ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၂၈၉

လျှင်၊ ယာဝဒေဝ ပဋိဿတိမတ္တာယ- အမှတ်သတိအဆင့်ဆင့် ဖြစ်ရုံမျှ အကျိုးငှာသာလျှင်၊ ဟောတိ- ဖြစ်၏။ အနိဿိတော စ- တဏှာဒိဋ္ဌိဖြင့် မမှီသည်ဖြစ်၍လည်း၊ဝိဟရတိ- နေ၏၊ လောကေ- လောက၌၊ ကိဉ္စိ- တစ်စုံတစ်ခုသော တရားကို၊ နဥပါဒိယတိ- မစွဲလမ်း၊ ဧဝမ္ပိ- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်လည်း၊ ဘိက္ခု- ရဟန်းသည်၊ဓမ္မေသု- သစ္စာလေးပါးတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ဝိဟရတိ- နေ၏။

အဲဒီ အမှတ်ရမှုသတိ ဖြစ်တဲ့အတွက် အသိဉာဏ်တွေ ကောင်းလာမှာပဲ, သတိတွေလည်း အဆင့်ဆင့် ဆက်ခါဆက်ခါ ကောင်းလာမယ်, သတိတွေ ဉာဏ်တွေတစ်ဆင့်တစ်ဆင့် ရင့်ရင့်ပြီးတော့ တက်သွားဖို့ပဲတဲ့။

ရှုမှတ်နေရင် တဏှာဒိဋ္ဌိ အမှီလည်း ကင်းသွားမယ်

အနိဿိတော စ- တဏှာဒိဋ္ဌိဖြင့် မမှီသည်ဖြစ်၍လည်း၊ ဝိဟရတိ- နေ၏။ပကတိပုဂ္ဂိုလ်တွေက အမှီလေးနဲ့, မြင်ရာမှာလည်း နှစ်သက်သာယာမှု တဏှာ ဝင်ပြီးတော့နေတယ်, ပုဂ္ဂိုလ်သတ္တဝါကောင် ထင်ပြီးတော့ ဒိဋ္ဌိနဲ့လည်း မှီသွားတယ်။ ကောင်းတာတွေ မြင်ရရင် သာယာမယ်, မကောင်းတာ မြင်ရရင် ကောင်းတာလေးတွေကို သူအလိုရှိမယ်။ မြင်မှုက ကိုယ့်သန္တာန်က တရားကိုး, တွယ်တာမှု သာယာမှုကလေးရှိတယ်, ပြီးတော့ မြင်ရာမှာလည်းပဲ ပုဂ္ဂိုလ်သတ္တဝါအနေအားဖြင့် ထင်တယ်, မြင်တတ်တဲ့စိတ်ကလေး ပုဂ္ဂိုလ်သတ္တဝါ အနေအားဖြင့် ထင်တယ်။ အဲဒါ တဏှာအမှီ ဒိဋ္ဌိအမှီတွေတဲ့။

ယောဂီပုဂ္ဂိုလ်မှာတော့ ရှုတိုင်းရှုတိုင်းဟာ တဏှာဒိဋ္ဌိတွေ ကင်းစင်နေတယ်,ဘယ်ဟာမဆို မှတ်လိုက်လို့ရှိရင် ဖြစ်ပြီး ပျောက်သွားတာလေး သိနေတယ်။ သိပြီးတော့မမြဲတဲ့တရားပဲဆိုတာ ရှင်းနေတယ်, ဖြစ်ချည်ပျက်ချည်နဲ့ ဆင်းရဲတွေပဲလို့လည်း ရှင်းတယ်, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားမျှပဲလို့လည်း ရှင်းနေတယ်။ အဲဒီလိုရှင်းပြီး သိနေတော့ အဲဒီတရားရဲ့အပေါ် ကောင်းလိုက်တာလို့ သာယာစရာလေးနောက်က လိုက်မလာဘူး။ မြင်ရာမှာလည်း လိုက်မလာဘူး, ကြားရာမှာလည်း လိုက်မလာဘူး, နံရာ, စားရာ, တွေ့ထိရာမှာလည်း လိုက်မလာဘူး, စိတ်ကူးစဥ်းစား ကြံစည်ရာမှာလည်း လိုက်မလာဘူး, တဏှာနဲ့ သာယာမှု မဖြစ်ဘူး, ဒိဋ္ဌိနဲ့ သတ္တဝါကောင်အနေအားဖြင့်လဲ ထင်မြင်မှု မရှိဘူးတဲ့။ အဲဒါ တဏှာဒိဋ္ဌိအမှီ ကင်းနေတာပဲတဲ့။

စာ ၂၉၀

ရှုမှတ်နေရင် မစွဲလမ်းတော့ဘူး

န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ လောကေ- လောက၌၊ ကိဉ္စိ- တစ်စုံတစ်ခုသော တရားကို၊ န ဥပါဒိယတိ- မစွဲလမ်းဘူး။

ခန္ဓာငါးပါးတရား ဘယ်တရားမှ မစွဲလမ်းပါဘူးတဲ့။ ရုပ်ရှုမိတဲ့အခါ ရုပ်အာရုံရှိတယ်, နာမ်ရှုမိတဲ့အခါ နာမ်အာရုံ ရှိတယ်, ဝေဒနာရှုမိတဲ့အခါ ဝေဒနာ, သညာရှုမိတဲ့အခါ သညာ, ခန္ဓာငါးပါးတရားတွေ ရှိတယ်။ ရှုမိတိုင်း ရှုမိတိုင်း ဒီတရားတွေဖြစ်ပြီး ပျက်နေတာ သိနေလို့ အဲဒီတရားတွေကို တဏှာဒိဋ္ဌိနဲ့ စွဲလမ်းမှု မဖြစ်ဘူး။တဒင်္ဂပဟာန်အားဖြင့် မှတ်တိုင်းမှတ်တိုင်း တဏှာဒိဋ္ဌိတွေ ကင်းစင်နေတယ်။

ရှုမှတ်နေတဲ့ပုဂ္ဂိုလ် ကြားထဲမှာ တစ်ခါတစ်ခါ ရပ်နားနေလို့ မြင်စရာ ကြားစရာတွေ မြင်ပေမယ်လို့ ကိလေသာတွေ ရုတ်တရက် မဖြစ်ဘူး, သက်သာမှု ရနေတယ်,အဲဒါ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ထားတာတဲ့။

ဒါကြောင့် ခန္ဓာငါးပါးထဲက တစ်စုံတစ်ခုသောတရား ရှုမိတဲ့တရားမှာရော, မရှုမိတဲ့ တရားမှာရော, ဘယ်တရားအပေါ်မှာမှ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းဘူး။

ဓမ္မာနုပဿနာဟာလည်း နိဗ္ဗာန်ရောက်ကြောင်းအကျင့်ပါပဲ

ဧဝမ္ပိ- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်လည်း၊ ဘိက္ခု- ရဟန်းသည်၊ ဓမ္မေသု- သစ္စာလေးပါးတရားတို့၌၊ ဓမ္မာနုပဿီ- သဘောတရားမျှဟု ရှုသည်ဖြစ်၍၊ ဝိဟရတိ- နေ၏။

သစ္စာလေးပါးတရားတွေ သဘောတရားမျှပဲ, ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးလို့ ရှုပုံတွေဟာ ဒီလိုအဆုံးသတ်သတ်ပြီးတော့ သွားတယ်, ဒီဓမ္မာနုပဿနာဟာလည်း ပုဂ္ဂိုလ်တစ်ဦး မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို ထွက်မြောက်ပြီးတော့ သွားဖို့ရာ နည်းလမ်းတစ်ခုပါပဲလို့ အဋ္ဌကထာဆရာက ပြတယ်။

ကာယာနုပဿနာမှာ ၁၄-ပိုင်း ရှိတယ်, တစ်ပိုင်းပိုင်းနဲ့ အားထုတ်နေလို့ရှိရင်ဖြစ်မှု ပျက်မှုတွေ သိသွားမယ်, နောက် သဘောတရားမျှပဲ ထင်ပြီးတော့ ပုဂ္ဂိုလ်သတ္တဝါဆိတ်သုဥ်းနေတဲ့သဘောလည်း သိသွားမယ်။ ပြီးတော့ တဏှာဒိဋ္ဌိအမှီတွေ အစွဲတွေမရှိဘဲနဲ့ ကင်းငြိမ်းသွားလို့ရှိရင် အရိယာမဂ်ဉာဏ် ရောက်တော့တာပဲ။

စာ ၂၉၁

နောက်ပြီးတော့ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာက နီဝရဏပိုင်း, ခန္ဓာပိုင်း, အာယတနပိုင်း, ဗောဇ္ဈင်ပိုင်း, သစ္စာပိုင်းဆိုပြီး ငါးပါး ရှိတယ်။ ကာယာနုပဿနာမှာ ၁၄-ပိုင်း ပေါင်းလိုက်လို့ရှိရင် ၂၁-ပိုင်း ရှိပါတယ်, အဲဒီ ၂၁-ပိုင်းထဲကတစ်ပိုင်းချင်းစီ အကုန်လုံး နိဗ္ဗာန်ရောက်ကြောင်း အကျင့်ချည်းပါပဲ။

ဤသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာ သစ္စာလေးပါးဆိုင်ရာ တရားဒေသနာတော်တို့ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝန ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်တို့ကြောင့် မိမိသန္တာန်၌ သစ္စာလေးပါးတရား သိအောင် ပွားများအားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိရောဓသစ္စာ နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

သာဓု၊ သာဓု၊ သာဓု။