ဓမ္မလမ်း
← သက္ကပဉှ — သိကြားမင်း၏ မေးခွန်းများ

မူရင်း — မဟာဗုဒ္ဓဝင်

အတွဲ ၅၊ အခဏ်း-၃၉၊ စာမျက်နှာ ၆၁–၁၉၆

(၃) တတိယ အမေး အဖြေ

ထို့နောက် သိကြားနတ်မင်းသည် ရှေးနည်းအတူ မြတ်စွာဘုရား၏ တရားတော်ကို နှစ်လို ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ချစ်ခြင်း မုန်းခြင်းသည်ကား အဘယ်တရားလျှင် အခြေခံဖြစ်ရာ (နိဒါန)အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ)အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ)အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ)အကြောင်း ရှိပါသနည်း၊ (=အဘယ်တရားကြောင့် ချစ်ခြင်း မုန်းခြင်း ဖြစ်ပါသနည်းဟု မေးလိုရင်း ဖြစ်သည်)။ အဘယ်တရားရှိသော် ချစ်ခြင်း မုန်းခြင်းဖြစ်၍ အဘယ်တရားမရှိသော် ချစ်ခြင်း မုန်းခြင်း မဖြစ်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်၏။ ထိုသို့ သိကြားမင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. ချစ်ခြင်း မုန်းခြင်းသည် လိုချင်ခြင်း = ဆန္ဒတဏှာဟူသော အခြေခံဖြစ်ရာ (နိဒါန)အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ)အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ)အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ)အကြောင်း ရှိပေ၏၊ (လိုချင်ခြင်း = ဆန္ဒတဏှာကြောင့် ချစ်ခြင်း မုန်းခြင်းဖြစ်သည်ဟု

စာ ၁၂၃

ဖြေလိုရင်းဖြစ်သည်)။ လိုချင်ခြင်း = ဆန္ဒတဏှာရှိသော် ချစ်ခြင်း မုန်းခြင်းဖြစ်၏၊ လိုချင်ခြင်း = ဆန္ဒတဏှာမရှိသော် ချစ်ခြင်း မုန်းခြင်း မဖြစ်”–

ဟူ၍ ဖြေကြားတော်မူ၏။

(ဤ၌။ ။ဆန္ဒသည် (၁) ထိုထိုအာရုံကို မြင်လို ကြားလို နမ်းရှူလို လျက်လို ထိလို သိလိုမှု = ဆန္ဒစေတသိက် တည်းဟူသော ကတ္တုကမျတာဆန္ဒ၊ (၂) ထိုထိုအာရုံကို သာယာတပ်မက် နှစ်သက်သောအားဖြင့် လိုချင်ခြင်း = လောဘစေတသိက်တည်းဟူသော တဏှာဆန္ဒဟူ၍ နှစ်ပါးရှိ၏၊ ထိုတွင် ဤနေရာ၌ လောဘစေတသိက်ကို အရကောက်ယူရသော တဏှာဆန္ဒကို ဆိုလို၏။

တဏှာဆန္ဒ ၅-ပါး

ထိုတဏှာဆန္ဒသည် (၁) ကာမဝတ္ထုတို့ကို ရှာမှီးသောအားဖြင့် ဖြစ်သော တဏှာဆန္ဒ = ကာမဝတ္ထုတို့ကို ရှာဖွေသောအခါဖြစ်သည့် တဏှာဆန္ဒ တည်းဟူသော ပရိယေသနဆန္ဒ၊ (၂) ကာမဝတ္ထုတို့ကို ရရှိခြင်းကို အကြောင်းပြု၍ဖြစ်သော တဏှာဆန္ဒ တည်းဟူသော ပဋိလာဘဆန္ဒ၊ (၃) ထိုကာမဝတ္ထုတို့ကို သုံးဆောင်သောအားဖြင့်ဖြစ်သော (ဝါ) သုံးဆောင်သောအခါ ဖြစ်သော တဏှာဆန္ဒ တည်းဟူသော ပရိဘောဂဆန္ဒ၊ (၄) ထိုရရှိအပ်သော ကာမဝတ္ထုတို့ကို သိုမှီးသိမ်းဆည်း စောင့်ရှောက် လုံခြုံစေသောအားဖြင့်ဖြစ်သော (ဝါ) သိုမှီးသိမ်းဆည်း စောင့်ရှောက် လုံခြုံစေသောအခါ ဖြစ်သော တဏှာဆန္ဒ တည်းဟူသော သန္နိဓိဆန္ဒ၊ (၅) “ဤမင်းမှုထမ်းများသည် ငါ့ကို စောင့်ရှောက်ဝန်းရံ ကာကွယ်ကြလိမ့်မည်”ဟု အောက်မေ့ကာ မင်းတို့၏ အမှုထမ်းများအား ဆုလာဘ်ရိက္ခာ ပေးကမ်းစွန့်ကြဲခြင်းမျိုးကဲ့သို့ ပစ္စုပ္ပန်ဘဝ၌ အကာအကွယ် အစောင့်အရှောက်ရခြင်းစသော အကျိုးကို မျှော်ကိုးကြံစည်၍ ပေးစွန့်သောအားဖြင့်ဖြစ်သော (ဝါ) ပေးစွန့်သောအခါဖြစ်သော တဏှာဆန္ဒ တည်းဟူသော ဝိဿဇ္ဇနဆန္ဒဟူ၍ = ၅-ပါး အပြားရှိ၏။

“လိုချင်ခြင်း တဏှာဆန္ဒကြောင့် ချစ်ခြင်း မုန်းခြင်းဖြစ်သည်” ဟူရာ၌ ထိုထို ကာမဝတ္ထုများကို လိုချင်၍ ရရှိလျှင် ချစ်ခြင်းဖြစ်သည်။ လိုချင်ပါလျက် မရရှိလျှင် မုန်းခြင်းဖြစ်သည်)။

တတိယ အမေး အဖြေ ပြီး၏။

စာ ၁၂၄

(၄) စတုတ္ထ အမေးအဖြေ

ထို့နောက် သိကြားနတ်မင်းသည် ရှေးနည်းအတူ မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. လိုချင်ခြင်း = တဏှာဆန္ဒသည်ကား အဘယ်တရားလျှင် အခြေခံဖြစ်ရာ (နိဒါန)အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ)အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ)အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ)အကြောင်း ရှိပါသနည်း၊ (=အဘယ်တရားကြောင့် လိုချင်ခြင်း တဏှာဆန္ဒ ဖြစ်ပါသနည်းဟု မေးလိုရင်းဖြစ်သည်)။ အဘယ်တရားရှိသော် လိုချင်ခြင်း = တဏှာဆန္ဒဖြစ်၍ အဘယ်တရားမရှိသော် လိုချင်ခြင်း = တဏှာဆန္ဒ မဖြစ်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်၏။ ထိုသို့ သိကြားနတ်မင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. လိုချင်ခြင်း = တဏှာဆန္ဒသည် ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း တည်းဟူသော ဝိနိစ္ဆယဝိတက်လျှင် အခြေခံဖြစ်ရာ (နိဒါန) အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ) အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ) အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ) အကြောင်း ရှိပေ၏၊ (= ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်ကြောင့် လိုချင်ခြင်း = တဏှာဆန္ဒ ဖြစ်ရသည်ဟု ဖြေလိုရင်းဖြစ်သည်)။ ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်ရှိသော် လိုချင်ခြင်း = တဏှာဆန္ဒ ဖြစ်၏။ ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်မရှိသော် လိုချင်ခြင်း = တဏှာဆန္ဒမဖြစ်”-

ဟူ၍ ဖြေကြားတော်မူ၏။

စာ ၁၂၅

(ဤအရာ၌။ ။ကြံစည်ခြင်း ဝိတက်အရ အမှတ်မထင် ဝိတက်ကို ကောက်ယူရမည်မဟုတ်၊ ဆုံးဆုံးဖြတ်ဖြတ် ကြံစည်တတ်သော ဝိတက်ကိုသာလျှင် ကောက်ယူရမည်။ ဆုံးဖြတ်မှုသည်လည်း (၁) တဏှာဝိစရိုက်အပြား ၁၀၈-ပါးတည်းဟူသော တဏှာဖြင့် ဆုံးဖြတ်မှု = တဏှာဝိနိစ္ဆယ၊ (၂) မိစ္ဆာဒိဋ္ဌိအပြား ၆၂-ပါးတည်းဟူသော ဒိဋ္ဌိဖြင့် ဆုံးဖြတ်မှု = ဒိဋ္ဌိဝိနိစ္ဆယဟူ၍ = နှစ်ပါးရှိကြောင်း မြတ်စွာဘုရား ဟောကြားတော်မူအပ်သည်၊ ထိုသို့ ဟောတော်မူအပ်သော တဏှာဝိနိစ္ဆယဖြင့် ကောင်းသည်, ဆိုးသည် ချစ်နှစ်သက်ဖွယ် ရှိသည်, မရှိသည်များကို ပိုင်းပိုင်းပြတ်ပြတ် မဆုံးဖြတ်နိုင်၊ မှန်၏- ပစ္စည်းဝတ္ထု တခုတည်းပင် အချို့သူ၏အဖို့ရာ အလိုရှိအပ်သော ဝတ္ထုဖြစ်၍ အချို့သူ၏အဖို့ရာ အလိုမရှိအပ်သော ဝတ္ထုဖြစ်၍နေ၏၊ (ဥပမာ) တီထွေး (=တီကောင်)သည် ပစ္စန္တရစ်မင်းများအဖို့ အလွန်အလိုရှိအပ်သော ဣဋ္ဌဝတ္ထုဖြစ်၍ မဇ္ဈိမတိုက် မင်းများအဖို့မှာမူ အလွန်စက်ဆုပ် ရွံရှာအပ်သော အနိဋ္ဌဝတ္ထု ဖြစ်၍နေ၏။ သမင်သားသည် မဇ္ဈိမတိုက်မင်းများအဖို့ အလွန် အလိုရှိအပ်သော ဣဋ္ဌဝတ္ထုဖြစ်၍ ပစ္စန္တရစ်မင်းများ အဖို့မှာမူ အလိုမရှိအပ်သော အနိဋ္ဌဝတ္ထုဖြစ်၍ နေသကဲ့သို့တည်း။ စင်စစ်သော်ကား တဏှာဝိနိစ္ဆယဖြင့် မဆုံးဖြတ်အပ် ရရှိအပ်သောဝတ္ထုပေါ်၌ “ဤရွေ့ ဤမျှကား ရူပါရုံအတွက်ဖြစ်စေ၊ ဤရွေ့ ဤမျှကား သဒ္ဒါရုံအတွက်, ဂန္ဓာရုံအတွက်, ရသာရုံအတွက်, ဖောဋ္ဌဗ္ဗာရုံအတွက်ဖြစ်စေ၊ ဤရွေ့ ဤမျှကား ငါ့အတွက် ဖြစ်လိမ့်မည်၊ ဤရွေ့ ဤမျှကား သူတပါးအတွက် ဖြစ်လိမ့်မည် ဖြစ်ပစေ၊ ဤရွေ့ ဤမျှကို သိမ်းဆည်း၍ထားမည်၊ ဤရွေ့ ဤမျှကို သူတပါးအား ပေးမည်”ဟူ၍ ပိုင်းပိုင်းပြတ်ပြတ် ဆုံးဖြတ်နိုင်မှုသည် ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း တည်းဟူသော ဝိတက္ကဝိနိစ္ဆယကြောင့် ဖြစ်ရ၏။

ဆိုလိုရင်းကား- မိမိရရှိအပ်သော ဝတ္ထုပေါ်၌ ဆိုအပ်ပြီးသည့်အတိုင်း ဝိတက်ဖြင့် ပိုင်းပိုင်းပြတ်ပြတ် ဆုံးဖြတ်သည်၊ ယင်း ဆုံးဖြတ်အပ်ပြီးသော ဝတ္ထု၌ တဏှာဆန္ဒဖြင့် သာယာတပ်မက် နှစ်သက်သည်။ ထို့ကြောင့် “ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်ကြောင့် လိုချင်ခြင်း တဏှာဆန္ဒ ဖြစ်ရသည်”ဟု မြတ်စွာဘုရား ဖြေကြားတော်မူသည်)။

စတုတ္ထ အမေး အဖြေ ပြီး၏။

စာ ၁၂၆

(၅) ပဉ္စမ အမေး အဖြေ

ထို့နောက် သိကြားနတ်မင်းသည် ရှေးနည်းအတူ မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်သည် အဘယ်တရားလျှင် အခြေခံဖြစ်ရာ (နိဒါန) အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ) အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ) အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ) အကြောင်း ရှိပါသနည်း၊ (=ဝိနိစ္ဆယဝိတက်သည် အဘယ်တရားကြောင့် ဖြစ်ပါသနည်းဟု မေးလိုရင်းဖြစ်သည်)။ အဘယ်တရားရှိသော် ဝိနိစ္ဆယဝိတက်ဖြစ်၍ အဘယ်တရားမရှိသော် ဝိနိစ္ဆယဝိတက် မဖြစ်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်၏၊ ထိုသို့ သိကြားနတ်မင်းက မေးလျှောက်အပ်လေသော် မြတ်စွာဘုရားရှင်သည်-

“နတ်တို့သနင်း သိကြားမင်း.. ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း = ဝိနိစ္ဆယဝိတက်သည် သံသရာကို ချဲ့ထွင်တတ်သည့် ပပဉ္စတရားနှင့်ယှဉ်သော သညာတရားအစုလျှင် အခြေခံဖြစ်ရာ (နိဒါန) အကြောင်း, တိုးတက်ဖြစ်ပွါးရာ (သမုဒယ) အကြောင်း, ထင်ရှားဖြစ်ပေါ်ရာ (ဇာတိ) အကြောင်း, အမွန်အစဖြစ်ပွါးရာ (ပဘဝ) အကြောင်း ရှိပေ၏၊ (=ပပဉ္စသညာတရားအစုကြောင့် ဝိနိစ္ဆယဝိတက် ဖြစ်ရသည်ဟု ဖြေလိုရင်းဖြစ်သည်)။ ပပဉ္စသညာတရားအစုရှိသော် ဝိနိစ္ဆယဝိတက်ဖြစ်၍ ပပဉ္စသညာတရားအစုမရှိသော် ဝိနိစ္ဆယဝိတက် မဖြစ်”-

ဟူ၍ ဖြေကြားတော်မူ၏။

စာ ၁၂၇

(ဤ၌။ ။တဏှာ, မာန, ဒိဋ္ဌိ = တရားသုံးပါးကို သံသရာ၌ ချထွင်တတ်သောကြောင့် (တနည်း) ထိုတရားတို့နှင့် ပြည့်စုံသောသူကို “တပ်မက်တတ်သူ, မာန်ယစ်သောသူ, အမှားနှလုံးသွင်းတတ်သူ”ဟူ၍ ထင်ရှားစွာ ပြတတ်သောကြောင့် (တနည်း) မာန်ယစ်သော အခြင်းအရာ မေ့လျော့သော အခြင်းအရာသို့ ရောက်စေတတ်သောကြောင့် ပပဉ္စတရားဟူ၍ ခေါ်ဆိုအပ်၏၊ ဤ၌ တဏှာပပဉ္စကို အလိုရှိအပ်၏၊ ထိုပပဉ္စတရားနှင့်ယှဉ်သော သညာသည် ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ စသည်ဖြင့် အာရုံအလိုက် ၆-ပါး = ၆-စု ရှိလေသည်၊ ထိုသညာတရားအစုကြောင့် ဆုံးဆုံးဖြတ်ဖြတ် ကြံစည်ခြင်း ဝိနိစ္ဆယဝိတက် ဖြစ်လေသည်)။

ပဉ္စမ အမေး အဖြေ ပြီး၏။

**********

(၆-၇-၈) ဆဋ္ဌ, သတ္တမ, အဋ္ဌမ အမေး အဖြေ

ထို့နောက် သိကြားနတ်မင်းသည် ရှေးနည်းအတူ မြတ်စွာဘုရား၏ တရားတော်ကို နှစ်လို ဝမ်းမြောက်စွာ ခံယူပြီးလျှင် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အဘယ်သို့ကျင့်သော ရဟန်းသည် သံသရာ၌ ချဲ့ထွင်တတ်သည့် ပပဉ္စတရားနှင့်ယှဉ်သော သညာတရားအစု၏ ချုပ်ခြင်းအားလျော်၍ ထိုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည် မည်ပါသနည်း”-

ဟု နောက်ထပ်တဖန် ပြဿနာကို မေးလျှောက်ပြန်၏။

ဝေဒနာကမ္မဋ္ဌာန်း

“(က) နတ်တို့သနင်း သိကြားမင်း.. ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း, မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

စာ ၁၂၈

(ခ) နတ်တို့သနင်း သိကြားမင်း.. နှလုံးမသာခြင်း = ဒေါမနဿဝေဒနာကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း, မမှီဝဲအပ်သော နှလုံးမသာခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။

(ဂ) နတ်တို့သနင်း သိကြားမင်း.. လျစ်လျူရှုခြင်း = ဥပေက္ခာဝေဒနာကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း, မမှီဝဲအပ်သော လျစ်လျူရှုခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏။ (အကျဉ်း)။

(က) နတ်တို့သနင်း သိကြားမင်း.. ‘ဝမ်းမြောက်ခြင်း = သောမနဿ ဝေဒနာကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း, မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို (ငါဘုရား) မိန့်ဆိုခဲ့၏။ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူ- ထိုဝမ်းမြောက်ခြင်း နှစ်ပါးတို့တွင် ‘ဤဝမ်းမြောက်ခြင်းကို မှီဝဲသောငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏’ဟု အကြင် ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့သဘောရှိသော ဝမ်းမြောက်ခြင်းကို မမှီဝဲအပ်။ (=အကုသိုလ်တရား တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်မည့် ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာမျိုးကို မမှီဝဲအပ်သော ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာ ခေါ်၏ဟု ဆိုလိုသည်၊ နောက်နှစ်ပါး၌လည်း ဤနည်းအတူ ဆိုလိုရင်းကို မှတ်ယူရာ၏)။

ထိုဝမ်းမြောက်ခြင်း နှစ်ပါးတို့တွင် ‘ဤဝမ်းမြောက်ခြင်းကို မှီဝဲသောငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏’ဟု အကြင် ဝမ်းမြောက်ခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော ဝမ်းမြောက်ခြင်းကို မှီဝဲအပ်၏။ (=အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးမည့် ဝမ်းမြောက်ခြင်း

စာ ၁၂၉

= သောမနဿဝေဒနာမျိုးကို မှီဝဲအပ်သော ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာ ခေါ်၏ဟု ဆိုလိုသည်၊ နောက် ဒေါမနဿ ဥပေက္ခာတို့၌လည်း ဤနည်းအတူ ဆိုလိုရင်းကို မှတ်ယူရာ၏)။

ထိုမှီဝဲအပ်သော ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာ၌ အကြင်ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်း = ဝိတက်နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း = ဝိစာရနှင့်လည်း တကွဖြစ်၏။ (သဝိတက္က သဝိစာရ သောမနဿ ခေါ်သည်)။ အကြင် ဝမ်းမြောက်ခြင်းသည် ကြံစည်ခြင်း = ဝိတက်လည်း မရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်း မရှိ၊ (အဝိတက္က အဝိစာရ သောမနဿ ခေါ်သည်)။ ထိုဝမ်းမြောက်ခြင်း နှစ်ပါးတို့တွင် ကြံစည်ခြင်း = ဝိတက်လည်းမရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်း မရှိသော ဝမ်းမြောက်ခြင်း (အဝိတက္က အဝိစာရ သောမနဿ)သည် သာလွန်၍ မြင့်မြတ်၏။ (က-စကားရပ် အကျယ်)။

နတ်တို့သနင်း သိကြားမင်း.. ‘ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း, မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကိုစွဲ၍ ငါဘုရား မိန့်ဆိုခဲ့၏။ (က-စကားရပ်၏ နိဂုံး)။

(ခ) နတ်တို့သနင်း သိကြားမင်း.. ‘နှလုံးမသာခြင်း = ဒေါမနဿဝေဒနာကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း, မမှီဝဲအပ်သော နှလုံးမသာခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ငါဘုရား မိန့်ဆိုခဲ့၏၊ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူ- ထိုနှလုံးမသာခြင်း နှစ်ပါးတို့တွင် ‘ဤနှလုံးမသာခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့

စာ ၁၃၀

ဆုတ်ယုတ်ကုန်၏”ဟု အကြင် နှလုံးမသာခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော နှလုံးမသာခြင်းကို မမှီဝဲအပ်။

ထိုနှလုံးမသာခြင်း နှစ်ပါးတို့တွင် ‘ဤနှလုံးမသာခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားကို တိုးပွါးကုန်၏’ဟု အကြင် နှလုံးမသာခြင်းကို သိအံ့၊ ဤသို့သဘောရှိသော နှလုံးမသာခြင်းကို မှီဝဲအပ်၏။

ထိုမှီဝဲအပ်သော နှလုံးမသာခြင်း = ဒေါမနဿဝေဒနာ၌ အကြင် နှလုံးမသာခြင်းသည် ကြံစည်ခြင်း = ဝိတက်နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း = ဝိစာရနှင့်လည်း တကွဖြစ်၏၊ (သဝိတက္က သဝိစာရ ဒေါမနဿခေါ်သည်)။ အကြင် နှလုံးမသာခြင်းသည် ကြံစည်ခြင်း = ဝိတက်လည်း မရှိ၊ သုံးသပ်ခြင်း = ဝိစာရ လည်းမရှိ၊ (အဝိတက္ကအဝိစာရ ဒေါမနဿခေါ်သည်)။ ထိုနှလုံးမသာခြင်း နှစ်ပါးတို့တွင် ကြံစည်ခြင်း = ဝိတက်လည်းမရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်းမရှိသော နှလုံးမသာခြင်း (=အဝိတက္ကအဝိစာရ ဒေါမနဿ)သည် သာလွန်၍ မြင့်မြတ်၏။ (ခ-စကားရပ် အကျယ်)။

နတ်တို့သနင်း သိကြားမင်း.. ‘နှလုံးမသာခြင်း = ဒေါမနဿဝေဒနာကိုလည်း မှီဝဲအပ်သော နှလုံးမသာခြင်း, မမှီဝဲအပ်သော နှလုံးမသာခြင်းဟူ၍ နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကိုစွဲ၍ ငါဘုရားမိန့်ဆိုခဲ့၏။ (ခ-စကားရပ်၏ နိဂုံး)။

(ဂ) နတ်တို့သနင်း သိကြားမင်း.. ‘လျစ်လျူရှုခြင်း = ဥပေက္ခာဝေဒနာကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း, မမှီဝဲအပ်သော လျစ်လျူရှုခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို

စာ ၁၃၁

ငါဘုရား မိန့်ဆိုခဲ့၏၊ အဘယ်အကြောင်းကိုစွဲ၍ ဤစကားကို ငါဘုရား မိန့်ဆိုခဲ့သနည်းဟူမူ- ထိုလျစ်လျူရှုခြင်း နှစ်ပါးတို့တွင် ‘ဤလျစ်လျူရှုခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏’ဟု အကြင် လျစ်လျူရှုခြင်းကို သိငြားအံ့၊ ဤသို့ သဘောရှိသော လျစ်လျူရှုခြင်းကို မမှီဝဲအပ်။

ထိုလျစ်လျူရှုခြင်း နှစ်ပါးတို့တွင် ‘ဤလျစ်လျူရှုခြင်းကို မှီဝဲသော ငါ့အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏’ဟု အကြင် လျစ်လျူရှုခြင်းကို သိငြားအံ့၊ ဤသို့သဘောရှိသော လျစ်လျူရှုခြင်းကို မှီဝဲအပ်၏။

ထိုမှီဝဲအပ်သော လျစ်လျူရှုခြင်း = ဥပေက္ခာဝေဒနာ၌ အကြင် လျစ်လျူရှုခြင်းသည် ကြံစည်ခြင်း = ဝိတက်နှင့်လည်း တကွဖြစ်၏၊ သုံးသပ်ခြင်း = ဝိစာရနှင့်လည်း တကွဖြစ်၏။ (သဝိတက္ကသဝိစာရ ဥပေက္ခာခေါ်သည်)။ အကြင် လျစ်လျူရှုခြင်းသည် ကြံစည်ခြင်း = ဝိတက်လည်းမရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်းမရှိ၊ (အဝိတက္ကအဝိစာရ ဥပေက္ခာခေါ်သည်)။ ထိုလျစ်လျူရှုခြင်း နှစ်ပါးတို့တွင် ကြံစည်ခြင်း = ဝိတက်လည်း မရှိ၊ သုံးသပ်ခြင်း = ဝိစာရလည်း မရှိသော (=အဝိတက္ကအဝိစာရ) လျစ်လျူရှုခြင်းသည် သာလွန်၍ မြင့်မြတ်၏။ (ဂ-စကားရပ် အကျယ်)။

နတ်တို့သနင်း သိကြားမင်း.. ‘လျစ်လျူရှုခြင်း = ဥပေက္ခာဝေဒနာကိုလည်း မှီဝဲအပ်သော လျစ်လျူရှုခြင်း, မမှီဝဲအပ်သော လျစ်လျူရှုခြင်းဟူ၍ = နှစ်ပါးအပြားအားဖြင့် ငါဘုရားဟော၏’ဟူသော ဤစကားကို ထိုဆိုခဲ့ပြီးသော အကြောင်းကိုစွဲ၍ ငါဘုရား မိန့်ဆိုခဲ့၏။ (ဂ-စကားရပ်၏ နိဂုံး)။

စာ ၁၃၂

နတ်တို့သနင်း သိကြားမင်း.. ဤသို့ကျင့်သော ရဟန်းသည် သံသရာ၌ ချဲ့ထွင်တတ်သည့် ပပဉ္စတရားနှင့်ယှဉ်သော သညာတရားအစု၏ ချုပ်ခြင်းအားလျော်၍ ထိုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပေ၏”–

ဟူ၍ မြတ်စွာဘုရားရှင်သည် ဝေဒနာကမ္မဋ္ဌာန်းကို ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားတော်မူလေ၏။ ဤသို့ မြတ်စွာဘုရားရှင်က ပြဿနာကို ဖြေကြားတော်မူလတ်သော် သိကြားနတ်မင်းသည် နှစ်လိုအားရစွာ မြတ်စွာဘုရား၏ တရားတော်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား.. ဟောတော်မူသည့်အတိုင်း မှန်လှပါ၏၊ ရှင်တော်ဘုရား၏ ဖြေကြားချက်ကို ကြားနာရခြင်းကြောင့် ဤပြဿနာ၌ အကျွန်ုပ်သည် ယုံမှားခြင်းကို လွန်မြောက်အပ်ပါပြီ၊ အကျွန်ုပ်၏ သို့လော သို့လော တွေးတောခြင်းသည် ကင်းကွာသွားပါပြီ”-

ဟု ဝမ်းမြောက်စွာ ခံယူလေ၏။

(ဤ၌ အထူးမှတ်ဖွယ်ကို အဋ္ဌကထာမှ ထုတ်ဆောင်၍ ပြဦးအံ့-

ဤယခုပြဿနာ၌ သိကြားမင်းက နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို (ပုဂ္ဂလာဓိဋ္ဌာန နည်းအားဖြင့်) မေးသည်။ မြတ်စွာဘုရားရှင်က ဝေဒနာသုံးပါး (ဝေဒနာကမ္မဋ္ဌာန်း)ဖြင့် (ဓမ္မာဓိဋ္ဌာနနည်းအားဖြင့်) ဖြေကြားတော်မူသည်။ ယင်းသို့ ဖြေကြားရာ၌ သောမနဿဝေဒနာကမ္မဋ္ဌာန်း, ဒေါမနဿဝေဒနာကမ္မဋ္ဌာန်း, ဥပေက္ခာဝေဒနာကမ္မဋ္ဌာန်းအားဖြင့် အဖြေသုံးချက် ထွက်သောကြောင့် ဤအဖြေသုံးချက်သို့လိုက်၍ အဋ္ဌကထာ၌ သောမနဿပဉှာ, ဒေါမနဿပဉှာ, ဥပေက္ခာပဉှာဟူ၍ = ပြဿနာသုံးချက် ရေတွက်၍ ပြတော်မူသည်။

ဤ၌- သိကြားမင်းက “အဘယ်သို့ ကျင့်သောရဟန်းသည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်သည် မည်သနည်း”ဟု မေးလျှောက်ရာ

စာ ၁၃၃

မြတ်စွာဘုရားရှင်က “ဤသို့ဤပုံ ကျင့်သောရဟန်းသည် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကို ကျင့်သည်မည်၏”ဟု ဖြေကြားတော်မမူပဲ “သိကြားမင်း.. ဝမ်းမြောက်ခြင်း = သောမနဿဝေဒနာကိုလည်း မှီဝဲအပ်သော ဝမ်းမြောက်ခြင်း, မမှီဝဲအပ်သော ဝမ်းမြောက်ခြင်းဟူ၍ = နှစ်ပါးအပြားဖြင့် ငါဘုရားဟော၏” စသည်ဖြင့် ဖြေဆိုတော်မူချက်နှင့်စပ်၍ ဓမ္မသဘော ဟောတော်မူပုံ၌ မကျွမ်းကျင်သူတို့ အဖို့ရာ အမေးတပါး အဖြေတခြားကဲ့သို့ ထင်မှားဖွယ်ရှိ၏၊ ထို့ကြောင့် ထိုသူတို့အဖို့ရာ အဋ္ဌကထာ၌-

“ဤခြောက်ခုမြောက် ပုစ္ဆာ၌ မြတ်စွာဘုရားသည် သိကြားမင်းက မေးအပ်သည်ကိုပင် ဖြေအပ်သလော၊ မမေးအပ်သည်ကို ဖြေအပ်သလော။ အနုသန္ဓေ = စကားအဆက်အစပ် ရှိသည်ကိုပင် ဖြေကြားအပ်သလော၊ အနုသန္ဓေ = စကားအဆက်အစပ် မရှိသည်ကို ဖြေကြားအပ်သလော၊ (တနည်း) သိကြားမင်း မေးမြန်းချက်နှင့် ဘုရားရှင် ဖြေကြားချက်သည် စကားချင်း ဆက်စပ်မိ၏လော၊ မဆက်စပ်မိသလော”ဟု အမေးတပါး အဖြေတခြားကဲ့သို့ ထင်မှားကာ စောဒက၏မေးပုံကို ဖော်ပြလေသည်။

အဖြေကား- ဤပုစ္ဆာဝယ် ပုဂ္ဂလာဓိဋ္ဌာနနည်း = ကျင့်သောပုဂ္ဂိုလ်ကို ဦးတည်၍ အကျင့်ပဋိပတ်ကို မေးမြန်းသောနည်းဖြင့် သိကြားမင်းက နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ်ကို မေးသည်။ မြတ်စွာဘုရားရှင်ကလည်း ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်ပေါင်းများစွာ ရှိသည့်အနက် သိကြားမင်း၏ အလိုအဇ္ဈာသယနှင့် လိုက်လျောညီညွတ်စွာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်သည့် နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာတရား အဦးမူ၍ ဟောကြားတော်မူလိုရကား ဝေဒနာသုံးပါးကို အားထုတ်တော်မူ တရားစ-တော်မူသည်။ ထို့ကြောင့် သိကြားမင်းမေးအပ်သည့် “နိဗ္ဗာန်ရောက်ကြောင်း အကျင့်ပဋိပတ်ကိုပင်” မြတ်စွာဘုရားရှင်က “ဝေဒနာသုံးပါးကို အဦးမူ၍ နာမ်ကမ္မဋ္ဌာန်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းကို ဖြေကြားတော်မူအပ်ရကား သိကြားမင်း မေးမြန်းချက်နှင့် ဘုရားရှင် ဖြေကြားချက်သည် စကားချင်း ဆက်စပ်မိ၏။ (ဤကား အဖြေအကျဉ်းတည်း)။

အကျယ်အဖြေကား– နတ်တို့အဖို့ရာ ရုပ်တရားထက် နာမ်တရားက သာလွန်၍ ထင်ရှား၏၊ နာမ်တရားတွင်လည်း ဝေဒနာသည် သာလွန်၍ ထင်ရှား၏၊ အကြောင်းသော်ကား နတ်တို့မှာ ကရဇကာယခေါ်သော

စာ ၁၃၄

ခန္ဓာကိုယ် အတ္တဘောသည် လူများထက် အပြန်ပြန် နူးညံ့လှ သိမ်မွေ့လှ၏၊ သာလွန်မြင့်မြတ်သော ကုသိုလ်ကံ အကြောင်းကြောင့် ဖြစ်သောကြောင့်၎င်း, အလွန် လေးတွဲ့ချိုမြိန် သိမ်မွေ့လှသော နတ်သုဒ္ဓါကိုပင် ကြေကျက်စေနိုင်သောကြောင့်၎င်း ကမ္မဇတေဇော = ဝမ်းမီးဓာတ်သည် အားကြီးလှ၏။ ယင်းသို့ ကရဇကာယခေါ်သော ခန္ဓာကိုယ်အတ္တဘောက လူများထက် အပြန်ပြန် နူးညံ့ သိမ်မွေ့လှသောကြောင့်၎င်း, ကမ္မဇတေဇာ = ဝမ်းမီးဓာတ်က အားကြီးလှသောကြောင့်၎င်း အစာအာဟာရ တကြိမ်မျှကိုပင် လွန်၍ မတည်နိုင်ကြကုန်၊ တနပ်စာမျှ နတ်သုဒ္ဓါကို မစားကြရလျှင် ဒုက္ခဝေဒနာ ပြင်းထန်စွာ ဖြစ်ရှိပြီးလျှင် လောလောပူသည့် ကျောက်ပြားပေါ်၌ တင်ထားအပ်သော ထောပတ်ခဲကဲ့သို့ ထိုနတ်တို့၏ ခန္ဓာကိုယ် အတ္တဘောသည် ကြေမွပျက်စီး၍ သွားရလေသည်။

ဤအချက်ကို ထောက်ဆသဖြင့် နတ်တို့၏ သန္တာန်၌ ဒုက္ခဝေဒနာသည် အလွန် ထင်ရှားလှ၏။ ထို့အတူပင် လွန်ကဲမြင့်မြတ် ကောင်းမွန်လှသော အာရုံတို့၌ အဆင့်ဆင့် အနှိပ်အကွပ်မရှိ ဖြစ်ပေါ်ရသော သုခဝေဒနာ သန္တပဏီတသဘောရှိသော ဥပေက္ခာဝေဒနာသည်လည်း အလွန်ထင်ရှားလှ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သိကြားမင်းအတွက် သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ တည်းဟူသော ဝေဒနာသုံးပါး ကမ္မဋ္ဌာန်းတရားကို ဟောကြား အားသစ်တော်မူလေသည်။

ဆက်၍ ချဲ့ဦးအံ့- ကမ္မဋ္ဌာန်း = တရားနှလုံး ကျင့်သုံးသိမ်းဆည်းခြင်းသည် ၁-ရုပ်ကမ္မဋ္ဌာန်း = ရုပ်တရားကို သိမ်းဆည်းခြင်း ရုပ်တရားကို ဦးတည်၍ ဝိပဿနာနှလုံး ကျင့်သုံးခြင်း, ၂-နာမ်ကမ္မဋ္ဌာန်း = နာမ်တရားကို သိမ်းဆည်းခြင်း နာမ်တရားကို ဦးတည်၍ ဝိပဿနာနှလုံး ကျင့်သုံးခြင်းဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် မြတ်စွာဘုရားသည် ရုပ်တရား ထင်ရှားသော ဝေနေယျသတ္တဝါအား အကျဉ်းနှလုံးသွင်းနည်း အားဖြင့်သော်၎င်း, အကျယ်နှလုံးသွင်းနည်းအားဖြင့်သော်၎င်း စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို (များသောအားဖြင့်) အကျယ်ဖွင့်ပြလျက် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏၊ နာမ်တရား ထင်ရှားသော ဝေနေယျသတ္တဝါအား နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ ယင်းသို့ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသည်ရှိသော် ထိုနာမ်တရား၏ တည်ရာဖြစ်သော ရုပ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဖော်ပြပြီးမှသာ ဟောကြားတော်မူ၏။ (သို့ရကား သိကြားမင်းအား နာမ်ကမ္မဋ္ဌာန်းကို

စာ ၁၃၅

ဟောကြားတော်မူရာဝယ် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို တစိတ်တဒေသအားဖြင့် ဖော်ပြ ဟောကြားပြီးမှသာ နာမ်ကမ္မဋ္ဌာန်းကို အကျယ် ဟောကြားတော်မူ၏၊ ပါဠိတော်၌ကား နာမ်ကမ္မဋ္ဌာန်း ဟောကြားတော်မူသည်ကိုသာ ဒေသနာအစဉ် တင်ထားအပ်၏ဟု မှတ်ယူရာ၏)။

နတ်တို့မှာကား နာမ်တရား ထင်ရှားပေါ်လွင်သောကြောင့် ထိုနာမ်ကမ္မဋ္ဌာန်း အနေအားဖြင့် ဝေဒနာသုံးပါးတို့ကို တရားစ-တော်မူ၏။ ချဲ့ဦးအံ့- နာမ်ကမ္မဋ္ဌာန်းအရာ၌ အစအဦး အားထုတ်ခြင်း နှလုံးသွင်းခြင်းသည် ၁-ဖဿ၏ အစွမ်းအားဖြင့် နှလုံးသွင်းခြင်း, ၂-ဝေဒနာ၏ အစွမ်းအားဖြင့် နှလုံးသွင်းခြင်း, ၃-စိတ်၏ အစွမ်းအားဖြင့် နှလုံးသွင်းခြင်းဟူ၍ = သုံးမျိုးရှိလေသည်။ (ဤသို့ ခွဲခြမ်းဝေဘန်ရသည်မှာ တရားအလုပ် စ၍ အားထုတ်ခြင်း လေ့လာခြင်း၌သာ ဖြစ်သည်၊ စတင်အားထုတ် လေ့လာ၍ နာမ်တရားများ သဘောပိုင်နိုင်လာပြီးနောက် သမ္မသနဉာဏ် = အနိစ္စ, ဒုက္ခ, အနတ္တ-ဟု သုံးသပ်သော ဉာဏ်အလုပ်သည်ကား အလုံးစုံသော တရားတို့ကိုပင် သိမ်းဆည်းပြီး၍ ဖြစ်လေသည်)။

ချဲ့ဦးအံ့- (၁) အချို့ပုဂ္ဂိုလ်အား ရုပ်ကမ္မဋ္ဌာန်းကို အကျဉ်းအားဖြင့်ဖြစ်စေ, အကျယ်အားဖြင့်ဖြစ်စေ သိမ်းဆည်းအပ်ပြီးသည်ရှိသော် ထိုရုပ်ကမ္မဋ္ဌာန်းအာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်း သဘောဖြစ်သည့် ထိုအာရုံကို တွေ့ထိလျက်ဖြစ်ပွါးသော ဖဿနာမ်တရားသည် ထင်ရှား၏။ (၂) အချို့ပုဂ္ဂိုလ်အား ထိုအာရုံ၏အရသာကို ခံစားလျက် ဖြစ်ပွါးသော ဝေဒနာ နာမ်တရားသည် ထင်ရှား၏။ (၃) အချို့ပုဂ္ဂိုလ်အား ထိုအာရုံကို ပိုင်းပိုင်းဖြတ်ဖြတ် သိတတ်သော ဝိညာဏ်သည် ထင်ရှား၏။

ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်းရခြင်း

ထိုပုဂ္ဂိုလ်သုံးမျိုးတို့တွင် (၁) မိမိဉာဏ်၌ ဖဿနာမ်တရား ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း (ထိုထင်ရှားသည့် ဖဿနာမ်တရား တခုကိုသာ သိမ်းဆည်းရမည် မဟုတ်၊ စင်စစ်ကား) “ဩ.. ထိုရုပ်ကမ္မဋ္ဌာန်းအာရုံ၌ ဖဿတရား သက်သက်သာ ဖြစ်သည်မဟုတ်၊ ထိုဖဿနှင့် အတူတကွ တွဲဖက်လျက် ထိုအာရုံ၏ အရသာကို ပိုင်နိုင်စွာ ခံစားတတ်သည့် ဝေဒနာတရားသည်လည်း ဖြစ်၏။ ထိုအာရုံကို မှတ်သားတတ်သည့် သညာတရားသည်လည်း ဖြစ်၏၊ အာရုံ၌ ယှဉ်ဖော်ယှဉ်ဖက် တရားတို့ကို စေ့ဆော် တိုက်တွန်းပေးတတ်သော စေတနာတရားသည်လည်း ဖြစ်၏၊

စာ ၁၃၆

အာရုံကို ပိုင်းပိုင်းဖြတ်ဖြတ် သိတတ်သော ဝိညာဏ်တရားသည်လည်း ဖြစ်၏၊ (ဝါ) ဖြစ်စွာ့တကား”ဟူ၍ ဖဿ, ဝေဒနာ, သညာ, စေတနာ, စိတ် တည်းဟူသော ဖဿပဉ္စမကတရား (စိတ်မှနောက်ပြန် ရေတွက်လျှင် ဖဿလျှင် ၅-ခုမြောက်ရှိသော တရားအစု)တို့ကိုပင်လျှင် ဉာဏ်ဖြင့် သိမ်းဆည်းရလေသည်။

(၂) မိမိဉာဏ်၌ ဝေဒနာတရား ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း (ထိုထင်ရှားသည့် ဝေဒနာတရားတခုကိုသာ သိမ်းဆည်းရမည်မဟုတ်၊ စင်စစ်ကား) “ဩ.. ထိုရုပ်ကမ္မဋ္ဌာန်းအာရုံ၌ ဝေဒနာတရားသက်သက်သာ ဖြစ်သည်မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကို တွေ့ထိတတ်သော ဖဿတရားသည်လည်း ဖြစ်၏၊ မှတ်သားတတ်သည့် သညာတရားသည်လည်း ဖြစ်၏၊ စေ့ဆော် တိုက်တွန်းပေးတတ်သော စေတနာတရားသည်လည်း ဖြစ်၏၊ အာရုံကို ပိုင်းပိုင်းဖြတ်ဖြတ် သိတတ်သော ဝိညာဏ်တရားသည်လည်း ဖြစ်၏၊ (ဝါ) ဖြစ်စွာ့တကား”ဟူ၍ ဖဿပဉ္စမက တရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် သိမ်းဆည်းရလေသည်။

(၃) မိမိဉာဏ်၌ စိတ်ဝိညာဏ်တရား ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း (ထိုထင်ရှားသည့် ဝိညာဏ်စိတ်တရားတခုကိုသာ သိမ်းဆည်းရမည်မဟုတ်၊ စင်စစ်ကား) “ဩ.. ရုပ်ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဝိညာဏ် တရားသက်သက်သာ ဖြစ်သည်မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကို တွေ့ထိတတ်သော ဖဿတရားသည်လည်း ဖြစ်၏၊ ခံစားတတ်သည့် ဝေဒနာတရားသည်လည်း ဖြစ်၏၊ မှတ်သားတတ်သည့် သညာတရားသည်လည်း ဖြစ်၏၊ စေ့ဆော် တိုက်တွန်းပေးတတ်သော စေတနာတရားသည်လည်း ဖြစ်၏၊ (ဝါ) ဖြစ်စွာ့တကား”ဟူ၍ ဖဿပဉ္စမကတရားတို့ကိုပင် ဉာဏ်ဖြင့် သိမ်းဆည်းရလေသည်။

ထိုသို့ ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်း လေ့လာပြီးသော ယောဂီသူမြတ်သည် “ဤဖဿပဉ္စမကတရားတို့သည် အဘယ်တရား၌ မှီကြသနည်း”ဟု ဆက်၍ စူးစမ်းဆင်ခြင်ရ၏၊ ထိုသို့ စူးစမ်းဆင်ခြင်သည်ရှိသော် “ဤဖဿပဉ္စမကတရားတို့သည် ဝတ္ထုခေါ်ဆို ဤကရဇခန္ဓာကိုယ် အတ္တဘော၌ မှီကြကုန်၏”ဟု ကွဲကွဲပြားပြား သိမြင်လာ၏။ ထိုဝတ္ထုခေါ်ဆို ကရဇခန္ဓာကိုယ် အတ္တဘောဟူသည်လည်း တရားကိုယ်အားဖြင့် ဘူတရုပ် ဥပါဒါရုပ်တို့သာလျှင် ဖြစ်၏။ ဤသို့လျှင် မှီတတ်သော ဖဿပဉ္စမကတရား, မှီရာဝတ္ထုခေါ်သည့် ကရဇကာယ အတ္တဘော ဤနှစ်ပါးတို့အနက် “မှီရာဝတ္ထုဖြစ်သော ကရဇခန္ဓာကိုယ် အတ္တဘောသည်

စာ ၁၃၇

ရုပ်တရားပါတကား၊ မှီတတ်သော ဖဿပဉ္စမက တရားအစုကား နာမ်တရားပါတကား”ဟု နာမ်ရုပ်တရား နှစ်ပါးမျှကိုသာ ဉာဏ်ဖြင့်ထင်ထင် မြင်လာလေ၏။ ဤနာမ်ရုပ်တရား နှစ်ပါးတို့တွင်လည်း ရုပ်သည် ရူပက္ခန္ဓာတည်း၊ နာမ်သည် ခန္ဓာလေးပါးတို့တည်း၊ ဤသို့လျှင် ခန္ဓာငါးပါးမျှသာဖြစ်၏။ မှန်၏- နာမ်ရုပ်နှစ်ပါးမှလွတ်သော ခန္ဓာဟူ၍ မရှိ၊ ခန္ဓာငါးပါးမှလွတ်သော နာမ်ရုပ်ဟူ၍လည်း မရှိချေ။

ထိုယောဂီသူမြတ်သည် “ဤခန္ဓာငါးပါးတို့သည် အဘယ်တရားလျှင် အကြောင်းရှိကြသနည်း”ဟု ဆင်ခြင်ရပြန်၏၊ ထိုသို့ ဆင်ခြင်သည်ရှိသော် “ဤခန္ဓာငါးပါးတို့သည် အဝိဇ္ဇာ, တဏှာ, ကံ-စသည်လျှင် အကြောင်းရှိကုန်၏၊ (ဝါ) အဝိဇ္ဇာ, တဏှာ, ကံ-စသည်ကြောင့် ဤခန္ဓာငါးပါးတို့ ဖြစ်ကြကုန်၏”ဟု အမှန်အတိုင်း သိမြင်လာ၏။ ထို့နောင်မှ ထိုယောဂီသူမြတ်သည် “ဤခန္ဓာအစဉ်သည် အကြောင်းတရားနှင့် အကျိုးတရားသာ ဖြစ်စွာ့တကား၊ အကြောင်းတရား အကျိုးတရားမှတပါး အခြား ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ မရှိပါတကား၊ သက်သက် သင်္ခါရတရားတို့၏ အစုအပုံမျှသာ ဖြစ်စွာ့တကား”ဟူ၍ အကြောင်းနှင့်တကွသော နာမ်ရုပ်တရားတို့ကို ဉာဏ်ဖြင့်ပိုင်ပိုင် သိမ်းဆည်းနိုင်ပြီးလျှင် ထိုသိမ်းဆည်းအပ်ပြီးသော အကြောင်းနှင့် တကွသော နာမ်ရုပ်တရား နှစ်ပါး၏အစွမ်းဖြင့် လက္ခဏာရေးသုံးပါးတင်၍ ဝိပဿနာဉာဏ်စဉ်အတိုင်း အနိစ္စ, ဒုက္ခ, အနတ္တဟု အဖန်ဖန် ဆင်ခြင်သုံးသပ်လျက် လှည့်လည် နေထိုင်တော်မူလေ၏။ (ဤစကား ရပ်ဖြင့် ဗလဝဝိပဿနာကို ပြသည်)။

ထိုသို့ ဗလဝဝိပဿနာသို့ ရောက်ရှိသော ယောဂီသူမြတ်သည် “ငါ ယနေ့ပင် မဂ်ဖိုလ်ရတော့မည်ပာဲ့၊ ငါယနေ့ပင် မဂ်ဖိုလ်ရတော့မည်တဲ့”ဟု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လိုလားတောင့်တလျက် ဝိပဿနာအလုပ်ကို ဆက်လက် အားထုတ်လေရာ မဂ်ဖိုလ်ရရန် လျော်ကန်သင့်မြတ်သောနေ့၌ သပ္ပါယဖြစ်ဥတု, သပ္ပါယဖြစ်သောပုဂ္ဂိုလ်, သပ္ပါယဖြစ်သော ဘောဇဉ်အစာ, သပ္ပါယဖြစ်သော တရားနာရခြင်း = ဤသပ္ပါယ လေးပါးကိုရ၍ တင်ပလ္လင်ခွေ တထိုင်တည်းဖြင့် ထိုင်နေလျက်ပင် မိမိ၏ ဝိပဿနာအလုပ်ကို အထွတ်အထိပ် (ဝုဋ္ဌာနဂါမိနိဝိပဿနာ)သို့ ရောက်စေ၍ အရဟတ္တဖိုလ်၌ တည်လေ၏။

ဤသို့လျှင် ဖဿတရား ထင်ရှားသောပုဂ္ဂိုလ်, ဝေဒနာတရား ထင်ရှားသောပုဂ္ဂိုလ်, စိတ်ဝိညာဏ်တရား ထင်ရှားသောပုဂ္ဂိုလ် = ဤပုဂ္ဂိုလ်

စာ ၁၃၈

သုံးမျိုးတို့အတွက် အရဟတ္တဖိုလ်တိုင်အောင် ကမ္မဋ္ဌာန်းတရား မြတ်စွာဘုရားရှင် ဟောကြားအပ်ပြီးသာလျှင် ဖြစ်၏။

ဤယခု သက္ကပဉှသုတ်၌ကား မြတ်စွာဘုရားသည် နာမ်ကမ္မဋ္ဌာန်းကို ဟောတော်မူရာ ဝေဒနာသုံးပါးကို ဦးတည်၍ ဟောတော်မူ၏။ မှန်၏- ဤသိကြားမင်းအမှူးပြုသော နတ်အပေါင်းတို့အဖို့မှာ ဖဿကို ဦးတည် ၍ဖြစ်စေ, စိတ်ဝိညာဏ်ကို ဦးတည်၍ဖြစ်စေ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားအပ်လျှင် (ဝေဒနာကမ္မဋ္ဌာန်းကဲ့သို့) ထင်ရှားမည်မဟုတ်။ အမိုက်မှောင်ကဲ့သို့သာ ထင်ပေမည်။ နတ်တို့အဖို့ရာ ဝေဒနာတရားတို့၏ ဖြစ်ပွါးပုံ ထင်ရှားသောကြောင့် ဝေဒနာကို ဦးတည်၍ ဟောမှသာ နာမ်ကမ္မဋ္ဌာန်း ထင်ရှားနိုင်မည်။

ချဲ့ဦးအံ့- သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ဖြစ်ပုံသည် ထင်ရှားလှ၏။ သုခဝေဒနာ ဖြစ်ပေါ်သောအခါ တကိုယ်လုံး ချောက်ချား လွှမ်းမိုး ပြန့်နှံ့ ယိုစီးစေလျက် အကြိမ်တရာ စစ်အပ်ပြီးသော ထောပတ်ကို စားစေ သကဲ့သို့၎င်း, အကြိမ်တရာ ချက်အပ်ပြီးသော ဆီကို လိမ်းစေသကဲ့သို့၎င်း, ရေကြည်အိုး အလုံးတထောင်ဖြင့် ပူလောင်ခြင်းကို ငြိမ်းစေသကဲ့သို့၎င်း “ဩ.. ချမ်းသာစွာ့၊ ဩ.. ချမ်းသာစွာ့”ဟု ဝေဒနာရှင်ကို ဝမ်းမြောက်စကား မြွက်ကြားစေလျက်သာလျှင် ဖြစ်ပေါ်လာလေသည်။ ဒုက္ခဝေဒနာ ဖြစ်ပေါ်သောအခါမှာလည်း တကိုယ်လုံးကို ချောက်ချား လွှမ်းမိုး ပြန့်နှံ့ ယိုစီးစေလျက် လောလောပူသော သံတွေခဲကို ခန္ဓာကိုယ်တွင်း သွင်းလိုက်သကဲ့သို့၎င်း, သံရည်ပူကျဲကျဲဖြင့် ခန္ဓာကိုယ်တွင်း သွန်းလိုက် လောင်းလိုက်သကဲ့သို့၎င်း, မြက်ခြောက် သစ်ပင်ခြောက်တို့ ပြည့်နှက်နေသော တောအတွင်း၌ ထင်းမီးစည်းကြီးကို ပစ်သွင်းလိုက်သကဲ့သို့၎င်း “ဩ.. ဆင်းရဲလှဘိ၏၊ ဩ.. ဆင်းရဲလှဘိ၏”ဟု ဝေဒနာရှင်ကို ဂယောင်ဂယမ်း မြည်တမ်းပြောဆိုစေလျက်သာ ဖြစ်ပေါ်လာလေသည်။ ဤသို့လျှင် သုခဝေဒနာ, ဒုက္ခဝေဒနာ = ဤဝေဒနာနှစ်ပါးတို့၏ ဖြစ်ပုံသည် ထင်ရှားလှ၏။

ဥပေက္ခာဝေဒနာကား ပြရန်ခဲယဉ်း၏၊ အမိုက်မှောင်ဖြင့် လွှမ်းမိုးထားအပ်သကဲ့သို့ ဖြစ်၏၊ ထိုဥပေက္ခာဝေဒနာသည် သုခဒုက္ခဝေဒနာတို့ ကင်းကွာလတ်သော် သက်သာမှုလည်းမဟုတ် မသက်သာမှုလည်း မဟုတ်ပဲ အလယ်အလတ် မထင်မရှား လျစ်လျူခံစားမှုသဘောသည် ဥပေက္ခာဝေဒနာမည်၏ဟု အနုမာန မှန်းဆသောနည်းအားဖြင့် မှတ်ယူသော ယောဂီ၏အဖို့ရာ ထင်ရှား၍လာ၏။ ဥပမာအားဖြင့် ကျောက်ဖျာပေါ်သို့

စာ ၁၃၉

တက်၍ပြေးသော သမင်၏နောက်သို့ ဖဝါးခြေထပ် ထက်ကြပ်လိုက်ပါလာသော သားမူဆိုးသည် ကျောက်ဖျား၏ ဤမှာဖက်၌ တက်သောခြေရာ ထိုမှာဖက်၌ သက်ဆင်းသောခြေရာကို ကြည့်ရှုတွေ့မြင်၍ ကျောက်ဖျာအလယ်၌ ခြေရာကို မမြင်ရသော်လည်း “ဤအရပ်မှ တက်သည်၊ ဤအရပ်မှ သက်ဆင်းသည်၊ သို့ရကား ကျောက်ဖျာအလယ်၌ ဤအရပ်ဖြင့် သွားလိမ့်မည်”ဟု အနုမာန မှန်းဆသောနည်းအားဖြင့် ကျောက်ဖျာအလယ်၌ သမင်သွားသည့်အရပ်ကို မှတ်ယူသကဲ့သို့ ဤအတူ ကျောက်ဖျာပေါ်သို့ တက်ရာအရပ်၌ ခြေရာကဲ့သို့ သုခဝေဒနာ၏ ဖြစ်ခြင်းသည် ထင်ရှား၏။ ကျောက်ဖျာမှ သက်ဆင်းရာအရပ်၌ ခြေရာကဲ့သို့ ဒုက္ခဝေဒနာ၏ ဖြစ်ခြင်းသည် ထင်ရှား၏၊ “ဤအရပ်မှတက်၍ ဤအရပ်မှသက်၍ အလယ်၌ ဤသို့ သွားလေသည်”ဟု အနုမာန မှန်းဆသောနည်းအားဖြင့် မှတ်ယူခြင်းကဲ့သို့ သုခဒုက္ခဝေဒနာတို့ ကင်းကွာ လတ်သော် “သက်သာမှုလည်းမဟုတ် မသက်သာမှုလည်း မဟုတ်ပဲ အလယ်အလတ် မထင်မရှား လျစ်လျူ ခံစားမှုသဘောသည် ဥပေက္ခာဝေဒနာမည်၏”ဟု အနုမာန မှန်းဆသောနည်းအားဖြင့် မှတ်ယူသိမ်း ဆည်းသော ယောဂီ၏အဖို့ရာ ဥပေက္ခာဝေဒနာသည် ထင်ရှား၍လာ၏။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် သိကြားမင်းအား ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောပြီးမှ နောက် နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာသုံးပါး၏အစွမ်းဖြင့် ခွဲခြမ်းထုတ်ဖော်၍ ဟောပြတော်မူ၏။ ဤသို့ ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကိုဟောပြီးမှ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာသုံးပါး၏အစွမ်းဖြင့် ဝေနေယျပုဂ္ဂိုလ်အလိုက် ဟောကြားတော်မူခြင်းမှာ ဤသက္ကပဉှသုတ် ၌သာ မဟုတ်သေး၊ မဟာသတိပဋ္ဌာနသုတ်, မဇ္ဈိမနိကာယ် သတိပဋ္ဌာနသုတ်, စူဠတဏှာသင်္ခယသုတ်, မဟာတဏှာသင်္ခယသုတ်, စူဠဝေဒလ္လသုတ်, မဟာဝေဒလ္လသုတ်, ရဋ္ဌပါလသုတ်, မာဂဏ္ဍိယသုတ်, ဓာတုဝိဘင်္ဂသုတ်, အာနေဉ္ဇသပ္ပါယသုတ်တို့နှင့်တကွ ဝေဒနာသံယုတ် တခုလုံး၌လည်း ဤနည်းအတူ ဟောပြတော်မူသည်၊ ဤသို့လျှင် များစွာသော သုတ္တန်တို့၌ ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောပြီး၍ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာသုံးပါး၏ အစွမ်းဖြင့် ခွဲခြမ်းထုတ်ဖော်၍ ဟောပြတော်မူ၏။ ထိုထိုဖော်ပြရာပါ သုတ်များ၌ကဲ့သို့ပင် ဤသက္ကပဉှသုတ်၌လည်း သိကြားမင်း အမှူးပြုသည့် နတ်အပေါင်းတည်းဟူသော ဝေနေယျပုဂ္ဂိုလ်တို့၏ အာသယအလိုက် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောပြီးမှ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာသုံးပါး၏ အစွမ်းဖြင့် ခွဲခြမ်းထုတ်ဖော်၍ ဟောပြတော်မူ၏။

စာ ၁၄၀

“ဤသက္ကပဉှသုတ်၌ ရုပ်ကမ္မဋ္ဌာန်းကို ဝေဒနာ၏ အာရုံမျှဖြစ်၍ ချုံးအပ်လေပြီ၊ ထို့ကြောင့် ပါဠိတော်၌ မတင်အပ်သည် ဖြစ်ပေလိမ့်မည်” ဤကား အဋ္ဌကထာ၌ အထူးဖွင့်ပြချက်တည်း၊ ဤအဋ္ဌကထာ ဖွင့်ပြချက်သည် လျှို့ဝှက်ခဲကပ်သော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အဋ္ဌကထာဆရာတော်၏ ဆိုလိုရင်းအနက် အဓိပ္ပါယ်ကို ဤသို့သိအပ်၏-

“သိကြားမင်း အမှူးပြုသော နတ်အပေါင်းတို့အား ထိုသူတို့၏ အာသယအလိုက် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောပြီးမှ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာသုံးပါး၏ အစွမ်းဖြင့် ခွဲခြမ်းထုတ်ဖော်၍ ဟောပြတော်မူ၏”ဟူသော အဋ္ဌကထာစကားရပ်၌ ပါဠိတော်ဝယ် ရုပ်ကမ္မဋ္ဌာန်းဟောပြချက် လုံးဝမပါရှိသောကြောင့် စောဒကပုဂ္ဂိုလ်က “ဤသက္ကပဉှသုတ်၌ ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားရှင် အဘယ်သို့ ဟောတော်မူအပ်သနည်း၊ ပါဠိတော်၌ မတွေ့ရပါတကား၊ မထင်ပါတကား”ဟူ၍ မေးဖွယ်ရှိ၏။ အဖြေကား- သိကြားမင်းအမှူးပြုသော နတ်အပေါင်းတို့မှာ နာမ်တရားထင်ရှားသော ဝေနေယျတို့ ဖြစ်ကြသည်။ ထိုနာမ်တရားတွင်လည်း ဝေဒနာတရား အထူးသဖြင့် ထင်ရှားသော ဝေနေယျတို့ ဖြစ်ကြသည်။ မြတ်စွာဘုရားရှင်သည်လည်း နာမ်တရား ထင်ရှားသော သတ္တဝါတို့အတွက် ရုပ်တရား = ရုပ်ကမ္မဋ္ဌာန်းကို သာမန်မျှသာ သိသာရုံ ရှေးဦးစွာ ဟောပြပြီးမှ နာမ်တရား = နာမ်ကမ္မဋ္ဌာန်းကို အကျယ်ဟောပြတော်မူလေ့ရှိသည်။ သို့ရကား ဤယခု သက္ကပဉှသုတ်၌ မြတ်စွာဘုရားရှင်သည် သိကြားမင်းအမှူးပြုသော နတ်အပေါင်းတို့က နာမ်တရားထင်ရှားသော ဝေနေယျတို့ ဖြစ်သည့်အတွက် ထိုသူတို့အား ရှေးဦးစွာ ရုပ်တရား = ရုပ်ကမ္မဋ္ဌာန်းကို ဟောပြရာဝယ် အကျယ်မဟောပြတော့ပဲ ဝေဒနာ၏ အာရုံဖြစ်သော ရုပ်တရားများမျှလောက်ကိုသာ “ဤတရားစုသည် ရုပ်တရားများဖြစ်သည်”ဟု သာမန်အကျဉ်းဆုံး ချုံး၍ ဟောပြတော်မူပြီး နောက်မှ နာမ်ကမ္မဋ္ဌာန်းဆိုင်ရာ ဝေဒနာသုံးပါးကို အကျယ်အားဖြင့် ဟောပြတော်မူသည်။ သို့ရကား ဤသက္ကပဉှသုတ်ဝယ် ရုပ်ကမ္မဋ္ဌာန်းဆိုင်ရာကို မြတ်စွာဘုရားရှင်သည် ဝေဒနာ၏ အာရုံဖြစ်သော ရုပ်မျှလောက်ကိုသာ သာမန်အကျဉ်းဆုံး ချုံး၍ ဟောအပ်သောကြောင့် “ပါဠိတော်၌ မတင်အပ်ပဲ ရှိလေသည်” ဤကဲ့သို့ ဆိုလိုရင်းဖြစ်သည်။

ယခုအခါ ရှေးဖော်ပြရာပါ ဝေဒနာသုံးပါး ကမ္မဋ္ဌာန်းအကျယ်ပြသည့် (က) စကားရပ် (ခ) စကားရပ် (ဂ) စကားရပ်တို့၌

စာ ၁၄၁

အဋ္ဌကထာ ဋီကာကို ဖွင့်ပြ အထူးမိန့်မှာချက်ကို အတတ်နိုင်ဆုံး အကျဉ်းချုံး၍ ရေးသားပြဆိုတော့မည်-

(က) စကားရပ်။ ။ပဌမစာခေါင်းပါ “အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်မည့် (မမှီဝဲအပ်သော) ဝမ်းမြောက်ခြင်း” ဟူသည်မှာ ကာမဂုဏ်၌မှီသော ဝမ်းမြောက်ခြင်း = သောမနဿ ဝေဒနာဖြစ်သည်။ ဤသောမနဿဝေဒနာကို ဂေဟသိတ သောမနဿ ဝေဒနာဟု ခေါ်၏၊ (အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော = ဤ၆-ပါးသော ကာမတရားအစု = ကာမဂုဏ်များကို ကာမတဏှာ၏ နေအိမ်ကြီးသဖွယ် ဖြစ်သောကြောင့် ဂေဟဟူ၍ခေါ်၏။ ထိုဂေဟမည်သော ကာမတရားအစု = ကာမဂုဏ်ကို အကြောင်းပြု၍ဖြစ်သော တဏှာနှင့် ယှဉ်ဖော်ယှဉ်ဖက် (တွဲဖက်၍)ဖြစ်သော ဝမ်းမြောက်ခြင်း သောမနဿဝေဒနာကို ဂေဟသိတသောမနဿဝေဒနာခေါ်၏)။ ဤဂေဟသိတ သောမနဿ ဝေဒနာကို မှီဝဲလျှင် (=ထပ်တလဲလဲ ဖြစ်ပွါးစေလျှင်) အကုသိုလ်တရားတို့သာ တိုးပွါး၍ ကုသိုလ်တရားတို့ တနေ့တခြား ဆုတ်ယုတ်လေသည်၊ သို့ကြောင့် ထိုဂေဟသိတ သောမနဿ ဝေဒနာကို မမှီဝဲအပ် = မမှီဝဲ ကောင်းဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

(က) စကားရပ်။ ။ဒုတိယစာခေါင်းပါ “အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးမည့် (မှီဝဲအပ်သော) ဝမ်းမြောက်ခြင်း” ဟူသည်မှာ နေက္ခမ္မ၌မှီသော (=နေက္ခမ္မသိတ) ဝမ်းမြောက်ခြင်း= သောမနဿဝေဒနာ ဖြစ်သည်။ ဤ၌ ရှင်ရဟန်းပြုခြင်း, ပဌမဈာန်, နိဗ္ဗာန်, ဝိပဿနာတို့နှင့်တကွ ခပ်သိမ်းသော ကုသိုလ်တရားတို့ကို ထိုထိုအိမ်ရာ အနှောင်အဖွဲ့ နီဝရဏစသော ဆန့်ကျင်ဖက်တရားတို့မှ လွတ်မြောက်သောကြောင့် နေက္ခမ္မဟူ၍ ခေါ်၏။ ထင်ရှားစေဦးအံ့- “သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်ရတော့မည်”ဟု ရည်ရွယ်မှန်းထားကာ ရှင်ရဟန်းပြုဖို့ရန် ရဟန်းတို့ထံသို့ သွားသောသူ, သွားရောက်ပြီး ရှင်ရဟန်းပြုသောသူ, ရှင်ရဟန်းပြုပြီးလျှင် စတုပါရိသုဒ္ဓိသီလ၌ ကြံ့ကြံ့ခိုင်ကျည် တည်သောသူ, ထိုစတုပါရိသုဒ္ဓိသီလကို စင်ကြယ်စွာ ကျင့်ကြံသောသူ, ဓုတင်ပဋိပတ်တို့ကို ဆောက်တည်ကျင့်ကြံသောသူ, ကသိုဏ်းပရိကံ စီမံပွါးများအားထုတ်သူ, ယင်းသို့ ပွါးများအားထုတ်သဖြင့် ရူပါဝစရ ပဌမဈာန်စသည်ကို ရသောသူ, ထိုဈာန်ကို အခြေပါဒပြု၍ ဝိပဿနာတရား ပွါးများသောသူ၏ ပဋိပတ်လုပ်ငန်းရပ်များကို နေက္ခမ္မဟူ၍ ခေါ်ဆို၏၊ ယင်းနေက္ခမ္မလုပ်ငန်းရပ်ကို အကြောင်းပြု၍ဖြစ်သော

စာ ၁၄၂

ဝမ်းမြောက်ခြင်း = သောမနဿ ဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာဟု ခေါ်၏၊ ယင်း နေက္ခမ္မသိတ သောမနဿဝေဒနာကို မှီဝဲလျှင် (=ထပ်တလဲလဲ ဖြစ်ပွါးစေလျှင်) အကုသိုလ်တရားကို ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးလေသည်။ ထို့ကြောင့် ထိုနေက္ခမ္မသိတ သောမနဿဝေဒနာကို မှီဝဲအပ်၏ = မှီဝဲကောင်း၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

(ဤ၌။ ။မမှီဝဲအပ်သော ဂေဟသိတ သောမနဿဝေဒနာသည် ၆-ဒွါရမှ ထင်လာသော ဣဋ္ဌအာရုံ ၆-ပါးတို့ကို သာယာတပ်မက်သော တဏှာလောဘနှင့် တွဲဖက်၍ ဖြစ်ပေါ်လာသော သောမနဿဝေဒနာဖြစ်၍ အာရုံအပြားသို့လိုက်၍ ၆-ပါးပင် အပြားရှိလေသည်။ မှီဝဲအပ်သော နေက္ခမ္မသိတ သောမနဿဝေဒနာ သည်လည်း ရှင်ရဟန်းပြုရန် ရဟန်းတို့ထံ သွားရောက်သည်မှအစ လောကီ လောကုတ္တရာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန်တို့ကို ရရှိသည်တိုင်အောင် ဤအတွင်းဝယ် ဣဋ္ဌာရုံ ၆-ပါးတို့ကို အာရုံပြုကာ နေက္ခမ္မပဋိပတ် လုပ်ငန်းရပ်တို့ကို “ပွါးများအားထုတ်သော စိတ္တုပ္ပါဒ်နှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်သည့် သောမနဿဝေဒနာဖြစ်၍ အာရုံအပြားသို့လိုက်၍ ၆-ပါးပင် အပြားရှိလေသည်။ ထို့ကြောင့် ကျမ်းဂန်ဓမ္မနယ်ပယ်၌ “ဂေဟသိတ သောမနဿဝေဒနာ ၆-ပါး, နေက္ခမ္မသိတ သောမနဿဝေဒနာ ၆-ပါး”ဟူ၍ စကားတွင်ကျယ်လျက် ရှိသည်။ နောက်ဖော်ပြလတ္တံ့သော ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာတို့၌လည်း ဂေဟသိတ ၆-ပါး, နေက္ခမ္မသိတ ၆-ပါးဟူ၍ သုံးနှုန်းခေါ်ဆိုရာဝယ် ဤနည်းအတူပင် အာရုံ၆-ပါးသို့လိုက်၍ ခေါ်ဆိုသည်ဟု ဓမ္မဝေါဟာရ၌ ကျွမ်းကျင်လိမ္မာကုန်ရာ၏။)

(က) စကားရပ်။ ။တတိယစာခေါင်း၌ “မှီဝဲအပ်သော နေက္ခမ္မသိတ သောမနဿဝေဒနာသည် (၁) သဝိတက္ကသဝိစာရ သောမနဿ = ဝိတက် ဝိစာရနှင့် တကွဖြစ်သော သောမနဿ (ရဟန်းပြုရန် ရဟန်းတို့ထံသို့ သွားရောက်သည်မှအစ ပဌမဈာန်ကို ရသည်တိုင်အောင် ဤအတွင်း ဖြစ်ပွါးသမျှသော နေက္ခမ္မသိတ သောမနဿ) ဝေဒနာ၊ (၂) အဝိတက္ကအဝိစာရ သောမနဿ = ဝိတက် ဝိစာရနှင့် မယှဉ်သော သောမနဿ (ဒုတိယဈာန် တတိယဈာန်တို့၌ ပါရှိသော နေက္ခမ္မသိတ သောမနသာ) ဝေဒနာဟူ၍ = နှစ်မျိုးရှိရာ (၂) အမှတ်ပြ အဝိတက္က အဝိစာရ သောမနဿဝေဒနာသည် သာလွန်၍ မြင့်မြတ်၏”ဟု ဆိုလိုသည်။

ဤတတိယ စာခေါင်းပါ စကားရပ်စုဖြင့် မြတ်စွာဘုရားသည် အဘယ်ကို ဟောကြားအပ်သနည်းဟူမူ- နှစ်ဦးသော ရဟန်းတို့၏ အရဟတ္တဖိုလ်ကို ဟောကြားတော်မူအပ်သည်။ ချဲ့ဦးအံ့- (က) တဦးသောရဟန်းသည် သဝိတက္ကသဝိစာရ သောမနဿဝေဒနာ

စာ ၁၄၃

(=ကာမာဝစရ သောမနဿဝေဒနာနှင့် ရူပါဝစရ ပဌမဈာန် သောမနဿဝေဒနာ)၌ ဝိပဿနာအလုပ် အားထုတ်သည်ရှိသော် “ဤသောမနဿဝေဒနာသည် အဘယ်၌ မှီသနည်း”ဟု ဆင်ခြင်လေ၏၊ ထိုသို့ ဆင်ခြင်လတ်သော် ကရဇကာယတည်းဟူသော ခန္ဓာကိုယ် အတ္တဘော၌ မှီ၏ဟု ပိုင်းခြား သိမြင်လာလေ၏။ ထို့နောက် အောက်စာမျက်နှာ (၁၃၅)မှစ၍ ပြဆိုခဲ့သော နည်းအတိုင်း တရားအလုပ် ဆက်လက်ပွါးများ အားထုတ်လေလျှင် အစဉ်သဖြင့် အရဟတ္တဖိုလ်၌ တည်လေ၏။

(ခ) အခြား ရဟန်းတပါးသည် အဝိတက္ကအဝိစာရ သောမနဿဝေဒနာ (ရူပါဝစရ ဒုတိယဈာန် တတိယဈာန်တို့နှင့်ယှဉ်သော သောမနဿဝေဒနာ)၌ ဝိပဿနာအလုပ် အားထုတ်သည်ရှိသော် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း အရဟတ္တဖိုလ်၌ တည်လေသည်။ ထိုရဟန်းနှစ်ပါးတို့ နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော သောမနဿဝေဒနာတို့အနက် ပဌမရဟန်း နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော (အာရုံဖြစ်သည့်) သဝိတက္ကသဝိစာရ သောမနဿဝေဒနာထက် ဒုတိယရဟန်း နှလုံးသွင်း သိမ်းဆည်းအပ် သုံးသပ်အပ်သော (အာရုံဖြစ်သည့်) အဝိတက္ကအဝိစာရ သောမနဿဝေဒနာက သာလွန် မြင့်မြတ်၏၊ ထိုဝေဒနာနှစ်ပါးကို အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာရှုသော စိတ္တုပ္ပါဒ်တွင်လည်း ပဌမရဟန်း၏ သန္တာန်၌ဖြစ်သော (အာရမ္မဏိကဖြစ်သည့်) သဝိတက္ကသဝိစာရ ဝိပဿနာထက် ဒုတိယရဟန်း၏ သန္တာန်၌ဖြစ်သော (အာရမ္မဏိကဖြစ်သည့်) အဝိတက္ကအဝိစာရ ဝိပဿနာက သာလွန်မြင့်မြတ်၏၊ ပဌမရဟန်းရရှိသည့် သဝိတက္ကသဝိစာရ သောမနဿ ဖလသမာပတ်ထက် ဒုတိယရဟန်း ရရှိသည့် အဝိတက္ကအဝိစာရ သောမနဿ ဖလသမာပတ်က သာလွန်မြင့်မြတ်လှ၏။ ထို့ကြောင့် “အဝိတက္ကအဝိစာရ သောမနဿဝေဒနာသည် သာလွန် မြင့်မြတ်၏”ဟု မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။

ဤကား (က) စကားရပ်၌ မှတ်ဖွယ်အထူးတည်း။

(ခ) စကားရပ်။ ။ပဌမစာခေါင်းပါ “အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်မည့် (မမှီဝဲအပ်သော) နှလုံးမသာခြင်း= ဒေါမနဿဝေဒနာ” ဟူသည်မှာ ဂေဟသိတ ဒေါမနဿဝေဒနာ ဖြစ်သည်။ ဂေဟသိတ ဒေါမနဿဝေဒနာ ဟူသည်လည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ခြောက်ဒွါရတို့၌ အလိုရှိအပ် တောင့်တအပ်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ,

စာ ၁၄၄

ဓမ္မသဘော =- ဤခြောက်ပါးသော ကာမဝတ္ထု တရားအစု = ကာမဂုဏ်တို့ကို တောင့်တတိုင်း မရသဖြင့် “ငါ့မှာ ဤကာမတရားတို့ကို မရလေခြင်း”ဟု နှလုံးပူပန်သူ, ရပြီးသော ကာမဝတ္ထု တရားအစုတို့ ပျက်စီးချုပ်ပျောက်ရာ၌ “ငါ့မှာ ရှိရင်းစွဲ ကာမတရားအစုတို့ ပျက်စီး ချုပ်ပျောက်ကုန်ပြီတကား”ဟု နှလုံးပူပန်သော သူတို့၏ သန္တာန်၌ ကာမဝတ္ထု တရားအစုကိုမှီ၍ (အာရုံပြု၍)ဖြစ်သော နှလုံးမသာခြင်း = ဒေါမနဿဝေဒနာ ဖြစ်သည်။

ယင်း ဂေဟသိတ ဒေါမနဿဝေဒနာကို မှီဝဲလျှင် (=ထပ်တလဲလဲ ဖြစ်စေလျှင်) အကုသိုလ်တရားတို့သာ တိုးပွါး၍ ကုသိုလ်တရားတို့ တနေ့တခြား ဆုတ်ယုတ်လေသည်၊ ထို့ကြောင့် ထိုဂေဟသိတ ဒေါမနဿဝေဒနာကို မမှီဝဲအပ် = မမှီဝဲကောင်းဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

(ခ) စကားရပ်။ ။ဒုတိယစာခေါင်းပါ “အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးမည့် (မှီဝဲအပ်သော) နှလုံးမသာခြင်း = ဒေါမနဿဝေဒနာ” ဟူသည်မှာ နေက္ခမ္မသိတ ဒေါမနဿဝေဒနာ ဖြစ်သည်။ နေက္ခမ္မသိတ ဒေါမနဿဝေဒနာ ဟူသည်လည်း ရှေး၌ ဆိုအပ်ခဲ့သည့် ရှင်ရဟန်းပြုရန် ရဟန်းတော်တို့ထံ သွားရောက်ခြင်းစသော နေက္ခမ္မအလုပ် ဝိပဿနာဘာဝနာအလုပ် အနုဿတိဘာဝနာအလုပ်- စသည်ကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘောဟူသော အာရုံခြောက်ပါးတို့၏ မမြဲသောသဘော ဖောက်ပြန်ပျက်စီး ချုပ်ပျောက်သော သဘောကို ပိုင်းခြားသိမြင်ပြီးနောက် အတိတ်ကဖြစ်သော အာရုံခြောက်ပါး တရားများ, ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဖြစ်သော အာရုံခြောက်ပါး တရားများ = ဤတရားအားလုံးတို့သည် မမြဲသော သဘောတို့ပါတကား, ဆင်းရဲသော သဘောတို့ပါတကား, ဖောက်ပြန် ပျက်စီးတတ်သော သဘောတို့ပါတကားဟု အမှန်အတိုင်း ဝိပဿနာ ဉာဏ်ပညာဖြင့် သိမြင်သောအခါ ထိုအာရုံခြောက်တန် ရုပ်နာမ်နှစ်ဝ သင်္ခါရဒုက္ခမှ လွတ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြုသော လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု ပိဟာခေါ်သော သိမ်မွေ့သော လောဘတရား ဖြစ်ပေါ်လာ၏။

(ဤ၌။ ။“လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု ပိဟာခေါ်သော သိမ်မွေ့သော လောဘတရား ဖြစ်ပေါ်လာ၏” ဟူရာဝယ် ဧကန်တိုက်ရိုက် လောဘတရားက အရိယဖိုလ်ကို အာရုံပြု၍ တောင့်တသည်ဟု

စာ ၁၄၅

ဆိုလိုသည် မဟုတ်၊ မှန်၏- လောဘကဲ့သို့သော အကုသိုလ်တရားတို့ကို မဆိုထားဘိ၊ ဉာဏဝိပ္ပယုတ် ကုသိုလ်များကပင်သော်လည်း လောကုတ္တရာတရားကို လုံးဝ တိုက်ရိုက် အာရုံမပြုနိုင်ချေ။ အမှန်စင်စစ်သော်ကား “အရိယဖိုလ်တို့သည် ဤသို့ ဤသို့သော အာနုဘော်ထူး ဂုဏ်ကျေးဇူး ရှိကုန်၏” စသည်ဖြင့် တဆင့်ကြား၍ဖြစ်စေ၊ ကျမ်းဂန်စာပေ သင်ကြားခြင်း, သမထဝိပဿနာ ဘာဝနာတရား ပွါးများခြင်း အစွမ်းသတ္တိကြောင့် ထင်ရှားလာသော လောကုတ္တရာတရားတို့၏ အခြင်းအရာ အာကာရ သဘောသွားကို မှတ်သားတတ်သည့် ဉာဏ်ပညာ၌ တည်၍ဖြစ်စေ အနုမာန မှန်းဆသောအားဖြင့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို တောင့်တကြလေသည်။ တိုက်ရိုက်ဖော်ပြရလျှင် အလွန်မွန်မြတ် သိမ်မွေ့သော ဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့၏ ပညတ်များသည်လည်း ထိုတရားတို့ကဲ့သို့ပင် မွန်မြတ်သိမ်မွေ့သော သဘောရှိကုန်၏။ သို့ရကား ပုထုဇန် သူငါတို့ မိမိတို့ မရသေး မသိသေးသော ဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို တိုက်ရိုက် အာရုံပြု၍ တောင့်တနိုင်ကြသည်မဟုတ်၊ ထိုတရားတို့၌ ဈာန်ဟူသောပညတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသောပညတ် (အလွန်သိမ်မွေ့လှသည့် ပညတ်)တို့ကို အာရုံပြု၍သာ ထိုဈာန်, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို ရော်ရမ်းမှန်းဆ အနုမာနအားဖြင့်သာ တောင့်တကြရလေသည်။ ထို့ကြောင့် ဤယခုအရာ၌ ပုထုဇန်ယောဂီရဟန်းတို့ တဆင့်ကြား = သုတပရိယတ်အားဖြင့် သိရှိအပ်သည့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရော်ရမ်းမှန်းဆ၍ ထိုအရိယဖိုလ်တရားတို့၏ “လောကုတ္တရာ အရိယဖိုလ်”ဟူသော ပညတ်ကိုသာ အာရုံပြု၍ လိုလားတောင့်တမှု ပိဟာခေါ်သော သိမ်မွေ့သော လောဘတရားကို ဖြစ်စေကြသည်ကိုပင် “လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု ပိဟာခေါ်သော သိမ်မွေ့သော လောဘတရား ဖြစ်ပေါ်လာ၏”ဟု ရေးသားဖော်ပြခြင်း ဖြစ်သည်။ ။သိမ်မွေ့စွာ့)။

ထိုသို့ လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု ပိဟာခေါ်သော သိမ်မွေ့သော လောဘတရား ဖြစ်ပေါ်ပြီးနောက် ထိုလောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရရှိနိုင်ရန် ဝိပဿနာတရားကို မနေမနား ပွါးများကြိုးကုတ် အားထုတ်ပါလျက် အရိယဖိုလ်သို့ မရောက်နိုင်သော ယောဂီပုဂ္ဂိုလ်၏ သန္တာန်ဝယ် “ဩ.. ငါကား ဤပက္ခ, ဤလ, ဤနှစ်ပတ်လုံး ဝိပဿနာတရား မနေမနား ပွါးများကြိုးကုတ် အားထုတ်ပါလျက် ငါတောင့်တသည့် အရိယဖိုလ်သို့ မရောက်နိုင်စွာ့တကား”ဟု အဖန်ဖန် စိုးရိမ်ပူပန်သောအခါ ဖြစ်ပွါးသော နှလုံးမသာခြင်း = ဒေါမနဿဝေဒနာကို နေက္ခမ္မသိတ ဒေါမနဿဝေဒနာဟု ခေါ်၏။ ယင်း နေက္ခမ္မသိတ ဒေါမနဿဝေဒနာကို မှီဝဲလျှင် (=ထပ်တလဲလဲ ဖြစ်စေလျှင်) ထိုဒေါမနဿဝေဒနာမှ ဥပနိဿယပစ္စည်းကိုရ၍ အကုသိုလ်တရားများ ဆုတ်ယုတ်ကာ ကုသိုလ်တရားတို့ တနေ့တခြား တိုးပွါးလာလေသည်။ ထို့ကြောင့် ထိုနေက္ခမ္မသိတ ဒေါမနဿဝေဒနာကို မှီဝဲအပ်၏၊ မှီဝဲကောင်း၏ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

စာ ၁၄၆

(ခ) စကားရပ်။ ။တတိယစာခေါင်းပါ “သဝိတက္ကသဝိစာရဒေါမနဿ, အဝိတက္ကအဝိစာရဒေါမနဿ” ဟူရာ၌ ဒေါမနဿဝေဒနာမှန်က ဧကန်မုချ သဝိတက္ကသဝိစာရ တမျိုးသာ ဖြစ်သော်လည်း ယောဂီရဟန်း၏ စွဲမှတ်ယူဆချက်အားဖြင့် ဂေဟသိတ ဒေါမနဿဝေဒနာကို သဝိတက္က သဝိစာရ ဒေါမနဿ, နေက္ခမ္မသိတဒေါမနဿ ဝေဒနာကို အဝိတက္ကအဝိစာရ ဒေါမနဿဝေဒနာဟူ၍ ခွဲခြား ဟောကြားတော်မူအပ် လေသည်။

ချဲ့ဦးအံ့- ဤသာသနာတော်၌ ယောဂီရဟန်းသည် ဥပစာရဈာန်ကို အခြေပါဒပြု၍ဖြစ်စေ, သို့မဟုတ် ပဌမဈာန် စသည်တို့ကို အခြေပါဒပြု၍ဖြစ်စေ မဂ်ဖိုလ်တရားတို့ကို ဖြစ်စေအံ့ဟု ဝိပဿနာတရားကို ပွါးများကြိုးကုတ် အားထုတ်လေရာ ထိုမဂ်ဖိုလ်တရားတို့ကို မရနိုင်သည်ရှိသော် ဒေါမနဿ = နှလုံးမသာယာခြင်း ဝေဒနာများ ဖြစ်ပွါးလာတတ်သည်။ ထိုသို့ ဒေါမနဿဝေဒနာတရား ဖြစ်ပွါးလာသောအခါ အခြေပါဒဖြစ်သော ဥပစာရဈာန်တရား, ပဌမဈာန်စသော ဈာန်တရားတို့ကို ဖလူပစာရအားဖြင့် ဒေါမနဿဟူ၍ ခေါ်ဆိုအပ်လေသည်။ အကြင် ယောဂီရဟန်းသည်ကား ထိုသို့ နှလုံးမသာယာမှု = ဒေါမနဿဝေဒနာတရား ဖြစ်ပွါးသော်လည်း လုံ့လဝီရိယကို မလျှော့ချပဲ အစဉ်သဖြင့် ဝိပဿနာအလုပ် ကြိုးကုတ် အားထုတ်လေရာ မဂ်ဖိုလ်တရားတို့ကို ရရှိလာ၏၊ ထိုသို့ ရရှိလာသော မဂ်ဖိုလ်တရားများကို ကာရဏူပစာရအားဖြင့် ဒေါမနဿဟူ၍ ခေါ်ဆိုအပ်လေသည်။

ယောဂီရဟန်းသည် နှလုံးမသာယာမှု = ဒေါမနဿဝေဒနာ၏ အကြောင်းဖြစ်သော သဝိတက္ကသဝိစာရတရား အဝိတက္ကအဝိစာရတရားတို့ကို သဝိတက္ကသဝိစာရ ဒေါမနဿ, အဝိတက္ကအဝိစာရ ဒေါမနဿဟူ၍ မှတ်ယူပြီးလျှင် “ငါသည် အဘယ်နံရောအခါ၌ သဝိတက္ကသဝိစာရ ဒေါမနဿတရား အဝိတက္ကအဝိစာရဒေါမနဿ တရားများ၌ ဝိပဿနာအလုပ် အားထုတ်နိုင်ပါမည်နည်း” ဟူ၍၎င်း, သဝိတက္ကသဝိစာရ ဒေါမနဿတရားကို အကြောင်းပြု၍ ရရှိသောဖိုလ်တို့ကို သဝိတက္ကသဝိစာရ ဒေါမနဿ ဖလသမာပတ်ဟု၎င်း, အဝိတက္ကအဝိစာရ ဒေါမနဿတရားကို အကြောင်းပြု၍ ရရှိသော ဖိုလ်တို့ကို အဝိတက္ကအဝိစာရ ဒေါမနဿ ဖလသမာပတ်ဟု၎င်း မှတ်ယူပြီးလျှင် “ငါသည် အဘယ်နံရောအခါ၌ သဝိတက္ကသဝိစာရ ဒေါမနဿ ဖလသမာပတ်, အဝိတက္ကအဝိစာရ ဒေါမနဿ ဖလသမာပတ်ကို ဖြစ်စေနိုင်ပါမည်နည်း” ဟူ၍၎င်း ကြံစည်စဉ်းစားပြီးလျှင် သုံးလကြာ ကျင့်ရသော = တေမာသိကပဋိပဒါ,

စာ ၁၄၇

ခြောက်လကြာ ကျင့်ရသော = ဆမာသိကပဋိပဒါ, ကိုးလကြာ ကျင့်ရသော = နဝမာသိကပဋိပဒါ = ဤအကျင့်ပဋိပဒါသုံးမျိုးကို အစဉ်သဖြင့် အရယူ ကျင့်ကြံလေ၏။

ပဌမရှေးဦးစွာ တေမာသိကပဋိပဒါ = သုံးလကျင့်စဉ်ကို ယူပြီးလျှင် ပဌမ တလအတွင်း၌ ညဉ့်သုံးယံတွင် တစ်ယံ ဝိပဿနာအလုပ်ကို အားထုတ်၍ နှစ်ယံအိပ်စက်ခွင့်ကို ပြုလေသည်၊ မဇ္ဈိမလ = ဒုတိယလအတွင်း၌ ညဉ့်သုံးယံတွင် နှစ်ယံ ဝိပဿနာအလုပ် အားထုတ်၍ တစ်ယံအိပ်စက်ခွင့်ကို ပြုလေသည်၊ ပစ္ဆိမလ = တတိယလ အတွင်း၌ကား လုံးဝအိပ်စက်ခွင့် မပြုတော့ပဲ ညဉ့်သုံးယံပတ်လုံး ရဟန်းတရား အားထုတ်၍ စင်္ကြံလျှောက်ခြင်း ထိုင်ခြင်းဖြင့်သာလျှင် မျှတစေ၏။ ဤနည်းဖြင့် အရဟတ္တဖိုလ်ကိုရလျှင် ကောင်း၏၊ ရလျှင် ရ၊ ဤနည်းဖြင့်မှ အရဟတ္တဖိုလ်ကို မရနိုင်ခဲ့သော် လုံ့လကို မလျှော့ချပဲ ဆမာသိကပဋိပဒါ = ခြောက်လကျင့်စဉ်ကို ယူပြန်လေ၏။

ထိုသို့ ဆမာသိကပဋိပဒါ = ခြောက်လကျင့်စဉ်ကို ယူပြီးလျှင် (ပဌမ နှစ်လ၊ ဒုတိယ နှစ်လ = အလယ်နှစ်လ၊ တတိယ နှစ်လ = အဆုံးနှစ်လဟု- အချိန်သုံးပိုင်းထား၍) ရှေးနည်းအတူ ကျင့်ပြန်၍ အရဟတ္တဖိုလ်ကို မရနိုင်ပြန်သော် လုံ့လကို မလျှော့ချပဲ နဝမာသိကပဋိပဒါ = ကိုးလကျင့်စဉ်ကို ယူပြန်လေ၏။

ထိုသို့ နဝမာသိကပဋိပဒါ = ကိုးလကျင့်စဉ်ကို ယူပြီးလျှင် (ပဌမ သုံးလ၊ ဒုတိယသုံးလ = အလယ်သုံးလ၊ တတိယသုံးလ = အဆုံးသုံးလဟု- အချိန်သုံးပိုင်းထား၍) ပဌမ သုံးလအတွင်း၌ ညဉ့်သုံးယံတွင် တစ်ယံ ဝိပဿနာအလုပ်ကို အားထုတ်၍ နှစ်ယံအိပ်စက်ခွင့်ကို ပြုလေသည်။ ဒုတိယသုံးလ = အလယ်သုံးလအတွင်း၌ ညဉ့်သုံးယံတွင် နှစ်ယံ ဝိပဿနာအလုပ် အားထုတ်၍ တစ်ယံသာ အိပ်စက်ခွင့်ကို ပြုလေသည် (=အိပ် စက်လေသည်)၊ တတိယသုံးလ = အဆုံးသုံးလ၌ကား လုံးဝအိပ်စက်ခွင့် မပြုတော့ပဲ (=လုံးဝမအိပ်စက်တော့ပဲ) ညဉ့်သုံးယံပတ်လုံး ရဟန်းတရား အားထုတ်၍ စင်္ကြံလျှောက်ခြင်း ထိုင်ခြင်းဖြင့်သာလျှင် ခန္ဓာကိုယ်ကို မျှတစေ၏။ ဤနည်းကျင့်ကြံ၍မှ အရဟတ္တဖိုလ်ကို မရနိုင်သော ယောဂီရဟန်း၏ သန္တာန်ဝယ် “ငါသည် သီတင်းသုံးဖော်တို့နှင့် အတူတကွ ဝိသုဒ္ဓိပဝါရဏာကို ဖိတ်ကြားခြင်းငှါ မရအပ်လေစွာ့တကား”ဟု စဉ်းစား ဆင်ခြင်သည်ရှိသော် ရွာနီးလိုဏ်ကျောင်း = ဂါမန္တပဗ္ဘာရ၌ သီတင်းသုံးသော မဟာသီဝ မထေရ်မြတ်၏ သန္တာန်၌ကဲ့သို့

စာ ၁၄၈

နှလုံးမသာယာမှု = ဒေါမနဿ ဝေဒနာတရား ဖြစ်ပွါးလာတတ်၏၊ မျက်ရည်အယဉ်တို့ တသွင်သွင် ယိုစီးကျလာတတ်ကုန်၏။

မဟာသီဝမထေရ်ကြီးဝတ္ထု

သီဟိုဠ်ကျွန်းဝယ် မဟာသီဝမည်သော မထေရ်မြတ်ကြီးသည် ဂိုဏ်းကြီး တဆယ့်ရှစ်ဂိုဏ်း = ရဟန်းတော်ပေါင်း တဆယ့်ရှစ်သင်းတို့ကို စာပေပို့ချ နေထိုင်တော်မူ၏၊ ထိုမထေရ်မြတ်ကြီး၏ အဆုံးအမ ဩဝါဒ၌ တည်ကြ၍ ရဟန်းတော်ပေါင်း သုံးသောင်းတို့ အရဟတ္တဖိုလ်သို့ ရောက်တော်မူကြပြီး ဖြစ်လေသည်။ ထိုအခါ တပည့်ရဟန္တာပေါင်း သုံးသောင်းတို့အနက် ရဟန္တာတပါးသည် “ငါ၏သန္တာန်မှာ သီလ-စသော ဂုဏ်ကျေးဇူးတို့ကား မနှိုင်းယှဉ်နိုင်လောက်အောင်ပင် များမြောက်လှကုန်၏၊ ငါ၏ဆရာ မဟာသီဝ မထေရ်မြတ်ကြီး၏ သီလ-စသော ဂုဏ်ကျေးဇူးတို့ကား အဘယ်သို့နည်း”ဟု ဆင်ခြင်လေလျှင် ပုထုဇန်သာ ဖြစ်ရှိနေသေးသည်ကို မြင်၍ “ဩ.. ငါတို့၏ဆရာ မဟာသီဝ မထေရ်မြတ်ကြီးသည် သူတပါးတို့၏ မှီခိုကိုးစား အားထားရာသာဖြစ်၍ မိမိ၏ မှီခိုကိုးစား အားထားရာ ဖြစ်ဖို့ရန်ကား မတတ်နိုင်ရှာချေ၊ ငါသည် ငါတို့ဆရာ မဟာသီဝ မထေရ်မြတ်ကြီးအား အဆုံးအမ ဩဝါဒကို ပေးပေအံ့”ဟု ကြံစည်၍ ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီး၍ ကြွသွားပြီး ကျောင်းတိုက်၏အနီး၌ သက်ဆင်း၍ နေ့သန့်ရာအရပ်၌ ထိုင်နေတော်မူသော ဆရာဖြစ်သူ မဟာသီဝ မထေရ်မြတ်ကြီးအထံသို့ ဆည်းကပ်လျက် အရိုအသေ ဝတ်ပြုပြီးသော် အပြစ်လွတ်ရာ တနေရာ၌ ထိုင်နေလေ၏။

ထို့နောက် ဆရာတပည့်နှစ်ပါး အပြန်အလှန် အာလာပ, သလ္လာပ စကားပြောကြားတော်မူကြသည်မှာ-

(ဆရာ)

ငါ့ရှင် ပိဏ္ဍပါတိက = ပိဏ္ဍပါတ်ဓုတင်ဆောင်.. သင်သည် အဘယ်အကြောင်းကြောင့် လာရောက်သနည်း၊ (ရှေးမထေရ်တို့သည် ဝိပဿနာတရား အားထုတ်သော တပည့်များကို ပိဏ္ဍပါတိက = ပိဏ္ဍပါတ် ဓုတင်ဆောင် ငါ့ရှင်-ဟူ၍ ချစ်မြတ်နိုးစွာ ခေါ်ဝေါ်ကြလေသည်)။

(တပည့်)

အနုမောဒနာ တရားတပုဒ် သင်ယူရန် လာရောက်ပါသည် အရှင်ဘုရား..။

(ဆရာ)

အခွင့်ရနိုင်မည် မဟုတ်ချေ ငါ့ရှင်..။

စာ ၁၄၉

(တပည့်)

“ယနေ့ အဘယ်အရပ်သို့ ငါ ဆွမ်းခံသွားရပါမည်နည်း”ဟု ကြံစည်စဉ်းစားရာ တန်ဆောင်းဝန်း၌ အရှင်ဘုရား ရပ်တည်သောအခါ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုနေရာ၌ အခြားရဟန်းများ ပြသနာ မေးလျှောက်ကြသည် ငါ့ရှင်..။

(တပည့်)

ဆွမ်းခံကြွရာ လမ်းခရီး၌ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုနေရာ၌လည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် ငါ့ရှင်..။

(တပည့်)

သင်္ကန်းကို နှစ်ထပ်ပြု၍ ဝတ်ရာအရပ်, ၎င်း ရုံရာအရပ်, သပိတ်ကို (ဆွမ်းခံခါနီး) အိတ်မှထုတ်ရာဌာန, ရွာတွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ (မြို့တွင်း ရွာတွင်း) ဆွမ်းစားဇရပ်၌ ယာဂုသောက်တော်မူသောအခါ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုနေရာ၌လည်း အဋ္ဌကထာ၏ အနက်အဓိပ္ပါယ်ကို မေးမြန်းကြသော မထေရ်များ မိမိတို့ ယုံမှားသံသယကို ပယ်ဖျောက်ကြသည် ငါ့ရှင်..။

(တပည့်)

မြို့ရွာတွင်းမှ ဆွမ်းခံပြီး၍ ထွက်ကြွလာသောအခါ၌ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် ငါ့ရှင်..။

(တပည့်)

ဆွမ်းခံပြီး၍ ရွာမှ ကျောင်းသို့အပြန် လမ်းခရီးအကြား၌ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် ငါ့ရှင်..။

(တပည့်)

ကျောင်းတိုက်သို့ရောက်၍ ဆွမ်းစားကျောင်း၌ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ မေးမြန်းပါရစေ အရှင်ဘုရား..(ပ)၊ နေ့သန့်ရာအရပ်ဝယ် ခြေဆေးသောအခါ၌ မေးမြန်းပါရစေ အရှင်ဘုရား..။ မျက်နှာသစ်သောအခါ၌ မေးမြန်းပါရစေ အရှင်ဘုရား..။

စာ ၁၅၀

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် ငါ့ရှင်.. ထိုအချိန်မှစ၍ နောက်တနေ့ နေအရုဏ်တက်သည်တိုင်အောင် အခြား အခြား ရဟန်းများတို့ အကြားမလပ်အောင် ပြဿနာ မေးလျှောက်ကြသည် ငါ့ရှင်..။

(တပည့်)

အရုဏ်တက်၍ ဒန်ပူကိုစားပြီးလျှင် မျက်နှာသစ်ရန် ကြွသွားသောအခါ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် (အခွင့်မရနိုင်ဘူး) ငါ့ရှင်..။

(တပည့်)

မျက်နှာသစ်ပြီး၍ ကျောင်းတွင်းသို့ ပြန်လာသောအခါ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် (အခွင့်မရနိုင်ဘူး) ငါ့ရှင်..။

(တပည့်)

ကျောင်းတွင်းသို့ဝင်၍ ထိုင်နေသောအခါ မေးမြန်းပါရစေ အရှင်ဘုရား..။

(ဆရာ)

ထိုအချိန်မှာလည်း အခြားရဟန်းများ ပြဿနာ မေးလျှောက်ကြသည် (အခွင့်မရနိုင်ဘူး) ငါ့ရှင်..။

(တပည့်)

အရှင်ဘုရား.. တကယ်ဆိုလျှင် မျက်နှာသစ်ပြီး၍ ကျောင်းတွင်းသို့ဝင်လျက် ထက်ဝယ်တင်ပလ္လင်ခွေ သုံးလေးကြိမ်မျှ ပြောင်းလဲကာ ကိုယ်ငွေ့ကို ယူကြပြီးလျှင် ကမ္မဋ္ဌာန်းနှလုံး ကျင့်သုံးမှုပြုကြသော အရှင်ဘုရားတို့အဖို့ရာ အခွင့်ရနိုင်သောအချိန် ရှိသင့်ပါသည်။ ဤအတိုင်းသာဆိုလျှင် အရှင်ဘုရားတို့သည် သေရမည့်အချိန်ကိုလည်း မရနိုင်ကြတော့ဘူးလော၊ အရှင်ဘုရား.. အရှင်ဘုရားတို့သည် မှီရာတံကဲပျဉ်နှင့် တူတော်မူကြကုန်၏၊ သူတပါး၏ မှီရာသာဖြစ်၍ မိမိ၏ မှီခိုအားထားရာ ဖြစ်ကြရန်ကား မတတ်နိုင်ကြကုန်၊ တပည့်တော်အား အရှင်ဘုရားတို့အထံမှ အနုမောဒနာတရား သင်ကြားဖို့ရန် အမှန်စင်စစ် အလိုမရှိပါဘုရား..။

(ဤကဲ့သို့) တပည့်ရဟန္တာ မထေရ်မြတ်သည် သတိပေးစကား ပြောကြား လျှောက်ထား၍ ကောင်းကင်သို့ ပျံတက်ကာ ကြွသွားတော်မူလေ၏။

စာ ၁၅၁

မဟာသီဝမထေရ်ကြီး တောထွက်ခြင်း

မဟာသီဝမထေရ်ကြီးသည် “ဤရဟန်း၏အဖို့ရာ ပရိယတ်ဖြင့် ပြုဖွယ်ကိစ္စမရှိ၊ စင်စစ်သော်ကား ဤရဟန်းသည် ငါ့အတွက်တာ ဆုံးမနှိပ်ကွပ်ကြောင်း ချွန်းတောင်းသဖွယ် ဖြစ်ပေအံ့ဟု ရည်ရွယ်ကာ လာရောက်လေသည်”ဟု အမှန်အတိုင်း စဉ်းစားသိရှိ၍ “ယခုအခါ တောထွက်သွားရန် အခွင့်မဖြစ်နိုင်သေးပေ၊ မိုးသောက်ထအခါမှ ငါ တောထွက်၍ သွားပေအံ့”ဟု ကြံစည်၍ သပိတ်သင်္ကန်းများကို အနီး၌ အသင့်ထား ပြီးလျှင် တနေ့ပတ်လုံး၎င်း, ပဌမယံနှင့် မဇ္ဈိမယံပတ်လုံး၎င်း, ကျမ်းဂန်စာပေပို့ချ၍ မိုးသောက်ယံ ရောက်သောအခါ မထေရ်တပါး ပါဠိသင်ပြီး၍ ထွက်လတ်သော် အသင့်ပြင်ထားသော သပိတ်သင်္ကန်းကို ယူဆောင်၍ ထိုပါဠိသင်မထေရ်နှင့် အတူတကွပင် (စာသင်သော ရဟန်းတပါးအသွင်ဖြင့်) ထွက်ခဲ့လေ၏။

စာသင်ဖို့ရန် အသင့်ရောက်ရှိ ထိုင်နေကြသော တပည့်ရဟန်းတို့သည် “ငါတို့ဆရာ မဟာသီဝမထေရ်မြတ်သည် တစုံတရာ ကိုယ်လက်သုတ်သင်ရန် ကိစ္စဖြင့် ခေတ္တ အပြင်သို့ ထွက်သွားသည်”ဟူ၍သာ အောက်မေ့ မှတ်ထင်ကြကုန်၏။ အတူတကွ ထွက်ကြွသွားသော ပါဠိသင်သည့် မထေရ်ကလည်း “ဆရာတူ ရဟန်းတပါးပင်”ဟု မှတ်ထင်လေသည်။ (မိမိ၏ဆရာ မဟာသီဝမထေရ်ဟူ၍ မသိချေ)။

မဟာသီဝ မထေရ်မြတ်ကြီးသည်ကား “ငါကဲ့သို့သော ပုဂ္ဂိုလ်အား အရဟတ္တဖိုလ်မည်သည် အဘယ်မှာ ရခဲအံ့နည်း၊ နှစ်ရက် သုံးရက်ဖြင့်ပင် ငါသည် အရဟတ္တဖိုလ်ရောက် ကျင့်ဆောက်ကြိုးကုတ် အားထုတ်ပြီးလျှင် ပြန်လာအံ့”ဟူ၍ ကြံစည် စဉ်းစားတော်မူ၍ တပည့်များအား ပန်ကြားမှု ပြုတော်မမူပဲ ဝါဆိုလဆန်း တဆယ့်သုံးရက်နေ့၌ တောထွက် ကြွသွားတော်မူ၍ ဂါမန္တပဗ္ဘာရ = ရွာနီးလိုဏ်ကျောင်းသို့ ကြွသွားတော်မူလျက် စင်္ကြံထက်သို့တက်၍ ကမ္မဋ္ဌာန်းနှလုံး ကျင့်သုံးတော်မူလေရာ ထိုနေ့၌ အရဟတ္တဖိုလ်ကို ရယူဖို့ရန် မတတ်နိုင်ပဲ ရှိလေ၏။ လပြည့်ဥပုသ်နေ့သို့ ရောက်လတ်သော် “ငါသည် နှစ်ရက်သုံးရက်ဖြင့် အရဟတ္တဖိုလ်ကို အရယူမည်ဟု လာခဲ့၏၊ သို့သော် အရယူခြင်းငှါ မစွမ်းနိုင်ပါတကား၊ (ဝါတွင်းသုံးလတို့ကို သုံးရက်လောက် နှလုံးထားတော်မူကာ) သီတင်းကျွတ်လပြည့် = မဟာပဝါရဏာနေ့တိုင်လျှင် သိရောပေါ့”ဟု အားတင်း ကြံစည်တော်မူကာ ထိုနှစ်ဝါတွင်း ထိုကျောင်း၌ပင် ဝါကပ်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ပါသော်လည်း အရဟတ္တဖိုလ်ကို ရယူဖို့ရန် မတတ်နိုင်ပဲ ရှိပြန်လေ၏။

စာ ၁၅၂

သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့သို့ ရောက်လတ်သော် “ဩ.. ငါသည် နှစ်ရက် သုံးရက်ဖြင့် အရယူမည်ဟု လာခဲ့၏၊ ဝါတွင်းသုံးလဖြင့်လည်း အရဟတ္တဖိုလ်ကို အရယူခြင်းငှါ မစွမ်းနိုင်ပါတကား၊ ငါ၏ သီတင်းသုံးဖော် သံဃာတော်တို့သည်ကား ဝိသုဒ္ဓိပဝါရဏာ (=အာသဝေါကုန်ခန်း ရဟန္တာအရှင်မြတ်တို့၏ ဖိတ်ကြားမှု = ပဝါရဏာ)ကို ပြုတော်မူကြ၏”ဟူ၍ ကြံစည် စဉ်းစားတော်မူလေ၏။ ထိုသို့ ကြံစည်သောအခါ မထေရ်မြတ်ကြီးမှာ မျက်ရည်အယဉ်တို့ တသွင်သွင်ယိုစီး၍ ကျလာကုန်၏။

ထို့နောက် “ညောင်စောင်း= ခဋင်၌ လျောင်း, ထိုင်, ရပ်, သွား = ဣရိယာပုထ် လေးပါးတို့ဖြင့် အလှည့်အလည် နေထိုင်သော ငါ့အဖို့ရာ မဂ်ဖိုလ်တရားများ ဖြစ်ပွါးလိမ့်မည်မဟုတ်၊ အရဟတ္တဖိုလ်သို့ မရောက်သေးသမျှ ငါသည် ညောင်စောင်း = ခဋင်၌ ကျောက်(ကျောပြင်)ကို မဆန့်တော့အံ့၊ ခြေတို့ကိုလည်း မဆေးကြောတော့အံ့”ဟု ကြံစည်တော်မူ၍ ညောင်စောင်း = ခဋင်ကို သင့်လျော်ရာနေရာ၌ ထောင်၍ထားလေ၏။ နောက်တဖန် ဝါတွင်းသို့ ရောက်ခဲ့ပြန်ပြီ၊ သို့သော် မဟာသီဝ မထေရ်မြတ်ကြီးကား အရဟတ္တဖိုလ်ကို ရယူဖို့ရန် မစွမ်းနိုင်သေးပဲသာလျှင် ရှိချေ၏။ နှစ်အလိုအားဖြင့် နှစ်ဆယ့်ကိုးနှစ် (ပဝါရဏာအလိုအားဖြင့် ပဝါရဏာပြုရသည့် အကြိမ်ပေါင်း နှစ်ဆယ့်ကိုးကြိမ်)တို့၌ မျက်ရည်အယဉ်တို့ တသွင်သွင်ယိုစီး၍ ကျလာကုန်၏။

ရွာသားသူငယ်တို့သည် မဟာသီဝ မထေရ်မြတ်ကြီး၏ ခြေတော်နှစ်ဖက်တို့၌ ကွဲအက်သောနေရာများကို ဆူးတို့ဖြင့် ချုပ်စပ်၍ ပေးကြကုန်၏။ တယောက်နှင့် တယောက် မြူထူးကျီစယ် ပြက်ရယ်မှု ပြုကြသော အခါမှာလည်း “အရှင်မဟာသီဝ မထေရ်မြတ်ကြီး၏ ခြေများကဲ့သို့ ငါတို့ခြေများသည်လည်း ကွဲအက်သည်သာ ဖြစ်ပါစေကုန်သတည်း”ဟု မြူထူးကျီစယ် ပြက်ရယ်မှု ပြုကြလေသည်။

စာသား — dhammadownload.com — မဟာဗုဒ္ဓဝင် (အတွဲ ၅၊ စာ ၆၁)