ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၃၁

အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂

၁၃၂၃-ခုနှစ်, တော်သလင်းလကွယ်နေ့

တရားအနုသန္ဓေ

ဓမ္မာနုပဿနာ သတိပဋ္ဌာန် သစ္စာပိုင်း, သစ္စာလေးပါးတရား တစ်နေ့က ဟောခဲ့ပြီ။ ကနေ့ အဲဒါ ဆက်ပြီးတော့ ဟောရမယ်။

ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု

အရိယသစ္စေသု။

ဘိက္ခဝေ- ရဟန်းတို့၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သော ရဟန်းသည်၊ ဝါယောဂီပုဂ္ဂိုလ်သည်၊ စတူသု- လေးပါးကုန်သော၊ အရိယသစ္စေသု- အရိယသစ္စာဟုဆိုအပ်ကုန်သော၊ ဓမ္မေသု- သဘောတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားဟုရှုမြင်သည်ဖြစ်၍၊ ကထဉ္စ ဝိဟရတိ- အဘယ်သို့ နေသနည်းဟူမူကား -

ဣဓ ဘိက္ခဝေ ဘိက္ခု ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ

ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓော’တိ ယထာ

ဘူတံ ပဇာနာတိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနာတိ။

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- သံသရာဘေးကို ရှုမြင်သော ရဟန်းသည်၊ ဝါ- ယောဂီပုဂ္ဂိုလ်သည်၊ ဣဒံ- ဤသည်ကား၊ ဒုက္ခံ- ဆင်းရဲတည်း၊ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏၊ အယံ- ဤသည်ကား၊ ဒုက္ခသမုဒယော- ဆင်းရဲဖြစ်ကြောင်းတရားတည်း၊ ဣတိ- ဤသို့၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏၊ အယံ- ဤသည်ကား၊ ဒုက္ခနိရောဓော- ဆင်းရဲ၏ချုပ်ငြိမ်းရာဖြစ်သောတရားတည်း၊ ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ပဇာနာတိ- သိ၏၊ အယံ- ဤသည်ကား၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ- ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်သော အကျင့်လမ်းမှန်တည်း၊ ဣတိ- ဤသို့၊ ယထာဘူတံ-ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏။

စာ ၃၂

၃၁-ဘုံမှာ အတွင်းဝင်တဲ့ တရားတွေမှန်သမျှ ဒုက္ခသစ္စာချည်းပဲ

ဆင်းရဲအမှန်ဆိုတာ “တေဘူမကတရားပဲ”တဲ့၊ တိ-က သုံးခု, ဘူမိ-ကတော့ ဘုံပဲ။“တေဘူမက”ဆိုတာ ဘုံသုံးပါးမှာ အကျုံးဝင်တဲ့တရားတွေတဲ့။ ကာမဘုံ, ရူပဘုံ, အရူပဘုံ, သုံးခုပဲ ရှိတယ်။ အပါယ်လေးဘုံ, လူဘုံနဲ့ နတ်ပြည်ခြောက်ထပ်ဆိုတာ ကာမဘုံပဲ။ကာမဘုံတွေမှာ ယောကျာ်း မိန်းမ အစုံရှိတယ်။ အဲဒီ ကာမဘုံ တစ်ဆယ့်တစ်ဘုံကနေပြီး အထက်တက်သွားတော့ ရူပဗြဟ္မာဘုံ-တဲ့။ ကာမရာဂတွေရော ဗျာပါဒဒေါသတွေပါ မရှိတဲ့ ဗြဟ္မာတွေ, ယောကျာ်း မိန်းမရယ်လို့ စိတ်မျိုးတွေလည်း မရှိ, အပြင်ပန်းအနေအားဖြင့် ယောကျာ်း၏ ပုံသဏ္ဌာန်ကဲ့သို့ အကုန်လုံး ထည်ထည်ဝါဝါချည်းပဲ။ ဒီကယောကျာ်းဖြစ်ဖြစ်, မိန်းမဖြစ်ဖြစ် အားထုတ်လို့ ရူပါဝစရဈာန်တွေ ရသွားတဲ့ပုဂ္ဂိုလ်တွေအဲဒီဘုံရောက်သွားရင် တစ်ပုံတည်းပဲ, ရူပဘုံက ၁၆-ဘုံ ရှိတယ်။ အဲဒီရူပဘုံရဲ့အထက်အရူပဘုံတွေကျတော့ ရုပ်ကောင် မရှိပြန်ဘူး, စိတ်ချည်းပဲ ရှိတယ်။ အရူပဘုံက ၄-ဘုံရှိတယ်, အားလုံး ဗြဟ္မာ ၂၀-လို့ ခေါ်တာကိုး။ ကာမက ၁၁-ဘုံ, ရူပက ၁၆-ဘုံ, အရူပက ၄-ဘုံ, အားလုံးပေါင်းလို့ရှိရင် ဘုံ ၃၁-ရှိတယ်။ အဲဒါတွေကို အကျဥ်းချုံးလိုက်လို့ရှိရင် တေဘူမက- ဘုံသုံးပါးပဲ ရှိတယ်။

အဲဒီဘုံသုံးပါးမှာ အတွင်းဝင်တဲ့ တရားတွေမှန်သမျှ အကုန်လုံး ဒုက္ခသစ္စာချည်းပဲတဲ့။ တဏှာဆိုတဲ့ တပ်မက်သာယာမှုလေး နုတ်ပြီးတော့ ကျန်သမျှ ဘုံသုံးပါးအတွင်းဝင်တဲ့တရားတွေဟာ “ဒုက္ခသစ္စာ”လို့ ခေါ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှာ ကာမဘုံဖြစ်နေတဲ့အခါလည်း ရှိတယ်, နတ်ဖြစ်နေတဲ့အခါလည်း ရှိတယ်, ရူပဘုံ ၁၆-ဘုံထဲမှာ၁၁-ဘုံက ပုထုဇဥ်တွေ ရောက်နိုင်ပါတယ်, ကျန် သုဒ္ဓါဝါသ ၅-ဘုံကတော့ အနာဂါမ်ပုဂ္ဂိုလ်တွေသာ ရောက်နိုင်တယ်, အရူပဘုံလည်း ရောက်နိုင်တယ်။ ကံအားလျော်စွာအဲဒီလို လှည့်ဖြစ်နေကြရတာပဲ။

ကာမဘုံဖြစ်နေတဲ့အခါ ကာမတရားပဲ, ရူပဘုံဖြစ်နေတဲ့အခါ ရူပတရားပဲ, အရူပဘုံ ဖြစ်နေတဲ့အခါ အရူပတရားပဲ, ဘုံသုံးပါးထဲက အကျုံးဝင်တဲ့တရားတွေ ဒုက္ခသစ္စာတွေချည်းပဲတဲ့။ အဲဒါ တစ်ယောက်ထဲနော်, ဒီ့ပြင်ပုဂ္ဂိုလ်တွေ မပါသေးဘူး။ ဒီ့ပြင်ပုဂ္ဂိုလ်တွေက သူ့ဒုက္ခနဲ့သူပေါ့။

စာ ၃၃

ဘုံသုံးပါး၌ဖြစ်တဲ့ တရားတွေဟာ ဒုက္ခသစ္စာတွေပဲဆိုတာ တစ်ယောက်ချင်း ယူရမှာ, တစ်လောကလုံးက သတ္တဝါတွေရဲ့ တရားတွေကို အကုန်လုံး စုပေါင်းပြီးတော့ယူရမှာ မဟုတ်ဘူး။ ကိုယ့်သန္တာန်မှာဖြစ်တဲ့ ဒုက္ခသစ္စာတွေက ကိုယ့်ဘုံသုံးပါးမှာဖြစ်တဲ့ဒုက္ခတရားတွေပဲ။ သူ့များဘုံသုံးပါး၌ဖြစ်တဲ့တရားက သူများ ဒုက္ခတွေ, သူများဒုက္ခနဲ့ကိုယ့်ဒုက္ခနဲ့ ရောလို့လည်း မရဘူး, တခြားစီပဲ။

အဲဒါ ဘုံသုံးပါး၌ ဖြစ်တဲ့ဒုက္ခ, ရှေးကလည်း ဖြစ်ခဲ့ပြီ, ယခုလည်း ဖြစ်ဆဲ, နောင်လည်း ဖြစ်ဦးမယ်။ အဲဒီ ဘုံသုံးပါးအတွင်းဝင်တဲ့ တရားတွေက ဒုက္ခသစ္စာတရား,ဆင်းရဲတရားတွေချည်းပဲတဲ့။ အဲဒီဆင်းရဲတရားတွေကို ဘယ်လို ဝေဖန်ထားလဲဆိုတော့-

ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခံ အရိယသစ္စံ- အရိယာတို့သိအပ်သော ဆင်းရဲ အစစ်အမှန်တရားသည်၊ ကတမဉ္စ- အဘယ်နည်းဟူမူကား-

ဇာတိပိ ဒုက္ခာ- ဘဝအသစ်ဖြစ်ရခြင်းဟာ ဆင်းရဲပဲ

ဘုံးသုံးပါး၌ အတွင်းဝင်တဲ့ ဒုက္ခသစ္စာတရားဆိုတာ ဘယ်ဟာလဲဆိုတော့“ဇာတိပိ ဒုက္ခာ”၊ ဇာတိပိ- ဘဝအသစ်ဖြစ်ရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲပေတည်း။

ဘာပြုလို့ “ဇာတိဒုက္ခ”လို့ ခေါ်ရသလဲဆိုတာ တစ်နေ့က ပြောခဲ့တာ တော်တော်ကို စုံနေပါပြီ။ ဒီဇာတိ ဘဝအသစ်ဖြစ်လို့ ဒီတစ်ဘဝလုံးနဲ့ ဆိုင်တဲ့ ဆင်းရဲတွေ တွေ့ရကြုံရတာတဲ့။

ပဋိသန္ဓေစိတ်ဆိုတာ ဟိုဘဝသေခါနီးက စွဲခဲ့တဲ့အာရုံကို နှလုံးသွင်းတဲ့ စိတ်ပါပဲ။လူဖြစ်မယ့်ပုဂ္ဂိုလ်တွေက သေခါနီးမှာ ကုသိုလ်ကောင်းမှုတစ်ခုခုကို အာရုံပြုပြီး စွဲရင်းနဲ့သေလာတော့ ဒီမှာ ပဋိသန္ဓေစိတ်ကလည်း စွဲရင်းပဲ လာဖြစ်တာကိုး။ ဆက်ပြီးတော့သူလိုအလားတူစိတ်တွေ ဖြစ်တယ်, ကလာပ်အားဖြင့် သုံးခု, ရုပ်အားဖြင့် သုံးဆယ်,“ကလလရေကြည်”ခေါ်တဲ့ အင်မတန် သေးမွှားတဲ့ ရုပ်ကလေးက စပြီးတော့ ဖြစ်လာတယ်တဲ့။

ဝမ်းထဲမှာ အစာသစ်အိမ်, အစာဟောင်းအိမ်တွေ ကြားထဲမှာ ဖြစ်လာတယ်တဲ့,အင်မတန် မကောင်းတဲ့နေရာမှာ ပဋိသန္ဓေ နေလာရတယ်တဲ့။ တစ်ခဏလည်း မဟုတ်,

စာ ၃၄

လူဆိုလို့ရှိရင် ရှစ်လ, ကိုးလ, အကြာကြီး နေရတာကိုး။ အမိဖြစ်တဲ့ပုဂ္ဂိုလ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတိုင်း အတွင်းမှာ ဒုက္ခရောက်နေတာပဲ။ ပြီးတော့ မသင့်တာတွေကိုစားတိုင်းလည်းပဲ အင်မတန် ဒုက္ခရောက်တယ်လို့ ဆိုတယ်။ ဒါပေမယ်လို့ မမှတ်မိလို့တော်သေးရဲ့နော်, မှတ်မိလို့ရှိရင် နောက်တစ်ခါ ဘဝအသစ်ကို ဖြစ်ချင်မှာ မဟုတ်တော့ဘူး။

နောက်ဆုံး ဖွားမြင်တဲ့အခါ အင်မတန် ကြီးကျယ်စွာ ဒုက္ခရောက်ပါတယ်တဲ့။မွေးဖွားပြီးတဲ့ အခါမှာလည်း ကလေးရဲ့ အင်မတန် နုနယ်တဲ့ အသားအရေလေးတွေကိုအဝတ်ကြမ်းတွေနဲ့ ထိကြ, အင်မတန် နာကျင်ပါတယ်တဲ့။ ဒါတွေလည်းပဲ မမှတ်မိလို့တော်ရဲ့, သတိရနေမယ်ဆိုရင် ကြောက်စရာ အင်မတန် ကောင်းမှာပဲတဲ့။

ဒီဆင်းရဲတွေ ဘယ်က လာတုံးဆိုလို့ရှိရင် ဘဝအသစ် ဖြစ်မိလို့ပဲ။ ဘဝအသစ်မဖြစ်ရလို့ရှိရင် ဒီဆင်းရဲတွေ မတွေ့ရဘူး။

မွေးပြီး မိဘတွေကသာ မပြုစုဘူးဆိုရင် အခက်ပဲ, ဘာမှ မလုပ်နိုင်ဘူး, အဲဒီဆင်းရဲအမျိုးမျိုးလည်းပဲ ငယ်ငယ်ရွယ်ရွယ်က ခံခဲ့ရပါတယ်တဲ့။ နောက် ကြီးပြင်းလာတဲ့အခါ ကိုယ့်ဟာကို ရှာမှီးရတဲ့အခါ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ ရှေးရှေးသောဘဝတွေက ဒါနကုသိုလ် နည်းလို့ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ အင်မတန် ဒုက္ခရောက်ရှာကြပါတယ်, အင်မတန်ကို သနားစရာကောင်းပါတယ်။ ဒီထဲကနေပြီးတော့ ရောဂါဝေဒနာတွေဆိုတာလည်း ဖြစ်သေးတာပဲ။ ခေတ်ကာလ မကောင်းတဲ့အခါ နိုင်ရာနိုင်ရာတွေကညှဥ်းဆဲကြတာတွေ အင်မတန် ကြောက်စရာကောင်းတယ်။

ဒါ လူမို့ တော်သေးတာ, ဒီ့ပြင် တိရစ္ဆာန်တွေဆို ကယ်မယ့်သူတောင် မရှိဘူး,မြင်ရဲ့သားနဲ့ ဒီလိုပဲ ကြည့်နေကြတာပဲ။ ဥပမာ ဝက်သတ်သမားက ဝက်သတ်တယ်,အသတ်ခံရတဲ့ဝက်က တကျည်ကျည်နဲ့ အော်နေရှာတယ်။ အရပ်က လူတွေလည်း ဝက်သတ်တယ်လို့ အသိသားပဲ။ သနားရင်လည်း သနားရုံပဲ ရှိတယ်, ဘာမှ မတတ်နိုင်ဘူး,သူ့အကြောင်း ကံအားလျော်စွာ ဒုက္ခတွေ ခံရတယ်။ သေသည်တိုင်အောင် တစ်ဘဝလုံးဒုက္ခတွေ ရောက်သွားတာ အရင်းစစ်လိုက်တော့ ဇာတိက လာတာတဲ့, ဘဝအသစ်ဖြစ်လို့တဲ့။

စာ ၃၅

ဒါကြောင့်မို့ “ဇာတိပိ ဒုက္ခာ”, ဇာတိပိ- ဘဝသစ်ဖြစ်ရခြင်းသည်လည်း, ဒုက္ခာ-ဆင်းရဲပင်တည်းတဲ့။ လူဖြစ်ရင် လူ့ဘဝ တစ်ဘဝလုံးနဲ့ သက်ဆိုင်တဲ့ ဆင်းရဲတွေ တွေ့ရတယ်, ငရဲ တိရစ္ဆာန် ပြိတ္တာတွေ ဖြစ်ရင် ဆင်းရဲတွေ အကြီးအကျယ်ပဲ ဖြစ်တယ်,နတ်ဖြစ်ရင် နတ်ဘဝမှာ ထိုက်သည့်အားလျော်စွာ ဆင်းရဲ ရှိသေးတာပဲ, ဗြဟ္မာဖြစ်လို့ရှိရင် ဗြဟ္မာဘဝဆင်းရဲ သင်္ခါရဒုက္ခပဲ ရှိတယ်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မရှိဘူး။ ဒါပေမဲ့သက်တမ်းကုန်သွားတဲ့အခါကျတော့ လူ့ပြည်, နတ်ပြည် ရောက်လာတယ်။ အဲဒီကနေပြီး မကောင်းမှု အကုသိုလ် ပြုလို့ရှိရင် အပါယ်လေးပါးလည်း ကျနိုင်ပြန်တာပဲ, စိတ်မချရဘူး။ ဒါကြောင့် ဇာတိ- ဘဝသစ်ဖြစ်ရတာဟာ ဘယ်မှာပဲဖြစ်ဖြစ်, ဖြစ်ရာဘဝနဲ့ စပ်ပြီးဆင်းရဲဒုက္ခတွေ ရောက်ရပါတယ်တဲ့။ ဘဝသစ်ဖြစ်ရတဲ့ ဆင်းရဲကတော့ ဒီလောက်ဆိုရင်ပြည့်စုံလောက်ပါပြီ။

ဘဝသစ် မဖြစ်ရရင် ပိုကောင်းတာပဲ, သို့သော် ဖြစ်ရတာခြင်း စာရင်တော့ကောင်းတဲ့ဌာန ဖြစ်ရတာ ကောင်းတယ်။ အပါယ်လေးပါး ဖြစ်ရတာနဲ့စာရင် လူ့ဘဝဖြစ်ရတာ ကောင်းတယ်။ လူ့ဘဝ ဖြစ်ရတာနဲ့စာရင် နတ်ဘဝဖြစ်ရတာက ချမ်းသာရာကောင်းတယ်ပေါ့။ သို့သော် ကုသိုလ်ဖြစ်ပွားရေး, ပါရမီဖြစ်ပွားရေးတွေနဲ့ စာလို့ရှိရင်တော့ လူ့ဘဝ ဖြစ်ရတာက သာနိုင်တယ်။ နတ်ဘဝထက် ဗြဟ္မာဘဝဖြစ်ရတာက ပိုကောင်းတယ်, ရူပဘုံ ဖြစ်ရတာက ပိုကောင်းတယ်။ အရူပဘုံတွေက ပိုပြီး အသက်ရှည်တော့ ကောင်းတာပေါ့။ ဒါပေမယ်လို့ ပါရမီဖြစ်ရေး ကုသိုလ်ဖြစ်ရေးတွေနဲ့ စပ်ပြီးတော့ကြည့်မယ်ဆိုရင် အဲဒီအရူပဘုံတွေဆိုတာ တရားလည်း မနာနိုင်, ဘုရားလည်း မဖူးနိုင်,တော့ ပါရမီ, ကုသိုလ် ထပ်တိုးစရာတော့ မရှိဘူး။ အကယ်၍ အရိယာဖြစ်ပြီး အရူပဗြဟ္မာဘုံ ရောက်တာဆိုရင်တော့ ကိစ္စ မရှိဘူး။ သူက သူ့တရားနဲ့သူ အစဥ်အတိုင်းတိုးတက်ပြီးတော့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် စံမယ်။

ဒါပေမဲ့ ဒီဘဝတွေ ဖြစ်နေတာ ဘယ်လို ကောင်းတယ် ဆိုပေမယ်လို့ နောက်ဆုံးတစ်နေ့ကျ သေခြင်းဆိုတဲ့ ဆင်းရဲနဲ့ တွေ့ရပြန်တာပဲ။ တွေ့ပြီးတော့ ဘဝသစ်တွေ ဖြစ်ရတယ်, ဒုက္ခတွေနဲ့ လျှောက်ပြီးတော့ တွေ့သွားမယ်။ ဘဝအသစ် လုံးလုံး မဖြစ်မှဘဲဆင်းရဲငြိမ်းမယ်တဲ့။ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ- ဆင်းရဲငြိမ်းရာ အစစ်အမှန်တရားရောက်သွားမှပဲ ဆင်းရဲငြိမ်းပြီးတော့ သွားမယ်, ဘဝအသစ် မဖြစ်မှ ငြိမ်းသွားမယ်။

စာ ၃၆

ဇရာပိ ဒုက္ခာ- အိုရခြင်းဟာ ဆင်းရဲပဲ

ဇရာပိ- အိုရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲတည်း။ အိုရတယ်ဆိုတာလည်းဆင်းရဲပဲ။ အိုရတယ်ဆိုတာ ဘယ်လိုတုန်းဆိုတော့ -

ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ

ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော။ အယံ

ဝုစ္စတိ ဘိက္ခဝေ ဇရာ။

ဘိက္ခဝေ- ရဟန်းတို့၊ တမှိ တမှိ သတ္တနိကာယေ- ထိုထို သတ္တဝါအပေါင်း၌၊တေသံ တေသံ သတ္တာနံ- ထိုထို သတ္တဝါတို့၏၊ ယာ ဇရာ- အကြင်အိုမင်းခြင်းသည်၊ယာ ဇီရဏတာ- အကြင် အိုမင်းရင့်ရော်သည်၏ အဖြစ်သည်၊ ယံ ခဏ္ဍိစ္စံ- အကြင်သွားကျိုးခြင်းသည်၊ ယံ ပါလိစ္စံ- အကြင် ဆံပင်ဖြူခြင်းသည်၊ ယာ ဝလိတ္တစတာ-အကြင် အရေတွန့်သည်၏အဖြစ်သည်၊ အာယုနော- အသက်ရုပ်ဇီဝိတိန္ဒြေ၏၊ ယာသံဟာနိ- အကြင် ဆုတ်ယုတ်ခြင်းသည်၊ ဣန္ဒြိယာနံ- မျက်စိစသော ဣန္ဒြေတို့၏။ ယောပရိပါကော- အကြင် ရင့်ကျက်ခြင်းသည်၊ အတ္ထိ- ရှိ၏။ အယံ- ဤသဘောတရားကို၊ဇရာ- အိုမင်းရင့်ရော်ခြင်းဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်၏။

ဇရာနှစ်မျိုး

ပါဠိလို “ဇရာ”, မြန်မာလိုတော့ “အိုခြင်း”ပါပဲ, ဇီရဏတာ- ရင့်ကျက်ခြင်းလို့လည်း ခေါ်တယ်တဲ့။ သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ခြင်းတွေလည်းပဲ ဇရာရဲ့လက္ခဏာတွေပဲ။ ပြီးတော့ အသက်ခေါ်တဲ့ ရုပ်ဇီဝိတိန္ဒြေ အားနည်းပြီးတော့ ရင့်ကျက်သွားခြင်း, ဆုတ်ယုတ်ပြီးတော့ ရင့်ကျက်သွားခြင်း, ပြီးတော့ မျက်စိတို့ နားတို့ အားနည်းပြီးသကာလ ရင့်ကျက်သွားခြင်း, အဲဒါတွေလည်းပဲ ဇရာလက္ခဏာတွေပဲတဲ့။ ဇရာဆိုတာအစစ်အားဖြင့်ဆိုရင် သင်္ခတဇရာနဲ့ သန္တတိဇရာလို့ နှစ်မျိုး ရှိတယ်။

သင်္ခတဇရာ

သင်္ခတတရားမှာ အစ ဖြစ်ပေါ်လာတာ ရှိတယ်, ဆုံးသွားတာ ရှိတယ်။ စပေါ်လိုက်, ဆုံးသွားလိုက်, စပေါ်လိုက်, အခိုက်အတန့် တည်လိုက်, ဆုံးသွားလိုက်, ဒီလိုရှိတာကိုး။ ရုပ်တရားပဲဖြစ်ဖြစ်, နာမ်တရားပဲဖြစ်ဖြစ် စပေါ်လာပြီးတော့ ပျောက်ဆုံးသွား

စာ ၃၇

တာပဲ, အမြဲတမ်း တည်နေတာ မရှိဘူး။ ဒါပေမယ်လို့ မပျောက်ဆုံးခင် အခိုက်အတန့်တည်နေတာလေးဟာ ဇရာပဲတဲ့, ရင့်တဲ့အပိုင်းပဲ။ စဖြစ်ပေါ်လာလိုက်, ခဏတည်နေလိုက်, ပျောက်သွားလိုက်, စာလိုပြောမယ်ဆိုရင် “ဥပါဒ်, ဌီ, ဘင်” လို့ ခေါ်တယ်။အစဖြစ်မှု, အလယ်ပိုင်းတည်မှု, အဆုံးပျက်မှု, ဒီသုံးခုထဲက အလယ်ပိုင်းတည်မှုဟာသင်္ခတဇရာ ခေါ်တယ်တဲ့။ သင်္ခါရတရားတိုင်း တရားတိုင်းဟာ ဖြစ်ပေါ်ပြီးရင် ရင့်ကျက်ပြီး အခိုက်အတန့် တည်ပြီးတော့ နေတာ ဇရာပဲတဲ့, အဲဒါ သင်္ခတလက္ခဏာပါပဲ။

သန္တတိဇရာ

သင်္ခတလက္ခဏာဇရာတွေ တစ်ဘဝအတွင်းမှာ ဆက်ဆက်ဖြစ်လို့ ကြာပြီးသွားတဲ့အခါကျတော့ တစ်မျိုးတစ်မည်ပြောင်းသွားတာကို “သန္တတိဇရာ”လို့ ခေါ်တယ်။ သန္တတိအစဥ်အဆက်ပေါ်မှာ တည်ပြီးတော့နေတဲ့ အိုမင်းခြင်း ပေါ့လေ။ အဲဒီ အိုမင်းခြင်းကိုမမြင်ရဘူး။ ခုကာလ လူတွေက အိုတာလည်းပဲ တွေ့မြင်တယ်လို့ ထင်မှတ်နေတယ်။အိုတာက မတွေ့နိုင်ဘူး, မမြင်နိုင်ဘူး။ အိုတာက ခုနပြောတဲ့ ရုပ်နာမ်တွေနဲ့ ဌီခဏကလေး ဆိုလို့ရှိရင်တော့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ တွေ့တာပေါ့။ ဖြစ်ပေါ်လာလိုက်, တည်နေလိုက်, ခဏချင်း ပျောက်သွားလိုက်, အဲဒီအခိုက်အတန့်ကလေး တည်နေတာ အားထုတ်ရင် တွေ့ရတာပေါ့။ ဒါပေမဲ့ အခု လူတွေ တွေ့နေတဲ့ အိုမင်းတာမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ သန္တတိဇရာဆိုတာကလည်း အဆက်ဆက်သော သင်္ခတလက္ခဏာ တည်တံ့မှုတွေ, အလယ်ပိုင်းတည်တံ့မှုတွေ အဆက်ဆက်ဆိုတာကိုး, အဲဒါကိုလည်း မမြင်နိုင်ဘူးတဲ့။

ဇရာရဲ့ လမ်းကြောင်းကိုသာ မြင်နိုင်ပြီး ဇရာကို မမြင်နိုင်ဘူးတဲ့

အခုမြင်ရတာတွေက ဘာကို မြင်ရသလဲဆိုတော့ ဇရာ၏ အိုမင်းခြင်း သဘောရဲ့သွားရာလမ်းကြောင်းတွေကို တွေ့နေရတယ်တဲ့။

ဥပမာအားဖြင့် အိမ်တွေ ပြိုပျက်နေတာတွေကို မြင်ရလို့ လေမုန်တိုင်းဟာ ဒီကနေပြီး တိုက်သွားတယ်ဆိုတာ သိရတယ်။ လေမုန်တိုင်းရဲ့ လမ်းကြောင်းလိုပဲတဲ့, အခုဆံဖြူတယ်, သွားကျိုးတယ်, အရေတွေ တွန့်ကုန်တယ်, အသားအရေတွေ တစ်မျိုးတစ်မည် ဖြစ်သွားတယ်ဆိုတာ ဇရာရဲ့ လမ်းကြောင်းတွေပေါ့, အိုမင်းခြင်း သဘောတရား နှိပ်စက်လို့ ရုပ်တွေက တစ်မျိုးတစ်မည် ပြောင်းလဲသွားတာတဲ့။ ဒါက ဇရာတော့

စာ ၃၈

မဟုတ်ဘူးတဲ့။ ဒီလိုပဲ ဇရာဆိုတဲ့ အိုမင်းခြင်းသဘော နှိပ်စက်သွားတာကို တွေ့ရတယ်တဲ့, ဇရာဆိုတဲ့ အိုမင်းခြင်းသဘောကိုတော့ မမြင်နိုင်ဘူးတဲ့။

ဇရာသဘောကို ဝိပဿနာဉာဏ်နဲ့ တွေ့နိုင်ပါတယ်တဲ့

တရားအားထုတ်တဲ့အခါ ဖြစ်ပေါ်လိုက်, အခိုက်အတန့် တည်လိုက်, ပြီးတော့ပျောက်သွားလိုက်, အဲဒီအလယ်ပိုင်းကလေးကို တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေတော့အတော်အတန် တွေ့နိုင်တယ်။ အဲဒီ အလယ်ပိုင်းတည်မှုကလည်း ခဏပါပဲ, ဘာမှမကြာဘူး, အစနဲ့အဆုံးပဲ တွေ့တာ များပါတယ်, အလယ်ပိုင်းက ဒီလောက် ရှာလို့တွေ့တာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီဇရာသဘောတရားက ပကတိမျက်စိဖြင့် မမြင်နိုင်ပါဘူးတဲ့, ဝိပဿနာဉာဏ်နဲ့သာ တွေ့နိုင်ပါတယ်။

အိုမင်းခြင်းအကြောင်းပြုပြီး ဖြစ်ရတဲ့ ဆင်းရဲတွေ

ပကတိမျက်စိနဲ့ မြင်ရတာတွေကတော့ အခု ဆံပင်ဖြူတာကို မြင်ရမယ်။ အဲဒါဇရာရဲ့ဒဏ်ချက်ပဲတဲ့, သွားကျိုးနေတာလည်း ဇရာဒဏ်ချက်ပဲ, အရေတွေ တွန့်နေတာလည်း ဒဏ်ရာဒဏ်ချက်ပဲ။ ခါကိုင်းနေတာလည်း ဇရာဒဏ်ချက်ပဲ။ မျက်စိမှုန်နေတာ,နားထိုင်းနေတာတွေဟာ ဇရာ နှိပ်စက်ထားလို့ ရုပ်နာမ်ခန္ဓာတွေ ရင့်ရော်တဲ့သဘောပဲတဲ့။ အိုမင်းခြင်းသက်သက်ဆိုရင် ဆင်းရဲ မဟုတ်ပါဘူးတဲ့, ဒါပေမယ်လို့ ဆင်းရဲခြင်း၏အကြောင်းတရားတွေ ဖြစ်ပါတယ်တဲ့။ အိုမင်းခြင်း အကြောင်းပြုပြီး ဆင်းရဲတွေ ဖြစ်ရတယ်။

အင်္ဂါနံ သိထိလဘာဝါ, ဣန္ဒြိယာနံ ဝိကာရတော။

အင်္ဂါနံ- ကိုယ်လက်အင်္ဂါတို့၏၊ သိထိလဘာဝါ- လျော့ရဲခြင်းကြောင့် လည်းကောင်း၊ အရွယ်ကြီးရင့်လာတော့ ဇရာနှိပ်စက်လာတဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်လက်အင်္ဂါတွေက ရှေးကလို တောင့်တောင့်တင်းတင်း သန်သန်စွမ်းစွမ်း မဟုတ်တော့ဘူးတဲ့။တစ်မျိုးတစ်မည်ပြောင်းလဲပြီး အင်အားတွေ နည်းကုန်တယ်တဲ့, ရော့ရဲရဲတွေ ဖြစ်ကုန်တယ်။ ကိုယ့်ကိုယ်ကိုတောင်မှ တစ်ချို့ မသယ်နိုင်တော့ဘူး။

ဣန္ဒြိယာနံ- မျက်စိစသော ဣန္ဒြေတို့၏၊ ဝိကာရတော- ဖောက်ပြန်ပျက်စီးခြင်းကြောင့် လည်းကောင်း-တဲ့။ မျက်စိ, နား, နှာ, ခေါင်း, လျှာ, ကိုယ် အကုန်လုံးပဲ

စာ ၃၉

ချို့ယွင်းကုန်တယ်။ အထူးအားဖြင့်တော့ မျက်စိနဲ့နားက ချို့ယွင်းတတ်တယ်။ ဒါကြောင့်မို့ ဒုက္ခတွေ ရောက်ရပါတယ်တဲ့။

ဗလဿ အနုပကာရတော- ကိုယ်ခွန်အားဗလတွေကလည်း ပျက်ပြီးတော့သွားတယ်။ ငယ်ငယ်တုန်းက အင်မတန် သန်စွမ်းခဲ့တယ်, ငါပဲဆိုပြီး မာန်မာနတွေလည်းအင်မတန် တက်ကြွခဲ့တယ်။ အသက် ကြီးရင့်တဲ့အခါကျတော့ ဘာမှ မစွမ်းမသန်တော့ဘူး။

အဲဒီလို ကိုယ်အင်္ဂါတွေကလည်း ချို့ယွင်း, မျက်စိ စသည်ကလည်း ဖောက်ပြန်,ခွန်အားဗလတွေကလည်း ယုတ်လျော့ အားနည်းပြီးသွားတယ်။ အဲဒီလို ဖောက်ပြန်သွားခြင်းကြောင့် အသက်အရွယ်ကြီးလို့ရှိရင် ပြန်စဥ်းစားတိုင်း စိတ်ဆင်းရဲရတယ်တဲ့။

တစ်နေ့တုန်းက ဆရာမကြီးတစ်ယောက် အင်္ဂလန်မှာ တစ်နှစ်လောက် ပညာလေ့လာဆည်းပူးပြီး ပြန်လာတယ်။ သူက အဖွားကြီးတစ်ယောက်နဲ့ အတူနေရတယ်ဆိုတာကိုး။ အဖွားကြီးက အသက် ၇၆-နှစ်တဲ့။ ဟိုမှာတော့ သားသမီး မြေးမြစ်တွေနဲ့အတူတူ မနေဘဲ ကိုယ့်ဟာနဲ့ကို နေကြတာ။ အဖွားကြီးက သူတို့မှာ ဗုဒ္ဓဘာသာတရားမျိုးတွေနဲ့ စပ်ပြီးတော့ ဆင်ခြင်စဥ်းစားမှုက ဘာမှ မရှိတော့ အိုမင်းမစွမ်းဖြစ်နေတာနဲ့စပ်ပြီးတော့ သူတို့မှာ ဒုက္ခတွေ ရောက်နေတယ်လို့ ပြောတယ်။ ဒီအရွယ်ရောက်တောင်စိတ်ကလည်း ငယ်စိတ် မပျောက်သေးဘဲ ဖြစ်နေတာကိုး။ သူ့အစ်မ ရှိတယ်၊ ၇၈-နှစ်နဲ့တူပါရဲ့ , တစ်ခါတစ်ခါ သူ့အစ်မ လာလို့ ဆုံတဲ့အခါ ညမိုးချုပ်ရင် မှန်ကလေးတွေနဲ့ဆံပင်ကလေးတွေ ကောက်ကြတယ်တဲ့။ ငယ်စိတ်တွေ မကုန်သေးတော့ ဘာဖြစ်သလဲဆိုတော့ နေ့တိုင်းနေ့တိုင်း မျက်ရည်ကလည်း ကျရတယ်တဲ့ , စိတ်မချမ်းမသာ ဖြစ်ရတယ်။

ပြီးတော့ အဲဒီဒကာမကြီးက ပြောတယ်တဲ့ “နင်တို့ ငယ်ငယ်ရွယ်ရွယ်လေး ရှိသေးတယ်, ဘာပြုလို့ ပြင်ပြင်ဆင်ဆင် မနေသလဲ။ တို့ ဒီအရွယ်တောင်မှ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးတော့ နေသေးတာပဲ” ဆိုပြီး အပြစ်တင်သေးတယ်တဲ့။ အပြစ်တင်တော့ဒီကလည်း ပြန်ပြောတယ် “ကျုပ်တို့က ဗုဒ္ဓဘာသာတရားနဲ့ဆိုတော့ ကိစ္စမရှိပါဘူး။ကျုပ်တို့ ဒီလို နေနေတာပဲ, ဘာမှ မဖြစ်ပါဘူး။ အမေကြီးတို့ အခု စိတ်ချမ်းသာအောင်မထားနိုင်လို့ မျက်ရည်တွေ နေ့စဥ်နေ့စဥ် ကျနေရတာ, ဒုက္ခဖြစ်နေတာ, ကျုပ်တို့က

စာ ၄၀

ဘာမှ မဖြစ်ဘူး”လို့ ပြောရသေးတယ်တဲ့။ ပြောပေမယ်လို့ သူတို့က သိပ်တော့ သဘောမကျဘူး, သဘောမပေါက်နိုင်ဘူး။

အဲဒီလို အိုမင်းမစွမ်းဖြစ်လာရင် ငယ်ငယ်ကဟာတွေ ပြန်စဥ်းစားပြီး ငယ်ငယ်ကလို ကိုယ့်အလိုအတိုင်းက မပါတော့ အဲဒါတွေ အားမရပဲဖြစ်ပြီး စိတ်နှလုံး မသာမယာတွေ များစွာ ဖြစ်တတ်ပါတယ်, ဒါ အိုမင်းခြင်းရဲ့ဒုက္ခပဲ။ ကိုယ်သွားချင်တိုင်း မသွားနိုင်ဘူး, ကိုယ်စားချင်တိုင်း မစားနိုင်ဘူး, ကိုယ်လုပ်ချင်တိုင်း မလုပ်နိုင်ဘူး, ကိုယ်အလိုရှိတဲ့အတိုင်း မဆောင်ရွက်နိုင်ဘူး, ကိုယ်က ဆောင်ရွက်စေကာမူ သူများကနေပြီးတော့အားရပါးရ မရှိဘူး, သူများက စိတ်မဝင်စားဘူး, ဂရုမစိုက်ဘူး။ အဲဒါတွေကို စဥ်းစားလိုက်ရင် အသက်အရွယ် ကြီးလေလေ နေရာမကျလေပဲ, စိတ်ပျက်စရာ ကောင်းလေလေပဲ။ ဒါတွေ စိတ်ဆင်းရဲစရာ ဖြစ်ရပါတယ်တဲ့။

အိုမင်းခြင်းအကြောင်းပြုပြီးတော့ ဒုက္ခဖြစ်ရတာတွေ ဒါတွင် မကသေးဘူးတဲ့။အသက်အရွယ် ကြီးလာတဲ့ပုဂ္ဂိုလ်တွေ မိမိလက်အောက်ဖြစ်တဲ့ သားတို့, သမီးတို့,အခြွေအရံတို့, ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တို့ကလည်းပဲ မရိုမသေ မလေးမစား ဖြစ်လာတယ်တဲ့,ဂရုမစိုက်တော့ဘူးတဲ့။ ငယ်တဲ့ပုဂ္ဂိုလ်တွေက “အဖိုးကြီး ဘာမှ မသိဘူး, အဖွားကြီးဘာမှ မသိဘူး။ ခေတ်အကြောင်း ပြောင်းလဲနေတာ ဘာမှမသိဘဲ လူထဲ လာပြီးတော့ရှုပ်မနေနဲ့, ကိုယ့်ဟာကို အသာလေးနေပေါ့” အမာန်မဲကလည်း ခံရသေး ဆိုတာကိုး။

သူက ရှေးကတည်းက နေရာတကာ အကြီးအကဲ ခေါင်းဆောင်တွေ လုပ်လာခဲ့တယ်, အခုလည်းပဲ သူက အရွယ်ကြီးနေပေမယ်လို့ လူငယ်တွေအပေါ် ဩဇာအာဏာပေးချင်သေးတာကိုး, ညွှန်ကြားချင်သေးတာကိုး။ လူငယ်တွေကတော့ သူ့ကို အထင်မကြီးဘူး, ခေတ်မမီတော့ဘူး, ဘာမှ မသိတော့ဘူး ဆိုပြီးတော့ ဖြစ်နေတယ်။ အဲဒီတော့လူငယ်တွေက မရိုမသေ မလေးမစား ပြောတာတွေလည်း ခံရတယ်တဲ့, အဲဒါကြောင့်လည်း စိတ်မချမ်းမသာ ဖြစ်ရတယ်။ တစ်ချို့ သိပ်ကြီးသွားပြီဆိုတော့ သားသမီးတွေထားတဲ့အတိုင်း နေရတာပဲ, ကိုယ်ကလည်း ဘာမှ မစွမ်းဆောင်နိုင်ဘူး။ အဲဒီလို အခါကျရင် စိတ်ဆင်းရဲတွေ အများကြီး ဖြစ်ရပါတယ်တဲ့။ ဒါ အိုမင်းခြင်းအကြောင်းပြုပြီးဖြစ်ရတာတွေတဲ့။

ကိုယ်နဲ့နီးစပ်တဲ့ အဖိုးကြီး, အဖွားကြီးတွေ ဒုက္ခရောက်နေတာတွေ ရှိရင်လည်းသိပါတယ်။ တစ်နေ့ကျလို့ရှိရင် တို့လည်းပဲ ဒီအရွယ်ရောက်လာရင် ဒီလိုဒုက္ခတော့