သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
တွေ့ရဦးမှာပဲလို့ စောစောကတည်းက စဥ်းစားထားမှပဲ, တွေ့ရမှာ, မတွေ့မရှိဘူး။ဒါကြောင့်မို့ ဇရာပိ- အိုမင်းရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲပဲတဲ့။ ဒီဇရာက ဒီဘဝသာ မဟုတ်ဘူးနော်, ဖြစ်ပြီးသော ဘဝတွေမှာလည်း တွေ့ခဲ့ကြလှပြီ။ နောက်နောက်သော ဘဝတွေလည်း ဒီလို ဇရာဒုက္ခတွေချည်း တွေ့သွားရဦးမှာပဲတဲ့။
အရှင်ရဋ္ဌပါလမထေရ်နှင့် ကောရဗျမင်း
အရှင်ရဋ္ဌပါလမထေရ်က ကောရဗျမင်းကို ဓမ္မုဒ္ဒေသတရားလေပါးထဲမှာ ဟောထားတယ်။ လောကမှာ ပါရိဇုည- ပျက်စီးခြင်းတရား ၄-မျိုး ရှိတယ်, ဇရာပါရိဇုည,ဗျာဓိပါရိဇုည, ဘောဂပါရိဇုည, ဉာတိပါရိဇုညတဲ့။
ကောရဗျမင်းက “အရှင်ရဋ္ဌပါလ လောကမှာ အရွယ်ကြီးရင့်လို့, အိုမင်းမစွမ်းဖြစ်လို့, အနာရောဂါတွေ နှိပ်စက်လို့, စီးပွားဥစ္စာတွေ ပျက်စီးလို့ဆိုတဲ့ ပျက်စီးခြင်း ၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့တဲ့အခါကျတော့ ရဟန်းပြုကြတယ်တဲ့။ အရှင်ရဋ္ဌပါလကတော့ပျက်စီးခြင်း ၄-မျိုးထဲ ဘာမှ မရှိဘူး။ ပျိုပျိုရွယ်ရွယ်နဲ့ ရောဂါဝေဒနာလည်း ဘာမှ မရှိဘူး, ပြီးတော့ ပစ္စည်းဥစ္စာတွေလည်း ပေါများပြည့်စုံနေတာပဲ, ဆွေမျိုးတွေလည်းအပြည့်အစုံ ရှိတာပဲ, ဘာဖြစ်လို့ ရဟန်းပြုသလဲ”လို့ မေးတဲ့အခါ အရှင်ရဋ္ဌပါလမထေရ်က ဓမ္မုဒ္ဒေသတရားလေးပါးကို ဟောတယ်။
ဓမ္မုဒ္ဒေသတရားနှင့် အိုခြင်းဆင်းရဲ, သေခြင်းဆင်းရဲ
ဥပနိယျတိ လောကော အဒ္ဓုဝေါ။
လောကော- လောကသည်၊ ဥပနိယျတိ- ဆွဲဆောင်အပ်၏၊ ပို့ဆောင်အပ်၏၊အဒ္ဓုဝေါ- ခိုင်မြဲခြင်း မရှိဘူး-တဲ့။ လောကကြီးဟာ ပဋိသန္ဓေကနေပြီးတော့ ဘဝအသစ်ဖြစ်လာတယ်ဆိုရင် ဒီအတိုင်း တည်မနေဘူးတဲ့, တဖြည်းဖြည်းနဲ့ အိုမင်းရင့်ရော်ပြီးတော့သွားရတယ်။ တစ်မိနစ်က တစ်မိနစ်, တစ်နာရီက တစ်နာရီ, ရွှေ့ပြောင်းသွားနေသလိုကိုယ်ထဲက ရုပ်နာမ်တရားတွေကလည်း အချိန်တိုင်း အချိန်တိုင်း အိုမင်းရင့်ရော်မှုဆီကိုပို့နေတာပဲ။ အိုမင်းရင့်ရော်ရာကနေ မကျန်းမမာနာဖျားမှု ရောက်တယ်, အဲဒီကနေတဖြည်းဖြည်းနဲ့ သေမယ်, အဲဒီလို သွားနေတယ်။ ဘဝတိုင်း ဘဝတိုင်းဟာ နာရီလက်တံများ သွားနေသလိုပဲတဲ့, တစ်စခန်းက တစ်စခန်း ရွှေ့ပြီး သွားနေတယ်, ဆွဲဆောင်ပြီး ပို့နေတယ်, အမြဲတမ်း တည်တံ့ပြီးတော့ နားနေရတဲ့အချိန် ဘယ်နေရာမှာမှ
မရှိဘူး။ လူတွေကတော့ ပျိုပျိုရွယ်ရွယ်လေးနဲ့ တည်တံ့ပြီးတော့ နေချင်ကြတာပဲ,အဲဒီလို မနေရပါဘူးတဲ့။
မြတ်စွာဘုရား ဟောကြားထားတဲ့ ဒီဓမ္မုဒ္ဒေသတရားကို သူ ကြားနာရလို့ စဥ်းစားဆင်ခြင်ကြည့်တော့ သဘောလည်း ပေါက်တယ်, ဒီရုပ်ရည်ဟာ တစ်နေ့ကျရင် အိုမင်းရင့်ရော်ခြင်း ရောက်သွားမယ်, တစ်နေ့ကျရင် မကျန်းမမာ ဖြစ်သွားမယ်။ အဲဒီကိုမရောက်ခင်အတွင်း ဒီကိုယ်ထဲကနေပြီး အမြတ်ရအောင် တရားအဖိုးတန်တွေ ရအောင်ငါ အားထုတ်မှပဲ ဆိုပြီးတော့ ရဟန်းပြုတဲ့အကြောင်း ပြောတာကိုး။
တရားကျင့်သုံးရတယ်ဆိုတာ အဲဒီလို နှလုံးသွင်းရတာ, ဒီကိုယ်ကြီးက ဒီအတိုင်းထားလိုက်လို့ရှိရင် တစ်နေ့ကျ အိုမင်းမစွမ်းဖြစ်သွားမှာ, အဲဒီ အိုမင်းမစွမ်းဖြစ်တဲ့အခါအဆီအနှစ်ထုတ်လို့ မရဘူး။ စောစောက အားထုတ်ထားမှ, ဒီကိုယ်ထဲက နေပြီးတော့အဖိုးတန်တရားတွေ ရထားဖို့ ဒါ အရေးကြီးတယ်။
အဲဒါကို သဘောမကျလို့ ကောရဗျမင်းက မေးပြန်တယ်, “အရှင်ရဋ္ဌပါလ တစ်နေရာက တစ်နေရာ ဆွဲဆောင်အပ်တယ်, ဘာမှ မြဲမြံတည်တံ့နေတာ မရှိဘူး” ဆိုတာဘယ်လိုပါလဲလို့ မေးတော့ အရှင်ရဋ္ဌပါလက ဖြေတယ်။
“အသင်မင်းကြီး စဥ်းစားကြည့်တဲ့, အသင်မင်းကြီးဟာ တစ်ချိန်တုန်းက ခွန်အားဗလ အင်မတန်ကောင်းခဲ့တဲ့အချိန် ရှိပါလိမ့်မယ်တဲ့။ အဲဒီအခြေအနေ အသင်မင်းကြီးအခု ရှိပါသေးရဲ့လား”လို့ မေးတာကိုး။ သူကလည်း အသက်အရွယ်အားဖြင့် ၇၀-ကျော်၈၀-လောက် ရှိနေပုံရပြီ။ အဲဒီတော့မှ “ဟာ- အရှင်ဘုရား, ဒါက မရှိတော့ဘူးတဲ့။ဟိုတုန်းကလို မဟုတ်တော့ဘူး, အခုဟာလေ ခြေလှမ်းက ဒီဘက် လှမ်းမယ်လို့ ဥစ္စာ, ဒီဘက် မရောက်ဘဲနဲ့ ဟိုဘက် ရောက်သွားတဲ့အခါ ရှိတယ်တဲ့, ဘာမှ နေရာမကျဘူးတဲ့။ဟိုတုန်းက အခြေအနေတော့ ဘာမှ ရှာလို့မရတော့ဘူး, အခု ဒီလိုဖြစ်နေပြီ”ဆိုတော့“အသင်မင်းကြီး ‘ဥပနိယျတိ လောကော’ဆိုတာ ဒါကို ပြောတာတဲ့။ သတ္တဝါတွေကဇာတိဖြစ်တဲ့ စခန်းကနေပြီး အိုတဲ့စခန်းကို ပို့တယ်။ အိုတဲ့စခန်းကနေပြီး နာတဲ့စခန်းကိုပို့တယ်, နာရာကနေပြီး သေတဲ့စခန်းကို ပို့တယ်, ဒီလိုပို့ခြင်းဖြင့် အဆုံးတော့ မဟုတ်ဘူး, နောက်တစ်ခါ ဘဝအသစ်ဖြစ်ပြန်တော့ ဖြစ်တဲ့စခန်း ပြန်ရောက်, ဒီစခန်းက တော်တော်ကြာ အိုသွားပြန်ရော, တော်ကြာ မကျန်းမာဖြစ်, တော်တော်ကြာ သေတဲ့စခန်း
ရောက် သေပြန်ရော, ဒီလို သွားနေတာတဲ့” ဒီလိုသွားနေတာလို့ မြတ်စွာဘုရားကဟောတယ်။
ဒါကြောင့်မို့ ဒီလို အိုတဲ့စခန်း, နာတဲ့စခန်းတွေ မရောက်သေးခင်အတွင်းအသုံးမကျတဲ့ ကိုယ်ကြီးထဲကနေပြီး အဖိုးတန်တရားတွေ ရအောင် အဆီအနှစ်ထုတ်ပြီးယူဖို့ရာ သာသနာတော်မှာ ဝင်ပြီး ရဟန်းပြု တရားအားထုတ်, ကျင့်ကြံတဲ့အကြောင်းအရှင်ရဋ္ဌပါလမထေရ်က ဖြေကြားတော့မှ ကောရဗျမင်းက သဘောပေါက်သွားတယ်။
အခု တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီအတိုင်းပဲ, ငယ်ငယ်ရွယ်ရွယ်အင်အားတွေ ရှိစဥ်အခါကာလ, ကိုယ့်ကိုယ်ကိုယ် သယ်ဆောင်နိုင်တဲ့အခါကာလကတရားဆိုတာ ကျင့်ကြံအားထုတ်ရတယ်။ အားမထုတ်လို့ရှိရင် တစ်နေ့ကျ အိုတဲ့နေရာ“ဇရာပိ ဒုက္ခာ”ဆိုတာ ရောက်သွားမယ်, အဲဒီအခါကျမှတော့ ဘာမှလုပ်လို့ မဖြစ်တော့ဘူး, အရေးကြီးပါတယ်။ ဒါကြောင့် “ဇရာပိ ဒုက္ခာ- အိုရခြင်းဟာလည်း ဆင်းရဲပဲ”တဲ့။
မရဏမ္ပိ ဒုက္ခံ- သေရခြင်းဟာ ဆင်းရဲပဲ
“မရဏမ္ပိ ဒုက္ခံ” သေရခြင်းကတော့ ပိုပြီး ဆင်းရဲတယ်။ တစ်နေ့ကျလို့ရှိရင် သေရပြန်တာကိုး, အမှုမဲ့အမှတ်မဲ့နေတော့ ကိစ္စမရှိဘူး, သေသေချာချာ စဥ်းစားကြည့်လေလေ ဘယ်သူဖြစ်ဖြစ် တစ်နေ့ကျရင် သေရသေးတာ, မသေဘဲနဲ့ မပြီးဘူး။ “မသေသေးဘူး, မသေသေးဘူး” အောက်မေ့ရင်းနဲ့ သေသွားရော, ဘယ့်နှယ်မှလဲ မတတ်နိုင်ဘူး။သေတာကလည်းပဲ သေစရာအကြောင်း ဒုက္ခတစ်ခုခု ရောက်ပြီးမှ သေကြရတာကိုး။ရိုးရိုးတန်းတန်းဆိုရင် ရောဂါဝေဒနာတစ်ခုခု ဖိစီးနှိပ်စက်ပြီး သေတာပဲ, တစ်ချို့များအကြာကြီး ဖိစီးနှိပ်စက်ခံနေတာ ရှိတယ်။ ပြုစုစောင့်ရှောက်ရတဲ့လူတွေ အင်မတန်ပင်ပန်းတယ်, ဒါ သေခြင်းအကြောင်းပြုပြီးဖြစ်ရတဲ့ ဆင်းရဲပဲတဲ့။
ပြီးတော့ သူတစ်ပါးတွေက သတ်လို့ဖြတ်လို့ သေရတာတွေလည်း အများကြီးပဲ။လူဖြစ်တဲ့အခါမှာတော့ သူများသတ်လို့ သေရတဲ့ဟာ နည်းပါတယ်, တိရစ္ဆာန်လောကမှာတော့ အများကြီးပဲတဲ့။ တစ်ခါတည်း တစ်ကောင်နဲ့တစ်ကောင် စားနေကြတာကိုး,နိုင်တဲ့ အကောင်တွေက လိုက်ဖမ်းပြီးတော့ စားနေတယ်, သူများပါးစပ်ထဲ သေရတာတွေက အများကြီးပဲ။ ဝါးရင်း ဝါးရင်း သေသွားရတယ်, တစ်ချို့ မသေခင် မျိုချလိုက်လို့ဝမ်းထဲကျမှ သေရတာတွေလည်း အများကြီးနေမှာပါပဲ။ အဲဒါတွေကလည်း အင်မတန်ဒုက္ခရောက်မှာပေါ့။
လူ့ပြည်လောကမှာ သေတဲ့အခါကာလ ရောဂါဝေဒနာတွေ ဘာမှ အပြင်းအထန်မခံစားရနဲ့ဦးတော့ သေတော့မယ်ဆိုရင် ကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်, ကောင်းမှု မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာ ငါ သေလို့ရှိရင် ဘယ်ရောက်မှာပါလိမ့်, ဘာဖြစ်မှာပါလိ မ့်လို့ တွေးပြီးအမြဲတမ်းလိုလို ကြောက်ရနေတယ်။ ဥပမာ- ခရီးသွားရမယ်ဆိုပါတော့, လမ်းစရိတ်ကလည်း မလုံလောက်ဘူး, ဟိုမှာ အသိအကျွမ်းလည်း မရှိပါဘူး, မသွားမဖြစ်လို့ သွားလည်း သွားရတော့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ် တော်တော် စိတ်ပူလိမ့်မယ်။ အဲဒါလိုပဲကုသိုလ်ကောင်းမှု မရှိတဲ့, မပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ သေခါနီးကျတော့ ဘာတွေများ ငါအားကိုးစရာရှိပါလိမ့်ဆိုတာ ပြန်လှည့်ကြည့်လိုက်လို့ တစ်ချို့မှာ အားကိုးစရာ မရှိတော့အဲဒီအခါ အင်မတန် စိုးရိမ်ပူဆွေးခြင်း, ကြောက်ရွံ့ခြင်းတွေ ဖြစ်ရပါတယ်တဲ့။
ဒီတရားတွေ ရှိနေရင် သေရမှာ မစိုးရိမ်ရဘူး
အဲဒီလို ကြောက်ရွံ့ခြင်း မဖြစ်ရအောင်လို့ ဒီတရားတွေ အားထုတ်ထားရတာပါ။တရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေက မကြောက်ရဘူး, ကိုယ့်မှာ အားကိုးစရာတွေ ရှိတယ်။ ဒါနကုသိုလ်တွေ ပြုထားတဲ့ပုဂ္ဂိုလ်တွေလည်း ဒါနကုသိုလ်တွေ အားကိုးရတာပဲ။စိတ်စေတနာ ထက်ထက်ထက်သန်သန်နဲ့, စင်စင်ကြယ်ကြယ် လှူဒါန်းထားတဲ့ ကုသိုလ်ဆိုရင် ဆွမ်းကလေး တစ်ခါလောက် လှူထားတာပဲဖြစ်စေကာမူ အားကိုးရပါတယ်။
သရဏဂုံသုံးပါးနဲ့တကွ လုံလုံခြုံခြုံ သန့်သန့်ရှင်းရှင်း ဆောက်တည်ထားတဲ့ သီလကုသိုလ်တွေလည်း အားကိုးရတယ်။ သို့သော် ဘာဝနာကုသိုလ် အားထုတ်တာကအကောင်းဆုံးပဲတဲ့။ ဘာဝနာတရား အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေက မိမိတရားလေးနဲ့နှလုံးသွင်းပြီးတော့ နေရမှာကိုး, ဒါလေးက အားကိုးရာပဲ, ဘာမှ ကြောက်စရာမရှိဘူး။ကိုယ်ထဲ ရုပ်နာမ်တရား နှစ်ပါးသာ ရှိတာကိုး, အဲဒီ ရုပ်နာမ်တရားဟာ သူ့ဟာသူဖြစ်ပျက်နေတဲ့တရားပဲလို့ နှလုံးသွင်းပြီး နေသွားရင် ကြောက်စရာ မရှိပါဘူး, အရိယာမဂ်ဖိုလ်ရထားလို့ သောတာပန်ဖြစ်နေရင်တော့ သာပြီးတော့ ခိုင်လုံတာပေါ့လေ။
အဲဒီလို တရားထူး မရစေကာမူ ကိုယ်ထဲမှာ ရုပ်နာမ်နှစ်ပါးကို ရှုပြီးနေရင်အားကိုးရာ ရပါတယ်။ အဲဒီလို အားကိုးရာရအောင်လို့လည်း အခု တရားအားထုတ်ထားရတယ်။ ကုသိုလ်ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်စေကာမူ ယခုဘဝမှာ ခင်မင်တွယ်တာ
စရာတွေနဲ့ ခွဲရတော့မယ်ဆိုရင် အဲဒါကလည်း တာဝန်လေးတတ်ပါတယ်တဲ့။ ယခုမျက်မှောက်မှာ ခင်မင်ရင်းနှီးပြီး နေတဲ့ပုဂ္ဂိုလ်တွေနဲ့ ခွဲပြီးတော့, လက်ရှိပစ္စည်းဥစ္စာတွေစွန့်ပြီးတော့, ကိုယ်တစ်ယောက်တည်း မသွားချင်ဘူးတဲ့။ ဒါလေးတွေနဲ့ ခွဲခွာရခက်ဖြစ်နေတယ်တဲ့။ များများကြီးရှိတဲ့ပုဂ္ဂိုလ် များများကြီး အခွဲခက်မယ်။
စုတေခါနီး သိကြားမင်းရဲ့ဒုက္ခ
ဒါက သာမန်ပုဂ္ဂိုလ် မပြောနဲ့, မြတ်စွာဘုရား လက်ထက်တော်တုန်းက သိကြားမင်းကြီးတောင်မှ အခွဲခက်နေလို့ ဒုက္ခရောက်နေတယ်။ သိကြားမင်းကြီး နတ်သက်ကုန်လို့ ခုနစ်ရက်လောက်ကြာရင် နတ်ဘဝက စုတေရတော့မယ်ဆိုတော့ ပုဗ္ဗနိမိတ်ထင်လာတယ်။ မာလာ မိလာယန္တိ- နတ်ပြည်ရောက်ကတည်းက ဘယ်တော့မှ မညှိုးတဲ့ပန်ဆင်ထားတဲ့ပန်းတွေ အခု ညှိုးသွားတယ်တဲ့။ ဝတ္ထာနိ ကိလိဿန္တိ- ဘယ်တော့မှဟောင်းနွမ်းတယ်လို့ မရှိတဲ့ နတ်အဝတ်အစားတွေလည်း ဟောင်းနွမ်းသွားတယ်တဲ့။ကစ္ဆေဟိ သေဒါ မုစ္စန္တိ- နတ်ပြည်ရောက်ကတည်းက ဘယ်တော့မှ မကျဖူးတဲ့ လက်ကတီးခြားက ချွေးတွေလည်း ကျလာတယ်။ ကာယေ ဒုဗ္ဗဏ္ဏိယံ ဩက္ကမတိ- နတ်ပြည်ရောက်ကတည်းက ပျိုပျိုရွယ်ရွယ်ချည်း တည်နေတဲ့ကိုယ်မှာ အိုတဲ့ရုပ်တွေ ပေါ်လာတယ်။ သကေ ဒေဝေါ ဒေဝါသနေ နာဘိရမတိ- နတ်ပြည်မှာလည်း ဘယ်နေရာမှာနေလို့မှ ပျော်ပိုက်ခြင်း မရှိတော့ဘူးတဲ့။
စိတ်ဟာ ပူနေတော့တာပေါ့လေ, သေရတော့မယ်ဆိုတာ သိနေလို့ရှိရင် ဘယ်ပျော်တော့မလဲ။ သိကြားမင်းက ကုသိုလ်ကောင်းမှုတွေ ရှိပါတယ်, သေလို့ရှိရင်လည်းနောက်ဘဝ ဘဝကောင်းတွေ ပြန်ရနိုင်တယ်ဆိုတာ သူက ယုံကြည်ပါတယ်။ ဒါပေမယ်လို့ လက်ရှိစည်းစိမ်တွေ စွန့်ပစ်ရမှာကတော့ ခက်တယ်။ နတ်မိဖုရားတွေ, နတ်သမီးအခြွေအရံတွေ, နတ်သားအခြွေအရံတွေ, သိကြားမင်းစည်းစိမ် နတ်ဘုံဗိမာန်တွေ,သာယာစရာတွေ အများကြီးကို စွန့်သွားရတော့မယ်။ သူ မရှိတော့ရင် နောက်ထပ်သိကြားမင်းအသစ် ထပ်ပြီး ရောက်ရမှာကိုး။ အဲဒီပုဂ္ဂိုလ်ကသာ သူပိုင်ဆိုင်တာတွေအကုန်ယူသွားတော့မှာပဲလို့ တွေးပြီးတော့ စိုးရိမ်ပူဆွေးမှုတွေ အများကြီး ဖြစ်တယ်တဲ့။
အဲဒီ စိုးရိမ်ပူဆွေးမှုတွေကို မြတ်စွာဘုရားမှပဲ ပယ်ဖျောက်နိုင်မယ်လို့ ယုံကြည်အားကိုးပြီးတော့ မြတ်စွာဘုရားဆီ လာပြီး အကျိုးအကြောင်းတွေ လျှောက်ထားတယ်။
မြတ်စွာဘုရားက တရားဟောတော်မူတော့ သူက မေးခွန်းတွေ မေးပါတယ်, အဲဒီမှာတရားနာရင်းနဲ့ သောတာပန် ဖြစ်သွားတယ်။ သောတာပန်လည်း ဖြစ်ရော နတ်သက်ကလည်း ကုန်တဲ့အချိန်ဖြစ်လို့ စုတေစိတ်ကျပြီး ဒီနေရာမှာပဲ သူက သိကြားမင်းပဲ ပြန်ဖြစ်တယ်, ကုသိုလ်ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်က ဖြစ်နိုင်တယ်။ ဖြစ်တာမှ ဘဝဟောင်း ဘဝသစ်လဲတာ ဘေးကပုဂ္ဂိုလ်တွေ မသိလိုက်ဘူးတဲ့။
အဲဒီ သိကြားမင်းကြီးတောင်မှ သေဖို့ရာ အကြောင်းဆုံလာတဲ့အခါ သေခြင်းကိုအကြောင်းပြုပြီး မိမိလက်ရှိစည်းစိမ်နဲ့ ခွဲရဖို့ရန်အတွက် စိုးရိမ်ပူဆွေးရခြင်းတွေ အများကြီး ဖြစ်ကြရပါတယ်တဲ့။ ဒါကြောင့် -
မရဏမ္ပိ ဒုက္ခံ။ မရဏမ္ပိ- သေရခြင်းသည်လည်း, ဒုက္ခံ- ဆင်းရဲပဲတဲ့။ သေခြင်းကိုအကြောင်းပြုပြီးတော့ ရောဂါဝေဒနာတွေ ဖြစ်ရတာလည်း ဆင်းရဲပဲတဲ့။ သေတဲ့အခါကာလ ကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်တွေ သေပြီးသည့်နောက် ဘာဖြစ်မှာပါလိမ့်မတုံးဆိုပြီးနောင်ရေးတွေအတွက် တွေးပြီး ပူပင်ရ ဆင်းရဲရတယ်, ကောင်းမှုရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း လက်ရှိတွေနဲ့ ခွဲရမယ်ဆိုတော့ မခွဲချင်တာနဲ့ စိတ်ဆင်းရဲရတယ်, ဒီဒုက္ခတွေရောက်ရပါတယ်တဲ့။ မရဏဒုက္ခ ဆိုတာက အကြီးဆုံးဒုက္ခပဲ။ ဒုက္ခသုံးခု ပြီးသွားပြီနော်။စိုးရိမ်တာတွေ, ပူဆွေးတာတွေ, ငိုကြွေးတာတွေ, ကိုယ်ဆင်းရဲပင်ပန်းတာတွေလည်းဆင်းရဲတွေပါပဲ။ နောက် သီတင်းကျမှ ဆက်ဟောမှာပဲ။ အချိန်လည်း တော်တော်ကုန်သွားပြီ။
ဤ အရိယသစ္စာလေးပါးတရားတို့ကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံ စေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အရိယသစ္စာတရားလေးပါးတို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိအောင် ရှုနိုင်, မှတ်နိုင်, အားထုတ်နိုင်ကြ၍ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်တို့ဖြင့် ဤသစ္စာတရားလေးပါးတို့ကိုလျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။