ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၇၉

အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉

၁၃၂၄-ခုနှစ်, ကဆုန်လပြည့်နေ့

အတွင်း အပြင် ၂-ပါးမှာ သဘောတရားမျှဟု ရှုနေတာ ဓမ္မာနုပဿနာ

ဣတိ အဇ္စျတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု

ဓမ္မာနုပဿီ ဝိဟရတိ။ အဇ္စျတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဣတိ- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ အဇ္စျတ္တံ ဝါ ဓမ္မေသု- ကိုယ်တွင်းသန္တာန်၌ဖြစ်သော သဘောတရားတို့၌လည်း၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ဝိဟရတိ- နေ၏။ ဗဟိဒ္ဓါ ဝါ ဓမ္မေသု- ပြင်ပသန္တာန်၌ဖြစ်သော သစ္စာလေးပါး သဘောတရားတို့၌လည်း၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏၊အဇ္စျတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု- ကိုယ်တွင်း ကိုယ်ပ သန္တာန်နှစ်ဝ၌ဖြစ်သော သစ္စာလေးပါးတရားတို့၌လည်း၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။

သစ္စာလေးပါး ကိုယ်တွင်းသန္တာန်မှာ ရှိတယ်ဆိုတာ

သစ္စာလေးပါးတရားတွေ ကိုယ်တွင်းသန္တာန်မှာလည်း ရှိတယ်, ပြင်ပသန္တာန်မှာလည်း ရှိတယ်, အဲဒီ သစ္စာလေးပါးတရားတွေကို ရှုပြီးတော့နေတာဟာ ဓမ္မာနုပဿနာပဲ။ အမှန်အားဖြင့်ဆိုရင် ပုထုဇဥ်ပုဂ္ဂိုလ်၏သန္တာန်မှာ သစ္စာက လေးပါးတော့ မရှိပေဘူးပေါ့, ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဒီနှစ်ခုပဲ ရှိတယ်, နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဆိုတာကပုထုဇဥ်သန္တာန်မှာ မရှိနိုင်ဘူးတဲ့။ အရိယာသန္တာန်မှာ တကယ်စင်စစ်ရှိတာကတော့မဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်တဲ့ အခိုက်အတန့် မဂ္ဂသစ္စာ ရှိတယ်, နိရောဓသစ္စာ ဆိုတာကတော့ဘယ်သူရဲ့ကိုယ်တွင်းသန္တာန်မှာမှ ရှိတယ်လို့ မဆိုနိုင်ဘူး။

ဒါပေမယ်လို့ အဇ္ဈတ္တကိုယ်တွင်းသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါး ချုပ်ငြိမ်းပြီးတော့သွားတဲ့ သဘောကို နိရောဓသစ္စာ ခေါ်ရတာပဲ။ ခန္ဓာငါးပါးတွေ အကြောင်းပြုပြီး ဖြစ်နေသမျှ ကာလပတ်လုံး ငြိမ်းအေးတယ်ဆိုတဲ့ ချမ်းသာကို မရနိုင်ဘူး, အကြောင်းအကျိုးဆက်စပ်ပြီးဖြစ်နေတဲ့ ခန္ဓာငါးပါးတွေ ချုပ်ငြိမ်းပြီးသွားတဲ့အခါမှာ အစဥ်ထာဝရ ငြိမ်း

စာ ၂၈၀

အေးပြီးတော့ သွားတယ်, ဆင်းရဲခပ်သိမ်း ငြိမ်းအေးသွားတယ်, ဒီတော့ ကိုယ်တွင်းသန္တာန်မှာ ရှိတဲ့ ခန္ဓာငါးပါး၏ ချုပ်ငြိမ်းခြင်းသဘော ဖြစ်ပြီးတော့နေတဲ့အတွက် နိရောဓသစ္စာ ကိုယ်တွင်းသန္တာန်မှာ ရှိတယ်လို့ ခေါ်ရပါတယ်။

သစ္စာလေးပါးကို မိမိသန္တာန်မှာ ရှုနေတာ ဓမ္မာနု ပဿနာ

အပိ စ ခွာဟံ အာဝုသော ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ

သမနကေ လောကဥ္စ ပညာပေမိ၊ လောကသမုဒယဥ္စ လောကနိရောဓဥ္စ

လောကနိရောဓဂါမိနိဥ္စ ပဋိပဒံ။

ဣမသ္မိံယေဝ ဗျာမမတ္တေ- ဤတစ်လံမျှလောက်ရှိသော၊ ဣမသ္မိံ ကဠေဝရေ-ဤကိုယ်ကောင်ထဲမှာ၊ လောကဉ္စ- လောကဆိုတဲ့တရားကိုလည်းပဲ၊ ပညာပေမိ- ငါပညတ်တယ်။ ဥပါဒ်ဌီဘင်အားဖြင့် ခဏမစဲ ပျက်တတ်တဲ့သဘော ရှိတယ်, နောက်ဆုံးကျရင် မရဏဆိုတဲ့ အပျက်ကြီးလည်း ရှိတယ်။ အပျက်ကလေး အပျက်ကြီး အမျိုးမျိုးပျက်တတ်လို့ ရုပ်တရား, နာမ်တရား, ဒုက္ခသစ္စာတရားတွေကို ‘လောက’လို့ ခေါ်တယ်။လောကခေါ်တဲ့ ဒုက္ခသစ္စာတရားလည်းပဲ ကိုယ်ထဲမှာပဲတဲ့, လောကသမုဒယခေါ်တဲ့သမုဒယသစ္စာလည်း ဒီကိုယ်ထဲမှာပဲ ပညတ်တယ်, ဒါကတော့ ရှင်းနေတာပဲ။

‘လောကနိရောဓ’ခေါ်တဲ့ နိရောဓနိဗ္ဗာန်တရား ကိုယ်ထဲမှာပဲ ပညတ်ထားတယ်,ပုထုဇဥ်သန္တာန်မှာ နိဗ္ဗာန်နဲ့ကတော့ ဘာမှ မဆိုင်ဘူး, သို့သော်လည်း အရိယာကျတော့ဆိုင်တယ်။ အရိယာပုဂ္ဂိုလ်တွေ မဂ္ဂသစ္စာ ဖြစ်လိုက်တာနဲ့ မဂ္ဂသစ္စာဖြင့် ပယ်အပ်တဲ့ကိလေသာတွေ ပယ်သွားတော့ ကိလေသာ မရှိတော့ ကံတွေ အကျိုးမပေးနိုင်တော့ဘူး,၇-ဘဝထက် ပိုလွန်ပြီးတော့ဖြစ်မယ့် ဘဝသစ်ရုပ်နာမ်ခန္ဓာတွေဟာ သောတာပတ္တိမဂ်သို့ရောက်သည်က စပြီးတော့ ချုပ်ငြိမ်းသွားတယ်။ အဲဒီလို ချုပ်ငြိမ်းသွားသဖြင့် ဒီ ၇-ဘဝထက် ပိုလွန်ပြီးဖြစ်မယ့် ဆင်းရဲတွေ ငြိမ်းသွားတဲ့သဘောဟာ အဲဒီသောတာပန်ပုဂ္ဂိုလ်၏သန္တာန်မှာ ပြီးစီးသွားတာပဲ, ဒါကြောင့်မို့ နိရောဓ ချုပ်ငြိမ်းမှုသဘောဟာ အဇ္ဈတ္တကိုယ်တွင်းမှာ ရှိတယ်လို့ ဆိုရတယ်။

တကယ်တော့ ကိုယ်တွင်းရှိတာတော့ မဟုတ်ဘူး, သူ့သန္တာန်မှာ ရုပ်နာမ်ခန္ဓာတွေအစဥ်မပြတ် ဖြစ်နေတယ်, ၇-ဘဝက ကျော်လွန်တဲ့အခါကျတော့ ငြိမ်းမှာပေါ့,သကဒါဂါမ်ဆိုလို့ရှိရင် ၂-ဘဝနဲ့ ကျော်လွန်ပြီးသကာလ ဆင်းရဲတွေ ငြိမ်းသွားတယ်,

စာ ၂၈၁

အနာဂါမ်ဆိုတော့ ၁-ဘဝပဲ, အရဟတ္တမဂ် ရောက်တဲ့အခါကျတော့ စုတိကနောက်ဘဝသစ်ကို မဖြစ်ဘူး, ဆင်းရဲခပ်သိမ်းတွေ တစ်ခါတည်း ငြိမ်းနေတယ်။ အဲဒီငြိမ်းတာကဘယ်မှာ ငြိမ်းတာတုံးဆိုတော့ အစဥ်မပြတ်ဖြစ်လာတဲ့ ရုပ်နာမ်ခန္ဓာမှာ ငြိမ်းတယ်။ကိလေသာ မကင်းသေးခင်က တစ်ဘဝပြီး တစ်ဘဝ ဆက်ခါဆက်ခါ ဖြစ်နေတယ်, အဲဒီအရိယာမဂ်တွေ မျက်မှောက်ပြုတဲ့အခါကျတော့ ဒီရုပ်နာမ်ခန္ဓာအစဥ်တွေ ဆက်ပြီးတော့မဖြစ်ရဘဲနဲ့ ငြိမ်းသွားတယ်။ ဒီတော့ ဒီရုပ်နာမ်အစဥ်နဲ့ တစ်စပ်ထဲဖြစ်နေလို့ ‘အဇ္ဈတ္တံ-ကိုယ်တွင်းသန္တာန်မှာ ရှိတယ်’လို့လည်း ခေါ်ရပါတယ်, အဲဒါ နိရောဓနိဗ္ဗာန်တရားအရိယာပုဂ္ဂိုလ်တွေ သန္တာန်မှာ ရှိတယ်။

‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’လို့ ခေါ်တဲ့ မဂ္ဂသစ္စာဆိုတာလည်းပဲ တစ်လံမျှလောက်သော ခန္ဓာကိုယ်ထဲမှာပဲ ပညတ်တယ်, ဒါကလည်း လောကုတ္တရာမဂ္ဂသစ္စာကတော့အရိယာပုဂ္ဂိုလ် သန္တာန်မှာပဲ ပြည့်စုံတယ်, အဲဒါကြောင့် ပုထုဇဥ်ပုဂ္ဂိုလ် သန္တာန်မှာဆိုလို့ရှိရင်တော့ ဒုက္ခနဲ့ သမုဒယ ဒီနှစ်ခုပဲ ရှိတယ်, နိရောဓနဲ့ မဂ္ဂ အစစ်တွေက မရှိသေးဘူး, ဒါပေမယ်လို့ တဒင်္ဂနိရောဓနဲ့ လောကီမဂ္ဂသစ္စာတွေကတော့ ရတယ်။ အဲဒါကြောင့် မုချအားဖြင့်ရတဲ့ ဒုက္ခနဲ့သမုဒယသစ္စာ, ပရိယာယ်အားဖြင့် ရပြီးတော့နေတဲ့နိရောဓနဲ့ မဂ္ဂသစ္စာ, ဒီသစ္စာလေးပါးကို မိမိသန္တာန်မှာ ရှုနေတာဟာ ဓမ္မာနုပဿနာပဲ။

အဇ္ဈတ္တံ ဝါ ဓမ္မေသု- မိမိကိုယ်တွင်းသန္တာန်၌ရှိတဲ့ သစ္စာလေးပါးတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်-တဲ့။

ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် မရှုဘူးပေါ့, မိမိသန္တာန်မှာ ဒွါရခြောက်ပါးကဖြစ်တိုင်းဖြစ်တိုင်းသော ရုပ်နာမ်တွေ ရှုနေရတယ်, ဖောင်းတာလည်း ဒုက္ခသစ္စာပဲ,ပိန်တာလည်း ဒုက္ခသစ္စာပဲ, ထိုင်တာလည်း ဒုက္ခသစ္စာပဲ, ထိတာလည်း ဒုက္ခသစ္စာပဲ,ကွေးတာ ဆန့်တာလည်း ဒုက္ခသစ္စာပဲ, ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေဟာ ဒုက္ခသစ္စာချည်းပဲ။ ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက် အကြောင်းရှိလို့ အကျိုးဖြစ်တယ်,မဖြစ်အောင်လို့လည်း မတားဆီးနိုင်ဘူး, ဖြစ်ပြီးတော့လည်း မပျက်အောင် မတားဆီးနိုင်ဘူး, ထိန်းမထားနိုင်ဘူး, ပျက်သွားတာပဲ။

ယခု ရွတ်ဆိုတဲ့ အသံကလေးတွေလည်း ဒုက္ခသစ္စာပဲ, အသံကလေးတွေကြားတာကလည်း ဒုက္ခသစ္စာပဲ, ကြားပြီးတဲ့နောက် စဥ်းစားတာလည်း ဒုက္ခသစ္စာပဲ,

စာ ၂၈၂

စဥ်းစားတဲ့အထဲ သဘောကျတာလည်း ရှိတယ်, သဘောမကျတာလည်း ရှိတယ်, အဲဒါဒုက္ခသစ္စာပဲ, ဒီထဲက နှစ်သက်သာယာမှု လိုချင်တောင့်တမှုလေးက ရှိလာရင်တော့အဲဒါကို သမုဒယသစ္စာလို့ ခွဲပြီး ခေါ်ရတယ်။ နှစ်သက်သာယာ ခင်မင်တွယ်တာမှုလေးဖြစ်နေတာ သမုဒယသစ္စာပဲ, အဲဒီတော့ ဖြစ်ပျက်နေတဲ့တရားတွေ ဟူသမျှ အကုန်လုံးဒုက္ခသစ္စာတရားတွေချည်းပဲ။

ဒီတော့ မြင်တိုင်း ကြားတိုင်း ဖောင်းတာ ပိန်တာက စပြီး ဒွါရခြောက်ပါးကပေါ်တိုင်းပေါ်တိုင်း ရှုမှတ်ပြီး သိနေတယ်။ ဒုက္ခသစ္စာတရားတွေ သဘောတရားတွေမျှပဲလို့ သိတယ်။ ဒီထဲက နှစ်သက်သာယာမှု ဖြစ်ပေါ်လာလို့ရှိရင် အဲဒါကို ရှုတော့သမုဒယသစ္စာ သဘောတရားအနေအားဖြင့် သိတယ်။ ဒီဖြစ်ပျက်နေတဲ့ ဆင်းရဲတရားတွေ ငြိမ်းတာ ကောင်းတယ်လို့ စိတ်ညွှတ်တဲ့အခါကာလ နိရောဓသစ္စာကို မှန်းဆပြီးဆင်ခြင်တယ်, စိတ်ညွှတ်ပြီးတော့ နိရောဓသစ္စာကို သိတယ်လို့ပဲ ခေါ်တယ်။ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန် ရောက်ခြင်း၏ အကြောင်းဖြစ်တဲ့ မဂ္ဂသစ္စာတရားတွေ ပွားများတာကောင်းတယ်လို့ စိတ်ထဲမှာ သဘောကျတာလည်းပဲ မဂ္ဂသစ္စာကို ရှုတယ်လို့ ဆိုရတယ်,ဒါ မိမိသန္တာန်မှာ ရှုလို့ရှိရင် အဇ္ဈတ္တ သစ္စာလေးပါးတရား ရှုနေတာတဲ့။

မိမိသန္တာန်မှာ ရှုလို့ သဘောကျတဲ့အခါ သူများသန္တာန်မှာ ဒီလိုဖြစ်ပျက်နေတဲ့သဘောတရားတွေဆိုတာ ဆင်ခြင်ပြီး သဘောကျတာ ရှိတယ်, အဲဒါ ဗဟိဒ္ဓမှာ ရှုတာပဲတဲ့။

ဖြစ်ခြင်းသဘော, ပျက်ခြင်းသဘောကို ရှုနေတာ ဓမ္မာနုပဿနာ

သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု

ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဓမ္မေသု- သဘောတရားတို့၌၊ ဓမ္မေသု- သစ္စာလေးပါးသဘောတရားတို့၌၊သမုဒယဓမ္မာနုပဿီ ဝါ- ဖြစ်ခြင်းသဘောကို ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏၊ဓမ္မေသု- သစ္စာလေးပါးသဘောတရားတို့၌၊ ဝယဓမ္မာနုပဿီဝါ- ပျက်ခြင်းသဘောကိုရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏၊ ဓမ္မေသု- သစ္စာလေးပါးသဘောတရားတို့၌၊သမုဒယဝယဓမ္မာနုပဿီဝါ- ဖြစ်ခြင်း ပျက်ခြင်း သဘောတရားနှစ်ပါးကို ရှုသည်ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏။

စာ ၂၈၃

နိရောဓသစ္စာမှာ ဖြစ်ခြင်းပျက်ခြင်း မရဘူးပေါ့, မဂ္ဂသစ္စာလည်း လောကုတ္တရာသစ္စာမို့ ဖြစ်ခြင်းပျက်ခြင်း ရှုရတဲ့တရား မဟုတ်ဘူး။ သစ္စာလေးပါးသဘောတရားတွေမှာ ဖြစ်ခြင်း ပျက်ခြင်း ရှုတယ်ဆိုတာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ၂-ပါး ရတယ်,နိရောဓသစ္စာ မဂ္ဂသစ္စာ မရနိုင်ဘူး။

ဖြစ်ခိုက်မှာ ရှုမှ အနိစ္စ, ဒုက္ခ, အနတ္တကို သိနိုင်တယ်

အကြောင်းအားဖြင့် ဖြစ်ခြင်းပျက်ခြင်း ရှုတာ ရှိတယ်။ အဝိဇ္ဇာရှိလို့, တဏှာရှိလို့,ကံရှိလို့, အာဟာရရှိလို့, နာမ်ရုပ်ရှိလို့, ဖဿရှိလို့ စသည်ဖြင့် အကြောင်းလေးတွေရှိတယ်, အဲဒီအကြောင်းနဲ့ ဆင်ခြင်ပြီး ရှုတာလေးတွေလည်း ရှိတယ်။

အကြောင်းမဟုတ်ဘဲနဲ့ ဖြစ်ခိုက်ခဏအားဖြင့် ရှုတာ ရှိတယ်တဲ့, ယောဂီပုဂ္ဂိုလ်တွေ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဖြစ်တာပျက်တာကလေးတွေကို ရှုပြီး သိနေတာကတော့ဖြစ်ခိုက်ခဏနဲ့ သိတယ်, အဲဒါလေး လိုရင်းပါပဲ။

အကြောင်းဆင်ခြင်တာကတော့ ကိုယ်တိုင်လည်း မသိနိုင်ဘူး, အဝိဇ္ဇာရှိလို့ ဖြစ်ခဲ့တယ်ဆိုတာ တိုက်ရိုက်အားဖြင့် ရှေးဘဝကဖြစ်ခဲ့ တဲ့ အဝိဇ္ဇာတွေ, ရှေးဘဝက ဖြစ်ခဲ့တဲ့ကံတွေ, ဒါ ကိုယ်ပိုင်ဉာဏ်နဲ့ ဘယ့်နှယ်မှ မသိနိုင်ဘူး, မှန်းဆပြီးတော့ သိနိုင်တယ်။အရေးကြီးတာကတော့ အခုဖြစ်လိုက်, အခုပျက်လိုက်, ဒါတွေကို သိမှ အနိစ္စ- မမြဲဘူးဆိုတာ သိမှာ, ဒုက္ခ- ဆင်းရဲတွေဆိုတာ သိမှာ, အနတ္တ- ပုဂ္ဂိုလ် သတ္တဝါမဟုတ်တဲ့သဘောတရားဆိုတာ သိမှာ, အဲဒါကြောင့် ခဏအားဖြင့် ဖြစ်ပျက်နေတဲ့ သဘောလေးတွေ သိဖို့ရာ လိုပါတယ်။

ဥဒယဗ္ဗယဉာဏ်ပိုင်းက စပြီး ဖြစ်ပျက်သဘော ထင်ရှားတွေ့ရတယ်

ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်, ကွေးတယ်, ဆန့်တယ်, မြင်တယ်,ကြားတယ် စသည်ဖြင့် ရှုတိုင်းရှုတိုင်း ရှုရတဲ့ တရားလေးတွေဟာ ဖြစ်ပေါ်ပြီး ပျောက်သွားတာ တွေ့တယ်, ဘယ်ကစပြီး တွေ့သလဲဆိုတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းက စပြီးတော့ ရှင်းရှင်းလင်းလင်း တွေ့လာပါတယ်, သမ္မသနဉာဏ်ပိုင်းဆီကလည်းပဲ နည်းနည်းပါးပါး တွေ့တယ်, သိပ်မရှင်းလင်းဘူး။ မှတ်တိုင်းမှတ်တိုင်း ဖောင်းတာလေးတွေလည်းအဆင့်ဆင့် ဖောင်းလိုက်ပျောက်လိုက်, ဖောင်းလိုက်ပျောက်လိုက်, စပေါ်လာတာလည်းသိတယ်, ဆုံးသွားတာလေးလည်း သိတယ်။ အစပေါ်လာတာက ဖြစ်ခြင်းသဘောတရား, အဆုံးပျောက်သွားတာက ပျက်ခြင်းသဘောတရား။

စာ ၂၈၄

ဖြစ်တယ်ဆိုတာ မရှိသေးရာက ပေါ်လာတာပဲ, ပျက်တယ်ဆိုတာ ဖြစ်ပြီးသားလေး ပျောက်သွားတာပဲ။

ကွေးတိုင်း ဆန့်တိုင်းလည်းပဲ တရွေ့က တရွေ့ဆီ မရောက်ဘဲနဲ့ ပေါ်လာလိုက်,ပျောက်သွားလိုက်။ စိတ်ကူးလေးတွေ ဖြစ်လို့ရှိရင်လည်း အဲဒီစိတ်ကူးလေး မှတ်လိုက်ရင်မရှိဘူး။ ကွေးချင်တယ်, ဆန့်ချင်တယ်, ထိုင်ချင်တယ်, သွားချင်တယ်, လာချင်တယ်စသည်ဖြင့် စိတ်ကလေး ဖြစ်လာတယ်, မှတ်လိုက်ရင် ချက်ချင်း ပျောက်သွားတာပဲ။ညောင်းတာ, နာတာ, ကျင်တာတွေလည်း ဖြစ်ပေါ်လာလို့ မှတ်လိုက်ရင် ပျောက်သွားတာပဲ။ ဘယ်ဟာမှ မြဲတည်နေတာ မရှိဘူး, သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပေါ်ပြီး ပျောက်သွားတာလေး တွေ့နေတယ်။

ဖောင်းတာ, ပိန်တယ်, ထိုင်တယ်, ထိတယ် စသည်ဖြင့် ဒုက္ခသစ္စာတရားတွေအဖြစ်အပျက်တွေ ရှုနေတယ်, အဲဒါလည်းပဲ ဓမ္မာနုပဿနာပဲ။

ဘင်္ဂဉာဏ်မှာ အဖြစ် မထင်ဘဲ အပျက်သာ ထင် ရှားတယ်

ဒီလို ရှုပြီးတော့နေလို့ ရင့်ကျက်လာတဲ့အခါ ဘင်္ဂဉာဏ်ရောက်တော့ ဖြစ်တာမထင်ရှားဘဲနဲ့ ပျက်တာချည်း ထင်နေတယ်။ ဥဒယဗ္ဗယဉာဏ်တုန်းက အစနဲ့ အဆုံးနဲ့ပေါ်နေတာလေးဟာ ဘင်္ဂဉာဏ်ရောက်တဲ့ အခါကျတော့ အစပေါ်လာတာရယ်လို့မထင်ရှားဘူး, ဆုံးသွားတာပဲ သိတယ်။

ရုပ်တရား နာမ်တရားတွေဟာ ဘင်္ဂဉာဏ်ရောက်တဲ့အခါကျတော့ အထည်ဝတ္ထုကိုရှာလို့ မရဘူး, မယ်မယ်ရရ ဘာမှ မရှိဘူး။ ပေါ်တာ မှတ်လိုက်ရင် ပျောက်နေတာချည်းပဲ တွေ့နေရတယ်, ဘာမှ ရှာလို့ မရဘူး။ မူလက ကွေးတယ်, ဆန့်တယ်, မှတ်ရင် လက်ပုံသဏ္ဌာန် ခြေပုံသဏ္ဌာန် ထင်တယ်, ယခု ဘင်္ဂဉာဏ်ရောက်တဲ့အခါ အပျောက်ပဲတွေ့နေတယ်, ပုံသဏ္ဌာန် မရှိဘူး။

ဝိပဿနာဉာဏ်ဆိုတာ ရောက်နေတဲ့ဉာဏ်မှာ ဆက်တည်နေတာ မဟုတ်ဘူး,ပြန်မကျဘဲနဲ့ နေတယ်လို့လည်း မအောက်မေ့ရဘူး, ဘာမှ မမှတ်တဲ့အခါ ဘာမှ မသိဘဲ သုညကို ရောက်နေတယ်။ သင်္ခါရုပေက္ခာဉာဏ် ရောက်ပြီးတဲ့ပုဂ္ဂိုလ်တောင် ရပ်နေတဲ့အခါ သုညကို ရောက်နေသေးတာပဲ။

စာ ၂၈၅

ပထမစပြီး မှတ်တဲ့ပုဂ္ဂိုလ်က နာမရူပပရိစ္ဆေဒကို တော်တော်နဲ့ မဖြစ်နိုင်ဘူး, အဲဒီမရောက်ခင် စိတ်စင်ကြယ်အောင် အတော် မှတ်နေရတာကိုး။ ဖောင်းတယ်, ပိန်တယ်မှတ်ရင် စိတ်က ဟိုသွားလိုက် ဒီသွားလိုက် တော်တော်နဲ့ မမှတ်နိုင်ဘူး။ အင်မတန်ကြောင့်ကြစိုက်နေတဲ့ကြားထဲက စိတ်က လိုချင်မှု ကာမအာရုံတွေဆီ သွားနေတယ်,ဗျာပါဒဆိုတဲ့ စိတ်ဆိုးမှုတွေ ဖြစ်နေတယ်, ထိနမိဒ္ဓ- ပျင်းရိမှုတွေ ဖြစ်နေတယ်, ဥဒ္ဓစ္စကုက္ကုစ္စ- စိတ်ပျံ့လွင့်မှု စိတ်ပူပန်မှုတွေ ဖြစ်နေတယ်, တရားရနိုင်တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား, ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ ယုံမှားမှုတွေ ဖြစ်နေတယ်, ဒါတွေက အမှန်သဘာဝကို မသိအောင် တားမြစ်တဲ့ နီဝရဏတွေပဲ။ ဒါကြောင့် စိတ်မစင်ကြယ်ပါဘူး။

စိတ်ကလေး စင်ကြယ်သွားမှ နာမ်ရုပ်ကို ပိုင်းခြားသိတာ, မှတ်စရာ ရုပ်ကလေးကတစ်မျိုး, မှတ်စိတ်ကလေးက တစ်မျိုး အဲဒီလို သိရတယ်။

အထက်ဉာဏ်တွေ ရောက်ပြီးသားပုဂ္ဂိုလ်ကတော့ နားနေတဲ့အခါ သုညရောက်နေပေမယ်လို့ နောက်တစ်ခါ ပြန်မှတ်လိုက်ရင် သင်္ခါရုပေက္ခာဉာဏ်လည်း ပြန်ရောက်တာပဲ,အဲဒါကြောင့် အမှတ်ကောင်းနေလို့ ဘင်္ဂဉာဏ် ရောက်နေတဲ့အခါ မှတ်တိုင်းမှတ်တိုင်းမှာ ပုံသဏ္ဌာန်အထည်ဒြပ် မရှိဘူး, တစ်ရိပ်ရိပ် ပျက်နေတယ်။ ကွေးတာ ဆန့်တာတွေ,ကြွတာ လှမ်းတာ ချတာတွေ အကုန်လုံး တစ်ရိပ်ရိပ်နဲ့ ပျောက်နေတယ်, စိတ်ကူးတွေလည်း ပျောက်နေတာပဲ, မှတ်တဲ့စိတ်လည်း ပျောက်လိုက်နေတာပဲ, ဝယဓမ္မာနုပဿီ-ပျက်ခြင်း သဘောချည်း တွေ့နေတာပဲ, ဒါ သစ္စာလေးပါးတရား ရှုပြီးတော့ နေတာပဲ။

ယောဂီပုဂ္ဂိုလ် ရှုမှတ်တိုင်း သဘောတရားချည်း ထင်လာတယ် ‘အတ္ထိ ဓမ္မာ’တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ

ဝါ ပန- တစ်နည်းထင်ပုံကား၊ အဿ- ထိုယောဂီပုဂ္ဂိုလ်၏၊ သတိ- အမှတ်ရမှုသတိသည်၊ ဓမ္မာ- သဘောတရားတို့သည်သာလျှင်၊ အတ္ထိ- ရှိ၏၊ ဣတိ- ဤသို့၊ပစ္စုပဋ္ဌိတာ- ထင်လာသည်၊ ဟောတိ- ဖြစ်၏။

ရှေ့က ပြောခဲ့တာက ကိုယ်တွင်းသန္တာန်က သစ္စာလေးပါး တရားတွေကို ရှုနေတယ်, ကိုယ်ပသန္တာန်က သစ္စာလေးပါးတရားတွေ ရှုနေတယ်, အတွင်းရော အပရောရှုနေတယ်, တစ်ခါ ဖြစ်ခြင်းတရားကို ရှုတယ်, ပျက်ခြင်းသဘောကို ရှုတယ်, အဖြစ်အပျက် ၂-ပါးလုံးကို ရှုတယ်။

စာ ၂၈၆

အခု တစ်နည်းထင်ပုံကတော့ ယောဂီပုဂ္ဂိုလ်သန္တာန်မှာ သစ္စာလေးပါးတရားတွေဟာ သဘောတရားတွေချည်းပဲ ထင်နေတယ်, ဘယ်တရားပဲ ရှုရှု သဘောတရားအနေအားဖြင့်ပဲ ထင်နေတယ်။ ဖောင်းတယ် မှတ်လိုက်လည်း သဘောတရားပဲ, ပိန်တယ်မှတ်လိုက်လည်း သဘောတရားပဲ, ကွေးတယ် မှတ်လိုက်လည်း သဘောတရားပဲ, ဆန့်တယ် မှတ်လည်း သဘောတရားပဲ, စိတ်ကူးစဥ်းစားတယ် မှတ်လည်း သဘောတရားပဲ,အားလုံး သဘောတရားတွေချည်းပဲလို့ ထင်ရှားနေတယ်။

အကြောင်းအားလျော်စွာ ဖြစ်ပြီးပျက်နေတာဟာ သဘောတရားပဲ

သဘောတရားဆိုတာ အကြောင်းအားလျော်စွာ ဖြစ်ပျက်နေတဲ့ သဘောတရားတွေပဲ, ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး, ပုဂ္ဂိုလ်၏အလိုသို့ လိုက်ပြီးတော့ ဖြစ်နေတာ မဟုတ်ဘူး။

အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော။

မိမိ၏သဘော, မိမိ၏ကိစ္စကို ဆောင်နေတာပဲ, ရုပ်တရားကလည်း ရုပ်၏ကိစ္စရုပ်၏သဘော, နာမ်တရားကလည်း နာမ်၏ကိစ္စ နာမ်၏သဘော, စိတ်ဆိုလို့ရှိရင်အာရုံကို သိခြင်းသဘောကိစ္စ, ဝေဒနာဆိုရင် ခံစားခြင်းကိစ္စ, ဖဿဆိုရင် အာရုံ၌တွေ့ထိခြင်း ကိစ္စ, ဘယ်ပုဂ္ဂိုလ်ကမှ မစီမံမခန့်ခွဲနိုင်ဘူး, သူ့သဘောအတိုင်း ဖြစ်နေတဲ့တရားတွေ, အဲဒါတွေ သဘောတရားတွေလို့ ခေါ်တယ်။

လောကမှာ သတ္တဝါတွေက ကိုယ့်ကိုယ်ရော, သူများကိုရော အသက်ရှင်နေတဲ့အကောင်အထည်ကြီးလို့ ထင်နေတယ်, ကိုယ့်အလိုအတိုင်း ပြီးနေတယ်လို့ ထင်နေတာ,အဲဒါ မဟုတ်ဘူးတဲ့။ သဘောတရားတွေချည်းပဲတဲ့, သူ့ဟာသူ ဖြစ်တယ်, သူ့ဟာသူပျက်တယ်, ဘယ်သူ့အလိုနဲ့မှ ဖြစ်တာမဟုတ်ဘူး, ကိုယ်ထဲက ရုပ်နာမ်တွေဟာလည်းသူ့ဟာသူ ဖြစ်နေတာ, အဲဒီလို သဘောတရားတွေလို့ ထင်တယ်။

ဖြစ်ပြီးပျက်နေတဲ့ သဘောတရားပဲလို့ သတိထင်လာမယ်

ကာယောဝ အတ္ထိ န သတ္တော, န ပုဂ္ဂလော, န ဣတ္ထီ, န ပုရိသော,

န အတ္တာ, န အတ္တနိယံ, နာဟံ, န မမ, န ကောစိ, နကဿစီတိ ဧဝမဿ သတိ

ပစ္စုပဋ္ဌိတာ ဟောတိ။

အဋ္ဌကထာက ကာယာနုပဿနာပိုင်း ဖွင့်တယ်။

စာ ၂၈၇

န သတ္တော- ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးလို့ ဒီလိုထင်တယ်, လောကမှာ လူတွေအထင်နဲ့ ပြောင်းပြန်ပဲ။

ယောဂီပုဂ္ဂိုလ်က ရှင်းနေတယ်, ကွေးချင်တာက စပြီးတော့ ကွေးချင်တယ်, ကွေးတယ်, ကွေးတယ် ဒီလိုမှတ်တော့ ကွေးချင်တာလေးကလည်း ရိပ်ခနဲ ပျောက်သွားတာကိုး, ကွေးတာလေးကလည်း ရွေ့ရွေ့ပြီး ပျောက်သွားတယ်, ကွေးချင်တာနဲ့ သိတာနဲ့,ကွေးတာနဲ့ သိတာနဲ့, သူနေရာနဲ့သူ တစ်ရိပ်ရိပ်နဲ့ ပျောက်တာလေးတွေ တွေ့နေတာပဲ,ဒီအထဲမှာ ကွေးအောင်လို့ ပြုလုပ်တတ်တဲ့ပုဂ္ဂိုလ် ရှာလို့မရဘူး။ ဒါကြောင့် န သတ္တော-ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, ဖြစ်ပျက်နေတဲ့သဘောတရားပဲ, ဒုက္ခသစ္စာတရားပဲ, ဖြစ်ပျက်နေလို့ နှစ်သက်သာယာဖွယ် မရှိ, အားကိုးစရာမရှိတဲ့ တရားပဲ။

န ဣတ္ထီ- မိန်းမ မဟုတ်ဘူး, န ပုရိသော- ယောကျာ်း မဟုတ်ဘူးတဲ့။ လောကဝေါဟာရအားဖြင့်တော့ မိန်းမပဲ ယောကျာ်းပဲလို့ ရှိနေတယ်။

သဘောတရားအနေအားဖြင့် ရှုတိုင်းရှုတိုင်းဟာ ရှုခိုက် ရှုခိုက်မှာ ရိပ်ခနဲ ဖြစ်ပြီးပျောက်သွား, ရိပ်ခနဲ ဖြစ်ပြီး ပျောက်သွား, ပျောက်ပျောက်သွားတဲ့ ရုပ်တရား, နာမ်တရား, ဒုက္ခသစ္စာတရားတွေပဲ။ ဒါကြောင့် န ဣတ္ထီ- မိန်းမ မဟုတ်ဘူး, န ပုရိသော-ယောကျာ်း မဟုတ်ဘူးတဲ့။

န အတ္တာ၊ အတ္တာ- ကိုယ်ကောင်သည်၊ န- မဟုတ်။ အတ္တာ- အတ္တကောင်သည်၊န- မဟုတ်။ အတ္တကောင် မဟုတ်ဘူးတဲ့, လောကဝေါဟာရအားဖြင့် ကိုယ်ဆိုတဲ့အတ္တကောင်ကတော့ ရှိတာပေါ့။ သာသနာပပုဂ္ဂိုလ်တွေက ဒီအတ္တကို အမျိုးမျိုး ကြံထားတယ်, သာမီ- ခန္ဓာအိမ် အစိုးရတယ်တဲ့, ပိုင်ရှင်ပဲတဲ့, ဒီအတ္တလေးဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်နေရာမှာ ရှိနေသလိုလို (သို့မဟုတ်) တစ်ကိုယ်လုံး ပြည့်ပြီးနေသလိုလိုယူဆနေကြတယ်။ နိဝါသီ- ခန္ဓာအိမ်ထဲမှာ ဒီအတ္တကောင် မြဲတည်ပြီးတော့နေတယ်,ခန္ဓာအိမ်ထဲမှာ တည်ရှိနေတယ်, ခန္ဓာအိမ်ကြီး ပျက်သွားပေမယ်လို့ သူကတော့ မပျက်ဘူးလို့ ယူဆတာကိုး။

အဲဒီလို အတ္တကောင်လေး မဟုတ်ဘူး, သဘောတရားပဲ, ဒုက္ခသစ္စာတရားတွေပဲ,ဖြစ်လိုက်ပျက်လိုက် အားကိုးစရာမရှိတဲ့ တရားတွေပဲ, နှစ်သက်သာယာစရာ မရှိတဲ့တရားတွေပဲလို့ ရှုရင်း မှတ်ရင်း ဒီလိုသဘောကျလာတာကိုး။ ရှုတိုင်းရှုတိုင်း ဒီဉာဏ်

စာ ၂၈၈

ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ သဘောလေးတွေချည်းပဲ, ဒုက္ခသစ္စာတရားလေးတွေ, သူ့ဟာသူ ဖြစ်ပျက်နေတဲ့တရားချည်းပဲ, အဲဒီလို သဘောကျတယ်။ ဒါကြောင့်မို့ န အတ္တာ-ခန္ဓာအိမ်၏ပိုင်ရှင် စသည်ဖြင့် ထင်မြင်စွဲလမ်းအပ်တဲ့ အသက်ကောင် အတ္တကောင်မဟုတ်ဘူးတဲ့။

န အတ္တနိယံ- အတ္တ၏ အစိတ်အပိုင်း မဟုတ်ဘူး, န အတ္တနိယာ- အသက်ကောင်လေးရဲ့ အစိတ်အပိုင်း မဟုတ်ဘူးတဲ့။ သာသနာပပုဂ္ဂိုလ်တွေ ကြံစည်ထားတာကတော့ အခု မြင်လိုက် ကြားလိုက် ဒီလိုဥစ္စာတွေ အတ္တ၏ အစိတ်အပိုင်းကလေးတွေလို့ယူထားတယ်။

ယောဂီပုဂ္ဂိုလ်တွေမှာ ရှင်းတယ်, အတ္တ မရှိဘူး။ အတ္တကောင် အသက်ကောင်လို့မရှိတော့ ဖောင်းတာ, ပိန်တာ, ထိုင်တာ, ထိတာ, ကွေးတာ, ဆန့်တာ, ဒီသဘောတရားလေးတွေဟာ ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာတရား ဆင်းရဲတရားတွေပဲ, အတ္တ၏ အစိတ်အပိုင်း မဟုတ်ဘူး။

နာဟံ- ငါကောင်လည်း မဟုတ်ဘူး, န မမ- ငါ၏ဥစ္စာလည်း မဟုတ်ဘူးတဲ့။လောကဝေါဟာရအားဖြင့်တော့ ငါ့ဥစ္စာပဲ, ငါ့လက်ပဲ, ငါ့ခြေပဲ ခေါ်ရပါတယ်, ငါ့သားပဲ,ငါ့သမီးပဲ, ငါ့ဆွေမျိုးပဲ, ငါ့မိတ်ဆွေပဲ စသည်ဖြင့် ပြောရပါတယ်။

အမှန်မှာတော့ အတ္တကောင် မဟုတ်ဘူး, အသက်ရှင်တဲ့ အကောင်ကလေးမဟုတ်ဘူး, သူ့ဟာသူ ဖြစ်ပျက်နေတဲ့ သဘောတရားလေးတွေပဲ, ဒီလို သိရမှာကိုး။

သတိထင်ရင် အသိဉာဏ်တွေ, သတိတွေ အဆင့်ဆင့် ကောင်းလာမယ်

‘အတ္ထိ ဓမ္မာ’တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ

ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဥ္စိ

လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခုဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ

ဝိဟရတိ။

အဿ- ထိုယောဂီပုဂ္ဂိုလ်အား၊ ဓမ္မာ- ဓမ္မော ဧဝ- သဘောတို့သည်သာလျှင်၊အတ္ထိ- ရှိကုန်၏၊ ဣတိ- ဤသို့၊ သတိ- အမှတ်ရမှုသတိသည်၊ ပစ္စုပဋ္ဌိတာ ဟောတိ-ရှေးရှုထင်၏၊ ယာဝဒေဝ ဉာဏမတ္တာယ- အသိဉာဏ်အဆင့်ဆင့် ဖြစ်ရန်အလို့ငှာသာ