ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၉၃

အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀

၁၃၂၄-ခုနှစ်, ကဆုန်လကွယ်နေ့

သစ္စာလေးချက် တစ်ပြိုင်နက် သိပုံ

ဖြစ်ပေါ်တဲ့ ရုပ်နာမ်တွေကို ရှုရင်းရှုရင်းနဲ့ နောက်ဆုံးရှုတဲ့ အချိန်ကလေး တစ်ချိန်ရှိတယ်။ မြင်တာက ဖြစ်စေ, ကြားတာက ဖြစ်စေ, နံတာက ဖြစ်စေ, တွေ့ထိတာကဖြစ်စေ, ကွေးတာဆန့်တာက ဖြစ်စေ, လှုပ်ရှားတာက ဖြစ်စေ, အဲဒီ ဖြစ်ပေါ်လာတဲ့တရားလေးက အာရုံ, ရှုမှတ်တဲ့တရားလေးက သတိ, အဲဒီရှုမှတ်ပြီးတာနဲ့ အရိယာမဂ်ကနောက်က ဆက်ပြီးတော့ ဖြစ်လာတယ်။ အဲဒီဖြစ်ပုံလေးကို ယူပြီးတော့ အဋ္ဌကထာကမှတ်ရတဲ့အာရုံနဲ့တကွ မှတ်သိရတဲ့သတိလေးပါ ဒုက္ခသစ္စာတဲ့, ရှုမှတ်ပြီးတာနဲ့ တစ်ပြိုင်နက် ချုပ်ငြိမ်းပြီးတော့ သွားတာကိုး။ ဒုက္ခနဲ့ သမုဒယတွေ အကုန်လုံး ငြိမ်းသွားတဲ့သဘောတဲ့, ဖြစ်ပေါ်လာတဲ့အာရုံရော ရှုမှတ်တဲ့သတိလေးပါ အကုန်လုံး ချုပ်ငြိမ်းသွားတဲ့သဘောက နိရောဓသစ္စာပဲ, အဲဒီနိရောဓသစ္စာကို ဆိုက်ရောက်ပြီးတော့ သွားတာကမဂ္ဂသစ္စာပဲ။ သစ္စာလေးပါးကို တစ်ပြိုင်နက် သိသွားတယ်ဆိုတာ ဒါပဲ။

နိရောဓသစ္စာ- နိဗ္ဗာန်မြင်ရင် ကျန် သစ္စာ ၃-ပါး သိတော့တာပါပဲ

ဖြစ်ပျက်တဲ့တရားတွေ သိရင်းသိရင်းနဲ့ နောက်ဆုံး ဖြစ်ပျက်တရားတွေ လုံးဝဆိတ်သုဥ်းချုပ်ငြိမ်းရာ ဖြုတ်ခနဲ ရောက်သွားတော့ ချုပ်ငြိမ်းတဲ့ သဘောလေးကို သိသွားတယ်။ နိရောဓသစ္စာကို ဆိုက်ရောက်ပြီးတော့ သွားတယ်။

ချုပ်ငြိမ်းတဲ့သဘောကို သိရတော့ မချုပ်ငြိမ်းတဲ့ ဖြစ်ပျက်နေတဲ့ တရားတွေဟာဆင်းရဲတွေပဲ, မကောင်းတာတွေပဲဆိုတာ ထင်ရှားတယ်။ ဒါကြောင့် နိရောဓ- ချုပ်ငြိမ်းတဲ့သဘော ကောင်းတယ်လို့ သိသဖြင့် မချုပ်ငြိမ်းတာတွေဟာ မကောင်းတဲ့တရားဆင်းရဲတဲ့တရားပဲ- ဒုက္ခသစ္စာလို့ သိနိုင်တာကိုး။

စာ ၂၉၄

အဲဒီလို သိတော့ မကောင်းတဲ့ တရားတွေအပေါ်မှာ သာယာမယ့်တဏှာဟာမဖြစ်ဘူး, ငြိမ်းနေတယ်။ ဒါဟာ သမုဒယသစ္စာကို ပယ်သောအားဖြင့် သိတာပဲ,ပဟာနပဋိဝေဓလို့ ခေါ်တယ်။

ပြီးတော့ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တရားကို အာရုံပြုပြီးတော့ သိသွားတဲ့ မဂ္ဂသစ္စာကမိမိသန္တာန်မှာ ဖြစ်သွားတာကိုး, မိမိသန္တာန်မှာ ဖြစ်သွားတာတွေ ပြန်စဥ်းစားလို့ရှိရင်ဘယ်အချိန်မဆို သိနိုင်တာကိုး။

“နိရောဓေ အာရမ္မဏတော ပဋိဝေဓော” နိရောဓ နိဗ္ဗာန်တရားကိုတော့ ချုပ်ငြိမ်းတဲ့ သဘောထဲကို ရောက်ပြီးတော့ သေသေချာချာကို သိတာပဲ။ “တီသု ကိစ္စတောပဋိဝေဓော” ကြွင်းတဲ့ သစ္စာတွေတော့ ကိစ္စပြီးသောအားဖြင့် သိသွားတာတဲ့။

အခု နိဗ္ဗာန်တရားကလေး ချုပ်ငြိမ်းနေတာဖြင့် ကောင်းတာပဲ, မချုပ်ငြိမ်းတဲ့သဘောတွေဟာ မကောင်းဘူးလို့ သိတော့ အဲဒါတွေ သာယာမှု ဘယ်ဖြစ်တော့မလဲ,အဲဒီသာယာမှုတွေ ငြိမ်းသွားတာ။

သို့သော်လည်းပဲ သောတာပန်ဖြစ်တော့ သောတာပန်အဆင့်လောက် ငြိမ်းတယ်,သက္ကာယဒိဋ္ဌိတို့, ဝိစိကိစ္ဆာတို့ အပါယ်ကျလောက်တဲ့ ကိလေသာတို့ ငြိမ်းသွားတာပဲ။သောတာပတ္တိမဂ်နဲ့ သမုဒယ- သာယာမှုကို တော်ရုံပယ်တာပဲ, အကုန်လုံး ပယ်တာမဟုတ်ဘူး။ ဒါကြောင့်မို့ သောတာပန်မှာ ကာမဂုဏ်အာရုံတွေနဲ့ ရှိနေသေးတာကိုး,သကဒါဂါမ်တွေလည်း ရှိတာပဲ။ အနာဂါမ်ကျတော့ ကာမရာဂတွေ အကုန်လုံး ကင်းသွားတာ, ဒါကြောင့်မို့ ကာမအာရုံတွေ မသာယာတော့ဘူး။ ဒါပေမယ်လို့ ဘဝလေးကိုတော့ သာယာတုန်း ရှိသေးတယ်, ဒါကြောင့်မို့ သူဟာ ရူပဘဝ အရူပဘဝတွေဖြစ်နေသေးတာပဲ။

အရဟတ္တမဂ်ရောက်တော့မှ သာယာမှု အကုန်လုံး ကင်းတာ, ဘယ်ဟာမှ မသာယာတော့ဘူး, အဲဒီမှာ နိရောဓ- ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုလည်း ပိုင်ပိုင်နိုင်နိုင် သိတယ်။ပြီးတော့ မချုပ်ငြိမ်းတဲ့တရားတွေ မကောင်းဘူး, ဒုက္ခသစ္စာတရားပဲ ဆိုတာ အဲဒီကျမှသေသေချာချာ သိသွားတာ, ဒီတော့ သမုဒယ သာယာမှုတွေ အကုန်လုံး ကင်းသွားပြီ။

ဒါကြောင့် ချုပ်ငြိမ်းရာနိဗ္ဗာန်ကို သိတာနဲ့ ဒုက္ခသစ္စာ- ဆင်းရဲတရားတွေလည်းသိတယ်တဲ့, အဲဒီဆင်းရဲတရားတွေကို သာယာမယ့်တဏှာလည်းပဲ ပယ်ခြင်းကိစ္စ ပြီး

စာ ၂၉၅

သွားလို့ သိတယ်, ပြီးတော့ ချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကို တွေ့တာက မဂ္ဂသစ္စာဖြစ်တော့မဂ္ဂသစ္စာလည်း မိမိသန္တာန်ဖြစ်ပွားလို့ မဂ္ဂသစ္စာလည်း ပွားများခြင်းကိစ္စ ပြီးသွားပြီတဲ့။

သစ္စာလေးချက်, တပြိုက်နက်, သိချက် ဘယ်သို့နည်း။

နိဗ္ဗာန်မြင်တာ, ကြွင်းသစ္စာ, မှန်စွာ သိမှုပြီး။

၇-နှစ် သတိ ပဋ္ဌာန်တရား မပြတ်ပွားများရင် အနိမ့်ဆုံး အနာဂါမ် ဖြစ်မယ်

ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ

ဘာဝေယျ သတ္တ ဝဿာနိ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ၊ ဒိဋ္ဌေဝ

ဓမ္မေ အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ။

ဘိက္ခဝေ- ရဟန်းတို့၊ ယော ဟိ ကောစိ- အမှတ်မရှိ တစ်စုံတစ်ယောက်သောသူသည်၊ ဣမေ စတ္တာရော သတိပဋ္ဌာနေ- ဤလေးပါးသော သတိပဋ္ဌာန်တရားတို့ကို၊ဧဝံ- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ သတ္တ ဝဿာနိ- ခုနစ်နှစ်တို့ ကာလပတ်လုံး၊ဘာဝေယျ- ပွားများငြားအံ့၊ တဿ- ထိုပုဂ္ဂိုလ်အား၊ ဒွိန္နံ ဖလာနံ- နှစ်ပါးသောဖိုလ်တို့တွင်၊ အညတရံ ဖလံ- တစ်ပါးပါးသောဖိုလ်ကို၊ ပါဋိကင်္ခံ- အလိုရှိအပ်၏၊ ဒိဋ္ဌေဝဓမ္မေ- မျက်မှောက်အတ္တဘော မျက်မှောက်ဘဝ၌ပင်လျှင်၊ အညာ ဝါ- အရဟတ္တဖိုလ်ကိုသော် လည်းကောင်း၊ ဥပါဒိသေသေ- စွဲလမ်းမှု ဥပါဒါန်အကြွင်းသည်၊ သတိ- ရှိသော်၊အနာဂါမိတာ ဝါ- အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း၊ ဣတိ- ဤသို့၊ ဒွိန္နံ ဖလာနံ-နှစ်ပါးသောဖိုလ်တို့တွင်၊ အညတရံ ဖလံ- တစ်ပါးပါးသောဖိုလ်ကို၊ ပါဋိကင်္ခံ- အလိုရှိအပ်၏။

တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ဆိုတာ ယောကျာ်းရယ်, မိန်းမရယ်, ရဟန်းရယ်,ခွဲမထားဘူး, မြတ်စွာဘုရား၏ အဆုံးအမဩဝါဒ လိုက်နာကျင့်တဲ့ပုဂ္ဂိုလ်တွေ အကုန်လုံးဘယ်သူပဲဖြစ်ဖြစ် အဲဒီ သတိပဋ္ဌာန်လေးပါး တရားတွေကို ပွားများပါတဲ့။

ဘယ်လောက်ကြာအောင် ပွားများရမလဲဆို ၇-နှစ် ပွားများရမယ်တဲ့။ ပွားများလို့ရှိရင် မျက်မှောက်ဘဝတွင် အရဟတ္တဖိုလ်ရင်လည်း ရောက်မယ်, ရဟန္တာရင်လည်းဖြစ်မယ်တဲ့။ စွဲလမ်းမှုတွေကို မပယ်နိုင်လို့ ဥပါဒါန်တွေ ကျန်နေသေးလို့ရှိရင် အနာဂါမ်ဖြစ်မယ်တဲ့။ ၇-နှစ်အားထုတ်ပါ ဆိုတာကလည်း မပြတ်မစဲ အားထုတ်ဖို့ ပြောတာ။

စာ ၂၉၆

ဒီသတိပဋ္ဌာန် ပွားများသဖြင့် အမြတ်ဆုံးအကျိုး ရှေးဦးစွာ ပြတယ်, အထက်ဆုံးအမြင့်တွေ ရောက်နေမှတော့ ဝိပဿနာဉာဏ် ဖြစ်ပါ့မလားလို့ မေးစရာ ဘယ်ရှိမလဲ။သောတာပတ္တိမဂ်ဖိုလ်, သကဒါဂါမိမဂ်ဖိုလ်တွေလည်း ပြောစရာ ဘယ်လိုမလဲ။

အနည်းဆုံး ၇-ရက် သတိပဋ္ဌာန်တရား မပြတ်ပွားများရင် အနာဂါမ် ဖြစ်မယ်

မြတ်စွာဘုရားက ၇-နှစ် အားမထုတ်နိုင်ပေမယ့် ဖြစ်နိုင်ပါတယ် ဆိုပြီးတော့ခြောက်နှစ်တို့, ငါးနှစ်တို့, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တစ်နှစ်ထိ တဖြည်းဖြည်း လျှော့လာတယ်။ တစ်နှစ်တောင်မှ တစ်ချို့ကလည်း အားထုတ်ဖို့ရာ ခက်တော့ ၇-လတဲ့,နောက် ခြောက်လ, ငါးလ, လေးလ, သုံးလ, နှစ်လ, တစ်လ အားထုတ်ပါတဲ့, ၁၅-ရက်အားထုတ်ပါတဲ့, နောက်ဆုံး ၇-ရက် အားထုတ်ပါတဲ့။

ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ

ဘာဝေယျ သတ္တာဟံ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ၊ ဒိဋ္ဌေဝ ဓမ္မေ

အညာ သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ။

ဘိက္ခဝေ- ရဟန်းတို့၊ ယော ဟိ ကောစိ- အမှတ်မရှိ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်၊ ဣမေ စတ္တာရော သတိပဋ္ဌာနေ- ဤလေးပါးသော သတိပဋ္ဌာန်တို့ကို၊ဧဝံ- ဤဟောပြခဲ့သည့်အတိုင်း၊ သတ္တာဟံ- ခုနစ်ရက်ပတ်လုံး၊ ဘာဝေယျ- ပွားများငြားအံ့၊ တဿ- ထိုပုဂ္ဂိုလ်အား၊ ဒိဋ္ဌေဝ ဓမ္မေ- မျက်မှောက် အတ္တဘော၌ပင်လျှင်၊ အညာဝါ- အရဟတ္တဖိုလ်ကိုသော်လည်းကောင်း၊ ဥပါဒိသေသေ- စွဲလမ်းမှု ဥပါဒါန် အကြွင်းသည်၊ သတိ- ရှိသော်၊ အနာဂါမိတာ ဝါ- အနာဂါမ်အဖြစ်ကိုသော်လည်းကောင်း၊ဣတိ- ဤသို့၊ ဒွိန္နံ ဖလာနံ- နှစ်ပါးသောဖိုလ်တို့တွင်၊ နှစ်ပါးသောအကျိုးတို့တွင်၊အညတရံ ဖလံ- တစ်ပါးပါးသောဖိုလ်၊ တစ်ပါးပါးသောအကျိုးကို၊ ပါဋိကင်္ခံ- အလိုရှိအပ်၏။

အနည်းဆုံး ၇-ရက် အားထုတ်ပါ, ၇-ရက် အားထုတ်လို့ရှိရင် အနာဂါမ်ရဟန္တာဖြစ်မယ်တဲ့, အတိုချုပ်ကတော့ ဒါပါပဲ။

စာ ၂၉၇

မြတ်စွာဘုရားက နေယျပုဂ္ဂိုလ်အတွက် ဝန်ခံချက်နဲ့ ဟောတော်မူတယ်

အဲဒီတော့ စိတ်အားတက်စရာ အင်မတန် ကောင်းပါတယ်, ဒီသတိပဋ္ဌာန်တရားကို မြတ်စွာဘုရားက ဝန်ခံချက်နဲ့ ဟောထားတာ။ အဲဒါ ဘယ်ပုဂ္ဂိုလ်အတွက်တုံးဆိုလို့ရှိရင် မဇ္ဈိမနေယျပုဂ္ဂိုလ်အတွက် ဟောတာတဲ့။

ဥဂ္ဃါဋိတညူပုဂ္ဂိုလ်, ဝိပဉ္စိတညူပုဂ္ဂိုလ်, နေယျပုဂ္ဂိုလ်, ပဒပရမပုဂ္ဂိုလ်ဆိုပြီး ပုဂ္ဂိုလ်၄-မျိုး ရှိတယ်။ ‘ဥဂ္ဃါဋိတညူပုဂ္ဂိုလ်” ဆိုတာကတော့ မြတ်စွာဘုရားက တရားအကျဥ်းလေး ဟောတာနဲ့ပဲ တရားအားထုတ်ပုံ သိသွားတယ်, တရားနာရင်းနဲ့ မဂ်ဖိုလ်ရသွားတယ်။ “ဝိပဉ္စိတညူပုဂ္ဂိုလ်”ဆိုတာကတော့ အဲဒီ တရားအကျဥ်းချုပ်ကို အကျယ်ချဲ့ပြီးဟောတဲ့အခါ တရားအားထုတ်ပုံ သိသွားတယ်, တရားနာနေရင်း မဂ်ဖိုလ်ကို ရသွားတယ်။ အဲဒီ ဥဂ္ဃါဋိတညူပုဂ္ဂိုလ်, ဝိပဉ္စိတညူပုဂ္ဂိုလ် ဆိုတာကတော့ မြတ်စွာဘုရားလက်ထက်က အများအပြား ရှိပါတယ်, ဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက်လည်း အနည်းငယ် ရှိပါတယ်, သို့သော် အဲဒီကနောက်မှာတော့ စာပေထဲ မတွေ့ရဘူး။

မြတ်စွာဘုရားဟောထားတဲ့ တရားတွေကို နာကြားမှတ်သားပြီးတော့ ဆရာသမားဥပနိဿယတွေ ယူပြီးတော့ ကျင့်ကြံအားထုတ်တယ်, အဲဒီလိုအားထုတ်လို့ တရားရတဲ့ပုဂ္ဂိုလ်ဟာ နေယျပုဂ္ဂိုလ် မည်တယ်။ အဲဒီနေယျ ပုဂ္ဂိုလ်ကလည်းပဲ တိက္ခပုဂ္ဂိုလ်, မဇ္ဈိမပုဂ္ဂိုလ်, မန္ဒပုဂ္ဂိုလ်, ၃-မျိုး ရှိတယ်။

ဒီသတိပဋ္ဌာန်တရား အားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာ မဇ္ဈိမနေယျပုဂ္ဂိုလ်ဖြစ်လို့ရှိရင်၇-ရက်လောက် အားထုတ်ရင် တရား ရရမှာပဲ, တိက္ခနေယျ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ၇-ရက်ထက် စောပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။

မြတ်စွာဘုရား ဝန်ခံထားတာကတော့ဖြင့် ၇-ရက် အားထုတ်ရင် အနာဂါမ်ရဟန္တာ ဖြစ်မယ်တဲ့။ အနာဂါမ် ရဟန္တာ မဖြစ်တောင်မှ ဒီတရားအားထုတ်လို့ရှိရင်သောတာပန် သကဒါဂါမ်ကတော့ ဖြစ်ဖို့ရာ ရှိတာပေါ့, ဒါကတော့ ထင်ရှားနေတာပဲ။

ဒီတရားအားထုတ်ရတဲ့ပုဂ္ဂိုလ်တွေ အင်မတန် စိတ်အားတက်စရာ ကောင်းပါတယ်, အားထုတ်ခါစ ပုဂ္ဂိုလ်တွေအတွက် သာပြီးတော့ အားတက်စရာ ကောင်းတယ်,အားထုတ်ပြီးသားပုဂ္ဂိုလ်တွေ, အချိုးကျနေတဲ့ပုဂ္ဂိုလ်တွေတော့ အထူးတိုက်တွန်းစရာမလိုဘူး, ကိုယ့်ဟာကိုယ် တွေ့ပြီးသား သိပြီးသားတွေ ဖြစ်နေတာပါပဲ။

စာ ၂၉၈

သတိပဋ္ဌာန် အကျိုး ၇-ပါး

“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောက

ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ

အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ” ဣတိ

ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တံ။

ဘိက္ခဝေ- ရဟန်းတို့၊ ယဒိဒံ ယေ ဣမေ စတ္တာရော သတိပဋ္ဌာနာ- အကြင်လေးပါးသော သတိပဋ္ဌာန်တရားတို့သည်၊ အတ္ထိ- ရှိကုန်၏၊ အယံ မဂ္ဂေါ- ဤသတိပဋ္ဌာန်ဟူသော ခရီးသည်၊ သတ္တာနံ- သတ္တဝါအပေါင်းတို့၏၊ ဝိသုဒ္ဓိယာ-ကိလေသာအညစ်အကြေးမှ ကင်းဝေးစင်ကြယ်ဖို့ရာ၊ ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း တစ်ကြောင်းတည်းသော ခရီးပါပေတည်း။

ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ, သတိပဋ္ဌာန်တရား လေးပါး ရှိတယ်။ အဲဒီ သတိပဋ္ဌာန်တရားဟာ စိတ်အညစ်အကြေးတွေကင်းဝေးစင်ကြယ်ဖို့ရာ တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသောလမ်းပဲ။

သောကပရိဒေဝါနံ သမတိက္ကမာယ- စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ကို လွန်မြောက်ခြင်း အကျိုးငှာ၊ ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသောခရီးပါပေတည်း။

ဒီသတိပဋ္ဌာန်လမ်းက အားထုတ်သွားလို့ရှိရင် စိုးရိမ်ပူဆွေး ငိုကြွေးမှုတွေ ကင်းငြိမ်းမယ်တဲ့။

ဒုက္ခဒေါမနဿာနံ- ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းရန်အလို့ငှာ၊ ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသောလမ်းပါပေတည်း။

ဒီတရားအားထုတ်လို့ရှိရင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေလည်း ချုပ်ငြိမ်းပြီးတော့သွားစေနိုင်တယ်တဲ့, ဆင်းရဲတွေ အကုန်လုံး မရောက်ဘဲနဲ့ ကင်းနိုင်တယ်။

ဉာယဿ- အရိယာမဂ်ကို၊ အဓိဂမာယ- ရခြင်းသိခြင်းငှာ၊ နိဗ္ဗာနဿ- နိဗ္ဗာန်ကို၊သစ္ဆိကိရိယာယ- မျက်မှောက်ပြုခြင်းငှာ၊ ဧကာယနော မဂ္ဂေါ- တစ်ခုတည်းသောလမ်း၊တစ်ကြောင်းတည်းသောခရီးပါပေတည်း။

စာ ၂၉၉

အရိယာမဂ်များ ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာ တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသောလမ်းပဲ။ ဒီလမ်းက လျှောက်သွားလို့ရှိရင် မလွဲဘူးပေါ့လေ, လမ်းဆုံးလို့ရှိရင် ကိုယ်အလိုရှိတဲ့ မဂ်ဉာဏ် ရောက်မှာပဲ။

ဒီသတိပဋ္ဌာန်တရားက သတိ အလုပ်ကလေး တစ်ခုတည်းပဲ, ဒွါရ ၆-ပါးကပေါ်တိုင်းပေါ်တိုင်းတွေ မှတ်နေရုံပဲ, ရုပ်အမူအရာ ပေါ်ရင် ရုပ်အမူအရာ မှတ်, နာမ်အမူအရာ ပေါ်ရင် နာမ်အမူအရာ မှတ်။ သတိပဋ္ဌာန်လေးပါးသာ ဆိုတယ်, အကျဥ်းချုပ်ဆိုတော့ ရုပ်နဲ့နာမ် ၂-ခု မှတ်ဖို့ပါပဲ။

ဣတိ- ဤသို့၊ ယံ တံ- အကျဥ်းချုပ်ဖြစ်သော အကြင်စကားကို၊ မယာ- ငါသည်၊ဝုတ္တံ- ဟောခဲ့ပြီ။

မြတ်စွာဘုရားက ဒီတရား ပလ္လင်ခံစဥ်တုန်းက သတိပဋ္ဌာန်၏ စွမ်းရည်တွေအကျိုးတွေ ဖော်ပြပြီးတော့ ငါ ဟောခဲ့တယ်တဲ့။ သတိပဋ္ဌာန်လေးပါးက တစ်ကြောင်းတည်းသောခရီးပဲ, သတ္တဝါတွေ ကိလေသာအညစ်အကြေးတွေ ကင်းစင်သွားဖို့, စိုးရိမ်ပူဆွေးငိုကြွေးမှုတွေ ကျော်လွန်ပြီးတော့ သွားဖို့, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေကို လွန်မြောက်ပြီးတော့ သွားဖို့, အရိယာမဂ်ဉာဏ်ကို ရဖို့, နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့, အဲဒီအကျိုး ၇-ပါးကို ပြပြီးတော့ ဟောခဲ့တယ်တဲ့။

သတိပဋ္ဌာနသုတ် တရားတော် နိဂုံး

ဣဒမေတံ ပဋိစ္စ ဝုတ္တံ။ ဣဒံ- အကျယ်ဟောခဲ့သော ဤစကားကို၊ ပဋိစ္စ- စွဲမှီ၍၊ဧတံ- ဤအကျဥ်းချုပ်စကားကို၊ မယာ- ငါသည်၊ ဝုတ္တံ- ဟောခဲ့ပေသတည်း။

ယခုပြောခဲ့တဲ့ အကျယ်စကားအတိုင်း ပွားများရခဲ့ဟာတဲ့, သတိပဋ္ဌာန်တရားလေးပါးဆိုတာ ယခု ပြောခဲ့တဲ့အတိုင်း ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ, လေးပိုင်းပိုင်းပြီး ဟောခဲ့တာ, ရှုပုံကလေးသိပုံတွေပိုင်းပြီးတော့ ဟောခဲ့တယ်။ အဲဒီမှာ ဟောတဲ့အတိုင်း သတိပဋ္ဌာန်တရားတွေ ပွားများဖို့ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဟောတယ် ဆိုပြီးတော့ ဒေသနာနိဂုံးသတ်တာကိုး။

ဒေသနာပရိယောသာနေ- ဒေသနာ၏အဆုံး၌၊ တိံသ ဘိက္ခုသဟဿာနိ-သုံးသောင်းသောရဟန်းတော်တို့သည်၊ အရဟတ္တေ- အရဟတ္တဖိုလ်၌၊ ပတိဋ္ဌတိံသု-တည်လေကုန်၏လို့ အဋ္ဌကထာဆရာက ဖော်ပြထားတယ်။ သုတ်ပါဠိတော်မှာတိုက်ရိုက် မရှိဘူး။

စာ ၃၀၀

အခုနေခါ စဥ်းစားကြည့်လိုက်လို့ရှိရင် တယ်ပြီး ရဟန္တာဖြစ်လွယ်ပါလားလို့အောက်မေ့ကြမှာပဲ။ ဟိုတုန်းက ဟောကြားသူကလည်း မြတ်စွာဘုရားကိုး, ဟောတဲ့ပုဂ္ဂိုလ်အနေအားဖြင့် ကြည့်လိုက်မယ် ဆိုရင်လည်း မရောက်စရာ မရှိဘူး, တရားရနိုင်လောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ဉာဏ်နဲ့ ချင့်ချိန်ပြီးတော့ နားလည်အောင်လို့ မြတ်စွာဘုရားဟောထားတာကိုး။ ဘုရားလက်ထက်က ပါရမီအင်မတန် ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေအနေအားဖြင့် ကြည့်မယ်ဆိုရင် တရားရဖို့ရာလည်း လွယ်နေတာပဲ။

ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေဟာ သတိပဋ္ဌာန်တရားတွေ တစ်ခါတည်း ကြားရတာမဟုတ်ပေဘူး, ရှေးကလည်း ကြားဖူး နာဖူး အားထုတ်ဖူးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမှာပေါ့။ ဘာဖြစ်လို့တုံးဆိုလို့ရှိရင် မြတ်စွာဘုရားလက်ထက်က ‘ပေဿ’ဆိုတဲ့ ဒကာတစ်ယောက်နဲ့ ‘ကန္ဒရက’ဆိုတဲ့ ပရိဗိုဇ်တစ်ယောက် ရောက်လာတယ်, ရောက်လာတော့မြတ်စွာဘုရား၏အနီးအပါးမှာ ရဟန်းတော်တွေကို ကြည့်ပြီးတော့ ကန္ဒရကပရိဗိုဇ်ကကြည်ညိုနေတယ်။ ဒီပုဂ္ဂိုလ်က ချီးမွမ်းတယ်, မြတ်စွာဘုရား၏ အနီးအပါးရှိနေတဲ့ရဟန်းတော်တွေ လက်မလှုပ် ခြေမလှုပ် ငြိမ်နေတယ်, စကားမပြောဘူး, ဘာမှ မပြုဘူး,တစ်ခါတည်း ဆိတ်ပြီးတော့ နေတယ်, ကိုယ့်တရားလေးနဲ့ကိုယ် နှလုံးသွင်းနေတယ်။မြတ်စွာဘုရား ဟောရင်လည်း နာမှာပဲ, တရားမဟောတဲ့အခါလည်း ကိုယ့်တရားလေးနဲ့ကိုယ် နှလုံးသွင်းပြီးတော့နေတယ်။ အဲဒီတော့ ကန္ဒရကပရိဗိုဇ်က ဒီလိုဆိတ်ငြိမ်တာမြင်မှ မမြင်ဘူးဘဲကိုး, မမြင်ဘူးတော့ မြတ်စွာဘုရားထံမှာ ဒီတပည့်တွေ မြင်ရတော့သူက အားရဝမ်းသာဖြစ်ပြီး ချီးကျူးတယ်။

“မြတ်စွာဘုရား, မြတ်စွာဘုရားက တပည့်ရဟန်းတော်တွေကို သွန်သင်ဆုံးမထားတာဖြင့် အင်မတန် ကောင်းပါပေတယ်, အင်မတန်ကောင်းသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမပြီးတော့ ထားပါပေတယ်, တယ် ကြည်ညိုစရာကောင်းတယ်တဲ့,ဘယ်ဘက်က ကြည့်လိုက် ကြည့်လိုက် ငြိမ်သက်သိမ်မွေ့ပြီးတော့ နေတာပဲ, ရှေးရှေးကဘုရားတွေဟာလည်းပဲ တပည့်တွေ သွန်သင်ဆုံးမတာဟာ ဒီလိုပဲ နေမှာပါပဲ, နောင်အနာဂတ်ကာလမှာ ပေါ်လာမယ့် ဘုရားတွေဟာလည်း ပေါ်လာလို့ရှိရင် ဒီလိုနေမှာပါ,မြတ်စွာဘုရားလိုပဲ သွန်သင်ဆုံးမပြီး ဒီအချိုးအစားအတိုင်း နေမှာပဲ” ဆိုပြီး ကြည်ညိုလို့ချီးကျူးတယ်။

စာ ၃၀၁

မြတ်စွာဘုရားက “ကန္ဒရကပရိဗိုဇ်တဲ့, ဒီပရိသတ်ထဲမှာ တစ်ချို့က အာသဝေါကုန်ခန်း ရဟန္တာဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေတဲ့, ကိလေသာကင်းငြိမ်းနေတာ, တစ်ချို့ကလည်းအနာဂါမ်တွေတဲ့, တစ်ချို့ကလည်း သကဒါဂါမ်, တစ်ချို့ကလည်း သောတာပန်တွေပဲ,တရားထူးရနေတဲ့ ပုဂ္ဂိုလ်တွေတဲ့, တစ်ချို့ပုဂ္ဂိုလ်ကလည်းပဲ သတိပဋ္ဌာန်လေးပါး ပွားများနေတဲ့ပုဂ္ဂိုလ်တွေတဲ့”။

သတိပဋ္ဌာန်လေးပါး ပွားများနေတဲ့ပုဂ္ဂိုလ်က သိမ်မွေ့နေတယ်, သိမ်မွေ့ရမှာပေါ့,ကိုယ်လှုပ်ရင် လှုပ်တာတွေ မှတ်ရမှာကိုး, ခေါင်းလှုပ်ရင် လှုပ်တာ မှတ်ရမယ်, လက်လှုပ်ရင် လက်လှုပ်တာ မှတ်ရမယ်, မော့ရင် မော့တာ, ကြည့်ရင် ကြည့်တာ မှတ်ရမယ်,မြင်ရင်လည်း မြင်တာ မှတ်ရမယ်, စကားပြောချင်ပြန်လည်း ပြောချင်တာ မှတ်ရမယ်,ပြောရင်လည်း ပြောတာ မှတ်ရမယ်။

ရဟန်းတော်တွေ တရားလည်းပဲ အမြဲတမ်း နှလုံးသွင်း ရှုမှတ်နေတော့ စကားပြောစရာလည်း မရှိပါဘူး, တရား အမြဲတမ်း ရှုမှတ်နေတာ, သတိပဋ္ဌာန်တရား ပွားများနေရလို့ရှိရင် ကိုယ်အမူအရာ, နှုတ်အမူအရာတွေ အကုန်လုံး သိမ်မွေ့နေတာ, စိတ်လည်း သိမ်မွေ့နေတာပဲ, အကုန်လုံး ကောင်းတာ။

အဲဒါတွေ ပြောတော့ ‘ပေဿ’ဆိုတဲ့ ဒကာက ထပြီးတော့ လျှောက်တယ်,“အရှင်ဘုရားတဲ့, သိပ်ကောင်းတာပါပဲတဲ့, လူ့လောကကြီးမှာ လူတွေဆိုတာ စိတ်တွေကကောက်ကျစ်စဥ်းလဲပါတယ်တဲ့, မဖြောင့်မတ်ဘူးတဲ့, အဲဒီလို မဖြောင့်မတ်တဲ့ လောကကြီးထဲမှာ အရှင်ဘုရားဟာ တရားတွေ သွန်သင်ဆုံးမထားတာ, ဖြောင့်မတ်တဲ့ ဒီသတိပဋ္ဌာန်တရားတွေ အင်မတန် ကောင်းတယ်တဲ့, ဒီတရားတွေနဲ့ အားထုတ်လိုက်လို့ရှိရင် ဖြောင့်မတ်ပြီးတော့ ကောင်းသွားတယ်, အင်မတန်ကောင်းတဲ့ တရားတွေပဲတဲ့,တပည့်တော်တို့ လူပေမယ်လို့လည်း ဒီသတိပဋ္ဌာန်တရားတွေ ရံဖန်ရံခါတော့အားထုတ်နေပါတယ်ဘုရား”လို့ လျှောက်တယ်။

အဲဒီလိုလျှောက်တာကို ထောက်ဆလို့ အခုန ရဟန်းတော်တွေ ဆိုတာကဒီသတိပဋ္ဌာန်တရားတွေ အမြဲတမ်း အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်, အဲဒီလိုအမြဲတမ်း ပွားများအားထုတ်ပြီးတော့နေတော့ မြတ်စွာဘုရား တရားဟောလိုက်တဲ့အခါ အင်မတန်ကို ရှင်းလင်းပြီးတော့ မိမိတို့ အဇ္ဈာသယနဲ့ ကိုက်ပြီးတော့ နေကြတယ်,

စာ ၃၀၂

ဒီအတွင်းမှာ တရားနှလုံးသွင်း ရှုမှတ်ပြီးတော့ ရဟန္တာတွေ ဖြစ်ကုန်ကြတာပေါ့, ဖြစ်စရာအကြောင်းက အများကြီး ရှိပါတယ်။ တရားသံတွေ ကြားနေရတယ်, တရားဟောတဲ့စကားလုံးတွေကို ကြားနေရတယ်, အဲဒီစကားလုံးလေး အနက်အဓိပ္ပါယ်တွေ ပေါ်လာ,ဒီမှာ ပီတိတွေ ဖြစ်တာကိုး, မြတ်စွာဘုရား ဟောရင်း ဟောရင်းနဲ့ ကိုယ်ထဲမှာ ပီတိတွေဖြစ်ရင် ဒီပီတိကို ရှုရမှာကိုး, ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့စိတ်ကို ရှုရမှာကိုး,စိတ္တာနုပဿနာ ဓမ္မာနုပဿနာတွေအရ အဲဒါတွေ ပေါ်တာတွေကို ရှုရမယ်, ရှုလိုက်တော့ ရှုရင်းရှုရင်းနဲ့ တစ်ချို့ပုဂ္ဂိုလ် တရားဟောခါစကပဲ ရဟန္တာဖြစ်မှာ, တစ်ချို့လည်းအလယ်ပိုင်းလောက်တုန်းကတည်းက, တစ်ချို့လဲ ဆုံးခါနီးလောက် ဖြစ်ပါလိမ့်မယ်။

သို့သော် အကုန်လုံးပေါင်းပြီး ဒေသနာပရိယောသာနေ- ဒေသနာတော်၏ အဆုံး၌၊ တိံသ ဘိက္ခုသဟဿာနိ- သုံးသောင်းသော ရဟန်းတော်တို့သည်၊ အရဟတ္တေ-အရဟတ္တဖိုလ်၌၊ ပတိဋ္ဌတိံသု- တည်ကြလေပြီတဲ့၊ ရဟန္တာဖြစ်သွားကြတယ်ဆိုတဲ့အကြောင်းကို အဋ္ဌကထာက ဖွင့်ပြပြီးတော့ ထားပါတယ်။

သတိပဋ္ဌာနသုတ်လည်း ဆုံးပါပြီ, ဒီသာသနာ့ရိပ်သာ ရောက်ခါစတုန်းကသတိပဋ္ဌာနသုတ် တစ်ခေါက် ဟောခဲ့တယ်, အခု တစ်ခေါက်ဆိုတော့ နှစ်ခေါက် ရှိသွားပြီ, နောက် အကြောင်းညီညွတ်တဲ့အခါကျမှ ဟောရမယ်။ နောက်သီတင်းကျလို့ရှိရင်တော့ ပဋိစ္စသမုပ္ပါဒ် ဟောဦးမှပဲ, ပဋိစ္စသမုပ္ပါဒ်က မှတ်သားစရာကောင်းပါတယ်, နက်နဲတဲ့ တရားတွေ ဖြစ်တယ်။ ဒီကနေ့ တရားသိမ်းရမယ်။

ဤသတိပဋ္ဌာနသုတ်တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် ယခု တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် သတိပဋ္ဌာန်တရားဒေသနာတော်၌ ဟောကြား၍ထားသောလေးပါးသော သတိပဋ္ဌာန်တရားတို့ကို ပွားများအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ မိမိတို့အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု၊ သာဓု၊ သာဓု။