သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
ဝိပဿနာ ရှုတိုင်းရှုတိုင်းဟာ အနိစ္စ, ဒုက္ခ, အနတ္တတွေ ထင်မြင်နေလို့ရှိရင်အဲဒီမှာလည်း မိစ္ဆာအာဇီဝ မတရားသဖြင့် အသက်မွေးမှုတွေကို အလိုလိုပယ်ပြီးသားဖြစ်သွားတယ်, တဒင်္ဂပဟာန်အားဖြင့် ငြိမ်းနေတယ်, ဒါက ပုဗ္ဗဘာဂမဂ္ဂင်ပါပဲ။
ဝိပဿနာမဂ္ဂင်က ရင့်သန်ပြည့်စုံတဲ့အခါကျတော့ အဖြစ်အပျက်တွေ သိရင်းသိရင်းနဲ့ နိဗ္ဗာန်အာရုံထဲ ပြေးဝင်သွားတဲ့ စိတ်ကလေး ဖြစ်တယ်။ ဒီ မဂ်စိတ်ကလေးတစ်ကြိမ် ဖြစ်လိုက်တာနဲ့ မတရားသဖြင့် အသက်မွေးမှုတွေကို မလုပ်တော့ဘူး, လုံးလုံးစွန့်သွားတယ်, အဲဒီလို စင်ကြယ်ပြီးသွားတယ်တဲ့, ဒါက သမုစ္ဆေဒပဟာန်အားဖြင့် ပယ်သွားတာ, အဲဒါဟာ သမ္မာအာဇီဝပဲတဲ့။
မူလမဂ္ဂင်, ပုဗ္ဗဘာဂမဂ္ဂင်, အရိယမဂ္ဂင် သုံးခု ရှိတယ်နော်, အဲဒီ သုံးခုလုံးဟာကအစဥ်အတိုင်း ပွားများရတာပဲ။
မူလ ပုဗ္ဗ, အရိယ, သုံးဝ မဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင်, ဤမဂ္ဂင်, ပြေးဝင် နိဗ္ဗာန်ဓာတ်။
မူလမဂ္ဂင်တွေ ရှေးကလည်း ပွားများခဲ့ကြပြီ, ယခု တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒါန သီလတွေ ပြုတိုင်းပြုတိုင်း မူလမဂ္ဂင်တွေ ပွားလာကြတယ်, အခုဝိပဿနာ ရှုတိုင်းရှုတိုင်း ပုဗ္ဗဘာဂမဂ္ဂင် ရောက်နေတယ်, အဆင့်အတန်း မြင့်လာတယ်,တစ်ဆင့်ထက်တစ်ဆင့် တက်လာတယ်, အရိယမဂ္ဂင်ဆီ သွားမလို့ ပုဗ္ဗဘာဂမဂ္ဂင်ရောက်နေတယ်။
မှတ်တိုင်း မှတ်တိုင်း ပုဗ္ဗဘာဂမဂ္ဂင် တစ်ခုတစ်ခု ပွားနေတယ်။ ဖောင်းတာတစ်ခါမှတ် ပုဗ္ဗဘာဂမဂ္ဂင်တစ်ခုပဲ, ဒီထဲမှာ သမ္မာဒိဋ္ဌိလည်း ပါတယ်, သမ္မာသင်္ကပ္ပလည်း ပါတယ်, သမ္မာဝါစာလည်း ပါတယ်, သမ္မာကမ္မန္တလည်း ပါတယ်, သမ္မာအာဇီဝလည်း ပါတယ်, နောက် သမ္မာဝါယာမ စသည်တို့လည်း ပါပါသေးတယ်, အကုန်လုံးပါနေတာပဲ။
သမ္မာဒိဋ္ဌိအရနဲ့ “ဒုက္ခေ ဉာဏံ- ဒုက္ခ သိတယ်” ဆိုတာ ဖောင်းတာလေး ဖြစ်ပျက်နေတာ ဒုက္ခတရားပဲ။ သူ့ကို သိနေတာနဲ့ သမုဒယကို ပယ်ခြင်းကိစ္စလည်း ပြီးနေတာပဲ,ဒီဖြစ်ပျက်နေတဲ့ သဘောပေါ်မှာ သာယာပြီးတော့နေတဲ့ သမုဒယသစ္စာလည်း မဖြစ်ဘူး,ပယ်ခြင်းကိစ္စ ပြီးတယ်။ ဒုက္ခနဲ့ သမုဒယ သိနေတော့ တဒင်္ဂအားဖြင့် ကိလေသာတွေ
ငြိမ်းနေလို့ တဒင်္ဂနိဗ္ဗာန်လည်း ရောက်နေတယ်, ရှုတိုင်းရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ကလည်းပွားများနေတယ်, မဂ္ဂသစ္စာတရားလည်း သိပြီးတော့နေတယ်။
ဖောင်းတယ်, ပိန်တယ် စသည်ဖြင့် မှတ်တိုင်းမှတ်တိုင်း ရုပ်နာမ်သဘော, အနိစ္စ,ဒုက္ခ, အနတ္တသဘောတွေ ထိုက်သည့်အားလျော်စွာ သိပြီး အမှန်အတိုင်း သဘောတရားလေးတွေဆီ ဦးတန်းဦးတန်းပြီး တက်တက်သွားတော့ သမ္မာသင်္ကပ္ပတွေ ဖြစ်နေတယ်, မိစ္ဆာသင်္ကပ္ပတွေ ပယ်ပြီးသား ဖြစ်နေတယ်။ ကာမအာရုံတွေကို သာယာနှစ်သက်ပြီးတော့ ကြံတဲ့ ကာမဝိတက်တွေ ငြိမ်းနေတယ်, ဗျာပါဒ- ပျက်စီးစေလိုတဲ့ အကြံအစည်မျိုးတွေ ငြိမ်းနေတယ်, ဝိဟိံသ- သူတစ်ပါးကို ညှဥ်းဆဲလိုတဲ့စိတ်ဟာ မဖြစ်ဘူး,ငြိမ်းနေတယ်, အင်မတန် ကောင်းတယ်။
အဲဒီတော့ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ သီလမဂ္ဂင်တွေလည်းပဲရှုတိုင်း မှတ်တိုင်း ဒီရှုမှတ်တဲ့အာရုံနဲ့စပ်ပြီးတော့ ပြည့်စုံနေတာပဲ။ ကာယကံဒုစရိုက်တွေကျူးလွန်လိုတဲ့စိတ် မဖြစ်ဘူး, ဝစီကံဒုစရိုက်တွေ ကျူးလွန်လိုတဲ့စိတ် မဖြစ်ဘူး, တစ်ချို့ပုဂ္ဂိုလ်များ ပထမက ခပ်ကြမ်းကြမ်း နေလာတော့ မတော်တာတွေ လုပ်လာတာကစုံလို့ကိုး, တရားအားထုတ်နေရင်း သူ ဒီမကောင်းမှုတွေ နောက်ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့စိတ် တစ်ခါတည်း ရောက်လာတယ်, အထူးအားဖြင့်တော့ ဥဒယဗ္ဗယဉာဏ်ဆီ ရောက်တဲ့အခါကာလ ဒီစိတ်က ဖြစ်တတ်တယ်။
အဲဒါကြောင့် ရှုတိုင်းရှုတိုင်း ဒီ ဝိပဿနာမဂ္ဂင်တွေ ဖြစ်တယ်, ပုဗ္ဗဘာဂမဂ္ဂင်တွေပွားများနေတာပဲ။ ပုဗ္ဗဘာဂမဂ္ဂင်တွေက အားပြည့်သွားတာနဲ့ နောက်ဆုံး နိဗ္ဗာန်ထဲပြေးဝင်သွားတဲ့ စိတ်ကလေး ဖြစ်လိုက်လို့ရှိရင် အရိယာမဂ္ဂင် ရောက်မှာ, သူကတော့တစ်ကြိမ်တည်းပဲ, အဲဒီတစ်ကြိမ် ရောက်ဖို့ရာ အခု အားထုတ်နေရတာ။
ဘုရားထီးတင်ချင်တော့ ထီးကို စတင်ချင်လို့ ဖြစ်တာ မဟုတ်ဘူး, အခြေခံအုတ်မြစ်က စပြီးတော့ ငြမ်းတွေ ဆင်ရသေးတယ်, အဲဒါတွေ ပြီးတော့မှ ထီးသစ်တင်ရတယ်, အဲဒါလိုပဲ အရိယာမဂ်ဖြစ်ဖို့ရာ ပုဗ္ဗဘာဂမဂ္ဂင်နဲ့ မူလမဂ္ဂင်တွေက စပြီးတော့အခြေတည်ပြီး ပွားများလာရတာ, မူလမဂ္ဂင်တွေကတော့ ပွားခဲ့လို့ တော်တော်ပြည့်စုံခဲ့ကြပါပြီ, အခု ပုဗ္ဗဘာဂမဂ္ဂင်တွေ ပွားနေရတယ်, တော်တော် ဟန်ကျသွားပြီ။
တောင်တက်တဲ့ပုဂ္ဂိုလ်များ တောင်ခါးလည်လောက် ရောက်နေသလိုပေါ့လေ,ပြန်ကြည့်လို့ရှိရင် ကိုယ့်အဆင့်လေးဟာ တော်တော် မြင့်နေပြီလို့ အောက်မေ့ရတယ်,စိတ်အားတက်စရာ ဝမ်းသာစရာ အင်မတန် ကောင်းတယ်, ဒီလိုအချိန်အခါကာလအင်မတန် ရခဲတယ်, အဲဒါ ကြိုးစားပြီးတော့ တရားအားထုတ်ဖို့ရာ လိုပါတယ်။ ယနေ့တော့ တရားသိမ်းကြဦးစို့, အချိန်ကလည်း တော်တော်ကြာသွားပြီ။
ဤမဂ္ဂသစ္စာတရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝန ကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် ယခု တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် မိမိတို့သန္တာန်၌ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ,သမ္မာအာဇီဝ အစရှိသော မဂ္ဂင်တရားတို့ကို မူလမဂ္ဂင်အနေအားဖြင့်လည်းကောင်း,ပုဗ္ဗဘာဂမဂ္ဂင်အနေအားဖြင့် လည်းကောင်း ပွားများအားထုတ်နိုင်ကြ၍ ဝိပဿနာဉာဏ်အစဥ် မဂ်ဉာဏ်အစဥ်ဖြင့် ရုပ်နာမ်သင်္ခါရငြိမ်းသော နိဗ္ဗာန်ချမ်းသာမြတ်သို့ လျင်မြန်စွာဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။