ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၁၇၇

အဝိဟိံသသင်္ကပ္ပ- မညှဥ်းဆဲလိုတဲ့အနေနဲ့ ကြံစည်တာကို ခေါ်တယ်။ ဝိဟိံသဆိုတာ ညှဥ်းဆဲလိုတာ, ဒါကတော့ သက်ရှိတွေနဲ့ပဲ ဆိုင်တယ်။ ကိုယ်အမှု, နှုတ်အမှုဖြင့်ညှဥ်းဆဲဖို့ရာ ကြံစည်တဲ့အခါကာလမှာ ဝိဟိံသသင်္ကပ္ပ ဖြစ်နေတယ်, အဝိဟိံသသင်္ကပ္ပဆိုတာကတော့ အဲဒီညှဥ်းဆဲမှုရဲ့ ဆန့်ကျင်ဘက်ပေါ့လေ, သနားသောအနေအားဖြင့်ဖြစ်တယ်။ မညှဥ်းဆဲလိုတဲ့စိတ်နဲ့ ဖြစ်တယ်။ သနားပြီးသကာလ ဆင်းရဲမှ လွတ်စေချင်တယ်, ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေ ဆင်းရဲမှ လွတ်ပါစေလို့ သနားတဲ့အနေအားဖြင့် အဲဒီလိုအကြံအစည်တွေ ဖြစ်လို့ရှိရင် အဝိဟိံသသင်္ကပ္ပတွေ ဖြစ်တယ်။

မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, သုံးဆင့် ရှိတယ်

အဲဒီသင်္ကပ္ပတွေမှာလည်း မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင်, သုံးဆင့်ရှိတာပဲ။ သာမန်အားဖြင့် သတ္တဝါတွေကို ချမ်းသာစေဖို့ရာ မေတ္တာပွားပြီးတော့ နေတယ်,သတ္တဝါတွေကို သနားပြီး ကရုဏာဖြစ်ပြီးတော့ နေတယ်, ဒါက မူလမဂ္ဂင်ပဲ။

ဝိပဿနာ ရှုဆဲခဏမှာ ရုပ်နာမ်တွေ, အနိစ္စ, ဒုက္ခ, အနတ္တတွေ အမှန်အတိုင်းသိတော့ အဲဒီသိတဲ့ ဝိပဿနာစိတ်နဲ့ တွဲပြီးတော့ဖြစ်တဲ့ သင်္ကပ္ပလေး, ဦးတန်းပြီးတက်သွားတဲ့ သဘောလေး ဖြစ်တယ်။

နေက္ခမ္မသင်္ကပ္ပတုန်းက ကာမသင်္ကပ္ပနဲ့စပ်ပြီး ပြောင်းပြန်ပြောတယ်, အခုတော့ဗျာပါဒတို့, ဝိဟိံသတို့နဲ့ ပြောင်းပြန်အနေအားဖြင့် ပြောရလိမ့်မယ်, တရားကိုယ်တော့တစ်ခုတည်းပါပဲ, တခြား မဟုတ်ဘူး။

ဖောင်းတာကို မှတ်ပြီး အဖြစ်အပျက် သိတယ်, ရုပ်နာမ် သိတယ်, အနိစ္စ, ဒုက္ခ,အနတ္တ သိတယ်ဆိုတာ နေက္ခမ္မသင်္ကပ္ပတုန်းက ပြောခဲ့တယ်။ အခု အဗျာပါဒသင်္ကပ္ပအဝိဟိံသသင်္ကပ္ပကျတော့လဲ ဒီဟာပါပဲ, တခြားဟာ မဟုတ်ပါဘူး၊ ဒီအမှတ်ထဲမှာ ပါဝင်တဲ့ တရားပဲ။ မှတ်တိုင်းမှတ်တိုင်းဟာ ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေ သိနေတော့ဒီအာရုံနဲ့စပ်ပြီးတော့ သေပါစေ, ပျက်ပါစေလို့ ကြံစည်မှုတွေ မဖြစ်နိုင်ဘူး, နှိပ်စက်ညှဥ်းဆဲလိုတဲ့စိတ် မဖြစ်နိုင်ဘူး။

အဲဒါ ဝိပဿနာသမ္မာသင်္ကပ္ပကနေပြီးတော့ မိစ္ဆာသင်္ကပ္ပကို ပယ်တာပဲ, သေပါစေပျက်ပါစေဆိုတဲ့ အကြံအစည်မျိုးတွေကို ပယ်သွားတယ်တဲ့, ညှဥ်းဆဲလိုတဲ့ အကြံအစည်မျိုးတွေကို ပယ်သွားတယ်။ မှတ်တိုင်း မှတ်တိုင်း အနိစ္စ, ဒုက္ခ, အနတ္တကို သိတိုင်းဟာ

စာ ၁၇၈

အဲဒီအာရုံနဲ့ စပ်ပြီးတော့ မကောင်းတဲ့ ကြံစည်မှုတွေ မဖြစ်နိုင်ဘူး, ငြိမ်းနေတယ်, အဲဒါဟာ တဒင်္ဂအားဖြင့် ပယ်သွားတာပါတဲ့။

ဝိပဿနာဉာဏ် အားပြည့်လို့ နိဗ္ဗာန်အာရုံထဲ ပြေးဝင်သွားတဲ့အခါဆိုရင် အရိယာမဂ်ဉာဏ် ဖြစ်တယ်။ အရိယာမဂ်ဉာဏ်နဲ့တွဲပြီးတော့ အဗျာပါဒသင်္ကပ္ပ, အဝိဟိံသသင်္ကပ္ပတွေ ဖြစ်တယ်။ အဲဒီသင်္ကပ္ပတွေက သေပါစေ ပျက်ပါစေလို့ ကြံစည်တဲ့ ဗျာပါဒသင်္ကပ္ပမျိုး, ညှဥ်းဆဲလိုတဲ့ ဝိဟိံသသင်္ကပ္ပမျိုး မဖြစ်နိုင်တော့ဘူး, ပယ်သွားတယ်တဲ့။ အဲဒါလည်းသူ့အဆင့်အတန်းအလိုက်ပဲ, သောတာပတ္တိမဂ်ဆိုရင် အပါယ်ကျလောက်အောင် ကြမ်းတမ်းတဲ့ ဗျာပါဒဝိတက်တို့, ဝိဟိံသဝိတက်တို့ကို ပယ်တယ်။ အနာဂါမိမဂ်ကျတော့ဒေါသနဲ့ပတ်သက်တာ အကုန်လုံးကို ပယ်သွားပါတယ်, အရဟတ္တမဂ်ကျတော့ ပယ်စရာဒေါသ မရှိဘူး, ကုန်နေပြီ။

သမ္မာသင်္ကပ္ပမဂ္ဂင် သုံးမျိုး

အဲဒါကြောင့် အရင်းခံအနေအားဖြင့် ဖြစ်ပြီးတော့နေတဲ့ ကုသိုလ်အကြံအစည်တွေ, သတ္တဝါတွေ ချမ်းသာစေလိုတဲ့ အကြံအစည်တွေ, သတ္တဝါတွေ မညှဥ်းဆဲလိုတဲ့အကြံအစည်တွေဟာ နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသဝိတက်တွေဟာမူလမဂ္ဂင်တွေပဲ။ ဒီမူလမဂ္ဂင်တွေ ပွားများနေလို့ရှိရင် လူ့ချမ်းသာ, နတ်ချမ်းသာတွေဆီကို ရောက်သွားမယ်။

ဒီလမ်းက ကာမဝိတက်တွေကို စွန့်လွှတ်ပြီးတော့ ဒါန, သီလ စသော ကုသိုလ်ကောင်းမှုတွေကို ပြုတိုင်းပြုလုပ်တိုင်း ဒီကုသိုလ်ကောင်းမှုတွေ ပွားပြီး လူ့ဘဝ နတ်ဘဝအကျိုးတွေကို ပေးတယ်။ အဗျာပါဒသင်္ကပ္ပ အကြောင်းပြုပြီးတော့ မေတ္တာတရားတွေပွားတယ်, အဝိဟိံသသင်္ကပ္ပ အကြောင်းပြုပြီးတော့ ကရုဏာတရားတွေနဲ့ သနားတယ်။ကိုယ်ချင်းစာနာပြီးတော့ ချမ်းသာစေလိုတဲ့ သဘောရှိတယ်, ကိုယ်ချင်းစာနာပြီးတော့သနားစိတ်ဖြစ်တဲ့အတွက်ကြောင့် သူတစ်ပါးတွေကို နှိပ်စက်ခြင်း, ညှဥ်းဆဲခြင်း,မလုပ်ဘူး, လုပ်ဖို့ရာကိုလည်း မကြံစည်ဘူး။ အဲဒါ ကုသိုလ်ကောင်းမှုတွေ ပွားနေတာ,ဒီကုသိုလ်ကောင်းမှုတွေ၏ အစွမ်းအားဖြင့် လူချမ်းသာ, နတ်ချမ်းသာတွေဆီကို ရောက်ပြီးတော့ သွားနိုင်တယ်။

နောက် ဝိပဿနာအခိုက်အတန့်မှာ ဖြစ်တဲ့ အဲဒီသင်္ကပ္ပသုံးမျိုး၏ အစွမ်းအားဖြင့်ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ရသွားဖို့ပဲ, အားပြည့်လို့ရှိရင်တော့ အရိယာမဂ်ဉာဏ်

စာ ၁၇၉

ဖြစ်လာတယ်။ အရိယာမဂ်ဉာဏ် ဖြစ်တဲ့အခါ သောတာပန်အဆင့်အတန်း ရောက်ပြီးတော့ အပါယ်လေးပါးကို ဘယ်တော့မှ မကျနိုင်ဘူး, အနာဂါမ်ဆိုလို့ရှိရင်တော့ ကာမဘုံပြန်မလာတော့ဘူး, ရဟန္တာဖြစ်လို့ရှိရင်တော့ ဆင်းရဲခပ်သိမ်း အကုန်လုံး ငြိမ်းသွားတယ်, အဲဒီ အဆင့်အတန်းတွေ ရောက်ပြီးတော့ သွားနိုင်ပါတယ်တဲ့။ အဲဒါဟာ သမ္မာသင်္ကပ္ပမဂ္ဂင်ပဲတဲ့။

သမ္မာဝါစာ လေးပါး

ကတမာ စ ဘိက္ခဝေ သမ္မာဝါစာ။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာဝါစာ- မှန်ကန်စွာ ပြောဆိုခြင်း သမ္မာဝါစာသည်၊ကတမာ စ- အဘယ်ပါနည်းဟူမူကား၊

မုသာဝါဒါ ဝေရမဏိ၊ ပိသုဏာယ ဝါစာယ ဝေရမဏိ၊ ဖရုသာယ ဝါစာယ

ဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါစာ။

မုသာဝါဒါ- မဟုတ်မမှန်သောစကားကို လိမ်လည်ပြောဆိုခြင်းမှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ ပိသုဏာယ ဝါစာယ- ကုန်းတိုက်စကားမှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ ဖရုသာယ ဝါစာယ- ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ၊ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ သမ္ဖပ္ပလာပါ- သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤလေးပါးသော စကားတို့မှ ကြဥ်ရှောင်ခြင်းကို၊ သမ္မာဝါစာ- သမ္မာဝါစာဟူ၍၊ ဝုစ္စတိ-ဆိုအပ်၏။

မုသာဝါဒါ ဝေရမဏိ- လိမ်လည်ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း, ဖရုသာယဝါစာယ ဝေရမဏိ- ကြမ်းတမ်းသော စကားပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း, ပိသုဏဝါစာ- ကုန်းတိုက်စကား ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း, သမ္ဖပ္ပလာပ- အပြိန်အဖျင်း,အနှစ်သာရမဲ့တဲ့ စကားကို ပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း, သမ္မာဝါစာ လေးခုရှိတယ်။

မုသာဝါဒမှ ကြဥ်ရှောင်ခြင်း (မူလ, ပုဗ္ဗဘာဂ, အရိယ မဂ္ဂင်သုံးဆင့်)

လိမ်လည်ပြောဆိုခြင်းမှ ကြဥ်ရှောင်တယ်, ဒီမှာလည်း မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်,အရိယမဂ္ဂင်, သုံးဆင့် ရှိတယ်။

စာ ၁၈၀

မူလမဂ္ဂင်ကတော့ သီလဆောက်တည်ဖို့ရာ ကြံစည်တဲ့အခါမှာ သူ ပါနေပြီ, သီလဆောက်တည်နေတဲ့အခါမှာလည်း ပါတယ်, သီလဆောက်တည်ပြီးတော့ ဆောက်တည်တဲ့အတိုင်း ကြဥ်ရှောင်နေတဲ့အခါတွေမှာ ဖြစ်တယ်။

သီလဆောက်တည်တဲ့အခါမှာ လိမ်လည်ပြောဆိုခြင်းမှ ကြဥ်ရှောင်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ထက်ထက်သန်သန် နှလုံးသွင်းပြီးတော့ဆောက်တည်တဲ့အခါကာလ ဖြစ်တဲ့ သီလကုသိုလ်တွေ, နောက် လိမ်လည်ပြောစရာအကြောင်း ပေါ်လာတဲ့အခါ လိမ်လည် မပြောဘူး, အဲဒါတွေ မူလမဂ္ဂင်ပဲတဲ့။ လိမ်လည်ပြောဆိုခြင်းမှ ကြဥ်ရှောင်လိုတဲ့စိတ်တွေ ဖြစ်တိုင်းဖြစ်တိုင်း သီလကုသိုလ်တွေ ပွားနေတယ်, အဲဒါ မူလမဂ္ဂင်ပဲ။

နောက် ဝိပဿနာ ရှုတိုင်းရှုတိုင်း ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေကို အမှန်အတိုင်း သိသွားတော့ အဲဒီသိရတဲ့ အာရုံတွေနဲ့စပ်ပြီးတော့ လိမ်လည်လိုတဲ့သဘောမရှိဘူး။ ဝိရတီစေတသိက်ဆိုတာ သီလဆောက်တည်တဲ့အခါ, သီလကျင့်သုံးတဲ့အခါမှာပါတယ်, ဒီ့ပြင်အခါမှာ မရှိဘူး။ ဒါပေမယ်လို့ အခု ဒီမဂ္ဂင်ပိုင်းကျတော့ ဝိပဿနာထဲမှာလည်း ရနေတယ်။

အခု လိမ်နေကြတယ်ဆိုတာ ဒီ ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေကို ကောင်းကောင်း မသိလို့ပဲ, သိနေရင် လိမ်နေစရာ ဘာရှိမှာလဲ, လိမ်စရာပုဂ္ဂိုလ်လည်း မရှိဘူး,ကိုယ်လည်း မရှိဘူး, သူလည်း မရှိဘူး။

ဒါကြောင့် အနိစ္စ, ဒုက္ခ, အနတ္တသိတဲ့ စိတ်တိုင်းမှာ လိမ်လည်မှု၏ဆန့်ကျင်ဘက်ဖြစ်နေတယ်, လိမ်စရာကို မပေါ်ဘူး။ ဒါကြောင့် ဝိပဿနာ ဖြစ်တိုင်း လိမ်လည်မှုကိုတဒင်္ဂပဟာန်အားဖြင့် ကြဥ်ရှောင်မှုကိစ္စ သူ့အလိုလို ပြီးနေတယ်တဲ့။ ကြဥ်ရှောင်ပါ၏လို့ဆိုနေရတာ မဟုတ်ဘူး, နှလုံးသွင်းရတာ မဟုတ်ဘူး, မဆိုဘဲ နှလုံးမသွင်းဘဲနဲ့ လိမ်ချင်စရာအကြောင်းကို မပေါ်နိုင်လောက်အောင် အမှန်သိသွားတော့ လိမ်လည်မှုမှ ကြဥ်ရှောင်ခြင်း ကိစ္စတွေ ပြီးသွားတယ်, ကိစ္စပြီးသောအားဖြင့် ကြဥ်ရှောင်ခြင်း ဖြစ်တယ်။

ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါကျတော့ နိဗ္ဗာန်အာရုံပြုပြီး အရိယာမဂ်ဉာဏ်ဖြစ်တယ်။ ဒီအခိုက်အတန့်မှာလဲ မုသာဝါဒမှ ကြဥ်ရှောင်မယ်လို့ နှလုံးသွင်းတာမရှိပါဘူး, ဒါပေမယ်လို့ အရိယာမဂ်ဉာဏ် ဖြစ်လိုက်တာနဲ့ နောင်ကို မုသာဝါဒ ပြောနိုင်

စာ ၁၈၁

တဲ့ အခြေအနေမျိုး မရှိတော့ဘူးတဲ့။ လိမ်လည်ပြောဆိုခြင်း ဝစီဒုစရိုက်မှ လုံးလုံးကင်းပြီးတော့ သွားတယ်, ဒါက သမုစ္ဆေဒပဟာန်အားဖြင့် အကြွင်းမဲ့ ပယ်သွားတယ်။

ဖရုသဝါစာ, ပိသုဏဝါစာ, သမ္ဖပ္ပလာပတို့မှ ကြဥ်ရှောင်ခြင်း

ဖရုသာယ ဝါစာယ ဝေရမဏိ- ကြမ်းတမ်းသော စကားပြောဆိုခြင်းမှ ကြဥ်ရှောင်ခြင်း။ ငါးပါးသီလဆောက်တည်တဲ့အခါကျတော့ ဖရုသဝါစာ မပါဘူး, မပါပေမဲ့လည်းဒါက ကျင့်သုံးရမယ့် ဥစ္စာပါပဲ။ မုသာဝါဒကို ကြဥ်လိုက်လို့ရှိရင် မုသာဝါဒနဲ့တွဲတဲ့ဒုစရိုက်အမျိုးချင်း တူတဲ့ ဥစ္စာလည်း ကြဥ်ရမှာပဲ။ ကြမ်းတမ်းတဲ့စကား, ဆဲရေးတဲ့စကား,သူများ နားမခံသာတဲ့စကား ပြောတာဟာ ဖရုသဝါစာလို့ ခေါ်တယ်, အဲဒါတွေမှ ကြဥ်ရှောင်တယ်။

ပိသုဏဝါစာ- ကုန်းတိုက်စကားကို ကြဥ်ရှောင်ခြင်းတဲ့, လူနှစ်ဦး တစ်ဦးကိုတစ်ဦးချစ်ခင်ကြည်ညိုလေးစားပြီးတော့ နေတယ်, ဒီ ချစ်ခင်ကြည်ညိုလေးစားမှု ပျက်အောင်,တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေနေတာတွေ အဆင်မပြေအောင်, အားကိုးနေတာတွေ အားမကိုးရအောင်, ယုံနေတာတွေ မယုံအောင် ကုန်းတိုက်တဲ့စကားကို ပြောဆိုတာကိုး။ အဲဒီလို ကုန်းတိုက်စကားကို ပြောတာဟာ “ပိသုဏဝါစာ ဒုစရိုက်”လို့ ခေါ်တယ်, အဲဒီ ဝစီဒုစရိုက်မှ ကြဥ်ရှောင်တဲ့ဥစ္စာဟာ သမ္မာဝါစာပဲ။

သမ္ဖပ္ပလာပ- အပြိန်အဖျင်းတွေ, အနှစ်သာရမဲ့တဲ့ စကားတွေ ပြောဆိုနေရင်သမ္ဖပ္ပလာပ ဝစီဒုစရိုက် ဖြစ်တယ်။

သမ္မာဝါစာ (မူလ, ပုဗ္ဗဘာဂ, အရိယ မဂ္ဂင်သုံးဆင့်)

အဲဒီ မိစ္ဆာဝါစာ စကားတွေ ပြောတာကို ကြဥ်ရှောင်မယ်လို့ နှလုံးသွင်းတိုင်း(သို့မဟုတ်) ဆောက်တည်တိုင်း သမ္မာဝါစာ ဖြစ်တယ်, အဲဒါ မူလမဂ္ဂင်ပဲ။

ဝိပဿနာ ရှုတိုင်းရှုတိုင်း အနိစ္စ, ဒုက္ခ, အနတ္တ သိသွားလို့ရှိရင် သိတိုင်း သိတိုင်းဒီ မိစ္ဆာဝါစာတွေမှ ကြဥ်ရှောင်ပြီးသား ဖြစ်သွားတယ်။ ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တသိနေတဲ့ အာရုံနဲ့စပ်ပြီးတော့ လိမ်ပြောစရာ မရှိဘူး, ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာဖို့အကြောင်း မရှိဘူး, ကုန်းတိုက်စရာအကြောင်း မရှိဘူး, အပြိန်အဖျင်းတွေပြောစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် အဲဒီ ဝစီဒုစရိုက်လေးပါး မဖြစ်နိုင်လောက်အောင်လို့ ငြိမ်းသွားပါတယ်တဲ့။

စာ ၁၈၂

ဖောင်းတယ်လို့ မှတ်လိုက်တာမှာလည်း ဒီ အနိစ္စ ပါတာပဲ, ဝစီဒုစရိုက် လေးပါးငြိမ်းတယ်။ ပိန်တယ်လို့ မှတ်တာမှာလည်း အနိစ္စ ပါတယ်, ဝစီဒုစရိုက် ငြိမ်းတယ်။မှတ်တိုင်း မှတ်တိုင်း ဝစီဒုစရိုက်လေးပါး တဒင်္ဂပဟာန်အားဖြင့် ငြိမ်းတယ်, ဒါတွေကိုပုဗ္ဗဘာဂမဂ္ဂင် ခေါ်တယ်။

ဝိပဿနာဉာဏ် ပြည့်စုံတဲ့အခါကျတော့ မှတ်ရင်း အဖြစ်အပျက်ကို သိရင်းနဲ့တစ်ခါတည်း နိဗ္ဗာန်အာရုံထဲ ပြေးဝင်သွားတယ်, အဲဒီအခါမှာ အရိယာမဂ်နဲ့ ယှဥ်တဲ့သမ္မာဝါစာမဂ္ဂင် ဖြစ်တယ်တဲ့။ မုသာဝါဒမှ ကြဥ်ရှောင်ခြင်းကိစ္စလည်း ပြီးသွားတယ်တဲ့,အဲဒီအချိန်က စပြီးတော့ သူတစ်ပါး အကျိုးမဲ့ဖြစ်မယ့်စကားတွေ မပြောနိုင်တော့ဘူးတဲ့,ဖရုသဝါစာ ကြမ်းကြမ်းတမ်းတမ်း စကားတွေ မပြောနိုင်တော့ဘူး, ပိသုဏဝါစာကုန်းတိုက်စကားတွေ မပြောနိုင်တော့ဘူး, သမ္ဖပ္ပလာပ အပြိန်အဖျင်းတွေ မပြောနိုင်တော့ဘူး။ အကျိုးပျက်လောက်တဲ့ စကားတွေ ကင်းသွားတယ်, အကျိုးမပျက်လောက်တဲ့အသေးအဖွဲလေးတော့ ကျန်ဦးမှာပေါ့လေ, အရဟတ္တမဂ်ဉာဏ်ကျမှ အကုန် ကင်းမှာ,အဲဒါ သမ္မာဝါစာပဲတဲ့။

သမ္မာကမ္မန္တမဂ္ဂင် သုံးပါး

ကတမော စ ဘိက္ခဝေ သမ္မာကမ္မန္တော။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာကမ္မန္တော- မှန်စွာ ပြုခြင်းသည်၊ ကတမော စ-အဘယ်ပါနည်းဟူမူကား။

ပါဏာတိပါတာ ဝေရမဏိ၊ အဒိန္နာဒါနာ ဝေရမဏိ၊ ကာမေသု မိစ္ဆာစာရာ

ဝေရမဏိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာကမ္မန္တော။

ပါဏာတိပါတာ- ပါဏာတိပါတမှ၊ (ဝါ) သူ့အသက်ကို သတ်ဖြတ်ခြင်းမှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ အဒိန္နာဒါနာ- အရှင်မပေးသော သူတစ်ပါးဥစ္စာကိုခိုးယူခြင်းမှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ ကာမေသု မိစ္ဆာစာရာ- ကာမဂုဏ်တို့၌ မှားယွင်းလွန်ကျူးခြင်းအကျင့်မှ၊ ဝေရမဏိ- ကြဥ်ရှောင်ခြင်းလည်းကောင်း၊ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤသုံးပါးကို ကြဥ်ရှောင်ခြင်းကို၊ သမ္မာကမ္မန္တော- မှန်စွာပြုခြင်းဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။

စာ ၁၈၃

သမ္မာကမ္မန္တ- မှန်စွာ ပြုခြင်း, ကိုယ်ဖြင့် မှန်ကန်စွာ ပြုခြင်း, ကောင်းသောအမှုကိုပြုခြင်းဆိုတာ အကျဥ်းချုပ်အားဖြင့် သုံးခုပဲ။ သူတစ်ပါးအသက် သတ်ဖြတ်ခြင်းမှ ကြဥ်ရှောင်ခြင်း, သူတစ်ပါးဥစ္စာ ခိုးယူခြင်းမှ ကြဥ်ရှောင်ခြင်း, ကာမဂုဏ်၌ မှားယွင်းကျူးလွန်ခြင်းမှ ကြဥ်ရှောင်ခြင်းပါပဲ။

“သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ကြဥ်ရှောင်ပါ၏”လို့ ဆောက်တည်တဲ့ကာလမှာ ကြဥ်ရှောင်လိုတဲ့သဘော ဖြစ်တယ်, အဲဒါဟာ သမ္မာကမ္မန္တပဲ။ ဆောက်တည်ထားတဲ့အတိုင်း သတ်စရာအကြောင်း ပေါ်လာတဲ့အခါမှာလည်း မသတ်ဘူး, အဲဒီလိုအခါကာလတွေမှာ သမ္မာကမ္မန္တတွေ ဖြစ်လာတယ်။

“သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ကြဥ်ရှောင်ပါ၏”လို့ ဆောက်တည်တဲ့ ကာလမှာကြဥ်ရှောင်လိုတဲ့သဘော ဖြစ်တယ်, အဲဒါဟာ သမ္မာကမ္မန္တပဲ။ ဆောက်တည်ထားတဲ့အတိုင်း ခိုးစရာအကြောင်း ပေါ်လာတဲ့အခါမှာလည်း မခိုးယူဘူး, အဲဒီ အခါမှာလည်းသမ္မာကမ္မန္တ ဖြစ်တယ်။

“ကာမေသု မိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”လို့ ဆောက်တည်တဲ့ကာလမှာ ကြဥ်ရှောင်လိုတဲ့သဘော ဖြစ်တယ်, အဲဒါဟာ သမ္မာကမ္မန္တပဲ။ ဆောက်တည်ထားတဲ့အတိုင်း ကာမဂုဏ်တွေ ကျူးလွန်စရာအကြောင်း ပေါ်လာတဲ့အခါမှာလည်းမကျူးလွန်ဘူး, အဲဒီအခါမှာလည်း သမ္မာကမ္မန္တ ဖြစ်တယ်။

ဒါတွေက မူလမဂ္ဂင်ပဲ, သီလဆောက်တည်တဲ့အခါနဲ့ ဆောက်တည်ထားတဲ့အတိုင်းစောင့်ရှောက်ထိန်းသိမ်းပြီးတော့ နေတဲ့အခါတွေမှာ မူလမဂ္ဂင်တွေ ဖြစ်နေတယ်။

ဝိပဿနာရှုတဲ့ အခါကျတော့ ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တတွေ သိတယ်။အဲဒီသိတဲ့အခါမှာ ပါဏာတိပါတမှ ကြဥ်ရှောင်မှုလည်း အလိုလိုပြီးသွားတယ်, သတ္တဝါကို သတ်တယ်ဆိုတာဟာ သတ္တဝါလို့ အထင်ရှိလို့ သတ်တာကိုး။ မြင်တိုင်း, ကြားတိုင်း,ရှုမှတ်လိုက်လို့ ရိပ်ခနဲပေါ် ရိပ်ခနဲပျောက်သွား, ပုဂ္ဂိုလ်သတ္တဝါအနေ ဘာမှ မထင်ဘူး,ဖြစ်ပြီး ပျောက်သွားတာပဲ, အဲဒီလို ထင်နေတဲ့အခါကာလ သတ်လိုတဲ့စိတ် မဖြစ်လာဘူး,အလိုလို ငြိမ်းနေတာ။

အဲဒါကြောင့် ရှုတိုင်းရှုတိုင်း ရုပ်နာမ်, အနိစ္စ, ဒုက္ခ, အနတ္တ သိနေတဲ့ ဝိပဿနာစိတ္တုပ္ပါဒ်ထဲမှာ မသတ်ချင်တဲ့စိတ်တွေလည်း သူ့အလိုလို ပါဝင်သွားတယ်, တဒင်္ဂပဟာန်

စာ ၁၈၄

အားဖြင့် ကိလေသာအာရုံနဲ့စပ်ပြီး သူတစ်ပါးကို သတ်ဖြတ်ခြင်း မဖြစ်နိုင်ဘူးတဲ့, တစ်ခါတည်း ကင်းနေတယ်။ သူတစ်ပါးဥစ္စာ ခိုးယူဖို့ရာလည်း မဖြစ်နိုင်ဘူးတဲ့, ကာမဂုဏ်ကျူးလွန်လိုတဲ့စိတ်လည်း မဖြစ်နိုင်ပါဘူး။ အဲဒါ ရှုတိုင်းရှုတိုင်း တည်တည်သွားတယ်,ဒါက ဝိပဿနာမဂ္ဂင်ပဲ။

ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါ နိဗ္ဗာန်အာရုံထဲ ပြေးဝင်သွားတယ်,ရုပ်နာမ်သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံထဲ ရောက်သွားတယ်။ အဲဒီအခါမှာ မဂ်စိတ်ကလေးက တစ်ကြိမ်ဖြစ်တာပါပဲ, တစ်ကြိမ်ဖြစ်ပေမယ်လို့ ဒီဒုစရိုက်တွေ ကျူးလွန်လိုတဲ့စိတ်နောက်မဖြစ်တော့ဘူး, ကျူးလွန်နိုင်အောင် မဖြစ်ဘူး, သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင်, သူများဥစ္စာကို ခိုးယူနိုင်လောက်အောင်, ကာမဂုဏ်တွေ ကျူးလွန်နိုင်လောက်အောင် မဖြစ်ဘူး။ သောတာပတ္တိမဂ်ဖြင့် လောဘတော့ မကင်းသေးဘူး, ဒေါသလည်း မကင်းသေးဘူးပေါ့, ဒါကြောင့် နှစ်သက်စရာ သာယာစရာတွေတော့ ဖြစ်နိုင်သေးတာပဲ, စိတ်ဆိုးမှုတော့ ဖြစ်နိုင်သေးတာပဲ, ဒါပေမယ်လို့ သတ်နိုင်လောက်အောင်,ခိုးနိုင်လောက်အောင်, မတရားကျူးလွန်နိုင်လောက်အောင် လွန်လွန်ကျူးကျူးတော့မဖြစ်တော့ဘူးတဲ့, အရှိန်အားလျှော့သွားတယ်။ အရဟတ္တမဂ်ဉာဏ်ကျမှ အကုန်ကင်းမှာ,အဲဒါ သမ္မာကမ္မန္တပဲ။

သမ္မာအာဇီဝ

ကတမော စ ဘိက္ခဝေ သမ္မာအာဇီဝေါ။

ဘိက္ခဝေ- ရဟန်းတို့၊ သမ္မာအာဇီဝေါ- မှန်ကန်စွာ အသက်မွေးမှုဟူသည်၊ကတမော စ- အဘယ်ပါနည်းဟူမူကား။

ဣဓ ဘိက္ခဝေ အရိယသာဝကော မိစ္ဆာအာဇီဝံ ပဟာယ သမ္မာအာဇီဝေန

ဇိဝိတံ ကပ္ပေတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာအာဇီဝေါ။

ဘိက္ခဝေ- ရဟန်းတို့၊ ဣဓ- ဤသာသနာတော်၌၊ အရိယသာဝကော- အရိယာသာဝကသည်၊ မိစ္ဆာအာဇီဝံ- မှားယွင်းသော အသက်မွေးမှု၊ မတရားသော အသက်မွေးမှုကို၊ ပဟာယ- ပယ်စွန့်၍၊ သမ္မာအာဇီဝေန- မှန်ကန်သော အသက်မွေးမှုဖြင့်၊ ဇီဝိတံ-အသက်မွေးခြင်းကို၊ ကပ္ပေတိ- ပြု၏။ ဘိက္ခဝေ- ရဟန်းတို့၊ အယံ- ဤမှန်ကန်သောအသက်မွေးမှုကို၊ သမ္မာအာဇီဝေါ- မှန်ကန်စွာ အသက်မွေးမှု ဟူ၍၊ ဝုစ္စတိ- ဆိုအပ်၏။

စာ ၁၈၅

“သမ္မာအာဇီဝ”ဆိုတာ မှားသောအသက်မွေးမှုကို ပယ်ပြီးတော့ မှန်သောအသက်မွေးမှုကို ပြုတာပါပဲတဲ့, ဒါက ဒီလောက်နဲ့တော့ မပေါ်ဘူး။

အသက်မွေးတယ်ဆိုတာ အသက်ရှည်အောင်လို့ မွေးမြူပြုစုရတာကိုး။ ပါဠိလို“အာဇီဝ”က အသက်ရှင်ကြောင်းအလုပ်, မြန်မာက အသက်မွေးမှု ပစ္စည်းရှာတာ။

ဒီခန္ဓာကြီးဟာ ကိုယ့်အင်အား စွမ်းနိုင်တဲ့အချိန်ကစပြီးတော့ အစာကျွေးရတယ်,ကိုယ်နဲ့ သင့်လျော်တဲ့ အသုံးအဆောင်တွေ ပေးရတယ်, ရေမိုး ချိုးပေးရတယ်, အဝတ်အစားတွေလည်း သင့်တော်အောင် ဝတ်ပြုပေးရတယ်, နေရာထိုင်ခင်တွေ ပေးရတယ်,အစစအရာရာ အဆင်ပြေအောင်လို့ သူ့ကို လုပ်ပေးနေရတယ်။

အဲဒီ ရှာဖွေရတဲ့ဥစ္စာတွေ အသက်မွေးမှုတွေပဲ, အသက်ရှင်အောင် ဒီခန္ဓာကိုယ်ကြီး ရှင်မြဲရှင်အောင်လို့ လုပ်ပေးနေရတယ်, ကောင်းစား ချမ်းသာအောင်လို့ ပြုပြင်နေရတယ်, စောင့်ရှောက်နေရတယ်, အဲဒါ အသက်မွေးမှုတွေပဲ။ အတိုချုပ်ဆိုရင်တော့ပစ္စည်းရှာမှုတွေဟာ အသက်မွေးမှုတွေပဲ။

မိစ္ဆာအာဇီဝ ၇-ခုကို ရှောင်ရင် သမ္မာအာဇီဝ ဖြစ်တယ်

အဲဒီအသက်မွေးမှုကို ရှာတော့ ကိုယ်နဲ့ နှုတ်နဲ့ ရှာရတာပဲ, စိတ်ကူးသက်သက်နဲ့ရှာလို့ မရပါဘူး။

နှုတ်နဲ့ မတရားသဖြင့် ပြောဆိုပြီး ရလာတာ ရှိတယ်, တရားသဖြင့် ပြောဆိုလို့ရတာလည်း ရှိတယ်။ သူတစ်ပါး၏အကျိုးမဲ့ မဖြစ်စေဘဲ သူလည်း ကောင်းတဲ့အနေ,ကိုယ်လည်း ကောင်းတဲ့အနေအားဖြင့် ပြောဆိုပြီးတော့ ရလာတာ ရှိတယ်, ဒါက အပြစ်မရှိပါဘူး။ မတရားသဖြင့် အသက်မွေးတယ်ဆိုတာကတော့ နည်းမမှန်ဘဲ သူတစ်ပါးတွေ အကျိုးမဲ့ဖြစ်အောင်လို့ လုပ်တယ်, ပြီးတော့မှ ကိုယ့်အကျိုး ရတာကိုး။

မုသာဝါဒ- လိမ်ပြောတယ်, လိမ်ပြီးတော့ ပစ္စည်းရအောင်လို့ ပြောရတယ်, အထူးအားဖြင့် အရောင်းအဝယ်တွေမှာ ရှိတတ်တယ်။ ပိသုဏဝါစာ- ကုန်းတိုက်တယ်တဲ့, ဒီလူနှစ်ဦးနှစ်ယောက် တည့်နေသမျှ ကာလပတ်လုံး ငါ့မှာ စီးပွားရေးလုပ်ငန်း မဖြောင့်ဘူး, ဒီလူနှစ်ဦးနှစ်ယောက် မတည့်မှပဲ, ဒီလူနဲ့ဟိုလူ ကွဲသွားမှ ငါနဲ့ပူးပေါင်းပြီးတော့စီးပွားရေးလုပ်မှာ ဆိုပြီး ဒီလိုလုပ်တာတွေလည်း ရှိတာကိုး။ ဖရုသဝါစာ- ကြမ်းတမ်းတဲ့

စာ ၁၈၆

စကားတွေ ပြောဆိုပြီးတော့ လုပ်မှ ရခဲ့တာတွေ ရှိတယ်။ သမ္ဖပ္ပလာပ- အပြိန်အဖျင်းပုံတိုဝတ္ထုတွေ ရေးပြီး စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။

နောက်ပြီး ကာယကံကတော့ သူများအသက်ကို သတ်ပြီးတော့, သူများဥစ္စာခိုးပြီးတော့ မတရားလုပ်တာတွေ ရှိပါတယ်။ ကာမဂုဏ်အာရုံ မတရားတာတွေလည်းကိုယ်တိုင် ကျူးလွန်၍ဖြစ်စေ, သူတစ်ပါးကို ကျူးလွန်၍ဖြစ်စေ ရှာမှီးတာလည်း ရှိပါတယ်။

အဲဒီ မတရားသဖြင့် သူတစ်ပါးအကျိုးမဲ့တွေကို ဖြစ်စေပြီးတော့ ရှာမှီးတာတွေဟာမိစ္ဆာအာဇီဝတွေပဲ, ကာယကံက သုံးပါး, ဝစီကံက လေးပါး, အားလုံး ၇-ခု ရှိတယ်, အဲဒီ၇-ခုကို ပယ်လိုက်လို့ရှိရင် သမ္မာအာဇီဝ ဖြစ်တာပဲ။

စီးပွားရေးနဲ့ မဆိုင်ဘဲနဲ့ သူတစ်ပါးအသက်ကို သတ်တယ်, သူတစ်ပါးဥစ္စာကိုခိုးတယ်, လိမ်ပြောတယ် စသည်ဖြင့် ဒီလိုဟာတွေ ရှိတာကိုး, အဲဒါတွေက အာဇီဝနဲ့မဆိုင်ဘူး။ အသက်မွေးမှုနဲ့စပ်ပြီးတော့ စီးပွားဥစ္စာရအောင်လို့ သူတစ်ပါးကို သတ်ရတယ်, ခိုးရတယ်, လိမ်ရတယ်, ဒီလိုဟာတွေကတော့ “မိစ္ဆာအာဇီဝ”လို့ ခေါ်တယ်။

မိစ္ဆာအာဇီဝတွေကို ကြဥ်ရှောင်ပြီးတော့ တရားသဖြင့် ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်ရှာဖွေတယ်။ လူမှာလည်း လူအလိုက်ပေါ့လေ, ရဟန်းကျတော့ ကျယ်ဝန်းလာတယ်။

ရဟန်းကျတော့ မတောင်းသင့်တာတွေကို တောင်းတယ်, မလုပ်သင့်တာတွေလုပ်တယ်။ သီလသိက္ခာပုဒ်တွေနဲ့စပ်ပြီး မစောင့်ရှောက်ဘဲနဲ့ သူများတွေ အထင်အမြင်ကြီးအောင်, မဟုတ်တာကို ဟုတ်သယောင် လုပ်ပြီးတော့ လာဘ်လာဘကို မတရားတဲ့ရှာမှီးမှုတွေ ရှိပါတယ်။ ဒကာ ဒကာမတွေနဲ့ ရင်းနှီးအောင်လို့ လုပ်ပြီးတော့ ပစ္စည်းရှာတာလည်း ရှိပါတယ်။ သူတစ်ပါး ကိစ္စအကျိုးတွေ ဆောင်ရွက်ပြီး ပစ္စည်းရှာနေတာလည်း ရှိပါတယ်, အများကြီးပဲ။ ရဟန်းမှာ ကုလဒူသန အနေသနတွေဆိုတာ ရှိတယ်,အဲဒီ မတရားတဲ့နည်းတွေနဲ့ ပစ္စည်းရှာမှီးမှုတွေဟာ “မိစ္ဆာအာဇီဝ”လို့ ခေါ်တယ်။

အဲဒီ မိစ္ဆာအာဇီဝတွေ ပယ်ပြီးတော့ မတရားတဲ့နည်းနဲ့ မရှာဘဲနဲ့ လူမှာလည်းလူ့အလိုက်, ရဟန်းမှာလည်း ရဟန်းအလိုက် ရသင့်ရထိုက်တဲ့ ပစ္စည်းတွေကို တရားသဖြင့် ရအောင်လို့ ရှာပြီးတော့ အသက်မွေးနေတာဟာ သမ္မာအာဇီဝပဲတဲ့, မူလမဂ္ဂင်ပဲ။