သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
တစ်ခါ အဲဒီ ၉-ခုထဲမှာ ရုပ်တစ်ခု ထည့်လိုက်ရင် ဘာဝနဲ့တကွ ဒီဒသကကလာပ်က ရုပ်၁၀-ခု။ နောက်တစ်ခါ ဝတ္ထုရုပ်စိတ်၏ တည်ရာမှီရာဖြစ်တဲ့ ဝတ္ထုရုပ်ကလေး တစ်ခုထည့်လိုက်ရင်လည်း ဒသကကလာပ်ပဲ။ အဲဒါ ဒသကသုံးခု, ရုပ်-၃၀ အပေါင်း ဝတ္ထုရုပ်ကို မှီပြီးဖြစ်တဲ့ ပဋိသန္ဓေစိတ်ကလေး ရှိတယ်။
အဲဒါဟာ ရှေးဦးစွာ ဖြစ်လာတဲ့ ‘ဇာတိ’ပဲ “သဉ္ဇာတိ, ဩက္ကန္တိ, အဘိနိဗ္ဗတ္တိ, ခန္ဓာနံပါတုဘာဝေါ” ဆိုတာ ရုပ်ခန္ဓာ နာမ်ခန္ဓာတွေ ဖြစ်လာတယ်, အဲဒါ “ပဋိသန္ဓေပဲ” တဲ့။ဒီက ဖြစ်ပြီးလာတော့ နောက်ဆက် ရုပ်တွေလည်း ဖြစ်တာပေါ့။ ရုပ်တွေ ဆက်ဖြစ်သလိုပဲ, စိတ်တွေကလည်း ဆက်ပြီးတော့ ဖြစ်တယ်။ အဲဒါ ပဋိသန္ဓေကတည်းက ဖြစ်လာပြီးတော့ နောက်ထပ် ၉-လ, ၁၀-လ ရှိတဲ့အခါကျတော့ မွေးဖွားပြီး ခလေးကလေးဖြစ်လာတယ်။ အဲဒီကနေ တဖြည်းဖြည်း ကြီးပြင်းလာတော့ လူကြီး ဖြစ်လာတယ်။လူကြီးဖြစ်ပြီး တဖြည်းဖြည်း အသက်ကြီးတဲ့အခါ အိုပြီးတော့ သေပြန်ရော, ဒီလိုသွားနေတာပဲ။
ဇာတိပိ ဒုက္ခာ။ ဇာတိပိ- ဘဝအသစ်ဖြစ်ရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲ၏။ဒီဇာတိလေးက သူ့သက်သက်နဲ့တော့ မဆင်းရဲဘူး, ဘဝသစ်ဖြစ်စဥ်တုန်းက အဲဒီမှာဒုက္ခ မပါဘူး, ဒသကကလာပ်သုံးခု, ရုပ်သုံးဆယ် စပြီးတော့ ဖြစ်တယ်, အဲဒီရုပ် ၃၀-ကိုမှီပြီးတော့ ပဋိသန္ဓေစိတ် စေတသိက်တွေ ဖြစ်တယ်, အားလုံး ခန္ဓာငါးပါး ဖြစ်တယ်,ဒီခန္ဓာငါးပါးထဲ ဘာမှ အခံခက်တဲ့သဘော မပါ, ကိုယ်ပင်ပန်း စိတ်ပင်ပန်းတွေ ဘာမှမပါဘူး, ဒုက္ခ မပါဘူး။
ဇာတိက ဒုက္ခ၏အကြောင်းတဲ့, ဒီဘဝအသစ်ဖြစ်ရခြင်းကြောင့် ဒီဘဝနဲ့ဆိုင်တဲ့ဆင်းရဲတွေကို သူက လုပ်ပေးတာတဲ့။ ငရဲဖြစ်ရမယ့်ပုဂ္ဂိုလ်ဆိုရင် ငရဲ ပဋိသန္ဓေက နေပြီးတော့ ငရဲတစ်ဘဝလုံး ခံဖို့ရာ ငရဲဒုက္ခတွေ ပေးလိုက်တာ။ အကယ်၍သာ ဘဝအသစ်ဖြစ်တဲ့ ပဋိသန္ဓေလေး မရှိခဲ့ရင် ငရဲသားဖြစ်ပြီး မခံရတော့ဘူး။ ထို့အတူပဲ ပြိတ္တာတစ်ဘဝလုံး ဒုက္ခရောက်ဖို့ရာ ပဋိသန္ဓေကစပြီး ဖွင့်လိုက်တာပဲ။ လူ့ဘဝမှာလည်းရှေးကံ မကောင်းလို့ ဆင်းရဲမယ့် ပုဂ္ဂိုလ်တွေ ပဋိသန္ဓေ စလိုက်ကတည်းက အင်မတန်ဆင်းရဲတဲ့ မိဘတွေရဲ့ ဝမ်းမှာ သွားပြီး ပဋိသန္ဓေနေရတယ်, မွေးဖွားပြီး လာပြန်လည်းသူ့ကို ပြုစုမယ့်ပုဂ္ဂိုလ်တွေ မရှိလေတော့ စားစရာဝတ်စရာလည်း ကောင်းကောင်း
မရှိပါဘူး။ ကြီးပြင်းလာပြန်တဲ့အခါလည်း အင်မတန်ကို ခဲခဲယဥ်းယဥ်း အစာအစားစားရတယ်, ကြမ်းတမ်းတဲ့ အဝတ်တွေ ဝတ်ရတယ်, တစ်ချို့က ရောဂါဝေဒနာတွေဖြစ်ပြီး ဒုက္ခရောက်တာလည်း ရှိတယ်။ အဲဒီလို တစ်ဘဝလုံး ဆင်းရဲဖို့ရာ အမိဝမ်းပဋိသန္ဓေ နေတာလေးက စလာတာ, ဇာတိ မရှိခဲ့လို့ရှိရင် လူ့ဆင်းရဲတွေ ခံစားရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဇာတိ ဘဝအသစ်ဖြစ်ရတာ ဒုက္ခပဲတဲ့။
ဒုက္ခ ၇-မျိုး
ဒုက္ခသစ္စာ ဖြစ်တဲ့နေရာမှာ ဒုက္ခအမျိုးအမည် ၇-မျိုး ရှိပါတယ်, ဒီ ၇-မျိုးကိုလည်းနားလည်ထားမှ သင့်တော်မယ်။ ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခ, ပဋိစ္ဆန္နဒုက္ခ,အပ္ပဋိစ္ဆန္နဒုက္ခ, ပရိယာယဒုက္ခ, နိပ္ပရိယာယဒုက္ခ, အားလုံး ၇-မျိုး ရှိတယ်။
ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲတွေကို “ဒုက္ခဒုက္ခ”လို့ ခေါ်တယ်။ အတိုချုပ်အနေနဲ့ကိုယ်ထဲ, စိတ်ထဲမှာ မခံသာတဲ့ ဒုက္ခဝေဒနာတွေပါပဲ။ “ဒုက္ခဒုက္ခ”၌ ဒုက္ခ သဒ္ဒါတစ်ခုကဆင်းရဲပဲ, နောက် ဒုက္ခသဒ္ဒါတစ်ခု ထပ်ပြီး ထည့်တော့ ဆင်းရဲဖြစ်တဲ့ ဆင်းရဲ, တကယ့်တကယ့်ဆင်းရဲအစစ်လို့ ဆိုလိုပါတယ်။ တကယ့်ကိုဆင်းရဲတဲ့ ဆင်းရဲလို့ ဆိုလိုတယ်။အဲဒါ ကိုယ်ထဲ, စိတ်ထဲမှာ ဆင်းရဲပင်ပန်းစွာ ဖြစ်လာတဲ့ ဥစ္စာပဲတဲ့။
ဥပမာ ကိုယ်ထဲမှာ နာကျင်ကိုက်ခဲတာတွေ ဖြစ်လာတယ်။ ဒါကတော့ မကောင်းဘူး, ဆင်းရဲတာပဲလို့ လူတိုင်း လူတိုင်းက သိတယ်, တိရစ္ဆာန်တွေလည်း သိတာပဲ။“နာတယ်, ကျင်တယ်, ကိုက်ခဲတယ်, ယားတယ်, ပူတယ်, အောင့်တယ်” အဲဒါတွေဟာတကယ့်ဆင်းရဲအစစ်တွေပဲတဲ့, “ဒုက္ခဒုက္ခ”လို့ ခေါ်တယ်တဲ့။ နောက်တစ်ခု, စိတ်ထဲကဆင်းရဲဆိုတာကလည်း စိတ်ထဲ နှလုံးမသာတာတွေ, စိတ်ညစ်တယ်, စိတ်ပူတယ်, စိတ်ထဲမှာ လေးနေတယ်, အနေအထိုင် ခက်နေတယ်, အဲဒါလည်းပဲ ဒုက္ခဒုက္ခပဲ။
ကိုယ်ထဲ, စိတ်ထဲ၌ မခံသာသောဒုက္ခဝေဒနာကို “ဒုက္ခဒုက္ခ”ဟု ခေါ်သည်။
(၁) ဒုက္ခဒုက္ခ
အဲဒီ “ဒုက္ခဒုက္ခ”ကို မကောင်းမှန်း လူတိုင်းက သိတယ်, ဘယ်သူမှ အလိုမရှိကြဘူး, သို့သော်လည်း အသိချင်းတော့ ကွာတယ်။ သာမန်ပုဂ္ဂိုလ်တွေ သိတာကတော့ ငါဆင်းရဲတယ်လို့ ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ သိတယ်, ယောဂီပုဂ္ဂိုလ်တွေ သိတာကတော့
တရားသဘောအနေနဲ့ သိတယ်, အဲဒါပဲ ကွာတယ်။ ငါ ဆင်းရဲတယ်လို့ သိရုံနဲ့တော့ဝိပဿနာ မဖြစ်သေးဘူး။ တရားသဘောအနေနဲ့ သိမှ, ဒီဒုက္ခတွေ အခံခက်တဲ့သဘောလေးတွေ ဖြစ်လိုက် ပျောက်လိုက်, ဖြစ်လိုက် ပျောက်လိုက်, ငါရယ်လို့ မရှိဘူး။ဆင်းရဲတဲ့သဘောမျှလေးတင် သူ့ဟာသူ ဖြစ်ပျက်နေတာပဲ ဆိုတာကို သိမှ ဝိပဿနာဉာဏ် ဖြစ်တယ်။
ကိုယ်ထဲမှာ ညောင်းတာတို့, ပူတာတို့, နာတာတို့, ဒါလေးတွေ စိုက်မှတ်တော့မှတ်လိုက်ရင်း ပျောက်သွားရင်း, မှတ်လိုက်ရင်း ပျောက်သွားရင်း တစ်နာနဲ့ တစ်နာမရောဘူး, နာတဲ့သဘောလေးတွေမှာ ငါ မရှိဘူး, ဒီမှာ နာတတ်တဲ့ ငါ မရှိ, နာတယ်လို့နှလုံးသွင်းတဲ့ ငါ မရှိ။ နာတဲ့သဘောမျှသာ ရှိတယ်, အခံခက်တဲ့သဘောမျှသာ ရှိတယ်,အဲဒီလို သိအောင် အားထုတ်ရမှာ။ ဒီလိုသိလို့ရှိရင်တော့ ဒုက္ခသစ္စာအမှန် ဖြစ်တာပဲ။ဒုက္ခထဲမှာ ဒါက အထင်ရှားဆုံးပဲ။ ဒီလိုမဟုတ်ဘဲနဲ့ “ငါ နာတယ်, ငါ ဆင်းရဲနေတယ်,ငါ ပင်ပန်းနေတယ်” ဒီလိုထင်ရင်တော့ ဒုက္ခသစ္စာကို သိတာ မမည်သေးဘူး။ ဒါကတော့ ဒေါမနဿ နှလုံးမသာတာ ဖြစ်လိမ့်မယ်။
(၂) ဝိပရိဏာမဒုက္ခ
“ဝိပရိဏာမဒုက္ခ”။ ပြောင်းလဲဖောက်ပြန်လို့ရှိရင် ဆင်းရဲတတ်တဲ့တရားတဲ့။ သူရှိတုန်းတော့ အကောင်းသားပဲ, သူ မရှိပြီဆိုမှဖြင့် ဒုက္ခပေးတာတဲ့။ ဝိပရိဏာမဒုက္ခကကိုယ်ထဲ, စိတ်ထဲမှာ ခံသာတဲ့ သုခဝေဒနာမှ မခံသာတဲ့သဘော ရောက်သွားတယ်။“ကိုယ်ထဲ, စိတ်ထဲ၌ ခံသာသော သုခဝေဒနာကို “ဝိပရိဏာမဒုက္ခ” ဟု ခေါ်သည်တဲ့။သူ ရှိတုန်းက ချမ်းချမ်းသာသာနေလာတော့ ပြောင်းလွဲသွားတဲ့အခါ သူ့ကို တမ်းတပြီးချမ်းသာချင်တာနဲ့ နောက်ဆုံး မနေတတ် မထိုင်တတ် ဖြစ်ပြီးတော့ ဆင်းရဲလာတယ်။
လောကမှာ ချမ်းချမ်းသာသာနေလာတဲ့ ပုဂ္ဂိုလ်တွေ နောက် အကြောင်းမသင့်လို့ကိုယ့်မှာ သုံးစရာ စွဲစရာ မရှိတဲ့အခါ သိပ်ပြီးတော့ ဒုက္ခရောက်တယ်။ အစကတည်းကဆင်းဆင်းရဲရဲ နေလာတဲ့ပုဂ္ဂိုလ်ထက် ပိုပြီးတော့ ဒုက္ခရောက်တယ်။ ဟိုတုန်းက အခြေအနေတွေ ပြန်တွေးပြီးတော့ စိတ်မချမ်းသာစရာတွေ သိပ်ပြီးတော့ ဖြစ်လာတယ်။အဲဒါကို “ဝိပရိဏာမ ဒုက္ခ”လို့ ခေါ်တယ်။
သုခချမ်းသာက သူ ရှိတုန်းကတော့ အကောင်းသားပဲ, သူ မရှိတဲ့အခါကျတော့ငါ မရှိတော့ မင်း ဒုက္ခရောက်ရော့ဆိုပြီး ပြုစားထားခဲ့တာနဲ့ တူတယ်။ သူ မရှိရင် သိပ်ဒုက္ခရောက်တယ်, ဘာနဲ့ တူလဲဆိုရင် အမြင့်ကနေပြီး လိမ့်ကျတာနဲ့ တူတယ်တဲ့။အမြင့်တက်တဲ့ပုဂ္ဂိုလ်ဟာ နိမ့်နိမ့်က လိမ့်ကျရင် သိပ်ပြီးတော့ မနာဘူး, မြင့်လေလေနာလေလေပဲ။ အဲဒါလိုပဲ ချမ်းသာပေမယ်လို့ နည်းနည်း ချမ်းသာရာက ပြုတ်ကျရင်ကိစ္စ မရှိဘူး, များများကြီး ချမ်းသာနေတဲ့ ပုဂ္ဂိုလ်က စည်းစိမ်တွေ ပြုတ်သွားလို့ရှိရင်အဲဒါ ဒုက္ခရောက်ပါရော၊ အဲဒါ “ဝိပရိဏာမဒုက္ခ”လို့ ခေါ်တယ်။
ကိုယ်ထဲ, စိတ်ထဲ၌ ခံသာသော သုခဝေဒနာကို
“ဝိပရိဏာမဒုက္ခ”ဟု ခေါ်သည်။
(၃) သင်္ခါရဒုက္ခ
ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးလို့ ဖြစ်ပျက်တဲ့တရားတွေအကုန်လုံး သင်္ခါရဒုက္ခတွေပဲ။ ဒါကို ဘုန်းကြီးက သစ္စာလေးပါး သရုပ်တွေ ဆောင်ပုဒ်ပေးထားတာ “ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာတည်း”တဲ့။ ဖြစ်ပျက်နေတဲ့ သင်္ခါရတရားဟူသမျှကို “သင်္ခါရဒုက္ခ”ဟု ခေါ်သည်လို့ အတိုချုပ် မှတ်ရမှာပဲ။ ခုနက သုခ, ဒုက္ခ,ဝေဒနာနှစ်ပါး နုတ်ပြီးတော့ ကျန်သမျှ ဖြစ်ပျက်တဲ့ ရုပ်နာမ်တွေဟူသမျှ အကုန်လုံးကို“သင်္ခါရဒုက္ခ”လို့ ခေါ်တယ်။ ဒုက္ခဝေဒနာက ဒုက္ခဒုက္ခ, သုခဝေဒနာကတော့ ဝိပရိဏာမဒုက္ခ, သူတို့က နာမည်သီးခြား ရှိတာကိုး။
သုခဝေဒနာ, ဒုက္ခဝေဒနာမှ တစ်ပါးသော ဖြစ်ပျက်သမျှ ရုပ်နာမ်ခန္ဓာတို့ကို
“သင်္ခါရဒုက္ခ”ဟု ခေါ်သည်။
(၄) ပဋိစ္ဆန္နဒုက္ခ
“ပဋိစ္ဆန္နဒုက္ခ” ပါဠိရဲ့ အဓိပ္ပာယ်ကတော့ ဖုံးလွှမ်းနေတဲ့ဆင်းရဲတဲ့။ တစ်ချို့ ရောဂါဝေဒနာတွေ သူများက မသိရဘူး, ကိုယ့်ဟာကိုယ်သာ သိနေတဲ့ ကိုယ်ဆင်းရဲတွေရှိတယ်။ လူကို ကြည့်တော့လည်း အကောင်းသားပဲ, ကျန်းမာနေတယ်, ဒါပေမဲ့ သူကနေမကောင်းဘူးဆိုတာ သူ ပြောမှပဲ သိတယ်, အဲဒါဟာ “ပဋိစ္ဆန္နဒုက္ခပဲ”တဲ့။
တစ်ချို့မှာ စိတ်ပူစရာတွေက ရှိနေတယ်။ ရာဂနဲ့စပ်ပြီးတော့ ကိုယ်လိုချင်တာလေးတွေအတွက်နဲ့ ပူနေရတာလည်း ရှိတယ်, ဒေါသနဲ့စပ်ပြီးသကာလ ပူနေရတာလည်း ရှိတယ်, နောင်ရေးတွေ တွေးပြီး စိုးရိမ်နေရတာတွေ ရှိတယ်, လူရှေ့သူရှေ့ဣန္ဒြေပျက်မှာ စိုးလို့ အသာလေး ငြိမ်နေရတာ, အဲဒီလို စိတ်ပူစရာတွေက ပဋိစ္ဆန္နဒုက္ခွတဲ့။ ဖုံးလွှမ်းနေတယ်, မမြင်ရဘူးပေါ့လေ, “အပါကဋဒုက္ခ”လည်း ခေါ်တယ်, မထင်ရှားတဲ့ ဒုက္ခတဲ့။
(၅) အပ္ပဋိစ္ဆန္နဒုက္ခ
ထင်ထင်ရှားရှား ဒုက္ခတွေကတော့ လက်နက်ဘေးဒဏ်တွေ သင့်တာတွေပါပဲ။ဥပမာ ဓားထိလို့, ဆူးစူးလို့, ခလုတ်တိုက်လို့, တုတ်နဲ့ရိုက်လို့, လှံနဲ့ထိုးလို့, တစ်ချို့လည်းရောဂါဝေဒနာ အကြီးအကျယ် ဖြစ်နေတယ်, ဒါတွေကတော့ မြင်တာနဲ့ သိတယ်။ အဲဒါ“အပ္ပဋိစ္ဆန္နဒုက္ခ”ပဲ, ပေါ်ပေါ်လွင်လွင် ဖြစ်နေတဲ့ ဒုက္ခလို့ ဆိုလိုတယ်။ “ပါကဋဒုက္ခ”ထင်ရှားတဲ့ဒုက္ခတဲ့။
(၆) နိပ္ပရိယာယဒုက္ခ
“နိပ္ပရိယာဒုက္ခ”ဆိုတာ တိုက်ရိုက်ဆင်းရဲပဲတဲ့, အဲဒါ ခုနက ဒုက္ခဒုက္ခပဲ။ ကိုယ်ထဲ,စိတ်ထဲက မခံသာတဲ့ ဒုက္ခဝေဒနာ, လူတိုင်း သိတယ်။ ကိုယ်ထဲမှာ ညောင်းတာ, ပူတာ,နာကျင်ကိုက်ခဲတာ, ရောဂါဝေဒနာတွေ ဖြစ်ပြီး အနေအထိုင်ခက်နေတာ။ စိတ်ထဲမှာမချမ်းမသာတွေ, စိတ်ပူစရာတွေ, နှလုံးမသာစရာတွေ အဲဒါတွေကို နိပ္ပရိယာယဒုက္ခလို့ခေါ်တယ်။ သွယ်ဝိုက်ခြင်းမရှိတဲ့ တိုက်ရိုက်ဆင်းရဲပဲတဲ့။
(၇) ပရိယာယဒုက္ခ
“ပရိယာယဒုက္ခ” ဆိုတာကတော့ တိုက်ရိုက်မဟုတ်ဘူး, သွယ်ဝိုက်ပြီးတော့ ယူရတယ်။ တစ်နည်းနည်းနဲ့ သူ့အကြောင်းပြုပြီးတော့ ဆင်းရဲတွေ ဖြစ်လာတယ်, ဒါကြောင့်သူ့ကို “ဒုက္ခ” လို့ ခေါ်ရတယ်တဲ့။ ခုနက ကိုယ်ချမ်းသာ စိတ်ချမ်းသာဆိုတဲ့ ဝိပရိဏာမဒုက္ခမျိုးပါပဲ။ သူရှိနေတုန်း အကောင်းသားပဲ, ကိုယ်ထဲမှာ တကယ်ချမ်းသာလို့, စိတ်ထဲမှာလည်းပဲ ချမ်းသာလို့, ပျော်လို့ ရွှင်လို့, ဒါပေမယ်လို့ သူ မရှိတဲ့အခါကျ ဒုက္ခတွေပေးသွားတယ်။ ဒါကြောင့် သူ့ကို ပရိယာယဒုက္ခလို့ ခေါ်ရတယ်တဲ့။
သွယ်ဝိုက်ပြီးတော့ ယူရတဲ့ ဒုက္ခတွေပဲ များပါတယ်
ဒုက္ခဒုက္ခနဲ့ နိပ္ပရိယာယဒုက္ခ ၂-ခုက လွဲရင် ဒီ့ပြင်ဒုက္ခတွေဟူသမျှဟာ သွယ်ဝိုက်ပြီးတော့ ယူတဲ့ ဒုက္ခတွေပဲ။
ဇာတိပိ ဒုက္ခာ- ဘဝအသစ်ဖြစ်ရခြင်းဟာ ဆင်းရဲပဲ
ဇာတိပိ ဒုက္ခာ- ဘဝအသစ် ဖြစ်ရခြင်းဟာ ဆင်းရဲပဲဆိုတာ သွယ်ဝိုက်ပြီး ယူထားတာ။ ရသင့်ရထိုက်တာတွေ ယူလိုက်တဲ့အခါကျတော့ တစ်ဘဝလုံးဆိုင်တဲ့ ဆင်းရဲတွေဟာ ဘဝအသစ် ပဋိသန္ဓေကြောင့် ဖြစ်လာတာကိုး။ ငရဲမှာ နှစ်ပေါင်း သိန်းသန်းများစွာဒုက္ခရောက်တာ အရင်းစစ်လိုက်ရင် ပဋိသန္ဓေလေးက စလိုက်လို့ပဲ။ လူ့တစ်ဘဝလုံးနဲ့သက်ဆိုင်တဲ့ ဆင်းရဲတွေ ခံစားရဖို့ရာလည်း ပဋိသန္ဓေက စလိုက်တာပဲ။ ပဋိသန္ဓေကနေစလိုက်လို့ တချို့ပုဂ္ဂိုလ်တွေ တစ်သက်လုံး တစ်ဘဝလုံး မပြတ်ဆင်းရဲနေလို့ သေသည့်တိုင်အောင် ဒုက္ခရောက်ပြီးသွားတာပဲ။ ချမ်းသာပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်းပဲထိုက်သည့်အားလျော်စွာ ဆင်းရဲတွေ ရှိနေတာပါပဲ, စိတ် မချမ်းသာစရာတွေလည်းတွေ့နေတာပဲ။ ရှာမှီးရတဲ့ ဒုက္ခတွေလည်း ရှိနေသေးတာပဲ, ကိုယ့်အလိုမပြည့်တာတွေလည်း ရှိနေသေးတာပဲ။ ရောဂါဝေဒနာတွေဆိုတာကတော့ ဘယ်သူမှ မကင်းဘူး,တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘုရင်မင်းကြီးတွေလည်း တစ်နေ့ကျ နေထိုင်မကောင်းဖြစ်တာပဲ, ဆေးဆရာတွေလည်း နေထိုင်မကောင်း ဖြစ်တာပဲ, ဘယ့်နှယ်မှ မတတ်နိုင်ဘူး။
တစ်နေ့ကျ အိုရမယ်, ဘယ်သူဖြစ်ဖြစ် မအိုအောင် ဘယ့်နှယ်မှ မတတ်နိုင်ဘူး။တစ်နေ့ကျရင် နာရမယ်, တစ်နေ့ကျရင် သေရမယ်, လူ့တစ်ဘဝလုံးမှာ ဖြစ်တဲ့ ဒီဆင်းရဲတွေ ဘယ်က လာတာတုံးဆိုရင် ပဋိသန္ဓေက စတာပါပဲတဲ့။ ဒါကြောင့်မို့ ဇာတိပိဒုက္ခာ- ဘဝအသစ်ဖြစ်တာ ဆင်းရဲပဲလို့ ဟောပါတယ်။
ဇာတိဒုက္ခနှင့် မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ
မြတ်စွာဘုရား ဘုရားဖြစ်ခါစတုန်းက စိတ်ထဲက နှလုံးသွင်းပြီး ဥဒါန်းကျူးထားတာ ရှိတယ်။
အနေကဇာတိသံသာရံ, သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော, ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ပုနပ္ပုနံ- အဖန်ဖန်အထပ်ထပ်၊ ဇာတိ- ဘဝအသစ် ဖြစ်ရခြင်းသည်၊ ဒုက္ခာ-ဆင်းရဲလှပါ၏။
မြတ်စွာဘုရားကတော့ ဘဝတွေအကုန်လုံး မြင်နေတာကိုး။ တစ်ဘဝပြီး တစ်ဘဝလူဖြစ်လိုက်, နတ်ဖြစ်လိုက်, တိရစ္ဆာန်ဖြစ်လိုက်, ငရဲကျလိုက်, ပြိတ္တာဖြစ်လိုက် စသည်ဖြင့် ကိုယ့်ဘဝတွေလည်းပဲ မြင်တယ်, သူများဘဝတွေလည်းပဲ မြင်တယ်။ ဘဝတွေဘယ်လောက်ဖြစ်မှန်း မသိ, အင်မတန် ကြောက်စရာကောင်းတယ်။ အဲဒီတော့ ဘဝအသစ် ထပ်ခါထပ်ခါ ဖြစ်ရတာရယ်, ဖြစ်ရာဖြစ်ရာဘဝမှာ အိုရမယ်, နာရမယ်, သေရမယ်, ဒါကြောင့် ဆင်းရဲတွေ ကြောက်စရာအင်မတန် ကောင်းတယ်တဲ့။
သာ စ ဇာတိ- ထိုဇာတိ, ထိုဘဝသစ် ဖြစ်ရခြင်းသည်လည်း၊ ဂဟကာရေ-ခန္ဓာအိမ်ကို ပြုပြင်စီရင်တတ်သော တဏှာယောကျာ်း လက်သမားကို၊ အဒိဋ္ဌေ- မမြင်ရသေးသည်ရှိသော်၊ န နိဝတ္တတိ- ဆုတ်နစ်ခြင်း မရှိချေ။
ဘဝအသစ်ဖြစ်ရတာ မကောင်းလို့ မဖြစ်ချင်ပါဆိုရုံနဲ့ မရဘူးတဲ့, ဘဝအသစ်ဖြစ်အောင်လို့ ဖန်တီးတဲ့ဟာ ရှိနေတာကိုး။ ဘဝအသစ်ဖြစ်အောင် လုပ်နေတာ သမုဒယသစ္စာပေါ့လေ။ တဏှာတည်းဟူသော လက်သမား ရှိတော့ ဘဝအသစ်ဆိုတဲ့ အိမ်တွေဖန်တီးနေတယ်တဲ့။ အဲဒီ တဏှာလက်သမားကို မိအောင် ဖမ်းနိုင်မှ ဘဝသစ်တွေ သူမဆောက်နိုင်မှာကိုး, အဲဒီတော့ သူ့ကို တွေ့ဖို့ရာ လိုတယ်။
တသ္မာ- ထို့ကြောင့်၊ ဂဟကာရံ- အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို အကြိမ်ကြိမ်တီထွင်၍ စီရင်ဆောက်လုပ်တတ်သော တဏှာယောကျာ်း လက်သမားကို၊ ဂဝေသန္တော- ရှာမှီး၍နေသော ငါသည်၊ ယေန ဉာဏေန- အကြင် အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်တော်ဖြင့်၊ တံ- ထိုတဏှာယောကျာ်း လက်သမားကို၊ ဒဋ္ဌုံ- မြင်ခြင်းငှာ၊သက္ကာ- စွမ်းနိုင်ရာ၏၊ တံ ဉာဏံ- ထိုအရဟတ္တမဂ်ဉာဏ် သဗ္ဗုညုတဉာဏ်တော်ကို၊အဝိန္ဒန္တော- မရသေးသည်ဖြစ်၍၊ အနေကဇာတိသံသာရံ- နှစ်ပေါင်းများစွာ သံသရာဘဝ ကာလပတ်လုံး၊ သန္ဓာဝိဿံ- သံသရိံ- ပြေးလွှားကျင်လည်ခဲ့ရလှလေပြီ။
မြတ်စွာဘုရားက ဆင်ခြင်တော်မူတယ်, ဘဝတွေ ဘဝတွေ ဖြစ်ရတာ မကောင်းဘူး, ဒီဘဝတွေ ငြိမ်းမှ တော်မယ်။ ဒီဘဝတွေ လူဖြစ်ရင် လူ့ဒုက္ခတွေ တွေ့ရတယ်,နတ်ဖြစ်ရင် နတ်ဒုက္ခတွေ တွေ့ရတယ်။ အပါယ်ငရဲတွေ ဖြစ်ရင်တော့ ပြောစရာ မရှိ,
တစ်ဘဝလုံး ဒုက္ခတွေ သွားရော။ ဘဝတွေကလည်း ထပ်ခါထပ်ခါ ဖြစ်နေတယ်,ဘာကြောင့် ဖြစ်တုံးဆိုရင် သာယာနှစ်သက် တွယ်တာနေတဲ့ တဏှာ ရှိလို့တဲ့, ဘဝတွေငြိမ်းချင်လို့ရှိရင် ဒီတဏှာကို ရှာရမှာကိုး။ ဒီပင်္ကရာမြတ်စွာဘုရားခြေရင်းမှာ နိယတဗျာဒိတ် ခံပြီးကတည်းက စပြီးတော့ ပါရမီတွေ ဖြည့်ဆည်းပူးပြီး အဲဒီ တဏှာယောကျာ်းလက်သမားကို ရှာလာလိုက်တာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင် ကြာပြီ, တဏှာလက်သည် မတွေ့ခဲ့ဘူး။ သူ့ကို တွေ့နိုင်မြင်နိုင်တဲ့ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်က မရသေးလို့ မတွေ့ရ မမြင်ရတာပဲ။ မတွေ့ရ မမြင်ရသေးခင် တစ်ဘဝပြီး တစ်ဘဝတဏှာကလည်း ခန္ဓာအိမ်တွေ ဆောက်လို့ ဒုက္ခတွေ ရောက်လာပြီး သံသရာမှာ ပြေးခဲ့ရလှပြီ။ နောက်ဆုံး ယခုမှ မင်းကို တွေ့တော့တယ်တဲ့။
ဣဒါနိ- ယခုအခါ ကာလ၌၊ တွံ- သင့်ကို၊ မယာ- ငါသည်၊ ဒိဋ္ဌော- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်အပ်သည်၊ အသိ- ဖြစ်ပြီတဲ့။
တဏှာ မင်းကို ငါ တွေ့ပြီတဲ့, မင်း ဘယ်မှ မပြေးနဲ့တော့ပေါ့လေ။ ဒီကရှေ့တော့မင်း အိမ် မဆောက်ရတော့ဘူး။ မင်းအိမ်က အချင်းနယ်, ဒိုင်းမြှားနဲ့တူတဲ့ ကိလေသာတွေရော, အိမ်အကွပ်ကြီးနဲ့တူတဲ့ အဝိဇ္ဇာရော ငါက အကုန်လုံး ဖျက်ပြီးပြီ ဆိုပြီးတော့မြတ်စွာဘုရားက ဆင်ခြင်ပြီးသကာလ ခန္ဓာအိမ်ကို ဆောက်လုပ်ပြီးနေတဲ့ တဏှာကိုကြိမ်းဝါးနေတဲ့ ဒီဥဒါန်းဂါထာကို ဥဒါန်းကို “အနေကဇာတင်တယ်”လို့ ခေါ်တယ်။
အဲဒီမှာ ဇာတိက အရေးကြီးဆုံးပဲ, ဒီဇာတိ ချုပ်ငြိမ်းလို့ရှိရင် နိဗ္ဗာန်ရောက်တာပဲ။အခု နိဗ္ဗာန်ရောက်အောင် အားထုတ်နေတာ ဒီဇာတိ ချုပ်ငြိမ်းအောင်လို့ လုပ်ရတာ။ဒီဇာတိ မချုပ်ငြိမ်းသေးလို့ရှိရင် လူ့ဘဝဖြစ်ရင် လူဆင်းရဲ, နတ်ဘဝဖြစ်ရင် နတ်ဆင်းရဲဖြစ်မှာပဲ။ အဲဒီတော့ ဒီ ဘဝအသစ်ဖြစ်တဲ့ ဇာတိကို ဖယ်ရှားဖို့ရာ အရေးကြီးပါတယ်။
“ဇာတိပိ ဒုက္ခာ”, ဇာတိပိ- ဘဝအသစ် ဖြစ်ရခြင်းသည်လည်း, ဒုက္ခာ- ဆင်းရဲပေတည်း။ မြတ်စွာဘုရားက ဒီ ဒုက္ခသစ္စာတရား ရှေးဦးစွာ စတင်ပြီး ဟောတယ်။ ကဲဒီနေ့ ဒီတွင် ရပ်ဦးမှပဲ။ ဇရာတို့, မရဏတို့ အစဥ်အတိုင်း နောက်သီတင်းတွေကျမှဟောရမယ်။ ကိုင်း ဆိုရမယ်။
ဖြစ် အို သေရေး, စိုးရိမ်ဆွေး, ငိုကြွေး ကိုယ်နာကျင်။
နှလုံးမသာ, စိတ်ပြင်းစွာ, ပူတာ ဆင်းရဲပင်။
မုန်းသူနှင့်တွဲ, ချစ်သူကွဲ, ဆင်းရဲအမှန်ပင်။
မရတာလို, ဒုက္ခဆို, တိုတို ပြောရလျှင်။
စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, သစ္စာ ဒုက္ခပင်။
ဤအရိယသစ္စာ ပထမပိုင်း တရားဒေသနာကို ရိုသေစွာ နာခံမှတ်သားရသောဓမ္မဿဝနကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော်တို့ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သောဤအရိယသစ္စာတရားလေးပါးတို့ကို သိအောင် ပွားများအားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။