ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၈၃

ရှုမှတ်လို့ ပရမတ်ကိုသိရင် ပုံသဏ္ဌာန်အထည်ဒြပ် မထင်ရှားတော့ဘူး

အဲဒီရုပ်တွေ သူနေရာနဲ့သူ စုပေါင်းပြီးတည်နေတော့ လက်ပုံသဏ္ဌာန်, ခြေပုံသဏ္ဌာန်, ခေါင်းပုံသဏ္ဌာန်, ကိုယ်ပုံသဏ္ဌာန်နဲ့ အထည်ဝတ္ထုကြီးဖြစ်ပြီးတော့ ထင်ရှားတွေ့နေရတယ်။ ဘာနဲ့ တူတုံးဆိုလို့ရှိရင် လှည်းများလိုပဲ။ လှည်းဟာ သူ့အစိတ်အပိုင်းနဲ့သူ တပ်ဆင်ထားလို့ရှိရင် လှည်းပဲ။ တစ်ခုစီ တစ်ခုစီ ဖြုတ်ကြည့်မယ် ဆိုလို့ရှိရင် လှည်းမရှိဘူး။

အဲဒါလိုပဲ ပထဝီဓာတ်ကလည်း သူ့နေရာနဲ့သူ တစ်ကိုယ်လုံး အနှံ့အပြား ပြည့်နေတယ်။ အာပေါဓာတ်ကလည်း ဖွဲ့စည်းတတ်တဲ့သဘောလေး တစ်ကိုယ်လုံး ဖွဲ့တွဲထားတယ်။ တေဇောဓာတ်ကလည်း ကိုယ်ထဲမှာ အနွေးဓာတ်, အအေးဓာတ်, အပူဓာတ်တွေသူနေရာနဲ့သူ မျှပြီး တည်နေတယ်။ ဝါယောဓာတ် တောင့်တင်းမှု, လှုပ်ရှားမှုသဘောတွေဟာ တစ်ကိုယ်လုံးမှာ ထောက်ကန်ပြီး တည်နေတော့ လက်ပုံသဏ္ဌာန်, ခြေပုံသဏ္ဌာန်, ခေါင်းပုံသဏ္ဌာန်, ကိုယ်ပုံသဏ္ဌာန် အထည်ဝတ္ထုကြီး ထင်ရှားတွေ့နေရတယ်။အဲဒါဟာ ရုပ်တရားတွေပဲတဲ့။

ဒါ တစ်ခုချင်း တစ်ခုချင်း ထုတ်ကြည့်မယ်ဆိုလို့ရှိရင်တော့ ပုံသဏ္ဌာန် အထည်ဒြပ် မရှိဘူး။ တောင့်တဲ့နေရာကလေးကို စိတ်နဲ့ စိုက်ပြီးတော့ ကြည့်, အဲဒီထဲမှာ လက်ပုံသဏ္ဌာန်လည်း မဟုတ်ဘူး, တောင့်တာဟာ တောင့်တာပဲ။ ခြေပုံသဏ္ဌာန်လည်းမဟုတ်, ကိုယ်ပုံသဏ္ဌာန်လည်း မဟုတ်, ယောကျာ်းပုံသဏ္ဌာန်လည်း မဟုတ်, မိန်းမပုံသဏ္ဌာန်လည်း မဟုတ်, အသက်ရှင်နေတဲ့ သတ္တဝါ အကောင်အထည်လည်း မဟုတ်ဘူး, တောင့်တာလေးပဲ ရှိတယ်။

ဒါကြောင့်မို့ သေသေချာချာ ဝိပဿနာအစဥ်လိုက် ရှုမှတ်ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေဟာ သမာဓိဉာဏ် အားကောင်းလာတဲ့အခါ ပုံသဏ္ဌာန်အထည်ဒြပ်တွေ ပျောက်သွားပြီးသဘောကလေးတွင် တည်နေတယ်။

မှတ်ခါစ ပုဂ္ဂိုလ်ကတော့ ဖောင်းတယ်, ပိန်တယ်ဆိုတာ ဗိုက်နဲ့ ကိုယ်နဲ့ ဒီလိုထင်သေးတာပေါ့။ ဒါပေမယ်လို့ သမာဓိဉာဏ် ရင့်လာတဲ့အခါကျတော့ ဒီလိုမဟုတ်ဘူး,သဘောတရားလေးတွေပဲ ထင်တယ်။ နောက် အထက်ပိုင်းဘင်္ဂဉာဏ် ရောက်လို့ရှိရင်ဖောင်းတယ်မှတ်ရင် တောင့်တင်းတဲ့သဘောလေး တောင့်လိုက် ပျောက်လိုက်, ရွေ့လျား

စာ ၈၄

တဲ့သဘောလေး ရွေ့လိုက် ပျောက်လိုက်, အထည်ဝတ္ထု ဘယ်ရှာလို့ ရနိုင်မှာတုံး,တရိပ်ရိပ်နဲ့ ပျောက်နေတဲ့သဘောလေး ရှိနေတယ်။ အဲဒီသဘောလေးတွေ ထင်အောင်လို့ပဲ အခု ဖောင်းတာ ပိန်တာက စပြီး ဒွါရခြောက်ပါးမှာ ရှုမှတ်ပြီးတော့ နေရတယ်။

ရုပ်တရားတွေကို ဝိပဿနာဉာဏ်နဲ့ မသိရင် စွဲလမ်းတော့တာပဲ

ထင်ရှားတွေ့ရတာတွေမှန်သမျှ အကုန်လုံး ရုပ်တရားတွေပဲတဲ့။ ဒီရုပ်တရားတွေကို ဝိပဿနာဉာဏ်နဲ့ အမှန်အတိုင်း မသိလို့ရှိရင် အထင်လွဲပြီးတော့လည်း စွဲလမ်းပါတယ်တဲ့, သာယာပြီးတော့လည်း စွဲလမ်းတယ်တဲ့။ ဥပမာ လက်ကလေး ကွေးလိုက်လို့ရှိရင် အဲဒီ ကွေးလိုက်တာဟာ ငါပဲလို့ ထင်နေတာပဲ။ ‘ငါ ကွေးတယ်, ငါ လှုပ်တယ်,ငါ ကွေးမယ်လို့ ကြံတယ်။ ငါပဲ ကွေးတယ်, မကွေးမီက လက်ကလည်း အရင်က ရှိနေတဲ့ လက်ပဲ။ ငါလည်း အရင်ကတည်းက ရှိနေတာပဲ’လို့ ထင်နေတယ်, အဲဒါဟာ အထင်လွဲတာပေါ့။ ဒါက ဒိဋ္ဌိဥပါဒါန်နဲ့ စွဲလမ်းနေတာ။

တကယ် အမှန်ကတော့ ကွေးမယ်လို့ ကြံတဲ့စိတ်ကလေးက တစ်ခုပဲ, ကွေးမယ်လို့ကြံတဲ့စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလေးတွေကလည်း အဆင့်ဆင့် တစ်ခုစီ တစ်ခုစီကလေးတွေ, ကွေးတိုင်း ကွေးတိုင်းဟာ တောင့်တင်းမှု, လှုပ်ရှားမှုကလေးတွေ တစ်နေရာက တစ်နေရာကို မရောက်ဘူး။ ဒီနေရာက ရွေ့လိုက် ပျောက်လိုက်, ဟိုနေရာကရွေ့လိုက် ပျောက်လိုက်, တစ်နေရာက တစ်နေရာ မရောက်သွားဘူး။ သူ့ နေရာလေးတွင် သူ ပျောက်ပြီးတော့ လိုက်နေတာ။ မမြဲတဲ့သဘောတွေချည်းပဲ, မြဲတည်နေတာမရှိဘူး, ဒီထဲ ပုဂ္ဂိုလ်သတ္တဝါ ဘာမှ မရှိဘူး။

အဲဒါကြောင့် သမာဓိဉာဏ်ရင့်လာတဲ့အခါကျတော့ ကွေးချင်တယ် မှတ်ရင် မှတ်ရင်း မှတ်ရင်းနဲ့ ကွေးချင်တဲ့စိတ်ကလေးတွေ ကွေးချင်ရင်း ပျောက်ရင်း, ကွေးချင်ရင်းပျောက်ရင်း, ပျောက်နေတဲ့ စိတ်ကလေးတွေပဲ တွေ့ရတယ်, ကွေးပြန်တော့လည်း ကွေးတယ်, ကွေးတယ်လို့ မှတ်တော့ ရွေ့လိုက်ရင်း ပျောက်လိုက်ရင်း, ရွေ့လိုက်ရင်း ပျောက်လိုက်ရင်း ဒါပဲ တွေ့ရတယ်။ မြဲတည်နေတာ တစ်ခုမှ မရှိဘူး, ပုဂ္ဂိုလ်သတ္တဝါကောင်မရှိဘူး, အဲဒါတွေကို အမှန်အတိုင်း တွေ့ရတယ်။

အဲဒီ သမာဓိဉာဏ် မရောက်သေးခင်ကတော့ ကွေးလိုက်တယ်ဆိုလို့ရှိရင် ငါပဲလို့ထင်သွားတယ်။ အရင်က ရှိနေတာလည်း ငါပဲ, ခုရှိနေတာလည်း ငါပဲ, မကွေးခင်

စာ ၈၅

ကလည်း ငါပဲ, ကွေးတော့လည်း ငါပဲလို့ ဒီလို ထင်တာကိုး။ တခြားအမူအရာတွေပြုတိုင်း ပြုတိုင်းလည်း အဲဒီလိုချည်းပဲ, အစွဲအလမ်းတွေ ရောက်နေတယ်။ ရုပ်တရားအပေါ်မှာ ငါလို့ ထင်မြင်စွဲလမ်းနေတယ်, အဲဒါ အထင်လွဲပြီး စွဲလမ်းသွားတာတဲ့။ ဒီလိုအထင်လွဲပြီး စွဲလမ်းနိုင်လို့ ဒီကွေးမှု, ဆန့်မှု အစရှိတဲ့ ရုပ်တွေကို “ဥပါဒါနက္ခန္ဓာ”လို့ခေါ်တယ်။

အဲဒီကွေးလိုက်တာလေးကိုပဲ ကောင်းတယ်လို့ ထင်ပြန်တာကိုး။ အထူးထင်ရှားတာကတော့ ပျော်ပျော်ပါးပါးရှိလို့ ကတဲ့, ခုန်တဲ့ပုဂ္ဂိုလ်တွေများ ဒါတွေကို အသာယာဆုံးပေါ့။ လက်နဲ့ ကွေးဆန့်ပြီး ကနေရတာကို သူ့ဟာသူ သဘောကျနေတယ်။ ဘေးကပုဂ္ဂိုလ်တွေကလည်း ကြည့်ပြီး သဘောကျနေတယ်။ အဲဒါ ရုပ်ကို သာယာပြီးတော့စွဲလမ်းတာပဲ, ဒါက တဏှာဥပါဒါန်နဲ့ စွဲလမ်းနေတာ။

ဥပါဒါနက္ခန္ဓာမှာပဲ ဖြစ်ရတာမို့ ကိလေသာနဲ့ ဝိပဿနာဉာဏ် ပြိုင်တူ မဖြစ်နိုင်

ဒီလို ရုပ်တရားတွေကို စွဲလမ်းမှု မဖြစ်အောင်လို့ ဝိပဿနာ ရှုရတာ။ ဝိပဿနာရှုတယ် ဆိုတာက ကိလေသာ၏ ဖြစ်နေကျ နယ်ပယ်တွေကို ဝိပဿနာဉာဏ်က နေပြီးတော့ သိအောင်လို့ လုပ်ရတာ ဖြစ်တယ်, ကိလေသာ၏ ဖြစ်ရာဌာနက ဘာလဲဆိုတော့ဒီ ဥပါဒါနက္ခန္ဓာငါးပါးပဲ။ ကိလေသာဖြစ်ရင် ဒီဥပါဒါနက္ခန္ဓာငါးပါးမှာ ဖြစ်တာပဲ,ဝိပဿနာဉာဏ်ဖြစ်ရင်လည်း ဒီ ဥပါဒါနက္ခန္ဓာငါးပါးမှာ ဖြစ်ရမှာပဲ။

ဒါကြောင့် ကိလေသာတွေ ဖြစ်နေရင် ဝိပဿနာ မဖြစ်နိုင်ဘူးပေါ့, ဝိပဿနာဖြစ်နေရင်လည်း ကိလေသာ မဖြစ်နိုင်ဘူး။

ဥပမာအားဖြင့် တစ်ယောက်တည်းသာ ဝင်နိုင်, ထွက်နိုင်တဲ့ တံခါးဆိုလို့ရှိရင်အတွင်းက လူက ထွက်နေရင် အပြင်က မဝင်နိုင်ဘူး။ အပြင်က လူက ဝင်နေလို့ရှိရင်အတွင်းက မထွက်နိုင်ဘူး။ အဲဒါလိုပဲ ဒီဥပါဒါနက္ခန္ဓာငါးပါးတရားတွေ အာရုံပြုပြီးတော့တဏှာဒိဋ္ဌိအစရှိသော စွဲလမ်းတဲ့ ကိလေသာတွေ ဖြစ်နေတယ်ဆိုရင် ဝိပဿနာဉာဏ်ကမဖြစ်နိုင်ဘူး, ဝိပဿနာဉာဏ်တွေ ဖြစ်နေလို့ရှိရင်လည်း ဥပါဒါန်တရားတွေက မဖြစ်ဘူး။ အဲဒါကြောင့် ဒီရုပ်နာမ်တရားတွေ ဖြစ်တိုင်းဖြစ်တိုင်း ကိလေသာနဲ့ မစွဲလမ်းနိုင်အောင်လို့ ဝိပဿနာ ရှုနေရတာ။

စာ ၈၆

ရုပ်ဥပါဒါနက္ခန္ဓာတရားတွေဟာ ဒုက္ခသစ္စာတရားတွေပါပဲ

အဲဒီ ရုပ်ဥပါဒါနက္ခန္ဓာတရားတွေဟာ ဒုက္ခသစ္စာတရားတွေပါပဲတဲ့။ ဘဝအသစ်ဖြစ်ပြီး ဆင်းရဲတယ်ဆိုတာ ဒီရုပ်တွေကြောင့်ပဲ, ရုပ်မရှိဘဲနဲ့ ဘဝအသစ် မဖြစ်ဘူး။အိုပြီး ဆင်းရဲတယ်ဆိုတာလည်း ဒီရုပ်တွေကြောင့်ပဲ, ရုပ်မရှိဘဲနဲ့ အိုမှု မဖြစ်ဘူး။နောက် ဒုက္ခ ဒေါမနဿ,က ကိုယ်နာကျင်တယ်ဆိုတဲ့ ဒုက္ခအရ ရောဂါဝေဒနာတွေဖြစ်ပြီး ဆင်းရဲရတာ ဒီရုပ်တွေပဲ, ရုပ်မရှိရင် ရောဂါ မဖြစ်နိုင်ဘူး။ သေရတယ်ဆိုတာလည်း ဒီရုပ်တွေ ရှိလို့ သေရတာ။ စိုးရိမ်ပူဆွေးရတယ် ဆိုတာလည်း ဒီရုပ်တွေ ရှိလို့,ငိုကြွေးရတယ်ဆိုတာလည်း ဒီရုပ်တွေ ရှိလို့ပဲ။ စိတ်ဆင်းရဲရတယ် ဆိုတာလည်း ဒီကိုယ်ကို မှီပြီးတော့ ဒီရုပ် ရှိလို့ ဖြစ်ရတာ။

အဲဒါကြောင့် ဇာတိအစရှိတဲ့ ဆယ့်တစ်ပါးသော ဒုက္ခတွေဟာ ဒီ ဥပါဒါနက္ခန္ဓာတရားတွေ ရှိလို့ ဖြစ်ရတာပဲ, ဒီ ဥပါဒါနက္ခန္ဓာငါးပါး တရားတွေသည်ပင်လျှင် ဆင်းရဲအစစ်တွေပါပဲတဲ့။ ဒါကြောင့် ဥပါဒါနက္ခန္ဓာငါးပါး တရားတွေဟာ ဆင်းရဲတွေပဲလို့ ဒီလိုသိရမှာကိုး။ အခု ရုပ်ဥပါဒါနက္ခန္ဓာအကြောင်း အကျဥ်းချုပ် သိပုံပဲ, အကျယ်ကတော့ဓမ္မာနုပဿနာ ခန္ဓာပိုင်းမှာ ဟောထားပြီးပြီ။

ဝေဒနာဥပါဒါနက္ခန္ဓာ

“ဝေဒနာ”ဆိုတာဟာ ကောင်းတဲ့ဝေဒနာ ရှိတယ်, မကောင်းတဲ့ဝေဒနာ ရှိတယ်,အချုပ်အားဖြင့်တော့ နှစ်ခုပါပဲ။ ဥပေက္ခာဝေဒနာဆိုတာကတော့ သိမ်မွေ့တယ်။ကောင်းတဲ့ဝေဒနာကို သုခ-ချမ်းသာလို့ ခေါ်တယ်, မကောင်းတဲ့ဝေဒနာကို ဒုက္ခ-ဆင်းရဲလို့ ခေါ်တယ်။

ဝေဒနာတရားတွေကို ဝိပဿနာဉာဏ်နဲ့ မသိရင် စွဲလမ်းတော့တာပဲ

ဆင်းရဲလို့ခေါ်တဲ့ ဒုက္ခဝေဒနာကိုတော့ ဘယ်သူမှ မကြိုက်ကြပါဘူး, မကြိုက်ပေမယ်လို့ မိမိသန္တာန်မှာ ဖြစ်လို့ရှိရင်တော့ ငါပဲလို့ ထင်ပြီးတော့ ဒီဒုက္ခအပေါ်မှာ သာယာမှု ရှိနေတယ်။ ငါပဲလို့ ထင်ပြီးတော့ ဒီဒုက္ခကလေးကို ငါ ဆင်းရဲနေတယ်, ငါပဲဆိုပြီးတော့ အတွင်းဖက်အနေနဲ့ သာယာသိမ်းပိုက်မှုတော့ ရှိနေတယ်။

သုခဝေဒနာ- ကောင်းတဲ့ ခံစားမှုတွေကိုတော့ တကယ်ကို သာယာနှစ်သက်မှုတွေဖြစ်နေတာပဲ။ မြင်လို့ကောင်းတာ, ကြားလို့ကောင်းတာ, နံလို့ကောင်းတာ, စားလို့

စာ ၈၇

ကောင်းတာ, တွေ့ထိလို့ကောင်းတာ, စိတ်ကူးစဥ်းစားကြံစည်ပြီးတော့ ဝမ်းမြောက်ဝမ်းသာစရာ, ပျော်စရာ ကောင်းတာ, အဲဒါတွေကိုတော့ သတ္တဝါတွေက သာယာနှစ်သက်သဘောကျနေကြတယ်။ ဒီချမ်းသာလေး လိုချင်လို့ လိုက်နေကြတာပဲ။

အဲဒီဝေဒနာတွေကို တဏှာနဲ့လည်း သာယာပြီးတော့ စွဲလမ်းနေပါတယ်, တဏှာနဲ့ သာယာနေတာကတော့ ကောင်းတဲ့ ဝေဒနာတွေအပေါ်မှာ အထူးထင်ရှားပါတယ်။မကောင်းတဲ့ ဝေဒနာတွေလည်းပဲ ကိုယ့်မှာ ဖြစ်လာလို့ရှိရင် ငါပဲဆိုပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ သိမ်းပိုက်ပြီးတော့ သာယာမှု ရှိနေပါတယ်။ ကိုယ့်ကိုယ်ပဲဆိုပြီးတော့ မကောင်းတဲ့ဝေဒနာ လုံးလုံးကြီး ပျောက်သွားဖို့ရာတော့ သူက အလိုမရှိဘူး, သာယာသိမ်းပိုက်မှုက ရှိနေတယ်။

ဒိဋ္ဌိနဲ့ စွဲလမ်းမှုကတော့ဖြင့် ကောင်းတာဖြစ်ဖြစ်, မကောင်းတာဖြစ်ဖြစ် ခံစားမှုဝေဒနာတွေကို ငါပဲလို့ ထင်နေတယ်, ငါကောင် သတ္တဝါကောင်အနေနဲ့ စွဲလမ်းတယ်။မြင်လို့ ကောင်းတာလည်း ငါပဲ, မြင်လို့ မကောင်းတာလည်း ငါပဲ, ကြားလို့ ကောင်းတာလည်း ငါပဲ, ကြားလို့ မကောင်းတာလည်း ငါပဲ။ ဒွါရခြောက်ပါးက အာရုံခြောက်ပါးနဲ့ တွေ့ပြီးတော့ ကောင်းတာလည်း ငါပဲ, ငါ ကောင်းသွားတယ်လို့ ထင်တာပဲ,မကောင်းပြန်လို့ ရှိရင်လည်း ငါပဲ, ငါ ဆင်းရဲတယ်ဆိုပြီးတော့ ဒီလို စွဲလမ်းနေတာကိုး။အဲဒါ အထင်မှားပြီးတော့ ဒိဋ္ဌိနဲ့ စွဲလမ်းနေတာ။

ဝေဒနာတရားတွေကို မစွဲလမ်းရအောင် ဝိပဿနာ ရှုမှတ်ရမယ်

အဲဒီစွဲလမ်းမှုတွေ မဖြစ်ရအောင်လို့ ဒီဝေဒနာတွေ ဖြစ်တိုင်းဖြစ်တိုင်း ဝိပဿနာရှုရ, မှတ်ရတာကိုး။ ကိုယ်ထဲမှာ ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတာတွေ ဖြစ်လာလို့ရှိရင် “ညောင်းတယ်, ပူတယ်, နာတယ်” စသည်ဖြင့် ရှုရ, မှတ်ရတယ်။ မရှုမမှတ်လို့ရှိရင် အဲဒီ ညောင်းတာ ပူတာတွေကို ငါပဲလို့ ထင်တယ်။ ညောင်းတာ ပူတာတွေ,ကောင်းစားစေချင်တဲ့စိတ်တွေ, တောင့်တမှုတွေ နောက်ကလိုက်ပြီးတော့ သာယာမှုတွေလည်း ဖြစ်လာတယ်။ အဲဒါတွေ မဖြစ်ရအောင်လို့ ညောင်းတိုင်း, ပူတိုင်း, နာတိုင်း,ကျင်တိုင်း တစ်ခါတည်း ဝေဒနာလေးတွေ စိုက်ပြီးတော့ ရှုရတယ်။

ရှုလို့ သမာဓိ ဉာဏ် အားကောင်းလာတဲ့အခါကျတော့ ညောင်းတဲ့သဘောလေးတွေ, နာတဲ့သဘောလေးတွေဟာ သဘောတရားအနေအားဖြင့် ထင်လာတယ်။ ဖြစ်ပြီး

စာ ၈၈

ရင်း ပျောက်သွားရင်း, ဖြစ်ပြီးရင်း ပျောက်သွားရင်း မမြဲတဲ့တရားတွေ, ဆင်းရဲတရားတွေ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားတွေ, အနိစ္စ, ဒုက္ခ, အနတ္တ တရားတွေကိုကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားပြီးတော့သိလာတယ်၊ အဲဒီလိုသိအောင်လို့ အားထုတ်ရတယ်။

ကိုယ်ထဲမှာဖြစ်ဖြစ်, စိတ်ထဲမှာဖြစ်ဖြစ် ကောင်းတာကလေးတွေ ပေါ်လာရင် ဒါရှုရ, မှတ်ရတာပဲ။ အထူးအားဖြင့်တော့ ဝမ်းသာရင် “ဝမ်းသာတယ်, ဝမ်းသာတယ်”လို့မှတ်ရတယ်။ ကိုယ်ထဲက အတွေ့အထိတွေ ကောင်းလို့ ရှိရင်လည်း “ကောင်းတယ်ကောင်းတယ်”လို့ ရှုမှတ်ပြီး သိအောင် အားထုတ်ရတယ်။ မသိလို့ရှိရင် အဲဒါတွေကိုတဏှာနဲ့ သာယာပြီး သဘောကျတယ်, ငါပဲလို့လည်း ထင်ပြီးတော့ ဒိဋ္ဌိနဲ့လည်းစွဲလမ်းပြီးသွားတယ်။ အဲဒီ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းနိုင်အောင်လို့ ဒီအကောင်းအဆိုးတွေပေါ်တိုင်းပေါ်တိုင်း ဝေဒနာကလေးတွေ ရှုရတယ်တဲ့။ ဒါကို ဝေဒနာနုပဿနာခန်းမှာအကျယ်ဟောခဲ့ပြီ။

သညာဥပါဒါနက္ခန္ဓာ

သညာ- မှတ်သားမှုတဲ့, သညာက ထိုထိုအာရုံတွေကို မှတ်မိတာတွေဟာ ငါပဲလို့ထင်နေတယ်။ ငယ်ငယ်တုန်းက စပြီးတော့ မှတ်သိလာတွေ အခုပြန်စဥ်းစားလိုက်တော့ပေါ်နေတယ်, အဲဒါ ငါပဲလို့ ထင်နေတယ်။ အရင်က မြင်ဖူးတာလေးတွေ ပြန်ပြီးစဥ်းစားလိုက်ရင် ပေါ်နေတယ်, အဲဒါ ငါပဲလို့ ထင်နေတယ်။ အဲဒီလို မှတ်မိတာလေးတွေကိုပဲ အကောင်းထင်နေတာ။ ငါ အမှတ်ကောင်းတယ်, ငါက သတိကောင်းတယ်,ငါက ဉာဏ်ကောင်းတယ်, ငါ မမေ့ဘူး, အဲဒီလိုဟာလေးတွေ တဏှာနဲ့ သာယာပြီးစွဲလမ်းနေတာ။ အမှန်ကတော့ သညာဟာ ငါလည်း မဟုတ်ဘူး, အမြဲတမ်းလည်း ရှိနေတာ မဟုတ်ဘူး, သာယာစရာလည်း မဟုတ်ဘူး, အခုမှတ်မိတာက အသစ်တွေပဲ။ ဒီမှာသာယာစရာ မရှိဘူး, ပုဂ္ဂိုလ်သတ္တဝါလို့ ထင်မှတ်စွဲလမ်းစရာလည်း မရှိဘူး။ အဲဒါလေးတွေ သိအောင်လို့ အဲဒီ မှတ်သားမှုလေးတွေ ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီးတော့ ပိုင်းခြားပြီးတော့ သိရမယ်။

သင်္ခါရဥပါဒါနက္ခန္ဓာ

သင်္ခါရ- အားထုတ်မှုတွေ, အဲဒီအားထုတ်မှုတွေကတော့ ကွေးတိုင်း, ဆန့်တိုင်း,သွားတိုင်း, လာတိုင်း, လှုပ်ရှားတိုင်း, ကိုယ်အမူအရာပြုတိုင်း, စိတ်အမူအရာပြုတိုင်းဟာစီမံခန့်ခွဲနေတဲ့ သဘောလေး ရှိတယ်။ ကွေးလိုက် ကွေးလိုက်, ဆန့်လိုက် ဆန့်လိုက်

စာ ၈၉

မဆိုသော်လည်း ဆိုဘိသကဲ့သို့ ကွေးချင်တဲ့ သဘောလေးတွေ, ဆန့်ချင်တဲ့ သဘောလေးတွေ, လှုပ်ရှားချင်တဲ့ သဘောလေးတွေ, ပြုပြင်ချင်တဲ့ သဘောလေးတွေ, စေ့ဆော်တိုက်တွန်းမှုလေးတွေ ပေါ်နေတယ်, အဲဒါ သင်္ခါရတွေပဲ။ အဲဒါတွေလည်းပဲ ပုဂ္ဂိုလ်သတ္တဝါလို့ ထင်နေတယ်, ငါကပဲ လုပ်နေတယ် အောက်မေ့တယ်, ကွေးအောင်လို့ ငါကလုပ်နေတယ်, ဆန့်အောင်လို့ ငါက လုပ်နေတယ်, အကုန်လုံး အမူအရာတွေ ငါပဲလုပ်နေတယ်လို့ ဒိဋ္ဌိနဲ့ စွဲလမ်းနေတယ်။ ပြီးတော့လည်း ဒီလို စီမံခန့်ခွဲလုပ်နေတာကိုပဲကောင်းတယ်လို့ ထင်ပြီးတော့ သာယာနှစ်သက် သဘောကျနေတယ်, တဏှာနဲ့ စွဲလမ်းနေတယ်။ ဒီမှာ သာယာစရာလည်း မရှိဘူး, ပုဂ္ဂိုလ်သတ္တဝါလို့ ထင်မှတ်စွဲလမ်းစရာလည်း မရှိဘူးဆိုတာ သိအောင်လို့ အဲဒီအားထုတ်မှုလေးတွေ ဖြစ်တိုင်းဖြစ်တိုင်း ရှုမှတ်ပြီးတော့ ပိုင်းခြားပြီးတော့ သိရမယ်။

ဝိညာဏဥပါဒါနက္ခန္ဓာ

ဝိညာဏ်-ဆိုတာ သိတာပဲ။ မြင်ပြီး သိတယ်, ကြားပြီး သိတယ်, နံပြီး သိတယ်,စားပြီး သိတယ်, တွေ့ထိပြီး သိတယ်, စိတ်ကူးစဥ်းစားကြံစည်ပြီး သိတယ်, အဲဒီ သိနေတဲ့ အသိကလေးတွေလည်းပဲ ငါကောင် သတ္တဝါကောင်အနေအားဖြင့် ထင်မှတ်စွဲလမ်းတယ်, သိနေတာလေးတွေ ပျောက်သွားမှာ သိပ်စိုးရိမ်တယ်, သာယာသဘောကျနေတယ်။ အဲဒါ ဒိဋ္ဌိနဲ့ တဏှာနဲ့ စွဲလမ်းနေပုံတဲ့။

တဏှာဒိဋ္ဌိနဲ့ စွဲလမ်းအပ်တဲ့ တရားတွေဟာ ဥပါဒါနက္ခန္ဓာငါးပါးတရားတွေပဲ

တဏှာဒိဋ္ဌိနဲ့ စွဲလမ်းအပ်တဲ့ တရားတွေဟာ ဥပါဒါနက္ခန္ဓာငါးပါး တရားတွေပဲတဲ့။ဒီ ဥပါဒါနက္ခန္ဓာငါးပါးတရားတွေဟာ ဒုက္ခသစ္စာတရားချည်းပဲ။ ဘဝအသစ်ဖြစ်ပြီးတော့ဆင်းရဲရတာ ဒီခန္ဓာငါးပါး ရှိလို့ပဲ, ဒီခန္ဓာငါးပါး မရှိဘဲနဲ့ ဘဝအသစ် ဘယ်ဖြစ်နိုင်မလဲ။လူ့ခန္ဓာငါးပါး ရှိလို့ လူဖြစ်လာတယ်, လူ့တစ်ဘဝလုံး ဆင်းရဲဒုက္ခတွေ တွေ့ရတယ်။လူ့ခန္ဓာငါးပါး ရှိပြီးတော့ နေရတဲ့အတွက် အိုရတယ်, ဆင်းရဲရတယ်။ လူ့ခန္ဓာ ငါးပါးရှိတဲ့အတွက် မကျန်းမမာ ရောဂါဝေဒနာတွေ ဖြစ်ရတယ်, ဒုက္ခတွေ ရောက်ရတယ်။ ဒီလူ့ခန္ဓာငါးပါး ရှိနေတဲ့အတွက်ကြောင့် တစ်နေ့ကျလို့ရှိရင် သေရတယ်, လူ့ခန္ဓာငါးပါးရှိနေတဲ့အတွက်ကြောင့် မတွေ့ချင်တာတွေနဲ့ တွေ့ပြီးတော့ စိုးရိမ်ရတယ်, ပူဆွေးရတယ်, ငိုကြွေးရတယ်, ကိုယ်ထဲမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ရတယ်, စိတ်ထဲမှာလည်းပဲ စိတ်နှလုံးမသာဖြစ်ပြီး ဆင်းရဲဒုက္ခ အမျိုးမျိုးတွေနဲ့ တွေ့ရတယ်။

စာ ၉၀

ခန္ဓာငါးပါး ရှိနေလို့ ဒုက္ခတွေ ဖြစ်နေရတာပဲ

သတ္တဝါတွေမှာ ဘဝတွေမှာ ဖြစ်ပြီးတော့ အမျိုးမျိုးသော ဒုက္ခတွေနဲ့ တွေ့ရတယ်,အိုပြီးတော့ ဆင်းရဲအမျိုးမျိုးနဲ့ တွေ့ရတယ်, နာပြီးတော့ ဆင်းရဲအမျိုးမျိုးနဲ့ တွေ့ရတယ်,သေပြီးတော့ ဆင်းရဲနဲ့ တွေ့ရတယ်, စိုးရိမ်ပူဆွေးပြီးတော့ ဆင်းရဲနဲ့ တွေ့ရတယ် ဆိုတဲ့ဒီဆင်းရဲတွေ ဘယ်က လာတုံးဆိုလို့ရှိရင် ခန္ဓာငါးပါးတွေ ရှိနေလို့တဲ့။ အဲဒီခန္ဓာငါးပါးဟာ ဆင်းရဲကြောင်းတရားတွေပဲ, ဒါကြောင့် ခန္ဓာငါးပါးကို “ဒုက္ခသစ္စာ”ခေါ်တာ။ ဒီခန္ဓာငါးပါးတွေ ရှိနေသမျှ ကာလပတ်လုံး ဒုက္ခတွေ တွေ့နေမှာပဲ။ ဒုက္ခ လုံးလုံး ကင်းချင်လို့ရှိရင် ဒီခန္ဓာငါးပါး မရှိမှ ဖြစ်မှာ။ ဒီခန္ဓာငါးပါးတွေ ရှိနေရင်တော့ ချမ်းသာမှုမဖြစ်နိုင်ဘူး။

လူ့ဘဝမှာ ခန္ဓာငါးပါး ရှိနေရင် လူဆင်းရဲတွေနဲ့ တွေ့ရမှာပဲ, နတ်ဘဝမှာ ခန္ဓာငါးပါး ရှိနေရင် နတ်ဒုက္ခတွေ တွေ့ရမှာပဲ, ဗြဟ္မာဘဝဖြစ်လို့ရှိရင် ဗြဟ္မာဒုက္ခ တွေ့မှာပဲ။ဘာပြုလို့တုံးဆိုတော့ ဒီခန္ဓာငါးပါးတွေက ဆင်းရဲ အမျိုးမျိုး၏ တည်ရာဖြစ်လို့ ဒုက္ခတွေက မကင်းနိုင်ဘူးတဲ့။ အဲဒါကို သိအောင်လို့ ဒီမှာ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”ဥပါဒါနက္ခန္ဓာငါးပါးဟာ ဆင်းရဲတွေပါပဲတဲ့။

စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, သစ္စာ ဒုက္ခပင်။

ရုပ်ခန္ဓာကို တဏှာဒိဋ္ဌိနဲ့ စွဲလမ်းပုံ

စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးတရားတွေဟာ ဒုက္ခသစ္စာတရားပဲတဲ့။ စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး တရားတွေကလည်း ကိုယ့်ကိုယ်ထဲမှာ ရှိနေတာ, တခြားမှာ ရှိနေတာ မဟုတ်ဘူး။မြင်တိုင်း, ကြားတိုင်း, နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း, စိတ်ကူးစဥ်းစားကြံစည်နေတိုင်းစွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးတွေ ဖြစ်နေတယ်။ မြင်တဲ့အခါမှာ မျက်စိက ရုပ်ပဲ, မြင်ရတဲ့အဆင်းကလည်း ရုပ်ပဲ။ မျက်စိကိုလည်း ငါကောင်သတ္တဝါကောင်အနေနဲ့ ထင်မှတ်ပြီးစွဲလမ်းတယ်, မြင်ရတဲ့ အဆင်းကိုလည်း ပုဂ္ဂိုလ်သတ္တဝါကောင်အနေနဲ့ ထင်မှတ်ပြီးတော့စွဲလမ်းတယ်, မျက်စိကိုလည်းပဲ ကောင်းတယ်လို့ ထင်ပြီး သာယာတယ်။ မြင်ရတဲ့အဆင်းကိုလည်း “လှပတယ်, တင့်တယ်တယ်” ထင်ပြီး သာယာတယ်။ ရုပ်ခန္ဓာကိုတဏှာဒိဋ္ဌိနဲ့ စွဲလမ်းပုံပဲ။

စာ ၉၁

နာမ်ခန္ဓာကို တဏှာဒိဋ္ဌိနဲ့ စွဲလမ်းပုံ

တစ်ခါ မြင်သိတယ်ဆိုတဲ့ နာမ်တရား, အဲဒီ မြင်သိတယ်ဆိုတဲ့ ဥစ္စာကိုလည်းပဲကောင်းတယ်လို့ ထင်ပြီးတော့ သာယာတာလည်း ရှိတယ်, မြင်သိတာလေးဟာ ငါပဲလို့ထင်ပြီးတော့ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ထင်မှား စွဲလမ်းတာလည်း ရှိတယ်, တဏှာဒိဋ္ဌိနဲ့မြင်သိတယ်ဆိုတဲ့ နာမ်တရားလေး အပေါ်မှာလည်း စွဲလမ်းနေတယ်။ အဲဒီမြင်သိတာလေးကို သရုပ်ခွဲလို့ရှိရင် ဝေဒနာ ပါတယ်, သညာ ပါတယ်, သင်္ခါရ ပါတယ်, ဝိညာဏ်ပါတယ်။ မြင်ကာ သိကာမျှ သဘောကလေးက ဝိညာဏက္ခန္ဓာ ခေါ်တယ်, မြင်ရတဲ့အာရုံကို ခံစားမှု အကောင်းအဆိုးက ဝေဒနာ, မြင်ရတဲ့အာရုံကို မှတ်သားတာကလေးက သညာ, မြင်အောင်လို့ စူးစိုက်ပြီးတော့ ကြည့်တာတို့, နှလုံးသွင်းတာတို့စေ့ဆော်အားထုတ်ပေးတဲ့ သဘောလေးက သင်္ခါရ။ အဲဒီတော့ မြင်မှုကလေးထဲမှာကိုဥပါဒါနက္ခန္ဓာ ၄-ပါး ပါနေတယ်, အဲဒါ နာမ်ဥပါဒါနက္ခန္ဓာ ၄-ပါးပဲ။ သူ့ကို ပုဂ္ဂိုလ်သတ္တဝါအနေအားဖြင့်လည်း ထင်မှားပြီးတော့ စွဲလမ်းပါတယ်, ကောင်းတဲ့အနေအားဖြင့်လည်း သာယာပြီး စွဲလမ်းပါတယ်တဲ့။

မြင်မှုကလေးထဲမှာ နာမ်ဥပါဒါနက္ခန္ဓာ ၄-ပါးနဲ့ ရုပ် ဥပါဒါနက္ခန္ဓာ ၁-ပါး, ပေါင်းတော့ ဥပါဒါနက္ခန္ဓာ ၅-ပါး ပါဝင်ပြီးတော့ နေတယ်။ ဒါကြောင့် မြင်မှုကလေးကိုမြင်တိုင်းမြင်တိုင်း ဥပါဒါနက္ခန္ဓာငါးပါး သိအောင်လို့ ဝိပဿနာရှုရတာ, အဲဒါ ဒုက္ခသစ္စာတရားပဲ။

ဒုက္ခသစ္စာတရားကို ပိုင်းခြားသိရအောင် ရှုမှတ်နေရမယ်

ဒုက္ခံ ပရိညေယျံ။

ဒုက္ခံ- ဒုက္ခသစ္စာကို၊ ပရိညေယျံ- ပိုင်းခြား၍သိရာ၏။ ဒုက္ခသစ္စာကို ပိုင်းခြားသိရမယ်တဲ့။ ဒုက္ခသစ္စာတရားတွေကို သူ့သဘောရင်းနဲ့, အစနဲ့ အဆုံးနဲ့, ဖြစ်မှုနဲ့ ပျက်မှုနဲ့,မမြဲတဲ့သဘောနဲ့, ဆင်းရဲတဲ့သဘောနဲ့, အနတ္တသဘောနဲ့ အဲဒါတွေ ပိုင်းခြားပြီး သိရမှာကိုး။ ဒုက္ခသစ္စာတရားတွေကို ပိုင်းပိုင်းခြားခြား သေသေချာချာ သိရမယ်လို့ ဆိုလိုတယ်။

မြင်တဲ့ အခိုက်အတန့်မှာ ဖြစ်ပေါ်တဲ့တရားတွေဟာ ရုပ်ပဲဖြစ်ဖြစ်, နာမ်ပဲဖြစ်ဖြစ်ဖြစ်လာတယ်, ပျောက်သွားတယ်, မမြဲတဲ့တရားပဲ, ဆင်းရဲတရားပဲ, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ သဘောတရားပဲလို့ ပိုင်းပိုင်းခြားခြား သိရမှာ။ အဲဒီလို သိရအောင်လို့ မြင်

စာ ၉၂

တိုင်း မြင်တိုင်း မြင်တယ်လို့ ရှုမှတ်ပြီးတော့ သိရမယ်။ ကြားတာတွေ, နံတာတွေ,စားတာတွေ, တွေ့ထိတာတွေ, ကွေးတာ, ဆန့်တာတွေ အကုန်လုံး အတူတူချည်းပဲ။

ကွေးတဲ့အခါ ကွေးမယ်လို့ ကြံလိုက်တာက နာမ်တရားပဲ။ ကွေးလိုက် လှုပ်လိုက်တာက ရုပ်တရား, ကွေးလိုက် လှုပ်လိုက်တဲ့ ရုပ်တရားက ရုပ်ဥပါဒါနက္ခန္ဓာပဲ။ဝိပဿနာနဲ့ အနိစ္စ, ဒုက္ခ, အနတ္တ မသိလို့ရှိရင် ကွေးလိုက်, လှုပ်လိုက်တဲ့ ရုပ်တရားကိုငါလို့လည်း ထင်တယ်, ဒိဋ္ဌိနဲ့ စွဲလမ်းတယ်။ ကွေးလိုက် လှုပ်လိုက်တာ ကောင်းတယ်လို့လည်း သာယာတယ်, တဏှာနဲ့ စွဲလမ်းတယ်။ အဲဒီလို အထင်လွဲပြီး, သာယာပြီး, စွဲလမ်းနိုင်လို့ အဲဒီကွေးမှု, လှုပ်ရှားမှုတွေဟာ ဥပါဒါနက္ခန္ဓာပဲ။

ကွေးမယ်လို့ ကြံတဲ့ စိတ်ကိုလည်း ငါပဲလို့လည်း အထင်မှားပြီးတော့ စွဲလမ်းနိုင်တယ်။ ကောင်းတယ်လို့ ထင်ပြီးတော့လည်း သာယာစွဲလမ်းနိုင်တယ်။ အဲဒါကြောင့်ကွေးမယ်လို့ ကြံတဲ့စိတ်ကလေးဟာလည်း ဥပါဒါနက္ခန္ဓာပဲ။

အဲဒီ ဥပါဒါနက္ခန္ဓာ တရားတွေ, ဒုက္ခသစ္စာတရားတွေ ပိုင်းခြားသိရအောင် ကွေးတိုင်းကွေးတိုင်း ကွေးချင်တာလေးရော, ကွေးတာလေးရော သိအောင် ရှုမှတ်ရတာကိုး။

စိတ်ကူး စဥ်းစားကြံစည်တဲ့ အခါမှာလည်းပဲ “စိတ်ကူးစဥ်းစား ကြံစည်တယ်”ဆိုတာက နာမ်ခန္ဓာတွေပဲ, စိတ်ကူး စဥ်းစား ကြံစည်မှု၏ တည်ရာဖြစ်တဲ့ ရုပ်ကိုယ်ကြီးက ရုပ်ခန္ဓာပဲ, အဲဒီမှာလည်းပဲ ခန္ဓာငါးပါးပဲ။ အဲဒီ ခန္ဓာငါးပါးတရားတွေ သိအောင်လို့သာ စိတ်ကူးစဥ်းစားကြံစည်တိုင်း ရှုမှတ်ပြီး ပိုင်းခြားပြီးတော့ သိရမယ်။ အဲဒါဟာဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေပဲတဲ့။

အခု ယောဂီတွေ ရှုပြီးတော့နေကြတဲ့ ဥစ္စာဟာ အဲဒီဒုက္ခသစ္စာတရားတွေ ရှုပြီးတော့ နေကြရတာ။ ဖောင်းတယ်, ပိန်တယ်လို့ ရှုလို့ရှိရင် ရုပ်ဥပါဒါနက္ခန္ဓာ ရှုနေတာပဲ။ကွေးတယ်, ဆန့်တယ်လို့ ရှုလို့ရှိရင်လည်း ရုပ်ဥပါဒါနက္ခန္ဓာတွေ ရှုနေတာပဲ။ ထိုင်တယ်,ထတယ်, သွားတယ်, လာတယ်, လှုပ်ရှားတယ်, ကိုယ်အမူအရာတွေ ရှုတိုင်း ရှုတိုင်းဟာရုပ်ဥပါဒါနက္ခန္ဓာတွေ ရှုနေရတာပဲ။ ဒီထဲကနေပြီးတော့ စိတ်ကူးစဥ်းစားကြံစည်တာတွေရှုလို့ရှိရင် အဲဒါ နာမ်ဥပါဒါနက္ခန္ဓာ ရှုတာ။ ညောင်းတာ, ပူတာ, နာကျင်ကိုက်ခဲတာတွေရှုရင် ဝေဒနာဥပါဒါနက္ခန္ဓာ ရှုနေတာပဲ။