သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
ဖျက်ပစ်လိုက်တယ်, ဒီကုသိုလ်တွေ နောက်မလုပ်တော့ဘူး။ မူလက ဘုရားရှိခိုးတဲ့ကုသိုလ်မျိုးတွေ ဖျက်ပစ်လိုက်တယ်, မူလက တရား နာတယ်, တရားနှလုံးသွင်းတယ်,အဲဒါလေးတွေ ဖျောက်ပစ်လိုက်တယ်, အဲဒါ မိစ္ဆာဝါယာမ ခေါ်တယ်။
အမှန်အားဖြင့်တော့ မိမိမှာဖြစ်ဖူးတဲ့ ကုသိုလ်တွေ တည်တံ့နေအောင် အားထုတ်ရတယ်။ တည်တံ့ရုံတင် မကဘူး, တိုးပွားအောင်လည်း အားထုတ်ရတယ်, တိုးပွားရုံတင်မကဘူး, အရိယာမဂ် ပြည့်စုံအောင်လို့ အားထုတ်ရတယ်, အဲဒီလို အားထုတ်တာဟာသမ္မာဝါယာမပဲတဲ့။
အခု ဒီမှာ ကမ္မဋ္ဌာန်းတရား အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ သမ္မာဝါယာမမဂ္ဂင်လေးပါးလုံး ရတယ်, သမ္မပ္ပဓာန်လေးပါးလုံး ရတယ်, ရှုတိုင်းရှုတိုင်းဟာ မဖြစ်သေးတဲ့အကုသိုလ်တွေ မဖြစ်ရအောင် အားထုတ်နေတာပဲ, ဖြစ်ပြီးသား အကုသိုလ်တွေပယ်နိုင်အောင် အားထုတ်နေတာပဲ။ မဖြစ်သေးတဲ့ ဝိပဿနာကုသိုလ်တွေ ဖြစ်အောင်လို့ အားထုတ်နေတာပဲ, ပြီးတော့ ဖြစ်ပြီးသား ကုသိုလ်မျိုးတွေလည်း တစ်ဆင့်ထက်တစ်ဆင့် တိုးတက်သွားအောင်, ပြည့်စုံသထက် ပြည့်စုံအောင် အားထုတ်နေတာပဲ။အရိယာမဂ် ရောက်အောင် ရည်မှန်းပြီးတော့ အားထုတ်နေတယ်, သမ္မပ္ပဓာန်လေးပါးလုံး ပြည့်စုံနေတာတဲ့, အင်မတန် ကောင်းတယ်, အင်မတန် အားထုတ်ရခဲတယ်။
ဝိပဿနာမှတစ်ပါး အခြားနေရာမှာတော့ ဒီလေးပါးလုံး မရဘူး, တစ်ခုချင်းပဲရတယ်, မဖြစ်သေးတဲ့ အကုသိုလ်ကို ပယ်နိုင်အောင် အားထုတ်တဲ့အခါတွေလည်းရှိပါတယ်, အဲဒီလိုအခါတော့ မဖြစ်သေးတဲ့ အကုသိုလ်တွေ ပယ်ရုံပဲ ရတယ်, ဖြစ်ပြီးသား အကုသိုလ်ကို ပယ်တာ မပါဘူး။ ဖြစ်ပြီးသား အကုသိုလ်တွေ ပယ်နိုင်အောင်အားထုတ်တဲ့အခါလည်း မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်တာမပါဘူး။
ထို့အတူပဲ ဒါန သီလ စသည်ဖြင့် မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်အားထုတ်တဲ့အခါ အဲဒီ မဖြစ်သေးတာအတွက် အားထုတ်မှုတစ်ခုပဲ သက်ဆိုင်တယ်။အခု ဒီဝိပဿနာမှာတော့ အကုန်လုံး လေးပါးလုံး ရတယ်, မဖြစ်သေးတဲ့ အကုသိုလ်လည်း မဖြစ်အောင် အားထုတ်ခြင်း, ဖြစ်ပြီးသား အကုသိုလ်တွေလည်း ပယ်နိုင်အောင်အားထုတ်ခြင်း, မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်လို့ အားထုတ်ခြင်း, ဖြစ်ပြီးသား
ကုသိုလ်တရားတွေ တည်တံ့ပွားများသွားအောင်, ပြည့်စုံသွားအောင်လို့ အားထုတ်ခြင်းဆိုတဲ့ သမ္မပ္ပဓာန်လေးပါးလုံး အကုန်လုံး ရတယ်တဲ့, အခု တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အင်မတန် အားတက်စရာ, ဝမ်းမြောက်ဝမ်းသာစရာ ကောင်းတယ်။
သမ္မာသတိမဂ္ဂင် (သတိပဋ္ဌာန်လေးပါး) ကာယာနုပဿနာသတိပဋ္ဌာန်
ကတမာ စ ဘိက္ခဝေ သမ္မာသတိ။
ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာသတိ- မှန်စွာ သတိရခြင်း, မှန်စွာ အမှတ်ရခြင်းသည်၊ ကတမာ စ- အဘယ်ပါနည်း။
ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနောသတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- ရဟန်းသည်၊ ကာယေ-ရုပ်အပေါင်းကိုယ်၌၊ ကာယာနုပဿီ- ရုပ်အပေါင်းဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။
ရုပ်အပေါင်းကိုယ်ကို ရုပ်အပေါင်းမျှပဲလို့ ရှုပြီးတော့ နေရမယ်တဲ့, ဒါဟာ ကာယာနုပဿနာသတိပဋ္ဌာန်ပဲ။
ရုပ်အပေါင်းကိုယ်ကို မြဲတယ်လို့ မထင်မြင် မစွဲလမ်းစေရဘူး, ချမ်းသာတယ်လို့မထင်မြင် မစွဲလမ်းစေရဘူး, လှပတယ်လို့လည်း မထင်မြင် မစွဲလမ်းစေရဘူး, ငါကောင်သတ္တဝါကောင်ပဲလို့ မထင်မြင် မစွဲလမ်းစေရဘူး။
မမြဲ, ဆင်းရဲ, အစိုးမရတဲ့ ရုပ်အပေါင်းကိုယ်ကို အမှန်အတိုင်း သိအောင် ရှုရမယ်
ဘယ်လိုသာ ရှုရမလဲဆိုရင် ရုပ်အပေါင်းကိုယ်ဟာ မမြဲတဲ့ ရုပ်အပေါင်းချည်းပဲ,ရုပ်အပေါင်းချည်းဟာ မမြဲဘူးလို့ ရှုရမယ်, ခု ဖြစ်ပြီး ခု ပျက်သွားလို့ မမြဲတဲ့သဘောရှိတယ်, မမြဲတဲ့ ရုပ်အပေါင်းမျှပဲလို့ မမြဲတဲ့သဘောကို ထင်မြင်အောင်လို့ ရှုရတယ်။
ဖြစ်မှု, ပျက်မှုဖြင့် နှိပ်စက်နေလို့ ဆင်းရဲနေတယ်, ဖြစ်ပျက်နေတဲ့ တရားတွေမို့တကယ်ကြောက်စရာကောင်းတယ်, ခဏမစဲ ဖြစ်ပျက်နေတဲ့ တရားတွေပဲ, ခဏမစဲဖြစ်ပျက်နေတဲ့ တရားတွေမို့ ဆင်းရဲမျှပဲလို့ ဒီလို နှလုံးသွင်းရတယ်။
ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးတဲ့, သူ့သဘောအတိုင်းသူ ဖြစ်ပျက်နေတဲ့ တရားတွေတဲ့, ဒီရုပ်တရားတွေ ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုရမယ်တဲ့, ဒါဟာရုပ်အပေါင်း၌ ရုပ်အပေါင်းလို့ ရှုတယ်လို့ ခေါ်တယ်။
ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ ဘိက္ခု- ရဟန်းသည်၊ ကာယေ-မမြဲ, ဆင်းရဲ, အစိုးမရ အတ္တကောင်မဟုတ်သော ရုပ်အပေါင်း၌၊ ကာယာနုပဿီ- မမြဲ,ဆင်းရဲ, အစိုးမရ အတ္တကောင်မဟုတ်သော ရုပ်အပေါင်းဟု ရှုမြင်သည်ဖြစ်၍၊ ဝိဟရတိ- နေ၏။
မမြဲ, ဆင်းရဲ, အစိုးမရတဲ့ အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ ရုပ်အပေါင်းကိုယ်ကိုအနိစ္စ, ဒုက္ခ, အနတ္တသဘောမျှပဲလို့ အမှန်အတိုင်း သိအောင် ရှုရမယ်တဲ့။
ဒီလိုရှုဖို့ရာက သိပ်ပြီး မလွယ်ဘူး, ဘာဖြစ်လို့တုံးဆိုတော့ ပကတိပုဂ္ဂိုလ်တွေအထင်အမြင်က ငယ်ငယ်ကတည်းက ရှိလာတဲ့ ရုပ်ကိုယ်ကြီးဟာ ခုထက်ထိ တည်နေတယ်လို့ ထင်နေတယ်, ဒါကြီး ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲတဲ့တရားပဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့ ခက်တာပေါ့။ စာသိဆိုရင်တော့ ရပါတယ်, စာနဲ့ ကျမ်းဂန်နဲ့ကတော့မြတ်စွာဘုရား ဟောထားတဲ့ ဒေသနာတွေ ထောက်ပြီးတော့ ရုပ်တရား နာမ်တရားတွေဟာ ဥပါဒ် ဌီ ဘင်လို့ ထင်တယ်, ဒါကြောင့် မမြဲဘူးလို့ ဒီလို မှတ်သားပြီး ကြည့်မယ်ဆိုလည်း ရပါတယ်, သို့သော် ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူးလို့ ကိုယ်ပိုင်ဉာဏ်နဲ့သေသေချာချာ သိမြင်ဖို့ကတော့ ခက်တယ်။
ပြီးတော့ ဒါဟာ ဒုက္ခပဲလို့ ထင်ဖို့ ရာကလည်း မလွယ်ဘူး, သူ့ဟာသူ ကောင်းတယ်, တင့်တယ်တယ်လို့ ထင်နေတယ်, အခု ကိုယ့်ကိုယ်နဲ့ကိုယ်ဆိုရင် ဘယ်လိုပဲနေနေ ကြည့်လို့ရှုလို့ ကောင်းသေးတာပဲလို့ ထင်နေတယ်, သူများကသာ ကြည့်လို့ရှုလို့မကောင်းဘူးဟု ပြောချင်ပြောမယ်, အနာရောဂါတွေ ဖြစ်နေလို့ ရွံစရာကောင်းတယ်လို့သူများက ပြောချင်ပြောမယ်, သို့သော် ကိုယ့်ကိုယ်ကိုတော့ တော်သေးရဲ့လို့ အောက်မေ့တယ်, အဲဒါကြောင့် ဒုက္ခထင်ဖို့ရာလည်း ခဲယဥ်းတာပဲ။
အနတ္တ- ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးလို့ အကောင်အထည်နဲ့ အသက်ရှင်နေတဲ့အကောင် မဟုတ်ဘူးလို့ ထင်ဖို့က ပိုလို့ ခဲယဥ်းပါတယ်။ ဒီဥစ္စာကို အတ္တကောင်ကြီးတကယ် ထင်နေတာပဲ, တစ်သက်လုံး တစ်ဘဝလုံး တစ်ကိုယ်တည်း တစ်ယောက်တည်းတည်နေတာပဲလို့ ထင်လာခဲ့တာကိုး။
အဲဒီတော့ ဒါဟာ အနိစ္စ, ဒုက္ခ, အနတ္တ ရုပ်အပေါင်းသဘောမျှပဲလို့ သိ ဖို့ရာရှုနိုင်ဖို့ရာ မြတ်စွာဘုရားက အကူအညီတွေ ပေးထားပါတယ်။
ဒီရုပ်အပေါင်းဟာ မြဲတဲ့အနေ, ချမ်းသာတဲ့အနေ, တင့်တယ်လှပတဲ့အနေ, ပုဂ္ဂိုလ်သတ္တဝါကောင်အနေအားဖြင့် တစ်လောကလုံးက ထင်မြင်စွဲလမ်းနေတယ်, အဲဒီထင်မြင်စွဲလမ်းနေတာတွေဟာ မမှန်ဘူး, အမှန်ကတော့ဖြင့် မမြဲနေတာပဲ, ဆင်းရဲတွေပဲ,ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ သဘောတရားတွေပဲ, အဲဒီအမှန်တွေ သိအောင် ဘယ့်နှယ်လုပ်ရမလဲ ဆိုတော့ မြတ်စွာဘုရားက အကူအညီ ပေးထားတယ်။
အာတာပီ, သမ္ပဇာနော, သတိမာ
အာတာပီ- ကိလေသာကို လွန်စွာပူပန်စေတတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယရှိသည်ဖြစ်၍၊ သမ္ပဇာနော- အမှန်အတိုင်း သိသည်ဖြစ်၍၊ သတိမာ- အမှတ်ရသောသတိ ရှိသည်ဖြစ်၍၊ ကာယေ- ရုပ်အပေါင်းကိုယ်၌၊ ကာယာနုပဿီ- မမြဲ, ဆင်းရဲ,အစိုးလဲမရ အနတ္တသဘောဖြစ်သော ရုပ်အပေါင်းမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။
အာတာပီ- ပြင်းပြထက်သန်တဲ့ လုံ့လဝီရိယ ရှိရမယ်
မမြဲ, ဆင်းရဲ, အစိုးမရ အနတ္တသဘောမျှဖြစ်တဲ့ ရုပ်အပေါင်းကို ရှုမြင်ပြီးတော့နေတယ်တဲ့။ ဘယ်လိုနေလဲဆိုတော့-
အာတာပီ- ကိလေသာကို လွန်စွာပူပန်စေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယရှိသည် ဖြစ်၍-တဲ့, မပြတ်မစဲ အားထုတ်ရင် အမှန်အတိုင်း သိတော့တာပဲ။ မီးပွင့်အောင်လို့ တုတ်တစ်ချောင်းနဲ့ တစ်ချောင်း အဆက်မပြတ် ပွတ်ပြီးတော့ နေတယ်,နားမနေရဘူး, အဲဒီလို ပွတ်လို့ ကြာလို့ရှိရင် မီးပွင့်လာတယ်။ အဲဒါလိုပဲ, ဝိပဿနာရှုမှတ်ရတာကလည်းပဲ မပြတ် အားထုတ်ရတယ်။ ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်,ထိတယ်, ကွေးတယ်, ဆန့်တယ်လို့ ပေါ်ရာပေါ်ရာတွေကို ပေါ်တိုင်း ပေါ်တိုင်းနောက်က အစဥ်မပြတ် လိုက်ပြီးတော့ ရှုနေရတယ်, အဲဒီလိုရှုနိုင်အောင် ကြောင့်ကြစိုက်မှု ဝီရိယလေး ပါရတယ်။ ဒီဝီရိယ ပျော့ညံ့သွားလို့ ရှိရင်တော့ မရှုမိတော့ဘူး,တစ်ခါတည်း နောက်က တွန်းပေးနေသလို အဲဒီဝီရိယ မပြတ်ကို ပါရမယ်တဲ့, ဒီဝီရိယလေးဟာ ခုန သမ္မပ္ပဓာန်ဝီရိယပါပဲ။
အားထုတ်တဲ့ပုဂ္ဂိုလ်တွေ တစ်ခါတစ်ခါ လုံ့လတွေ ထက်သန်တယ်, တစ်ခါတစ်ခါလျော့တော့တော့ပဲ, လျော့ပြီးနေတော့ တရားက မတိုးဘူး, မတိုးတော့ ကမ္မဋ္ဌာန်းအစစ်ခံတဲ့အခါ ကမ္မဋ္ဌာန်းဆရာက ရိပ်မိတယ်။ ကမ္မဋ္ဌာန်းဆရာက အားထုတ်ချင်အောင်လုံ့လဝီရိယတွေ တိုးတက်လာအောင် အားပေးတရား ဟောရတယ်။
လုံ့လဝီရိယ အသာလွန်ဆုံး သောဏသူဌေးသား
အာတာပီ- လုံ့လဝီရိယ ကောင်းတဲ့နေရာမှာတော့ သောဏသူဌေးသားက အသာလွန်ဆုံးပဲ။ မြတ်စွာဘုရား လက်ထက်တော်က သောဏသူဌေးသားဆိုတာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ သူဌေးသားပါပဲ, မွေးကတည်းက မြေကြီးပေါ် မနင်းဖူးဘူးတဲ့,အင်မတန်နူးညံ့တဲ့ ကတ္တီပါတွေ, ကော်ဇောတွေပေါ်မှာပဲ နေလာတော့ သူ့ခြေဖဝါးတွေများ အင်မတန် နုပြီး အမွေးတွေ ပေါက်နေတယ်တဲ့။ အဲဒီ သောဏသူဌေးသားဟာမြတ်စွာဘုရားထံက တရားတွေကို နာယူပြီးတဲ့အခါမှာ စိတ်တိုင်းစိတ်တိုင်း စင်ကြယ်အောင် အားထုတ်ရတဲ့ ဒီတရားကို လူ့လောကမှာဆိုရင် စင်ကြယ်အောင် အားထုတ်ဖို့ရာ ခက်တယ်လို့ နှလုံးသွင်းမိပြီးတော့ မြတ်စွာဘုရားထံ ရဟန်းပြုတယ်။
ရဟန်းပြုပြီး အားထုတ်တဲ့အခါ သူ့ဆီကို မိတ်ဆွေတွေက ခဏခဏ လာပြီးမေးကြ မြန်းကြနဲ့ ဆိုတော့ သူ တရားအားထုတ်ဖို့ အချိန်မရဘူး, အဲဒါကြောင့် သူကသုသာန်မှာ သွားနေပြီး တရားအားထုတ်နေတယ်။ ထိုင်ပြီး အားမထုတ်ဘူး, ထိုင်ပြီးအားထုတ်နေလို့ရှိရင် လုံ့လဝီရိယလျော့တယ် ဆိုပြီးတော့ စင်္ကြံလျှောက်ပြီး အားထုတ်တယ်။ အင်မတန်နုနေတဲ့ ခြေထောက်ဟာ စင်္ကြံသွားပါများတော့ ပေါက်ကုန်တာပေါ့,ခြေထောက်ပေါက်လည်း သူက မလျှော့ဘူး, သွားတာပဲ။ ခြေထောက်က သွေးတွေထွက်တယ်, အဲဒီသွေးတွေက မြက်တွေကို လူးပြီးတော့နေလို့ သွေးတွေ ရဲနေတယ်။
အဲဒါတွေ မြတ်စွာဘုရားက သိတော့ ဒီမှာ စင်္ကြံသွားတာ ဘယ်သူလဲလို့ ဆိုတော့ရှင်သောဏ သွားပါတယ်လို့ လျှောက်တော့ ရှင်သောဏကို ခေါ်ပြီး မေးတယ်။ မေးတဲ့အခါ ဝီရိယလွန်နေတာတွေ သိတော့ စောင်းနဲ့ ဥပမာပေးရတယ်, လူဖြစ်စဥ်အခါကသင် စောင်းတီးဖူးတယ် မဟုတ်လားတဲ့, ကြိုးတွေ လျော့နေတဲ့အခါ ဘယ့်နှယ်နေတုံးဆိုတော့ ကြိုးလျော့နေတဲ့အခါ အသံမကောင်းပါဘူးတဲ့, ကြိုးသိပ်တင်းနေတဲ့အခါရောဘယ့်နှယ်နေတုံး, ဒါလည်း အသံမကောင်းပါဘူးတဲ့။ ဘယ်လိုကောင်းသလဲဆိုတော့မလျော့မတင်း ညီညီမျှမျှလေး ဖြစ်နေမှပဲ ကောင်းတယ်တဲ့။
တရားအားထုတ်တာလည်း အဲဒီလိုပါပဲတဲ့, လျော့နေရင်လည်း မကောင်းဘူး,တင်းလွန်းနေရင်လည်း မကောင်းဘူး, မလျော့မတင်း မှန်မှန် အားထုတ်ရမယ်တဲ့,စိတ်ဓာတ်တွေ ပြင်းထန်လွန်းအားကြီးနေရင်လည်း မကောင်းဘူး, တရားသဘောအတိုင်း သူ့ဟာသူ ဖြစ်ပျက်နေတဲ့တရားတွေပဲ, ငါကတော့ မပြတ်တမ်း မှတ်မှပဲလို့နှလုံးသွင်းပြီး အားထုတ်ရမယ်တဲ့။ လုံ့လဝီရိယ များနေရင်လည်း နည်းနည်း လျော့ပစ်ရမယ်, သို့သော် အများအားဖြင့်တော့ လျော့နေတာ များပါတယ်, အဲဒါဟာ သမ္မပ္ပဓာန်ဝီရိယပဲ။
သမ္မပ္ပဓာန် ဝီရိယက ကိလေသာတွေကို ကင်းပျောက်စေတတ်တယ်
အဲဒီ သမ္မပ္ပဓာန် ဝီရိယက ကိလေသာတွေကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေတတ်တယ်။ ပန်းပဲဖိုထဲက မီးနဲ့ဖုတ်ထားတဲ့ သံတုံး သံခဲကြီးများပေါ်မှာ ယင်ကောင်များဟာ အနားမကပ်ဝံ့ဘူး, အဲဒါလိုပဲ လုံ့လဝီရိယနဲ့ ပြည့်စုံပြီးနေတဲ့ ပြင်းပြင်းထန်ထန်ရှုမှတ်နေတဲ့ ပုဂ္ဂိုလ်တွေမှာ ကိလေသာတွေဆိုတာ မကျရောက်နိုင်ဘူး, မဝင်နိုင်ဘူး,ဖြစ်ခွင့်မရဘူး, ကိလေသာကို ပူပန်စေတတ်တဲ့သဘော ရှိတယ်။
ဘုန်းကြီး ဆိပ်ခွန်မှာ ကမ္မဋ္ဌာန်းပြခါစက ဒကာကြီးတစ်ယောက် ရှိတယ်, သူကလုံ့လဝီရိယ ကောင်းတယ်, တရားပြည့်စုံပြီးတဲ့နောက်လည်း အားထုတ်နေတာပဲ, အိမ်မှာလည်း အားထုတ်တယ်, ကျောင်းလာတဲ့အခါလည်း အားထုတ်တယ်, ညမှာလည်းအားထုတ်တယ်, နေ့မှာလည်း အားထုတ်တယ်, အမြဲမပြတ် အားထုတ်နေတာကိုး။ဟိုတုန်းက ဂျပန်တွေ ရောက်ခါစဆိုတော့ တော်တော်ကို နှိပ်စက်တယ်, ဟိုလူခေါ်ဒီလူခေါ်နဲ့ တော်တော် အနှောင့်အယှက်ပေးတယ်။ ဒီ့ပြင်လူတွေကတော့ ပူပန်ကြတာပေါ့လေ, ဒီဒကာကြီးက တရားအားထုတ်နေတာဆိုတော့ လောကအကြောင်းအရာပြောသံဆိုသံတွေကို ကြားလည်း ကြားမှာ မဟုတ်ဘူး, ကြားလည်း ဂရုစိုက်ပုံ ရမယ်မဟုတ်ပါဘူး, သူ ဘာမှ အညည်းအညူ မရှိဘူး။ ဒီဒကာကြီးတော့ နေရာကျတာပဲ,ကိလေသာကို ပူပန်စေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လတွေ သူ့မှာ ရှိနေတာကိုး, အမြဲမပြတ်အားထုတ်နေလို့ သူ့မှာ ကိလေသာတွေက မရှိတော့ စိတ်ပျက်စရာတွေက ဝင်မလာဘူး,သိပ်ဟန်ကျတယ်။
အဲဒါလိုပဲ မပြတ်မစဲ အားထုတ်နေတဲ့ လုံ့လဝီရိယဟာ ကိလေသာကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေတတ်တယ်တဲ့, အဲဒီ သမ္မပ္ပဓာန် လုံ့လဝီရိယနဲ့ ပြည့်စုံရမယ်တဲ့။ ဒါ မြတ်စွာဘုရားက လက်နက်ပေးတာနော်, သစ်ပင်ကို ဒီအတိုင်း လက်နဲ့ဆွဲပြီးတော့ မချနိုင်ဘူး, ဓားတို့ လွှတို့ ပေါက်ဆိန်တို့ အကူအညီနဲ့ ဖြတ်ရသလို ဒီရုပ်ကိုယ်ကြီးက မြဲနေတယ်လို့ ထင်နေတယ်, ချမ်းသာ, လှပ, တင့်တယ်တယ်လို့ ထင်နေရတယ်, ပုဂ္ဂိုလ်သတ္တဝါကောင်ကဲ့သို့ ထင်နေရတယ်, အဲဒါကို အနိစ္စ ဒုက္ခ အနတ္တထင်ဖို့ရာ ခဲယဥ်းနေတာပေါ့။ အဲဒါကို မခဲယဥ်းရအောင် မြတ်စွာဘုရားက ဒီမှာလက်နက်ကို ပေးတာ။
အာတာပီ- ကိလေသာကို လွန်စွာ ပူပန်စေတတ်သော သမ္မပ္ပဓာန် လုံ့လ ဝီရိယရှိသည်ဖြစ်၍၊ အာတာပီ- ကိလေသာကို လွန်စွာ သွေ့ခြောက် ကင်းပျောက်စေနိုင်သောသမ္မပ္ပဓာန်လုံ့လဝီရိယနဲ့ ပြည့်စုံသည်ဖြစ်၍၊ မပြတ်မစဲ အားထုတ်ရမယ်လို့ ဆိုလိုပါတယ်။ အဆက်မပြတ် တစ်မှတ်ပြီးတစ်မှတ် ပြင်းပြင်းထန်ထန် မှတ်နိုင်အောင်လို့ လုံ့လဝီရိယနဲ့ အမြဲတမ်း အားပေးနေရမယ်တဲ့။
သတိမာ- အမှတ်ရတဲ့ သတိ ရှိရမယ်
သတိမာ- အမှတ်သတိ ရှိသည်ဖြစ်၍တဲ့။ လုံ့လဝီရိယနဲ့ ကြောင့်ကြစိုက်ပြီးတော့အမှတ်ရရမယ်ပေါ့။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်မှာ အမှတ်ကောင်းတယ်, မမေ့ဘူးဆိုတာ လုံ့လဝီရိယရဲ့ နောက်က သတိရှိလို့, အားထုတ်နေလို့ သူက မမေ့တာကိုး,အားမထုတ်တဲ့အခါမှာ မေ့သွားမှာပဲ။
သတိမာ- သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမှတ်ရသည်ဖြစ်၍၊ အမှတ်ရရင် အမှတ်ရတဲ့ အာရုံမှာ စူးစိုက်တည်ကြည်တဲ့ သမာဓိလည်း ဖြစ်သွားတာပဲ။ စူးစိုက်တည်ကြည်တဲ့ သမာဓိ ရလာရင် အာရုံပေါ်မှာ ပိုင်းခြားသိတဲ့ ဉာဏ်လည်း ဖြစ်တော့တာပဲ။ အဲဒီသမာဓိကိုတော့ ဒီမှာ မြှုပ်ထားတယ်။
သမ္ပဇာနော- ကောင်းစွာ သိသည်ဖြစ်၍, မှန်စွာ သိသည်ဖြစ်၍, အမှန်အတိုင်းသိသည်ဖြစ်၍၊ ကာယေ- ရုပ်အပေါင်းကိုယ်၌၊ ကာယာနုပဿီ- မမြဲ, ဆင်းရဲ, အစိုးမရအတ္တမဟုတ်သော ရုပ်အပေါင်းမျှဟု ရှုမြင်သည်ဖြစ်၍၊ ဝိဟရတိ- နေ၏လို့ ဆိုတယ်။
ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်, ကွေးတယ်, ဆန့်တယ် စသည်ဖြင့်မပြတ် မှတ်ပြီးတော့နေတယ်။ ဒီရုပ်ကိုယ်ကြီးတစ်ခုလုံး အပိုင်းအပိုင်းလေးတွေ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပြီး ပျောက်သွားတာတွေ မှတ်နေရတယ်။ ဖြစ်ပြီး ပျက်နေလို့မမြဲဘူး။ နှစ်သက်သာယာစရာ မရှိဘူး, ဘာမှ ကောင်းတဲ့သဘောတွေ မဟုတ်ဘူး,ဆင်းရဲပဲ။ ပြီးတော့ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး, ခဏမစဲ သူ့အလိုလို ဖြစ်ပြီး ပျက်သွားတဲ့သဘောတရားမျှပဲ ဆိုတာ အမှန်အတိုင်း သိအောင်လို့ပဲ ရှုနေရတာကိုး, အဲဒီလိုရှုလို့အမှန်အတိုင်း သိနေပါပြီတဲ့။
ရှုတိုင်း ရှုတိုင်း အမှတ်ကောင်းတဲ့အခါ အဲဒီအတိုင်း ရှင်းပြီးတော့ သိနေတာပဲ,ဘာမှ စာသင်နေရတာလည်း မဟုတ်ဘူး, စာကျက်နေရတာလည်း မဟုတ်ဘူး, မှတ်နေတာနဲ့ပဲ မမြဲ, ဆင်းရဲ, အစိုးမရတဲ့သဘောတွေကို သိနေတာကိုး။
လောကေ- လောက၌၊ အဘိဇ္ဈာဒေါမနဿံ- လိုလားနှစ်သက်မှု, နှလုံးမသာမှုကို၊ဝိနေယျ- ပယ်ဖျောက်၍၊ ဝိဟရတိ- နေ၏။
အဲဒီလို သိနေတော့ ဒီအာရုံနဲ့စပ်ပြီးတော့ လောဘလည်း မဖြစ်ရဘူး, ဒေါသလည်း မဖြစ်ရဘူးတဲ့။ ကိုယ်အမူအရာတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ကိုယ်ကိုလည်းလောဘ မဖြစ်ရဘူး, သူများကိုယ်ကိုလည်း လောဘ မဖြစ်ရဘူးတဲ့။ ဘာလို့တုံးဆိုရင်ခဏမစဲ ဖြစ်ပျက်နေလို့ မမြဲဘူးဆိုတာကို သိနေတာကိုး, ဖြစ်ပျက်နေလို့ ကောင်းတဲ့တရား မဟုတ်ဘူး, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး, သဘောတရားမျှပဲဆိုတာကို သိနေတော့လောဘဖြစ်စရာ မရှိဘူး, ဒေါသလည်း ဖြစ်စရာ မရှိဘူး။ လောဘ, ဒေါသ, မောဟတရားတွေ ငြိမ်းနေပါတယ်တဲ့။
မရှုရင်တော့ ဒါတွေက ဖြစ်နိုင်တယ်, ဖောင်းတာ, ပိန်တာ အကြောင်းပြုပြီးတော့လည်း ဖြစ်နိုင်တယ်။ ကွေးတာ, ဆန့်တာ, ထိုင်တာ, ထတာ အကြောင်းပြုပြီးတော့လည်း ဖြစ်နိုင်တယ်။ ကိုယ်အမူအရာတွေကနေပြီးတော့ ငါပဲဆိုပြီး လောဘဖြစ်နိုင်တယ်, ဒေါသလည်း ဖြစ်နိုင်တာပဲ။ ပြီးတော့ သူများတွေကိုယ်မှာလည်း ပုဂ္ဂိုလ်သတ္တဝါထင်မှတ်ပြီး လောဘ, ဒေါသတွေ ဖြစ်နိုင်တယ်။ အဲဒီ လောဘ ဒေါသတွေဟာ မရှုတဲ့အာရုံတိုင်းမှာ ဖြစ်နိုင်ပါတယ်တဲ့, ရှုတဲ့အာရုံမှာ မဖြစ်နိုင်ဘူးတဲ့။
လောဘ ဒေါသတွေ ငြိမ်းအောင်လို့ ရှုပြီးတော့ နေရမယ်ဆိုတာကို ပြတယ်, အဲဒီလို နေတာကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်တယ်။ သတိပဋ္ဌာန်လေးပါးထဲကတစ်ခုပေါ့လေ, ဘုန်းကြီးက ဆောင်ပုဒ်ကလေးတွေ ရေးထားတယ်။
ထင်ရှားပေါ်လာသော ကိုယ်အမူအရာဟူသမျှကို
အမှန်အတိုင်း ရှုမြင်ရမည်။
ရှုမြင်နိုင်အောင် မပြတ် ကြောင့်ကြစိုက်ရမည်။
မပြတ် မှတ်လျက် အမှန်အတိုင်း သိရမည်။
ဒီလို သိလျှင် သိတိုင်း သိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။
ကာယေ ကာယာနုပဿီ။ ကာယေ- ကိုယ်၌၊ ကာယေ- မမြဲ, ဆင်းရဲ, အစိုးလည်းမရ အနတ္တသဘောမျှ ဖြစ်သောကိုယ်၌၊ ကာယာနုပဿီ- မမြဲ, ဆင်းရဲ, အစိုးလဲမရအနတ္တသဘောမျှ ဟူသောကိုယ်ဟု ရှုသည်ဖြစ်၍။
“ထင်ရှားပေါ်လာသော ကိုယ်အမူအရာဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်”ဆိုတာ မမြဲတဲ့တရားကို မမြဲဘူးလို့ အမှန်အတိုင်း ရှု, ဆင်းရဲတဲ့တရားကို ဆင်းရဲပဲလို့အမှန်အတိုင်း ရှု, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားကို ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့သဘောတရားလို့ အမှန်အတိုင်း ရှုမြင်ပြီးတော့ နေရမယ်လို့ ဆိုတာပဲ။
အမှတ်ရနိုင်အောင် အမြဲမပြတ် ကြောင့်ကြစိုက်နေရမယ်။ ကြောင့်ကြစိုက်ရင်တော့ မပြတ် မှတ်မိနေတော့တာပဲ။ ကြောင့်ကြစိုက်ပြီး မပြတ်မှတ်တော့ မှတ်မိတဲ့အာရုံပေါ်မှာ စူးစိုက်တည်ကြည်တဲ့သမာဓိ ဖြစ်တယ်။ ဖောင်းတာ မှတ်ရင် ဖောင်းတာပေါ်မှာ စိတ်တည်တယ်, ဟိုဟိုဒီဒီ လျှောက်မသွားဘူး။ အဲဒီ သမာဓိဖြစ်ရာ အာရုံကိုပိုင်းပိုင်းခြားခြား သိတယ်။ တောင့်တင်းရင် တောင့်တင်းတဲ့သဘော သိတယ်, အစမှာတော့ ဒီလောက်ပဲ။ နောက်ကျတော့ ဖြစ်ပြီးတော့ ပျောက်သွားတာ, ဖောင်းတာလေးလဲဖြစ်ပြီး ပျောက်သွားတာ, ပိန်တာလေးလည်း ဖြစ်ပြီး ပျောက်သွားတာ, ကွေးတာ,ဆန့်တာတွေလည်း ရွေ့ရွေ့ပြီးတော့ တစ်ရွေ့ချင်း တစ်ရွှေ့ချင်း ပျောက်ပျောက်သွားတာ, အပိုင်းအပိုင်းလေးတွေ ကွေးလိုက် ပျောက်လိုက်, ကွေးလိုက် ပျောက်လိုက်,အဲဒါကို ကိုယ်ပိုင်ဉာဏ်နဲ့ သိတယ်။ အဲဒါ အမှန်အတိုင်း သိတာပဲ, “မပြတ် မှတ်လျက်အမှန်အတိုင်း သိရမည်”တဲ့။
အဲဒီလိုသိရင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းနေတယ်, အဘိဇ္ဈာ ဒေါမနဿခေါ်တဲ့ ကိလေသာတွေ မဖြစ်ရဘူး။ မသိရင်တော့ ကိလေသာတွေ ဖြစ်မယ်, ကွေးတာ,ဆန့်တာကို အကြောင်းပြုပြီးတော့ လောဘဖြစ်မယ်, ဒေါသဖြစ်မယ်, သွားတာလာတာကို အကြောင်းပြုပြီး လောဘဖြစ်မယ်, ဒေါသဖြစ်မယ်, လှုပ်ရှားတာကို အကြောင်းပြုပြီးတော့ လောဘဖြစ်မယ်, ဒေါသဖြစ်မယ်။ အခုတော့ ကိလေသာတွေ မဖြစ်ရဘူး, ငြိမ်းနေတယ်။
ကိုယ်အမူအရာတိုင်းမှာ ကိလေသာ ငြိမ်းအောင် ဒီလိုမှတ်သိနေတာဟာ ကာယာနုပဿနာသတိပဋ္ဌာန်ပဲတဲ့, အဲဒါ သမ္မာသတိမဂ္ဂင်ပဲတဲ့။
ကိုယ်အမူအရာတိုင်းမှာ ကိလေသာ ငြိမ်းအောင် ဒီလိုမှတ်သိနေတာကို
ကာယာနုပဿနာသတိပဋ္ဌာန်ဟု ခေါ်သည်။
သတိမာ- သတိရှိသည်ဖြစ်၍, အမှတ်ရသည်ဖြစ်၍, မပြတ်မှတ်ရတယ်။ တစ်ကြိမ်တစ်ခါလေး မှတ်ရုံနဲ့ မဖြစ်ဘူး။ ကိုယ်အမူအရာတွေ ပေါ်တိုင်းပေါ်တိုင်း နောက်ကမပြတ် လိုက်ပြီးတော့ မှတ်နေရမယ်, မပြတ်မှတ်ရင် အမှန်အတိုင်း သိတော့တာပဲ။ရုပ်တရား ရုပ်တရားအတိုင်း, နာမ်တရား နာမ်တရားအတိုင်း ပိုင်းခြားသိတော့တာပဲ။ဖြစ်ပေါ်လာတာ, ပျက်သွားတာ, မမြဲတာ, ဆင်းရဲတာ, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့သဘောတရား, ဒီတရားတွေဟာ အမှန်တွေပဲဆိုတာ ပိုင်းခြား သိရတယ်။ အနိစ္စ, ဒုက္ခ,အနတ္တကို သိတိုင်းသိတိုင်း အဲဒီသိရတဲ့ အာရုံတွေနဲ့စပ်ပြီးတော့ လောဘ, ဒေါသ,မောဟ, ကိလေသာတွေ မဖြစ်နိုင်ဘူး, ဖြစ်ခွင့်မရဘူး, ငြိမ်းသွားတယ်။
ကိုယ်အမူအရာ ပြုတိုင်းပြုတိုင်း အမှတ်ရနေရတယ်။ သွားတဲ့ အမူအရာ, ရပ်တဲ့အမူအရာ, ထိုင်တဲ့အမူအရာ, လဲလျောင်းတဲ့ အမူအရာ, ကွေးတဲ့ ဆန့်တဲ့ အမူအရာ,လှုပ်ရှားတဲ့ အမူအရာ, ဖောင်းတာ, ပိန်တာ, ကိုယ်အမူအရာတွေ ဖြစ်တိုင်းဖြစ်တိုင်းကိလေသာငြိမ်းအောင်လို့ ကြောင့်ကြစိုက်ပြီးတော့ မပြတ် မှတ်နေရတယ်။ အမှတ်ရပြီးတော့ အမှန်အတိုင်း သိတယ်, အာရုံမသိတတ်တဲ့ ရုပ်တရားသဘောတွေပဲ စသည်ဖြင့်သိတယ်။ နောက်ပြီးတော့ ဖြစ်ပြီး ပျောက်သွားလို့ မမြဲတဲ့တရားတွေပဲလို့ သိတယ်,မမြဲတာတွေပဲဆိုတာ သိတော့ ဆင်းရဲတွေပဲလို့ သိလာတယ်, တင့်တယ်နေတဲ့တရားတွေ မဟုတ်ဘူး, မကောင်းတဲ့တရားတွေ, အားမကိုးလောက်တဲ့တရားတွေပဲလို့ သိ