ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၅) သမုဒယသစ္စာတရားတော်
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၀၇

ယာယံ တဏှာ ပေါနောဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ,

သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

ဣဒံ အယံ တဏှာ- ဤတဏှာသည်၊ သေယျထာ ကတမာ- အဘယ်နည်းဟူမူကား၊ ကာမတဏှာ- ကာမအာရုံ ကာမဂုဏ်တို့၌ တပ်မက်နှစ်သက်သော တဏှာလည်းကောင်း၊ ဘဝတဏှာ- ဘဝ၌ တပ်မက်နှစ်သက်သော တဏှာလည်းကောင်း၊ ဝိဘဝတဏှာ- ဘဝကင်းပြတ်သည်၌ တပ်မက်နှစ်သက်သော တဏှာလည်းကောင်း၊ ဣတိ-ဤ ၃-ပါးတို့တည်း။

တဏှာက ချစ်ဖွယ်, သာယာဖွယ်တွေမှာ သက်ဝင် ပြီးဖြစ်တယ်

သာ ခေါ ပနေသာ ဘိက္ခဝေ တဏှာ ကတ္ထ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ကတ္ထ

နိဝိသမာနာ နိဝိသတိ။

သာ ခေါ ပနေသာ တဏှာ- ထိုတဏှာသည်၊ ဥပ္ပဇ္ဇမာနာ- ဖြစ်ခဲ့သည် ရှိသော်၊ကတ္ထ- အဘယ်၌၊ ဥပ္ပဇ္ဇတိ- ဖြစ်ပါသနည်း၊ နိဝိသမာနာ- သက်ဝင်ကိန်းဝပ်ခဲ့သည်ရှိသော်၊ ကတ္ထ- အဘယ်၌၊ နိဝိသတိ- သက်ဝင်ကိန်းဝပ်ပါသနည်း။

ဤတဏှာဟာ ဖြစ်တဲ့အခါ ဘယ်မှာ ဖြစ်သလဲ, ကိန်းရင်လည်း ဘယ်မှာ ကိန်းသလဲလို့ မေးတော့-

ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊

ဧတ္ထ နိဝိသမာနာ နိဝိသတိ။

လောကေ- လောက၌၊ ယံ ပိယရူပံ- အကြင်ချစ်ခင်ဖွယ်သဘောသည်၊ ယံသာတရူပံ- အကြင်သာယာဖွယ်သဘောသည်၊ အတ္ထိ- ရှိ၏၊ ဧသာ တဏှာ- ဤတဏှာသည်၊ ဥပ္ပဇ္ဇမာနာ- ဖြစ်ခဲ့သည်ရှိသော်၊ ဧတ္ထ- ဤချစ်ဖွယ် သာယာဖွယ် သဘော၌၊ဥပ္ပဇ္ဇတိ- ဖြစ်၏၊ နိဝိသမာနာ- ကိန်းခဲ့သည်ရှိသော်၊ ဧတ္ထ- ဤချစ်ဖွယ် သာယာဖွယ်သဘော၌၊ နိဝိသတိ- ကိန်း၏။

လောကမှာ ချစ်စရာ, နှစ်သက်စရာ, သာယာစရာ ကောင်းတာတွေ ရှိတယ်,တဏှာက ဖြစ်ရင် အဲဒီမှာ ဖြစ်တာတဲ့။ တဏှာက မုန်းစရာကောင်းတဲ့ အာရုံဝတ္ထုတွေမှာတော့ မဖြစ်ဘူး။ “ပိယရူပ သာတရူပ” ချစ်ခင်နှစ်သက် သာယာဖွယ်ဖြစ်တဲ့ အာရုံ

စာ ၁၀၈

ကောင်းလေးတွေ, အဲဒါကို သင်္ဂြိုဟ်ကျမ်းမှာ “ဣဋ္ဌာရုံ”လို့ ခေါ်တယ်, အလိုရှိအပ်တဲ့အာရုံပါပဲ။

ဣဋ္ဌာရုံ နှစ်မျိုးရှိတယ်

ဣဋ္ဌာရုံဟာ သဘာဝဣဋ္ဌာရုံနဲ့ ပရိကပ္ပဣဋ္ဌာရုံ ၂-မျိုး ရှိတယ်။ သဘာဝဣဋ္ဌာရုံဆိုတာ သူ့ပင်ကိုရင်းက အလိုရှိစရာ ကောင်းနေတာ။ ပင်ကိုရင်းတိုင်း ကောင်းနေတယ်,ဘာမှ ပြုပြင်စရာ မရှိဘူး။ ပင်ကိုယ်ရင်းက မကောင်းပေမယ်လို့ ပုဂ္ဂိုလ်တစ်ယောက်ယောက်က သူ့စိတ်ကူးထဲ ကောင်းနေတာကို ပရိကပ္ပဣဋ္ဌာရုံ ခေါ်တယ်။

အဲဒီနှစ်မျိုးလုံးဟာ “ပိယရုပ် သာတရုပ်”ခေါ်တယ်, ချစ်ဖွယ် နှစ်သက်ဖွယ်ဖြစ်တဲ့အာရုံတဲ့, သဘာဝ ပင်ကိုရင်းအတိုင်း ကောင်းတာကလည်းပဲ ချစ်ဖွယ်နှစ်သက်ဖွယ်ပဲတဲ့။ အားလုံးသောပုဂ္ဂိုလ်တွေအတွက် ချစ်ဖွယ် နှစ်သက်ဖွယ် ဖြစ်တယ်, ပရိကပ္ပဣဋ္ဌာရုံဆိုတာကလည်း ကြိုက်တဲ့ပုဂ္ဂိုလ်တွေအဖို့ ကောင်းနေတာပဲ။ ဒီ သမုဒယသစ္စာခေါ်တဲ့တဏှာက ဖြစ်ရင် အဲဒီ ချစ်စရာ, သာယာစရာ အာရုံကလေးတွေနဲ့ တွေ့ရင် ဖြစ်တတ်တယ်တဲ့။ ဒါကြောင့်-

ကိဉ္စ လောကေ ပိယရူပံ သာတရူပံ၊ စက္ခု လောကေ ပိယရူပံ သာတရူပံ၊

ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ၊

“သောတံ လောကေ။ (ပ) ဃာနံ လောကေ။ ဇိဝှါ လောကေ။ ကာယော

လောကေ။ မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ

ဥပ္ပဇ္ဇတိ ဧတ္ထ နိဝိသမာနာ နိဝိသတိ။” လို့ ဟောတော်မူပါတယ်။

ဘိက္ခဝေ- ရဟန်းတို့၊ လောကေ- လောက၌၊ ပိယရူပံ သာတရူပံ- ချစ်ဖွယ်သာယာဖွယ်သဘောသည်၊ ကိဉ္စ- အဘယ်ပါနည်းဟူမူကား၊ ဘိက္ခဝေ- ရဟန်းတို့၊လောကေ- လောက၌၊ စက္ခု- မျက်စိသည်၊ သောတံ- နားသည်၊ ဃာနံ- နှာခေါင်းသည်၊ ဇိဝှါ- လျှာသည်၊ ကာယော- ကိုယ်သည်၊ မနော- စိတ်သည်၊ ပိယရူပံသာတရူပံ- ချစ်ဖွယ် သာယာဖွယ်သဘောသည်၊ ဟောတိ- ဖြစ်၏၊ ဧသာ တဏှာ- ဤတဏှာသည်၊ ဥပ္ပဇ္ဇမာနာ- ဖြစ်ခဲ့သည်ရှိသော်၊ ဧတ္ထ- ဤချစ်ဖွယ် သာယာဖွယ်ဖြစ်သောမျက်စိ အစရှိသည်၌၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ နိဝိသမာနာ- ကိန်းဝပ်ခဲ့သည်ရှိသော်၊ ဧတ္ထ-ဤချစ်ဖွယ်သာယာဖွယ်သဘောဖြစ်သော မျက်စိအစရှိသည်၌၊ နိဝိသတိ- ကိန်းဝပ်၏။

စာ ၁၀၉

ချစ်ဖွယ် သာယာဖွယ်သဘောက အာရုံ ၆-ပါးမှာ ဖြစ်တယ်

အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, သဘော, အာရုံ ၆-ပါးဆိုတာကိုယ့်သန္တာန်ကဖြစ်စေ, သူများသန္တာန်ကဖြစ်စေ ချစ်ဖွယ် သာယာဖွယ်တွေပဲတဲ့။ တဏှာဖြစ်ရင် ဒီ အာရုံ ၆-ပါးမှာ ဖြစ်တာတဲ့။

“ရူပံ လောကေ ပိယရူပံ သာတရူပံ”စသည်ဖြင့် မျက်စိဖြင့် မြင်ရတဲ့အဆင်းဟာတကယ် လှပနေတာလည်း ရှိတယ်။ ကိုယ့်အဆင်းက လှပနေလို့ တင့်တယ်နေလို့ချစ်ဖွယ် သာယာဖွယ် ကောင်းနေတာလည်း ရှိတယ်။ သူတစ်ပါးအဆင်းက လှပနေလို့ချစ်ဖွယ် သာယာဖွယ် ကောင်းနေတာလည်း ရှိတယ်။ ဘေးကပုဂ္ဂိုလ်တွေအနေနဲ့ ချစ်စရာ သာယာစရာ မကောင်းပေမယ်လို့ တစ်ဦးတစ်ယောက်သောပုဂ္ဂိုလ်က သဘောကျနေတယ်, မြတ်နိုးနေတယ်, ဒီလိုတွေလည်း ရှိသေးတာကိုး။

ထို့အတူ အသံအာရုံတွေ, အနံ့အာရုံတွေ, အရသာအာရုံတွေ, အတွေ့အထိအာရုံတွေ, သဘောအာရုံတွေမှာလည်း ချစ်ဖွယ် သာယာဖွယ် ကောင်းနေတာတွေ ရှိတယ်။တဏှာက ဖြစ်ရင် ကိုယ့်သန္တာန်, သူများသန္တာန်မှာ ဖြစ်တဲ့ အဆင်းတွေကို သာယာနှစ်သက်ပြီး ဖြစ်တယ်။ ကိုယ့်သန္တာန်, သူများသန္တာန်မှာ ဖြစ်တဲ့ အသံတွေ, အနံ့,အရသာ, အတွေ့, သဘောအာရုံတွေကို သာယာနှစ်သက်ပြီးတော့ ဖြစ်တယ်။ သဘောအာရုံတွေဆိုတာ အသက်ရှည်နေတာတို့, အသိ အလိမ္မာ ပညာနဲ့ ပြည့်စုံနေတာ စသည်ဖြင့် သာယာစရာတွေ အများကြီး ရှိပါတယ်။

တဏှာ ၁၀၈-ပါး

အဲဒီ တဏှာ ၁၀ဂ-ပါးတွက်ပုံက အာရုံ ၆-ပါးတင် တွက်ပါတယ်။ အဆင်း,အသံ, အနံ့, အရသာ, အတွေ့, သဘော, အာရုံ ၆-ပါးကို သာယာတာဆိုတော့ တဏှာ၆-ပါး ရသွားပြီ။ ဒီတဏှာ ၆-ပါးဟာ ကာမတဏှာလည်း ရှိတယ်, ဘဝတဏှာလည်းရှိတယ်, ဝိဘဝတဏှာလည်း ရှိတယ်ဆိုတော့ ၆-သုံးလီ ၁၈-ရပြီ, အဲဒီ ၁၈-က မိမိကိုယ်တွင်းသန္တာန်က ဒီလို ၁၈-ခု ဖြစ်နိုင်တယ်, သူများသန္တာန်က အာရုံ ၆-ပါးအကြောင်းပြုပြီးလည်း ၁၈-ခု ဖြစ်နိုင်တော့ နှစ်ခုပေါင်းလိုက်တော့ကို ၃၆-ရပြီ။ အဲဒီ၃၆-က အတိတ်ကာလကလည်း ဖြစ်ခဲ့ပြီတဲ့, ယခုပစ္စုပ္ပန်လည်း ၃၆-ဖြစ်တယ်တဲ့, နောင်အနာဂတ် ကာလတွေလည်း ၃၆-ဖြစ်ဦးမယ်တဲ့ ၁၀၈-ပါး, အဲဒါတဏှာ ၁၀၈-ပါးကိုအဋ္ဌကထာက ဒီလောက် တွက်တယ်။

စာ ၁၁၀

တဏှာဆိုတဲ့ တရားဟာ နေရာတကာမှာ ပါတယ်

ဒီဟာကို အဋ္ဌကထာက အာရုံ ၆-ပါးနဲ့ စပ်ပြီးတော့ တိုက်ရိုက်တွက်ပြထားတာကိုယ့်မျက်စိကို အကြောင်းပြုပြီးတော့လည်း တဏှာလေးတစ်ခု ဖြစ်နိုင်တာပဲ, နားကိုအကြောင်းပြုပြီးတော့လည်း တဏှာဖြစ်တယ်, ဒွါရ ၆-ပါးကနေ ၆-မျိုး ဖြစ်နိုင်တယ်,တစ်ခါ အာရုံ ၆-ပါးနဲ့ စပ်ပြီးတော့လည်း သာယာပြီးဖြစ်မယ်ဆိုရင် အဲဒီက ၆-မျိုး,ပြီးတော့ ဝိညာဏ် ၆-ပါးနဲ့ မြင်သိမှု, ကြားသိမှုတွေနဲ့ စပ်ပြီးတော့လည်း ဖြစ်ဦးမှာကို,ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, သညာ ၆-ပါး, စေတနာ ၆-ပါး, တဏှာ ၆-ပါး, ဝိတက်၆-ပါး, ဝိစာရ ၆-ပါး စသည်ဖြင့် တဏှာဖြစ်စရာတွေ အများကြီးကို ရှိတယ်။

တဏှာဖြစ်စရာတွေ, တဏှာတွယ်စရာတွေက အလွန်များတယ်။ ညောင်ပင်များအမြစ်တွယ်တာလို သူ့အမြစ်ကလေးတွေက ဟိုတွယ်ဒီတွယ်နဲ့ ပွားလာလိုက်တာ အလွန်ပဲ။ အဲဒါလို ဒီတဏှာက နေရာတကာ ဖမ်းပြီး တွယ်ထားတာကိုး, ဒီလို ဖမ်းတွယ်ထားတော့ သေခါနီးကျ တစ်ခု မမိ တစ်ခုမိတော့တာပေါ့, သေခါနီး တစ်ခုခုကို စွဲပြီးဘဝသစ် ဖြစ်တယ်။

အတွင်းရော, အပြင်ရော နေရာတကာမှာ ရှုပ်နေတာက တဏှာပါပဲ

ဒါကြောင့်မို့ သံသရာကြီးမှာ သတ္တဝါတွေဟာ သူ့အလိုလိုတော့ ဆင်းရဲ မငြိမ်းနိုင်ဘူးတဲ့, ဒီတဏှာ ငြိမ်းအောင်လို့ အားထုတ်မှ ဆင်းရဲငြိမ်းမှာကိုး။ ဒါကြောင့် မြတ်စွာဘုရားလက်ထက်တော်အခါကာလ ဗြဟ္မာတစ်ဦးက လာပြီးတော့ မေးတယ်။

အန္တောဇဋာ ဗဟိဇဋာ, ဇဋာယ ဇဋိတာ ပဇာ။

တံ တံ ဂေါတမ ပုစ္ဆာမိ, ကော ဣမံ ဝိဇဋယေ ဇဋံ။

ဂေါတမ- ဂေါတမအနွယ်ဖွား မြတ်စွာဘုရား၊ အန္တောဇဋာ- အတွင်း၌ဖြစ်သောအရှုပ်အထွေးလည်းကောင်း၊ ဗဟိဇဋာ- အပ၌ဖြစ်သော အရှုပ်အထွေးလည်းကောင်း၊ဇဋာယ- အတွင်းအပ အရှုပ်အထွေးဖြင့်၊ အယံ ပဇာ- ဤသတ္တဝါအပေါင်းကို၊ ဇဋိတာ-ရှုပ်ထွေးအပ်ပါတော့သည် အရှင်ဘုရား။

တဏှာတွေ အမြစ်တွယ်နေလို့ အတွင်းနဲ့စပ်ပြီး ကြည့်လိုက်ရင် အရှုပ်အထွေးတွေတဲ့, အတွင်းဘက်ကလည်း မရှင်းဘူးတဲ့, အပြင်ဘက်နဲ့စပ်ပြီးလည်း မရှင်းဘူးတဲ့, ရှုပ်ထွေးနေတာပဲတဲ့။

စာ ၁၁၁

အတွင်းဘက် ကိုယ့်သန္တာန်ကနေပြီးတော့ မျက်စိလည်း သာယာ, နားလည်းသာယာ, အဆင်းလည်း သာယာ, မြင်တာလည်း သာယာ, ကြားတာလည်း သာယာ,အကုန်လုံး လျှောက်သာယာနေတယ်။ မြင်လို့ကောင်းတာတွေ, ကြားလို့ ကောင်းတာတွေ, ရှေးက ပျော်ခဲ့တာတွေ, အခု ပျော်တာတွေလည်း သာယာနေတယ်။ အဲဒီတော့အတွင်းမှာလည်းပဲ ရှုပ်နေပါတယ်တဲ့။ အပြင်က သူတစ်ပါးသန္တာန်မှာ ရှိတဲ့ အာရုံတွေနဲ့စပ်ပြီးတော့လည်း ဒီတဏှာက ရှုပ်ထွေးနေတာပဲတဲ့, ဒီတဏှာက အကုန်သာယာတာပဲ။

တဏှာတည်းဟူသော အရှုပ်အထွေးကို ဖြေရှင်းနိုင်ပုံ

တသ္မာ- ထို့ကြောင့်၊ တံ- အရှင်ဘုရားကို၊ ပုစ္ဆာမိ- မေးမြန်းလျှောက်ထားပါ၏၊ဣမံ ဇဋံ- ဤအရှုပ်အထွေးကို၊ ကော- အဘယ်ပုဂ္ဂိုလ်သည်၊ ဝိဇဋယေ- ဖြေရှင်းနိုင်ပါသနည်း အရှင်ဘုရား။

ရှုပ်ထွေးနေပါပြီတဲ့, ဒီအရှုပ်အထွေး ဘယ်သူ ရှင်းနိုင်ပါမတုံးလို့ မေးလျှောက်တော့ မြတ်စွာဘုရားက ဖြေထားတယ်။ အဲဒီဂါထာလေး ယူပြီးတော့ ဝိသုဒ္ဓိမဂ်ဆရာကဝိသုဒ္ဓိမဂ်ကျမ်းကြီးတစ်ကျမ်း ရေးထားတာကိုး။

သီလေ ပတိဋ္ဌာယ နရော သပညော, စိတ္တံ ပညဉ္စ ဘာဝယံ။ အာတာပီ နိပကော ဘိက္ခု၊ သော ဣမံ ဝိဇဋယေ ဇဋံ။

ဘုရားက ဒီဂါထာလေး ဖြေထားတယ်, နောက်လည်းပဲ ဖြေရှင်းပြီးသား ပုဂ္ဂိုလ်တွေအကြောင်း ဆက်ပြီးတော့ ဖြေရှင်းသွားပါတယ်, ဒါက ကျင့်တဲ့ပုဂ္ဂိုလ်ကို ရည်ပြီးတော့ ဂါထာလေးတစ်ဂါထာပဲ ဖြေထားတယ်။

သပညော- ပဋိသန္ဓေပညာနှင့်ပြည့်စုံသော၊ နရော- ပုဂ္ဂိုလ်သည်၊ သီလေ-သီလ၌၊ ပတိဋ္ဌာယ- တည်၍၊ အာတာပီ- ကိလေသာတည်းဟူသော အစိုဓာတ်ကိုပူလောင်သွေ့ခြောက် ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန်လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍၊ နိပကော- ကျွမ်းကျင်လိမ္မာမှုရှိသည်ဖြစ်၍၊ စိတ္တဉ္စ- စိတ်တည်ကြည်မှု သမာဓိကိုလည်းကောင်း၊ ပညဉ္စ- အသိဉာဏ်ပညာကို လည်းကောင်း၊ ဘာဝယန္တော- ပွားစေသည်ရှိသော်၊ သော- ထိုသို့သဘောရှိသော၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်၊ ဣမံ ဇဋံ- ဤတဏှာတည်းဟူသော အရှုပ်အထွေးကို၊ ဣမံ ဇဋံ- သင် ဗြဟ္မာမင်းလျှောက်သော ဤတဏှာတည်းဟူသော အရှုပ်အထွေးကို၊ ဝိဇဋယေ- ဖြေရှင်းနိုင်ပါ၏။

စာ ၁၁၂

သပညော- ပဋိသန္ဓေပညာလေးတော့ ရှိရမယ်တဲ့, ပညာ လုံးလုံးမရှိတဲ့ ပုဂ္ဂိုလ်တော့လည်း အားထုတ်လို့ မဖြစ်ပေဘူး။ တိရစ္ဆာန်တွေဆို ပဋိသန္ဓေပညာ မရှိလို့မဖြစ်ဘူး, လူပုဂ္ဂိုလ်ထဲမှာလည်းပဲ ပဋိသန္ဓေက ပညာ ပါမလာတဲ့ပုဂ္ဂိုလ် အဟိတ်ပုဂ္ဂိုလ်,ဒွိဟိတ်ပုဂ္ဂိုလ်တို့ကလည်း ပညာမရှိလို့ မဖြစ်ဘူး။ တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရမယ်လို့ ဆိုလိုတယ်, ဒီ ပဋိသန္ဓေပညာ ရှိရမယ်တဲ့။

ပညာရှိပုဂ္ဂိုလ်ဟာ သီလတည်ရမယ် , ကိုယ်ကျင့်သီလနဲ့ ပြည့်စုံရမယ်တဲ့။ ဖြစ်ပြီးသား အကုသိုလ်တွေ ပယ်နိုင်အောင် အားထုတ်မှု, မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်နိုင်အောင် အားထုတ်မှု, မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် အားထုတ်မှု, ဖြစ်ပြီးသား ကုသိုလ်တွေ ပွားများအောင် အားထုတ်မှု, သမ္မပ္ပဓာန်ကိစ္စ ၄-ခုနဲ့ အားထုတ်နေလို့ရှိရင် ကိလေသာတွေ ပူလောင် ခြောက်သွေ့ ကင်းပျောက်စေတတ်တယ်တဲ့။

ယခု တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ အဲဒီအတိုင်း အားထုတ်ရတာ, ဒီအတိုင်းအားမထုတ်ရင် ဖြစ်ကို မဖြစ်နိုင်ဘူး, သမ္မပ္ပဓာန်လုံ့လနဲ့ မပြတ်မှတ်နေရတာ, ဒွါရ ၆-ပါးက ပေါ်တိုင်းပေါ်တိုင်း အကုန်လုံး မှတ်နေရတာ, ရှုနေရတာ, ဒီလိုရှုပြီးတော့နေရင်ကိလေသာတွေ ဘယ်ဝင်ခွင့်ရမလဲ။ ဒီအထဲကနေပြီးတော့ မတော်တဆ စဥ်းစားမိလို့အကုသိုလ်ကိလေသာ ဖြစ်ရင် အဲဒီဟာလေးလည်း ရှုမှတ်ပြီး ပယ်လိုက်တော့ ပျောက်သွားတာပဲ, အဲဒါ သမ္မပ္ပဓာန်လုံ့လနဲ့ ပြည့်စုံတာတဲ့။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်က နည်းနည်း အကင်း ပါးရသေးတယ်, ကျွမ်းကျင်မှုလည်း နည်းနည်း ရှိရဦးမယ်တဲ့။ ဒီလိုမှတ်ရင် ကောင်းတယ်, ဟိုလိုမှတ်ရင် ကောင်းတယ်, အဲဒါ “ပါရိဟာရိယပညာ” ခေါ်တယ်, ဆရာသမားနဲ့ အားထုတ်တဲ့ ပုဂ္ဂိုလ်ကတော့ ညွှန်ကြားတဲ့အတိုင်း အားထုတ်နေရင် ကျွမ်းကျင်မှုလေးတွေ ရှိပါတယ်။

သမာဓိစိတ်ကလေး တည်ငြိမ်တဲ့စိတ်ကလေး ဖြစ်အောင်လို့ ပွားစေရမယ်, ပြီးတော့ မိမိတို့သန္တာန်မှာ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်တွေဟာ မြင်တဲ့အခိုက်အတန့် ဘာတွေ ဖြစ်သလဲ, ကြားတဲ့အခိုက်အတန့် ဘာတွေ ဖြစ်သလဲ, ဘယ်လိုဖြစ်သလဲ, ဘယ်လို ပျက်သလဲ, တကယ်အစစ်အမှန် ပညာ ဖြစ်စေရမယ်တဲ့။ ဒီဥစ္စာတွေ သိတဲ့ပညာကို “ဝိပဿနာပညာ”ခေါ်တာပဲ။

စာ ၁၁၃

မြင်တဲ့ အခိုက်အတန့်မှာ မျက်စိရုပ် ရှိတယ်, မြင်ရတဲ့ အဆင်းရုပ် ရှိတယ်, မြင်သိတဲ့ နာမ်တရား ရှိတယ်, ဒီ ၃-ခုပဲ ရှိတယ်, ဒီ့ပြင် ဘာမှ မရှိဘူး။ ဒီ ၃-ခု နုတ်ပစ်လိုက်လို့ရှိရင် ဒီအခိုက်အတန့်မှာ ဘာမှ စွဲလမ်းစရာ မရှိဘူး, မြင်တတ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး, ဒီတရားလေး ၃-ခုကလည်း စောစောက မရှိဘူး, အဲဒီမြင်တဲ့ အခိုက်အတန့်လေးမှာ ဖြစ်ပြီးတော့ ပျောက်သွားပြီ, မရှိတော့ဘူး။ ဒီတော့ မမြဲတဲ့တရားပဲ, ဖြစ်ပြီးတော့ပျက်သွားလို့ ဆင်းရဲတရားပဲ, သူ့သဘောအတိုင်း သူ့ဟာသူ ဖြစ်ပျက်လို့ အနတ္တတရားပဲ,သဘောတရားမျှပဲ, ဒီအမှန်လေး သိရမှာကိုး။ အဲဒါလေး သိရအောင်လို့ ဒွါရ ၆-ပါးကပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေ အကုန်လုံး လိုက်ပြီးတော့ မှတ်နေရတယ်, အဲဒီဝိပဿနာပညာကို ဖြစ်ပွားစေရမယ်တဲ့။

မြတ်စွာဘုရားက ဖြေကြားတယ်, သင်ဗြဟ္မာ မေးတဲ့အတိုင်း အတွင်းလည်း ရှုပ်,အပြင်လည်း ရှုပ်နေတဲ့ ဒီတဏှာကို ဒီနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်, ဒီနည်းနဲ့သာအားထုတ်ပါတဲ့။

ဖြစ်တိုင်းဖြစ်တိုင်း ရှုနေရင် တဏှာက ဝင်စရာ ဘယ်ရှိတော့မလဲ, တဏှာဝင်စရာအကွက်မှ မရှိတော့ အတွင်းရှုပ်ဖို့ရာလည်း မရှိဘူး, အပြင်ရှုပ်ဖို့ရာလည်း မရှိဘူး, ဒွါရ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်း လိုက်ရှုမှတ်ပြီး ရုပ်နာမ်မျှပဲလို့ သိတယ်, ဖြစ်ပျက်သွားတဲ့သဘောမျှပဲ သိတယ်, အနိစ္စ, ဒုက္ခ, အနတ္တသဘောမျှပဲ သိတယ်ဆိုရင် ဒွါရ ၆-ပါးကဒီအာရုံတွေနဲ့စပ်ပြီး သာယာစရာ ဘယ်က ရတော့မလဲ။ ချစ်ခင်စရာ, နှစ်သက်စရာ,သာယာစရာ, ဒီလို စွဲလမ်းစရာ ရှိမှ မရှိတော့ပဲ, အဲဒီတော့ ဒီတဏှာဟာ ဘယ်ဝင်နိုင်တော့မလဲ, အတွင်းဘက်ကလည်း မဝင်နိုင်ဘူး, အပြင်ဘက်ကလည်း မဝင်နိုင်ဘူး,ဒါကြောင့် ဒီတဏှာအရှုပ်ကို ဖြေရှင်းနိုင်ပါတယ်တဲ့။

နောက်ဆုံး အရိယာမဂ်ဉာဏ်သို့ ရောက်သွားတော့ ကောင်းကောင်းကြီး ဖြေရှင်းနိုင်တာပေါ့, အရဟတ္တမဂ် ရောက်တဲ့အခါကျတော့ အကုန်လုံး ဖြေရှင်းနိုင်သွားပါတယ်တဲ့, အဲဒီအနက်အဓိပ္ပါယ်တွေကို မြတ်စွာဘုရားက ဟောထားတယ်။

ဝိသုဒ္ဓိမဂ်ကျမ်းကြီး အဋ္ဌကထာဆရာက ရေးထားတယ်, အဲဒါ သမုဒယသစ္စာပယ်နည်းပဲ, သမုဒယသစ္စာကို ဘယ်လို လုပ်ပြီးတော့ ပယ်ရမယ်ဆိုတာကို အဖြေပေးပြီးတော့ ထားတယ်။ ဒီနေ့တော့ တော်တော်လည်း စုံသွားပါပြီ, နောက်တစ်ခါကျတော့

စာ ၁၁၄

နိရောဓသစ္စာ နိဗ္ဗာန်အကြောင်း ဟောရမယ်။ နိဗ္ဗာန်အကြောင်းကလည်းပဲ မှတ်စရာကောင်းပါတယ်, နက်နဲတယ်, အရေးကြီးတယ်။ တရားသိမ်းကြဦးစို့။

ကာမတဏှာ, ကောင်းနိုးရာ သာယာနှစ်သက်မှု။

ဘဝတဏှာ, တည်မြဲသာ, ထင်ကာ နှစ်သက်မှု။

ဝိဘဝမှာ, ပြတ်စဲသာ, ထင်ကာ နှစ်သက်မှု။

ဆင်းရဲပွားရန်, အကြောင်းမှန်, သုံးတန် တဏှာရှု။

“သမုဒယသစ္စာ”ဆိုတာ တဏှာ ၃-ပါးပဲတဲ့, သမုဒယသစ္စံ- သမုဒယသစ္စာကို၊ပဟာတဗ္ဗံ- ပယ်အပ်၏။ သမုဒယသစ္စာဟာ ပယ်ရမယ့်တရားဖြစ်တယ်။

ဒုက္ခသစ္စံ- ဒုက္ခသစ္စာကို၊ ပရိညေယျံ- ပိုင်းခြား၍ သိအပ်၏။ ဖြစ်ပျက်သမျှသင်္ခါရတွေ, ဒုက္ခသစ္စာတွေ ပိုင်းခြားသိရမယ်တဲ့။ မြင်တိုင်း ကြားတိုင်း ဒွါရ ၆-ပါးကပေါ်တိုင်း ပေါ်တိုင်းဟာ ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာတရားတွေတဲ့, အဲဒါတွေ ပိုင်းခြားပြီးသိအောင် ရှုရတယ်။

သေသေချာချာ ရှုမှ ပိုင်းခြားသိတာ, ရုပ်နာမ် သဘောမှန်တွေကို သိရတယ်,အဖြစ်အပျက်အားဖြင့် ပိုင်းခြားသိရတယ်, အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာအားဖြင့်ပိုင်းခြားသိတယ်, အဲဒီလို သိသောအားဖြင့် အဲဒီသစ္စာတရားတွေအပေါ်မှာ နှစ်သက်တွယ်တာပြီးဖြစ်တဲ့ သမုဒယသစ္စာဟာ ဖြစ်ခွင့်မရဘဲနဲ့ ငြိမ်းနေတာ, အဲဒါ ပယ်နေတာပဲ,အမှန်သိရင် အမှားသိ ပျောက်ပြီးတော့ ခင်မင်တွယ်တာမှုတွေ မဖြစ်လာဘူး။

သင်္ခါရကို အကောင်းထင်မှ သမုဒယ ဖြစ်မှာကိုး, အခု ဖြစ်တိုင်းဖြစ်တိုင်းတွေရှုပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိနေတယ်, ဒုက္ခတွေမှန်း သိနေရင် ဒီတရားတွေနဲ့ စပ်ပြီးတော့ အကောင်းမှ မထင်တော့ပဲ, အကောင်း မထင်တော့ သာယာနှစ်သက်မှု မဖြစ်ဘူးပေါ့, သာယာနှစ်သက်မှု မဖြစ်ဘဲနဲ့ ငြိမ်းနေတာဟာ ပယ်ခြင်းကိစ္စ ပြီးနေတာပဲ။ အဲဒီလိုပယ်ရမယ်တဲ့။

သမုဒယသစ္စံ- သမုဒယသစ္စာတရားကို၊ ပဟာတဗ္ဗံ- ပယ်အပ်၏တဲ့။ အဲဒီ ပယ်ရမယ့်တရား တဏှာကို မိမိတို့သန္တာန် ဒွါရ, အာရုံ, ဝိညာဏ်, အစရှိသော ချစ်ဖွယ်သာယာဖွယ် တရားတွေအပေါ်၌ ကျရောက်ခွင့်မရအောင် ဖြစ်တိုင်းဖြစ်တိုင်း သဘောမှန်ဖြင့် ပိုင်းခြားသိနိုင်ကြ၍လည်းကောင်း၊ အနိစ္စ, ဒုက္ခ, အနတ္တလက္ခဏာအားဖြင့်

စာ ၁၁၅

ပိုင်းခြားသိနိုင်ကြ၍လည်းကောင်း, သမုဒယသစ္စာကို ဝိပဿနာဉာဏ်ဖြင့် အစဥ်အတိုင်းပယ်ဖျောက်နိုင်ကြ၍ ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို အရိယာမဂ်ဉာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု၊ သာဓု၊ သာဓု။