သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
(၁) ဒုက္ခအရိယသစ္စာ- ဆင်းရဲပဲလို့ အရိယာတို့ သိအပ်တဲ့ သစ္စာတရား, (၂)ဒုက္ခသမုဒယအရိယသစ္စာ- ဆင်းရဲဖြစ်ကြောင်းတရားပဲလို့ အရိယာတို့ သိအပ်တဲ့ သစ္စာတရား, လောကီသစ္စာနှစ်ပါး ခေါ်တယ်။ (၃) ဒုက္ခနိရောဓအရိယသစ္စာ- ဆင်းရဲချုပ်ငြိမ်းရာပဲလို့ အရိယာတို့ သိအပ်တဲ့ သစ္စာတရား, (၄) ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ- အတိုချုပ်အားဖြင့်တော့ မဂ္ဂအရိယသစ္စာ- ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းဖြစ်တဲ့ အကျင့် လမ်းကောင်းလမ်းမှန်ဖြစ်တဲ့ သစ္စာတရား။ သစ္စာတရားလေးပါး ဆိုတာသိနေတာတွေတော့ များကြပါတယ်။ ဒါပေမယ်လို့ ဆိုလိုက်ဦးမှာပဲ။
ဒုက္ခသစ္စာ- ဆင်းရဲအစစ်အမှန်တရား။
သမုဒယသစ္စာ- ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်တရား။
နိရောဓသစ္စာ- ဆင်းရဲငြိ်မ်းရာ အစစ်အမှန်တရား။
မဂ္ဂသစ္စာ- ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်း အကျင့်လမ်းကောင်းလမ်းမှန်
အစစ်အမှန်တရား။
သစ္စာလေးပါး (အကြောင်းအကျိုး ၂-စုံ)
ဒီလေးချက်က နေရာတကာမှာပဲ အရေးကြီးပါတယ်။ မကောင်းတာရယ်,မကောင်းတာရဲ့အကြောင်းက တစ်စုံ၊ ကောင်းတာရယ်, ကောင်းတာကို ရောက်စေတတ်တဲ့အကြောင်းက တစ်စုံ။ မကောင်းတာတွေဆိုရင် ပယ်ရှားရမှာပဲ။ မကောင်းတာ ပယ်ချင်ရင်တော့ မကောင်းတာ ဖြစ်ပွားစေတတ်တဲ့ အကြောင်းကို ပယ်မှ ဖြစ်မှာ။
ဥပမာ ရောဂါဖြစ်လာတယ်ဆိုရင် ဒီရောဂါကို ပယ်ရှားရလိမ့်မယ်။ ရောဂါကိုပယ်ချင်တော့ ရောဂါဖြစ်စေတတ်တဲ့ အကြောင်းကို ရှာမှ ဖြစ်မှာ, အကြောင်းမရှာဘဲနဲ့ဆိုရင် ရောဂါကို ပယ်ဖို့ မဖြစ်နိုင်ဘူး, အကြောင်းရှာရမယ်။ လောကမှာ အကြောင်းနဲ့အကျိုးက ဆက်သွယ်နေတော့ မကောင်းတာ ရှိရင် မကောင်းတာကို ဖြစ်စေတတ်တဲ့အကြောင်း ရှိတယ်။ မကောင်းတာ မလိုချင်လို့ရှိရင် မကောင်းတာကို ဖြစ်စေတတ်တဲ့အကြောင်းတွေကို ပယ်ရှားရလိမ့်မယ်။ ကောင်းတဲ့ဥစ္စာ ဖြစ်စေတတ်တဲ့ အကြောင်းလည်း ရှိတာပဲ, ကောင်းတာကို လိုချင်လို့ ရှိရင် ကောင်းတာဖြစ်စေတတ်တဲ့ အကြောင်းတရားကို ပြုစုပျိုးထောင်ရလိမ့်မယ်။ အဲဒါကြောင့် အခု သစ္စာလေးပါးတရားဆိုတာမကောင်းတာနဲ့ မကောင်းတာရဲ့ အကြောင်း, ကောင်းတာနဲ့ ကောင်းတာရဲ့ အကြောင်းဒီလေးခုပါပဲ, အကြောင်းအကျိုး တစ်စုံတစ်စုံလေးတွေပဲ။
တရားအားထုတ်မှ ဆင်းရဲအစစ် ဒုက္ခသစ္စာကို သိပါတယ်
အဲဒီမှာ ဒုက္ခသစ္စာဆိုတာ ဆင်းရဲအစစ်အမှန်တရားပဲတဲ့။ လောကမှာ ဆင်းရဲတွေဆိုတာ အမျိုးမျိုးရှိတယ်။ အဲဒီဆင်းရဲအမျိုးမျိုးထဲက ဒီဆင်းရဲကတော့ အစစ်ပါပဲတဲ့။ ဒါအရိယာတို့ သိအပ်တဲ့ ဆင်းရဲအစစ်ပါပဲတဲ့။ အရိယာမဟုတ်တဲ့ ပုဂ္ဂိုလ်တွေက ဆင်းရဲအစစ်အမှန်ကို မသိကြဘူး, ဆင်းရဲကို ချမ်းသာလို့ ထင်နေကြတယ်။ အရိယာပုဂ္ဂိုလ်တွေ အမှန်အတိုင်း ကိုယ်တိုင်တွေ့ပြီး သိထားတဲ့ ဒုက္ခအရိယသစ္စာဆိုတာဟာ ဆင်းရဲအနေအားဖြင့် သိအပ်တဲ့ အမှန်တရားပါပဲ, တကယ့် ဆင်းရဲစစ် ဆင်းရဲမှန်တွေပဲ။ အဲဒီဆင်းရဲစစ် ဆင်းရဲမှန် တရားတွေကို မြတ်စွာဘုရား၏ တပည့်သားဖြစ်တဲ့ပုဂ္ဂိုလ်ကအမှန်အတိုင်း သိပါတယ်တဲ့။
‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနာတိ။
ဣဒံ- ဤသည်ကား၊ ဒုက္ခံ- အရိယာတို့ သိအပ်သော ဆင်းရဲအစစ်အမှန် တရားတည်း၊ ဣတိ- ဤသို့၊ ယထာဘူတံ- ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ- သိ၏။
ဒါကတော့ ဆင်းရဲအစစ်တရားပဲတဲ့, အဲဒီလို အမှန်အတိုင်း သိသွားပါတယ်တဲ့။ဒီလို အမှန်အတိုင်း သိဖို့ကလည်း သိအောင် အားထုတ်မှ, သိအောင် အားထုတ်တာတော့ ကာယာနုပဿနာပိုင်းတုန်းက အများကြီး ပြောလာပြီးပါပြီ။
ဒုက္ခသစ္စာ
အကျဥ်းချုပ်အားဖြင့်ဆိုရင် ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်ခိုက်ရုပ်နာမ်လေးတွေ လိုက်ပြီးရှုတော့ အဲဒီ ဖြစ်တိုင်းဖြစ်တိုင်းတရားလေးတွေဟာ ဒုက္ခသစ္စာတွေပဲ။အဲဒီ ရုပ်နာမ်တွေက ဖြစ်လိုက် ပျောက်လိုက်, ဖြစ်လိုက် ပျောက်လိုက်, ဒုက္ခသစ္စာတရားတွေပဲ။ အဲဒီဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာတရားတွေကို အမှန်အတိုင်း သိပါတယ်တဲ့။
သမုဒယသစ္စာ
အဲဒီဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာတရားတွေရဲ့ အကြောင်းလည်း ရှိတယ်။ အဲဒီအကြောင်းက ‘သမုဒယသစ္စာတရား’ ခေါ်တယ်တဲ့။ သမုဒယသစ္စာ- ဆင်းရဲဖြစ်ကြောင်းအစစ်အမှန်တရားပဲ။ ဆင်းရဲတွေ ဘယ်က ပေါ်လာလဲဆိုရင် သမုဒယသစ္စာကနေ ပေါ်လာတယ်။
နိရောဓသစ္စာ
ဒီဆင်းရဲတွေ ငြိမ်းအောင် အားထုတ်လို့ ဆင်းရဲငြိမ်းတာက နိဗ္ဗာန်တရားကိုး။ဆင်းရဲငြိမ်းတာကလည်း အစစ်အမှန် မဟုတ်ဘဲနဲ့ တစ်ခဏ ငြိမ်းတာတွေ အများကြီးရှိပါတယ်။ အဲဒီ တစ်ခဏ ငြိမ်းတာ မဟုတ်, ဒါကတော့ အစဥ်ထာဝရကို ငြိမ်းတာ။ဆင်းရဲငြိမ်းရာ အစစ်အမှန်တရားဟာ နိဗ္ဗာန်တရားပဲ။
မဂ္ဂသစ္စာ
အဲဒီ ဆင်းရဲငြိမ်းရာနိဗ္ဗာန်ကို ရောက်ကြောင်းဖြစ်တဲ့တရား ရှိတယ်။ ဒီအတိုင်းအလိုလို ငြိမ်းတာ မဟုတ်ဘူး, ငြိမ်းအောင်လို့ အားထုတ်မှ ဆင်းရဲဆိုတာ ငြိမ်းတယ်။အဲဒီဆင်းရဲငြိမ်းရာသို့ ရောက်အောင် အားထုတ်ကျင့်ကြံပြီးတော့ ဆင်းရဲငြိမ်းတဲ့သဘောကို မျက်မှောက်သိတာ။ အဲဒီတော့ ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်းဖြစ်တဲ့အကျင့်ဟာ အကျင့်လမ်းမှန် အရိယမဂ္ဂသစ္စာတရားပဲ။ သီလအကျင့်ကို ကျင့်တာလည်းလမ်းကောင်းလမ်းမှန်ပဲ, သမာဓိအကျင့်ကို ကျင့်တာလည်း လမ်းကောင်းလမ်းမှန်ပဲ,ပညာဘာဝနာအကျင့်ကို ကျင့်တာလည်း လမ်းကောင်းလမ်းမှန်ပဲ။ အဲဒီ သစ္စာလေးပါးတရားတွေကို အမှန်အတိုင်း သိအောင် အားထုတ်ရတယ်။
နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာက အရိယာပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်
သတ္တဝါတို့၏သန္တာန်မှာ ဒီသစ္စာလေးပါးတရားထဲက နှစ်မျိုးပဲ ထင်ရှားရှိတယ်။အများသတ္တဝါတွေ သန္တာန်မှာ ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်မျိုးပဲ ရှိတယ်။ နိရောဓသစ္စာ, မဂ္ဂသစ္စာ ဆိုတာကတော့ အရိယာပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်၊ အရိယာအဖြစ်မရောက်သေးတဲ့ပုဂ္ဂိုလ်တွေမှာ နိရောဓသစ္စာ, မဂ္ဂသစ္စာက မရှိသေးပါဘူး။ ‘မဂ္ဂသစ္စာ’ဆိုတာ အရိယာမဂ်ဖြစ်တဲ့အခါမှ ရှိတာကိုး။ အရိယာမဂ်စိတ်ကလေးက ဘာမှ ကြာတာမဟုတ်ဘူး, နိဗ္ဗာန်အာရုံပြုလိုက်တဲ့ အခိုက်အတန့်မှာ တစ်ကြိမ်ပဲ ဖြစ်တယ်။ သူနဲ့စပ်သွယ်ပြီးတော့နေတဲ့ ဝိပဿနာမဂ်တွေကလည်း ဝိပဿနာတရား အားထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရှိပါတယ်, အားမထုတ်တဲ့ ပုဂ္ဂိုလ်သန္တာန်မှာ မရှိပါဘူး။ ‘နိရောဓသစ္စာ’ ဆိုတဲ့ နိဗ္ဗာန်တရားကိုတော့ အရိယာမဂ်ဖြင့် မျက်မှောက်တွေ့သွားတဲ့ ကာလမှာသိရတယ်, နောက်ကို ပြန်ဆင်ခြင်တဲ့အခါမှာလည်း သိနိုင်တယ်။ ဒါကြောင့် နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဆိုတာကတော့ အရိယာပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်။
သာမန်ပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်မျိုးပဲ ရှိတယ်။အများအားဖြင့် ဒုက္ခသစ္စာတွေ အမြဲဖြစ်နေတယ်။ ဒွါရခြောက်ပါးမှာ ပေါ်နေတာတွေကဒုက္ခသစ္စာတွေပဲ, မြင်တိုင်းမြင်တိုင်း ထင်ရှားဖြစ်နေတာတွေက ဒုက္ခသစ္စာတွေပဲ, အသံကြားတိုင်း, အနံ့နံတိုင်း, အရသာစားသိတိုင်း, တွေ့ထိတိုင်း, စိတ်ကူးစဥ်းစား ကြံစည်တိုင်းမှာ ဖြစ်ပေါ်နေတာတွေဟာ ဒုက္ခသစ္စာတရားတွေပဲ။ ဒီထဲမှာ နှစ်သက်သာယာမှု,တောင့်တမှု, လိုချင်မှု, မျှော်လင့်မှုကလေးတွေ ရှိတယ်, အဲဒါ သမုဒယသစ္စာပဲတဲ့။ အဲဒီနှစ်သက်သာယာမှု, တောင့်တမှုကို အကြောင်းပြုပြီး ဒီမြင်မှု, ကြားမှုတွေ ဖြစ်နေတာ။ဒါကြောင့် ဒွါရခြောက်ပါးမှာ မပြတ်ဖြစ်နေတာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ, ဒီနှစ်ခုပဲ။အဲဒီနှစ်ခုထဲမှာ ဒုက္ခသစ္စာတရားတွေကို ဝိပဿနာရှုရတယ်။ အဲဒါတွေကို နောက်ပိုင်းကျမှ ပြည့်ပြည့်စုံစုံ ပြောရမယ်။ “ဒုက္ခသစ္စာ”ဆိုတာ
ဒုက္ခသစ္စာမှာ အကျုံးဝင်တဲ့တရားများ
ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။
ဘိက္ခဝေ- ရဟန်းတို့၊ ဒုက္ခံ အရိယသစ္စံ- အရိယာတို့ သိအပ်သော ဆင်းရဲအစစ်အမှန်တရားသည်၊ ကတမဥ္စ- အဘယ်ပါနည်း။ အရိယာတို့ သိအပ်တဲ့ ဆင်းရဲအစစ်အမှန်တရားက ဘာလဲဆိုရင်-
ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောက ပရိဒေဝ ဒုက္ခ
ဒေါမနဿုပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ
ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ
ဒုက္ခာ။
ဘိက္ခဝေ- ရဟန်းတို့၊ ဇာတိပိ- ဘဝအသစ် ဖြစ်ရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲပေတည်း၊ ဇရာပိ- အိုရခြင်းသည်လည်း၊ ဒုက္ခာ- ဆင်းရဲပေတည်း၊ မရဏမ္ပိ- သေရခြင်းသည်လည်း၊ ဒုက္ခံ- ဆင်းရဲပင်တည်း၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာပိ-စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ စိတ်နှလုံး၏ပြင်းစွာပူပန်ရခြင်းတို့သည်လည်း၊ ဒုက္ခာ- ဆင်းရဲတို့ပင်တည်း။ အပ္ပိယေဟိ- မချစ်ခင်မနှစ်သက်အပ်သော ပုဂ္ဂိုလ်ဝတ္ထုတို့နှင့်၊ သမ္ပယောဂေါ- ပေါင်းဖက်ယှဥ်တွဲရခြင်းသည်၊ဒုက္ခော- ဆင်းရဲပင်တည်း။ ပိယေဟိ- ချစ်ခင် နှစ်သက်အပ်သော ပုဂ္ဂိုလ်ဝတ္ထုတို့နှင့်၊
ဝိပ္ပယောဂေါ- ကွေကွင်းခွဲခွာရခြင်းသည်၊ ဒုက္ခော- ဆင်းရဲပင်တည်း။ ယံပိ- ယေနပိ-အကြင်အကြောင်းမဲ့ လိုချင်တောင့်တသော တဏှာဖြင့်လည်း။ ဣစ္ဆံ- ဣစ္ဆန္တော-အလိုရှိပါလျက်၊ န လဘတိ- မရ၊ တမ္ပိ- ထိုမရနိုင်သည်ကို လိုချင်သော တဏှာသည်လည်း၊ ဒုက္ခံ- ဆင်းရဲပင်တည်း။ သံခိတ္တေန- အကျဥ်းအားဖြင့်ကား။ ပဉ္စ- ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓာ- ဥပါဒါနက္ခန္ဓာတရားတို့သည်၊ (ဝါ) ဥပါဒါန်၏ စွဲလမ်းရာ မှီရာဖြစ်သော ခန္ဓာတရားတို့သည်၊ ဒုက္ခာ- ဆင်းရဲတို့ပေတည်း။
ဒုက္ခသစ္စာမှာ အကျုံးဝင်တဲ့တရားတွေကို မြတ်စွာဘုရား အကျယ်ဝေဖန်ပြီး ဟောထားတယ်။ ဒုက္ခတရား ၁၂- မျိုး ရှိတယ်။
(၁) ဇာတိ- ဘဝသစ်ဖြစ်ရတာလည်း ဆင်းရဲပဲတဲ့။
(၂) ဇရာ- အိုရတာလည်း ဆင်းရဲပဲတဲ့။
(၃) မရဏ - သေရတာလည်း ဆင်းရဲပဲတဲ့။
(၄) သောက- စိုးရိမ်ရတာလည်း ဆင်းရဲပဲတဲ့။
(၅) ပရိဒေဝ- ငိုကြွေးရတာလည်း ဆင်းရဲပဲတဲ့။
(၆) ဒုက္ခ- ကိုယ်ဆင်းရဲတယ်။ သူက ဆင်းရဲကို ဖြစ်နေတယ်။
(၇) ဒေါမနဿ- စိတ်နှလုံးမသာမယာ စိတ်ဆင်းရဲတယ်။ သူလည်း ဆင်းရဲပဲ။(၈) ဥပါယာသ - စိတ်နှလုံး ပြင်းစွာပင်ပန်းရတယ်တဲ့။ ဒါလည်း ဆင်းရဲပဲ။
(၉) အပ္ပိယေဟိ သမ္ပယောဂ- မချစ်ခင် မနှစ်သက်အပ်သော ပုဂ္ဂိုလ်တွေ, ဝတ္ထု
တွေနဲ့ မတွေ့ချင်ဘဲ တွေ့ကြုံပေါင်းသင်း ဆက်ဆံရတာလည်း ဆင်းရဲပဲတဲ့။(၁၀) ပိယေဟိ ဝိပ္ပယောဂ- ချစ်ခင်အပ်တဲ့ပုဂ္ဂိုလ် ဝတ္ထုတွေနဲ့ ကွေကွင်းခွဲခွာပြီး
တော့ သွားရတာ, ဒါလည်း ဆင်းရဲပဲတဲ့။
(၁၁) ယံ ပိစ္ဆံ န လဘတိ, တမ္ပိ ဒုက္ခံ- ‘ဣစ္ဆာ ဝိဃာတဒုက္ခ’ လို့ ခေါ်တယ်။
ကိုယ့်အလိုအတိုင်း မဖြစ်တာတွေကို အလိုရှိပြီး တောင့်တနေလို့ရှိရင်
ဆင်းရဲပဲ, မဖြစ်နိုင်တာတွေ ဖြစ်ချင်နေတာလည်း ဆင်းရဲပဲတဲ့။
(၁၂) သံခိတ္တေန ပဥ္စုပါဒါနက္ခာ ဒုက္ခာ- အကျဥ်းချုပ်ဆိုရင် ဥပါဒါနက္ခန္ဓာ ၅-ပါး
ရုပ်နာမ်တရားတွေဟာ ဆင်းရဲချည်းပါပဲ-တဲ့။
မြတ်စွာဘုရားက ဒုက္ခ ၁၂- မျိုးကို ဖြည်းဖြည်းချင်း ဝေဖန်ပြီးတော့ ဟောတယ်။ဘုန်းကြီးကလည်း ဖြည်းဖြည်းချင်း ဟောရမှာပဲ, ခေါင်းစဥ်ကလေး ဆိုရမယ်။
ဖြစ် အို သေရေး, စိုးရိမ်ဆွေး, ငိုကြွေး ကိုယ်နာကျင်။
ဘဝသစ် ဖြစ်တယ်, အိုတယ်, သေတယ်, စိုးရိမ်ပူဆွေးတယ်, ငိုကြွေးတယ်, ကိုယ်နာကျင်ဆိုတာ ကိုယ်ဆင်းရဲပဲ, ဒါတွေက ဒုက္ခဆင်းရဲဖြစ်တယ်, ၆-ခု ရှိပြီ။
နှလုံးမသာ, စိတ်ပြင်းစွာ, ပူတာ ဆင်းရဲပင်။
နှလုံးမသာမယာ ဒေါမနဿတရား, စိတ်ပြင်းစွာပူပန်တတ်တဲ့ ဥပါယာသတရား,ဒီတရား ၂-ခုလည်း ဒုက္ခဖြစ်ကြတယ်။
မုန်းသူနှင့်တွဲ, ချစ်သူကွဲ, ဆင်းရဲအမှန်ပင်။
‘မုန်းသူနှင့်တွဲ’ ဆိုတာ အလိုမရှိတာတွေနဲ့ တွေ့ရတယ်။ ‘ချစ်သူကွဲ’ ဆိုတာ အလိုရှိတာနဲ့ ကွဲရတယ်။ လူသာ မဟုတ်သေးဘူး, ဝတ္ထုပစ္စည်းတွေလည်း ကိုယ်မတွေ့ချင်တာတွေနဲ့ တွေ့ရတယ်, မမြင်ချင်တာတွေ မြင်ရတယ်, မကြားချင်တာတွေ ကြားရတယ်,ဒါတွေလည်း အကုန်လုံး ပါတယ်။
‘ချစ်သူကွဲ’ဆိုတာလည်း ချစ်တဲ့ပုဂ္ဂိုလ်နဲ့ ကွဲတာတင် မဟုတ်သေးဘူး, ကိုယ်အလိုရှိအပ်တဲ့ ဝတ္ထုပစ္စည်းတွေ ပျောက်ဆုံးသွားတာတွေလည်း အကုန်လုံး ပါတာပဲ။ ဆင်းရဲတွေ ၁၀-ခု ရသွားပြီ။
မရတာလို, ဒုက္ခဆို, တိုတို ပြောရလျှင်။
မရတာတွေကို မဖြစ်နိုင်တာတွေ အလိုရှိတာလည်း ဒုက္ခပဲ။ အကျယ်အားဖြင့်ပြောမယ်ဆိုရင် ဒုက္ခ ၁၁-မျိုး ရှိပါတယ်တဲ့။ အကျဥ်းချုပ် ပြောမယ်ဆိုရင်တော့ စွဲလမ်းနိုင်တဲ့ ခန္ဓာပါးဟာ ဒုက္ခသစ္စာပဲတဲ့။
စွဲလမ်းနိုင်ရာ, ငါးခန္ဓာ, သစ္စာ ဒုက္ခပင်။
စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါးအကြောင်းတွေ ရှေးက ခဏခဏတော့ ဟောနေကျပါပဲ။ ဒါပေမယ်လို့ သူ့အချိန်ကျတော့ ဒါတွေကို အကျယ် ဟောရမယ်။ မြတ်စွာဘုရားက ဝေဖန်ပြီးတော့ ဟောကြားတယ်။
ဇာတိ ဘဝအသစ်ဖြစ်တယ်ဆိုတာ ခန္ဓာငါးပါး ဖြစ်တာပါပဲ
ဇာတိဒုက္ခ။ ဇာတိ ဘဝအသစ်ဖြစ်ရတာကို ဘာကြောင့် ‘ဒုက္ခ’လို့ ခေါ်ရသလဲ,‘ဇာတိ’ဆိုတာ ဘယ်လိုဟာတုံးဆိုတာကိုလည်း မြတ်စွာဘုရားက အကျယ်ဟောပါတယ်။
ကတမာ စ ဘိက္ခဝေ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ
သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ
အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ။
‘ဇာတိ’ဆိုတာ ထိုထိုသတ္တဝါတွေ ထိုထိုဘဝမှာ ရှေးဦးစွာ ဖြစ်တာလေးပဲတဲ့။ရှေးဦးစွာ ရုပ်နာမ်တရားတွေ စုံလင်ပြီး ဖြစ်တာလည်း ရှိတယ်တဲ့။ လောကလူတွေအနေနဲ့ အသက်ဝင်လာတယ်လို့ ပြောကြတာကိုး။ ကလေးဟာ အမိဝမ်းထဲ ပဋိသန္ဓေနေလို့ ရက်ပတ်ပေါင်း တော်တော်လေး များလာမှ နှလုံးခုန်လာမှ အသက်ဝင်တယ်လို့ဆရာဝန်တွေက ယူဆကြပါတယ်။ အမှန်တော့ ဒီပဋိသန္ဓေ စဖြစ်ကတည်းက ရုပ်နာမ်အသက်တွေ ဝင်နေတာပါပဲ, သို့သော် မလှုပ်နိုင်သေးဘူး, အားမရှိသေးဘူး။ ပထမစပြီးပေါ်လာတဲ့ ပဋိသန္ဓေစိတ်ကလေး စဖြစ်လာတာ ရှိတယ်, အဲဒီကတည်းက ‘ဇာတိ’အသက်ဝိညာဏ်လေး ရှေးဦးစွာ ဖြစ်ခြင်းပဲတဲ့။
သဉ္ဇာတိ- အပြည့်အစုံ ဖြစ်လာခြင်းတဲ့, ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရုပ်တွေ အပြည့်အစုံဖြစ်လာတာ။ ဩက္ကန္တိ- သက်ဝင်လာတာတဲ့, တစ်နေရာက တစ်နေရာကို တစ်ခါတည်းဗြုန်းခနဲ ဝင်လာသလို ရောက်လာသလိုပဲတဲ့။ အဘိနိဗ္ဗတ္တိ- ထင်ရှားဖြစ်ပေါ်ပြီးတော့လာတာတဲ့, အစက မရှိသေးဘူး, မရှိသေးဘဲနဲ့ ခုမှ ထင်ရှားဖြစ်ပေါ်လာတာ။ ခန္ဓာနံပါတုဘာဝေါ- ဖြစ်တယ်ဆိုတာ အမှန်ကတော့ ခန္ဓာငါးပါး ဖြစ်တာပါပဲတဲ့, ပုဂ္ဂိုလ်သတ္တဝါ အကောင်တော့ မရှိပါဘူးတဲ့။
တရားရှုမှတ်နေမှသာ ဒီရုပ်နာမ်ကို မြင်နိုင်ပါတယ်။ လောက အထင်အမြင်က‘သတ္တဝါတွေ တစ်ဘဝက တစ်ဘဝသို့ အကောင်အထည်လိုက် ပြောင်းလာတယ်’ ဒီလိုရှိတာကိုး။ အကောင်အထည်လိုက် ပြောင်းလာတာ မဟုတ်ဘူး, ‘ခန္ဓာနံ ပါတုဘာဝေါ’-
ခန္ဓာငါးပါးတို့ ဖြစ်လာတာပဲတဲ့။ ခန္ဓာငါးပါးပဲ ရှိတယ်, အကျဥ်းချုပ်လိုက်ရင် ရုပ်နာမ်နှစ်ပါးပဲ ရှိတယ်။ အဲဒါကို တရားနှလုံးသွင်း အားထုတ်မှု ကောင်းကောင်းမရှိသေးတဲ့ပုဂ္ဂိုလ်တွေတော့ ထင်ဖို့, မြင်ဖို့ မလွယ်ဘူးပေါ့။ စာနဲ့ ပေနဲ့ သင်လို့ရှိရင်တော့ သုတမယဉာဏ်အားဖြင့် အတော်အတန် ရိပ်မိတယ်။
ဘဝအသစ် ခန္ဓာငါးပါး ဖြစ်ပေါ်တာကို တရားရှုမှတ်သူက နားလည်တယ်
တရားအားထုတ်ရင်တော့ ရှုတိုင်း မှတ်တိုင်း ဒီရုပ်နာမ်တွေကို တွေ့နေရပါတယ်။မှတ်တိုင်းမှတ်တိုင်းဟာ ကိုယ်ရုပ်က တခြား, သိနေတဲ့စိတ်ကလေးက တခြားကိုး။မှတ်တိုင်းမှတ်တိုင်း အာရုံရုပ်က တခြား, မှတ်သိစိတ်က တခြား, ဒီလိုကွဲနေတယ်, ရုပ်နဲ့နာမ် နှစ်ခုပဲ ရှိတယ်။ ဘယ်အချိန်မဆို ဒါလေး နှစ်ခုပဲ, ဒါလေး နှစ်ခု အသစ်အသစ်ဝင်ဝင်လာသလို, တခြားကနေပြီး ရောက်ရောက်လာသလို အသစ်အသစ် ဖြစ်ပေါ်နေတာ တွေ့ရတယ်, ‘ဩက္ကန္တိ’ ဆိုတာ ဒါပဲ။
တရားအားထုတ်တဲ့အခါမှာ ဒီက တစ်ခု ရှုပြီးရင်, ဟိုက တစ်ခုက ပေါ်လာတယ်။ကိုယ်ထဲမှာ အသစ်ဝင်လာသလို ရောက်လာသလို ထင်ရတယ်။ ‘ဩက္ကန္တိ’ သက်ဝင်လာတဲ့သဘောမျိုး တွေ့ရတယ်။ အဲဒါ တစ်ခါ ရှုပြီး ပျောက်သွားပြန်တယ်, နောက်တစ်ခုကတစ်နေရာက အသစ်ပေါ်လာတယ်, သက်ဝင်လာတဲ့သဘောလေးပဲ။ အဲဒီရုပ်နာမ်တွေဟာ ဒီလိုပဲ အသစ်အသစ် ဆင့်ကာဆင့်ကာ ဖြစ်နေတယ်။ အဲဒါတွေဟာ ခန္ဓာငါးပါးသက်ဝင်ပြီးတော့ ဖြစ်လာတာပဲတဲ့။ ဖြစ်တိုင်း ဖြစ်တိုင်းတွေကို ယောဂီပုဂ္ဂိုလ်က ရှုပြီးတော့ သိနေတယ်။
ဘဝအစတုန်းက ဖြစ်ခဲ့တာလည်း ဒီလိုပဲ အတူတူပါပဲ။ အခု ရှုမှတ်တဲ့အခါလည်းဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ စိတ်ကလေး တစ်စိတ်ချင်း ဖြစ်နေတာ တွေ့ရတယ်။ ပကတိပုဂ္ဂိုလ်တွေတော့ ‘ဘဝအသစ် ဖြစ်ပြန်လည်း အကောင်ကြီးလိုက် ဖြစ်ပေါ်လာတယ်’လို့အောက်မေ့နေတယ်။ ‘သေပြန်လည်း အကောင်ကြီးလိုက် ပျောက်သွားတယ်’လို့ ဒီလိုထင်နေကြတာကိုး။ စာပေကျမ်းဂန် ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ စာပေအရနဲ့အတော်အတန် သဘောကျပြီး ရိပ်မိပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်တွေ့အားဖြင့်တော့သဘောမကျသေးဘူး။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်က သဘောကျတယ်, စိတ်ကလေး တစ်ခုချင်း တွေ့နေတာကိုး။ သူ့မှာ လက်နဲ့ ကိုင်ကြည့်သလိုပဲ, စိတ်ကလေးတစ်ခု ပေါ်လာတိုင်း မှတ်လိုက်
ရင်း ပျောက်သွားလိုက်ရင်း, မှတ်လိုက်ရင်း ပျောက်သွားရင်း, ပေါ်ချည် ပျောက်ချည်,ပေါ်ချည် ပျောက်ချည်နဲ့ ရုပ်နာမ်လေးတွေ ဖြစ်နေတာကို တွေ့ရတာကိုး။ ဒီလို တွေ့ရတော့ တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်က ဘဝအစတုန်းက ရှေးဦးစွာ သက်ဝင်ပြီးလာတယ်, ပဋိသန္ဓေ ဘဝအသစ် ဖြစ်လာတယ်ဆိုတာလည်း ယခု ရှုမှတ်နေရတဲ့ ရုပ်နာမ်ကလေး အသစ် ဖြစ်ပေါ်လာတာမျိုးပဲ။ ရုပ်နဲ့နာမ်, ဒါလေးနှစ်ခု စပြီးတော့ ဖြစ်လာတယ်, ပျောက်သွားရင် နောက်တစ်ခါလည်း အသစ်ဖြစ်တယ်, တစ်ဘဝလုံးပဲ ဒီလိုဆက်ဖြစ်နေတာကိုး, နောက်ဆုံးတစ်နေ့ သေတယ်ဆိုတာလည်း ဘာမှ မထူးဆန်းဘူး။အခု ရှုရတဲ့ ရုပ်နာမ်လေးတွေ ပေါ်ပြီး ပျောက်သွားတာမျိုးလေးပဲ။ ဒါလေး ပျောက်သွားတယ်, နောက်ထပ်အသစ် မဖြစ်ပေါ်လာတော့ ဒီဘဝမှာ သေတာပေါ့။
အဲဒီတော့ တရားအားထုတ်ထားတဲ့ ယောဂီပုဂ္ဂိုလ်တွေ အနေအားဖြင့်ဆိုရင် ခန္ဓာငါးပါးတို့၏ အသစ်ဖြစ်ပေါ်လာခြင်းဟာ ဘဝအသစ် ဖြစ်တာပဲလို့ နားလည်သဘောကျပါတယ်။ အဲဒီဘဝအသစ် ဖြစ်တာကိုတော့ မသိနိုင်ဘူး, ဒါကတော့ နှိုင်းဆသိရမှာပဲ,ဘဝအသစ်ဖြစ်ခဲ့တာ ကြာလှမှပဲ, အခုမှ ပြန်ပြီးစဥ်းစားလို့ ဘယ်ပေါ်လိမ့်မှာတုံး။ အမိဝမ်းတွင်း ပဋိသန္ဓေနေခဲ့တာ မပြောနဲ့, ငယ်ငယ်ရွယ်ရွယ် နေခဲ့ထိုင်ခဲ့တုန်းက ဖြစ်ခဲ့တာတွေတောင်မှ ပြန်စဥ်းစားလို့ရှိရင် မသိနိုင်ပါဘူး။ သို့သော် သဘောကျနိုင်ပါတယ်။
အခု ဝိပဿနာရှုမှတ်နေတဲ့ အခါကာလ ရုပ်နာမ် အဖြစ်အပျက်ကို မြင်ရတော့ပဋိသန္ဓေစိတ် ဘဝအသစ် ဖြစ်ခဲ့တယ်ဆိုတဲ့ သဘောလေးကို ပြန်ပြီးတော့ သဘောကျတာပေါ့, နောက်ဆုံးတစ်နေ့ သေတယ်ဆိုတာလည်းပဲ ဒါလေးမျိုး ပျောက်သွားတာပဲ,ဘာမှ မထူးဆန်းဘူးလို့ သိရတာကိုး, ဒါကြောင့်မို့ တရားကို ကောင်းကောင်း အားထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေက သေရမှာလည်း ကြောက်စရာ မရှိဘူး, သေတယ်ဆိုတာလည်းဘာမှ မထူးဆန်းဘူး, ရုပ်နာမ်ကလေးတွေ ပျောက်သွားတဲ့ဥစ္စာဟာ သေတာပဲ, ခုလည်းပဲ ပျောက်နေတာပဲ, ဘာမှ မထူးဆန်းဘူး။ သဘောတရားတွေပဲလို့ ဆိုတာ မြင်နေတော့ဘာမှ ကြောက်စရာ မရှိဘူး, အင်မတန် ထောက်ထားအားကိုးစရာတွေ ရပါတယ်။
‘အာယတနာနံ ပဋိလာဘော’- အာယတနတရားတွေ ရလာခြင်းပဲ, အာယတနတရားဆိုတာ မျက်စိတို့ နားတို့ စသည်ပေါ့လေ, အဲဒီရုပ်နာမ်လေးတွေ အသစ်ဖြစ်လာခြင်းပဲတဲ့, အဲဒါကို ပဋိသန္ဓေ ဘဝအသစ်ဖြစ်တယ်လို့ ခေါ်တယ်။
ဘဝအသစ် ပဋိသန္ဓေဖြစ်ပုံ
ကျမ်းဂန်အနေအားဖြင့် ပြောမယ်ဆိုရင် ပဋိသန္ဓေနေခြင်း လေးမျိုး ရှိပါတယ်,ကိုယ်ထင်ရှား အပြည့်အစုံဖြစ်လာတဲ့ သတ္တဝါတွေကို ‘ဥပပတ်’လို့ ခေါ်တယ်, အဲဒါကနတ်တို့ ငရဲတို့ ပြိတ္တာတို့ ဒါမျိုးတွေပါပဲ။ ကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်က သေဆုံးသွားလိုက်တာနဲ့ တစ်ခါတည်း ဘဝသစ် ပဋိသန္ဓေစိတ်ကလေး ဖြစ်လိုက်တယ်ဆိုရင် ပဋိသန္ဓေစိတ်နဲ့ ရုပ်နဲ့ ၁၅-နှစ်, ၁၆-နှစ်, အနှစ် ၂၀-အရွယ် တစ်ခါတည်း ပြည့်ပြည့်စုံစုံကြီးဖြစ်တာ, အဲဒါကို ‘ဥပပတ်ပဋိသန္ဓေ’ ခေါ်တယ်။ ငရဲတွေ ပြိတ္တာတွေမှာလည်း ဒီလိုပဲဗြုန်းခနဲ ဖြစ်ရတာ။
“သံသေဒဇ”ဆိုတာကတော့ အညှိတွေထဲက ဖြစ်တာ, အညှိရှိရင် ပိုးလောက်ဖြစ်တာပဲ။ ဖြစ်စရာ အကြောင်းလေးတွေ ရှိရင် သူတို့က ဖြစ်လာကြတာပဲ။ ဘယ်ကနေပြီးတော့ ဖြစ်လာမှန်း မသိ, မျိုးစေ့ ဘယ်က လာမှန်းမသိ, အဲဒါကို “သံသေဒဇ”လို့ခေါ်ပါတယ်။
အမိဝမ်းတွင်း ပဋိသန္ဓေနေတာကတော့ကို ”ဂဗ္ဘသေယျက”တို့, “ဇလာဗုဇ”တို့ခေါ်တယ်။ ဂဗ္ဘသေယျက- အမိဝမ်း သူငယ်အိမ်မှာ ပဋိသန္ဓေဖြစ်တယ်။ အဲဒါမိဘတို့၏ သုတ်သွေးရုပ်ကို အမှီပြုပြီးတော့ ကမ္မဇရုပ်တွေဆိုတာ ဖြစ်လာတာကိုး။ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ, လူဖြစ်တယ်ဆိုတာ ကုသိုလ်ကံကြောင့် ဖြစ်တာ, ရှေးဘဝကပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ၏အဟုန်ကြောင့် ဒီမှာ ကာယဒသကရယ်, ဘာဝဒသကရယ်,ဝတ္ထုဒသကရယ်, ကမ္မဇရုပ် ကလာပ် ၃-စည်း ရှိတယ်။ “ကာယဒသက”ဆိုတာ ကိုယ်မှာအတွေ့အထိကို သိနိုင်တဲ့ရုပ်မျိုးတွေပဲ။ “ဘာဝဒသက”ဆိုတာကတော့ ယောကျာ်း,မိန်းမတို့, ယောကျာ်းစိတ်, မိန်းမစိတ်ကို ဖြစ်စေနိုင်တဲ့ ရုပ်တွေပဲ။ “ဝတ္ထုဒသက”ဆိုတာက စိတ်၏တည်ရာမှီရာပဲ။ ပဋိသန္ဓေစိတ်၏ တည်ရာ မှီရာ ဒသကသုံးခု, ရုပ်၃၀-ပေါ့။
အရင်တုန်းကတော့ ဘုန်းကြီး ရုပ်ကလာပ်တွေ အကျယ်ဟောပြီးသား, အခုတော့အကျဥ်း ပြောရမယ်။ ဒီမှာ ရုပ် ၁၀-ခု ရှိတယ်။ ပထဝီ, အာပေါ, တေဇော, ဝါယောဓာတ်ကြီး ၄-ပါး, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဥပါဒါရုပ်က ၄-ပါး, ပေါင်း ၈-ပါး, ဇီဝိတကတစ်ခု, အဲဒီမှာ ကာယပသာဒတစ်ခု ထည့်လိုက်ရင် ကာယဒသကကလာပ်, ရုပ် ၁၀-ခု။