ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၄၉

အညီအမျှ လျစ်လျူရှုပြီးတော့နေနိုင်တယ်တဲ့။ ဘာလို့လဲဆိုရင် ‘သတော သမ္ပဇာနော,’သတော- အမှတ်ရလို့တဲ့, သမ္ပဇာနော- အမှန်အတိုင်း သိမြင်လို့တဲ့။ မြင်တိုင်း,မြင်တိုင်း မြင်တာလေးကို အမှတ်ရနေရင် မြင်တာလေးဟာ အခုပဲဖြစ်ပြီး အခုပဲပျောက်သွား, အခုပဲ ဖြစ်ပြီး အခုပဲ ပျောက်သွား ဒီလို သိနေတာကိုး။

ဒေသနာအစဥ်က မြင်တာကို ပြောနေတာ, အထူးအားဖြင့်တော့ ကာယဒွါရကအများဆုံး မှတ်ရပါတယ်။ ဖောင်းတာ ပိန်တာက စပြီးတော့ ကိုယ်က အတွေ့အထိတွေတွေ့တိုင်း တွေ့တိုင်း မှတ်နေရင် ကောင်းတဲ့အခါ သဘောမကျဘူး, မကောင်းတဲ့အခါလည်း စိတ်မချမ်းမသာတွေ မဖြစ်ဘူး, အညီအမျှ ရှုပြီးတော့ နေနိုင်တယ်တဲ့။ ဘာလို့တုံးဆိုတော့ အမှတ်ရနေလို့တဲ့။

အဆင်းမြင်ရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

မျက်စိဖြင့် အဆင်းကို မြင်တဲ့အခါ အမှတ်ရပါစေတဲ့, အမှတ်ရပြီးတော့ အမှန်အတိုင်းလည်း သိပါစေတဲ့, ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေ အမှန်အတိုင်း သိသွားတယ်။ဝမ်းသာမှုတွေ နောက်က မလိုက်စေနဲ့တဲ့, ဖြစ်တိုင်း ဖြစ်တိုင်းလေး သိရုံသိရုံလေးသာလိုက်နေပါတဲ့။

အဲဒါ ရဟန္တာပုဂ္ဂိုလ်ရဲ့ဂုဏ်ပဲတဲ့, ရဟန္တာပုဂ္ဂိုလ်ရဲ့ ဂုဏ်ပေမယ့်လို့ ယောဂီပုဂ္ဂိုလ်တွေလည်း တရားအားထုတ်နေရင် ဖြစ်နိုင်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်လည်း စောစောကအားထုတ်လာလို့ ဒီသတိတွေ ဉာဏ်တွေက ပြည့်စုံသွားတာပါ, ရဟန္တာမဖြစ်ခင်ကအနာဂါမ်ကတည်းက အားထုတ်ရတာ။ အနာဂါမ်လည်း သူထိုက်သည့်အားလျော်စွာပြည့်စုံနေတယ်, သကဒါဂါမ်ကတည်းက အားထုတ်လာရတာပဲ။ သကဒါဂါမ်မှာလည်းထိုက်သည့်အားလျော်စွာ ပြည့်စုံနေတယ်, သောတာပန်ကတည်းက အားထုတ်လာတာ။သောတာပန်မှာလည်း အထိုက်အလျောက် ပြည့်စုံနေတာ ရှိပါတယ်, ပုထုဇဥ်ကတည်းက အားထုတ်လို့ ရလာတာပဲ။ ဒါကြောင့် ပုထုဇဥ်ယောဂီပုဂ္ဂိုလ်တွေလည်း တရားအားထုတ်နေရင် ဆဠင်္ဂုပေက္ခာဂုဏ်နဲ့အညီ ဖြစ်နိုင်ပါတယ်။

စာ ၂၅၀

ဒီဥပေက္ခာက တတြမဇ္ဈတ္တတာ စေတသိက်ပဲတဲ့။ တတြမဇ္ဈတ္တတာ စေတသိက်ကမယုတ်မလွန် ညီမျှနေတဲ့အခါမှာ ဖြစ်တာပဲ, ညီမျှနေတဲ့အခါမှာ ဝမ်းသာမှုဘက်လည်းမလိုက်ဘူး, ဝမ်းနည်းမှုဘက်လည်း မလိုက်ဘူး, အာရုံကောင်းတဲ့ဘက်လည်း မလိုက်ဘူး,အာရုံဆိုးတဲ့ဘက်လည်း မလိုက်ဘူး, ချိန်ခွင်လျှာလေးလို ညီမျှပြီးတော့ နေနိုင်တယ်။

ဝိပဿနာ ရှုမှတ်မှု ကောင်းနေတဲ့အခါ ဒီအတိုင်း သွားနေတာပဲ, အမှတ်ကောင်းတိုင်း ကောင်းတိုင်း ဒီဥပေက္ခာက ပါနေတယ်။ ဒီ တတြမဇ္ဈတ္တတာစေတသိက်က ညီမျှပြီးတော့နေရင် ဝိပဿနုပေက္ခာလည်း ဖြစ်နေတယ်, ဝီရိယုပေက္ခာဆိုတဲ့ ဝီရိယကလည်း ညီမျှနေတယ်။ သင်္ခါရုပေက္ခာဉာဏ် ရောက်တဲ့အခါကျတော့ သူက ပြည့်စုံနေတယ်။ အမှတ်ရပြီး အနိစ္စ, ဒုက္ခ, အနတ္တတွေ အမှန်အတိုင်း သိသိပြီး လိုက်နေတော့လျစ်လျူရှုပြီးနေနိုင်တဲ့ ဥပေက္ခာတွေ ဖြစ်ပြီးတော့ နေတယ်။

ထို့အတူ ကြားရာမှာလည်း ဒီအတိုင်းပဲ။ သောတေန- နားဖြင့်၊ သဒ္ဒံ- အသံကို၊သုတွာ- ကြား၍၊ နေဝ သုမနော ဟောတိ- ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘူး၊ န ဒုမ္မနောဟောတိ- နှလုံးမသာမယာ မဖြစ်ဘူးတဲ့၊ သတော- အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော-သိသည်ဖြစ်၍၊ ဥပေက္ခကော- အညီအမျှ ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။

အသံကြားရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

နှာခေါင်းက အနံ့နံပြီးတော့ ဥပေက္ခာ တစ်ခု, လျှာက စားသိပြီးတော့ ဥပေက္ခာပြုတာလည်း တစ်ခု။

အနံ့နံရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

အရသာစားရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

စာ ၂၅၁

ကိုယ်က အတွေ့အထိတွေ ဥပေက္ခာပြုတာလည်း တစ်ခု။ ဖောင်းတယ်, ပိန်တယ်,ထိုင်တယ်, ထိတယ်, ကွေးတယ်, ဆန့်တယ်, ညာလှမ်းတယ်, ဘယ်လှမ်းတယ်, ကြွတယ်,ချတယ်, နာတယ်, ကျင်တယ်, ကိုက်ခဲတယ် စသည်ဖြင့် ကိုယ့် ကိုယ်က အတွေ့အထိတွေ အကုန်လုံး ဘာမှတ်မှတ်, ကောင်းတာတွေ တွေ့ထိတဲ့အခါကျလို့ရှိရင် ဝမ်းသာတတ်တယ်, အဲဒါ မဖြစ်ရဘူးတဲ့။ မကောင်းတာတွေနဲ့ တွေ့ထိတဲ့အခါ စိတ်ပျက်လာတတ်တယ်, နှလုံးမသာဖြစ်တတ်တယ်, အဲဒါတွေ မဖြစ်ရဘူးတဲ့။

သတော- အမှတ်ရပြီးတော့, သမ္ပဇာနော- သိပြီးတော့, ကိုယ်က တွေ့ထိတိုင်းတွေ့ထိတိုင်း, အလစ်လပ် မပေးဘဲနဲ့ တစ်ကောက်ကောက် လိုက်ပြီးတော့ တစ်ခုတွေ့လိုက် မှတ်လိုက်, တစ်ခု တွေ့လိုက် မှတ်လိုက်, အဲဒီလို မှတ်နေနိုင်တော့ ဝမ်းသာတဲ့စိတ်လည်း ဝင်စရာ မရှိဘူး, နှလုံးမသာတဲ့စိတ်လည်း ဝင်စရာ မရှိဘူး။ အဖြစ်အပျက်လေးသိပြီး အညီအမျှ ရှုနေရတယ်တဲ့, သိရုံသိရုံလေး လိုက်နေတယ်တဲ့။ တတြမဇ္ဈတ္တတာက ညီမျှညီမျှဖြစ်နေတော့ သင်္ခါရုပေက္ခာက လျစ်လျူရှုပြီးတော့ နေတယ်,ဘယ်လို ကောင်းတဲ့အာရုံနဲ့ တွေ့ပေမယ့် ဝမ်းမသာဘူး, ဘယ်လိုမကောင်းပေမယ့်လို့စိတ်မပျက် ဘူး, တယ်နေရာကျတယ်။ ရှေ့ဉာဏ်တွေတုန်းကတော့ ဝမ်းသာစရာရှိလည်းဝမ်းသာသွားတတ်တယ်, စိတ်ပျက်စရာရှိလည်း စိတ်ပျက်သွားတတ်တယ်, သင်္ခါရုပေက္ခာရောက်တဲ့အခါကျတော့ ခိုင်တယ်, ရှုမှတ်နေတုန်း မပြောနဲ့, ရှုမှတ်ရာက ရပ်ထားတဲ့အခါတောင်မှ စိတ်ကလေးက တော်တော် ခိုင်နေတယ်။

အတွေ့ထိရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

မနသာ- စိတ်ဖြင့်၊ ဓမ္မံ- သဘောတရားကို၊ ဝိညာယ- သိ၍၊ နေဝ သုမနောဟောတိ- ဝမ်းမြောက်ဝမ်းသာ မဖြစ်၊ န ဒုမ္မနော ဟောတိ- နှလုံးမသာခြင်း မဖြစ်၊သတော- အမှတ်ရသည်ဖြစ်၍၊ သမ္ပဇာနော- သိသည်ဖြစ်၍၊ ဥပေက္ခကော- အညီအမျှရှုလျက်၊ ဝိဟရတိ- နေ၏။

စိတ်ကူးစဥ်းစားကြံစည်မှုတွေ ဥပေက္ခာပြုတာလည်း တစ်ခု။ စိတ်ကူးစဥ်းစားကြံစည်မှုတွေ ပေါ်တိုင်းပေါ်တိုင်း အမှတ်ရပြီးတော့ နေပေါ့လေ, ဝိပဿနာဉာဏ်

စာ ၂၅၂

ရင့်တဲ့အခါ စိတ်ကူးစဥ်းစားတွေ သိပ်မဖြစ်ပါဘူး, ဖြစ်ရင်လည်း ဖြစ်ဖြစ်ချင်း မှတ်နိုင်တော့တာပဲ, စိတ်ကလေး ထွက်လိုက်တာနဲ့ ဖြုတ်ခနဲ မှတ်နိုင်တာပဲ, ဝမ်းသာစရာအာရုံတွေပေမယ်လို့ ဝမ်းမသာလိုက်ရဘူး, စိတ်ပျက်စရာအာရုံတွေပေမယ်လို့ စိတ်မပျက်လိုက်ရဘူး, မှတ်ပြီး ပျောက်သွား, လျစ်လျူရှုပြီးတော့ သွားတာပဲ, အင်မတန်ကောင်းတယ်။ အဲဒီလိုရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ကိုယ့်ဟာကိုယ် အင်မတန် ဝမ်းသာစရာကောင်းတယ်, ဒီဉာဏ်တွေ ရောက်နေတာ အင်မတန်ကို အဖိုးတန်နေတာ, ရဟန္တာရဲ့ စိတ်သန္တာန်မျိုးတွေ ဖြစ်နေတာ, ဒီအဆင့်အတန်းတွေ ရောက်ပြီး ဆဠင်္ဂုပေက္ခာနဲ့ ပြည့်စုံနေတဲ့အခါ သိပ်ကြည်ညိုစရာကောင်းတယ်။

သဘောသိရာ, ရှုမှတ်ခါ, မှန်စွာ သိပါစေ။

ဝမ်းသာမဖက်, စိတ်မပျက်, ရှုလျက် လျစ်လျူရှုနေ။

ရဟန္တာအသွင်, ယောဂီရှင်, ရှုလျှင် ဖြစ်နိုင်ပေ။

ဆဠင်္ဂုပေက္ခာ- အင်္ဂါခြောက်ပါးရှိတဲ့ ဥပေက္ခာတဲ့။ မြင်ရာကလည်း ဝမ်းသာမှုစိတ်ပျက်မှု နောက်မလိုက်ဘဲ လျစ်လျူရှုနေတယ်။ ကြားရာကလည်း ဒီအတိုင်းပဲ, နံရာက, အရသာ စားသိရာက, ကိုယ်က အတွေ့အထိတွေ တွေ့ထိရာက, စိတ်ကူးစဥ်းစားကြံစည်မှု ဖြစ်ရာက, ဒွါရ ၆-ပါးလုံးမှာ အညီအမျှ ဖြစ်နေတယ်။ အဲဒါ အမှတ်ရပြီးတော့အမှန်အတိုင်း သိနေလို့တဲ့, ရဟန္တာပုဂ္ဂိုလ်များ အမြဲတမ်း ဆဠင်္ဂုပေက္ခာဂုဏ် ပြည့်စုံနေတယ်တဲ့။ နောက်သီတင်းကျတော့မှ ဆက်ပြီးတော့ ဟောရအောင်, ကနေ့ သိမ်းဦးမှပဲ။

ဤသတိပဋ္ဌာန်တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံ စေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် ဤသုတ်ဒေသနာတော်၌ လာသော သတိပဋ္ဌာန်တရားတို့ကို မိမိတို့သန္တာန်၌ အကြိမ်ကြိမ်အဖန်ဖန် ပွားများအားထုတ်နိုင်ကြသည်ဖြစ်၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်တို့ဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု၊ သာဓု၊ သာဓု။