ဓမ္မလမ်း
← သက္ကပဉှ — သိကြားမင်း၏ မေးခွန်းများ

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၅၊ အခဏ်း-၃၉၊ စာမျက်နှာ ၆၁–၁၉၆

နတ်သမီး သတိပေး၍ ရဟန္တာဖြစ်ခြင်း

မဟာသီဝ မထေရ်မြတ်ကြီးသည် နှစ်ပေါင်းသုံးဆယ်မြောက် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ မှီရာတံကဲပျဉ်ချပ်ကိုမှီ၍ ရပ်တည်တော်မူလျက် “ငါ့အဖို့ရာ ရဟန်းတရား အားထုတ်ခဲ့သည်မှာ ယခုအခါ အနှစ်သုံးဆယ် ရှိခဲ့လေပြီ၊ သို့စေကာမူ ငါသည် အရဟတ္တဖိုလ်သို့ မရောက်နိုင်သေးပါတကား။ ငါ့အဖို့ရာ ဤယခုဘဝ၌ ဧကန္တပင် မဂ်ဖိုလ်တရားများ ဖြစ်ပွါးနိုင်မည် မဟုတ်ချေ၊ ဩ.. ငါသည် သီတင်းသုံးဖော်

စာ ၁၅၃

အရှင်မြတ်တို့နှင့် အတူတကွ ဝိသုဒ္ဓိပဝါရဏာကို ပြုခွင့် မရတော့ချေတကား”ဟု စဉ်းစား ကြံစည်တော်မူလေ၏၊ ထိုသို့ ကြံစည်စဉ်ပင်လျှင် မထေရ်မြတ်၏ သန္တာန်၌ နှလုံးမချမ်းသာမှု = ဒေါမနဿ ဝေဒနာတရား တရိပ်ရိပ် ဖြစ်ပွါးလာလေတော့၏။ မျက်ရည်အယဉ်တို့ တသွင်သွင်ယိုစီး၍ ကျလာကုန်၏။

ထိုအခါ မထေရ်မြတ်၏ မနီးမဝေးအရပ်၌ နတ်သမီးတယောက်သည် တရှုပ်ရှုပ်ငိုကြွေးလျက် ရပ်တည်လာ၏။ မထေရ်မြတ်ကြီးက “ဤအရပ်၌ လာရောက်ငိုကြွေးသူကား အဘယ်သူနည်း”ဟု မေးလေလျှင် နတ်သမီးသည် “အရှင်ဘုရား.. တပည့်တော်မသည် နတ်သမီးဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ တဖန် မထေရ်မြတ်ကြီးက “အဘယ့်ကြောင့် တရှုပ်ရှုပ် ငိုကြွေးနေသနည်း”ဟု မေးမြန်းတော်မူလေလျှင် နတ်သမီးသည် “အရှင်ဘုရား.. ငိုကြွေးသောသူသည် မဂ်ဖိုလ်တရားကို ဖြစ်ပွါးစေနိုင်လိမ့်မည်လားဟု (အရှင်ဘုရားကို အတုယူကာ) တပည့်တော်မသည်လည်း တမဂ်တဖိုလ် နှစ်မဂ်နှစ်ဖိုလ်တို့ကို ဖြစ်စေအံ့ဟု ကြံစည်အောက်မေ့ကာ ငိုကြွေးနေပါသည်ဘုရား”ဟု ပြက်ရယ်စကား လျှောက်ထားလေ၏။

ထိုအခါ မထေရ်မြတ်ကြီးသည် “အို မဟာသီဝမထေရ်.. နတ်သမီးငယ်များကသော်လည်း သင်နှင့် ဖက်ပြိုင်ကာ ပြက်ရယ်မှု ပြုကြလေပြီ၊ သင့်အဖို့ရာ ဤကဲ့သို့ နတ်သမီးငယ်တို့က ပြက်ရယ်မှု အပြုခံရခြင်းသည် လျော်ကန်သင့်မြတ်ပါအံ့လော (ရှက်ဖွယ်လိလိ မဟုတ်ပါလော)”ဟု သံဝေဂကြီးစွာ ဖြစ်ရှိကာ သမ္မပ္ပဓာန်လုံ့လကို ရှေးကထက် ထက်သန်စေလျက် ဝိပဿနာတရားကို ပွါးများကြိုးကုတ် အားထုတ်တော်မူ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်ကို ရယူတော်မူလေ၏၊ (=ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူလေ၏-ဟု ဆိုလိုသည်)။

မဟာသီဝ မထေရ်မြတ်ကြီးသည် “ကိုင်း.. ယခုအခါ ငါသည် အနည်းငယ် ဣရိယာပထ မျှတရုံ ကျောဆန့် လျောင်းစက်ဦးအံ့”ဟု ကြံစည်၍ ကျောင်းအိပ်ရာနေရာကို သုတ်သင်ပြီးလျှင် ထောင်ထားသော ညောင်စောင်းကို တဖန်ခင်းပြီးနောက် သောက်ရေ သုံးရေများကို တည်ထားတော်မူ၍ “ငါသည် နှစ်ပေါင်းသုံးဆယ် မဆေးကြောရသော ခြေများကို ယခုမှ ဆေးရတော့အံ့”ဟု ကြံစည်တော်မူ၍ စောင်းတန်းဦး ပျဉ်ချပ်၌ ထိုင်နေတော်မူလေ၏။

စာ ၁၅၄

သိကြားမင်း လာရောက်၍ ခြေဆေးပေးခြင်း

မထေရ်မြတ်ကြီး၏ တပည့်များသည်လည်း “ငါတို့၏ဆရာ မဟာသီဝ မထေရ်မြတ်ဘုရား ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူရန် ကြွသွားတော်မူသည်မှာ အနှစ်သုံးဆယ်တင်းတင်း ရှိခဲ့လေပြီ၊ မဂ်ဖိုလ်တရားထူးကို ဖြစ်စေရန် စွမ်းနိုင်ပြီလော၊ မစွမ်းနိုင်ပြီလော”ဟု ဆင်ခြင်ကြသည်ရှိသော် “ယခုအခါ အရဟတ္တဖိုလ်သို့ရောက်၍ ခြေဆေးရန် စောင်းတန်းဦး ပျဉ်ချပ်၌ ထိုင်နေတော်မူပြီ”ဟု သိမြင်ကြ၍ “ငါတို့ ဆရာသည် ငါတို့ကဲ့သို့သော တပည့်များ ထင်ရှား တည်ရှိနေကြပါလျက် ကိုယ်တိုင်ပင် ခြေတို့ကို ဆေးကြောလိမ့်မည်ဟူသော ဤအချက်သည် အကြောင်းမဟုတ်ချေ၊ (=ကိုယ်တိုင် ခြေဆေးဖို့ရန် အကြောင်းမရှိ)၊ ငါဆေးကြောပေးပေအံ့၊ ငါဆေးကြောပေးပေအံ့”ဟု ပြောဆိုကြကာ တပည့်ရဟန္တာ သုံးသောင်းလုံးတို့ပင် ကောင်းကင်ခရီးဖြင့် ကြွသွားကြ၍ ရိုသေစွာ ရှိခိုးကြလျက် “အရှင်ဘုရား.. တပည့်တော်များ ခြေဆေး၍ ပေးကြပါမည်ဘုရား”ဟု လျှောက်ထားကြလေ၏။

ထိုအခါ မဟာသီဝ မထေရ်ကြီးသည် မိမိ၏ တပည့်များကို “ငါ့ရှင်တို့.. ငါ၏ခြေများကို မဆေးမကြောပဲ ထားရှိခဲ့သည်မှာ အနှစ်သုံးဆယ် တင်းတင်းပြည့်ခဲ့လေပြီ၊ ငါသည်ပင်လျှင် ဆေးကြောပေအံ့”ဟု မိန့်တော်မူလေ၏။ နတ်တို့သနင်း သိကြားမင်းသည်လည်း စဉ်းစားဆင်ခြင်လတ်သော် “ငါ၏အရှင် ဖြစ်တော်မူသော မဟာသီဝ မထေရ်မြတ်ကြီးသည် အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးဖြစ်၍ ‘ခြေဆေး၍ ပေးကြကုန်အံ့’-ဟု လာရောက်ကြသည့် တပည့်ရဟန္တာပေါင်း သုံးသောင်းတို့အား ခြေဆေးခွင့်ကို ပေးတော်မမူချေ။ ငါကဲ့သို့သော အလုပ်အကျွေး ဒါယကာတယောက် ထင်ရှားတည်ရှိနေပါလျက် ငါ့အရှင်မြတ်ကြီးသည် ကိုယ်တိုင် ခြေဆေးဖို့ရန် အကြောင်းမရှိ၊ ငါသည်ပင် သွားရောက်၍ ဆေးကြောပေးပေအံ့”ဟု ဆုံးဖြတ်ချက်ချမှတ်၍ သူဇာနတ်မိဖုရားနှင့် အတူတကွ ရဟန်းတော်ပေါင်း သုံးသောင်း၏ အနီးထံပါး၌ ထင်ရှားဖြစ်လာလေ၏၊ သိကြားမင်းသည် သူဇာ အသုရာနတ်သမီးကို ရှေ့မှထား၍ “ဖယ်ရှားတော်မူကြပါ အရှင်ဘုရားတို့.. မာတုဂါမ ပါလာပါသည်”ဟု လျှောက်ထားကာ ခွင့်ပြုစေ၍ မဟာသီဝမထေရ်မြတ်သို့ ဆည်းကပ်ရှိခိုးလျက် ရှေ့မှ ဆောင့်ကြောင့်ထိုင်နေပြီးလျှင် “ခြေများကို ဆေးကြောပေးပါရစေဘုရား”ဟု လျှောက်ထားလေ၏။

စာ ၁၅၅

မဟာသီဝ မထေရ်မြတ်က “ကောသိယနွယ်ဖွား ဒါယကာသိကြား.. ငါ၏ ခြေများကို မဆေးမကြောပဲ ထားရှိခဲ့သည်မှာ ယခုအခါ အနှစ်သုံးဆယ် တင်းတင်းပြည့်ခဲ့လေပြီ၊ နတ်တို့အဖို့ရာမှာလည်း ပင်ကိုယ် ပကတိအားဖြင့်ပင် လူတို့၏ ကိုယ်နံ့မည်သည် စက်ဆုပ်ဖွယ် ဖြစ်ပေ၏။ ယူဇနာတရာ၌ တည်နေကြသော နတ်တို့အားပင်သော်လည်း လည်ပင်း၌ ဆွဲချိတ်အပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်ရှိချေ၏၊ ငါသည်ပင်လျှင် ဆေးကြောပေအံ့”ဟု မိန့်ဆိုတော်မူလေလျှင် သိကြားနတ်မင်းသည် “အရှင်ဘုရား.. ယခု အရှင်ဘုရားမိန့်ကြားသည့် ပကတိကိုယ်အနံ့သည် တပည့်တော်များအဖို့မှာ မထင်ရှားပါ။ အရှင်ဘုရားတို့၏ သီလတည်းဟူသော ရနံ့ကောင်းသည်ကား ကာမာဝစရနတ်ပြည် ခြောက်ထပ်ကိုပင် ကျော်လွန်၍ အထက် ဘဝဂ်သို့တိုင်ရောက်၍ တည်နေပါ၏။ သီလတည်းဟူသော ရနံ့ထက် သာလွန်သည့် အခြားရနံ့ကောင်းမည်သည် မရှိပါ အရှင်ဘုရား..၊ အရှင်ဘုရားတို့၏ သီလတည်းဟူသော ရနံ့ကြောင့် တပည့်တော်များ မနေသာပဲ လာရောက်ကြရပါသည်ဘုရား”ဟု လျှောက်ထား၍ လက်ဝဲလက်ဖြင့် မထေရ်မြတ်၏ ဖမျက်အစပ်၌ မြဲမြံစွာ ဆုပ်ကိုင်၍ လက်ျာလက်ဖြင့် ခြေဖဝါးအပြင်ကို ပွတ်တိုက်ဆေးကြော သုတ်သင်ပေးလေ၏။ ထိုအခါ မထေရ်မြတ်၏ ခြေတော်တို့မှာ ကလေးသူငယ်၏ ခြေများကဲ့သို့ နုထွတ်နီတွေး၍ နေလေကုန်၏။ ဤသို့လျှင် သိကြားနတ်မင်းသည် မထေရ်မြတ်၏ခြေတို့ကို ဆေးပြီးလျှင် ရိုသေမြတ်နိုး ရှိခိုး၍ နတ်ပြည်သို့သာလျှင် ပြန်သွားလေ၏။ ။ဤကား မဟာသီဝမထေရ်ကြီး၏ ဝတ္ထုတည်း။

ဤသို့လျှင် “ငါသည် သီတင်းသုံးဖော် အရှင်မြတ်တို့နှင့် အတူတကွ ဝိသုဒ္ဓိပဝါရဏာကို ပြုဖိုရန် အခွင့်မရချေတကား”ဟု ဆင်ခြင်သော ယောဂါဝစရရဟန်း၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော နှလုံးမချမ်းသာမှု = ဒေါမနဿဝေဒနာကို အမှီပြု၍ ထိုယောဂီရဟန်း၏ စွဲလမ်းမှတ်ထင်ချက်၏ အစွမ်းဖြင့် ဝိပဿနာ၏ အာရုံဖြစ်သော ဥပစာရဈာန် ပဌမဈာန်- စသည်ကို၎င်း, ဝိပဿနာကို၎င်း, မဂ်ကို၎င်း, ဖိုလ်ကို၎င်း (ထိုက်သက်ရာရာ ကာရဏူပစာ ဖလူပစာအားဖြင့်) သဝိတက္ကသဝိစာရ ဒေါမနဿဟူ၍၎င်း, အဝိတက္ကအဝိစာရ ဒေါမနဿဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူအပ်၏ဟု ကောင်းစွာ သိမှတ်ရာ၏။

ထိုစကားရပ်၌ ယောဂါဝစရ ရဟန်းတပါးသည် သဝိတက္ကသဝိစာရ ဒေါမနဿ-ဟူ၍ ခေါ်ဆိုအပ်သော ဥပစာရဈာန် (သို့မဟုတ်) ပဌမဈာန်တရား၌ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာ ရှုဆင်ခြင်မှုကို ဖြစ်စေလတ်သည်ရှိသော်

စာ ၁၅၆

ဤဒေါမနဿ တရားစုသည် အဘယ်၌ မှီသနည်းဟု စူးစမ်းဆင်ခြင်လျှင် ဝတ္ထုခေါ်သော ဤကရဇကိုယ်ခန္ဓာ၌ မှီ၏ဟူ၍ သိမြင်လာလေ၏၊ ဤသို့ အစရှိသည်ဖြင့် အောက်စာမျက်နှာ (၁၃၆) ဖသပဉ္စမက အခဏ်း၌ ဆိုအပ်ပြီးသော နည်းအတိုင်း အစဉ်သဖြင့် အရဟတ္တဖိုလ်၌ တည်လေ၏။

အခြား ယောဂါဝစရ ရဟန်းတပါးသည် အဝိတက္က အဝိစာရ ဒေါမနဿဟူ၍ ခေါ်ဆိုအပ်သော ဒုတိယဈာန်, တတိယဈာန်-စသော တရားအစု၌ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာ ရှုဆင်ခြင်မှုကို ဖြစ်စေလတ်သည်ရှိသော် ရှေး၌ ဆိုအပ်ပြီးသောနည်းအတိုင်း အရဟတ္တဖိုလ်၌ တည်လေ၏။

ထိုသို့ ယောဂါဝစရ ရဟန်းတော်နှစ်ပါး အရဟတ္တဖိုလ်ပေါက် ကျင့်ဆောက်ကြိုးကုတ် အားထုတ်တော်မူကြရာဝယ် ထိုရဟန်းတို့ နှလုံးသွင်းအပ်သော (ဝိပဿနာ၏ အာရုံဖြစ်သည့်) ဒေါမနဿ ခေါ်ဆိုရသော တရားတို့တွင်လည်း သဝိတက္ကသဝိစာရ ဒေါမနဿတရားထက် အဝိတက္ကအဝိစာရ ဒေါမနဿတရားက သာလွန်၍ မြင့်မြတ်ပေ၏၊ သဝိတက္ကသဝိစာရ ဒေါမနဿ ဝိပဿနာထက်လည်း အဝိတက္ကအဝိစာရ ဒေါမနဿ ဝိပဿနာက သာလွန်၍ မြင့်မြတ်ပေ၏၊ သဝိတက္ကသဝိစာရ ဒေါမနဿ ဖလသမာပတ် ထက်လည်း အဝိတက္ကအဝိစာရ ဒေါမနဿ ဖလသမာပတ်က သာလွန်၍ မြင့်မြတ်ပေ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “ထိုနှလုံးမသာခြင်း နှစ်ပါးတို့တွင် ကြံစည်ခြင်း = ဝိတက်လည်းမရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်း မရှိသော နှလုံးမသာခြင်း (=အဝိတက္ကအဝိစာရ ဒေါမနဿ)သည် သာလွန်၍ မြင့်မြတ်၏”ဟူ၍ (အောက်စာမျက်နှာ ၁၃ဝ-၌) ဟောကြားတော်မူလေသည်။

ဤကား (ခ) စကားရပ်စု၌ မှတ်ဖွယ်အထူးတည်း။

(ဂ) စကားရပ်။ ။ပဌမစာခေါင်းပါ “အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရား ဆုတ်ယုတ်မည့် (မမှီဝဲအပ်သော) လျစ်လျူရှုခြင်း = ဥပေက္ခာ” ဟူသည်မှာ ဂေဟသိတဥပေက္ခာ ဖြစ်သည်။ ဂေဟသိတဥပေက္ခာ ဟူသည်လည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော = ခြောက်ဒွါရတို့၌ အလိုရှိအပ် တောင့်တအပ်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော = ဤခြောက်ပါးသော အာရုံတို့ ထင်လတ်သည်ရှိသော် တင်လဲစိုင် (=ထန်းလျက်ခဲ)၌ နားမိသော ယင်ကောင်ကဲ့သို့ အဆင်း-စသော အာရုံ၌ ကိလေသာတို့ကို

စာ ၁၅၇

မလွန်မြောက်နိုင်ပဲ (ထိုအာရုံတို့ကိုပင် သာယာဖွယ်တွေဟူ၍ ရှုကြည့်ရကား) ထိုအာရုံတို့၌ပင် အဖြည်ခက်အောင် အခွါခက်အောင် ငြိကပ် တွယ်တာသောအားဖြင့် ဖြစ်ပွါးသည့် ကာမဝတ္ထု တရားအစုကို မှီ၍ အာရုံပြု၍ဖြစ်သော လျစ်လျူရှုမှု = ဥပေက္ခာဖြစ်သည်။

ယင်း ဂေဟသိတဥပေက္ခာကို မှီဝဲလျှင် (=ထပ်တလဲလဲ ဖြစ်စေလျှင်) အကုသိုလ်တရားတို့သာ တိုးပွါး၍ ကုသိုလ်တရားတို့ တနေ့တခြား ဆုတ်ယုတ်လေသည်။ ထို့ကြောင့် ထိုဂေဟသိတဥပေက္ခာကို မမှီဝဲအပ် = မမှီဝဲကောင်းဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

(ဂ) စကားရပ်။ ။ဒုတိယစာခေါင်းပါ “အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးမည့် (မှီဝဲအပ်သော) လျစ်လျူရှူခြင်း = ဥပေက္ခာ” ဟူသည်မှာ နေက္ခမ္မသိတဥပေက္ခာ ဖြစ်သည်။ နေက္ခမ္မသိတဥပေက္ခာ ဟူသည်လည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော = ခြောက်ဒွါရတို့၌ အလိုရှိအပ်, အလိုမရှိအပ်, တောင့်တအပ်, မတောင့်တအပ်သော ဣဋ္ဌ,အနိဋ္ဌဖြစ်သည့် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော = ဤခြောက်ပါးသော အာရုံတို့ ထင်လတ်သည်ရှိသော် အလိုရှိအပ် တောင့်တအပ်သော ဣဋ္ဌအာရုံ၌ လောဘတရားကို မဖြစ်ပွါးစေပဲ အလိုမရှိအပ် မတောင့်တအပ်သော အနိဋ္ဌအာရုံ၌လည်း ဒေါသတရားကို မဖြစ်ပွါးစေပဲ ထိုဣဋ္ဌ,အနိဋ္ဌအာရုံ = နှစ်ပါးစုံ၌ပင် မညီမညွတ်ကြည့်ရှုမှု = မောဟတရားကိုလည်း မဖြစ်ပွါးစေပဲ ထင်လာတိုင်းသော အာရုံခြောက်ပါး တရားအစုတို့ကို အနိစ္စ, ဒုက္ခ, ဝိပရိဏာမတရား အစုပါတကားဟု အမှန်အတိုင်း ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပွါးသည့် ဉာဏ်နှင့်ယှဉ်သော ဥပေက္ခာဝေဒနာဖြစ်သည်။ (တနည်း) ဝေဒနာသဘောရှိသော တတြမဇ္ဈတ္တတာ ဥပေက္ခာသည်လည်း ဤအရာ၌ ဥပေက္ခာမည်၏။ (ဤဥပေက္ခာအရာ၌ လျစ်လျူရှု၍ ခံစားမှု ဝေဒနုပေက္ခာ, ထိုထိုဣဋ္ဌ, အနိဋ္ဌအာရုံတို့၌ အလယ်အလတ် စိတ်ထားမှု တတြမဇ္ဈတ္တုပေက္ခာ နှစ်ပါးလုံးကိုပင် ဥပေက္ခာအရ ယူရမည်ဟု ဆိုလိုသည်)။

သို့ရကား ရှင်ရဟန်းပြုရန် ရဟန်းတို့ထံ သွားသည်မှအစ ဝိပဿနာတရား အားထုတ်သောအခါ, အနုဿတိတရား ပွါးများသောအခါ, ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့ကို ရသောအခါများ၌ ဖြစ်သော နေက္ခမ္မသိတဥပေက္ခာ ၆-ပါးကို မှီဝဲလျှင်(=ထပ်တလဲလဲ ဖြစ်စေလျှင်) အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးလေသည်၊

စာ ၁၅၈

ထို့ကြောင့် ထိုနေက္ခမ္မသိတ ဥပေက္ခာကို မှီဝဲအပ်၏ = မှီဝဲကောင်း၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

(ဂ) စကားရပ်။ ။တတိယစာခေါင်း၌ “မှီဝဲအပ်သော နေက္ခမ္မသိတဥပေက္ခာသည် (၁) သဝိတက္ကသဝိစာရဥပေက္ခာ (=ရဟန်းပြုရန် ရဟန်းတို့ထံသို့ သွားရောက်သည်မှအစ ဝိပဿနာ ပွါးများသောအခါ, အနုဿတိတရား ပွါးများသောအခါ, ပဌမဈာန်ကို ရရှိသောအခါ ဖြစ်ပေါ်သော လျစ်လျူရှုမှု), (၂) အဝိတက္ကအဝိစာရ ဥပေက္ခာ (=ဒုတိယဈာန် စသည်ကို ရသောအခါ ဖြစ်ပေါ်သော လျစ်လျူရှုမှု)ဟူ၍ နှစ်မျိုးရှိရာ (၂) အမှတ်ပြ အဝိတက္ကအဝိစာရ ဥပေက္ခာသည် သာလွန်၍ မြင့်မြတ်၏”ဟု ဆိုလိုသည်။

ဤစကားရပ်ဖြင့် ယောဂါဝစရ ရဟန်းနှစ်ပါးတို့၏ အရဟတ္တဖိုလ်ကို ဟောကြားတော်မူအပ်၏။ ချဲ့ဦးအံ့- (က) တဦးသော ရဟန်းသည် သဝိတက္ကသဝိစာရ ဥပေက္ခာတရား၌ ဝိပဿနာအလုပ် အားထုတ်သည်ရှိသော် “ဤဥပေက္ခာသည် အဘယ်ကိုမှီသနည်း”ဟု စူးစမ်းဆင်ခြင်လေလျှင် “ကရဇကာယတည်းဟူသော ခန္ဓာကိုယ်အတ္တဘော၌ မှီ၏”ဟု ပိုင်းခြား သိမြင်လာလေ၏၊ ဤသို့ အစရှိသည်ဖြင့် အောက်စာမျက်နှာ (၁၃၅)မှစ၍ ပြဆိုခဲ့သော နည်းအတိုင်း တရားအလုပ် ဆက်လက်ပွါးများ အားထုတ်လေလျှင် အစဉ်သဖြင့် အရဟတ္တဖိုလ်၌ တည်လေ၏။

(ခ) အခြား ရဟန်းတပါးသည် အဝိတက္ကအဝိစာရ ဥပေက္ခာ (ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့နှင့် ယှဉ်သော ဥပေက္ခာ)၌ ဝိပဿနာအလုပ် အားထုတ်သည်ရှိသော် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း အရဟတ္တဖိုလ်၌ တည်လေ၏။

ထိုရဟန်းနှစ်ပါးတို့ နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော ဥပေက္ခာတို့အနက် ပဌမရဟန်း နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော (အာရုံဖြစ်သည့်) သဝိတက္ကသဝိစာရ ဥပေက္ခာထက် ဒုတိယရဟန်း နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော (အာရုံဖြစ်သည့်) အဝိတက္ကအဝိစာရ ဥပေက္ခာက သာလွန်မြင့်မြတ်၏။ ထိုဥပေက္ခာနှစ်ပါးကို အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာရှုသော စိတ္တုပ္ပါဒ်တွင်လည်း ပဌမရဟန်း၏ သန္တာန်၌ဖြစ်သော (အာရမ္မဏိကဖြစ်သည့်) သဝိတက္ကသဝိစာရ ဥပေက္ခာ ဝိပဿနာထက် ဒုတိယရဟန်း၏ သန္တာန်၌ဖြစ်သော (အာရမ္မဏိကဖြစ်သည့်) အဝိတက္ကအဝိစာရ ဥပေက္ခာ ဝိပဿနာက သာလွန်မြင့်မြတ်၏။ ပဌမရဟန်းရရှိသည့် သဝိတက္ကသဝိစာရ ဥပေက္ခာ

စာ ၁၅၉

ဖလသမာပတ်ထက် ဒုတိယရဟန်း ရရှိသည့် အဝိတက္ကအဝိစာရ ဥပေက္ခာ ဖလသမာပတ်က သာလွန် မြင့်မြတ်လှ၏။ ထို့ကြောင့် “အဝိတက္ကအဝိစာရ ဥပေက္ခာသည် သာလွန်မြင့်မြတ်၏”ဟု မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။

ဤကား (ဂ) စကားရပ်စု၌ မှတ်ဖွယ်အထူးတည်း။

သိကြားမင်း သောတာပန်တည်ခြင်း

မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ = ဤဝေဒနာ သုံးရပ်လုံး၌ပင် အရဟတ္တဖိုလ် အထွတ်တပ်ကာ အကျယ်ဟောပြတော်မူ၍-

“နတ်တို့သနင်း သိကြားမင်း.. ဤသို့ကျင့်သော ရဟန်းသည် သံသရာ၌ ချဲ့ထွင်တတ်သည့် ပပဉ္စတရားနှင့်ယှဉ်သော သညာတရားအစု၏ ချုပ်ခြင်းအားလျော်၍ ထိုချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကျင့်သည်မည်ပေ၏”-

ဟု ဒေသနာတော်မြတ် နိဂုံးကမ္ပတ် အဆုံးသတ်တော်မူလေသည်။ သိကြားမင်းသည်ကား သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေသည်။

ဘုရားရှင်တို့၏ ဥက္ကဌ်ဆန္ဒတော်

မှန်၏- ဘုရားရှင်တို့၏ အလိုဆန္ဒတော်သည် ယုတ်ညံ့သောဟူ၍ မရှိ၊ အမြဲတစေ ဥက္ကဌ် မြတ်သောဆန္ဒတော်သာ ဖြစ်၏၊ ဝေနေယျသတ္တဝါ တယောက်အားဖြစ်စေ အများအားဖြစ်စေ တရားတော်ကို ဟောတော်မူကြလျှင် အရဟတ္တဖိုလ် အထွတ်တပ်၍သာ (အရဟတ္တဖိုလ်ပေါက် ပဋိပတ်ကို ဖော်ပြ၍သာ) ဟောကြားတော်မူကြကုန်၏၊ ဝေနေယျ သတ္တဝါတို့သည်ကား မိမိ မိမိတို့၏ သင့်လျော် လျောက်ပတ်သော မဂ်ဖိုလ် ရကြောင်း ရှေးကောင်းမှု = ဥပနိဿယ၌ တည်ကြ၍ အချို့ သောတာပန်ဖြစ်ကြ၍ အချို့ သကဒါဂါမ်, အချို့ အနာဂါမ်, အချို့ ရဟန္တာ ဖြစ်ကြလေသည်။

ဥပမာအားဖြင့် မြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးနှင့် တူတော်မူ၏၊ ဝေနေယျ သတ္တဝါတို့သည် မင်းသားများနှင့် တူကြ၏။ ထင်ရှားစေဦးအံ့- ခမည်းတော်မင်းကြီးသည် ပွဲတော်စာ စားသုံးသောအခါ မိမိ၏ စားသုံးနေကျ ပမာဏအတိုင်း ထမင်းလုပ်ကို ဆုပ်၍ ထုတ်၍ မင်းသားတို့အား ကျွေးမွေး ခွံ့၍ပေးလေသည်၊

စာ ၁၆၀

မင်းသားတို့သည် ထိုခမည်းတော်မင်းကြီး ကျွေးမွေး ခွံ့၍ပေးသော ထမင်းလုပ်မှ မိမိတို့ ခံတွင်းဆံ့သလောက်သာ ထမင်းလုပ်ကို စားသုံးကြကုန်သကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားတည်းဟူသော ခမည်းတော်မင်းကြီးသည် ကိုယ်တော်၏ ကြီးမြတ်သော ဥက္ကဌဆန္ဒတော်အတိုင်း အရဟတ္တဖိုလ် အထွတ်တပ်ကာ တရားဒေသနာထမင်းလုပ်ကို ဝေနေယျသတ္တဝါ တည်းဟူသော မင်းသားတို့အား ကျွေးမွေး ခွံ့၍ပေးလေသည်၊ ဝေနေယျသတ္တဝါ တည်းဟူသော မင်းသားတို့သည်ကား မိမိ မိမိတို့၏ မဂ်ဖိုလ်ရကြောင်း ကောင်းမှု = ဥပနိဿယ တည်းဟူသော ခံတွင်းဆံ့သလောက်သာ မြတ်စွာဘုရား ကျွေးမွေးခွံ့ပေးသော တရားဒေသနာ ထမင်းလုပ်ကြီးမှ အချို့ သောတာပတ္တိဖိုလ်မျှကို ခံယူစားသုံးနိုင်ကြလေသည်။ အချို့ သကဒါဂါမိဖိုလ်, အချို့ အနာဂါမိဖိုလ်, အချို့ အရဟတ္တဖိုလ်ပေါက် ခံယူစားသုံးကြလေသည်။ သိကြားမင်းသည်ကား မိမိ၏ ဥပနိဿယ ခံတွင်းဆံ့သလောက်သာ သောတာပန် ဖြစ်လေသည်။

သိကြားမင်း သိကြားဘဝအသစ်ကို ရရှိခြင်း

သိကြားမင်းသည် သောတာပန် အရိယာဖြစ်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်၌ပင် နတ်သက်ကြွေ စုတေ၍ သိကြားနတ်မင်း ဘဝအသစ်ကို တဖန် ရရှိပြန်လေ၏။

အထူးမှတ်ရန်ကား- နတ်သက်ကြွေ စုတေသော နတ်တို့အဖို့ရာ ကိုယ်ခန္ဓာ အတ္တဘောကို (လူတို့မှာကဲ့သို့) သယ်ယူပို့ဆောင် သင်္ဂြိုဟ်ရသောဟူ၍ မရှိ၊ ထိုနတ်တို့ စုတေသောအခါ ကိုယ်ခန္ဓာအတ္တဘောသည် ဆီမီးညွန့် ငြိမ်းပျောက်သကဲ့သို့ ငြိမ်း၍ ပျောက်၍ သွားလေ၏။ မှန်၏- အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေ တည်နေကြသော လူတို့မှာ စုတေသောအခါ ရှေးဦးစွာ ကမ္မဇရုပ်ချုပ်လေသည်၊ ကမ္မဇရုပ် နောက်ဆုံးချုပ်ရာ စုတိစိတ်မှနောက် စိတ္တက္ခဏ ဆယ့်ခုနစ်ချက်ခန့်လောက် အချိန်မှာ စိတ္တဇရုပ်များ ချုပ်ပျောက်လေသည်၊ အာဟာရဇရုပ်များလည်း ဗဟိဒ္ဓဩဇာ အထောက်အပံ့ မရတော့သဖြင့် ကာလအနည်းငယ်အတွင်းမှာပင် ချုပ်ပျောက်ကြလေသည်။ ဥတုဇရုပ် အဆက်ဆက်ကား ကာလရှည်ကြာစွာ သန္တာန်ဆက်၍ ဖြစ်နေလေသေးသည်။ နတ်တို့မှာကား ထိုကဲ့သို့ မဟုတ်ချေ၊ မှန်၏- ထိုနတ်တို့မှာ ဥပပတ်ပဋိသန္ဓေ တည်နေကြသူများ ဖြစ်သောကြောင့် ကမ္မဇရုပ် ချုပ်ကွယ်လျှင်ပင် ကျန်သော စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့သည်လည်း ထိုကမ္မဇရုပ်နှင့် တပါတည်းပင် ချုပ်ကွယ်ကြလေသည်၊

စာ ၁၆၁

ထို့ကြောင့် ထိုနတ်များ စုတေသောအခါ လူ့ပြည် လူသားတို့ကဲ့သို့ ကိုယ်ခန္ဓာအတ္တဘောကို သယ်ယူပို့ဆောင် သင်္ဂြိုဟ်ရသောဟူ၍ အလျှင်းပင် မရှိတော့ချေ၊ စုတေသော နေရာမှာပင် ဆီမီးတောက် ငြိမ်းသကဲ့သို့ တခါတည်း ငြိမ်းပျောက်ချုပ်ကွယ်၍ သွားလေတော့၏။

ဤအရာ၌။ ။လူတို့မှာ စုတေပြီးနောက် ဥတုဇရုပ်ကောင်ကြီး ကာလရှည်စွာ ကျန်ရှိရစ်၍ နတ်တို့မှာ ထိုကဲ့သို့ ဥတုဇရုပ်ကောင်ကြီး မကျန်ရစ်မှုကို ပဋိသန္ဓေကာလ လူ့ဘဝခန္ဓာကိုယ် နတ်ဘဝခန္ဓာကိုယ်တို့ ဖြစ်ကြပုံကို နစ်နစ်နာနော ဆင်ခြင်ကြည့်ရှုမှ သဘောကျ ကျေနပ်နိုင်သည်၊ ဆင်ခြင်စဉ်းစားကြည့်ရှုရန်မှာ-

(I) လူများမှာ ပဋိသန္ဓေ တည်နေသော ခဏဝယ် ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဝတ္ထုဒသကကလာပ် တည်းဟူသော = ဤကမ္မဇရုပ်ကလာပ် သုံးမျိုးတို့ ပရမာနုမြူကလေး သုံးခုခန့်မှစ၍ ဘဝအိမ် တည်ဆောက်ကြလေသည်။ ကမ္မဇကလာပ်ရုပ်များ (မိမိအချိန် ကျရောက်၍ ဖြစ်ပေါ်သော) စိတ္တဇရုပ်ကလာပ်များ, ဥတုဇရုပ်ကလာပ်များ, အာဟာရဇရုပ်ကလာပ်များတို့ ဌီခဏသို့ ရောက်တိုင်း ရောက်တိုင်းမှာ ထိုကလာပ်များအတွင်း၌ ပါရှိသော တေဇောဓာတ် တည်းဟူသော ဥတုတခုတခုစီက ဥတုဇရုပ်ကလာပ် တခုစီ တခုစီကို ဖြစ်ပွါးစေပြန်သဖြင့် တချိန်ထက်တချိန် ခန္ဓာအိမ်ကြီးထွားလာသောအခါ တကိုယ်လုံးမှာ ဥတုဇရုပ်ကလာပ်က နေရာကို အလျင်လက်ဦး ယူထားသကဲ့သို့ အာဝါသိက အိမ်နေသဖွယ်ဖြစ်၍ နေလေ၏။ ကျန်သော ကမ္မဇ, စိတ္တဇ, အာဟာရဇရုပ်တို့မှာ ဧည့်သည်အာဂန္တုသဖွယ်ဖြစ်၍ နေလေ၏၊ ထို့ကြောင့် လူများမှာ၎င်း, ဂဗ္ဘသေယျက ပဋိသန္ဓေ တည်နေကြသော သတ္တဝါတို့မှာ၎င်း စုတေသောအခါ ဧည့်သည်အာဂန္တုသဖွယ်ဖြစ်သည့် ကမ္မဇရုပ်, စိတ္တဇရုပ်, အာဟာရဇရုပ်တို့ ချုပ်ပျောက် ကွယ်ပကြသော်လည်း အာဝါသိက အိမ်ရှင်သဖွယ်ဖြစ်သော ဥတုဇရုပ်တို့မှာ သန္တာန်ဆက်ကာ ကာလမြင့်ကြာ ဖြစ်ကြသဖြင့် ဥတုဇရုပ်အလောင်းကြီး ကျန်ရစ်ကာ အခါမြင့်ရှည် တည်နေလေသည်။

(II) နတ်တို့မှာမူ ဥပပတ်ပဋိသန္ဓေ တည်နေစအချိန်မှာပင် ရသင့်ရထိုက်သော ကမ္မဇရုပ်ကလာပ်တို့က တပြိုင်နက်တည်း သုံးဂါဝုတ်မျှ ပမာဏရှိသည့် ကိုယ်ဒြဗ်ကြီး ဖြစ်ရှိလာအောင် နေရာအနှံ့ မူလ(မ)တည် ဖြစ်ရှိကြ၍ ထိုကမ္မဇရုပ်တို့က တကိုယ်လုံး နေရာယူပြီး အာဝါသိက အိမ့်ရှင်သဖွယ်ဖြစ်၍ နေလေသည်၊ ကျန်သော စိတ္တဇ,

စာ ၁၆၂

ဥတုဇ, အာဟာရဇရုပ်တို့မှာမူ ဧည့်သည်အာဂန္တုသဖွယ် အာဝါသိက ကမ္မဇရုပ်တို့၏အကြား၌ နေရာယူကာ ဖြစ်ပွါးကြရလေသည်၊ ထို့ကြောင့် ဥပပတ်မျိုး ဖြစ်ကြသည့် နတ်ဗြဟ္မာတို့ စုတေသောအခါ အိမ့်ရှင် အာဝါသိကသဖွယ်ဖြစ်သော ကမ္မဇရုပ်တို့ ချုပ်ပျောက်ကွယ်ကြလျှင်ပင် အာဂန္တု ဧည့်သည်သဖွယ်ဖြစ်သည့် စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်တို့သည်လည်း ထိုကမ္မဇရုပ်တို့နှင့် တပါတည်း ချုပ်ပျောက်ကွယ်ပကြလေသည်။ ထို့ကြောင့် နတ်ဗြဟ္မာတို့ စုတေသောအခါ ဥတုဇရုပ်အလောင်းကြီး မကျန်ရစ်ပဲ ရှိလေတော့သည်။ ။ဤအချက်ကား နက်နဲသော သဘောဖြစ်သည်။ ရုပ်ဝီထိဖြစ်စဉ် နာမ်ဝီထိဖြစ်စဉ်ကို သေချာစွာ လေ့လာလိုက်စားမှ ဤအချက်ကို နှစ်သက်ကျေနပ်စွာ လက်ခံနိုင်ပေလိမ့်မည်။ ။ဤကား အထူးမှတ်ရန်တည်း။

သိကြားမင်းမှာ နတ်သက်ကြွေ စုတေပြီးနောက် ထိုဣန္ဒသာလလိုဏ်ဂူအတွင်း တရားနာနေသော နေရာမှာပင် သိကြားဘဝအသစ် တဖန်ဖြစ်ပြန်သောကြောင့် ကြွင်းသောနတ်တို့သည် သိကြားမင်း စုတေ၍ သိကြားမင်းပင် ပြန်၍ဖြစ်လာကြောင်းကို မသိရှိကြကုန်။ သိကြားမင်းသည်ကား ကိုယ်တိုင်နတ်သက်ကြွေ စုတေရသူ ဖြစ်သောကြောင့်၎င်း, မြတ်စွာဘုရားရှင်သည်ကား သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသောကြောင့်၎င်း ထိုသို့ သိကြားမင်း စုတေ၍ သိကြားမင်းပင် ပြန်၍ဖြစ်လာကြောင်းကို သိကြားမင်းနှင့် ဘုရားရှင် ဤနှစ်ဦးတို့သာ သိရှိကြလေကုန်၏။

ဆဋ္ဌ, သတ္တမ, အဋ္ဌမ အမေး အဖြေ ပြီး၏။

**********

(၉,၁၀,၁၁) နဝမ, ဒသမ, ဧကာဒသမ အမေး အဖြေ

ထို့နောက် သိကြားနတ်မင်းသည် “မြတ်စွာဘုရားသည် ငါ့အား သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာတို့ကို ဖြေဆို၍ ပြီးဆုံးရာ သုံးဌာနတို့၌ ထောပတ်စိုင် ထောပတ်ခဲမှ ထောပတ်အကြည်ကို ထုတ်နုတ်ယူအပ်သည့်အလား အကြောင်းဖြစ်သော ပဋိပတ်ဖြင့် ဖြစ်စေအပ် ရောက်ဆိုက်အပ်သော လောကုတ္တရာ မဂ်ဖိုလ်တရားကိုသာလျှင် ဟောကြားတော်မူအပ်ပေ၏၊ ဤလောကုတ္တရာ မဂ်ဖိုလ်တရားကိုလည်း ငှက်ကဲ့သို့ ကောင်းကင်သို့ ပျံတက်၍ ရယူခြင်းငှါ စွမ်းနိုင်သည်

စာ ၁၆၃

မဟုတ်ချေ၊ ဤလောကုတ္တရာ မဂ်ဖိုလ်တရားအစု၏ (ရရှိရန်) အကြောင်းဖြစ်သော ရှေ့အဖို့ဝယ် လိုက်နာ ကျင့်သုံးရမည့် အကျင့်ပဋိပတ်သည် ထင်ရှားရှိ၏၊ ငါသည် ယခုအခါ၌ အထက် ရဟန္တာပုဂ္ဂိုလ်၏ (အရဟတ္တဖိုလ်ကို ရရှိနိုင်ရန်) ရှေ့အဖို့ဝယ် လိုက်နာ ကျင့်သုံးရမည့် အကျင့်ပဋိပတ်ကို မေးမြန်းပေတော့အံ့”ဟူ၍ ကြံစည်စဉ်းစားပြီးနောက် ထိုရဟန္တာဖြစ်ကြောင်း ရှေ့ပိုင်း ပုဗ္ဗဘာဂ အကျင့်ပဋိပတ်ကို မေးမြန်းလိုရကား-

“မြတ်စွာဘုရား.. အဘယ်သို့ကျင့်သော ရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့်သည် မည်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်လေ၏။ ထိုသို့ သိကြားနတ်မင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. (I) ကိုယ်အကျင့် = ကာယသမာစာရကိုလည်း မှီဝဲအပ်သော ကိုယ်အကျင့်, မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. (II) နှုတ်အကျင့် = ဝစီသမာစာရကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်, မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. (III) ရှာမှီးခြင်း = ပရိယေသနာကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း, မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

(I) နတ်တို့သနင်း သိကြားမင်း.. ‘ကိုယ်အကျင့် = ကာယသမာစာရကိုလည်း မှီဝဲအပ်သော ကိုယ်အကျင့်, မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ငါဘုရား

စာ ၁၆၄

မိန့်ဆိုခဲ့၏၊ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူ ထိုကိုယ်အကျင့် = ကာယသမာစာရ နှစ်ပါးတို့တွင် ‘ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏’ဟု အကြင် ကာယသမာစာရကို သိငြားအံ့၊ ဤသို့ သဘောရှိသော ကိုယ်အကျင့် = ကာယသမာစာရကို မမှီဝဲအပ်။ (အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်မည့် ကိုယ်အကျင့်မျိုးကို မမှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရ ခေါ်၏-ဟု ဆိုလိုသည်။ နောက်နှစ်ပါး၌လည်း ဤနည်းအတူ ဆိုလိုရင်းကို မှတ်ယူရာ၏)။

ထိုကိုယ်အကျင့် = ကာယသမာစာရ နှစ်ပါးတို့တွင် ‘ဤကိုယ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏’ဟု အကြင် ကာယသမာစာရကို သိငြားအံ့၊ ဤသို့သဘောရှိသော ကိုယ်အကျင့် = ကာယသမာစာရကို မှီဝဲအပ်၏။ (အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးမည့် ကိုယ်အကျင့်မျိုးကို မှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရ ခေါ်၏-ဟု ဆိုလိုသည်။ နောက်နှစ်ပါး၌လည်း ဤနည်းအတူ ဆိုလိုရင်းကို မှတ်ယူရာ၏)။

နတ်တို့သနင်း သိကြားမင်း.. ‘ကိုယ်အကျင့် = ကာယသမာစာရကိုလည်း မှီဝဲအပ်သော ကိုယ်အကျင့်, မမှီဝဲအပ်သော ကိုယ်အကျင့်ဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဘုရား မိန့်ဆိုခဲ့၏။

(II) နတ်တို့သနင်း သိကြားမင်း .. ‘နှုတ်အကျင့် = ဝစီသမာစာရကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်, မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ = နှစ်ပါး အပြားအားဖြင့် ငါဘုရား ဟော၏’ဟူသော ဤစကားကို ငါဘုရား

စာ ၁၆၅

မိန့်ဆိုခဲ့၏။ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူ- ထိုနှုတ်အကျင့် = ဝစီသမာစာရ နှစ်ပါးတို့တွင် ‘ဤနှုတ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏’ဟု အကြင် ဝစီသမာစာရကို သိငြားအံ့၊ ဤသို့သဘောရှိသော နှုတ်အကျင့် = ဝစီသမာစာရကို မမှီဝဲအပ်။

ထိုနှုတ်အကျင့် = ဝစီသမာစာရ နှစ်ပါးတို့တွင် ‘ဤနှုတ်အကျင့်ကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏’ဟု အကြင် ဝစီသမာစာရကို သိငြားအံ့၊ ဤသို့သဘောရှိသော နှုတ်အကျင့် = ဝစီသမာစာရကို မှီဝဲအပ်၏။

နတ်တို့သနင်း သိကြားမင်း.. ‘နှုတ်အကျင့် = ဝစီသမာစာရကိုလည်း မှီဝဲအပ်သော နှုတ်အကျင့်, မမှီဝဲအပ်သော နှုတ်အကျင့်ဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရား ဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဘုရား မိန့်ဆိုခဲ့၏။

(III) နတ်တို့သနင်း သိကြားမင်း.. ‘ရှာမှီးခြင်း = ပရိယေသနာကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း, မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရား ဟော၏’ဟူသော ဤစကားကို ငါဘုရား မိန့်ဆိုခဲ့၏။ အဘယ်အကြောင်းကို စွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူထို ရှာမှီးခြင်း = ပရိယေသနာ နှစ်ပါးတို့တွင် ‘ဤရှာမှီးခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏’ဟု အကြင်ရှာမှီးခြင်း = ပရိယေသနာကို သိငြားအံ့၊ ဤသို့သဘောရှိသော ရှာမှီးခြင်း = ပရိယေသနာကို မမှီဝဲအပ်။

ထိုရှာမှီးခြင်း = ပရိယေသနာ နှစ်ပါးတို့တွင် ‘ဤရှာမှီးခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍

စာ ၁၆၆

ကုသိုလ်တရားတို့ တိုးပွါးကုန်၏’ဟု အကြင် ရှာမှီးခြင်း = ပရိယေသနာကို သိအံ့၊ ဤသို့သဘောရှိသော ရှာမှီးခြင်း = ပရိယေသနာကို မှီဝဲအပ်၏။

နတ်တို့သနင်း သိကြားမင်း.. ‘ရှာမှီးခြင်း = ပရိယေသနာကိုလည်း မှီဝဲအပ်သော ရှာမှီးခြင်း, မမှီဝဲအပ်သော ရှာမှီးခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရား ဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကို စွဲ၍ ငါဘုရား မိန့်ဆိုခဲ့၏။

နတ်တို့သနင်း သိကြားမင်း.. ဤသို့ ကျင့်သောရဟန်းသည် ပါတိမောက္ခသံဝရသီလကို ကျင့်သည်မည်၏”-

ဟူ၍ ဖြေကြားတော်မူလေ၏။ ဤသို့ မြတ်စွာဘုရားရှင်က ပြဿနာကို ဖြေကြားတော်မူလတ်သော် သိကြားနတ်မင်းသည် နှစ်လိုအားရစွာ မြတ်စွာဘုရား၏ တရားတော်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား.. ဟောတော်မူသည့်တိုင်း မှန်လှပါ၏၊ ရှင်တော်ဘုရား၏ ဖြေကြားချက်ကို ကြားနာရခြင်းကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်အပ်ပါပြီ၊ အကျွန်ုပ်၏ သို့လော သို့လော တွေးတောခြင်းသည် ကင်းကွာသွားပါပြီ”-

ဟု ဝမ်းမြောက်စွာ ခံယူလေ၏။

(ဤအရာဝယ် မှတ်ဖွယ်အထူးကား- အောက်ဖြစ်သော ဆဋ္ဌ, သတ္တမ, အဋ္ဌမ ပြဿနာများ၌ သိကြားမင်းက ပပဉ္စသညာ တရားအစု၏ ချုပ်ခြင်းအား လျောက်ပတ်၍ ထိုသို့ချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ်ကို မေးအပ်သော မြတ်စွာဘုရားရှင်သည် ထိုပပဉ္စသညာတရားနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ်၏ အခြေခံ အကြောင်းဖြစ်သော ဝေဒနာသုံးပါးကို သေဝိတဗ္ဗ = မှီဝဲအပ်သော ဝေဒနာ, အသေဝိတဗ္ဗ = မမှီဝဲအပ်သော ဝေဒနာအားဖြင့် နှစ်ပါးစီခွဲခြား၍ ဟောကြားတော်မူအပ်လေသည်။ ထိုသို့ ဟောကြားရာ၌ မမှီဝဲအပ်သော

စာ ၁၆၇

ဝေဒနာတရားကား နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်၊ မှီဝဲအပ်သော ဝေဒနာတရားသာလျှင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်သည်။ သို့ရကား မမှီဝဲအပ်သော ဝေဒနာတရားအစုမှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်၍ (ဘုရားရှင်၏ အလိုတော်ကို မသိသော စောဒကပုဂ္ဂိုလ်များအဖို့) ထိုမမှီဝဲအပ်သော ဝေဒနာတရားအစုကို မဟောကြားသင့်-ဟူ၍ ထင်မှားဖွယ်ရှိသော်လည်း ပြဿနာရှင် သိကြားမင်း၏ အလိုအဇ္ဈာသယအားလျော်စွာ မမှီဝဲအပ်သောဝေဒနာ = သံကိလေသတရားကို ပယ်ရှားနိုင်မှ မှီဝဲအပ်သော ဝေဒနာ = ဖြူစင်သော ဝေါဒါနတရားတို့ ပြည့်စုံလုံလောက်နိုင်သည်၊ ထို့ကြောင့် မမှီဝဲအပ်သောဝေဒနာ = သံကိလေသတရားအစုကို ပယ်ရှားရှောင်ကြဉ်နိုင်ရန် (နှင့်) မှီဝဲအပ်သော ဝေဒနာ = ဖြူစင်သော ဝေါဒါန တရားအစုကို ဖြည့်ကျင့်ခြင်း ပဋိပဒါတရား အပြည့်အစုံ ဖြစ်ရန်အတွက် မမှီဝဲအပ်သောဝေဒနာ, မှီဝဲအပ်သောဝေဒနာ = နှစ်ပါးစုံကို ဟောကြားတော်မူသကဲ့သို့-

ဤယခု ပါတိမောက္ခသံဝရသီလ ပြဿနာ၌လည်း မမှီဝဲအပ်သော ကာယသမာစာရ, မမှီဝဲအပ်သော ဝစီသမာစာရ, မမှီဝဲအပ်သော ပရိယေသနာတရား အစုတို့မှာ ပါတိမောက္ခသံဝရသီလပင် မဟုတ်သော်လည်း မမှီဝဲအပ်သည့် ထိုတရားသုံးမျိုးကို ပယ်ရှားနိုင်မှ မှီဝဲအပ်သော ကာယသမာစာရ, မှီဝဲအပ်သော ဝစီသမာစာရ, မှီဝဲအပ်သော ပရိယေသနာ- ဤဖြူစင်သော ဝေါဒါနတရားအစုတို့ ပြည့်စုံလုံလောက်နိုင်သည်။ ထို့ကြောင့် ညစ်ညူးသော သံကိလေသ တရားအစုဖြစ်သည့် ထိုမမှီဝဲအပ်သည့် တရားသုံးမျိုးတို့ကို ပယ်ရှားရှောင်ကြဉ်နိုင်ရန် (နှင့်) ဖြူစင်သော ဝေါဒါနတရားအစုဖြစ်သည့် ထိုမှီဝဲအပ်သည့် တရားသုံးမျိုးတို့ကို ဖြည့်ကျင့်ခြင်း ပဋိပဒါတရား အပြည့်အစုံဖြစ်ရန်အတွက် ပြဿနာရှင် သိကြားမင်း၏ အလိုအဇ္ဈာသယအားလျော်စွာ မမှီဝဲအပ်, မှီဝဲအပ်သည့် ကာယသမာစာရ, ဝစီသမာစာရ, ပရိယေသနာ သုံးမျိုးတို့ကို အစုံအစုံ ဟောကြားတော်မူသည်။

ဆိုလိုရင်းမှာ- မမှီဝဲအပ်, မှီဝဲအပ်သည့် တရားအစုံလိုက် ဟောမှသာလျှင် သိကြားမင်း၏ အလိုအဇ္ဈာသယနှင့်လည်း လျော်လျောက်ပတ်သည်၊ မမှီဝဲအပ်သော တရားတို့ကို ပယ်ရှားရှောင်ကြဉ်နိုင်မှ မှီဝဲအပ်သော တရားတို့ကို အောင်မြင်ပြည့်စုံစွာ ဖြည့်ကျင့်နိုင်သည်၊ (ဤတရား ဤတရားစုကား မမှီဝဲအပ်သော တရားစုတည်း-ဟု မသိလျှင် ထိုတရားတို့ကို ရှောင်ကြဉ်နိုင်မည်မဟုတ်၊ ထိုသို့ မရှောင်ကြဉ်နိုင်က မှီဝဲအပ်သော တရားစုကို အပြည့်အစုံ ဖြည့်ကျင့်နိုင်မည်မဟုတ်)၊ ထို့ကြောင့်

စာ ၁၆၈

မြတ်စွာဘုရားသည် ရှေးပြဿနာ၌၎င်း ယခုပြဿနာ၌၎င်း လာမည့် ဣန္ဒြိယသံဝရ ပြဿနာ၌၎င်း မမှီဝဲအပ်, မှီဝဲအပ်သည့် တရားအစုံအစုံကို ဟောကြားတော်မူသည် ဖြေဆိုတော်မူသည်-ဟု ဆိုလိုရင်းဖြစ်သည်။

ဤယခုပြဿနာ၏ အဖြေစကားရပ်ဝယ် မှီဝဲအပ်သော ကာယသမာစာရ, ၎င်းဝစီသမာစာရ, ၎င်းပရိယေသနာ- ဤတရားသုံးမျိုးသာလျှင် ပါတိမောက္ခသံဝရသီလ ဖြစ်သည်၊ မမှီဝဲအပ်သော ကာယသမာစာရစသည် သုံးမျိုးတို့ကား ပါတိမောက္ခသံဝရသီလ မဟုတ်၊ ပယ်ရှား ရှောင်ကြဉ်ရမည့် သံကိလေသ တရားစုကို ပြလို၍သာ သိကြားမင်း၏ အလိုအဇ္ဈာသယအားလျော်စွာ ဟောကြားတော်မူအပ်လေသည်။

မှီဝဲအပ်သည့် ကာယသမာစာရစသော တရားသုံးမျိုး တည်းဟူသော သီလအကြောင်းကို ပြောဆိုလိုက ကမ္မပထနှင့် စပ်၍သော်၎င်း, ပညတ်တော်မူအပ်သော သိက္ခာပုဒ်နှင့် စပ်၍သော်၎င်း ပြောဆိုရာ၏၊ ပြောဆိုပုံမှာ-

(I) မမှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရ ဟူသည်မှာ သူအသက်ကို သတ်ခြင်း = ပါဏာတိပါတ, သူဥစ္စာကိုခိုးယူခြင်း = အဒိန္နာဒါန, သူအိမ်ရာကို ပြစ်မှားခြင်း = ကာမေသုမိစ္ဆာစာရ- ဤအကုသိုလ် ကာယကံသုံးမျိုးတို့ဖြစ်သည်။ (ဤကား ကမ္မပထအားဖြင့် ပြောဆိုပုံတည်း)။ ကာယဒွါရ၌ မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သည့် သိက္ခာပုဒ်တို့ကို လွန်ကျူးခြင်းသည် မမှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရမည်၏၊ (ဤကား သိက္ခာပုဒ်အားဖြင့် ပြောဆိုပုံတည်း)။

မှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရဟူသည်မှာ သူ့အသက်ကို သတ်ဖြတ်မှု = ပါဏာတိပါတဒုစရိုက်မှ ရှောင်ကြဉ်ခြင်း ပါဏာတိပါတဝိရတီ, သူ့ဥစ္စာကို ခိုးယူမှု = အဒိန္နာဒါနဒုစရိုက်မှ ရှောင်ကြဉ်ခြင်း = အဒိန္နာဒါနဝိရတီ, သူ့အိမ်ရာကို ပြစ်မှားမှု = ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း = ကာမေသုမိစ္ဆာစာရ ဝိရတီ- ဤကုသိုလ်ကာယကံ သုံးမျိုးတို့ဖြစ်သည်။ (ဤကား ကမ္မပထအားဖြင့် ပြောဆိုပုံတည်း)။ ကာယဒွါရ၌ မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သည့် သိက္ခာပုဒ်တို့ကို မလွန်ကျူးပဲ စောင့်ထိန်းခြင်းသည် မှီဝဲအပ်သော ကိုယ်အကျင့် = ကာယသမာစာရမည်၏၊ (ဤကား သိက္ခာပုဒ်အားဖြင့် ပြောဆိုပုံတည်း)။ (နောက်ဖြစ်သော ဝစီသမာစာရ၌လည်း နည်းတူပင် ဖြစ်သည်၊ စကားအသွားအလာကို ကြည့်ရှု၍ ဤကား

စာ ၁၆၉

ကမ္မပထအားဖြင့် ပြောဆိုပုံတည်း၊ ဤကား သိက္ခာပုဒ်အားဖြင့် ပြောဆိုပုံတည်းဟု ခွဲခြားသိမှတ်ကုန်ရာ၏။)

(II) မုသာဝါဒ-အစရှိသော ဝစီဒုစရိုက်လေးပါး, ဝစီဒွါရ၌ မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သည့် သိက္ခာပုဒ်ကို လွန်ကျူးခြင်းများသည် မမှီဝဲအပ်သော နှုတ်အကျင့် = ဝစီသမာစာရမည်၏။ မုသာဝါဒမှ ရှောင်ကြဉ်ခြင်း-စသော ဝစီသုစရိုက်လေးပါး = ကုသိုလ်ဝစီကံလေးပါး, ဝစီဒွါရ၌ မြတ်စွာဘုရားရှင် ပညတ်တော်မူအပ်သည့် သိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်း စောင့်ထိန်းခြင်းသည် မှီဝဲအပ်သော နှုတ်အကျင့် = ဝစီသမာစာရမည်၏။

(III) ရှာမှီးခြင်း = ပရိယေသနာ ဟူသည်ကား ကိုယ်နှုတ်တို့ဖြင့် ရှာမှီးခြင်းပင်ဖြစ်သည်၊ ထိုရှာမှီးခြင်း = ပရိယေသနာကို ကာယသမာစာရ, ဝစီသမာစာရ နှစ်ပါးတို့ကို ယူလိုက် (=ဆိုလိုက်)လျှင်ပင် ယူပြီး (=ဆိုပြီး) ဖြစ်သော်လည်း “ဇီဝဋ္ဌမကသီလမည်သည် ကောင်းကင်၌ ဖြစ်သည်မဟုတ်၊ ထိုကာယဒွါရ, ဝစီဒွါရ နှစ်ပါး၌ပင် ဖြစ်သောကြောင့်” ထိုအာဇီဝဋ္ဌမကသီလကို ပြဆိုရန် ထိုရှာမှီးခြင်း = ပရိယေသနာတရားကို သီးခြား ဟောကြားတော်မူအပ်လေသည်။ ထိုရှာမှီးခြင်း = ပရိယေသနာဟူသည် တရားကိုယ်အားဖြင့် ပစ္စည်းကို ရှာမှီးသော အခြင်းအရာအားဖြင့်ဖြစ်သော ဗျာပါရလုံ့လပင်တည်း။

(က) ထိုရှာမှီးခြင်း = ပရိယေသနာအရာ၌ မူလပဏ္ဏာသပါဠိတော် ပါသရာသိသုတ်ဝယ် အကျယ်ဟောကြားတော်မူအပ်သော အချုပ်အားဖြင့် မိမိကိုယ်တိုင်က ပဋိသန္ဓေ တည်နေခြင်းသဘော = ဖြစ်ခြင်းသဘော, အိုမင်းရင့်ရော်ခြင်းသဘော, စုတိပြတ်ကြွေ သေလွန်ပျက်ဆုံးခြင်းသဘော-စသည် ရှိသူဖြစ်ပါလျက် ထိုသို့ ပဋိသန္ဓေ တည်နေခြင်းသဘော = ဖြစ်ခြင်းသဘော, အိုမင်းရင့်ရော်ခြင်းသဘော, စုတိပြတ်ကြွေ သေလွန်ပျက်ဆုံးခြင်းသဘော- စသည်ရှိသည့် သားသမီး, မယား, ကျွန်ယောက်ျား, ကျွန်မိန်းမ, သိုး, ဆိတ်, ကြက်, ဝက်, ဆင်, နွား, မြင်း, မြည်း-စသော သက်ရှိဝတ္ထု, ရွှေငွေဥစ္စာ ရတနာစသော သက်မဲ့ဝတ္ထုတို့ကို ရှာမှီးခြင်းတည်းဟူသော မမြတ်သောရှာမှီးခြင်း = အနရိယပရိယေသနာသည် မမှီဝဲအပ်သော အသေဝိတဗ္ဗ ရှာမှီးခြင်းမည်၏။ ။မိမိကိုယ်တိုင်က ပဋိသန္ဓေ တည်နေခြင်းစသည် သဘောရှိနေသူဖြစ်၍ ပဋိသန္ဓေ တည်နေခြင်း-စသည် သဘောရှိသော တရားအစု၌ အပြစ်ကိုမြင်၍ ထိုပဋိသန္ဓေ တည်နေခြင်းစသည် သဘောကင်းရာ နိဗ္ဗာန်ကို

စာ ၁၇၀

ရှာမှီးခြင်း တည်းဟူသော မြတ်သော ရှာမှီးခြင်း = အရိယပရိယေသနာသည် မှီဝဲအပ်သော သေဝိတဗ္ဗရှာမှီးခြင်း မည်၏။ (အကျယ်ကို ပါသရာသိသုတ်၌ ကြည့်ရှု မှတ်ယူရာ၏)။

(ခ) တနည်း ၁-ကုဟနာ = အံ့ဖွယ်သရဲဖြစ်စေ၍ လာဘ်ကိုရှာမှီးခြင်း, ၂-လပနာ = မြှောက်ပင့်ပြောဆို၍ လာဘ်ကိုရှာမှီးခြင်း, ၃-နေမိတ္တိကတာ = အရိပ်နိမိတ်စကား ပြောကြား၍ လာဘ်ကိုရှာမှီးခြင်း, ၄-နိပ္ပေသိကတာ = မလှူပဲမနေနိုင်အောင် ဖိကြိတ်နှိပ်စက်ပြောဆို၍ လာဘ်ကိုရှာမှီးခြင်း, ၅-လာဘေနလာဘနိဇိဂီသနတာ=မိမိက အလျင်လက်ဦး လာဘ်ကိုပေး၍ ဒကာတို့ထံမှ လာဘ်ကိုရှာမှီးခြင်း = ဤ၅-ပါးသော ရှာမှီးခြင်းသည်၎င်း, (ပျို+ ပဏ်+ သူရာ+၊ ပြည့်တန်းဆာ+၊ လင်ကွာ+ ရဟန်းမ။ မကျက်စားအပ် အရပ်၆-ပါး သတိထား- ဟူသောအတိုင်း) အပျိုကြီးအိမ်, ပဏ္ဍုက်အိမ်, သေတင်းကုတ် = အရက်ဆိုင်, ပြည့်တန်းဆာမအိမ်, လင်ကွာမိန်းမ မုဆိုးမအိမ်, ရဟန်းမိန်းမကျောင်း- ဤ၆-ပါးသော အဂေါစရဌာနတို့၌ လာဘ်ကို ရှာမှီးခြင်းသည်၎င်း, ရှေး၌ ဆိုအပ်ခဲ့ပြီးသော အနေသန = မအပ်သော ရှာမှီးခြင်း ၂၁-ပါးတို့ဖြင့် လာဘ်ကိုရှာမှီးခြင်းသည်၎င်း မမြတ်သော ရှာမှီးခြင်း = အနရိယပရိယေသနာပင်ဖြစ်၍ မမှီဝဲအပ်သော အသေဝိတဗ္ဗ ရှာမှီးခြင်းမည်၏။ ။ကုဟနာစသော ၅-မျိုး, အဂေါစရဌာန ၆-မျိုး, အနေသန ၂၁-မျိုးတို့ကို ရှောင်ကြဉ်၍ ဆွမ်းခံလှည့်လည်ခြင်းဖြင့် တရားနှင့်အညီ လာဘ်ကို ရှာမှီးခြင်းသည် မြတ်သောရှာမှီးခြင်း အရိယပရိယေသနာဖြစ်၍ မှီဝဲအပ်သော = သေဝိတဗ္ဗရှာမှီးခြင်းမည်၏။

ဤအရာဝယ် “မမှီဝဲအပ်”ဟူ၍ ဟောကြားအပ်သော ကာယသမာစာရ- စသည်ကို ရှေ့ပိုင်းအဖို့ဝယ် ပါဏာတိပါတ-စသော ဒုစရိုက်မှုတို့အတွက် လက်နက်, အဆိပ်-စသော အဆောက်အဦကို ရှာမှီးသောအခါမှစ၍၎င်း လုံ့လကိုပြုသော အခါမှစ၍၎င်း ထိုဒုစရိုက်မှုအကျိုးငှါ သွားသောအခါမှစ၍၎င်း မမှီဝဲအပ် မမှီဝဲကောင်းသည်သာတည်း။ “မှီဝဲအပ်၏”ဟူ၍ ဟောကြားတော်မူအပ်သော ကာယသမာစာရစသည်ကို အစမှပင်စ၍ မှီဝဲအပ် မှီဝဲကောင်း၏။ မစွမ်းနိုင်သူ ဖြစ်ပါမူကား ကာယသုစရိုက်စသည်ကို ငါပြုအံ့ဟူ၍ စိတ်ကိုသော်မူလည်း ဖြစ်စေရာ၏၊ မှန်၏- ကောင်းသောအမှု၌ “ငါပြုမည်”ဟု စိတ်ကိုမျှပင် ဖြစ်စေသောသူသည် အကြောင်းအပေါင်း ညီညွတ်လတ်သော် ထိုထိုကောင်းမှု၌ အားသစ်သောလုံ့လကို ပြုဖြစ်၍ အကျင့်ပဋိပတ်၏ အထွတ်အထိပ်ကို ရယူနိုင်လေသည်။

စာ ၁၇၁

တနည်းကား (I) သံဃာသင်းခွဲရန် စသည်အတွက် အားထုတ်သော ဒေဝဒတ်- အစရှိသောသူတို့၏ ကိုယ်ကျင့် = ကာယသမာစာရကဲ့သို့သော ကိုယ်အကျင့်မျိုးကို မမှီဝဲအပ် မမှီဝဲကောင်း။ တနေ့တနေ့လျှင် နှစ်ကြိမ်သုံးကြိမ် ရတနာသုံးရပ်ကို ဆည်းကပ်ရန်သွားခြင်း စသောအားဖြင့်ဖြစ်သော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်စသည်တို့၏ ကိုယ်အကျင့် = ကာယသမာစာရကဲ့သို့သော ကိုယ်အကျင့်မျိုးကို မှီဝဲအပ် မှီဝဲကောင်း၏။ (II) လူသတ်လေးသမားများကို စေလွှတ်ခြင်း စသည်ဖြင့် နှုတ်မြွက်စကား ပြောကြားကြသူ ဒေဝဒတ်အစရှိသော သူတို့၏ နှုတ်အကျင့် = ဝစီသမာစာရကဲ့သို့သော နှုတ်အကျင့်မျိုးကို မမှီဝဲအပ် မမှီဝဲကောင်း။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ပြောကြားခြင်း စသည်ဖြင့်ဖြစ်သော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်မထေရ် စသည်တို့၏ နှုတ်အကျင့် = ဝစီသမာစာရကဲ့သို့သော နှုတ်အကျင့်မျိုးကို မှီဝဲအပ် မှီဝဲကောင်း၏။ (III) မမြတ်သော ရှာမှီးမှုကို ရှာမှီးကြသည့် ဒေဝဒတ်စသောသူတို့၏ ရှာမှီးခြင်း = ပရိယေသနာကဲ့သို့သော ရှာမှီးခြင်းကို မမှီဝဲအပ် မမှီဝဲကောင်း။ မြတ်သောရှာမှီးမှုကိုသာ ရှာမှီးတော်မူကြသည့် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်မထေရ် စသည်တို့၏ ရှာမှီးခြင်း = ပရိယေသနာကဲ့သို့သော ရှာမှီးခြင်းကို မှီဝဲအပ် မှီဝဲကောင်း၏။

ဤပါတိမောက္ခသံဝရ ပြဿနာ၌လည်း သိကြားမင်းမေးအပ်သော ပုစ္ဆာမှာ တချက်တည်းပင် ဖြစ်သော်လည်း မြတ်စွာဘုရား ဖြေကြားတော်မူချက်မှာ ကာယသမာစာရ, ဝစီသမာစာရ, ပရိယေသနာ-ဟူ၍ အဖြေသုံးချက် ထွက်ရှိသောကြောင့် ပြဿနာသုံးချက်ဟူ၍ အဋ္ဌကထာ ဆရာတော်မြတ် ရေတွက်ပြတော်မူလေသည်။

ဤပြဿနာ၏အဖြေ နိဂုံးပါ “ဤသို့ကျင့်သော ရဟန်းသည်”စသော စကားဝါကျဖြင့် “နတ်တို့သနင်း သိကြားမင်း.. ဤသို့လျှင် မမှီဝဲအပ်သော ကာယသမာစာရ, ဝစီသမာစာရ, ပရိယေသနာ = ဤသုံးပါးကို ပယ်ရှားရှောင်ကြဉ်၍ မှီဝဲအပ်သော ကာယသမာစာရ, ဝစီသမာစာရ, ပရိယေသနာ = ဤသုံးမျိုးကို ပြည့်စုံလုံလောက်ရန် ကျင့်ကြံသော ရဟန်းသည် အထွတ်အမြတ် အကြီးအကဲဖြစ်သည့် ပါတိမောက္ခသံဝရ သီလအလို့ငှါ ကျင့်ကြံသော ရဟန်းမည်၏”ဟူ၍ မြတ်စွာဘုရားရှင်သည် ရဟန္တာပုဂ္ဂိုလ်၏ အကြောင်းရင်းဖြစ်သော ရှေ့ပိုင်း အကျင့်ပဋိပတ်ကို ဖြေကြားတော်မူခြင်း ဖြစ်သည်။)

နဝမ, ဒသမ, ဧကာဒသမ အမေး အဖြေ ပြီး၏။

စာ ၁၇၂

(၁၂) ဣန္ဒြိယသံဝရ အမေး အဖြေ

ဤသို့လျှင် သိကြားနတ်မင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုဝမ်းမြောက် စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အဘယ်သို့ကျင့်သော ရဟန်းသည် ဣန္ဒြိယသံဝရ = ဣန္ဒြေစောင့်စည်းခြင်း သီလကို ကျင့်သည်မည်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်လေ၏။ ထိုသို့ သိကြားနတ်မင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. မျက်စိဖြင့် သိအပ်သော အဆင်းမျိုးစုံ ရူပါရုံကိုလည်း မှီဝဲအပ်သောရူပါရုံ, မမှီဝဲအပ်သော ရူပါရုံဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. နားဖြင့် သိအပ်သော အသံမျိုးစုံ သဒ္ဒါရုံကိုလည်း မှီဝဲအပ်သောသဒ္ဒါရုံ, မမှီဝဲအပ်သော သဒ္ဒါရုံဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. နှာခေါင်းဖြင့် သိအပ်သော အနံ့မျိုးစုံ ဂန္ဓာရုံကိုလည်း မှီဝဲအပ်သော ဂန္ဓာရုံ, မမှီဝဲအပ်သော ဂန္ဓာရုံဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. လျှာဖြင့် သိအပ်သော အရသာမျိုးစုံ ရသာရုံကိုလည်း မှီဝဲအပ်သောရသာရုံ, မမှီဝဲအပ်သော ရသာရုံဟူ၍ = နှစ်ပါးအားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. ကိုယ်ဖြင့် သိအပ်သော အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကိုလည်း မှီဝဲအပ်သော ဖောဋ္ဌဗ္ဗာရုံ,

စာ ၁၇၃

မမှီဝဲအပ်သော ဖောဋ္ဌဗ္ဗာရုံဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

နတ်တို့သနင်း သိကြားမင်း.. စိတ်ဖြင့် သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကိုလည်း မှီဝဲအပ်သောဓမ္မာရုံ, မမှီဝဲအပ်သော ဓမ္မာရုံဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏”-

ဟူ၍ အကျဉ်းဥဒ္ဒေသ အဖြေစကားကို ဟောကြားတော်မူအပ်လေလျှင် သိကြားနတ်မင်းသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ရှင်တော်ဘုရား အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤတရားတော်၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် အကျွန်ုပ် ဤသို့သိပါ၏-

မြတ်စွာဘုရား.. မျက်စိဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော အဆင်းမျိုးစုံ ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်ငြားအံ့၊ ဤသို့ သဘောရှိသော မျက်စိဖြင့်သိအပ်သော အဆင်းမျိုးစုံ ရူပါရုံကို မမှီဝဲအပ် မမှီဝဲကောင်း။ အကြင်သို့ သဘောရှိသော မျက်စိဖြင့် သိအပ်သော အဆင်းမျိုးစုံ ရူပါရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်ငြားအံ့၊ ဤသို့သဘောရှိသော မျက်စိဖြင့်သိအပ်သော အဆင်းမျိုးစုံ ရူပါရုံကို မှီဝဲအပ် မှီဝဲကောင်း၏။

မြတ်စွာဘုရား.. နားဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော အသံမျိုးစုံ သဒ္ဒါရုံကို မှီဝဲသောသူအား (ပ)၊ နှာခေါင်းဖြင့် သိအပ်သော အကြင်သို့ သဘောရှိသော အနံ့မျိုးစုံ ဂန္ဓာရုံကို မှီဝဲသောသူအား၊ (ပ)၊ လျှာဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော အရသာမျိုးစုံ ရသာရုံကို မှီဝဲသောသူအား (ပ)၊

စာ ၁၇၄

ကိုယ်ဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို မှီဝဲသောသူအား၊ (ပ)၊ စိတ်ဖြင့်သိအပ်သော အကြင်သို့ သဘောရှိသော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်ငြားအံ့၊ ဤသို့ သဘောရှိသော စိတ်ဖြင့်သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို မမှီဝဲအပ် မမှီဝဲကောင်း။ အကြင်သို့ သဘောရှိသော စိတ်ဖြင့်သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို မှီဝဲသောသူအား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်ငြားအံ့၊ ဤသို့ သဘောရှိသော စိတ်ဖြင့်သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို မှီဝဲအပ် မှီဝဲကောင်း၏။

မြတ်စွာဘုရား.. ရှင်တော်ဘုရား အကျဉ်းအားဖြင့် ဟောကြားတော်မူအပ်သော ဤတရားတော်၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဤသို့သိသော အကျွန်ုပ်သည် ရှင်တော်ဘုရား၏ ဖြေကြားချက်အကျဉ်းကို ကြားနာရခြင်းကြောင့် ဤပြဿနာ၌ ယုံမှားခြင်းကို လွန်မြောက်အပ်ပါပြီ၊ အကျွန်ုပ်၏ သို့လော သို့လော တွေးတောခြင်းသည် ကင်းကွာသွားပါပြီ”-

ဟူ၍ လျှောက်ထားလေ၏။

(ဤ၌ အထူးမှတ်ရန်ကား- သိကြားမင်းသည် အောက်က သောမနဿ, ဒေါမနဿ, ဥပေက္ခာ, ကာယသမာစာရ, ဝစီသမာစာရ, ပရိယေသနာ ပြဿနာတို့၏ အကျဉ်းအကျယ်ဖြစ်သော အဖြေစကားကို ကြားနာအပ်ပြီး ဖြစ်လေသောကြောင့် “ဤဣန္ဒြိယသံဝရ၏ အကျယ်ဖြစ်သော အဖြေစကားသည်လည်း ဤကဲ့သို့ ဖြစ်သင့်၏”ဟု ထိုးထွင်း သိမြင်သော ပဋိဘာန်ဉာဏ်ပညာတရား ထင်ရှားဖြစ်ရှိရကား မြတ်စွာ ဘုရားရှင်က အကျဉ်းဥဒ္ဒေသအဖြေကို ဟောကြားလိုက်လျှင်ပင် အကျယ်နိဒ္ဒေသ အဖြေစကားရပ်ကို ဖော်ပြရာပါအတိုင်း လျှောက်ထားလေသည်။

မြတ်စွာဘုရားရှင်သည်လည်း သိကြားမင်းအား လျှောက်ထားခွင့် ပြုတော်မူကာ ဆိတ်ဆိတ်နေတော်မူလေသည်။ ချဲ့ဦးအံ့- အဖြေစကား

စာ ၁၇၅

လျှောက်ထားလိုသော်လည်း အနက်အဓိပ္ပါယ်ကို အပြည့်အစုံ မလျှောက်ဆိုနိုင်သော သူအား၎င်း, အနက်အဓိပ္ပါယ်ကို အပြည့်အစုံ လျှောက်ပင် လျှောက်ဆိုနိုင်သော်လည်း အဖြေစကား မလျှောက်ထားလိုသော သူအား၎င်း မြတ်စွာဘုရားသည် လျှောက်ထားဖြေဆိုခွင့် ပြုတော်မမူ။ ဤယခု သိကြားမင်းသည်ကား အဖြေစကားကို လျှောက်လည်း လျှောက်ထားလို၏။ အနက်အဓိပ္ပါယ်ကို အပြည့်အစုံ လျှောက်လည်း လျှောက်ဆိုနိုင်သူဖြစ်၏။ ထို့ကြောင့် သိကြားမင်းအား မြတ်စွာဘုရားသည် လျှောက်ဖြေဆိုခွင့် ပြုတော်မူ၏။

မှီဝဲအပ်သော ရူပါရုံ, မမှီဝဲအပ်သော ရူပါရုံ-စသည်၌-

(၁) အကြင် အဆင်းရူပါရုံကို ကြည့်ရှုသော ရဟန်း၏ သန္တာန်၌ ရာဂအစရှိသော ကိလေသာတရားတို့ ဖြစ်ကုန်ငြားအံ့၊ ထိုသို့သော အဆင်းရူပါရုံကို မမှီဝဲအပ် မမှီဝဲကောင်း၊ မကြည့်ရှုအပ် မကြည့်ရှုကောင်း၊ အကြင် အဆင်းရူပါရုံကို ကြည့်ရှုသော ရဟန်း၏ သန္တာန်၌ အသုဘသညာသော်မူလည်း ဖြစ်နိုင်ငြားအံ့၊ သဒ္ဓါတရားသော်မူလည်း ဖြစ်နိုင်ငြားအံ့၊ အနိစ္စသညာကို ရခြင်းသော်မူလည်း ဖြစ်အံ့၊ ထိုသို့သော အဆင်းရူပါရုံကို မှီဝဲအပ် မှီဝဲကောင်း၊ ကြည့်ရှုအပ် ကြည့်ရှုကောင်း၏။

(၂) ဆန်းကြယ်လှစွာ အက္ခရာ, ပုဒ်, ဗျည်းရှိသော အကြင်အသံ သဒ္ဒါရုံကိုလည်း နားထောင်သော ရဟန်း၏သန္တာန်၌ ရာဂအစရှိသော ကိလေသာတရားတို့ ဖြစ်ပွါးကုန်ငြားအံ့၊ ထိုသို့သော အသံသဒ္ဒါရုံမျိုးကို မမှီဝဲအပ် မမှီဝဲကောင်း၊ နားမထောင်အပ် နားမထောင်ကောင်း။ အိုးထိန်းသည်ကျွန်မတို့ သီချင်းသံပင် ဖြစ်လင့်ကစား အကြောင်းတရား အကျိုးတရားကိုမှီသည့် အကြင်အသံကို နားထောင်သော ရဟန်း၏ သန္တာန်၌ သဒ္ဓါတရား ဖြစ်ပွါးနိုင်ငြားအံ့၊ သံသရာဝဋ်၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သော်မူလည်း ဖြစ်နိုင်ငြားအံ့၊ ထိုသို့သော အသံသဒ္ဒါရုံမျိုးကို မှီဝဲအပ် မှီဝဲကောင်း၊ နားထောင်အပ် နားထောင်ကောင်း၏။

(၃) အကြင်အနံ့ ဂန္ဓာရုံကို နမ်းရှူသောရဟန်း၏ သန္တာန်ဝယ် ရာဂ-အစရှိသော ကိလေသာတရားတို့ ဖြစ်ကုန်ငြားအံ့၊ ထိုသို့သော အနံ့ဂန္ဓာရုံကို မမှီဝဲအပ် မမှီဝဲကောင်း၊ မနမ်းရှူအပ် မနမ်းရှူကောင်း။ အကြင် ဂန္ဓာရုံကို နမ်းရှူသော ရဟန်း၏ သန္တာန်ဝယ် အသုဘသညာ စသည်ကိုရခြင်း ဖြစ်နိုင်ငြားအံ့၊ ထိုသို့သော အနံ့ဂန္ဓာရုံမျိုးကို မှီဝဲအပ် မှီဝဲကောင်း၊ နမ်းရှူအပ် နမ်းရှူကောင်း၏။

စာ ၁၇၆

(၄) အကြင်အရသာ (=ရသာရုံ)ကို လျက်သော စားသော ရဟန်း၏ သန္တာန်ဝယ် ရာဂ-အစရှိသော ကိလေသာတရားတို့ ဖြစ်ကုန်ငြားအံ့၊ ထိုသို့သော အရသာမျိုးစုံ ရသာရုံကို မမှီဝဲအပ် မမှီဝဲကောင်း၊ မလျက်အပ် မလျက်ကောင်း။ အကြင် အရသာမျိုးစုံ ရသာရုံကို လျက်သောရဟန်း၏ သန္တာန်ဝယ် အာဟာရေပဋိကူလ သညာကိုမူလည်း ရနိုင်ငြားအံ့၊ လျက်ခြင်း စားခြင်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ကာယဗလကို အမှီပြု၍ အရိယဘုံသို့ တက်ရောက်ခြင်းငှါ စွမ်းနိုင်ငြားအံ့၊ မဟာသီဝမထေရ်၏တူ သီဝသာမဏေကဲ့သို့ စားသုံးစဉ်မှာပင် ကိလေသာကုန်ခန်းမှု ဖြစ်နိုင်ငြားအံ့၊ ထိုသို့သော အရသာမျိုးစုံ ရသာရုံကို မှီဝဲအပ် မှီဝဲကောင်း၊ စားသုံးအပ် စားသုံးကောင်း၏။ (ဤ၌ ဆွမ်းစားစဉ် ကိလေသာကုန်ခန်းသော မဟာသီဝမထေရ်၏တူ သီဝသာမဏေဝတ္ထုကို ဋီကာကလည်း မဖွင့်၊ ဝိသုဒ္ဓိမဂ်၌ တတ်နိုင်သလောက် ရှာဖွေပါသော်လည်း သီဝသာမဏေဝတ္ထုကို မတွေ့ရ၊ ဆွမ်းစားစဉ် ကိလေသာကုန်ခန်း ရဟန္တာဖြစ်သည့် ဘာဂိနေယျသံဃရက္ခိတ သာမဏေဝတ္ထုကိုသာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပဌမအုပ် သီလနိဒ္ဒေသအဖွင့် စာမျက်နှာ-၄၃-၌ တွေ့ရှိရပါသည်)။

(၅) အကြင် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသောရဟန်း၏ သန္တာန်ဝယ် ရာဂ-အစရှိသော ကိလေသာတရားတို့ ဖြစ်ပွါးကုန်ငြားအံ့၊ ထိုသို့သော အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို မမှီဝဲအပ် မမှီဝဲကောင်း၊ မတွေ့ထိအပ် မတွေ့ထိကောင်း။ အကြင် အတွေ့အထိ (မှီဝဲသင့်သော) ဖောဋ္ဌဗ္ဗာရုံကို ရဟန်းကိစ္စ မပြီးသေးမီ တွေ့ထိသောရဟန်း၏ သန္တာန်ဝယ် အရှင်သာရိပုတ္တရာထေရ် စသည်တို့၏ သန္တာန်၌ကဲ့သို့ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းသည်၎င်း, ဝီရိယကို ကောင်းစွာ ချီးမြှောက်အပ်သည်၎င်း, နောင်လာနောက်သား ရဟန်းများကိုလည်း မြင်အပ်သည်ကို အတုလိုက်ခြင်း (=ဒိဋ္ဌာနုဂတိ)ကို ဖြစ်စေခြင်းဖြင့် ချီးမြှောက်အပ်သည်၎င်း ဖြစ်ငြားအံ့၊ ထိုသို့သော အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံကို မှီဝဲအပ် မှီဝဲကောင်း၊ တွေ့ထိအပ် တွေ့ထိကောင်း၏။

အထူးမှတ်ရန်မှာ- အရှင်သာရိပုတ္တရာမထေရ်သည် အနှစ်သုံးဆယ်တို့ပတ်လုံး ညောင်စောင်း၌ ကျောကိုဆန့်တော်မမူ။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည်လည်း ထို့အတူပင်။ အရှင်မဟာကဿပမထေရ်သည် အနှစ်တရာ့နှစ်ဆယ်တို့ပတ်လုံး ညောင်စောင်း၌ ကျောကို ဆန့်တော်မမူ။ အရှင်အနုရုဒ္ဓါမထေရ်သည် အနှစ်ငါးဆယ်တို့ပတ်လုံး, အရှင်ဘဒ္ဒိယမထေရ်သည် အနှစ်သုံးဆယ်တို့ပတ်လုံး,

စာ ၁၇၇

အရှင်သောဏမထေရ်သည် တဆယ့်ရှစ်နှစ်တို့ပတ်လုံး, အရှင်ရဋ္ဌပါလမထေရ်သည် ဆယ်နှစ်နှစ်တို့ကာလပတ်လုံး, အရှင်အာနန္ဒာမထေရ်သည် တဆယ့်ငါးနှစ်တို့ပတ်လုံး, အရှင်ရာဟုလာမထေရ်သည် ဆယ်နှစ်နှစ်တို့ပတ်လုံး, အရှင်ဗာကုလမထေရ်သည် အနှစ်ရှစ်ဆယ်တို့ပတ်လုံး, (မောနေယျအကျင့်ကို ကျင့်သူ) အရှင်နာလကမထေရ်သည် ပရိနိဗ္ဗာန်စံတော်မူသည်တိုင်အောင် ညောင်စောင်း၌ ကျောကို ဆန့်တော်မမူ။

(၆) အကြင် (စိတ်ဖြင့်သိအပ်သော) ရုပ်နာမ်မျိုးစုံ ဓမ္မာရုံတို့ကို နှလုံးသွင်းဆင်ခြင်သော ရဟန်း၏ သန္တာန်ဝယ် ရာဂ-အစရှိသော ကိလေသာတရားတို့ ဖြစ်ပွါးကုန်ငြားအံ့။ အကြင် ဓမ္မာရုံတို့ကို နှလုံးသွင်း ဆင်ခြင်သော ရဟန်း၏ သန္တာန်ဝယ် “သူတပါးတို့၏ ဥစ္စာအသုံးအဆောင်များသည် ငါ့ဥစ္စာဖြစ်ကုန်ပါမူ ကောင်းလေစွာ့” ဤသို့အစရှိသည့် အဘိဇ္ဈာစသော အခြင်းအရာဖြင့် အကြင်ဓမ္မာရုံတို့သည် ထင်ကုန်ငြားအံ့၊ ထိုသို့သော ဓမ္မာရုံတို့ကို မမှီဝဲအပ် မမှီဝဲကောင်း၊ နှလုံးမသွင်းအပ် နှလုံးမသွင်းကောင်းကုန်။

အကြင်ဓမ္မာရုံတို့ကို နှလုံးသွင်း ဆင်ခြင်သောရဟန်း၏ သန္တာန်ဝယ် “ခပ်သိမ်းသော သတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ” ဤသို့စသည် မေတ္တာဗြဟ္မစိုရ်စသော အခြင်းအရာအစွမ်းဖြင့် မနောဒွါရဝယ် ထင်လာသော ဓမ္မာရုံတို့သည်၎င်း, မထေရ်မြတ် သုံးဦးတို့၏ မနောဒွါရဝယ် ထင်လာသော အကြင် ဓမ္မာရုံတို့သည်၎င်း ရှိကုန်၏၊ ထိုသို့သော ဓမ္မာရုံတို့ကို မှီဝဲအပ် မှီဝဲကောင်း၊ နှလုံးသွင်းအပ် နှလုံးသွင်းကောင်းကုန်၏။

မထေရ်မြတ်သုံးပါးဝတ္ထု

မထေရ်မြတ် သုံးပါးတို့သည် ဝါဆိုဝါကပ်မည့်နေ့၌ “ကာမဝိတက် အစရှိသော အကုသိုလ်အကြံအစည်များကို မကြံစည်ကြစတမ်း”ဟု ကတိကဝတ်ကိုထား၍ ကျောင်းတိုက်အရာမ်တခုဝယ် ဝါဆိုတော်မူကြကုန်လေ၏။

ထို့နောက် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ သံဃမထေရ်သည် အငယ်ဆုံးမထေရ်ကို “ငါ့ရှင်.. ဤဝါတွင်းသုံးလ ကာလအတွင်းဝယ် အဘယ်မျှသောအရပ်၌ စိတ်အား ပြေးသွား ဖြစ်ပွါးခွင့်ကို ပေးအပ်သနည်း”ဟု မေးလေ၏။ ထိုအခါ အငယ်ဆုံးမထေရ်က “အရှင်ဘုရား.. တပည့်တော်သည် ဤဝါတွင်းသုံးလ ကာလအတွင်းဝယ်

စာ ၁၇၈

ကျောင်းပရိဝုဏ် အပိုင်းအခြားမှ အပြင်အပ၌ စိတ်အား ပြေးသွား ဖြစ်ပွါးခွင့်ကို မပေးခဲ့ပါ”ဟူ၍ ဖြေကြားလျှောက်ထားလေ၏။ ဤ၌ “ကျောင်းပရိဝုဏ် အပိုင်းအခြားမှ အပြင်အပ၌ စိတ်အား ပြေးသွား ဖြစ်ပွါးခွင့်ကို မပေးခဲ့ပါ”ဟူသော အဖြေစကားရပ်ဖြင့် “ပရိဝုဏ်အတွင်းသို့ ရောက်လာသော ရူပါရုံ စသည်ကိုသာ အာရုံပြု၍ ဤဝါတွင်းသုံးလအတွင်း၌ ကမ္မဋ္ဌာန်းမှလွတ်သော စိတ်သည် တရံတခါ ဖြစ်ဘူးပါ၏၊ ပရိဝုဏ်၏ အတွင်း၌လည်း ဝိသဘာဂဖြစ်သော ရူပါရုံစသည်တို့ လုံးဝမရှိပါ။ ထို့ကြောင့် အာရုံထွေပြား ပြန့်နှံ့သောဝိတက်၏ အစွမ်းအားဖြင့် မိမိစိတ်ကို အပြင်အပသို့ ထွက်ခွင့်မပေးခဲ့ပါ”ဟူသော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်။

တဖန် သံဃမထေရ်ကြီးက ဒုတိယသံဃမထေရ်ကို “ငါ့ရှင်.. ဤဝါတွင်းသုံးလအတွင်းဝယ် အဘယ်မျှသောအရပ်၌ သင့်စိတ်အား ပြေးသွားဖြစ်ပွါးခွင့်ကို ပေးအပ်ခဲ့ပါသနည်း”ဟု မေးပြန်လေသော် ဒုတိယသံဃမထေရ်က “အရှင်ဘုရား.. တပည့်တော်သည် ဤဝါတွင်းသုံးလ ကာလအတွင်းဝယ် မိမိနေသော ကျောင်းခန်းအတွင်းမှ အပြင်အပသို့ စိတ်အား ပြေးလွှား ထွက်သွားခွင့်ကို မပေးခဲ့ပါ”ဟူ၍ လျှောက်ထားလေ၏။

ထိုအခါ မထေရ်ငယ် နှစ်ပါးလုံးကပင် သံဃမထေရ်ကြီးကို “အရှင်ဘုရား.. အရှင်ဘုရားတို့သည်လည်း ဤဝါတွင်းသုံးလ အတွင်းဝယ် အဘယ်မျှသောအရပ်၌ မိမိစိတ် ပြေးသွားဖြစ်ပွါးခွင့်ကို ပေးအပ်ခဲ့ပါသနည်း”ဟု မေးကြလေသော် သံဃမထေရ်ကြီးက “ငါ့ရှင်တို့.. ငါသည် ဤဝါတွင်းသုံးလ ကာလအတွင်းဝယ် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ အပြင်အပသို့ စိတ်အား ပြေးလွှား ထွက်သွားခွင့်ကို မပေးခဲ့ပါ”ဟူ၍ ဖြေကြားတော်မူလေ၏။ မှန်၏- မထရ်ကြီးသည် မိမိပြုဖွယ်ကိစ္စ အလုံးစုံကို ကမ္မဋ္ဌာန်းကို အဦးမူသဖြင့်သာလျှင် ပြုကျင့်တော်မူလေသည်။ ထိုအခါ မထေရ်ငယ်နှစ်ပါးတို့က “အရှင်ဘုရား.. အရှင်ဘုရားတို့သည် ပြုနိုင်ခဲသော အမှုကို ပြုတော်မူအပ်ပါပေ၏”ဟု ချီးမွမ်းစကား လျှောက်ထားကြလေသည်။ ဤမထေရ်မြတ် သုံးပါးတို့၏ မနောဒွါရဝယ် ထင်လာသော ဓမ္မာရုံမျိုးကို မှီဝဲအပ် မှီဝဲကောင်း၊ နှလုံးသွင်းအပ် နှလုံးသွင်းကောင်းပေ၏။ ဤကား အထူးမှတ်သားရန်တည်း)။

ဒွါဒသမ အမေး အဖြေ ပြီး၏။

စာ ၁၇၉

(၁၃) အနေကဓာတု အမေးအဖြေ

ဤသို့လျှင် သိကြားနတ်မင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လို ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် တူသောအဆုံးအမ, တူသောအကျင့်, တူသောအယူ, တူသောပြီးဆုံးရာ ရှိပါကုန်သလော”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်လေ၏။ ထိုသို့ သိကြားနတ်မင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် တူသောအဆုံးအမ, တူသောအကျင့်, တူသောအယူ, တူသောပြီးဆုံးရာ မရှိကြကုန်”–

ဟု ဖြေကြားတော်မူ၏။

(ဤ၌။ ။ သိကြားမင်းသည် ရှေးအခါ (အရိယာမဖြစ်မီ) မိမိကြားအပ်ပြီးသော များစွာသော သမဏ,ဗြာဟ္မဏခေါ်ဆို ထိုထိုဝါဒီပုဂ္ဂိုလ်တို့၏ မတူထူးခြား ကွဲပြားသော အဆုံးအမ, အကျင့်, အယူ, ပြီးဆုံးရာများကို ယခု အရိယာဖြစ်သောအခါ၌ အနှစ်သာရမရှိသော အနေဖြင့် ပိုင်းပိုင်းခြားခြား သိရှိကာ ထိုမတူထူးခြား အမျိုးမျိုးကွဲပြားသော ထိုသူတို့၏ အဆုံးအမ, အကျင့်, အယူ, ပြီးဆုံးရာ၏အကြောင်းကို မေးလိုသဖြင့် ဤပြဿနာကို စချီမေးလျှောက်လေသည်)။

တဖန် သိကြားမင်းသည် ဆက်၍ မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် အဘယ့်ကြောင့် တူသော အဆုံးအမ, တူသောအကျင့်, တူသောအယူ, တူသောပြီးဆုံးရာ မရှိကြပါသနည်း”-

ဟု မေးလျှောက်ပြန်လေ၏။ မြတ်စွာဘုရားရှင်သည်လည်း သိကြားမင်းကို-

စာ ၁၈၀

“နတ်တို့သနင်း သိကြားမင်း.. များစွာသော သတ္တဝါအပေါင်း တည်းဟူသော ဤသတ္တလောကကြီးသည် များသောနှလုံးသွင်း အဇ္ဈာသယဓာတ်, အမျိုးမျိုးသော နှလုံးသွင်း အာသယဓာတ် ရှိပေ၏၊ (သတ္တဝါအပေါင်းသည် တယောက်နှင့်တယောက် နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ချင်း မတူညီကြ-ဟု ဆိုလိုသည်)။ မတူထူးခြား များသောနှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ရှိသော သတ္တလောက၌ သတ္တဝါတို့သည် အကြင် အကြင် အဇ္ဈာသယဓာတ်ကို စွဲလမ်းကုန်၏၊ ထိုထိုအဇ္ဈာသယ ဓာတ်ကိုသာလျှင် ပြင်းထန်မြဲမြံစွာ စွဲလမ်းကြ၍ ဤငါ၏အယူသာ မှန်၏။ တပါးသောသူတို့၏ အယူသည် အချည်းနှီးသာတည်း”ဟု ပြောဆိုကုန်၏။ ထို့ကြောင့် အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် တူသော အဆုံးအမ, တူသော အကျင့်, တူသော အယူ, တူသောပြီးဆုံးရာ မရှိကြကုန်”-

ဟု ဖြေကြားတော်မူ၏။

(ဤသတ္တဝါအပေါင်းသည် တယောက်နှင့်တယောက် နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ချင်း မတူကြချေ။ တယောက်က သွားလိုလျှင် တယောက်က ရပ်လို၏၊ တယောက်က ရပ်လိုလျှင် တယောက်က အိပ်လို၏။ အလိုအဇ္ဈာသယဓာတ်ချင်း တူညီကြသည့် သတ္တဝါနှစ်ယောက်မည်သည်ကို လောက၌ ရခဲလှ၏။ ဤသို့ ဣရိယာပုထ်မှာပင် အလိုအဇ္ဈာသယဓာတ်ချင်း မတူညီကြသော သတ္တဝါတို့သည် အယူ, အကျင့်, အဆုံးအမဝါဒ၌ အဘယ်မှာ တူညီနိုင်ကုန်အံ့နည်း၊ မတူညီကြသည်သာလျှင်တည်း။ ထို့ကြောင့် ဤပြဿနာ၌ “သတ္တဝါတို့ အလိုအဇ္ဈာသယဓာတ်ချင်း မတူသောကြောင့် အဆုံးအမ, အကျင့်, အယူ, ပြီးဆုံးရာချင်း မတူညီပဲ ရှိကြသည်”ဟု ဖြေတော်မူလိုရင်းဖြစ်သည်)။

တေရသမ အမေး အဖြေ ပြီး၏။

စာ ၁၈၁

(၁၄) အစ္စန္တနိဋ္ဌာ အမေး အဖြေ

တဖန်ဆက်၍ သိကြားမင်းသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည်ပင် ပျက်စီးခြင်းကို လွန်မြောက်သော မှီခိုအားထားရာ = နိဗ္ဗာန်တရား ရှိကြပါသလော၊ ပျက်စီးခြင်းကို လွန်မြောက်သော ယောဂကုန်ရာ = နိဗ္ဗာန်တရား ရှိကြပါသလော၊ ပျက်စီးခြင်းကို လွန်မြောက်သော = နိဗ္ဗာန်တရားအလို့ငှါ အရိယမဂ်တည်းဟူသော မြတ်သော အကျင့်မှန်ကို ကျင့်ကြံကြပါကုန်သလော၊ ပျက်စီးခြင်းကို လွန်မြောက်သော ပြီးဆုံးရာ = နိဗ္ဗာန်တရား ရှိကြပါကုန်သလော”—

ဟု မေးလျှောက်လေသည်။ (လောက၌ သမဏ,ဗြာဟ္မဏ အမည်ခံ ဝါဒရှင် အားလုံးတို့သည်ပင် ပရမတ္ထနိဗ္ဗာန်ကို ရရှိကြပါကုန်သလော၊ ထိုဝါဒရှင် အားလုံးတို့သည်ပင် နိဗ္ဗာန်ကိုရရှိရန် အရိယမဂ် အကျင့်မှန်ကို ကျင့်ကြံကြသူတို့ ဖြစ်ပါသလော-ဟု မေးလျှောက်လိုရင်း ဖြစ်သည်)။ ထိုအခါ မြတ်စွာဘုရားရှင်သည် သိကြားမင်းကို-

“နတ်တို့သနင်း သိကြားမင်း.. အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည်ပင် ပျက်စီးခြင်းကို လွန်မြောက်သော မှီခိုအားထားရာ = နိဗ္ဗာန်တရား မရှိကြကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော ယောဂကုန်ရာ = နိဗ္ဗာန်တရား မရှိကြကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော = နိဗ္ဗာန်တရားအလို့ငှါ အရိယမဂ်တည်းဟူသော မြတ်သောအကျင့်မှန်ကို ကျင့်ကြံကြသည် မဟုတ်ကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော ပြီးဆုံးရာ = နိဗ္ဗာန်တရား မရှိကြကုန်”-

ဟု ဖြေကြားတော်မူ၏။ (လောက၌ သမဏ,ဗြာဟ္မဏအမည်ခံ ဝါဒရှင် အားလုံးတို့သည် အလိုအဇ္ဈာသယဓာတ်ချင်း မတူညီကြသောကြောင့် အဆုံးအမ, အကျင့်သီလ, အယူ, ပြီးဆုံးရာချင်း မတူညီပဲ ရှိကြသည်၊ ထိုသို့ မတူညီကြသော ဝါဒရှင် အားလုံးတို့သည်

စာ ၁၈၂

အဘယ်မှာလျှင် ပရမတ္ထနိဗ္ဗာန်ကို အတူအညီ ရရှိနိုင်ကြကုန်အံ့နည်း၊ မရနိုင်ကြသည်သာ။ ထို့ကြောင့် မြတ်စွာဘုရားသည် သိကြားမင်းအား “ဒါယကာသိကြားမင်း.. သမဏ,ဗြာဟ္မဏ အမည်ခံ ဝါဒရှင်အားလုံး အတူအညီ ပရမတ္ထနိဗ္ဗာန်ကို မရရှိကြကုန်၊ နိဗ္ဗာန်ရောက်ကြောင်း အရိယမဂ် အကျင့်မှန်ကို ကျင့်ကြံကြသူတို့သာ ပရမတ္ထနိဗ္ဗာန်ကို ရရှိကြသည်”ဟု ဖြေတော်မူလိုရင်း ဖြစ်သည်)။

ထို့နောက်မှ သိကြားမင်းသည် မြတ်စွာဘုရားရှင်ကို နောက်ဆုံးပြဿနာ မေးလျှောက်သောအားဖြင့်-

“မြတ်စွာဘုရား.. အဘယ့်ကြောင့် အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် ပျက်စီးခြင်းကို လွန်မြောက်သော မှီခိုအားထားရာ = နိဗ္ဗာန်တရား မရှိကြပါကုန်သနည်း၊ ပျက်စီးခြင်းကို လွန်မြောက်သော ယောဂကုန်ရာ = နိဗ္ဗာန်တရား မရှိကြပါကုန်သနည်း၊ ပျက်စီးခြင်းကို လွန်မြောက်သော = နိဗ္ဗာန်တရားအလို့ငှါ အရိယမဂ် တည်းဟူသော မြတ်သောအကျင့်မှန်ကို ကျင့်ကြံကြသည် မဟုတ်ပါကုန်သနည်း၊ ပျက်စီးခြင်းကို လွန်မြောက်သော ပြီးဆုံးရာ = နိဗ္ဗာန်တရား မရှိကြပါကုန်သနည်း”-

ဟု မေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် သိကြားမင်းကို-

“နတ်တို့သနင်း သိကြားမင်း.. တဏှာကို ကုန်ခန်းစေတတ်သော အရိယမဂ်ဖြင့် ကိလေသာမှ လွတ်ကုန်သော ရဟန်းတို့သည် (တနည်း တဏှာ၏ကုန်ရာ နိဗ္ဗာန်၌ အရိယမဂ်ဖြင့် ညွတ်ကုန်သော ရဟန်းတို့သည်) ပျက်စီးခြင်းကို လွန်မြောက်သော အားထားမှီခိုရာ = နိဗ္ဗာန်တရား ရှိကြကုန်၏၊ ပျက်စီးခြင်းကို လွန်မြောက်သော ယောဂကုန်ရာ = နိဗ္ဗာန်တရား ရှိကြကုန်၏၊ ပျက်စီးခြင်းကို လွန်မြောက်သော = နိဗ္ဗာန်တရားအလို့ငှါ အရိယမဂ်တည်းဟူသော

စာ ၁၈၃

မြတ်သောအကျင့်မှန်ကို ကျင့်ကြံကြသည် မည်ကုန်၏၊ ပျက်စီးခြင်းကို လွန်မြောက်သော ပြီးဆုံးရာ = နိဗ္ဗာန်တရား ရှိကြကုန်၏။ ထို့ကြောင့် အလုံးစုံသော သမဏ,ဗြာဟ္မဏတို့သည် ပျက်စီးခြင်းကို လွန်မြောက်သော မှီခိုအားထားရာ = နိဗ္ဗာန်တရား မရှိကြကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော ယောဂကုန်ရာ = နိဗ္ဗာန်တရား မရှိကြကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော = နိဗ္ဗာန်တရားအလို့ငှါ အရိယမဂ်တည်းဟူသော မြတ်သောအကျင့်မှန်ကို ကျင့်ကြံကြသည် မဟုတ်ကုန်၊ ပျက်စီးခြင်းကို လွန်မြောက်သော ပြီးဆုံးရာ = နိဗ္ဗာန်တရား မရှိကြကုန်”-

ဟု ဖြေကြားတော်မူ၏။ (အမြတ်ဆုံး အရိယာဖြစ်သော မြတ်စွာဘုရားရှင်နှင့် အရိယာဖြစ်သော သိကြားမင်းတို့ ပရမတ္ထနိဗ္ဗာန်သို့ ဆိုက်ရောက်မှုနှင့်စပ်၍ အရိယဝေါဟာရ အရိယဘာသာဖြင့် မေးကြ ဖြေကြသော အရာဖြစ်၍ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးအလား ပြည့်ပြည့်စုံစုံ ဖြိုင်ဖြိုင်ရိုင်ရိုင် ရှိလှပါ၏၊ အရိယာ မဟုတ်ကြသေးသည့် ငါတို့ပုထုဇန်များ နားမျက်စိဖြင့် နားမလည်နိုင်အောင် ရှိလှပါ၏။ ဆိုလိုရင်းမှာ- “သိကြားမင်း.. တဏှာကို ကုန်ခန်းစေတတ်သည့် အရိယမဂ်ဖြင့် ကိလေသာခပ်သိမ်းတို့မှ အပြီးတိုင် လွတ်မြောက်ကြသည့် (=တဏှာသင်္ခယဝိမုတ္တ) ရဟန္တာ ရဟန်းတို့သာလျှင် ဧကန်စင်စစ် ပရမတ္ထနိဗ္ဗာန်ကို ရရှိကြသောကြောင့် သမဏ,ဗြာဟ္မဏ အမည်ခံ ဝါဒရှင်တိုင်း နိဗ္ဗာန်ကို မရနိုင်ကြ-ဟု ငါဘုရား ဖြေဆိုခြင်းဖြစ်သည်”ဟု ဆိုလိုရင်းဖြစ်၏)။

ဘုရားရှင်၏ သာသနာတော်သည် ပရမတ္ထနိဗ္ဗာန်လျှင် အပြီးအဆုံး ရှိသောကြောင့် အမေးအဖြေနှင့်စပ်၍ ပရမတ္ထနိဗ္ဗာန် အမေးအဖြေအပြီးဆုံးက ပြဿနာအားလုံး ပြီးဆုံးလေတော့၏။

ဤသို့ မြတ်စွာဘုရားရှင်က ဖြေကြားတော်မူသောအခါ သိကြားနတ်မင်းသည် နှစ်လိုအားရစွာ မြတ်စွာဘုရား၏ တရားတော်ကို-

စာ ၁၈၄

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ရှင်တော်ဘုရား၏ ဖြေကြားချက်ကို ကြားနာရသောကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်အပ်ပါပြီ၊ အကျွန်ုပ်၏ သို့လော သို့လော တွေးတောခြင်းသည် ကင်းကွာသွားပါပြီ”-

ဟု ဝမ်းမြောက်စွာ ခံယူလေ၏။

စုဒ္ဒသမ အမေး အဖြေ ပြီး၏။

ဤသို့လျှင် နတ်တို့သနင်း သိကြားမင်းသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို ဤသို့ လျှောက်ထားလေ၏-

“မြတ်စွာဘုရား.. တဏှာသည် ရောဂါလည်း မည်ပါ၏။ အိုင်းအမာလည်း မည်ပါ၏၊ ငြောင့်တံသင်းလည်း မည်ပါ၏၊ တဏှာသည် ဤသတ္တဝါအပေါင်းကို ထိုထိုဘဝ၌ ဖြစ်စေရန် ဆွဲငင်ပါ၏။ ထို့ကြောင့်ပင် ဤသတ္တဝါအပေါင်းသည် မြတ်သောဘဝ, ယုတ်သောဘဝသို့ ရောက်ရပါ၏။

မြတ်စွာဘုရား.. ဤသာသနာတော်မှအပ အခြားသော သမဏ,ဗြာဟ္မဏအမည်ခံ ပုဂ္ဂိုလ်တို့အထံ၌ အကျွန်ုပ် မေးခွင့်ကိုမျှ မရခဲ့သော ပြဿနာတို့ကို ရှင်တော်ဘုရားသည် အကျွန်ုပ်အား ဖြေကြားတော်မူပါပေ၏၊ အကျွန်ုပ်၏ သန္တာန်ဝယ် ရှည်မြင့်စွာသော ကာလပတ်လုံး ကိန်းအောင်း၍လာခဲ့သော သို့လော သို့လော တွေးတော ယုံမှားခြင်း ငြောင့်တံသင်းကိုလည်း ရှင်တော်ဘုရားသည် နုတ်ပယ်တော်မူအပ်ပါပြီ”-

စာ ၁၈၅

ဟု လျှောက်ထားလေ၏။ ထို့နောက် မြတ်စွာဘုရားရှင်နှင့် သိကြားမင်းတို့ အပြန်အလှန် မိန့်ဆို လျှောက်ထားကြသည်မှာ-

(ဘုရား)

နတ်တို့သနင်း သိကြားမင်း.. သင်သည် ဤပြဿနာများကို အခြားသော သမဏ,ဗြာဟ္မဏတို့ကို မေးဘူးသည်ကို မှတ်မိပါ၏လော။

(သိကြား)

မှတ်မိပါသည် မြတ်စွာဘုရား။

(ဘုရား)

နတ်တို့သနင်း သိကြားမင်း.. ထိုသမဏ,ဗြာဟ္မဏတို့က အဘယ်သို့ ဖြေကြားကြသနည်း၊ အကယ်၍ သင့်အဖို့ ဝန်မလေးပါမူ ပြောကြားစေချင်၏။

(သိကြား)

မြတ်စွာဘုရားဖြစ်စေ, မြတ်စွာဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေရာအရပ်၌ အကျွန်ုပ်၏အဖို့ရာ လျှောက်ထားပြောကြားရန် ဝန်မလေးပါဘုရား..။

(ဘုရား)

နတ်တို့သနင်း သိကြားမင်း.. ထိုသို့ဖြစ်လျှင် ပြောကြားလော့။

(သိကြား)

မြတ်စွာဘုရား..“ ဆိတ်ငြိမ်ရာ တောကျောင်းနေ ပုဂ္ဂိုလ်တို့”ဟူ၍ အကျွန်ုပ် မှတ်ထင်ယုံကြည်ရသော သမဏ,ဗြာဟ္မဏတို့ထံ ချဉ်းကပ်၍ ဤပြဿနာတို့ကို အကျွန်ုပ် မေးဘူးပါ၏၊ အကျွန်ုပ်မေးအပ်သော ထိုသမဏ,ဗြာဟ္မဏတို့သည် မဖြေကြားနိုင်ကြသည့်ပြင် အကျွန်ုပ်ကိုပင် တဖန်ပြန်၍ “အရှင်သည် အဘယ်အမည်ရှိသူပါနည်း”ဟု မေးမြန်းကြပါသည်။ ထိုသမဏ,ဗြာဟ္မဏတို့က မေးအပ်သည်ဖြစ်၍ အကျွန်ုပ်သည် “အရှင်တို့.. အကျွန်ုပ်ကား သိကြားနတ်မင်းတည်း”ဟု ဖြေကြားပါ၏။ ထိုအခါ ထိုသမဏ,ဗြာဟ္မဏတို့သည် အကျွန်ုပ်ကိုပင် “နတ်တို့သနင်း သိကြားမင်း.. အရှင်သည် အဘယ်သို့သောကံကိုပြု၍ ဤသိကြားနေရာသို့ ရောက်ပါသနည်း”ဟု ထပ်၍ မေးကြပြန်ပါသည်။ ထိုအခါ မိမိကြားဘူး သင်ဘူးသည့်အတိုင်း သိကြားဖြစ်ကြောင်း အကျင့်ကောင်းခုနစ်ပါး

စာ ၁၈၆

တရားကို ထိုသမဏ,ဗြာဟ္မဏတို့အား အကျွန်ုပ် ဟောပါ၏၊ ထိုသူတို့သည် ထိုမျှဖြင့်ပင်လျှင် “ငါတို့သည် သိကြားနတ်မင်းကိုလည်း မြင်ရလေပြီ၊ ငါတို့ မေးမြန်းအပ်သော ပြဿနာကိုလည်း သိကြားနတ်မင်းသည် ရှင်းလင်း ဖြေကြားခဲ့လေပြီ”ဟု ထိုသမဏ,ဗြာဟ္မဏတို့သည် အားရဝမ်းသာ ဖြစ်ရှိကြကုန်သည်။ စင်စစ်အားဖြင့် ထိုသမဏ,ဗြာဟ္မဏတို့သည် အကျွန်ုပ်၏ တပည့်များသာလျှင် ဖြစ်ကြပါကုန်၏၊ အကျွန်ုပ်သည်ကား ထိုသူတို့၏တပည့် မဖြစ်ပါ။ မြတ်စွာဘုရား.. အကျွန်ုပ်သည်ကား အပါယ်လေးပါးသို့ ကျရောက်ခြင်း သဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော မြတ်စွာဘုရား၏ တပည့်သာဝက သောတာပန်အရိယာ ဖြစ်ပါ၏”ဟူ၍ လျှောက်ထားလေ၏။

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၅၊ စာ ၆၁)