးတက် တာဝတိံသာ နတ်သက်ကိုလည်း။ လဒ္ဓေါ = ကံတပါးကြောင့် စံစားဖို့ရန် လျော်ကန်သင့်မြတ် ရရှိအပ်ပါပြီ။ (ဤစကားရပ်ဖြင့် သိကြားမင်းသည် မိမိ၏ နတ်သက်ကြွေ စုတေပြီးနောက် တဖန် သိကြားနတ်မင်း ဖြစ်လာပြန်သည်ကို ထင်စွာ ဖော်ပြသည်)။ မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ တွံ = အရှင်ဘုရားသည်။ ဧဝံ = ဤသို့။ ဇာနာဟိ = သတိစွဲချပ် သိမှတ်တော်မူပါဘုရား..။
မြတ်စွာဘုရား.. အကျွန်ုပ်သည် ရှေးဦးစွာသော ဤအကျိုးထူးကိုမြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(၂) စုတာဟံ ဒိဝိယာ ကာယာ၊ အာယုံ ဟိတွာ အမာနုသံ။
အမူဠှော ဂဗ္ဘမေဿာမိ၊ ယတ္ထ မေ ရမတီ မနော။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ အဟံ = မဃ၀- ဟု နာမသမုတ် အကျွန်ုပ်သည်။ ဒိဝိယာ ကာယာ = နတ်၌ဖြစ်သော ဤခန္ဓာကိုယ် အတ္တဘောမှ။ စုတာ = နတ်သက်လျှောကြွေ စုတေလတ်သည်ရှိသော်။ အမာနုသံ အာယုံ = လူနှစ်အနေ
သုံးကုဋေခြောက်သန်း ဂဏန်းပြည့်နှက် တာဝတိံသာ နတ်သက်ကို။ ဟိတွာ = စွန့်လွှတ်ပြီးလျှင်။ အမူဠှော = မတွေဝေဘိ သတိရှိလျက်။ ယတ္ထ = အကြင် မင်းနှင့်ပုဏ္ဏား သူကြွယ်အားဖြင့် ကြီးမားဖွံ့ဖြိုး မြင့်မြတ်သော အမျိုး၌။ မေ = အကျွန်ုပ်၏။ မနော = စိတ်သည်။ ရမတိ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပါ၏။ တတ္ထ = ထိုအကျွန်ုပ်၏ စိတ်နှလုံး ရွှင်ပြုံးမွေ့လျော်ရာ မဟာကုလမင်းမျိုး စသည်တို့၌။ ဂဗ္ဘံ = ပဋိသန္ဓေ တည်နေရခြင်းသို့။ ဧဿာမိ = ဆင်းရဲကင်းစွာ ရောက်ရပါအံ့။
(အမူဠှော ဂဗ္ဘမေဿာမိ = မတွေဝေဘိ သတိရှိလျက် အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေ တည်နေရပါလိမ့်မည်-ဟူသော စကားရပ်ဖြင့် အရိယသာဝကတို့မှာ အန္ဓပုထုဇန်များမှာကဲ့သို့ တွေတွေဝေဝေ သေရခြင်း, သတိသမ္ပဇဉ်ကင်းလျက် အမိဝမ်းသို့ သက်ရခြင်း အလျှင်းမရှိပဲ မတွေမဝေသေရခြင်း, သတိသမ္ပဇဉ်ယှဉ်လျက် အမိဝမ်းသို့ သက်ရခြင်း ဖြစ်သည်ဟု ပြဆိုသည်။ အရိယသာဝကတို့သည် ဂတိမြဲသောကြောင့် လူ့ရပ်နတ်ရွာ ကောင်းရာသုဂတိ ဘဝတို့၌သာလျှင် ဖြစ်ကြကုန်၏၊ ထိုသုဂတိဘဝတို့တွင်လည်း လူ့ဘဝတို့၌ ဖြစ်ကြရကုန်သည်ရှိသော် မြတ်သောမင်းမျိုး ပုဏ္ဏားမျိုးတို့၌သာလျှင် ပဋိသန္ဓေ တည်နေကြလေသည်၊ သိကြားမင်း၏ စိတ်သန္တာန်မှာလည်း ထိုကဲ့သို့ပင် အလိုရှိလေသည်)။
မြတ်စွာဘုရား.. အကျွန်ုပ်သည် နှစ်ခုမြောက်ဖြစ်သော ဤအကျိုးထူးကို မြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(၃) သွာဟံ အမူဠှပညဿ၊ ဝိဟရံ သာသနေ ရတော။
ဉာယေန ဝိဟရိဿာမိ၊ သမ္ပဇာနော ပဋိဿတော။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ အမူဠှပညဿ = မတွေဝေဘိ သဗ္ဗညုတဉာဏ်ပညာ ရှိတော်မူသော မြတ်စွာဘုရား၏။ သာသနေ = သုံးပါးသိက္ခာ သာသနာတော်၌။ ရတော = မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်သည်ဖြစ်၍။ ဝိဟရံ = ဝိဟရန္တော =
ဣရိယာပထ မျှတကြံ့ခိုင် နေထိုင်ပါသော။ သွာဟံ = သော အဟံ = မဃဝ- ဟု နာမတွင်ခေါ် ထိုတပည့်တော်သည်။ သမ္ပဇာနော = ကောင်းစွာမြော်မြင် သမ္မဇဉ်ရှိသည်ဖြစ်၍။ ပဋိဿတော = မမေ့မလျော့ မပေါ့မတန် ထက်သန်သော သတိရှိသည်ဖြစ်၍။ ဉာယေန = အရိယာအဖြစ်နှင့် စင်စစ်လျော်ညီစွာ။ ဝိဟရိဿာမိ = တရားနှင့်မွေ့လျော် နေစံပျော်ရပါလတ်အံ့။
မြတ်စွာဘုရား.. အကျွန်ုပ်သည် သုံးခုမြောက်ဖြစ်သော ဤအကျိုးထူးကိုမြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(၄) ဉာယေန မေ စရတော စ၊ သမ္ဗောဓိ စေ ဘဝိဿတိ။
အညာတာ ဝိဟရိဿာမိ၊ သွေဝ အန္တော ဘဝိဿတိ။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ ဉာယေန = အရိယာအဖြစ်နှင့် စင်စစ်လျော်ညီစွာ။ စရတော = တရားအလုပ် အားထုတ်ကျင့်ကြံသော။ မေ = မဃဝ- ဟု နာမသမုတ် အကျွန်ုပ်၏ သန္တာန်၌။ သမ္ဗောဓိ = သကဒါဂါမိ မည်ရှိခေါ်တွင် အထက်မဂ်ဉာဏ်အမြင်သည်။ စေ ဘဝိဿတိ = အကယ်၍တိ ဖြစ်ရှိတုံငြားအံ့။ အညာတာ = အနာဂါမိမဂ်ဉာဏ် အရဟတ္တမဂ်ဉာဏ်ကို သိရန်စိတ်ထား လိုလားသည်ဖြစ်၍။ ဝိဟရိဿာမိ = တရားအလုပ် အားထုတ်ကြံ့ခိုင် နေထိုင်ရပါအံ့။ သွေဝ = သော ဧဝ = ထို သကဒါဂါမိမဂ်ဉာဏ်ကိုရသည့် လူ့ဘဝသည်ပင်။ အန္တော = လူ့အဖြစ်ကိုရ နောက်ဆုံးဘဝသည်။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်ပါလိမ့်မည်ဘုရား။
မြတ်စွာဘုရား.. အကျွန်ုပ်သည် လေးခုမြောက်ဖြစ်သော ဤအကျိုးထူးကို မြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(၅) စုတာဟံ မာနုသာ ကာယာ၊ အာယုံ ဟိတွာန မာနုသံ။
ပုန ဒေဝေါ ဘဝိဿာမိ၊ ဒေဝလောကမှိ ဥတ္တမော။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ အဟံ = မဃဝ- ဟု နာမသမုတ် အကျွန်ုပ်သည်။ မာနုသာ ကာယာ = လူ၌ဖြစ်သော ခန္ဓာကိုယ်အတ္တဘောမှ။ စုတော = လျှောကျပြတ်ကြွေ စုတေလတ်သည်ရှိသော်။ မာနုသံ အာယုံ = လူ၌ဖြစ်သော အသက်ကို။ ဟိတွာန = စွန့်လွှတ်ပြီးလျှင်။ ဒေဝလောကမှိ = တာဝတိံသာ နတ်တို့ရွာ၌။ ဥတ္တမော ဒေဝေါ = နတ်တကာထက်မြတ် သိကြားနတ်မင်းသည်။ ဘဝိဿာမိ = ကံကောင်းထောက်မ ဖြစ်ရပါလတ်အံ့။
မြတ်စွာဘုရား.. အကျွန်ုပ်သည် ငါးခုမြောက်ဖြစ်သော ဤအကျိုးထူးကိုမြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(၆) တေ ပဏီတတရာ ဒေဝါ၊ အကနိဋ္ဌာ ယသဿိနော။
အန္တိမေ ဝတ္တမာနမှိ၊ သော နိဝါသော ဘဝိဿတိ။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ အကနိဋ္ဌာ = ဘဝဂ်ခေါ်ငြား အကနိဋ္ဌဘုံသားဖြစ်ကုန်သော။ တေ ဒေဝါ = မိုးနတ်အရိယာ ထိုဗြဟ္မာတို့သည်။ ပဏီတတရာ = အသက်ပညာ အစဖြာသား သင်္ချာများပြား ကျေးဇူးအားဖြင့် အခြားသော နတ်ဗြဟ္မာတို့ထက် ဆတက်ကဲချွန် သာလွန်မြင့်မြတ်ကြကုန်၏။ ယသဿိနော = များသောအခြံအရံ ရှိကြကုန်၏။ မေ = မဃဝ- ဟု နာမသမုတ် အကျွန်ုပ်၏။ အန္တိမေ = နောက်ဆုံးကြုံရ ဘုံဘဝသည်။ ဝတ္တမာနမှိ = ဖြစ်လတ်သော်။ သော = ထိုအကနိဋ္ဌ ဗြဟ္မာဘုံသည်။ နိဝါသော = နေရာသည်။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်ပါလိမ့်မည်ဘုရား။
မြတ်စွာဘုရား.. အကျွန်ုပ်သည် ခြောက်ခုမြောက်ဖြစ်သော ဤအကျိုးထူးကိုမြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းကို ချီးကျူးပြောဆိုပါ၏။
(ဤ၌ အကျိုးထူး ၆-ပါးတို့မှာ- (၁) ဤယခု ဣန္ဒသာလလိုဏ်ဂူ၌ တရားနာရ၍ သောတာပန်အရိယာ ဖြစ်ပြီးလျှင် ထိုနေရာ၌ပင် နတ်သက်ကြွေ စုတေကာ သိကြားနတ်မင်း တဖန်ဖြစ်ရခြင်း, (၂) ထိုသိကြားဘဝမှ စုတေလတ်သော် လူ့ပြည်လောကဝယ် မိမိ စိတ်နှလုံးမွေ့လျော် နှစ်သက်ရာ မင်းမျိုးစသည်၌ သတ္တက္ခတ္တုပရမ သောတာပန်အဖြစ်ဖြင့် ပဋိသန္ဓေ မတွေမဝေ တည်နေရခြင်း, (၃) ထိုသို့ ဘဝပဋိသန္ဓေ တည်နေရသော်လည်း မေ့လျော့ခြင်းမရှိပဲ အရိယာအဖြစ်နှင့်ညီစွာ တရားအလုပ် အားထုတ်နေထိုင်ခြင်း, (၄) ယင်းသို့ တရားအလုပ် အားထုတ်နေထိုင်သဖြင့် သကဒါဂါမိမဂ်ဉာဏ်ကို ရရှိကာ လူ့ဘဝ အဆုံးသတ်ရခြင်း, (၅) သကဒါဂါမ် အရိယာအဖြစ်ဖြင့် လူ့ဘဝမှ စုတေလတ်သော် တာဝတိံသာ နတ်ပြည်၌ တဖန် သိကြားနတ်မင်း ဖြစ်ရခြင်း, (၆) ထိုသိကြားဘဝ၌ အနာဂါမိမဂ်ကို ရရှိပြီးလျှင် ထိုသိကြားဘဝမှ စုတေလတ်သော် ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်အရိယာဖြစ်၍ အဝိဟာဘုံ အတပ္ပါဘုံ သုဒဿာဘုံ သုဒဿီဘုံ အကနိဋ္ဌဘုံ တည်းဟူသော သုဒ္ဓါဝါသဗြဟ္မာ့ဘုံ ၅-ဘုံတို့၌ အစဉ်အတိုင်းဖြစ်ရှိကာ နောက်ဆုံး အကနိဋ္ဌဘုံ၌ ရဟန္တာဖြစ်၍ ဘဝဇာတ်သိမ်း ငြိမ်းရမည်ဖြစ်ခြင်း = ဤကား အကျိုးထူး ၆-ပါးတို့တည်း။
ဤသိကြားမင်းသည် ၆-ခုမြောက် အကျိုးထူးအရ အနာဂါမ်အရိယာ သိကြားမင်းဘဝမှ စုတေလတ်သော် အဝိဟာဘုံ၌ မဟာကပ်တထောင်, ထိုဘဝမှ စုတေ၍ အတပ္ပါဘုံ၌ မဟာကပ်နှစ်ထောင်, ထိုဘဝမှ စုတေ၍ သုဒဿာဘုံ၌ မဟာကပ် လေးထောင်, ထိုဘဝမှ စုတေ၍ သုဒဿီဘုံ၌ မဟာကပ်ရှစ်ထောင်, ထိုဘဝမှ စုတေ၍ အကနိဋ္ဌ (ဘဝဂ်)ဘုံ၌ မဟာကပ်ပေါင်း တသောင်းခြောက်ထောင် = ဤသို့အားဖြင့် မဟာကပ်ပေါင်း သုံးသောင်းတထောင်တို့ ကာလပတ်လုံး ဗြဟ္မာ့အသက် ဗြဟ္မာ့စည်းစိမ်ကို ခံစားသုံးဆောင်ရလတ္တံ့။ (၁) သိကြားမင်း, (၂) အနာထပိဏ်သူဌေးကြီး, (၃) ဝိသာခါ ဒါယိကာမကြီး = ဤအရိယာကြီး သုံးဦးတို့သည် ဘဝအသက်တမ်းချင်း တူမျှကြကုန်၏၊ ဤသုံးဦးတို့နှင့်တူသည့် ချမ်းသာသုခအဖို့ရသော ဝဋ္ဋာဘိရတသတ္တဝါတို့မည်သည် မရှိကုန်)။
မြတ်စွာဘုရား.. အကျွန်ုပ်သည် ဤအကျိုးထူး ခြောက်ပါးတို့ကို မြင်၍ ဤသို့သဘောရှိသော နှစ်သက်မှု ဝမ်းမြောက်မှုမျိုး ရခြင်းများကို ချီးကျူးပြောဆိုပါ၏”-
ဤကဲ့သို့ သိကြားမင်းသည် အကျိုးထူးခြောက်ပါးတို့ကို မြင်၍ နှစ်သက်ဝမ်းမြောက်မှု ရခြင်းကို ချီးကျူးစကား လျှောက်ထား ပြောဆိုပြီးနောက် ဂါထာ (၆)-ဂါထာတို့ဖြင့် “မိမိသည် ရှေးက ဆိတ်ငြိမ်ရာတောကျောင်းနေ သမဏ,ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်တို့ထံ ဤပြဿနာတို့ကို လျှောက်ထားပါသော်လည်း မဖြေကြားနိုင်ကြပဲ မိမိကသာ သိကြားဖြစ်ကြောင်း အကျင့်ကောင်း ခုနစ်ပါးတို့ကို ဟောကြားခဲ့ရကြောင်း” (ရှေး၌ ဆိုအပ်ပြီးသောအတိုင်း) လျှောက်ထားပြီးနောက်-
တဏှာသလ္လဿ ဟန္တာရံ၊ ဗုဒ္ဓံ အပ္ပဋိပုဂ္ဂလံ။
အဟံ ဝန္ဒေ မဟာဝီရံ၊ ဗုဒ္ဓမာဒိစ္စဗန္ဓုနံ။
တဏှာသလ္လဿ = တဏှာခေါ်လျှင်း ငြောင့်တံသင်းကို။ ဟန္တာရံ = ဓမ္မဒေသနာ ဂါထာမန်းမှုတ် မန္တာန်စုပ်၍ ပယ်နုတ်တော်မူတတ်ပေထသော။ ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်၍ လူရှင်တို့အား ဟောကြားတော်မူထသော။ အပ္ပဋိပုဂ္ဂလံ = အတုမဲ့ခေါ်ဆို ပုဂ္ဂိုလ်သူမြတ် ဖြစ်တော်မူထသော။ မဟာဝီရံ = ကြီးမားမြင့်မြတ်သည့် ဝီရိယဓာတ် ရှိတော်မူထသော။ အာဒိစ္စဗန္ဓုနံ = နေနတ်သားလည်း ဂေါတမအနွယ်, မြတ်စွာဘုရားလည်း ဂေါတမအနွယ်ဖြစ်၍ နွယ်တော်ဝံသ တူညီမျှ၍ အာဒိစ္စမည်လျှင်း နေနတ်မင်း၏ ဆွေရင်းမျိုးချာ ဖြစ်ပေထသော။ (ဝါ) အာဒိစ္စဗန္ဓုနံ = နေနတ်သား၏ ဖဖွားနတ်ကျော် လောကုတ္တရာ ခမည်းတော် ဖြစ်တော်မူထသော။ ဗုဒ္ဓံ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားကို။ အဟံ = မဃဝ- ဟု နာမသမုတ်
အကျွန်ုပ်သည်။ ဝန္ဒေ = ဝန္ဒာမိ = လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ယံ ကရောမသိ ဗြဟ္မုနော၊ သမံ ဒေဝေဟိ မာရိသ။
တဒဇ္ဇ တုယှံ ဒဿာမ၊ ဟန္ဒ သာမံ ကရောမ တေ။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ မယံ = အကျွန်ုပ်တို့သည်။ ပုဗ္ဗေ = ရှေးအခါ၌။ ဒေဝေဟိ = အပေါင်းများစွာ နတ်တကာတို့နှင့်။ သမံ = အတူတကွ။ ဗြဟ္မနော = ဗြဟ္မာမင်းအား။ ယံ = အကြင် ရိုသေမြတ်နိုး ရှိခိုးခြင်းကို။ ကရောမသိ = ပြုခဲ့ပါကုန်၏။ တံ = ထိုရိုသေမြတ်နိုး ရှိခိုးခြင်းကို။ အဇ္ဇ = ဤယနေ့မှ နောက်ကာလ၌။ တုယှံ = အရှင်ဘုရားအား။ ဒဿာမ = သဒ္ဓါရှေးရှူ ပေးလှူကြပါကုန်အံ့။ ဟန္ဒ = ယခု။ တေ = ရှင်တော်ဘုရားအား။ သာမံ = ကိုယ်တိုင်ပြုစု ရှိခိုးခြင်း လုံ့လမှုကို။ ကရောမ = သဒ္ဓါလုလု ပြုကြပါကုန်၏ဘုရား။
တွမေဝ အသိ သမ္ဗုဒ္ဓေါ၊ တုဝံ သတ္ထာ အနုတ္တရော။
သဒေဝကသ္မိံ လောကသ္မိံ၊ နတ္ထိ တေ ပဋိပုဂ္ဂလော။
မာရိသ = ဒုက္ခခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား..။ တွမေဝ = အရှင်ဘုရားသည်သာလျှင်။ သမ္ဗုဒ္ဓေါ = ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားသိမြင် ဘုရားရှင်သည်။ အသိ = ဖြစ်တော်မူပါ၏။ တုဝံ = အရှင်ဘုရားသည်။ အနုတ္တရော သတ္ထာ = သာလွန်မြင့်မြတ် လူနတ်တို့၏ဆရာသည်။ အသိ = ဖြစ်တော်မူပါ၏။ သဒေဝကသ္မိံ = နတ်ဗြဟ္မာနှင့်တကွသော။ လောကသ္မိံ = သတ္တလောက၌။ တေ = အရှင်ဘုရားနှင့်။ ပဋိပုဂ္ဂလော = သရီရဂုဏ် ဓမ္မဂုဏ်ဖြင့် နှိုင်းပုံစံယူ အတူဖြစ်သော ပုဂ္ဂိုလ်သည်။ နတ္ထိ = တစိုးတစိ မရှိပါဘုရား။
ပဉ္စသိခနတ်သားအား သိကြားမင်း ဆုပေးခြင်း
သိကြားမင်းသည် ဤဖော်ပြရာပါ သုံးဂါထာတို့ဖြင့် မြတ်စွာဘုရားအား ရှိခိုးမှု ချီးမွမ်းထောမနာမှု ပြုလုပ်ပြီးလျှင် ပဉ္စသိခ ဂန္ဓဗ္ဗနတ်သားကို-
“အမောင်ပဉ္စသိခ.. အမောင်သည် မြတ်စွာဘုရားကို ရှေးဦးစွာ ခွင့်ပန်ပေးသည့်အတွက် ငါတို့သည် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ထိုဘုရားသခင်ကို ဖူးမြင်ရန် ချဉ်းကပ်ကြရပါကုန်၏၊ (သို့ရကား) အမောင်သည် ငါ့အပေါ်မှာ ကျေးဇူးဥပကာရ များလှသူ ဖြစ်ပါပေ၏။ ငါသည် သင့်အား သင့်အဖရာထူး (ဂန္ဓဗ္ဗနတ်မင်းရာထူး)၌လည်း ထားပေအံ့၊ သင်သည် ဂန္ဓဗ္ဗနတ်မင်း ဖြစ်ရပေတော့မည်။ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော သင် အလွန်တောင့်တအပ်သည့် သူရိယဝစ္ဆသာ နတ်သမီးကိုလည်း သင့်အား ငါပေးအံ့”-
ဟူ၍ ကျေးဇူးတင်စကား ဆုပေးစကား ပြောကြားလေ၏။
ထို့နောက် သိကြားနတ်မင်းသည် (နှစ်သက်ဝမ်းမြောက်သော စိတ်ရှိလျက် သူငယ်ချင်းတယောက်က သူငယ်ချင်းတယောက်ကို မိမိလက်ဖြင့် သူငယ်ချင်း၏လက်၌ ပုတ်ခတ်သကဲ့သို့) မိမိလက်ဖြင့် မြေကိုပုတ်၍ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟုသုံးကြိမ် ဥဒါနကျူးရင့်လေ၏။
(ဤ၌။ ။သိကြားမင်းသည် “ငါကား ဤမြေကြီး၌ တည်နေလျက် ဤအံ့ချီးထိုက်သော လောကုတ္တရာ တရားကို ရအပ်ပေပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်လှသောကြောင့်၎င်း, “ဤမဟာပထဝီမြေကြီး၌ ဤမျှလောက် အံ့ဩချီးမွမ်းဖွယ်ရာ ဘုရားရတနာ ဖြစ်ပွင့်တော်မူပါတကား”ဟု အံ့ဩချီးမွမ်းစိတ် ပြင်းစွာ ဖြစ်လှသောကြောင့်၎င်း မြေကြီးကို မိမိလက်ဖြင့် ပုတ်ခတ်လေသည်)။
ဤ အမေး အဖြေနှင့် တကွဖြစ်သော တရားဒေသနာတော်ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်သည် ရှိသော်
“ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘော ရှိ၏”ဟု သိကြားနတ်မင်း၏ သန္တာန်ဝယ် ကိလေသာ မြူအညစ်အကြေးကင်းသော တရားမျက်စိ (=သောတာပတ္တိမဂ်ဉာဏ်)သည် ထင်ရှား ဖြစ်ပေါ်လေ၏။ တပါးသော ရှစ်သောင်းသော နတ်တို့၏ သန္တာန်၌လည်း တရားမျက်စိ (=သောတာပတ္တိမဂ်ဉာဏ်)သည် ထင်ရှား ဖြစ်ပေါ်လေ၏။
သက္ကပဉှ-ဟု ခေါ်တွင်ကြောင်း
ဤသို့ နတ်တို့သနင်း သိကြားမင်း တောင်းပန်အပ်သော ပြဿနာတို့ကို မြတ်စွာဘုရား ဖြေကြားတော်မူအပ်သောကြောင့် ဤတရားဒေသနာတော်၏ အမည်သည် သက္ကပဉှာ ဟူ၍သာလျှင် တွင်လေသတည်း။
သက္ကပဉှသုတ်ကို ဟောတော်မူခြင်းအကြောင်း ပြီး၏။
ဤတွင် အခဏ်း ၃၉-ပြီး၏။