ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၆၇

အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂

၁၃၂၃-ခုနှစ်, တပို့တွဲလဆန်း ၈-ရက်နေ့

မဂ္ဂင်နဲ့မဂ္ဂ

တစ်နေ့က သတိပဋ္ဌာန်သုတ်က အရိယသစ္စာပိုင်း, မဂ္ဂသစ္စာပိုင်းမှာ မဂ္ဂင် ၈-ပါးထဲက သမ္မာဒိဋ္ဌိမဂ္ဂင်အကြောင်း ပြီးသွားပြီ, ဒီကနေ့ သမ္မာသင်္ကပ္ပမဂ္ဂင် ဟောရမယ်။

“မဂ္ဂင်”ဆိုတာ မဂ္ဂရဲ့ အစိတ်အပိုင်း, လောကမှာ မဂ္ဂဆိုရင် လမ်းတွေပဲ, ကားတွေရထားတွေ သွားနေတဲ့လမ်း, လူသွားနေတဲ့လမ်း, ဒီလမ်းတွေကို ပါဠိလို “မဂ္ဂ”လို့ ခေါ်တယ်။ ဒီလမ်းတွေက သူနဲ့ ဆက်သွယ်ထားတဲ့ အရပ်တွေကို ရောက်နိုင်တဲ့လမ်းတွေပဲ,ဘုရားနဲ့ ဆက်သွယ်နေတဲ့လမ်း လျှောက်သွားရင် ဘုရားကို ရောက်တာပဲ, ဈေးနဲ့ ဆက်သွယ်နေတဲ့လမ်း လျှောက်သွားလို့ရှိရင် ဈေးကို ရောက်တယ်, သူ့ဆိုင်ရာဆိုင်ရာ အရပ်ဒေသတွေကို ရောက်သွားတယ်။

အဲဒါလိုပဲ “မဂ္ဂ”ဆိုတာဟာ ဆိုင်ရာဆိုင်ရာ အရပ်ဌာနတွေ ရောက်စေတတ်တဲ့တရားပဲတဲ့, “မဂ္ဂ”ဆိုတာ ရောက်စေတတ်တဲ့တရား ရောက်ခြင်းတရားပဲ, လမ်းဆိုတာလည်း ရောက်ခြင်းပဲ, လိုရာအရပ်သို့ ရောက်ကြောင်းတရားပဲ။

မဂ္ဂနှစ်မျိုး

အဲဒီ “မဂ္ဂ”က သမ္မာမဂ္ဂလည်း ရှိတယ်, မိစ္ဆာမဂ္ဂလည်း ရှိတယ်။ သမ္မာမဂ္ဂ-ကောင်းတဲ့လမ်း, မှန်တဲ့လမ်း, မိစ္ဆာမဂ္ဂ- မကောင်းတဲ့လမ်း, မှားတဲ့လမ်း။

လောကမှာလည်း မကောင်းတဲ့လမ်း သွားလို့ရှိရင် မကောင်းရာကို ရောက်တယ်,အဲဒါလိုပဲ မိစ္ဆာမဂ္ဂတရားတွေ ပွားများသွားလို့ရှိရင် မကောင်းတဲ့ဌာနတွေ ရောက်သွားတယ်, အပါယ်လေးပါးကို ရောက်တယ်တဲ့။ ငရဲဖြစ်နိုင်တဲ့ ငရဲလမ်း, တိရစ္ဆာန်ဖြစ်နိုင်တဲ့တိရစ္ဆာန်လမ်း, ပြိတ္တာဖြစ်နိုင်တဲ့ ပြိတ္တာလမ်း, အသူရကာယ်ဖြစ်နိုင်တဲ့ အသူရကာယ်လမ်းတွေ, လူဖြစ်ပြန်လည်း လူဆင်းရဲ ဖြစ်နိုင်တယ်တဲ့, နတ်ဖြစ်ပြန်လည်း နတ်ဆင်းရဲဖြစ်နိုင်တယ်တဲ့။

စာ ၁၆၈

သမ္မာမဂ္ဂ- မှန်တဲ့လမ်း, ကောင်းတဲ့လမ်း ဆိုတာကတော့ ကုသိုလ်တရားတွေပါပဲ။အခု ဒီ အရိယမဂ္ဂသစ္စာတရားထဲမှာ ပါတဲ့ မဂ္ဂဆိုတဲ့ တရားတွေကတော့ ကောင်းတဲ့လမ်းတွေ, နိဗ္ဗာန်ရောက်စေတတ်တဲ့ လမ်းပဲ, ဒါပေမဲ့ နိဗ္ဗာန်မရောက်သေးခင် လူ့ဘဝနတ်ဘဝ ကောင်းရာဘဝတွေကို ရောက်စေတတ်တယ်, ကောင်းကျိုးချမ်းသာတွေကိုလည်း ရောက်စေတတ်တယ်။

အားလုံးပေါင်းလိုက်ရင် “မဂ္ဂ”ခေါ်တယ်, တစ်ခုချင်း, တစ်ခုချင်းဆိုရင် “မဂ္ဂင်”အစိတ်အပိုင်းလို့ ခေါ်တယ်။ နိဗ္ဗာန်ရောက်စေတတ်တဲ့ မဂ်တရား, နိဗ္ဗာန်ရောက်စေတတ်တဲ့ မဂ္ဂင်တရားတွေ အတူတူပါပဲ။ အဲဒီမဂ္ဂင်တရား ရှစ်ပါးထဲမှာ သမ္မာဒိဋ္ဌိကို ပြောပြီးသွားပါပြီ, ယနေ့ သမ္မာသင်္ကပ္ပက စပြီးတော့ ပြောရမယ်။

သမ္မာသင်္ကပ္ပမဂ္ဂင် သုံးမျိုး

ကတမော စ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ၊ ယော ခေါ ဘိက္ခဝေ နေက္ခမ္မ

သင်္ကပ္ပေါ အဗျာပါဒသင်္ကပ္ပေါ အဝိဟိံသာသင်္ကပ္ပေါ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာ

သင်္ကပ္ပေါ။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာသင်္ကပ္ပေါ- သမ္မာသင်္ကပ္ပသည်၊ (ဝါ) သမ္မာသင်္ကပ္ပေါ-ကောင်းစွာ ကြံခြင်းတရားသည်၊ ကတမော စ- အဘယ်ပါနည်း၊ ဘိက္ခဝေ- ရဟန်းတို့၊ယော ခေါ နေက္ခမ္မသင်္ကပ္ပေါ- အကြင်ကာမမှ ထွက်မြောက်သော ကြံစည်ခြင်းသည်၊ယော ခေါ အဗျာပါဒသင်္ကပ္ပေါ- အကြင်ဗျာပါဒ ဖျက်ဆီးခြင်းမှ ထွက်မြောက်သောအကြံအစည်သည်၊ ယော ခေါ အဝိဟိံသာသင်္ကပ္ပေါ- အကြင်ညှဥ်းဆဲခြင်းမှ ထွက်မြောက်သော အကြံအစည်သည်၊ အတ္ထိ- ရှိ၏၊ ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤအကြံအစည် ၃-မျိုးကို၊ သမ္မာသင်္ကပ္ပေါ- သမ္မာသင်္ကပ္ပဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။

နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပ, သမ္မာသင်္ကပ္ပက ၃-မျိုးရှိတယ်။

နေက္ခမ္မသင်္ကပ္ပ

နေက္ခမ္မသင်္ကပ္ပမှာ နေက္ခမ္မ- ထွက်မြောက်ခြင်း, ကာမတရားတွေမှ ထွက်မြောက်တယ်တဲ့။

စာ ၁၆၉

ကာမဆိုတာ လိုချင်တတ်တဲ့တရားပဲ, နှစ်သက်တာ, သာယာတာ, တွယ်တာတာ,သဘောကျတာ ဒါတွေအားလုံး ကာမတွေပါပဲ။ လိုချင်စရာ အာရုံဝတ္ထုတွေကိုလည်းကာမလို့ ခေါ်တယ်။

ကာမဂုဏ်တွေ လိုလားနှစ်သက်ခြင်းမှ ပြောင်းပြန်ဆိုတော့ ကာမဂုဏ်တွေကိုမလိုချင်တဲ့သဘော, မတွယ်တာတဲ့သဘော, မတပ်မက်တဲ့သဘော, အဲဒါ နေက္ခမ္မပဲတဲ့,ကာမဂုဏ်တရားတွေမှ ထွက်မြောက်တဲ့ သဘောတရားပဲတဲ့။

အဲဒီ ထွက်မြောက်တဲ့ သဘောတရားကလည်း အများကြီးရှိပါတယ်, ဒီနေရာမှာတော့ ကြံစည်မှုပဲတဲ့။ ထွက်မြောက်တဲ့အနေအားဖြင့်, ကာမအာရုံဝတ္ထုတွေကို မလိုချင်တဲ့အနေအားဖြင့်, စွန့်ပစ်လိုတဲ့အနေအားဖြင့်, ကာမအာရုံဝတ္ထုတွေမှ ကင်းဝေးစေလိုတဲ့အနေအားဖြင့် စိတ်ကူးစဥ်းစားကြံစည်မှုတွေဟာ နေက္ခမ္မသင်္ကပ္ပပဲတဲ့။

နေက္ခမ္မသင်္ကပ္ပ မူလမဂ္ဂင်

အဲဒီနေက္ခမ္မသင်္ကပ္ပကလည်း မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, သုံးမျိုး ရှိပါတယ်, ကျမ်းဂန်တွေမှာတော့ ပုဗ္ဗဘာဂနဲ့ အရိယာမဂ် နှစ်ခုပဲ ခွဲထားတယ်, ရှင်းအောင်လို့ ဘုန်းကြီးများက သုံးခု ခွဲထားတယ်။

ကာမကိလေသာတွေမှ ထွက်မြောက်ဖို့ရာ ကြံစည်စိတ်ကူးမှု အခြေခံရှိတယ်,ကာမအာရုံတွေကို မလိုချင်ဘူး, မတွယ်တာဘူး, စွန့်ပစ်လိုတယ် ဆိုတဲ့သဘော, အဲဒါကုသိုလ်ကောင်းမှု ပြုဖို့ရာ ကြံစည်ကတည်းက ဖြစ်လာတယ်။ ဥပမာ- တရားနာသွားမယ်လို့ကြံရင် နေက္ခမ္မသင်္ကပ္ပပါတယ်, တရားနာမသွားဘဲနဲ့ ကာမအာရုံတွေကိုကြံစည်စိတ်ကူး နေနိုင်တာပဲ။ ကာမအာရုံတွေ မရသေးတာတွေ ရအောင်, ရပြီးသားတွေလည်း မပျောက်ပျက်ရအောင် စဥ်းစားနေမယ်ဆိုရင်လည်း အများကြီးရတယ်၊ အဲဒီအများကြီးကို စွန့်လွှတ်ပြီးတော့ တရားနာသွားဦးမှပဲလို့ ကြံစည်တာ နေက္ခမ္မသင်္ကပ္ပ။

နောက် ကုသိုလ်ကောင်းမှုတွေ ပြုမှပဲလို့ ကြံစည်ပြန်တယ်, အဲဒီကြံစည်တာလည်းနေက္ခမ္မသင်္ကပ္ပပဲ, ဒါလဲ ကာမဂုဏ်က ထွက်မြောက်တယ်။ အဲဒီ ကုသိုလ်ကောင်းမှုမပြုဘဲနဲ့ အဲဒီအချိန်မှာ ကာမဂုဏ်တွေနောက် လိုက်နေမယ်ဆိုရင် လိုက်နိုင်တယ်,အဲဒါတွေကို စွန့်လွှတ်လိုတဲ့သဘော ပါတယ်, နေက္ခမ္မသင်္ကပ္ပပဲ။

စာ ၁၇၀

နောက် ဘုရားရှိခိုးတာတွေ, စာပေကျမ်းဂန်တွေ ရွတ်ဖတ်သရဇ္ဈာယ်တာတွေ,ဒီအချိန်တွေမှာလည်း ကာမဂုဏ်အာရုံတွေကို မစဥ်းစားဘဲ, မသုံးဆောင်ဘဲ, မခံစားဘဲနေတာ, အဲဒီလိုအချိန်ခါမှာ ကြံစည်မှုတွေက နေက္ခမ္မသင်္ကပ္ပတွေပဲ။ ကြံစည်ရုံတင်မကဘူး, တကယ်အလုပ် လုပ်တာလည်း ပါဝင်လာတယ်။

ဒါနကုသိုလ်တွေ ပြုပြန်တယ်, ဒါနပြုတယ်ဆိုတာ ကိုယ်သုံးစွဲဖို့ ရှာဖွေသိမ်းဆည်းထားရတာတွေဟာကို မသိမ်းပိုက်ဘဲနဲ့ စွန့်လွှတ်လှူဒါန်းတာ, အဲဒီကာမဂုဏ်အာရုံတွေတွယ်တာနေတဲ့ ကိလေသာကို ဖယ်ခွာစွန့် လွှတ်တာပဲ, နေက္ခမ္မသင်္ကပ္ပ ပါနေတာပဲ။ကာမအာရုံက ထွက်မြောက်တဲ့ အကြံအစည်တွေ ပါတယ်, မပါလို့ရှိရင် ဒီလှူမှုကို မဖြစ်နိုင်ဘူး။

သီလဆောက်တည်ပြန်တယ်, ထို့အတူပဲ, သီလ မဆောက်တည်ဘဲနဲ့ ကာမဂုဏ်အာရုံတွေ နောက်ကို လိုက်စားနေမယ်ဆိုရင် ဖြစ်တာပေါ့။ အထူးအားဖြင့် ရှစ်ပါးသီလက ပိုပြီးတော့ ထင်ရှားတယ်, ငါးပါးသီလလည်း ထင်ရှားတာပါပဲ။ ကာမေသုမိစ္ဆာစာရတွေ ကာမဂုဏ်အာရုံတွေနောက် လိုက်စားတာတွေပဲ, မုသာဝါဒကလဲ ကာမဂုဏ်အာရုံတွေနဲ့စပ်ပြီးတော့ လိုချင်တဲ့စိတ်တွေ ရှိတာပဲ, သုရာမေရယဆိုတာလည်းကာမဂုဏ်အာရုံတွေပဲ, အဲဒါတွေကို စွန့်လွှတ်ပြီးတော့ သီလအကျင့် ကျင့်ရတာကိုး။ရှစ်ပါးသီလကျတော့ အဗြဟ္မစရိယသိက္ခာပုဒ်, ဝိကာလဘောဇနသိက္ခာပုဒ်, နစ္စဂီတဝါဒိတသိက္ခာပုဒ်, ဥစ္စာသယနမဟာသယနသိက္ခာပုဒ်တွေမှာ ကာမဂုဏ်ခံစားမှုတွေစွန့်လွှတ်ပြီးတော့ သီလဆောက်တည်ရတယ်, ဒီမှာလည်း ကာမဂုဏ်တွေ စွန့်လွှတ်လိုတဲ့စိတ်ကူးကြံစည်မှုတွေ ပါနေတယ်, ဒါ နေက္ခမ္မသင်္ကပ္ပတွေပဲ။

သေသေချာချာ စဥ်းစားကြည့်ရင် ကိုယ်ကျင့်နေတာတွေ အင်မတန် ဝမ်းသာစရာကောင်းတယ်, ဒါ အင်မတန်ဖြစ်ခဲတဲ့ မဂ္ဂင်တရားတွေ ဖြစ်နေတာ၊ မဂ္ဂင်တရားတွေ ပါနေတယ်လို့ တစ်ချို့ကတော့ မသိဘူးပေါ့, နေက္ခမ္မသင်္ကပ္ပတွေ ဖြစ်နေတယ်။ ကုသိုလ်ကောင်းမှုကို ပြုတိုင်းပြုတိုင်း ကာမဂုဏ်အာရုံတွေကို, စိတ်ကူးစဥ်းစားကြံစည်ပြီးတော့ခံစားနေတဲ့အာရုံတွေကို စွန့်လွှတ်ပြီးတော့ ပြုရတယ်, ပွားရတယ်, နှလုံးသွင်းရတယ်,ကြံစည်ရတယ်, အားထုတ်ရတယ်။ ဒါကြောင့် အဲဒီလို ကုသိုလ်ကောင်းမှုကို လုပ်တိုင်းလုပ်တိုင်း နေက္ခမ္မသင်္ကပ္ပတွေ ပါဝင်နေတယ်။

စာ ၁၇၁

နေက္ခမ္မသင်္ကပ္ပ ပုဗ္ဗဘာဂမဂ္ဂင်

ပုဗ္ဗဘာဂမဂ္ဂင်- အရိယာမဂ်ရဲ့ ရှေ့ပြေးမဂ္ဂင်, အရိယာမဂ်နား ရောက်နေတယ်ဆိုတဲ့ မဂ္ဂင်။ ဝိပဿနာဉာဏ်နဲ့ ယှဥ်တွဲပြီးတော့ ဖြစ်လာတဲ့ နေက္ခမ္မသင်္ကပ္ပတဲ့, သူကတော့ ကာမဂုဏ်က ထွက်မယ်, စွန့်လွှတ်မယ်, ဒီလိုတော့ မဟုတ်ပါဘူး။ သူကဒီကာမဂုဏ်အာရုံတွေကို သုံးဆောင်ခံစားခြင်း သာယာနှစ်သက်ခြင်းရဲ့ ပြောင်းပြန်ဆန့်ကျင်တဲ့ အနေအားဖြင့် ဖြစ်တာ, ဒါကြောင့် သမ္မောဟဝိနောဒနီအဋ္ဌကထာက ဖွင့်ထားတယ်, မှတ်သားစရာကောင်းတယ်။

တတ္ထ ယောဂါဝစရော ကာမဝိတက္ကဿ ပဒဃာတနတ္ထံ ကာမဝိတက္ကံ ဝါ

သမ္မသတိ၊ အညံ ဝါ ပန ကိဥ္စိ သင်္ခါရံ၊ အထဿ ဝိပဿနာက္ခဏေ

ဝိပဿနာသမ္ပယုတ္တော သင်္ကပ္ပေါ တဒင်္ဂဝသေန ကာမဝိတက္ကဿ ပဒဃာတံ

ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ၊ ဝိပဿနံ ဥဿုက္ကာပေတွာ မဂ္ဂံ ပါပေတိ။

(သမ္မောဟဝိနောဒနီအဋ္ဌကထာ၊ ၁၁၀)

တတ္ထ- ထို ၃-ပါးသောသင်္ကပ္ပတို့တွင်၊ ယောဂါဝစရော- ယောဂီပုဂ္ဂိုလ်သည်၊ကာမဝိတက္ကဿ- ကာမဝိတက်၏၊ ပဒဃာတနတ္ထံ- အမြစ်အရင်းကို ပယ်သတ်ခြင်းငှာ၊ကာမဝိတက္ကံ ဝါ- ကာမဝိတက်ကိုလည်း၊ သမ္မသတိ- သုံးသပ်၏၊ အညံ- တစ်ပါးသော၊ကိဥ္စိ- တစ်စုံတစ်ခုသော၊ သင်္ခါရံ ဝါ ပန- သင်္ခါရတရားကိုလည်း၊ သမ္မသတိ-သုံးသပ်၏၊ အထ- ထိုသုံးသပ်ရာ၌၊ အဿ- ထိုယောဂီအား၊ ဝိပဿနာက္ခဏေ-ဝိပဿနာခဏ၌၊ ဝိပဿနာသမ္ပယုတ္တော- ဝိပဿနာတရားနှင့်ယှဥ်သော၊ သင်္ကပ္ပေါ-အကြံအစည်သည်၊ တဒင်္ဂဝသေန- တဒင်္ဂပဟာန်၏အစွမ်းအားဖြင့်၊ ကာမဝိတက္ကဿ-ကာမဝိတက်ကို၊ ပဒဃာတံ ပဒစ္ဆေဒံ- အမြစ်အရင်းပယ်ဖြတ်ခြင်းကို၊ ကရောန္တော-ပြုလျက်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏၊ ဝိပဿနံ- ဝိပဿနာကို၊ ဥဿုက္ကာပေတွာ- တစ်ဆင့်တစ်ဆင့်အားထုတ်၍၊ မဂ္ဂံ- မဂ်တရားသို့၊ ပါပေတိ- ရောက်စေ၏။

ဝိပဿနာရှုတဲ့အခါကာလမှာ ဝိပဿနာ ရှုတိုင်းရှုတိုင်း နေက္ခမ္မသင်္ကပ္ပ ဖြစ်တယ်,ရှုတဲ့အာရုံဆီကို စိတ်ဦးတန်းပြီးတော့ သွားတဲ့သဘောဟာ နေက္ခမ္မသင်္ကပ္ပပဲ, သူကတော့တမင်တကာ တွေးကြံနေရတာကတော့ မဟုတ်ဘူး, ဒါနပြုတဲ့အခါလည်း လှူတာပဲ,သီလဆောက်တည်တဲ့အခါမှာလည်း သီလအကျင့်တွေကို ကျင့်ရတာပဲ, တမင်တကာတွေးကြံနေရတာ မဟုတ်ဘူး, ဒါပေမဲ့ အဲဒီမှာ သင်္ကပ္ပတွေ ပါနေတယ်။

စာ ၁၇၂

အခု ဒီမှာလည်း ဒီလိုပါပဲ, ဝိပဿနာရှုတိုင်းရှုတိုင်းဟာ ဝိပဿနာဉာဏ်နဲ့ ယှဥ်တဲ့သင်္ကပ္ပလေး ပါတယ်တဲ့, မှတ်တိုင်း မှတ်တိုင်း ရုပ်တရား နာမ်တရားတွေကို ပိုင်းခြားပြီးတော့သိတာ သမ္မာဒိဋ္ဌိ ဝိပဿနာဉာဏ်ပေါ့, သူနဲ့တွဲပြီးတော့ သမ္မာသင်္ကပ္ပလေးပါတယ်, ဖောင်းတယ်လို့ မှတ်လိုက်ရင် ဖောင်းတဲ့ခဏမှာ ဖောင်းတက်လာတဲ့ရုပ် ဖြစ်ပေါ်လာတာကို သိတယ်, ပိန်တယ်လို့ မှတ်တဲ့အခါ ပိန်ကျသွားတဲ့ရုပ် ဖြစ်ပေါ်လာတာကို သိတယ်, မရှုဘဲနေလို့ ရှိရင်တော့ ပကတိအတိုင်း ကိုယ်အကောင်အထည်ကြီးလိုက်သိနေတာပဲ, ဒါကိုပဲ ပုဂ္ဂိုလ်သတ္တဝါလို့ ထင်နေတာပဲ, အသက်ရှင်တဲ့အကောင်ပဲလို့ထင်နေတာ, နှလုံးသွင်းတဲ့စိတ်ကလည်း နှလုံးသွင်းတိုင်း, စဥ်းစားတိုင်း, စဥ်းစားတိုင်းအသက်ရှင်နေတဲ့ အကောင်ပဲလို့ ထင်နေတယ်။

အခု ရှုလိုက်တဲ့အခါကျတော့ သမာဓိဉာဏ် တော်တော်အားကောင်းလာရင်ထင်ရှားလာတယ်, ရှုတိုင်း ရှုတိုင်းဟာ ဖောင်းတယ်ဆိုရင် ဖောင်းတဲ့ရုပ်ကလေးကတခြားပဲ, ဖောင်းတယ်လို့ သိလိုက်တဲ့ စိတ်နာမ်ကလေးက တခြားပဲ, ပိန်တယ်ဆိုရင်ပိန်တဲ့ရုပ်ကလေးက တခြားပဲ, ပိန်တယ်လို့ သိလိုက်တဲ့ စိတ်နာမ်ကလေးက တခြားပဲ,နောက် ဒီ့ထက် အားကောင်းလာတဲ့အခါကျတော့ မှတ်တိုင်းမှတ်တိုင်းဟာ သူ့အပိုင်းလေးနဲ့သူ ဖောင်းတာလေးလည်း ဖြစ်ပြီး ပျောက်သွား, မှတ်သိတာလေးလည်း ဖြစ်ပြီးပျောက်သွား, ပိန်တာလေးလည်း ပေါ်ပြီး ပျောက်သွား, မှတ်သိတာလေးလည်း မှတ်ပြီးပျောက်သွား, မမြဲတဲ့တရားပဲလို့ ရှုရင်းရှုရင်း သိလာတယ်, အဲဒီလိုသိတာတွေဟာဝိပဿနာသမ္မာဒိဋ္ဌိတွေပဲ။

အဲဒီ ဝိပဿနာသမ္မာဒိဋ္ဌိနဲ့တွဲပြီးတော့ နေက္ခမ္မသင်္ကပ္ပ ပါတယ်တဲ့, ကာမဂုဏ်မှထွက်မြောက်တတ်တဲ့ ကောင်းသော အကြံအစည်လေး ပါတယ်, တမင်တကာ တွေးကြံနေတာတော့ မဟုတ်ဘူး, သိတဲ့စိတ်ကလေး အာရုံဆီကို ဦးတန်းပြီးတော့ တက်သွားတဲ့သဘောပဲ, “သင်္ကပ္ပ”ဆိုတာ အာရမ္မဏာဘိနိရောပန- အာရုံဆီသို့ သမ္ပယုတ်တရားတွေကို တင်ပေးခြင်းလက္ခဏာ ရှိတယ်တဲ့, ရှုတိုင်းရှုတိုင်းဟာ စိတ်တွင်မကဘဲနဲ့ စိတ်နဲ့ယှဥ်ဖော်ယှဥ်ဖက်ဖြစ်တဲ့ စေတသိက်နာမ်တရားတွေ အများကြီး ပါတယ်, အဲဒီသမ္ပယုတ်တရားတွေကို အာရုံပေါ်ဆီကို ဆွဲတင်ပေးတာပဲ။ လာကြကွ, လုပ်ကွ, ကြည့်ကွ ဒီဥစ္စာက အာရုံမပြုတတ်တဲ့ ရုပ်တရားပဲ, ဒီဥစ္စာကတော့ ရှုတဲ့မှတ်တဲ့စိတ်, သူက မှတ်ရာအာရုံဆီကို ပြေးပြေးသွားတဲ့ တရား, အာရုံဆီကို ညွှတ်တတ်တဲ့ တရားပဲ။

စာ ၁၇၃

ပြီးတော့ ဒါလေးတွေကလည်း မြဲတည်နေတာ မဟုတ်ဘူး။ အလျင်က မရှိသေးဘူး, အခုမှ ဖြစ်လာတယ်, အသစ်ပဲ ဖြစ်သေးတယ်, အခု ဖြစ်ပြီးတော့ အခုပဲ ပျောက်သွားပြန်ပြီ, မမြဲတဲ့တရားပဲ။ ဖောင်းတာလည်း ဖြစ်ပြီး ပျောက်သွားတာပဲ, မမြဲဘူး,ပိန်တာလည်း ဖြစ်ပြီး ပျောက်သွားတာပဲ, မမြဲဘူး, မှတ်တာလည်း ဖြစ်ပြီး ပျောက်သွားတာပဲ, မမြဲဘူး။ မြင်တာ, ကြားတာတွေ, ကြွတာ လှမ်းတာ ချတာတွေ, စိတ်ကူးစဥ်းစားကြံစည်တာတွေ, နာကျင်တာ ကိုက်ခဲတာတွေ အကုန်လုံး သူ့အခိုက်အတန့်နဲ့သူဖြစ်ပြီးတော့ ပျောက်သွားလို့ မမြဲတဲ့တရားတွေချည်းပဲလို့ ဆိုတာ သူက ဖော်ပြီးတော့ပြနေသလိုပဲ။

စိတ်ကလေးက မှတ်တိုင်းမှတ်တိုင်း ဖောင်းတဲ့အာရုံဆီ ဦးတန်းတက်သွားတယ်,ပိန်တဲ့အာရုံဆီ ဦးတန်းတက်သွားတယ်, မြင်ရကြားရတဲ့ဆီ ဦးတန်းတက်သွားတယ်,ကြွတာ လှမ်းတာ ချတာတွေဆီ ဦးတန်းတက်သွားတယ်, ကွေးတာ ဆန့်တာတွေစိတ်ကူးစဥ်းစား ကြံစည်တာတွေဆီ ဦးတန်းပြီးတော့ တက်သွားတယ်, အဲဒီလို တက်သွားတိုင်းသွားတိုင်း သမ္ပယုတ်တရားတွေကို ဆွဲပြီးတော့တင်တာ သမ္မာသင်္ကပ္ပတွေပဲတဲ့။

ဥပမာအားဖြင့် တိုက်ကြီးတစ်ခု အထဲမှာ လူတစ်စု ထိုင်နေတယ်, တစ်ယောက်ကပြူတင်းပေါက်က ကြည့်နေတယ်, ပြူတင်းပေါက်ကနေပြီးတော့ ဘယ်သူတွေ လာနေတယ်ဟေ့, ဘာလုပ်နေတယ်ဆိုပြီး သူက ပြောနေတယ်။ ထိုင်နေတဲ့လူတွေကတော့ဘယ်မြင်မလဲ, သူပြောတာတွေကို လိုက်ပြီးစဥ်းစားတော့ သူပြောတဲ့အာရုံဆီ စိတ်ရောက်တယ်။

အခုနေ ရေဒီယိုကနေပြီးတော့ တိုက်ရိုက်လွှင့်တာ သိပ်ထင်ရှားပါတယ်, အစည်းအဝေးကြီး ဘယ်သူ လာတယ်, ဘယ်နေရာမှာ ထိုင်ပြန်ပါပြီ, ဘယ်သူက ဘာပြောတယ်, စသည်ဖြင့်ပေါ့လေ, သူ ပြောတဲ့အတိုင်း ဟိုကနားထောင်တဲ့သူတွေက စိတ်ထဲမှာထင်သွားရတယ်, ထိုင်နေပုံတွေ လာနေပုံတွေ ပြောနေပုံတွေ စိတ်ထဲ ထင်ရတယ်,လူတစ်ရာ နားထောင်ရင် လူတစ်ရာအကုန် သူပြောတဲ့အာရုံကို စိတ်က ရောက်ရတယ်,မြင်လည်း မြင်ရတာ မဟုတ်ဘူး။

အဲဒါလိုပဲ အခု သမ္မာသင်္ကပ္ပဆိုတဲ့ ဝိတက်တရားက သူက ဖောင်းရာဆီကိုတက်သွားလိုက်, ပိန်ရာဆီကို တက်သွားလိုက်, ဖောင်းတာလေးဟာ အာရုံမသိတတ်တဲ့

စာ ၁၇၄

ရုပ်တရားပဲ, ပိန်တာလေးဟာလည်း အာရုံကို မသိတတ်တဲ့ ရုပ်တရားပဲ, ရုပ်တရားအနေအားဖြင့် သူက တက်သွားတယ်။ ဖောင်းတာ ပိန်တာတွေဟာ သူ့အခိုက်အတန့်နဲ့သူဖြစ်ပြီး ပျောက်ပျက်သွားတဲ့ မမြဲတဲ့တရားပဲ, အဲဒီလိုအနေအားဖြင့် သူက ရှေ့ကတက်သွားတော့ သူ့နောက်က သမ္ပယုတ်တရားတွေကလည်း ဒီလိုပဲ လိုက်ပြီးသိရတယ်။အဲဒါဟာ သမ္မာသင်္ကပ္ပတရားက အာရုံပေါ် တင်ပေးနေတာတဲ့, ဒါကြောင့် မှတ်တိုင်းမှတ်တိုင်း ဦးတန်းပြီးတော့ တက်တက်သွားတဲ့သဘောဟာ သမ္မာသင်္ကပ္ပပဲတဲ့, မှတ်တိုင်းမှတ်တိုင်း ဝိပဿနာဉာဏ်နဲ့တွဲပြီးတော့ ဖြစ်တယ်။ ဒါကြောင့်-

ဝိပဿနာက္ခဏေ- ဝိပဿနာရှုဆဲခဏ၌၊ ဝိပဿနာသမ္ပယုတ္တော- ဝိပဿနာဉာဏ်နဲ့ယှဥ်သော၊ နေက္ခမ္မသင်္ကပ္ပေါ- နေက္ခမ္မသင်္ကပ္ပသည်၊ ကာမဂုဏ်မှ ထွက်မြောက်သော အကြံအစည်သဘောသည်၊ တဒင်္ဂဝသေန- တဒင်္ဂအားဖြင့်၊ ကာမဝိတက္ကဿ-ကာမဝိတက်ကို၊ ပဒဃာတံ ပဒစ္ဆေဒံ- အမြစ်အရင်း ပြတ်သည်ကို၊ ကရောန္တော-ပြုလျက်၊ ဥပ္ပဇ္ဇတိ- ဖြစ်၏။

ကာမဝိတက် အမျိုးပြတ်သွားတယ်, နောက်ဘယ်တော့မှ မဖြစ်ဘူးလို့တော့မဟုတ်ဘူး, သူက တဒင်္ဂပဟာန်ပဲတဲ့။ အာရုံမှာ ရုပ်ပဲ, နာမ်ပဲ, အနိစ္စ ဒုက္ခ အနတ္တပဲလို့သိသွားတယ်, ကာမဝိတက်ဆိုတဲ့ မိစ္ဆာသင်္ကပ္ပ မဖြစ်ပါဘူးတဲ့။

မြင်တယ် ဆိုပါတော့, ဝိပဿနာမရှုမိရင် မြင်ရတဲ့အာရုံလေးကို စိတ်ထဲ စွဲကျန်နေရစ်တယ်။ စွဲကျန်ပြီးနောက် ပြန်စဥ်းစားတိုင်း လိုချင်စရာ အနေအားဖြင့် စိတ်ထဲပြန်ထင်တယ်, ကာမသင်္ကပ္ပတွေ ဖြစ်နိုင်တယ်။

အခု ပေါ်တိုင်းပေါ်တိုင်းတွေကို ရှုတော့ ရှုတိုင်းရှုတိုင်း ရုပ်တရား နာမ်တရားပဲရှိတယ်, ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး, ခံစားတတ်တဲ့ပုဂ္ဂိုလ် မရှိဘူး။ ဖြစ်ပေါ်ပြီးရင် ပျောက်သွားတဲ့သဘောပဲ ရှိတယ်, မြဲတည်နေတာ မရှိဘူး, ချမ်းသာရယ်လို့ ခေါ်လောက်တဲ့တရားမရှိဘူး, ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မရှိဘူး။ အဲဒီ အနိစ္စ ဒုက္ခ အနတ္တတွေကို ရှုတိုင်းရှုတိုင်း သိနေပါပြီတဲ့, စအားထုတ်ခါစပုဂ္ဂိုလ်ကတော့ ဒီလောက်ထိ မသိသေးဘူး။

အဲဒီလို ရှုတိုင်း ရှုတိုင်း ဖြစ်ပေါ်ပြီးရင်း ပျောက်သွားရင်း, ဖြစ်ပေါ်ပြီးရင်းပျောက်သွားရင်း မမြဲတဲ့ တရားချည်းပဲလို့ ရှင်းခနဲ ရှင်းခနဲ သိနေရင် အဲဒီလိုသိရတဲ့အာရုံလေးမှာ ကာမဂုဏ်အာရုံအနေအားဖြင့် လိုချင်စရာ နှစ်သက်စရာ ထင်ပါ

စာ ၁၇၅

ဦးမလား, မထင်တော့ဘူး။ နောင်ပြန်စဥ်းစားလည်း လိုချင်စရာ နှစ်သက်စရာ မပေါ်လာတော့ဘူး။ စူးစိုက်ပြီးတော့ မှတ်နေလို့ရှိရင် မှတ်မိတဲ့ အာရုံတိုင်း အာရုံတိုင်းမှာကာမသင်္ကပ္ပတွေ ကင်းနေတယ်တဲ့။ ကာမသင်္ကပ္ပ မဖြစ်နိုင်တော့ဘူးတဲ့, အဲဒါ“ပဒဃာတံ ပဒစ္ဆေဒံ” အမြစ်အရင်းကနေပြီးတော့ ဖြတ်လိုက်တာတဲ့။

ဒွါရခြောက်ပါးကနေ ဖြစ်တိုင်း ရှုမှတ်နေတဲ့ယောဂီမှာ ရှုတိုင်းရှုတိုင်း ဖြစ်ပေါ်ပြီးရင်း ပျောက်သွားရင်း, ဖြစ်ပေါ်ပြီးရင်း ပျောက်သွားရင်း မမြဲတဲ့သဘော, ဆင်းရဲတဲ့သဘော, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ အနတ္တသဘောပဲလို့ ရှုမှတ်ရင်းနဲ့ ပိုင်းခြားပြီးတော့သိတယ်, အဲဒီလို သိအောင်လို့ ရှေ့ဆောင်နေတာဟာ နေက္ခမ္မသင်္ကပ္ပပဲတဲ့။

အဲဒီ နေက္ခမ္မသင်္ကပ္ပ ဖြစ်တဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တလို့ သိတဲ့ ဝိပဿနာဉာဏ်ကလည်း ဖြစ်ရတယ်တဲ့, သူက ရှေ့ဆောင်ပေးတာတဲ့။ အဲဒီလို သိနေတဲ့အတွက်ဒီမြင်ရ, ကြားရတဲ့ အာရုံနဲ့စပ်ပြီးတော့ ကောင်းတဲ့အနေအားဖြင့်, သာယာတဲ့အနေအားဖြင့် သာယာမှု နှစ်သက်မှုတွေ မပေါ်နိုင်တော့ဘူးတဲ့။ ကာမဝိတက္ကဿ- ကာမဝိတက်ကို၊ ပဒဃာတံ ပဒစ္ဆေဒံ- အမြစ်ရင်း ဖြတ်သည်ကို၊ ကရောန္တော- ပြုလျက်၊ဥပ္ပဇ္ဇတိ- ဖြစ်ပါတယ်တဲ့၊ နေက္ခမ္မသင်္ကပ္ပ- ဖြစ်နေတယ်။ မှတ်တိုင်းမှတ်တိုင်း နေက္ခမ္မသင်္ကပ္ပ ဝိပဿနာမဂ္ဂင် ဖြစ်နေတာပဲ။

နေက္ခမ္မသင်္ကပ္ပ အရိယမဂ္ဂင်

အထဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တော သင်္ကပ္ပေါ သမုစ္ဆေဒဝသေန

ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ။

အဲဒီလို နေက္ခမ္မသင်္ကပ္ပ ဝိပဿနာမဂ္ဂင် ဖြစ်နေရာက ဝိပဿနာဉာဏ် အားပြည့်တဲ့အခါကျတော့ အရိယမဂ္ဂင် ဖြစ်လာတယ်, နိဗ္ဗာန်အာရုံပြုပြီး ဖြစ်လာတယ်။ အဲဒီမှာလည်း နိဗ္ဗာန်ကို အာရုံပြုရုံပဲ, ကြံစည်တွေးတောနေရတာ မဟုတ်ဘူး။ နိဗ္ဗာန်ဆီဦးတန်းပြီး တက်သွားတဲ့သဘောပဲ, အဲဒီ သမ္မာသင်္ကပ္ပ ဖြစ်တဲ့အခါကျတော့ အလုံးစုံသော ကာမဝိတက်တွေကို အမြစ်ရင်း တစ်ခါတည်း ဖြတ်သွားတယ်တဲ့။ သမုစ္ဆေဒဝသေန- သမုစ္ဆေဒပဟာန်အားဖြင့် ပယ်ဖြတ်ပြီးတော့ သွားပါတယ်တဲ့။

ပထမက ကာမအာရုံတွေကို ပယ်စွန့်တဲ့အနေအားဖြင့် ဖြစ်လာတဲ့ ကြံစည်မှုတွေ,တရားနာသွားခြင်း, ကောင်းမှုကုသိုလ် ပြုဖို့ရာ ကြံစည်ခြင်း, အဲဒါတွေက စပြီးတော့

စာ ၁၇၆

နေက္ခမ္မသင်္ကပ္ပတွေ ဖြစ်နေတယ်, ဒါက မူလမဂ္ဂင်။ ဒါန, သီလ, သမထဘာဝနာတွေပွားများနေတိုင်း သူက ပါနေတယ်။

ဝိပဿနာဘာဝနာ ရှုတဲ့အခါကာလကျတော့ ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေကို သိတဲ့ ဝိပဿနာဉာဏ်နဲ့ တွဲပြီးတော့ ဦးတန်းတက်သွားတဲ့ နေက္ခမ္မသင်္ကပ္ပတွေ ဖြစ်နေတယ်, အဲဒါကတော့ ပုဗ္ဗဘာဂမဂ္ဂင်။ ဒါကလည်း ကာမသင်္ကပ္ပတွေကို တဒင်္ဂပဟာန်အားဖြင့် ဖြစ်တိုင်းဖြစ်တိုင်း ပယ်နေတယ်။

နောက်ဆုံးကျ ရုပ်နာမ်သင်္ခါရ ငြိမ်းရာနိဗ္ဗာန်ကို အသိဉာဏ်လေး ပြေးဝင်သွားတော့ သူက ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံဆီကို ရှေးစွာဦးတန်းပြီး တက်သွားတယ်, အရိယမဂ္ဂင်မှာ ပါဝင်တဲ့ နေက္ခမ္မသင်္ကပ္ပပဲ။ သူက ကာမဝိတက်ကို အမြစ်ပြတ်အားဖြင့် အလုံးစုံ ပယ်သွားတယ်, ကာမသင်္ကပ္ပတွေ နောက်မဖြစ်နိုင်တော့ဘူး။ ဒါလည်းသူ့အဆင့်နဲ့ပေါ့လေ, သောတာပတ္တိမဂ်ဆိုရင် အပါယ်ကျလောက်တဲ့ ကာမသင်္ကပ္ပ မဖြစ်တော့ဘူး, သကဒါဂါမိမဂ်လည်း ထို့အတူပဲ။ အနာဂါမိမဂ်ကျလို့ရှိရင် ကာမအာရုံတွေနဲ့စပ်ပြီးတော့ ကြံစည်မှုတွေ ဖြစ်ကို မဖြစ်နိုင်တော့ဘူး။ အရဟတ္တမဂ်ကျတော့ ရူပရာဂ,အရူပရာဂဆိုင်ရာ အပါအဝင် အလုံးစုံသော ကာမအာရုံတွေနဲ့ စပ်ပြီးတော့ ကြံစည်မှုမဖြစ်နိုင်တော့ဘူး။

မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, ဒီမဂ္ဂင်သုံးဆင့် အစဥ်တိုင်း တက်သွားတယ်။ အစဥ်အတိုင်း ပွားများရတယ်, ကဲ ဆိုစမ်းပါဦး။

မူလ ပုဗ္ဗ, အရိယ, သုံးဝမဂ္ဂင်မြတ်။

ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်။

အဗျာပါဒသင်္ကပ္ပနှင့် အဝိဟိံသာသင်္ကပ္ပ

အဗျာပါဒသင်္ကပ္ပေါ- ဗျာပါဒမှ ထွက်မြောက်ခြင်းအားဖြင့် ကြံစည်တာကို ခေါ်တယ်။ ဗျာပါဒက သက်ရှိဝတ္ထုအနေအားဖြင့်ဆိုရင် သေစေလိုတယ်, သက်မဲ့ဝတ္ထုအနေအားဖြင့် ပျက်စီးစေလိုတယ်။ မသေစေလိုတဲ့အနေနဲ့ ကြံစည်တာ, မပျက်စီးစေလိုတဲ့အနေနဲ့ ကြံစည်တာကို အဗျာပါဒသင်္ကပ္ပ ခေါ်တယ်။ မေတ္တာနဲ့ တွဲဖြစ်တာ, သူတစ်ပါးတွေ ချမ်းသာပါစေ, ချမ်းသာပါစေလို့ ဒီလိုဖြစ်တယ်။ သတ္တဝါတွေ ချမ်းသာစေလိုတဲ့အနေအားဖြင့် လူတစ်ဦးတစ်ယောက်ဖြစ်စေ, အများဖြစ်စေ, ချမ်းသာစေလိုတဲ့ အနေအားဖြင့် ဖြစ်တဲ့အကြံအစည်ဟာ အဗျာပါဒသင်္ကပ္ပလို့ ခေါ်တယ်။