ဓမ္မလမ်း
← သစ္စာလေးပါး

သစ္စာလေးပါးတရားတော်ကြီး

မဟာစည်ဆရာတော်ဘုရားကြီး

ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)

မာတိကာ — အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  1. ၁။ နိဒါန်း
  2. ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
  3. ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
  4. ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
  5. ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
  6. ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
  7. ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
  8. ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
  9. ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
  10. ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
  11. ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
  12. ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
  13. ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
  14. ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
  15. ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
  16. ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
  17. ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
စာ ၅၇

သောက-စိုးရိမ်ပူဆွေးမှု ကင်းချင်ရင် သတိပဋ္ဌာန်တရား အားထုတ်ထားရမယ်

စိုးရိမ်ပူဆွေးမှုကင်းပြီး ချမ်းချမ်းသာသာ နေချင်ရင် ဒီတရားကို အားထုတ်ထားရမယ်။ အရေးရှိတဲ့အခါကျတော့ ဒါဟာ အသုံးကျတယ်။ တစ်နည်းပြောရရင် စိုးရိမ်ပူဆွေးမှု ပျောက်စေနိုင်တဲ့ဆေး ပြင်ထားလို့ အသင့်ရှိနေတဲ့ပုဂ္ဂိုလ်ဟာ တစ်နေ့ကျရင်အကြောင်းကိစ္စ ကြုံမှာပဲ, ဘယ်သူမှ မကြုံဘဲ မရှိဘူး။ စိုးရိမ်စရာ ပူဆွေးစရာဆိုတာလုံးလုံး မတွေ့ဘဲနဲ့ ဘယ်ရှိမလဲ။

ဗုဒ္ဓဘာသာမဟုတ်တဲ့ အပြင်ဖက်က ပုဂ္ဂိုလ်တစ်ချို့က “ဗုဒ္ဓဘာသာတရားဟာစိတ်ညစ်စရာတွေ လျှောက်ပြီးတော့ စဥ်းစားနေတော့ အလကား ဒုက္ခရောက်တာပဲ။လောကမှာ ပျော်စရာတွေ အများကြီး ရှိတာပဲ၊ အဲဒါ စဥ်းစားနေတာက သက်သာတယ်” ဒီလို ပြောကြတယ်။ ပျော်စရာတွေချည်း စဥ်းစားနေလို့ ပျော်နေရင် ကောင်းသားပဲ, နောက်တစ်နေ့ကျတော့ စိုးရိမ်စရာတွေနဲ့, အခုလို ဆင်းရဲတွေနဲ့ လာတွေ့တဲ့အခါမှာ မနေတတ် မထိုင်တတ် ဒုက္ခရောက်မှာပေါ့။

အခု ဗုဒ္ဓဘာသာတရားက ဒီလိုအကြောင်းတွေ ရှိတယ်, ဒီလို ဖြစ်တတ်တယ်ဆိုတာတွေ စောစောကတည်းက စဥ်းစားထား, ဆင်ခြင်ထားလို့ရှိရင် နောက်တွေ့တဲ့အခါကျရင် သက်သာရာ ရတယ်။ ဒီသတိပဋ္ဌာန်တရား ပွားများအားထုတ်ထားတဲ့ပုဂ္ဂိုလ်ကျတော့ သေသေချာချာ နိုင်နေတာပေါ့။ သူဟာ စိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီး ရှုလို့ နိုင်နေတဲ့ပုဂ္ဂိုလ်က စိုးရိမ်စရာ တွေ့တဲ့အခါကျတော့ ရှုလိုက် မှတ်လိုက်လို့ ရှိရင် ငြိမ်းနေတယ်, သက်သာခွင့် ရတယ်, အင်မတန် နေရာကျတယ်, တရားမရှိတဲ့ ပုဂ္ဂိုလ်တွေလောက် အရမ်းကာရော မဖြစ်ဘူး, သက်သာခွင့် ရတယ်။

အဲဒီ စိုးရိမ်ပူဆွေးမှုဟာ ဆင်းရဲပဲတဲ့, ငိုကြွေးမှုကလည်း ဆင်းရဲပဲတဲ့, စိုးရိမ်ပူဆွေးမှုဖြစ်ခြင်း အကြောင်းပြုပြီးတော့ နောက်ဆက်တွဲ ကိုယ်ပင်ပန်းမှုက လိုက်လာသေးတာကိုး။ ဒါလေးက သိပ်မကြီးပါဘူးလို့ တစ်ချို့ကလည်း အောက်မေ့ဦးမှာပေါ့။တစ်သက်ပတ်လုံး တစ်ခါတစ်ရံမှာ တွေ့တာတော့ ဟုတ်ပါတယ်, ဒီ့ပြင်အခါတွေကနေသာထိုင်သာချည်းပဲတဲ့။ ဒါတွေကို ကောင်းတယ်, ချမ်းသာတယ်လို့ ထင်နေသမျှကာလပတ်လုံး အမြင်မှန် မဟုတ်သေးဘူး။ အကုန်လုံး တစ်နေ့ကျရင် အိုခြင်း, နာခြင်း,သေခြင်း, စိုးရိမ်ပူဆွေးခြင်း အစရှိသော ဆင်းရဲတွေ ရောက်ပြီးသကာလ တစ်သံသရာ

စာ ၅၈

လုံး ဖြစ်နေရတာ။ ဘဝတိုင်း သက်သက်မယ့် ဆင်းရဲခံဖို့ရာ လာပြီးတော့နေရသလိုဉာဏ်ထဲမှာ ဒီလို မြင်ရမှာကိုး။ ဒါကြောင့် မြတ်စွာဘုရား၏တပည့်သားဖြစ်တဲ့ အရိယာပုဂ္ဂိုလ်တွေက စိုးရိမ်ပူဆွေးခြင်းဟာဖြင့် ဆင်းရဲတရားပဲလို့ အမှန်အတိုင်း သိမြင်တော်မူကြတယ်။

ပရိဒေဝ- ငိုကြွေးရခြင်းဟာ ဆင်းရဲပဲ

“ပရိဒေဝ” ငိုကြွေးရတဲ့ဆင်းရဲလည်း ထင်ရှားပါတယ်။ သောကဖြစ်ရင် ပရိဒေဝဖြစ်တာပဲ , စိုးရိမ်ပူဆွေးမှုကနေပြီး ငိုကြရတာကိုး။ များသောအားဖြင့် လူ့ပြည်လောကတွင် ကြည့်လိုက်မယ်ဆိုရင် ယောကျာ်းတွေကတော့ သိပ်ပြီးတော့ မငိုကြဘူး , မိန်းမတွေက ငိုကြတယ်။ စိုးရိမ်စရာ ပူဆွေးစရာ တွေ့တဲ့အခါကျတော့ သည်းမခံနိုင်တော့ဘူး ,မအောင့်နိုင်တော့ ငိုကြွေးခြင်း ရောက်လာတယ်တဲ့, အဲဒါလည်း ဒုက္ခပါပဲတဲ့။

ငိုကြွေးတယ်ဆိုတာ တရားကိုယ်ကောက်လို့ရှိရင် ရုပ်တရား ရတယ်, အသံရုပ်ရတယ်။ စိုးရိမ်ပူဆွေးတာကတော့ စိတ်ဆင်းရဲမှု ဒုက္ခဝေဒနာကို ရတယ်။ အဲဒီ ဒုက္ခဝေဒနာကို အကြောင်းပြုပြီးတော့ အမျိုးမျိုးအထွေထွေ ညည်းညူအော်ဟစ် ပြောဆိုပြီးတော့နေတဲ့ အသံတွေကို “ပရိဒေဝ”လို့ ခေါ်တယ်။ အသံကတော့ ရုပ်ဖြစ်တယ်,ရုပ်မှာတော့ ခံစားတဲ့ ဒုက္ခသဘောဆိုတာ မရှိဘူး။ ဒါပေမယ်လို့ အဲဒီ ပရိဒေဝဖြစ်ခြင်း၏ အကြောင်းတွေကလည်း ဒုက္ခဖြစ်နေတယ်။ အဲဒီငိုကြွေးမှု အကြောင်းပြုပြီးတော့ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှုတွေက ရှိသေးတာကိုး , အဲဒီဒုက္ခတွေလည်း နောက်ကဆက်ပြီး ဖြစ်လာပါတယ် , ဒါကြောင့် ငိုကြွေးရတယ်ဆိုတာကလည်း ဒုက္ခပါပဲ။

ဒုက္ခ- ကိုယ်ဆင်းရဲဟာ ဆင်းရဲပဲ

ဒုက္ခ- ကိုယ်ဆင်းရဲ ဆိုတာကတော့ ကိုယ်ထဲမှာ မကောင်းသော အတွေ့တွေနဲ့တွေ့တာ ဖြစ်တယ်။ နေမကောင်း ထိုင်မကောင်း ရောဂါဝေဒနာအမျိုးမျိုး ဖြစ်တာတွေလည်း ကိုယ်ဆင်းရဲတွေပဲ, ဒါကြောင့်မို့လို့ ဒုက္ခသစ္စာ ဟောတဲ့အခါ “ဇာတိပိ ဒုက္ခာ,ဇရာပိ ဒုက္ခာ, မရဏမ္ပိ ဒုက္ခံ” ဒီလို ဟောတယ်။ “ဗျာဓိပိ ဒုက္ခော”လို့ မဟောဘူး,ဗျာဓိကို ထည့်မဟောတော့ဘူး။ ဘာလို့လဲဆိုရင် ဒုက္ခ ရှိတာကိုး, ဒုက္ခဟာ ကိုယ်ဆင်းရဲတွေ ဟူသမျှ အကုန်လုံး ပါသွားတယ်။ ဗျာဓိ- မကျန်းမမာ ဖျားနာမှုတွေရော, ဆူးစူးတာ စတဲ့ ကိုယ်တစ်စုံတစ်ခု ဘေးဒဏ်ဖြစ်ပြီး နာကျင်တာတွေရော, သတ်ဖြတ်လို့နာကျင်တာတွေပါ ဆင်းရဲတွေ ဟူသမျှ အကုန်ပါ သွားတယ်။

စာ ၅၉

အဲဒီကိုယ်ဆင်းရဲတွေကတော့ တကယ်ကို ဆင်းရဲတာပါပဲ။ ဒါက အပါယ်ဘုံမှာဆိုလို့ရှိရင် အများဆုံးပေါ့, အမြဲတမ်း ဒုက္ခတွေချည်း တစ်ခုပြီးတစ်ခု ရောက်နေတာပဲ။“ဖဿာယတနိကဒုက္ခ”လို့ ဆိုတာကိုး, ဒွါရခြောက်ပါးလုံး ဒုက္ခတွေ ရောက်နေတယ်။မျက်စိက မြင်ရင်လည်းပဲ ချမ်းသာစရာ မရှိဘူး, ဆင်းရဲစရာ, စိတ်ညစ်စရာ, ကြောက်စရာ, လန့်စရာတွေပဲ။ ကြားပြန်လို့ရှိရင် အသံတွေကလည်း သာယာစရာ ဘာတစ်ခုမှမရှိဘူး။ ကြောက်စရာ လန့်စရာ ထိတ်စရာကြီးပဲ, သားသတ်ရုံများလို နေမှာပေါ့။အနံ့နံရလို့လည်း ကောင်းတာ မရှိဘူးတဲ့။ အရသာ စားရလို့ဆိုတော့ ဆာလောင်လို့စားပြန်တော့ သံတုံးသံခဲတွေ ကျွေးတာကိုး, သံရည်တွေ ပါးစပ်ထဲ လောင်းထည့်လို့ဒုက္ခတွေ တွေ့ရတာကို။ အတွေ့အထိတွေ ဆိုတာကလည်း ကောင်းသော အတွေ့အထိဘယ်ရှိမလဲ, ငရဲဘုံမှာ အမြဲတမ်း တစ်ခါတည်း မကောင်းသော အတွေ့အထိတွေနဲ့တွေ့နေရတယ်။ ကိုယ်ဆင်းရဲတွေ တစ်ခါတည်း တရစပ်ဖြစ်နေတယ်။

ရှေးက ဖြစ်ခဲ့ဖူးတာတွေ ပြန်စဥ်းစားရင် ဝမ်းနည်းစရာချည်းပဲ။ နောင်ဆက်လက်ပြီးတော့ ဘယ်လောက်များ, ဘယ်လိုများ ဖြစ်သွားဦးမလဲ, နောင်ရေးတွေ တွေးလိုက်လို့လည်း စိတ်ချမ်းသာစရာ မရှိဘူး။ ယခုလောလောဆယ် အကြောင်းအရာတွေ စဥ်းစားလိုက်ရင်လည်း သက်သာစရာ မရဘူး။ ဒွါရ ခြောက်ပါးလုံးဟာ ဘယ်မှာမှ သက်သာရာမရဘူး, ဆင်းရဲချည်းပဲ တွေ့နေရတာ။ ပြိတ္တာတွေ, တိရစ္ဆာန်တွေလည်း မသက်သာဘူး,သူတို့လည်း ဒုက္ခတွေ ရောက်ကြတာပဲ။

လူ့ဘုံကလည်း ကံမကောင်းခဲ့တဲ့ ပုဂ္ဂိုလ်တွေမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဆိုတာ တွေ့ရတယ်။ ရောဂါဝေဒနာတွေ စွဲကပ်ပြီးတော့ ဒုက္ခတွေ အကြီးအကျယ်ရောက်တာ ရှိတယ်။ နိုင်တဲ့ပုဂ္ဂိုလ်တွေက နှိပ်စက်လို့ ဒုက္ခရောက်နေတာလည်း ရှိတယ်။နေရာထိုင်ခင်း အစစအရာရာ မပြည့်စုံလို့ လေဒဏ် မိုးဒဏ် စသည်ဖြင့် ဒုက္ခရောက်နေတာတွေလည်း အများကြီး ရှိတယ်။

ကိုယ်ဆင်းရဲဒုက္ခတွေ ရောက်နေကြတာ ဆင်းရဲအစစ်တွေပါပဲ, နိပ္ပရိယာယဒုက္ခမုချဆင်းရဲတွေပဲ။ ဒီကိုယ်ဆင်းရဲတွေ အကြောင်းပြုပြီး စဥ်းစားတိုင်း စဥ်းစားတိုင်းနောက်ကလိုက်ပြီးတော့ ဆင်းရဲတွေ ဖြစ်နေတယ်, အဲဒါကြောင့် ဒုက္ခသစ္စာပဲ။

စာ ၆၀

ယောဂီပုဂ္ဂိုလ်က ရှုမှတ်ပြီး ဒုက္ခသစ္စာကို သိတယ်

ဒါကတော့ ထင်လွယ်မြင်လွယ်ပါတယ်, သို့သော်လည်း ထင်ပုံချင်း ကွာတယ်။ပကတိလူတွေက ရောဂါဝေဒနာဖြစ်လို့ ဆင်းရဲရတယ်, နာကျင်လို့ ဆင်းရဲရတယ်ဆိုတာတွေ သိတော့သိကြပါတယ်။ ဒါပေမဲ့ ပကတိလူတွေက ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ သိတယ်။ငါ ဆင်းရဲတယ်, သူ ဆင်းရဲတယ်, အကောင်လိုက်ကြီး ထင်နေတယ်။

အရိယာတွေ သိပုံကတော့ အဲဒီလို မဟုတ်ဘူး, ဆင်းရဲတဲ့ သဘောတရား တစ်ခုပဲ, ကိုယ်ထဲမှာ အသစ်အသစ် ကျရောက်ပြီးတော့နေတဲ့ ဆင်းရဲမှုသဘောပဲ, ဒီလိုသိတာကိုး။ အခု ယောဂီတွေမှာ တရားအားထုတ်တော့ ဒုက္ခဝေဒနာတွေ တွေ့ရတယ်။ဒုက္ခဝေဒနာ တွေ့တဲ့အခါ ညောင်းတယ်, နာတယ်, ပူတယ်, ကျင်တယ်, ကိုက်ခဲတယ်စသည်ဖြင့် လိုက်ပြီးမှတ်တော့ သဘောတရားလေးတွေ သိတယ်။ ကိုယ်ထဲမှာ နာတာလေးတွေ, ကျင်တာလေးတွေ, ကိုက်ခဲတာလေးတွေ, အနေအထိုင်ခက်တာလေးတွေအသစ်အသစ် ကျရောက်နေတဲ့သဘောလေး, ဖြစ်ပြီးရင်း ပျောက်သွားရင်း, အကြောင်းအားလျော်စွာ အသစ်အသစ်ဖြစ်ပြီးတော့ ပျောက်နေတဲ့တရားလေးပဲလို့ ဒီလိုသိတာကိုး။ပကတိပုဂ္ဂိုလ်တွေက ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ငါ ဆင်းရဲတယ် ဆိုပြီး သိတယ်, သိပုံကကွာတယ်။ ယောဂီပုဂ္ဂိုလ်နဲ့ အရိယာပုဂ္ဂိုလ် အသိကတော့ သဘောတရားကလေးတွေသူဟာသူ ဖြစ်ပြီးတော့ ဆင်းရဲနေတဲ့ တရားပဲလို့ ဒုက္ခသစ္စာကို သိတာကိုး။

ဒေါမနဿ- စိတ်နှလုံးမသာယာခြင်းဟာ ဆင်းရဲပဲ

ဒေါမနဿ- စိတ်နှလုံးမသာယာခြင်း, စိတ်ဆင်းရဲခြင်းတဲ့။ စိတ်ဆင်းရဲခြင်းဆိုတာထင်ရှားနေပါတယ်။ “ယံ ခေါ ဘိက္ခဝေ စေတသိကံ ဒုက္ခံ” စိတ်ထဲတွင်ဖြစ်တဲ့ ဆင်းရဲပဲ-တဲ့။ စေတသိကံ ဒုက္ခံ- စိတ်ထဲတွင်ဖြစ်တဲ့ မသာယာမှုပဲတဲ့, သာယာစရာ မကောင်းတဲ့အမှုတဲ့, လက်ခံစရာ မကောင်းဘူးတဲ့, “စေတသိကံ အသာတံ မနောသမ္ဖဿဇံ ဒုက္ခံအသာတံ ဝေဒယိတံ” စိတ်ထဲမှာ မကောင်တဲ့အာရုံတွေ တွေ့ပြီးတော့ ဆင်းရဲတဲ့ခံစားမှုပဲတဲ့။ မသာယာဖွယ်ဖြစ်တဲ့ ခံစားမှုပဲတဲ့, မသက်သာတဲ့ ခံစားမှုပဲတဲ့။ အဲဒါ စိတ်နှလုံးမသာယာမှု, စိတ်ပူမှု, စိတ်ညစ်မှုတွေပေါ့လေ။

သောကဆိုတဲ့ စိုးရိမ်ပူဆွေးမှုကို နုတ်ပြီးတော့ ကျန်တာတွေဟူသမျှ အကုန်လုံးစိတ်ဆင်းရဲတွေထဲမှာ ပါတယ်။ မကောင်းတဲ့အာရုံတွေနဲ့ တွေ့တဲ့အခါ စိတ်မချမ်းသာမှု,

စာ ၆၁

စိုးရိမ်မှုတွေ ဖြစ်တယ်, အဲဒါဟာ စိတ်ဆင်းရဲပဲတဲ့။ ဒီစိတ်ဆင်းရဲကလည်း ဒုက္ခပါပဲ။ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲ နှစ်ခုကတော့ ဒုက္ခဆိုတာ အထင်ရှားဆုံးပါပဲ။

အဲဒီကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ငြိမ်းဖို့ရာ မြတ်စွာဘုရား၏ သာသနာတော်မှာတရားအားထုတ်ရတာပဲ။ “ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ” ဒုက္ခဒေါမနဿာနံ- ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲတို့၏၊ အတ္ထင်္ဂမာယ- ချုပ်ငြိမ်းရန်အလို့ငှာ၊ ဧကာယနော မဂ္ဂေါ-တစ်ခုတည်းသောလမ်း, တစ်ကြောင်းတည်းသောခရီးပေတည်း။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ ငြိမ်းဖို့ရာ မြတ်စွာဘုရားဟောထားတဲ့ ဒီသတိပဋ္ဌာန်နည်းလမ်းပဲ ရှိတယ်။

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဆိုတာ မကောင်းဘူးလို့ သတ္တဝါတိုင်း သိကြတယ်။ဒါတွေ ကင်းအောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာ နည်းလမ်း မသိဘူး။ ကိုယ်တတ်နိုင်သမျှတော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းအောင်လို့ ကြိုးစားကြတာပါပဲ။ ဆာလောင်မွတ်သိပ်လို့ရှိရင် အစာကျွေး, ပူလို့အိုက်လို့ရှိရင် ရေမိုးချိုး, အညောင်းအညာပြေအောင်လို့ ကျန်းမာရေးတွေ လုပ် စသည်ဖြင့် ပေါ့လေ။ ဆေးဝါးတွေနဲ့လည်း အမျိုးမျိုး ပြုပြင်ကြပါတယ်။ ဒါပေမယ်လို့ အကုန်လုံး ငြိမ်းအောင်တော့ မတတ်နိုင်ကြဘူး။

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အကုန်လုံး ငြိမ်းတဲ့နည်းကတော့ ဒီသတိပဋ္ဌာန်နည်းပဲတဲ့။ သတိပဋ္ဌာန်နည်းအတိုင်း ကျင့်သုံးသွားလို့ရှိရင် ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲ အကုန်လုံး ငြိမ်းသွားပါလိမ့်မယ်တဲ့။ မြတ်စွာဘုရားလက်ထက်က တိဿရဟန်းတော်၏ အားထုတ်ပုံ, ကျားစားခံရတဲ့ရဟန်း အားထုတ်ပုံတွေမှာ ဒုက္ခဝေဒနာတွေကို တရားနှလုံးသွင်း အားထုတ်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရောက်ပြီး ဆင်းရဲတွေ တစ်ခါတည်း ငြိမ်းသွားတယ်။

သုဗြဟ္မာနတ်သားနဲ့ စိတ်ဆင်းရဲခြင်း

စိတ်ဆင်းရဲငြိမ်းတာတော့ သိကြားမင်းတို့, သုဗြဟ္မာနတ်သားတို့ရဲ့ ဝတ္ထုတွေပြထားတယ်။ သုဗြဟ္မာနတ်သားဆိုတာ နတ်ဥယျာဥ်ထဲမှာ ပျော်ပွဲခံပြီးတော့ နေတုန်းသူ့ရဲ့ နတ်သမီးအခြွေအရံတစ်ထောင်ထဲမှာ ငါးရာက အပင်ပေါ် တက်ပြီး ပန်းခူးလို့နေတယ်, ငါးရာက အပင်အောက်မှာ ပန်းသီလို့ နေတယ်, ပန်းသီကုံးပြီး နတ်သားကို ဆင်ပေးတယ်, ပျော်ပျော်ပါးပါးပါပဲ, သွားလိုက်လာလိုက်, ဆိုလိုက်ကောက်လိုက်, ဒီလိုလုပ်နေတာကိုး, တော်တော်နဲ့ မပြီးနိုင်ဘူး။ အဲဒီအခိုက်မှာ ပန်းပင်ပေါ်က နတ်သမီး

စာ ၆၂

ငါးရာက စုတိစိတ်ကျသွားလို့ အသံတိတ်သွားတယ်, အဲဒါ ငရဲကျသွားကြတယ် ဆိုတာကိုး, နတ်ပြည်မှာ အမြဲတမ်း ပျော်နေကြတာကိုး, ပျော်နေတော့ ကုသိုလ်စိတ်က မဝင်နိုင်ဘူး။ ကုသိုလ်စိတ်က မဝင်နိုင်တော့ သေခါနီးကျရင် ရှေးဘဝက ပြုခဲ့တဲ့ အကုသိုလ်အာရုံကလေး စွဲလမ်းပြီး သေသွားတော့ ငရဲကျသွားကုန်တယ်, နတ်ပြည်မှာ ကြောက်စရာ အလွန်ကောင်းပါတယ်, ဘယ်နေ့ ဘယ်အချိန် သေမှန်း မသိ, သေရေးအတွက်မစဥ်းစားဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတာကိုး။

နတ်သားကြီးက အသံမကြားတော့ ဘယ်ရောက်ကုန်ပါလိမ့်မတုံးလို့ စဥ်းစားလိုက်တော့ စုတေစိတ်ကျပြီး ငရဲရောက်ကုန်တာတွေ မြင်ရလို့ စိတ်မချမ်းမသာ ဖြစ်သွားတယ်။ စိတ်မချမ်းမသာဖြစ်ပြီး တို့ရော အသက် ဘယ်လောက် နေရဦးမှာလဲလို့ စဥ်းစားတော့ ၇-ရက်နေရင် စုတေတော့မယ် ဆိုတာကိုး။ စုတေရင် အဲဒီလိုပဲ ငရဲကျဖို့ရာအကြောင်းကံတွေလည်း ရှိနေတယ်။ ဒါကို စဥ်းစားပြီး သူက စိုးရိမ်ပူပန်မှုတွေဖြစ်လာတော့ မြတ်စွာဘုရားထံ လာပြီး လျှောက်တယ်။

နိစ္စံ ဥတြသ္တမိဒံ စိတ္တံ၊ နိစ္စံ ဥဗ္ဗိဂ္ဂမိဒံ မနော။

အနုပ္ပန္နေသု ကိစ္ဆေသု၊ အထော ဥပ္ပတိတေသု စ။

သစေ အတ္ထိ အနုဩသ္တံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဘန္တေ- မြတ်စွာဘုရား၊ ဣဒံ စိတ္တံ- ဤစိတ်သည်၊ အနုပ္ပန္နေသု ကိစ္ဆေသု စ-မဖြစ်သေးသော ဆင်းရဲတို့ကြောင့်လည်းကောင်း၊ အထော ဥပ္ပတိတေသု ကိစ္ဆေသု စ-ဖြစ်ပြီးသော ဆင်းရဲတို့ကြောင့်လည်းကောင်း၊ ဣဒံ စိတ္တံ- ဤစိတ်သည်၊ နိစ္စံ- အမြဲ၊ဥတြသ္တံ- တဖျတ်ဖျတ်နဲ့ ထိတ်လန့်၍နေပါသည် အရှင်ဘုရား၊ ဣဒံ စိတ္တံ- ဤစိတ်သည်၊နိစ္စံ- အမြဲ၊ ဥဗ္ဗိဂ္ဂံ- ကြောက်လန့်၍နေပါသည်ဘုရား၊ အနုတြသ္တံ- မထိတ်လန့်ရာဖြစ်သော အရပ်သည်၊ (ဝါ) မထိတ်လန့်ကြောင်းဖြစ်သော နည်းလမ်းသည်၊ သစေ အတ္ထိ-အကယ်၍ရှိသည်ဖြစ်ငြားအံ့၊ တံ- ထိုအကြောင်းကို၊ မေ- အကျွန်ုပ်အား၊ ပုစ္ဆိတော-မေးမြန်းအပ်သော အရှင်ဘုရားသည်၊ အက္ခာဟိ- ဟောကြားတော်မူပါဘုရား-တဲ့။

အဲဒီလို နတ်သားက မြတ်စွာဘုရားကို လျှောက်တယ်။ ဖြစ်ပြီးတဲ့ ဆင်းရဲတွေရှိတယ်တဲ့, သူရဲ့အပေါင်းအဖော်ဖြစ်တဲ့ နတ်သမီးတွေ ငရဲကျရောက်ပြီး ဒုက္ခရောက်နေတာတွေ မြင်ရတာ ဖြစ်ပြီးသား ဆင်းရဲတွေပေါ့လေ, ခုန ဉာတိဗျသန မျိုးပဲပေါ့။ ကိုယ်နဲ့

စာ ၆၃

ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေ အတိဒုက္ခရောက်နေတာ မြင်ရတော့ ဘယ် စိတ်ချမ်းသာမလဲ, စိတ် နှလုံးမသာမယာ အများကြီး ဖြစ်တယ်။ မဖြစ်သေးတဲ့ ဆင်းရဲတွေလည်းရှိပါတယ်။ မဖြစ်သေးတဲ့ ဆင်းရဲတွေက ကိုယ်တိုင်လည်း အခြွေအရံတွေနဲ့တကွ နောက်၇-ရက်မြောက်လို့ရှိရင် နတ်ဘဝက စုတေပြီးတော့ ငရဲကျရောက်ဖို့အကြောင်း ရှိပါတယ်။ အဲဒါတွေ အကြောင်းပြုပြီးတော့ စိတ်ဟာ တစ်ခါတည်း တည်ငြိမ်မှု မရဘူး,အမြဲတမ်း ထိတ်လန့်နေတယ်။ စိတ်တွေက ဂဏာမငြိမ်ဘဲ တထိတ်ထိတ် တဖျတ်ဖျတ်နဲ့နေပါတယ်တဲ့။

စိတ်ဆင်းရဲငြိမ်းချင်ရင် အရိယာမဂ် အကျင့်ကို ကျင့်ရမယ်

အဲဒီလို မထိတ်လန့်ရတဲ့ အရပ်ဒေသရှိရင် သွားနေချင်ပါတယ်, မလန့်အောင်ကာကွယ်တားမြစ်နိုင်တဲ့ နည်းလမ်းများ ရှိရင်လည်း မြတ်စွာဘုရား ညွှန်ကြားပါတဲ့။ ဒီနည်းလေးကို လိုချင်ပါတယ်လို့ လာလျှောက်တာကိုး။ စိတ်ဆင်းရဲငြိမ်းတဲ့နည်းကို ဘုရားဟောထားတယ်။

နာညတြ ဗောဇ္ဈာ တပသာ, နာညတြိန္ဒြိယသံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂါ, သောတ္ထိံ ပဿာမိ ပါဏိနံ။

ဒေဝပုတ္တ- နတ်သား၊ ဗောဇ္ဈာ ဗောဓိယာ- အရိယာမဂ်အကျင့်ကို၊ အညတြထပေတွာ- ကြဥ်ထား၍၊ ပါဏိနံ- သတ္တဝါတို့၏၊ သောတ္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊အဟံ- ငါဘုရားသည်၊ န ပဿာမိ- မြင်တော်မမူ။

ဗောဓိခေါ်တဲ့ အရိယာမဂ်ဉာဏ်ရတဲ့ အကျင့်ကို မကျင့်ဘဲနဲ့တော့ မဖြစ်ဘူးတဲ့။သတ္တဝါတွေ ဆင်းရဲကင်းချင်တယ်, ငြိမ်းချင်တယ်ဆိုရင် ဒီအကျင့်ကို ကျင့်ရလိမ့်မယ်တဲ့။ဒီအကျင့် ကျင့်မှပဲ ငြိမ်းမယ်တဲ့။

ရောဂါပျောက်ချင်ရင် ဆေးစားရမယ်

ရောဂါဝေဒနာ ဖြစ်လို့ရှိရင် ပျောက်စေတတ်တဲ့ဆေး စားမှ ပျောက်မှာပဲ, မစားရင် မပျောက်ဘူးဆိုတော့ ဒီဆေး စားရတယ်။

မြတ်စွာဘုရားလက်ထက်တုန်းက ဆရာဇီဝကဆိုတာ ရှိတယ်။ စဏ္ဍပဇ္ဇောတမင်းက သူ့မှာ ရောဂါဝေဒနာရှိလို့ ဆရာဇီဝက လွှတ်ပေးဖို့ ဗိမ္ဗိသာရမင်းကြီးထံ အကူအညီ

စာ ၆၄

တောင်းတယ်, ဗိမ္ဗိသာရမင်းကြီးက လွှတ်လိုက်လို့ စဏ္ဍပဇ္ဇောတမင်းဆီ ရောက်တော့ဆရာဇီဝကက အကဲခတ်ကြည့်လိုက်တယ်။ ရောဂါဖြစ်တဲ့အကြောင်းလည်း သိရောသူက ဘာပြောပြန်သလဲဆိုတော့ “ငါက ထောပတ်တော့ မကြိုက်ဘူး-တဲ့။ ဘာပဲဖြစ်ဖြစ်ထောပတ်မပါတဲ့ဆေး တိုက်ပါတဲ့”တဲ့။ ဆရာဇီဝကက သူ့ရောဂါက ထောပတ် မပါရင်ဘယ်နည်းနဲ့မှ မပျောက်နိုင်ဘူးလို့ သိတယ်, ခက်တာပဲတဲ့။ အဲဒီတော့ ဆရာဇီဝကကအကင်းပါးတော့ ထောပတ်ပါတဲ့ဆေးကို ထောပတ်အနံ့အရသာတွေ အကုန်လုံးပျောက်အောင်လို့ ချက်ပြီးတော့ အဲဒီဆေးကို သူက ပေးတယ်။

ဒီဆေးက စားတုန်းတော့ မသိဘူး, လေချဥ်တက်တဲ့အခါကျတော့ ထောပတ်အနံ့နံလိမ့်မယ်တဲ့။ နံလို့ရှိရင်တော့ ဒီမင်းကလည်း ဆိုးကဆိုးပါဘိနဲ့ ငါ့ကို သတ်ချင် သတ်ပစ်မယ်တဲ့။ ဒါနဲ့ စောစောကတည်းက ပြောထားတယ် “အရှင်မင်းကြီး၊ ကျုပ်တို့ ဆေးဆရာတွေဆိုတာ သူ့အချိန်ကျ သွားရတယ်, အဲဒီတော့ တံခါးတွေ ဘယ်က ထွက်ထွက်ဆရာဇီဝကဆိုရင် အဆီးအတား မရှိ, အမိန့်ထုတ်ပါ။ အလိုရှိတဲ့ ယာဥ်ရထားလည်းဆရာဇီဝက အလိုရှိရင် ယူစေလို့ တစ်ခါတည်း အမိန့်ထုတ်ပါ” ဒီလိုကိုး။ ဒါနဲ့ အမိန့်ထုတ်ထားတော့ ဆေးလည်း တိုက်ပြီးရော ဆင်စီးပြီးတော့ ထွက်သွားတာပဲ။ အဲဒီမှာအင်မတန် မြန်တဲ့ဆင်တွေ တစ်နေ့ ယူဇနာ ၅၀-လောက် ပေါက်အောင် သွားတယ်။

ဆရာဇီဝက ထွက်သွားပြီးနောက် တော်တော်ကြာ လေချဥ်တက်တော့ ထောပတ်ပါမှန်း သိသွားတော့ မင်းကြီးက “ဟာ- ဇီဝကဆရာ, တော်တော်မိုက်တဲ့ ဆရာပဲ, ငါ့ကိုထောပတ်ဆေး တိုက်သွားတယ်, ခေါ်ကြစမ်း”ဆိုတော့ ဆရာ မရှိတော့ဘူး, ဆင်စီးပြီးထွက်သွားတယ်တဲ့။ “ဆင်စီးထွက်သွားလို့ရှိရင် ကိုင်း- ငါ့ခြေမြန်တော် လိုက်စမ်း”တဲ့။“ဆရာဆိုတာ အင်မတန် ပရိယာယ်များတယ်။ ဘာမှ သူကျွေးတာ မစားနဲ့, သူ့ကို ဒီကိုသာ ခေါ်ခဲ့”လို့ မှာလိုက်သေးတယ်။ “ကာက”ဆိုတဲ့ ကျွန်ခြေမြန်တော်က ဆင်ထက်တောင် မြန်သေးတယ်။ အဲဒီလူက ဘီလူးနဲ့ ရထားတာ, တစ်နေ့ ယူဇနာ ၆၀-လောက်တောင် သွားနိုင်တယ်။ သူက ကောသမ္ဗီရောက်တော့ မီတာကိုး။ ဒီကို ဘုရင်မင်းမြတ်က အခေါ်ခိုင်းလို့ လိုက်လာရတယ်ဆိုတော့ အေးကွာ ပြန်တာပေါ့တဲ့။ ငါ ဒီမှာစားတုန်းသောက်တုန်းကွာ, ခဏဆိုင်းပါဦး ဆိုပြီးတော့ ဆီးဖြူသီးစားပြီး ရေသောက်ရင်းနဲ့ မင်းလည်း စားဦးမလားလို့ဆိုပြီး ပေးလိုက်တာကိုး။ သူက စဥ်းစားတယ် ဘာမှ

စာ ၆၅

ဖြစ်မှာ မဟုတ်ပါဘူး ဆိုပြီးတော့ စားတာကိုး။ ဆရာက လက်သည်းထဲက ဆေးလေးထည့်ပေးလိုက်တော့ ဗိုက်ထဲ ရောက်တယ်ဆိုတာနဲ့ ဝမ်းတွေ ဒလဟော လျှောလိုက်တာတစ်ခါတည်း လူကို မလှုပ်နိုင်ဘူးတဲ့။ အဲဒီတော့မှ ကိစ္စ မရှိပါဘူးကွာ, မင်းတို့ဘုရင်လည်းပဲ နောက် ဘာမှ မဖြစ်တော့ဘူး, သူ့ရောဂါလည်း ပျောက်ပြီ, မင်းလည်းပဲဟောဒီဆင် ပြန်ယူသွား, ငါလည်း သွားတော့မယ်လို့ ဆိုပြီးတော့ သူက ရာဇဂြိုဟ်ပြန်သွားတာကိုး။ မင်းကြီးလည်း ဆေးတစ်ခွက်တည်းနဲ့ ပျောက်တော့ ကျေးဇူးတင်တယ်။

ဒီမှာ ပြောလိုရင်းကတော့ စဏ္ဍပဇ္ဇာတမင်းဟာ သူ့ဖြစ်တဲ့ရောဂါက ထောပတ်မပါရင် ပျောက်ကို မပျောက်နိုင်ဘူး, ထောပတ်ပါတဲ့ ဆေးစားမှ ပျောက်မယ်။ အဲဒီတော့ဒီဆေးကို ဆရာက တိုက်ရတယ်။

အဲဒါလိုပဲ သတ္တဝါတွေက ဆင်းရဲကင်းချင်ကြတယ်။ ဆင်းရဲကင်းချင်ရင် ဗောဓိဆိုတဲ့ အရိယာမဂ်ဉာဏ်အကျင့်ကို ကြဥ်ထားပြီးတော့ မဖြစ်ဘူးတဲ့, ဒီအကျင့် မကျင့်ဘဲနဲ့တော့ မဖြစ်ဘူးတဲ့။ ဒီအကျင့်က ကျင့်ရမှာ တာဝန်လေးပါတယ်, မကျင့်နိုင်ပါဘူးဆိုရင်ဆင်းရဲငြိမ်းမှာ မဟုတ်ဘူး, ပျောက်မှာ မဟုတ်ဘူး။ မြတ်စွာဘုရားကတော့ -

ဒေဝပုတ္တ- နတ်သား၊ ဗောဓိယာ- ဗောဓိဉာဏ်အကျင့်ကို၊ အညတြ ထပေတွာ-ကြဥ်ထား၍၊ ပါဏိနံ- သတ္တဝါတို့၏၊ သောတ္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ- ငါဘုရားသည်၊ န ပဿာမိ- မြင်တော်မမူ။

ဒီ့ပြင် ချမ်းသာနဲ့နည်း မရှိပါဘူးတဲ့။ လောကမှာ ချမ်းသာတဲ့နည်းတွေ ပေါတယ်။ဘုရားသခင်ရဲ့ အဆုံးအမဩဝါဒ လိုက်နာရင် ကောင်းကင်ဘုံက ဘုရားသခင်က ကယ်တင်လိမ့်မယ် ဒီလိုလည်း ဟောကြတာကိုး။ ကောင်းကင်ဘုံမှာ အမြဲတမ်း မသေဘဲနဲ့ဆင်းရဲခပ်သိမ်းငြိမ်းရာ ရှိမှမရှိပဲ။ ဘာသာအမျိုးမျိုးတွေက လူတွေ သဘောကျအောင်လို့ ကြိုက်လုံးတွေ ပေးပြီး ဝါဒဖြန့်ထားတယ်။ တကယ်စင်စစ်အားဖြင့် မရှိပါဘူး-တဲ့။

သဗ္ဗညုတဉာဏ်နဲ့ အားလုံးသော လောကဓာတ်တွေ ဖြန့်ပြီးတော့ကြည့်ရင် ဗောဓိဉာဏ်အကျင့် မကျင့်ဘဲနဲ့ ဆင်းရဲငြိမ်းတာ မဖြစ်နိုင်ဘူးတဲ့။ ဒီအကျင့် ကျင့်မှပဲ ဆင်းရဲငြိမ်းမယ်တဲ့။ ဒါကြောင့်မို့ ဒီသတိပဋ္ဌာန် အကျင့်တွေ ကျင့်နေရတာ, မကျင့်ချင်လို့ မဖြစ်ဘူး။ ဆင်းရဲငြိမ်းချင်ရင် ကျင့်ရမှာပဲ။

စာ ၆၆

စိတ်ဆင်းရဲငြိမ်းချင်ရင် ဣန္ဒြေခြောက်ပါးကို စောင့်စည်းရမယ်

ဣန္ဒြိယသံဝရာ- ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်းအမှုကို၊ အညတြ ထပေတွာ- ကြဥ်ထား၍၊ ပါဏိနံ- သတ္တဝါတို့၏၊ သောတ္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊အဟံ- ငါ ဘုရားသည်၊ န ပဿာမိ- မြင်တော်မမူ။

ဣန္ဒြိယသံဝရ- ဣန္ဒြေခြောက်ပါး စောင့်စည်းတဲ့အကျင့်, မျက်စိက မြင်တိုင်းမြင်တိုင်း မြင်ရတဲ့အာရုံနဲ့ စပ်ပြီးတော့ လောဘ ဒေါသ မဖြစ်အောင် ကျင့်ရမှာကိုး။အာရုံတွေ ကောင်းတယ်, ဆိုးတယ်လို့ နှလုံးမသွင်းဘဲနဲ့ မြင်ရုံမျှတွင် ရပ်တန့်ပြီးတော့သွားအောင် ကျင့်ရမယ်။ နားက ကြားတိုင်း, နှာခေါင်းက နံတိုင်း, ပါးစပ်က အရသာစားသိတိုင်း, ကိုယ်က တွေ့ထိတိုင်း, စိတ်က စိတ်ကူး စဥ်းစား ကြံစည်တိုင်း လောဘဒေါသတွေ မဖြစ်ရအောင်လို့ တစ်ခါတည်း သိရုံ သိရုံမျှကလေးတွင် ရပ်ပြီး သွားအောင်ကျင့်ရတာ။ အဲဒီ ဣန္ဒြေ ၆-ပါးမှာ ကိလေသာ မဖြစ်အောင် စောင့်စည်းမှုအကျင့်မကျင့်ပါဘဲနဲ့ မဖြစ်ဘူး။ ဒီအကျင့် ကျင့်မှပဲ ဆင်းရဲငြိမ်းတယ်တဲ့, ဆင်းရဲငြိမ်းချင်ရင်ဒီအကျင့် ကျင့်ရလိမ့်မယ်။

စိတ်ဆင်းရဲငြိမ်းချင်ရင် အလုံးစုံသောတရားတွေ စွန့်လွှတ်ရမယ်

သဗ္ဗနိဿဂ္ဂါ- အလုံးစုံသောတရားတို့ကို စွန့်လွှတ်ရာဖြစ်သော နိဗ္ဗာန်တရားကို၊အညတြ ထပေတွာ- ကြဥ်ထား၍၊ ပါဏိနံ- သတ္တဝါတို့၏၊ သောတ္ထိံ- ချမ်းသာရာ ချမ်းသာခွင့်ကို၊ အဟံ- ငါဘုရားသည်၊ န ပဿာမိ- မြင်တော်မမူ။

အလုံးစုံသောတရားတွေ စွန့်လွှတ်ရာ နိဗ္ဗာန်တရား ရှိတယ်တဲ့။ အဲဒီတရားတွေအကုန်လုံး စွန့်လွှတ်နိုင်မှ ဆင်းရဲငြိမ်းမယ်။ ရုပ်တရား, နာမ်တရား, ခန္ဓာငါးပါးတရားတွေ အကုန်လုံး မစွန့်လွှတ်နိုင်ဘဲနဲ့ ဒါလေးတော့ ကောင်းသေးရဲ့, ဒါလေးတော့ ကျန်သေးရဲ့, ဒီလိုတော့ ဖြစ်ချင်တယ်ဆိုရင် အဲဒါ မရဘူးတဲ့။ တစ်ချို့က မအို, မနာ, မသေတော့လည်း နေချင်တယ်၊ ဒါပေမယ်လို့ ဒီကိုယ်နဲ့ ခန္ဓာနဲ့, ရုပ်နဲ့, နာမ်နဲ့ ဒီလိုတော့လည်းရှိချင်သေးတာကိုး။ တစ်ချို့က ဒါတောင် မကဘူး၊ သားတွေ, သမီးတွေ, အခြွေအရံပရိသတ်တွေနဲ့ နိဗ္ဗာန်ရောက်ပြီး တပျော်တစ်ပါးကြီး နေချင်သေးတာကိုး။

ရုပ်နာမ်သင်္ခါရတွေ ငြိမ်းသွားတဲ့ နိဗ္ဗာန်ကို မလိုချင်ကြဘူး။ ရုပ်အကောင်အထည်နဲ့ ယောကျာ်း မိန်းမ ပုံသဏ္ဌာန် အထည်ဒြပ်နဲ့ အထွေထွေ အမျိုးမျိုးတွေနဲ့ တပျော်