ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၉၁

အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃

၁၃၂၃-ခုနှစ်, တပို့တွဲလကွယ်နေ့

ဓမ္မာနုပဿနာပိုင်းက သစ္စာလေးပါးအပိုင်း မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့အနက်သမ္မာဒိဋ္ဌိ ပြီးသွားပြီ, သမ္မာသင်္ကပ္ပ ပြီးသွားပြီ။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝတွေလည်း ပြီးသွားပြီ။ သမ္မာဝါယာမမဂ္ဂင် ဟောရမယ်။

သမ္မာဝါယာမ မဂ္ဂင်နှင့် သမ္မပ္ပဓာန်လေးပါး

သမ္မာဝါယာမ မဂ္ဂင်ကို မြတ်စွာဘုရားက သမ္မပ္ပဓာန်လေးပါးနဲ့ အကျယ်ဝေဖန်ပြီးဟောထားတယ်။

ကတမော စ ဘိက္ခဝေ သမ္မာဝါယာမော။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာဝါယာမော- သမ္မာဝါယာမသည်၊ ကတမော စ-အဘယ်ပါနည်း။

မဖြစ်သေးတဲ့အကုသိုလ် မဖြစ်ရအောင် အားထုတ်တဲ့ သမ္မပ္ပဓာန်

ဣဓ ဘိက္ခဝေ ဘိက္ခု အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ

အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ

ပဒဟတိ။

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- ရဟန်းသည်၊ အနုပ္ပန္နာနံ- မဖြစ်ကုန်သေးသော၊ ပါပကာနံ- ယုတ်ညံ့ကုန်သော၊ အကုသလာနံ ဓမ္မာနံ-အကုသိုလ်တရားတို့၏၊ အနုပ္ပါဒါယ- မဖြစ်ပေါ်ခြင်းငှာ၊ ဆန္ဒံ- လိုလားခြင်း၊ အားထုတ်ခြင်းကို၊ ဇနေတိ- ဖြစ်စေ၏၊ ဝါယမတိ- အားထုတ်၏၊ ဝီရိယံ- လုံ့လကို၊ အာရဘတိ-အားထုတ်၏၊ စိတ္တံ- စိတ်ကို၊ ပဂ္ဂဏှာတိ- ချီးမြှောက်၏၊ ပဒဟတိ- အားထုတ်၏။

မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်ရအောင်လို့ အားထုတ်တယ်တဲ့, အဲဒါသမ္မပ္ပဓာန်တစ်ခုပဲ။

စာ ၁၉၂

ဒီဘဝမှာ အာရုံအနေအားဖြင့် လည်းကောင်း, အမှုကိစ္စအနေအားဖြင့် လည်းကောင်း မဖြစ်ဖူးတဲ့ အကုသိုလ်တွေ ရှိတယ်။ လိုချင်စရာ အာရုံဝတ္ထုတွေ အမျိုးမျိုးရှိတယ်, တစ်ချို့တစ်ချို့သော အာရုံဝတ္ထုတွေမှာ လိုချင် တပ်မက်မှုတွေ မဖြစ်ရသေးဘူး, အဲဒီလို အကုသိုလ်တွေ ရှိပါတယ်။ အမှုကိစ္စအနေအားဖြင့်ဆိုတာ ပါဏာတိပါတတို့, အဒိန္နာဒါနတို့ ဒီလိုဟာတွေ ရှိတယ်။ တစ်ချို့က ပါဏာတိပါတ ဆိုတာကို လုံးလုံးမဖြစ်ဖူးဘူး, အဲဒီလို မဖြစ်ဖူးသေးတဲ့ အကုသိုလ်တရားတွေတဲ့။

မဖြစ်ဖူးသေးတဲ့ အကုသိုလ်တရားတွေ မဖြစ်စေရဘူးလို့ ရည်ရွယ်ပြီး အားထုတ်ပါတယ်တဲ့။ အကုသိုလ် မဖြစ်ရအောင်လို့ သမထဘာဝနာ အားထုတ်တာလည်း ရှိနိုင်တယ်, ဝိပဿနာဘာဝနာ အားထုတ်တာလည်း ရှိနိုင်ပါတယ်, ဒီမှာတော့ ဝိပဿနာဘာဝနာ အားထုတ်တာကို ယူရမယ်။

ဒီအကုသိုလ်မျိုးတွေက မိမိမှာ မဖြစ်သေးဘူး, ဒီအတိုင်း အလွတ်နေလို့ရှိရင် ဒီအကုသိုလ်တွေဟာ ဖြစ်လာနိုင်တယ်, အဲဒီတော့ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေမဖြစ်ရအောင် အားထုတ်မယ်ဆိုပြီး တရားအားထုတ်ရတာကိုး။ ဒီဘဝကစပြီး နောက်ဘယ်တော့မှ မဖြစ်လာရအောင်, အဲဒီအကုသိုလ်တွေဟာ တစ်ခါတည်း ငြိမ်းသွားအောင် အားထုတ်မယ်။ အပါယ်လားကြောင်းဖြစ်တဲ့ အကုသိုလ်တရားတွေ ကိုယ့်မှာမဖြစ်ဖူးသေးရင် အပါယ်လားကြောင်းဖြစ်တဲ့ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ အစရှိတဲ့ အကုသိုလ်တရားတွေ မဖြစ်ရအောင်လို့ တရားအားထုတ်ရတယ်။

အားထုတ်တိုင်း အားထုတ်တိုင်း ဒီသမ္မပ္ပဓာန် ပါဝင်နေတာပဲ, အားထုတ်မှု လုံ့လဝီရိယလေးက ပါနေတာပဲ။ ဖောင်းတယ်လို့ မှတ်လိုက်ရင် အဲဒီမှာ လုံ့လဝီရိယ ပါတာပဲ,ပိန်တယ်လို့ မှတ်ရင်လည်း ပါတာပဲ, ဒါ သမ္မပ္ပဓာန် ဝီရိယတွေပဲ။

ဒီ ဝီရိယနဲ့ အားမထုတ်ရင် အမှတ်ရမှုတရား မဖြစ်နိုင်ဘူး, ဝီရိယက ကြောင့်ကြစိုက်နေလို့ အမှတ်ရမှု ဖြစ်နေတယ်, လမ်းလျှောက်တဲ့အခါ ကြွတယ်, လှမ်းတယ်,ချတယ်, မှတ်တိုင်း မှတ်တိုင်း ဒီအားထုတ်မှုလေး ပါတယ်, ဒီအားထုတ်မှုလေး လျော့သွားတဲ့အခါဆိုရင် အမှတ်ရမှု မဖြစ်တော့ဘူး, စိတ်တွေ တခြား လွင့်သွားတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ မဖြစ်အောင်လို့ ရည်ရွယ်ပြီးတော့ ရှုတိုင်းမှတ်တိုင်းဟာ သမ္မပ္ပဓာန်ဝီရိယ ပါဝင်ပြီးတော့ နေတာပဲ, ဒါက သမ္မာဝါယာမမဂ္ဂင်ပဲ။

စာ ၁၉၃

ဖြစ်ပြီးသားအကုသိုလ် ပယ်နိုင်အောင် အားထုတ်တဲ့ သမ္မပ္ပဓာန်

ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ

ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

ဥပ္ပန္နာနံ- ဖြစ်ကုန်ပြီးသော၊ ပါပကာနံ- ယုတ်မာကုန်သော၊ အကုသလာနံဓမ္မာနံ-အကုသိုလ်တရားတို့ကို၊ ပဟာနာယ- ပယ်ခြင်းငှာ၊ ဆန္ဒံ- လိုလားခြင်း အားထုတ်ခြင်းကို၊ ဇနေတိ- ဖြစ်စေ၏၊ ဝါယမတိ- အားထုတ်၏၊ ဝီရိယံ- လုံ့လကို၊ အာရဘတိ- အားထုတ်၏၊ စိတ္တံ- စိတ်ကို၊ ပဂ္ဂဏှာတိ- ချီးမြှောက်၏၊ ပဒဟတိ- အားထုတ်၏။

ဒုတိယသမ္မပ္ပဓာန်က ဖြစ်ပြီးသား အကုသိုလ်တရားတွေကို ပယ်နိုင်အောင် အားထုတ်တယ်။

မိမိမှာ ဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေဆိုတာ ရှိတယ်, လောဘဆိုတာလည်း ဖြစ်ဖူးနေတာပဲ, ဒေါသဆိုတာလည်း ဖြစ်ဖူးနေတာပဲ, မောဟဆိုတာလည်း ဖြစ်ဖူးနေတာပဲ,မာနတို့, ဒိဋ္ဌိတို့လည်း ဖြစ်ချင်ဖြစ်နေမှာပဲ, အာရုံတွေအနေနဲ့ အဲဒီ အကုသိုလ်တရားတွေ ရှိတယ်။

အမှုကိစ္စအနေနဲ့ ပါဏာတိပါတ အဒိန္နာဒါန စတာတွေ အကြီးအကျယ် မဟုတ်သော်လည်း အသေးအမွှား ဖြစ်ချင်လည်း ဖြစ်နေမယ်။ အကုသိုလ်ဆိုတာ လုံးလုံးတော့ကင်းခဲတယ်, ကမ္မပထမြောက်လောက်အောင် မဟုတ်သော်လည်း အကုသိုလ်လေးတွေဆိုတာတော့ ရှိနေတယ်, ကာယကံ ဝစီကံ မမြောက်သေးပေမယ်လို့ စိတ်ထဲက ကြံနေတဲ့ ကြံစည်မှုတွေတော့ ရှိနေတာပဲ, အကုသိုလ်တရားတွေ ဖြစ်ဖူးတယ်။

အဲဒီ ဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင်လို့ အားထုတ်ရတယ်,ဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေ နောက်ထပ် မဖြစ်ရအောင်လို့ အားထုတ်ရတယ်။

ဝင်္ဂီသမထေရ်ကို နည်းယူခြင်း

သာသနာအစဥ်အဆက်မှာ အတုယူဖွယ် ရဟန်းတော်တွေ ရှိတယ်။ တစ်ချို့ရဟန်းတော်များ ကိလေသာတွေ ဖြစ်လာတော့ အဲဒီကိလေသာတွေ ငြိမ်းအောင်လို့အားထုတ်တာကိုး။ ဝင်္ဂီသမထေရ်ဆိုရင် ဆွမ်းခံသွားနေရင်း ကိလေသာဖြစ်လာတော့အရှင်အာနန္ဒာကို လျှောက်ထားတယ်, “အရှင်အာနန္ဒာတဲ့, ကာမရာဂတော့ ဖြစ်လာပြီ

စာ ၁၉၄

တဲ့, ကာမရာဂ ငြိမ်းကြောင်းဖြစ်တဲ့တရားကို ဟောပါဦးတဲ့, သွန်သင်ဆုံးမပါဦး” ဆိုပြီးလျှောက်ထားတော့ အရှင်အာနန္ဒာက “အသုဘ နှလုံးသွင်းရမယ်, သင် သုဘသညာနှလုံးသွင်းမိလို့ ကာမရာဂ ဖြစ်တယ်, ဝိသဘာဂအာရုံတွေ ဖြစ်တယ်”လို့ မိန့်ကြားတယ်။

ယောကျာ်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေက မိန်းမများကို ကောင်းတဲ့အနေအားဖြင့် နှလုံးသွင်းရင် ကာမရာဂ ဖြစ်တတ်တယ်။ မိန်းမဖြစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ယောကျာ်းတွေပေါ်မှာ လှပတယ်, တင့်တယ်တယ်, ကောင်းတဲ့အနေအားဖြင့် ကြည့်ရှုနှလုံးသွင်းလို့ရှိရင် ဒီကာမရာဂတွေဆိုတာ ဖြစ်တတ်တယ်။ အသုဘအာရုံ နှလုံးသွင်းမှတဲ့, အသုဘအာရုံကို နှလုံးသွင်းလိုက်တော့ နှစ်သက်သာယာစရာ မရှိဘူး, ရာဂတွေ ငြိမ်းသွားတယ်,သေသေချာချာ နှလုံးသွင်းရင် သေသေချာချာ ငြိမ်းနေတယ်။

အဲဒါကြောင့် အရှင်အာနန္ဒာက ဝင်္ဂီသမထေရ်ကို “အသုဘာယ စိတ္တံ ဘာဝေဟိ”လို့ အသုဘသညာဖြစ်အောင်, အသုဘ အာရုံဖြစ်အောင် သင် နှလုံးသွင်းပါတဲ့။ သုဘ-တင့်တယ်တယ်လို့ နှလုံးသွင်းနေလို့ ကိလေသာတွေ ဖြစ်နေတာတဲ့, လူပုံသဏ္ဌာန်ဆိုမျက်ခုံးနဲ့ မျက်လုံးနဲ့ မျက်နှာနဲ့ နှာခေါင်းအနေနဲ့ အဲဒါတွေ အချိုးအစားကျတာတွေနှလုံးသွင်းနေရင် နှစ်သက်စရာ သာယာစရာ ဖြစ်တယ်။ အဲဒါတွေကို ပယ်ပြီးတော့အရေက အရေတခြား, အသားက အသားတခြား, အရိုးက အရိုးတခြား, အကြောကအကြောတခြား, တစ်ခုစီ တစ်ခုစီ ခွဲပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒီထဲမှာ နှစ်သက်စရာ သာယာစရာ ဘာမှ မရှိဘူး, အဲဒီလို အသုဘ နှလုံးသွင်းပါ”လို့ အရှင်အာနန္ဒာကညွှန်ကြားတဲ့အတိုင်း နှလုံးသွင်းလိုက်တော့ သူ့မှာဖြစ်ပေါ်နေတဲ့ ကာမရာဂတွေ ငြိမ်းသွားတယ်, အဲဒါဟာ ဖြစ်ပြီးသားကိလေသာတွေကို ပယ်နိုင်အောင်လို့ အားထုတ်တာ။

တစ်ခါက စာတက်နေတဲ့ ရဟန်းတော်တစ်ပါးက သူ့မှာ ကိလေသာဖြစ်ဖူးတာအကြောင်းပြုပြီး မထေရ်ကြီးတစ်ပါးထံ ရောက်သွားတယ်, “အရှင်ဘုရား, တပည့်တော်ကို ကယ်တော်မူပါ, တပည့်တော် ရောဂါစွဲလာလို့”တဲ့။ ဒီတော့ ဆရာသမားက ဟိုကရိပ်မိတယ်, ကာမရာဂ ငြိမ်းစေနိုင်တဲ့ ကမ္မဋ္ဌာန်းပေးတယ်, ကမ္မဋ္ဌာန်းတရား အားထုတ်လိုက်တဲ့အခါ ကာမရာဂတွေလည်း ငြိမ်းပြီး အရိယာမဂ်ဖိုလ်တွေ ရသွားတယ်တဲ့။အဲဒါလည်းပဲ ဖြစ်ပြီးသား အကုသိုလ်တရားတွေ ပယ်နိုင်အောင် အားထုတ်တာပဲ။

စာ ၁၉၅

ကိလေသာ ဖြစ်ဖူးလို့ နောင် ဒီလိုကိလေသာတွေ ဘယ်တော့မှ မဖြစ်နိုင်အောင်အားထုတ်ရတာကိုး။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာ ဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေရှိတယ်, အဲဒီဖြစ်ဖူးတဲ့ အကုသိုလ်တရားမျိုးတွေ နောင်မဖြစ်ရအောင်, ငြိမ်းသွားအောင်လို့ အားထုတ်ရတယ်, အပါယ်ကျစေနိုင်တဲ့ ပါဏာတိပါတ အစရှိသော အကုသိုလ်ဒုစရိုက်တွေ ဆိုတာဟာ အနည်းနဲ့အများတော့ ဖြစ်ဖူးတယ်။ အခုဘဝ မဖြစ်ဖူးတောင်ရှေးဘဝက ဖြစ်ဖူးတာပဲ, အဲဒီဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေ နောင်မဖြစ်ရအောင်,တစ်ခါတည်း ငြိမ်းအောင်လို့ တရားအားထုတ်ရတာပဲ။

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ရောက်အောင် အားထုတ်ရတယ်။ သောတာပတ္တိမဂ်ဖိုလ် ရောက်လို့ရှိရင် အပါယ်ကျစေနိုင်တဲ့ အကုသိုလ်တွေ လွတ်ငြိမ်းသွားတယ်, အဲဒါငြိမ်းအောင်လို့ အားထုတ်ရတယ်။အဲဒီအကုသိုလ်တွေ ငြိမ်းသွားလို့ရှိရင်လည်းပဲ အပါယ်လေးပါး ဘယ်တော့မှ မကျတော့ဘူး, နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင် ကောင်းရာဘဝချည်း ဖြစ်သွားမှာပဲ။ အဲဒီလိုဖြစ်ပြီးသား အကုသိုလ်ကံတွေလည်း မဖြစ်ရအောင်လို့ အားထုတ်တယ်တဲ့။

ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်, ကွေးတယ်, ဆန့်တယ် စသည်ဖြင့်မှတ်တိုင်း မှတ်တိုင်းဟာ ကြောင့်ကြစိုက်မှု အားထုတ်မှုလေး ပါတယ်, အဲဒီ ကြောင့်ကြစိုက်မှု အားထုတ်မှုလေးဟာ မိမိမှာ ဖြစ်ဖူးတဲ့ အကုသိုလ်မျိုးတွေ ပယ်ရအောင်လို့,ဒါတွေ ထပ်ပြီးတော့ မဖြစ်ရအောင်လို့, တစ်ခါတည်း ငြိမ်းသွားအောင်လို့ အားထုတ်နေတယ်, ဒီ ဒုတိယသမ္မပ္ပဓာန်လည်း မှတ်တိုင်း မှတ်တိုင်း ပါဝင်နေတယ်။

မဖြစ်သေးတဲ့ ကုသိုလ် ဖြစ်အောင် အားထုတ်တဲ့ သမ္မပ္ပဓာန်

အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ

အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

အနုပ္ပန္နာနံ- မဖြစ်သေးကုန်သော၊ ကုသလာနံ ဓမ္မာနံ- ကုသိုလ်တရားတို့၏၊ဥပ္ပါဒါယ- ဖြစ်ခြင်းငှာ၊ ဆန္ဒံ- လိုလားအားထုတ်ခြင်းကို၊ ဇနေတိ- ဖြစ်စေ၏၊ ဝါယမတိ-အားထုတ်၏၊ ဝီရိယံ- လုံ့လကို၊ အာရဘတိ- အားထုတ်၏၊ စိတ္တံ- စိတ်ကို၊ ပဂ္ဂဏှာတိ-ချီးမြှောက်၏၊ ပဒဟတိ- ကြိုးစားအားထုတ်၏။

စာ ၁၉၆

မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ရအောင်လို့ အားထုတ်တာလည်းသမ္မပ္ပဓာန်တစ်ခုပဲတဲ့, ဒါက တတိယ သမ္မပ္ပဓာန်။ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေဖြစ်အောင်လို့ အားထုတ်တယ်။ ဝိပဿနာတရား အားမထုတ်ခင်ကဆိုရင် ဝိပဿနာကုသိုလ်ဟာ မဖြစ်ဖူးသေးဘူး, ဖြစ်အောင် အားထုတ်ရတယ်။ မဂ်ကုသိုလ်တွေဆိုတာမဖြစ်ဖူးသေးဘူး, ဖြစ်အောင် အားထုတ်ရတယ်။ တရားအားထုတ်တယ်ဆိုကတည်းကဒီရည်ရွယ်ချက်ကတော့ ပါနေတာပဲ။

ဒါကြောင့် ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ် စသည်ဖြင့် ရှုတိုင်းမှတ်တိုင်း ဒီမဖြစ်သေးတဲ့ ကုသိုလ်တရားတွေဖြစ်အောင် အားထုတ်မှုတွေ အချက်တိုင်းအချက်တိုင်း ပါနေတယ်။ နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းကကုသိုလ်တွေ, အကြောင်းအကျိုးကို ပိုင်းခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းက ကုသိုလ်တွေ, အနိစ္စ, ဒုက္ခ, အနတ္တ သုံးသပ်ဆင်ခြင်တဲ့ သမ္မသနဉာဏ်ပိုင်းက ကုသိုလ်တွေ,ဥဒယဗ္ဗယဉာဏ်ပိုင်းက အဖြစ်အပျက်ကို မြင်တဲ့ကုသိုလ်တွေ, နောက် ဘင်္ဂဉာဏ်ပိုင်း,ဘယဉာဏ်ပိုင်း, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုဉ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်,သင်္ခါရုပေက္ခာဉာဏ်ပိုင်းက ကုသိုလ်တွေ, နောက် အနုလောမဉာဏ်, ဂေါတြဘူဉာဏ်,နောက်ဆုံးကျလို့ရှိရင် သောတာပတ္တိမဂ်ကုသိုလ်တွေ, နောက်လည်း ဆက်ပြီးတော့သကဒါဂါမိမဂ်, အနာဂါမိမဂ်, အရဟတ္တမဂ်ကုသိုလ်တွေလည်း ရှိပါတယ်။ အဲဒီတိုင်အောင် မရောက်သေးတောင် အောက်ထစ်ဆုံးအားဖြင့် ဝိပဿနာအဆင့်ဆင့်နဲ့သောတာပတ္တိမဂ်ကုသိုလ်, အဲဒီ မဖြစ်ဖူးသေးတာတွေ ဖြစ်အောင်လို့ အခု အားထုတ်ရတာ, အားထုတ်လိုက်ကတည်းက ဒီ သမ္မပ္ပဓာန် ဖြစ်တော့တာပဲ။

ဝိပဿနာအားထုတ်တယ်ဆိုတာ အင်မတန် ကောင်းတယ်, အဲဒါ မဖြစ်သေးတဲ့ကုသိုလ်တွေ ဖြစ်အောင် အားထုတ်တာပဲ။ ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် မှတ်တိုင်း မှတ်တိုင်း အဲဒီအမှတ်ကလေးတစ်ခု ဖြစ်အောင် ကြောင့်ကြစိုက်နေတာဟာအင်မတန် အဖိုးတန်တယ်။ မဖြစ်သေးတဲ့ ဝိပဿနာကုသိုလ် အဆင့်ဆင့်တွေ ဒီဝီရိယအစွမ်းနဲ့ ဖြစ်ရတာ, အရိယာမဂ်ကုသိုလ်တွေ ဒီဝီရိယအစွမ်းနဲ့ ဖြစ်ရတာ, အဲဒါဟာသမ္မပ္ပဓာန်ပဲတဲ့။

စာ ၁၉၇

ဖြစ်ပြီးသားကုသိုလ် တည်တံ့ပွားများအောင် အားထုတ်တဲ့ သမ္မပ္ပဓာန်

ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ

ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ

စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။

ဥပ္ပန္နာနံ- ဖြစ်ကုန်ပြီးသော၊ ကုသလာနံ ဓမ္မာနံ- ကုသိုလ်တရားတို့၏၊ ဌိတိယာ-တည်တံ့ခြင်းငှာ၊ အသမ္မောသာယ- မမေ့လျော့ခြင်းငှာ၊ ဘိယျောဘာဝါယ- လွန်စွာဖြစ်ခြင်းငှာ၊ ဝေပုလ္လာယ- ပြန့်ပွားခြင်းငှာ၊ ဘာဝနာယ ပါရိပူရိယာ- ပွားများမှု၏ပြည့်စုံခြင်းငှာ၊ ဆန္ဒံ- လိုလားခြင်း အားထုတ်ခြင်းကို၊ ဇနေတိ- ဖြစ်စေ၏၊ ဝါယမတိ-အားထုတ်၏၊ ဝီရိယံ- လုံ့လကို၊ အာရဘတိ- အားထုတ်၏၊ စိတ္တံ- စိတ်ကို၊ ပဂ္ဂဏှာတိ-ချီးမြှောက်၏၊ ပဒဟတိ- ကြိုးစားအားထုတ်၏။

ဖြစ်ပြီးသား ကုသိုလ်တရားတွေ ရှိတယ်, အဲဒီ ဖြစ်ပြီးသား ကုသိုလ်တရားတွေတည်တံ့နေဖို့, မဆုတ်ယုတ်ဖို့, ပျောက်ပျက်မသွားဖို့ အားထုတ်နေတာ သမ္မပ္ပဓာန် တစ်ခုပဲတဲ့, စတုတ္ထ သမ္မပ္ပဓာန်။

ဝိပဿနာ ပထမရှုခါစမှာ အဲဒီဝီရိယမျိုး မရသေးဘူး, ဒုတိယအကြိမ်က စပြီးတော့ ရသွားတယ်, ပထမအကြိမ်မှာ ဖြစ်ဖူးတဲ့ ဝိပဿနာမျိုးတွေ မဆုတ်ယုတ်ရအောင်ဒုတိယအကြိမ်က စပြီး အားထုတ်နေတာ။ ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်,ကွေးတယ်, ဆန့်တယ် စသည်ဖြင့် မှတ်တိုင်းမှတ်တိုင်းဟာ ရှေးရှေးက ဖြစ်ဖူးတဲ့ အမှတ်အသိ ဝိပဿနာကုသိုလ်မျိုးတွေ ထပ်ခါထပ်ခါ ဖြစ်နေတယ်, အဲဒါဟာ မဆုတ်ယုတ်ဘဲတည်တံ့နေတာပဲ။ တည်တံ့နေအောင် ပျောက်ပျက်ပြီးတော့ ဆုတ်ယုတ်မသွားအောင်လို့အားထုတ်တယ်တဲ့။

ဒါတင် မဟုတ်ဘူးတဲ့, ဘိယျောဘာဝါယ- လွန်စွာဖြစ်ပွားဖို့တဲ့, အစကထက်တိုးတက်ပြီးဖြစ်အောင်လို့ အားထုတ်ရတယ်။ တိုးအောင်လို့လည်း အားထုတ်နေရတယ်,တိုးလည်း တိုးနေတာပဲ, ရှုမှတ်ပါ များလာတဲ့အခါကျတော့ နာမရူပပရိစ္ဆေဒ- နာမ်ရုပ်ပိုင်းခြားသိရာက နေပြီးတော့ ပစ္စယပရိဂ္ဂဟ- အကြောင်းနဲ့ အကျိုးကို သိလာတယ်။ကွေးတယ်ဆိုရင် ကွေးချင်တဲ့စိတ်လေးပါ သိလာတယ်, ကွေးချင်လို့ ကွေးတဲ့အတိုင်းကွေးရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်နေတာ သိတယ်, အကြောင်းလေးတွေ ရှိတော့အကျိုးလေးတွေ ဖြစ်လာတာ သိတယ်, တိုးလာတာကိုး။

စာ ၁၉၈

သူ့ထက် တိုးတက်ပြီး ဆက်လက်အားထုတ်နေလို့ရှိရင် ဖြစ်ပေါ်ပြီး ပျောက်သွားလို့ မမြဲဘူးဆိုတာ သိလာတယ်, တိုးလာတယ်။ တော်တော်ကြာလို့ရှိရင် မသုံးသပ်မဆင်ခြင်တော့ဘဲနဲ့ မှတ်တိုင်း မှတ်တိုင်းဟာ စပေါ်လိုက်, ဆုံးလိုက်, စပေါ်လိုက်ဆုံးလိုက် အစနဲ့အဆုံးချည်းပဲ ပိုင်းခြားပြီးတော့ သိတယ်, ဥဒယဗ္ဗယဉာဏ်ကုသိုလ်တွေတိုးပြီးတော့ ဖြစ်လာတယ်။ တော်တော်ကြာ ဘင်္ဂဉာဏ်ကျတော့ အပျက်ချည်းပဲ ထင်လာတယ်, ကုန်ဆုံး ပျောက်ပျောက်ချည်းပဲ, အထည်ဒြပ်တွေ မရှိဘဲနဲ့ အကုန် ပျောက်လိုက်နေတာတွေ သိလာတယ်။ တော်တော်ကြာ ဘယဉာဏ်က ကြောက်စရာ ထင်လာတယ်, အာဒီနဝဉာဏ်က အပြစ်မြင်လာတယ်, နိဗ္ဗိဒါဉာဏ်က ငြီးငွေ့လာတယ်, မုဉ္စိတုကမျတာဉာဏ်က လွတ်မြောက်လိုတဲ့သဘောတွေ ဖြစ်လာတယ်, ပဋိသင်္ခါဉာဏ်ကလွတ်မြောက်အောင် ကြိုးစားအားထုတ်တာတွေ ဖြစ်လာတယ်, သင်္ခါရုပေက္ခာဉာဏ်ကကြောင့်ကြမစိုက်ဘဲနဲ့ လျစ်လျူရှုပြီးတော့ ရှုနိုင်တဲ့ အင်မတန်ကောင်းတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်လာတယ်, အဲဒါတွေဟာ ဘိယျောဘာဝါယ- လွန်စွာ ဖြစ်တာပဲ။ ဒီလိုလွန်စွာ တိုးပြီး ဖြစ်လာအောင်လို့ တရားအားထုတ်နေရတာ။

ဝေပုလ္လာယ- ပြန့်ပြောသွားအောင်, ဘာဝနာယ ပါရိပူရိယာ- ဘာဝနာ ပြည့်စုံသွားအောင်-တဲ့။ ဘာဝနာပွားများမှု ကုသိုလ်တရားတွေ ပွားများမှုဟာ ပြည့်စုံသွားအောင် အားထုတ်နေတယ်, ဘယ်ကျမှ ပြည့်စုံမလဲဆိုတော့ အရဟတ္တမဂ် အရဟတ္တဖိုလ် ကျမှ ပြည့်စုံတယ်။ အဲဒီရောက်အောင်လို့ အားထုတ်နေရတာပဲ, အောက်ထစ်ဆုံးအနေအားဖြင့်ဆိုရင် သောတာပတ္တိမဂ်ဖိုလ်ပေါ့လေ, အဲဒီရောက်မှ ပထမအဆင့် ပြည့်စုံတယ်။ အဲဒီ ပထမအဆင့် ပြည့်စုံအောင်လို့ပဲ ရှေးဦးစွာ အားထုတ်ရတယ်, စာသင်ရတာလိုပဲ, တစ်တန်း အောင်ပြီးမှ တစ်တန်း တက်ရသလို, ပထမတစ်ဆင့် ပြည့်စုံသွားအောင်လို့ အားထုတ်နေတယ်။

အစ ပထမက တရားမရသေးတဲ့ပုဂ္ဂိုလ်, တရား မပြည့်စုံသေးတဲ့ပုဂ္ဂိုလ်က ပထမအဆင့် သောတာပတ္တိမဂ်ဖိုလ်ဉာဏ် ရောက်ပြီးတော့ ပွားများမှုပြည့်စုံအောင် အားထုတ်ရတယ်, ရောက်သွားတဲ့အခါကျတော့ ပြည့်စုံသွားတာပဲ။ အဲဒီအဆင့် ရောက်ပြီးတဲ့ပုဂ္ဂိုလ်များ ဆက်ပြီးတော့ ရှုမှတ်နေလို့ရှိရင် သကဒါဂါမိမဂ်ဖိုလ်အထိ ပြည့်စုံသွားမယ်,ပြီးတော့ အဲဒီက ဆက်မှတ်ရင် အနာဂါမိမဂ်ဖိုလ်, အဲဒီက ဆက်မှတ်ရင် အရဟတ္တမဂ်ဖိုလ်ထိ ပြည့်စုံသွားမှာကိုး။ အဲဒီလို ပြည့်စုံသွားသည့်တိုင်အောင် ကုသိုလ်တရားတွေဖြစ်ပွားသွားအောင် အားထုတ်နေတယ်တဲ့, အဲဒါက သမ္မပ္ပဓာန်တစ်ခုပဲ။

စာ ၁၉၉

ဝိပဿနာကုသိုလ်မှာသာ သမ္မပ္ပဓာန်လေးပါး ပြည့်စုံတယ်

အားလုံး အတိုချုပ်ကတော့ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်စေဖို့အားထုတ်တယ်, ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်နိုင်အောင် အားထုတ်တယ်, ဒါနှစ်ခုဟာ အကုသိုလ်ဘက်က ဖြစ်တယ်။

ပြီးတော့ မဖြစ်သေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပွားလာအောင် အားထုတ်တယ်,ဖြစ်ပြီးသား ကုသိုလ်တွေကို တည်တံ့ တိုးပွား ပြည့်စုံသွားအောင် အားထုတ်တယ်, ဒီနှစ်ခုဟာ ကုသိုလ်ဘက်က ဖြစ်တယ်။ လိုရင်းတော့ ပြည့်စုံအောင် အားထုတ်ရမှာပါပဲ,ဒါပေမဲ့ ပြည့်စုံတဲ့ထိ မရောက်သေးရင်လည်း တိုးပွားအောင်, မတိုးပွားတောင်မှပဲတည်တံ့နေအောင်, အားထုတ်ရမယ်, ဒါ သုံးဆင့် ရှိတယ်။

အဲဒါကြောင့် မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ ကိုယ့်မှာ မဖြစ်သေးဘူး, အဲဒီအကုသိုလ်တရားတွေဟာ အပါယ်လေးပါးကို ပစ်ချတတ်တယ်, သံသရာကိုလည်း ရှည်လျားစေတတ်တယ်, ဒါကြောင့် ဒီအကုသိုလ်တရားတွေ မဖြစ်ရအောင် အားထုတ်မယ်ဆိုပြီး တရားအားထုတ်တယ်, အားထုတ်တိုင်း အားထုတ်တိုင်း ဒီ သမ္မပ္ပဓာန်ဝီရိယကပါနေတယ်။

မိမိသန္တာန်မှာ အကုသိုလ်တရားတွေ ရှေးက ဖြစ်ဖူးတယ်, အဲဒါမျိုးတွေ နောက်ထပ် မဖြစ်ရအောင်လို့ တရား အားထုတ်တယ်။ အားထုတ်နေရင်း လောဘ, ဒေါသ,မောဟတွေ ဖြစ်လာရင် ဒါတွေ ရှုမှတ်ပြီး ပယ်နိုင်အောင် အားထုတ်ရတယ်။

ဖြစ်ပြီးသား ကုသိုလ်တရားတွေ တည်တံ့နေအောင်, တိုးတက်သွားအောင်, ပြည့်စုံသွားအောင် အားထုတ်တယ်ဆိုတာဟာ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေမှာ အားထုတ်တိုင်း အားထုတ်တိုင်း ဒီလိုတည်တံ့နေအောင် အားထုတ်ရတာပဲ။ တည်တံ့ရုံတင်မဟုတ်ဘူး, တိုးတက်အောင်လည်း အားထုတ်ရတယ်။ တိုးတက်ရုံတင် မဟုတ်ဘူး,ပြည့်စုံအောင် အားထုတ်နေရတယ်။ ဒီနေ့ ပြည့်စုံလိမ့်မယ်, နက်ဖြန်ခါ ပြည့်စုံလိမ့်မယ်,သန်ဘက်ခါ ပြည့်စုံလိမ့်မယ်, မကြာခင် ပြည့်စုံမှာပဲ ဆိုတဲ့အနေနဲ့ ပြည့်စုံဖို့ရာကိုရည်မှန်းပြီး အားထုတ်ရတယ်။ အဲဒါ မှတ်တိုင်းမှတ်တိုင်း ဒီသမ္မပ္ပဓာန်ဝီရိယ ပါတယ်,အားထုတ်မှု မပါဘဲနဲ့ သမ္မပ္ပဓာန်ဝီရိယက မဖြစ်နိုင်ဘူး, ဒါ သမ္မာဝါယာမမဂ္ဂင်ပဲတဲ့။

အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါယာမော။

စာ ၂၀၀

ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤအားထုတ်မှုကို၊ သမ္မာဝါယာမော- သမ္မာဝါယာမဟူ၍၊ (ဝါ) မှန်စွာ အားထုတ်ခြင်းဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။

အမှန်အတိုင်း အားထုတ်တယ်ဆိုတာ ဒါပဲ, မဖြစ်သေးသော အကုသိုလ်တွေမဖြစ်ဖို့ အားထုတ်ရင် အမှန်အားထုတ်တာပဲ, ကိုယ်ကျိုး ကိုယ်စီးပွား တကယ်ဖြစ်အောင် အားထုတ်နေတာပဲ, ဒါ အားထုတ်တိုင်း အားထုတ်တိုင်း ဒီသမ္မာဝါယာမမဂ္ဂင်ဖြစ်နေပါတယ်။ မဖြစ်သေးတဲ့ အကုသိုလ်တရားတွေ ဖြစ်အောင်လို့ အားထုတ်နေတယ်ဆိုရင် သမ္မာဝါယာမ မဟုတ်ဘူး, မိစ္ဆာဝါယာမ ဖြစ်တယ်, တယ်နေရာ မကျဘူး။

ကိုယ့်မှာ တစ်ချို့ အကုသိုလ်တွေ ဖြစ်နေတယ်, ဖြစ်မှန်းတော့လည်း သိနေတာပဲ။သိပေမယ့် ဒီအကုသိုလ် ဖြစ်နေရတာကို သဘောကျနေတယ်, လောဘဖြစ်နေရတာကိုသဘောကျတယ်, စိတ်ဆိုးနေတဲ့ ပုဂ္ဂိုလ်ကလည်း ဒေါသဖြစ်နေရတာကို သဘောကျတယ်။ မပယ်ချင်ဘူး, ထပ်ခါ ထပ်ခါ တိုးပွားအောင်လို့ လောဘဖြစ်ကြောင်း ဒေါသဖြစ်ကြောင်း အာရုံတွေ ဆက်ပြီး စဥ်းစားနေတယ်။ အဲဒါဟာ ဖြစ်ပြီးသား အကုသိုလ်တွေ ပွားအောင် လုပ်နေတာ, အဲဒါ မိစ္ဆာဝါယာမပဲ, အဲဒါတွေ မလုပ်ရဘူး။

အမှန်ကတော့ မဖြစ်ဖူးတဲ့ အကုသိုလ်တွေရော, ဖြစ်ဖူးတဲ့ အကုသိုလ်တွေရောနောင် ဘယ်တော့မှ မဖြစ်နိုင်အောင် ကြိုးစားအားထုတ်ရတယ်, ကြိုးစားအားထုတ်တယ်ဆိုတာလည်း ဒီ့ပြင်နည်းနဲ့တော့ မလွယ်ဘူး, ဝိပဿနာနဲ့အားထုတ်မှပဲ ငြိမ်းနိုင်တယ်။

မဖြစ်သေးသော ကုသိုလ်တရားတွေ ဖြစ်အောင် အားထုတ်ရတယ် ဆိုတာ ဒါနသီလ ကုသိုလ်တွေလည်း ပါပါတယ်, ဒီမှာတော့ ဝိပဿနာပဓာန ပြုပြီးတော့ ဟောနေတယ်, အဲဒါတွေဖြစ်အောင် အားထုတ်ရတယ်, အဲဒါ သမ္မာဝါယာမပဲ။ ဒါတွေဖြစ်အောင် အားမထုတ်ဘူး, တိမ်းရှောင်ပြီးတော့ နေနေတယ်, ဒါနပြုစရာ အကြောင်းရှိရင်မပြုဘူး, သီလဆောက်တည်စရာ အကြောင်းရှိရင် မဆောက်တည်ဘူး, တရားနာစရာအကြောင်းရှိရင် တရားမနာဘူး, ဘုရား ရှိမခိုးဘူး, ရှောင်ပြီးတော့ နေတယ်, ကုသိုလ်ဖြစ်စရာတွေ မလုပ်ဘဲနဲ့ တိမ်းရှောင်နေတယ်, ဒါ မိစ္ဆာဝါယာမပဲ။

ဖြစ်ပြီးသားကုသိုလ်တွေ တည်တံ့အောင်လို့ အားထုတ်ရင် သမ္မာဝါယာမပဲတဲ့,ဖြစ်ပြီးသား ကုသိုလ်မျိုးတွေကို တည်တံ့နေအောင် အားမထုတ်ဘူး, မူလက ဒါနကုသိုလ် သီလကုသိုလ်လေးတွေ ပြုလုပ်ပြီးတော့နေတာ, တော်တော်ကြာတော့ ဒါတွေ