ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၄၇

အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃

၁၃၂၃-ခုနှစ်, သီတင်းကျွတ်လဆန်း ၈-ရက်နေ့

တရားအနုသန္ဓေ

ကတမဥ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခံ အရိယသစ္စံ- အရိယာတို့သိအပ်သော ဆင်းရဲအစစ်အမှန်တရားသည်၊ ကတမဉ္စ- အဘယ်ပါနည်းဟူမူကား။

ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ ၊ သောကပရိဒေဝဒုက္ခ

ဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ

ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ

ဒုက္ခာ။

ဇာတိပိ- ဘဝအသစ်ဖြစ်ရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲအစစ်အမှန် တရားပေတည်း၊ ဇရာပိ- အိုရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲပေတည်း၊ မရဏမ္ပိ- သေရခြင်းသည်လည်း၊ ဒုက္ခံ- ဆင်းရဲပေတည်း။

ဘယဋ္ဌေန ဒုက္ခံ။ ဘယဋ္ဌေန- ကြောက်စရာကောင်းသော အနက်သဘောကြောင့်၊ဒုက္ခံ- ဆင်းရဲပဲ-တဲ့။ ကြောက်စရာကောင်းတာ ဆင်းရဲပဲ။ မကောင်းတာတွေ, မတွေ့ချင်တာတွေ, မလိုချင်တာတွေ, ကြောက်စရာကောင်းတာတွေ, ရွံစရာကောင်းတာတွေအားလုံးကို “ဆင်းရဲ”လို့ ခေါ်တယ်တဲ့။

ဘဝသစ်ဖြစ်ရခြင်း, ဖြစ်ရာဘဝမှာ အိုရခြင်း, အိုပြီးတော့ နောက်ဆုံးမှာ သေရခြင်း, ဒါတွေ ပြောပြီးပါပြီ။ အဲဒီကနောက် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာပိ- စိုးရိမ်ပူဆွေးရခြင်း, ငိုကြွေးရခြင်း, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း, စိတ်နှလုံးပြင်းစွာ ပူပန်ရခြင်းတို့သည်လည်း၊ ဒုက္ခာ- ဆင်းရဲတို့ပင်တည်း။

စာ ၄၈

စိုးရိမ်ပူဆွေးရတယ် ဆိုတာလည်း ဆင်းရဲပဲ, သူ့ပကတိပင်ကိုက ဆင်းရဲနေတာပါပဲ, ငိုကြွေးရတာလည်း ဆင်းရဲပဲတဲ့။ ကိုယ်ဆင်းရဲ ဆိုတာကတော့ ကိုယ်ထဲမှာ အခံခက်တာတွေဟူသမျှ အကုန်လုံး ပါတယ်။ သူ့အလိုလိုဖြစ်ဖြစ်, ကိုယ့်ပယောဂကြောင့်ဖြစ်ဖြစ်, ဥတုအားလျော်စွာဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ ကိုယ်ထဲ အခံခက်တာဟူသမျှ,ဆင်းရဲတာဟူသမျှ အကုန်လုံး ဒုက္ခဆင်းရဲ ခေါ်တယ်။ စိတ်ဆင်းရဲဆိုတာ စိတ်ထဲမှာနှလုံးမသာတာတွေ, စိတ်ထဲမှာ ပြင်းစွာပူပန်တာတွေ, ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး ခံစားရတာတွေဟာ စိတ်ဆင်းရဲတွေပဲတဲ့။ ယနေ့ အဲဒီအပိုင်းကို ဟောရလိမ့်မယ်။

သောက- စိုးရိမ်ပူဆွေးရခြင်းဟာ ဆင်းရဲပဲ

ကတမော စ ဘိက္ခဝေ သောကော။

ဘိက္ခဝေ- ရဟန်းတို့၊ သောကော- စိုးရိမ်ပူဆွေးရခြင်းဟူသည်၊ ကတမော စ-အဘယ်ပါနည်း။

ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ

အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ

အန္တောသောကော အန္တောပရိသောကော, အယံ ဝုစ္စတိ ဘိက္ခဝေ သောကော။

ဘိက္ခဝေ- ရဟန်းတို့၊ အညတရညတရေန- တစ်မျိုးမျိုးသော၊ ဗျသနေန- ပျက်စီးခြင်းနှင့်၊ သမန္နာဂတဿ- ပြည့်စုံသောသူအား၊ အညတရညတရေန- တစ်မျိုးမျိုးသော၊ဒုက္ခဓမ္မေန- ဆင်းရဲကြောင်းတရားနှင့်၊ ဖုဋ္ဌဿ- တွေ့ထိရသောပုဂ္ဂိုလ်အား၊ ယောသောကော- အကြင်စိုးရိမ်ပူဆွေးခြင်းသည်၊ ယာ သောစနာ- အကြင်စိုးရိမ်ပူဆွေးသောအမူအရာသည်၊ ယံ သောစိတတ္တံ- အကြင်စိုးရိမ်ပူဆွေးသည်၏အဖြစ်သည်၊ ယောအန္တောသောကော- အကြင်အတွင်း၌ စိုးရိမ်ခြင်းသည်၊ ယော အန္တောပရိသောကော-အကြင်အတွင်းထက်ဝန်ကျင် စိုးရိမ်ခြင်းသည်၊ အတ္ထိ- ရှိ၏၊ အယံ၊ ဤစိုးရိမ်ပူဆွေးခြင်းသဘောကို၊ သောကော- သောကဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။

ဉာတိဗျသနနဲ့ သောက

သောကဆိုတာ ပျက်စီးခြင်းတရား ၅-မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့ခဲ့လို့ရှိရင် ဖြစ်တတ်တယ်။ ဆွေမျိုး အပေါင်းအသင်း ပျက်စီးတာကို “ဉာတိဗျသန”လို့ ခေါ်တယ်။အမိ, အဘ, ညီအစ်ကို, မောင်နှမ, အိမ်သူအိမ်သား, သားသမီး, ဆွေမျိုးတော်တဲ့ပုဂ္ဂိုလ်,

စာ ၄၉

ချစ်ကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေ ရှိကြတယ်။ အစတုန်းက တစ်ဦးနဲ့တစ်ဦး အင်မတန် ရင်းရင်းနှီးနှီး ချစ်ကျွမ်းဝင်ပြီးနေတဲ့ ပုဂ္ဂိုလ်တွေ ပျက်စီးသွားတဲ့အခါ စိုးရိမ်ပူဆွေးခြင်း ဖြစ်တယ်။ဒါကတော့ အင်မတန် ထင်ရှားနေတယ်, ကိုယ်နဲ့မနီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ပျက်စီးတာတော့စိုးရိမ်ပူဆွေးခြင်း မဖြစ်ဘူး။ ကိုယ်နဲ့ နီးစပ်လာပြီဆိုရင် စိုးရိမ်ပူဆွေးခြင်း ဖြစ်ကြတယ်။စိုးရိမ်ပူဆွေးခြင်းဆိုတဲ့ သဘောကတော့ ဒုက္ခတရားပါပဲ။

သူက ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ နှစ်မျိုးထဲမှာ ဖြစ်တယ်, စိတ်ကနေပြီးတော့ မခံသာတဲ့သဘော, တစ်စုံတစ်ခုနဲ့ ထိုးဆွနေသလို ပူလောင်နေတယ်, အောင့်သက်ပြီးတော့အခံရခက်တဲ့ စိတ်ဆင်းရဲပဲ ဖြစ်တယ်။ အခု သောက- စိုးရိမ်ပူဆွေးတယ်ဆိုတာက အဲဒီစိတ်ဆင်းရဲထဲက အထူးပေါ့လေ။ သက်သက် စိတ်မချမ်းသာတာတွေ ရှိတယ်, စိတ်နှလုံးမသာမယာ ဖြစ်ရုံမျှပါပဲ။ စိုးရိမ်ပူဆွေးတယ်ဆိုတာက တော်တော်ကို လောင်ကျွမ်းပြီးဖြစ်တယ်, စိုးရိမ်ပူဆွေးခြင်း သောကဟာ တော်တော်ဆိုးတဲ့တရားပါပဲ။ စိုးရိမ်ပူဆွေးခြင်း အားကြီးလို့ရှိရင် စိတ်တွေလည်း ဖောက်ပြန်ပြီးတော့ သွားတတ်ပါတယ်, တစ်ချို့ပုံမတော်လို့ရှိရင် သေသွားတတ်ပါတယ်, အင်မတန် ဆိုးတဲ့တရားပါပဲ။

သောက စိုးရိမ်ပူဆွေးခြင်းနှင့် ပဋာစာရီဝတ္ထု

မြတ်စွာဘုရား လက်ထက်တော်တုန်းက “ပဋာစာရီ”ဆိုတာ အင်မတန် ထင်ရှားပါတယ်။ သူ့မှာ ခင်ပွန်းယောကျာ်းလည်း မြွေကိုက်လို့ ဆုံးသွားတယ်, သားငယ်ကလည်းစွန်ချီပြီးတော့ သေသွားတယ်, သားကြီးကလည်း ရေထဲမျောပြီးတော့ သေသွားတယ်,မိဘတွေထံကလည်းပဲ အစကတည်းက ထွက်ပြေးလာတာမို့လို့ ဘာမှ အားကိုးစရာမရှိဘူး။ သူမ သောကတွေ အကြီးအကျယ် ဖြစ်နေတယ်။ ဘာမှ အားကိုးစရာ မရှိတော့မိဘတွေထံပဲ ပြန်သွားတယ်, အဲဒီညက မိုးရွာတော့ အိမ်ပြိုလို့ ပိပြီးတော့ အမေရော,အဖေရော, အစ်ကိုရော အကုန်လုံး သေကုန်ကြတော့ အကုန်လုံး စုပေါင်းပြီး သင်္ဂြိုဟ်လိုက်ရတယ်။ အစကတည်းက လင်သေလို့ သားကလေးတွေ သေလို့ ပူဆွေးလာရတဲ့အထဲမှာ တစ်ခါ အားကိုးရာဖြစ်တဲ့ မိဘတွေ, မောင်တွေက သေကုန်ပြန်ပြီဆိုတာ ကြားတော့ ဘယ် ဆောက်တည်ရာ ရတော့မတုံး, သူ အားကိုးစရာ ဘာမှ မရှိတော့ဘူး။

သူမမှာ ခင်မင်ရင်းနှီးတာကလည်း အကြောင်းတစ်ခု, မိမိ၏ အားကိုးရာမဲ့တာကလည်း အကြောင်းတစ်ခု, အဲဒီအကြောင်းနှစ်ခုကြောင့် စိုးရိမ်ပူဆွေးမှုတွေဟာ အကြီး

စာ ၅၀

အကျယ်ဖြစ်ပြီးတော့ တစ်ခါတည်း စိတ်တွေ ဖောက်ပြန်ပြီး ရူးသွားတာပဲ။ သူမ စားရသောက်ရမှန်း မသိ, ဝတ်ရမှန်း မသိ, နေ့မှန်းညမှန်း မသိ, တစ်ခါတည်းကို အရူးကြီးရူးသွားတာပဲ။ စိုးရိမ်ပူဆွေးမှုကြောင့် ဒုက္ခတွေ ရောက်တယ်။

ပါရမီပြည့်တဲ့ပုဂ္ဂိုလ်တွေ မှန်သမျှ ဘုရားက ဟောချွတ်နိုင်ပါတယ်

သူမဟာ ဒီဘဝ ရဟန္တာဖြစ်ရမယ့် ပုဂ္ဂိုလ်, သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး, ပစ္ဆိမဘဝိကပုဂ္ဂိုလ်ပဲ။ မြတ်စွာဘုရား တရားဟောတုန်း တရားနာပရိသတ်ဆီကို သူ ဝင်လာတော့ဘေးကပရိသတ်တွေက ဆူဆူညံညံနဲ့ ဝိုင်းတားကြတယ်။ ဘုရားက လာပါစေလို့ ခွင့်ပြုလိုက်တယ်။ ဘုရားဆီ ရောက်လာတော့ ဘုရားက လှမ်းပြီးတော့ သတိပေးတယ်။

“သတိံ ပဋိလဘ ဘဂိနိ” ဘဂိနိ- နှမအရွယ်ဖြစ်သော အိုသူငယ်မ, အိုချစ်သမီး၊သတိံ- သတိကို၊ ပဋိလဘ- ရပါလေတော့။ “သတိတရား ရပါ”လို့ မြတ်စွာဘုရားကသတိပေးလိုက်တယ်။ သူက ရှေးကလည်းပဲ ပါရမီကုသိုလ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်လာတာကတစ်ကြောင်း, မြတ်စွာဘုရား၏ ဘုန်းတော်ကံတော်ကလည်းပဲ တစ်ကြောင်း, အကြောင်းနှစ်ခုကြောင့် တစ်ခါတည်း ပြန်ပြီးတော့ သတိရသွားတယ်, အရူးပျောက်သွားတယ်။တချို့က တရားအားထုတ်လို့ ပျောက်တယ်လို့ ထင်ကြတယ်, မဟုတ်ပါဘူး။

သူက ကမ္ဘာတစ်သိန်းထက်ကနေပြီး ဧတဒဂ်ရ ဘိက္ခုနီမတစ်ဦးကို အကြောင်းပြုပြီးတော့ ဝိနည်းဆောင်ဧတဒဂ်ရဖို့ရာ ဆုတောင်းပါရမီနဲ့ ပါရမီဖြည့်လာခဲ့လို့ ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်ဆိုတော့ ဒီဘဝမှာ ဧတဒဂ်ရ ဝိနည်းဆောင်ပုဂ္ဂိုလ် ရဟန္တာမ ဖြစ်ရမယ်။ မြတ်စွာဘုရားကလည်းပဲ ပါရမီပြည့်တဲ့ပုဂ္ဂိုလ်တွေ မှန်သမျှ ဟောချွတ်နိုင်တဲ့စွမ်းရည်သတ္တိ ရှိတယ်။ အဲဒါကြောင့် ဘုရား၏ တန်ခိုးတော်အားဖြင့်လည်း ပဋာစာရီကချက်ချင်း သတိရသွားတယ်။ သတိရပြီးသွားတော့မှ အဲဒီမှာ ဟိရီဩတ္တပ္ပတွေ ကပ်လာတော့ လူတစ်ယောက်က အဝတ်တစ်ထည်ပေးလို့ အဝတ်ဝတ်ရတယ်။ ကောင်းကောင်းမွန်မွန် ဝတ်ပြီး တရားနာတော့မှ အဲဒီတရားနာရင်း တရားနှလုံးသွင်းရင်း သောတာပန်ဖြစ်သွားတာကိုး။

သေဘေးကို ဘယ်သူမှ မကယ်နိုင်ဘူး

န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။

အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

စာ ၅၁

အန္တကေန- သေမင်းသည်၊ အဓိပန္နဿ- နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား၊ ပုတ္တာ-သားသမီးတို့သည်၊ တာဏာယ- ကိုးကွယ်ရာအလို့ငှာ၊ စောင့်ရှောက်တတ်သူ အလို့ငှာ၊န သန္တိ- မရှိကြကုန်။ သေခြင်းတရား နှိပ်စက်တဲ့အခါမှာ သားသမီးတွေလည်း အားမကိုးရဘူး, မိဘတွေလည်း အားမကိုးရပါဘူး , ဆွေမျိုးတွေလည်း အားမကိုးရပါဘူးတဲ့။

သေဘေး နှိပ်စက်တဲ့အခါ ဘယ်သူမှ မကယ်နိုင်ဘူး။ သေဘေးသာ မဟုတ်ဘူး,အိုဘေး နှိပ်စက်တဲ့အခါလည်း ဘယ်သူမှ မကယ်နိုင်ဘူး။ ငါ အိုနေပြီ, မင်းတို့ကနည်းနည်းပါးပါး ခွဲယူကြပါဦးလို့ ပေးလို့မရဘူး။ နာဘေးကျတော့လည်း ဘယ်သူမှခွဲယူလို့ ရတာ မဟုတ်ဘူး။ ဒါကြောင့် အိုခြင်းဘေး, နာခြင်းဘေး, သေခြင်းဘေးတွေတွေ့တဲ့အခါ သားသမီးတွေ, မိဘတွေ, ဆွေမျိုးတွေဆိုတာ ဘယ်သူမှ ကိုးကွယ်ရာမရှိကြပါဘူးတဲ့။

ဧတမတ္ထဝသံ ဉတွာ, ပဏ္ဍိတော သီလသံဝုတော,

နိဗ္ဗာနဂမနံ မဂ္ဂံ, ခိပ္ပမေဝ ဝိသောဓယေ။

ဧတံ အတ္ထဝသံ- ဤသို့သောအကြောင်းကို၊ ဉတွာ- သိ၍၊ ပဏ္ဍိတော- အမြော်အမြင်ပညာနဲ့ ပြည့်စုံသောပုဂ္ဂိုလ်သည်၊ သီလသံဝုတော- သီလတည်းဟူသော စောင့်ရှောက်ထိန်းသိမ်းမှုနဲ့ ပြည့်စုံသည်ဖြစ်၍၊ နိဗ္ဗာနဂမနံ မဂ္ဂံ- နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်လမ်းကို၊ ခိပ္ပမေဝ- လျင်စွာသာလျှင်၊ ဝိသောဓယေ- သုတ်သင်ရှင်းလင်းရာ၏။

မြတ်စွာဘုရားက သတိပေးတရား ဟောတော်မူတယ်။ လောကထဲမှာ တကယ့်အရေးတွေနဲ့ ကြုံလာတဲ့အခါ မိဘဆွေမျိုးတွေ ဘယ်သူမှ ကယ်နိုင်တာ မဟုတ်တော့ဘယ်သူမှ အားကိုးစရာ မရှိဘူး။ ဒါတွေကို အားကိုးနေစရာ မလိုဘူး, ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်ဖို့ရာ အရေးကြီးတယ်။ အဲဒါကြောင့် အမြော်အမြင်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ဖို့ နိဗ္ဗာန်သွားဖို့ရာလမ်းကို သုတ်သင်ရမယ်တဲ့။ ရှေးဦးစွာ သီလနဲ့ပြည့်စုံပြီး သီလအခြေခံပြီးတော့ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်တဲ့ အကျင့်လမ်းကို သုတ်သင်ရှင်းလင်းရမယ်တဲ့။ မြတ်စွာဘုရားက သတိပေးတရားဟောတယ်, ဂါထာဆိုတော့ တိုတိုလေးပေါ့လေ။ သို့သော် သူကလည်း ပါရမီရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ ဒါလောက်နဲ့ နားလည်ချင် နားလည်မှာပါ။ မြတ်စွာဘုရား ဟောတုန်းက

စာ ၅၂

နားလည်အောင် အကျယ်ချဲ့ပြီး ဟောတာလည်း ပါ,ပါလိမ့်ဦးမယ်။ နိဗ္ဗာန်ရောက်အောင်သုတ်သင်ရပုံလေးက ဒွါရခြောက်ပါးက ဖြစ်တဲ့ ရုပ်နာမ်ကလေးတွေ ရှုပြီး ရုပ်နာမ်အဖြစ်အပျက်ကို သိအောင်လို့ ဟောတာတွေ ပါပါလိမ့်ဦးမယ်။ အဲဒီ ဒေသနာတရားကိုကြားနာပြီး ဟောတော်မူတဲ့အတိုင်း နှလုံးသွင်းလိုက်တာနဲ့ သောတာပန်ဖြစ်သွားတယ်။သောတာပန်ဖြစ်သွားတော့ ခုနက စိုးရိမ်ပူဆွေးမှုတွေ ပျောက်သွားတာပေါ့လေ။ နောက်လည်းပဲ အစဥ်အတိုင်း တရားအားထုတ်ပြီးတော့ ရဟန္တာဖြစ်သွားပါတယ်။

အဲဒီ “ပဋာစာရီ”ဆိုတဲ့ ထေရီမဟာ နောက်ဆုံး ပစ္ဆိမဘဝိက ပရိနိဗ္ဗာန် ပြုမယ့်ဘဝတောင်မှ တကယ့်အရေးနဲ့ တွေ့တဲ့အခါကျတော့ စိုးရိမ်ပူဆွေးမှုတွေ ဖြစ်တာပဲ။သူသူငါငါတွေဆိုတာ ပြောစရာ မရှိဘူးပေါ့။ ဆွေမျိုးတွေ ပျက်စီးတဲ့အခါကာလကျရင်အများအားဖြင့် လူတွေ ငိုကြတယ်, စိုးရိမ်ပူဆွေးရာကနေပြီး ငိုတဲ့အဆင့် ရောက်သွားတယ်။ သံသရာခရီးသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုဆင်းရဲမျိုး ခဏခဏ တွေ့နေရတာပဲ,ဒါကြောင့် သောက- စိုးရိမ်ပူဆွေးခြင်းဟာ မကောင်းတဲ့ စိတ်ဆင်းရဲတွေပဲတဲ့။

ဘောဂဗျသနနဲ့ သောက

“ဘောဂဗျသန” ဆိုတာ စီးပွားဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားတာတဲ့။ အဲဒါလည်းစိုးရိမ်ပူဆွေးမှု ဖြစ်တာပဲ။ စီးပွားဥစ္စာတွေ အကုန်လုံး ပျက်စီးသွားမယ်ဆိုရင် သာဆိုးတာပေါ့။ အတော်အတန် ပျက်စီးသွားရင်ကိုပဲ စိုးရိမ်ပူဆွေးမှုတွေ ဖြစ်တယ်။ အလေးအမြတ်ပြုထားတဲ့ ပစ္စည်းတွေ ပျောက်ပျက်သွားလို့ရှိရင် မခံမရပ်နိုင်ဘူး။ ကိုယ်အားကိုးထားတဲ့ ဥစ္စာပစ္စည်း အကုန်လုံး ပျက်စီးသွားပါပြီဆိုရင် အင်မတန် ယူကြုံးမရ ဖြစ်တတ်တယ်။ စည်းစိမ်ဥစ္စာ ပျက်စီးသွားခြင်းလည်း စိုးရိမ်ပူဆွေးခြင်း ဖြစ်ပါတယ်။

ရောဂဗျသနနဲ့ သောက

“ရောဂဗျသန”ဆိုတာ အနာရောဂါဆိုးများ ဆိုက်ရောက်ခြင်းပါပဲတဲ့။ ဆေးကုလို့မရနိုင်အောင် အင်မတန် ကြီးကြီးကျယ်ကျယ် အနာရောဂါတွေ ကပ်ရောက်လာလို့ရှိရင်အင်မတန်ကို စိုးရိမ်ပူဆွေးမှု ဖြစ်တတ်တယ်။ အထူးအားဖြင့် အရွယ်ကောင်းအနေမှာအရုပ်အဆင်း ပျက်စေတတ်တဲ့ ရောဂါများ ဖြစ်လာလို့ရှိရင် သာပြီးတော့ ဆိုးတာပေါ့။မျက်ရည်ကျလို့ မဆုံးဘူး, စိုးရိမ်ပူဆွေးမှု အကြီးအကျယ် ဖြစ်တာပေါ့။ ထို့ထက် သေလောက်အောင် ရောဂါဝေဒနာတွေ ဖြစ်ရင် သာဆိုးတာပေါ့။ ဖိစီးဆိုးသွမ်းတဲ့ ရောဂါကြီးတွေ စွဲလာလို့ရှိရင် စိုးရိမ်ပူဆွေးမှုတွေ ဖြစ်ပါတယ်တဲ့။

စာ ၅၃

သီလဗျသနနဲ့ သောက

“သီလဗျသန” သီလပျက်စီးခြင်းတဲ့။ သီလပျက်စီးသွားလို့ရှိရင် စိုးရိမ်ပူဆွေးမှု ဖြစ်ပါတယ်တဲ့။ ဒါကတော့ အထူးအားဖြင့် ရဟန်းများနဲ့ သက်ဆိုင်တယ်။ လူကတော့သီလပျက်စီးတယ်ဆိုရင် သီလဆောက်တည်လို့ လွယ်သေးတာကိုး, သိပ်မခက်ဘူး,ဒီလောက် စိုးရိမ်ပူဆွေးမှု အကြီးအကျယ် မဖြစ်လှဘူး။ ဒါပေမယ်လို့ အထူးရိုရိုသေသေစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်ကျတော့ အဲဒီသီလ ချို့ယွင်းသွားမှာကို အင်မတန် စိုးရိမ်တယ်, ချို့ယွင်းသွားပြန်လို့ရှိရင် စိတ်မချမ်းမသာ ဖြစ်တတ်တယ်, ဒါပေမယ်လို့ လူကခံသာပါတယ်။ ရဟန်းများကတော့ အရေးကြီးတဲ့ သိက္ခာပုဒ်တွေ ကျူးလွန်သွားလို့ရှိရင်အဲဒါ နောက်ပြန်ပြီး အစားထည့်လို့ မရဘူး။ အစတုန်းက မိမိသီလကို ရိုရိုသေသေနဲ့စောင့်ထိန်းနေတဲ့ ရဟန်းပုဂ္ဂိုလ်ဟာ ပါရာဇိကခေါ်တဲ့ အာပတ်ကြီး ကျူးလွန်သွားလို့မှားသွားပြီ ဆိုတာကို သိလို့ရှိရင် ယူကြုံးမရအောင် စိုးရိမ်ပူဆွေးမှုတွေ ဖြစ်ရတယ်။

ဒိဋ္ဌိဗျသနနဲ့ သောက

“ဒိဋ္ဌိဗျသန” အယူပျက်စီးခြင်းတဲ့။ ပထမက မှန်ကန်သောအယူ ယူနေရာကမှားသောအယူ ရောက်သွားမှန်း သိလို့ရှိရင် ပူဆွေးမှု ဖြစ်တယ်, မသိရင်တော့ ပူဆွေးမှာ မဟုတ်ဘူး။ ဘယ်အချိန်မှာ သိမလဲဆိုတော့ သေခါနီးကျ သိမှာကိုး။ စောစောတုံးက မှန်ကန်တဲ့ ကံ, ကံ၏အကျိုး ရှိတယ်ဆိုတဲ့ သမ္မာဒိဋ္ဌိအယူကို ယူထားတယ်။ ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်ဆိုတဲ့ မှန်ကန်တဲ့အယူကိုယူထားတယ်။ ရုပ်တရား, နာမ်တရားတွေသာ ရှိတယ်ဆိုတဲ့ မှန်ကန်တဲ့အယူကို ယူထားတယ်။ ဟောပြောတဲ့ပုဂ္ဂိုလ်ရဲ့ ဟောပြောမှု ကြားရ နာရလို့ဖြစ်စေ, (သို့မဟုတ်) မိမိအလိုလို စဥ်းစားကြံစည်ပြီးတော့ဖြစ်စေ, စာအုပ်စာတမ်းတွေအရအားဖြင့် ဖြစ်စေမှန်ကန်တဲ့အယူတွေကို စွန်လွှတ်ပြီး မှားတဲ့အယူတွေကို ရောက်သွားတယ်။ ဒီလိုပုဂ္ဂိုလ်လည်း လောကမှာ ရှိကြတာကိုး။ အခြားတစ်ပါးသော ဘာသာအယူတွေ ယူဖြစ်တာ ရှိတယ်။ ဘာသာလုံးလုံး လွတ်ပြီး သွားတာလည်း ရှိတယ်။ နောင်တမလွန်ဘဝမရှိ, ကံ, ကံ၏အကျိုး မရှိဆိုပြီးတော့ ဒီလိုအယူတွေ ရောက်သွားတဲ့ပုဂ္ဂိုလ်တွေ သူ့ဟာသူ မှားမှန်းလည်း သိမှာ မဟုတ်ဘူး, အကျိုးအပြစ်လည်း အကြီးအကျယ် ဘာမျှ မြင်မှာသိမှာ မဟုတ်ဘူး။ ဒီတုန်းကတော့ ပူဆွေးမယ် မဟုတ်ပါဘူး, သူ့ဟာနဲ့သူ ဝမ်းမြောက်ဝမ်းသာ ရှိနေမှာပေါ့။

စာ ၅၄

အယူပျက်ရင် သေခါနီးမှာ သိရပါတယ်

အခုနေကတော့ ကိစ္စမရှိသေးဘူး, သေခါနီးမှာ ကိုယ့်အမှုတွေက ပေါ်မှာကိုး။ကိုယ့်အမှုက သေခါနီးကျတော့ ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေ ကုသိုလ်အာရုံ နိမိတ်တွေ ပေါ်လာတယ်တဲ့။ အကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေ အကုသိုလ် နိမိတ်အာရုံ ပေါ်လာတယ်။ ကံ,ကံ၏အကျိုး မရှိ, နောင်တမလွန်ဘဝ မရှိလို့ ယူထားတဲ့ပုဂ္ဂိုလ်က သူပြုချင်တာတွေအကုန်လုံး ပြုထားမှာကိုး, သူ ကြောက်စရာမှ မရှိပဲ။ အခုဘဝ ကောင်းစားရင် ပြီးရောဆိုပြီးတော့ ဘာဖြစ်ဖြစ် လုပ်ထားတဲ့ အကုသိုလ်တွေ အများကြီး ရှိမယ်။ ဗုဒ္ဓဘာသာတရားမှန်တွေ အပေါ်မှာ စွပ်စွဲထားတာ ပြစ်မှားထားတာ, ကဲ့ရဲ့ထားတဲ့ အကုသိုလ်ကံတွေ အများကြီး ရှိမယ်။

အဲဒါတွေက သေခါနီးအချိန်မှာ အာရုံနိမိတ်တွေ လွှမ်းမိုးပြီးတော့ ရုပ်ရှင်များပြသလို ကိုယ်လုပ်ထားခဲ့တဲ့ ကိုယ့်အမှုတွေ ပြန်ပေါ်လာတာကိုး။ ဒီအမှုတွေက အကျိုးပေးမယ့် ဘဝရဲ့ အာရုံနိမိတ်တွေကလည်း ပေါ်လာတယ်။ ဒါ ငရဲဖြစ်ရတော့မယ်ဆိုရင်ငရဲထိန်းတွေ, ငရဲသားတွေ နှိပ်စက်တော့မယ့် အမူအရာတွေ, သတ်ဖြတ်တော့မယ့်အမူအရာတွေ အင်မတန် ကြောက်လန့်စရာ အာရုံတွေ ပေါ်လာတယ်။ အဲဒီလိုအခါကျတော့မှ ငါ အယူတွေ မှားပြီဆိုတာ သိရမှာ။ အဲဒါ ဒိဋ္ဌိဗျသန- အယူပျက်စီးသွားခြင်းကြောင့် စိုးရိမ်ပူဆွေးရတာတဲ့။ ငါ မှားမိပြီဆိုပြီးတော့ စိုးရိမ်ပူဆွေးမှုတွေ ဖြစ်ပါတယ်။

ဘုရားအလောင်းတော်နှင့် ဒိဋ္ဌိဗျသန

မြတ်စွာဘုရားအလောင်းတော် သုံးဆယ့်နှစ်ကမ္ဘာထက်က တစ်ခုသောဘဝက“လောမဟံသကဿပ”ဆိုတဲ့ ရသေ့တစ်ပါး ဖြစ်ခဲ့တယ်, တက္ကတွန်းအကျင့်ကို ကျင့်တယ်, အဝတ်မဝတ်ဘူး, တွေ့ရာတွေ စားသောက်နေတယ်, တောထဲတောင်ထဲ လူတွေ့မခံဘူး, အလွန်အကျွံတော့ ကျင့်နေတာပါပဲ။ ကိုယ်ပင်ပန်းစေတဲ့အကျင့်တွေကို ကျင့်ပြီးနေလို့ သေခါနီးကျတော့ ငရဲအိုးနိမိတ် ပေါ်လာတယ်။ ငရဲအိုးနိမိတ် ပေါ်လာတော့ဘုရားလောင်းက ဒါ မကောင်းတဲ့အကျင့်တွေပဲ, ဒီအကျင့်တွေ ငါ အလိုမရှိဘူးဆိုပြီးတော့ စွန့်လွှတ်လိုက်တာကိုး။ စွန့်လွှတ်လိုက်တော့မှ သုဂတိနိမိတ်ထင်ပြီး ကောင်းရာရောက်သွားတယ် ဆိုတာကိုး။ ဒီမှာ ဘုရားလောင်းလည်း ဖြစ်ပြီး ဒီ့ပြင်ကုသိုလ်တွေကရှိနေသေးတာကိုး။

စာ ၅၅

အဲဒီလို အယူပျက်စီးခြင်း အကြောင်းပြုပြီးတော့ မကောင်းမှုအကုသိုလ် အကျိုးပေးတော့မယ်လို့ ပေါ်လာတဲ့အခါကျတော့ ငါ အယူမှားခဲ့တယ်ဆိုပြီး စိုးရိမ်ပူဆွေးခြင်းဖြစ်ရတယ်တဲ့။ ဘဝတစ်ပါးရောက်လို့ ဆင်းရဲဒုက္ခတွေနဲ့ အကြီးအကျယ် တွေ့တဲ့အခါမှာလည်း စိုးရိမ်ပူဆွေးမှုတွေ အများကြီး ဖြစ်တာပေါ့။

သောက-စိုးရိမ်ပူဆွေးခြင်းကို ဘယ်သူမှ အလိုမရှိကြဘူး

အညတရညတရေန- တစ်ပါးပါးသော၊ ဗျသနေန- ပျက်စီးခြင်းတရားနဲ့၊ သမန္နာဂတဿ စ- ပြည့်စုံသောသူအားလည်းကောင်း၊ တစ်ပါးပါးသော ပျက်စီးခြင်းတရားနဲ့တွေ့ကြုံတဲ့ပုဂ္ဂိုလ်တဲ့, ဉာတိဗျသန- ဆွေမျိုး ပျက်စီးခြင်း၊ ရောဂဗျသန- အနာရောဂါကြီးစွဲခြင်း၊ ဘောဂဗျသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊ သီလဗျသန- သီလ ပျက်စီးခြင်း၊ ဒိဋ္ဌိဗျသန- အယူ ပျက်စီးခြင်း၊ အဲဒီ ဗျသနတရားငါးမျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့တဲ့အခါစိုးရိမ်ဆွေးမှုတွေ ဖြစ်တတ်ပါတယ်တဲ့။

အညတရညတရေန- တစ်ပါးပါးသော၊ ဒုက္ခဓမ္မေန- ဆင်းရဲကြောင်းဖြစ်သောတရားနဲ့၊ ဖုဋ္ဌဿ- တွေ့ထိနှိပ်စက်အပ်သောသူအား၊ ယော သောကော- အကြင် စိုးရိမ်ပူဆွေးခြင်းသည်၊ ယာ သောစနာ- အကြင် စိုးရိမ်ပူဆွေးသော အမူအရာသည်၊ ယံသောစိတတ္တံ- အကြင် စိုးရိမ်ပူဆွေးသည်၏ အဖြစ်သည်၊ ယော အန္တောသောကော-အကြင် အတွင်း၌ စိုးရိမ်ခြင်းသည်၊ ယော အန္တောပရိသောကော- အကြင် ထက်ဝန်းကျင် စိုးရိမ်ခြင်းသည်၊ အတ္ထိ- ရှိ၏၊ အယံ- ဤ စိုးရိမ်ပူဆွေးခြင်းသဘောကို၊သောကော- သောကဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုရ၏။

လောကမှာ ဆင်းရဲကြောင်းအမှုတွေ အများကြီး ရှိတာကိုး, မင်းဘေးမင်းဒဏ်တွေလည်း ရှိတာပဲ, လူနိုင်တွေက နှိပ်စက်တာတွေလည်း ရှိတာပဲ။ လောကမှာ အဆင်မပြေမှုတွေ, စိတ်ညစ်စရာတွေ, စိတ်ဆင်းရဲစရာတွေ ရှိတယ်။ အဲဒီ ဆင်းရဲကြောင်းတစ်ခုခုနဲ့ တွေ့လို့ရှိရင် စိတ်နှလုံးပူပန်ပြီး စိုးရိမ်ပူဆွေးတာတွေ ဖြစ်တတ်ပါတယ်တဲ့။

စိုးရိမ်ပူဆွေးတာကိုတော့ ဘယ်သူမှ အလိုမရှိကြဘူး။ စိုးရိမ်ပူဆွေး ကင်းအောင်လို့, ငြိမ်းအောင်လို့ တစ်လောကလုံးက အလိုရှိတယ်, ဘာသာတိုင်းက အလိုရှိတယ်,လူမျိုးတိုင်း အလိုရှိတယ်, လူတိုင်း အလိုရှိတယ်, နတ်တိုင်း အလိုရှိတယ်, သတ္တဝါတိုင်းအလိုရှိတယ်။ လူတွေက စိုးရိမ်ပူဆွေးခြင်းဟာ မကောင်းဘူးဆိုတာ သိပြီးတော့ စိုးရိမ်ပူဆွေးခြင်းကင်းငြိမ်းတဲ့ နည်းလမ်းတွေကို အလိုရှိကြတယ်, ကြံနေကြတယ်။

စာ ၅၆

သောက-စိုးရိမ်ပူဆွေးခြင်း ကင်းစေတဲ့ သတိပဋ္ဌာန်အကျင့်

စိုးရိမ်ပူဆွေးခြင်း ကင်းအောင် နေနိုင်တဲ့နည်းကတော့ မြတ်စွာဘုရား ဟောတဲ့နည်းပဲ ရှိတယ်။ မြတ်စွာဘုရားက သောကကင်းဝေး နေထိုင်တဲ့နည်းဆို တဲ့ သတိပဋ္ဌာန်တရားကို ဟောကြားထားပါတယ်။

အယံ မဂ္ဂေါ- ဤသတိပဋ္ဌာန် လေးပါးတည်းဟူသော ခရီးသည်၊ သောကပရိဒေဝါနံ- စိုးရိမ်ပူဆွေးခြင်း, ငိုကြွေးခြင်းတို့ကို၊ သမတိက္ကမာယ- လွန်မြောက်ခြင်းငှာ၊ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသော ခရီးပါပေတည်း။

စိုးရိမ်ပူဆွေးခြင်းကို လွန်မြောက်နိုင်တဲ့နည်းဟာ သတိပဋ္ဌာန်နည်းလမ်း တစ်ခုတည်းပဲတဲ့။ သတိပဋ္ဌာန်နည်းလမ်းက သွားလို့ရှိရင်တော့ စိုးရိမ်ပူဆွေးမှု ကင်းသွားကြမှာပါပဲ။ တရားအားထုတ်မှု အခြေခံရှိတဲ့ ပုဂ္ဂိုလ်မှာ စိုးရိမ်ပူဆွေးမှုကလေးတွေ ပေါ်လာရင် ရှုလိုက် မှတ်လိုက်တာနဲ့ ပျောက်တတ်ပါတယ်။ ဒီအတိုင်း နေနေလို့ရှိရင်တော့စဥ်းစားတိုင်း စဥ်းစားတိုင်း စိုးရိမ်ပူဆွေးမှုတွေချည်း ဖြစ်တာပဲ။ အမေ သေလို့, အဖေသေလို့, အိမ်သူအိမ်သားတွေ သေလို့, သား သေလို့, သမီး သေလို့ စသည်ဖြင့် ဒါတွေကို စဥ်းစားတိုင်း စဥ်းစားတိုင်း လွမ်းစရာ ဆွေးစရာတွေက ပြန်ပြန်ပေါ်နေတာကိုး။

စိုးရိမ်ပူဆွေးတာတွေ အစကလေး ပေါ်လာတာနဲ့ တစ်ခါတည်း ရှုရ မှတ်ရမှာကိုး။ စိတ်ကူးရောက်သွားရင် ရောက်တယ်, မြင်ရင် မြင်တယ်, စဥ်းစားရင် စဥ်းစားတယ်, ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီးတော့ မှတ်ရမယ်။ အရှုံးမပေးနဲ့, မလျှော့နဲ့, စိုးရိမ်ပူဆွေးမှုတွေ ပေါ်တိုင်းပေါ်တိုင်းသာ လိုက်ပြီးမှတ်, မှတ်ရင် ပျောက်တာပဲ။ တရားကိုကျကျနန အားထုတ်ထားလို့ရှိရင် စိုက်ပြီး မှတ်လိုက်လို့ရှိရင် စိုးရိမ်ပူဆွေးတာတွေအကုန်လုံး ပျောက်သွားတယ်။

လောကမှာ အကျဥ်းချုပ်ဆိုရင် သတ္တဝါတိုင်းမှာ ရုပ်နဲ့နာမ်ပဲ ရှိတယ်။ ကိုယ်လည်းရုပ်နဲ့နာမ်ပဲ, တစ်လောကလုံးလည်း ရုပ်နဲ့နာမ်ပဲ။ ကိုယ်လည်း ဖြစ်ပျက်နေတာ, တစ်လောကလုံးလည်း ဖြစ်ပျက်နေတာ။ ဘာမှ စိုးရိမ်စရာ မရှိဘူး, ပူဆွေးစရာ မရှိဘူး,လွမ်းစရာ မရှိဘူး။ ဒါကြောင့် သတိပဋ္ဌာန်တရားဟာ စိုးရိမ်ပူဆွေးမှု ကင်းနိုင်တဲ့နည်းပဲတဲ့။