ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၅၃

အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇

၁၃၂၄-ခုနှစ်, တန်ခူးလကွယ်နေ့

ဓမ္မာနုပဿနာပိုင်းက သစ္စာလေးပါးအပိုင်း မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့အနက်နောက်ဆုံးမဂ္ဂင် သမ္မာသမာဓိမဂ္ဂင်မှာ တတိယဈာန်ဖြစ်ပုံ ရောက်နေပြီ။ ဥပေက္ခာ ၁၀-ပါးမှာ ဆဠင်္ဂုပေက္ခာထိ ၅-ပါး ပြီးသွားပြီ။

(၆) ဗြဟ္မဝိဟာရ ဥပေက္ခာ

‘ဗြဟ္မဝိဟာရ’ဆိုတာ မြတ်သောနေခြင်း, တစ်နည်းအားဖြင့် ဗြဟ္မာတို့၏ နေခြင်း။မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, ဗြဟ္မဝိဟာရတရား ၄-ပါး ရှိတယ်။

သတ္တဝါတွေ ချမ်းသာစေလိုတဲ့ သဘောတရားကို မေတ္တာလို့ ခေါ်တယ်, လောကခေါ်ဝေါ်သုံးစွဲနေတဲ့ ရာဂနဲ့ တပ်မက်ပြီးတော့ ချစ်တဲ့ မေတ္တာတော့ မဟုတ်ပါဘူး။ဟိတာကာရပ္ပဝတ္တိလက္ခဏာ- တစ်ပါးသောပုဂ္ဂိုလ်၏ အစီးအပွားချမ်းသာကို ရှုခြင်းလက္ခဏာ ရှိပါတယ်တဲ့။ တွေ့တိုင်း တွေ့တိုင်း ပုဂ္ဂိုလ်တွေကို ချမ်းသာစေလိုတဲ့ စိတ်နဲ့မေတ္တာပွားများပြီးတော့ နေတာက မေတ္တာ ဗြဟ္မဝိဟာရတရားလို့ ခေါ်တယ်။

မေတ္တာ, ကရုဏာ, မုဒိတာ ဒီသုံးခုထဲက တစ်ခုခုကို စပြီး ပွားရတယ်, ပွားလို့ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်ရပြီးတဲ့နောက် စတုတ္ထဈာန်တက်တော့မှ ဒီမှာဥပေက္ခာ ပါလာတာကိုး, ဒီကျမှ ဥပေက္ခာနဲ့ ပွားလို့ရတယ်။

ဗြဟ္မဝိဟာရ မေတ္တာ

အဲဒါကြောင့် မေတ္တာကနေ တရားနှလုံးသွင်းအားထုတ်ပုံကလေး ပြောရဦးမယ်,မေတ္တာပြောပြီးတဲ့နောက် ကရုဏာတို့, မုဒိတာတို့ကတော့ ကျယ်ကျယ်ဝန်းဝန်း ပြောဖို့မလိုပါဘူး, မေတ္တာက အရေးကြီးတယ်။

မေတ္တာကမ္မဋ္ဌာန်း စပြီးပွားတဲ့အခါ အင်မတန် ချစ်အပ်တဲ့ပုဂ္ဂိုလ်, တော်ရုံတန်ရုံချစ်အပ်တဲ့ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, မုန်းနေတဲ့ပုဂ္ဂိုလ်, အဲဒီလေးဦးကို စပြီး ပွား

စာ ၂၅၄

များလို့ မဖြစ်ဘူးတဲ့။ ချစ်အပ်တဲ့ပုဂ္ဂိုလ် သွားပွားလို့ရှိရင် ရာဂဖြစ်တတ်တယ်, အလယ်အလတ်ပုဂ္ဂိုလ်ဆို ပေါ့နေတယ်, စိတ်မဝင်စားဘူး, မုန်းသူကို ပွားရင်လည်း ဒေါသဖြစ်တတ်တယ်။ ဒါကြောင့် ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်ကို စပြီးတော့ ပွားရမယ်တဲ့, ဒါကကမ္မဋ္ဌာန်းအဖြစ်နဲ့ ဈာန်ရအောင် ပွားတာမျိုးကို ဆိုတယ်။

သာမန်အားဖြင့်ဆိုရင်တော့ မြင်တိုင်း, တွေ့တိုင်း ပုဂ္ဂိုလ်တွေ အကုန်လုံး ပွားလို့ရပါတယ်, လူတစ်ယောက်ကို မြင်ရင် ချမ်းသာပါစေ, ချမ်းသာပါစေလို့ နှလုံးသွင်းနိုင်တာပဲ, အသံကြားလို့ရှိရင်လည်း ချမ်းသာပါစေလို့ နှလုံးသွင်းနိုင်တာပဲ, သာမညအားဖြင့်လည်း အားလုံးသော သတ္တဝါတွေ ချမ်းသာပါစေလို့ ဒီလို နှလုံးသွင်းလည်း ဖြစ်တာပဲ။

ဈာန်ရအောင်လို့ ပွားတော့မယ်ဆိုလို့ရှိရင် တစ်ဦးတစ်ယောက်တည်းကို စူးစိုက်ပြီးတော့ ပွားရမှာကိုး။

ကိုယ့်ကိုယ်ကို စပြီး မေတ္တာပွားတော့ သတ္တဝါတွေအားလုံး ချမ်းသာစေချင်တဲ့သရုပ် ပေါ်လာတယ်

ကိုယ့်ကိုယ်ကို စပြီးတော့ ပွားပါလို့ အဋ္ဌကထာဆရာက ပြောခဲ့တယ်, အရင်ဥပမာလေး ရသွားအောင်လို့တဲ့, ဒါကတော့ လိုရင်းတော့ မဟုတ်ပါဘူး။ အဝေရာဟောန္တု- ရန်ကင်းပါစေ, အဗျာပဇ္ဇာ ဟောန္တု- စိတ်ဆင်းရဲကင်းပါစေ, အနီဃာ ဟောန္တု-ကိုယ်ဆင်းရဲကင်းပါစေ, သုခီ အတ္တာနံ ပရိဟရန္တု- ချမ်းချမ်းသာသာနဲ့ မိမိခန္ဓာဝန်ကိုရွက်ဆောင်နိုင်ပါစေလို့ ဒီလေးပုဒ်ပါပဲ, တစ်ပုဒ်တည်း ပွားရင်လည်း ပြီးပါတယ်။

လောကမှာ ကိုယ့်ကိုယ်ဟာ အချစ်ဆုံးပဲ, ကိုယ့်ကိုယ်ထက် ပိုချစ်တာ မရှိဘူးတဲ့,မြတ်စွာဘုရား လက်ထက်တော်တုန်းက ပသေနဒီကောသလမင်းကြီးဆိုတာ ရှိတယ်။မင်းကြီးက တစ်နေ့တော့ ချီးမြှောက်ပြီး အားပေးစကားပြောချင်လို့ မိဖုရား မလ္လိကာကို“သင်မိဖုရား, လောကမှာ ဘယ်သူ့ကို အချစ်ဆုံးတုံး”လို့ မေးတယ်, မင်းကြီးက“အရှင်မင်းကြီးကို အချစ်ဆုံးပါ”လို့ ပြောစေချင်တာကိုး။ မလ္လိကာက သိပေမယ့် အမှန်ကနေပြီး လွှဲပြောလို့တော့ မဖြစ်ဘူး, ဒါကြောင့် “ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ မင်းကြီး”လို့ ဆိုပြီး ပြန်ပြောတယ်, ပြောပြီးတော့ တစ်ခါ မလ္လိကာက “အရှင်မင်းကြီးရောလောကမှာ ဘယ်သူ့ကို အချစ်ဆုံးတုံး” မေးတော့ သူလည်းပဲ မလ္လိကာပြောတဲ့လမ်းကမှန်နေတာကိုး, ဒီတော့ “ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ”လို့ ဖြေတယ်။

စာ ၂၅၅

ပသေနဒီကောသလမင်းကြီးက နောက်တစ်နေ့ မြတ်စွာဘုရားကို ဒီအကြောင်းကိုလျှောက်တော့ မြတ်စွာဘုရားက ပြန်ပြီးတော့ ဟောထားတယ်။

သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊ နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။

ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊ တသ္မာ န ဟိံသေ ပရမတ္ထကာမော။

(သဂါထာဝဂ္ဂသံယုတ်၊ ပါဠိ၊ ၇၅)

သဗ္ဗာ ဒိသာ- အလုံးစုံသောအရပ်တွေကို၊ အနုပရိဂမ္မ- အစဥ်အတိုင်း လှည့်လည်၍၊ စေတသာ- စိတ်ဖြင့် ရှာကြည့်ပါ။ အတ္တနာ- မိမိထက်၊ ပိယတရံ- ချစ်အပ်သောပုဂ္ဂိုလ်ကို၊ ကွစိ- တစ်စုံတစ်ခု၌၊ နေဝဇ္ဈဂါ- မရနိုင် မတွေ့နိုင်ပါဘူး-တဲ့။

ကိုယ့်ကိုယ်ဟာဖြင့် အချစ်ဆုံးပဲ တွေ့ပါလိမ့်မယ်တဲ့, ဒါကြောင့် ကိုယ့်ကိုယ်ဟာအချစ်ဆုံးဆိုတော့ ယခုလောလောဆယ် ကိုယ့်ကိုယ်၌ ဆင်းရဲဒုက္ခတွေ ရောက်လာမှာစိုးရိမ်တယ်, ချမ်းသာနဲ့ ပြည့်စုံနေချင်တယ်။ နောင် သံသရာမှာလည်း ဆင်းရဲဒုက္ခမတွေ့ရအောင်, ချမ်းသာအောင်လို့ မကောင်းတဲ့ အကုသိုလ်တွေ မပြုရဘူး, ရှောင်ကြဥ်ရမယ် ဆိုပြီးတော့ မြတ်စွာဘုရားက တရားတစ်ပုဒ် ဟောတယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်က စပြီးတော့ မေတ္တာပွားပါတဲ့, မေတ္တာပွားလိုက်တော့ကိုယ် ချမ်းသာချင်သလိုပဲ, သူများတွေကိုလည်း ချမ်းသာစေချင်တာကိုး။

ပရေသံ- သူတစ်ပါးတို့၏၊ ပုထု- အသီးအသီးသော၊ အတ္တာ- ကိုယ်ကို၊ ဧဝံ- ဤအတူပင်၊ ပိယော- ချစ်အပ်ပါတယ်တဲ့။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းဟာ ကိုယ့်ကိုယ်လေးနဲ့ကိုယ်ချစ်နေတာပဲတဲ့, သွားရင်းလာရင်း ဒီက တစ်ခါတစ်ခါ စဥ်းစားကြည့်တယ်, ဝက်တို့, ဘဲတို့ သတ္တဝါလေးတွေ ဘေးရန်အန္တရာယ် ရှိတယ်ဆိုလို့ရှိရင် ပြေးရှာကြတယ်,သူ့ခန္ဓာကိုယ် ဆင်းရဲရောက်မှာ စိုးလို့ ကြောက်လန့်လို့ ပြေးတာ, လွတ်လောက်တဲ့နေရာကျတော့ သေသေချာချာ လှည့်ကြည့်လိုက်သေးတယ်, သူ့ကိုယ်လေး သူ စောင့်ရှောက်နေတာ, ချမ်းသာရေး လုပ်နေကြတာပါ။

အဲဒါ ကိုယ့်ကိုယ်ကိုတော့ အားလုံးဟာ ချစ်နေကြပါတယ်တဲ့, ချမ်းသာခြင်းအလိုရှိနေကြတယ်, ဒါကြောင့် မိမိကိုယ်က စပြီးတော့ မေတ္တာပို့ပါတဲ့။

မိမိကိုယ်ကို မေတ္တာပို့တာတော့ လွယ်ပါတယ်, နည်းနည်း ပို့လိုက်ရင် သိသာနေပါပြီ, “ငါ့မှာ ရန်ကင်းပါစေ, စိတ်ဆင်းရဲကင်းပါစေ, ကိုယ်ဆင်းရဲကင်းပါစေ, ချမ်းသာ

စာ ၂၅၆

ပါစေ, ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ”လို့ အမြဲတမ်း မေတ္တာပွားများရတယ်။

စဥ်းစားကြည့်ရင် မိမိခန္ဓာဝန်ကို နေ့စဥ်နေ့စဥ် ပြုစုနေရတယ်, အညစ်အကြေးတွေ သုတ်သင်ပြီးတော့ ပေးနေရတယ်, အစာလည်း ကျွေးရတယ်, အိပ်တန် အိပ်ပေးရတယ်, ထတန်လည်း ထပေးရတယ်, အင်မတန် တာဝန်လေးတဲ့ ဥစ္စာကြီး, ကိုယ့်ကိုယ်နဲ့ကိုယ် ရနေတော့ ဘယ့်နှယ်မှ မတတ်နိုင်ဘူး, ပြုစုနေရတာပဲ, အဲဒီ ခန္ဓာကိုယ် ဝန်ထုပ်ကြီးကို ထမ်းဆောင်နေရတယ်တဲ့။

အဲဒီခန္ဓာကိုယ်ဝန်ကြီးဟာ သုခီ- ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့၊ အတ္တာနံ-မိမိကိုယ်ကို၊ ပရိဟရာမိ- ဆောင်နိုင်ပါစေလို၏-လို့ ကိုယ့်ကိုယ်ကို မေတ္တာပို့ရမယ်တဲ့,ဒီတော့ ကိုယ့်လိုပဲ သတ္တဝါတွေအားလုံး ချမ်းသာစေချင်တဲ့သရုပ် ပေါ်လာတယ်။

လေးစား ကြည်ညိုလောက်တဲ့ ပုဂ္ဂိုလ်ကို မေတ္တာပို့ရမယ်

ဒီတော့မှ လေးစားလောက်တဲ့ပုဂ္ဂိုလ်, ကြည်ညိုလောက်တဲ့ပုဂ္ဂိုလ် တစ်ဦးဦးကိုစိတ်ထဲမှာ အာရုံပြုပြီးတော့ မေတ္တာပို့ရမယ်တဲ့။

ဘေးရန်ကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ, ကိုယ်ဆင်းရဲ ကင်းပါစေ,

ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။

မေတ္တာ ပထမဈာန်

မေတ္တာပို့တော့ အဲဒီပုဂ္ဂိုလ် ချမ်းသာစေချင်တဲ့စိတ် ဖြစ်ပြီး ပွားနေတဲ့အခါ ဈာန်ရတာကိုး။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဆိုတဲ့ ဈာန်အင်္ဂါ ၅-ပါးနဲ့ အဲဒီပုဂ္ဂိုလ်ချမ်းသာပါစေဆိုတဲ့ စိတ်ကလေးတစ်ခုတည်း ငြိမ်ဝပ်ရပ်တည်ပြီးတော့ သွားလို့ရှိရင်မေတ္တာဈာန် ဖြစ်တယ်။

အဲဒီ မေတ္တာဈာန်ထဲမှာ အဲဒီပုဂ္ဂိုလ်ရဲ့ အာရုံကို ကြံစည်ရတဲ့ ဝိတက်ကလေးလည်း ပါတယ်, သုံးသပ်ရတဲ့ ဝိစာရလေးလည်း ပါတယ်, အဲဒီပုဂ္ဂိုလ်ကို အာရုံပြုရင်းနဲ့ပီတိလည်းပဲ ဖြစ်နေတယ်, စိတ်ထဲမှာ ပီတိလေးဖြစ်ပြီး ကောင်းနေတယ်, စိတ်ချမ်းသာမှုစိတ်ရွှင်လန်းမှု သုခလေးလည်း ပါတယ်, အဲဒီအာရုံထဲ စိတ်ကလေး ငြိမ်ဝပ်ရပ်တည်နေတဲ့ သမာဓိလည်း ပါတယ်, ပထမဈာန် ရသွားတယ်, ဒါကို မေတ္တာ ပထမဈာန်ခေါ်တယ်။

စာ ၂၅၇

၅၂၈-သွယ်ဆိုတာ ရွတ်ဖတ်ဖို့ မဟုတ်ဘူး, မေတ္တာဈာန် ပွားများဖို့တဲ့

ဒီလေးပုဒ် အစဥ်အတိုင်း နှလုံးသွင်းရင် တစ်ခုစီက ဈာန်တစ်ခုစီ ရနိုင်တယ်တဲ့,“ဈာန်လေးခု အပ္ပနာလေးခု”လို့ ခေါ်တယ်။ ၅၂၈-သွယ်မေတ္တာဆိုတာ ဒါတွေပဲ။

သဗ္ဗေ သတ္တာ- အလုံးစုံသောသတ္တဝါတွေ, အဝေရာ ဟောန္တု- ရန်ကင်းကြပါစေ,သဗ္ဗေ ပါဏာ- အလုံးစုံသော အသက်ရှူတတ်တဲ့ သတ္တဝါတွေ, အဝေရာ ဟောန္တု-ရန်ကင်းကြပါစေ, သဗ္ဗေ ဘူတာ- ကိုယ်ထင်ရှားရှိတဲ့သတ္တဝါတွေ, အဝေရာ ဟောန္တု-ရန်ကင်းကြပါစေ, သဗ္ဗေ ပုဂ္ဂလာ- အလုံးစုံသောပုဂ္ဂိုလ်တွေ, အဝေရာ ဟောန္တု-ရန်ကင်းကြပါစေ, သဗ္ဗေ အတ္တဘာဝပရိယာပန္နာ- အလုံးစုံသော အတ္တဘော ခန္ဓာကိုယ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ, အဝေရာ ဟောန္တု- ရန်ကင်းကြပါစေ။ ဒီ ၅-ပုဒ်က အနောဓိသမေတ္တာ-တဲ့, ဒါက ဘယ်သူဘယ်ဝါရယ်လို့ သီးသန့်မခွဲခြားဘူးပေါ့လေ။

ဩဓိသ- အကန့်အသတ်ပါတယ်။ သဗ္ဗာ ဣတ္ထိယော- အလုံးစုံသော မိန်းမတွေ,အဝေရာ ဟောန္တု- ရန်ကင်းကြပါစေ။ သဗ္ဗေ ပုရိသာ- အလုံးစုံသော ယောကျာ်းတွေ,သဗ္ဗေ အရိယာ- အလုံးစုံသော အရိယာပုဂ္ဂိုလ်တွေ, သဗ္ဗေ အနရိယာ- အလုံးစုံသောပုထုဇဥ်ပုဂ္ဂိုလ်တွေ, သဗ္ဗေ ဒေဝါ- အလုံးစုံသော နတ်တွေ, သဗ္ဗေ မနုဿာ-အလုံးစုံသော လူတွေ, သဗ္ဗေ ဝိနိပါတိကာ- အပါယ်ဘုံသားတွေ, ဒါက အားလုံး ၇-ပုဒ်ရှိပါတယ်။

အနောဓိသ ၅-ပုဒ်နဲ့ ဩဓိသ ၇-ပုဒ် ပေါင်း ၁၂-ပုဒ် ရှိတာကိုး။ အဲဒီ ၁၂-ပုဒ်ကိုအဝေရာ ဟောန္တု- ရန်ကင်းပါစေ, အဗျာပဇ္ဇာ ဟောန္တု- စိတ်ဆင်းရဲကင်းပါစေ,အနီဃာ ဟောန္တု- ကိုယ်ဆင်းရဲကင်းပါစေ, သုခီ အတ္တာနံ ပရိဟရန္တု- ချမ်းချမ်းသာသာနဲ့ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေလို့ စပ်လိုက်တော့ မေတ္တာ ၄၈-ခု ရတယ်။

အဲဒါကို အရပ်မျက်နှာနဲ့ ပို့လိုက်တော့ အရပ်မျက်နှာ ၁၀-ခု မေတ္တာ ၄၈၀-ရမယ်။ အရှေ့, အနောက်, မြောက်, တောင်, အရှေ့တောင်, အနောက်မြောက်, အရှေ့မြောက်, အနောက်တောင်, အထက်, အောက်, အရပ် ၁၀-ခု ရှိတာကိုး။ အရပ်မျက်နှာတွေ မပါဘဲနဲ့ မေတ္တာ ၄၈-ခု ရှိတာကိုး, အဲဒီ ၄၈-နဲ့ ၄၈၀ ပေါင်းတော့ ၅၂၈။ မေတ္တာ၅၂၈-သွယ်ဆိုတာ ဒါပဲ။ ဒါကလည်းပဲ ရွတ်ဖို့ ဖတ်ဖို့ မဟုတ်ပါဘူး, မေတ္တာဈာန်ကစားတဲ့အခါမှာ သေသေချာချာ ပွားများအားထုတ်ဖို့တဲ့။

စာ ၂၅၈

မေတ္တာပွားမှုက တတိယဈာန်အထိပဲ ရောက်နိုင်တယ်

အဲဒီလို မေတ္တာပွားတော့ ခုနပြောတဲ့ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဈာန်အင်္ဂါ ၅-ပါးနဲ့ ပထမဈာန် ရောက်တယ်။ နောက် ဝိတက်, ဝိစာရကို ကျော်လွန်သွားအောင် အားထုတ်တော့ ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ၃-ပါးနဲ့ ဒုတိယဈာန်လည်း ရောက်ပါတယ်။ နောက် ပီတိကို လွန်မြောက်သွားအောင် အားထုတ်တဲ့အခါသုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးနဲ့ တတိယဈာန် ရောက်ပါတယ်။

စတုတ္ထဈာန်တော့ မရောက်ဘူး, ဥပေက္ခာနဲ့ မေတ္တာပွားလို့တော့ မဖြစ်ဘူး, တစ်စုံတစ်ယောက်သော သတ္တဝါ ချမ်းသာပါစေဆိုတာ ဥပေက္ခာနဲ့ လျစ်လျူရှုလို့ မဖြစ်ဘူး,ဥပေက္ခာက “ကမ္မဿကာ”ကိုး, သူ့ကံအားလျော်စွာ သူ့ဟာသူ ကောင်းစရာရှိ ကောင်းမှာပဲ, မကောင်းစရာရှိ မကောင်းဘူး, ဥပေက္ခာက ဒီသဘောနဲ့မှ ရတာ။

မေတ္တာပွားတဲ့အခါ ဥပေက္ခာနဲ့ လုပ်လို့တော့ မရဘူး, ချမ်းသာစေလိုတဲ့စိတ်ဟာသောမနဿနဲ့ လုပ်ရတယ်။ စိတ်ထဲမှာ ရွှင်ရွှင်လန်းလန်း ကြည်ကြည်သာသာနဲ့နှလုံးသွင်းရတယ်, ဒီလိုမှ ဒီဈာန်က ဖြစ်နိုင်တာ, ဒါကြောင့် စတုတ္ထဈာန် မရနိုင်ဘူးတဲ့။စတုတ္ထဈာန်ကို ဗြဟ္မဝိဟာရ ဥပေက္ခာ အားထုတ်မှ ရနိုင်တယ်။

မေတ္တာအကျိုး ၁၁-မျိုး

မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ

ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ

သုသမာရဒ္ဓါယာ ဧကာဒသာနိသံသာ ပါဋိကင်္ခါ။

မေတ္တာဈာန်ရဲ့ အကျိုးတွေ ၁၁-ပါး ရတယ်တဲ့။ သုခံ သုပတိ- ချမ်းသာစွာ အိပ်ရခြင်း၊ သုခံ ပဋိဗုဇ္ဈတိ- ချမ်းသာစွာ နိုးရခြင်း။ အိပ်ရင်လည်း ချမ်းချမ်းသာသာပဲ, ပင်ပင်ပန်းပန်း မဖြစ်ဘူးတဲ့, နိုးလာတဲ့အခါလည်း ကြည်ကြည်လင်လင် ရွှင်ရွှင်လန်းလန်းနဲ့နိုးလာတာပဲ။ န ပါပကံ သုပိနံ ပဿတိ- ယုတ်ညံ့သော မကောင်းသော အိပ်မက်ကိုမမြင်မက်ပါဘူးတဲ့, အိပ်မက်ဆိုးများလည်း မမြင်မက်ဘူးတဲ့။

မနုဿာနံ ပိယော ဟောတိ- လူတွေက ချစ်တယ်တဲ့။ အမနုဿာနံ ပိယောဟောတိ- နတ်တွေကလည်း ချစ်တယ်တဲ့။ ဒေဝတာ ရက္ခန္တိ- နတ်တွေက စောင့်ရှောက်တတ်တယ်တဲ့။

စာ ၂၅၉

နာဿ အဂ္ဂိ ဝါ သတ္ထံ ဝါ ဝိသံ ဝါ ကမတိ- ထိုပုဂ္ဂိုလ်၏ကိုယ်၌ မီးဖြစ်စေ,အဆိပ်ဖြစ်စေ, လက်နက်ဖြစ်စေ မကျရောက်နိုင်ဘူးတဲ့, ရှောင်လွှဲတတ်တယ်တဲ့, မကျရောက်ဘဲနဲ့ လွတ်မြောက်တတ်ပါတယ်တဲ့။ တုဝဋံ စိတ္တံ သမာဓိယတိ- စိတ်များလည်းကြည်လင်စေတတ်တယ်တဲ့, စိတ်တည်ကြည်လွယ်တယ်တဲ့။ မုခဝဏ္ဏော ဝိပ္ပသီဒတိ-မျက်နှာလည်းပဲ ရွှင်ရွှင်လန်းလန်း ရှိပါတယ်တဲ့, ညစ်ပုပ်ပြီးတော့ ညှိုးနွမ်းနေတယ်လို့မရှိဘူးတဲ့။

အသမ္မူဠှော ကာလံ ကရောတိ- သေတဲ့အခါလည်း မတွေမဝေ ဖြစ်ပါတယ်တဲ့,တွေဝေပြီးတော့ မဖြစ်ဘူးတဲ့။ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မာလောကူပဂေါ ဟောတိ-မေတ္တာဈာန်ထက် ပိုတဲ့ မဂ်ဖိုလ်တရားတွေ မရခဲ့လို့ရှိရင် သေသည်၏အခြားမဲ့မှာဗြဟ္မာဖြစ်မယ်။ အဲဒါ မေတ္တာ၏အကျိုး ၁၁-ပါးတဲ့, အင်မတန် ကောင်းပါတယ်။

အိပ်နိုး ချမ်းသာ, ကောင်းစွာ အိပ်မက်, ချစ်လျက် လူနတ်, စောင့်လတ် နတ်များ, မီး ဆိပ် ဓားတို့, ရှောင်ရှား ကိုယ်မှာ,

လျင်စွာ စိတ်တည်, ရွှင်ကြည် မျက်နှာ, သေခါ မတွေ, လားလေ ဗြဟ္မာ,

ဆယ့်တစ်ဖြာသည်, မေတ္တာပွားမှု အကျိုးတည်း။

ဗြဟ္မဝိဟာရ ကရုဏာ

ဆင်းရဲတဲ့ သတ္တဝါကို အာရုံပြုပြီး “ဆင်းရဲက လွတ်ပါစေ”လို့ နှလုံးသွင်းတာကရုဏာ ဗြဟ္မဝိဟာရပဲ။ သနားစရာကောင်းတဲ့ ပုဂ္ဂိုလ်ကို စပြီး နှလုံးသွင်းတယ်။နောက်တော့ အကုန်လုံး သတ္တဝါတွေလည်း သူ့ဆင်းရဲနဲ့သူ ရှိနေတာပါပဲ, အကုန်လုံးသနားစရာတွေ ဖြစ်လာတယ်, ခန္ဓာဝန်တွေ ရှိနေသမျှကာလပတ်လုံး ဆင်းရဲ ရှိနေတာပဲ။ အားလုံးသော သတ္တဝါတွေ သနားစရာ ဖြစ်လာတော့ ဆင်းရဲက လွတ်ပါစေလို့အားလုံးသော သတ္တဝါတွေကို နှလုံးသွင်းလို့ ရပါတယ်။

ဗြဟ္မဝိဟာရ မုဒိတာ

မုဒိတာဆိုတာ ဝမ်းမြောက်ဝမ်းသာတာ, ပြည့်စုံကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ အကြောင်းပြုပြီးတော့ ယခုပြည့်စုံတဲ့အတိုင်း ပြည့်စုံနေပါစေလို့ ဒီလိုနှလုံးသွင်းရမှာကိုး။ ပြည့်စုံနေတာကို ဝမ်းသာမှု ဖြစ်ရတယ်, ဒါ အရေးကြီးပါတယ်။ ပြည့်စုံသမျှ အဲဒီစည်းစိမ်ကနေပြီးတော့ မဆုတ်ယုတ် မပျက်ပြားပါစေနဲ့, မဆုံးရှုံးပါစေနဲ့, ချမ်းသာမြဲ ချမ်းသာပါစေ,

စာ ၂၆၀

ပြည့်စုံမြဲ ပြည့်စုံပါစေ, ကြီးပွားမြဲ ကြီးပွားပါစေလို့ အာရုံပြုပြီး ဝမ်းမြောက်ရတာ,အင်မတန် နေရာကျတယ်, အဲဒါက မုဒိတာပွားပုံပဲ ဖြစ်တယ်။

တတိယဈာန်ထိ ဈာန်သုံးပါး ရပြီးတော့မှ ဥပေက္ခာဈာန် ပွားရတယ်

အဲဒီ မေတ္တာ ကရုဏာ မုဒိတာ သုံးခုလုံးဟာ ဈာန်အင်္ဂါ ၅-ပါးနဲ့ ပြည့်စုံတဲ့ပထမဈာန်လည်း ရောက်နိုင်တယ်, ဈာန်အင်္ဂါ ၃-ပါးနဲ့ ပြည့်စုံတဲ့ ဒုတိယဈာန်လည်းရောက်နိုင်တယ်, ဈာန်အင်္ဂါ ၂-ပါးနဲ့ ပြည့်စုံတဲ့ တတိယဈာန်ကိုလည်း ရောက်နိုင်တယ်။

မေတ္တာနဲ့ဖြစ်စေ, ကရုဏာနဲ့ဖြစ်စေ, မုဒိတာနဲ့ဖြစ်စေ ပထမဈာန်, ဒုတိယဈာန်,တတိယဈာန် ဈာန်သုံးပါး ရပြီးတော့မှ ဥပေက္ခာဈာန် ပွားရတယ်။

သဗ္ဗေ သတ္တာ ကမ္မဿကာ။

သဗ္ဗေ သတ္တာ- အလုံးစုံသော သတ္တဝါတို့သည်၊ ကမ္မဿကာ- ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏။ ကမ္မဿကာ-ဆိုတာ သူ့ကံနဲ့သူ, သူ့အကြောင်းနဲ့သူပေါ့လေ,ဘာမှ မတတ်နိုင်ဘူး, ဒီလို နှလုံးသွင်းရတာကိုး။

မေတ္တာ ကရုဏာတွေက မသိမ်မွေ့ဘူးတဲ့, မုဒိတာကလည်း သူတစ်ပါး ကြီးပွားချမ်းသာတာတွေ အကြောင်းပြုပြီး ဝမ်းသာနေတယ်, သိပ်ဣန္ဒြေမရဘူး, မသိမ်မွေ့ဘူး,ဥပေက္ခာပဲ သိမ်မွေ့တယ်တဲ့။ ကမ္မဿကာ- ကံအတိုင်းပဲတဲ့, ကြီးပွားစရာရှိရင် ကြီးပွားမှာပဲ, ပျက်စီးစရာ ရှိရင်လည်း ပျက်စီးမှာပဲ, ချမ်းသာစရာ ရှိရင် ချမ်းသာမှာပဲ, ဆင်းရဲစရာ ရှိရင်လည်း ဆင်းရဲမှာပဲ။ ပျက်စီးစရာရှိတဲ့ပုဂ္ဂိုလ် မပျက်စီးပါစေနဲ့လို့ ဘေးက လုပ်လို့ မတတ်နိုင်ဘူး, အဲဒီတော့ “ကမ္မဿကာ- သူ့ကံအတိုင်းပဲ”တဲ့, “ကမ္မဿကာ” ဆိုပြီးတော့ လျစ်လျူရှုရတာကိုး။

အခုခေတ်ကာလ ဥပေက္ခာကို အပြစ်တင်ကြတယ်, သူများအတွက် ကြောင့်ကြမစိုက်ရမလား ဆိုပြီးတော့ အပြစ်တင်ကြတယ်။ ဟို ဥရောပက လူတွေ တစ်ကမ္ဘာလုံးကောင်းစားချမ်းသာရေး ကြံနေကြတာကိုး, ကြံနေကြတော့ သူတို့က မေတ္တာကို လက်ခံတယ်, ကရုဏာကို လက်ခံတယ်, မုဒိတာကိုလည်း လက်ခံတယ်။ ဥပေက္ခာကိုတော့သူတို့ လက်မခံဘူး, သတ္တဝါကောင်းစားရေးက ဥပေက္ခာ မလုပ်ဘူးတဲ့။ ဥပေက္ခာကိုမကောင်းဘူးဆိုပြီးတော့ သူတို့က ယူဆတယ်။

သတ္တဝါတစ်ဦးတစ်ယောက် ချမ်းသာအောင် ဆောင်ရွက်နိုင်ပါလျက်နဲ့ မဆောင်ရွက်ဘူး, သတ္တဝါတစ်ဦးတစ်ယောက် ဆင်းရဲလွတ်မြောက်အောင် ဆောင်ရွက်နိုင်ပါ

စာ ၂၆၁

လျက်နဲ့ မဆောင်ရွက်ဘူး, အဲဒီလိုဆိုလို့ရှိရင် တာဝန်ဝတ္တရား ချွတ်ယွင်းတယ်လို့ ခေါ်ရမှာပေါ့။ ဥပေက္ခာက ဒီလို မဟုတ်ပါဘူး။

ဒီလို လျစ်လျူရှုမှပဲ ဒီ ဥပေက္ခာဈာန်သို့ ရောက်မှာကိုး။ ငြိမ်သက်အေးချမ်းတဲ့စိတ်ကလေး နူးညံ့တဲ့စိတ်ကလေး ဖြစ်အောင်လို့ လုပ်ရမှာ။

သတ္တဝါတွေ ချမ်းသာအောင် အစက နှလုံးသွင်းခဲ့လို့ မေတ္တာဈာန် ပထမဈာန်,ဒုတိယဈာန်, တတိယဈာန်တို့ကို နိုင်နင်းသွားတယ်။ အခု တစ်ကမ္ဘာလုံး ကောင်းစားစေချင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ပထမဈာန်လည်း မရောက်သေးဘူး, ဒုတိယဈာန်လည်းမရောက်သေးဘူး, တတိယဈာန်လည်း မရောက်သေးဘူး, အဝေးကြီး ရှိသေးတယ်။

ကရုဏာနဲ့ သနားခဲ့တာလည်း ပထမဈာန်, ဒုတိယဈာန်, တတိယဈာန် နိုင်နင်းလာပြီ။ ကြီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေ အကြောင်းပြုပြီးတော့ မုဒိတာနဲ့ ပွားများလာတာလည်း ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, အဆင့်အတန်း ကုန်ပြီ။ ဒီ့ပြင်လုပ်စရာမရှိဘူး, ဥပေက္ခာ ပွားရမှာပေါ့။

အလုံးစုံသော သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏

သဗ္ဗေ သတ္တာ ကမ္မဿကာ- အလုံးစုံသော သတ္တဝါတွေ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏၊ ကမ္မယောနီ- ကံသာလျှင် အကြောင်းရှိကုန်၏၊ ကမ္မဗန္ဓူ- ကံသာလျှင် အဆွေအမျိုးရှိကုန်၏၊ ကမ္မဒါယာဒါ- ကံ၏အမွေကို ခံရကုန်၏၊ ကမ္မပဋိဿရဏာ- ကံသာလျှင် အားကိုးစရာရှိကုန်၏တဲ့။

ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်တွေ ကုသိုလ်ကံ၏ အကျိုးတွေ ရတယ်, အကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်တွေ အကုသိုလ်ကံအကျိုး ရတယ်, ကံ၏အကျိုးတွေ ခံစားရတယ်။ အမေက ပေးနိုင်တာလည်း မဟုတ်ဘူး, အဖေက ပေးနိုင်တာလည်း မဟုတ်ဘူး, ဆွေမျိုးကမပေးနိုင်ဘူး, ဆရာသမားက မပေးနိုင်ဘူး, အခြွေအရံအပေါင်းအသင်းတွေက မပေးနိုင်ဘူး, ကံကပဲ ပေးနိုင်တယ်။ ဓမ္မပဒအဋ္ဌကထာမှာ ဟောထားတယ်,

န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိ စ ဉာတကာ။ သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

တံ- ထိုကဲ့သို့သော စည်းစိမ်ကျက်သရေ အခြေအနေမျိုးကို၊ မာတာ ဝါ- အမိသည်လည်း၊ န ကယိရာ- မပြုလုပ်နိုင်၊ ပိတာ ဝါ- အဘသည်လည်း၊ န ကယိရာ- မပြု

စာ ၂၆၂

လုပ်နိုင်၊ အညေ ဝါပိ စ ဉာတကာ- မိဘမှတစ်ပါးသောဆွေမျိုးတို့သည်လည်း၊ နကရေယျုံ- မပြုလုပ်နိုင်ကုန်၊ သမ္မာပဏိဟိတံ- ဒါန သီလ ဘာဝနာ၏ အစွမ်းအားဖြင့်ကောင်းစွာ ဆောက်တည်၍ထားအပ်သော၊ စိတ္တံ - စိတ်သည်၊ တံ- ထိုမိဘဆွေမျိုးတို့ပြုလုပ်သည်ထက်၊ သေယျသော- ကောင်းမြတ်အောင်၊ ကရေ- ပြုလုပ်နိုင်၏။

ကောင်းစွာထားတဲ့ စိတ်ကလေးဟာ အမေက ပြုလုပ်မပေးနိုင်တဲ့ စည်းစိမ်ဂုဏ်ကျက်သရေတွေလည်း ဆောင်ရွက်ပေးနိုင်တာပဲ, အဖေက ပြုလုပ်မပေးနိုင်တဲ့ စည်းစိမ်ကျက်သရေတွေလည်း ပြုလုပ်ပေးနိုင်တာပဲ, ဆွေမျိုးတွေက မပြုမလုပ်နိုင်တာလည်းဆောင်ရွက်ပေးနိုင်တာပဲတဲ့။

တရားရေးဘက်ကျရင် သူတို့က အကူအညီ မပေးနိုင်ဘူး, သီလပြည့်စုံအောင်ဆိုတာ ကိုယ့်ဟာကိုယ် ကျင့်ရတာ, ဒါနကုသိုလ်တွေ ပြည့်စုံအောင် ကိုယ့်ဟာကိုယ်လုပ်မှ ဖြစ်တယ်, သမာဓိကုသိုလ်တရားတွေ ပြည့်စုံအောင် ကိုယ့်ဟာကိုယ် လုပ်မှ ဖြစ်တာ, ပညာဘာဝနာတွေ ဝိပဿနာဘာဝနာတွေ မဂ်ဖိုလ်တရားတွေ ကိုယ့်ဟာကိုယ်အားထုတ်မှ ဖြစ်တာ, မိဘတွေ ဆရာသမားတွေ ဆွေမျိုးတွေ ဘာမှ မတတ်နိုင်ဘူး။

ဗြဟ္မဝိဟာရ ဥပေက္ခာ ပွားလို့ ပြည့်စုံရင် စတုတ္ထဈာန်ရတယ်

သူ့ကံတရားအတိုင်းပဲတဲ့, သူ့ကံအတိုင်းပဲ ဆိုပြီး ဒီလိုနှလုံးသွင်းရတာကိုး, ဒါကိုဥပေက္ခာ ခေါ်တယ်, အဲဒီဥပေက္ခာကလည်း အစဥ်အတိုင်း သမာဓိတရားတွေ တိုးတက်ပြီး နောက်ဆုံး ဈာန်ရောက်သွားတော့ ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၂-ပါးရှိတဲ့စတုတ္ထဈာန် ရသွားတယ်။ သူက ပထမဈာန် မရှိဘူး, ဒုတိယဈာန် မရှိဘူး, တတိယဈာန် မရှိဘူး။ မေတ္တာ ကရုဏာ မုဒိတာ တတိယဈာန်ကနေပြီး ဆက်ပြီးတော့ ပွားရတာကိုး။ မေတ္တာ ကရုဏာ မုဒိတာရဲ့ နောက်ဆုံးမှာ ထီးတင်တဲ့သဘောပေါ့, စေတီတည်တဲ့အခါ အောက်က အုတ်တွေနဲ့ ပြီးအောင် လုပ်, နောက်ဆုံးကျမှ ထီးက တင်ရတာကိုး။

အဲဒါလိုပဲ မေတ္တာ ကရုဏာ မုဒိတာနဲ့ ပထမဈာန် ဒုတိယဈာန် တတိယဈာန်တွေ ရအောင်လို့ အားထုတ်ပြီးတဲ့အခါမှာ “သဗ္ဗေ သတ္တာ ကမ္မဿကာ”ဥပေက္ခာပွားလို့ သမာဓိ ရင့်သန်ပြည့်စုံတဲ့အခါ ဈာန်ဖြစ်လာတယ်။ ဝိတက် ဝိစာရတွေက ဒုတိယဈာန်ကတည်းက ကင်းတာ, ပီတိက တတိယဈာန်မှာ ကင်းသွားတာ, အခု