သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
ဉာဏ် ဆုံးတဲ့အခါမှာ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာတော့ ရုပ်နာမ် ဖြစ်ပျက်တဲ့အစဥ်ပြတ်ပြီးတော့ ငြိမ်းသွားတာကို တွေ့တယ်တဲ့။
ရွေ့လျောသေခြင်း ကင်းရှင်းပေသည် (ရသ)
အဲဒီ ငြိမ်းတဲ့သဘောမှာ ဘယ်လိုသတ္တိ ရှိသလဲ, ဘယ်လိုဂုဏ် ရှိသလဲဆိုရင်ဒီတရားဟာ ရွေ့လျောခြင်း, သေခြင်း, ပျက်စီးခြင်း မရှိဘူးတဲ့။
ရွေ့လျောသေခြင်း၊ ကင်းရှင်းပေသည်။
ဒီ့ပြင်တရားတွေကတော့ လောကအနေအားဖြင့် လူတစ်ယောက်ဟာ မွေးဖွားလာတယ်, တော်တော်ကြာ သေတယ်, ဒီလို ရှိတာကိုး။ ဖြစ်ပေါ်လာလိုက် ပျောက်သွားလိုက်, တစ်ချို့ ရက်ပိုင်းလောက်နေပြီး သေသွားတယ်, တစ်ချို့ လပိုင်းလောက်, တစ်ချို့နှစ်ပိုင်း စသည်ဖြင့်ပေါ့လေ, သူ့အချိန်ကျရင် ပျောက်သွားတာပဲ, အစနဲ့အဆုံး ရှိတယ်။
ယောဂီပုဂ္ဂိုလ် ဝိပဿနာဉာဏ်နဲ့ တွေ့နေတဲ့ ဒီရုပ်နာမ်တွေမှာလည်း အစအဆုံးလေးတွေ အပိုင်းအပိုင်းလေးတွေ ရှိတယ်, စပေါ်လာလိုက် ဆုံးသွားလိုက်, စပေါ်လာလိုက် ဆုံးသွားလိုက်, ဘယ်ဟာမဆိုပဲ အစအဆုံးတွေ ရှိတယ်။
အဲဒီ ချုပ်ငြိမ်းတဲ့နိဗ္ဗာန် တွေ့တဲ့အခါကျတော့ သူက အစအဆုံး မရှိဘူး, ငြိမ်းတာလေးရဲ့ အစလေးလည်း ရှာလို့မရဘူး, အဆုံးလည်း ရှာလို့မရဘူး။ နောက်ပြန်စဥ်းစားလို့လည်း မပေါ်ဘူး, ငြိမ်းတော့ငြိမ်းတာပဲ ရှိတယ်။ ရဟန္တာပုဂ္ဂိုလ်တွေ ပရိနိဗ္ဗာန် စံပြီးတဲ့နောက် ရုပ်နာမ်သင်္ခါရတွေ ဘာမှ မဖြစ်လာဘဲနဲ့ ငြိမ်းသွားတယ်ဆိုတာလည်းပဲ ဘယ်ကစတယ်, ဘယ်မှာ ဆုံးတယ်လို့ မဟုတ်ဘူး။ ပရိနိဗ္ဗာန်ပြုတဲ့ အခါကာလက စတာပဲလို့ဆိုစရာရှိတာပေါ့, ဒါပေမယ်လို့ အဲဒီတုန်းက စငြိမ်းတယ်လို့လည်း မဟုတ်သေးဘူး,ငြိမ်းတဲ့သဘောကတော့ အစဥ်ထာဝရ ရှိနေတာပဲ, အငြိမ်းဓာတ်ဆိုတဲ့ သဘောကတော့အဲဒီအခါကာလမှာ ရုပ်နာမ်အသစ် မဖြစ်ပေါ်လာလို့သာ ငြိမ်းတဲ့သဘောက အစဥ်ထာဝရ ရှိနေတယ်တဲ့, နောင်လည်း သူက မပျက်တော့ဘူး။
အစ္စုတိရသံ။
အစ္စုတိရသံ, နိဗ္ဗာန်ရဲ့ရသပဲ။ အစ္စုတိဆိုတာ မရွေ့လျောဘူး, မစုတေဘူး, မသေဘူး။ ရွေ့လျောတယ်, စုတေတယ်ဆိုတာ သေတာကို ပြောတာပဲ။ သေတာဟာ ပျက်
တာပဲ, ဖြစ်ပြီးသား တရားတစ်ခု ပျောက်သွားတာကို ပျက်တယ်လို့ ခေါ်တယ်, အဲဒါကိုသေတယ်လို့လည်း ခေါ်တယ်။ အခု ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာနဓာတ်ကတော့ အစကတည်းက ဖြစ်တဲ့သဘော မဟုတ်ပဲဟာကိုး, ဖြစ်တဲ့သဘော မဟုတ်တော့ ပျောက်တဲ့သဘောလည်း မဟုတ်ဘူး, နိဗ္ဗာန်က ငြိမ်းတဲ့သဘောဆိုတော့ ငြိမ်းတာက ထပ်ပြီးငြိမ်းလို့ မရတော့ဘူး, ဒါကြောင့်မို့ ဒီငြိမ်းတဲ့သဘောမှာတော့ ရွေ့လျောခြင်း, သေခြင်း,ပျက်ခြင်း မရှိဘူးတဲ့။ ယောဂီပုဂ္ဂိုလ် နိဗ္ဗာန်ကို တွေ့တဲ့အခါမှာလည်း ဒီငြိမ်းတဲ့သဘောမှာ အစနဲ့အဆုံးနဲ့ မတွေ့ရဘူး။
သဏ္ဌာန်နိမိတ် ကင်းဆိတ်ထင်သည် (ပစ္စုပဋ္ဌာန်)
အနိမိတ္တပစ္စုပဋ္ဌာနံ။
နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ အနိမိတ္တပစ္စုပဋ္ဌာနံ- နိမိတ်ပုံသဏ္ဌာန် ကင်းသောအားဖြင့်ယောဂီဉာဏ်၌ ရှေးရှုထင်၏။
ယောဂီပုဂ္ဂိုလ်မှာ နိဗ္ဗာန်တွေ့တဲ့အခါ ပုံသဏ္ဌာန် အထည်ဒြပ် ရွေ့လျောခြင်း မရှိတဲ့အနေအားဖြင့် ထင်ရှားပါတယ်တဲ့။ နိဗ္ဗာန်ကို တွေ့ပြီးသားပုဂ္ဂိုလ်က မိမိတွေ့ထားတဲ့နိဗ္ဗာန် နောင် ပြန်စဥ်းစားလို့ရှိရင် ပုံသဏ္ဌာန်အထည်ဒြပ်, အရိပ်နိမိတ်, ဘာမှ ရှာမတွေ့တဲ့အနေအားဖြင့် ထင်ရှားတယ်တဲ့။
ငြိမ်းတဲ့သဘောမှာ နိမိတ်ပုံသဏ္ဌာန် ဘယ်ရှိလိမ့်မှာတုံး, လောကအနေအားဖြင့်ဆိုရင် ပုံသဏ္ဌာန် အထည်ဒြပ်တွေက ရှိနေတာပဲ။ ယောကျာ်း မိန်းမ ပုံသဏ္ဌာန်, လက်ခြေ ပုံသဏ္ဌာန်, သစ်ပင် တောတောင်စသည်ဖြင့် ပုံသဏ္ဌာန်အထည်ဒြပ်အနေနဲ့ ထင်ရှားနေတာပဲ။
ယောဂီပုဂ္ဂိုလ်မှာ ဝိပဿနာဉာဏ်ဖြစ်တော့ ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်လေးတွေဟာ အပြတ်အပြတ်ကလေးတွေနဲ့ပဲ, အစနဲ့ အဆုံးလေး, ပူရင်လည်း ပူတဲ့အထည်ကိုယ်လေး, အေးရင် အေးတဲ့အထည်ကိုယ်လေး ရှိတယ်, စိတ်ကူးကြံရင် ကြံတဲ့သဘောလေး, အာရုံဆီ ရောက်သွားရင် ရောက်သွားတဲ့သဘောလေး, အာရုံအကောင်းအဆိုးခံစားရင် ခံစားတဲ့သဘောလေး, ဒါတွေ အစနဲ့အဆုံးနဲ့ သင်္ခါရနိမိတ်တွေ ထင်ရှားတယ်။
အရိယာမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့တော့ အဲဒီအထည်ကိုယ်လေး ရှာလို့မရဘူးတဲ့, ငြိမ်းသွားတဲ့သဘောဆိုတော့ အထည်ကိုယ် မရှိဘူး, အထည်ဝတ္ထု ရှာလို့ မရဘူး။
မိလိန္ဒမင်းက “အရှင်ဘုရား နိဗ္ဗာန်ဆိုတာဟာ ဘယ်လိုပုံသဏ္ဌာန် ရှိပါသလဲတဲ့,အရှင်ဘုရားတို့ နိဗ္ဗာန်ကို ကောင်းတယ်လို့ ဆိုတယ်, နိဗ္ဗာန်ကို အမြတ်ဆုံးလို့ ဆိုတယ်,ပုံသဏ္ဌာန် ဘယ်လိုနေတုံး, ဘယ်လိုအရောင်အဆင်းတွေ ရှိပါတုံး, ဘာနဲ့များ တူပါတုံး,ဥပမာပေးလို့များ ရပါသလား” လို့ မေးတော့ ရှင်နာဂသိန်က ပြန်ကြားတယ်။
နိဗ္ဗာန်ဆိုတာဟာ-တဲ့, ပုံသဏ္ဌာန် အထည်ဒြပ် မရှိပါဘူး, တိုတိုလည်း မဟုတ်,ရှည်ရှည်လည်း မဟုတ်, လုံးလုံးလည်း မဟုတ်, ပြားပြားလည်း မဟုတ်, ဝိုင်းဝိုင်းလည်းမဟုတ်, ဘာမှ ပုံသဏ္ဌာန်အထည်ဒြပ် မရှိဘူး, အရောင်အဆင်းအားဖြင့်လည်း အဖြူ,အပြာ, အဝါ စသည်ဖြင့် ဘာအရောင်အဆင်းမှ မရှိဘူးတဲ့, ထပ်တူထပ်မျှ နှိုင်းယှဥ်ပြစရာ ဥပမာလည်းပဲ မရှိဘူးတဲ့, အဲဒီလို ဖြေကြားပါတယ်။
တခြားက နိဗ္ဗာန်တွေတော့ ပုံသဏ္ဌာန် ရှိတာပေါ့, ကောင်းကင်လို နိဗ္ဗာန်တွေရှိပါတယ်။ မဟာယာနက နိဗ္ဗာန်တောင်မှပဲ သိပ်ကောင်းတယ်ဆိုတာကိုး, သူ့နိဗ္ဗာန်ကဝင်းဝင်းတောက်ပြီးတော့ ကောင်းနေတယ်, ဥယျာဥ်တွေများဆိုလည်း တယ်ကောင်းဆိုပဲ, သစ်ပင်တွေ, မြစ်တွေ, ချောင်းတွေများ အရောင်အဆင်းတွေနဲ့ တယ်ကောင်းဆိုပဲ။သူ့နိဗ္ဗာန်ကတော့ စိတ်ကူးနိဗ္ဗာန်ကိုး။
နိဗ္ဗာန်အစစ် ဆိုလို့ရှိရင် ပုံသဏ္ဌာန်အထည်ဒြပ်တွေ ဘယ်ရှိနိုင်လိမ့်မှာတုံး,ရုပ်နာမ်သင်္ခါရတွေ ငြိမ်းသွားတာပဲ။ ဥပမာ မီးစာတွေ ရှိလို့ မီးတွေ တဟုန်းဟုန်းနဲ့တောက်လောင်နေတယ်, အဲဒီမီးစာတွေ ကုန်သွားရင် မီး မတောက်နိုင်တော့ဘူး, ငြိမ်းသွားတယ်။ မီးတောက်ကတော့ ပုံသဏ္ဌာန် ရှိတယ်, ငြိမ်းတာက ပုံသဏ္ဌာန် မရှိဘူး။
အဲဒါလိုပဲ သတ္တဝါတွေ၏သန္တာန်မှာ အဝိဇ္ဇာ တဏှာ အစရှိသော အကြောင်းကိလေသာတွေကြောင့် အကျိုးကံတွေ ဖြစ်, ကံကနေပြီး ဘဝသစ် ရုပ်နာမ်ခန္ဓာတွေဖြစ်တယ်, ဖြစ်ရာဘဝမှာ ဇာတိ ဇရာ စသောဒုက္ခတွေကြောင့် ဘဝအသစ်ဖြစ်ရတဲ့ဆင်းရဲ, အိုရတဲ့ဆင်းရဲ, နာရတဲ့ဆင်းရဲ, သေရတဲ့ဆင်းရဲ စသည်ဖြင့် ဆင်းရဲအမျိုးမျိုးတွေရောက်ပြီးတော့နေတယ်, ကိလေသာကံတွေ မရှိတော့ ဘဝသစ်ရုပ်နာမ်တွေ မဖြစ်ဘဲနဲ့ငြိမ်းသွားတာဆိုတော့ ပုံသဏ္ဌာန် ဘယ်မှာ ရှိလိမ့်မှာတုံး။
ယောဂီပုဂ္ဂိုလ်လည်း ဒီအတိုင်း တွေ့တာပဲ, ပုံသဏ္ဌာန် မရှိ, ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေ မရှိဘူး။ ဖြစ်ပျက်နေတဲ့ သဘောတွေကို လုံးဝ ဆိတ်သုဥ်းငြိမ်းနေတဲ့သဘောနိဗ္ဗာန်ပဲ, ပုံသဏ္ဌာန်အထည်ဒြပ် မရှိသောအားဖြင့် ယောဂီပုဂ္ဂိုလ် တွေ့ရပါတယ်တဲ့။
သဏ္ဌာန်နိမိတ်, ကင်းဆိတ်ထင်သည်။
ပုံသဏ္ဌာန်အထည်ဒြပ် အရိပ်နိမိတ် ကင်းဆိတ်နေသောအားဖြင့် ထင်သည်-တဲ့။အသံမရှိတဲ့နေရာ သွားပြီး နားထောင်နေရင် ဘာသံမှ မကြားရသလိုပဲ, ဆိတ်သုဥ်းနေတယ်။ ညဥ့်အခါကာလ မှောင်ထဲ ကြည့်လိုက်ရင် ဘာမှ မမြင်ရသလိုပဲ, ဆိတ်သုဥ်းနေတယ်။ အဲဒါလိုပဲ ပုံသဏ္ဌာန်အထည်ဒြပ်တွေ ဘာမှ မရှိဘူးတဲ့, အရိယာမဂ်ဉာဏ်နဲ့နိဗ္ဗာန်ကို မျက်မှောက်တွေ့တဲ့အခါမှာ ဖြစ်ပျက်တဲ့ရုပ်နာမ်တွေ တစ်ခါတည်း ယူပစ်လိုက်သလို ငြိမ်းသွားတာ, ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေရော ရှုမှတ်သိပြီးတော့ နေတဲ့နာမ်တရားတွေရော ပျောက်ပြီးတော့ ငြိမ်းသွားတယ်, အဲဒါ ရုပ်နာမ်သင်္ခါရတွေ လုံးဝဆိတ်သုဥ်းသွားတာ, ငြိမ်းသွားတာ, ပုံသဏ္ဌာန်အရိပ်နိမိတ် ဘာမှ မရှိသောအနေအားဖြင့် ထင်ရှားပါတယ်တဲ့။ နိဗ္ဗာန်ကို တွေ့ရင် ဒီအတိုင်း တွေ့ရမှာကိုး။
ရုပ်နာမ်ဖြစ်ပျက်, ပြတ်လျက်ငြိမ်းသည်။
ရွေ့လျောသေခြင်း, ကင်းရှင်းပေသည်။
သဏ္ဌာန်နိမိတ်, ကင်းဆိတ်ထင်သည်။
နိဗ္ဗာန, ရောက်က သိမြင်သည်။
နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးပဲ
နိဗ္ဗာန်ရောက်ရင် အဲဒီအတိုင်း တွေ့ရ, သိရ, မြင်ရမယ်တဲ့, အဲဒီလို တွေ့မြင်သိလို့ရှိရင် ဒါ နိရောဓသစ္စာ- နိဗ္ဗာန်ပဲ, နိဗ္ဗာန်ဟာ ချမ်းသာထဲမှာ အကောင်းဆုံးပဲတဲ့။
နိဗ္ဗာနံ ပရမံ သုခံ။
နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ ပရမံ- အမြတ်ဆုံးသော၊ သုခံ- ချမ်းသာတည်း။ နိဗ္ဗာန်ထက်ကောင်းတဲ့ချမ်းသာ မရှိဘူး, ဒီချမ်းသာဟာ အကောင်းဆုံးပဲ။
ပုထုဇဥ်ပုဂ္ဂိုလ်တွေက ကာမအာရုံ ခံစားတာကို ချမ်းသာလို့ ထင်ကြတယ်
ကာမဘုံသား သတ္တဝါတွေကတော့ ကာမအာရုံတွေနဲ့ ခံစားနေရတာ အကောင်းဆုံးလို့ ထင်နေတယ်, ဒါက ခံစားပြီးတော့ နေရတဲ့ချမ်းသာ ဝေဒယိတသုခလို့ ခေါ်တယ်။ ခံစားတဲ့ချမ်းသာကတော့ ဖြစ်ပေါ်နေတဲ့အခါ ချမ်းသာတယ်လို့ ထင်ရတယ်,ပျောက်သွားတဲ့အခါမှာ မချမ်းသာဘူး, ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်လေးပဲ ကောင်းတယ်လို့ ထင်ရတယ်, အဲဒီ အခိုက်အတန့်လေး ရအောင်လို့ ရှာမှီးရတဲ့အခါ ဒုက္ခတွေအများကြီး ရောက်နေတယ်။
အမြဲတမ်း ပြုပြင်ပေးနေရတဲ့ချမ်းသာ, သင်္ခါရဒုက္ခပဲတဲ့, ချမ်းသာမှု တစ်ခုဖြစ်အောင် အင်မတန် အားထုတ်ရတယ်, သေသေချာချာ စဥ်းစားရင် သေသေချာချာဟုတ်တယ်, အစားအသောက်နဲ့စပ်ပြီး ကောင်းကောင်းလေး ရအောင်လို့ စောစောကတည်းက ရှာရတယ်, ရှာပြီးတော့ ချက်ရ ပြုတ်ရတယ်, တယ် မသက်သာဘူး။ ချက်ပြုတ်ပြီးသား စားရတာလေးတောင်မှ စားတဲ့အခါကာလ ပြုပြင်အားထုတ်ရသေးတာပဲ,စားလို့ ကောင်းတာက ဘယ်လောက်မှ မကြာဘူး, ပါးစပ်ထဲ ဝါးပြီးတော့ လျှာပေါ်မှာချိုတစ်ချက် ချဥ်တစ်ချက်, ဒီလို အရသာတွေတော့ ပေါ်သွားတာပေါ့လေ, စကားတပြောပြောနဲ့ ဖြစ်စေ, စကားမပြောလည်း စိတ်ကူးတွေနဲ့ ဖြစ်စေ, စားသောက်နေတော့လျှာပေါ်က အရသာတောင် တစ်ခါတစ်ခါ သိပ်ပြီး သိလိုက်တာ မဟုတ်ဘူး။
ထို့အတူပဲ မြင်လို့ ကောင်းပါတယ် ဆိုတာလည်း မြင်တုန်းလေးပဲ, အမြဲတမ်းမြင်နေရင်လည်း ကောင်းမှာ မဟုတ်ဘူး, တစ်ခါတစ်ရံ မြင်ရလို့သာ ကောင်းတာ, အမြဲသာ ကြည့်ရ မြင်နေရလို့ရှိရင် ဘယ်ကောင်းမလဲ, ပန်းပွင့်တစ်ပွင့် သိပ်လှပါတယ်,မျက်စိမမှိတ်ဘဲ ဘယ်လောက်ကြာအောင် ကြည့်နိုင်မလဲ, ဘယ်လောက်မှ မကြည့်နိုင်ဘူး, တော်တော်ကြာတော့ မျက်စိက ညောင်းလာတော့ ပင်ပန်းလာမယ်။ ခဏသာကောင်းတယ် ထင်တယ်, အမြဲတမ်း ကြည့်နေရမယ်ဆို အင်မတန် ဒုက္ခရောက်မယ်။
ဆေးလိပ်သောက်တတ်တဲ့ပုဂ္ဂိုလ်က ဆေးလိပ်သောက်တာဟာ ကောင်းနေတယ်,သူက ကြိုက်နေတာကိုး, ဆေးလိပ်မသောက်တတ်တဲ့ပုဂ္ဂိုလ် သောက်ကြည့်စမ်းပါဆိုရင်ဘယ်သောက်နိုင်လိမ့်မတုံး။
ကြိုက်တတ်တဲ့ သဘော မရှိရင် ဘာမှ ကောင်းလှတယ် မရှိဘူး။ အဲဒီကြိုက်တတ်တဲ့ သဘောလေးကို နုတ်လိုက်လို့ရှိရင် လောကထဲမှာ ကောင်းပါတယ် ဆိုတာတွေကဘာမှ မကောင်းတော့ဘူးတဲ့, ကြိုက်တဲ့သဘောလေးက ဘာတုံး, တဏှာပဲ။ တဏှာဆိုတဲ့ သာယာတပ်မက်မှုလေး ရှိနေသမျှကာလပတ်လုံး ဒုက္ခရောက်နေတာပဲ, အဲဒီတဏှာလေး ငြိမ်းသွားလို့ရှိရင် အဲဒါ နိဗ္ဗာန်ပဲ။ ဒီတဏှာကြောင့် ဒုက္ခရောက်နေကြတယ်။
ပုထုဇဥ်တို့ရဲ့ ချမ်းသာကို အရိယာတို့က ဆင်းရဲလို့ ဆိုတယ် ယံ ပရေ သုခတော အာဟု၊ တဒရိယာ အာဟု ဒုက္ခတော။ ယံ ပရေ ဒုက္ခတော အာဟု၊ တဒရိယာ သုခတော ဝိဒူ။
ယံ- အကြင်တရားကို၊ အပရေ- တစ်ပါးသော ပုထုဇဥ်ပုဂ္ဂိုလ်တို့သည်၊ သုခတော-ချမ်းသာဟု၊ အာဟု- ဆိုကြကုန်၏၊ တံ- ထိုပုထုဇဥ်ပုဂ္ဂိုလ်လူများစုတို့က ချမ်းသာဟုဆိုရတဲ့တရားကို၊ အရိယာ- အရိယာသခင်အရှင်မြတ်တို့သည်၊ ဒုက္ခတော- ဆင်းရဲဟူ၍၊အာဟု- ဆိုကြကုန်၏။
လောကသား ပုထုဇဥ်အများက ချမ်းသာတယ်, ကောင်းတယ်လို့ ထင်တာတွေဟာ အရိယာတို့ရဲ့အမြင်နဲ့ ကြည့်လို့ရှိရင် ဆင်းရဲချည်းပဲတဲ့။ ဘာပြုလို့တုံးဆို ပုထုဇဥ်တွေကတော့ သူကြိုက်တတ်လို့ ကောင်းနေတာကိုး, အရိယာတွေက ကြိုက်မှ မကြိုက်တတ်တော့ပဲ, ကြိုက်တတ်တဲ့တဏှာ မရှိဘူး, သာယာတဲ့တဏှာ မရှိဘူး။ သာယာတဲ့တဏှာ မရှိတော့ မကောင်းဘူးပေါ့, ဆေးလိပ် မကြိုက်တတ်တဲ့ပုဂ္ဂိုလ်က နေကြည့်ရင်ဆေးလိပ်သောက်တာ ဒုက္ခတွေ များနေတာပဲပေါ့။
အဲဒါလိုပဲ၊ အာရုံ ၆-ပါးတွေမှာ ဆာလောင်တဲ့တဏှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေကကောင်းတယ်လို့ ထင်ပေမယ့် အာရုံ ၆-ပါး ဆာလောင်မှုတဏှာ ကင်းနေတဲ့ အရိယာရဟန္တာတွေကျတော့ မကောင်းဘူး, ဆင်းရဲတွေပဲ, ဒုက္ခတွေပဲတဲ့။
အခု လူဖြစ်ပြီးတော့ ချမ်းသာနေပါတယ်, ခံစားနေရပါတယ် ဆိုတာတွေကိုကိုယ်က ကြိုက်တတ်လို့သာ ဒီအာရုံတွေကို ခံစားနေတာပဲ။ ကြိုက်တတ်တဲ့ နှစ်သက်တတ်တဲ့ သာယာတတ်တဲ့ တဏှာလေး မိမိသန္တာန်မှာ မရှိတော့ဘူးဆိုရင် လူဖြစ်နေတာသက်သက်ဒုက္ခရောက်နေတာတွေပဲ, ဆင်းရဲတွေပဲလို့ အရိယာတွေက ဆိုကြတယ်တဲ့။
နိဗ္ဗာန်တရားကို ပုထုဇဥ်တို့က ဆင်းရဲလို့ ဆိုကြတယ် ယံ ပရေ ဒုက္ခတော အာဟု၊ တဒရိယာ သုခတော ဝိဒူ။
ယံ- အကြင်ကိလေသာငြိမ်းခြင်း, ခန္ဓာငြိမ်းခြင်း အစရှိသောသဘောကို၊ အပရေ-အရိယာမှတစ်ပါးသော ပုထုဇဥ်လူများစုတို့သည်၊ ဒုက္ခတော- ဆင်းရဲဟူ၍၊ အာဟု-ဆိုကြကုန်၏၊ တံ- ထိုကိလေသာငြိမ်းခြင်း ရုပ်နာမ်ခန္ဓာငြိမ်းခြင်း သဘောကို၊ အရိယာ-အရိယာအရှင်မြတ်တို့သည်၊ သုခတော- ချမ်းသာဟူ၍၊ ဝိဒူ- သိမြင်ကြလေကုန်၏။
ပုထုဇဥ်လူများစုတွေက ငြိမ်းတဲ့သဘောကို ဆင်းရဲတယ်လို့ ထင်နေတယ်တဲ့,ကိလေသာငြိမ်းတာတွေ, ရုပ်နာမ်ခန္ဓာငြိမ်းတာတွေကို ကောင်းတယ်လို့ မထင်ဘူး,ကိလေသာတွေ ဖြစ်နေရတာက ကောင်းတယ်လို့ ထင်တယ်။
ပုထုဇဥ်အနေက ရုပ်နာမ်ခန္ဓာတွေ ဘဝအသစ်တွေ မဖြစ်ဘဲနဲ့ ငြိမ်းနေတယ်ဆိုတာ အင်မတန်ကို ကြောက်စရာကောင်းတယ်လို့ ထင်တယ်။ ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ရုပ်နာမ်ခန္ဓာတွေ ငြိမ်း, ဘဝအသစ်တွေ ဘယ်မှ မဖြစ်ရတော့ဘူးဆိုတော့ ဘာမှမကောင်းဘူးဆိုပြီးတော့ အပြစ်မြင်ကြတယ်။
အရိယာပုဂ္ဂိုလ်တွေကတော့ ကိလေသာခန္ဓာတွေ ငြိမ်းသွားတယ်, ကိလေသာတွေမရှိဘူးဆိုတာ ကောင်းတာပေါ့, ကိလေသာတွေကြောင့် ဒုက္ခရောက်နေတာပဲ။ သာယာမှု တဏှာတွေ ရှိနေလို့ ဒီသာယာမှုတွေကြောင့် ဒုက္ခရောက်နေတယ်။ သာယာမှုတဏှာကနေပြီး မင်း ဘယ်သွားလိုက်ဦး, ဘာလုပ်လိုက်ဦး, ဘာပြောလိုက်ဦးလို့ မဆိုသော်လည်း ဆိုသကဲ့သို့ တဏှာက ခိုင်းနေတယ်။ တဏှာက လိုချင်အားကြီးလာပြီဆိုရင် သိပ်ခိုင်းတာ, မလုပ်ချင်လို့ မနေရဘူး, မတော်တာတွေ ပြောဆိုမိလို့ရှိရင်လည်းအရှက်ကွဲတတ်သေးတယ်, ရာဇဝတ်မှုတွေ သွားကျူးလွန်လို့ရှိရင် ရာဇဝတ်မှုပြစ်ဒဏ်တွေလည်း သင့်တတ်သေးတယ်, လောကတွင်ပဲ အလွန်ဒုက္ခရောက်ပါတယ်။ နောင်သံသရာကျတော့ ဒုက္ခတွေ မုချ တွေ့ရမှာပဲ။
အဲဒါကြောင့် တဏှာဆိုတဲ့ သာယာမှုကလေး ရှိနေရင် သာယာမှုနောက် လိုက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေရတာ ဒုက္ခရောက်နေတာပဲတဲ့။ အဲဒီတော့ ဒီသာယာမှုအစရှိသော ကိလေသာတွေဟာ မကောင်းတဲ့ တရားဆိုးတွေပဲ, အဲဒါတွေ ကိုယ်ထဲကနုတ်ပစ်လိုက်လို့ ရှိရင်တော့ ငြိမ်းသွားတာပဲ။ ရဟန္တာပုဂ္ဂိုလ်တွေမှာ အင်မတန် ငြိမ်း
အေးတယ်, အနာဂါမ်လောက်ဆိုရင်ကို အတော်ငြိမ်းအေးနေပြီ။ အနာဂါမ်ဆိုလို့ရှိရင်ကာမရာဂ မရှိဘူး, ဗျာပါဒ မရှိဘူး။ ကာမရာဂ မရှိတဲ့အတွက် ကာမအာရုံတွေနဲ့စပ်ပြီးတော့ သာယာတောင့်တမှု မရှိဘူး, မရသေးတဲ့ ကာမအာရုံတွေ ရဖို့ရာ အလိုမရှိဘူး,ရပြီးသားကာမအာရုံတွေ ထိန်းသိမ်းထားဖို့ရာတွေ မရှိဘူး။ ကာမအာရုံနဲ့စပ်ပြီးတော့သာယာနှစ်သက်မှု, တွယ်တာမှု, တောင့်တမှု, ကြောင့်ကြမှု, ဘာမှ မရှိဘူး, အကုန်အေးချမ်းပြီးနေတာပဲ။ ဗျာပါဒ ဒေါသမရှိတဲ့အတွက် စိတ်ဆိုးစရာအာရုံတွေနဲ့ ဘယ်လိုပဲတွေ့တွေ့ စိတ်လည်း မဆိုးဘူး, စိတ်ထဲမှာ အေးချမ်းပြီးတော့ နေတယ်။
အခု ယောဂီများ အမှတ်ကောင်းနေတဲ့အခါ ကိုယ်ထဲမှာ ညောင်းညာ ကိုက်ခဲမှု,နာကျင်မှု, ရောဂါဝေဒနာဖြစ်မှု စသည်ရှိတဲ့အခါမှာ အမှတ်ကလေးနဲ့ မှတ်နေတော့ဒုက္ခတွေ ရှိနေပေမယ့် ကိလေသာတွေက နောက်က မလိုက်တော့ဘူး။ ကိုယ်ထဲကဖြစ်နေတဲ့ မခံသာတဲ့ ဒုက္ခတွေက တခြား, သိတဲ့စိတ်ကလေးက တခြား, မရောဘူး။ဒုက္ခတွေ ရှိနေပေမယ့် စိတ်ညစ်ခြင်း, စိတ်ပျက်ခြင်း, နှလုံးမသာခြင်း, စိတ်ပူပန်ခြင်း,စိတ်ဆင်းရဲခြင်းတွေကို နောက်က လိုက်မလာဘူး, စိတ်ကလေးက အေးနေတယ်, အဲဒါအင်မတန် နေရာကျတယ်။ ဒါက ယောဂီပုဂ္ဂိုလ် ဝိပဿနာရှုနေတုန်း ဒေါသကိလေသာငြိမ်းပြီးတော့နေတာ, အဲဒါကြောင့် ငြိမ်းနေတဲ့ဥစ္စာဟာ မျက်မှောက်တွင်ကို အင်မတန်ကောင်းနေပါတယ်။
ငြိမ်းတယ်ဆိုတာ မြင်မှု, ကြားမှု, သိမှု, ရုပ်နာမ်ခန္ဓာတွေ လုံးဝဆိတ်သုဥ်းပြီးဘာမှမဖြစ်ဘဲ နေတယ်ဆိုရင် အကောင်းဆုံးပဲ, ဒါကြောင့်မို့ ရဟန္တာပုဂ္ဂိုလ်တွေ နိရောဓသမာပတ် ဝင်စားကြတာ။ နိရောဓသမာပတ် ဝင်စားတဲ့အခါကာလကျတော့ ဘာမှမြင်တာလည်း မရှိဘူး, ကြားတာလည်း မရှိဘူး။ နံတာ, စားတာ, တွေ့ထိတာ, စိတ်ကူးစဥ်းစားကြံစည်တာ ဘာမှ မရှိဘူး။ အသိတွေ အကုန်လုံး ချုပ်ငြိမ်းနေတယ်, စိတ်နဲ့စိတ္တဇရုပ်တွေက ဘာမှ မရှိဘဲနဲ့ ငြိမ်းပြီးတော့နေတယ်။ အဲဒါဟာ အခိုက်အတန့်အားဖြင့် နိဗ္ဗာန်၏အရသာကို ခံစားနေတာတဲ့, ပရိနိဗ္ဗာန်စုတိက နောက်ကာလမှာတော့ရုပ်နာမ်တွေ မဖြစ်ဘဲနဲ့ ငြိမ်းပြီးတော့ နေတယ်။ ဘဝအသစ် မဖြစ်ရလို့ မဆင်းရဲရဘူး,မအိုရဘူး, မနာရဘူး, မကျန်းမမာ ရောဂါဝေဒနာတွေဆိုတာ မဖြစ်ရဘူး, သူတစ်ပါးကနှိပ်စက်မှု ညှဥ်းပန်းမှုတွေ မဖြစ်ရဘူး, ရှာမှီးမှုတွေ မဖြစ်ရဘူး, ပင်ပန်းဆင်းရဲမှုတွေမဖြစ်ရဘူး, စိုးရိမ်ပူဆွေးမှုတွေ မဖြစ်ရဘူး, ဆင်းရဲတွေ အကုန်လုံး ငြိမ်းနေတာကိုး။
အဲဒါ ကိလေသာတွေ, ဆင်းရဲတွေ, ခန္ဓာတွေ ငြိမ်းနေတာ, ချမ်းသာကို မခံစားရဘဲနဲ့ ချမ်းသာနေတာ “အဝေဒယိတသုခ”ခေါ်တယ်။ မခံစားရဘဲနဲ့ ကိလေသာခန္ဓာတွေအစဥ်ထာဝရလည်း ငြိမ်းသွားတယ်။
အကြောင်းဖြစ်တဲ့ ကိလေသာငြိမ်းမှ ရုပ်နာမ်ခန္ဓာ ငြိမ်းမယ်
နိဗ္ဗာနံ ပရမံ သုခံ။
နိဗ္ဗာနံ- နိဗ္ဗာန်သည်၊ ပရမံ- အမြတ်ဆုံးသော၊ သုခံ- ချမ်းသာပေတည်း။နိဗ္ဗာန်ဟာ အကောင်းဆုံးပဲလို့ ဒီလို ဟောထားတာကိုး, ဒါကြောင့်မို့ အရိယာပုဂ္ဂိုလ်တွေက အဲဒီနိဗ္ဗာန်ကို ချမ်းသာအနေအားဖြင့် မြင်ကြပါတယ်တဲ့။ နိဗ္ဗာန်ကို ချမ်းသာအနေအားဖြင့် မြင်နိုင်မှ အရိယာအမြင်ကို ရောက်မယ်, နိဗ္ဗာန်ကို ချမ်းသာအနေအားဖြင့် မမြင်နိုင်သေးလို့ရှိရင် ဒါက ပုထုဇဥ်နယ် ရှိသေးတာပဲ။ လောကဘက်က ပိုပြီးတော့ချမ်းသာတယ်, ကောင်းတယ်လို့ ထင်နေသေးလို့ရှိရင်တော့ ပုထုဇဥ်နယ်ကပဲ ရှိသေးတယ်။ နိဗ္ဗာန်က ပိုပြီးတော့ ကောင်းတယ်, နိဗ္ဗာန်ဟာ အကောင်းဆုံးပဲ, ငြိမ်းနေတာအကောင်းဆုံးပဲလို့ ထင်နိုင်မြင်နိုင်လို့ရှိရင်တော့ ဒါ အရိယာနယ်ဘက်က ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ ခု နိရောဓသစ္စာဆိုတာကတော့ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်တရားကိုး။
အဲဒီ နိဗ္ဗာန်တရားဟာ ရုပ်နာမ်ခန္ဓာတွေ ငြိမ်းတယ်ဆိုပေမယ်လို့ အကြောင်းဖြစ်တဲ့ ကိလေသာက ငြိမ်းမှပဲ အကျိုးတရားဟာ ငြိမ်းပါတယ်တဲ့, ရုပ်နာမ်ခန္ဓာတွေဆိုတာက အကျိုးတရား, ကိလေသာက အကြောင်း, ကိလေသာငြိမ်းမှ ခန္ဓာတွေ ငြိမ်းတယ်တဲ့,ကိလေသာ မငြိမ်းရင် ခန္ဓာ မငြိမ်းဘူး။
ဥပမာအားဖြင့် သစ်ပင်ကြီးတစ်ပင်ကို အလိုမရှိရင် ဒီသစ်ပင်ကို အမြစ်ကနေပြီးတော့ အကုန်လုံး တူးဖြိုဖျက်ပြီးတော့ ပယ်ရလိမ့်မယ်, ဒီလိုမဟုတ်ဘဲနဲ့ အပေါ်ဘက်ရှိတဲ့ အကိုင်းအခက်တွေ ခုတ်နေရုံနဲ့ကတော့ ဒီအပင်ကြီးက မပျောက်နိုင်ဘူး။ အမြစ်ပါတူးပစ်မှ အကုန်လုံး ပျောက်ပြီး သွားမယ်။
သတ္တဝါတွေ၏သန္တာန်မှာ ဇာတိဒုက္ခ အစရှိသော ဆင်းရဲတွေဟာ သမုဒယသစ္စာက လာတာ, ဒီ သမုဒယ အရင်းအမြစ်ကို နုတ်လိုက်ပယ်လိုက်မှ ငြိမ်းသွားမှာတဲ့။ ဒီလိုငြိမ်းသွားမှ နိရောဓဆိုတဲ့ နိဗ္ဗာန်က ဖြစ်တာကိုး, သမုဒယ ပယ်လိုက်မှ နိရောဓဖြစ်တယ်။
ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနဒေဝ ရုဟတိ။
ဧဝံ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတီ ဒုက္ခမိဒံ ပုနပ္ပုနံ။
မူလေ- အရင်းအမြစ်သည်၊ အနုပဒ္ဒဝေ- ဘေးရန်အန္တရာယ် မရှိသည်ဖြစ်၍၊ဒဠှေ- မြဲမြဲခိုင်ခံ့တည်တံ့နေသည်ရှိသော်၊ ဆိန္နောပိ- အထက်ပိုင်းဘက်က အကိုင်းအခက်များကို ခုတ်ဖြတ်၍ထားသော်လည်း၊ ရုက္ခော- သစ်ပင်သည်၊ ပုနဒေဝ- တစ်ဖန်သာလျှင်၊ ရုဟတိ ယထာ- အညွန့်အညှောက်ပေါက်ကာ တစ်ဖန်စည်ကားရာသကဲ့သို့၊ဧဝံ- ဤအတူပင်လျှင်၊ တဏှာနုသယေ- တဏှာတည်းဟူသော အရင်းအမြစ်ဖြစ်သောကိလေသာကို၊ အနူဟတေ- အရိယာမဂ်ဉာဏ်ဖြင့် မပယ်ဖြတ်အပ်သေးသည်ရှိသော်၊ဣဒံ ဒုက္ခံ- ဤရုပ်နာမ်ဆင်းရဲ ဘဝဆင်းရဲသည်၊ ပုနပ္ပုနံ- အဖန်ဖန်အခါခါ၊ နိဗ္ဗတ္တတိ-ဖြစ်ပေါ်လေတော့၏။
သစ်ပင် အမြစ်အရင်းနဲ့ တူတဲ့ တဏှာ, အာရုံ ၆-ပါးနဲ့စပ်ပြီးတော့ သာယာမှု,ဒွါရ ၆-ပါးနဲ့စပ်ပြီးတော့ သာယာမှု, ဝိညာဏ် ၆-ပါးနဲ့စပ်ပြီး သာယာမှု, “ပိယရူပသာတရူပ”ခေါ်တဲ့ နှစ်သက်စရာ သာယာစရာတွေ, ကိုယ့်သန္တာန်က ရှိနေတဲ့ ရုပ်နာမ်ခန္ဓာတွေ သာယာမှု, သူများသန္တာန်က ရှိတဲ့ ရုပ်နာမ်ခန္ဓာတွေ သာယာမှု, ဒီတဏှာဟာအနုသယ အရင်းအမြစ်ပဲတဲ့။ ဒီ အနုသယကနေပြီး တော်တော်ကြာတော့ အကြမ်းစားကိလေသာတွေ ဖြစ်တယ်, ဒီကိလေသာကနေပြီး ကံတွေ ဖြစ်တယ်, ကံကနေပြီး ဘဝရုပ်နာမ်ခန္ဓာတွေ ဖြစ်နေတယ်။
တဏှာတည်းဟူသော အနုသယအရင်းအမြစ် ကိလေသာကို မပယ်လို့ရှိရင် ဒီရုပ်နာမ်ဟာ အဖန်ဖန်အခါခါ ဖြစ်နေတာပဲတဲ့, တဏှာနုသယ မပယ်နိုင်လို့ရှိရင် ဒါနသီလ ကုသိုလ်ကောင်းမှုတွေ ပြုပြီးတော့ လူ့ဘဝ နတ်ဘဝတွေ ကောင်းစွာ ရနေတယ်ဆိုပေမယ်လို့ တစ်နေ့ကျရင် အပါယ်လေးပါးတွေလည်း ပြန်ပြီး ရောက်နိုင်တာပဲ။ ယခုမျက်မှောက်ဘဝမှာ သူတော်ကောင်းကြီး ဖြစ်နေပေမယ့် နောက်ဘဝမှာကျလို့ရှိရင်တစ်ခါတည်း မိုက်မဲတဲ့ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သွားနိုင်သေးတာပဲ။ တဏှာနုသယမကင်းသေးရင် ဘဝအသစ်ဖြစ်ပြီးတော့ ဖြစ်ရာဘဝမှာ ဇာတိအစရှိသော ဒုက္ခတွေနဲ့ထပ်ခါထပ်ခါ တွေ့နေရမယ်တဲ့။ အဲဒါကြောင့် တဏှာတည်းဟူသော အနုသယကိုပယ်ဖို့ရာ မြတ်စွာဘုရားက ဒီသစ္စာလေးပါးတရား ဟောတယ်။