သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
ဖြစ်တယ်, အဲဒါ ဒုက္ခသစ္စာတရားတွေပဲ။ မြင်သိမှု ဖြစ်တော့ မြင်တာကို ရှုလိုက်တဲ့အခါမှတ်သိမှု ဘာဝနာ ဖြစ်လာတယ်, အဲဒီ ဘာဝနာကို ပုဗ္ဗဘာဂအနေနဲ့ မဂ္ဂသစ္စာထဲ ထည့်ရပါတယ်။ မဂ္ဂသစ္စာကတော့ မြင်တဲ့ ဒုက္ခသစ္စာတရားလေးကို သိတယ်။
မြင်တယ်လို့ မှတ်လိုက်တဲ့အခါ မျက်စိနဲ့အဆင်းက ရုပ်- အာရုံကို မသိတတ်တဲ့တရား, မြင်သိတာက နာမ်- အာရုံသိတတ်တဲ့တရား, ရုပ်နဲ့နာမ် နှစ်ခုပဲ ရှိတယ်။ အဲဒီရုပ်နာမ်နှစ်ပါးတွေက သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပြီးရင်း ပျောက်သွားရင်းဆိုတာ သိရတော့ မမြဲတဲ့သဘောကို ပိုင်းခြားပြီးတော့ သိတယ်။
ထို့အတူ ကြားတယ်, ကြားတယ် မှတ်တိုင်း ဒုက္ခသစ္စာတရားတွေပဲ။ ကိုယ်ထဲမှာထိရာကနေပြီး ထိတယ်, ထိတယ်လို့ မှတ်, အဲဒါ တွေ့ထိရာဌာနရယ်, တွေ့ထိရတဲ့အာရုံရယ်, ထိသိတဲ့ သဘောလေးရယ်, အဲဒါ သိတယ်။ ထိတယ်လို့ မှတ်တိုင်း မှတ်တိုင်း ရုပ်တရား နာမ်တရားတွေပဲ, ဖြစ်ပျက်နေတဲ့တရားတွေပဲ, ရှုတိုင်း ရှုတိုင်း ဒုက္ခသစ္စာတရားတွေ ပိုင်းခြားပြီးတော့ သိနေတာပဲ။
နာတယ်လို့ မှတ်တော့ အဲဒီနာတာလေးဟာ သူ့အခိုက်အတန့်နဲ့သူ နာပြီးရင်းပျောက်သွားရင်း, နာပြီးရင်း ပျောက်သွားရင်း ဒုက္ခသစ္စာတရား ပိုင်းခြားသိနေတာတဲ့။
သမုဒယသစ္စာကို ပယ်ပြီးဖြစ်နေတယ်
မှတ်တိုင်း မှတ်တိုင်း အဲဒီအာရုံနဲ့စပ်ပြီး သာယာမယ့် တဏှာဟာ ကင်းငြိမ်းတယ်။အစတုန်းကတော့ မြင်မှု, ကြားမှုတွေဟာ အမြဲတည်နေတယ် ထင်လို့, ကောင်းတယ်ထင်လို့ သာယာနှစ်သက် သဘောကျနေတယ်။ အခုတော့ မှတ်တိုင်း မှတ်တိုင်းဖြစ်ပျက်နေတဲ့ သဘောချည်းပဲ တွေ့ရတယ်။ ဒါက တော်တော်လေး ဉာဏ်ရောက်လာမှသိရတယ်, မှတ်တိုင်း မှတ်တိုင်းဟာ တရိပ်ရိပ်နဲ့, ရိပ်ခနဲ ရိပ်ခနဲ ပျောက်နေတာ တွေ့ရတယ်။ ဖောင်းတာ ပိန်တာလည်း ရွေ့တိုင်းရွေ့တိုင်း ရိပ်ခနဲ ရိပ်ခနဲ ပျောက်လိုက်နေတာ တွေ့ရတယ်။ ခြေထောက်ကြွတိုင်း လှမ်းတိုင်းဟာ ရွေ့တိုင်း ရွေ့တိုင်း ပျောက်နေတာ တွေ့ရတယ်။ ကွေးတိုင်း ဆန့်တိုင်း လှုပ်ရှားတိုင်းဟာလည်းပဲ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပြီး ပျောက်သွားတာတွေ တွေ့ရတယ်။ နာကျင်ကိုက်ခဲမှုလေးတွေဟာ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပျက်နေတာတွေ တွေ့ရတယ်။ စိတ်ကူးကလေးတွေ ဖြစ်ပြန်ရင် အဲဒီစိတ်ကူးကလေးက စိတ်ကူးလိုက်ရင်း ပျောက်သွားရင်း အဲဒီလို တွေ့ရတယ်။
အဲဒီလို တွေ့ရတဲ့အခါကျတော့ ဘာမှ အားကိုးစရာ မရှိဘူး, သာယာစရာ မရှိဘူး, တစ်ကိုယ်လုံး တစ်ကောင်လုံးဟာ ရစရာ, ယူစရာ မရှိဘူး, မကောင်းတဲ့တရားတွေပဲလို့ သဘောပေါက်လာတယ်။ အဲဒီအချိန်မှာ ရှုတိုင်း ရှုတိုင်း သိတိုင်း သိတိုင်းဟာသမုဒယသစ္စာကို ပယ်နေတာပဲ, သမုဒယသစ္စာ ငြိမ်းနေတယ်။
ဝိပဿနာသမ္မာဒိဋ္ဌိ
နိရောဓသစ္စာ, မဂ္ဂသစ္စာတို့က အစစ်အားဖြင့်တော့ အရိယမဂ်ဖြစ်တဲ့အခါကျမှသေချာသိပါတယ်။ ဝိပဿနာရှုတဲ့အခါ ရှုမှတ်တိုင်း တဒင်္ဂနိဗ္ဗာန်ကို မျက်မှောက်ပြုတယ်, ရှုမှတ်တိုင်း ကိလေသာငြိမ်းတန်သမျှတွေ ငြိမ်းသွားတယ်။ ရှုမှတ်တိုင်း ဝိပဿနာသမ္မာဒိဋ္ဌိလေးတွေ ဖြစ်တယ်, မြင်တာလေး မှတ်လိုက် မှတ်လိုက်, ကြားတာလေးမှတ်လိုက် မှတ်လိုက်, တွေ့ထိတာလေး မှတ်လိုက် မှတ်လိုက်, ပထမ စပြီး ရုပ်နဲ့နာမ်ပဲရှိတာပဲလို့ သိတယ်။ ဒီကိုယ်ထဲမှာ အာရုံမသိတတ်တဲ့ ရုပ်ကတစ်မျိုး, အာရုံသိတတ်တဲ့နာမ်ကတစ်မျိုး, ဒါလေးနှစ်ခု ရှိတာပဲ, ဒီ့ပြင် ဘာမှ မရှိဘူးလို့ သိတယ်။ အဲဒီလို သိတာလည်း သမ္မာဒိဋ္ဌိပဲ, အမှန်အတိုင်း သိတာ။
ပြီးတော့ ဒီရုပ်နာမ်ကလေးတွေပဲ မှတ်တိုင်း မှတ်တိုင်း သူ့အခိုက်အတန့်နဲ့သူဖြစ်ပြီး ပျောက်နေတာကလေးတွေကို တွေ့တယ်, ဖြစ်လိုက်ရင်း ပျောက်လိုက်ရင်း,ဖြစ်လိုက်ရင်း ပျောက်လိုက်ရင်း မမြဲတဲ့သဘောတွေကို တွေ့နေတယ်။ ခဏမစဲ ဖြစ်ပျက်နေတာပဲ, မမြဲဘူးလို့ မှတ်တိုင်း မှတ်တိုင်း သိနေတယ်, အဲဒါ သမ္မာဒိဋ္ဌိပဲ။ မမြဲဘူးလို့သိတော့ ဆင်းရဲတွေပဲလို့ သိလာတယ်, ပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့ အနတ္တတရားတွေပဲလို့သိလာတယ်, အဲဒါလည်းပဲ သမ္မာဒိဋ္ဌိပဲ။ ဝိပဿနာဉာဏ်ဖြင့် အမြင်မှန်သိနေတာဟာဝိပဿနာသမ္မာဒိဋ္ဌိပဲ, ဒုက္ခသစ္စာကို ပိုင်းခြားပြီးတော့ သိနေတာ ဒါကြောင့်ပေါ့။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခေ- ဆင်းရဲ၌၊ ယံ ခေါ ဉာဏံ- အကြင်အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခသမုဒယေ- ဆင်းရဲကြောင်းတရား၌၊ ယံ ခေါ ဉာဏံ- အကြင် အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခနိရောဓေ- ဆင်းရဲငြိမ်းရာ၌၊ ယံ ခေါ ဉာဏံ- အကြင်အသိဉာဏ်သည်လည်းကောင်း၊ ဒုက္ခနိရောဓဂါမိနိယာ- ဒုက္ခ၏ချုပ်ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်သော၊ ပဋိပဒါယ- အကျင့်၌၊ ယံ ခေါ ဉာဏံ- အကြင် အသိဉာဏ်သည်လည်းကောင်း၊ အတ္ထိ- ရှိ၏၊ ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤအသိဉာဏ်ကို၊ သမ္မာဒိဋ္ဌိ-သမ္မာဒိဋ္ဌိဟူ၍၊ သမ္မာဒိဋ္ဌိ- မှန်ကန်စွာမြင်ခြင်းဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်ပေ၏။
အဲဒါ မှန်စွာမြင်တဲ့ သမ္မာဒိဋ္ဌိပါပဲ-တဲ့, အဲဒီ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတရားတွေဟာ မဂ္ဂသစ္စာတရားပဲ။
သမ္မာဒိဋ္ဌိမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိက မူလမဂ္ဂင်တရား, အဲဒီမူလမဂ္ဂင်တရားကအရင်းခံတည်ပြီး ပွားများလိုက်တဲ့အခါ ဒါန သီလ ကုသိုလ်ကောင်းမှုတွေ, ဘာဝနာကုသိုလ်တွေ, ဝိပဿနာဘာဝနာကုသိုလ်တွေ ဖြစ်လာတယ်။
မြင်တိုင်း, ကြားတိုင်း ဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်း ရှုမှတ်ပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိတယ်, သမုဒယသစ္စာကို ပိုင်းခြားသိတယ်, နိရောဓသစ္စာကို တဒင်္ဂအားဖြင့် ပိုင်းခြားသိတယ်, ရှုတိုင်းရှုတိုင်း မိမိသန္တာန်မှာ လောကီမဂ္ဂသစ္စာတွေ ပွားများပြီးတော့ သိတယ်, အဲဒီလို သိနေတာဟာ ပုဗ္ဗဘာဂမဂ္ဂင် ပွားနေတယ်လို့ ခေါ်ပါတယ်။
အဲဒီလို ပွားနေရာက အဖြစ်အပျက်တွေ သိရင်းသိရင်းနဲ့ နောက်ဆုံးတော့ သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားတယ်။ ဖြစ်တာ, ပျက်တာလေး ရှုရင်း ရှုရင်းနဲ့ ဖြုတ်ခနဲဆိုရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့သွားတယ်, အဲဒါက နိရောဓသစ္စာကိုအရိယာမဂ်ဉာဏ်နဲ့ တိုက်ရိုက်အာရုံပြုပြီးတော့ သိသွားပုံပဲ။
အဲဒီလို အစဥ်အတိုင်း မူလမဂ္ဂင်ကနေပြီး ပွားများတော့ ပုဗ္ဗဘာဂမဂ္ဂင်ဖြစ်,ပုဗ္ဗဘာဂမဂ္ဂင် ပွားများတဲ့အခါ အရိယမဂ္ဂင်ဖြစ်ပြီး နိဗ္ဗာန်ကို ပြေးဝင်သွားပါတယ်တဲ့။
မူလ ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓါတ်။
သမ္မာသင်္ကပ္ပမဂ္ဂင် စသည်လည်းဖြစ်ခြင်း
အဲဒီအတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွားများတာနဲ့ သမ္မာသင်္ကပ္ပလည်း ပါလာပါတယ်,ဒါတွေကို နောက်နေ့တွေကျမှ ပြောရမယ်။ သမ္မာဒိဋ္ဌိဖြစ်ရင် သမ္မာဒိဋ္ဌိတစ်ခုတည်း ဖြစ်နေတာမဟုတ်ဘူး, သမ္မာသင်္ကပ္ပတွေနဲ့ တွဲလျက်ဖြစ်နေတာ, တစ်ခုတည်း ခွဲဖြစ်တယ်လို့လည်း မရှိဘူး။ သမ္မာဒိဋ္ဌိတစ်ခု နားလည်ထားရင်ကိုပဲ လုံလောက်နေပါပြီ, သမ္မာဒိဋ္ဌိကဒုက္ခသစ္စာကို သိတာ, ဒုက္ခသစ္စာ ဘယ်ပုံဘယ်နည်း သိရမလဲ, စောစောက သင်ယူပြီးတော့လည်း သိရမယ်။ ဒုက္ခသစ္စာဆိုတာ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေပဲ။
ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ သစ္စာလေးပါးတရားတွေရှေးအဖို့ကတော့ ကျက်မှတ်ပြီးတော့ သိရမယ်, မေးမြန်းပြီးတော့ သိရမယ်, ကြားနာပြီးတော့ သိရမယ်, ဆောင်မှတ်ပြီးတော့ သိရမယ်, ဒါတွေက သုတမယနယ်ပယ်ကသိတာ, ကိုယ်တိုင် သိတာတွေတော့ မဟုတ်သေးဘူး။
တကယ် တရားအားထုတ်တဲ့အခါကျတော့ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာတရားတွေမိမိသန္တာန်ဖြစ်တဲ့တရားတွေ ရှုရတာကိုး။ သမ္မသန- သုံးသပ်ပြီးတော့ သိရမယ်, မျက်စိက မြင်တိုင်း သုံးသပ်ရှုပြီးတော့ သိရမယ်, နားက ကြားတိုင်း, နှာခေါင်းက နံတိုင်း,လျှာက အရသာစားသိတိုင်း, ကိုယ်က တွေ့ထိတိုင်း, စိတ်ကူးစဥ်းစား ကြံစည်တိုင်း, ဒွါရခြောက်ပါးက ဒုက္ခသစ္စာတရားတွေ ဖြစ်တိုင်း ဖြစ်တိုင်း ရှုရမယ်, သမုဒယသစ္စာတရားနှစ်သက်သာယာမှု ဖြစ်ရင်လည်း သူ့ကို ဖြစ်တိုင်းဖြစ်တိုင်း ရှုရမယ်, အဲဒီလို ရှုသောအားဖြင့် သမုဒယသစ္စာကိုလည်း ပယ်တယ်။ ရှုတိုင်းရှုတိုင်း တဒင်္ဂနိရောဓလည်းပဲဆိုက်ရောက်တယ်, လောကီမဂ္ဂသစ္စာဆိုတဲ့ ဝိပဿနာမဂ္ဂသစ္စာကိုလည်းပဲ ပွားများနေတယ်, မှတ်တိုင်း မှတ်တိုင်း တစ်ခါမှတ်ရင် သမ္မာဒိဋ္ဌိ တစ်ခါဖြစ်တာပဲ, သမ္မာဒိဋ္ဌိတစ်ခါဖြစ်ရင် သမ္မာသင်္ကပ္ပ အစရှိတဲ့တရားတွေလည်း ပါလာတာပဲ။ မှတ်တိုင်း မှတ်တိုင်း မဂ္ဂင်ရှစ်ပါးတရားတွေ ပွားနေတယ်။
အဲဒီလို ပွားများသောအားဖြင့် မဂ္ဂသစ္စာတရားတွေလည်း သိနေတယ်တဲ့, အဲဒါရှေးအဖို့က သိတာ, အဲဒီလိုသိရင်း နောက်ဆုံးကျတော့ အရိယမဂ္ဂသစ္စာ ဖြစ်လာတယ်,အရိယမဂ္ဂသစ္စာဖြစ်တဲ့အခါ နိဗ္ဗာန်ကို နိရောဓသစ္စာနဲ့ တွေ့သွားတယ်။ နိဗ္ဗာန်ကို တွေ့သောအားဖြင့် ကျန်တဲ့ သစ္စာသုံးပါးလည်း ကိစ္စပြီးသွားပါတယ်, အဲဒီလိုသိတာ သမ္မာဒိဋ္ဌိမဂ္ဂင်ပဲ, ကနေ့တော့ အချိန်လည်း တော်တော်ကုန်သွားပြီ, တော်ကြဦးမှပဲ။
ဤ သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးတရားတွေကို မိမိတို့သန္တာန်၌ ပွားများအားထုတ်နိုင်ကြ၍ ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။