ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၃၉

အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆

၁၃၂၄-ခုနှစ်, တန်ခူးလဆုတ် ၈-ရက်နေ့

ဓမ္မာနုပဿနာပိုင်းက သစ္စာလေးပါးအပိုင်း မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့အနက်တစ်နေ့က နောက်ဆုံးမဂ္ဂင် သမ္မာသမာဓိမဂ္ဂင်မှာ ပထမဈာန်တော့ ပြီးသွားပြီ။ မြတ်စွာဘုရားက ဈာန်လေးပါးနဲ့ ဝေဖန်ပြီးတော့ ဟောထားတယ်။ ဒုတိယဈာန် သွားရမယ်။

ဒုတိယဈာန်

ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိ-

ဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ဝိတက္ကဝိစာရာနံ- ဝိတက် ဝိစာရတို့၏၊ (ဝါ) ကြံစည်မှုစဥ်းစားမှုတို့၏၊ ဝူပသမာ-ငြိမ်းခြင်းကြောင့်၊ ဝိတက်ဝိစာရ ငြိမ်းသွားတဲ့အခါမှာ၊ အဇ္ဈတ္တံ- မိမိသန္တာန်၌ဖြစ်သော၊စေတသော- စိတ်ကို၊ သမ္ပသာဒနံ- ကြည်လင်စေတတ်သော၊ စေတသော- စိတ်၏,ဧကောဒိဘာဝံ- တစ်ခုတည်း အဖြစ်ကို ပွားစေတတ်သော၊ အဝိတက္ကံ- ဝိတက်လည်းမရှိသော၊ အဝိစာရံ- ဝိစာရလည်း မရှိသော၊ သမာဓိဇံ- သမာဓိကြောင့် ဖြစ်သော၊ပီတိသုခံ- ဝမ်းမြောက်မှု ပီတိ, ချမ်းသာမှု သုခရှိသော၊ ဒုတိယံ ဈာနံ- ဒုတိယဈာန်သို့၊ဥပသမ္ပဇ္ဇ- ရောက်၍၊ ဝိဟရတိ- နေ၏။

သမ္ပသာဒနံ- ကြည်လင်စေတတ်တဲ့, ဒီဒုတိယဈာန် ရောက်တဲ့အခါမှာ စိတ်အထူးကြည်လင်တယ်, မိမိသန္တာန်မှာ စိတ်ကြည်လင်မှု ထင်ရှားလာတယ်။ ပထမဈာန်တုန်းကလည်း ဒီ စိတ်ကြည်လင်မှု သဒ္ဓါတရားဆိုတာ ရှိတာပါပဲ, သဒ္ဓါဆိုတာကကုသိုလ်စိတ်တိုင်းမှာ ပါဝင်ပြီးတော့နေတယ်။ ဒါပေမယ်လို့ ဒီဒုတိယဈာန်မှာ သဒ္ဓါကထူးခြားလာလို့ ချီးမွမ်းထားတယ်။

အခု ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ အစကတည်းက ဒီသဒ္ဓါတရား ပါနေတာပဲ။ ဒါပေမယ်လို့ စိတ် အထူးကြည်လင်တယ်လို့ ပြောစရာ မရှိဘူး, အမှတ်ကတော့

စာ ၂၄၀

ကောင်းနေတာပဲ။ တစ်ခါတစ်ရံကျတော့ စိတ်က သိပ်ပြီးတော့ ကြည်တယ်, ကြည်လင်သန့်ရှင်းတဲ့ ကောင်းကင်ထဲမှာ စိတ်ကလေး တည်နေသလို စိတ်က အလွန်ကြည်နေတယ်, အဲဒါ ဒီတရားမျိုးပဲ။

ဒုတိယဈာန်မှာ ဝိတက်, ဝိစာရ ကင်းသွားတယ်

စေတသော- စိတ်၏၊ ဧကောဒိဘာဝံ- တစ်ခုတည်း အဖြစ်ကို ပွားစေတတ်သော၊အဝိတက္ကံ- ဝိတက်လည်း မရှိသော၊ အဝိစာရံ- ဝိစာရလည်း မရှိသော၊ ဝိတက် ဝိစာရမပါဘဲနဲ့ ဖြစ်တဲ့တရားပဲတဲ့။ ဝိတက် ဝိစာရတွေ ကင်းပြီးတော့ စိတ်တစ်ခုတည်း ပွားစေတတ်တယ်တဲ့။ အစတုန်းကတော့ ဝိတက်- ကြံစည်ရတယ်, ကြံစည်မှ ဒီအာရုံလေးစိတ်ကလေးနဲ့ ကပ်တယ်။ ဝိစာရ- စဥ်းစားရတယ်, စဥ်းစားမှ ဒီအာရုံလေး စိတ်ကလေးနဲ့ ကပ်တယ်။ အခုတော့ မကြံစည် မစဥ်းစားဘဲနဲ့ စိတ်နဲ့ အာရုံနဲ့ ကပ်တယ်။

ဝိပဿနာမှာလည်း ပထမတုန်းကဆိုရင် အာရုံပေါ်အောင် ကြံရတယ်, စိတ်ကမှတ်စရာ အာရုံတွေနောက် မလွတ်သွားအောင် လိုက်ပေးနေရတယ်။ အဲဒီလို လိုက်နေတာတောင်မှ တစ်ခါတစ်ခါ လွတ်လွတ်သွားသေးတယ်, မမိနိုင်ဘူး။ အမှတ် ကောင်းလာတဲ့အခါကျတော့ ဝိတက်နဲ့ မကြံစည်ရဘူး, ဝိစာရနဲ့ စဥ်းစားမနေရဘူး, ဆင်ခြင်မနေရဘူး, ရှုစရာ အာရုံလေးတွေက စိတ်ထဲ လာလာပေါ်ပေးနေသလို ဖြစ်နေတယ်,စိတ်ကလေးကလည်း ရှုစရာအာရုံထဲ သူ့ဟာသူ ကျသွားသလို ထင်နေရတယ်။

ဒုတိယဈာန်မှာ ပီတိ, သုခတွေဟာ သမာဓိကြောင့် ဖြစ်တယ်

သမာဓိဇံ- သမာဓိကြောင့်ဖြစ်သော၊ ပီတိသုခံ- ပီတိ, သုခရှိသော၊ သမာဓိကြောင့် ပီတိသုခတွေ ဖြစ်တဲ့။ ပထမဈာန်မှာ ပီတိသုခဖြစ်တာကတော့ နီဝရဏတွေကင်းသွားလို့တဲ့။ အခု ဒုတိယဈာန်ရောက်တဲ့ အခါကျတော့ ပီတိသုခတွေ သမာဓိကြောင့် ဖြစ်လာတာတဲ့။

ဝိပဿနာမှာလည်း ဒီအတိုင်းပဲ, သမ္မသနဉာဏ်ပိုင်းတုန်းက နီဝရဏကင်းသွားတာ အကြောင်းပြုပြီးတော့ ပီတိတို့, သုခတို့ အတော်အသင့် ဖြစ်တယ်။ သမ္မသနဉာဏ်သာ မဟုတ်ဘူး, သူရှေ့နားက နာမရူပပရိစ္ဆေဒဉာဏ်မှာလည်း ဖြစ်တတ်ပါတယ်, ဒါပေမယ်လို့ သိပ်မထင်ရှားဘူး။ ဥဒယဗ္ဗယဉာဏ်ပိုင်းကျတော့ ပီတိတို့, သုခတို့ ပိုပြီးတော့

စာ ၂၄၁

ထင်ရှားလာတယ်, အဲဒါ နီဝရဏကင်းလို့ မဟုတ်ဘူးတဲ့, သမာဓိတွေ အားကောင်းလာလို့တဲ့။

သမာဓိ- စိတ်တည်ကြည်မှု အားကောင်းပြီးတော့ ပီတိသုခ- ဝမ်းမြောက်မှုတွေ,ချမ်းသာမှုတွေ အကြီးအကျယ် ဖြစ်တာကိုး။ ဒါက ဖြစ်ဖူးမှလည်း သိမှာ, မဖြစ်ဖူးသေးရင်တော့ မသိသေးဘူး, မဖြစ်သေးတဲ့ပုဂ္ဂိုလ် ဖြစ်အောင် အားထုတ်ရမယ်။

သမာဓိဇံ- သမာဓိကြောင့် ဖြစ်သော၊ ပီတိသုခံ- ဝမ်းမြောက်မှုပီတိ၊ ချမ်းသာမှုသုခရှိသော၊ ဒုတိယံ ဈာနံ- ဒုတိယဈာန်သို့၊ ဥပသမ္ပဇ္ဇ- ရောက်၍၊ ဝိဟရတိ- နေ၏။

ပီတိ သုခ ဧကဂ္ဂတာ, သုံးအင်္ဂါ, မှတ်ပါ ဒုတိယဈာန်

ပထမဈာန် ရပြီးတဲ့ပုဂ္ဂိုလ်က မိမိရတဲ့ဈာန်ကို ပြန်ဆင်ခြင်တဲ့အခါ ဝိတက်နဲ့ဝိစာရကို အပြစ်မြင်လာတယ်တဲ့။ မကြံရ မစဥ်းစားရဘဲနဲ့ အာရုံလေးနဲ့ စိတ်ကလေးနဲ့ကပ်ပြီး တည်နေရင် ကောင်းမှာပဲ, ဒီကြံစည်စဥ်းစားမှုတွေဟာ ပင်ပန်းနေတာပဲလို့ ထင်ပြီးတော့ မကြံရ မစဥ်းစားရဘဲနဲ့ စိတ်နဲ့ အာရုံနဲ့ ကပ်ပြီးတော့ ထပ်ခါထပ်ခါ လေ့လာတယ်, နောက် ရင့်လာတဲ့အခါကျတော့ မကြံစည် မစဥ်းစားရဘဲ စိတ်နဲ့ အာရုံနဲ့ ကပ်ပြီးတော့ ပီတိ သုခတွေ ဖြစ်လာတာကိုး။

ဝိပဿနာကလည်း ဒီအတိုင်းပဲ, ပထမက တရားရှုမှတ်ကောင်းဖို့ ကြောင့်ကြစိုက်ရတယ်, ရှုမှတ်လို့ ကောင်းလာပြန်တော့လည်း စဥ်းစားဆင်ခြင်ရတာတွေ ရှိတယ်, အားသိပ်မကောင်းသေးဘူး။ ကောင်းသထက် ကောင်းအောင်လို့ စိုက်ပြီးတော့ ကြိုးစားလာတဲ့အခါကျတော့ မကြံစည်ရ မစဥ်းစားရဘဲနဲ့ မှတ်စရာအာရုံလေးတွေ ပေါ်လို့ မှတ်သိမှုလေးတွေ ဖြစ်လာတာကိုး, ဥဒယဗ္ဗယဉာဏ် ရောက်တယ်။ အဲဒီမှာ ဒုတိယဈာန်နဲ့ဖြစ်ပုံချင်း တော်တော် တူပါတယ်။

ဒုတိယဈာန်မှာတော့ ပီတိ, သုခ, ဧကဂ္ဂတာ, ဈာန်အင်္ဂါ ၃-ပါးပဲ ရှိတယ်, ဝိတက်ဝိစာရ မပါဘူး။ ရှုတိုင်း ရှုတိုင်းဟာ ဝမ်းမြောက်မှု ပီတိ ဖြစ်တယ်, စိတ်ချမ်းသာမှုသုခဖြစ်တယ်, ရှုမှတ်တဲ့ အာရုံထဲမှာ စိတ်ကလေးတည်ကြည်မှု ဧကဂ္ဂတာ ဖြစ်တယ်။

ပီတိ သုခ ဧကဂ္ဂတာ, သုံးအင်္ဂါ, မှတ်ပါ ဒုတိယဈာန်။

စာ ၂၄၂

တတိယဈာန်

နောက် တတိယဈာန် သွားမယ်, ဒါတွေကတော့ ဗဟုသုတဖြစ်ရုံပဲ။ ဝိပဿနာအားထုတ်တော့ ဆင်တူယိုးမှားလေးတွေ, ဈာန်ရယ်လို့လည်း သေချာပြောလို့ မဖြစ်ဘူး။

ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော၊

သုခဉ္စ ကာယေန ပဋိသံဝေဒေတိ ယံ တံ အရိယာ အာစိက္ခန္တိ “ဥပေက္ခကော

သတိမာ သုခဝိဟာရီ”တိ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

ပီတိယာ စ- ပီတိ၏လည်း၊ ဝိရာဂါ- ကင်းခြင်းကြောင့်၊ ဥပေက္ခကော စ- အညီအမျှ လျစ်လျူရှုသည် ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏၊ သတော စ- အမှတ်ရသည်ဖြစ်၍လည်းကောင်း၊ သမ္ပဇာနော စ- အမှန်သိသည် ဖြစ်၍လည်းကောင်း၊ ဝိဟရတိ-နေ၏၊ သုခဉ္စ- ချမ်းသာသုခကိုလည်း၊ ကာယေန- ကိုယ်ဖြင့်၊ ပဋိသံဝေဒေတိ- ခံစား၏။ယံ- အကြင်တတိယဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို၊ ဥပေက္ခကော- လျစ်လျူရှုနိုင်ပါပေသည်ဟူ၍၊ သတိမာ- သတိရှိသူဟူ၍၊ သုခဝိဟာရီ- ချမ်းသာနဲ့ ပြည့်စုံပါပေသည်ဟူ၍၊အရိယာ- အရိယာသခင် အရှင်မြတ်တို့သည်၊ အာစိက္ခန္တိ- ချီးကျူးပြောကြားကြလေကုန်၏။ တံ- ထိုသို့သဘောရှိသော၊ တတိယံ ဈာနံ- သုံးခုမြောက်သောဈာန်သို့၊ဥပသမ္ပဇ္ဇ- ရောက်၍၊ ဝိဟရတိ- နေ၏။

တတိယဈာန်မှာ ပီတိ ကင်းသွားတယ်

ဒီဈာန်ကတော့ ထူးခြားလို့ သူ့ကို အထူးသဖြင့် ချီးကျူးထားတယ်, ပီတိကင်းသွားတယ်တဲ့။ ဒုတိယဈာန်ရပြီးသားပုဂ္ဂိုလ်က မိမိဈာန်ကို ပြန်ဆင်ခြင်တော့ ဈာန်ဝင်စားတိုင်း ဝမ်းမြောက်ပြီး စိတ်တွေ ကြွတက်နေတာ တွေ့ရတာလို ဒီဥစ္စာဟာ ရောက်စကတော့ အင်မတန် ကောင်းတယ်, ဒါပေမယ်လို့ ရောက်ဖန်များလို့ ပြန်စဥ်းစားတော့စိတ်မရင့်ကျက်တဲ့အနေမျိုး ဖြစ်နေတယ်။ ကလေးတွေ ဝမ်းသာစရာရှိရင် သိပ်ဝမ်းသာတာ, လူကြီးက သိပ်ဝမ်းမသာဘူး, တော်ရုံပဲ, အဲဒါလိုပဲ အခု ဝမ်းမြောက်နေတယ်ဆိုတာ တက်ကြွပြီးတော့ ဖြစ်နေတာ, ဣန္ဒြေမရဘူး, မငြိမ်သက်ဘူး, မသိမ်မွေ့ဘူး။

အဲဒီနှစ်သိမ့်ဝမ်းမြောက်မှု အားရမှု ပီတိ မပါဘဲနဲ့ စိတ်ချမ်းသာမှုနဲ့ စိတ်တည်ငြိမ်မှုကလေးတွေသာ ဖြစ်နေရင် ကောင်းမှာပဲဆိုပြီး ထပ်ပြီးတော့ လေ့လာတယ်, လေ့လာဖန်များတဲ့အခါ အဲဒီပီတိ ကင်းသွားတယ်။

စာ ၂၄၃

သုခ ဧကဂ္ဂ တာ, နှစ်အင်္ဂါ, မှတ်ပါ တတိယဈာန်

ဒါကြောင့် ပီတိယာ စ ဝိရာဂါ- ပီတိ ကင်းသွားသောကြောင့်တဲ့, ပီတိကင်းသွားတော့ သုခနဲ့ဧကဂ္ဂတာ နှစ်ခုကျန်တဲ့အခါမှာ သုခချမ်းသာမှုကလည်း လွန်လွန်ကဲကဲဖြစ်လာတယ်တဲ့။ အစကတော့ ပီတိနဲ့သုခ တွဲဖြစ်နေတော့ သုခက သိပ်ပြီးတော့ မထင်ရှားဘူး, ပီတိတွေက လွှမ်းမိုးနေတယ်။ ဥဒယဗ္ဗယဉာဏ် ရှေ့ပိုင်းတော့ ပီတိနဲ့သုခ တွဲဖြစ်နေတယ်, ဥဒယဗ္ဗယဉာဏ်နောက်ပိုင်းကျတော့ ပီတိ မပါဘူး, ဝမ်းမမြောက်တော့ဘူး, ချမ်းသာတွေကတော့ လွန်လွန်ကဲကဲ ဖြစ်နေတယ်, သိပ်ချမ်းသာတယ်, ဝိပဿနာမှာတော့ ဥပက္ကိလေသတွေပါပဲ။

ပီတိယာ စ- ပီတိ၏လည်း၊ ဝိရာဂါ- ကင်းခြင်းကြောင့်၊ ဥပေက္ခကော စ-အညီအမျှ လျစ်လျူရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏။

အညီအမျှ လျစ်လျူရှုတယ်, သုခတွေ လွန်လွန်ကဲကဲ ဖြစ်နေပေမယ်လို့ သာယာနှစ်သက်မှုတွေဘက်ကို လိုက်မသွားဘူး, အညီအမျှ ရှုနိုင်တယ်။ အဲဒါ အရေးကြီးတယ်,လိုက်သွားလို့ရှိရင် ဒီဈာန် ပျက်မှာ။

ဝိပဿနာမှာလည်းပဲ ဒီသုခတွေ အားကြီးနေတဲ့အခါ အဲဒီသုခနောက် လိုက်ပြီးသာယာမှုတွေ လွန်ကဲသွားလို့ရှိရင် ဝိပဿနာဉာဏ်တွေ ပျက်တယ်။ သို့သော် ဒီနေရာရောက်တဲ့ပုဂ္ဂိုလ်က သည်းတော့ခံနိုင်တယ်, သူကလည်း ဈာန်လိုပဲ, သုခတွေ ဘယ်လိုပဲဖြစ်နေနေ သုခနောက် မလိုက်ဘူး, သူက နိုင်အောင် မှတ်နိုင်တယ်, စိတ်ချမ်းသာမှုတွေဖြစ်နေပေမယ်လို့ ရှုလည်း ရှုနိုင်တာပဲ, ကောင်းတာတွေကို သာယာတပ်မက်ပြီး စွဲလမ်းပြီးတော့မနေဘူး။ ပထမ ဥဒယဗ္ဗယဉာဏ် ရောက်ခါစတော့ တော်တော်စွဲလမ်းတတ်တယ်, နောက်တော့ ဒီလောက်မဟုတ်ဘူး, ကောင်းမှန်း သိပေမယ့်လို့ သိပ်မစွဲလမ်းဘူး,အညီအမျှ ရှုနိုင်တယ်။

ဘာလို့ အညီအမျှ ရှုနိုင်တုံးဆိုရင် သတော သမ္ပဇာနော။ သတော- သတိတရားရှိနေလို့ပါပဲတဲ့။ ဈာန်မှာ ဈာန်အလိုက် သတိပေါ့လေ, သမ္ပဇာနော- အသိဉာဏ်ဆိုလည်း ဈာန်မှာ ဈာန်အလိုက် ဆင်ခြင်မှုပေါ့လေ။ ဒီဥစ္စာက သာယာရမယ့်တရားမဟုတ်ဘူး, ဒါလေးကို မလစ်လပ်အောင်လို့ အမြဲမပြတ် ရှုနေဖို့ရာ လိုတယ်ဆိုတဲ့သတိနဲ့ အသိဉာဏ်လေးပေါ့။

စာ ၂၄၄

ဝိပဿနာမှာ ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရမယ့် သတိကလေး, ဒါက အရေးကြီးတယ်, သုခတွေ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ အမှတ်ရနေတယ်, အမှတ်ရပြီးတော့အမှန်အတိုင်းလည်း သိနေရမယ်, ဒီသုခလေးတွေဟာ ဖြစ်လိုက် ပျက်လိုက်, ဖြစ်လိုက်ပျက်လိုက် အဖြစ်အပျက်ကလေးတွေမှာ အမှန်အတိုင်းလည်း သိနေရမယ်, အဲဒီလိုသိနေလို့ရှိရင် အညီအမျှ လျစ်လျူရှုနေနိုင်ပါတယ်တဲ့။

သုခ ဧကဂ္ဂတာ, နှစ်အင်္ဂါ, မှတ်ပါ တတိယဈာန်။

ဥပေက္ခာဆယ်ပါး

အဲဒီနေရာမှာ ဥပေက္ခာ ၁၀-ပါးဆိုပြီးတော့ အဋ္ဌကထာက ဖွင့်ပြထားတယ်,ကောင်းတဲ့ ဥပေက္ခာတွေပေါ့, မကောင်းတဲ့ဥပေက္ခာ အညာဏုပေက္ခာဆိုတာတော့ထည့်မထားဘူး။ တူတာတွေ ပေါင်းပြီးတော့ ဆောင်ပုဒ်ကလေး ပေးရမှာပဲ။

(၁) ဝိပဿနုပေက္ခာ

သတော- သတိတရားနဲ့ အမှတ်ရပြီးတော့၊ သမ္ပဇာနော- အသိဉာဏ်နဲ့ ဆင်ခြင်မှုလည်း ပြည့်စုံပြီးတော့နေလို့၊ ဥပေက္ခကော- အညီအမျှ လျစ်လျူရှုပြီးတော့ နေနိုင်တယ်တဲ့။ အဲဒီ အညီအမျှ လျစ်လျူရှုနေရတဲ့အထဲမှာ သင်္ခါရုပေက္ခာနဲ့ ဝိပဿနုပေက္ခာဆိုတာရှိတယ်, ဒီထဲမှာ ဝိပဿနုပေက္ခာဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ, သင်္ခါရုပေက္ခာဆိုတာကလည်း ဝိပဿနာဉာဏ်ထဲက အထူးပဲ။

ဝိပဿနာတရား အားထုတ်လို့ သမ္မသနဉာဏ်ပိုင်းမှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ ဆင်ခြင်သုံးသပ်တယ်, အဲဒီလို သုံးသပ်ဆင်ခြင်နေရာက အားရတဲ့အခါကျတော့ မသုံးသပ် မဆင်ခြင်တော့ဘူး, ဖြစ်ပြီးရင်း ပျောက်သွားရင်း ဖြစ်ပြီးရင်းပျောက်သွားရင်း အဲဒါတွေကို သေသေချာချာ တွေ့ရတော့ မမြဲတဲ့တရားတွေပဲဆိုတာစိတ်ထဲမှာ ပိုင်နိုင်ပြီးတော့ သွားတယ်, ဆင်းရဲတွေပဲဆိုတာ ပိုင်နိုင်သွားတယ်, အနတ္တတရားတွေပဲဆိုတာ ပိုင်နိုင်သွားတယ်, အဲဒီလို ပိုင်နိုင်သွားတဲ့အခါ သုံးသပ်ဆင်ခြင်မှုမရှိဘဲနဲ့ အညီအမျှ ရှုရုံလေး ရှုသွားတယ်, အဲဒါ သမ္မသနဉာဏ်က အလွန် ဥဒယဗ္ဗယဉာဏ်အရောက်မှာ ဖြစ်ပါတယ်။ အဲဒါ “ဝိပဿနုပေက္ခာ” ခေါ်တယ်တဲ့။

စာ ၂၄၅

(၂) သင်္ခါရုပေက္ခာ

“သင်္ခါရုပေက္ခာ” ဆိုတာကတော့ သင်္ခါရတွေကို လျစ်လျူရှုတာ, ဒါကတော့သင်္ခါရုပေက္ခာဉာဏ်ပါပဲ။ ဖြစ်ပျက်တဲ့ သင်္ခါရတွေကို အစတုန်းကတော့ ကောင်းတယ်ထင်ပြီးတော့ သာယာနှစ်သက် သဘောကျနေတယ်, အနည်းဆုံး ရှုပြီးတော့ နေရတဲ့ဝိပဿနာဉာဏ်တွေကို သဘောကျနေတယ်, အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရောက်တဲ့အခါကျတော့ အာရုံသင်္ခါရတွေရော, ဖြစ်မှုသင်္ခါရတွေပါ ဘယ်ဟာမှ တွယ်တာမှုစိတ်တွေမရှိတော့ဘူး, လျစ်လျူရှုပြီးတော့သွားတယ်။

ဝိပဿနု, သင်္ခါရု, ရှုမှုဉာဏ် ဖြစ်သည်။

(၃) ဝီရိယုပေက္ခာ

“ဝီရိယုပေက္ခာ”ဆိုတာ ဝီရိယ မယုတ်မလွန် ဖြစ်နေတဲ့အခါကာလ ‘ဥပေက္ခာနိမိတ္တံ မနသိ ကရောတိ’လို့ ဟောပါတယ်။ တရားအားထုတ်တဲ့အခါမှာ တစ်ခါတစ်ခါလုံ့လဝီရိယ လျော့နေတဲ့အခါ လုံ့လဝီရိယ တိုးတက်လာအောင်လို့ နှလုံးသွင်း ဆင်ခြင်ရတယ်, မဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကမ္မဋ္ဌာန်းဆရာက တိုက်တွန်း အားပေးရတယ်, အဲဒီတော့မှ ဝီရိယ ညီမျှပြီးတော့သွားတယ်။ တစ်ခါတစ်ခါ ဝီရိယလွန်နေတဲ့အခါ လျှော့ပေးရတယ်။

အရှင်သောဏမထေရ်

အရှင်သောဏမထေရ်က အင်မတန် ချမ်းချမ်းသာသာနဲ့ နေလာရတော့ မြေကြီးလည်း မနင်းရဘူး, ကြမ်းကြမ်းတမ်းတမ်းတွေလည်း မနင်းရဘူး, နူးနူးညံ့ညံ့အခင်းတွေပေါ်မှာ နေရလို့ ခြေထောက်က သိပ်ပြီး နူးညံ့နေတော့ ခြေဖဝါးမှာ အမွေးတွေ ပေါက်နေတယ်။ အဲဒီလိုပုဂ္ဂိုလ်ဟာ တစ်နေ့ကျတော့ မြတ်စွာဘုရားတရား နာပြီးတော့သဒ္ဓါတရားတွေ ဖြစ်လာတယ်, သံသရာဘေးတွေကို မြင်လာတယ်, တစ်နေ့ကျရင် အိုရဦးမယ်, တစ်နေ့ကျလို့ရှိရင် မကျန်းမမာ နာဖျားခြင်းတွေ တွေ့ရမယ်, တစ်နေ့ကျလို့ရှိရင်သေရမယ်တဲ့။ သေရင်လည်း ကံအားလျော်စွာ ဘဝအသစ်က ဖြစ်ရဦးမယ်တဲ့, အဆင်မသင့်လို့ အကုသိုလ်က အကျိုးပေးရင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဘုံလည်းကျရောက်ပြီးတော့ သွားနိုင်တယ်။ ဒီတော့ သံသရာဟာ အင်မတန် ကြောက်စရာကောင်းတာပဲတဲ့။

စာ ၂၄၆

မြတ်စွာဘုရားက ဟောတဲ့ ဒီတရားအတိုင်း အားထုတ်လို့ရှိရင်တော့ သံသရာဝဲကလွတ်မြောက်မှာပဲလို့ ယုံကြည်ပြီးတော့ သူက သာသနာဘောင် ဝင်ပြီးတော့ ရဟန်းပြုတာကိုး။ ရဟန်းပြုပြီးတော့ တစ်ခါတည်း တရားအားထုတ်တာပဲ, သူ့ဆီ မိတ်ဆွေသင်္ဂဟတွေက ခဏခဏ လာနေတော့ အနှောင့်အယှက်ဖြစ်နေတာနဲ့ သုသာန်သင်္ချိုင်းမှာ သွားပြီး အားထုတ်တယ်။ စင်္ကြံတွေ လျှောက်ပြီး အားထုတ်လိုက်တာ အင်မတန်နူးညံ့တဲ့ ခြေထောက်တွေဟာ ပေါက်ပြီးတော့ သွေးတွေ ထွက်တယ်, သွေးတွေ ထွက်လည်း သူ လျှောက်နေတာပဲ, သူက မလျှော့ဘူး။

အဲဒီလို ပြင်းပြင်းထန်ထန် အားထုတ်နေတာကို မြတ်စွာဘုရားက သိတော့အဲဒီနေရာ ရောက်လာတယ်, ရောက်လာပြီးတော့ ဒီနေရာ ဘယ်သူ လမ်းလျှောက်နေတာလဲလို့ မေးပြီး ဒါနဲ့ ရှင်သောဏကို ခေါ်ပြီးတော့ တရားဟောတယ်။ “သောဏတဲ့လူဖြစ်စဥ်အခါတုန်းက သင် စောင်းများ မတီးတတ်ဘူးလား”တဲ့, “တီးတတ်ပါတယ်ဘုရား”တဲ့, “စောင်းကြိုး လျော့ပြီးတော့နေလို့ရှိရင် ဘယ့်နဲ့နေလဲ”တဲ့, “လျော့ပြီးတော့နေရင် အသံမကောင်းဘူး ဘုရား”တဲ့, “တင်းလွန်းနေလို့ရှိရင်ရော ဘယ်နှယ့်နေတုံး”တဲ့,“ဒါလည်း အသံမကောင်းဘူး ဘုရား”တဲ့, “ဘယ်လိုနေမှ ကောင်းသလဲ”မေးတော့“မလျော့မတင်း ညီညီမျှမျှလေး ချိန်ပြီးထားမှ အသံဟာ ကောင်းတယ်”တဲ့။

“ငါဘုရားသာသနာတော်မှာလည်း လုံ့လဝီရိယလျော့ပြီး အားထုတ်လို့ရှိရင်လည်းမဖြစ်နိုင်ဘူး, လုံ့လဝီရိယ တင်းလွန်းအားကြီးနေလို့ ရှိရင်လည်း မဖြစ်နိုင်ဘူး, မလျော့မတင်း အလယ်အလတ် ညီမျှနေမှ တော်တယ်”လို့ မိန့်တော့မှ သဘောပေါက်ပြီး ခုနတင်းလွန်းအားကြီးနေတာတွေကို လျှော့လိုက်တော့ ညီမျှသွားတာကိုး, အလယ်အလတ်ကျ သွားတယ်, ဥပေက္ခာနယ်ထဲ ရောက်သွားတယ်, ဒါကို ဝီရိယုပေက္ခာ ခေါ်တယ်,မယုတ်မလွန် ညီမျှတဲ့ ဝီရိယပဲတဲ့။ အဲဒီမှာ ဝိပဿနာဉာဏ်တွေ အစဥ်အတိုင်း တက်ပြီးတော့ ရဟန္တာဖြစ်သွားတယ်။

အရှင်အာနန္ဒာမထေရ်

အရှင်အာနန္ဒာမထေရ်လည်းပဲ ဘုရားပရိနိဗ္ဗာန် စံပြီးတဲ့နောက် သင်္ဂါယနာ တင်ခါနီးမှာ တရားကြိုးစားအားထုတ်နေတယ်။ နောက်ဆုံးညမှာ စင်္ကြံလျှောက်ပြီးတော့ကာယဂတာသတိ ကမ္မဋ္ဌာန်း အားထုတ်တယ်, သန်းခေါင်ကျော်လို့ လင်းခါနီးတောင်

စာ ၂၄၇

ရောက်နေပြီတဲ့, ဒါပေမယ်လို့ တရားကလည်း မတိုးတက်ဘဲ ဖြစ်နေတယ်, ဘာဖြစ်နေပါလိမ့်မတုံးလို့ စဥ်းစားတော့ ငါ ဝီရိယတွေ များနေတာပဲ, တစ်ညလုံး စင်္ကြံလျှောက်နေတယ်, ငါ ဝီရိယ နည်းနည်း လျှော့ဦးမှပဲဆိုပြီး အခန်းထဲ ဝင်ပြီးတော့ ထိုင်ရာကနေပြီးလှဲအိပ်ချလိုက်တယ်, အဲဒီမှာ ဝိပဿနာဉာဏ်တွေ အစဥ်အတိုင်း တက်သွားပြီး သကဒါဂါမိမဂ်ဖိုလ်ရောက်, သကဒါဂါမိမဂ်ဖိုလ်က အစဥ်အတိုင်း တက်ပြီး အနာဂါမိမဂ်ဖိုလ်ရောက်, အနာဂါမိမဂ်ဖိုလ်က အစဥ်အတိုင်း တက်ပြီး အရဟတ္တမဂ်ဖိုလ် ရောက်ပြီးရဟန္တာဖြစ်သွားတာကိုး။ တင်းနေရာကနေပြီး လျှော့လိုက်တော့ကို ဝီရိယက ညီမျှသွားတယ်, အဲဒါဟာ ဝီရိယုပေက္ခာပဲတဲ့။

(၄) ဝေဒနုပေက္ခာ

“ဝေဒနုပေက္ခာ”ဆိုတာ ဝေဒနာစေတသိက်ပဲ, ဝေဒနာစေတသိက်က စိတ်တိုင်းစိတ်တိုင်းမှာ ပါတယ်။

ယသ္မိံ သမယေ ကာမာဝစရကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံဉာဏသမ္ပယုတ္တံ- စသည်ဖြင့် ဒီလိုဟောတဲ့ နေရာမှာ “ဥပေက္ခာသဟဂတံ- ဥပေက္ခာသဟဂုတ်”ဆိုတာ ဥပေက္ခာနဲ့ယှဥ်တဲ့စိတ်, အဲဒါကတော့ ဝေဒနာပဲ။

သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ သုံးမျိုး ရှိတာကိုး။ သုခဝေဒနာဆိုတာ ကိုယ်ထဲ စိတ်ထဲမှာ ချမ်းသာနေတဲ့သဘော, ကိုယ်ထဲ စိတ်ထဲမှာ ကောင်းတဲ့သဘော, အဲဒီ သုခဝေဒနာက ထင်ရှားတယ်။ ဒုက္ခဝေဒနာဆိုတာက ကိုယ်ထဲစိတ်ထဲမှာ မခံသာတဲ့သဘောပဲ, အခံခက်တာတွေ မှန်သမျှ ဒုက္ခတွေပဲ, ဒေါမနဿလို့လည်း ခေါ်တယ်, ဒုက္ခဝေဒနာလည်း ထင်ရှားပါတယ်။

ဥပေက္ခာဆိုတာကတော့ အလယ်အလတ်ပဲ, ချမ်းသာတယ်လို့လည်း မဟုတ်ဘူး,ဆင်းရဲတယ်လို့လည်း မဟုတ်ဘူး, သို့သော်လည်း ချမ်းသာဘက်တော့ နီးနေပါတယ်။ကုသိုလ်၏အကျိုးတွေ, ကုသိုလ်စိတ်တွေမှာ ဥပေက္ခာ ပါတယ်။ ဥပေက္ခာက သိမ်မွေ့တယ်, သိခဲပါတယ်။

ဝိပဿနာယောဂီတွေ ရှုမှတ်နေတာ, သုခချမ်းသာတွေ ဖြစ်လာရင် ထင်ရှားတယ်, ဒုက္ခတွေ ဖြစ်လာရင် ထင်ရှားတယ်, ဥပေက္ခာက အလယ်အလတ် ဖြစ်နေလို့ရှာလို့ မတွေ့ဘူး, ဒါပေမယ်လို့ တစ်ချို့ယောဂီပုဂ္ဂိုလ်တွေက ဒါတွေ သိလာတယ်,

စာ ၂၄၈

ဒုက္ခကနေပြီး သုခပြောင်း, သုခကနေပြီး ဒုက္ခပြောင်း, အလယ်ကြားလေးမှာ ဥပေက္ခာလေး ရှိတယ်, အလယ်အလတ်ဖြစ်တဲ့ သဘောလေး တစ်ချို့က တွေ့နေတယ်, ဒါကဝေဒနာဥပေက္ခာပဲ။

ဝီရိယ ဝေဒနာ, ဥပေက္ခာ, နှစ်ဖြာ ကွဲပြားသည်။

ကျန် ဥပေက္ခာ ခြောက်ပါး

အဲဒီလေးခုကတော့ ပြီးသွားပြီ, ကျန် ခြောက်ခုကတော့-

ဆဠင် ဗြဟ္မ, ဗောဇ္ဈင်္ဂ, တတြ ဈာန် ပါရိ။

“ဆဠင်”ဆိုတာ ဆဠင်္ဂဥပေက္ခာတဲ့, အင်္ဂါခြောက်ခုရှိတဲ့ ဥပေက္ခာ။ “ဗြဟ္မ”ကဗြဟ္မဝိဟာရုပေက္ခာ, မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မဝိဟာရတရားလေးပါးထဲက ဥပေက္ခာ။ “ဗောဇ္ဈင်္ဂ” ဆိုတာကတော့ ဥပေက္ခာသမ္ဗောဇ္ဈင်, “တတြ”က တတြမဇ္ဈတ္တတာစေတသိက်, ဥပေက္ခာစေတသိက်ပဲ။ “ဈာန်”က ဈာနုပေက္ခာ, “ပါရိ” ဆိုတာပါရိသုဒ္ဓိဥပေက္ခာ, စတုတ္ထဈာန်ကျတော့ ပါလာမယ်။ အဲဒီခြောက်ခု တရားကိုယ်ကတတြမဇ္ဈတ္တတာစေတသိက် တစ်ခုတည်းပဲ။

(၅) ဆဠင်္ဂုပေက္ခာ

ဆဠင်္ဂုပေက္ခာဆိုတာ ဝိပဿနာနဲ့ ဆိုင်ပါတယ်, ခဏခဏလည်း ဟောနေတာပါ,စက္ခုဒွါရကနေပြီးတော့ ဥပေက္ခာဖြစ်နေပုံ, လျစ်လျူရှုနေပုံက-

ဣဓ ဘိက္ခဝေ ဘိက္ခု စက္ခုနာ ရူပံ ဒိသွာ နေဝ သုမနော ဟောတိ န

ဒုမ္မနော၊ ဥပေက္ခကော ဝိဟရတိ သတော သမ္ပဇာနော။

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- ရဟန်းသည်၊ စက္ခုနာ-မျက်စိဖြင့်၊ ရူပံ- အဆင်းကို၊ ဒိသွာ- မြင်၍၊ သုမနော- ဝမ်းမြောက်ဝမ်းသာသည်၊ နေဝဟောတိ- မဖြစ်၊ ဒုမ္မနော- နှလုံးမသာသည်၊ န ဟောတိ- မဖြစ်၊ သတော- အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော- သိသည်ဖြစ်၍၊ ဥပေက္ခကော- အညီအမျှ လျစ်လျူရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။

ဘယ်လိုကောင်းတဲ့အဆင်း မြင်ရပေမယ်လို့ ဝမ်းမြောက်ဝမ်းသာမှု မဖြစ်ဘူး,ဘယ်လိုမကောင်းတဲ့အဆင်း မြင်ရပေမယ်လို့ စိတ်ပျက်မှု, စိတ်ဆင်းရဲမှု မဖြစ်ဘူး,