သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အပိုင်း (၅) သမုဒယသစ္စာတရားတော်
၁၃၂၃-ခုနှစ်, သီတင်းကျွတ်လဆုတ် ၈-ရက်နေ့
သမုဒယသစ္စာ
ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခသမုဒယော- ဒုက္ခ၏ဖြစ်ပွားကြောင်းဖြစ်သော၊ အရိယသစ္စံ- အရိယာတို့သိအပ်သော အမှန်တရားကား၊ ကတမဉ္စ- အဘယ်ပါနည်း။
ဆင်းရဲဒုက္ခတွေ ဘယ်က လာသလဲဆိုရင် အဲဒီဆင်းရဲဒုက္ခဖြစ်ပွားရာ အကြောင်းအရင်း မူလပေါ့။ အဲဒီ ဒုက္ခတွေ ဖြစ်ပွားလာခဲ့တဲ့ အကြောင်းအရင်းဟာ အရိယာတို့အမြင်နဲ့ အမှန်အတိုင်း သိရတဲ့ အရိယာသစ္စာတရား, “သမုဒယသစ္စာ”လို့ ခေါ်တယ်။အဲဒီ သမုဒယသစ္စာဟာ ဘယ်တရားပါလဲလို့ ရှေးဦးစွာ မေးခွန်းထုတ်တယ်။ အဖြေက-
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ,
သေယျထိဒံ - ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
ယာယံ တဏှာ- အကြင်တပ်မက်ဆာလောင်မှုသည်၊ ပေါနောဗ္ဘဝိကာ- တစ်ဖန်ဘဝအသစ်ကိုလည်း ဖြစ်စေတတ်၏။ နန္ဒီရာဂသဟဂတာ- နှစ်သက်ခြင်း, တပ်မက်ခြင်းသဘောနှင့်တကွ ဖြစ်၏။ (ဝါ) နှစ်သက်ခြင်း၊ တပ်မက်ခြင်းသဘော ရှိ၏။ တတြတတြာဘိနန္ဒိနိ- ထိုထိုကြုံရာတွေ့ရာ ဘဝ, အာရုံတို့၌ နှစ်သက်လက်ခံ ပျော်မွေ့လေ့ရှိ၏။
အာရုံ ၆-ပါးနဲ့စပ်ပြီး ဆာလောင်နေတာကို တဏှာလို့ ခေါ်တယ်
အဲဒီ သမုဒယသစ္စာ- ဒုက္ခဖြစ်ပွားကြောင်းဟာ တဏှာပါပဲတဲ့။ တဏှာဆိုတာဆာလောင်တပ်မက်တဲ့သဘောပဲတဲ့, ထမင်းများ ဆာနေတာလို, ရေများ ဆာနေတာလိုအာရုံ ဆာနေတဲ့သဘောပေါ့လေ၊ တဏှာအာရုံတွေ ဆာလောင်နေတယ်။ တဏှာဆိုတဲ့သဘောက အာရုံခြောက်ပါးနဲ့စပ်ပြီး ဆာလောင်နေတယ်တဲ့။ ဟိုဟာ လိုချင်, ဒီဟာလိုချင်, ရပြန်ပြီဆိုရင်ရော ပြီးသလားဆိုတော့ မပြီးသေးဘူး။ ဒီဟာ ပြီးတော့ ဟိုဟာ
ရောက်သွားပြန်ပြီ, ဒီတစ်ခုပြီးတော့ ဟိုတစ်ခု ရောက်သွားပြန်ပြီ, သူက နှုတ်ခမ်းကိုမသတ်နိုင်ဘူး, မီးများနဲ့လည်း တူပါတယ်။
မီးဟာ လောင်စာ ထည့်တိုင်း ထည့်တိုင်း လောင်နေတာပဲ။ လောင်စာထည့်ပေးလေလေ လောင်လေလေပဲ, ငြိမ်းတယ်လို့မရှိဘူး, လောင်စာ မရှိမှသာ သူ ငြိမ်းတယ်။အဲဒါလိုပဲ တဏှာက ဘယ်တော့မှ အားရတယ်လို့ မရှိဘူး, ဆာလောင်နေတာပဲတဲ့,အဲဒါကြောင့် သူ့ကို “တဏှာ”လို့ ခေါ်တယ်။ အားမရ မရောင့်ရဲနိုင်ဘဲ ဆာလောင်နေတဲ့သဘော, တပ်မက်တယ်, သာယာတယ်, နှစ်သက်တယ်, တောင့်တတယ်, လိုချင်တယ်,ဆိုတာအားလုံး အတူတူပဲ။
တဏှာက လာတိုင်းသော အာရုံတွေကို အလွတ်မပေးဘူး
အဲဒီတဏှာဟာ နန္ဒီရာဂသဘောပဲတဲ့။ ကောင်းတဲ့အာရုံတွေဆို သူက သဘောကျတယ်, အလွတ်မထားဘူး။ တပ်မက်တဲ့သဘော, တပ်စွဲတဲ့သဘော, ဆိုးတဲ့ဆေးများဟာ ထိတဲ့အရာဝတ္ထုကို စွဲသွားသလိုပဲတဲ့။ ဒီတဏှာရာဂဆိုတဲ့ သဘောက ကျရာအာရုံမှာ သူက တစ်ခါတည်း စွဲသွားတယ်, အာရုံဆီကို စိမ့်ဝင်သွားသလို အာရုံနဲ့ပူးကပ်ပြီး သွားတယ်, တပ်စွဲခြင်းသဘော ရှိတယ်တဲ့။ တတြတတြာဘိနန္ဒိနီ- ထိုထိုအာရုံတွေမှာလည်းပဲ နှစ်သက်ပျော်မွေ့ လက်ခံတာပဲတဲ့။ လာတိုင်းသော အာရုံတွေကိုကောင်းလို့ရှိရင် အလွတ်မပေးဘူးတဲ့, တော်ပါပြီလို့ မရှိဘူး, မငြင်းဘူး, အကုန်လုံးလက်ခံတယ်။ မြင်စရာအဆင်းတွေ လာခဲ့ လက်ခံတယ်, ကြားစရာ အသံတွေ, နံစရာအနံ့တွေ, စားစရာ အရသာတွေ, တွေ့ထိစရာ အတွေ့အထိတွေ, ဝမ်းမြောက်ဝမ်းသာပျော်စရာတွေ, စိတ်ကူးအာရုံတွေ လာတိုင်းလာတိုင်း သူကတော့ လက်ခံသဘောကျနေတာပဲ, မပယ်ဘူး။
သတ္တဝါတွေဟာ ဖြစ်ရာဘဝမှာ သဘောကျနေကြတာပဲ
ဘယ်ဘဝ ရောက်ရောက် ဖြစ်ရာဘဝ ရောက်ရာဘဝ ကိုယ့်ဘဝလေးနဲ့ကိုယ်တော့ပျော်ကြတာပဲ။ လူအဖြစ်ကနေ ကြည့်မယ်ဆိုရင် ပိုးမွှားလေးတွေ, ခွေး, ကြက်, ငှက်မှစပြီးတော့ အောက်တန်းကျတဲ့ အဲဒီဘဝမျိုးတွေမှာ ဖြစ်ရမယ်ဆိုရင် ကြောက်စရာတော်တော်ကောင်းတယ်။ ဒါပေမယ်လို့ အဲဒီအကောင်မျိုး ဖြစ်နေတဲ့အခါကျလည်းသူ့ဘဝလေးနဲ့သူ ကြိုက်နေတယ်, သဘောကျနေတယ်, ပျော်နေတယ်။ ဒီတဏှာကတော့ ရရာရရာအာရုံ ရောက်ရာရောက်ရာဘဝမှာ နှစ်သက်ပျော်မွေ့တတ်ပါတယ်တဲ့။
ဘဝသစ်ကို ဖြစ်စေပြီး ဆင်းရဲတွေ ဖြစ်စေတာ တဏှာကြောင့်ပဲ
ဒါကြောင့်မို့ ပေါနောဗ္ဘဝိကာ- တစ်ဖန် ဘဝသစ်ကိုလည်း ဖြစ်စေတတ်ပါတယ်-တဲ့။ ဒီတဏှာ မကင်းသေးရင် ဘဝသစ် ဖြစ်တာပဲ, တစ်ဘဝက သေသွားရင်း တစ်ဘဝဖြစ်ရင်းဆိုတာ ဒီတဏှာက ဖန်တီးနေတာ။ ကြိုးကလေးများ တစ်စဆုံးတာနဲ့ နောက်တစ်စ ကော်နဲ့ လှမ်းပြီး ကပ်လိုက်သလိုပဲ ဒီဘဝက ဆုံးလိုက်တာနဲ့ ဟိုဘဝတစ်ခါတည်း ဆက်သွားတယ်, ဒီတဏှာက ကော်လိုပဲ။
သေခါနီးမှာ အာရုံလေးတစ်ခု စွဲပြီးတော့ သေသွားတယ်။ ဒီ သာယာတပ်မက်မှုတဏှာရှိနေတဲ့ ပုဂ္ဂိုလ်က စွဲပြီးတော့သေသွားရင် စွဲရာမှာ ဘဝသစ် ဖြစ်သွားတာကိုး,ဒါကြောင့်မို့ ဒီ သာယာတပ်မက်မှု တဏှာကို “သမုဒယသစ္စာ”လို့ ခေါ်တာ။ အဲဒီဖြစ်ရာဘဝမှာ အိုရ, နာရ, သေရ အစရှိသည့် ဆင်းရဲတွေ အကုန်လုံး သွားတော့တာပဲ။အဲဒါကြောင့် ဒုက္ခဖြစ်ပွားကြောင်းဟာ တဏှာပဲတဲ့။
ဖြစ်ပျက်တာကို မသိလို့ အကောင်းထင်ပြီး တပ်မက်မှုတဏှာ ဖြစ်ရတာ
ဖြစ်ပျက်သမျှ, သင်္ခါရ, ဒုက္ခသစ္စာတည်း။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေက ဖြစ်ပျက်တာတွေ တွေ့ထားတယ်။ မျက်စိကမြင်ပြီးတော့ ဖြစ်ပျက်သွားတယ်, နားက ကြားပြီး ဖြစ်ပျက်သွားတယ်, နှာခေါင်းကအနံ့နံပြီး ဖြစ်ပျက်သွားတယ်, လျှာက အရသာသိပြီး ဖြစ်ပျက်သွားတယ်, ကိုယ်က တွေ့ထိပြီး ဖြစ်ပျက်သွားတယ်, စိတ်ကူးစဥ်းစားကြံစည်ပြီး ဖြစ်ပျက်သွားတယ်, ဒွါရ ၆-ပါးကပေါ်တိုင်း ပေါ်တိုင်းတွေကို ရှုမှတ်ရ, မှတ်တိုင်းမှတ်တိုင်းတွေဟာ ဖြစ်ပျက်နေတာတွေချည်း တွေ့ရတာကိုး, အဲဒါ ဒုက္ခသစ္စာတွေပဲ။ ရှုတိုင်း ရှုတိုင်း အာရုံရော, ရှုတဲ့စိတ်ရော,ခဏမစဲ ဖြစ်ပျက်နေတဲ့ တရားတွေပဲ, အဲဒါတွေ အကုန်လုံး ဒုက္ခသစ္စာချည်းပဲ။
ဘာမှ ကောင်းတဲ့တရားတွေ မဟုတ်ဘူး, အားမကိုးရဘူး, ကြောက်စရာပဲတဲ့။အဲဒီ ဖြစ်ပျက်နေတာတွေကို မသိလို့ ဒုက္ခတွေကို အကောင်းတွေလို့ ထင်ပြီး အားကိုးနေလို့ရှိရင် အင်မတန် ကြောက်စရာကောင်းတယ်တဲ့။ မခိုင်ခံ့တဲ့အိမ်ကို ခိုင်ခံ့တဲ့အိမ်မှတ်ပြီးတော့ အဲဒီအိမ်ထဲ သွားပြီးနေလို့ရှိရင် အိမ်ပျက်ပြီးတော့ သေနိုင်တာလိုပဲ,ဖြစ်ပျက်နေတဲ့တရားတွေ မကောင်းပါဘဲနဲ့ ကောင်းတယ်လို့ ထင်ပြီးနေရင် အင်မတန်ကြောက်စရာ ကောင်းတယ်။
ခဏမစဲ ဖြစ်ပျက်နေတဲ့ တရားတွေကို မသိတော့ ကိုယ်ကြီးတစ်ခုလုံး မြဲတည်သလိုလို ထင်ရတယ်, စိတ်တွေကလည်း မြဲတည်နေသလိုလို ထင်ရတယ်, ဟိုဘဝဒီဘဝ ကိုယ်တစ်ယောက်တည်း အမြဲတမ်း တည်နေသလိုလို ထင်ရတယ်။ အဲဒီလိုခိုင်မြဲတဲ့ အနေအားဖြင့် ထင်မြင်စွဲလမ်းတယ်။ ကိုင်း ဆိုရမယ်။
သင်္ခါရတွင်, အကောင်းထင်, ခင်မင်သမုတည်းတဲ့။
ဒါ သမုဒယသစ္စာ အတိုချုပ်ပဲ။ ဖြစ်ပျက်တဲ့ သင်္ခါရတွေကို ကောင်းတယ်လို့ ထင်နေတယ်။ ဖြစ်ပျက်တဲ့ သင်္ခါရမှန်း သိရင်တော့ ကောင်းတယ်လို့ ဘယ်ထင်လိမ့်မှာတုံး။အခုသတ္တဝါတွေဟာ အဲဒီလိုမှ မသိဘဲ, သတ္တဝါတွေ မပြောနဲ့ လူတွေတောင်မှ မသိဘူး,တရားတွေကို လေ့လာနေတဲ့ ပုဂ္ဂိုလ်တွေတောင်မှ ဝိပဿနာဉာဏ်နဲ့ ကောင်းကောင်းမပြည့်စုံသေးလို့ရှိရင် ဒီ ဖြစ်ပျက်နေတဲ့ သင်္ခါရတွေကိုပဲ အကောင်းထင်နေတယ်။
ဘယ်လိုထင်တုံး, မြင်ရတာကလည်း ကောင်းတယ်လို့ ထင်တာပဲ။ ကောင်းတယ်ထင်တော့ ကောင်းအောင်လို့ပဲ စီမံဖန်တီးပြီး ပွဲလမ်းသဘင်တွေ အကတွေ အခုန်တွေနဲ့ကျင်းပကြတယ်။ ဒါတွေဟာ ကောင်းတယ် ထင်လို့ လုပ်ကြတာပဲ။ စီမံတဲ့ပုဂ္ဂိုလ်ကလည်း ကြည့်ကောင်းအောင်လို့ တမင်တကာကို ပြင်ဆင်ထားတယ်။ ကြည့်တဲ့ပုဂ္ဂိုလ်တွေကလည်း ဒါတွေကို ကြည့်နေရတာ ကောင်းတယ်လို့ ထင်တာကိုး။
ဒါကြောင့် မြင်ရတဲ့အာရုံတွေလည်း ကောင်းတယ်, မျက်စိထဲက မြင်သိသွားတာလေးကလည်း ကောင်းတယ်, ကြားရတဲ့အာရုံကလည်း ကောင်းတယ်, ကြားရတာလည်းကောင်းတယ်လို့ ထင်တယ်။ အနံ့ နံရတာတွေ, တွေ့ထိရတာတွေ, စားရတာတွေ,အကောင်းတွေပဲ ထင်နေတာပဲ။ အဲဒါတွေဟာ အရင်းစစ်လိုက်ရင် သင်္ခါရတွေချည်းပဲ,ခဏမစဲ ဖြစ်ပျက်နေတဲ့ သင်္ခါရတွေတဲ့။ အဲဒီ ဖြစ်ပျက်နေတဲ့ သင်္ခါရတွေကိုပဲ ကောင်းတယ်လို့ ထင်ပြီးတော့ ခင်မင်နှစ်သက် သာယာတာ, သဘောကျနေတာတွေဟာသမုဒယသစ္စာ တဏှာပဲတဲ့။
တဏှာက သေခါနီး အာရုံတစ်ခုခုကို စွဲလို့ ဘဝအသစ်ဖြစ်တာ
ဒီ သမုဒယသစ္စာတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်သတုံးဆိုရင် အာရုံတစ်ခုခုအကြောင်းပြုပြီးတော့ အကောင်းထင်နေလို့ရှိရင် စွဲလမ်းသွားတတ်တယ်, သေခါနီးအာရုံတစ်ခုခုကို စွဲပြီးတော့ ဘဝအသစ် ဖြစ်တာဟာလည်းပဲ သမုဒယသစ္စာပဲ။
“လောက်လန်းသဖွယ်, ဝိညာဥ်တွယ်တယ်” ဆိုပြီးတော့ ရှေးက ပညာရှိဆရာတော်တွေက စာစီထားတယ်။ အဲဒါ တဏှာတွယ်ပုံကို ပြောတာ။ ပိုးလောက်လန်းလေးတွေ သွားလို့ရှိရင် ရှေ့က တွယ်ပြီးတော့မှ နောက်ကနေ လွှတ်တာကိုး။ ရှေ့က တွယ်နောက်က လွှတ်, ရှေ့က တွယ် နောက်က လွှတ်, ဒီလိုသွားတာ။ အဲဒါလိုပဲ အခုဘဝဖြစ်တဲ့ တဏှာလေးက တွယ်တာစရာအာရုံလေး တွယ်ပြီးတော့မှ စုတိစိတ်က ချုပ်သွားတာကိုး, ဟိုအကောင်လေးတော့ မရှိပါဘူး။ ဒါပေမယ်လို့ သေခါနီးမှာ စွဲလမ်းစရာအာရုံလေး စွဲလမ်းပြီးတော့မှ စုတိစိတ်က ချုပ်သွားတယ်။ ချုပ်သွားတော့ အဲဒီစွဲလမ်းတဲ့အာရုံလေးကို ပဋိသန္ဓေစိတ်က အာရုံပြုပြီး ဘဝအသစ် ဖြစ်သွားတာကိုး။
ဘုရားလောင်းသော်မှ တဏှာဖြင့် စွဲလမ်းလို့ နဂါးဖြစ်ရခြင်း
ဘုရားအလောင်းတော်ကြီးတောင်မှ တစ်ခုသောဘဝမှာ စမ္ပေယျနဂါးမင်းကြီးရဲ့နဂါးစည်းစိမ်တွေ မြင်ရလို့ သဘောကျတယ်။ မင်းက နဂါးကို ပူဇော်တော့ အခြွေအရံပရိသတ်တွေနဲ့ နဂါးမင်းကြီးရဲ့စည်းစိမ်တွေကို မြင်ရလို့ “ဒီနဂါးမင်းကြီးမျိုး ဖြစ်ရရင်တော့ သိပ်နေရာကျမှာပဲ”လို့သဘောကျတော့ အဲဒီဘဝက သေတဲ့အခါမှာ နဂါးမင်းကြီးသွားဖြစ်တယ်။ သူ့ကိုယ်သူ ပြန်ပြီး စဥ်းစားလိုက်တော့ “ငါ အရင်က ကောင်းတယ်လို့မှတ်ခဲ့တာ အပြီးသတ်တော့ ငါ မြွေကြီး ဖြစ်နေပါကော။ ဟန်မကျပါပဲလား” ဆိုပြီးစိတ်ပျက်တာကိုး, ဒီ့ပြင်ပုဂ္ဂိုလ်ဆိုရင် သဘောကျမှာပဲ။ ဘုရားလောင်းဆိုတော့ သဘောမကျဘူး, ဒါပေမယ့်လည်းပဲ အဲဒီ နဂါးအခြွေအရံ ပရိသတ်တွေက ဖြေဖျော်လိုက်တော့စိတ်ပျက်တာတွေ ပျောက်ပြီး သွားသေးတယ်လို့ ဆိုတယ်။ နောက် သံဝေဂရတာနဲ့ဥပုသ်တွေ စောင့်ပြုပြီးတော့ အဲဒီ ဘဝက လွတ်အောင်လို့ အားထုတ်ရတယ်။ ဒါဟာနဂါးမင်းဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ တောင့်တမှုကလေးကြောင့် နဂါးဘဝ ဖြစ်ရတာ။
စွဲလမ်းလို့ သန်းဖြစ်ရတဲ့ ရဟန်း
မြတ်စွာဘုရား လက်ထက်တုန်းက ရဟန်းတစ်ပါး ရှိတယ်, အဲဒီရဟန်းကိုသူ့နှမက သင်္ကန်းလျာအဝတ် တော်တော်ကောင်းကောင်း လှူဒါန်းထားတယ်။ ဒါလေးသဘောကျပြီးတော့ စွဲလမ်းနေရင်း သေသွားလို့ သင်္ကန်းမှာ သန်းကြီး ဖြစ်နေလို့တဲ့,အင်မတန် ကြောက်စရာကောင်းတယ်။ ရဟန်း ပျံတော်မူသွားလို့ရှိရင် ဒီရဟန်းရဲ့ပစ္စည်းတွေက သံဃိကဖြစ်တော့ သံဃာတွေကို ဝေရတယ်, ဝေမယ်လို့ လုပ်တဲ့အခါကျတော့သန်းကြီးက “ငါ့ပစ္စည်း မယူကြနဲ့, မကိုင်ကြနဲ့” စသည်ဖြင့် အော်နေတယ်ဆိုတာကိုး,ရဟန်းတွေကတော့ မသိပါဘူး, မြတ်စွာဘုရားက ဒိဗ္ဗသောတအဘိညာဥ်နဲ့ ကြားတယ်။
“အစတုန်းကလည်း သင်္ကန်းကို စွဲလမ်းမိလို့ ဒီစွဲလမ်းသာယာတဲ့စိတ်နဲ့ သူ သန်းဖြစ်လာခဲ့ပြီ။ ဒီ စွဲလမ်းတာသာ မရှိရင် သီလတွေ စင်ကြယ်နေတာကြောင့် စုတိသည်၏ အခြားမဲ့မှာ ကောင်းရာသုဂတိ ဖြစ်ဖို့ပဲဆိုတာကို မြင်တော်မူတာနဲ့ မြတ်စွာဘုရားက “ဒီသင်္ကန်းကို ၇-ရက်အတွင်း မဝေကြနဲ့, ဆိုင်းထားကြဦး”လို့ ခိုင်းတယ်။ဆိုင်းထားလိုက်တော့ ၇-ရက်ကြာတဲ့အခါမှာ သန်းကြီးက သေသွားတော့ ရဟန်းဘဝကနေပြီး စောင့်ထိန်းထားတဲ့ သီလတွေ၏ အစွမ်းကြောင့် တာဝတိံသာနတ်ပြည် ရောက်သွားတယ်။
အဲဒါ ဘာတုန်းဆိုတော့ တဏှာ စွဲလမ်းမှုလေးပဲ, သင်္ခါရကို အကောင်းထင်လို့ရှိရင်တော့ ကိုယ့်ကိုယ်ထဲက တရားတွေ အကြောင်းပြုပြီးတော့လည်း ခင်မင်တွယ်တာမှုဖြစ်တယ်, အပြင်ပက အာရုံတွေ အကြောင်းပြုပြီးတော့လည်း ခင်မင်တွယ်တာမှု ဖြစ်တယ်, အဲဒီ တွယ်တာမှုကလေးတွေဟာ သမုဒယပဲတဲ့, ဆင်းရဲတွေကို ဖြစ်စေတယ်တဲ့။
တဏှာသုံးမျိုး
သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
ဣဒံ အယံ တဏှာ- ဤတဏှာသည်၊ သေယျထာ ကတမာ- အဘယ်နည်းဟူမူကား၊ ကာမတဏှာ- ကာမဂုဏ်အာရုံတို့၌ ဆာလောင်တပ်မက်သော တဏှာလည်းကောင်း၊ ဘဝတဏှာ- ဘဝ၌ ဆာလောင်တပ်မက်သော တဏှာလည်းကောင်း၊ဝိဘဝတဏှာ- ဘဝကင်းပြတ်သည်၌ ဆာလောင်တပ်မက်သော တဏှာလည်းကောင်း၊ဣမာ တိဿော- ဤသုံးပါးတို့ပင်တည်း။ ဆာလောင်တပ်မက်တဲ့ တဏှာဆိုတာ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ, ၃-မျိုး ရှိတယ်တဲ့။
ကာမဂုဏ်အာရုံတွေကို နှစ်သက်သာယာတဲ့ ကာမတဏှာ
“ကာမတဏှာ”ဆိုတာ ကာမဂုဏ်အာရုံတွေ နှစ်သက်သာယာတဲ့ အနေအားဖြင့်ဖြစ်တာပဲ, ကာမဂုဏ်အာရုံတွေဆိုတာ ၅-ပါး ရှိတယ်။
ရူပါရုံ- မျက်စိဖြင့် မြင်ပြီးတော့ သာယာနှစ်သက်ဖွယ်ဖြစ်တဲ့ အာရုံတွေ၊ သဒ္ဒါရုံ-နားဖြင့် ကြားပြီးတော့ သာယာနှစ်သက်ဖွယ်ဖြစ်တဲ့ အာရုံတွေ၊ ဂန္ဓာရုံ- နှာခေါင်းဖြင့်နံပြီးတော့ သာယာနှစ်သက်ဖွယ်ဖြစ်တဲ့ အာရုံတွေ၊ ရသာရုံ- လျှာဖြင့် စားပြီးတော့
သာယာနှစ်သက်ဖွယ်ဖြစ်တဲ့ အာရုံတွေ၊ ဖောဋ္ဌဗ္ဗာရုံ- ကိုယ်ဖြင့် ထိတွေ့ပြီးတော့သာယာနှစ်သက်ဖွယ်ဖြစ်တဲ့ အာရုံတွေ၊ အဲဒီလို အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့စပ်ပြီးတော့ သာယာနှစ်သက်တဲ့ ဥစ္စာတွေကို “ကာမတဏှာ”လို့ ခေါ်တယ်တဲ့။
ဒီကာမတဏှာ ရှိနေတဲ့အတွက် သတ္တဝါတွေ တော်တော် ဒုက္ခရောက်ပါတယ်,ဒီကာမတဏှာကို နုတ်ပစ်လိုက်လို့ရှိရင် အင်မတန် သက်သာရာရမယ်။ ကာမတဏှာရှိနေတော့ မရသေးတဲ့ ကာမအာရုံတွေ ရချင်တယ်, မလိုချင်ပါဘူးလို့ မစွန့်လွှတ်နိုင်ဘူး,လိုချင်တောင့်တမှုတွေ ရှိနေတာပဲတဲ့။ ဥပမာအားဖြင့် ဆေးလိပ်ကြိုက်တတ်တဲ့ပုဂ္ဂိုလ်ဟာ ဆေးလိပ်ကို သာယာနေသလိုပဲ, သောက်ချင်နေတာပဲ, အခုသောက်ပြီးတော့ခဏနေ တော်တော်ကြာတော့ သောက်ချင်သေးတာပဲ, မသောက်ပါဘူး ဆိုတဲ့စိတ် မရှိဘူး, ဆေးလိပ် ဖြတ်ရမယ်ဆိုရင် တော်တော် ဝန်လေးတယ်, ခက်တယ်, အဲဒါလိုပဲကာမအာရုံတွေ ကြိုက်ပြီးတော့ နေတဲ့ ကာမတဏှာ အင်မတန် ဒုက္ခပေးတယ်။ အဲဒါကာမတဏှာပဲ, ထင်ရှားနေပါပြီ။
ကာမတဏှာ, ကောင်းနိုးရာ, သာယာနှစ်သက်မှု။
ယောကျာ်း, မိန်းမ သန္တာန်မှာရှိတဲ့ အာရုံဝတ္ထုတွေ, ယောကျာ်း, မိန်းမ၏အဖြစ်နဲ့သုံးဆောင်လို့ဖြစ်တဲ့ အရာဝတ္ထုတွေ ကောင်းတယ်လို့ သာယာနှစ်သက်နေတာ, ဒါကာမတဏှာပဲတဲ့။ မြင်ရတဲ့အာရုံဖြစ်ဖြစ်, ကြားရတဲ့အာရုံဖြစ်ဖြစ်, နံရတဲ့အာရုံဖြစ်ဖြစ်,စားရတဲ့အာရုံဖြစ်ဖြစ်, တွေ့ထိရတဲ့အာရုံဖြစ်ဖြစ် ကောင်းတယ်ထင်ရတဲ့ အာရုံတွေကိုသာယာနှစ်သက်သဘောကျတာတွေဟာ ကာမတဏှာပဲတဲ့။ ကာမဂုဏ်ငါးပါးဆိုတာအဲဒါတွေပဲ။
ဘဝတဏှာ
ဘဝတဏှာကို အဋ္ဌကထာမှာ ၄-မျိုး ဖွင့်ပြထားပါတယ်။
ဘဝေ တဏှာ ဘဝတဏှာ။ ဘဝကို တောင့်တပြီးတော့ ဖြစ်တဲ့တဏှာတဲ့။ မိမိလက်ရှိဖြစ်ပြီးတဲ့ဘဝကို သာယာနှစ်သက် သဘောကျပြီးတော့ နေတာ, နောင်ဖြစ်ရမယ့်ဘဝတွေကို သာယာနှစ်သက် သဘောကျတယ်, ယောကျာ်းဖြစ်နေတဲ့ပုဂ္ဂိုလ် ယောကျာ်းဘဝ, မိန်းမဖြစ်နေတဲ့ပုဂ္ဂိုလ် မိန်းမဘဝ, နောင်ဖြစ်ရမယ့်ဘဝ လူ့ဘဝ နတ်ဘဝတွေအလိုရှိနေတာ, ဘဝအလိုအားဖြင့် တောင့်တတဲ့ တဏှာက တစ်မျိုး။
ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ စေတံ အဓိဝစနံ။သဿတဒိဋ္ဌိနဲ့တကွ ဖြစ်တယ်တဲ့, မပျက်မစီးဘဲနဲ့ မြဲတည်နေတာပဲလို့ ထင်တယ်, မိမိကိုယ်လည်း မပျက်မစီးဘဲနဲ့ မြဲတည်နေတယ်, တွေ့ကြုံနေရတဲ့ အာရုံတွေလည်း မပျက်မစီးဘဲနဲ့ မြဲတည်နေတယ်လို့ ထင်ပြီးတော့ အဲဒီဟာကို သာယာတာကိုး, ကိုယ့်ကိုယ်ကိုလည်း သာယာနှစ်သက်တယ်, တွေ့ကြုံရတဲ့အာရုံတွေလည်း သာယာနှစ်သက်တယ် ဆိုရင် ဒါ သဿတဒိဋ္ဌိနဲ့တကွ ဖြစ်တာ-တဲ့။
ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ ရူပါရူပဘဝရာဂဿ စေတံ အဓိဝစနံ။ ရူပဗြဟ္မာ,အရူပဗြဟ္မာ ဘဝတွေ ဖြစ်ချင်နေတာ, သာယာနှစ်သက်နေတာ, ရူပဘဝ အရူပဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တွေရော မရောက်သေးတဲ့ပုဂ္ဂိုလ်ပါ ရောက်ချင်ပြီးတော့ နေတာ,သာယာနှစ်သက်နေတာ, ဘဝတဏှာပဲတဲ့။
ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ ဈာနနိကန္တိယာ စေတံ အဓိဝစနံ။ ဈာနနိကန္တိ-ရူပဈာန် အရူပဈာန် နှစ်သက်နေတာ, မိမိရထားတဲ့ အဲဒီဈာန်တွေ နှစ်သက်သာယာနေတယ်တဲ့။ မရသေးလို့ရှိရင်လည်း ရချင်ပြီးတော့နေတာ ဘဝတဏှာပဲတဲ့။ အဲဒီ ၄-ခုထဲမှာ ဘုန်းကြီးက ဆောင်ပုဒ်တစ်ခုပဲ ပေးထားတယ်။
ဘဝတဏှာ, တည်မြဲသာ, ထင်ကာ နှစ်သက်မှု။
ဘဝတဏှာနဲ့ သဿတဒိဋ္ဌိ
“ဘဝတဏှာ”ဆိုတာ တည်မြဲနေတာပဲလို့ ထင်ပြီး နှစ်သက်တာကို ခေါ်တယ်။အရင်ကလည်း ရှိ, ခုလည်း ရှိ, နောင်လည်း ရှိ, အမြဲတမ်း ရှိနေတယ်, မပျက်နိုင်ဘူးလို့မြဲတဲ့အနေအားဖြင့် ထင်နေတာကို “သဿတဒိဋ္ဌိ”လို့ ခေါ်တယ်။
မြင်တာတစ်ခုနဲ့ စပ်ပြီးတော့ မြင်တဲ့စိတ်ကလေးဟာ ငါပဲ, အရင်ကလည်း ရှိ,အခုလည်း ရှိ, နောင်လည်း ရှိမှာပဲ, အသက်ကောင်လေးအနေအားဖြင့် အမြဲတမ်းတည်နေတယ်လို့ ထင်တာကိုး။ သေတဲ့အခါကာလမှာ ဒီရုပ်အလောင်းကြီးသာ ပျက်သွားတာ, အနုစားဖြစ်တဲ့ အသက်ကောင်, သတ္တဝါကောင်, အတ္တကောင်ကတော့ ဟိုဘဝ ပြောင်းသွားတယ်, ငါကောင် သတ္တဝါကောင်လေးဟာ တကယ်ရှိတယ် ထင်ပြီးတော့ ထင်မြင်စွဲလမ်းတာကို “သဿတဒိဋ္ဌိ”လို့ ခေါ်တယ်။
သဿတဒိဋ္ဌိ အားကြီးရင် တရား မမြင်နိုင်ဘူး
သဿတဒိဋ္ဌိ အားကြီးလို့ရှိရင် တရားအားထုတ်လို့လည်း မဖြစ်ဘူး။ ဘာကြောင့်တုံးဆိုတော့ သူက ဖြစ်တယ် ပျက်တယ်လို့မှ မထင်ဘဲနဲ့, အကောင်လိုက် တည်နေတာလို့ ယုံကြည်တာကိုး။ ဒီအကောင်က ဖျက်ပစ်လို့ကို မရဘူး, အမြဲတမ်း ရှိနေတာလို့စွဲလမ်းတာ နည်းနည်းပါးပါးတော့ ရှိတတ်ကြတယ်, အဲဒီစွဲလမ်းမှု အားကြီးလွန်းရင်တော့ တရားအားထုတ်လို့ မဂ်ဖိုလ်တရား မရနိုင်ဘူး, မဂ္ဂန္တရာယ် ဖြစ်တယ်။ နည်းနည်းပါးပါး ရှိတာကတော့ အားထုတ်ရင်းနဲ့ ပျောက်သွားပါတယ်, သိပ်များနေရင်တော့မပျောက်ဘူး။
အခု ဝိပဿနာရှုတဲ့အခါကျတော့ ပေါ်တိုင်းပေါ်တိုင်းသော တရားတွေ ပျောက်သွားတာကို တွေ့တာကိုး။ မြင်တိုင်းကြားတိုင်းတွေ ရှုတော့ ခဏမစဲ ဖြစ်ပျက်နေတာပဲရှိတယ်, မြဲတည်နေတာ ဘာမှ မရှိဘူး, အကောင်အထည် ရှာလို့ မရဘူး, အဲဒီလိုသိတယ်။ အဲဒီလို ကိုယ်တိုင် ကောင်းကောင်း မသိတောင်မှ နားလည် ယုံကြည်ထားလို့ရှိရင် သဿတဒိဋ္ဌိ အကြီးအကျယ် မဖြစ်ပါဘူး, အဲဒီလောက်ဆိုရင် တရားအားထုတ်လို့ဖြစ်ပါတယ်။ သဿတဒိဋ္ဌိ အကြီးအကျယ် စွဲလမ်းနေရင်တော့ ဒါ မဂ္ဂန္တရာယ်ဖြစ်တယ်,တရားအားထုတ်လို့ မဖြစ်ဘူး။ အမြဲတမ်း တည်နေတယ်, မပျက်မစီးဘူး, တစ်သံသရာလုံး ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ ငါကောင် သတ္တဝါကောင် အသက်ကောင်တကယ်ရှိနေတာပဲလို့ ကိုယ့်ကိုယ်ကိုလည်း ထင်တယ်, သူများကိုယ်လည်း ဒီလိုထင်တယ်, အဲဒီလို ထင်မြင်စွဲလမ်းပြီးတော့ မြင်ရ ကြားရတဲ့ အာရုံတွေနဲ့စပ်ပြီး သာယာနှစ်သက် သဘောကျတယ်, အခု လက်ရှိ ရနေတာကို သဘောကျတယ်, နောင်လည်းပဲရချင်တာပဲ, နောင်ဘဝတွေ ဟိုဘဝ ဒီဘဝတွေ လျှောက်ပြီး ဖြစ်ချင်တယ်ဆိုရင်အဲဒီဥစ္စာ ဘဝတဏှာပဲ။
ဝိဘဝတဏှာနဲ့ ဥစ္ဆေဒဒိဋ္ဌိ
ဝိဘဝေ တဏှာ ဝိဘဝတဏှာ, ဥစ္ဆေဒဒိဋ္ဌိသဟဂတရာဂဿေတံ အဓိ
ဝစနံ။
“ဝိဘဝတဏှာ”ဆိုတာကတော့ ဥစ္ဆေဒဒိဋ္ဌိနဲ့တကွ ဖြစ်တယ်တဲ့။ ဥစ္ဆေဒ-ဆိုတာပြတ်တယ်, ဒီဘဝက သေရင် နောက်ဘဝ မရှိဘူး, သေပြီးတာနဲ့ ဘာမှ မရှိတော့ဘူး,
ပျောက်သွားတယ်လို့ ယူတာ “ဥစ္ဆေဒဒိဋ္ဌိ”ခေါ်တယ်။ အဲဒီလို အယူရှိပြီးတော့ သာယာနှစ်သက်နေတာတွေကို “ဝိဘဝတဏှာ”လို့ ခေါ်တယ်။
ဝိဘဝမှာ, ပြတ်စဲသာ, ထင်ကာ နှစ်သက်မှု။
အခု ခေတ်ကာလမှာ ထင်ရှားပေါ်ပြီးတော့နေတဲ့ ရုပ်ဝါဒတွေဆိုတာ သေပြီးရင်ဘာမှ မရှိဘူး, နောက်ဘဝ ဘာမှ မဖြစ်ဘူး, လူသေပြီးရင် ဘာမှ မဖြစ်နိုင်တော့ဘူး,ဒီ့ပြင်သတ္တဝါတွေ သေပြီးရင်လည်း ဘာမှ မရှိတော့ဘူး, ကောင်းတာတွေကို ပြုလည်းကောင်းကျိုး မပေးနိုင်ဘူး, မကောင်းတာကို ပြုလည်း မကောင်းကျိုး မပေးနိုင်ဘူး,နောင်ဘဝရယ်လို့ မရှိနိုင်ဘူးလို့ ယူဆထားတယ်, အဲဒါကို “ဥစ္ဆေဒဒိဋ္ဌိ”လို့ ခေါ်တယ်,အဲဒီဥစ္ဆေဒဒိဋ္ဌိအယူ ရှိပြီး သာယာနှစ်သက်နေတာတွေကို “ဝိဘဝတဏှာ” ခေါ်တယ်။
ဘဝပြတ်စဲတယ်လို့ ယူဆရင် ကာမဂုဏ်အာရုံ ခံစားဖို့ ရှိတော့တာပဲ
ဥစ္ဆေဒဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်ကလည်း သာယာနှစ်သက်စွဲလမ်းတာပဲ, ရုပ်ဝါဒအယူရှိတဲ့ ပုဂ္ဂိုလ်တွေ သာယာနှစ်သက်မှု ပိုပြီး အားကြီးတာပေါ့။ သူတို့မှာ နောက်ဘဝမှ မရှိဘဲ, မသေခင်အတွင်း ခံစားရမှာကိုး, ဥစ္ဆေဒအယူရှိတဲ့ပုဂ္ဂိုလ်က နောက်ဘဝ မျှော်လင့်စရာလည်း မရှိဘူး။ ယခု ဘာပဲလုပ်လုပ် အပြစ် ဖြစ်လိမ့်မယ်လို့လည်း သူကမယူဆဘူး။ ဒီတော့ မကောင်းမှု အကုသိုလ်ရယ်လို့ သူက ရှောင်စရာ မရှိတော့ဘူး,လုပ်ချင်တာတွေ အကုန်လုပ်တာပဲ, အစိုးရ အပြစ်ဒဏ်တွေလောက်ပဲ ရှောင်စရာ ရှိတော့တယ်။ ကုသိုလ်ရယ်လို့လည်း သူ အားထုတ်စရာ ဘာမှ မလိုဘူး။ သူကတော့နှစ်သက်သာယာစရာ အကောင်းတွေဟူသမျှ လိုက်လံရှာဖွေပြီး ရနိုင်သမျှ အစွမ်းကုန်သူ သုံးဆောင်ခံစားဖို့ ရှိတာပဲ။ ကာမသုခလ္လိကာနုယောဂလမ်းဆိုတာ ဒါပဲ, ကာမဂုဏ်အာရုံ ခံစားနိုင်ရင် ကောင်းတယ်, ဘာမှ အပြစ်မရှိဘူးလို့ ယူဆထားတာကိုး, အဲဒါဝိဘဝတဏှာပဲတဲ့။
ကာမ, ဘဝ, ဝိဘဝ တဏှာသုံးခုဟာ ဆင်းရဲဖြစ်ပွားရန် အကြောင်းပဲ
ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ, အဲဒီတဏှာသုံးခုဟာဖြင့် ဆင်းရဲဖြစ်ပွားရန် အကြောင်းပဲ, သမုဒယသစ္စာဆိုတာ သူပဲတဲ့။
ဆင်းရဲပွားရန်, အကြောင်းမှန်, သုံးတန် တဏှာရှု။