သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
မူလ ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်။
အဲဒီမဂ္ဂင် ၃-မျိုးကို ဖြစ်အောင် အားထုတ်ပွားစေပါတဲ့, မဖြစ်သေးရင် ဖြစ်အောင်အားထုတ်ရတယ်, ဖြစ်ပြီးသားတရားတွေလည်း ပွားသထက် ပွားအောင် အားထုတ်လို့ရှိရင် နိဗ္ဗာန်ကို ရောက်သွားပါတယ်လို့ ဆိုလိုတယ်။
မူလမဂ္ဂင်
မူလမဂ္ဂင်က အခုပြောတဲ့ ကံ, ကံ၏အကျိုး ယုံကြည်ပြီးတော့ပြုတဲ့ ဒါန သီလကုသိုလ်ကောင်းမှုတွေ, ‘မဂ်ဖိုလ်နိဗ္ဗာန် ရပါစေ’လို့ ရည်ရွယ်ဆုတောင်းပြီးပြုတဲ့ ဒါနသီလ အစရှိသော ကုသိုလ်တွေဟာ မူလမဂ္ဂင်တွေပဲ။ အဲဒီမူလမဂ္ဂင်တွေ အရင်းခံပြီးတော့ ဘဝကောင်းတွေ ရောက်လာတာ, လူ့ဘဝ, နတ်ဘဝ တရားထူးရနိုင်တဲ့ ဘဝမျိုးတွေ ရောက်လာတယ်။ အဲဒီရောက်လာတဲ့အခါမှာလည်း ကံ, ကံ၏အကျိုး ယုံကြည်မှု,ကမ္မဿကတာ သမ္မာဒိဋ္ဌိအယူ ရှိဖို့ လိုပါတယ်။
ပုဗ္ဗဘာဂမဂ္ဂင်
အဲဒါ မူလမဂ္ဂင်တွေ အကြောင်းအရင်းခံပြီးတော့ တရားကျင့်တဲ့အခါ ပုဗ္ဗဘာဂမဂ္ဂင်တွေ ဖြစ်တယ်။ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်းသော ရုပ်နာမ်တွေကိုရှုတိုင်းရှုတိုင်းဟာ ပုဗ္ဗဘာဂမဂ္ဂင်တွေ ဖြစ်တယ်။ ရုပ်တရား နာမ်တရားတွေ ပိုင်းခြားသိတယ်, ဖြစ်မှုပျက်မှုတွေ ပိုင်းခြားသိတယ်, ပုဗ္ဗဘာဂမဂ္ဂင်ပဲ။ အပျက်သက်သက်တွေသိတဲ့ ဘင်္ဂဉာဏ်စသည် ဖြစ်ပြီးတော့ သိသွားတယ်, သင်္ခါရတွေ လျစ်လျူရှုပြီးသိနေတယ်, ပုဗ္ဗဘာဂမဂ္ဂင်ပဲ။ ဝိပဿနာရှုနေစဥ်အခါကာလ ဖြစ်တဲ့ ရှုမှတ်မှု သိမှုတွေဟာ ပုဗ္ဗဘာဂမဂ္ဂင်တွေချည်းပဲ, အရိယမဂ်ရဲ့ ရှေ့ပြေးမဂ္ဂင်ပဲတဲ့။
အရိယမဂ္ဂင်
အဲဒီရှေ့ပိုင်းက ပုဗ္ဗဘာဂမဂ္ဂင်တွေ ပြည့်စုံတဲ့အခါမှာ အရိယမဂ္ဂင်က ဖြစ်တယ်။အရိယမဂ်က တစ်ကြိမ်တည်းရယ် , ဘာမျှမကြာဘူး။ အရိယမဂ္ဂင်ဖြစ်အောင် ဝိပဿနာတွေ ရှေ့ပိုင်းက အင်မတန် အားထုတ်ရတယ်, တစ်ချို့ မြန်တဲ့ပုဂ္ဂိုလ်တောင်မှ ၇-ရက်လောက် အားထုတ်ရတာကိုး။ ၇-ရက်ထက်မြန်တဲ့ ပုဂ္ဂိုလ်လည်း ခပ်ရှားရှားပဲ, ၁၀-ရက်လောက် အားထုတ်ရတာ ရှိတယ်, ၁၅-ရက်လောက် အားထုတ်ရတာရှိတယ်, ရက် ၂၀-
လောက် အားထုတ်ရတာ ရှိတယ်, တစ်လလောက် အားထုတ်ရတာ ရှိတယ်, တစ်လခွဲလောက် အားထုတ်ရတာ, နှစ်လ သုံးလလောက် အားထုတ်ရတာ ရှိတယ်။ နေ့ရောညဥ့်ရော မပြတ်ဘူး, တစ်မှတ်တည်း မှတ်နေရတာပဲ။ နောက်ဆုံး ရုပ်နာမ်သင်္ခါရငြိမ်းရာလေး ဖြုတ်ခနဲ ရောက်သွားတယ်ဆိုတာ တစ်ခဏလေးပဲ။ နောက်ဆုံး နိဗ္ဗာန်ဓာတ်ထဲ ပြေးဝင်သွားတာကတော့ အရိယမဂ္ဂင်, သူက လောကုတ္တရာမဂ္ဂင်ပဲ။
အဲဒီ လောကီရော လောကုတ္တရာရော ၂-ခုလုံးမှာ မဂ္ဂသစ္စံ- မဂ္ဂသစ္စာသည်၊ဣဋ္ဌံ- အလိုရှိအပ်တဲ့တရားပဲတဲ့။
မြတ်စွာဘုရားရှင်သာသနာတော်ကြီး အင်မတန် ထွန်းကားနေပေမယ်လို့ တစ်ချို့က ဒီဥစ္စာကို တယ်ပြီးတော့ အမွန်အမြတ်လို့ မထင်ဘူး, အဖိုးတန်မှန်း မသိတာပဲ။
ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို ပိုင်းခြားသိဖို့ အားထုတ်ရမယ်
နိရောဓသစ္စာတရားကို ဆိုက်ရောက်ရအောင်, မဂ္ဂသစ္စာတရား မိမိသန္တာန် ပြည့်စုံအောင် ဝိပဿနာရှုရတယ်။ ဝဋ္ဋေ- ဝဋ်သစ္စာ၌၊ အဘိနိဝေသော- စ၍အားထုတ်ခြင်းသည်၊ ဟောတိ- ဖြစ်၏။ ဝဋ်သစ္စာနဲ့ အားထုတ်ရတယ်, ဝဋ်သစ္စာဆိုတာ ဒုက္ခသစ္စာနဲ့သမုဒယသစ္စာ ဒီ ၂-ပါးပဲ။ ဒုက္ခသစ္စာဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး, သမုဒယသစ္စာဆိုတာက သာယာနှစ်သက်တွယ်တာမှု တဏှာပေါ့လေ, တဏှာလေး နှုတ်ပြီး ကျန်တဲ့တရားတွေက ဒုက္ခသစ္စာတရားပါပဲ။
မျက်စိက မြင်တိုင်း ဥပါဒါနက္ခန္ဓာ ၅-ပါးတရားကို ရှုရမယ်။ နားက ကြားတိုင်း,နှာခေါင်းက နံတိုင်း, လျှာက အရသာစားသိတိုင်း, ကိုယ်က တွေ့ထိတိုင်း, စိတ်ကူးစဥ်းစားကြံစည်တိုင်း, ကွေးတိုင်း, ဆန့်တိုင်း, လှုပ်ရှားတိုင်း ဒါ ဒုက္ခသစ္စာတရားတွေ,အဲဒီကြားထဲမှာ သာယာနှစ်သက်မှုလေး ဝင်ဖြစ်သွားတာ ရှိတယ်, ဒါက သမုဒယသစ္စာတရား, ဒီတရား ၂-ခုကို ရှုရမယ်တဲ့။
အဇ္ဈတ္တတရား ရှုမှတ်ခြင်း
အဇ္ဈတ္တံ ဓမ္မေသု- ကိုယ်တွင်းသန္တာန်ဖြစ်သော သစ္စာလေးပါးတို့၌၊ ဓမ္မာနုပဿီ-သဘောတရားမျှဟုရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။ ဖောင်းတဲ့အခါကာလမှာ ဒုက္ခသစ္စာတရား ဖြစ်ပြီး ပျောက်သွား, ပိန်တာလည်း ဖြစ်ပြီး ပျက်သွား, ဒါ ဖြစ်ပျက်တဲ့တရားပဲ,
ကွေးတာ, ဆန့်တာလည်း ဖြစ်ပြီး ပျက်သွားတဲ့တရားပဲ, စိတ်ကူးစဥ်းစားကြံစည်တာလည်း ဖြစ်ပြီး ပျက်သွားတဲ့တရားပဲ, ဒုက္ခသစ္စာချည်းပဲတဲ့။
ဒီထဲမှာ မြင်ရတာလည်း ကောင်းတယ်လို့ ထင်သွားတယ်, ကြားရတာလည်းကောင်းတယ်လို့ ထင်တာလေးတွေ ရှိတယ်။ ကောင်းတယ်လို့ ထင်ပြီး သာယာနှစ်သက်သွားရင် သမုဒယသစ္စာလေး ဖြစ်သွားတယ်။ အဲဒါလေးလည်း ရှုလိုက်ရတာကိုး,ကောင်းတယ်လို့ ထင်ရင် ကောင်းတယ်လို့ မှတ်ရတယ်, လိုချင်ရင် လိုချင်တယ်, နှစ်သက်ရင် နှစ်သက်တယ်လို့ မှတ်ပါ, ဒါ သမုဒယသစ္စာ ရှုတာပဲ။
ဖောင်းတယ်, ပိန်တယ်လို့ မှတ်တိုင်း မှတ်တိုင်း အဇ္ဈတ္တကိုယ်တွင်း သန္တာန်ကဒုက္ခသစ္စာတရားတွေ, သဘောတရားမျှပဲလို့ ရှုနေတယ်, ကိုယ်ထဲက နှစ်သက်မှု သာယာမှု ဖြစ်ရင် အဲဒါကို ရှုလိုက်ပါ, သမုဒယ သစ္စာတရားတွေကို သဘောတရားမျှပဲလို့ရှုနေတယ်, အစတုန်းကတော့ ဒီနှစ်သက်သာယာတာလေးကိုပဲ ငါ ထင်နေတာ, ငါနှစ်သက်တယ်, ငါ သာယာတယ်, ငါ လိုချင်တယ်, လိုချင်တာ ငါ, ငါကောင်လို့ မှတ်နေတယ်, အကောင်ကလေးလို့ ထင်နေတယ်။ အခုတော့ လိုချင်တယ်လို့ မှတ်လိုက်ရင်အခုဖြစ် အခုပျောက်သွားတယ်, သဘောတရားပဲ, နှစ်သက်တယ်လို့ မှတ်, နှစ်သက်တာလေး အခုဖြစ်, အခုပျောက်သွားတယ်, သဘောတရားပဲ, အကောင် မဟုတ်ဘူး။ ဒါကြောင့် အဇ္ဈတ္တံ- မိမိကိုယ်တွင်းသန္တာန်၌၊ ဓမ္မေသု ဝါ- သစ္စာလေးပါးတရားတို့၌လည်း၊ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏တဲ့, သဘောတရားမျှလို့ ရှုမှတ်နေတာ ဓမ္မာနုပဿနာ ဖြစ်နေတာတဲ့။
ဗဟိဒ္ဓတရား ရှုမှတ်ခြင်း
ဗဟိဒ္ဓါ ဝါ ဓမ္မေသု- ဗဟိဒ္ဓ- သစ္စာလေးပါးတရားတို့၌မူလည်း၊ ဓမ္မာနုပဿီ-သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။ မိမိသန္တာန်က သဘောတရားတွေသိသွားတော့ သူများသန္တာန်လည်း ဒီလို သဘောတရားတွေပဲလို့ သိတယ်။ ကိုယ့်သန္တာန်မှာ ရုပ်နာမ်တွေ ဖြစ်ပျက်နေသလို သူများသန္တာန်လည်း ဒီလို ဖြစ်ပျက်နေတာတွေပဲလို့ စဥ်းစားဆင်ခြင်ပြီး သုံးသပ်တာကိုး။ အဲဒါ ဗဟိဒ္ဓဓမ္မာနုပဿနာ ဖြစ်သွားတယ်။
အဇ္ဈတ္တဗဟိဒ္ဓတရား ရှုမှတ်ခြင်း
အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု- မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ရှိသော သစ္စာလေးပါးတရားတို့၌မူလည်း၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။မိမိသန္တာန်ရော, သူတစ်ပါးသန္တာန်ရော သန္တာန်နှစ်ပါးလုံး သစ္စာလေးပါးတရား သိပြီးတော့ နေတယ်တဲ့။ အဲဒါ မိမိသန္တာန် ရှုလိုက် မှတ်လိုက်, သဘောကျသွားတယ်,သစ္စာလေးပါးမျှ သဘောတရားမျှပဲလို့ သိသွားတယ်, ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာမျှပဲ,နှစ်သက်သာယာတဲ့ သမုဒယသစ္စာမျှပဲ, အကြောင်းတရားလေးပဲလို့ အဲဒီလို သိသွားတယ်။ အဲဒီလို သိတော့ သူများသန္တာန်လည်း ဒီလိုပါပဲလို့ သုံးသပ်လိုက်တယ်။ တစ်ခါမိမိသန္တာန် ရှုလိုက်, သူတစ်ပါးသန္တာန် သုံးသပ်ဆင်ခြင်လိုက်, ဒီလို အသွားအပြန်ဖြစ်နေတဲ့အခါမှာ အဇ္ဈတ္တဗဟိဒ္ဓ ၂-ခုလုံး ရှုနေတယ်-တဲ့။ တစ်ပြိုင်နက် ၂-ခုလုံး ရှုလို့မဖြစ်ဘူး, မဖြစ်ဘူးလို့ပဲ အဋ္ဌကထာဆရာက ဆိုထားတယ်, အဇ္ဈတ္တ-ကိုယ်တွင်းသန္တာန်ရှုလိုက်, ဗဟိဒ္ဓသန္တာန်ကို သုံးသပ်ဆင်ခြင်ပြီးတော့ ရှုလိုက်၊ ကိုယ်တွင်းသန္တာန် ရှုလိုက်,ဗဟိဒ္ဓသန္တာန်နဲ့ သုံးသပ်ဆင်ခြင်ပြီးတော့ ရှုလိုက်၊ ဒီလို အပြန်ပြန် အလှန်လှန် ဖြစ်နေတဲ့အခါမှာ အဇ္ဈတ္တ ဗဟိဒ္ဓ ၂-ခုစလုံး ရှုနေတာ မည်တယ်-တဲ့။
အဲဒီလို ရှုရင်းနဲ့ နောက်ဆုံးကျတော့ အရိယမဂ္ဂင်ထဲ ပြေးဝင်သွားရတာကိုး။အဲဒီလို အဇ္ဈတ္တဗဟိဒ္ဓတရားတွေ ရှုရင်းရှုရင်းနဲ့ သဘောတရားမျှပဲလို့ ဉာဏ်ထဲမှာထင်တယ်တဲ့။ ဒီလိုထင်ပြီးတော့ ဝိပဿနာဉာဏ်တွေ အစဥ်အတိုင်းတက်ပြီး နောက်ဆုံးကျတော့ ဒီဖြစ်ပျက်တဲ့တရားတွေ အကုန်လုံး ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တရားကို တွေ့ရတာကိုး။ တစ်ခါတည်း ရုပ်နာမ်သင်္ခါရတွေ ငြိမ်းတဲ့ တရားထဲကို ပြေးဝင်ပြီးတော့ သွားတယ်တဲ့, အဲဒါ အရိယာမဂ်သစ္စာ ဖြစ်သွားတာ။
ဤသတိပဋ္ဌာနသုတ် သစ္စာလေးပါးဆိုင်ရာ တရားဒေသနာတော်တို့ကို ရိုသေစွာနာခံမှတ်သားရသော ဓမ္မဿဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်တို့ကြောင့် မိမိသန္တာန်၌ သစ္စာလေးပါးတရား သိအောင် ပွားများအားထုတ်နိုင်ကြ၍ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သောနိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။