သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
မျက်မှောက်ပြုသောအားဖြင့် အာရုံပြုတယ်, မျက်စိအောက်မှာ ရှိတဲ့ အရာဝတ္ထုတစ်ခုကိုမျက်စိနဲ့ သေသေချာချာ မြင်ရသလို, အရာဝတ္ထုတစ်ခုကို လက်ဝါးပေါ် တင်ပြီးတော့သေသေချာချာ မြင်ရသလိုပဲ။ ဒါတောင်မှ မတူပါဘူး, မြင်ရတဲ့ဝတ္ထုက တခြား, ကိုယ်ကတခြား ကွဲနေပါသေးတယ်, နိဗ္ဗာန်ကို မျက်မှောက်တွေ့တယ်ဆိုတာ နိဗ္ဗာန်ထဲ ဝင်ရောက်ပြီးတော့ သွားသလို ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့သဘောထဲ ဝင်ရောက်ပြီး အငြိမ်းသဘောကို သေသေချာချာ ထင်ထင်ရှားရှား သိသွားတာ။
မဂ်ခဏမှာ သမ္မာဒိဋ္ဌိက သစ္စာလေးပါးကို သိတယ်ဆိုတာဟာ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်ကိုတော့ အာရုံပြုပြီး မျက်မှောက်သိပါတယ်။ ဒုက္ခသစ္စာကိုတော့ ဒီအခိုက်အတန့်မှာ ဒုက္ခတွေ မထင်နိုင်ဘူး, သမုဒယဆင်းရဲတွေလည်း စဥ်းစားဆင်ခြင်နေနိုင်တာ မဟုတ်ဘူး, မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်ရှစ်ပါးတရားတွေလည်း စဥ်းစားလို့ဖြစ်တာ မဟုတ်ဘူး။ ဒါပေမယ်လို့ နိဗ္ဗာန်တွေ့တာနဲ့ သစ္စာလေးပါးကိုလည်း သိခြင်းကိစ္စပြီးသွားပါတယ်တဲ့။
အပရဘာဂေ တီသု ကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏ
ပဋိဝေဓော။ (ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ, ၁, ၁၅၂ စသည်)
အပရဘာဂေ- နောက်အဖို့၌၊ တီသု- သုံးပါးသောသစ္စာတို့၌၊ ကိစ္စတော- ကိစ္စပြီးသောအားဖြင့်၊ ပဋိဝေဓော- သိခြင်းသည်၊ ဟောတိ- ဖြစ်၏။ နိရောဓေ- နိဗ္ဗာန်၌၊နိရောဓေ- ဆင်းရဲချုပ်ရာဖြစ်သောနိဗ္ဗာန်၌၊ အာရမ္မဏပဋိဝေဓော- အာရုံပြုသောအားဖြင့် ရှုမြင်ပြီးတော့ သိခြင်းသည်၊ ဟောတိ- ဖြစ်၏။
သုံးပါးသောသစ္စာတို့၌ ကိစ္စပြီးပြီးတော့ သိတယ်တဲ့။ ဒုက္ခသစ္စာကို ပိုင်းခြား၍သိရမယ်, သမုဒယသစ္စာကျတော့ ပယ်ရမယ်တဲ့, မဂ္ဂသစ္စာကျတော့ ပွားစေရမယ်တဲ့။
နိဗ္ဗာန်ကို အာရုံပြုပြီး သိရုံနဲ့ ဒုက္ခသစ္စာကို ပိုင်းခြားသိပါတယ်
နိဗ္ဗာန်ကို မျက်မှောက်တွေ့တဲ့ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရဲ့ ငြိမ်းတဲ့သဘော, အကောင်းဆုံးအအေးဆုံး အငြိမ်းဆုံး တရားကို တွေ့တာ။ ဒီမှ တစ်ပါးသော တရားတွေဟာ ဆင်းရဲတွေပဲဆိုတာ ပေါ်လာတာကိုး။
ရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့သဘောက ဖြစ်ခြင်း မရှိဘူး, ပျက်ခြင်း မရှိဘူး, သင်္ခါရဒုက္ခတွေ တစ်ခါတည်း ငြိမ်းအေးပြီးတော့ နေတဲ့သဘော။ အဲဒီ ငြိမ်းအေးတဲ့သဘော
မတွေ့ခင် စောစောပိုင်းက ဝိပဿနာရှုနေတဲ့အခါ ရုပ်နာမ်တွေ ဖြစ်လိုက်ပျက်လိုက်,ဖြစ်လိုက် ပျက်လိုက် တွေ့နေရတယ်။ ဖြစ်ပျက်နေတာတွေ ဝိပဿနာရှုနေတဲ့အခါ အဲဒီထဲ အကောင်းတွေလည်း ရှိ, မကောင်းတာတွေလည်း ရှိပါတယ်။ ဒါပေမယ်လို့ အငြိမ်းနိဗ္ဗာန်နဲ့ နှိုင်းစာကြည့်တဲ့အခါကျတော့ ဒါတွေက မအေးငြိမ်းတဲ့သဘောတွေပဲ။
ဥပမာအားဖြင့် နွေခေါင်ခေါင်ကြီး နေပူထဲကလာတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကျိုးတိုးကျဲတဲ သစ်ပင်အောက် ရောက်လာတော့ သက်သာပြီး ကောင်းတာပဲ။ ပြီးတော့သူ့ထက် အရိပ်အာဝါသကောင်းတဲ့ သစ်ပင်အောက် တစ်ခါရောက်တော့ ပိုပြီးတော့ကောင်းတာပေါ့, နောက် အင်မတန်ကောင်းတဲ့ အင်မတန်အေးမြတဲ့ အကောင်းဆုံးနေရာ ရောက်သွားတော့ ပြန်စဥ်းစားလိုက်လို့ရှိရင် ပထမက နေပူထဲ သွားနေရတဲ့ဆင်းရဲကိုရော, ကျိုးတိုးကျဲတဲ သစ်ပင်အောက်က ကောင်းတာရော, သစ်ပင်ရိပ်အောက်က ကောင်းတယ်ဆိုတာတွေရော အကောင်းဆုံးနေရာနဲ့ နှိုင်းယှဥ်လိုက်တော့ မကောင်းတာချည်းပဲဆိုတာ ထင်ရှားနေတာပဲ။
အဲဒါလိုပဲ, လောကထဲနေတဲ့ သတ္တဝါတွေဟာ အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုမတွေ့ရသေးတော့ တော်ရုံတန်ရုံကောင်းတဲ့ ကောင်းတာကိုလည်း ကောင်းတယ်လို့အောက်မေ့ရတယ်။ လူ့ချမ်းသာတွေ, နတ်ချမ်းသာတွေ, စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံပြီးစားသောက်နေထိုင်လို့ ကောင်းတာလေးတွေကို အကောင်း ထင်နေတယ်။
ဝိပဿနာ ရှုတဲ့အခါလည်း ဒီလိုပဲ မကောင်းတာတွေလည်း တွေ့ရတယ်, ငြိမ်ငြိမ်သက်သက်နဲ့ သိမ်သိမ်မွေ့မွေ့ ရှုမှတ်ပြီးတော့ ကောင်းနေတာကလေးတွေ ကောင်းတယ်လို့ပဲ အောက်မေ့ရတယ်, ကောင်းလည်း ကောင်းနေတာပါပဲ။ ဒါပေမယ်လို့ နောက်ဆုံးရုပ်နာမ်သင်္ခါရ ငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့လိုက်ရတဲ့အခါကျတော့ ရှေးက တွေ့တဲ့ဟာတွေက အကုန်လုံး ဆင်းရဲတွေပဲလို့ ထင်ရှားသွားတယ်တဲ့။
ဖြစ်ပျက်သမျှ, သင်္ခါရ, ဒုက္ခသစ္စာတည်း။
ဖြစ်ပျက်နေတာတွေ မှန်သမျှ အကုန်လုံး ဆင်းရဲတွေချည်းပဲတဲ့။ ဖြစ်လိုက်, ပျက်လိုက်နဲ့ ဘာမှ အားမကိုးရတဲ့ တရားတွေပဲဆိုတာ ဉာဏ်ထဲမှာ ထင်ရှားသွားပါတယ်တဲ့။ဒါကြောင့် အကောင်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီး သိရုံနဲ့ ဒုက္ခဆင်းရဲတရားကိုလည်းပဲ ပိုင်းခြားပြီးတော့ သိသွားပါတယ်တဲ့။
နိဗ္ဗာန်ကို အာရုံပြုပြီး သိရုံနဲ့ သမုဒယသစ္စာကို ပယ်ပြီး ဖြစ်ပါတယ်
ပထမက အကောင်းဆုံးကို မသိနိုင်ခင်တုန်းကတော့ မကောင်းတဲ့ဆင်းရဲတွေကိုလည်း အကောင်းထင်နေတော့ လိုချင်တာပေါ့။ ဥပမာ ကိုယ့်အကျိုးမဲ့ကို ကြံစည်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို မသိတော့ မိတ်ဆွေကောင်းလို့ ထင်နေတယ်, အဲဒီလူကို အားကိုးတယ်, ခင်မင်တွယ်တာပြီး နေတယ်, အဲဒီပုဂ္ဂိုလ်ရဲ့အပြစ်ကို မမြင်လို့ပဲ။ နောင်အခါအဲဒီပုဂ္ဂိုလ်က ကိုယ့်အကျိုးမဲ့တွေ ပြုနေတယ်ဆိုတာ သေသေချာချာ သိသွားတော့ ဒီပုဂ္ဂိုလ်နဲ့ အတူ မနေချင်တော့ဘူး။
အဲဒါလိုပဲတဲ့, သင်္ခါရတွေ ဆင်းရဲတွေကို အကောင်းထင်နေရင်တော့ ဒါတွေကိုသာယာမှု ဖြစ်နေတယ်, သင်္ခါရဆင်းရဲတွေ မကောင်းဘူးဆိုတာ သိသွားတဲ့ တစ်နေ့မှာခင်မင်တွယ်တာမှုက သူ့အလိုလို ကင်းသွားတယ်။ အကောင်းဆုံး နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို တွေ့လိုက်ရတော့ ဖြစ်ပျက်နေတာတွေ မှန်သမျှ မကောင်းဘူး, အားကိုးစရာတရားတွေ မဟုတ်ဘူး, မကောင်းတဲ့ တရားတွေပဲလို့ သိလိုက်တာနဲ့ တစ်ပြိုက်နက်အဲဒါတွေအပေါ်မှာ ခင်မင်တွယ်တာတဲ့ သမုဒယဟာ အလိုလို ကင်းသွားတာပဲ။ အဲဒါသမုဒယသစ္စာကို ပယ်ခြင်းကိစ္စ ပြီးသွားတာတဲ့, တမင်တကာ ပယ်နေရတာ မဟုတ်ဘူး။
နိဗ္ဗာန်ကို အာရုံပြုပြီး သိရုံနဲ့ မဂ္ဂသစ္စာကို ပွားပြီး ဖြစ်ပါတယ်
နိရောဓသစ္စာကို မျက်မှောက်ပြုပြီး နိဗ္ဗာန်ကို သိတာကိုက မဂ္ဂသစ္စာပဲ။ မဂ္ဂသစ္စာတရား ကိုယ့်သန္တာန်မဖြစ်ရင် နိဗ္ဗာန်ကို မတွေ့နိုင်ဘူး, နိဗ္ဗာန်ကို တွေ့တယ်ဆိုကတည်းက အဲဒီမဂ္ဂသစ္စာ မိမိသန္တာန်မှာ ဖြစ်နေလို့ပဲ။ ဒါက ပွားစေခြင်းကိစ္စ ပြီးနေတာပဲ။
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိတယ်, သမုဒယသစ္စာကို ပယ်တယ်တဲ့, မဂ္ဂသစ္စာကျတော့ ပွားစေတယ်တဲ့။ အဲဒီလို ကိစ္စပြီးသောအားဖြင့် အရိယာမဂ်ခဏမှာ သစ္စာသုံးပါးကို သိတယ်တဲ့။
အရိယမဂ် မရောက်ခင် နိဗ္ဗာန်ကို သုတမယ စိန္တာမယပဲ သိ နိုင်တယ်
ဧဝမဿ ပုဗ္ဗဘာဂေ ဒွီသု သစ္စေသု ဥဂ္ဂဟပရိပုစ္ဆာသဝနဓာရဏသမ္မသန
ပဋိဝေဓော။
ရှေးအဖို့မှာ ဆိုရင်တော့ သစ္စာလေးပါးတရားကို သိပုံ ၅-ဆင့် ရှိပါတယ်တဲ့။ဥဂ္ဂဟ- သင်ယူပြီးတော့လည်း သိရမယ်တဲ့, သင်ယူဆိုတာ သစ္စာလေးပါးတရားတွေကိုကျက်မှတ်တာပေါ့။ ပရိပုစ္ဆာ- အနက်အဓိပ္ပါယ် မေးမြန်းပြီးတော့ သိရမယ်တဲ့။ သဝန-ကြားနာပြီးတော့လည်း သိရမယ်တဲ့။ ဓာရဏ- ဆောင်ပြီးတော့လည်း သိရမယ်တဲ့။သမ္မသန- သုံးသပ်မှု ပြုပြီးတော့လည်း သိရမယ်တဲ့။
သစ္စာလေးပါးထဲမှာ ဒုက္ခနဲ့သမုဒယ နှစ်ပါးက ဝဋ်သစ္စာ, ကျန်နှစ်ပါးကတော့ဝိဝဋ္ဋသစ္စာ။ သမုဒယရှိလို့ ဒုက္ခ ဖြစ်တယ်, ဒုက္ခကိုမှီပြီးတော့ သမုဒယ ဖြစ်တယ်, ဒီလိုလည်နေတာကို “ဝဋ်သစ္စာ”လို့ ခေါ်တယ်, လောကထဲမှာ ထပ်ခါထပ်ခါ ဖြစ်နေတယ်,ဆင်းရဲထဲ အတွင်းဝင်တဲ့ သစ္စာတွေ ဖြစ်တယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာဆိုတာ ပုဂ္ဂိုလ်တိုင်းမှာ ရှိတယ်။
နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဆိုတာ ဝိဝဋ္ဋသစ္စာ, ဝဋ်ကင်းတဲ့သစ္စာ, သံသရာ လည်ခြင်းကို ပျက်စေတတ်တဲ့ သစ္စာ, အဲဒီ ဝဋ်ကင်းတဲ့ သစ္စာကတော့ သာမန်ပုဂ္ဂိုလ်တွေမှာကိုယ်ပိုင်ဉာဏ်နဲ့ မသိနိုင်ပါဘူး, သုတမယဉာဏ် စိန္တာမယဉာဏ်လောက်ပဲ သိတာပဲ။တရားအားမထုတ်ခင် အရိယာမဂ်ဖိုလ် မရောက်သေးခင်က ဒီထက်လည်း ပိုပြီးတော့မသိဘူး, ဒီလောက် သိတာပဲ။
နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဆိုတာ နှစ်သက်မြတ်နိုးအပ်တယ်
ဣတရေသု ပန ဒွီသု သစ္စေသု “နိရောဓသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ, မဂ္ဂသစ္စံ
ဣဋ္ဌံ ကန္တံ မနာပန္တိ ဧဝံ သဝနေနေဝ ကမ္မံ ကရောတိ။
ပန- အဖို့တစ်ပါးကား၊ ဣတရေသု- ဒုက္ခ, သမုဒယသစ္စာမှ တစ်ပါးကုန်သော၊ဒွီသု သစ္စေသု- နှစ်ပါးကုန်သော နိရောဓသစ္စာ မဂ္ဂသစ္စာတို့တွင်၊ နိရောဓသစ္စံ- နိရောဓသစ္စာသည်၊ ဣဋ္ဌံ- လိုလားအပ်၏၊ ကန္တံ- နှစ်သက်အပ်၏၊ မနာပံ- စိတ်နှလုံးကို တိုးပွားစေတတ်၏။
နိဗ္ဗာန်ဆိုတာ လိုလားအပ်တဲ့တရား, နှစ်သက်အပ်တဲ့တရား, စိတ်နှလုံးကို တိုးပွားစေတတ်တဲ့တရား, မြတ်နိုးအပ်တဲ့ တရားပဲတဲ့။ မဂ္ဂသစ္စာဆိုတာလည်းပဲ လိုလားအပ်,နှစ်သက်အပ်, မြတ်နိုးအပ်တဲ့ တရားပဲဆိုတာ သုတမယဉာဏ်ဖြင့် သိထားရမယ်တဲ့။နိဗ္ဗာန်ဆိုတာ အကောင်းဆုံးပဲဆိုတာ ငယ်ကတည်းက သိလို့ “မဂ်တရား, ဖိုလ်တရား,
နိဗ္ဗာန်တရားကို ရပါလို၏, မျက်မှောက်ပြုရပါလို၏” ဆိုပြီး ဆုတောင်းနေကြတာကိုး။နောက် တော်တော် ကြီးလာတဲ့အခါ ဆရာသမားတွေ ပြောဟောတာ ကြားရတော့“နိဗ္ဗာန်ဆိုတာဟာ အလုံးစုံသော ဆင်းရဲတွေ မရှိဘူး” ဒီလို သိရတာကိုး။
အခု လောကမှာ ရုပ်ရှိတော့ ရုပ်ကို မှီပြီးတော့ ဆင်းရဲအမျိုးမျိုးတွေ ဖြစ်ရတယ်,နာမ်ရှိလို့ စိတ်နာမ်တရားကို မှီပြီးတော့ ဆင်းရဲအမျိုးမျိုးတွေ ဖြစ်ရတယ်, ရုပ်နာမ်အကြောင်းပြုပြီး ဖြစ်ပေါ်နေတဲ့ ဆင်းရဲတွေဟူသမျှ အကုန်လုံး နိဗ္ဗာန်မှာ မရှိဘူး,ဆိုတော့ ကောင်းတယ်ဆိုတာ ထင်ရှားလာတာပေါ့။
အခု ဘဝအသစ် ဖြစ်ရလို့ ဆင်းရဲတယ်, အိုရလို့ ဆင်းရဲတယ်, မကျန်းမမာရောဂါဝေဒနာတွေအမျိုးမျိုး ဖြစ်ရလို့ ဆင်းရဲတယ်, ရှာဖွေရလို့ ဆင်းရဲတယ်, စိုးရိမ်ရတယ်, တစ်နေ့ကျလို့ရှိရင် သေရတာကိုး, နိဗ္ဗာန်မှာ ဒီလိုဆင်းရဲတွေဟူသမျှ ဘာမျှမရှိဘူး, အဲဒီတော့ ကောင်းတာပဲလို့ ဒီလိုသဘောကျတာကိုး။
နိဗ္ဗာန်ကို ကောင်းတယ်လို့ မှန်းဆပြီး သိနိုင်ပါတယ်
မိလိန္ဒမင်းက ရှင်နာဂသိန်ကို မေးတယ်, “အရှင်ဘုရားတဲ့, နိဗ္ဗာန်ကို မတွေ့သေးတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကောင်းတယ်ဆိုတာ သိနိုင်ပါ့မလား”လို့ မေးတယ်, အဲဒီတော့ရှင်နာဂသိန်က “သိနိုင်ပါတယ် မင်းကြီး”လို့ ဖြေတယ်။ “ငါ ဥပမာနဲ့ ပြောမယ်”တဲ့၊“လက်, ခြေ မပြတ်တဲ့သူတွေက လက်, ခြေ ပြတ်တာ ဆင်းရဲတယ်လို့ သိနိုင်ကြပါသလား”မေးတော့ “မှန်ပါ၊ သိနိုင်ကြပါတယ် ဘုရား”တဲ့။ “ဘယ်လို သိနိုင်ကြပါသလဲမင်းကြီး”မေးပြန်တော့ “အခြား လက်, ခြေ ပြတ်တဲ့သူတွေရဲ့ ငြီးတွားသံကို ကြားရပြီးလက်, ခြေ ပြတ်တာ ဆင်းရဲတယ်လို့ သိကြပါတယ် ဘုရား”တဲ့။
“အဲဒီလိုပါပဲ မင်းကြီး, နိဗ္ဗာန်ကို မြင်သိထားသူတွေရဲ့ အသံကို ကြားရပြီး နိဗ္ဗာန်ဟာ ချမ်းသာတယ်တယ်လို့ သိနိုင်ပါတယ်”တဲ့။
အိုခြင်း, နာခြင်း, သေခြင်း အစရှိသော ဆင်းရဲတွေ အကုန်လုံး နိဗ္ဗာန်မှာ မရှိဘူး။ တော်တော်ကြီးပြင်းလာတဲ့အခါ, ဗဟုသုတ ရှိလာတဲ့အခါကျတော့ ဒီတရားတွေကြားနာရပြီး လောကမှာ ရှိတဲ့ ဆင်းရဲတွေ အကုန်လုံး မရှိတာဟာ နိဗ္ဗာန်ပဲ, နိဗ္ဗာန်ကောင်းတယ်ဆိုတာ အဲဒီလို သဘောကျလာတာကိုး။
သုပ္ပဝါသာအမျိုးသမီး နိဗ္ဗာန်ကိုကောင်းတယ်လို့ အာရုံပြုပုံ
မြတ်စွာဘုရား လက်ထက်တော်အခါတုန်းက “သုပ္ပဝါသာ”ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ လောကဓမ္မတာအတိုင်း မီးဖွားရတဲ့ကိစ္စနဲ့ တွေ့တော့ ဆင်းရဲတွေအများကြီး ရောက်ရတယ်, ၇-နှစ်, ၇-လ ကိုယ်ဝန်ဆောင်ပြီး မီးဖွားတဲ့အခါ ၇-ရက်ဒုက္ခရောက်နေတယ်, ဒီဒုက္ခတွေ ရောက်ပြီးနေတော့ သူ ဘယ်လို နှလုံးသွင်းသလဲဆို ရင်မြတ်စွာဘုရားဟာ
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ, ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ
ပဟာနာယ ဓမ္မံ ဒေသေတိ။ သုပ္ပဋိပန္နော ဝတ တဿ ဘဂဝတော သာဝက
သံဃော, ယော ဣမဿ ဧဝရူပဿ ဒုက္ခဿ ပဟာနာယ ပဋိပန္နော။
သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားဟာ အလုံးစုံသောတရားတွေ ကိုယ်ပိုင်ဉာဏ်နဲ့ အမှန်အတိုင်းသိတာ ဟုတ်ပါပေတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားဟာ ဒီဆင်းရဲမျိုးတွေအကုန်လုံးငြိမ်းတဲ့ နိဗ္ဗာန်ကို ဟောတာပဲ။ ဒီဆင်းရဲတွေဟာ မကောင်းဘူး, ဒီရုပ်နာမ်တွေ ရှိနေလို့ ဒီဆင်းရဲတွေ တွေ့ရတယ်, ငါ အခုလက်ငင်း ဒုက္ခတွေ ရောက်နေတာလည်း ဒီရုပ် ရှိလို့ပဲ, ဒီနာမ် ရှိလို့ပဲ, ဒီရုပ်နာမ်သာ မရှိရင် ဒီဆင်းရဲတွေ မရောက်နိုင်ဘူး။ အဲဒီဆင်းရဲတွေ ငြိမ်းတဲ့ နိဗ္ဗာန်တရား မြတ်စွာဘုရား ဟောထားတယ်, အလုံးစုံသော တရားတွေ ကိုယ်တိုင် အမှန်အတိုင်း သိပြီးတော့ ဟောထားတာ ဟုတ်ပါပေတယ်, ဘုရားဂုဏ်တော်ကို သူက အာရုံပြုနေတယ်။
မြတ်စွာဘုရား ဟောကြားတော်မူတဲ့ နိဗ္ဗာန်တရားဆိုတာလည်း တကယ် ကောင်းပါပေတယ်, ဘာကြောင့်တုံးဆိုရင် အဲဒီနိဗ္ဗာန်တရားမှာ အခုဆင်းရဲမျိုး မရှိဘူးတဲ့။ဒီရုပ်နာမ်တွေကို မှီပြီးဖြစ်တဲ့ဆင်းရဲ မရှိဘူး။ အဲဒီတော့ နိဗ္ဗာန်ဟာ ဒီရုပ်နာမ်ဒုက္ခတွေအကုန်လုံး ငြိမ်းတဲ့တရားပဲတဲ့, နိဗ္ဗာန်တရားဟာ ကောင်းပါပေတယ်။
မြတ်စွာဘုရား၏တပည့်သား သံဃာတော်တွေဟာလည်း ကောင်းသောအကျင့်နဲ့ပြည့်စုံပါတယ်, ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒုက္ခတွေ ငြိမ်းအောင်လို့ သူတို့ ကျင့်နေတာပါပဲတဲ့, တကယ်မကောင်းတဲ့ဆင်းရဲတွေ ငြိမ်းအောင် အကောင်းဆုံးအလုပ်တွေ သူတို့လုပ်နေကြတာပဲတဲ့။ ဘုရားဂုဏ်, တရားဂုဏ်, သံဃာ့ဂုဏ်တွေကို အာရုံပြုတယ်, သူအာရုံပြုပုံတွေ အကောင်းသားပဲ။
အဲဒီမှာ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်ကို ကိုယ်တိုင် မတွေ့ပေမယ်လို့ ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန် ကောင်းတယ်ဆိုတာ သိနိုင်တာပေါ့, မတွေ့သေးပေမယ်လို့ ကောင်းတယ်ဆိုတာသိနိုင်တယ်, မှန်းဆကြည့်ရင် ဒီဆင်းရဲတွေ အကုန်လုံးငြိမ်းတာ ကောင်းတာပဲ။
မဂ္ဂသစ္စာဆိုတာ နှစ်သက်မြတ်နိုးအပ်တယ်
အဲဒီ ဆင်းရဲငြိမ်းရာ ရောက်ဖို့ဆိုရင် အကျင့်ကလည်း ရှိဦးမှာကိုး, ဆင်းရဲငြိမ်းရာတကယ်ရောက်တဲ့အကျင့်ဟာ ကောင်းတဲ့အကျင့်ပဲဆိုတာ သိရမှာကိုး။ အားထုတ် ကျင့်ကြံလို့ရှိရင် ဒီဆင်းရဲတွေ အမြစ်ပြတ် ငြိမ်းသွားမယ်ဆိုရင် ဒီအကျင့်ဟာ အကောင်းဆုံးပေါ့။
လောကဆင်းရဲတွေ ငြိမ်းအောင်လို့ အလုပ်အကိုင်တွေ လုပ်ရတယ်, တစ်နေ့တစ်ရက်မျှ စားသောက်နေထိုင်နိုင်အောင်လို့ တစ်ချို့ တစ်နေ့လုံး ကြိုးပမ်းပြီး လုပ်ရတယ်။ တစ်ချို့မှာ ဘေးအန္တရာယ် စိတ်မချရတဲ့ နေရာတွေတောင် စွန့်စားပြီး သွားရတယ်, အင်မတန်ကို ပင်ပန်းခံပြီး အားထုတ်ရတယ်။ အဲဒီလို အားထုတ်မှ တစ်နေ့စားဖို့ရာ ရတယ်, အခု တစ်သံသရာလုံး နှိပ်စက်ပြီးတော့နေတဲ့ ဒီဆင်းရဲတွေ အကုန်လုံးငြိမ်းစေနိုင်တဲ့ အကျင့်ပဲဆိုတာ အင်မတန်ကောင်းတဲ့ အကျင့်ပေါ့။
မဂ္ဂသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ။
မဂ္ဂသစ္စံ- မဂ္ဂသစ္စာသည်၊ ဣဋ္ဌံ- အလိုရှိအပ်သော၊ ကန္တံ- နှစ်သက်အပ်သော၊မနာပံ- စိတ်နှလုံးကို ပွားစေအပ်သော, နှစ်သက်မြတ်နိုးအပ်သော တရားပဲတဲ့။
နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ကောင်းတယ်ဆိုတာကို သိလို့ အားထုတ်ကြတာ
ဒီလို ရှေးအဖို့က နိရောဓသစ္စာ- နိဗ္ဗာန်တရား, မဂ္ဂသစ္စာ- အရိယာမဂ်တရား,အဲဒီတရားတွေဟာ ကောင်းတယ်ဆိုတာ သိထားရမယ်။ အဲဒါ ကြားနာခြင်းဖြင့်, ဆောင်ထားခြင်းဖြင့်, ပြီးတာပါပဲ။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုသိလို့ အားထုတ်တာကိုး, မသိရင် ဘယ်အားထုတ်လိမ့်မတုံး။
ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကိုပဲ ရှုပြီး အားထုတ်ရတယ်
အဲဒီ နိဗ္ဗာန်တရား, အရိယာမဂ်တရားတွေ ရအောင်လို့ အားထုတ်တော့ဝဋ်သစ္စာနှစ်ပါး အားထုတ်တယ်တဲ့။
တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ, ဝိဝဋ္ဋေ နတ္ထိ
အဘိနိဝေသော။ (သုတ်မဟာဝါအဋ္ဌကထာ, ၃၉၁ စသည်)
တေသု- ထိုသစ္စာလေးပါးတို့တွင်၊ ဘိက္ခုနော- ရဟန်းအား၊ ဝဋ္ဋေ- ဝဋ်သစ္စာနှစ်ပါး၌၊ ကမ္မဋ္ဌာနာဘိနိဝေသော- ကမ္မဋ္ဌာန်းနှလုံးသွင်း အားထုတ်ခြင်းသည်၊ ဟောတိ-ဖြစ်၏၊ ဝိဝဋ္ဋေ- ဝဋ်ကင်းရာဖြစ်သော သစ္စာနှစ်ပါး၌၊ အဘိနိဝေသော- နှလုံးသွင်းအားထုတ်ခြင်းသည်၊ နတ္ထိ- မရှိ။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ဝဋ်သစ္စာနှစ်ပါးကိုပဲ ရှုပြီး အားထုတ်ရတယ်, ဝိဝဋ္ဋဖြစ်တဲ့ နိရောဓသစ္စာတရား, မဂ္ဂသစ္စာတရားတွေတော့ ရှုမှတ် အားထုတ်ရတာ မဟုတ်ဘူးတဲ့။ နိဗ္ဗာန်ကို အာရုံပြုပြီး အားထုတ်ရတာ မဟုတ်ဘူး, မဂ္ဂသစ္စာကို အာရုံပြုပြီးအားထုတ်ရတာ မဟုတ်ဘူး။ တစ်ချို့က အဲဒီလိုမသိတော့ နိဗ္ဗာန်ကို အာရုံပြုပြီး အားထုတ်ရမယ်လို့ ဟောပြောနေတာ ရှိတာပေါ့။
ရှုမှတ်အားထုတ်ဖို့ လိုတာကတော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ ဝဋ်သစ္စာနှစ်ပါးပဲ။ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သင်္ခါရတွေဟာ ဒုက္ခသစ္စာတရားတွေပဲ, မျက်စိကမြင်လိုက်, နားက ကြားလိုက်, နှာခေါင်းက နံလိုက်, လျှာက အရသာစားလိုက်, ကိုယ်ကတွေ့ထိလိုက်, စိတ်ကူးစဥ်းစားလိုက်, ကွေးလိုက်, ဆန့်လိုက်, လှုပ်ရှားလိုက်, အဲဒီ မပြတ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေပဲ။
ဒီဒုက္ခတွေကို မသိတော့ ချမ်းသာလို့လည်း အောက်မေ့နေတာပေါ့, မြင်ရတာလည်း ကောင်းနေတာပဲ, ကြားရတာလည်း ကောင်း, နံရတာလည်း ကောင်း, စားရတာလည်း ကောင်း, တွေ့ထိရတာလည်း ကောင်း, စိတ်ကူးစဥ်းစားကြံစည်ရတာလည်းကောင်း, သွားရ, လာရ, ထိုင်ရ, ထရတွေလည်း ကောင်း, အကုန်လုံး ကောင်းနေတယ်လို့ ထင်တယ်။ အဲဒါက ရုပ်နာမ်သင်္ခါရတွေ ခဏမစဲ ဖြစ်ပျက်နေတာတွေကို သူကမသိသေးဘဲဟာကိုး, ရုပ်နာမ်တွေရဲ့ ခဏမစဲ ဖြစ်ပျက်နေတဲ့ သဘောအမှန်တွေ သိလို့ရှိရင် ဒါတွေဟာ ဘာမှ နှစ်သက်စရာ, သာယာစရာ မရှိဘူး, အင်မတန် ကြောက်စရာကောင်းတယ်။
ဘာနဲ့တူလဲဆိုရင် ပြိုလုပြိုခါနီး အိမ်ကြီးထဲ ဝင်နေရမှာနဲ့ တူတယ်။ ဝင်ဝင်ချင်းပြိုချင်လည်း ပြိုမယ်, ဝင်နေတုန်း ပြိုချင်လည်း ပြိုမယ်။ အဲဒါလိုပဲ မိမိတို့သန္တာန်မှာ
ရှိနေတဲ့ ရုပ်နာမ်တရားတွေက ဘာမှ ခိုင်ခန့်တဲ့ တရားတွေ မဟုတ်ဘူးတဲ့, အင်မတန်ကြောက်စရာကောင်းတဲ့ တရားတွေပဲ။
ရုပ်နာမ်တွေဟာ အလွန်တရာ အပြောင်းအလဲ မြန်နေတာတွေ မသိလို့ပဲ, ဥပမာပြောရမယ်ဆိုရင် ညအခါကာလ အလင်းကလေး လာလိုက်တာနဲ့ အမှောင်တွေ အကုန်ပျောက်သွားတယ်, အလင်းပျောက်တာနဲ့ အမှောင်တွေ ပြန်ရောက်လာတယ်။ အဲဒါလိုပဲကိုယ်ထဲက ရုပ်တွေလည်း ဒီလို အမြန်ကြီး ပြောင်းလဲနေတာ, တစ်ကိုယ်လုံးမှာ အသစ်အဟောင်းတွေ ခဏမစဲ အမြဲတမ်း ပြောင်းလဲနေတာ။ အဲဒီလို ပြောင်းလဲနေတော့အဟောင်းတွေ ပျောက်တဲ့အခါ အသစ်တွေက မဖြစ်လာရင် အဲဒါ ပျက်စီးသွားနိုင်တာပဲ, အင်မတန် ကြောက်စရာ ကောင်းပါတယ်တဲ့။
ဘယဋ္ဌေန- ကြောက်စရာကောင်းသော အနက်သဘောကြောင့်၊ ဒုက္ခံ- ဆင်းရဲတဲ့။ အဲဒီ ဒုက္ခသစ္စာတရားတွေဟာ မိမိတို့သန္တာန်မှာ ရှိတယ်, အဲဒီ တရားတွေကိုသိအောင်လို့ အားထုတ်ရတာ။ ဒီဒုက္ခတွေကို ဒုက္ခလို့ မသိတော့ သမုဒယ သာယာမှုရှိလာတယ်, အဲဒီသာယာမှု သမုဒယသစ္စာကိုလည်းပဲ ရှုရမယ်တဲ့။ သာယာမှုလေးတွေကိုလည်း သူ့သဘောအမှန်အတိုင်း သိအောင် ရှုရတယ်။ ဒါကြောင့်မို့ ဝဋ္ဋေ- ဝဋ်သစ္စာနှစ်ပါး၌၊ ကမ္မဋ္ဌာနာဘိနိဝေသော- ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည်၊ ဟောတိ- ဖြစ်၏။
ကမ္မဋ္ဌာန်းတရားအားထုတ်ရင် အများဖြင့်တော့ ဒုက္ခသစ္စာတရားတွေ ရှုနေရတာပဲ, သမုဒယသစ္စာတရားက ရံခါရံခါ ဖြစ်ပေါ်တဲ့အခါမှ ရှုရတာ။
ဒုက္ခံ- ဒုက္ခသစ္စာတရားကို၊ ပရိညေယျံ- ပိုင်းခြား၍ သိရာ၏။ သမုဒယံ- သမုဒယသစ္စာတရားကို၊ ပဟာတဗ္ဗံ- ပယ်အပ်၏။ နိရောဓော သစ္ဆိကာတဗ္ဗော- နိရောဓကိုတော့မျက်မှောက်ပြုရတယ်။ မဂ္ဂေါ ဘာဝေတဗ္ဗော- မဂ္ဂသစ္စာက ပွားများရတယ်။
ဒုက္ခသစ္စာတရားကို ပိုင်းခြားသိအောင် ရှုရမယ်
ဒီတော့ ဒုက္ခသစ္စာတရား ပိုင်းခြားသိအောင်လို့ ရှေးဦးစွာ ဒုက္ခသစ္စာတရားတွေရှုရတာကိုး, အဲဒီဒုက္ခသစ္စာတရားတွေလည်း ရှေးဦးစွာ သင်ကြားရဦးမယ်တဲ့။
ဥဂ္ဂဟ- ဒုက္ခသစ္စာတရားတွေ သင်ယူရမယ်၊ အကျဥ်းချုပ်အားဖြင့် ရုပ်တရား,နာမ်တရားတွေဟာ ဒုက္ခသစ္စာ, ဆင်းရဲတွေချည်းပဲ ဆိုတာလောက် သိရမယ်။ အကျယ်
ဆိုရင်တော့ အဲဒီရုပ်နာမ်တွေကို အကျယ်ချဲ့ပြီးတော့ ရုပ်ခန္ဓာက တစ်ပါး, နာမ်ခန္ဓာကလေးပါး, ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်, အဲဒါတွေကို ခန္ဓဓမ္မာနုပဿနာပိုင်းမှာအကျယ် ဟောခဲ့ပါပြီ။ အဲဒါတွေကို သင်ယူရမယ်တဲ့။
အဲဒါ သင်ယူပြီးတော့ ပရိပုစ္ဆာ- မေးမြန်းတယ်, အခု ကမ္မဋ္ဌာန်းဆရာတွေနဲ့မေးမြန်းစစ်ဆေးပြီးတော့ နေတဲ့အခါ မေးချင်တာ မေးနိုင်တယ်, သဝန- နားထောင်တယ်တဲ့, ဓာရဏ- ဆောင်မှတ်ထားတယ်တဲ့, ကိုယ်ကြားသမျှလေး ကိုယ်မှတ်နိုင်သမျှလေးတွေ မှတ်ထားတယ်။ ဒါတွေကတော့ ပရိယတ်နယ်ပယ် ရှိပါသေးတယ်, ဒါတွေကသုတမယ စိန္တာမယပဲ, ဘာဝနာ မဟုတ်သေးဘူး။
သမ္မသန- သုံးသပ်တယ်ဆိုတာက ရှုတာပဲ, အဲဒါ ဘာဝနာပဲ, ရှုတဲ့အခါကျတော့သတိပဋ္ဌာနသုတ်စသည်နဲ့အညီ ဒွါရခြောက်ပါးက ဖြစ်ဆဲရုပ်နာမ်တွေ ရှုရမှာ, ရုပ်တရားတွေ ထင်ရှားရင် ရုပ်တရား ရှု, နာမ်တရား ထင်ရှားရင် နာမ်တရား ရှု, ဒါတွေ ရှုရမယ်။
မျက်စိက မြင်တိုင်း ရုပ်နာမ်တွေ ထင်ရှားဖြစ်နေတယ်, အဲဒီ ရုပ်နာမ်တရားတွေဟာ ဒုက္ခသစ္စာတွေပဲ။ မျက်စိရုပ် ဒုက္ခသစ္စာတရားပဲ, မြင်ရတဲ့အဆင်း ဒုက္ခသစ္စာတရားပဲ, မြင်သိတဲ့နာမ် ဒုက္ခသစ္စာတရားပဲ။
ဒီဒုက္ခသစ္စာတွေက သမုဒယသစ္စာက လာတာ, ရှေးဘဝက ကုသိုလ်ကံပြုစဥ်ကမကင်းခဲ့သေးတဲ့ တဏှာ ရှိတယ်။ ခုလို မြင်နေရတာတွေ, ကြားနေရတာတွေ, နံနေရတာတွေ, စားနေရတာတွေ, တွေ့ထိနေရတာတွေ, သွားလာနေရတာတွေ, လုပ်ကိုင်နေရတာတွေ, လူအဖြစ်နဲ့ နေရတာတွေ, နတ်အဖြစ်နဲ့ နေရတာတွေ, အာရုံခြောက်ပါး ခံစားပြီးတော့ နေရတာတွေ, အဲဒီဥစ္စာတွေကို သာယာမှု မကင်းခဲ့သေးဘူးတဲ့။
အဲဒီ သမုဒယသစ္စာတွေ ရှိပြီးတော့နေလို့ သေခါနီးမှာ အာရုံစွဲလမ်းပြီးတော့ခုဘဝ လူဖြစ်လာတာ, လူဖြစ်လာတော့ အဲဒီလူ့ခန္ဓာလို့ ခေါ်ရတဲ့ ရုပ်အစဥ်ထဲမှာစက္ခုပသာဒရုပ်က အမိဝမ်းတွင်းကတည်းက စပြီးတော့ အစဥ်မပြတ် ဖြစ်လာတယ်,အခုလည်းပဲ မြင်တိုင်းမြင်တိုင်း ဒီစက္ခုပသာဒ အသစ်အသစ်တွေဟာ ဖြစ်နေတာ, မမြင်တဲ့အခါလည်း ဖြစ်နေတာပါပဲ, သို့သော် မြင်တဲ့အခါမှ သူက ထင်ရှားတယ်။
အဲဒီ စက္ခုပသာဒ မျက်စိရုပ်ဆိုတာ တဏှာ မကင်းသေးလို့ ဖြစ်တယ်, သမုဒယကြောင့် ဖြစ်လာတာတဲ့။ အခု မြင်တဲ့အခါကာလ မျက်စိရုပ် ဖြစ်တယ်, မြင်သိမှု