ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၆) နိရောဓသစ္စာတရားတော်
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၁၇

အပိုင်း (၆) နိရောဓသစ္စာတရားတော်

၁၃၂၃-ခုနှစ်, သီတင်းကျွတ်လကွယ်နေ့

နိရောဓသစ္စာ

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ။

ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခနိရောဓော အရိယသစ္စံ- ဆင်းရဲဒုက္ခတို့၏ ငြိမ်းရာဖြစ်သော အရိယာတို့ သိအပ်သော အမှန်တရားသည်၊ ကတမဉ္စ- အဘယ်ပါနည်း။

ဆင်းရဲဒုက္ခငြိမ်းရာဖြစ်တဲ့ အရိယသစ္စာတရားတဲ့, ဆင်းရဲငြိမ်းတဲ့ တရားပဲလို့အရိယာပုဂ္ဂိုလ်တို့ အမှန်အတိုင်း သိထားတဲ့တရား, ဆင်းရဲ တကယ့်ကို ငြိမ်းတဲ့တရား။

ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ

ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

တဿာယေဝ တဏှာယ- ထိုဆာလောင်တပ်မက်သော တဏှာ၏ပင်လျှင်၊ ယောအသေသဝိရာဂနိရောဓော- အကြင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ငြိမ်းခြင်းသည်၊အတ္ထိ- ရှိ၏။

သမုဒယသစ္စာတုန်းက ဟောခဲ့တဲ့ တဏှာ, အာရုံ ၆-ပါးတွေ ဆာလောင်တပ်မက်ပြီးတော့ နေတဲ့တဏှာ, ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဆိုတဲ့ တဏှာပဲတဲ့။အဲဒီ တဏှာ အကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းသွားတာတဲ့, တစ်နည်းအားဖြင့် အဲဒီတဏှာအကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းရာဖြစ်တဲ့ တရားတဲ့။ ဒီနိဗ္ဗာန်ကို တွေ့မြင်လို့ရှိရင် အဲဒီပုဂ္ဂိုလ်၏သန္တာန်မှာ ဒီတဏှာဟာ ပျက်ပြယ်ချုပ်ငြိမ်းပြီး သွားပါတယ်တဲ့။ တဏှာပျက်ပြယ်ချုပ်ငြိမ်းရာဖြစ်တဲ့တရား, တဏှာပျက်ပြယ်ချုပ်ငြိမ်းခြင်းတရား, အဲဒီတရားဟာ နိဗ္ဗာန်ပဲတဲ့။ ဒါဟာ နိရောဓသစ္စာပဲ။

ယော စာဂေါ- အကြင်တဏှာကို စွန့်လွှတ်ရာဖြစ်သော တရားသည်၊ ယာမုတ္တိ- အကြင်တဏှာကို ဖြေလွှတ်ရာဖြစ်သော တရားသည်၊ ယော အနာလယော-

စာ ၁၁၈

အကြင် ငြိကပ်တွယ်တာရာ ကင်းသောတရားသည်၊ အတ္ထိ- ရှိ၏၊ ဣဒံ- ဤတဏှာ၏အကြွင်းမဲ့ချုပ်ငြိမ်းပျက်ပြယ်ရာ စသည်ဖြင့် ပြဆိုအပ်သော တရားသည်၊ ဒုက္ခနိရောဓောအရိယသစ္စံ- ဆင်းရဲတို့၏ချုပ်ငြိမ်းရာ အစစ်အမှန်ဖြစ်သော အရိယာတို့ သိအပ်သောတရားပါပေတည်း။

မဂ်အသီးသီးက သက်ဆိုင်ရာ တဏှာအဆင့်ဆင့်ကို ငြိမ်းစေတယ်

အဲဒီ တဏှာချုပ်ငြိမ်းရာ ဖြစ်တဲ့တရား, တဏှာအကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့တရား, တဏှာကို စွန့်ပယ်ရာဖြစ်တဲ့တရား, တဏှာငြိတွယ်ပြီးတော့နေတဲ့ ဥစ္စာတွေကိုဖြေပြီးတော့ လွှတ်ရာဖြစ်တဲ့တရား, တဏှာတည်းဟူသော တွယ်တာမှုတွေ လုံးဝကင်းရာဖြစ်တဲ့ တရားတဲ့။ ဒါ နိဗ္ဗာန်တရားပဲတဲ့, နိဗ္ဗာန်တရားက တည့်တည့် ပြောမယ်ဆိုရင်တော့ ချုပ်ငြိမ်းတဲ့တရားပါပဲ။

ဒါပေမယ်လို့ တဏှာငြိမ်းလို့ရှိရင် အားလုံးသောဆင်းရဲတွေ ငြိမ်းတယ်, တပ်မက်တဲ့တဏှာလေး ကင်းငြိမ်းပျက်ပြယ်ပြီးတော့ သွားတဲ့တရားပဲတဲ့။ အဲဒီ နိဗ္ဗာန်တရားတွေ့လို့ရှိရင် တပ်မက်တဲ့တဏှာလေးဟာ ကင်းငြိမ်းပျက်ပြယ်ပြီးတော့ သွားတယ်တဲ့။အရိယာမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့ပြီဆိုလို့ရှိရင် ဒီတဏှာ ငြိမ်းသွားတယ်, တဏှာကအဆင့်ဆင့် ရှိတယ်, သောတာပတ္တိမဂ်နဲ့ ငြိမ်းတာလည်း ရှိတယ်, အရဟတ္တမဂ်နဲ့ ငြိမ်းတာလည်း ရှိတယ်, ပထမဆုံး သောတာပတ္တိမဂ်နဲ့ အဲဒီနိဗ္ဗာန်ကို တွေ့သွားလို့ရှိရင်အပါယ်လားကြောင်းဖြစ်တဲ့ တဏှာ ငြိမ်းသွားတယ်တဲ့, အပါယ်ကျလောက်အောင်ကြီးကျယ်တဲ့ တဏှာ, အားကောင်းတဲ့ တဏှာတွေ ငြိမ်းသွားတယ်တဲ့။

ပုထုဇဥ်ပုဂ္ဂိုလ်တွေမှာဆိုရင် ဒီတဏှာက အားကောင်းပြီးတော့ နေတဲ့အတွက်အဖေကိုလည်းပဲ သတ်ချင်သတ်နိုင်တာပဲ, အမေလည်း သတ်နိုင်တာပဲ, သူ့အကျိုးရှိမယ်ထင်လို့ရှိရင် မပြုလုပ်နိုင်တာရယ်လို့ မရှိဘူး။ အဲဒါ တဏှာအားကြီးနေလို့တပ်မက်ဆာလောင်မှု ဖြစ်နေတာ, မိမိအလိုရှိအပ်တဲ့ စည်းစိမ်ချမ်းသာတွေ မျှော်လင့်စရာအပေါ်မှာ ငဲ့ကွက်ပြီးတော့နေတာ။ အခု လောကမှာဖြစ်ပေါ်နေတဲ့ အမှုခင်းကိစ္စတွေဟာ အဲဒီတဏှာနဲ့တပ်မက်ပြီး ပြုတဲ့ အမှုခင်းကိစ္စတွေ များတာပဲ, တဏှာမဟုတ်ဘဲနဲ့ ဒေါသနဲ့လည်း နည်းနည်းပါးပါး ရှိတယ်, မောဟနဲ့လည်း ရှိတယ်။ ဒါပေမယ်လို့ဒေါသ မောဟနဲ့ ပြုစေကာမူ တဏှာကတော့ မကင်းဘူး, တဏှာတပ်မက်မှုကတော့

စာ ၁၁၉

ရှိနေတာပဲ။ အဲဒီတပ်မက်မှုကလေး အကြောင်းပြုပြီးတော့ ကိုယ်အလိုရှိတဲ့ကိစ္စတွေကိုမျှော်လင့်ချက်ကလေးတွေနဲ့ ပြုလုပ်ကြတာကိုး။ သူတစ်ပါးအသက်ကို သတ်ခြင်း,သူများဥစ္စာ ခိုးခြင်း, လိမ်ခြင်း, မတော်မတရားပြုခြင်းအမှုတွေကို ပြုလုပ်ကြတယ်။အဲဒီတဏှာ အားကြီးရင် ကြီးသလောက် မတော်တာတွေကို လွန်လွန်ကဲကဲ ပြုတာပဲ,ဘာမှ အရှက်အကြောက် မရှိဘူး။

သောတာပတ္တိမဂ်ဖြင့် နိဗ္ဗာန်ကို တွေ့သွားပြီဆိုရင်တော့ အဲဒီပုဂ္ဂိုလ်က ဒီလိုကြီးကြီးကျယ်ကျယ်တွေ မပြုတော့ဘူး, တပ်မက်မှုတော့ ရှိသေးပေမယ်လို့ အပါယ်ကျလောက်အောင် ကြီးလေးတဲ့ အကုသိုလ်တွေ ပြုလိုတဲ့ဆန္ဒ မရှိတော့ဘူး။ ဒေါသတော့ရှိတယ်, လောဘလည်း ရှိတယ်, ရှိပေမယ်လို့ သူများအသက်ကို သတ်နိုင်လောက်အောင် အားမကောင်းတော့ဘူး, လောကအပြောနဲ့ ပြောမယ်ဆိုရင် စိတ်တွေ လျော့သွားတာ, လောဘ ဒေါသ ဒီဂရီတွေက လျော့သွားတယ်, သူများဥစ္စာ ခိုးနိုင်လောက်အောင် မရှိဘူး, လိုချင်တပ်မက်မှုတော့ ရှိသေးတာပဲ။ ဒါပေမယ်လို့ မတော်မတရားခိုးပြီးတော့ ယူရလောက်အောင်, လုပြီးတော့ ယူရလောက်အောင်အထိ မဖြစ်တော့ဘူး,အဲဒီလို လောဘတဏှာတွေ ငြိမ်းသွားတယ်တဲ့။

သကဒါဂါမိမဂ်ကျတော့ ပိုပြီးတော့ ကြမ်းတမ်းတာတွေ ထပ်ပြီးတော့ ငြိမ်းသွားပြန်တယ်။ အနာဂါမိမဂ်ကျတော့ဖြင့်ရင် ကာမရာဂတွေ ကုန်ရောပဲ, ကာမအာရုံတွေသာယာတဲ့တဏှာ ဘာမှကို မရှိဘူး။ အရဟတ္တမဂ်ရောက်တဲ့အခါမှာ ဒီတဏှာတွေအကုန်လုံး, ဘဝတဏှာတွေရော သာယာတပ်မက်မှုတွေ အကုန်လုံး ငြိမ်းပြီးတော့သွားတယ်တဲ့။ အဲဒီလို တဏှာငြိမ်းရာဖြစ်တဲ့တရားဟာ နိဗ္ဗာန်ပဲတဲ့။

တဏှာက ဖြစ်တဲ့နေရာမှာပဲ ချုပ်ငြိမ်းတယ်

သာ ခေါ ပနေသာ ဘိက္ခဝေ တဏှာ ကတ္ထ ပဟီယမာနာ ပဟီယတိ,

ကတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

ဘိက္ခဝေ- ချစ်သားရဟန်းတို့၊ သာ ခေါ ပန ဧသာ တဏှာ- ထိုဆာလောင်တပ်မက်သော တဏှာသည်၊ ပဟီယမာနာ- ပယ်အပ်သည်ရှိသော်၊ ကတ္ထ- အဘယ်၌၊ပဟီယတိ- ပယ်အပ်ပါသနည်း၊ နိရုဇ္ဈမာနာ- ချုပ်ငြိမ်းသည်ရှိသော်၊ ကတ္ထ- အဘယ်၌၊နိရုဇ္ဈတိ- ချုပ်ငြိမ်းပါသနည်း။

စာ ၁၂၀

တဏှာကို ပယ်ရင် ဘယ်မှာ ပယ်ရသလဲ, တဏှာဟာ ချုပ်ငြိမ်းရင် ဘယ်မှာချုပ်ငြိမ်းပါသလဲလို့ မေးတော့-

ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ

ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

လောကေ- လောက၌၊ ယံ ပိယရူပံ သာတရူပံ- အကြင် ချစ်ဖွယ်သဘောသာယာဖွယ်သဘောသည်၊ အတ္ထိ- ရှိ၏၊ ဧတ္ထ- ဤချစ်ဖွယ် သာယာဖွယ်သဘော၌၊ပဟီယမာနာ- ပယ်အပ်သည်ရှိသော်၊ ပဟီယတိ- ပယ်အပ်၏၊ နိရုဇ္ဈမာနာ- ချုပ်ငြိမ်းသည်ရှိသော်၊ ဧတ္ထ- ဤချစ်ဖွယ်သာယာဖွယ်သဘော၌၊ နိရုဇ္ဈတိ- ချုပ်ငြိမ်း၏။

တဏှာပယ်ရင်လည်း အဲဒီ ချစ်စရာသဘော သာယာစရာသဘောလေးမှာပဲပယ်ရမှာပဲတဲ့, အဲဒီမှာပဲ ငြိမ်းရမှာပဲတဲ့။ တဏှာက ဖြစ်လို့ရှိရင်လည်း အဲဒီ ချစ်စရာသာယာစရာလေးတွေ အကြောင်းပြုပြီးတော့ ဖြစ်နေတာကိုး, ငြိမ်းရင်လည်း အဲဒီမှာငြိမ်းတယ်လို့ပဲ ဆိုရတယ်တဲ့။ သို့သော် အလုပ်ကတော့ တာဝန်နဲ့ ငြိမ်းရပါတယ်, သူ့အလိုလို ငြိမ်းတာ မဟုတ်ဘူး။ မဂ္ဂင် ၈-ပါးတရားနဲ့ အားထုတ်ပြီးတော့ ငြိမ်းသတ်လိုက်တဲ့အခါမှာ ငြိမ်းတယ်, ဘယ်မှာ ငြိမ်းတုံးဆိုတော့ သူဖြစ်ရာ ငြိမ်းတာပဲတဲ့, သူဖြစ်တာတွေက ဘာတွေလဲ ဆိုတော့-

စက္ခု လောကေ ပိယရူပံ သာတရူပံ, ဧတ္ထေသာ တဏှာ ပဟီယမာနာ

ပဟီယယတိ, ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

စက္ခု- မျက်စိရုပ်၊ သောတ- နားရုပ် စသည်ဖြင့်ပေါ့လေ၊ စက္ခု, သောတ, ဃာန,ဇိဝှါ, ကာယ, မန- မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်, အတွင်းဘက်က ၆-ပါး,ဒွါရ ၆-ပါးလို့ ခေါ်ရတာပေါ့။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ- အဆင်းအာရုံ, အသံအာရုံ,အနံ့အာရုံ, အရသာအာရုံ, အတွေ့အထိအာရုံ, သဘောအာရုံ, အပြင်ဘက်က အာရုံ၆-ပါး။

ပြီးတော့ ဝိညာဏ်က ၆-ပါး- မြင်သိတာ, ကြားသိတာ, နံသိတာ, စားပြီးတော့သိတာ, တွေ့ထိပြီးတော့ သိတာ, စိတ်ကူးစဥ်းစားကြံစည်ပြီးတော့ သိတာ။

စာ ၁၂၁

နောက် ဝိညာဏ်နဲ့တွဲပြီးတော့ ဖြစ်တဲ့ ဖဿလည်း ၆-ပါး ရှိတယ်, ဝေဒနာကလည်း ၆-ပါး ရှိတယ်, သညာကလည်း ၆-ပါး ရှိတယ်, စေတနာကလည်း ၆-ပါး ရှိတယ်, တဏှာကလည်း ၆-ပါး ရှိတယ်, ဝိတက်ကလည်း ၆-ပါး ရှိတယ်, ဝိစာရကလည်း၆-ပါး ရှိတယ်, အားလုံး ၆-ခုတွေ, ၁၀-မျိုး ရှိတယ်, အားလုံး ၆၀-ကုန်သော တရားတွေကို ဝေဖန်ပြီးတော့ ဟောတယ်။ တဏှာက ဖြစ်ရင်လည်း အဲဒီမှာ ဖြစ်တယ်,ချုပ်ရင်လည်း အဲဒီမှာ ချုပ်တာပဲတဲ့, ပယ်ရင်လည်း အဲဒီမှာ ပယ်ရတယ်တဲ့, အဲဒီမှာပဲပျောက်ကွယ် သွားတယ်, အဲဒီမှာပဲ ငြိမ်းသွားတယ်လို့ ဆိုရတယ်။

ဥပမာအားဖြင့် ဘယ်လိုတုံးဆိုရင် တောထဲမှာ သောင်းကျန်းပြီးတော့နေတဲ့ သူခိုးဓားပြတွေကို အစိုးရရဲအဖွဲ့တွေက ဖမ်းဆီးပြီးတော့ သူ့အပြစ်ရှိသည်အားလျော်စွာစီရင်လိုက်လို့ မရှိတော့ဘူးဆိုရင် ဘယ်မှာ ပျောက်ငြိမ်းသွားသလဲဆိုတော့ မူလထကြွသောင်းကျန်းနေတဲ့နေရာမှာပဲ ငြိမ်းသွားတယ်လို့ ဆိုရတယ်။

တဏှာချုပ်ငြိမ်းသွားတာ နိရောဓသစ္စာပဲ

အဲဒါလိုပဲ, ကိလေသာငြိမ်းတာကတော့ နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို အကြောင်းပြုပြီးတော့ ငြိမ်းတာပဲတဲ့။ ဒါပေမယ်လို့ ငြိမ်းရာဌာနကတော့ မျက်စိ, နား, နှာခေါင်းစသည်ဖြင့် တွေ့ထိရာဌာနမှာ ငြိမ်းသွားတယ်လို့ ဆိုရပါတယ်တဲ့။ အဲဒီ တဏှာချုပ်ငြိမ်းသွားတာ နိရောဓသစ္စာပဲတဲ့, အဲဒီတဏှာ ချုပ်ငြိမ်းသွားသဖြင့် ဒီ့ပြင်ကိလေသာတွေလည်း အကုန်လုံး ချုပ်ငြိမ်းတာပဲ, ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေလည်း အကုန်လုံး ချုပ်ငြိမ်းတော့တာပဲ။ တဏှာငြိမ်းသွားရင် အကုန်လုံး ငြိမ်းတယ်, ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်မှာပြောင်းပြန်ပြန်ပြီး ဟောထားတာလည်း ရှိတယ်။

“အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော”ကို အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရတွေ ချုပ်သွားတယ်တဲ့။ ရုပ်နာမ်တရားတွေကို အမှန်အတိုင်းမသိတာက အဝိဇ္ဇာကိုး, အဲဒါ အမှန်အတိုင်း သိတာနဲ့ အဝိဇ္ဇာ ချုပ်သွားတယ်လို့ဆိုရတာပဲ, အမှန်အတိုင်း သိတာ ရောက်လာတော့ကို အမှားသိတွေ ပျောက်သွားတယ်,အဲဒီ အမှားသိ အဝိဇ္ဇာတွေ ပျောက်သွားတော့ အမှားကို မှီပြီး ဆက်လက်ပြုလုပ်မယ့်သင်္ခါရတွေလည်း မဖြစ်ရတော့ဘူး, ငြိမ်းသွားတယ်, အဲဒါလည်း နိဗ္ဗာန်ပဲ။

စာ ၁၂၂

သင်္ခါရတွေ ငြိမ်းသွားတော့ ဘဝသစ်ဝိညာဏ်တွေ ငြိမ်းသွားတယ်, နာမ်ရုပ်ငြိမ်းတယ်, သဠာယတန ငြိမ်းတယ်, အာယတန ၆-ပါး မရှိတော့ ဖဿတွေလည်း အာရုံနဲ့မတွေ့ရဘူး, ဖဿက အာရုံနဲ့ မတွေ့ရတော့ ဝေဒနာအစရှိသည်ဖြင့် အကြောင်းအကျိုးတွေ အဆက်ဆက် ငြိမ်းသွားတာဟာ နိဗ္ဗာန်တရားပဲ, အဲဒါ နိရောဓသစ္စာပဲ။ အတိုချုပ်ဆိုရင်တော့ နိရောဓဆိုတာ ငြိမ်းတာပါပဲ, ချုပ်တယ်, ငြိမ်းတယ်။

အကြောင်း ရှိနေရင် အကျိုးတွေ ဆက်ခါဆက်ခါ ဖြစ်နေတယ်, အကျိုး ရှိနေရင်မငြိမ်းဘူး။ မငြိမ်းလို့ရှိရင်တော့ ဘဝတွေ ထပ်ခါထပ်ခါ ဖြစ်နေတယ်, ကိလေသာ မငြိမ်းလို့ရှိရင် တစ်ဘဝက သေပြီးရင်း တစ်ဘဝ ဖြစ်ပြန်ရင်း, တစ်ဘဝက သေပြီးရင်း တစ်ဘဝ ဖြစ်ပြန်ရင်း ဒီလိုသွားနေတာကိုး။ “ဇာတိပိ ဒုက္ခာ” ဘဝအသစ်ဖြစ်ရလို့ ဆင်းရဲတာပဲ, အိုရလို့လည်း ဆင်းရဲတာပဲ, သေရလို့လည်း ဆင်းရဲတာပဲ, ငိုကြွေးရလို့လည်းဆင်းရဲတယ်, ကိုယ်ဆင်းရဲအမျိုးမျိုးတွေလည်း တွေ့ရတယ်, စိတ်ဆင်းရဲအမျိုးမျိုးတွေလည်း တွေ့ရတယ်, အဲဒါ တစ်ဘဝပြီးတစ်ဘဝ ဒီဆင်းရဲတွေနဲ့ချည်း ဆက်ခါဆက်ခါတွေ့ပြီး တော့ နေရတယ်တဲ့။

ဆင်းရဲတွေ အကုန်လုံး ငြိမ်းသွားပြီ, ကိလေသာငြိမ်းတယ် ဆိုလို့ရှိရင် ဘဝသစ်ရုပ်နာမ်ခန္ဓာတွေ အကုန်လုံး ငြိမ်းသွားတယ်, ဆင်းရဲတွေ ဘာမှမရှိတော့ဘူး။ တဏှာကစပြီးတော့ ငြိမ်းသွားလို့ ရုပ်နာမ်ခန္ဓာတွေ အကုန်လုံး ငြိမ်းတယ်ဆိုတဲ့ နိဗ္ဗာန်ကတော့တကယ် ငြိမ်းသွားတာ, နောက်ကို ဒီအငြိမ်းက မပျက်စီးနိုင်တော့ဘူး, ဆင်းရဲဒုက္ခတွေပြန်ပြီးတော့ မပေါ်လာနိုင်တော့ဘူး, အမြစ်ပြတ် တစ်ခါတည်း ငြိမ်းပြီးတော့ သွားတယ်,အဲဒါဟာ နိရောဓသစ္စာပဲတဲ့။

သမာဓိဉာဏ် အားပြည့်တဲ့အခါ ယောဂီပုဂ္ဂိုလ် နိဗ္ဗာန်ကို တွေ့ရတယ်

“ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဥ်း, ချုပ်ဆုံးနိဗ္ဗာန်တည်း” အဲဒီနိဗ္ဗာန်ကို ယောဂီပုဂ္ဂိုလ်က ဘယ့်နှယ်တွေ့လဲဆိုတော့ ရုပ်နာမ်သင်္ခါရတွေ ငြိမ်းသွားတဲ့အနေအားဖြင့်တွေ့တယ်။ အားလုံးသော ရုပ်နာမ်တွေ ဖြစ်လိုက်ပျက်လိုက်, ဖြစ်လိုက်ပျက်လိုက်နဲ့ယောဂီပုဂ္ဂိုလ်မှာ တွေ့ရတယ်။

ပကတိပုဂ္ဂိုလ်တွေမှာတော့ ရုပ်နာမ်တွေ မဟုတ်ဘူး, ပုဂ္ဂိုလ်သတ္တဝါအလိုက် ထင်နေတယ်, မျက်စိက မြင်ရင်လည်းပဲ ပုဂ္ဂိုလ်သတ္တဝါပဲ မြင်တယ်, ယောကျာ်း, မိန်းမ

စာ ၁၂၃

ဒီလိုပဲ မြင်နေတာပဲ။ နားက ကြားလို့ရှိရင်လည်း အဲဒီလိုပဲ ယောကျာ်း, မိန်းမအသံ,လူအသံ, ခွေးအသံ, ငှက်အသံ စသည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ အကောင်အထည်အနေနဲ့ထင်နေတယ်။ အနံ့နံလို့ရှိရင်လည်း ဘာနံ့ပဲ, ဘယ်က အနံ့ပဲ, စသည်ဖြင့် အထည်ဝတ္ထုအနေနဲ့ပဲ ထင်တယ်။ အရသာစားရင်လည်းပဲ အဲဒီအရသာတွေနဲ့ စပ်ပြီးတော့ ဘာအစာပဲ, ဘာဟင်းပဲ, ဘာထမင်းပဲ စသည်ဖြင့် အထည်ဝတ္ထုတွေနဲ့ ထင်နေတယ်။အတွေ့အထိကျတော့ ဘာနဲ့ တွေ့ထိရတယ်, လူနဲ့ တွေ့ထိတယ်, လက်နဲ့ တွေ့ထိတယ်,ခြေနဲ့ တွေ့ထိတယ်, အထည်ဝတ္ထုအနေနဲ့ပဲ ထင်နေတယ်။ စိတ်ကူးစဥ်းစား ကြံစည်ပြန်လို့ရှိရင်လည်း ပုဂ္ဂိုလ်သတ္တဝါအတွေအနေနဲ့ စိတ်ကူးတွေက ဖြစ်နေတယ်, ပကတိပုဂ္ဂိုလ်မှာတော့ အထည်ဒြပ်ပညတ်အနေနဲ့ပဲ ထင်နေပါတယ်။

ယောဂီပုဂ္ဂိုလ်မှာတော့ မြင်တိုင်း ကြားတိုင်း ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းတွေ ရှုပြီးနေတော့ သမာဓိဉာဏ် အားရှိလာတဲ့အခါ ပညတ်တွေ အကုန်ပျောက်ပြီးပရမတ်သဘောတွေချည်း ထင်နေတာကိုး, ဖြစ်ပျက်ကာမျှ သဘောပဲ။ မြင်ပြန်ရင်လည်းမြင်ပြီးရင် ပေါ်ပြီး ပျောက်သွားတာပဲ, ဖြစ်ပျက်တဲ့ တရားပဲ။ ကြားပြန်ရင်လည်း ကြားပြီးပေါ်ပြီး ပျောက်သွားတာပဲ, ဖြစ်ပျက်တဲ့ တရားပဲ။ နံပြန်ရင်လည်းပဲ ပေါ်ပြီး ပျောက်သွားတာပဲ, တွေ့ထိပြန်ရင်လည်း ပေါ်ပြီး ပျောက်သွားတာပဲ, ကွေးတယ်, ဆန့်တယ်,လှုပ်ရှားတယ် စသည်ဖြင့် အဲဒါတွေလည်းပဲ ကွေးပြီး, ဆန့်ပြီး, လှုပ်ရှားပြီး, သူ့နေရာနဲ့သူပဲ ဖြစ်ပြီး ပျောက်ပျက်လိုက်နေတာပဲ။ ဗိုက်က ဖောင်းတာ, ပိန်တာ မှတ်လို့ရှိရင်လည်း ဖောင်းတာ, ပိန်တာလေးက လှုပ်လိုက်, ရွေ့လိုက်, ပျောက်လိုက်, လှုပ်လိုက်,ရွေ့လိုက်, ပျောက်လိုက်, ဖြစ်ပြီး ပျောက်ပျက်နေတဲ့ တရားချည်းပဲ။ စိတ်ကူးတွေ ပေါ်လာတိုင်း ရှုလိုက်ပြန်တယ်, ကောင်းတဲ့စိတ်ကူးဖြစ်ဖြစ်, ဆိုးတဲ့စိတ်ကူးဖြစ်ဖြစ် ပေါ်ပြီးချက်ချင်း ပျောက်လိုက်နေတာပဲ။ ဝေဒနာလေးတွေ မှတ်ပြန်ရင်လည်းပဲ ကောင်းတဲ့ဝေဒနာဖြစ်ဖြစ်, ဆိုးတဲ့ဝေဒနာဖြစ်ဖြစ် ခံစားမှုလေးတွေ ကောင်းပြီး ပျောက်, ဆိုးပြီးပျောက်, ချက်ချင်းချက်ချင်း ပျောက်လိုက်နေတာပဲ, အပြတ်အပြတ်ကလေး ဖြစ်နေတာ။ဘာမှ ကြာရှည်တည်နေတဲ့ အထည်ဝတ္ထု ရှာလို့ မရဘူး, ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေချည်းပဲ တွေ့နေရတယ်။

မှတ်တိုင်း မှတ်တိုင်းဟာ ဒီရုပ်နာမ်တွေချည်း ဆင့်ကာ ဆင့်ကာ ဖြစ်နေတယ်,ကုန်မှ ကုန်ပါတော့မလားလို့ အောက်မေ့နေရတယ်, မကုန်နိုင်ဘူးလို့ ထင်ရတယ်,

စာ ၁၂၄

အဲဒီလို တွေ့နေရတာထဲက ဝိပဿနာဉာဏ်က ဖြစ်ပျက်တဲ့ သဘောတရားတွေ သိရင်းသိရင်းနဲ့ ရုပ်နာမ်သင်္ခါရတွေ အကုန်လုံး ယူပစ်သလို ဘာမှ မရှိတဲ့သဘောကို တွေ့သွားတယ်, ရုပ်နာမ်အားလုံး ဆိတ်သုဥ်းသွားတဲ့သဘောပဲတဲ့, ဆိတ်သုဥ်းသွားတယ်, ကုန်သွားတယ်, ဘာမှကို ရှာလို့မရတော့ဘူး, အဲဒီရှာလို့ မရတာက တဏှာ၏ ချုပ်ငြိမ်းရာလည်းဖြစ်တယ်တဲ့။ ဒီလိုဟာ တွေ့လို့ရှိရင် ခုနပြောတဲ့ တဏှာတွေဟာ ထိုက်သည်အားလျော်စွာ ငြိမ်းသွားတယ်။

ပထမအကြိမ် သောတာပတ္တိမဂ်နဲ့ ရောက်ရင် အပါယ်ကျလောက်တဲ့ တဏှာတွေငြိမ်းသွားတယ်။ ဒုတိယအကြိမ် ရုပ်နာမ်ဆိတ်သုဥ်းရာ ရောက်လို့ရှိရင် ကြမ်းတမ်းတဲ့ကာမရာဂ ဗျာပါဒတွေ ထပ်ပြီးတော့ ငြိမ်းသွားတယ်။ တတိယအကြိမ် အဲဒီငြိမ်းရာကိုရောက်လို့ရှိရင် ကာမရာဂ ဗျာပါဒတွေ အကုန်လုံး ငြိမ်းတယ်, ကာမအာရုံတွေကိုသာယာတဲ့တဏှာ ဗျာပါဒ ဒေါသဆိုတဲ့ စိတ်ဆိုးတတ်တဲ့ တရားတွေ အကုန်လုံး ငြိမ်းတယ်။ စတုတ္ထအကြိမ် ဒီငြိမ်းရာ ရောက်လို့ရှိရင်တော့ သာယာမှုတဏှာတွေ အကုန်လုံးပဲ ငြိမ်းသွားတယ်တဲ့။ ဒါကြောင့်မို့ ဒီရုပ်နာမ်အားလုံး ဖြစ်ပျက်သုဥ်း ချုပ်ဆုံးပြီးတော့သွားတာကို တွေ့ရတဲ့တရားဟာ တဏှာငြိမ်းရာဖြစ်လို့တဲ့, သူ့ကို “နိဗ္ဗာန်”လို့လည်းခေါ်တယ်, “နိရောဓ”လို့လည်း ခေါ်တယ်။

ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဥ်း, ချုပ်ဆုံး နိဗ္ဗာန်တည်း။

ဖြစ်ပျက်နေတဲ့ရုပ်နာမ်တွေ အားလုံး ဆိတ်သုဥ်းသွားတယ်တဲ့, ဘာမှ မရှိတော့ဘူးတဲ့, ချုပ်ဆုံးပြီးတော့ သွားတယ်တဲ့, အဲဒါ နိဗ္ဗာန်ပဲတဲ့။ ဒီနိဗ္ဗာန်မှာ သာယာမှု တပ်မက်မှုတွေ မဖြစ်ဘူး, ဒါကြောင့်မို့ တပ်မက်သာယာမှု ပျက်ပြယ်ရာ ချုပ်ငြိမ်းရာဖြစ်တဲ့ တရားပါပဲတဲ့။

နိဗ္ဗာန်ကို လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်နဲ့ တွေ့ရမယ်

နိဗ္ဗာန်ကိုတွေ့ရင်တော့ လက္ခဏာနဲ့ တွေ့ရမယ်, ရသနဲ့ တွေ့ရမယ်, ပစ္စုပဋ္ဌာန်နဲ့တွေ့ရမယ်။ သဘာဝဓမ္မတွေဆိုတာ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်နဲ့ပဲ တွေ့ရတယ်, ရုပ်တရား တွေ့သည်ဖြစ်စေ, နာမ်တရား တွေ့သည်ဖြစ်စေ, လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်နဲ့ တွေ့ရမယ်တဲ့။ နိဗ္ဗာန်ကို တွေ့တဲ့အခါမှာတော့ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်နဲ့ပဲ တွေ့ရတယ်, နိဗ္ဗာန်မှာ ပဒဋ္ဌာန် မရှိဘူး။

စာ ၁၂၅

လက္ခဏာဆိုတာက သူရဲ့အထည်ကိုယ်သဘောပဲ။ ရသဆိုတာကတော့ သူ့ကိစ္စစွမ်းရည်သတ္တိပဲ, သူ့မှာ ပြည့်စုံပြီးတော့နေတဲ့ဂုဏ်ကို ရသလို့ ခေါ်တယ်။ ပစ္စုပဋ္ဌာန်ဆိုတာကတော့ ယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်ထဲမှာ ဘယ်လိုအခြေအနေပဲလို့ မြင်ရတဲ့အခြင်းအရာ။ အဲဒီ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန် သုံးပါးနဲ့ တွေ့လို့ရှိရင် သဘာဝကျတာပဲ။

နိဗ္ဗာန်ရဲ့လက္ခဏာက ငြိမ်းခြင်း

သန္တိလက္ခဏံ နိဗ္ဗာနံ။

နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ သန္တိလက္ခဏံ- ငြိမ်းခြင်းလက္ခဏာရှိ၏။ နိဗ္ဗာန်ဆိုတာ ငြိမ်းခြင်းပဲ။ သမဏံ သန္တိ။ သမဏံ- ငြိမ်းခြင်းသည်၊ သန္တိ- သန္တိမည်၏။

ငြိမ်းတဲ့သဘောပဲလို့ ဆိုထားတယ်, ဘာတွေ ငြိမ်းသလဲ, ဆင်းရဲတွေ ငြိမ်းတယ်တဲ့။ ကိလေသာဆင်းရဲတွေ ငြိမ်းတယ်, ရုပ်နာမ်ဆင်းရဲတွေ, သင်္ခါရဆင်းရဲတွေ ငြိမ်းတယ်, တဏှာအစရှိသော ကိလေသာတွေ နိဗ္ဗာန်မှာ မရှိဘူး, ငြိမ်းတယ်။

ပထမက ယောဂီပုဂ္ဂိုလ်မှာ ရှုတိုင်း မှတ်တိုင်းဟာ ရုပ်နာမ်သင်္ခါရတွေ တွေ့နေတယ်, တဏှာဖြစ်တဲ့အခါလည်း တဏှာတွေ့တယ်, တဏှာမဖြစ်ရင်လည်း ရုပ်နာမ်သင်္ခါရတွေ တဏှာဖြစ်ရာဌာနတွေကို တွေ့နေတယ်, တဏှာ၏ဝဋ်ကျင်းတွေလို့ ဆိုရမှာပေါ့, ဒွါရ ၆-ပါး, အာရုံ ၆-ပါး, ဝိညာဏ် ၆-ပါး စသည်ဖြင့် တဏှာဖြစ်ပေါ်ရာတွေကိုတွေ့တယ်, အဲဒီ နိဗ္ဗာန်တွေ့တဲ့အခါကာလကျတော့ ခုန ဆင်းရဲတွေ အကုန်လုံးကိုယူပစ်လိုက်သလို ပျောက်သွားတယ်, တစ်ခါတည်း ပြတ်စဲပြီး ငြိမ်းနေတယ်။

ပရိနိဗ္ဗာန်စံတဲ့အခါ ရုပ်နာမ်တွေ ချုပ်ငြိမ်းပြီး အသစ်မဖြစ်ပေါ်တော့ဘူး

ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ နိဗ္ဗာန်ဝင်သွားတယ်, ပရိနိဗ္ဗာန် ဝင်စံသွားတယ်လို့ ပြောကြတယ်, အဲဒါ ရုပ်နာမ်သင်္ခါရအသစ်တွေ မဖြစ်ပေါ်တာပဲ။ ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတဲ့အခါ စိတ်နဲ့တကွ ဘဝဟောင်းက ရုပ်နာမ်တွေ ချုပ်ငြိမ်းသွားပြီးဘဝသစ် ရုပ်နာမ်က မပေါ်လာတော့ဘဲ ငြိမ်းသွားတာ။

စောစောပိုင်းတုန်းကလည်း ရုပ်နာမ်သင်္ခါရ ချုပ်နေတာပါပဲ, ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းရဲ့ သန္တာန်မှာ ဘယ်အချိန်မဆို ရုပ်နာမ်တွေ ချုပ်နေတယ်, ရုပ်နာမ်အဟောင်းတွေက ချုပ်တယ်, အသစ်တွေက ထပ်ပြီးတော့ ဖြစ်ဖြစ်နေတယ်။ သေတယ်ဆိုတဲ့အချိန်

စာ ၁၂၆

ကျတော့ ဘဝဟောင်းက ရုပ်နာမ်တွေတော့ ချုပ်ပျက်သွားတာပဲ, ဒါပေမယ်လို့ သေခါနီးစွဲလမ်းပြီး ဘဝသစ်မှာ ရုပ်နာမ်တရားတွေ ဆက်ဖြစ်တာကိုး။ ဘဝသစ်မှာ ရုပ်နာမ်အစဥ်အကျိုးတရားတွေမှာ သွားဖြစ်တာပဲ၊ အဝိဇ္ဇာ, သင်္ခါရ အစရှိသော အကြောင်းတရားတွေကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန အစရှိတဲ့ အကျိုးတရားတွေ အသစ် သွားပြီးတော့ ပေါ်တယ်, ရုပ်နာမ် သင်္ခါရတွေ အသစ် ဖြစ်နေတယ်။

အခု နိဗ္ဗာန်ဆိုတာက ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတဲ့အခါ ဘဝဟောင်းက ရုပ်နာမ်တွေ ချုပ်ငြိမ်းသွားပြီး ဘဝသစ် ရုပ်နာမ်က မဖြစ်ပေါ်တော့တာ, အဲဒါ ငြိမ်းသွားတာ။

ရုပ်နာမ်ဖြစ်ပျက်, ပြတ်လျက် ငြိမ်းသည် (လက္ခဏာ)

ယောဂီပုဂ္ဂိုလ် တွေ့ရတဲ့ နိဗ္ဗာန်က ဖြစ်ပျက်တဲ့တရားတွေ အကုန်လုံး ဘာမှမရှိဘဲ ချုပ်ငြိမ်းသွားတယ်, “ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဥ်း, ချုပ်ဆုံးနိဗ္ဗာန်တည်း”ဆိုတာ ဒါပဲတဲ့။ နိဗ္ဗာန်ရဲ့အငြိမ်းဓာတ်ကို တွေ့တယ်ဆိုတာ မျက်မှောက်တွေ့တာ ဖြစ်တယ်, ကြံတွေးယူရတာ မဟုတ်ဘူး။

ရုပ်နာမ်ဖြစ်ပျက်, ပြတ်လျက် ငြိမ်းသည်။

ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အစဥ်တွေဟာ တစ်ခါတည်း ယူပစ်လိုက်သလိုပဲ, လုံးဝပြတ်စဲပြီး ငြိမ်းသွားတဲ့သဘောပဲတဲ့, အဲဒါကို ယောဂီပုဂ္ဂိုလ်က တွေ့ရတယ်, နိဗ္ဗာန်အငြိမ်းဓာတ်ကို အရိယာမဂ်ဉာဏ်နဲ့ မျက်မှောက်ပြုပြီး တွေ့သွားတာတဲ့, ကြံတွေးယူစိတ်ကူးယူလို့ သဘောကျတာမျိုး မဟုတ်ဘူး။ တကယ့်ကို ငြိမ်းသွားတာကို တွေ့တာ,ယူပစ်လိုက်သလို အင်မတန် ထူးထူးဆန်းဆန်း ဖြုတ်ခနဲဆို ငြိမ်းသွားတာကို တွေ့တယ်,အဲဒါ မျက်မှောက်တွေ့သွားတာတဲ့။ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အစဥ် ပြတ်ပြီးတော့ ငြိမ်းသွားတယ်, ငြိမ်းတာကို တွေ့ရတယ်, အဲဒီငြိမ်းတဲ့ သဘောဟာ နိဗ္ဗာန်ပဲတဲ့။

သန္တိလက္ခဏံ နိဗ္ဗာနံ။

နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ သန္တိလက္ခဏံ- ငြိမ်းအေးခြင်းလက္ခဏာရှိ၏။ ငြိမ်းတာပါပဲ,အေးတယ် ဆိုတာကတော့ ဂုဏ်မြောက်အောင်လို့ ဂုဏ်တင်ပြီး ပြောတာ, ရေများအေးတာလို မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ ရှိနေသမျှ မအေးဘူး, ဒုက္ခတွေရောက်နေတာပဲ။ ယောဂီပုဂ္ဂိုလ်များမှာ အားထုတ်တော့ တရားအစဥ်အတိုင်း ဝိပဿနာ