သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
ဂုဟာသယံ- ကိုယ်တည်းဟူသော လိုဏ်ခေါင်း၌ ကိန်းအောင်းနေသော၊ စိတ္တံ-စိတ်ကို၊ စိတ္တံ- အာရုံကို သိတတ်ကြံတတ်သောစိတ်ကို၊ ယေ- အကြင်ယောဂီပုဂ္ဂိုလ်တို့သည်၊ သံယမေဿန္တိ- စောင့်စည်းနိုင်ကုန်လတံ့။ တေ- ထိုစောင့်စည်းနိုင်ကုန်သောယောဂီပုဂ္ဂိုလ်တို့သည်၊ မာရဗန္ဓနာ- သေမင်း၏အနှောင်အဖွဲ့မှ၊ မောက္ခန္တိ- လွတ်နိုင်ကြကုန်လတ္တံ့။
ဒီကိုယ်ထဲမှာ စိတ် ဖြစ်ရာဌာနတွေ ရှိတယ်။ မျက်စိက, နားက, နှာခေါင်းက,လျှာက နေပြီးတော့ ဖြစ်နေတယ်။ အဲဒီစိတ်ကို ယောဂီပုဂ္ဂိုလ်မှသာ စောင့်စည်းနိုင်မှာ,ဒီ့ပြင်ပုဂ္ဂိုလ်တွေ မစောင့်စည်းနိုင်ပါဘူး။ သတိပဋ္ဌာန်နည်းနဲ့ ဖြစ်တိုင်းဖြစ်တိုင်းသောစိတ်ကလေးကို လိုက်ရှုနိုင်မှ သိလို့ ရတယ်, မရှုရင် မသိနိုင်ပါဘူး။ စိတ်ကလေးဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးရှုတော့ တစ်ခုစီ တစ်ခုစီ ဖြစ်နေတဲ့ စိတ်ကလေးပဲ, ဘာမှကြာရှည်တည်တံ့နေတာ မဟုတ်ဘူးဆိုတာ သိရတာကိုး။
ပကတိလူတွေမှာ အာရုံတွေအပေါ် ကောင်းတယ်လို့ထင်ရင် နှစ်သက်သာယာတဲ့ လောဘတွေ ဖြစ်တယ်, မကောင်းဘူးလို့ထင်ရင် စိတ်ဆိုးစိတ်ညစ် ဒေါသတွေ ဖြစ်တယ်။ မာန ဖြစ်စရာရှိရင် မာနဖြစ်တယ်, ပုဂ္ဂိုလ်ပဲလို့ သတ္တဝါထင်မှတ်ပြီး ဒိဋ္ဌိဖြစ်တယ်,ကိလေသာတွေ ဖြစ်ကြတယ်။ ကိလေသာအနှောင်အဖွဲ့တွေက နှောင်ဖွဲ့ထားလို့ ဘဝသံသရာ ထပ်ခါထပ်ခါ ဖြစ်ရတယ်။ ဖြစ်ရာဘဝမှာ အိုရ, နာရ, သေရ, သေမင်းဆီဆိုက်ရောက်ရတာကိုး။ လောဘဖြစ်ရင် သေမင်း၏ နှောင်ကြိုး, ဒေါသဖြစ်ရင် သေမင်း၏ နှောင်ကြိုး, မောဟဖြစ်ရင်, မာနဖြစ်ရင်, ဒိဋ္ဌိဖြစ်ရင် ကိလေသာဖြစ်တိုင်း သေမင်း၏နှောင်ကြိုးတွေတဲ့။
ဒီစိတ်ကလေးကို အမှန်အတိုင်း သိတဲ့ပုဂ္ဂိုလ်တွေ သေမင်း၏ နှောင်ကြိုးအဖွဲ့တွေက လွတ်သွားမှာတဲ့, ဒီစိတ်ကလေးကို ထိန်းသိမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေ လွတ်သွားမှာတဲ့။
မြတ်စွာဘုရားက ဟောတယ်, အဲဒီစိတ်ကလေးကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုရမှာ,ဖြစ်တိုင်းဖြစ်တိုင်း ရှုတော့ စိတ်ကလေး ဖြစ်ပြီးပျောက်နေလို့ မမြဲဘူးဆိုတာ သိရတယ်,ဆင်းရဲတဲ့သဘောတွေ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့သဘောတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ သိရတယ်။ အဲဒီလိုသိတော့ ဒီစိတ်ကလေးနဲ့စပ်ပြီး လောဘ, ဒေါသ, မောဟ, ကိလေသာ
တွေ ဘယ်ဖြစ်တော့မလဲ, ချုပ်ငြိမ်းသွားတယ်။ အဲဒီ ကိလေသာတွေ ငြိမ်းအောင်လို့ရှုနေတာကို စိတ္တာနုပဿနာသတိပဋ္ဌာန် ခေါ်တယ်။
ထင်ရှားပေါ်လာသော စိတ်ဟူသမျှကို အမှန်အတိုင်း ရှုမြင်ရမည်။
ရှုမြင်နိုင်အောင် မပြတ် ကြောင့်ကြစိုက်ရမည်။
မပြတ် မှတ်လျက် အမှန်အတိုင်း သိရမည်။
ဒီလိုသိလျှင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။ စိတ်တိုင်း စိတ်တိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလိုမှတ်သိနေတာကို
စိတ္တာနုပဿနာသတိပဋ္ဌာန်ဟု ခေါ်သည်။
ဓမ္မာနုပဿနာသတိပဋ္ဌာန်
ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ
လောကေ အဘိဇ္ဈာဒေါမနဿံ။
ဓမ္မေသု- သဘောတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည် ဖြစ်၍၊ဝိဟရတိ- နေ၏။
သဘောတရားတိုင်းမှာ ကိလေသာငြိမ်းအောင် မှတ်သိနေတာ ဓမ္မာနုပဿနာသတိပဋ္ဌာန်
ဓမ္မ- သဘောတရားဆိုတာ လောကအထင်အမြင်နဲ့တော့ ပြောင်းပြန်ပဲ, လောကအထင်အမြင်တွေကတော့ ပုဂ္ဂိုလ်သတ္တဝါ ထင်နေတာကိုး။ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးတဲ့, ဓမ္မသဘောတရားချည်းပဲတဲ့။ သူ့သဘောအတိုင်း သူဆောင်ပြီးတော့ ဖြစ်ပျက်နေတဲ့တရားတွေတဲ့, အဲဒါတွေကို ငါပဲ, သူပဲ, သတ္တဝါပဲ ထင်နေကြတယ်။ ရုပ်တရားနာမ်တရားတွေ သူ့သဘောနဲ့သူ့ဟာသူ ဖြစ်ပျက်နေတဲ့တရားတွေ, အဲဒီသဘောတရားတွေကို သဘောတရားတွေမျှပဲလို့ အမှန်အတိုင်း သိရမယ်။ အဲဒီလို အမှန်အတိုင်းသိအောင်-
အာတာပီ- ကိလေသာကို ပူပန်သွေ့ခြောက် ကင်းပျောက်စေနိုင်သော သမ္မပ္ပဓာန်လုံ့လဝီရိယရှိသည်ဖြစ်၍၊ သတော- အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော- အမှန်အတိုင်း
သိသည်ဖြစ်၍၊ လောကေ- ခန္ဓာငါးပါးတည်းဟူသောလောက၌၊ အဘိဇ္ဈာဒေါမနဿံ-အဘိဇ္ဈာနဲ့ ဒေါမနဿကို (ဝါ) အဘိဇ္ဈာ, ဒေါမနဿ အစရှိသော ကိလေသာအပေါင်းကို၊ ဝိနေယျ- ပယ်ဖျောက်၍၊ ဝိဟရတိ- နေ၏။
ဒီမှာလဲ သမ္မပ္ပဓာန်လုံ့လဝီရိယနဲ့ ကြောင့်ကြစိုက်ပြီး မပြတ်မစဲ မှတ်နေရမယ်,သဘောတရားတွေ ဖြစ်တိုင်းဖြစ်တိုင်း သိရမယ်, မြင်တဲ့ သဘောတရားတိုင်း, ကြားတဲ့သဘောတရားတိုင်း, နံတဲ့သဘောတရားတိုင်း, စားတဲ့သဘောတရားတိုင်း, ထိတဲ့သဘောတရားတိုင်း, နှစ်သက်သာယာတဲ့ သဘောတရားတိုင်း, ရွံမုန်းစက်ဆုပ်တဲ့သဘောတရားတရားတိုင်း, ထိုင်းမှိုင်းပျင်းရိတယ်ဆိုတဲ့ သဘောတရားတိုင်း, စိတ်ပျံ့လွင့်ပူပန်တဲ့ သဘောတရားတိုင်း, ယုံမှားသံသယဖြစ်တယ်ဆိုတဲ့ သဘောတရားတိုင်း,ခန္ဓာငါးပါး သဘောတရားတိုင်း, အဲဒီသဘောတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း ရှုပါတဲ့,ဖြစ်တိုင်းဖြစ်တိုင်း ရှုလို့ရှိရင် အဲဒီသဘောတရားတွေမှာ ကိလေသာ ငြိမ်းနေတယ်, အဲဒီလို ကိလေသာငြိမ်းအောင် ရှုနေတာက ဓမ္မာနုပဿနာသတိပဋ္ဌာန်ပဲတဲ့။
ထင်ရှားပေါ်လာသော သဘောတရားဟူသမျှကို
အမှန်အတိုင်း ရှုမြင်ရမည်။
ရှုမြင်နိုင်အောင် မပြတ် ကြောင့်ကြစိုက်ရမည်။
မပြတ် မှတ်လျက် အမှန်အတိုင်း သိရမည်။
ဒီလိုဆိုလျှင် သိတိုင်းသိတိုင်း ကိလေသာ ငြိမ်းလေတော့သည်။ သဘောတရားတိုင်းမှာ ကိလေသာငြိမ်းအောင် ဒီလိုမှတ်သိနေတာကို
ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟု ခေါ်သည်။
သမ္မာသတိဆိုတာ သတိပဋ္ဌာန်လေးပါးပဲ
မဂ္ဂင်ရှစ်ပါးထဲက သမ္မာသတိဆိုတာ သတိပဋ္ဌာန်လေးပါးပဲတဲ့, ကိုယ်အမူအရာတွေ ဖြစ်တိုင်း ဖြစ်တိုင်း ဖောင်းတယ်, ပိန်တယ်, ထိုင်တယ်, ထိတယ်, ကွေးတယ်,ဆန့်တယ် စသည်ဖြင့် အမှတ်ရနေတာ ကာယာနုပဿနာသတိပဋ္ဌာန်ပဲ။ ဝေဒနာတွေညောင်းတာ, ပူတာ, နာကျင်တာ, ကိုက်ခဲတာ, ကိုယ်ထဲက အခံခက်နေတာ, ကိုယ်ထဲမှာ
အခံကောင်းနေတာ, စိတ်ထဲက စိတ်နှလုံး မသာမယာဖြစ်နေတာ, ဝမ်းမြောက်ဝမ်းသာဖြစ်နေတာတွေကို ဖြစ်တိုင်းဖြစ်တိုင်း အမှတ်ရနေတာတွေဟာ ဝေဒနာနုပဿနာသတိပဋ္ဌာန်ပဲ။ စိတ်ကူးစဥ်းစား ကြံစည်မှုတွေ, ကွေးချင်တာ, ဆန့်ချင်တာက စပြီးတော့စိတ်တွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရနေတာ စိတ္တာနုပဿနာသတိပဋ္ဌာန်။ သဘောတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း အမှတ်ရပြီးတော့နေတာကို “ဓမ္မာနုပဿနာသတိပဋ္ဌာန်”လို့ ခေါ်တယ်။
လိုရင်းကတော့ ရှုမှတ်လို့ရှိရင် သတိပဋ္ဌာန်လေးပါးထဲက တစ်ခုခုတော့ ဖြစ်နေတယ်။ ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် ရုပ်တွေကို ဂရုစိုက်ပြီးတော့ မှတ်နေတာကကာယာနုပဿနာသတိပဋ္ဌာန်တွေ ဖြစ်တယ်။ တော်တော်ကြာတော့ ဒုက္ခဝေဒနာတွေဖြစ်လာတော့ ဝေဒနာတွေ မှတ်ရတယ်, ဝေဒနာနုပဿနာ ဖြစ်တယ်။ တော်တော်ကြာထွက်သွားတဲ့စိတ်ကလေး မှတ်ရတော့ စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်တယ်။ နှစ်သက်သာယာမှုစတဲ့ သဘောတရားတွေကို မှတ်ရတော့ ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်တယ်။အဲဒီ သတိပဋ္ဌာန်တရားလေးပါးဟာ သမ္မာသတိမဂ္ဂင်ပဲတဲ့။
နောက် သမာဓိမဂ္ဂင်ပဲ ကျန်တော့တယ်, ကနေ့ တရား သိမ်းကြဦးစို့။
ဤသတိပဋ္ဌာန်တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံ စေတနာ၏ အစွမ်းအာနုဘော်တို့ ကြောင့် ယခုတရားနာ ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်,စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟု ခေါ်ဆိုအပ်သော ဤသတိပဋ္ဌာန်တရားလေးပါးတို့ကို မပြတ်မစဲ ပွားများအားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်သို့ လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။