သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
၁၃၂၃-ခုနှစ်, တပေါင်းလဆန်း ၈-ရက်နေ့
သတိပဋ္ဌာနသုတ်က ဓမ္မာနုပဿနာပိုင်း, ဓမ္မာနုပဿနာပိုင်းမှာလည်း အရိယသစ္စာပိုင်းထဲက မဂ္ဂသစ္စာ, အဲဒီ မဂ္ဂသစ္စာမှာလည်းပဲ မဂ္ဂင်ရှစ်ပါးရှိတဲ့အနက်က သမ္မာဝါယာမနဲ့ သမ္မာသတိ တစ်နေ့က ဟောခဲ့တယ်, သမ္မာသတိက သတိပဋ္ဌာန်လေးပါးကိုဝေဖန်ပြီးတော့ ပြတယ်, မဆုံးသေးဘူး။ ဒီကနေ့ ဝေဒနာနုပဿနာကို ပြောရမယ်။
သမ္မာသတိမဂ္ဂင် (သတိပဋ္ဌာန်လေးပါး) အဆက် ဝေဒနာနုပဿနာ သတိပဋ္ဌာန်
ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။
ဝေဒနာသု- ခံစားမှုဝေဒနာတို့၌၊ ဝေဒနာနုပဿီ- ခံစားမှုဝေဒနာဟု ရှုမြင်သည်ဖြစ်၍၊ ဝိဟရတိ- နေ၏တဲ့။
ခံစားမှုသဘောဟာ ဝေဒနာပဲတဲ့, သဘောတရားလေးပဲလို့ ရှုရမယ်။ သူလည်းမမြဲတာပဲ, ဒုက္ခပဲတဲ့, အနတ္တပဲတဲ့, ဝေဒနာလေးတွေ တစ်ခုချင်းဖြစ်နေတာပဲ။ ခံစားတာတွေထဲမှာ ကောင်းတာလည်း ရှိတယ်, ဆိုးတာလည်း ရှိတယ်။ ဒီအတိုင်းနေရင်တော့အဆိုးကို တယ်မသိလှဘူး, ကောင်းအောင်လို့ပဲ တမင်တကာ ပြုပြင်ပေးနေတော့သာယာစရာလေးတွေကို ရပြီးတော့နေတယ်, ဒါပေမယ်လို့ ကောင်းသည်ထက် ကောင်းအောင်လို့လည်း ကြိုးစားအားထုတ်နေရတယ်, တော်ရုံတန်ရုံ ကောင်းတာနဲ့လည်းအားမရသေးဘူး။
ဥပမာ- အိပ်နေတယ်ဆိုရင် ကောင်းနေတာပဲ, ဒါပေမယ်လို့ ကောင်းသထက်ကောင်းအောင် အိပ်ယာခင်းတို့, ခေါင်းဦးတို့ လုပ်ရတယ်။ သို့သော်လည်းပဲ ဒီဝေဒနာတွေဟာ အကြွင်းမဲ့ ကောင်းတယ်လို့တော့ မဆိုနိုင်ဘူး။
သုခဝေဒနာလည်း မမြဲလို့ ဆင်းရဲပါပဲ
သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ သုံးမျိုး ရှိတယ်။ သုခဝေဒနာဆိုတာက အကောင်းခံစားမှုတွေပါပဲ, ကိုယ်ထဲမှာ တွေ့ထိပြီးတော့ ကောင်းတာ, ပူအိုက်နေတဲ့အခါ အအေးလေးနဲ့ တွေ့လိုက်ရရင် ကောင်းတယ်, ချမ်းနေတဲ့အခါမှာ အနွေးလေးနဲ့တွေ့လိုက်ရလို့ရှိရင် ကောင်းတယ်, ညောင်းနေတဲ့အခါကာလ အညောင်းအညာ ပြေအောင် လုပ်လိုက်ရလို့ရှိရင် ကောင်းတယ်, အဲဒီလို ကိုယ်နဲ့တွေ့ထိပြီး ကောင်းတာတွေရှိတယ်။
ပြီးတော့ စိတ်ထဲကလည်းပဲ ဝမ်းသာစရာအာရုံတွေနဲ့ တွေ့ပြီး ကောင်းနေတာတွေရှိတယ်။ မြင်ရတဲ့အခါတွေ, ကြားရတဲ့အခါတွေ, တွေ့ရတဲ့အခါတွေ, သိရတဲ့အခါတွေ,စိတ်ကူးစဥ်းစား ကြံစည်ရတဲ့အခါတွေမှာ ဝမ်းသာတယ်, အလုပ်ကိစ္စတွေ အောင်မြင်ထမြောက်တဲ့အခါတွေမှာ ဝမ်းသာတယ်, အဲဒါတွေကို သုခဝေဒနာတွေလို့ ခေါ်တယ်။
ဒါပေမဲ့ ဒီသုခဝေဒနာတွေကလည်း ဖြစ်တုန်းတော့ ကောင်းတာ, သူတို့မဖြစ်ရင်မကောင်းဘူးတဲ့။ သူတို့က မြဲတာလည်း မဟုတ်ပဲဟာကိုး, သူတို့ မရှိတဲ့အခါကျရင်ဒုက္ခရောက်တယ်, ချမ်းသာတွေ ခံစားနေကျ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒီချမ်းသာလေးပျောက်သွားလို့ရှိရင် မခံနိုင်ဘူး။ ချစ်လှစွာသော သားကလေးတွေ သမီးကလေးတွေရှိနေတဲ့ပုဂ္ဂိုလ်တွေ အဲဒါလေးတွေ ပျောက်သွားလို့ရှိရင် စိတ်ဒုက္ခ အများကြီးရောက်ရတယ်, အစကတည်းက မရှိတဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခ မရောက်ဘူး။ ပစ္စည်းဥစ္စာတွေလည်းရလာရင်တော့ ကောင်းတာပဲ, ဒါတွေ ပျောက်သွားတဲ့အခါ အင်မတန် ဒုက္ခရောက်တယ်, သူများက ယူသွားလို့ဖြစ်စေ, တနည်းနည်းနဲ့ ပျက်သွားလို့ ဖြစ်စေ ဒုက္ခရောက်တယ်, အစကတည်းက မရှိရင်တော့ ဒုက္ခ မရောက်ရဘူး။
ဒီတော့ ချမ်းသာဆိုတာဟာ အမြဲတမ်းတည်နေတာ မဟုတ်တော့ သူ မရှိတဲ့အခါဒုက္ခတွေရောက်တာပဲတဲ့, ဒါကြောင့်မို့ ချမ်းသာတယ် ကောင်းတယ်လို့ မဆိုနိုင်ဘူးတဲ့။
လူချမ်းသာတွေ ကောင်းတယ်ဆိုတာလည်း မြဲတာ မဟုတ်, နတ်ချမ်းသာတွေဆိုတာလည်း မြဲတာ မဟုတ်, ဗြဟ္မာချမ်းသာတွေတောင်မှ မြဲတာ မဟုတ်ဘူး, စင်စစ်အားမကိုးရဘူး။ ဒါကြောင့် ဒီချမ်းသာတွေကလည်း မမြဲတဲ့အတွက် မကောင်းပါဘူးတဲ့,
အားမကိုးရပါဘူးတဲ့။ ဒါကြောင့်မို့ ဒီချမ်းသာတွေကလည်း မကောင်းဘူး, ဒုက္ခတွေပါပဲတဲ့။
ဒုက္ခ- ဆင်းရဲကို တရားအားထုတ်မှ ထင်ရှားသိလွယ်တာ
ဒုက္ခဆိုတာ မကောင်းတာကတော့ လူတိုင်းလူတိုင်း သိတယ်, ဒုက္ခတော့ ကလေးလည်း သိတာပဲ, လူကြီးလည်း သိတာပဲ, စာတတ်တဲ့ပုဂ္ဂိုလ်လည်း သိတာပဲ, စာမတတ်တဲ့ပုဂ္ဂိုလ်လည်း သိတာပဲ။ ဒုက္ခတော့ မကောင်းဘူးဆိုတာ လူမှ သိတာ မဟုတ်ဘူး,တိရစ္ဆာန်တွေလည်း သိတာပဲ။
ဒါပေမယ်လို့ သာမန်ပုဂ္ဂိုလ်တွေ သိတာကတော့ ငါ ဆင်းရဲတယ်လို့ ငါအနေနဲ့သိတာကိုး။ နာရင် ငါ နာတယ်, ညောင်းရင် ငါ ညောင်းတယ်, ပင်ပန်းလည်း ငါပင်ပန်းတယ်, မောရင်လည်း ငါ မောတယ်, ဒီလို ငါချည်းပဲ ထင်နေတာကိုး။
ယောဂီကတော့ အဲဒီလိုသိတာ မဟုတ်ဘူး, ယောဂီကတော့ ညောင်းရင်လည်းညောင်းတာလေး မှတ်တော့ ညောင်းတဲ့သဘောလေးက ငါလည်း မဟုတ်ဘူး, ညောင်းပြီးရင်း ပျောက်သွားရင်း ညောင်းပြီးရင်း ပျောက်သွားရင်း။ နာရင်လည်း နာတာလေးမှတ်တော့ နာတာလေးကလည်း နာပြီးရင်း ပျောက်သွားရင်း နာပြီးရင်း ပျောက်သွားရင်း, မမြဲတဲ့သဘောတရားလေးနဲ့ တွေ့ရတယ်။ မမြဲတဲ့ ဆင်းရဲတွေပဲ။
ပကတိပုဂ္ဂိုလ်တွေတော့ ခြေတွေ လက်တွေ ခဏခဏ ပြင်နေတယ်, ဒီလိုထိုင်ရာက ဟိုလိုထိုင်လိုက်, ကွေးရာက ဆန့်လိုက်, ဆန့်ရာက ကွေးလိုက်, ဖိထားရာကနေပြီးတော့ ကြွလိုက်, ကြွထားရာကနေပြီး ဖိလိုက်, ထိုင်ရာကနေပြီး လှဲချလိုက်, လှဲချရာကနေပြီး ထိုင်လိုက် စသည်ဖြင့် ကိုယ်အမူအရာတွေ အမျိုးမျိုးပြင်နေတော့ နေသာထိုင်သာ ဖြစ်နေတာပေါ့, ကိုယ်ထဲ ဒုက္ခရှိမှန်း မသိရဘူး။
တရားအားထုတ်တဲ့အခါကျတော့ ဒီလိုမဟုတ်ဘူး, ကိုယ်ကြီး သူ့သဘာဝအတိုင်းထားပြီး စောင့်ကြည့်နေရတယ်, ထိုင်နေရင် တော်တော်ကြာရင် ပူလာပြီ, တော်တော်ကြာရင် ညောင်းလာပြီ, တော်တော်ကြာရင် အောင့်လာပြီ ဒီလို သိရတယ်။ အဲဒါကိုစောင့်ပြီးကြည့်တော့ ညောင်းရင် ညောင်းတယ် ညောင်းတယ်, နာရင်လည်း နာတယ်နာတယ်, ပူရင်လည်း ပူတယ် ပူတယ်, ယားရင်လည်း ယားတယ် ယားတယ်, အောင့်ရင်လည်း အောင့်တယ် အောင့်တယ်လို့ စသည်ဖြင့် ရှုတော့ ဒုက္ခတွေ မြင်လာတယ်,
တစ်ခါတစ်ခါ အင်မတန်ကို မခံသာတဲ့သဘောတွေ ဖြစ်တယ်, တကယ်တော့ သိပ်မကြီးပါဘူး, ဝိပဿနာသမာဓိနဲ့ ဉာဏ်နဲ့ ထင်ရှားသွားတော့ သေးသေးကို ကြီးကြီးထင်တယ်။မှန်ဘီလူးနဲ့ ကြည့်သလိုပေါ့။
ဥပေက္ခာဝေဒနာက မထင်ရှားဘူး
ဥပေက္ခာဝေဒနာကတော့ သိခဲတယ်, သုခနဲ့ဒုက္ခ အပြောင်းအလဲ ကြားထဲမှာဆင်းရဲတယ်လို့လည်း မဟုတ်, ချမ်းသာတယ်လို့လည်း မဟုတ်ဘူး, နေတော့ နေသာတာပဲ, ဥပေက္ခာဝေဒနာက မထင်ရှားဘူး။ သာမန်စိတ်တွေက ဥပေက္ခာနဲ့ တွဲဖြစ်နေတယ်။
ခံစားမှုတိုင်းမှာ ကိလေသာငြိမ်းအောင် မှတ်သိနေတာ ဝေဒနာနုပဿနာသတိပဋ္ဌာန်
အာတာပီ- ကိလေသာကို ပူလောင်စေတတ်တဲ့ သမ္မပ္ပဓာန်လုံ့လနဲ့ ပြည့်စုံရတယ်,မပြတ်မစဲ ရှုရမယ်တဲ့။ ဝေဒနာတွေ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ပြီးတော့ ရှုရမယ်,ကိုယ်ထဲက ချမ်းသာမှုတွေ ဖြစ်ရင်လည်း ရှု, ဆင်းရဲမှုတွေ ဖြစ်ရင်လည်း ရှု, ပြီးတော့ဆင်းရဲတာလည်း မဟုတ်တဲ့, ချမ်းသာတာလည်း မဟုတ်တဲ့, နေသာထိုင်သာ ရှိနေတဲ့ဝေဒနာတွေ ဖြစ်ရင်လည်း ရှုရမယ်, ဒါတွေကို လိုက်ပြီးတော့ မပြတ်မစဲ ရှုရမယ်။
မပြတ်မစဲ အမှတ်ရပြီးနေတော့ အဲဒီတရားတွေကို အမှန်အတိုင်း သိလာတယ်,ဒုက္ခတွေကလည်း တစ်ခုချင်းစီပဲ, ညောင်းတာတွေကို ညောင်းတယ်လို့ မှတ်ရင်ညောင်းရင်း ပျောက်သွားရင်း ညောင်းရင်း ပျောက်သွားရင်း အညောင်းလေးတွေတစ်ခုစီ တစ်ခုစီ ထင်ရှားတယ်။ ကိုယ်ထဲက ချမ်းသာမှုတွေ ဖြစ်လာရင်လည်း မှတ်ရမယ်, သို့သော်လည်း အစမှာ သူ့ကို မှတ်ရတာ နည်းတယ်, ဒုက္ခကို မှတ်ရတာကများတယ်။ သာမန်စိတ်တွေ အနေအားဖြင့်လည်း မှတ်တော့ မှတ်ရတယ်။
မှတ်တိုင်း မှတ်တိုင်းဟာ ဝေဒနာကတော့ ပါနေတာပါပဲ။ အဲဒီဝေဒနာလေးတွေတစ်ခါပေါ်လာ မှတ်လိုက် ပျောက်သွားလိုက်, တစ်ခါပေါ်လာ မှတ်လိုက် ပျောက်သွားလိုက်နဲ့ မမြဲတဲ့ တရားတွေပဲ, မမြဲလို့ ဆင်းရဲတွေပဲ, အားမကိုးရတဲ့, ကြောက်စရာကောင်းတဲ့ ဆင်းရဲတွေပဲ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားတွေပဲဆိုတာ ထင်ရှားပါတယ်။
ထင်ရှားပေါ်လာသော ခံစားမှုဝေဒနာဟူသမျှကို အမှန်အတိုင်း ရှုရမည်။
ရှုမြင်နိုင်အောင် မပြတ် ကြောင့်ကြစိုက်ရမည်။
မပြတ် မှတ်လျက် အမှန်အတိုင်း သိရမည်။
ဒီလိုသိလျှင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။ ခံစားမှုဝေဒနာတိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလိုမှတ်သိနေတာကို
ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟု ခေါ်သည်။
ခံစားမှုဝေဒနာက သုခ, ဒုက္ခ, ဥပေက္ခာဆိုပြီး သုံးမျိုး ရှိတယ်၊ အကျဥ်းချုပ်တော့ဆင်းရဲနဲ့ ချမ်းသာ ၂-မျိုးပဲ။ အဆိုးတွေကို အလိုမရှိဘူး, အကောင်းတွေကို အလိုရှိကြတယ်။ အကောင်းတွေ တွေ့တဲ့အခါကျတော့ သာယာတယ်, မကောင်းတာနဲ့ တွေ့တဲ့အခါကျတော့ ဆင်းရဲတယ်။ မကောင်းတာနဲ့ တွေ့တဲ့အခါ ကောင်းတာကို တောင့်တတယ်, အဲဒါ ကိလေသာတွေ ဖြစ်နေတာပဲ။
ကောင်းတာတွေနဲ့ တွေ့လို့လည်း လောဘ မဖြစ်ရအောင်, မကောင်းတာတွေနဲ့တွေ့လို့လည်းပဲ ဒေါသ မဖြစ်ရအောင်, ကိလေသာ ငြိမ်းသွားအောင်လို့ ထင်ရှားပေါ်လာတဲ့ ခံစားမှုဝေဒနာတွေဟူသမျှကို အမှန်အတိုင်း သိအောင် ရှုရမယ်တဲ့။
အမှန်အတိုင်း သိနိုင်အောင်လို့ ကြောင့်ကြစိုက်ပြီး ပေါ်တိုင်းပေါ်တိုင်း မပြတ်ရှုနေရမယ်, မပြတ် မှတ်နေရမယ်။ အထူးအားဖြင့်တော့ ဒုက္ခဝေဒနာတွေ ပေါ်တတ်တယ်, ညောင်းတာ, ပူတာ, နာတာ, ကျင်တာ, ကိုက်ခဲတာ, ယားတာ, ယံတာ, မောပန်းတာတွေ ရှုရမယ်။ အဲဒီလိုရှုတော့ ရှုတိုင်းရှုတိုင်း ဒီမခံသာတဲ့ သဘောတွေ သိတယ်,အဆိုးတွေကို ခံစားနေတဲ့ သဘောတွေ, ကိုယ်ထဲမှာ အခံခက်ပြီးတော့ နှိပ်စက်နေတဲ့သဘောတွေ, အင်မတန် ထင်ရှားတာပဲ။
ဒီသဘောတွေကလည်း မြဲပြီးနေတာ မဟုတ်ဘူး, ဖြစ်ပြီးရင်း ပျောက်သွားရင်းဖြစ်ပြီးရင်း ပျောက်သွားရင်း ဒါလေးတွေကို သိရမှာကိုး။ စခါစ ပုဂ္ဂိုလ်တော့ မသိဘူး,သမာဓိဉာဏ် အားကောင်းလာတဲ့အခါကျတော့ မှတ်တိုင်းမှတ်တိုင်း တစ်ပိုင်းစီ တစ်ပိုင်းစီ ထင်ရှားလာတယ်, မမြဲတာတွေ သိလာတယ်။ သုခဝေဒနာတောင်မှ မမြဲတာတွေသိတော့ ဆင်းရဲပဲဆိုတာ သိလာတယ်, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားတွေပဲ,သူ့ဟာသူ ဖြစ်ပျက်နေတဲ့ သဘောတရားတွေပဲ ဆိုတာ သိရတယ်။
သိရတော့ ဒီခံစားမှုဝေဒနာနဲ့ စပ်ပြီးတော့ သာယာနှစ်သက်မှု မဖြစ်ဘူး, စိတ်ဆိုးတာလည်း မဖြစ်ဘူး, အဲဒီလိုဟာတွေ ငြိမ်းတယ်တဲ့။ အဲဒီလို ကိလေသာငြိမ်းအောင်လို့ရှုရတာပဲ, ခံစားမှု ဝေဒနာတိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလိုမှတ်သိနေတာကို“ဝေဒနာနုပဿနာသတိပဋ္ဌာန်”လို့ ခေါ်တယ်။
ကျားစားခံရဆဲ ဝေဒနာကို ရှုမှတ်နိုင်လို့ ကိလေသာငြိမ်း ရဟန္တာဖြစ်တယ်
ရှေးက စာပေကျမ်းဂန်ထဲ မှတ်တမ်းတင်ထားတာ ရှိတယ်, ကျားအစားခံရလို့ဒုက္ခဝေဒနာတွေ မှတ်ပြီးတော့ ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ် ရှိတယ်။ ရဟန်းတော်သုံးကျိပ်တို့ဟာ တောကျောင်းမှာ နေပြီးတော့ တရားအားထုတ်ကြတယ်, နေ့လည်း ကိုယ့်နေရာလေးနဲ့ကို နေပြီး တရားအားထုတ်ကြတယ်, ညလည်း ကိုယ့်နေရာလေးနဲ့ကို တရားအားထုတ်ကြတယ်။ သစ်ပင်အောက် တော်တဲ့နေရာမှာ အားထုတ်ကြတယ်, ကျားရှိတဲ့အရပ်ဖြစ်နေတော့ ကျားက လာလာပြီးတော့ ရဟန်းကို ဆွဲသွားတယ်, အဆွဲခံရတဲ့ရဟန်းကလည်းပဲ အော်လိုက်လို့ရှိရင် ဒီ့ပြင်ပုဂ္ဂိုလ်တွေ တရားအားထုတ်တာ ပျက်မှာစိုးလို့ မအော်ဘူးတဲ့, ကျားဆွဲရာ အသာလိုက်သွားတယ်, ဒီတော့ တဖြည်းဖြည်းနဲ့ရဟန်းတွေ လျော့လာတယ်။
တစ်နေ့ ဥပုသ်ပြုတဲ့အခါကျတော့ မထေရ်ကြီးက ရဟန်းရေတွက်လိုက်တဲ့အခါရဟန်းတွေ လျော့နေတာကို သိသွားတော့မှ နောင်ဆို ကျားလာဆွဲရင် အော်ရမယ်လို့မိန့်ကြားတယ်။ နောက်တစ်ခါ ရဟန်းတစ်ပါးဆီကို မနက်စောစော ကျားက လာပြီးဆွဲတယ်, ရဟန်းက ကျားပါဘုရား, ကျားလာဆွဲပါပြီလို့ အော်တော့ ရဟန်းတွေကအကုန်လုံး ဝိုင်းစုလာကြပြီး အော်ငင်ပြီးတော့ ခြောက်လှန့်မှာပေါ့။ ကျားက တစ်ခါတည်း ချီဆွဲသွားတာ ရဟန်းတော်တွေ မလိုက်နိုင်တဲ့နေရာ တောင်ကြားထဲ ရောက်သွားတယ်တဲ့, အဲဒီမှာ သီတင်းသုံးဖော်ရဟန်းတွေက နောက်ဆုံးစကား မှာရတော့တာပဲ,“ငါ့ရှင် ငါတို့တော့ အစွမ်းရှိသမျှ လိုက်ပြီး ခြောက်လှန့်ကြတာပဲ, ဒါပေမယ်လို့ ဒီကရှေ့တော့ တို့လည်း မလိုက်တော့နိုင်ဘူး, ဒီလိုအချိန်အခါမှာ ပုဂ္ဂိုလ်ရဲ့စွမ်းရည်သတ္တိကိုပြရမယ့် အချိန်ကာလပဲ, အဲဒီတော့ အပ္ပမာဒ မမေ့လျော့တဲ့ သတိတရားနဲ့ ကြိုးစားအားထုတ်ပါလေတော့”ဆိုပြီး အားပေးစကား ပြောကြားကြတယ်, အဲဒီလို စကားကလည်း အဖိုးတန်တယ်။
ဒုက္ခဝေဒနာတွေ တွေ့တဲ့အခါမှာ ဒေါသဆိုတာ ဖြစ်တော့မှာပဲ, စိတ်မချမ်းမသာမှုတွေ ဖြစ်တော့မှာပဲ, ဝမ်းနည်းတဲ့စိတ်တွေလည်း ဖြစ်တော့မှာပဲ, အားကိုးရာမဲ့ပြီးအားငယ်တဲ့စိတ်တွေလည်း ဖြစ်တော့မှာပဲ, အဲဒီစိတ်တွေ မဖြစ်ဘဲနဲ့ ကိုယ့်တရားလေးကိုနှလုံးသွင်းနိုင်ရမယ်, အဲဒါ အရေးကြီးတာပဲ။ တရားအားထုတ်ထားတယ်ဆိုတာ စိတ်ဆင်းရဲစရာတွေ ကြုံလည်း မဆင်းရဲဘူး, ဝမ်းသာစရာတွေ ကြုံလည်း မတက်ကြွဘူး,အဲဒါတွေ သည်းခံနိုင်ဖို့ အရေးကြီးတယ်။
ဒါကြောင့် ပုဂ္ဂိုလ်ရဲ့စွမ်းရည် ပြရမယ့်အချိန်ပဲလို့ သတိပေးပြီးတော့ ကိုယ့်တရားကိုယ် ပြန်အားထုတ်နေကြတယ်။
ဘဝဖြစ်လာလို့ရှိရင် တစ်ဘဝ တစ်ခါတော့ သေကြရမှာပဲ, သံသရာမှာ ကျင်လည်တဲ့အခါ နိုင်တဲ့သတ္တဝါတွေက ဖမ်းပြီးတော့စားလို့ သူတစ်ပါးရဲ့ခံတွင်းမှာ သေရတဲ့ဘဝတွေ များပြီတဲ့, အခုမှာတော့ မြတ်စွာဘုရား၏ အဆုံးအမတွေနဲ့ နှလုံးသွင်းပြီးတော့သေရမှာမို့ ဘာမှကြောက်စရာ မရှိဘူးဆိုပြီး မိမိ သီလစင်ကြယ်တာတွေလည်း နှလုံးသွင်းတယ်။ နှလုံးသွင်းတော့ ဝမ်းမြောက်ဝမ်းသာစိတ် ပီတိတွေ ဖြစ်လာတာလည်းရှိမှာပေါ့။ ထင်ရှားနေတဲ့ ဒုက္ခဝေဒနာတွေလည်း ရှုရမှာပဲ, သေသေချာချာ စိုက်ပြီးတော့ရှုရင်းရှုရင်းနဲ့ ပီတိသောမနဿတွေလည်း ဖြစ်လာနိုင်တယ်။
ဒီ ဒုက္ခဝေဒနာတွေက ပြင်းထန်ပေမယ်လို့ ရှုမှတ်နိုင်လာတဲ့အခါကျတော့ ဝေဒနာတွေက နာပေမယ့် သူ့ဟာသူ တခြားဖြစ်နေတာ, ကိုယ်နဲ့ ဘာမှ မဆိုင်ဘူး။ နာတာကတစ်ခု, သိတာက တစ်ခု, နာတာက တစ်ခု, သိတာ တစ်ခု, တခြားစီ ဖြစ်နေတယ်။ဘာမှ မခံနိုင်လောက်အောင် မဟုတ်တော့ဘူး, အဲဒီလို ရှုမှတ်နိုင်ပြီးတော့ သွားတယ်။ဒါကြောင့် အဲဒီ ကျားစားခံရတဲ့ရဟန်းက ကျားစားနေတာ ခြေမျက်စိ ရောက်တဲ့အခိုက်ဝိပဿနာဉာဏ် အစဥ်အတိုင်း တက်ပြီးတော့ သောတာပန် ဖြစ်သွားတယ်။ ဒူးဆစ်လောက်ရောက်တော့ သကဒါဂါမ်, တစ်ခါ ချက်လောက်ရောက်တော့ အနာဂါမ်,နှလုံးသား စားခါနီးကျတော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံသွားတာကိုး, ဝေဒနာကို သူကအနိုင်ရသွားပါပြီ, အင်မတန်တော်တဲ့ ပုဂ္ဂိုလ်ပဲ။
ခံစားမှုဝေဒနာတိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလို မှတ်သိနေတာကို “ဝေဒနာနုပဿနာသတိပဋ္ဌာန်”လို့ ခေါ်တယ်။
စိတ္တာနုပဿနာသတိပဋ္ဌာန်
စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ
လောကေ အဘိဇ္ဈာဒေါမနဿံ။
စိတ္တေ- စိတ်၌၊ စိတ္တာနုပဿီ- စိတ်ဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။
စိတ်ကလေးကို စိတ်ပဲလို့ ရှုရမယ်။ စိတ်ဟာ ဘယ်လိုသဘောရှိသလဲ ဆိုတော့အနိစ္စ, ဒုက္ခ, အနတ္တသဘော ရှိပါတယ်တဲ့။ စိတ်ဆိုတာ မမြဲတဲ့တရားပဲ, ဆင်းရဲတဲ့တရားပဲ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားပဲတဲ့။
ပကတိပုဂ္ဂိုလ်တွေအနေအားဖြင့် စိတ်က မြဲနေတယ်, ငယ်ငယ်တည်းက ရှိတဲ့စိတ်ခုလည်း ရှိနေတာပဲ။ အရင်က ရှိတာလည်း ငါပဲ, အခု ရှိနေတာလည်း ငါ, အရင်ကစဥ်းစားတာလည်း ငါပဲ, အခု စဥ်းစားတာလည်း ငါပဲ, ငါတစ်ယောက်တည်းပဲလို့ထင်နေတယ်။
မပြတ် အမှတ်ရနေပြီးတော့ မမြဲတဲ့ စိတ်ကို အမှန်အတိုင်း သိရမယ်
အမှန်ကတော့ စိတ်ကလေးက တစ်ခုချင်း ဖြစ်နေတာပဲ, မမြဲတဲ့ တရားပဲတဲ့,မမြဲဘူးဆိုတာ အမှန်အတိုင်း သိရမယ်တဲ့, ဒါလည်း သိဖို့ ခက်တာပဲ။
သိဖို့ ခက်လို့ မြတ်စွာဘုရားက အာတာပီ- ကိလေသာကို ပူပန်သွေ့ခြောက်ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန် လုံ့လဝီရိယနဲ့ မပြတ် ရှုမှတ်နေရမယ်, မပြတ်အားထုတ်နေရမယ်တဲ့။ သတော- အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော- သိသည်ဖြစ်၍၊မပြတ် အမှတ်ရနေပြီးတော့ အမှန်အတိုင်း သိရမယ်တဲ့။
စိတ်ကလေးကို ဖြစ်ပေါ်ရင် ဖြစ်ပေါ်တဲ့အတိုင်း သိရမယ်, အခု ပကတိလူတွေကကိုယ့်စိတ်ကို ဘာဖြစ်နေမှန်းမသိဘူး, ကိုယ့်စိတ်ကို နှလုံးမသွင်းဘဲ စိတ်ကူးချင်တာတွေစိတ်ကူးနေတယ်။ သွားရင်း လာရင်းလည်း ရောင်းဖို့ ဝယ်ဖို့ အကြောင်းတွေ စဥ်းစားနေတယ်, စဥ်းစားတဲ့စိတ်ကို သတိမှ မရပဲ။ အခု စိတ္တာနုပဿနာဆိုတာ အဲဒီ စဥ်းစားတဲ့စိတ်ကို သတိရအောင် မပြတ် ကြောင့်ကြစိုက်နေရမယ်။
သရာဂံ ဝါ စိတ္တံ- တပ်မက်မှုနှင့်တကွဖြစ်သော စိတ်ကိုလည်း၊ သရာဂံ စိတ္တန္တိ-တပ်မက်မှုနှင့်တကွဖြစ်သော စိတ်ဟူ၍၊ ပဇာနာတိ- သိ၏။ တပ်မက်သာယာတဲ့စိတ်ဖြစ်ရင် တပ်မက်တယ်, သာယာတယ်, နှစ်သက်တယ်, သဘောကျတယ်လို့ သိရမယ်။
သဒေါသံ ဝါ စိတ္တံ- ဒေါသနှင့်တကွဖြစ်သော စိတ်ကိုလည်း, သဒေါသံ စိတ္တန္တိ-ဒေါသနှင့်တကွဖြစ်သော စိတ်ဟူ၍, ပဇာနာတိ- သိ၏။ စိတ်ဆိုးတယ်, စိတ်ပျက်တယ်,မုန်းတယ်, ရွံတယ်, စက်ဆုပ်တယ်, နှလုံးမသာဘူး, အဲဒီစိတ်ကလေးတွေ သိရမယ်,ဖြစ်တိုင်း ဖြစ်တိုင်း ဒါလေးတွေ ရှုရမယ်။
သမောဟံ ဝါ စိတ္တံ- မောဟနှင့်တကွဖြစ်သော စိတ်ကိုလည်း၊ သမောဟံ စိတ္တန္တိ-မောဟနှင့်တကွဖြစ်သော စိတ်ဟူ၍၊ ပဇာနာတိ- သိ၏။ အမှန်အတိုင်း မသိတဲ့ မောဟစိတ်တွေ, မြဲတယ်ထင်တဲ့ မောဟစိတ်တွေကို သိရမယ်၊ ဖြစ်တိုင်း ဖြစ်တိုင်း ဒါလေးတွေရှုရမယ်။
သံခိတ္တံ ဝါ- ကျုံ့သော စိတ်ကိုလည်း၊ သံခိတ္တံ စိတ္တန္တိ- ကျုံ့သော ပျင်းရိသောစိတ်ဟူ၍၊ ပဇာနာတိ- သိ၏။ သံခိတ္တစိတ်ဆိုတာ တွန့်ဆုတ်လာလို့ ကျုံ့ကျဥ်းပြီးတော့ပျင်းရိတဲ့စိတ်ပါပဲ။ တရားအားမထုတ်ချင်ဘူး, ကုသိုလ်ကောင်းမှု မလုပ်ချင်ဘူး, ပျင်းတဲ့စိတ်ကို ရှုရမှာပဲ, အလွတ်မထားရဘူး။
ဝိက္ခိတ္တံ ဝါ စိတ္တံ- ပျံ့လွင့်သောစိတ်ကိုလည်း၊ ဝိက္ခိတ္တံ စိတ္တန္တိ- ပျံ့လွင့်သောစိတ်ဟူ၍၊ ပဇာနာတိ- သိ၏။ ပျံ့လွင့်တဲ့စိတ်ဆိုတာ တော်တော် မတည်ငြိမ်တဲ့စိတ်, မျောက်ခုန် နေသလိုပဲ, ဟိုအာရုံတွေရောက် ဒီအာရုံတွေရောက်နဲ့ ဘာမှ မတည်ငြိမ်ဘူး။ အဲဒီစိတ်ကလေးကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ ရှုနေရမယ်။
အဲဒီလို စိတ်ဖြစ်တိုင်းဖြစ်တိုင်း ရှုနေတာကို “စိတ္တာနုပဿနာ”လို့ ခေါ်တယ်။တစ်ကြိမ်ရှုရုံနဲ့ မပြီးဘူး, တစ်ခါစဥ်းစားလည်း ရှုရတာ, နောက်တစ်ခါစဥ်းစားလည်းရှုရတာ။ ဒီစဥ်းစားမှု ပျောက်သွားတော့ ဟိုစဥ်းစားမှု ပေါ်လာတယ်, ဟိုစဥ်းစားမှုလည်းရှုရမှာပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ဖြစ်တိုင်းဖြစ်တိုင်း အကုန်လုံး လိုက်ရှုနေရမှာ, စိတ်ကလေးတွေက တစ်စိတ်ချင်း ဖြစ်နေတယ်။ စိတ်ကလေးတွေ ရှုရင် တစ်စိတ်ချင်း တစ်စိတ်ချင်းလိုက်ပြီး သိနေတာ, ဒီသဘောက ထင်ရှားတယ်။ ဒါကို မသိလို့ ပုဂ္ဂိုလ်သတ္တဝါလို့
ထင်နေကြတာ, ငါ သိနေတာပဲ, ငါ ကြားတာပဲ, ငါက စဥ်းစားနေတာ, ငါပဲ ထင်နေတာ, အကောင်မှတ်နေတာကိုး။
စိတ်တိုင်းမှာ ကိလေသာငြိမ်းအောင် မှတ်သိနေတာ စိတ္တာနုပဿနာသတိပဋ္ဌာန်
ဒူရင်္ဂမံ ဧကစရံ, အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ, မောက္ခန္တိ မာရဗန္ဓနာ။
ဒူရင်္ဂမံ- ဝေးသောအာရုံများကိုလည်း သွားတတ်သည်တဲ့, စိတ်ဆိုတာဟာ ဝေးတဲ့အာရုံလည်း သွားတယ်။ စိတ်ကူးတိုင်း ရောက်တယ်, ကမ္မဋ္ဌာန်းကျောင်းကနေပြီးတော့အိမ်ကို စိတ်ကူးလိုက်ရင် အိမ်ရောက်တာပဲ, ဘုရားကို စိတ်ကူးလိုက်ရင် ဘုရားရောက်တယ်, ဟိုမြို့ကို စိတ်ကူး ဟိုမြို့ရောက်, ဟိုနိုင်ငံကို စိတ်ကူးလည်း ရောက်တာပဲ။
ဧကစရံ- တစ်ခုချင်းသာ ဖြစ်လေ့ရှိသော, စိတ်ဆိုတာ တစ်ခုချင်း ဖြစ်နေတယ်။ပကတိပုဂ္ဂိုလ် တွေအနေကတော့ စိတ်က အမြဲ တည်နေတယ်လို့ အောက်မေ့တယ်,အသစ် အသစ် ဖြစ်နေတယ်လို့ မထင်ပါဘူး။ ပြီးတော့ ဒီစိတ်တစ်ခုတည်းက နှစ်ခုသုံးခုလည်း သိတယ်လို့ ထင်ချင်ထင်နေတာပဲ, ဒီလို မဟုတ်ဘူးတဲ့။ စိတ်ဆိုတာအမြဲတည်နေတာလည်း မဟုတ်ဘူး, တစ်ပြိုက်နက်လည်း နှစ်ခု သုံးခု မဖြစ်ဘူး,တစ်ခုချင်း တစ်ခုချင်းလေး ဖြစ်နေတာတဲ့။ စိတ်ဆိုတာဟာ အဆင်းကို အာရုံပြုနေတဲ့အခါ အသံကို အာရုံမပြုနိုင်ဘူး, အသံကို အာရုံပြုနေတဲ့အခါ အဆင်းကို အာရုံမပြုနိုင်ဘူး။ ကောင်းတာ စိတ်ကူးနေတဲ့အခါ မကောင်းတာ စိတ်မကူးနိုင်ဘူး, ဝမ်းသာစရာစိတ်ကူးနေတဲ့အခါ စိတ်ပျက်စရာစိတ်ကူး မဖြစ်နိုင်ဘူး, စိတ်က တစ်ခုချင်း တစ်ခုချင်းဖြစ်နေတာ။
အသရီရံ- ကိုယ်အကောင်အထည်လည်း မရှိသော, စိတ်ဆိုတာဟာ အထည်ဒြပ်ရှာလို့မရဘူး, ရုပ်ကတော့ အထည်ဝတ္ထုကြီးနဲ့ပဲ, မင်း ဘယ်မှမသွားနဲ့, အခန်းထဲသော့ခတ်ထားလိုက်ရင် မသွားနိုင်ဘူး။ စိတ်က အထည်ဒြပ် မရှိဘူး, စိတ်ကို အခန်းထဲပိတ်ထားလို့လည်း မဖြစ်ဘူး, ဖမ်းထားလို့လည်း မဖြစ်ဘူး။ စိတ်ဆိုတာ အင်မတန်ဖမ်းရ ခက်တယ်, ဖမ်းရခက်တဲ့ စိတ်ကလေးကို မိအောင် ဖမ်းရတယ်။