ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၂၇

အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅

၁၃၂၃-ခုနှစ်, တပေါင်းလပြည့်နေ့

ဒီနေ့ ဟောဖို့ရာ တရားအစဥ်ကတော့ ဓမ္မာနုပဿနာပိုင်းက သစ္စာလေးပါးအပိုင်း, သစ္စာလေးပါးထဲက မဂ္ဂသစ္စာမှာ မဂ္ဂင်ရှစ်ပါး ရှိတဲ့အနက် သမ္မာသမာဓိမဂ္ဂင်ရောက်နေပါပြီ၊ ဒီသမ္မာသမာဓိတရားတွေက အရေးကြီးတယ်။

သမ္မာသမာဓိ မဂ္ဂင်

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာသမာဓိ- မှန်ကန်စွာ စူးစိုက်တည်ကြည်သော သမ္မာသမာဓိသည်၊ ကတမော စ- အဘယ်ပါနည်း။

ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ

သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပထမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

“ဘိက္ခု”ဆိုတာ အကျဥ်းချုပ်အားဖြင့် သုံးမျိုးလောက် ရှိပါတယ်။ “ဘိက္ခတိ ယာစတီတိ ဘိက္ခု” တောင်းတတ် အလှူခံတတ်လို့လဲ ဘိက္ခုလို့ ခေါ်တယ်တဲ့။ “ဘယံဣက္ခတီတိ ဘိက္ခု” သံသရာမှာ ဘဝအသစ်ဖြစ်ပြီး ဖြစ်ရာဘဝမှာ အိုရမယ်, နာရမယ်,သေရမယ်, အဲဒီဘေးတွေကို မြင်တတ်လို့ ဘိက္ခုလို့ ခေါ်တယ်။ “ကိလေသေ ဘိန္ဒတီတိဘိက္ခု” ကိလေသာကို ဖျက်ဆီးတတ်တဲ့ပုဂ္ဂိုလ်, ဒါကတော့ မဂ်ရောက် ဖိုလ်ရောက်ပုဂ္ဂိုလ်, ကိလေသာကို ပယ်နိုင်တဲ့ပုဂ္ဂိုလ်, အထက်တန်းရောက်သွားပြီ။

လောကီပထမဈာန်နဲ့ လောကုတ္တရာပထမဈာန်

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- ရဟန်းသည်၊ ဘိက္ခု-သံသရာဘေးကို ရှုမြင်သောပုဂ္ဂိုလ်သည်၊ ကာမေဟိ- ဝတ္ထုကာမ ကိလေသာကာမတို့မှ၊ဝိဝိစ္စေဝ- ကင်းဆိတ်၍သာလျှင်၊ အကုသလေဟိ ဓမ္မေဟိ- အကုသိုလ်တရားတို့မှ၊ ဝိဝိစ္စဧဝ- ကင်းဆိတ်၍သာလျှင်၊ သဝိတက္ကံ- ဝိတက်နှင့်တကွဖြစ်သော၊ သဝိတက္ကံ- ကြံစည်

စာ ၂၂၈

မှုနှင့်တကွဖြစ်သော၊ သဝိစာရံ- စဥ်းစားဆင်ခြင်မှုနှင့်တကွဖြစ်သော၊ ဝိဝေကဇံ-နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ ပီတိသုခံ- နှစ်သိမ့်အားရမှု ပီတိ, ချမ်းသာရွှင်လန်းမှု သုခရှိသော၊ ပထမံ ဈာနံ- ရှေးဦးစွာသော ဈာန်ကို၊ ဥပသမ္ပဇ္ဇ- ရောက်၍၊ဝိဟရတိ- နေ၏။

ဒီသာသနာတော်မှာ ပထမဈာန်ကို ရအောင် အားထုတ်ပြီးတော့ ပထမဈာန်ရောက်ပြီးတော့ နေတယ်-တဲ့။

ပထမဈာန်က နှစ်မျိုး ရှိတယ်, လောကီ ပထမဈာန်လည်း ရှိတယ်, လောကုတ္တရာပထမဈာန်လည်း ရှိတယ်, လောကီပထမဈာန် ဆိုတာကတော့ ရူပါဝစရဈာန်။

လောကုတ္တရာဈာန်ကတော့ သောတာပတ္တိမဂ်မှာလည်းပဲ ပထမဈာန် ရှိတယ်,သကဒါဂါမိမဂ်မှာလည်း ရှိတယ်, အနာဂါမိမဂ်မှာလည်း ရှိတယ်, အရဟတ္တမဂ်မှာလည်းရှိတယ်။ မူလက ဈာန်မရဘဲနဲ့ ဝိပဿနာတရား အားထုတ်ပြီးတော့ အရိယာမဂ်ရောက်သွားရင် ပထမဈာန် ရောက်တာပဲ။ မူလက ပထမဈာန် ရပြီး အဲဒီပထမဈာန်အခြေခံပြုပြီး ဝိပဿနာတရား အားထုတ်တာ ရှိတယ်, ဒုတိယဈာန် အခြေခံပြီးအားထုတ်တာ ရှိတယ်, တတိယဈာန် အခြေခံပြုပြီး အားထုတ်တာ ရှိတယ်, စတုတ္ထဈာန် အခြေခံပြုပြီးတော့ အားထုတ်တာ ရှိတယ်, အဲဒီအခြေခံဈာန်အားလျော်စွာအရိယမဂ် ရောက်သွားရင်လည်းပဲ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် ဒီလို ဖြစ်သွားတာကိုး။

အဲဒါ အခြေခံ ဈာန်ရယ်လို့ မရှိဘဲ ဝိပဿနာအတိုင်း သွားလို့ သောတာပတ္တိမဂ်ရောက်သွားတယ်ဆိုရင် အဲဒီ သောတာပတ္တိမဂ်က ပထမဈာန်, သောတာပတ္တိဖိုလ်ကလည်း ပထမဈာန်ပဲ။ အဲဒါ မဂ်ဈာန် ဖိုလ်ဈာန် လောကုတ္တရာဈာန်, အဲဒီ ပထမဈာန်တွေကို ရောက်ပြီးတော့ သွားတယ်, အဲဒီပထမဈာန်တွေ ရည်ပြီးတော့ ဟောထားတယ်။

ဝိပဿနာဈာန်နဲ့ ဥပစာရဈာန်လည်း ပထမဈာန် ထဲမှာ ပါဝင်တယ်

ပထမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

အဲဒီလောကီဈာန် လောကုတ္တရာဈာန်တို့၏ ရှေ့အဖို့က ကာမာဝစရ ဥပစာရသမာဓိဈာန်တွေလည်း ရှိတယ်, အဲဒီဟာတွေလဲ ဒီ ပထမဈာန်ထဲ ပါသွားတယ်။

စာ ၂၂၉

သဝိတက္က သဝိစာရ သမာဓိ, အဝိတက္က ဝိစာရမတ္တ သမာဓိ, အဝိတက္က အဝိစာရသမာဓိလို့ ဝိသုဒ္ဓိမဂ်က ခွဲပြထားတယ်။ သဝိတက္က သဝိစာရ သမာဓိ- ဝိတက် ဝိစာရနှစ်ပါးလုံးရှိတဲ့ သမာဓိတဲ့, ပထမဈာန် သမာဓိပဲ, သူတွင်လားဆိုတော့ မဟုတ်ဘူး,“သဒ္ဓိံ ဥပစာရေန”တဲ့, ဥပစာရသမာဓိနဲ့ တကွ ယူရမယ်တဲ့။ အားလုံးသောဈာန်တွေရဲ့ရှေးအဖို့ကဖြစ်တဲ့ ဥပစာရဈာန်ပဲတဲ့, ဈာန်တွေနား အနီးကပ်ဖြစ်တဲ့ ဥပစာရလည်းရှိတယ်, ဝိပဿနာအခြေခံအဖြစ်နဲ့ အားထုတ်တဲ့ ဥပစာရတွေလည်း ရှိတယ်။

သမ္မာသမာဓိမဂ္ဂင်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်အောင်လို့ ခု ပြောနေတယ်,အခုဟာ ဈာန်ဆိုတော့ မဂ္ဂင်တွေနဲ့ တခြားစီလို ဖြစ်နေတယ်, တခြားစီ မဟုတ်ဘူး။ဒီဈာန်ကလည်း လောကုတ္တရာဈာန်ဆိုရင် အရိယာမဂ်ဈာန်တွေပဲ, လောကီဈာန်ဆိုလို့ရှိရင်တော့ အခြေခံထဲက ယူပေါ့, ဝိပဿနာဈာန်နဲ့ အခြေခံဥပစာရဈာန်ဆိုလို့ရှိရင်တော့ ဝိပဿနာစိတ္တုပ္ပါဒ်ထဲ ပါတဲ့ဈာန်ပေါ့, ဒါ ပထမဈာန်နဲ့ တူတယ်။

ကာမဂုဏ်အာရုံစိတ်တွေ ကင်းဆိတ်မှ ပထမဈာန် ဖြစ်မယ်

အဲဒီမှာ ဒီဈာန်က ဘယ်လိုသဘောရှိသလဲ ဆိုလို့ရှိရင်

ဝိဝိစ္စေဝ ကာမေဟိ။

ကာမေဟိ- ဝတ္ထုကာမ ကိလေသာမတို့မှ၊ ဝိဝိစ္စေဝ- ကင်း၍သာလျှင်၊ ဝတ္ထုကာမကိလေသာကာမတွေ ကင်းမှ ဒီဈာန်က ဖြစ်တယ်တဲ့။

တကယ်မြင်တွေ့ပြီးတော့ သုံးဆောင်နေတာတွေပဲ ဖြစ်ဖြစ်, မမြင်မတွေ့ဘဲနဲ့စိတ်ကူးပြီး သုံးဆောင်နေတာတွေပဲ ဖြစ်ဖြစ်, ကာမအာရုံတွေဆီကို စိတ်ရောက်ပြီးတော့ခံစားနေလို့ရှိရင် အဲဒါ ကိလေသာကာမတွေ ဖြစ်နေတယ်။ ကိလေသာကာမ ဖြစ်ရင်ဝတ္ထုကာမတွေ ရှိနေတာပဲ, ကိုယ့်အနီးအပါးမှာ ရှိရင် ရှိမယ်, အနီးအပါးမှာ မရှိရင်အဝေးကြီးလည်း စိတ်ကူးလို့ ရတာပဲ။

အဲဒီ ဝတ္ထုကာမ ကိလေသာကာမတွေ ကင်းရမယ်တဲ့, ဒါတွေ မကင်းသေးလို့ရှိရင်ဈာန် မရောက်ဘူး, ရူပါဝစရဈာန် မပြောနဲ့ ဥပစာရဈာန်တောင် မရောက်ဘူး။ အဲဒါတွေ ကင်းဆိတ်ပြီးတော့နေတဲ့ အခါကာလမှာ ဥပစာရဈာန်တွေ ဖြစ်နေတယ်။

ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ရှုတိုင်း ရှုတိုင်း ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်,ထိတယ် စသည်ဖြင့် မှတ်ပြီးတော့ နေတယ်။ တစ်ခါတစ်ရံ ကြားထဲမှာ ကာမအာရုံတွေ

စာ ၂၃၀

ကြံတာ ရှိတာကိုး, ကိုယ်သွားနေကျ, လုပ်နေကျ, စဥ်းစားနေကျ, ပြောဆိုနေကျစိတ်ကူးတွေ ဝင်လာတာကိုး။ သာယာနှစ်သက်ပြီး သဘောကျနေတာတွေ, တောင့်တနေတာတွေ, ကြီးပွားချမ်းသာရေး ကောင်းစားရေးတွေ ပေါ်နေတယ်, အဲဒါ ကိလေသာကာမတွေ ဖြစ်လာတာ။ အဲဒါ ကိလေသာကာမ ဝတ္ထုကာမတွေ မကင်းမဆိတ်ပဲဖြစ်နေတယ်, ဒါတွေ ကင်းအောင် အားထုတ်ရမှာ။

အဲဒါတွေ ကင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ရှုမှတ်လိုက်ရုံပါပဲ, စိတ်ကူးဖြစ်ရင် မှတ်လိုက်ရုံပဲ, လိုချင်တာလေး ပေါ်လာရင် လိုချင်တယ် မှတ်လိုက်, နှစ်သက်တာ ပေါ်လာရင် နှစ်သက်တယ် မှတ်လိုက်, ရှုမှတ်ပြီးတော့ ပယ်လိုက်ရုံပဲ, ပယ်ဖန်များတဲ့အခါကျတော့ အဲဒီလို စိတ်တွေဆီ မသွားဘူး, ရှုရာ ရှုရာအာရုံလေးတွေဆီပဲစိတ်ကလေးက တည်နေတယ်။

ဈာန်ရှုတဲ့ပုဂ္ဂိုလ်တွေလည်း ကသိုဏ်းအစရှိသော အာရုံထဲမှာ စိတ်ကလေး တည်နေအောင် အားထုတ်ရတယ်, အားထုတ်နေရင် သူလည်း ကာမအာရုံတွေဆီ သွားမှာပဲ,အဲဒါ ကိလေသာကာမ ဝတ္ထုကာမတွေ မကင်းဘဲ ဖြစ်နေတာ။ ထွက်သက် ဝင်သက်ရှုနေတဲ့ ပုဂ္ဂိုလ်လည်း ထွက်တိုင်း ဝင်တိုင်း ရှုနေရတယ်, သူလည်း ကာမအာရုံတွေဆီသွားလို့ရှိရင် ကိလေသာကာမ ဝတ္ထုကာမတွေမှ မကင်းဆိတ်ဘဲ ဖြစ်နေတာပဲ, အဲဒါတွေလုံးလုံးမဖြစ်အောင်, ကင်းဆိတ်ပြီးတော့ သွားအောင် အားထုတ်ရမယ်။

ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ် စသည်ဖြင့် မှတ်တဲ့စိတ်, ထွက်သက်ဝင်သက် မှတ်တဲ့ပုဂ္ဂိုလ်ဆိုရင် ထွက်သက်, ဝင်သက် မှတ်တဲ့စိတ်, ဒီမှတ်စိတ်ကလေးသက်ဝင်ပြီးတော့ ကာမဂုဏ်အာရုံစိတ်တွေ အကုန်လုံး ကင်းဆိတ်ပြီးတော့ နေရမယ်တဲ့,ဒါက အင်္ဂါတစ်ခုကိုး။

နီဝရဏတွေ ကင်းဆိတ်မှ ပထမဈာန် ဖြစ်မယ်

အကုသလေဟိ ဓမ္မေဟိ- အကုသိုလ်တရားတို့မှ၊ ဝိဝိစ္စ ဧဝ- ကင်းဆိတ်၍သာလျှင်။

အကုသိုလ်တရားတွေ ကင်းရမယ်တဲ့, ကိလေသာကာမ ကာမစ္ဆန္ဒ ပါသွားပြီ,ဗျာပါဒ ကျန်တယ်, ထိနမိဒ္ဓ ကျန်တယ်, ဥဒ္ဓစ္စကုက္ကုစ္စ ကျန်တယ်, ဝိစိကိစ္ဆာ ကျန်တယ်,လေးခုသော နီဝရဏ အကုသိုလ်တရားတွေ ကင်းရမယ်တဲ့။

စာ ၂၃၁

ဗျာပါဒ- စိတ်ဆိုး စိတ်ပျက်မှုတွေ ကင်းရမယ်တဲ့။ ကသိုဏ်း အစရှိသော သမထကမ္မဋ္ဌာန်း အာရုံပြုနေတဲ့ပုဂ္ဂိုလ်လည်း တစ်ခါတစ်ခါ စိတ်ဆိုးတဲ့စိတ်တွေ ဝင်လာတာပဲ,ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်တွေ ဖောင်းတယ်, ပိန်တယ် မှတ်နေရင်းလည်း ဒီ စိတ်ဆိုးတာစိတ်ပျက်တာတွေ ဝင်လာတာပဲ, ဝင်လာရင် ရှုမှတ်ပြီးတော့ ပယ်ရမယ်, ကင်းအောင်အားထုတ်ရမယ်။ ထိနမိဒ္ဓ- ထိုင်းမှိုင်းပျင်းရိတာတဲ့, ရှုမှတ်နေရင်း ပျင်းရိလာတာလည်းရှိတာပဲ, အဲဒါတွေကို ရှုမှတ်ပြီးတော့ ပယ်ရမယ်။ ဥဒ္ဓစ္စကုက္ကုစ္စ- စိတ်ပျံ့လွင့် တာ, စိတ်ပူပန်တာတဲ့။ ဟိုရောက် ဒီရောက် ရောက်သွားတဲ့စိတ်, ပူပန်လိုက်တဲ့ စိတ်ကလေးတွေရှုမှတ်ပြီးတော့ ပယ်ရမယ်။ ဝိစိကိစ္ဆာ- ယုံမှားမှုတဲ့, ဟုတ်မှဟုတ်ပါ့မလား, ဖြစ်မှဖြစ်ပါ့မလား, မှန်မှမှန်ပါ့မလား စသည်ဖြင့် တွေးတောပြီးတော့ ယုံမှားမှုတွေလည်း ရှုမှတ်ပြီးတော့ ပယ်ရမှာပဲ။ ရှုမှတ်ပြီး ပယ်တော့ ဒါတွေအကုန်လုံး ကင်းငြိမ်းသွားတာပဲ။

ဈာန်အားထုတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ သမထအာရုံမှာ စိတ်ကလေး တည်ပြီးတော့ဒီ့ပြင်ဘယ်မှ မသွားဘဲနဲ့ ရှုတဲ့စိတ်ကလေးတစ်ခုထဲ တည်ရမှာကိုး။ ဝိပဿနာကတော့ဝိပဿနာအာရုံမှာ တည်ရမယ်, ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ် စသည်ဖြင့် ဒွါရ ၆-ပါးက ပေါ်ရာပေါ်ရာ ရုပ်နာမ်တွေမှာ ရှုရုံရှုရုံလေး တည်ရမှာကိုး။

ဝိတက်, ဝိစာရ ပါဝင်တဲ့ ပထမဈာန်

သဝိတက္ကံ- ဝိတက်နှင့်တကွဖြစ်သော, ကြံစည်မှုလည်း ရှိသော, သဝိစာရံ- ဝိစာရနှင့်တကွဖြစ်သော, စဥ်းစားဆင်ခြင်မှုလည်း ရှိသော။

ဒီဈာန်က အာရုံထဲ စိတ်တည်အောင် အားထုတ်နေရတော့ အစတော့ ဒီအာရုံပေါ်အောင်လို့လည်း ကြံစည်ရတယ်, ဒီအာရုံကို စဥ်းစားမှုလည်း ရှိရတယ်, အဲဒါလေးကြံစည်မှု စဥ်းစားမှုလေး ထင်ရှားနေတယ်တဲ့။

ပထမဈာန်မှာ ပီတိ, သုခတွေဟာ နီ ဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်တယ်

ဝိဝေကဇံ- နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ ပီတိသုခံ- ပီတိသုခရှိသော။နီဝရဏတွေ ကင်းလို့ ပီတိသုခတွေ ဖြစ်တယ်တဲ့။ အခုတရားအားထုတ်ရင်း ပီတိတွေဖြစ်လာတယ်, သမထဈာန်တွေ အားထုတ်တဲ့ ပုဂ္ဂိုလ်ကလည်း သူ့အာရုံလေးနဲ့သူတည်နေတော့ နှစ်သိမ့်ပြီးအားရပြီးတော့ ပီတိတွေ ဖြစ်နေတယ်။

စာ ၂၃၂

ခုဒ္ဒိကာပီတိ, ခဏိကာ ပီတိ, ဩက္ကန္တိကာ ပီတိ, ဥဗ္ဗေဂါ ပီတိ, ဖရဏာ ပီတိ, ပီတိငါးမျိုး ရှိတယ်။ ခုဒ္ဒိကာပီတိဆိုတာ နှစ်သိမ့်အားရမှုတွေ ဖြိုးဖြိုးဖျင်းဖျင်း တစ်ခါလောက်ဖြစ်ပြီး ပျောက်သွားတယ်။ ခဏိကာပီတိက နှစ်ကြိမ်သုံးကြိမ် ဆက်ဖြစ်ပြီး ပျောက်သွားတယ်, ခဏခဏ ဆင့်ကာဆင့်ကာ ဖြစ်တယ်။ ဩက္ကန္တိကာပီတိဆိုတာ ကိုယ်ထဲမှာလှိုက်လှဲသက်ဝင်ပြီးတော့ ဖြစ်လာတယ်, ပယ်လယ်ရေလှိုင်းများလိုပဲ လိမ့်လိမ့် လိမ့်လိမ့်နဲ့ လာတာ, ဒီပီတိကလည်းပဲ ဖြိုးဖြိုးဖျင်းဖျင်း စိမ့်စိမ်စိမ့်စိမ့် ငြိမ့်ငြိမ့်ငြိမ့်ငြိမ့်နဲ့တစ်ကိုယ်လုံး ဖြစ်လာလိုက်တာ။ ခြေထောက်ကနေ တက်လာတာ တစ်ကိုယ်လုံးလည်းပြည့်သွားရော သူက ပျောက်သွားတယ်, တစ်ခါတစ်ရံ ခေါင်းကနေပြီး ဆင်းလာတယ်,ဖျင်းဖျင်းဖျင်းဖျင်းနဲ့ ကိုယ်တစ်ကိုယ်လုံး ပြည့်ပြီး ပျောက်သွားတယ်။

ဥဗ္ဗေဂါပီတိ ဆိုတာ ကိုယ်ကို ကြွတက်စေတတ်တယ်, မြင့်သွားစေတတ်တယ်,လွင့်စင်သွားစေတတ်တယ်, လှုပ်ရမ်းစေတတ်တယ်။ ဖရဏာပီတိဆိုတာ တစ်ကိုယ်လုံးပျံ့နှံ့ပြီးတော့ တစ်ခါတည်း မလှုပ်ချင်လောက်အောင် သိမ်မွေ့ပြီးတော့ အင်မတန်ကောင်းနေတယ်။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေက ဒီပီတိတွေ ဥဒယဗ္ဗယဉာဏ်အပိုင်းဆီမှာ တွေ့တာပဲ, ဒီပီတိတွေ အင်မတန် ဝမ်းသာစရာ ကောင်းတယ်, ဘယ်တုံးကမှ မတွေ့ဖူးသေးတဲ့ အကောင်းဆုံး ချမ်းသာပဲတဲ့, အင်မတန်ထူးတဲ့ တရားအရသာတွေ တွေ့တာပဲ။ အဲဒီပီတိလည်း အခု ဒီပထမဈာန်ထဲမှာ ပါတယ်တဲ့။

သုခဆိုတဲ့ စိတ်ရွှင်လန်း ချမ်းသာမှုလည်း ဒီပထမဈာန်ထဲမှာ ပါတယ်, ဒီအချိန်မှာ စိတ်လည်း ရွှင်လန်းချမ်းသာပြီးတော့ နေတယ်တဲ့, ဝမ်းမြောက်မှုနဲ့ ချမ်းသာမှုတွဲပြီးတော့ ဖြစ်နေတယ်။

လောကဥပမာအားဖြင့် ပြောရလို့ရှိရင် နှစ်သက်စရာ သာယာစရာ အာရုံလေးကိုရခါစမှာ ပီတိ- ဝမ်းမြောက်တာ ထင်ရှားတယ်, နောက်ပြီး ဒါလေး သုံးဆောင်ရတဲ့အခါကျတော့ကို သုခ- ချမ်းသာက ထင်ရှားတယ်။

အခု ဈာန်စိတ်မှာတော့ ပီတိနဲ့သုခက တွဲပြီးတော့ ဖြစ်တယ်, ဝိပဿနာစိတ်မှာလည်း ပီတိနဲ့ သုခက တွဲဖြစ်နေတာ, ဥဒယဗ္ဗယဉာဏ်ရောက်တဲ့အခါကျတော့ ပီတိတွေ

စာ ၂၃၃

တစ်ကိုယ်လုံး ဖြိုးဖြိုးဖျင်းဖျင်း ဖြစ်တယ်, စိတ်တွေကလည်း ရွှင်လန်းနေလိုက်တာ,အင်မတန်ကို ချမ်းသာနေတယ်, ပီတိနဲ့သုခ တွဲပြီးတော့ ဖြစ်နေတယ်။

အဲဒီ ပီတိသုခဟာ ဘာကြောင့် ဖြစ်တာတုံးဆိုရင် နီဝရဏကင်းလို့ ဖြစ်တာတဲ့။အစတုန်းကတော့ တရားအားထုတ်ခါစ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့နီဝရဏတွေ ဖြစ်နေတာကိုး။ ဟိုကာမအာရုံတွေ ကြံလိုက်, ဗျာပါဒ စိတ်ပျက်လိုက်,ထိနမိဒ္ဓ- ပျင်းပျင်းရိရိနဲ့ဖြစ်လိုက်, ဥဒ္ဓစ္စကုက္ကုစ္စ- စိတ်ပျံ့လွင့် ပူပန်လိုက်, ဝိစိကိစ္ဆာ-ယုံမှားတွေ ဖြစ်လိုက်နဲ့ တရားက ကောင်းမှ မကောင်းပဲ, အဲဒီ နီဝရဏတွေ ဝင်နေသမျှကာလပတ်လုံး ပီတိ ဘယ်ဖြစ်လိမ့်မှာတုံး, ကိုယ်ထဲ စိတ်ထဲ ချမ်းသာမှုတွေ မပေါ်သေးဘူး။ အဲဒီ နီဝရဏတွေလည်း ကင်းရော အမှတ်တွေ ကောင်းလာပြီဆိုတော့ မှတ်စရာအာရုံလေးနဲ့ မှတ်သိမှုလေးနဲ့ သူ့ဟာသူ အံကျပြီးတော့ တစ်မှတ်ပြီး တစ်မှတ် စဥ်ပြီးတော့ သွားနေတဲ့အခါ သူ့အလိုလို ကိုယ်ထဲမှာ ဖြိုးဖြိုးဖျင်းဖျင်းနဲ့ ပီတိတွေ ဖြစ်တယ်,ကိုယ်ချမ်းသာ စိတ်ချမ်းသာတွေ ဖြစ်တယ်။ ဘယ်လိုကောင်းမှန်း မသိဘူး, ဝိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီလိုဟာတွေ တွေ့ရမယ်, ဈာန်အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဈာန်မှာ ဒီလိုဟာတွေ ဖြစ်ရမယ်။

သမထဈာန် နဲ့ ဝိပဿနာဈာန်

အာရုံကို ကပ်၍ရှုတာ အာရမ္မဏူပနိဇ္ဈာန်, သမထဈာန်။ လက္ခဏာကို ကပ်၍ရှုတာ လက္ခဏူပနိဇ္ဈာန်, ဝိပဿနာဈာန်။

အာရမ္မဏူပနိဇ္ဈာန်ဆိုတာက ကသိုဏ်းအစရှိသော သမထအာရုံတွေကို ကပ်ပြီးတော့ ရှုတာ။ အာရုံနဲ့ ဒီစိတ်ဟာ ကပ်ပြီးတော့ ရှုတာဟာ အာရမ္မဏူပနိဇ္ဈာန်ပဲ။ အာရုံနဲ့စိတ်နဲ့ ကပ်ပြီးတော့ ရှုနေတယ်, တခြားကို မရောက်ဘူး, စိတ်နဲ့အာရုံနဲ့က ပူးကပ်ထားသလို တွဲပြီးတော့ နေတယ်။

လက္ခဏူပနိဇ္ဈာန်ဆိုတာက လက္ခဏာကို ကပ်ပြီးတော့ ရှုတယ်။ အနိစ္စ, ဒုက္ခ,အနတ္တ လက္ခဏာတွေ, ရုပ်နာမ်သဘောတရားရဲ့ လက္ခဏာတွေ ကပ်ပြီးတော့ ရှုတယ်,ဒါ ဝိပဿနာဈာန်တွေပဲ။

စူးစိုက်သမှု, ကပ်၍ရှု, ဈာန်ဟု ခေါ်ဝေါ်သည်။

စာ ၂၃၄

တည်ငြိမ်ရုံမျှ, ရှုနေက, သမထဈာန် ခေါ်သည်

အာရမ္မဏူပနိဇ္ဈာန်ကတော့ သမထလမ်းက တက်လာတဲ့ဈာန်, သူ့အာရုံနဲ့သူစိတ်ကလေး ငြိမ်နေရုံပါပဲ, ဒီ့ပြင် ကိလေသာ အထူးငြိမ်းတာတွေ မပါဘူး။

တည်ငြိမ်ရုံမျှ, ရှုနေက, သမထဈာန် ခေါ်သည်။

သမထကမ္မဋ္ဌာန်းက ပထဝီကသိုဏ်းဝန်း ပကတိမြေပြင်မှာ အဝန်းအဝိုင်းလေးလုပ်ပြီး အဲဒါကို ကြည့်နေရတာပဲ, ဒီထဲမှာ စိတ်ငြိမ်အောင်လို့ တခြားမှာ စိတ်ရောက်မသွားအောင် “ပထဝီ, ပထဝီ, မြေ, မြေ” ဒီလိုနှလုံးသွင်းနေတာပါပဲ။ အာပေါကသိုဏ်းဆိုရင် ရေကို ကြည့်ပြီး နှလုံးသွင်းရတယ်, တေဇောကသိုဏ်းဆိုရင် မီးကိုကြည့်ပြီး နှလုံးသွင်းရတယ်, ဝါယောကသိုဏ်းကတော့ လေတိုက်တာကို ကြည့်ပြီး နှလုံးသွင်းတာ, သူကတော့ ခက်တယ်, မှန်းပြီးတော့ နှလုံးသွင်းရတယ်။ အဆင်းကသိုဏ်းတွေ ရှိတယ်, နီလ- အညိုရောင်, ပီတ- အဝါရောင်, လောဟိတ- အနီရောင်, ဩဒါတ-အဖြူရောင်, ဘယ်ဟာကို ရှုရှု ဈာန်ရတာချည်းပါပဲ။ နောက်ပြီးတော့ ထွက်သက်ဝင်သက် ရှုတာ, ထွက်တိုင်း ဝင်တိုင်း, ထွက်တယ် ဝင်တယ်, နှာသီးဝကနေပြီး လေအထွက်အဝင်လေးကို နှလုံးသွင်းနေတယ်, ကြာလို့ရှိရင် ဒီလေ ထွက်ဝင်တာလေးကပုံသဏ္ဌာန် အထည်ဒြပ်နဲ့တကွ ထင်လာတယ်။ ပဋိဘာဂနိမိတ်ကလေး ထင်လာတယ်,အဲဒီမှာ စိတ်ကလေး စိုက်ပြီးတော့ တည်နေတယ်, အဲဒါ တည်ငြိမ်ရုံ ရှုနေတာပဲ။ အဲဒီလို တည်ငြိမ်ရုံလေး ရှုနေတာက သမထဈာန် ခေါ်တယ်။

လက္ခဏာသုံးရပ်, ရှုသိမှတ်, ဝိပသ်ဈာန် ခေါ်သည်

ဝိပဿနာဈာန်ကတော့ လက္ခဏာသုံးပါးကို ရှုတာ, လက္ခဏူပနိဇ္ဈာန်တဲ့။လက္ခဏာဆိုတာ သဘာဝလက္ခဏာလည်း ရှိတယ်, သာမညလက္ခဏာလည်း ရှိတယ်။

သဘာဝလက္ခဏာဆိုတာ ရုပ်နာမ်သဘောတရားတွေပဲ, ပထဝီဓာတ်က ခက်မာကြမ်းတမ်းတဲ့သဘော, တေဇောဓာတ်ဆိုရင် ပူအေးတဲ့သဘော, ဝါယောဓာတ်ဆိုရင်လှုပ်ရှားတဲ့သဘော, တောင့်တင်းတဲ့သဘော, အဲဒါလေးတွေ ရှုနေရတယ်။ ဖောင်းတယ်,ပိန်တယ်ဆိုတာ တောင့်တင်းလှုပ်ရှားတဲ့ သဘော, ဝါယောဓာတ်ပဲ။ ကွေးတယ်, ဆန့်တယ်, တောင့်တင်းလှုပ်ရှားတဲ့သဘောပဲ, ဝါယောဓာတ်ပဲ။ ပြီးတော့ စိတ်ဆိုလို့ရှိရင်အာရုံကိုသိတဲ့ သဘော, ဖဿဆိုရင် အာရုံကို တွေ့ထိတဲ့ သဘော, ဝေဒနာဆိုရင်ခံစားတဲ့သဘော, ဒါတွေကို ရှုရတယ်, အဲဒါက သဘာဝလက္ခဏာ ခေါ်တယ်။

စာ ၂၃၅

ပြီးတော့ သာမညလက္ခဏာ။ ဒီတရားလေးတွေ ရှုမှတ်တော့ ဖြစ်ပြီး ပျောက်သွားလို့ မမြဲတဲ့တရားဟာ အနိစ္စလက္ခဏာ, ဖြစ်ချည်ပျက်ချည်နဲ့ ဖြစ်မှုပျက်မှုကနှိပ်စက်နေတဲ့သဘောက ဒုက္ခလက္ခဏာ, သူ့သဘောအတိုင်းသူ ဖြစ်ပျက်နေတဲ့ သဘောတရားမျှပဲ, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောက အနတ္တလက္ခဏာ, လက္ခဏာရေးသုံးပါး ထင်တယ်ဆိုတာ အဲဒါပဲ။

ပထမက ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေကို ဖြစ်တိုင်းဖြစ်တိုင်း သိအောင် လိုက်နေရတာ, အနိစ္စ, ဒုက္ခ, အနတ္တအဖြစ်အပျက်တွေ မထင်သေးဘူး။ ဗိုက်ထဲကနေပြီးတောင့်တင်းပြီးတော့ လှုပ်ရှားပြီးတော့ ဖြစ်နေတဲ့သဘောလေး, သဘာဝလက္ခဏာလေးပဲ သိတယ်။ ပိန်တယ်ဆိုရင်လည်း လှုပ်ရှားတဲ့သဘောလေး, လျော့သွားတဲ့သဘောလေးသိတယ်။ ကိုယ်ထဲက ပူလို့ရှိရင်လည်း ပူတဲ့သဘော, အေးလို့ရှိရင်လည်း အေးတဲ့သဘော, ဒါတွေ တေဇောဓာတ်ကလေးပဲ သိရတယ်။ ထိုင်ရှုမှတ်တဲ့အခါမှာ ခက်မာကြမ်းတမ်းတဲ့ သဘောတွေ, နူးညံ့တဲ့သဘောတွေ, ပါသွားတယ်။ ဒီထဲကနေပြီးတော့ညောင်းတာတွေ, ပူတာတွေ, နာကျင်ကိုက်ခဲတာတွေ, ခံစားတဲ့သဘော, ဝေဒနာရဲ့သဘောတွေပဲ, သဘာဝလက္ခဏာပဲ။ ဒီထဲကနေပြီး အာရုံဆီကို ရောက်ရောက်သွားတဲ့စိတ်ကလေးတွေ သိရတယ်, အဲဒီလို ဖြစ်တဲ့ သဘောလက္ခဏာလေးတွေ လိုက်ပြီးတော့သိနေတာ လက္ခဏူပနိဇ္ဈာန်ပဲ, သဘာဝလက္ခဏာလေး ရှုနေတာပါပဲ။

အဲဒီလို ရှုရာက သမာဓိဉာဏ်ရင့်လာတဲ့အခါ ရှုတိုင်းရှုတိုင်းဟာ တစ်ခါတည်းသူ့အခိုက်အတန့်နဲ့သူ ဖြစ်ပြီး ပျောက်သွားတာလေးတွေ သိရတယ်, ဘယ်ဟာမှ တည်နေတာ မရှိဘူး။ စိတ်ကူးလေးက စတွေ့ရတယ်, စိတ်ကူးလေး မှတ်လိုက်ရင် မရှိဘူး,စိတ်ကူးတွေက မမြဲဘူးဆိုတာ သိလာတယ်။ တော်တော်ကြာလို့ရှိရင် ညောင်းတာ,ပူတာ, နာကျင်ကိုက်ခဲတာတွေလည်း မှတ်ရင်းမှတ်ရင်း ပျောက်ပျောက်သွားတာ တွေ့သိရတယ်, မမြဲဘူးဆိုတာ သိရတယ်။ ကွေးတာ, ဆန့်တာ, လှုပ်ရှားတာလေးတွေကလည်းရွေ့လိုက် ပျောက်လိုက်, ရွေ့လိုက် ပျောက်လိုက်နဲ့ တစ်ပိုင်းစီ တစ်ပိုင်းစီ တွေ့ရတယ်။ရှုမှတ်တဲ့စိတ်ကလေးတွေလည်း ရှုမှတ်ပြီး ပျောက်ရင်း, ရှုမှတ်ပြီး ပျောက်ရင်း မမြဲဘူးဆိုတာ သိလာတယ်, အဲဒီတော့ အနိစ္စလက္ခဏာ မြင်လာတာကိုး။ ဖြစ်လိုက်ပျက်လိုက်နဲ့ဒုက္ခတွေမှန်း သိလာတယ်, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရား, အနတ္တတွေမှန်းသိလာတယ်။ အဲဒီလို သိလာတာက လက္ခဏူပနိဇ္ဈာန် ခေါ်တယ်။

လက္ခဏာသုံးရပ်, ရှုသိမှတ်, ဝိပသ်ဈာန် ခေါ်သည်။

စာ ၂၃၆

ဝိပဿနာဈာန်မှာလည်း ပထမဈာန် လို ဈာန်အင်္ဂါ ၅-ပါး ရှိတယ်

ဝိပဿနာဈာန်မှာလည်း ပထမဈာန်လို ဈာန်အင်္ဂါ ၅-ပါး ရှိတာပဲ။ ဝိတက်-ကြံစည်မှု ရှိတယ်, ဝိစာရ- စဥ်းစားဆင်ခြင်မှု ရှိတယ်။ သမ္မသနဉာဏ်ထိအောင် ဝိတက်,ဝိစာရတွေ ထင်ရှားတယ်။ နောက်ပိုင်းကျရင် ဝိတက်, ဝိစာရက ဒီလောက် မလုပ်ရဘူး,သို့သော်လည်းပဲ ရှိတော့ရှိသေးတာပါပဲ။ ရှေ့ပိုင်းမှာ ဖောင်းတဲ့အာရုံလေး ကြံရတယ်,ဖောင်းတဲ့အာရုံလေးကို စဥ်းစားတယ်, ပိန်တဲ့အာရုံလေး ထင်အောင်လို့ ကြံရတယ်,စဥ်းစားရတယ်။ ကွေးတာ, ဆန့်တာ, ထိုင်တာ, ထတာ အကုန်လုံးပဲ, မှတ်တိုင်းမှတ်တိုင်းအာရုံလေး ပေါ်လာအောင်လို့ ကြံယူရတဲ့သဘောလေး ရှိတယ်, ရလာတဲ့ အာရုံလေးလည်း ဘယ်လိုဟာလေးပဲလို့ စဥ်းစားတဲ့သဘောလေး နောက်က လိုက်လာတယ်။

ကျမ်းဂန်တွေက ဥပမာပြတယ်, ခေါင်းလောင်းတို့ ကြေးစည်တို့ ထိုးလိုက်တဲ့အခါပထမ ပြင်းပြင်းထန်ထန် မြည်လာတဲ့အသံနဲ့ ဝိတက်နဲ့ တူတယ်။ နောက် ညည်းသံလေးတဖြည်းဖြည်း လိုက်ပြီးတော့ မြည်နေတာ ရှိတယ်, အဲဒီအသံတွေက သိမ်မွေ့တယ်,သူက ဝိစာရလိုပဲတဲ့။ အာရုံလေး ရလာအောင်လို့ ရှေးဦးစွာ စိတ်က စိုက်, ဦးတန်းပြီးကြံစည်လိုက်တာလေးက အာရုံဆီ ပြင်းပြင်းထန်ထန် ရောက်တယ်, အဲဒီရောက်ပြီးသားအာရုံလေးကို ဆက်ပြီးတော့ စဥ်းစားဆင်ခြင်တဲ့သဘောလေး, နောက်က လိုက်လာတယ်, ဝိတက် ဝိစာရက ဒီလို ပါနေတယ်။

နောက် ပီတိ, သုခတွေလည်းပဲ တွဲလျက် ဖြစ်လာတယ်, ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် တွေ့ရတယ်, အထူးအားဖြင့် ဥဒယဗ္ဗယဉာဏ်ဆီမှာ ထင်ရှားတယ်။

ပြီးတော့ ဧကဂ္ဂတာ- စူးစိုက်တာ, ဒါကတော့ သမာဓိ, သမထဆိုလို့ရှိရင် သမထအာရုံလေးတစ်ခုတည်းပဲ, အာရုံများများ မဟုတ်ဘူး။ ဥပမာ- ပထဝီကသိုဏ်းဆိုရင်ပထဝီကသိုဏ်း တစ်ခုတည်းပဲ, အာပေါကသိုဏ်းဆိုရင် အာပေါကသိုဏ်း တစ်ခုတည်းပဲ, ထွက်သက်ဝင်သက်ဆိုရင် ထွက်သက်ဝင်သက်ပဲ, တစ်ခုတည်းသောအာရုံပဲ, အာရုံမပြောင်းဘူး။

ဝိပဿနာမှာတော့ အာရုံတွေက ပြောင်းတယ်, ဒါပေမယ်လို့ တစ်ကြိမ်မှာတော့တစ်အာရုံတည်းပဲ, စိတ်စေတသိက်တရားတွေ လုံးစုပြီးတော့ တစ်ခါတည်း တည်သွားတာကိုး, အဲဒါကို တစ်ခုတည်းသောအာရုံလို့ပဲ ဆိုရတယ်။ သမာဓိ အားမကောင်းတဲ့