ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၆) နိရောဓသစ္စာတရားတော်
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၃၇

ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဥ်း, ချုပ်ဆုံး နိဗ္ဗာန်တည်း

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ တဏှာ ငြိမ်းအောင်လို့ အားထုတ်တာပဲ,မြင်ရာကနေပြီး မရှူမမှတ်လို့ရှိရင် မြင်ရတဲ့အဆင်း အကြောင်းပြုပြီးတော့ တဏှာလေးဖြစ်တယ်, ကြားရာကနေပြီးတော့လည်း တဏှာလေး ဖြစ်နေတယ်, နံရာက, စားရာက,တွေ့ထိရာက အကုန်လုံး ဖြစ်နိုင်တယ်။ တဏှာက အကောင်းကြိုက်တယ်, ကောင်းတာဆို အကုန်လုံး တဏှာ ဖြစ်နိုင်တာချည်းပဲ။ အဲဒါတွေ မဖြစ်ရအောင်လို့ မြင်တိုင်း,ကြားတိုင်း, အကုန်လုံး လိုက်ပြီးတော့ ရှုနေရတယ်။ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်သဘောတရားတွေပဲ, ဖြစ်ပြီး ပျောက်သွားတာတွေပဲလို့ ထင်ရှားနေရင် တဏှာ ဘယ်ဝင်နိုင်တော့မလဲ, မှတ်တိုင်းမှတ်တိုင်း ဒီတဏှာက တဒင်္ဂအားဖြင့် ငြိမ်းနေတယ်, အဲဒီလိုငြိမ်းသွားတော့ ဝိပဿနာဉာဏ်တွေ အစဥ်အတိုင်း တက်ပြီးတော့ ရုပ်နာမ်သင်္ခါရ လုံးဝဆိတ်သုဥ်းငြိမ်းတဲ့ အနိမိတ္တနိဗ္ဗာန် မျက်မှောက်ပြုသွားတာကိုး။

ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဥ်း, ချုပ်ဆုံး နိဗ္ဗာန်တည်း။

မျက်မှောက်ပြုသွားတဲ့အခါကျတော့ ဒီတဏှာတွေဟာ သူ့အဆင့်အတန်းလိုက်ငြိမ်းသွားတယ်, သောတာပတ္တိ မဂ်ဆိုလို့ရှိရင် အပါယ်ကျလောက်တဲ့ တဏှာတွေ ငြိမ်းသွားတယ်, သကဒါဂါမိမဂ်ဆိုရင် ကာမရာဂတဏှာတွေ လျော့သွားတယ်, အနာဂါမိမဂ်ဆိုရင် ကာမရာဂတဏှာတွေ ငြိမ်းသွားတယ်, အရဟတ္တမဂ်ဆိုရင် အလုံးစုံသော တဏှာတွေ ငြိမ်းသွားတာကိုး။ ဒီလိုမငြိမ်းနိုင်သေးရင်တော့ ဘဝအသစ်အသစ်တွေ ဖြစ်ပါတယ်တဲ့, ဝတ္ထုကြောင်းကလေးတစ်ခုနဲ့လည်း ဟောထားပါတယ်။

မြတ်စွာဘုရား ဟောပြတော်မူတဲ့ ဝက်မကလေးရဲ့ ၆-ဘဝ

မြတ်စွာဘုရားလက်ထက်တော် အခါကာလတုန်းက ဒီအကြောင်းဝတ္ထုက စပြီးတော့ ဖြစ်ပေါ်လာပါတယ်။ အခါတစ်ပါးမှာ မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် သီတင်းသုံးစဥ်အခါကာလ ရှင်အာနန္ဒာနဲ့ ခရီးကြွသွားပြီး နေတယ်။ ဝက်မကလေးတစ်ကောင်ကိုတွေ့တော့ မြတ်စွာဘုရားက နှလုံးသွင်းဆင်ခြင်ပြီး ဝက်မလေးအကြောင်း ရှေးဘဝဖြစ်စဥ်တွေ မြင်ရတော့ ကိလေသာမကင်းသေးလို့ရှိရင် ဘဝတွေ ထပ်ခါထပ်ခါ ပြောင်းလဲပြီး ဖြစ်သွားတတ်ပုံတွေ မြင်တယ်။ မြင်တော့ မြတ်စွာဘုရား ပြုံးတော်မူတယ်။

“အရှင်ဘုရား ဘာအကြောင်းပြုပြီးတော့ ပြုံးတော်မူပါသလဲ” ဆိုတော့ မြတ်စွာဘုရားက “အာနန္ဒာ ကြည့်စမ်း-တဲ့, ဟိုမှာ ဝက်လေးကို မြင်လားတဲ့, ဝက်မကလေးဟာ

စာ ၁၃၈

ကကုသန်မြတ်စွာဘုရားလက်ထက်တုန်းက သူဟာ လူဖြစ်ခဲ့တာပဲတဲ့, လူ့ဘဝကနေပြီးသေတော့ အကြောင်းအားလျော်စွာ ကမ္မဋ္ဌာန်းကျောင်း အနီးမှာ ကြက်မ ဖြစ်တယ်တဲ့။အဲဒီကျောင်းက တရားကျင့်သုံးအားထုတ်ပြီးတော့နေတဲ့ ယောဂီရဟန်းက တရားစာတွေရွတ်ဖတ်တော့ ကြည်ညိုတဲ့ စိတ်ကလေး ဖြစ်တယ်တဲ့, အဲဒီကြက်ဘဝမှာ လင်းယုန်ကကုတ်ပြီးတော့ သူ့ကို သတ်ဖြတ်ပြီး စားလို့ သေရတယ်တဲ့။

အဲဒီက သေတော့ ခုနက ဟိုကမ္မဋ္ဌာန်းတရား ရွတ်ဖတ်တာတွေကို ကြားနာစဥ်ကစေတနာလေးကို ပြန်သတိရပြီးတော့ ရာဇဂြိုဟ်ပြည်မှာ မင်းသမီး ဖြစ်တယ်တဲ့။ သူကပရိဗိုဇ်မ ပြုတော့ အိမ်သာမှာ ပိုးလောက်တွေ မြင်ရတော့ အဲဒီပိုးလောက်တွေကို ရှုပြီးပထမဈာန် ရသွားတယ်။

အဲဒီဘဝက သေသွားတဲ့အခါမှာ ဈာန်ကုသိုလ်၏ အစွမ်းအာနုဘော်ကြောင့်ဗြဟ္မာ ဖြစ်တယ်။ ဗြဟ္မာဘဝ ပထမဈာန်ဘုံဆိုတာ သက်တမ်းက အောက်ထစ်ဆုံးကမ္ဘာရဲ့ ၃-ပုံ ၁-ပုံ ရှိတယ်တဲ့။ ဗြဟ္မာဘဝကလည်း သက်တမ်းကုန်တဲ့အခါကျတော့စုတေရပြန်တာပဲ။

စုတေပြန်တော့ တစ်ခါ လူ့ပြည် ပြန်ရောက်တယ်, ဗြဟ္မာဘဝက စုတေရင် ဗြဟ္မာမဖြစ်မီ ဘဝတုန်းက ရခဲ့တဲ့ ဈာန်ဇော ကုသိုလ်တွေရဲ့ အစွမ်းအာနုဘော်ကြောင့် လူဖြစ်ရင်လည်း ဖြစ်တယ်, နတ်ဖြစ်ရင်လည်း ဖြစ်တယ်, အပါယ် ၄-ဘုံတော့ မသွားဘူး။သူဌေးမျိုးမှာ လာပြီးတော့ ဖြစ်တယ်တဲ့, အဲဒီဘဝက စုတေတဲ့အခါ ကံမကောင်းအကြောင်းမသင့်တော့ ဂေါတမမြတ်စွာဘုရားလက်ထက်မှာ ဝက်ကလေး လာပြီးတော့ဖြစ်နေတယ် ဆိုတာကိုး။ ကဲ ဆိုရမယ်။

လူစင်စစ်က၊ ကြက်မ ဖြစ်ပြီး၊ မင်းသမီး တစ်ခါ၊

ဗြဟ္မာ သူဌေး၊ ဝက်ကလေးမှာ။

အရိယာမဂ် ဖိုလ် မရသေးရင် သံသရာ ကြောက်စရာကောင်းပုံ

အဲဒါကို မြတ်စွာဘုရားက မြင်လို့ ရှင်အာနန္ဒာအား မိန့်တယ်တဲ့, သံသရာကြောက်စရာကောင်းပုံပေါ့လေ။ ဘဝတွေ ပြောင်းလဲပြီးတော့ အဆင့်အတန်းမြင့်ရာကနေပြီးတော့ နိမ့်ကျ, နိမ့်ရာကနေပြီး မြင့်ရာရောက်, အဲဒါ အားလုံးသော ပုဂ္ဂိုလ်တွေလည်း ဒီနည်းအတိုင်းပဲ အကုန်လုံး ဆိုင်တယ်, အရိယာမဂ်ဖိုလ် တရားမရသေးလို့ရှိရင်

စာ ၁၃၉

အဲဒီလို သွားနေမှာပဲ။ ဒါမှမဟုတ်ရင် အကုသိုလ်ဒုစရိုက် ရှိရင် ယုတ်ညံ့တဲ့ဘဝတွေလည်း ကျသွားနိုင်တာပဲ။ ဘယ်သူမှ တာဝန်မခံနိုင်ဘူး, အမေကလည်း တာဝန်မခံနိုင်ဘူး, အဖေကလည်း တာဝန်မခံနိုင်ဘူး, ဆရာသမားတွေက တာဝန်မခံနိုင်ဘူး, ဆွေမျိုးတွေကလည်း တာဝန်မခံနိုင်ဘူး, ကိုယ်ပြုထားတဲ့ ကုသိုလ်လေးသာလျှင် အားထားရာရှိတယ်။

မြတ်စွာဘုရားရဲ့သာသနာနဲ့ တွေ့ခိုက် ဝိပဿနာတရား အားထုတ်ကြဖို့

မြတ်စွာဘုရား၏သာသနာမှာ ခိုင်မြဲတည်တံ့တဲ့ အရိယာမဂ်ဖိုလ်တရား ရထားပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စိတ်ချရတယ်, ဒါက အရေးကြီးပါတယ်။ ဒါကြောင့်မို့ အပါယ်လေးပါးက အစဥ်ထာဝရလွတ်မြောက်ရအောင်လို့ မြတ်စွာဘုရား၏သာသနာနဲ့ တွေ့တဲ့အခါကာလမှာ ဝိပဿနာဘာဝနာတရားတွေ အားထုတ်ရတာကိုး။ အားထုတ်တော့၁၅-ရက်, တစ်လ, တစ်လခွဲ, ၂-လ စသည်ဖြင့် အပင်ပန်းခံပြီး အားထုတ်လိုက်ရင်အပါယ်လေးပါး မကျနိုင်တဲ့ စိတ်ချရတဲ့ အဆင့်အတန်း ရောက်သွားတယ်။ ဒါကြောင့်မို့ကြိုးစားပြီး အားထုတ်ကြရတယ်၊ တရားအားထုတ်ရတဲ့ ပုဂ္ဂိုလ်တွေ ဝမ်းသာစရာအင်မတန် ကောင်းတယ်။

သီဟိုဠ်ခေတ် မဟာအနုရုဒ္ဓါမထေရ် မြင်တော်မူတဲ့ ဝက်မကလေးရဲ့ ၁၃-ဘဝ

မြတ်စွာဘုရားက အမိန့်ရှိပါတယ်တဲ့၊ အမိန့်ရှိပြီးတော့ ခုနက တရားဂါထာတွေဟောပါတယ်။

ယထာပိ မူလေ အနုပဒ္ဒဝေ ဒဠှေ၊ ဆိန္နောပိ ရုက္ခော ပုနဒေဝ ရုဟတိ။

ဧဝံ တဏှာနုသယေ အနူဟတေ၊ နိဗ္ဗတ္တတေ ဒုက္ခမိဒံ ပုနပ္ပုနံ။

မူလေ- အမြစ်အရင်းသည်၊ အနုပဒ္ဒဝေ- ဘေးရန်အန္တရာယ် မရှိမူ၍၊ ဒဠှေ-မြဲမြံခိုင်ခံ့ တည်တံ့သေးသည်ရှိသော်၊ ရုက္ခော- သစ်ပင်သည်၊ ဆိန္နောပိ- အထက်ပိုင်းဘက်က အကိုင်းအခတ်တွေကို ခုတ်ဖြတ်၍ထားအပ်ပါသော်လည်း၊ ပုနဒေဝ- တစ်ဖန်တစ်ခါသာလျှင်၊ ရုဟတိ ယထာ- အညွန့်အညှောင့်ပေါက်ခါ စည်ပင်မြဲ စည်ပင်ရာသကဲ့သို့၊ ဧဝံ- ဤအတူပင်၊ တဏှာနုသယေ- အမြစ်အရင်းနှင့် အလားတူသောတဏှာနုသယကိလေသာကို၊ အနူဟတေ- အရိယာမဂ်ဉာဏ်ဖြင့် မပယ်သတ်အပ်သေးသည်ရှိသော်၊ ဣဒံ ဒုက္ခံ- ဤရုပ်နာမ်သင်္ခါရ ဆင်းရဲအပေါင်းသည်၊ ပုနပ္ပုနံ- အဖန်ဖန်အထပ်ထပ်၊ နိဗ္ဗတ္တတေ- ဖြစ်လေတော့၏။

စာ ၁၄၀

ခုနက ဝက်မကလေးဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ မင်းသမီးဘဝနေပြီး ပရိဗိုဇ်ပြုရာကနေပြီးဈာန်သမာပတ်တွေ ရသွားတယ်။ ရူပါဝစရဈာန်တွေ မြင့်မြတ်ပါတယ်, ကောင်းပါတယ်,ဒါပေမဲ့ ဒီဈာန်က တဏှာနုသယကို အမြစ်ပြတ်အားဖြင့် မပယ်နိုင်ဘူး။ မပယ်နိုင်တော့ဘဝတွေ ထပ်ခါထပ်ခါ ဖြစ်နေရတာပဲတဲ့၊ ဗြဟ္မာဖြစ်ပြီး စုတေတော့ လူ့ရုပ်နာမ်ခန္ဓာဖြစ်တယ်၊ လူ့ရုပ်ခန္ဓာကနေ စုတေတော့ ဝက်ရုပ်နာမ်ခန္ဓာ ရောက်လာတယ်တဲ့။

“လူစင်စစ်က ကြက်မ ဖြစ်ပြီး၊ မင်းသမီး တစ်ခါ၊ ဗြဟ္မာ သူဌေး၊ ဝက်

ကလေးမှ၊ သုဝဏ္ဏနှင့်၊ ဝနဝါသီ၊ ရွှေပြည်ဗာရာ၊ သုပ္ပါရက၊ ကာဝီရမှ၊ သီဟဠ

နုရာ၊ ဘောက္ကံရွာဟု၊ ဖြစ်ရာဘဝ၊ ဆယ့်သုံးပြသည်၊ ရှင်မ သုမနာ ဖြစ်စဥ်တည်း”

အဲဒီဝက်ဘဝက စုတေတဲ့အခါကျတော့တဲ့ သုဝဏ္ဏဘူမိမှာ အမျိုးသမီး ဖြစ်တယ်။တစ်ခါ စုတေသွားပြန်တော့ ဝနဝါသီမှာ သုဝဏ္ဏဘူမိတုန်းကလို ပစ္စည်းဥစ္စာနဲ့ ပြည့်စုံကြွယ်ဝတဲ့ အမျိုးသမီးပါပဲ။ အဲဒီကနေပြီး သေသွားတော့ ဗာရာဏသီမှာ လူ့ဘဝပါပဲ၊အဲဒီကနေ စုတေတော့ သုပ္ပါရကသင်္ဘောဆိပ် ရောက်တယ်၊ အဲဒီကနေ စုတေတဲ့အခါကာဝီရသင်္ဘောဆိပ်မှာ လှေသူကြီးသမီး ဖြစ်တယ်။ အဲဒီဘဝက စုတေပြီးသွားတဲ့အခါသီဟိုဠ်ကျွန်း အနုရာဓမြို့မှာ ဖြစ်တယ်တဲ့။ နောက် စုတေသွားတော့ အဲဒီအနုရာဓမြို့ရဲ့တောင်ဘက် ဘောက္ကန္တရွာမှာ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝတဲ့ မိဘများထံမှာ ဝင်စားပြီးတော့ အမျိုးသမီးတစ်ဦး ဖြစ်တယ်တဲ့။

ဗြဟ္မာ ၁-ဘဝ, တိရစ္ဆာန်က ၂-ဘဝ, လူ့ဘဝက ၁၀-ဘဝ, အဲဒီဖြစ်ရာဘဝတွေမှာသားသမီးဆွေမျိုးတွေ ရှိကြမှာပဲ၊ သေတဲ့အခါ လွမ်းကြ, ဆွေးကြ, ငိုကြ, ရှိကြမှာပဲ။သောက ပရိဒေဝ ဒုက္ခတွေ, ရှာမှီးရတဲ့ဒုက္ခတွေ အများကြီး ရောက်တယ်။ တစ်ဘဝပြီးတစ်ဘဝ သတ္တဝါတွေ သူ့ခရီးစဥ်နဲ့သူ သွားနေရတယ်။

သုမနာအမည်နဲ့ ဘောက္ကန္တရွာမှာ ဖြစ်တော့ လကုဏ္ဍကတိမ္ဘရအမတ်ကြီးက ထိမ်းမြား လက်ထပ်လို့ အမတ်ကြီးကတော် ဖြစ်သွားတယ်။ သီဟိုဠ်ကျွန်းတောင်ပိုင်း မဟာဂါမ ကောဋိပဗ္ဗတဝိဟာရကျောင်းမှာ သီတင်းသုံးတဲ့ မဟာအနုရုဒ္ဓါမထေရ်ကြီးကပုဗ္ဗေနိဝါသအဘိညာဥ်နဲ့ ကြည့်လိုက်တဲ့အခါမှာ ဒီအမျိုးသမီးရဲ့ဘဝတွေ မြင်ရတော့သူ့နောက်ပါရဟန်းတွေ သတိသံဝေဂ ရစေခြင်းအကျိုးငှာ ပြောတာပေါ့လေ။

စာ ၁၄၁

ဝက်မကလေးတစ်ဖြစ်လဲ သုမနာထေရီ ရဟန္တာမ၏ သတိပေးစကား

သုမနာ ကိုယ်တိုင်ကလည်း သူ့ဘဝတွေ သူပြန်ပြီး ဆင်ခြင်လိုက်တဲ့အခါ အစဥ်အတိုင်း ပေါ်လာတယ်, သူလည်း ရှေးကံရှိလို့နေမှာပေါ့။ သံသရာထဲ ဘဝတွေပြောင်းလဲလာတာ ဆင်ခြင်လိုက်တော့ သူ့စိတ်ထဲမှာ တော်တော် ငြီးငွေ့လာတယ်။သံဝေဂဖြစ်ပြီးတော့ လူ့ဘဝမှာ မပျော်တာနဲ့ ရှင်ရဟန်းပြုတော့မယ်ဆိုပြီး သူ့ခင်ပွန်းကိုခွင့်တောင်းပြီးတော့ ရဟန်းပြုတာကိုး။

ရဟန်းပြုတော့လည်း အခမ်းအနားနဲ့ ဘိက္ခုနီမကျောင်းကို သွားပြီး သာမဏေပြု,ပြီးတော့ ရဟန်းမ ဖြစ်လာတယ်။ အဲဒီ “တိဿမဟာဝိဟာရ”မှာ မဟာသတိပဋ္ဌာနသုတ်ကို တရားနာရင်း သောတာပတ္တိမဂ်ဖိုလ်ကို မျက်မှောက်ပြုပြီး သောတာပန်ဖြစ်ခဲ့တယ်တဲ့။ နောက်တော့ အခြားကျောင်းတစ်ကျောင်းမှာ အာသီဝိသောပမသုတ္တန် တရားတော်ကို နာကြာရင်းနဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် ရောက်ပြီး ရဟန္တာမ ဖြစ်ခဲ့တယ်။

ပရိနိဗ္ဗာန်စံရမယ့်နေ့ရောက်တဲ့ အခါကျတော့ ရဟန်းမိန်းမတွေက “ ဘယ်တရားတွေများ ရခဲ့ပါသလဲ”လို့ မေးတော့ သူ ရတဲ့တရားတွေ ပြောတဲ့အခါကာလမှာ သူ့ရဲ့ရှေးဖြစ်ခဲ့တဲ့ ၁၃-ဘဝတွေမှာ ဘဝတိုင်း ဘဝတိုင်း ပဋိသန္ဓေနေရတဲ့ ဆင်းရဲ, အိုရတဲ့ဆင်းရဲ, နာရတဲ့ ဆင်းရဲ, စိုးရိမ်ပူဆွေးရတဲ့ ဆင်းရဲ, ရှာမှီးရတဲ့ ဆင်းရဲ စတဲ့ ဒုက္ခတွေအများကြီး ရောက်ခဲ့တာတွေ ပြန်စဥ်းစားမိတဲ့အခါမှာ သံဝေဂဖြစ်လို့ လူ့ဘောင်ကိုစွန့်ပြီး ရဟန်းပြုလာခဲ့တယ်တဲ့။ ရဟန်းပြုပြီး တရားကျင့်သုံးလို့ ကိလေသာ ကုန်ခန်းရဟန္တာအဖြစ် ရောက်ခဲ့ပါတယ်တဲ့။

ဒါကြောင့်မို့ သီတင်းသုံးဖော်ဖြစ်တဲ့ အရှင်ဘုရားတို့ အားလုံးဟာ အပ္ပမာဒေနသမ္ပာဒေထ။ အပ္ပမာဒေန- မမေ့သောသတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံအောင်အားထုတ်ကြပါလို့ အဲဒီလို သတိပေးစကား ပြောကြားပြီးတော့ ပရိနိဗ္ဗာန်စံသွားပါတယ်တဲ့။

ဘဝသံသရာတစ်လျှောက်လုံး ကိုယ်ဆင်းရဲအမျိုးမျိုး စိတ်ဆင်းရဲအမျိုးမျိုးတွေနဲ့တွေ့ရမယ်။ အဲဒီဆင်းရဲတွေ အကုန်လုံးဟာ ဘာ့ကြောင့် ဖြစ်နေရတာလဲဆိုရင် တဏှာအနုသယ မကင်းသေးလို့ပဲ-တဲ့။ တဏှာ သာယာမှုလေး မကင်းသေးလို့၊ ဒီခင်မင်တွယ်တာ သာယာမှုလေး ကင်းသွားလို့ရှိရင်တော့ သုမနာထေရီဟာ နောက်ဆုံးဘဝ

စာ ၁၄၂

ပရိနိဗ္ဗာန်စံတဲ့အချိန်ရဲ့နောက်မှာ ရုပ်နာမ်ခန္ဓာတွေ ဘာမှ မဖြစ်တော့ဘူး၊ ဇာတိဒုက္ခမရှိဘူး၊ ဇရာဒုက္ခ, ဗျာဓိ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဘာဆင်းရဲမှမရှိတော့ဘူး။ ဆင်းရဲခပ်သိမ်း အကုန်လုံး ငြိမ်းပြီးတော့ သွားတယ်တဲ့။

နိဗ္ဗာန်ဆိုတာ

အဲဒီလို ဆင်းရဲခပ်သိမ်း အကုန်လုံး ငြိမ်းပြီးတော့သွားတဲ့ဥစ္စာ နိရောဓသစ္စာပဲ။ရုပ်နာမ်တွေအားလုံး အဖြစ်အပျက်တွေ ချုပ်ဆုံးပြီးတော့ ငြိမ်းသွားတဲ့သဘောဟာနိဗ္ဗာန်ပဲတဲ့, အဲဒီနိဗ္ဗာန်ကို တွေ့အောင်လို့ အားထုတ်ရတာကိုး။ တွေ့အောင် အားထုတ်ရမယ်, ပထမတစ်ကြိမ် တွေ့ရင် အဲဒီတဏှာ ငြိမ်းတန်သမျှ ငြိမ်းသွားပါတယ်။ အဲဒီလောက်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပြီးတော့ သက်သာခွင့် ရသွားပါတယ်။ဒါကြောင့် ဒီတဏှာငြိမ်းရာ, ရုပ်နာမ်သင်္ခါရငြိမ်းရာ ဖြစ်တဲ့ နိဗ္ဗာန်တရားကို မျက်မှောက်တွေ့အောင် အားထုတ်ကြဖို့ပေါ့လေ, တွေ့အောင်လည်း အားထုတ်ရမယ်။ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဆိုရင်တော့ ကိုယ့်ဟာနဲ့ကိုယ် ဝမ်းသာစရာ, အားရစရာပါပဲ။ မတွေ့သေးရင် တွေ့အောင် အားထုတ်, အားထုတ်လို့ရှိရင် တွေ့မှာပဲ။ ယခုဘဝ အားထုတ်လို့ဒီနိဗ္ဗာန်တရား တွေ့သွားလို့ရှိရင် ထောက်တည်ရာလေးတော့ ရသွားပါပြီ, အင်မတန်အရေးကြီးပါတယ်။ အချိန်လည်း အတော်ကြာသွားပြီ, တရားသိမ်းကြဦးစို့။

ဤသစ္စာလေးပါးတရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝန ကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် မိမိတို့သန္တာန်၌ရှိသော ရုပ်နာမ်ဆင်းရဲဟူသမျှတို့၏ငြိမ်းရာ, ကိလေသာဟူသမျှတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားကို မျက်မှောက်ပြုနိုင်အောင် ဝိပဿနာဘာဝနာအလုပ်ကို မပြတ်အားထုတ်နိုင်ကြ၍, မိမိတို့သန္တာန်၌ရှိသော ရုပ်နာမ်တရားတို့ကို ပိုင်းခြားသိမြင်ကြ၍, အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ကိုပိုင်းခြားသိမြင်ကြ၍ ဝိပဿနာဉာဏ်အစဥ်ဖြင့် ကိလေသာခပ်သိမ်း, ဆင်းရဲခပ်သိမ်း,ရုပ်နာမ်ခပ်သိမ်းတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ။

သာဓု၊ သာဓု၊ သာဓု။