သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
၁၃၂၃-ခုနှစ်, သီတင်းကျွတ်လပြည့်နေ့
တရားအနုသန္ဓေ
ယနေ့ဟောဖို့ရာ တရားအဆက်ကတော့ သတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာပိုင်း,ဓမ္မာနုပဿနာ ငါးပိုင်းထဲမှာလည်း အရိယသစ္စာပိုင်းကို ဆက်ပြီးဟောရမယ်။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခံ အရိယသစ္စံ- အရိယာတို့ သိအပ်သော ဆင်းရဲအစစ်အမှန်တရားသည်၊ ကတမဉ္စ- အဘယ်ပါနည်းဟူမူကား-
ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝဒုက္ခ-
ဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ
ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ
ဒုက္ခာ။
ဇာတိပိ- ဘဝအသစ်ဖြစ်ရခြင်းသည်လည်း၊ ဒုက္ခံ- ဆင်းရဲပင်တည်း၊ ဘဝအသစ်ဖြစ်ရတာလည်း ဆင်းရဲပဲတဲ့။ ဇရာပိ- အိုရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲတည်း၊ အိုရတာလည်း ဆင်းရဲပဲတဲ့။ မရဏမ္ပိ- သေရခြင်းသည်လည်း၊ ဒုက္ခံ- ဆင်းရဲတည်း၊ ဒါကတော့ အင်မတန်ကို ထင်ရှားနေတယ်။ သေရတာ ကြောက်စရာ အကောင်းဆုံးပဲ။သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ- စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်နှလုံး၏ ပြင်းစွာပူပန်ခြင်းတို့သည်လည်း၊ ဒုက္ခာ-ဆင်းရဲတို့တည်း။
စိုးရိမ်ပူဆွေးရတယ်ဆိုတာ မကောင်းဘူး, ငိုကြွေးရတယ် ဆိုတာ မကောင်းဘူး။ကိုယ်ထဲက အမျိုးမျိုးအထွေထွေ နာကျင်ကိုက်ခဲပြီးတော့ ဆင်းရဲပင်ပန်းရတယ်ဆိုတာမကောင်းဆုံးတရားပဲ ဖြစ်တယ်, စိတ်ထဲက စိတ်နှလုံးမသာမယာတာတွေ, စိတ်ဆင်းရဲ
တာတွေလည်း မကောင်းဆုံးတရားပါပဲ။ သူလည်း စိတ်၏ပြင်းစွာပင်ပန်းခြင်း ဆင်းရဲတွေပဲတဲ့။
အပ္ပိယေဟိ- မုန်းအပ်သော အာရုံဝတ္ထုပုဂ္ဂိုလ်တို့နှင့်၊ သမ္ပယောဂေါ- ပေါင်းဖက်ယှဥ်တွဲရခြင်းသည်လည်း၊ ဒုက္ခော- ဆင်းရဲပင်တည်း၊ ပိယေဟိ- ချစ်ခင်အပ်သောပုဂ္ဂိုလ် အာရုံဝတ္ထုတို့နှင့်၊ ဝိပ္ပယောဂေါ- ကွေကွင်းခွဲခွာရခြင်းသည်လည်း၊ ဒုက္ခော-ဆင်းရဲပင်တည်း။
မချစ်မနှစ်လိုတဲ့ပုဂ္ဂိုလ်တွေ, မုန်းစရာကောင်းတဲ့ပုဂ္ဂိုလ်တွေ, မတွေ့ချင်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ရ, ပေါင်းသင်းဆက်ဆံပြီးတော့ နေရတယ်, မတွေ့ချင်တဲ့အာရုံတွေနဲ့ တွေ့ပြီး နေရတယ်, မမြင်ချင်တာတွေ မြင်ရတယ်, မကြားချင်တာတွေ ကြားရတယ် စသည်ဖြင့်ပေါ့လေ, မနှစ်သက်အပ်တဲ့ အာရုံတွေနဲ့ တွေ့ပြီးတော့ နေရလို့လည်း ဆင်းရဲပဲတဲ့။ချစ်ခင်အပ်တဲ့ ပုဂ္ဂိုလ်တွေ, ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံတွေနဲ့ ကွေကွင်းခွဲခွာရတာတွေလည်း ဆင်းရဲပါပဲ။ ဒါတွေကို ဟောပြီးသားဖြစ်တယ်။
လိုချင်ပေမယ့် မရနိုင်တာ ဆင်းရဲပဲ
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။
ယံပိ- ယေနပိ- အကြင်လိုမှု၊ အကြင်လိုချင်နှစ်သက်မှု တဏှာဖြင့်လည်း၊ ဣစ္ဆံ-ဣစ္ဆန္တော- အလိုရှိပါလျက်၊ န လဘတိ- မရ၊ တမ္ပိ- ထိုလိုတာကို မရခြင်းသည်လည်း၊ဒုက္ခံ- ဆင်းရဲပင်တည်း။
မရနိုင်တာကို လိုချင်တဲ့အတွက် လိုချင်တဲ့အလို မရနိုင်တာကိုး။ ရမယ့်ဥစ္စာကိုလိုချင်တဲ့အလိုကတော့ ရှာဖွေလိုက် ယူလာလိုက် ရလာမှာပဲ, သူက မဆင်းရဲဘူး။ မရနိုင်တာကို လိုချင်တာမှ ဆင်းရဲတာ။ မရနိုင်တာ, မဖြစ်နိုင်တာကို ဖြစ်ချင်နေပြီဆိုတဲ့အဲဒီဆင်းရဲတာမှ အလကား သက်သက်မဲ့ ဆင်းရဲတာ။ မရနိုင်တဲ့ဥစ္စာကို အစက မလိုချင်ရင်တော့ ကိစ္စမရှိဘူး။ မရနိုင်တဲ့ဥစ္စာ လိုချင်လာလို့ရှိရင် တားလို့ဆီးလို့လည်း မရ,လိုကလည်း လိုချင်, ရလည်း မရတော့ ဒုက္ခရောက်တာပေါ့။ ရနိုင်တာပေမယ်လို့လည်းပဲ အင်မတန် ခက်ခက်ခဲခဲ လုပ်မှ ရနိုင်တဲ့ဥစ္စာမျိုးကို လိုချင်လို့ရှိရင်လည်း ဒုက္ခရောက်တာပဲ။
ဘတ္တဘတိကဝတ္ထု
ဇာတ်နိပါတ်ထဲမှာ သုခသာမဏေအလောင်းဖြစ်တဲ့ “ဘတ္တဘတိက”ဆိုတဲ့ လုလင်တစ်ယောက် ရှိတယ်။ အဲဒီမှာ မဟာဂန္ဓသူဌေးကြီးအတွက် အင်မတန်ကောင်းတဲ့ အစာအာဟာရတွေနဲ့ ပြုပြင်ပြီးတော့ ထမင်းစားပွဲ ကျင်းပနေတယ်။ အင်မတန်ကောင်းတဲ့မျိုးစပါးတွေကို နံ့သာရေတွေနဲ့ စိုက်ပျိုး, စပါးဖြစ်လာတဲ့အခါ သိမ်းဆည်းပြီး စားသုံးလို့ကောင်းတဲ့အချိန်ကျမှ ထုတ်ပြီး ဆန်လုပ်, ပြီးတော့လည်း အမွှေးနံ့သာတွေ အင်မတန်ကောင်းတဲ့ စားဖွယ်သောက်ဖွယ်တွေနဲ့ ရောစပ်ပြီး ချက်တော့ သူ့ဟာ အလွန်ကောင်းပုံရပါတယ်။ နေ့ကြီးရက်ကြီးအခါမှာ ထမင်းစားပွဲ ခင်းတာကိုး။ အကတွေ, အဆိုတွေအတီးအမှုတ်တွေ ပါ,ပါလိမ့်ဦးမယ်။ အဲဒီမှာ ထမင်းစားပွဲကို မြို့သူမြို့သားတွေကတခမ်းတနား ကြည့်ကြတယ်ဆိုပဲ။
ခက်ခက်ခဲခဲ ရတာကိုမှ လိုချင်တာ ဒုက္ခရောက်တာပဲ
ကြည့်ကြတော့ သုခသာမဏေအလောင်း ဘတ္တဘတိက တောသားလုလင်ကမြို့က မိတ်ဆွေအိမ်မှာ တည်းခိုခိုက် သူဌေးကြီးထမင်းစားပွဲ ခင်းကျင်းတဲ့နေ့ အင်မတန်ကြည့်ရခဲတယ် ဆိုပြီးတော့ သွားကြည့်ကြတယ်။ ဟိုရောက်တော့ သူဌေးကြီးက ကောင်းမွန်တဲ့ အဝတ်အစားတွေနဲ့, အပြင်အဆင်တွေနဲ့, အခြွေအရံတွေနဲ့ပေါ့လေ, သူကအဲဒီမှာ ထိုင်ပြီးတော့ စားတဲ့အခါကျတော့ အင်မတန်မွှေးတဲ့ အနံ့တွေ ပရိသတ်တွေဆီလွှမ်းပြီးတော့ ပျံ့သွားတယ်, အဲဒီမှာ သုခသာမဏေအလောင်း “ဘတ္တဘတိက”ဆိုတဲ့လူက ဒီအနံ့ရတော့ စားချင်တဲ့စိတ် ဖြစ်လာတော့ သူ့မိတ်ဆွေကို ပြောတယ်။ မိတ်ဆွေတောင်းပေးစမ်းပါကွာ-တဲ့။ ငါ ထမင်းကလေး တလုတ်လောက် စားရရင် တော်ပါပြီ။ငါက မစားရရင် နေကိုမနေနိုင်တော့ဘူး, မစားရလို့ရှိရင် သေလိမ့်မယ်တဲ့။ သူက ဒီလိုပြောတာကိုး။
အကြိမ်ကြိမ် အဖန်ဖန် ပြောလို့ မဖြစ်လှတော့ မြို့မိတ်ဆွေကနေပြီး အရဲစွန့်ပြီးတောင်းရတာကိုး။ တောင်းတော့ သူဌေးကြီးက ပြောတယ်, “အေး- ဒီလို တောင်းတိုင်းပေးနေရင် ငါ ဘယ်စားရတော့မတုံး, မပေးနိုင်ဘူး”တဲ့။ မပေးလို့ရှိရင် ကျွန်တော့်မိတ်ဆွေကတော့ သေရတော့မယ်, သနားသောအားဖြင့် နည်းနည်း ပေးစွန့်ပါဦးလို့တောင်းတော့ “ဒီလိုတော့ မပေးနိုင်ဘူး, အကယ်၍ မင်းလူဟာ တကယ်စားချင်လို့ရှိရင်
ငါ့အိမ်မှာ သုံးနှစ် ကျွန်ခံလို့ရှိရင်တော့ ဒီထမင်းစားပွဲမျိုး ငါလိုပဲ အခမ်းအနားနဲ့ စားရမယ်”ဆိုတော့ ဘတ္တဘတိကလုလင်က သုံးနှစ်ပေမယ်လို့ ကျွန်ခံရရင် ခံရပေစေတော့,ဒီဟာတော့ မစားရရင် မနေနိုင်ဘူး။ ဒါကို စားရအောင် သူပြောတဲ့အတိုင်း လုပ်တော့မယ်ဆိုပြီး သုံးနှစ် အလုပ်လုပ်ရတာကိုး။
သုံးနှစ်စေ့တဲ့အခါကျတော့ သူဌေးကြီးက “အေး- ဒီလူ တော်တယ်, တာဝန်ဝတ္တရားတွေလည်း အကုန်လုံး ကျေပွန်အောင် သူ လုပ်တယ်။ ဒီတစ်ပွဲမှာ ငါ မစားတော့ဘူး, ဘတ္တဘတိကလုလင်ကိုပဲ ပွဲပေးလိုက်ရမှာကိုး။ အခြွေအရံတွေ, အတီးအမှုတ်အကအခုန်တွေနဲ့ လုပ်တာကိုး, ပရိသတ်တွေက လာကြည့်ကြတယ်။
စွန့်နိုင်ခဲတဲ့ အလှူကို စွန့်လှူခဲ့လို့ ချမ်းသာရခဲ့တယ်
စားမယ်လို့ လုပ်နေတုန်း အရှင်ပစ္စေကဗုဒ္ဓါက နိရောဓသမာပတ်က ထခါစ, ဒီနေ့ဘယ်သူ့ကို ချီးမြှောက်ရပါမတုံးလို့ စဥ်းစားလိုက်တဲ့အခါ ဘတ္တဘတိကကို မြင်လို့အဘိညာဥ်နဲ့ ရှေ့မှာလာပြီး ဆွမ်းခံရောက်တယ်။ စေတနာမရှိတဲ့ပုဂ္ဂိုလ် ဆိုရင်တော့တော်တော် စိတ်ဆိုးမှာပေါ့။ သူက သုံးနှစ်တောင် အားထုတ်ပြီးတော့မှ ဒီထမင်းကလေးစားရတဲ့ဥစ္စာ။
အဲဒီတော့ ဘတ္တဘတိကလုလင်က စဥ်းစားကြည့်လိုက်တယ်။ “အင်း- ငါ ဒီနေ့ထမင်းတစ်နပ်ကလေး စားဖို့ရာအတွက် သုံးနှစ်တောင်မှ ကျွန်ခံရတယ်, ရှေးကုသိုလ်ကံနည်းလို့ပဲတဲ့။ ဒါကို လှူလိုက်လို့ ရှိရင်တော့ ဘဝအဆက်ဆက်မှာ ဒီလို မဆင်းရဲရဘဲနဲ့ချမ်းသာသွားမယ်, ပြည့်စုံသွားမယ်၊ ငါ မစားဘူး, စွန့်စားပြီး လှူလိုက်ပါတော့မယ်” ဆိုပြီးတော့ ရှင်ပစ္စေကဗုဒ္ဓါကို လှူလိုက်တာကိုး။
လှူလိုက်တော့ အဲဒီမှာပဲ ဆူဆူညံညံတွေ တစ်ခါတည်း ဩဘာပေးကြတာကိုး။လူတွေက တစ်ခါတည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ “ဟာ ဒီပုဂ္ဂိုလ် တယ်တော်တဲ့ပုဂ္ဂိုလ်ပဲ, ဒီလောက် ခဲခဲယဥ်းယဥ်း အားထုတ်ထားတာကိုတောင်မှ သူ စွန့်လှူနိုင်တယ်”ဆိုပြီး ဆူဆူညံညံတွေ သာဓုခေါ်ကြတယ်။ အဲဒါကို သူဌေးကြီးက အကျိုးအကြောင်းသိရတော့ ငွေတစ်ထောင်ပေးပြီး အဲဒီကုသိုလ်ကောင်းမှုကို အမျှဝေဖို့ ပြောတော့ အမျှဝေတယ်, နောင်အခါမှာ ဘုရင်ကလည်း ငွေတစ်ထောင်ပေးပြီး အမျှဝေဖို့ ပြောတော့အမျှဝေတယ်, အဲဒါနဲ့ ဘတ္တဘတိကလုလင် သူဌေး ဖြစ်သွားတယ်။
အလွန်ကောင်းတဲ့ ထမင်းတစ်နပ် စားချင်လို့ သုံးနှစ်တောင် ဒုက္ခရောက်တာပဲ
ဘတ္တဘတိကလုလင်ဟာ လွန်လွန်ကဲကဲ အင်မတန်ကောင်းတဲ့ ထမင်းကိုမှသွားပြီး တောင့်တတယ်။ အဲဒီ တောင့်တမှုကြောင့် သူ့မှာ သုံးနှစ်တိုင်တိုင် သူများအိမ်ကျွန်ခံရတာနဲ့ ဘယ်လောက် ဒုက္ခရောက်သွားသလဲ။ အဲဒါလိုပဲ ရနိုင်တဲ့ဥစ္စာ ဖြစ်ပေမယ်လို့ ခဲခဲယဥ်းယဥ်းကို လိုချင်တောင့်တမှုဟာလည်း ဒုက္ခပဲတဲ့။ လုံးလုံး မရနိုင်တဲ့ဟာသွားတောင့်တလို့ရှိရင်တော့ သေသည့်တိုင် ဒုက္ခတွေ ရောက်သွားတတ်တယ်။
ရှောင်လွှဲမရတဲ့ ဘဝအသစ်ဖြစ်မှုကို ကင်းလိုတာလည်း ဆင်းရဲပဲ
ကတမဉ္စ ဘိက္ခဝေ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။
မရနိုင်တာကို လိုချင်တောင့်တခြင်းဆင်းရဲဟာ အဘယ်နည်းဟူမူကား-
ဇာတိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ ‘အဟော ဝတ မယံ န
ဇာတိဓမ္မာ အဿာမ၊ န စ ဝတ နော ဇာတိ အာဂစ္ဆေယျာ’တိ၊ န ခေါ ပနေတံ
ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဇာတိဓမ္မာနံ- ဘဝအသစ်ဖြစ်ခြင်းသဘော ရှိကုန်သော၊သတ္တာနံ- သတ္တဝါတို့အား၊ ဧဝံ ဣစ္ဆာ- ဤသို့သော လိုချင်တောင့်တခြင်းသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်ခဲ့၏၊ မယံ- ငါတို့သည်၊ ဇာတိဓမ္မာ- ဘဝအသစ်ဖြစ်ခြင်းသဘော ရှိကြသည်၊ န အဿာမ- မဖြစ်ပါကုန်မူကား၊ အဟော ဝတ- ကောင်းလေစွတကား၊ နော-ငါတို့ထံသို့၊ ဇာတိ- ဘဝအသစ်ဖြစ်ခြင်းသဘောသည်၊ န အာဂစ္ဆေယျ- မလာပါမူကား၊အဟော ဝတ- ကောင်းလေစွတကား၊ ဣတိ- ဤသို့၊ ဣစ္ဆာ- လိုချင်တောင့်တမှုသည်၊ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်၏။ ဧတံ- ဤဘဝအသစ်ဖြစ်မှု ကင်းခြင်းကို၊ ဣစ္ဆာယ- တောင့်တလိုသော်လည်း၊ န ခေါ ပန ပတ္တဗ္ဗံ- မရနိုင်။ ဣဒမ္ပိ- ဤဘဝအသစ်ဖြစ်မှုကင်းခြင်းကိုလိုချင်တောင့်တခြင်းသည်လည်း၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ- မရနိုင်တာကိုလိုချင်သော ဆင်းရဲပင်တည်း။
ဘဝအသစ် မဖြစ်ခြင်းကို အလိုရှိခြင်း, တောင့်တခြင်းသည်လည်း မရနိုင်တာကိုလိုချင်တဲ့ ဆင်းရဲပင်တည်း။ နိဗ္ဗာန်ကို မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဘဝအသစ်ဖြစ်ခြင်းသဘော ရှိတာပဲ။ တစ်ဘဝက သေရင် တစ်ဘဝ ကံအားလျော်စွာ ဖြစ်ရတယ်။ မဖြစ်ချင်ပေမယ်လို့ မဖြစ်ပါစေနဲ့လို့ တောင့်တနေလို့ မရဘူး, ဖြစ်ရမှာပဲတဲ့။အဲဒီလို မရနိုင်တဲ့ ဥစ္စာတွေကို လိုချင်တောင့်တတာဟာ ဆင်းရဲပဲတဲ့။
ရှောင်လွှဲမရတဲ့ အိုမှုကို ကင်းလိုတာလည်း ဆင်းရဲပဲ
ဇရာဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ ‘အဟော ဝတ မယံ န
ဇရာဓမ္မာ အဿာမ၊ န စ ဝတ နော ဇရာ အာဂစ္ဆေယျာ’တိ၊ န ခေါ ပနေတံ
ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။
ဇရာဓမ္မာနံ- အိုခြင်းသဘောရှိကုန်သော၊ သတ္တာနံ- သတ္တဝါတို့၏၊ ဧဝံ ဣစ္ဆာ-ဤသို့သောအလိုသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်၏၊ မယံ- ငါတို့သည်၊ ဇရာဓမ္မာ- အိုခြင်းသဘောရှိကုန်သည်၊ န အဿာမ- မဖြစ်ကြပါကုန်မူကား၊ အဟော ဝတ- ကောင်းလေစွ၊ နော- ငါတို့ထံသို့၊ ဇရာ- အိုခြင်းသဘောသည်၊ န စ အာဂစ္ဆေယျ- မရောက်လာပါမူကား၊ အဟော ဝတ- ကောင်းလေစွ၊ ဣတိ- ဤသို့၊ ဣစ္ဆာ- လိုချင်တောင့်တခြင်းသည်၊ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်၏၊ ဧတံ- ဤအိုမှုကင်းခြင်းကို၊ ဣစ္ဆာယ- တောင့်တသော်လည်း၊ နခေါ ပန ပတ္တဗ္ဗံ- မရနိုင်၊ ဣဒမ္ပိ- ဤအိုမှုကင်းခြင်းကို လိုချင်တောင့်တခြင်းသည်လည်း၊ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ- မရနိုင်တာကို လိုချင်သော ဆင်းရဲပင်တည်း။
သတ္တဝါတွေဟာ အိုခြင်းသဘောရှိကြတယ်, ဘယ်ဘဝမှာဖြစ်ဖြစ် ဖြစ်ရာဘဝမှာအိုရမှာပဲ, မအိုဘဲနဲ့ကတော့ မပြီးဘူး, မနာဘဲနဲ့ မပြီးဘူး, မသေဘဲနဲ့လည်း မပြီးဘူး။အိုရ နာရ သေရဦးမှာတွေချည်းပဲ။ အိုခြင်း, နာခြင်း, သေခြင်းတွေနဲ့ မတွေ့ချင်ကြဘူး။မတွေ့ပါရစေနဲ့လို့ အလိုရှိတဲ့အတိုင်း ဖြစ်ရဲ့လားဆိုတော့ မဖြစ်ဘူး, မဖြစ်တော့ အဲဒီမရနိုင်တာကို လိုချင်တဲ့အတွက် ဆင်းရဲရတယ်တဲ့။
မအိုချင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အိုမင်းရုပ်တွေ အကြောင်းပြုပြီးတော့ စိတ်ဆင်းရဲမှုတွေ ဖြစ်ရတယ်။ ဗုဒ္ဓဘာသာဝင်တွေတော့ အိုတတ်တဲ့သဘော ရှိတယ်ဆိုတာ စောစောကတည်းက နှလုံးသွင်းထားကြတဲ့အတွက် သဘောတရားတွေပဲဆိုပြီး သည်းခံနိုင်ကြတာပေါ့လေ။ တရားကို နှလုံးမသွင်းနိုင်တဲ့ တရားလက်လွတ်ပုဂ္ဂိုလ်တွေကျတော့ အိုတာကိုအကြောင်းပြုပြီးတော့ ဆင်းရဲရတယ်တဲ့။
မကျန်းမမာ နာဖျားခြင်းနဲ့ တွေ့တဲ့အခါ သိပ်ဒုက္ခရောက်တယ်။ မကျန်းမမာ နာဖျားခြင်း မဖြစ်ချင်ဘဲနဲ့ ကိုယ့်မှာ လာပြီးဖြစ်တော့ ဆင်းရဲမှုတွေ အများကြီး ဖြစ်ရတယ်။သေခြင်းဘေးနဲ့ တွေ့တဲ့အခါ သာဆိုးတာပေါ့။ အစက ကိုယ့်အလိုရှိတဲ့အတိုင်း ဖြစ်မယ်လို့ အောက်မေ့နေကြတယ်။ မအိုဘဲနဲ့ နေရမလိုလို, မနာဘဲနဲ့ နေရမလိုလို, အမြဲတမ်း
ကျန်းကျန်းမာမာ နေရမလိုလို, အမြဲတမ်း ချမ်းသာပြီး နေရမလိုလို စိတ်ထဲမှာ ဒီလိုပဲအောက်မေ့နေကြတာကိုး, အဲဒီလို ချမ်းချမ်းသာသာလည်း အလိုရှိနေတာကိုး။ အဲဒီလိုအလိုရှိတဲ့ပုဂ္ဂိုလ်တွေ ကိုယ့်အလိုအတိုင်း မဖြစ်ဘူးဆိုတော့ တစ်နေ့ကျ ဆင်းရဲမှုတွေအများကြီး ရောက်ရပါတယ်တဲ့။ ဒါကြောင့် မရနိုင်တာကို လိုချင်တာဖြင့် ဆင်းရဲပဲတဲ့။
အကျဥ်းချုံးပြီး ပြောရရင် ဥပါဒါနက္ခန္ဓာငါးပါးဟာ ဆင်းရဲပဲ
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
သံခိတ္တေန- အကျဥ်းချုပ်အားဖြင့်၊ ပဉ္စုပါဒါနက္ခန္ဓာ- ငါးပါးသော ဥပါဒါနက္ခန္ဓာတရားတို့သည်၊ ဒုက္ခာ- ဆင်းရဲတို့ပေတည်း။
စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, သစ္စာဒုက္ခပင်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဥပါဒါနက္ခန္ဓာငါးပါးဟာ ဆင်းရဲပါပဲတဲ့။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးကို ပါဠိလို “ဥပါဒါနက္ခန္ဓာ”လို့ ခေါ်ပါတယ်။ ဥပါဒါန်က စွဲလမ်းတတ်တဲ့တရား, ခန္ဓာကတော့ကို ရုပ်နာမ်အစုပါပဲ။ စွဲလမ်းနိုင်တဲ့ ရုပ်နာမ်အစု, စွဲလမ်းမှုစွဲလမ်းရာဖြစ်တဲ့ ရုပ်နာမ်အစုပဲလို့ ဆိုလိုပါတယ်။
စွဲလမ်းတတ်တဲ့ ဥပါဒါန်တရားက အကျဥ်းချုပ်အားဖြင့် တဏှာနဲ့ဒိဋ္ဌိ ၂-ခုပဲ။အကျယ်တော့ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် ဆိုပြီး ၄-ခုရှိတယ်။ အကျဥ်းဆိုရင်တော့ ဒိဋ္ဌိနဲ့ အထင်မှားပြီးတော့ စွဲလမ်းတာက ဒိဋ္ဌိဥပါဒါန်,တဏှာနဲ့ သာယာပြီးတော့ စွဲလမ်းတာက တဏှာဥပါဒါန် ဖြစ်တယ်။
ထင်လွဲသာယာ, စွဲလမ်းတာ, နှစ်ဖြာ ဥပါဒါန်။
ဥပါဒါန်ဆိုတာ စွဲလမ်းတာပဲ, မလွှတ်နိုင်အောင်လို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယူထားတဲ့သဘောပဲ။ ဘယ်လို စွဲလမ်းသလဲဆိုတော့ ငါပဲ, ငါကောင်, သတ္တဝါကောင်, အသက်ကောင်ပဲလို့ အထင်လွဲပြီး စွဲလမ်းတာက ဒိဋ္ဌိဥပါဒါန်၊ ငါ့ဥစ္စာအနေနဲ့, သာယာစရာအနေနဲ့, ကိုယ်ပိုင်အနေနဲ့ စွဲလမ်းတာက တဏှာဥပါဒါန်။
ဘယ်သူ့ကို စွဲလမ်းသလဲဆိုရင် ဥပါဒါနက္ခန္ဓာငါးပါးကို စွဲလမ်းတာပဲ။ မီးဟာလောင်စရာ မရှိဘဲနဲ့ လောင်လို့ မဖြစ်ဘူး, လောင်စရာရှိမှ လောင်လို့ ဖြစ်တယ်။ ထင်း,ရေနံ, ဓာတ်ဆီ, လောင်စရာ တစ်ခုခုတော့ ရှိရမယ်။ အဲဒါလိုပဲ စွဲလမ်းတယ်ဆိုတာစွဲစရာကလေး ရှိမှ, ဘယ်သူ့ကို စွဲလမ်းတုံးဆိုတော ဥပါဒါနက္ခန္ဓာငါးပါးကို စွဲလမ်းတာပဲ။
ငါ ငါ့ဥစ္စာ, စွဲနိုင်တာ, ဥပါဒါနက္ခန်။
ငါပဲလို့ အထင်မှားပြီး စွဲလမ်းနိုင်တဲ့ဥစ္စာ, ငါ့ဥစ္စာပဲလို့ သာယာပြီး စွဲလမ်းနိုင်တဲ့ဥစ္စာတွေဟာ ဥပါဒါနက္ခန္ဓာ ခေါ်တာပဲတဲ့။ ဘယ်သူတွေတုံးဆိုတော့ ရုပ်, ဝေဒနာ,သညာ, သင်္ခါရ, ဝိညာဏ်, ဒီငါးခုပဲ။ တခြား မဟုတ်ပါဘူးတဲ့။
ရုပ်, ဝေ, သညာ, သင်္ခါရာ, ဝိညာဏ် ဤငါးတန်။
ဒါကို မြတ်စွာဘုရားကိုယ်တော်မြတ်က အမေးအဖြေနဲ့ ရှင်းထားတယ်။ ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
ဘိက္ခဝေ- ရဟန်းတို့၊ ပဉ္စ- ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓာ- စွဲလမ်းနိုင်သောဥပါဒါနက္ခန္ဓာဟု ဆိုအပ်ကုန်သော၊ ဒုက္ခာ- ဆင်းရဲတို့သည်၊ ကတမေ စ- အဘယ်နည်းဟူမူကား-
ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ သေယျထိဒံ၊
ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော
ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဥ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊
ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဘိက္ခဝေ- ရဟန်းတို့၊ သံခိတ္တေန- အကျဥ်းချုပ်အားဖြင့်၊ ပဥ္စုပါဒါနက္ခန္ဓာ- ဥပါဒါန်ခန္ဓာငါးပါးဟု ဆိုအပ်သော၊ ဒုက္ခာ- ဆင်းရဲတို့သည်၊ ကတမေ စ- အဘယ်တို့နည်းမူကား၊ ဣဒံ ဣမေ ပဉ္စုပါဒါနက္ခန္ဓာ- ဤငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည်၊ သေယျထာကတမေ- အဘယ်သည်တို့နည်းဟူမူကား၊ ရူပုပါဒါနက္ခန္ဓော- ရုပ်ဟု ဆိုအပ်သော ဥပါဒါနက္ခန္ဓာတရားလည်းကောင်း၊ ဝေဒနုပါဒါနက္ခန္ဓော- ဝေဒနာဟု ဆိုအပ်သော ဝေဒနုပါဒါနက္ခန္ဓာလည်းကောင်း၊ သညုပါဒါနက္ခန္ဓော- သညာဟု ဆိုအပ်သော ဥပါဒါနက္ခန္ဓာတရားလည်းကောင်း၊ သင်္ခါရုပါဒါနက္ခန္ဓော- သင်္ခါရဟု ဆိုအပ်သော ဥပါဒါနက္ခန္ဓာလည်းကောင်း၊ ဝိညာဏုပါဒါနက္ခန္ဓော- ဝိညာဏ်ဟု ဆိုအပ်သော ဥပါဒါနက္ခန္ဓာတရားလည်းကောင်း၊ ဘိက္ခဝေ- ရဟန်းတို့၊ ဣမေ- ဤတရားတို့ကို၊ သံခိတ္တေန- အကျဥ်းချုပ်အားဖြင့်၊ ပဉ္စုပါဒါနက္ခန္ဓာ- ငါးပါးသော ဥပါဒါနက္ခန္ဓာတရားဟု ဆိုအပ်ကုန်သော၊ဒုက္ခာ- ဆင်းရဲတို့ဟူ၍၊ ဝုစ္စန္တိ- ဆိုအပ်ကုန်၏။ ဘိက္ခဝေ- ရဟန်းတို့၊ ဣဒံ- ဤတရားကို၊ ဒုက္ခံ အရိယသစ္စံ- ဒုက္ခအရိယသစ္စာဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။
ရုပ်ဥပါဒါနက္ခန္ဓာ
“ရုပ်”ဆိုတဲ့ ဥပါဒါနက္ခန္ဓာတရား တစ်ခု ရှိတယ်။ ငါပဲ, ငါ့ဥစ္စာပဲလို့ စွဲနိုင်တဲ့ဟာဥပါဒါနက္ခန္ဓာငါးပါးပဲတဲ့။ ငါးပါးက ရုပ် ရှိတယ်, ဝေဒနာ ရှိတယ်, သညာ ရှိတယ်,သင်္ခါရ ရှိတယ်, ဝိညာဏ် ရှိတယ်။ ရုပ်ဆိုတာဟာ ထင်ရှားတွေ့နေရတဲ့ တရားတွေပဲ။တခြား တစ်ပါး လိုက်ရှာနေဖို့ မလိုဘူး။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း ကိုယ့်ကိုယ်ထဲမှာ ရှိနေတာပဲ, ကိုယ့်ကိုယ်ကြီးတစ်ကိုယ်လုံး အမြဲတမ်း တွေ့နေရတယ်။ မျက်စိနဲ့လည်း မြင်ရတယ်, လက်နဲ့ စမ်းကြည့်ရင်လည်း တွေ့ရတယ်။ အဲဒီ ကိုယ်ကောင်ကြီးတစ်ခုလုံးဟာရုပ်တွေ အများကြီး စုပေါင်းပြီးတော့ ဖြစ်နေတဲ့ ရုပ်အစုအဝေးကြီးပဲ။
ရုပ်တရား တွေ ၂၈-ခု ရှိတယ်။ သို့သော်လည်း လူတစ်ယောက် တစ်ယောက်မှာတော့ ၂၇-ခုကတော့ အများဆုံးပဲ, ဘာလို့တုံးဆိုတော့ မိန်းမမှာသာရတဲ့ ဣတ္ထိဘာဝရုပ်ဆိုတာ ယောကျာ်းမှာ မရှိဘူး, ယောကျာ်းမှာသာ ရတဲ့ ပုမ္ဘာဝရုပ်ဆိုတာ မိန်းမမှာ မရှိဘူး, ဒီနှစ်ခုက ပုဂ္ဂိုလ် တစ်ယောက်တည်း နှစ်ခု မရနိုင်ဘူး။ လူကိုယ်ထဲမှာပဲ ပညတ်ရုပ်တွေက ၁၀-ခုဆိုတော့ ပရမတ်ရုပ် ၁၇-ခု ရှိတယ်။
ပရမတ်ရုပ် ၁၇-ခု
ပထဝီ, အာပေါ, တေဇော, ဝါယော, ဓာတ်ကြီးလေးပါး ရှိတယ်။ ကိုယ်ထဲမှာ စမ်းသပ်ကြည့်လို့ရှိရင် ခက်မာကြမ်းတမ်းတဲ့သဘော, နူးညံ့တဲ့သဘော, အစိုင်အခဲသဘောတွေ့ရတာတွေက ပထဝီဓာတ်တွေပဲ။ ဥပမာ လက်ကို စမ်းသပ်ကြည့်, ခက်မာ ကြမ်းတမ်းတဲ့သဘောရင်လည်း တွေ့မယ်, နူးညံ့တဲ့သဘောရင်လည်း တွေ့မယ်။ လက်-ဆိုတဲ့ဝေါဟာရကတော့ ပညတ်လုပ်ထားတာပဲ, အမှန်ကတော့ ခက်မာကြမ်းတမ်းတဲ့သဘော,နူးညံ့တဲ့သဘောပဲ ရှိတာပဲ။
အာပေါ- အရည်သဘော, စိုထိုင်းတဲ့သဘော, ဖွဲ့စည်းတဲ့သဘော ဖြစ်တယ်။သူက စိုထိုင်းဖွဲ့စည်းပြီးတော့ထားလို့ ရုပ်တွေ မကွဲကုန်တာ။ ဆန်မှုန့် ဂျုံမှုန့်ကလေးတွေတစ်မှုန့်တစ်မှုန့်စီ အသေးလေးတွေ ရှိတယ်။ အဲဒါလေးတွေကို သင့်တော်လောက်တဲ့ရေနဲ့ ရောစပ်လိုက်လို့ရှိရင် တစ်ခုနဲ့တစ်ခုနဲ့ တွဲပြီး အတုံးအခဲ တစ်လုံးတည်း ဖြစ်သွားတယ်, မကွဲတော့ဘူး။ အဲဒါလိုပဲ ကိုယ်ထဲမှာလည်းပဲ ရုပ်အသေးအမွှားလေးတွေကို
တစ်ကွဲစီ မကွဲရအောင်လို့ စုပေါင်းပြီးတော့ တွဲထားတဲ့ အစိုဓာတ်သဘော, အရည်သဘောဟာ အာပေါဓာတ်ပဲတဲ့။
တေဇောဓာတ်ဆိုတာ အပူအအေးသဘော ဖြစ်တယ်, ကိုယ်ထဲမှာ စမ်းကြည့်ရင်ပူတာသော်လည်းကောင်း, အေးတာသော်လည်းကောင်း, နွေးတာသော်လည်းကောင်းတွေ့မယ်။ ပူတာ, အေးတာ, နွေးတာပဲ, လက်လည်း မဟုတ်ဘူး, ခြေလည်း မဟုတ်ဘူး,ခေါင်းလည်း မဟုတ်ဘူး, ဒီဥစ္စာ သဘောတရားလေးတွေပဲ။
ဝါယောဓာတ်ဆိုတာ တောင့်တင်းလှုပ်ရှားတဲ့သဘော ဖြစ်တယ်, ဥပမာ ဆန့်တန်းခိုက် လက်ကို စိတ်နဲ့စိုက်ပြီးကြည့်ရင် တောင့်နေတာတွေ, တင်းနေတာတွေ တွေ့မယ်။အဲဒီ တင်းနေတဲ့သဘောဟာ တင်းတာပဲ, လက်လည်း မဟုတ်ဘူး, ခြေလည်း မဟုတ်ဘူး, ကိုယ်လည်း မဟုတ်ဘူး, ခေါင်းလည်း မဟုတ်ဘူး, ယောကျာ်းလည်း မဟုတ်,မိန်းမလည်း မဟုတ်ဘူး, တောင့်တာ တောင့်တဲ့သဘောပဲ။ လှုပ်ရှားလိုက်တဲ့အခါရွေ့လျားတဲ့ သဘော ရှိတယ်, တစ်နေရာက တစ်နေရာ ရွေ့သွားတယ်။ ဗိုက်ထဲမှာအသက်ရှူတော့ ဖောင်းလိုက်, ပိန်လိုက်နဲ့ လှုပ်ရှားနေတာ ရှိတယ်။ အဲဒီမှာ ရွေ့လျားတဲ့သဘော, တောင့်တင်းတဲ့သဘောတွေ ထင်ရှားပါတယ်။ အဲဒါတွေဟာ တောင့်တင်းလှုပ်ရှားတဲ့ ဝါယောဓာတ်ပဲတဲ့။
ပြီးတော့ အဆင်း, အသံ, အနံ့, အရသာ အာရုံရုပ်ကလည်း ၄-ခုပဲ။ ရုပ်အကြောင်းတွေ အကျယ်ကို ဓမ္မာနုပဿနာ ခန္ဓာပိုင်းတုန်းက ဟောခဲ့ပြီးသား, ခုတော့ဒီမှာ အကျဥ်းချုပ်ပဲ ဟောရမယ်။
နောက် မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, အကြည်ရုပ် ၅-ခု။ အဆင်းတွေထင်နိုင်အောင် မျက်စိထဲက အကြည်ရုပ်, အသံထင်နိုင်အောင် နားထဲက အကြည်ရုပ်,အနံ့ထင်နိုင်အောင် နှာခေါင်းထဲက အကြည်ရုပ်, အရသာထင်နိုင်အောင် လျှာထဲကအကြည်ရုပ်, အတွေ့အထိ တွေ့သိနိုင်အောင်လို့ ကိုယ်ထဲက အကြည်ရုပ်, အဲဒါ ၅-ခုရှိတယ်။
ဓာတ်ကြီး လေးပါး, အာရုံရုပ် ၄-ခု, အကြည်ရုပ် ၅-ခု, ဒါဆိုရင် ၁၃-ခု ရသွားပြီ။အသက်, နှလုံး, အာဟာရ သီးခြားရုပ် ၃-ခု, ဘာဝရုပ် ၂-ခုထဲက ၁-ခု, ပရမတ်ရုပ်အစစ် ၁၇-ခု ရှိတယ်။