သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
၁၃၂၃-ခုနှစ်, ပြာသိုလကွယ်နေ့
မဂ္ဂသစ္စာ
ဒီကနေ့ ဟောဖို့ရာတော့ သတိပဋ္ဌာနသုတ်က ဓမ္မာနုပဿနာ ငါးပိုင်းထဲမှာအရိယသစ္စာပိုင်း, နောက်ဆုံးဖြစ်တဲ့ မဂ္ဂသစ္စာပိုင်းကို စပြီးတော့ ဟောရမယ်။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ- ဆင်းရဲ၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာတို့ သိအပ်သော အမှန်တရားသည်၊ကတမဉ္စ- အဘယ်ပါနည်း။
ဗုဒ္ဓသာသနာတော်မှာ သစ္စာတရားလေးပါးဆိုတာ အရေးအကြီးဆုံးပဲ။ ဆင်းရဲ ရှိတယ်, ဆင်းရဲကြောင်းတရား ရှိတယ်, ဆင်းရဲငြိမ်းတာ ရှိတယ်, ဆင်းရဲငြိမ်းကြောင်းအကျင့် ရှိတယ်, အဲဒီလေးခု အရေးကြီးဆုံးပဲ။
လောကထဲက တရား ၄-ပါး
လောကမှာလည်း ဆင်းရဲဆိုတာ ရှိတယ်, ဆင်းရဲကြောင်းတွေလည်း ရှိတာပဲ,ပြီးတော့ ချမ်းသာဆိုတာလည်း ရှိတယ်, ချမ်းသာကြောင်းအလုပ်ဆိုတာလည်း ရှိတာပဲ။
ဆင်းရဲဆိုတာကို ပုဂ္ဂိုလ်တိုင်း ကြောက်ကြတယ်, ဆင်းရဲဆိုတာကို အလိုမရှိကြဘူး, လူတွေသာ မဟုတ်ဘူး, နတ်တွေလည်း ကြောက်တာပဲ, တိရစ္ဆာန်တွေဆိုလည်းကြောက်တာပဲ။ လောကဆင်းရဲတွေကတော့ ကိုယ်ထဲမှာ မခံသာတဲ့ ဒုက္ခဝေဒနာဆင်းရဲ, ပြီးတော့ လောကရေးနဲ့စပ်ပြီးတော့ စားစရာ, သောက်စရာ, သုံးစွဲစရာ စသည်မပြည့်မစုံဖြစ်လို့ စိတ်ရောကိုယ်ရော ဆင်းရဲပြီးတော့ နေရတယ်။
ဒီဆင်းရဲတွေကို ဖြစ်စေတဲ့ ဆင်းရဲကြောင်းတွေကို အထိုက်အလျောက်အားဖြင့်သိကြတာကိုး။ ခလုတ်တိုက်ရင်, ဆူးစူးလို့ရှိရင် နာတတ်တယ်ဆိုတာ သိတော့ ခလုတ်
တွေ ဆူးတွေ ရှောင်ရတယ်။ ကျင်းတွေ, ချိုင့်တွေ ကျသွားလို့ရှိရင် ဒုက္ခရောက်တယ်ဆိုတာ သိလို့ ကျင်းတွေ ချိုင့်တွေ ရှောင်ရတယ်။ မီးဆိုတာ လောင်တတ်တယ်, ရေဆိုတာ နစ်ပြီးတော့ သေတတ်တယ်, အဲဒါတွေလည်းပဲ ရှောင်နိုင်သမျှ ရှောင်ရတယ်။လူကို ဘေးရန် အန္တရာယ်ပြုတတ်တဲ့ တိရစ္ဆာန်တွေ ရှိတယ်, မြွေတို့, ကင်းတို့, ကျားတို့,ဒါတွေကို ရှောင်ကြရတယ်။ လူလူချင်းလည်းပဲ လူဆိုးလူမိုက်တွေကို ရှောင်ကြဥ်ရတယ်။ဆင်းရဲဖြစ်ကြောင်းတွေ သိမြင်ပြီးတော့ ဒါတွေ ရှောင်နေကြရတယ်။
လောကထဲ နာကျင်ကိုက်ခဲမှု, ကိုယ်ထဲမှာ မခံသာမှုတွေ မဖြစ်ဘဲနဲ့ နေရင်ဆင်းရဲငြိမ်းနေတယ် အောက်မေ့တာပဲ။ အလိုရှိတဲ့ အရာဝတ္ထုတွေ ရပြီးတော့ ပြည့်ပြည့်စုံစုံ ကြွယ်ကြွယ်၀၀ ချမ်းချမ်းသာသာ နေရလို့ရှိရင် ဆင်းရဲငြိမ်းတယ်လို့ ယူဆကြတယ်။လောကနိဗ္ဗာန်ဆိုတာ အဲဒါတွေပဲ။
အဲဒီ လောကနိဗ္ဗာန်ဆိုတဲ့ ချမ်းသာတွေ ရအောင်လို့ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားအားထုတ်ဖို့ရာ လိုတယ်။ အလုပ်အကိုင်တွေ ကြိုးကြိုးစားစား လုပ်ကိုင်ဖို့, တတ်သိသင့်တဲ့ ပညာတွေလည်း တတ်ဖို့ သိဖို့, ငယ်ငယ်ရွယ်ရွယ်ကတည်းက စပြီးတော့ အားထုတ်ကြရတယ်, အဲဒါ လောကဘက်ကနေပြီးတော့ လောကသစ္စာတွေပေါ့လေ။
မြတ်စွာဘုရား ဟောတော်မူတဲ့ အရိယာသစ္စာတရား ၄-ပါး
မြတ်စွာဘုရား ဟောထားတဲ့ အရိယာသစ္စာတွေကတော့ အရိယာတို့ သိအပ်တဲ့အမှန်တရားတွေပဲတဲ့။ လောကဘက်ကနေပြီး ချမ်းသာတွေလို့ ထင်နေပေမယ့် ဒီအရိယာသစ္စာကျတော့ ဆင်းရဲတွေ ဖြစ်နေတယ်။ လောကဘက်ကနေပြီး စီးပွားဥစ္စာရတနာတွေ, အခြွေအရံတွေ, သုံးဆောင်စရာတွေ ပြည့်စုံလို့ ချမ်းသာနေတယ် ဆိုတာဟာ အရိယာသစ္စာ နယ်ပယ်ဘက်ကနေ ကြည့်ရင် ဆင်းရဲတွေပဲ။ ဖြစ်ပျက်နေတဲ့ရုပ်နာမ်တရားတွေ ဆင်းရဲတွေပဲ ဖြစ်နေတယ်။
လောက ချမ်းသာကြောင်း စီးပွားဥစ္စာရတနာတွေ ပြည့်စုံအောင် အားထုတ်နေတယ် ဆိုတာတွေဟာ လောကဘက်ကတော့ မှန်နေတာပဲ။ အရိယာသစ္စာနယ်ပယ်ကနေ ကြည့်တော့ ဒါတွေက အမှန်တွေ မဟုတ်ပြန်ဘူး။ သံသရာမှ လွတ်မြောက်ကြောင်းမဟုတ်တော့ ချမ်းသာကြောင်း အစစ်အမှန် မဟုတ်ဘူး။ သူ့ဟာက တစ်ခဏလောက်ချမ်းသာဖို့ပဲ, အမြဲတမ်း ချမ်းသာဖို့ မဟုတ်ဘူး။
မြတ်စွာဘုရားဟောတဲ့ အရိယာသစ္စာတရား လေးပါးကတော့ ဆင်းရဲဆိုရင်ဆင်းရဲအစစ်အမှန်ပဲတဲ့, ဖြစ်ပျက်နေတဲ့ သင်္ခါရတွေဟူသမျှ အကုန်လုံး ဆင်းရဲပဲ။ အဲဒီဖြစ်ပျက်တဲ့ သင်္ခါရဆင်းရဲတွေကိုပဲ အလိုရှိတောင့်တပြီး တွယ်တာပြီးနေတဲ့သဘောကဆင်းရဲကြောင်းတရား, သူ ရှိလို့ ထပ်ခါထပ်ခါပဲ ဒီဆင်းရဲတွေနဲ့ တွေ့နေရတယ်။ဒီဆင်းရဲတွေကို သာယာနှစ်သက် တွယ်တာနေတဲ့ တဏှာ ငြိမ်းသွားမှ ဘဝအသစ်ရုပ်နာမ်ခန္ဓာ မဖြစ်ဘဲနဲ့ အစဥ်ထာဝရ ငြိမ်းသွားတယ်။ ဒါဟာ ဆင်းရဲငြိမ်းတာ အမှန်ပဲ,အဲဒီ ဆင်းရဲငြိမ်းခြင်းအမှန်သို့ ရောက်ကြောင်းဖြစ်တဲ့ အကျင့်လမ်းဟာ အကျင့်လမ်းမှန်ပဲ, အဲဒီအကျင့်လမ်းမှန်ကို သိဖို့ အရေးကြီးတယ်။
အကျင့်လမ်း မဂ္ဂင်ရှစ်ပါး
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ- ဆင်းရဲငြိမ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာတို့ သိအပ်သော အမှန်တရားသည်၊ ကတမဉ္စ- အဘယ်ပါနည်း။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ, သေယျထိဒံ - သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။
အရိယော- မြတ်သော၊
ဤအကျင့်လမ်းပင်တည်း။
အဋ္ဌင်္ဂိကော- အင်္ဂါရှစ်ပါးရှိသော၊ အယမေဝ မဂ္ဂေါ-
မြတ်စွာဘုရားက ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်းဖြစ်တဲ့ အကျင့်လမ်းဆိုတာအယမေဝ- ဒါပါပဲတဲ့။ အနီးအပါးမှာ ရှိတဲ့ အရာဝတ္ထုတစ်ခုကို လက်ညှိုးထိုးပြီးတော့ပြသလို, ဆုပ်ကိုင်ပြီးတော့ ပြသလို, မြတ်စွာဘုရားက “အယမေဝ မဂ္ဂေါ- သည်လမ်းပဲ”တဲ့။ မြတ်စွာဘုရားအနေနဲ့ဆိုရင် ဒီအကျင့်လမ်းက မိမိကိုယ်တိုင် လက်ဆုပ်လက်ကိုင်ရထားပြီးသား ဆိုတော့ စိတ်ထဲ ဉာဏ်ထဲ အင်မတန် ထင်ရှားနေတယ်, ဒါကြောင့် ဒါပဲဆိုပြီးတော့ ပြတယ်။
မြတ်စွာဘုရားရဲ့ တပည့်သားဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ဒီအကျင့်လမ်းကို သိနားလည်ပြီး ဖြစ်နေတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း “ဒါပဲ”ဆိုရင် ထင်ရှားနေပါပြီ, ဒီဥစ္စာပါပဲတဲ့။
အခု တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်တွေလည်း နိဗ္ဗာန်ရောက်တဲ့ အကျင့်ဟာ ဒီအမှတ်ပါပဲဆိုရင် သူ့ဟာ ရှင်းနေတာပဲ, သူကိုယ်တိုင် ဒွါရခြောက်ပါးက ဖြစ်ခိုက်ရုပ်နာမ်တွေ ရှုမှတ်ပြီးနေတော့ ဒါပဲ, ဒီအကျင့်ပဲဆိုတာ ရှင်းနေတာပဲ။ သို့သော် အားမထုတ်ဘူးတဲ့ ပုဂ္ဂိုလ်တွေအဖို့ကတော့ နားလည်မယ် မဟုတ်ဘူး။
အဲဒါလိုပဲ မြတ်စွာဘုရားက “ဒီလမ်းပဲ ဒီအကျင့်ပဲ”လို့ ဟောတော့ မြတ်စွာဘုရားနဲ့တကွ တပည့်သားတော်တွေကတော့ နားလည်နေပါပြီ, တခြားပုဂ္ဂိုလ်တွေဆိုရင် နားလည်ဖို့ရာ တယ် မရှိသေးဘူး။ ဒါကြောင့်-
ဣဒံ- ဤ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်သည်၊ (ဝါ) ဤ အင်္ဂါရှစ်ပါးသည်၊သေယျထာ- အဘယ်နည်းဟူမူကား၊ သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း၊ သမ္မာသင်္ကပ္ပေါ-မှန်စွာ ကြံခြင်း၊ သမ္မာဝါစာ- မှန်စွာ ပြောဆိုခြင်း၊ သမ္မာကမ္မန္တော- မှန်စွာ ပြုခြင်း၊ သမ္မာအာဇီဝေါ- မှန်စွာ အသက်မွေးခြင်း၊ သမ္မာဝါယာမော- မှန်စွာ အားထုတ်ခြင်း၊ သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း၊ သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း၊ အဲဒီ ရှစ်ပါးဖြစ်ပါတယ်။ ဒီ မဂ္ဂင်ရှစ်ပါးတရားက အရေးကြီးဆုံးပဲ ဖြစ်တယ်။
သမ္မာဒိဋ္ဌိမဂ္ဂင်
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း-တဲ့။ ဒီ သမ္မာဒိဋ္ဌိပုဒ်ကို အဋ္ဌကထာတွေမှာ သဒ္ဒါနက်ရသင့်သည်အားလျော်စွာ ဖွင့်ထားပါတယ်။ သမ္မာဆိုတာ “ကောင်းတယ်”ဆိုတဲ့ အနက်လည်း ရပါတယ်, “ချီးမွမ်းအပ်တယ်”ဆိုတဲ့ အနက်လည်း ရပါတယ်, အဲဒါကြောင့်သမ္မာဒိဋ္ဌိ- ကောင်းသော အသိအမြင်, တင့်တယ်သော အသိအမြင်, ချီးမွမ်းအပ်သောအသိအမြင် ဒီလိုလည်း ဘာသာပြန်နိုင်ပါတယ်။ ဒါပေမယ်လို့ မိစ္ဆာနဲ့ ထောက်ကြည့်ရင်တော့ မိစ္ဆာက မှားနေရင် သမ္မာက အမှန်ကိုး။ ဒီဥစ္စာကတော့ အမြင် မှန်ရမယ်, အသိမှန်ရမယ်, ဒါကြောင့်မို့ ဒီမှာ “သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း”လို့ ဘုန်းကြီးများက ဘာသာပြန်ထားတယ်။
သမ္မာဒိဋ္ဌိငါးခု
သမ္မာဒိဋ္ဌိက ၅-ခု ရှိတယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဈာနသမ္မာဒိဋ္ဌိ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ, အကယ်၍ ‘ဖလ’မထည့်ဘဲနဲ့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ထည့်ရင် သူလည်း ၅-ခုပဲ, အကုန်လုံး ပေါင်းရင်တော့ ၆-မျိုး ရှိတယ်။
ကမ္မဿကတာ သမ္မာဒိဋ္ဌိ
ကမ္မဿကတာ သမ္မာဒိဋ္ဌိ- ကံ, ကံ၏အကျိုး ရှိတယ်လို့ ယုံကြည်သိမြင်တာ,ကောင်းသောအလုပ်ကို လုပ်ရင် ကုသိုလ်ဖြစ်တယ်, ကုသိုလ်က ကောင်းကျိုးပေးတယ်,ဒီလိုယုံကြည်တာ။ မကောင်းသောအလုပ်ကို လုပ်ရင် အကုသိုလ် ဖြစ်တယ်, အကုသိုလ်က မကောင်းကျိုးပေးတယ်, ဒါလို ယုံကြည်တာ ကမ္မဿကတာသမ္မာဒိဋ္ဌိ-တဲ့။
ဒီသမ္မာဒိဋ္ဌိက ကိုယ်တိုင် တွေ့မြင်တယ်လို့ မဟုတ်ပါဘူး, ဆရာသမားတွေ ညွှန်ကြားဟောပြတဲ့အတိုင်း ယုံကြည်တာ။ သဒ္ဓါမူလိကာဆိုတာ သဒ္ဓါရှေ့သွားပြီးတော့ သိတယ်။ ယုံကြည်မှု ရှေ့သွားပြီးတော့ အကြောင်းအကျိုးတွေနဲ့ ဆင်ခြင်ကြည့်လို့ရှိရင်ကောင်းတာ လုပ်ရင် ကောင်းကျိုးဖြစ်တယ်, မကောင်းတာလုပ်ရင် မကောင်းကျိုး ဖြစ်တယ်ဆိုတာ လောလောဆယ်မှာပဲ ထင်ရှားတယ်။ လူတစ်ယောက်ကို သွားပြီး ဆဲလိုက်ရင် အဆဲခံရတဲ့လူရဲ့အမုန်းကို ခံရမှာပဲ။ မေတ္တာရှေ့သွားပြီး လူတစ်ယောက်ရဲ့အကျိုးကိုပြုလုပ်ခဲ့လို့ရှိရင် အဲဒီပုဂ္ဂိုလ်ဟာ ကျေးဇူးတင်မယ်။ အကြောင်းအကျိုးတွေ ထင်ရှားတော့ တစ်လောကလုံးမှာ ကောင်းသောအမှု ပြုရင် ကောင်းကျိုးရတယ်, မကောင်းသောအမှု ပြုရင် မကောင်းကျိုးရတယ်လို့ စဥ်းစားဆင်ခြင်ပြီးတော့လည်း သဘောကျတဲ့ဥစ္စာ ဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိတဲ့။
ကောင်းတဲ့အမှု ကုသိုလ်ကံ, မကောင်းတဲ့အမှု အကုသိုလ်ကံဆိုတာ တကယ်လည်း ရှိနေတယ်, လူတိုင်းလူတိုင်း ဒီကံအမှုတွေ ပြုနေတယ်, ဖြစ်မြောက်နေတယ်။ဒီကံကနေပြီးတော့ ကောင်းကျိုး, မကောင်းကျိုးတွေ ပေးနေတာလည်း တကယ် မှန်နေတာပဲ။ မှန်နေတာတွေ မှန်နေတဲ့အတိုင်းပဲ သူ ယူဆတာကိုး, မိဘ ဆရာသမားတွေကပြောလို့ ယူဆတာပဲဖြစ်ဖြစ်, စာအုပ်ကျမ်းဂန်တွေကို တွေ့ပြီးတော့ ယုံကြည်ယူဆတာပဲဖြစ်ဖြစ်, ကိုယ့်ဟာကိုယ် စဥ်းစားယုံကြည်ယူဆတာပဲ ဖြစ်ဖြစ်, မှန်နေတာကို မှန်နေတဲ့အတိုင်း သိမြင်မှု ဖြစ်တာကြောင့် ဒီလိုအသိအမြင်မျိုးကို သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်းလို့ဆိုရတယ်။
ကံ, ကံ၏အကျိုးကို ယုံကြည်မှ ကုသိုလ် ပြုတယ်, အကုသိုလ် ရှောင်တယ်
ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိက အရေးကြီးပါတယ်။ ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့, ဒီသမ္မာဒိဋ္ဌိ အယူအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဒါန သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှု
တွေ ပြုကြတယ်, ပါဏာတိပါတ အစရှိသော အကုသိုလ်ဒုစရိုက်တွေ ရှောင်ကြတယ်,ဒီကုသိုလ်တွေက နေပြီးတော့ လူ့ချမ်းသာဘဝကို ပို့ပေးတယ်, နတ်ချမ်းသာဘဝကိုပို့ပေးတယ်, သမထဘာဝနာအလုပ်တွေ အားထုတ်ရင် သမထဈာန် ရတယ်, ဒီဈာန်ကနေပြီးတော့ ဗြဟ္မာ့ဘဝတွေ ဖြစ်စေနိုင်တယ်, ဒါက လောကထဲမှာကိုး။
ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့အတွက်ကြောင့် ဝိပဿနာဘာဝနာ အားထုတ်တယ်, ဒါကလည်း ကံကို ယုံကြည်မှ အားထုတ်နိုင်တာ, ကံကို မယုံကြည်တဲ့ပုဂ္ဂိုလ်ဘယ်အားထုတ်လိမ့်မတုံး။ ကုသိုလ်ကံ, အကုသိုလ်ကံတွေက ဘဝအသစ်တွေ အကျိုးပေးပြီးတော့နေတယ်, ကောင်းကျိုး ဆိုးကျိုးတွေ ပေးနေတယ်, ပြီးတော့ ဒီကံတွေငြိမ်းစေနိုင်တဲ့ အရိယာမဂ်တရားတွေဆိုတာ ရှိတယ်, အဲဒီ အရိယာမဂ်တရားတွေကိုရဖို့ ဝိပဿနာဘာဝနာ အားထုတ်ရတယ်လို့ ယုံကြည်ရမှာကိုး, အဲဒီလို ယုံကြည်တာကမ္မဿကတာသမ္မာဒိဋ္ဌိပဲ။
အပါယ်ဘေးကြီးကို မြင်မှ ဝိပဿနာတရား အားထုတ်ကြတာ
တို့မှာ ရှေးရှေးက ဘယ်လိုဘဝတွေ ဖြစ်လာမှန်း မသိဘူး, မသိမလိမ္မာတဲ့ အခါတုန်းက အကုသိုလ်ကံဆိုတာ အနည်းနဲ့အများ ရှိကြတယ်။ ယခုဘဝမှာ ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေလည်း အများကြီး ရှိကြပါတယ်, ဒီကုသိုလ်ကောင်းမှုတွေကြောင့်ဒီဘဝက သေတဲ့အခါမှာ ကောင်းကျိုးပေးဖို့ရာ များပါတယ်, ကုသိုလ်ကောင်းမှု များများပြုတဲ့ပုဂ္ဂိုလ်တွေက လူ့ဘဝဖြစ်ဖို့, နတ်ဘဝဖြစ်ဖို့ နီးစပ်ပါတယ်။ ဒါပေမယ်လို့ ကိုယ်ပြုထားတဲ့ အကုသိုလ်မကောင်းမှုတွေလည်း ရှိတန်သမျှ ရှိတာပဲ, ရှေးရှေးသော ဘဝတွေကလည်း ရှိခဲ့တာပဲ, အဲဒီမကောင်းမှု အကုသိုလ်ကံတွေက အကျိုးမပေးပဲ နေမှာမဟုတ်ဘူး, တစ်နေ့ကျတော့ အကျိုးပေးမှာပဲ။
အကုသိုလ်ကံတွေက အကျိုးပေးလို့ရှိရင် အပါယ်လေးပါး အကျိုးပေးတာပဲ, ငရဲကျသွားနိုင်တယ်, တိရစ္ဆာန် ဖြစ်သွားနိုင်တယ်, ပြိတ္တာ, အသူရကာယ်ဘဝ ရောက်သွားနိုင်တယ်။ အပါယ်လေးပါး ရောက်သွားလို့ရှိရင် လူ့ဘဝပြန်လာဖို့ရာ တယ်မလွယ်ဘူး,ဘာပြုလို့တုံးဆိုတော့ သေခါနီးမှာ ကုသိုလ်စိတ်ကလေးနဲ့ သေမှ သုဂတိဘဝတွေဆိုတာ ဖြစ်ရတာ။ ငရဲမှာ ဒုက္ခတွေ အင်မတန် ရောက်နေတာဆိုတော့ ငရဲဘဝကသေခါနီးအချိန်မှာ ကုသိုလ်စိတ်ဖြစ်ဖို့က အလွန်ခဲယဥ်းတာပဲ။ တိရစ္ဆာန်တွေလည်းတစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်ပြီးတော့ စားနေတာဆိုတော့ အဲဒီမှာ သေတဲ့အခါ
လည်း ကောင်းကောင်းမွန်မွန် သေရတာ တော်တော် ရှားပါတယ်။ ပြိတ္တာတွေဆိုတာလည်း အင်မတန် ငတ်မွတ်ခေါင်းပါးပြီး ဒုက္ခတွေ ရောက်နေတာပဲ, ပြိတ္တာအသူရကာယ်တွေလည်း သေခါနီးမှာ စိတ်ကောင်းနှလုံးကောင်းနဲ့ သေဖို့ အင်မတန် ခဲယဥ်းပါတယ်။
ဒါကြောင့်မို့ အပါယ်လေးဘုံကနေပြီးတော့ လူ့ဘဝ, နတ်ဘဝ, သုဂတိဘဝ တစ်ခါပြန်ရောက်လာဖို့ရာ မလွယ်ဘူး, တော်တော် ခဲယဥ်းတယ်။ မြတ်စွာဘုရားက လိပ်ကန်းကြီးဥပမာနဲ့ ဟောထားတယ်။ ပင်လယ်ထဲမှာ လိပ်ကန်းကြီး လွှတ်လိုက်တယ်, နှစ်ပေါင်းတစ်ရာနေမှ သူက ရေထဲက ပေါ်လာတယ်။ ထမ်းပိုးတုံးကလည်း ပယ်လယ်ထဲ မျောချင်ရာ မျောနေတယ်။ လိပ်ကန်းကြီး ပေါ်တဲ့အခိုက် ထမ်းပိုးတုံးအပေါက်နဲ့ စွပ်မိသွားဖို့ရာ အင်မတန် ခဲယဥ်းပါတယ်တဲ့။ အဲဒါထက် အပါယ်လေးဘုံ ကျသွားတဲ့ပုဂ္ဂိုလ်လူ့ပြည် ပြန်လာဖို့ရာဟာ ပိုပြီး ခက်ခဲပါတယ်တဲ့။
အဲဒီတော့ မိမိတို့ ပြုထားတဲ့ အကုသိုလ်တွေကလည်း ရှိတန်မျှ ရှိနေတာမို့ ဒီအပါယ်လေးပါး ကျနိုင်တဲ့ အစွမ်းသတ္တိ မကုန်သေးသမျှ ကာလပတ်လုံးဟာဖြင့်ကြောက်စရာကောင်းတယ်လို့ အပါယ်ဘေးကြီးကို မြင်ပြီးတော့ ဝိပဿနာဘာဝနာတရား အားထုတ်ကြတာကိုး, ဒါဟာ ကမ္မဿကတာသမ္မာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်တွေအကျိုးကို ယုံကြည်လို့ အားထုတ်တာ။
ကံ, ကံ၏အကျိုး မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ နောက်ဘဝသံသရာတွေမရှိဘူး, ကုသိုလ် အကုသိုလ်ကံတွေလည်း မရှိဘူးဆိုရင် တရား ဘယ်အားထုတ်မလဲ။ဒါကြောင့်မို့ ကမ္မဿကတာသမ္မာဒိဋ္ဌိ အရေးကြီးပါတယ်။
ဈာနသမ္မာဒိဋ္ဌိ
ဈာန်စိတ်ထဲမှာ ဉာဏ်တရား ပညာတရား ဆိုတာ ပါနေတယ်။ ဈာန်ရိုးရိုးဆိုရင်ထူးထူးထွေထွေ သိတာ မရှိပါဘူး, အဘိညာဏ်ကိစ္စ တပ်တဲ့အခါမှ ထူးထူးထွေထွေသိတယ်။ ဒိဗ္ဗစက္ခုအဘိညာဏ်ဆိုရင် ထိုထိုအဆင်းတွေကို မြင်နိုင်တယ်, ဒိဗ္ဗသောတဆိုရင် ထိုထိုအသံတွေကို ကြားနိုင်တယ်, စေတောပရိယဆိုရင် သူများစိတ်တွေကိုသိနိုင်တယ်, ပုဗ္ဗေနိဝါသဆိုရင် ရှေးဘဝဟောင်းတွေ ပြန်ပြီးတော့ စဥ်းစားလို့ ရနိုင်တယ်, ပြီးတော့ ဣဒ္ဓိဝိဓ, က တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်တယ်, အဲဒါတွေကျတော့အစွမ်းသတ္တိတွေ ရှိပါတယ်။ အဲဒါကို “ဈာနသမ္မာဒိဋ္ဌိ”ခေါ်တယ်။
ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ
“ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတာ ဝိပဿနာရှုတဲ့အခါကာလ ရှိတယ်, ဝိပဿနာ ရှုတဲ့အခါ ဝိပဿနာဉာဏ်အတိုင်း ဖြစ်တာပဲ။ “မဂ္ဂသမ္မာဒိဋ္ဌိ”က အရိယာမဂ်ဉာဏ်ပဲ,“ဖလသမ္မာဒိဋ္ဌိ”က ဖိုလ်ဉာဏ်ပဲ, မဂ်ကနေပြီး ဖြစ်သွားတဲ့ အကျိုးတရားပဲ။ ဒါတွေကိုနောက်မှ ပြောရမယ်။
သမ္မာဒိဋ္ဌိမည်ပုံ
ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။
ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်းသည်၊ ကတမာ စ- အဘယ်ပါနည်း။
ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ
ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သစ္စာဒိဋ္ဌိ။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခေ- ဆင်းရဲ၌၊ ယံ ခေါ ဉာဏံ- အကြင်အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခသမုဒယေ- ဆင်းရဲကြောင်းတရား၌၊ ယံ ခေါ ဉာဏံ- အကြင် အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခနိရောဓေ- ဆင်းရဲငြိမ်းရာ၌၊ ယံ ခေါ ဉာဏံ- အကြင်အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခနိရောဓဂါမိနိယာ- ဒုက္ခ၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်သော၊ ပဋိပဒါယ- အကျင့်၌၊ ယံ ခေါ ဉာဏံ- အကြင် အသိဉာဏ်သည်လည်းကောင်း၊ အတ္ထိ- ရှိ၏၊ ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤအသိဉာဏ်ကို၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိဟူ၍၊ သမ္မာဒိဋ္ဌိ- မှန်ကန်စွာ မြင်ခြင်းဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်ပေ၏။
ဒုက္ခကို မြင်တာ သမ္မာဒိဋ္ဌိ, သမုဒယကို မြင်တာ သမ္မာဒိဋ္ဌိ, နိရောဓကို မြင်တာသမ္မာဒိဋ္ဌိ, မဂ္ဂကို မြင်တာ သမ္မာဒိဋ္ဌိ, အတိုချုပ်အားဖြင့် သစ္စာလေးပါးကို မြင်တာ သမ္မာဒိဋ္ဌိ, ဒါပါပဲ။
မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, မဂ္ဂင်သုံးဆင့် ရှိတယ်
အဲဒီတော့ ခုနက ပြောခဲ့တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိကို ဒီ သစ္စာလေးပါးထဲထည့်လိုက်လို့ရှိရင် တည့်တည့်မတ်မတ်တော့ မရပေဘူး။ ဒုက္ခကို မြင်တယ်လို့လည်းမဆိုနိုင်ဘူး, သမုဒယကို မြင်တယ်လို့လည်း မဆိုနိုင်ဘူး, နိရောဓကို မြင်တယ်လို့လည်း
မဆိုနိုင်ဘူး, မဂ္ဂကို မြင်တယ်လို့လည်း တိတိကျကျ ဆိုလို့ မဖြစ်ဘူး။ သို့သော်လည်းပဲသစ္စာလေးပါးတရား သိတဲ့ဥစ္စာတွေက ကမ္မဿကတာသမ္မာဒိဋ္ဌိ အရင်းခံနဲ့ မကင်းပါဘူး, ကမ္မဿကတာသမ္မာဒိဋ္ဌိက အခြေခံ ဖြစ်နေတယ်။ ဒါကြောင့် သူက အရိယာမဂ္ဂသစ္စာ၏ မူလဘူတ ဖြစ်နေတယ်, မူလမဂ္ဂင် အခြေခံပဲတဲ့။
မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, မဂ္ဂင်သုံးဆင့် ရှိတယ်။ မူလမဂ္ဂင်ဆိုတာကမ္မဿကတာ သမ္မာဒိဋ္ဌိ- ကံ, ကံ၏ အကျိုး ယုံကြည်သိမြင်တဲ့ သမ္မာဒိဋ္ဌိ အရင်းခံပြီးတော့ပြုတဲ့ ကုသိုလ်တိုင်း ကုသိုလ်တိုင်းမှာ ပါဝင်တဲ့ မဂ္ဂင်ထိုက်တဲ့ တရားတွေ, သူကအရိယမဂ်ဖြစ်ဖို့ရာမှာ အခြေခံပဲ, အခြေအမြစ်ပဲ, သူ မပါလို့ရှိရင် ဖြစ်ကို မဖြစ်နိုင်ဘူး,ကံ ကံ၏အကျိုး မယုံကြည်လို့ရှိရင် ဘာမှ မဖြစ်နိုင်ဘူး။
ပုဗ္ဗဘာဂမဂ္ဂင်ဆိုတာ အရိယာမဂ် မဖြစ်ခင်က အရိယာမဂ်ရဲ့ ရှေ့တော်ပြေးပေါ့,ဝိပဿနာမဂ္ဂင်တွေပါပဲ။ ဝိပဿနာရှုခိုက်မှာ ပါဝင်တဲ့တရားတွေ, ဝိပဿနာမဂ်တွေပြည့်စုံတဲ့အခါကျမှ အရိယာမဂ်က သူ့အလိုလို ဖြစ်တယ်။
အရိယမဂ္ဂင် ဆိုတာကတော့ အရိယမဂ်စိတ်ထဲမှာ ပါဝင်တဲ့ မဂ္ဂင်ရှစ်ပါးတရားတွေ, အရိယမဂ်စိတ်နဲ့ တွဲပြီးတော့ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးအစစ်ပါပဲ။ အဲဒါ မဂ္ဂင်သုံးဆင့် ရှိတယ်, အဲဒီမဂ္ဂင်သုံးဆင့်ကို အစဥ်အတိုင်း ပွားများသွားလို့ရှိရင် နိဗ္ဗာန်ကို ရောက်ပါတယ်လို့ ဆိုလိုတယ်။
မူလ ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်။
မူလမဂ္ဂင်ခေါ်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အရင်းခံပြီးတော့ ဒါန သီလ အစရှိတဲ့ကုသိုလ်ကောင်းမှုတွေကို ပွားများအားထုတ်တာလည်း နိဗ္ဗာန်ရောက်ကြောင်းတွေပဲ။ဘုရားအလောင်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီတွေ ဖြည့်ကျင့်နေတယ်ဆိုတာ ဒီ မူလမဂ္ဂင်တွေနဲ့ ဖြည့်ကျင့်နေတာပဲ။ ဒါနပါရမီ, သီလပါရမီ, ဒါတွေဒီကောင်းမှုတွေ ပြုသောအားဖြင့် သဗ္ဗညုတဉာဏ်ကို ရနိုင်တယ်ဆိုတာ ယုံကြည်တယ်,အဲဒါ မူလမဂ္ဂင် အရင်းခံတည်လာတာ။
မူလမဂ္ဂင် တည်လာပြီးနောက် ဝိပဿနာရှုတဲ့အခါမှာ ဝိပဿနာမဂ္ဂင် ဖြစ်တယ်,ဘုရားအလောင်းမှာလည်း ဗောဓိပင်အောက် ရတနာပလ္လင်တော်ပေါ်မှာ ထက်ဝယ်ဖွဲ့
ခွေ ထိုင်နေပြီး ပဋိစ္စသမုပ္ပါဒ်တွေ စဥ်းစားဆင်ခြင်ပြီး ခန္ဓာငါးပါးတွေ အဖြစ်အပျက်ရှုတဲ့အခါမှာ ပုဗ္ဗဘာဂမဂ္ဂင်တွေ ဖြစ်နေတယ်။ ဒီ့ပြင် ပုဂ္ဂိုလ်တွေလည်း ဝိပဿနာရှုတဲ့အခါရှုတိုင်းရှုတိုင်း ပုဗ္ဗဘာဂမဂ္ဂင်တွေ ဖြစ်နေတယ်, အဲဒီပုဗ္ဗဘာဂမဂ္ဂင်တွေ ပြည့်စုံတဲ့အခါကျတော့ အရိယာမဂ်ဖိုလ်တွေ ရောက်သွားတယ်။
“ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဈာနသမ္မာဒိဋ္ဌိ” ဆိုတာလည်း ဝိပဿနာရဲ့ အခြေခံမူလမဂ္ဂင်တွေပဲ, ဈာန်ရတဲ့ပုဂ္ဂိုလ်တွေ ဈာန်အခြေခံပြီး ဝိပဿနာရှုသွားရင် ဝိပဿနာဉာဏ်တွေ မြန်မြန် ဖြစ်တာပေါ့။ “ဝိပဿနာသမ္မာဒိဋ္ဌိ” ဆိုတာ ပုဗ္ဗဘာဂမဂ္ဂင်, “မဂ္ဂသမ္မာဒိဋ္ဌိ” ဆိုတာ အရိယမဂ္ဂင်, “ဖလသမ္မာဒိဋ္ဌိ” ဆိုတာက အကျိုးတရား။
အာရုံပြုသောအားဖြင့် သိခြင်း, ကိစ္စပြီးသောအားဖြင့် သိခြင်း
ဒုက္ခေ- ဆင်းရဲ၌၊ ယံ ခေါ ဉာဏံ- အကြင်သိသောဉာဏ်သည်၊ အတ္ထိ- ရှိ၏”ဒီစကားအရ သိပုံနှစ်မျိုး ရှိတယ်။ ပုဗ္ဗဘာဂ- ရှေးအဖို့က သိပုံက တစ်မျိုး, အရိယာမဂ်ခဏ သိပုံက တစ်မျိုးလို့ နှစ်မျိုး ရှိပါတယ်။ ဒုက္ခကို သိတဲ့ဉာဏ်, သမုဒယကို သိတဲ့ဉာဏ်, နိရောဓကို သိတဲ့ဉာဏ်, မဂ္ဂကို သိတဲ့ဉာဏ်, ဒါတွေကို သိပုံက အကျဥ်းချုပ်အားဖြင့် နှစ်မျိုးပေါ့။
အရိယာမဂ်ဖြစ်တဲ့အခါမှာ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်ကို မျက်မှောက်တွေ့တာကိုး,ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်ထဲ ကိုယ်က ရောက်သွားသလို ကိုယ်တိုင် တွေ့တယ်။
အခု ဟောနေတဲ့အခါကာလ စဥ်းစားဆင်ခြင်တဲ့အခါမှာတော့ နိဗ္ဗာန်ဆိုတာဆင်းရဲတွေ ငြိမ်းတာပဲဆိုတော့ ကိုယ်ထဲမှာလည်း ရှိတာ မဟုတ်ဘူး, ကိုယ် တွေ့နေတာလည်း မဟုတ်ဘူး, ဒီအခိုက်အတန့်မှာ နိဗ္ဗာန်က ကိုယ့်ဉာဏ်ထဲ ဝင်နေတာလည်းမဟုတ်ဘူး။ ဆင်းရဲတွေငြိမ်းရာဟာ နိဗ္ဗာန်ပဲ, တဏှာငြိမ်းတာဟာ နိဗ္ဗာန်ပဲ, ဘဝရုပ်နာမ်ခန္ဓာတွေ ငြိမ်းသွားတာဟာ နိဗ္ဗာန်ပဲ, ဒီလို သိတယ်လို့လည်း အောက်မေ့ရတယ်,သိလည်း သိတာပါပဲ, ဒါပေမဲ့ မျက်မှောက်တွေ့ပြီး သိတာတော့ မဟုတ်ဘူး။ သုတမယဉာဏ်အားဖြင့် သဘောကျပြီးတော့ သိသွားရုံမျှပဲ ရှိတယ်, သေသေချာချာ ကိုယ်တိုင်တွေ့သိတာ မဟုတ်သေးဘူး။
အရိယာမဂ်ဉာဏ် ဖြစ်တဲ့အခါကာလကျတော့ နိဗ္ဗာန်ထဲ ဝင်ရောက်သွားသလိုသေချာတွေ့ပြီးတော့ သိတာကိုး။ ဒါကြောင့် အာရမ္မဏပ္ပဋိဝေဓော- အာရုံပြုပြီးတော့သိတာတဲ့။ အာရုံပြုတာလည်း သာမန် အာရုံပြုတာ မဟုတ်သေးဘူး, သစ္ဆိကိရိယာ-