သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
၁၃၂၃-ခုနှစ်, တော်သလင်းလဆုတ် ၈-ရက်နေ့
မဟာသတိပဋ္ဌာနသုတ် သတိပဋ္ဌာန်လေးပါးထဲက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ပိုင်း, အဲဒီ ဓမ္မာနုပဿနာ ၅-ပိုင်းထဲက နောက်ဆုံးဖြစ်တဲ့ စတုသစ္စပဗ္ဗ သစ္စာလေးပါးအပိုင်း ယနေ့ ဒါ ဟောရမယ်။
သစ္စာလေးပါးတရား သိဖို့ရာ အရေးအကြီးဆုံးပဲ
မြတ်စွာဘုရား၏သာသနာတော်မှာ သစ္စာလေးပါးဆိုတာ သိဖို့ရာ အရေးအကြီးဆုံးပဲ။ သစ္စာလေးပါးကို သိရင် သာသနာမှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်တာဝန်တွေဟာ အကုန်လုံး ပြည့်စုံသွားတော့တာပဲ။ သစ္စာလေးပါးကို မသိနိုင်ကြတဲ့အတွက်ဘဝသံသရာထဲမှာ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့နေကြရတယ်။ သစ္စာလေးပါးကို သိသွားလို့ရှိရင် ဒီသံသရာဝဋ်ဆင်းရဲတွေက အကုန်လုံး ကင်းလွတ်သွားကြမယ်။ ရှေးရှေးသောဘုရားတွေလည်း ဒီသစ္စာလေးပါးကို သိပြီး နိဗ္ဗာန်ကို ဝင်ကြရတယ်။ မြတ်စွာဘုရား၏တပည့်သားဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်း ဒီသစ္စာလေးပါးကို သိပြီးတော့ပဲ နိဗ္ဗာန်ကိုဝင်ကြရတယ်။ နောက်နောက်သော အခါကာလမှာ ပွင့်တော်မူလတ္တံ့သော ဘုရားတွေရော, မြတ်စွာဘုရား၏ တပည့်သာဝကတွေရော, ကြားထဲမှာ ပွင့်မယ့် ပစ္စေကဗုဒ္ဓါတွေရော သစ္စာလေးပါးတရားကို သိပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရမှာပဲ။
ယခု ပွင့်ထွန်းပေါ်ပေါက်ပြီးသွားခဲ့တဲ့ ဂေါတမမြတ်စွာဘုရားရော မြတ်စွာဘုရား၏ တပည့်သားဖြစ်တဲ့ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလ္လာန် အစရှိသော သာဝကတွေရောဒီသစ္စာလေးပါးတရားကို သိမြင်ပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရတယ်။ အဲဒီသစ္စာလေးပါးတရားကို သိဖို့ရာ အရေးကြီးတယ်။ အရေးကြီးလို့လည်း မြတ်စွာဘုရား တရားဦး ဟောကတည်းက “ဓမ္မစက္ကပ္ပဝတ္တနသုတ်”လို့ ခေါ်တဲ့ ဓမ္မစကြာတရားဟာ သစ္စာလေးပါးတရားကို အခြေခံတည်ပြီးတော့ ဟောထားတာပဲ။ သစ္စာလေးပါးတရားကို မိမိကိုယ်တိုင်သိလာခဲ့တဲ့အကြောင်း, သစ္စာလေးပါးတရားကို ဘယ်ပုံဘယ်နည်းနဲ့ သိလာတယ် ဆိုတာတွေကို ထုတ်ဖော်ပြီး ဟောသွားတယ်။
တရားဒေသနာတိုင်းဟာ သစ္စာလေးပါးတရား သိဖို့ပဲ ရည်ရွယ်တယ်
မြတ်စွာဘုရား ဟောတိုင်း ဟောတိုင်း တရားဒေသနာတိုင်းမှာ ဒီသစ္စာလေးပါးတရား သိဖို့ချည်းပဲ ရည်ရွယ်ပြီး ဟောတာပဲ။ တိုတိုဟောဟော, ရှည်ရှည်ဟောဟော,တိုက်ရိုက် ဟောသည်ဖြစ်စေ, သွယ်ဝိုက် ဟောသည်ဖြစ်စေ, ဒီသစ္စာလေးပါးတရား သိဖို့ဟောတာပဲ။ သတိပဋ္ဌာနသုတ်မှာလည်း ပထမအစပိုင်းကနေပြီး ကာယာနုပဿနာတွေဟောလာတယ်။ ဒါလည်းပဲ ဒီသစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ “ကာယာနုပဿနာ”ဆိုတဲ့ ကိုယ်အမူအရာရုပ်တွေ ကိုယ်ရုပ်တွေဟာ ဒုက္ခသစ္စာထဲ အတွင်းဝင်နေတဲ့ တရားတွေပဲ။ အဲဒီ ဒုက္ခသစ္စာတရားကို သိလိုက်လို့ရှိရင် ဒုက္ခသစ္စာနဲ့ဆိုင်ရာသမုဒယသစ္စာလည်း သိတာပဲ။ နိရောဓသစ္စာတို့, မဂ္ဂသစ္စာတို့လည်း သိသွားတာပဲ။အဲဒါကြောင့် ကာယာနုပဿနာ ဟောတာလည်း သစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ ထို့အတူ ဝေဒနာနုပဿနာ ဟောတာ သစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ စိတ္တာနုပဿနာ ဟောတာ သစ္စာလေးပါးတရား သိဖို့ပဲ။ ဓမ္မာနုပဿနာထဲက နီဝရဏတရားငါးပါးကို ရှုဖို့ ဟောတယ်, ဒါလည်း သစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ ခန္ဓာငါးပါးကို ဟောတယ်, သစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ အာယတန ၁၂- ပါး,ဟောတယ်, သစ္စာလေးပါးတရား သိဖို့ပဲ။ ဗောဇ္ဈင်ပိုင်းကို ဟောတယ်, အဲဒါလည်းပဲသစ္စာလေးပါးတရား သိဖို့ ဟောတာပဲ။ ဒီကနေ့ဟောမယ့် တရားကတော့ သစ္စာလေးပါးတရားကို တိုက်ရိုက်ဟောတယ်, သွယ်ဝိုက်ဟောတာ မဟုတ်ဘူး။
သစ္စာလေးပါးတရားတို့၌ သဘောတရားမျှဟု ရှုတာ ဓမ္မာနုပဿနာ
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု
အရိယသစ္စေသု။
ဘိက္ခဝေ- ရဟန်းတို့၊ ပုန စ- တစ်ဖန်လည်း၊ အပရံ- တစ်ပါးသော နှလုံးသွင်းပုံရှုပုံကား၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သော ရဟန်းသည်၊ဘိက္ခု- သံသရာဘေးကို ရှုမြင်၍ တရားကျင့်သုံးနေသော ပုဂ္ဂိုလ်သည်၊ စတူသု-လေးပါးကုန်သော၊ အရိယသစ္စေသု- အရိယသစ္စာဟု ခေါ်ဆိုအပ်ကုန်သော၊ အရိယသစ္စေသု- အရိယာတို့ သိအပ်သော အမှန်တရားဟု ခေါ်ဆိုအပ်ကုန်သော၊ ဓမ္မေသု-သဘောတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။
တစ်နည်းရှုပုံကတော့ သဘောတရားတွေကို သဘောတရားလို့ ရှုပြီးတော့ နေတာဟာ အရိယသစ္စာတရားလေးပါးတွေကို ရှုပြီးတော့ နေတာပါပဲတဲ့။ အရိယသစ္စာတရား လေးပါးတွေကို သဘောတရားအနေနဲ့ ရှုပြီးတော့ နေတာဟာလည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေတာပါပဲတဲ့။
ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု
အရိယသစ္စေသု။
ဘိက္ခဝေ- ရဟန်းတို့၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သောရဟန်းသည်၊ ဘိက္ခု-သံသရာဘေးကို ရှုမြင်၍ တရားကျင့်သုံးအားထုတ်နေသော ယောဂီပုဂ္ဂိုလ်သည်၊ စတူသု- လေးပါးကုန်သော၊ အရိယသစ္စေသု- အရိယသစ္စာဟု ခေါ်ဆိုအပ်ကုန်သော၊ (ဝါ)အရိယာတို့ သိအပ်သော အမှန်တရားဟု ခေါ်ဆိုအပ်ကုန်သော၊ ဓမ္မေသု- သဘောတရားတို့၌၊ ကထဉ္စ ပန- ဘယ်ပုံဘယ်နည်းဖြင့်၊ ဓမ္မာနုပဿီ- သဘောတရားဟုရှုသည်ဖြစ်၍၊ ဝိဟရတိ- နေပါသနည်း။
ဣဓ ဘိက္ခဝေ ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ
ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓော’တိ
ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ
ပဇာနာတိ။
ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သောရဟန်းသည်၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်၍ တရားကျင့်သုံးအားထုတ်နေသောပုဂ္ဂိုလ်သည်၊ ဣဒံ- ဤသည်ကား၊ ဒုက္ခံ- ဆင်းရဲဖြစ်သော၊ (အရိယသစ္စံ- အရိယာတို့သိအပ်သော အမှန်တရားတည်း)၊ ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ပဇာနာတိ- သိ၏၊ အယံ- ဤသည်ကား၊ ဒုက္ခသမုဒယော- ဆင်းရဲဖြစ်ကြောင်းတရားဖြစ်သော၊ (အရိယသစ္စံ- အရိယာတို့သိအပ်သော အမှန်တရားတည်း)၊ ဣတိ- ဤသို့၊ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏၊ အယံ- ဤသည်ကား၊ ဒုက္ခနိရောဓော- ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော၊ (အရိယသစ္စံ- အရိယာတို့ သိအပ်သော အမှန်တရားတည်း၊) ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏၊အယံ- ဤသည်ကား၊ ဒုက္ခနိရောဓဂေါမိနီ ပဋိပဒါ- ဆင်းရဲဒုက္ခ၏ ချုပ်ငြိမ်းရာ ဆိုက်
ရောက်ကြောင်း အကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာတို့သိအပ်သော အမှန်တရားတည်း၊ ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏။
သမ္မုတိသစ္စာနဲ့ ပရမတ္ထ သစ္စာ
အရိယသစ္စာတရားလေးပါးကို အမှန်အတိုင်း သိတယ်လို့ ဆိုလိုပါတယ်။ “သစ္စာတရား”ဆိုတာ ပါဠိလိုက “သစ္စ” မြန်မာလိုတော့ “သစ္စာ”လို့ ဒီလိုပြောဆိုကြတယ်,ရေးသားကြတယ်။ ‘အမှန်တရားပဲ, မှန်တယ်’တဲ့။ မှန်တာကို သစ္စာလို့ ခေါ်တယ်။မှန်တယ်ဆိုတာတွေက အမျိုးမျိုး ရှိတယ်။ မှန်တယ်ဆိုတာတွေက သူ့အယူဝါဒနဲ့သူ မှန်နေတာတွေလည်း ရှိတာပဲ။ အဲဒါတွေက ဒိဋ္ဌိသစ္စာတွေလို့ ခေါ်တယ်။ ဒီလိုဟာတွေလည်း ရှိတာပဲ။ ဘာသာတိုင်း ဘာသာတိုင်းမှာ ကိုယ့်အယူဝါဒနဲ့ကိုယ် တရားတွေကိုမှန်တယ်လို့ ဆိုပြီးတော့ ဒီလိုပဲ ဝန်ခံကြတယ်, အဲဒါတွေကတော့ ဒိဋ္ဌိသစ္စာတွေပဲတဲ့။အယူဝါဒတွေကိုပဲ ကိုယ့်အယူဝါဒနဲ့ကိုယ် မှန်တယ်လို့ ပြောနေတာတဲ့, တကယ်မှန်တယ်လို့တော့ မဟုတ်ဘူးပေါ့, ကိုယ့်ဟာနဲ့ကိုယ် မှန်နေတာ။ ပြီးတော့ ဝစီသစ္စာဆိုတာ ရှိတယ်။ ဝစီသစ္စာ ဆိုတာကတော့ မှန်ကန်သောစကားကို ပြောတာကိုး, မဟုတ်တာမပြောဘူး, မမှန်တာ မပြောဘူး, ဟုတ်မှန်တာကို ပြောတယ်, အဲဒါလည်းပဲ အမှန်ခေါ်ရတာပဲ။ ဒီ့ပြင်လည်းပဲ အမှန်တွေ အများကြီး ရှိပါတယ်။
အခုလိုရင်း ပြောရမယ်ဆိုရင် သစ္စာက သမ္မုတိသစ္စာနဲ့ ပရမတ္ထသစ္စာလို့ နှစ်မျိုးရှိတယ်တဲ့။ “သမ္မုတိသစ္စာ”ဆိုတာ လောကက သမုတ်ထားတဲ့အတိုင်း ခေါ်ဝေါ်သုံးစွဲပြီးတော့ နေတာတွေ အမှန်တွေ ဖြစ်နေတယ်။ လောကက “အမေ အဖေ, သားသမီး, လူ,နတ်, ဗြဟ္မာ”စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားတယ်။ အဲဒါတွေ ခေါ်ဝေါ်သုံးစွဲတဲ့အတိုင်းပဲအများက လိုက်ပြီး ပြောဆိုနေတယ်, ဒါတွေဟာ မှန်နေတာပဲ။ အမေကို အမေလို့ ခေါ်တယ်, မှန်တယ်။ အဖေကို အဖေလို့ ခေါ်တယ်, မှန်တယ်။ သားကို သားလို့ ပြောတယ်,မှန်တယ်။ သမီးကို သမီးလို့ ပြောတယ်, မှန်တယ်။ ယောကျာ်းကို ယောကျာ်း, မိန်းမကိုမိန်းမ, လူကို လူ, အဲဒီလို ပြောတာကိုး။ အဲဒီ လောကဝေါဟာရ ရှိတဲ့အတိုင်း ပြောဆိုနေကြတာတွေဟာ အမှန်တွေပဲ, ဒါ သမ္မုတိသစ္စာတွေတဲ့။ ဒါတွေ ပြောတဲ့အတွက်မုသာဝါဒ မဖြစ်ဘူးတဲ့, သူက မှန်နေတာပဲတဲ့။ သို့သော် ပရမတ္ထသစ္စာတော့ မဟုတ်ဘူး။
ပရမတ္ထသစ္စာ
“ပရမတ္ထသစ္စာ” ဆိုတာကတော့ မဖောက်မပြန် မှန်ကန်တဲ့ဥစ္စာ-တဲ့။ ဖောက်ပြန်ပြောင်းလွဲခြင်း မရှိဘူး-တဲ့။ သူကတော့ “ပရမော ဥတ္တမော အဝိပရီတော အတ္ထောပရမတ္ထော” (ဋီကာကျော် စာပိုဒ်, ၂) ပရမော ဥတ္တမော- မြတ်သော၊ အတ္ထော- အနက်သဘောသည်၊ ပရမတ္ထော- ပရမတ္ထမည်၏-လို့ ကျမ်းဆရာတွေက ဝစနတ္ထ= သဒ္ဒါ၏အနက် အဓိပ္ပါယ်ကို အကျယ်ဖွင့်ပြကြတယ်။
“ပရမ”ဆိုတာ မြတ်တယ်-တဲ့။ ဘာဖြစ်လို့ မြတ်သလဲ , အဝိပရီတော- မဖောက်ပြန်လို့-တဲ့။ မဖောက်ပြန်လို့ မြတ်တယ်တဲ့။ ‘အတ္ထော’ကတော့ အနက်သဘောပဲ။မဖောက်ပြန်တဲ့ အနက်သဘော, ဒါ မြတ်သော အနက်သဘောပါပဲ-တဲ့။ ဖောက်ပြန်တယ် , မဖောက်ပြန်ဘူးဆိုတာ နှစ်မျိုး ရှိပါတယ်။ ပြောင်းလဲသွားတာကိုပဲ ဖောက်ပြန်တယ်လို့ ခေါ်တယ်။ အစက ဒီလိုမဟုတ်, တစ်မျိုးတစ်မည် ဖြစ်သွားပြီဆိုရင် အဲဒါဖောက်ပြန်တယ်, ဒီလိုပြောတာ ရှိတယ် , အဲဒါ ဖောက်ပြန်တာ တစ်မျိုး။ နောက်တစ်မျိုးကတော့ မှန်မှန်ကန်ကန်မဟုတ်တဲ့ ဥစ္စာတွေကိုလည်း ဖောက်ပြန်တယ်လို့ သုံးပြန်တယ်။မမှန်ဘူး, ဒီဥစ္စာ မူမမှန်ဘူး, ဖောက်ပြန်တယ်။ မူမမှန်တဲ့ ဥစ္စာတွေကိုလည်း ဖောက်ပြန်တယ်လို့ ပြောတယ်။
မဖောက်ပြန်ဆိုတာ မပြောင်းလဲ, မပျက်စီးလို့ မဆိုလိုပါ၊ မမှားဘူး, မှန်တယ်လို့ ဆိုလိုပါတယ်
အခု ဒီ“ပရမတ္ထ”သဒ္ဒါကို ဝစနတ္ထလုပ်တဲ့နေရာမှာ “မဖောက်မပြန် မြတ်တယ်”ဆိုတာက ဘယ်လို ဖောက်ပြန်တာ, ဘယ်လို မဖောက်ပြန်တာတုံးလို့ မေးစစ်ဖို့ရာ လိုအပ်တယ်။ မပြောင်းမလဲ ဆိုလိုသလား, (သို့ မဟုတ်) မမှားမယွင်း ဆိုလိုသလား, ဒါစစ်ဆေးဖို့ရာ လိုအပ်တယ်။ ဒီမှာ “မမှားမယွင်း”လို့ ဆိုလိုပါတယ် , မပြောင်းလဲလို့မဆိုလိုပါဘူး။ “ပရမော ဥတ္တမော- မြတ်သော, အဝိပရီတော- မဖောက်ပြန်သော” ဆိုတာ မမှားယွင်း မှန်တယ်လို့ ဆိုတယ်။ မပြောင်းလဲ မပျက်စီးတော့လို့ ဒီလိုမဟုတ်,မမှားယွင်းဘူးတဲ့။ မှန်မှန်ကန်ကန်ပဲ, တိတိကျကျ မှန်တယ်လို့ ဆိုတယ်။
ပါဠိလို “ဝိပရိဏတ”ဆိုရင် ပြောင်းလွဲဖောက်ပြန်သွားတယ်။ “အဝိပရိဏတ”ဆိုတော့ မပြောင်းလဲ ဒီအတိုင်းပဲ တည်နေတာ , အဲဒါနဲ့ ရောတတ်တယ်။ သာမန်ပုဂ္ဂိုလ်
တွေ မပြောနဲ့, ရှေးက ကျမ်းရေးတဲ့ ကျမ်းဆရာကြီးတွေကိုယ်တိုင် မှားယွင်းကုန်လို့မြန်မာပြည်မှာ သင်္ဂြိုဟ်တွေ, အဘိဓမ္မာတွေ, အနက်တွေ, အဓိပ္ပါယ်တွေ ဖော်ပြတဲ့နေရာမှာ “ပရမတ္ထ”ပုဒ်က စပြောရတာကိုး။ ပြောတော့ အဲဒီ ပရမတ္ထအနက်အဓိပ္ပါယ် ပြောတာတွေ မှားကုန်လို့ တကယ်တည်းမှပဲ အဲဒါတွေကို အမှန်ထင်ကုန်တယ်။ တကယ့်ဆရာတော်ကြီးတွေ ရေးသွားတာတွေ မှားကုန်လို့, “ပရမတ္ထ”ဆိုတာ မပြောင်းလဲ , မူလအရင်းအတိုင်း သူက တည်နေတယ် ဆိုပြီးတော့ ပရမတ်က မပြောင်းလဲ , ပညတ်ကပြောင်းလဲတယ် ဆိုပြီး အနက်အဓိပ္ပါယ်တွေ သူ့ဥဒါဟရုဏ်နဲ့သူ ထုတ်တော့ သူ့ဟာခပ်ဟုတ်ဟုတ်ပဲ။
သူက ဥပမာပေးတယ်, ရွှံ့တုံး ရွှံ့ခဲပဲ။ ရွှံ့တုံး ရွှံ့ခဲကို နွားရုပ်ကလေး လုပ်လိုက်,နွားရုပ်ကလေး ဖြစ်တယ်, ခုန ရွှံ့တုံးဆိုတဲ့နာမည် ပျောက်သွားပြီ။ နွားရုပ်ကို ဖျက်ပြီးတစ်ခါ ခွေးရုပ်ကလေး လုပ်လိုက်ဦး, ခွေးဖြစ်သွားတယ်၊ ပြောင်းလဲသွားပြန်ပြီတဲ့,တစ်ခါ ဒီကနေပြီး အိုးလုပ်လိုက်စမ်းဆိုရင် အိုးလေးဖြစ်သွား, ပြောင်းလဲသွားပြန်ပြီ။အဲဒီလိုတဲ့ ပညတ်တွေက ပြောင်းလဲတယ်တဲ့။ ရွှံ့ကတော့ ရွှံ့ပါပဲ, မပြောင်းဘူးတဲ့။ ရွှံ့ကမပြောင်းဘူး, ပညတ်က ပြောင်းတယ်တဲ့။ မူလရှိရင်း အထည်ဝတ္ထုကတော့ မပြောင်းဘူး, အဲဒီလို မပြောင်းမလဲဘဲနဲ့ သဘာဝအားဖြင့် တည်နေတဲ့က ပရမတ်ပဲ ဆိုပြီးတော့ရှေးက အင်မတန် ထင်ရှားကျော်စောတဲ့ ဆရာတော်ကြီးတစ်ပါးက ရေးထားတယ်။သူ့ကိုလည်း အလွန်ပဲ အလေးအစားပြုကြပါတယ်။ သူကပြောတော့ ဟုတ်တုတ်တုတ်ပဲ,ဒါပေမယ်လို့ ဒီနေရာမှာတော့ မဖောက်ပြန်ဆိုတာဟာ မပြောင်းလဲ, မပျက်စီးလို့ မဆိုလိုပါ, ပြောင်းလဲပါသော်ကော။ မမှားဘူးလို့, မှန်တယ်လို့ ဆိုလိုတာပါ။
ပရမတ်တရားကမှ ပြောင်းလဲတာ, ပညတ်က ဘယ်ပြောင်းလဲမှာတုံး။ ‘ပညတ်’ဆိုတာ ရှိမှမရှိဘဲနဲ့, ပြောင်းလို့ ဘယ်ဖြစ်လိမ့်မှာတုံး။ ခုန ရွှံ့တုံးလေးဆိုတဲ့ ပညတ်ဟာရှိသလား, မရှိသလား စစ်ပါဦး, ရှိမှမရှိဘဲ။ ရွှံ့တုံးဆိုတဲ့ နာမည်ကလေးကော ပျောက်ပါ့မလား, မပျောက်ဘူး။ နွားရုပ်ကလေး လုပ်လိုက်တော့ကို နွားရုပ် ပုံသဏ္ဌာန်လေးရောက်လာတယ်။ ဒီပုံသဏ္ဌာန်က တကယ် ရှိမှမရှိဘဲ, စိတ်ကူးထဲမှာ ထင်ရတဲ့ဥစ္စာ,နောက်ပြန်စဥ်းစားရင်လည်း ပေါ်တာပဲ။ နွားရုပ်ကလေး ဖျက်လိုက်လို့ ရွှံ့တွေက အမှုန့်ဖြစ်သွားဦးတော့ ခုန နွားရုပ်ကလေး ပြန်စဥ်းစားရင် ပေါ်နေသေးတာပဲ, မပျောက်ဘူး။ပညတ်က ပျောက်တာ မဟုတ်, ပညတ်ဆိုတာဟာ ပြောင်းလဲတယ်လို့ မရှိဘူး, ပျက်စီးတယ်လို့ မရှိဘူး, ပညတ်ဆိုတာဟာက မြဲတယ်တဲ့။
ပညတ်နဲ့ နိဗ္ဗာန်သာ မြဲပါတယ်
လောကမှာ မြဲတာ ပညတ်နဲ့နိဗ္ဗာန် နှစ်ခုပဲ ရှိတယ်။ နိဗ္ဗာန်ဆိုတဲ့ တရားက ဖြစ်တတ်တဲ့တရား မဟုတ်လို့ မပျက်တတ်ဘူး။ နိဗ္ဗာန်တရားက သဘာဝအားဖြင့် ရှိတယ်။ရဟန္တာပုဂ္ဂိုလ်တွေ နိဗ္ဗာန်တရားကို သိပြီး ကိလေသာတွေ အကုန်လုံး ငြိမ်းသွားတယ်,ကိလေသာကို မှီပြီးဖြစ်တဲ့ ကံတွေ မရှိတော့ဘူး။ ကံကနေပြီးဖြစ်မယ့် ဘဝသစ် ရုပ်နာမ်ဆင်းရဲတွေ မဖြစ်ရလို့ အစဥ်ထာဝရ ငြိမ်းသွားတဲ့ အငြိမ်းဓာတ်သဘောဟာ ရှိလည်းရှိတယ်, ရှိလို့လည်းပဲ ငြိမ်းတာပေါ့, မရှိရင် ဘယ်ငြိမ်းလိမ့်မတုံး။ ဒီအငြိမ်းဓာတ်ဟာရှိလည်း ရှိနေတာပဲ, ပျက်တယ်လို့လည်း မရှိ။ ဒါကြောင့် ဒီအငြိမ်းဓာတ်ကတော့ဖြင့်မပျက်မစီးဘဲနဲ့ မြဲနေတဲ့တရားပဲတဲ့, ထင်ရှားရှိပြီးနေတဲ့ တရားပဲတဲ့။
ပညတ်ကတော့ မရှိဘဲ မြဲနေတဲ့တရား, ပညတ်ဟာ ဖြစ်လာတယ်လို့လည်းမဟုတ်, ပျောက်သွားတယ်လို့လည်း မဟုတ်ဘူး။ လူနာမည် စဥ်းစားကြည့်ပါလား, လူကိုအမည်မှည့်လိုက်ရင် ခုမှ ပေါ်လာသလိုလို ထင်ရတယ်, ဘယ်ဟုတ်လိမ့်မှာတုံး, ရှိမှမရှိဘဲ။ စိတ်ကူးထဲမှာ ထင်ရုံမျှပဲ, လူသေလို့လည်း ပျောက်သွားတာ မဟုတ်။ လူတွေကမေ့နေရင် ပျောက်သလိုလို ရှိတယ်, နောက် ဒီနာမည်ကို ဖော်နိုင်တဲ့သူက ဖော်လိုက်ရင်ပြန်ပြီး ပေါ်လာတယ်။
ရှေးက လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်က ရှိခဲ့တဲ့ ဒီပင်္ကရာမြတ်စွာဘုရားတို့,သုမေဓာရသေ့တို့ ဆိုတာ ကြားထဲ ပျောက်နေတာ အကြာကြီးပေါ့။ မြတ်စွာဘုရားကဖော်လိုက်ပြန်တော့ တစ်ခါ ပေါ်လာပြန်ရော။ အဲဒီတော့ ‘ပညတ်’ဆိုတာက ရှိလည်းမရှိ, ပျောက်လည်း မပျောက်, ပညတ်အနေအားဖြင့်တော့ မြဲတယ်လို့ပဲ ဆိုရတယ်။ဒါကြောင့် ပညတ်တရားက မဖောက်ပြန်တတ်ဘူး, ဖောက်ပြန်တဲ့ဥစ္စာက ပရမတ်တရားတွေပဲ။ ပရမတ် ရုပ်နာမ်တွေ ဆိုတာက ဥပါဒ်, ဌီ, ဘင် ခဏခဏ ပြောင်းလဲနေတာ,အကြောင်းအားလျော်စွာ အကျိုးတရားတွေ အသစ်အသစ် ဖြစ်ပြီး သူက အမြဲတမ်းပြောင်းလဲနေတယ်။
ပရမတ်ဆိုတာ တကယ်မှန်တဲ့တရား
အဲဒီတော့ ဒီမှာ “မဖောက်ပြန်”ဆိုတာ မပြောင်းလဲတာကို ပြောတာ မဟုတ်ဘူး,“မဖောက်ပြန်”ဆိုတာ မှန်ကန်တယ်-တဲ့။ အဝိပရီတ- မှန်တယ်, မှန်နေတဲ့တရားပဲ-တဲ့။‘ပရမတ္ထ’ ဆိုတာက တကယ်မှန်တဲ့တရား, ‘ပညတ်’ ဆိုတာက တကယ်မှန်တဲ့တရား
မဟုတ်ဘူး, ဒီလိုဆိုပါတယ်။ သမ္မုတိသစ္စာက နေပြီးတော့ အမေ, အဖေ ဒီလိုနာမည်တွေ ရှိတာကိုး, ယောကျာ်းလို့, မိန်းမလို့, လူလို့ စသည်ဖြင့် ခေါ်ထားတယ်။ အဲဒါသေသေချာချာ စစ်ကြည့်လို့ရှိရင် ဒီထဲမှာ ပုဂ္ဂိုလ်သတ္တဝါ အထည်ဝတ္ထု မရှိဘူး, ရုပ်နာမ်အထည်ကိုယ်တွေပဲ ရှိနေတယ်။
ပညတ်ဆိုတာ မျက်လှည့်ပြတဲ့ ပစ္စည်းလိုပဲ
ဥပမာအားဖြင့် မျက်လှည့်ပြတာနဲ့ တူတယ်တဲ့, မျက်လှည့်ဆရာတွေက စက္ကူကလေးပေမယ့် ကောက်ပြီးတော့ ပန်းပွင့်ကလေး လုပ်ပြတယ်။ ဝိုင်းကြည့်နေတဲ့ သူတွေက ပန်းပွင့်ထင်ရတာပေါ့လေ, တစ်ခါ စားစရာမုန့် သူက လုပ်ပြတော့ စားစရာမုန့်တကယ်ထင်ရတာပဲ။ တကယ်ဟုတ် သလားဆို ဘယ်ဟုတ်မလဲ, ဘေးကပုဂ္ဂိုလ်တွေအထင်အမြင်မှားအောင် သူက လုပ်တတ်တယ်။ အဲဒါမျိုးပဲတဲ့, ‘ပညတ်တရား’ ဆိုတာက တကယ်အားဖြင့် စစ်လိုက်လို့ရှိရင် မရှိဘူး, ဘာရှိသလဲဆိုရင် ပရမတ္ထဖြစ်တဲ့ ရုပ်တရား, နာမ်တရားတွေပဲ ရှိပါတယ်တဲ့။
ပညတ်ဆိုတာ သမ္မုတိသစ္စာအနေ မှန်ပေမယ့် ပရမတ်အနေအားဖြင့် မမှန်ဘူး
အများသုံးနေကြတဲ့ လှည်းဆိုတာ ရှိတယ်, အဲဒီလှည်းကို အစိတ်အပိုင်း အင်္ဂါလေးတွေ တစ်ခုစီ တစ်ခုစီ လျှောက်ထုတ်ကြည့်လိုက်ပါ။ ဘီးတစ်ခုတည်းလည်း လှည်းမခေါ်, ဝင်ရိုးလည်း လှည်းမဟုတ်, လှည်းအိမ် လှည်းသန်တွေ တစ်ခုစီကလည်း လှည်းမဟုတ်, တံပိုးကလည်း မဟုတ်, တစ်ခုတစ်ခုစီ ဖြုတ်ထားလိုက် ပုံထားလိုက်လို့ ရှိရင်လှည်းပျောက်သွားတယ်, လှည်းရယ်လို့ မရှိဘူး။ သို့သော်လည်းပဲ သူ့နေရာနဲ့သူ အချိုးတကျ ဆင်ထားလိုက်ရင်တော့ လှည်းကြီး ဖြစ်နေတာပဲ။ အဲဒီလိုပဲ ‘လှည်း’ဆိုတဲ့ဥစ္စာကပညတ်သဘောကိုး, အစိတ်အပိုင်းလေးတွေဆိုတာက ပရမတ်သဘောကိုး။ ဒါ ဥပမာအစစ် မဟုတ်သေးဘူး, ဒီအစိတ်အပိုင်းတွေကို အသေးစိတ်ပြီး အမှုန့် လုပ်လိုက်လို့ရှိရင် အဲဒီကျမှ သဘာဝလေးတွေ ကျန်နေမှာ။ ဒီကျတော့မှ ပရမတ် ပထဝီဓာတ်တို့,အာပေါဓာတ်တို့ ရောက်လာတယ်။ အဲဒါကြောင့် ‘ပညတ်’ဆိုတာကတော့ လောကခေါ်ဝေါ်ရိုးအားဖြင့် ခေါ်ဝေါ်တဲ့အတိုင်း မှန်နေလို့ သမ္မုတိသစ္စာ ဖြစ်သော်လည်းပဲပရမတ္ထနယ်က ကြည့်လိုက်မယ်ဆိုရင် ဒါတွေ မမှန်ဘူး, မမှန်ပေမယ်လို့ မုသာဝါဒ
အပြစ် မရှိပါဘူး။ အမှန်ရှိတာကတော့ ရုပ်တရား, နာမ်တရား, ပရမတ္ထသဘောတရားတွေပဲ ရှိတယ်။
ပရမော ဥတ္တမော အဝိပရီတော အတ္ထော ပရမတ္ထော။
ပရမော ဥတ္တမော အဝိပရီတော- မဖောက်မပြန် မှန်ကန်မြင့်မြတ်သော၊အတ္ထော- အနက်သဘောတည်း။ ပရမတ္ထော- မဖောက်မပြန် မှန်ကန်၍ မြတ်သောအနက်သဘော။ ‘မဖောက်မပြန် မှန်ကန်၍ မြတ်တယ်’လို့ ဆိုလိုတယ်။
ပညတ် ထင် နေပုံတွေ
ပကတိပုဂ္ဂိုလ်တွေက ‘လူကို မြင်တယ်, ယောကျာ်းကို မြင်တယ်, မိန်းမကို မြင်တယ်, ကိုယ်ကို မြင်တယ်, လက်ကို မြင်တယ်’ စသည်ဖြင့် ဒီလိုထင်ရတာကိုး။ အဲဒါပညတ်တွေပဲ, ပညတ်တွေက တကယ်ထင်တဲ့အတိုင်း ဟုတ်ပါ့မလားဆိုတော့ မဟုတ်ဘူး။ အမှန်မြင်ရတာက အဆင်းလေးပဲ မြင်ရတယ်, လူပုဂ္ဂိ်ုလ်ကြီး ဘယ်မြင်ရမလဲ။ကိုယ့်ဖက်လှည့်နေတဲ့အပိုင်းက အပေါ်ယံအဆင်းတွေ လျှောက်မြင်သွားတယ်, မျက်နှာက အဆင်းလည်း မြင်မှာပဲ, အပေါ်က အဝတ်ဝတ်ထားရင် အဝတ်ရဲ့အဆင်း မြင်ရတယ်, ပြီးမှ အတွင်းက ကိုယ်အကောင်အထည်ကြီးကို စိတ်ထဲမှာ ထင်မြင်သွားတာ။ဗြုန်းခနဲ မြင်ပြီးတော့ ‘ယောကျာ်းပဲ, မိန်းမပဲ’ဆိုတာ သိသွားတယ်, အဲဒါ ပညတ်ရောက်လာတာ, ပရမတ်တွင် သူက မနေဘူး။
ရုပ်တရား နာမ်တရား သဘောလေးတွေက ပရမတ္ထသစ္စာတရားပဲ
ဥပမာ ပေပေါ်မှာ ဂွမ်းကလေးတင်ပြီးတော့ သံတူကြီးနဲ့ ထုလိုက်လို့ရှိရင် အဲဒီဂွမ်းကလေးတွင် ရပ်မနေဘဲ အောက်က ပေပေါ် ဒိုင်းခနဲ ကျသွားမှာပဲ, အလယ်ကဂွမ်းကလေးက နုနေတာကိုး။ အဲဒါလိုပဲ မြင်တယ်ဆိုလို့ရှိရင် မြင်ရတဲ့ ပရမတ် အဆင်းသဘောလေးတွင် ရပ်မနေဘဲ ယောကျာ်းပဲ, မိန်းမပဲ, ပုဂ္ဂိုလ်သတ္တဝါပဲလို့ တစ်ခါတည်းပညတ်သဘောတွေ ရောက်သွားတာကိုး။
အဲဒီလို ပညတ်သဘောတွေ မရောက်ရအောင်လို့ ခု မြင်တိုင်း မြင်တိုင်း ရှုနေရတာ, ရှုနေလို့ အချိုးကျလာတဲ့အခါကျတော့ ပရမတ်ကလေးတွင် တည်ပါတယ်။ အဲဒီလိုမရောက်သေးခင်တော့ ပရမတ်သဘောတွင် မတည်ဘဲနဲ့ ပညတ်သဘောတွေချည်း
ရောက်နေတာပဲ။ နောက် ရှုဖန်များလာတဲ့အခါ ပညတ်တွေ ပျောက်ပြီး ပရမတ်တွေတည်လာတယ်။ မြင်ပြီးရင်း ရိပ်ခနဲပျောက်သွား မြင်ရုံမျှပဲ, ပုံသဏ္ဌာန် အထည်ဒြပ်တွေ,ယောကျာ်း မိန်းမ စသည်တွေ ဘာမှ မပေါ်ဘူး, သိပ်နေရာကျတယ်။ အဲဒီလို ပရမတ်တွင် တည်အောင် လုပ်ရမှာကိုး။ ရုပ်တရား နာမ်တရား သဘောလေးတွေက ပရမတ္ထသစ္စာတရားပဲတဲ့။
သဘာဝသစ္စာနဲ့ အရိယသစ္စာ
အဲဒီ ပရမတ်တရားထဲမှာလည်းပဲ သဘာဝသစ္စာနဲ့ အရိယသစ္စာ နှစ်မျိုး ရှိပြန်တယ်။ သဘာဝသစ္စာကတော့ သဘောတရားအနေအားဖြင့် မှန်နေတာပဲတဲ့, ကုသိုလ်တရား, အကုသိုလ်တရား အဗျာကတတရား သုံးမျိုး ဟောထားတယ်။ တစ်ခါ သုခရယ်,ဒုက္ခရယ်, ဥပေက္ခာရယ် သုံးမျိုး, ဒါ သဘာဝတွေပဲ, မှန်တာချည်းပဲ။ ဒါပေမယ်လို့အရိယသစ္စာ- အရိယာတို့ သိအပ်တဲ့ နယ်ပယ် ရောက်တဲ့အခါ အဲဒီလို အစိတ်အစိတ်မကွဲတော့ဘူး။ လောကီတရားတွေ မှန်သမျှအကုန်လုံး ဒုက္ခသစ္စာပဲ, ဒုက္ခချည်းပဲ, သုခမရှိ, ဥပေက္ခာ မရှိဘူး။ လောကီတရားတွေ ဟူသမျှ ဆင်းရဲချည်းပဲတဲ့။ အဲဒါ အရိယာတို့ဉာဏ်နဲ့ သိအပ်တဲ့ သစ္စာတရား, ‘အရိယသစ္စာ’လို့ ခေါ်တယ်။
အခု ဟောမယ့် သစ္စာလေးပါးတရားက အရိယသစ္စာတွေ ဖြစ်တယ်, လောကသမ္မုတိ ပညတ်အားဖြင့် မှန်ကန်တဲ့ သစ္စာ မဟုတ်ဘူး, ပရမတ္ထ သဘာဝနယ်ပယ်ကမှန်ကန်နေရုံလည်း မဟုတ်သေးဘူး, အရိယာတို့ သိအပ်တဲ့ သစ္စာတဲ့။
သစ္စာလေးပါးဆိုတာ အရိယာတို့ သိအပ်တဲ့ သစ္စာပဲ
အရိယေဟိ ပဋိဝိဒ္ဓါနိ သစ္စာနိ အရိယသစ္စာနိ။
အရိယေဟိ- အရိယာပုဂ္ဂိုလ်တို့သည်၊ ပဋိဝိဒ္ဓါနိ- ထိုးထွင်း၍ သိအပ်ကုန်သော၊သစ္စာနိ- သစ္စာတရားတို့သည်၊ အရိယသစ္စာနိ- အရိယာတို့ ထိုးထွင်း၍ သိအပ်သောသစ္စာတရားတို့။
အရိယာတွေ ဝိပဿနာဉာဏ်, မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းပြီးတော့သိရတဲ့ သစ္စာတရား, အဲဒါကို ‘အရိယသစ္စာတရား’လို့ ခေါ်တယ်တဲ့။ အဲဒီ အရိယသစ္စာတရားက လေးမျိုး ရှိတယ်-တဲ့။