ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၆၅

အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈

၁၃၂၄-ခုနှစ်, ကဆုန်လဆန်း ၈-ရက်နေ့

ဓမ္မာနုပဿနာပိုင်းက သစ္စာလေးပါးအပိုင်း မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါးရှိတဲ့အနက်နောက်ဆုံးမဂ္ဂင် သမ္မာသမာဓိမဂ္ဂင်မှာ တတိယဈာန်ဖြစ်ပုံ ရောက်နေပြီ။ ဥပေက္ခာ ၁၀-ပါးမှာ ဗြဟ္မဝိဟာရ ဥပေက္ခာထိ ၆-ပါး ပြီးသွားပြီ။

တတြမဇ္ဈတ္တတာ စေတသိက်တစ်ခုတည်းကို ၆-မျိုး ခွဲပြီးတော့ အခါအားလျော်စွာမြတ်စွာဘုရား ဟောထားပါတယ်။ အဲဒီ ၆-မျိုးထဲက ဆဠင်္ဂုပေက္ခာ, ဗြဟ္မဝိဟာရုပေက္ခာဒီနှစ်ခု ဟောပြီးပါပြီ, နောက် ၄-ခုကလည်းပဲ သိပ်ပြီး အကျယ်ချဲ့စရာ မရှိပါဘူး,ဗောဇ္ဈင်္ဂုပေက္ခာတစ်ခု ဟောလိုက်ရင် နောက်ဟာတွေကလည်း အတူတူပါပဲ။

(၇) ဗောဇ္ဈင်္ဂုပေက္ခာ

သတိသမ္ဗောဇ္ဈင်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်,ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်လို့ ဗောဇ္ဈင် ၇-ပါးရှိတယ်။‘ဗောဓိ + အင်္ဂ’ ကနေပြီး ဗောဇ္ဈင်္ဂ ဖြစ်လာတယ်, ‘ဗောဓိ’ ဆိုတာ သိတတ်တဲ့ပုဂ္ဂိုလ်,တစ်နည်းအားဖြင့် သိကြောင်းဖြစ်တဲ့တရားအပေါင်း, ‘အင်္ဂ’ဆိုတာကတော့ အကြောင်းအစိတ်အပိုင်းပေါ့။ နှစ်ပုဒ်တွဲလိုက်တော့ ‘သိသောသူ၏ အကြောင်း, သိသောသူ၏အစိတ်အပိုင်း, သိသောသူဖြစ်ခြင်း၏ အကြောင်းပဲ’တဲ့။ သစ္စာ ၄-ပါးတရားတွေကို သိတယ်တဲ့, သစ္စာ ၄-ပါးသိတဲ့ ပုဂ္ဂိုလ်ကို ‘ဗောဓိ’လို့ ခေါ်တယ်။

ဥဒယဗ္ဗယဉာဏ်ကစပြီးတော့ ဗောဇ္ဈင်စာရင်း ဝင်တယ်

ဘယ်လိုပုဂ္ဂိုလ်တုံးဆိုတော့ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်တယ်, ဥဒယဗ္ဗယဉာဏ်ရောက်သည်ကစပြီးတော့ အဲဒီ စာရင်းဝင်တယ်။ ဖြစ်လိုက်ပျက်လိုက် သဘောလေးတွေသိနေပြီဆိုမှ ဒုက္ခသစ္စာ သိလာတာ, ဥဒယဗ္ဗယဉာဏ်နဲ့ ဘင်္ဂဉာဏ်ရောက်ရင် ဗောဓိ,က

စာ ၂၆၆

ပိုပြီးတော့ ရင့်လာတာပေါ့လေ။ ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ် တွေကျတော့ဒီထက် ပိုရင့်လာတာပေါ့။ သင်္ခါရုပေက္ခာဉာဏ်ရောက်ရင် အရင့်ဆုံးပေါ့။ ဗောဇ္ဈင်ထဲမှာတော့ သောတာပတ္တိမဂ် ရောက်သွားတော့ အဲဒါ ခိုင်မြဲသွားပြီ, မပျက်တော့ဘူး။ ဒီလိုဥဒယဗ္ဗယဉာဏ်က စပြီးတော့ သစ္စာ ၄-ပါးတရားသိတဲ့ ပုဂ္ဂိုလ်ကို ဗောဓိ ခေါ်တယ်။

ဗောဇ္ဈင်တရား ၇-ပါးဟာ သစ္စာလေးပါးသိတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ အကြောင်းအင်္ဂါတွေပဲ

ဝိပဿနာ ရှုနေတဲ့ပုဂ္ဂိုလ်က ရှုတိုင်းရှုတိုင်း အမှတ်ရတာက သတိသမ္ဗောဇ္ဈင်တရား, မှတ်တဲ့အာရုံကို သိသွားတာက ဓမ္မဝိစယသမ္ဗောဇ္ဈင်, မှတ်မိအောင် ကြောင့်ကြစိုက်အားထုတ်နေတာက ဝီရိယသမ္ဗောဇ္ဈင်, အမှတ်ကောင်းတဲ့အခါ အားရနှစ်သိမ့် ဝမ်းမြောက်တာ ပီတိသမ္ဗောဇ္ဈင်, စိတ်ထဲမှာ အေးငြိမ်းပြီး ကိုယ်ထဲမှာ အေးငြိမ်းပြီးသွားတာပဿဒ္ဓိသမ္ဗောဇ္ဈင်, မှတ်မိတဲ့အာရုံကလေးပေါ်မှာ စိတ်ကလေး တည်နေတာ သမာဓိသမ္ဗောဇ္ဈင်, နောက် အညီအမျှဖြစ်နေတဲ့ သဘောက ဥပေက္ခာသမ္ဗောဇ္ဈင်,

အဲဒီ ဗောဇ္ဈင် ၇-ပါး ညီမျှနေတဲ့အခါမှာ တရားသဘောတွေ သိလာတယ်။ဖောင်းတယ်ဆိုရင် ဖောင်းတာလေး အစနဲ့ အဆုံးနဲ့, ပိန်တယ်ဆိုရင် ပိန်တာလေးအစနဲ့ အဆုံး, ကွေးတယ်ဆိုရင် ကွေးတာလေး အစနဲ့ အဆုံး, မြင်တယ်ဆိုရင် မြင်တာလေး အစနဲ့ အဆုံးနဲ့, နာတာ ကိုက်ခဲတာလေး, အပြတ်အပြတ် အပိုင်းအပိုင်းလေးတွေအစနဲ့ အဆုံးနဲ့, ဖြစ်ပြီးရင်း ပျောက်သွားရင်း ဒီလို သိတာကိုး, အဲဒါ ဒီဗောဇ္ဈင် ၇-ပါးအကြောင်းညီညွတ်မှ သိတာ။

အဲဒီ ၇-ပါးသော တရားတွေ ညီညွတ်တဲ့အခါကာလ အဖြစ်အပျက်ကလေးတွေသိသွားတယ်, ဒုက္ခသစ္စာတွေ သိတယ်, သမုဒယ- ပယ်ခြင်းကိစ္စလည်း သိပြီးတော့ သွားတယ်, နိရောဓ- ဆိုက်ရောက်ခြင်းကိစ္စလည်း ပြီးသွားတယ်, မဂ္ဂ- ပွားခြင်းကိစ္စလည်းပြီးသွားတယ်, သစ္စာ ၄-ပါး သိခြင်းကိစ္စ တစ်ပြိုင်နက် ပြီးသွားတယ်တဲ့။ ဒါကြောင့်သတိအစရှိသော ဗောဇ္ဈင်တရား ၇-ပါးဟာ သစ္စာလေးပါးသိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့အကြောင်းအင်္ဂါတွေပဲတဲ့။ ဒီအင်္ဂါအစိတ်အပိုင်းလေးတွေ စုမိတဲ့အခါမှာ သစ္စာလေးပါးတရား သိသွားတယ်, ဒါကြောင့် ဗောဇ္ဈင်္ဂလို့ ခေါ်တာကိုး။

စာ ၂၆၇

ဥပေက္ခာက ညီမျှစေသည်

ဗောဇ္ဈင်ထဲမှာ ဥပေက္ခာသမ္ဗောဇ္ဈင်က အရေးကြီးပါတယ်, ဥပေက္ခာသမ္ဗောဇ္ဈင်ဆိုတာ တတြမဇ္ဈတ္တတာ စေတသိက်ပဲ။

သမဝါဟိတလက္ခဏာ ဥပေက္ခာ။

ဥပေက္ခာ- ဥပေက္ခာသမ္ဗောဇ္ဈင်သည်၊ သမဝါဟိတလက္ခဏာ- သမ္ပယုတ်ရားတွေကို အညီအမျှ ဖြစ်စေခြင်းလက္ခဏာ ရှိ၏။ သမ္ပယုတ်တရားတွေကို မယုတ်မလွန် ညီမျှစေတယ်တဲ့, တစ်ခုခုသောတရားက လွှမ်းမိုးနေလို့ရှိရင် တခြားတရားတွေက သူ့ကိစ္စ သူမဆောင်ရွက်နိုင်ဘူး။ တစ်ခုသော တရားက အားကြီးနေလို့ရှိရင် အဲဒီတရားက လွှမ်းမိုးနေတာနဲ့ ဒီ့ပြင်တရားက အလုပ်လုပ်လို့ မဖြစ်ဘူး။

ဥပေက္ခာက ညီမျှစေသည်။ သဒ္ဓါနဲ့ပညာ မညီမျှရင် တရား မတိုးတက်ဘူး

တရားအားထုတ်တဲ့အခါ သဒ္ဓါတရား လွန်နေတာလည်း ရှိတယ်, တစ်ခါတစ်ခါသဒ္ဓါတရား ယုံကြည်မှုတွေ လွန်နေရင် ရှုမှတ်မှု သတိတောင် မဖြစ်ဘူး, ဒီတော့ ရုပ်နာမ်သဘာဝတွေ ဘယ်သိတော့မလဲ။ ဥဒယဗ္ဗယဉာဏ်မှာ သဒ္ဓါတွေ အားကောင်းလာတဲ့အခါ ဘုရားကြည်ညိုတယ်, ဆရာသမားတွေ ကြည်ညိုတယ်, သာသနာတော်ကြီးတစ်ခုလုံး ကြည်ညိုတယ်, တရားတွေ ဘယ်လို ဟောလိုက်မယ်, ပြောလိုက်မယ်နဲ့လျှောက်ပြီးတော့ စဥ်းစားနေတာကိုး, သဒ္ဓါတရားတွေ အားကြီးနေတယ်။ တရားကမတက်ဘူး, ဒီသဒ္ဓါတွေ လွန်နေလို့တဲ့, သဒ္ဓါနဲ့ပညာ မညီမမျှ ဖြစ်နေတယ်။

ပညာ လွန်နေတာလည်း ရှိတယ်, ပညာက စဥ်းစားဆင်ခြင်မှုတွေ များနေတယ်,ချင့်ချိန်တာ အားကြီးတော့ ဝိစိကိစ္ဆာ- ယုံမှားမှုထိတောင် ရောက်သွားသေးတယ်, အဲဒါပညာလွန်ရင် သဒ္ဓါ မရှိတော့ဘူး, ယုံကြည်မှု ပျက်တယ်တဲ့။ ယုံကြည်တန်သလောက်လည်း ယုံကြည်မှ, ဆင်ခြင်တန်သလောက်လည်း ဆင်ခြင်မှ, အသိဉာဏ်နဲ့ သဒ္ဓါနဲ့ ညီမျှနေမှတဲ့။

စာ ၂၆၈

ဝီရိယနဲ့ သမာဓိ မညီမျှရင် တရား မတိုးတက်ဘူး

တစ်ချို့ပုဂ္ဂိုလ် ဝီရိယ လွန်နေတာ ရှိတယ်။ ဝီရိယ လွန်ပြီးတော့ ဟိုလိုအားထုတ်မယ်, ဒီလိုအားထုတ်မယ် စသည်ဖြင့် ကြောင့်ကြဗျာပါရတွေ များနေတော့ စိတ်ကမငြိမ်သက်ဘူး, သမာဓိ မဖြစ်ဘူး။ သမာဓိ မဖြစ်တော့ ဝိပဿနာဉာဏ် မတိုးတက်ဘူး။

တစ်ချို့ပုဂ္ဂိုလ်က သမာဓိ အားကြီးနေတယ်, တစ်နေရာမှာ စိုက်ပြီးတော့ တည်နေတယ်, သူ့ဟာ အာရုံမပြောင်းဘူး, အာရုံတစ်ခုတည်းကို လွယ်လွယ်ကူကူလေး မှတ်နေတာ ရှိတယ်, လွယ်တော့ ကြောင့်ကြမှ မစိုက်ရတော့ဘဲ။ သက်သက်သာသာလေးမှတ်နေလို့ရှိရင် သမာဓိက များပြီး ဝီရိယက အားနည်းနေလို့ တရား မတိုးတက်ဘဲနဲ့နေတယ်။ ဒါကြောင့် သမာဓိနဲ့ ဝီရိယဟာလည်း ညီမျှဖို့ လိုပါတယ်တဲ့။

တစ်ဘက်လိုက်ခြင်း, ပယ်ခွင်းတတ်သည်

ပက္ခပါတုပစ္ဆေဒနရသ။

ပက္ခ- တစ်ဘက်လိုက်၊ ပါတ- ကျတယ်, တစ်ဘက်သတ်လိုက်ခြင်းကို၊ ဥပစ္ဆေဒန-ပယ်ဖြတ်ခြင်း၊ ရသ- သူ့ကိစ္စ ရှိတယ်။ သူ့အလုပ်က ဒါပဲတဲ့, တစ်ဘက်သတ် မလိုက်ဘူး, ဟိုဘက် မလိုက်, ဒီဘက် မလိုက်, ဟိုဘက် မလွန်, ဒီဘက် မလွန်ဘဲ အလုပ်လုပ်တာဟာ သူ့အလုပ်ပဲတဲ့။ တစ်ဘက်သတ်လိုက်ခြင်းကို ပယ်ဖြတ်ခြင်းကိစ္စ ရှိ၏။

ဟိုဘက်လည်း မလိုက်နဲ့, ဒီဘက်လည်း မလိုက်နဲ့, သူက မျှပေးတယ်။ ဖြစ်ပေါ်တဲ့စိတ်စေတသိက်တရားတွေကို ညီမျှအောင် ပြုပြင်ပေးတာက ဗောဇ္ဈင်္ဂုပေက္ခာတဲ့။

တစ်ဘက်လိုက်ခြင်း, ပယ်ခွင်းတတ်သည်။

သဒ္ဓါ ပညာ ၂-ခုမှာ သဒ္ဓါဘက်လည်း မလိုက်, ပညာဘက်လည်း မလိုက်,အလယ်ကနေပြီးတော့ ဥပေက္ခာက ညီမျှပေးတယ်။ ဝီရိယ သမာဓိ ၂-ခုမှာ ဝီရိယဘက်လည်း မလိုက်, သမာဓိဘက်လည်း မလိုက်, အလယ်ကနေပြီးတော့ မျှပေးတယ်။

အဲဒါ ဘယ်အခါမှာ ထင်ရှားတုံးဆိုရင် ဥဒယဗ္ဗယဉာဏ်က စပြီး ထင်ရှားတယ်,ကြောင့်ကြမစိုက်ရဘဲ အသိကလေး သွားနေတယ်, ဟန်ကျလိုက်တာ။ ဟိုဘက် မလွန်,ဒီဘက် မလွန်, ဟိုဘက် မလိုက်, ဒီဘက် မလိုက်နဲ့ တစ်ခါတည်း သိရုံသိရုံလေး သွားနေတယ်။ သင်္ခါရုပေက္ခာကျရင်တော့ အကောင်းဆုံးပဲ, ကြောင့်ကြမစိုက်ဘဲ သိရုံသိရုံကလေး သွားနေတယ်။

စာ ၂၆၉

လယ်ဗဟိုရ်မျှ, ချိန်ကျနေသည်

မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ။

အလယ်အလတ် သဘောအဖြစ်နဲ့ ယောဂီပုဂ္ဂိုလ်ဉာဏ်ထဲ ထင်ရှားတယ်တဲ့,ဒီတရားလေး တွေ့သွားတဲ့ပုဂ္ဂိုလ်က သိတယ်, မတွေ့သေးတဲ့ပုဂ္ဂိုလ် မသိဘူး။ ဒီတရားအားထုတ်လို့ အမှတ်ကလေး ကောင်းပြီး ညီမျှနေတဲ့ ဥဒယဗ္ဗယဉာဏ်တွေ ရောက်တဲ့အခါ အမှတ်ကလေး သူ့ဟာသူ သွားနေတယ်, ကြောင့်ကြမစိုက်ရဘူး။ သင်္ခါရုပေက္ခာဉာဏ်ကျတော့ သူ့အစဥ်နဲ့သူ သွားနေတဲ့အခါ အလယ်ဗဟို ညီမျှနေတာကို ယောဂီပုဂ္ဂိုလ်က သိတယ်, စာတတ်လည်း သိတာပဲ, မတတ်လည်း သိတာပဲ, ဒီသဘောလေးကသေသေချာချာ တွေ့နေတာကိုး။

လယ်ဗဟိုရ်မျှ, ချိန်ကျနေသည်။

နွားစုံကောင်း, နှင်မောင်းတူလေသည်။

နွားစုံ ကောင်းနေတယ်, နွားနှစ်ကောင် ခြေညီတယ်, မှန်မှန် သွားနေတယ်။လှည်းမောင်းသမားက ဘာမျှ လုပ်စရာ မလိုတော့ဘူး, ဟိုနွားလည်း ဆွဲဖို့ မလိုဘူး,ဒီနွားလည်း ဆွဲဖို့ မလိုဘူး, ဟိုနွားလည်း မောင်းဖို့ မလိုဘူး, ဒီနွားလည်း မောင်းဖို့မလိုဘူး။ အသာလေး ကြိုးလေးကိုင်ပြီး လိုက်နေရုံပဲ, အဲဒီလိုပဲတဲ့။

ဒီဥပေက္ခာလေးက ညီမျှပြီးတော့ ပေးတယ်, သူက အလယ်က ညီမျှပေးနေတော့ညီညီမျှမျှ ဖြစ်နေတယ်။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က အဲဒီ တရားလေး ရောက်တဲ့အခါကျတော့ ဘာမှ ကြောင့်ကြမစိုက်ရတော့ဘူး, ထိုင်ရုံလေး ထိုင်နေရသလိုပဲ, သင်္ခါရုပေက္ခာမှာ သိပ်ထင်ရှားတယ်။ တစ်ခါတည်း ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ အာရုံလေးက သူ့ဟာသူ ပေါ်ပြီး သူ့ဟာသူ သိသွားနေလိုက်တာ, စဥ်တန်းပြီး သွားနေတာတစ်ခဏတင် မဟုတ်ဘူး, တစ်နာရီလည်း သွားနေတာပဲ, ၂-နာရီ ၃-နာရီလည်း သွားနေတာပဲ, အင်မတန် ကောင်းပါတယ်။

ဒီဥပေက္ခာလေး ပြည့်စုံမှ, မပြည့်စုံသေးရင် သတိသမ္ဗောဇ္ဈင်တို့ဆိုတာ မကောင်းသေးဘူး, ဥပေက္ခာ မညီမျှဘူးဆိုရင် တရားဟာ မတက်သေးဘူး။ သတိတို့, ဓမ္မဝိစယတို့, ဝီရိယတို့, ပီတိ, ပဿဒ္ဓိတို့, သမာဓိတို့ဆိုတဲ့ ဒီ့ပြင် ဗောဇ္ဈင်တွေဟာ ဒီဥပေက္ခာက

စာ ၂၇၀

ညီမျှလာတဲ့အခါကျမှ ကောင်းလာတယ်, ဥပေက္ခာက မညီမျှသေးရင်ဖြင့် ဒီတရားဟာတိုးတက်သင့်သလောက် မတိုးတက်ဘူး။

ဒီဥပေက္ခာက ညီမျှတဲ့အခါ တရားက တက်သွားတာပဲ, မထင်ရှားပေမယ်လို့နာမရူပပရိစ္ဆေဒဉာဏ်မှာလည်း ဒီဥပေက္ခာ ညီမျှတဲ့အခါ နာမ်ရုပ်တွေ ပိုင်းခြားပြီးသိတယ်။ ပစ္စယပရိဂ္ဂဟဉာဏ်မှာ အကြောင်းအကျိုး သိတာလည်း ဒီဥပေက္ခာ ညီမျှနေလို့ပဲ။ သမ္မသနဉာဏ် အနိစ္စ, ဒုက္ခ, အနတ္တတွေကို သုံးသပ်ဆင်ခြင်ပြီး သိတာလည်းဒီဥပေက္ခာ တူညီမျှတဲ့အခါ ဖြစ်တာ။ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ် စသည်ဖြင့် သူ ညီမျှတဲ့အခါ တက်သွားတာ။ သင်္ခါရုပေက္ခာဉာဏ်က ညီမျှနေတယ်ဆိုပေမယ်လို့ အညီအမျှဆုံးအခါက ဝုဋ္ဌာနဂါမိနီ ဖြစ်ပြီးတော့အရိယမဂ်သို့ တက်သွားတဲ့အခါပဲ, ဒါလေး ညီမျှဖို့ အရေးကြီးတယ်။

(၈) တတြမဇ္ဈတ္တတာ

တတြမဇ္ဈတ္တတာ ဒီထဲမှာ ပါသွားပြီ, အတူတူပါပဲ, တတြမဇ္ဈတ္တတာ ဆိုတာလည်းဥပေက္ခာက ညီမျှစေသည် ဆိုတာနဲ့ အတူတူပါပဲ။

(၉) ဈာနုပေက္ခာ

‘ဈာနုပေက္ခာ’ဆိုတာ အခု ဟောနေတဲ့ ဈာန်ပဲ, ဒီထဲမှာ ပါတာပဲ။ ပီတိယာ စ-ပီတိကိုလည်း၊ ဝိရာဂါ- စက်ဆုပ်ခြင်း လွန်မြောက်ခြင်းကြောင့်၊ ဥပေက္ခကော- အညီအမျှ ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။ ဒီလို အညီအမျှ ဖြစ်ပြီး သွားနေတာလေးဈာန်ရတဲ့ပုဂ္ဂိုလ်မှာ ထင်ရှားတယ်, သူ့ကို ‘ဈာနုပေက္ခာ’ လို့ ခေါ်တယ်။

အဲဒီတော့ ဒီတတိယဈာန်က ဒီလောက်ပဲ ပြီးကြပါစို့ရဲ့။

(၁၀) ပါရိသုဒ္ဓိဥပေက္ခာ (စတုတ္ထဈာန်)

နောက် စတုတ္ထဈာန် သွားရမယ်, ‘ပါရိသုဒ္ဓိဥပေက္ခာ’ဆိုတာ ဒီထဲမှာ ပါပြန်တယ်။

သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿ-

ဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနံ

ဥပသမ္ပဇ္ဇ ဝိဟရတိ။

စာ ၂၇၁

သုခဿ စ- ချမ်းသာကိုလည်း၊ ပဟာနာ- ပယ်ခြင်းကြောင့်၊ ဒုက္ခဿ စ- ဆင်းရဲကိုလည်း၊ ပဟာနံ- ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ- ရှေးအဖို့ကပင်လျှင်၊ သောမနဿဒေါမနဿာနံ- ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏၊ အတ္ထင်္ဂမာ- ချုပ်ခြင်းကြောင့်၊အဒုက္ခမသုခံ- ချမ်းသာလည်း မဟုတ်၊ ဆင်းရဲလည်း မဟုတ်သော၊ အဒုက္ခမသုခံ-ချမ်းသာလည်း မရှိ၊ ဆင်းရဲလည်း မရှိသော၊ ဥပေက္ခာသတိပါရိသုဒ္ဓိံ- ဥပေက္ခာကြောင့်ဖြစ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော၊ စတုတ္ထံ ဈာနံ- စတုတ္ထဈာန်ကို၊ ဥပသမ္ပဇ္ဇ- ရောက်၍၊ ဝိဟရတိ- နေ၏။

ဈာန်မရောက်ခင်တည်းက သောမနဿ ဝမ်းသာမှုတွေလည်း ပျောက်သွားပြီတဲ့,ဥပေက္ခာဈာန်နဲ့ တက်တော့မယ်ဆိုတော့ ဝမ်းသာမှုက ပျောက်တယ်။ ပထမဈာန်,ဒုတိယဈာန်, တတိယဈာန်မှာ ဈာန်ထိအောင် ဒီဝမ်းသာမှုတွေက မပျောက်ဘူး,ဈာန်ရှေးအဖို့ကဆိုတော့ အထူးပြောစရာ မလိုဘူး။ အခု ဒီဈာန် ရောက်တော့မယ်ဆိုတော့ ရောက်ခါနီးကလေးက ဥပေက္ခာလေး ဣန္ဒြေရနေတယ်, ဣန္ဒြေကြီးလာတဲ့သဘောပေါ့, အညီအမျှ ရှုတယ်, လျစ်လျူရှုတဲ့သဘောတွေ ဒီမှာ ပါဝင်လာတယ်။

ဥပေက္ခာ အညီအမျှ ရှုလို့ ဒီဈာန်မှာ သတိဟာ စင်ကြယ်တတ်တဲ့, အောက်ဈာန်တုန်းကလည်း သတိ ပါတာပါပဲ, ဒါပေမယ်လို့ မစင်ကြယ်သေးဘူးတဲ့, အောက်ဈာန်မှာတော့ သုခနဲ့ ရောနေတယ်။ အခု ဒီမှာ ချမ်းသာမှု မပါတော့ဘူး, ဥပေက္ခာနဲ့ဖြစ်လာတာကိုး, လျစ်လျူရှုတဲ့ဝေဒနာနဲ့ ဖြစ်နေပါတယ်, ဒါကြောင့်မို့ ဒီဈာန်ကျတော့သတိဟာ ဥပေက္ခာ၏အစွမ်းကြောင့် ထက်ဝန်းကျင်စင်ကြယ်သွားတယ်တဲ့, အဲဒီဥပေက္ခာဟာ ပါရိသုဒ္ဓိဥပေက္ခာပဲ, သူလည်း တတြမဇ္ဈတ္တတာစေတသိက်ပဲ, အတူတူပါပဲ,အားကောင်းသထက် ကောင်းလာတာ ရှိတာပဲ။

သို့သော်လည်းပဲ တတိယဈာန်တုန်းက ဥပေက္ခာ,ကတော့ သုခနဲ့ရောနေလို့အင်အား သိပ်မကောင်းသေးဘူး, အခုတော့ သုခနဲ့ မရောဘဲနဲ့ ဥပေက္ခာဝေဒနာနဲ့လည်း တွဲဖြစ်တော့ ဝေဒနာကလည်း ဥပေက္ခာ, တတြမဇ္ဈတ္တတာကလည်း အလယ်ကမျှပေးတော့ အဲဒါ အညီအမျှ ၂-ခုပေါ့လေ။ ဝေဒနာက ခံစားမှု မျှပေးတယ်,ကောင်းရာလည်း မလိုက်, ဆိုးရာလည်း မလိုက်, ဒီတတြမဇ္ဈတ္တတာကတော့ အားလုံးသမ္ပယုတ်တရားတွေကို ညီမျှစေတယ်, ညီမျှစေတဲ့တရား ၂-ခု ပေါင်းမိတဲ့အခါမှာအထူးသဖြင့် သန့်ရှင်းစင်ကြယ်စွာ ဖြစ်တယ်တဲ့။

စာ ၂၇၂

ရူပဈာန်ထဲမှာဆိုရင်တော့ သူက အကောင်းဆုံး, အရူပဈာန် ကျတော့လည်းအာကာသာနဉ္စာတို့, ဝိညာဏဉ္စာတို့ စသည်ဖြင့် အာရုံတွေသာ ပြောင်းတယ်, သဘောကတော့ အတူတူပါပဲ, ဒါ စတုတ္ထဈာန်အလားတူပဲ။

သမ္မာသမာဓိမဂ္ဂင်ဆိုတာ ဈာန်လေးပါးမှာ ပါဝင်တဲ့ သမာဓိပဲ

အဲဒီဈာန် ၄-ပါးဟာ သမာဓိပဲတဲ့, သမ္မာသမာဓိမဂ္ဂင်ပဲတဲ့။ ဈာန်တရားတွေသက်သက်ရအောင် အားထုတ်တဲ့ပုဂ္ဂိုလ်မှာဆိုရင် ထင်ရှားတာပေါ့လေ။

အခု ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ဝိပဿနာအလိုက် သူ့နေရာ သူ့အပိုင်းလေးနဲ့ပထမဈာန်နဲ့ အလားတူတဲ့ သမာဓိက သမ္မသနဉာဏ်ပိုင်းက ဖြစ်ခဲ့ပြီ။ ဒုတိယဈာန်နဲ့အလားတူတဲ့ သမာဓိ ဥဒယဗ္ဗယအနုပိုင်းက စပြီး ဖြစ်တယ်။ တတိယဈာန်နဲ့ အလားတူတဲ့ သမာဓိ ဥဒယဗ္ဗယအရင့်ပိုင်းက စပြီးတော့ ဖြစ်လာတယ်။ စတုတ္ထဈာန်နဲ့ အလားတူတဲ့ သမာဓိ သင်္ခါရုပေက္ခာဉာဏ်တွေမှာ ဖြစ်တယ်။ ဝေဒနာကလည်း ဥပေက္ခာ,တတြမဇ္ဈတ္တတာကလည်း အထူးသဖြင့် ညီမျှပြီးတော့ နေတယ်, သတိဟာလည်း ဒီအခါအင်မတန် စင်ကြယ်နေတယ်, ဒီအမှတ်ရမှုလေးဟာ တစ်ခုပြီးတစ်ခု အကုန်လုံး အမှတ်ရပြီးတော့ လိုက်လာတယ်, အမှတ်မရတာကို မရှိဘူး။ အဲဒါ စတုတ္ထဈာန်နဲ့ အလားတူတာ, အဲဒီ သမာဓိဟာ သမ္မာသမာဓိမဂ္ဂင်ပဲတဲ့။

အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။

ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤဆိုခဲ့သော ဈာန်လေးပါး၌ ပါဝင်သော သမာဓိကို၊ သမ္မာသမာဓိ- သမ္မာသမာဓိမဂ္ဂင် ဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်၏၊ သမ္မာသမာဓိမဂ္ဂင်ဆိုတာ ဒါပဲတဲ့, အဲဒီတော့ စုံသွားပါပြီ, သတိပဋ္ဌာန်တော့ ကုန်နေပြီ။

အတွင်း အပြင် ၂-ပါးမှာ သဘောတရားမျှဟု ရှုနေတာ ဓမ္မာနုပဿနာ

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု

ဓမ္မာနုပဿီ ဝိဟရတိ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဣတိ- ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်၊ အဇ္ဈတ္တံ ဝါ ဓမ္မေသု- ကိုယ်တွင်းသန္တာန်၌ရှိသော သဘောတရားတို့၌လည်း၊ ဓမ္မာနုပဿီ- သဘောတရားဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု- အပြင်ပသန္တာန် သဘောတရားတို့၌

စာ ၂၇၃

လည်း၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည် ဖြစ်၍၊ ဝိဟရတိ- နေ၏။အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု- အတွင်း အပြင် ၂-ပါးသော သဘောတရားတို့၌လည်း၊ဓမ္မာနုပဿီ- သဘောတရားဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။

သဘောတရား ဆိုပေမယ်လို့ သစ္စာလေးပါးတရားကမှ ကုန်တာ, ဒီ့ပြင်ဟာတွေကမှ ကျန်ရင် ကျန်ဦးမယ်, သစ္စာလေးပါးတရားကတော့ ကုန်တယ်။ သစ္စာလေးပါးတရားမှာ ဒုက္ခသစ္စာဆိုတာ ခန္ဓာငါးပါးတွေ အကုန်ပဲ, သမုဒယသစ္စာဆိုတာ အဲဒီထဲကတဏှာလောဘတရားလေး, နိရောဓ, မဂ္ဂတွေကတော့ အလွတ်တရားတွေပါပဲ။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က ဒုက္ခသစ္စာ, သမုဒယသစ္စာ ဒီတရား ၂-ပါးမှာ ရှုရတယ်တဲ့၊နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကတော့ ‘ဣဋ္ဌံ ကန္တံ မနာပံ’ စသည်ဖြင့် စိတ်ညွှတ်ရုံပါပဲတဲ့။

နိရောဓသစ္စာ ကောင်းတယ်လို့ စိတ်ညွှတ်ရမယ်

နိရောဓသစ္စံ- နိရောဓသစ္စာသည်, ဣဋ္ဌံ- အလိုရှိအပ်သောတရား, ကန္တံ-နှစ်သက်အပ်သောတရား, မနာပံ- မြတ်နိုးအပ်သောတရားတည်း။

နိရောဓ- အကြောင်းအကျိုး ရုပ်နာမ်တွေ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ဆိုတာ ကောင်းတယ်။ အကြောင်းရှိသမျှ ကာလပတ်လုံး အကျိုးတရားတွေ ဘဝသစ်တွေ ဖြစ်ရတယ်,အိုခြင်း, နာခြင်း, သေခြင်း အစရှိတဲ့ ဆင်းရဲတွေနဲ့ တွေ့ရတယ်။ မမြဲနေလို့လည်းဆင်းရဲတွေနဲ့ တွေ့ရတယ်, စိုးရိမ်ပူဆွေးရလို့ မကောင်းတာတွေ တွေ့ရတယ်, အပါယ်လေးပါးဖြစ်ရင် ပြောစရာမရှိဘူး, အဲဒီတော့ ဒီအကြောင်းရှိလို့ အကျိုးဖြစ်တဲ့ ရုပ်နာမ်ခန္ဓာတွေ ဖြစ်နေသမျှကာလပတ်လုံး အိုခြင်း, နာခြင်း အစရှိသော သံသရာဝဋ်ဆင်းရဲကမလွတ်ဘူး, မကောင်းဘူးတဲ့။

အဲဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေ အကြောင်းအကျိုး မရှိလို့ ဆိတ်သုဥ်း ပြတ်စဲငြိမ်းသွားတာဖြင့် အကောင်းဆုံးပဲလို့ ဒီလို စိတ်ညွှတ်ရမှာကိုး။ ဆီ မရှိလို့, မီးစာ မရှိလို့မီးတောက်ကလေး ငြိမ်းသွားတာလို အဝိဇ္ဇာ အစရှိသော အကြောင်းတရား ကိလေသာတွေ ငြိမ်းလာလို့ရှိရင် ကံတွေ ငြိမ်းသွားတယ်, ကံတွေ အကျိုးမပေးနိုင်တော့ဘူးတဲ့။ကံမရှိတော့ ဘဝသစ် ရုပ်နာမ်ခန္ဓာတွေ ငြိမ်းသွားတဲ့သဘောဟာ နိရောဓပဲတဲ့။ ဒီလိုအငြိမ်းမျိုးကတော့ စင်စစ်အငြိမ်းမှန်ပဲတဲ့, ဆင်းရဲငြိမ်းရာအမှန်, အဲဒီငြိမ်းတာဟာ

စာ ၂၇၄

ကောင်းတယ်တဲ့, ဒီလို ငြိမ်းသွားမှပဲ အေးချမ်းနိုင်မယ်။ နိရောဓသစ္စာဟာ ကောင်းတယ်လို့ သဘောကျသွားတယ်။

ဗုဒ္ဓဘာသာတွေဆိုတော့ နိဗ္ဗာန်ဆိုတာ ကောင်းတယ်လို့ ပြောနေကြတာပါပဲ,သို့သော်လည်း နှစ်နှစ်ခြိုက်ခြိုက် သဘောကျသလား, မကျသလား, အဲဒါတော့ မပြောတတ်ဘူး။ တစ်ချို့လည်း ပညာရှိကြီးတွေ လုပ်နေပေမယ်လို့ အဲဒီရုပ်နာမ်ခန္ဓာတွေချုပ်ငြိမ်းသွားတာ သိပ်မကြိုက်ဘူး, အတ္တလေးက ရှိနေချင်သေးတယ်, နိဗ္ဗာန်ဟာကောင်းတယ်, လိုချင်စရာတရားပဲ, မြတ်နိုးဖွယ်ပဲလို့ သူက မထင်ဘူး, မသိတတ်သေးလို့ဒီလိုဖြစ်နေတာပဲ။

မဂ္ဂသစ္စာ ကောင်းတယ်လို့ စိတ်ညွှတ်ရမယ်

မဂ္ဂသစ္စာက ‘ဣဋ္ဌံ ကန္တံ မနာပံ’ တဲ့, မဂ္ဂသစ္စာဆိုတာလည်း ကောင်းတယ်တဲ့။နိဗ္ဗာန်ရောက်ကြောင်းတရားတွေဟာ ကောင်းတယ်လို့ သိရမှာကိုး။ ဒီမဂ္ဂသစ္စာတရားကျင့်မှ နိဗ္ဗာန်ရောက်မှာ, ရုပ်နာမ်သင်္ခါရ ငြိမ်းမှာ, ဆင်းရဲခပ်သိမ်း ငြိမ်းမှာ, အဲဒီငြိမ်းတဲ့တရားကို မဂ္ဂသစ္စာ တရားနည်းနဲ့ ရောက်ရမယ်။

ဒီမဂ္ဂသစ္စာတရားဟာ အမြတ်ဆုံးဆိုလို့ရှိရင် သောတာပတ္တိမဂ်, သကဒါဂါမိမဂ်,အနာဂါမိမဂ်, အရဟတ္တမဂ် ဆိုတဲ့ မဂ်လေးခုမှာ ပါဝင်တဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစတဲ့တရားတွေ စပြီးအားထုတ်လို့တော့ မဖြစ်ဘူး။ အဲဒီမဂ်လေးပါး ရောက်ရာရောက်ကြောင်းဖြစ်တဲ့ ဝိပဿနာက စပြီး အားထုတ်ရတယ်, ဝိပဿနာတောင်မှ သူက စတာမဟုတ်ဘူး, ဝိပဿနာ အားထုတ်နိုင်တဲ့ အကြောင်းအရင်းဖြစ်တဲ့ ဒါန သီလ အစရှိသော ကုသိုလ်တွေက စလာတာ, ဒါန သီလ ကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေက မြတ်စွာဘုရား၏ သာသနာတော်တွင်းမှာ လူ ဖြစ်ကြတာကိုး။

မဂ္ဂင်သုံးမျိုး

ဒီ ဒါနကုသိုလ် သီလကုသိုလ်တွေဟာလည်းပဲ မဂ္ဂင်တရားတွေရဲ့ အခြေခံပဲ,မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင် ၃-မျိုးလို့ ဘုန်းကြီးက ခွဲထားတယ်, စာပေကျမ်းဂန်ထဲ တိုက်ရိုက်ရှိတာကတော့ ပုဗ္ဗဘာဂမဂ္ဂင်နဲ့ အရိယမဂ္ဂင် ၂-မျိုးပဲ ခွဲထားတယ်။ မူလမဂ္ဂင်ကို ပုဗ္ဗဘာဂမဂ္ဂင်ထဲ ထည့်ထားပါတယ်။ ဘုန်းကြီးကတော့ မူလမဂ္ဂင်က တမျိုးလေးမို့လို့ မူလမဂ္ဂင်ကို တစ်မျိုး ခွဲထားတယ်။