ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၉၃

ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်း ဘယ်ဟာပဲရှုရှု ရုပ်ဥပါဒါနက္ခန္ဓာ, နာမ်ဥပါဒါနက္ခန္ဓာ တစ်ခုခုကို ရှုမိနေတာပဲ။ အဲဒါ ဥပါဒါနက္ခန္ဓာတရား ဒုက္ခသစ္စာတရားတွေကို ပိုင်းခြားသိအောင်လို့ ရှုပြီးတော့ နေကြတာတဲ့, အဲဒါတွေကို သိဖို့ရာပဲ။ ကိုင်းဆိုစမ်းပါဦး။

မြင်ဆဲခဏ၌ မျက်စိနဲ့အဆင်းက ရုပ်ဥပါဒါနက္ခန္ဓာ။

မြင်တာသိတာက နာမ်ဥပါဒါနက္ခန္ဓာ။

ကြားဆဲခဏ၌ နားနဲ့အသံက ရုပ်ဥပါဒါနက္ခန္ဓာ။

ကြားတာသိတာက နာမ်ဥပါဒါနက္ခန္ဓာ။

နံဆဲခဏ၌ နှာခေါင်းနဲ့အနံ့က ရုပ်ဥပါဒါနက္ခန္ဓာ။

နံတာသိတာက နာမ်ဥပါဒါနက္ခန္ဓာ။

စားဆဲခဏ၌ လျှာနဲ့အရသာက ရုပ်ဥပါဒါနက္ခန္ဓာ။

အရသာကို သိတာက နာမ်ဥပါဒါနက္ခန္ဓာ။

တွေ့ထိဆဲခဏ၌ ကိုယ်နဲ့အတွေ့အထိက ရုပ်ဥပါဒါနက္ခန္ဓာ။

ထိတာသိတာက နာမ်ဥပါဒါနက္ခန္ဓာ။

ကြံသိဆဲခဏ၌ ကြံသိမှုက နာမ်ဥပါဒါနက္ခန္ဓာ။

ကြံသိမှု၏တည်ရာရုပ်က ရုပ်ဥပါဒါနက္ခန္ဓာ။

ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်း ရှုမှတ်နေရင် ဒုက္ခသစ္စာတရားကို ပိုင်းခြားသိရမယ်ဆိုတဲ့ ဒေသနာတော်နဲ့အညီ ဒုက္ခသစ္စာတရားကို ပိုင်းခြားသိနေတာပဲ။

တရားရှုမှတ်ရာမှာ ဒုက္ခ သစ္စာတရား ပိုင်းခြားသိလာပုံ

ဒါကြောင့် ဒီမှာ ယောဂီပုဂ္ဂိုလ်တွေ ရှုမှတ်နေရတာ, များများကြီး မရှုနိုင်သေးရင်နည်းနည်းကစပြီး ရှုရတယ်။ ဗိုက်က ဖောင်းတာ, ပိန်တာလေး စပြီး ရှုနေရတယ်။ဖောင်းမှု, ပိန်မှုထဲ ပါတဲ့ ဒုက္ခသစ္စာတရားတွေကို ရှေးဦးစွာ စပြီး ပိုင်းခြားရှုနေရတယ်။နောက် စိတ်ကူးတွေ ပေါ်လာရင် အဲဒီစိတ်ကူးမှုနဲ့စပ်တဲ့ ဒုက္ခသစ္စာတရားတွေ ပိုင်းခြားသိနေရတယ်။ ဒီထဲက ဝေဒနာ ပေါ်လာရင် အဲဒီ ဝေဒနာဒုက္ခသစ္စာတရားတွေ ပိုင်းခြားသိရတယ်။ ဒီထဲကနေပြီးတော့ လက်ခြေတွေ ကွေးလိုက်, ဆန့်လိုက်, လှုပ်ရှားလိုက်ပြန်

စာ ၉၄

လို့ရှိရင် အဲဒီထဲ ပါတဲ့ ဒုက္ခသစ္စာတရားတွေ ပိုင်းခြားသိရတယ်။ လမ်းလျှောက်လို့ရှိရင်လည်း ခြေလှမ်းထဲမှာ ပါတဲ့ ဒုက္ခသစ္စာတရားတွေ, ကြည့်လို့ရှိရင် ကြည့်တဲ့ထဲ ပါတဲ့ဒုက္ခသစ္စာတရားတွေ, နားထောင်လို့ရှိရင် ကြားရာကနေပြီး ဒုက္ခသစ္စာတရားတွေ,နေရာတကာ ဒုက္ခသစ္စာတရားတွေချည်းပဲ။ ဒါကြောင့် သမာဓိဉာဏ်ရင့်လာတဲ့ ဘယ,အာဒီနဝ, နိဗ္ဗိဒါ အထက်ပိုင်းဉာဏ်တွေကျတော့ ဒုက္ခအစုအဝေးကြီး ဆင်းရဲအစုအဝေးကြီးလို့ ထင်လာတာ, ဘာမှ မကောင်းဘူး, တစ်ကိုယ်လုံး ကောင်းတာ ရှာလို့ မရဘူး။ယူစရာ, ရစရာ, သိမ်းပိုက်စရာ, နှစ်သက်စရာ, တွယ်တာစရာ ဘာမှ မရှိဘူး။ အကုန်လုံး ငြီးငွေ့စရာ ဖြစ်နေတယ်။

အလုံးစုံသော သင်္ခါရတရားတို့ မမြဲသည်ကို ယောဂီပုဂ္ဂိုလ်က ရှုမြင်လေ၏

သဗ္ဗေ သင်္ခါရာ အနိစ္စာ, ယဒါ ပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ, ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

သဗ္ဗေ- အလုံးစုံသော၊ သင်္ခါရာ- သင်္ခါရတရားတို့သည်၊ အနိစ္စာ- မမြဲကုန်။ဣတိ- ဤသို့၊ ယဒါ- အကြင်အခါကာလ၌၊ ပညာယ- ဝိပဿနာဉာဏ်ပညာဖြင့်၊ပဿတိ- ရှုမြင်လေ၏။

ယောဂီပုဂ္ဂိုလ်က ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီးရှုသွားတော့ပေါ်ပြီးရင်း ပျောက်သွားရင်း, ပေါ်ပြီးရင်း ပျောက်သွားရင်း, ဒါတွေ တွေ့ပြီးနေတော့မမြဲတဲ့တရားတွေပဲ, မြဲတာ တစ်ခုမှ မရှိဘူးလို့ ဉာဏ်ထဲ ထင်လာတယ်။ အရင်တုန်းကမသိလို့ ဒီကိုယ်ကောင်ကြီးလိုက် တည်နေတယ်, ဒီစိတ်ဟာ တစ်စိတ်တည်း တည်နေတယ်လို့ အောက်မေ့တာကိုး, တကယ်တော့ မဟုတ်ဘူး။ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပြီးရင်း ပျောက်သွားရင်း, တစ်နေရာက တစ်နေရာ မရောက်ဘူး, တစ်ခဏက တစ်ခဏကိုမရောက်ဘူး။ ချက်ချင်းချက်ချင်း ပျောက်လိုက်နေတဲ့ တရားချည်းပဲ။ မီးတောက်ကလေးများ ဟုတ်ခနဲ ဟုတ်ခနဲ တစ်ခါတည်း ငြိမ်းနေသလိုပဲ ပေါ်တိုင်းပေါ်တိုင်းသော တရားတွေ မှတ်ရင်းမှတ်ရင်း ဟုတ်ခနဲ ဟုတ်ခနဲ ပျောက်ပျောက်လိုက်နေတာချည်းပဲ တွေ့နေရတာ။ အဲဒါ မမြဲတဲ့တရားတွေပဲ ဆိုတာ ဉာဏ်ထဲ တစ်ခါတည်း ရှင်းပြီးတော့ သိတယ်။

ပေါ်တိုင်းပေါ်တိုင်းလေးတွေ ရှုလို့ ပေါ်ရာပေါ်ရာကနေပြီးတော့ မမြဲတာတွေတွေ့တော့ တစ်လောကလုံးလည်း ဒီလိုပဲလို့ ထင်တယ်။ မိမိသန္တာန်မှာ ရှုတော့ ဖောင်း

စာ ၉၅

တာ မှတ်လိုက်ရင် ဖောင်းတာလေး ရိပ်ခနဲ ပျောက်သွား, ပိန်တာ မှတ်လိုက်ရင် ပိန်တာလေး ရိပ်ခနဲ ပျောက်သွား, ညောင်းတာ ပူတာ မှတ်ရင် ဒါတွေ ရိပ်ခနဲ ပျောက်သွား,စိတ်ကူးတာ မှတ်ရင် စိတ်ကူးလေး ရိပ်ခနဲ ပျောက်သွား, အဲဒီလို ပျောက်ပျောက်သွားတွေ တွေ့ရတော့ တစ်လောကလုံးမှာလည်း အကုန်လုံး ဒီလိုချည်း တရိပ်ရိပ်နဲ့ ဒီလိုတစ်ပြိုင်တည်း ဖြစ်တဲ့တရားတွေ တစ်ပြိုင်တည်း ပျောက်ပြီးတော့ လိုက်နေတာပဲ။တစ်လောကလုံး ဖြစ်ပြီးရင်း ပျောက်ရင်း, ဖြစ်ပြီးရင်း ပျောက်ရင်း, မမြဲတဲ့တရားတွေချည်းပဲလို့ ယောဂီပုဂ္ဂိုလ်ဉာဏ်ထဲ ထင်လာတာကိုး။ ဒီအတိုင်း စိတ်ကူးလို့တော့ မထင်ဘူး, အဲဒီဉာဏ် တကယ်ရောက်မှ ထင်တာ။

နိဗ္ဗိဒါဉာဏ် ဖြစ်ပေါ်လာတာ နိဗ္ဗာန် ရောက်ကြောင်းပဲ

သဗ္ဗေ- အလုံးစုံကုန်သော၊ သင်္ခါရာ- သင်္ခါရတရားတို့သည်၊ အနိစ္စာ- မမြဲကုန်၊ဣတိ- ဤသို့၊ ယဒါ- အကြင်အခါကာလ၌၊ ပညာယ- ဝိပဿနာဉာဏ်ပညာဖြင့်၊ပဿတိ- ရှုမြင်လေ၏၊ အထ- ထိုသို့ရှုမြင်သောအခါ၌၊ ဒုက္ခေ- မမြဲ၍ ဆင်းရဲဟုဆိုအပ်သော တရားအပေါင်း၌၊ မမြဲ၍ ဆင်းရဲသော သင်္ခါရတရား အပေါင်း၌၊ နိဗ္ဗိန္ဒတိ-မပျော်မမွေ့ ငြီးငွေ့လေတော့၏။

ဝိပဿနာဉာဏ် ရင့်လာတဲ့အခါ ရှုတိုင်း ရှုတိုင်း မမြဲတာတွေ တွေ့ပြီးတော့ မိမိသန္တာန်က ရှုနေတာတွေလည်း မမြဲဘူး, သူများသန္တာန်တွေရော, တစ်လောကလုံး ဒီလိုပဲမမြဲဘူးတဲ့။ ဒီလို ဖြစ်ပျက်နေတဲ့ တရားချည်းပဲလို့ ဉာဏ်ထဲ ထင်လာတဲ့အခါကျတော့ငြီးငွေ့လာပါတယ်တဲ့။

ဒုက္ခေ- ဆင်းရဲအပေါင်းပဲတဲ့။ မြင်ရာမှာ မျက်စိရုပ်ကလည်း ရုပ်ဥပါဒါနက္ခန္ဓာဆင်းရဲ, မြင်ရတဲ့ အဆင်းကလည်း ရုပ်ဥပါဒါနက္ခန္ဓာ ဆင်းရဲ, မြင်သိတာကလည်းနာမ်ဥပါဒါနက္ခန္ဓာ ဆင်းရဲ, ဆင်းရဲချည်းပဲ။ ထို့အတူ ကြားရာ, နံရာ, စားရာ, တွေ့ထိရာ,ကွေးရာ, ဆန့်ရာ, လှုပ်ရှားရာ, စိတ်ကူးစဥ်းစားကြံစည်ရာ အကုန်လုံး ရုပ်ဥပါဒါနက္ခန္ဓာ,နာမ်ဥပါဒါနက္ခန္ဓာ ဖြစ်ပျက်နေလို့ ဆင်းရဲချည်းပဲတဲ့, ဘာမှ ကောင်းတာ မရှိဘူး, အဲဒီလိုကိုယ့်သန္တာန်က ရှုနေတဲ့တရားတွေ ဆင်းရဲလို့ သိသလို တစ်လောကလုံးလည်း ဆင်းရဲတွေချည်းပဲလို့ သိရင် ငြီးငွေ့လာပါတယ်တဲ့။

စာ ၉၆

အထ- ထိုအခါ၌၊ ဒုက္ခေ- မမြဲ၍ဆင်းရဲသော ရုပ်နာမ်သင်္ခါရအပေါင်း၌၊ နိဗ္ဗိန္ဒတိ-မပျော်မမွေ့ ငြီးငွေ့လေတော့၏။ ငြီးငွေ့ဆိုတော့ အဟုတ်ငြီးငွေ့တာ, အဟုတ် မပျော်တာ, ဟန်လုပ်တာ မဟုတ်ဘူး, တကယ်ကို စိတ်ထဲက မလိုချင်ဘူးဆိုတဲ့အနေနဲ့ တွေ့လာရမှာကိုး, ငြီးငွေ့တဲ့စိတ်တွေ ပျံ့နေတယ်။

အဲဒီ ငြီးငွေ့တာဟာ နိဗ္ဗာန်ရောက်ဖို့ အကြောင်းပါပဲတဲ့။ အဲဒီ ငြီးငွေ့တဲ့ဉာဏ်ဟာတရားအစဥ်အတိုင်း အားထုတ်နေရင် ရောက်ပါတယ်, ရောက်ရုံတွင် မကပါဘူး, ငြီးငွေ့တဲ့ဉာဏ်ကနေပြီး အစဥ်အတိုင်း ရှုမှတ်ပြီးတော့ တက်သွားလျှင် ကိလေသာစင်ကြယ်တဲ့နိဗ္ဗာန်, ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်, ခန္ဓာငါးပါးတွေ လုံးဝချုပ်ငြိမ်းနေတဲ့ နိဗ္ဗာန်ကိုအရိယာမဂ်ဉာဏ်ဖြင့် မျက်မှောက်တွေ့ပြီးတော့ ဆိုက်ရောက်သွားနိုင်ပါတယ်။ အဲဒီထိဆိုက်ရောက်ပြီးတော့ သွားအောင်လို့ အားထုတ်ကြဖို့ပဲတဲ့။ ဒုက္ခသစ္စာတရားတွေကိုပိုင်းခြားပြီး သိအောင်လို့ အားထုတ်ကြဖို့ပဲတဲ့။ ဒုက္ခသစ္စာ တော်တော်လည်း စုံသွားပြီ။နောက်တစ်ရက်ကျလို့ရှိရင် သမုဒယသစ္စာ ဟောရမယ်။

ဤသစ္စာလေးပါးတရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝန ကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မြတ်စွာဘုရားဟောကြားတော်မူအပ်သော ဒေသနာတော်အတိုင်း အကျယ်အားဖြင့် တစ်ဆယ့်တစ်ပါးသော ဒုက္ခ, အကျဥ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာတရားတွေကို ပိုင်းခြားသိအောင် ရှုမှတ်အားထုတ်နိုင်ကြ၍ ထိုထိုသော သစ္စာတရားတွေကို ပိုင်းခြားသိသောအားဖြင့် သမုဒယသစ္စာတရားကို ပယ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် မဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သောနိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

သာဓု၊ သာဓု၊ သာဓု။